← Chapters

ရူးသွပ်မှု

Vol. 20 Ch. 191

ရူးသွပ်မှု

Vol. 20 Ch. 191

"ပြီးတော့... မင်းတို့ ဘယ်လိုနည်းလမ်းကိုပဲ သုံးရပါစေ၊ ယုအာကို သတ်တဲ့ လူယုတ်မာကို ရှာတွေ့အောင် လုပ်ရမယ်။ ငါ သူ့ကို အရှင်လတ်လတ် မနှိပ်စက်ရရင်၊ အပိုင်းပိုင်းအစစ မဆုတ်ဖြဲရရင် လူမဟုတ်တော့ဘူးလို့ ကျိန်ဆိုတယ်။"

အဘွားအိုသည် အံကို ကြိတ်၍ ပြောလိုက်သည်။

သူမ၏ လေသံသည် အရိုးထဲထိ စိမ့်ဝင်သွားအောင် အေးစက်လွန်းလှသဖြင့် ကြားရသူတိုင်း ကျောချမ်းသွားကြသည်။

ကျန့်မိသားစုခေါင်းဆောင်က တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။

"အမေ... အဲ့ဒီလူက သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်ကိုတောင် ဆန့်ကျင်ရဲတယ်ဆိုတော့ သူ့ရဲ့ နောက်ခံက သာမန်မဟုတ်လောက်ဘူး။ ကျွန်တော်တို့သာ ဒီကိစ္စကို ဆက်လိုက်မယ်ဆိုရင်..."

သူ စကားမဆုံးခင်မှာပင် အဘွားအိုက သူ့ကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

"ဒါဆို မင်းက ယုအာအတွက် ကလဲ့စားမချေချင်ဘူးလို့ ပြောချင်တာလား။"

ကျန့်မိသားစုခေါင်းဆောင်မှာ တောင့်တင်းသွားပြီး တံတွေးတစ်ချက် မျိုချကာ ပြန်ဖြေလိုက်ရသည်။

"အဲ့လို ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီကိစ္စကို သေချာ စဉ်းစားသင့်တယ်လို့ ထင်လို့ပါ။"

"သေချာ စဉ်းစားမယ် ဟုတ်လား။ မင်းက ငါသေတဲ့အထိ အချိန်ဆွဲချင်နေတာ မဟုတ်လား။"

အဘွားအိုက လှောင်ပြောင်လိုက်သည်။

"သား မလုပ်ရဲပါဘူး။"

ကျန့်မိသားစုခေါင်းဆောင်သည် တုန်လှုပ်စွာဖြင့် ခေါင်းငုံ့လိုက်သည်။

"ဟမ့်... မင်း တကယ်ဘာတွေးနေလဲဆိုတာ မင်းပဲ သိမှာပေါ့။ ငါသိချင်တာက သေခါနီးဖြစ်နေတဲ့ ဒီအဘွားကြီးက ကျန့်မိသားစုမှာ အမိန့်ပေးနိုင်သေးရဲ့လား ဆိုတာပဲ။"

"အမေက ကျွန်တော်တို့ မိသားစုရဲ့ ကျောထောက်နောက်ခံ တိုင်ကြီးပါ။ ကျန့်မိသားစုတစ်ခုလုံး ရပ်တည်နေနိုင်တာ အမေ့ကြောင့်ပါ၊ ဒါကြောင့် အမေကပဲ အဆုံးအဖြတ်ပေးပိုင်ခွင့် ရှိပါတယ်။"

"ငါ အမိန့်ပေးနိုင်သေးတယ်ဆိုရင် မင်း ငါ ခိုင်းတာကို နာနာခံခံနဲ့ လုပ်စမ်းပါ။ ဘယ်လောက်ပဲ ပေးဆပ်ရပါစေ၊ ယုအာရဲ့ရက်လည်နေ့မတိုင်ခင် အဲ့ဒီလူ ဘယ်မှာရှိလဲဆိုတာ ရှာတွေ့အောင် လုပ်။ သူဘယ်သူပဲဖြစ်ဖြစ်၊ သူ့နောက်ခံက ဘယ်လောက်ပဲ တောင့်တင်းပါစေ ငါ ဂရုမစိုက်ဘူး။ ယုအာရဲ့ ဝိညာဉ်ကို နှစ်သိမ့်ဖို့ သူ့ခေါင်းကို ယုအာရဲ့ အုတ်ဂူရှေ့မှာ လာချပေးရမယ်။"

မိခင်ဖြစ်သူ၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာကို ကြည့်ရင်း သူမကို ဆန့်ကျင်၍ မရနိုင်ကြောင်း ကျန့်မိသားစုခေါင်းဆောင် သိလိုက်သည်။

သူသည် ခေါင်းငုံ့ကာ နာခံလိုက်ရုံသာ ရှိတော့သည်။

"ဟုတ်ကဲ့ပါ... ကျွန်တော် စီစဉ်လိုက်ပါ့မယ်။"

