ပျောက်ဆုံးနေသော သူငယ်ချင်းများနှင့် ကြေညာချက်တစ်ခု
Vol. 3 Ch. 25
နောက်တစ်နေ့ နံနက်တွင် ဟန်ယုသည် အပျင်းကြောကြီး တစ်ချက်ဆန့်၍ နိုးထလာ၏။
"ဝါး.... အား... နေလို့ကောင်းလိုက်တာ..."
ဟန်ယုက ထိုသို့ ရေရွတ်ရင်း အညောင်းဆန့်လိုက်ရာ ကျောရိုးတစ်လျှောက်မှ အဆစ်မြည်သံများ တဂျွတ်ဂျွတ် ထွက်ပေါ်လာပြီး ခန္ဓာကိုယ် တောင့်တင်းမှုများ ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရသည်။
"ဒီလို အိပ်ရေးဝဖို့ ငါ တကယ် လိုအပ်နေခဲ့တာ..."
သူက နေရထိုင်ရ ပိုမို ကောင်းမွန်လန်းဆန်းလာသည်ဟု ခံစားလိုက်ရ၏။ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက် ကောင်းကင်ယံသို့ ချောင်းကြည့်လိုက်သည်။
"ဟင်... နေ့လယ်တောင် ရောက်တော့မယ်..."
သူ အနည်းငယ် အံ့သြစွာ ရေရွတ်လိုက်၏။ "ငါ အတော်လေး အိပ်ပျော်သွားတာပဲ..."
သူ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး တစ်နေ့တာအတွက် ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။
သူ၏ ပုန်းခိုရာ အိမ်လေး၏ ပြတင်းပေါက် တံခါးပေါက်မှ ခုန်ဆင်းလိုက်ပြီး ဟန်ယုက သူ့သူငယ်ချင်းများ ပုံမှန် စုဝေးလေ့ရှိရာ နေရာသို့ ထွက်လာခဲ့၏။ သို့သော် ထိုနေရာသို့ ရောက်သောအခါ မည်သူ့ကိုမျှ မတွေ့ရပေ။
"သူတို့ မရှိကြဘူးလား..." ဟန်ယု အံ့သြသွားသည်။ "ထူးဆန်းလိုက်တာ... ငါ နောက်ကျနေရင်တောင် အဲဒီကောင် နှစ်ကောင်က သူတို့ဘာသာ 'အလုပ်' သွားလုပ်ကြမယ့် ကောင်တွေ မဟုတ်ပါဘူး..."
ပထမအချက်မှာ ဟန်ယု၏ လက်ရာ မပါဘဲ သူတို့၏ 'ကစားပွဲ' များကို မကစားနိုင်ကြပေ။ ဒုတိယအချက်မှာ သူတို့က ကိစ္စများကို မေ့လျော့ပြီး ဖဲဝိုင်း (သို့မဟုတ်) အန်စာတုံးဝိုင်းများတွင် အလုပ်ရှုပ်နေတတ်ကြသည်။ ဟန်ယု၏ တံခါးကို လာခေါက်ပြီး လာနှိုးဖို့ ဆိုသည်မှာ ဝေလာဝေး ဖြစ်၏။
ထိုအချက်က သူတို့ ဟန်ယု နေသည့်နေရာကို သိမှသာ ဖြစ်နိုင်မည်။
လွန်ခဲ့သည့် တစ်ခေါက်က သူတို့ ဟန်ယုနေသည့်နေရာကို သိသွားစဉ်က လောင်းကြေးကိစ္စ၊ ပျောက်ဆုံးသွားသော ကြက်ဖတစ်ကောင်ေကြာင့် အလွန်အမင်း ဒေါသထွက်နေသော သားသတ်သမား၏ ဇနီးသည်တို့
နားလည်မှု လွဲမှားခြင်း တစ်ခုကြောင့် တစ်ညလုံး လူမိုက်အဖွဲ့တစ်ဖွဲ့၏ လိုက်လံ ဖမ်းဆီးခြင်းကို ဟန်ယု ခံခဲ့ရဖူးသည်။
ထိုကိစ္စတွင် သူ့အမှား လုံးဝ မပါပါ... အနည်းဆုံးတော့ ကြက်ဖ ပျောက်သွားသည့် ကိစ္စမှာ သူနှင့် မဆိုင်ပေ။
ထိုနေ့မှစ၍ ဟန်ယုသည် သူ့သူငယ်ချင်းများ၏ ပါးစပ် မည်မျှ သရမ်းကြောင်း သိရှိသွားပြီး လျှို့ဝှက်ချက်တစ်ခုကို ထိန်းသိမ်းရန် အကောင်းဆုံး နည်းလမ်းမှာ အခြားသူများ၏ စိတ်အာရုံနှင့် ဝေးရာတွင် ထားရှိခြင်း ဖြစ်ကြောင်း သင်ခန်းစာ ရရှိခဲ့သည်။
"ဟူး..."