စိတ်ပျက်လက်ပျက် ထွက်ခွာသွားသော သားဖြစ်သူကို ကြည့်ရင်း အဘွားအို၏ မျက်နှာသည် အေးစက်မြဲ အေးစက်နေဆဲပင်။ သူမ၏ လူသတ်လိုသော စိတ်ဆန္ဒများသည် ပွက်ပွက်ဆူနေပြီး အချိန်အကြာကြီး မပျောက်ကွယ်နိုင်အောင် ဖြစ်နေလေ၏။

ခန်းမတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး မည်သူမျှ မလှုပ်ရှားရဲ၊ အသက်ပင် ပြင်းပြင်း မရှူရဲကြပေ။

သက်လတ်ပိုင်း အမျိုးသမီးသည်ပင်လျှင် ကျောပြင်တစ်ခုလုံး စိုရွှဲသွားအောင် ချွေးစေးများ ပြန်နေလေတော့သည်။

ကျန့်အိမ်တော်၏ အပြင်ဘက် နှစ်မိုင်ခန့်အကွာရှိ ကြီးမားသော အိမ်တော်တစ်ခုတွင် ပညာရှိဆန်သော အဘိုးအိုတစ်ဦးသည် စာကြည့်ခန်းထဲ၌ အေးဆေးစွာ စာရေးနေလေသည်။ ရုတ်တရက် သူ၏ မျက်နှာထား ပြောင်းလဲသွားပြီး လက်ကောက်ဝတ် အနည်းငယ် တုန်ခါသွားကာ မှင်စက်တစ်စက် စက္ကူပေါ်သို့ ကျသွားပြီး ပျံ့နှံ့သွား၏။

"ကျန့်မိသားစုက အဘွားကြီး ဘာတွေ အရူးထနေပြန်ပြီလဲ။"

ပညာရှိဆန်သော အဘိုးအိုသည် စုတ်တံကို ချလိုက်ပြီး ခဏမျှ စဉ်းစားကာ အစေခံတစ်ဦးကို ခေါ်လိုက်သည်။

"သွား... သခင်ကြီးကို သွားခေါ်ချေ။"

မကြာမီ အဘိုးအိုနှင့် သွင်ပြင်လက္ခဏာချင်း ဆင်တူသော ဝတ်ရုံရှည်နှင့် လူလတ်ပိုင်းတစ်ဦး ခြံဝင်းထဲသို့ အလျင်အမြန် ရောက်ရှိလာသည်။

"အဘိုး... ကျွန်တော့်ကို ခေါ်လိုက်လား။"

"ခုနက ကျန့်မိသားစုက အဘွားကြီးဆီကနေ အံ့သြစရာကောင်းတဲ့ လူသတ်ချင်တဲ့ အငွေ့အသက်တွေ ခံစားလိုက်ရတယ်။ သူ ဘာတွေ အရူးထနေပြန်ပြီလဲ မသိဘူး။ မင်းသွားပြီး စုံစမ်းကြည့်စမ်း။"

"ကျန့်မိသားစုရဲ့ ဘိုးဘေးကြီးလား။"

လူလတ်ပိုင်း အမျိုးသား အံ့အားသင့်သွားသည်။

"ဘယ်သူက သူ့ကို ရန်စရဲတာလဲ။ အသက်မရှင်ချင်ကြတော့ဘူးလား။"

"အဲ့ဒါကြောင့် မင်းကို သွားကြည့်ခိုင်းနေတာပေါ့။ အဲ့ဒီအဘွားကြီးက သေခါနီးနေပြီ။ သူသာ အခုချိန်မှာ ရူးသွားရင် ဘယ်သူမှ တားနိုင်မှာ မဟုတ်ဘူး။"

"ဟုတ်ကဲ့... ကျွန်တော် အခုချက်ချင်း သွားစုံစမ်းလိုက်ပါ့မယ်။"

ထို့နောက် လူလတ်ပိုင်း အမျိုးသားသည် အလျင်အမြန် ထွက်ခွာသွားလေသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ကျန့်မိသားစုမှ ထိုအဘွားကြီး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အသက်ရှင်ရန် နှစ်အနည်းငယ်သာ ကျန်တော့သည်ဟု အတည်ပြုနိုင်ခဲ့ပြီးကတည်းက သူမသည် ဒေသအတွင်း မည်သူမျှ မထိပါးရဲသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် အသက်ရှင်ရန် ရက်မများတော့သည့် မွေးရာပါအဆင့် သိုင်းပညာရှင်တစ်ဦးသာ တကယ် ရူးသွပ်သွားပါက မည်သူ တောင့်ခံနိုင်မည်နည်း။

မြေးဖြစ်သူ ထွက်ခွာသွားပြီးနောက် အဘိုးအိုသည် ဝေးလံသော ကောင်းကင်ယံကို မော့ကြည့်လိုက်ရာ မိုးသားများမှာ ဖြူလွှလွှ ဖြစ်နေပြီး သူ၏ စိတ်ခံစားမှုများမှာမူ ကယောက်ကယက် ဖြစ်နေ၏။

တကယ်ကို မငြိမ်သက်တဲ့ ခေတ်ကာလပါပဲ၊ နေရာတိုင်းမှာ မည်းနက်တဲ့ ရေစီးကြောင်းတွေ စီးဆင်းနေသလိုပဲလေ။

မွေးရာပါအဆင့် သိုင်းပညာရှင်တစ်ဦးအနေဖြင့် အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်ပေါ်တော့မည်ကို သူ၏ ပင်ကိုယ်အာရုံက သတိပေးနေသကဲ့သို့ ခံစားနေရသည်။

ဒီလိုအချိန်မျိုးမှာ ကျန့်မိသားစုက အဘွားကြီး ရူးသွားလို့ မဖြစ်ဘူး။

နာရီဝက်ခန့်အကြာတွင် လူလတ်ပိုင်း အမျိုးသား ပြန်ရောက်လာပြီး သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများ ပေါ်နေသည်။

သူသည် အံ့သြနေသလိုလို၊ တစ်ဖက်သား ဒုက္ခရောက်သည်ကို ဝမ်းသာနေသလိုလို ဖြစ်နေသည်။

"စုံစမ်းလို့ ရခဲ့ပြီလား။"

အဘိုးအိုက တည်ငြိမ်စွာ မေးလိုက်သည်။

"ရပါပြီ... ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ။"

"ကျွန်တော်တို့ရဲ့ သူလျှိုတွေ ပြောပြချက်အရတော့ မနေ့ညက ကျန့်မိသားစုရဲ့ ဒုတိယသားက မြို့ပြင်က ပြည့်တန်ဆာရွာမှာ အသတ်ခံလိုက်ရတယ်တဲ့၊ ခေါင်းတောင် ကြေမွသွားတယ်လို့ ပြောတယ်။ အဲ့ဒါကြောင့် ကျန့်မိသားစု ဘိုးဘေးကြီးက ဒေါသထွက်ပြီး အစောင့်တော်တော်များများကို သတ်ပစ်လိုက်ပြီတဲ့။"

"ကျန့်မိသားစုရဲ့ ဒုတိယသားဆိုတာ ကွယ်လွန်သွားတဲ့ သားအကြီးဆုံးရဲ့ သားမလား။"

"ဟုတ်တယ်... သူ့နာမည်က ကျန့်ယု ပါ။ ကျန့်မိသားစု ဘိုးဘေးကြီးရဲ့ အချစ်တော်ပေါ့။ သူက မြို့ထဲမှာ အရမ်းကို မာန်တက်နေတာလေ။ မြို့ပြင်ထွက်ပြီး အသတ်ခံရလိမ့်မယ်လို့ ထင်မထားမိဘူး။"

လူလတ်ပိုင်း အမျိုးသား၏ မျက်နှာတွင် ကျေနပ်သည့် အရိပ်အယောင်များ ပေါ်နေသည်။

"အဲ့ဒီအဘွားကြီး ရူးသွားတာ မဆန်းပါဘူး။"