"အဲဒီ ပုန်းခိုစခန်းလေးက တကယ် ကောင်းတာ... မြို့လယ်ခေါင် တည့်တည့်မှာ ရှိတာ..." ဟန်ယုက လက်လွှတ် ဆုံးရှုံးလိုက်ရသော အချက်အချာကျသည့် သူ့ 'အိမ်ရာ' အတွက် ညည်းတွားလိုက်၏။
ဝမ်းနည်းစရာ အတိတ်များကို ဘေးဖယ်လိုက်ပြီး ဟန်ယု ပစ္စုပ္ပန်ကို အာရုံစိုက်လိုက်သည်။
"ဒါနဲ့... သူတို့ ဘယ်ရောက်သွားကြတာလဲ..."
သူ စဉ်းစားခန်း ဖွင့်လိုက်ပြီး အရက်ဆိုင်တွင် လိုက်လံ မေးမြန်းသော်လည်း မည်သူမျှ သိပုံမရပေ။
"ဆိုင်ရှင်ကြီးလျို... ကျွန်တော့် သူငယ်ချင်းတွေ ဘယ်ရောက်သွားလဲ သိလား..." ဟန်ယု မေးလိုက်၏။ "ခင်ဗျား သိပါတယ်... ပါးစပ်မပိတ်တမ်း စားနေတဲ့ ဝက်ပုတ်ကောင်နဲ့ မြင်းမျက်နှာ ငတုံးကောင်လေ..."
"အော်... အဲဒီနှစ်ယောက်လား... ဝတုတ်နဲ့ တန်ဟူ..." ဆိုင်ရှင်ကြီးက သူတို့ကို ချက်ချင်း မှတ်မိလိုက်သည်။
အမှန်တကယ်တွင်လည်း ထိုနှစ်ယောက်က သူ့ဆိုင်၏ ဖောက်သည်ဟောင်းများ ဖြစ်ပြီး နေ့တိုင်း အနည်းဆုံး ထမင်းတစ်နပ် လာစားလေ့ ရှိကြသည် မဟုတ်ပါလော။
"ဟုတ်ကဲ့..." ဟန်ယုက ကြက်ကလေး စပါးကောက်သကဲ့သို့ ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်၏။
"ငါလည်း မသိဘူး..." ဆိုင်ရှင်ကြီးက ဟန်ယု၏ မျှော်လင့်ချက်ကို ရေစင်စင် ပက်ဖျန်းလိုက်သည်။
"သူတို့ ဒီနေ့ ဒီကို မလာကြဘူးလား..." ဟန်ယု မေးလိုက်၏။
"မလာဘူး... အရိပ်အယောင်တောင် မတွေ့ဘူး..." ဆိုင်ရှင်ကြီးက ငြင်းလိုက်သည်။ "ဒါပေမဲ့ စဉ်းစားကြည့်လိုက်မှ... သူတို့ မနေ့က စားထားတဲ့ဖိုး ရှင်းမသွားကြဘူး..."
ဆိုင်ရှင်ကြီး၏ မျက်လုံးများက စူးရှသွား၏။
"အာ..."