အဘိုးအိုက ခေါင်းညိတ်လိုက်သည်။

"ကျန့်မိသားစုရဲ့ ကွယ်လွန်သွားတဲ့ သားအကြီးဆုံးက ပါရမီ အရမ်းပါတာ။ အသက် ၃၀ မပြည့်ခင်မှာပဲ သိုင်းပညာရှင် မဟာသခင် ဖြစ်လာပြီး အသက် ၄၀ မပြည့်ခင် မွေးရာပါအဆင့်ကို ရောက်နိုင်မယ့် အလားအလာ ရှိခဲ့တယ်။ ချန်ကျိုးမှာ အသက်အငယ်ဆုံး မွေးရာပါအဆင့် သိုင်းပညာရှင် ဖြစ်လာနိုင်ခဲ့တာပေါ့။ ဒါပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျော်ကြားပြီး လမ်းကြောင်းဖြောင့်ဖြူးလွန်းတာက တစ်ခါတလေ ဘေးဒုက္ခ ဖြစ်စေတတ်တယ်ဆိုတာ ဘယ်သူ ထင်မှာလဲ။ အဲ့ဒီတုန်းက ချန်ကျိုးရဲ့ အသက်အငယ်ဆုံး သိုင်းပညာရှင် မဟာသခင် ဖြစ်နေတော့ သူက မာန်တက်ပြီး ဘဝင်မြင့်နေခဲ့တာ။ မြို့ထဲက မွေးရာပါအဆင့် သိုင်းပညာရှင်တချို့ကိုတောင် ဂရုမစိုက်ခဲ့ဘူး။ ကျန့်မိသားစုက အဘွားကြီး ရှိနေတာကြောင့်ရယ်၊ မြင့်မြတ်သောတောင်တော်ရဲ့ အမိန့်ကြောင့်ရယ် ငါတို့လည်း သူ့ကို သိပ်အာရုံမစိုက်ခဲ့ကြဘူး။ အဲ့ဒါက သူ့ကို ပိုပြီး မာန်တက်စေခဲ့တာပေါ့။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ထူးဆန်းတဲ့ မွေးရာပါအဆင့် သိုင်းပညာရှင်တစ်ယောက်က သူ့ရဲ့ တပည့်မလေးနဲ့တူတူ ချန်ကျိုးကို ရောက်လာခဲ့တယ်။ ကျန့်မိသားစုရဲ့ သားအကြီးဆုံးက အပြင်ထွက်လည်ရင်း အဲ့ဒီတပည့်မလေးရဲ့ အလှကို မြင်ပြီး အိမ်တော်ကို မယားငယ်အဖြစ် ခေါ်သွားချင်ခဲ့တယ်။ အဲ့ဒါက မွေးရာပါအဆင့် သိုင်းပညာရှင်ကို ဒေါသထွက်စေခဲ့ပြီး သူ့ကို အဲ့နေရာမှာတင် သတ်ပစ်လိုက်တော့တာပဲလေ။ သတင်းကြားတာနဲ့ ကျန့်မိသားစုက အဘွားကြီးက ရူးသွားပြီး အဲ့ဒီလူစိမ်းကို မိုင်ပေါင်းသုံးရာကျော်လောက်ထိ လိုက်သတ်ခဲ့တယ်လေ။ နောက်ဆုံးတော့ အဲ့ဒီလူကို သူ သတ်နိုင်ခဲ့တယ်။ တပည့်မလေးကိုပါ ဖမ်းမိသွားတော့ သူ့သားနဲ့တူတူ မြှုပ်နှံပစ်လိုက်တယ်လေ။ ဒါပေမဲ့ အဘွားကြီးကိုယ်တိုင်လည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တော့ သူ့ရဲ့ သက်တမ်း အများကြီး လျော့သွားခဲ့တယ်ပေါ့ကွာ။ ဒီနေ့အထိကို အပြည့်အဝ ပြန်မကောင်းသေးဘူး။"

"ဒီလိုကိစ္စမျိုး ဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော် မသိခဲ့ဘူး။ အဲ့လိုနဲ့ ကျန့်မိသားစု သားအကြီးဆုံး သေသွားခဲ့တာကိုး။"

လူလတ်ပိုင်း အမျိုးသားက သက်ပြင်းချလိုက်သည်။

"မင်းက အဲ့ဒီတုန်းက ငယ်သေးတယ်လေ၊ မင်းဆရာနဲ့တူတူ ခရီးထွက်နေတာမလား။ သားအကြီးဆုံးရဲ့ သေဆုံးမှုက အရှက်ရစရာ ဖြစ်နေတဲ့အပြင် အဘွားကြီးကလည်း မာနကြီးတော့ အသေးစိတ်ကို သိတဲ့လူ နည်းတယ်။"

အဘိုးအိုက ရှင်းပြလိုက်သည်။

"မင်းပြောတဲ့ ကျန့်ယု ဆိုတာက ကွယ်လွန်သွားတဲ့ သားအကြီးဆုံးရဲ့ သားပဲ ဖြစ်ရမယ်။ သားအကြီးဆုံး သေပြီးတဲ့နောက် ကျန့်မိသားစု အဘွားကြီးက အကြီးအကျယ် ပြောင်းလဲသွားပြီး အရမ်းကြမ်းကြုတ်လာခဲ့တယ်။ နေ့တိုင်း ကျန့်အိမ်တော်မှာ အစေခံတွေ အရိုက်ခံရပြီး သေကုန်ကြတယ်၊ အားလုံးက ကြောက်လန့်တကြား နေခဲ့ရတာလေ။ နောက်ပိုင်းမှာ သားအကြီးဆုံးရဲ့ ဇနီးက ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရတော့ အဘွားကြီးက ဝမ်းသာသွားပြီး သူ့ရဲ့ အကြမ်းဖက်မှုတွေကလည်း တဖြည်းဖြည်း နည်းသွားခဲ့တာပေါ့။ ဒါပေမဲ့ ကလေးမွေးတုန်း သားအကြီးဆုံးရဲ့ ဇနီး ဆုံးပါးသွားပြီး ဒီသွေးသားတစ်ယောက်တည်း ကျန်ရစ်ခဲ့တာဆိုတော့ အဘွားကြီးက သဘာဝကျကျပဲ သူ့ကို အလိုလိုက်အကြိုက်ဆောင်ပြီးတော့ကို ချစ်တာပေါ့ကွာ။ အခု သူ အသတ်ခံလိုက်ရပြီဆိုတော့ အဘွားကြီးရဲ့ သတ်ဖြတ်လိုစိတ် ဒီလောက် ပြင်းထန်နေတာ မဆန်းပါဘူး။"

အဘိုးအိုသည် စိတ်သက်သာရာ ရသွားသကဲ့သို့ ခံစားလိုက်ရသည်။ မိမိအိမ်တော်မှ လူများက ထိုအဘွားကြီးကို ရန်စမိခြင်း မဟုတ်သရွေ့ အားလုံး ဖြေရှင်း၍ ရနိုင်သေးသည်။

သို့သော် သူသည် သိချင်စိတ်လည်း ဖြစ်နေမိသည်။

"ကျန့်ယုကို ဘယ်သူသတ်လဲဆိုတာ စုံစမ်းမိခဲ့လား။"

"မစုံစမ်းမိခဲ့ဘူး... ကျန့်မိသားစုကလည်း အနက်ရောင် ဝတ်စုံနဲ့ သိုင်းပညာရှင်တစ်ယောက်လို့ပဲ သိထားတယ်လို့ သူလျှိုက ပြောတယ်။ သူ့ရဲ့ အသွင်အစစ်အမှန်က လျှို့ဝှက်ချက် ဖြစ်နေတုန်းပဲ။ ပြီးတော့ အဲ့ဒီ အနက်ရောင်ဝတ်စုံနဲ့ သိုင်းပညာရှင်က ကျန့်ယုကို သီးသန့် ပစ်မှတ်ထားတာ မဟုတ်ဘဲ ပြည့်တန်ဆာရွာကို ဝင်စီးရင်း သတ်သွားတာလို့ ပြောကြတယ်။"

"ကြည့်ရတာ ငါတို့တွေ အစွမ်းထက်တဲ့ အပြင်လူတစ်ယောက်နဲ့ ကြုံနေရပြီ ထင်တယ်။ ကျန့်မိသားစုရဲ့ သားအကြီးဆုံးတုန်းကလည်း ဖြတ်သွားတဲ့ မွေးရာပါအဆင့် သိုင်းပညာရှင်လက်ချက်နဲ့ သေခဲ့ရတာလေ။ အခု သူ့သားကလည်း အဲ့ဒီလို ကံကြမ္မာမျိုး ကြုံရလိမ့်မယ်လို့ ထင်မထားမိဘူး။"

အဘိုးအိုက သက်ပြင်းချလိုက်သည်။ အကယ်၍ ဒေသခံ သိုင်းပညာရှင်သာ ဖြစ်ပါက မည်သူမျှ ကျန့်ယုကို သတ်ပြီး ထိုအဘွားကြီးကို ရန်စရဲမည် မဟုတ်ပေ။

ဒေသတွင်း အခြေအနေကို မသိသော အပြင်လူတစ်ယောက်သာလျှင် ဤမျှ အန္တရာယ်များသော အလုပ်ကို လုပ်ရဲပေလိမ့်မည်။

"ဒါပေမဲ့ အဘိုး... ကျွန်တော် နောက်ထပ် ကိစ္စတစ်ခုလည်း သိခဲ့ရသေးတယ်။"

လူလတ်ပိုင်း အမျိုးသား၏ မျက်နှာထားက လေးနက်သွားသည်။

"အနက်ရောင်ဝတ် သိုင်းပညာရှင်က ပြည့်တန်ဆာရွာကို သတ်ဖြတ်နေတုန်း အဲ့ဒါက ‘သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်' ရဲ့ စခန်းတစ်ခု ဖြစ်လို့ သူက အဲ့ဒီအဖွဲ့ကို ပစ်မှတ်ထားတာလို့ ပြောခဲ့တယ်တဲ့။"

"အဲ့ဒါ တကယ်လား။"

အဘိုးအို ထိတ်လန့်သွားသည်။

"ကျွန်တော်လည်း မသေချာဘူး၊ ဒါပေမဲ့ ကျန့်ယုရဲ့ ဘေးက အစောင့် မသေခင် ပြောသွားတာလို့ ပြောတယ်။ ဖြစ်နိုင်ခြေတော့ အတော်များပါတယ်။"

" ‘သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်' ရဲ့ လက်တံတွေက ငါတို့ ချန်ကျိုးကိုတောင် ရောက်လာပြီလား။ သူတို့က အမြဲတမ်း ကျုံးကျိုးမှာပဲ အခြေစိုက်တာလေ။ ပြီးတော့ ဘယ်သူကများ အဲ့လို ရှေးဟောင်းဂိုဏ်းကြီးကို ရန်စရဲရတာလဲ။"

ကိစ္စရပ်များမှာ ရိုးရှင်းခြင်း မရှိတော့ကြောင်း အဘိုးအို ခံစားလိုက်ရပြီး ရေရွတ်လိုက်သည်။