ဟန်ယုက ထိုအကြည့်မျိုးကို ကောင်းကောင်း ရင်းနှီးပြီးသား ဖြစ်သည်။ ထိုအကြည့်၏ ဒဏ်ကို မရေမတွက်နိုင်အောင် ခံခဲ့ဖူး၏။ 'အကြွေး... သူက ငါ့ကို အကြွေးရှင်းခိုင်းတော့မယ်...' သူ့ဗီဇစိတ်က ထွက်ပြေးရန် သတိပေးလိုက်သည်။
"နောက်လှည့်ဖို့ မစဉ်းစားနဲ့..." ဆိုင်ရှင်ကြီးလျိုက တင်းမာစွာ ပြောလိုက်၏။
"ဘယ်သူက နောက်လှည့်မယ် ပြောလို့လဲ... ကျွန်တော်က ဒီတိုင်း... အာ... လည်ပင်း လေ့ကျင့်ခန်း လုပ်နေတာပါ... ဟုတ်တယ်... အဲဒါပဲ..." ဟန်ယုက လျင်မြန်စွာ ပြန်ဖြေလိုက်သည်။ "မနေ့ညက အိပ်တာ ပုံစံမကျလို့ လည်ပင်း နာနေတာ... မွေ့ရာ အသစ်တစ်လုံးလောက် ဝယ်မှ ဖြစ်မယ်..." သူက အပြစ်ကင်းစင်သော အပြုံးဖြင့် ဖြည့်စွက် ပြောကြားလိုက်၏။
"မွေ့ရာအသစ် ဝယ်ဖို့ ပိုက်ဆံရှိတယ်ဆိုရင် သူတို့ စားထားတဲ့ အကြွေးကို ဆပ်ဖို့လည်း ပိုက်ဆံ ရှိမှာပေါ့..." ဆိုင်ရှင်ကြီးက ပြောလိုက်သည်။
"ခင်ဗျား သူတို့ကိုပဲ မေးသင့်ပါတယ်... ကျွန်တော် အခုပဲ သူတို့ကို သွားရှာလိုက်ဦးမယ်..." ဟန်ယု ပြောလိုက်သော်လည်း သူ မလှုပ်ရှားနိုင်မီ သန်မာသော လက်တစ်ဖက်က သူ့ပခုံးကို လှမ်းဆွဲထားလိုက်သည်။
"အဲဒီအကွက်တွေ ငါ့ဆီမှာ လာမသုံးနဲ့..." ဆိုင်ရှင်ကြီးလျိုက ပြောလိုက်၏။ "ပိုက်ဆံ ရှင်းလိုက်..."
ပခုံးပေါ်မှ သန်မာသော ဆုပ်ကိုင်မှုကြောင့် ဟန်ယု ရုန်းထွက်နိုင်မည့် နည်းလမ်း မရှိပေ။ 'သူသာ ခန္ဓာသန့်စင်ခြင်း အဆင့် ၈ ရောက်နေရင် ကောင်းသား...' ဟန်ယုက သူ့ကံတရားကို ကျိန်ဆဲလိုက်သည်။ 'စောင့်နေလိုက်... ငါ သန်မာလာတာနဲ့ နောက်တစ်ခါ ငါ့ကို ထိရဲရင် ကိုင်ပေါက်ပစ်မယ်...'
သူ့စိတ်ထဲတွင် ဒေါသထွက်နေသော်လည်း မျက်နှာတွင်မူ ဘဝတစ်လျှောက်လုံး အကုသိုလ်ဟူ၍ တစ်ခါမျှ မလုပ်ဖူးသော သီလစောင့်သည့် ဘုန်းကြီးတစ်ပါးကဲ့သို့ တည်ငြိမ်နေ၏။
"စိတ်မပူပါနဲ့... ကျွန်တော် ရှင်းပေးပါ့မယ်... သူတော်စင်တွေက ပြောတယ်... မိတ်ဆွေရဲ့ အကြွေးကို ဆပ်ပေးတာက အသက်ကယ်လိုက်တာနဲ့ တူတူပဲတဲ့... ခင်ဗျား ကုသိုလ်တွေ အများကြီး ရမှာပါ..."
ဟန်ယုက သူ တစ်နေရာရာ၌ ကြားဖူးသော စကားတစ်ခွန်းကို ရမ်းသမ်း ရွတ်ဆိုလိုက်သည်။ သူက ကြေးပြားအနည်းငယ်ကို အမြန် ထုတ်၍ ဆိုင်ရှင်ကြီးကို ပေးလိုက်၏။
"သွားတော့..." ဆိုင်ရှင်ကြီးက သူ့ကို ဂရုမစိုက်တော့ဘဲ မောင်းထုတ်လိုက်သည်။
"ဟုတ်ကဲ့..." ဟန်ယုက နောက်လှည့်၍ ပြေးထွက်လာခဲ့၏။
ဆိုင်အပြင်ဘက်သို့ ရောက်သည်နှင့် တံတွေး တစ်ချက် ထွေးလိုက်သည်။
"ထွီ..."