သို့သော် လူလတ်ပိုင်း အမျိုးသားက နောက်ထပ် ဗုံးတစ်လုံး ဖောက်လိုက်ပြန်၏။

"ပြီးတော့ အဘိုး... သူလျှိုတွေ စုံစမ်းရသလောက်တော့ ကျန့်မိသားစု ဘိုးဘေးကြီးက ကျန့်ယုသေဆုံးမှုနဲ့ ပတ်သက်ပြီး ဒေါသထွက်လွန်းလို့ သူ့ကို မကာကွယ်နိုင်ခဲ့တဲ့ အစောင့်တွေကို သတ်ပစ်လိုက်ရုံတင်မကဘဲ အဲ့ဒီအစောင့်တွေရဲ့ မိသားစုတွေနဲ့ ဆွေမျိုးတွေကိုပါ ဖမ်းဆီးပြီး ကျန့်ယုအတွက် အရှင်လတ်လတ် ယဇ်ပူဇော်ဖို့ စီစဉ်နေပါတယ်တဲ့။"

"ဘာပြောလိုက်တယ်။"

အဘိုးအိုမှာ ထိတ်လန့်လွန်းသဖြင့် ‘သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်' အကြောင်းကိုပင် ဆက်မတွေးနိုင်တော့ပေ။ သူသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး မြေးဖြစ်သူကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။

"အရှင်လတ်လတ် ယဇ်ပူဇော်မယ် ဟုတ်လား... အဲ့ဒီအဘွားကြီး တကယ် ရူးသွားပြီပဲ။"

ထိုအချိန်၌ အနောက်မြောက်ဘက်အရပ်မှ လွှမ်းမိုးလာသော ဝမ်းနည်းပူဆွေးမှုများနှင့်အတူ ငိုကြွေးသံများကို အဘိုးအို ခံစားလိုက်ရသည်။

ထိုနေရာသည် ကျန့်မိသားစု တည်ရှိရာ အရပ်ဖြစ်သည်။

သူ တုန်လှုပ်သွားပြီး မြေးဖြစ်သူကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကိုယ်ဖော့ပညာကို သုံးကာ ကျန့်မိသားစုဆီသို့ ချက်ချင်း ပြေးထွက်သွားလေတော့၏။

အဘိုးအို ကျန့်မိသားစုသို့ ရောက်သောအခါ သံကြိုးခတ်ခံထားရပြီး ဒူးထောက်ကာ ငိုယိုတောင်းပန်နေကြသော လူအုပ်ကြီးကို တွေ့လိုက်ရလေသည်။

အိုသူ၊ ငယ်သူ၊ ကျား၊ မ မရွေး၊ အနှီးထုပ်ထဲမှ ကလေးငယ်များပါမကျန် ပါဝင်နေသည်။

အနီးနားတွင် ခေါင်းဖြတ်ခံထားရသော အဘိုးအိုတစ်ဦး၏ အလောင်းမှ သွေးများ စီးဆင်းနေ၏။ သူ၏ ပြတ်နေသော ခေါင်းသည် မျက်လုံးများ ပြူးကျယ်လျက် ဒေါသနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေလေသည်။

စောစောက သူခံစားလိုက်ရသော ဝမ်းနည်းပူဆွေးမှုသည် မသေဆုံးမီ ဤအဘိုးအိုထံမှ လာခြင်းဖြစ်ကြောင်း ပညာရှိဆန်သော အဘိုးအို သိလိုက်သည်။

သူသည် ထိုအဘိုးအိုကို မှတ်မိသည်။

သူသည် ကျန့်မိသားစု၏ အိမ်တော်ထိန်း ဖြစ်ပြီး ကိုယ်တွင်းအင်္ဂါအဆင့် ကျင့်ကြံသူဖြစ်ကာ ဒေသတွင်း၌ အတော်လေး နာမည်ကြီးသူပင်။

ဤလူသည် ကျန့်မိသားစုအပေါ် အမြဲ သစ္စာရှိခဲ့ပြီး သူတို့၏ စီးပွားရေးလုပ်ငန်း အများအပြားကို ထိရောက်စွာ စီမံခန့်ခွဲပေးခဲ့သူ ဖြစ်သည်။

သူ၏ သားအကြီးဆုံးသည်လည်း ကျန့်အိမ်တော်တွင် အစောင့်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟု ဆိုသော်လည်း သူသည်လည်း ဤနေရာတွင် သေဆုံးခဲ့ရပြီ ဖြစ်သည်။

"ချမ်းသာပေးပါ ဘိုးဘေးကြီး... ချမ်းသာပေးပါ။"

သံကြိုးခတ်ခံထားရသော လူအုပ်ကြီးထဲမှ သနားစဖွယ် တောင်းပန်သံများ ထွက်ပေါ်နေသည်။

အချို့က ဦးခေါင်းနှင့် ကြမ်းပြင် ရိုက်ခတ်မိသည်အထိ ဦးညွှတ်ကန်တော့နေကြရာ ကျောက်ပြားများပေါ်တွင် သွေးများတောင် စွန်းထင်းနေလေပြီပင်။

သို့သော် အချို့ကမူ အဘွားအိုကို နာကြည်းမုန်းတီးသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။

"ချမ်းသာပေးရမယ် ဟုတ်လား။"

အဘွားအိုသည် သူ့ရှေ့မှ မြင်ကွင်းကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ၏။

"ငါက မင်းတို့ကို ချမ်းသာပေးလိုက်ရင် ဘယ်သူက ငါ့ရဲ့ ယုအာကို ချမ်းသာပေးမှာလဲ။ မင်းတို့ရဲ့ လူတွေက ယုအာကို ကာကွယ်ဖို့ တာဝန်ရှိရက်နဲ့ တာဝန်ပေါ့လျော့ခဲ့လို့ သူ သေသွားခဲ့ရတာလေ။ အဲ့ဒီ အသုံးမကျတဲ့ကောင်တွေက သေသင့်တယ်။ မင်းတို့က သူတို့ရဲ့ မိသားစုတွေ၊ ဆွေမျိုးတွေ ဖြစ်တဲ့အတွက် ခွင့်လွှတ်ပေးလို့ မရဘူး... ငါ့ရဲ့ ယုအာနဲ့အတူ မြေမြှုပ်တာခံရမယ်။"

"မလုပ်ပါနဲ့ ဘိုးဘေးကြီးရယ်... ကျေးဇူးပြုပြီး မလုပ်ပါနဲ့။ ဒါ ကျွန်တော်တို့ အပြစ်မှ မဟုတ်တာ။ ချမ်းသာပေးပါ ဘိုးဘေးကြီး။"

သံကြိုးခတ်ခံထားရသော လူများသည် ကြောက်လန့်တကြားဖြင့် အသည်းအသန် ဦးညွှတ်တောင်းပန်နေကြသည်။

သို့သော် အဘွားအိုမှာ မတုန်လှုပ်ပေ။

သူမက လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒီကောင်တွေကို ခေါ်သွားပြီး ပိတ်လှောင်ထားလိုက်။ ယုအာ့ကို မြှုပ်နှံတဲ့နေ့ကျရင် သူ့ကို ပြုစုဖို့ ပို့ပေးလိုက်ကြ။"

"ဟုတ်ကဲ့ပါ..."

ချက်ချင်းပင် အစောင့်များ ရှေ့ထွက်လာပြီး သံကြိုးခတ်ခံထားရသော လူများကို ဆွဲခေါ်သွားကြသည်။

"မလိုက်ဘူး... မလိုက်ဘူး... ချမ်းသာပေးပါ၊ ချမ်းသာပေးပါ။"

လူအုပ်ကြီးမှာ ထိတ်လန့်တကြား ဖြစ်နေပြီး အချို့က မလိုက်ချင်သဖြင့် ရုန်းကန်ကြသော်လည်း သန်မာသော အစောင့်များက အတင်းအဓမ္မ ဆွဲခေါ်သွားကြသည်။

ထွက်ပြေးရန် ကြိုးစားသူများမှာ အသားများ ကွဲပြဲသည်အထိ ကြာပွတ်ဖြင့် ရိုက်နှက်ခြင်း ခံကြရသည်။

ကျန့်အိမ်တော်၏ မျက်နှာစာတွင် အော်ဟစ်ငိုကြွေးသံများဖြင့် ပြည့်နှက်နေပြီး အလွန်ဝမ်းနည်းဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်နေလေသည်။

နောက်ဆုံးတွင် လူအားလုံးကို ဆွဲခေါ်သွားကြပြီးနောက် ကျန့်အိမ်တော် မျက်နှာစာတွင် တိတ်ဆိတ်ငြိမ်သက်ခြင်း ပြန်လည် ရောက်ရှိလာသည်။

အနီးနားရှိ နေထိုင်သူများသည် ငိုကြွေးသံများကို ကြားရသော်လည်း ကျန့်မိသားစု၏ အာဏာကို ကြောက်ရွံ့သဖြင့် မည်သူမျှ ထွက်မကြည့်ရဲ၊ ဝင်ရောက်စွက်ဖက်ရန်ဆိုသည်မှာ ဝေးစွ။

"အဘိုးကြီး... ရောက်နေမှတော့ ပုန်းမနေနဲ့တော့... ထွက်ခဲ့စမ်း။"

အရာအားလုံး ငြိမ်သက်သွားသည်နှင့် အဘွားအိုက ရုတ်တရက် လှမ်းပြောလိုက်သည်။

ပညာရှိဆန်သော အဘိုးအိုသည် လေးနက်သော မျက်နှာထားဖြင့် ကိုယ်ထင်ပြလိုက်သည်။

ဘေးပတ်ဝန်းကျင်ရှိ ကျန့်မိသားစု အစောင့်များသည် လန့်ဖျပ်သွားကြသည်။

သူ ကိုယ်ထင်မပြမချင်း သူ ရောက်နေသည်ကို မည်သူမျှ သတိမထားမိခဲ့ကြပေ။

သူတို့ မျက်စိအောက်တွင်ပင် အရှိန်အဝါကို ဖုံးကွယ်ထားနိုင်သူ။

အဖြေက ရှင်းနေသည်။

ဤအဘိုးအိုသည် ဒေသတွင်း၌ ရန်စ၍မရသော မွေးရာပါအဆင့် သိုင်းပညာရှင် အနည်းငယ်ထဲမှ တစ်ဦး ဖြစ်ရပေမည်။