"သူက ငါ့အပေါ် ဘာလို့ အမြဲ အဲဒီလို ဖြစ်နေရတာလဲ... ငါက သူ့ကြက် ခိုးဖူးလို့လား... သူ့နွား ရောင်းစားဖူးလို့လား... ဒါမှမဟုတ် သူ့ဆိတ်မကို မတော်မတရား လုပ်ဖူးလို့လား..." ဟန်ယုက မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်၏။
နေ့သစ်၏ အစကို စိတ်ပျက်လက်ပျက်ဖြင့် စတင်လိုက်ရပြီးနောက် ဟန်ယုက သူငယ်ချင်းများကို စတင် ရှာဖွေလိုက်သည်။ သူတို့ ပုံမှန် သွားလေ့ရှိသည့် နေရာများကို လိုက်ကြည့်သော်လည်း မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ ဝတုတ်၏ အိမ်သို့ပင် သွားကြည့်သော်လည်း ဝတုတ်၏ ဖခင်က သူ့ကို မြင်သည်နှင့် မောင်းထုတ်လိုက်သဖြင့် စကားတစ်ခွန်းမျှပင် ပြောခွင့် မရလိုက်ချေ။
"တောက်... လေလံပွဲအကြောင်း သူ့ကို ငါ ဘယ်လိုလုပ် ပြောပြရမလဲ..." ဟန်ယု ညည်းတွားလိုက်သည်။ "ဝတုတ် သူ့အဖေကို ကြောက်တာ အပြစ် မဟုတ်ပါဘူး..." သူ သက်ပြင်းချလိုက်၏။
လေလံပွဲ ကိစ္စက သူ လုပ်ဆောင်နိုင်မည့် ရွေးချယ်မှု တစ်ခု ဟုတ်ပါသေးရဲ့လားဟု တွေးတောမိလိုက်သည်။ သူက စိတ်ဓာတ်ကျစွာဖြင့် လမ်းမများပေါ်တွင် ရည်ရွယ်ချက်မဲ့ လျှောက်သွားနေမိ၏။ သူ၏ မကောင်းမှု ဒုစရိုက် လုပ်ဖော်ကိုင်ဖက် နှစ်ဦး မရှိဘဲနှင့် သူ့ 'စီးပွားရေး' ကို လည်ပတ်နိုင်မည် မဟုတ်ချေ။
မြို့ထဲတွင် လျှောက်သွားနေစဉ် မြို့လယ်ရင်ပြင်အနီး၌ လူအုပ်ကြီး တစ်ခုကို တွေ့လိုက်ရသည်။
"ဟင်... ဟိုမှာ ဘာဖြစ်နေတာလဲ..."
အလုပ်လုပ်ရမည့် နေ့တစ်နေ့၏ အလယ်ခေါင်၌ ဤမျှ လူများ စုဝေးနေခြင်းမှာ တွေ့ရခဲသော မြင်ကွင်းမျိုး ဖြစ်သည်။
ဟန်ယု အနားသို့ တိုးကပ်သွားသောအခါ လူများ၏ စိတ်လှုပ်ရှားစွာ ပြောဆိုနေသံများကို ကြားလိုက်ရ၏။
"သူတို့ တကယ် လာမှာလား..."
"ဟုတ်တယ်... ကြော်ငြာစာတောင် ကပ်ထားပြီးပြီ..."
"တကယ်ရော ဟုတ်ရဲ့လား..."
"ဟုတ်တာပေါ့... တံဆိပ်တုံးကို မမြင်ဘူးလား... ဘယ်သူက အဲဒါကို အတုလုပ်ရဲမှာလဲ..."
"သူတို့ ဘာတွေ ပြောနေကြတာလဲ..."
ဟန်ယုက စဉ်းစားရင်း လူအုပ်ကို တိုးဝှေ့ကာ ရှေ့ဆုံးသို့ ရောက်အောင် သွားလိုက်သည်။
သူ့ရှေ့တွင် ကြော်ငြာသင်ပုန်း တပ်ဆင်ထားသော တိုင်လုံးကြီး တစ်ခု ရှိနေ၏။ ထိုသင်ပုန်းပေါ်တွင် ကြော်ငြာစာရွက်ကြီး တစ်ရွက်ကို ကပ်ထားသည်။
'ကြေးမီးဖိုဂိုဏ်း၊ ဓားတစ်လက်ဂိုဏ်း၊ ပျံလွှားကျား ဓားရှည်ဂိုဏ်းနှင့် ရွက်မွှာနှစ်ဖက် တောင်ထွတ်ဂိုဏ်းတို့သည် ယခုမှစ၍ တစ်လပြည့်သောအခါ လူသစ်စုဆောင်းခြင်းကို ပြုလုပ်ကြမည် ဖြစ်ကြောင်း...'
ဟန်ယု မျက်တောင်ခတ်လိုက်သည်။
ထို့နောက် မျက်တောင် ထပ်ခတ်လိုက်၏။
"ဟာ... မဖြစ်နိုင်တာ..."