"အဘွားကြီးကျန့်... ခင်ဗျား လွန်လွန်းတယ်လို့ မထင်ဘူးလား။"

ပညာရှိဆန်သော အဘိုးအိုက လေးနက်စွာ ပြောလိုက်သည်။

"ဩော်... ငါ့မိသားစုက ကျွန်တွေကို ငါ အပြစ်ပေးနေတာပဲလေ။ ဘာများ လွန်လို့လဲ။"

အဘွားအိုက လှောင်ပြောင်လိုက်သည်။

"သူတို့အားလုံးက ငါ့မိသားစုနဲ့ စာချုပ်ချုပ်ထားကြတာ။ ငါ သူတို့အကုန်လုံးကို သတ်ပစ်လိုက်ရင်တောင် ဒါ မိသားစု ကိစ္စပဲ။ ဘယ်တုန်းကများ ရှင်နဲ့ ဆိုင်သွားရတာလဲ အဘိုးကြီး။"

"ခင်ဗျားရဲ့ အစေခံတွေကို အပြစ်ပေးပိုင်ခွင့် ခင်ဗျားမှာ ရှိပါတယ်။ ဒါပေမဲ့ အရှင်လတ်လတ် ယဇ်ပူဇော်မယ်ဆိုရင်တော့ ကျုပ်နဲ့ ဆိုင်သွားပြီ။"

အဘိုးအိုက တည်ကြည်စွာ ပြောလိုက်သည်။

"အရှင်လတ်လတ် ယဇ်ပူဇော်တာက အရမ်းရက်စက်လွန်းတယ်၊ ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတွေကို ဆန့်ကျင်ရာ ရောက်တယ်။ မြင့်မြတ်သောတောင်တော်ကလည်း တားမြစ်ထားတယ်။ ဘယ်သူမဆို ဒါကို တားဆီးဖို့ တာဝန်ရှိတယ်။"

"ဟားဟားဟား... ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမ ဟုတ်လား။"

အဘွားအိုက ဟာသတစ်ခု ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်သည်။

ထို့နောက် သူမ၏ မျက်နှာသည် နာကြည်းမှုကြောင့် ရှုံ့မဲ့သွားသည်။

"ကောင်းကင်ကြီးသာ မျက်စိပါရင် ငါ့ရဲ့ ယုအာကို ဘာလို့ မကာကွယ်ပေးခဲ့လဲ။ ငါ့ရဲ့ လိမ္မာတဲ့ ယုအာလေး မြို့ပြင်ထွက်ပြီး ကစားရုံပဲ ရှိသေးတယ်၊ ဒီလို ကံဆိုးမိုးမှောင် ကျခဲ့ရတယ်။ အဲ့ဒီ အသုံးမကျတဲ့ အစောင့်တွေက သူ့ကို မကာကွယ်နိုင်ခဲ့ဘူးလေ၊ သူတို့ သေသင့်တယ် မဟုတ်ဘူးလား။ ငါ သူတို့အားလုံးကို ငါ့မြေးနဲ့အတူ မြေမြှုပ်ပစ်မယ်။ ဘယ်သူပဲဖြစ်ဖြစ် ငါ့ကို လာတားရဲရင် သေတဲ့အထိ တိုက်ခိုက်မယ်။"

ပြောပြီးသည်နှင့် အစွမ်းထက်သော အရှိန်အဝါတစ်ခု အဘွားအိုထံမှ ပေါက်ကွဲထွက်ပေါ်လာသည်။

သူမသည် နဂါးခေါင်းတုတ်ကောက်ဖြင့် ကြမ်းပြင်ကို ဆောင့်လိုက်ရာ ကျောက်ပြားများ အက်ကွဲသွားတော့သည်။

သူမ၏ မျက်လုံးများသည် ပညာရှိဆန်သော အဘိုးအိုကို စူးစိုက်ကြည့်လိုက်သည်။

"အဘိုးကြီးလင်... ရှင် သေချာပေါက် တားချင်တာလား။"

အဘွားအို၏ လွှမ်းမိုးထားသော အရှိန်အဝါနှင့် သူမ၏ ရူးသွပ်မှုကို ခံစားလိုက်ရပြီးနောက်...

ပညာရှိဆန်သော အဘိုးအို၏ မျက်နှာထား ပြောင်းလဲသွားပြီး ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် အခြေအနေသို့ ရောက်သွားလေတော့သည်။

….

All Chapters