ကောလာဟလများ
Vol. 20 Ch. 194
"ဩော်... ဒီတစ်ခါ ချန်ကျိုးမှာ ဘာအရေးကြီးကိစ္စများ ဖြစ်ခဲ့လဲ မသိဘူးဗျ။"
ဝေ့ရှန်ဟိုင်က ချန်ကျိုးအကြောင်း ထည့်ပြောလာသည်ကို ကြားလိုက်ရသောအခါ လုချင်း၏ အတွေးများ အနည်းငယ် လှုပ်ရှားသွားပြီး ဂရုမစိုက်သည့်ဟန်ဖြင့် မေးလိုက်လေသည်။
"လွန်ခဲ့တဲ့ နှစ်ရက်က ပြည်နယ်မြို့တော်ဘက်မှာ ကိစ္စတစ်ခု ဖြစ်ခဲ့တယ်။ အဲ့ဒီမှာ နာမည်ပျက်ရှိတဲ့ ပြည့်တန်ဆာရုံ တစ်ခုရှိတယ်လေ၊ ခု အဲ့ဒါက ဘာအကြောင်းကြောင့်မှန်းမသိဘဲ အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရတယ်တဲ့။ ဒါက သိပ်ကြီးကျယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ ဒီလို မသမာတဲ့ ဂိုဏ်းဖွဲ့အသေးစားလေးတွေက တခြားသူတွေကို စော်ကားမိလို့ ဖျက်ဆီးခံရတာမျိုးက မကြာခဏ ဖြစ်လေ့ရှိတာမို့ အဆန်းတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ မထင်မှတ်ထားတာက မြို့တော်က ကျန့်မိသားစုရဲ့ ဒုတိယသခင်လေးလည်း အဲ့ဒီမှာ ရှိနေတာပဲ။ သူလည်း အသတ်ခံလိုက်ရတယ်လေ။ အဲ့ကိစ္စပဲ ပျားအုံကို တုတ်နဲ့ထိုးလိုက်သလို ဖြစ်သွားစေတော့တာပဲပေါ့။"
"ဘာလို့လဲ... မြို့တော်က ကျန့်မိသားစုက အရမ်း အာဏာကြီးလို့လား။"
သမားတော်ကြီးက စူးစမ်းလိုစိတ်ဖြင့် ဝင်မေးလိုက်သည်။
"မြို့တော်က ကျန့်မိသားစုဆိုတာက နှစ်ပေါင်းကြာရှည် ရပ်တည်လာခဲ့တဲ့ အင်အားကြီး မိသားစုတစ်ခုလေ။ သူတို့ရဲ့ အမွေအနှစ်တွေက ပြည်နယ်တစ်ခုလုံးမှာ နာမည်ကျော်ကြားပြီးတော့ ချန်ကျိုးရဲ့ အင်အားအကြီးဆုံး မိသားစုတွေထဲမှာလည်း ပါတယ်။ သူတို့ရဲ့ ဘိုးဘေး အကြီးအကဲဖြစ်တဲ့ အဘွားအိုက အမျိုးသမီး ဖြစ်ပေမဲ့လည်း ကျင့်ကြံခြင်းအဆင့်ကတော့ မြင့်တယ်လေ။ ပြီးခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက မွေးရာပါနယ်ပယ် အထွတ်အထိပ်ကို ရောက်ခဲ့တဲ့ ကြောက်စရာကောင်းတဲ့ သိုင်းပညာရှင်တစ်ယောက်ပေါ့။ တချို့ကိစ္စတွေကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့လို့ နောက်ထပ် အဆင့်မတက်နိုင်တော့ပေမဲ့ မြို့တော်ရဲ့ မွေးရာပါနယ်ပယ် အဆင့်ရှိသူတွေထဲမှာတော့ အသန်မာဆုံးတစ်ယောက်အဖြစ် ခုထိ ရှိနေတုန်းပဲ။"
ဝေ့ရှန်ဟိုင်က ရှင်းပြလိုက်လေသည်။
"အကြီးအကဲ ပြောတဲ့ ကိစ္စကြီးဆိုတာက ဒီကျန့်မိသားစုနဲ့ ပတ်သက်နေတာလား။"
လုချင်းက ဆက်မေးလိုက်သည်။
ယွမ်ယန်ရွာသည် 'သတ်ဖြတ်ခြင်းခုနစ်ပါးမျှော်စင်' ၏ စခန်းတစ်ခု ဖြစ်သည်ဆိုသော ကိစ္စက ပျံ့နှံ့သွားခြင်း မရှိပုံရသည်။ သတင်းကို တမင် ဖုံးဖိထားခြင်းလော သို့မဟုတ် ထွက်ပြေးလွတ်မြောက်သွားသော ဧည့်သည်များကပဲ သတင်းမဖြန့်ခဲ့ကြခြင်းလော ဆိုသည်ကိုတော့ မရေရာလှပေ။
"ဟုတ်တယ်..."
ဝေ့ရှန်ဟိုင်က ခေါင်းညိတ်လိုက်သည်။
"အစကတော့ ကျန့်မိသားစု ဒုတိယသခင်လေး သေဆုံးမှုကို ကိစ္စကြီးတစ်ခုလို့ မယူဆခဲ့ကြဘူး။ ဒီခေတ်ကြီးထဲမှာ ထိပ်တန်းဂိုဏ်းကြီးတွေက တပည့်တွေတောင် လေ့ကျင့်ရေးဆင်းရင်းနဲ့ ပေါ့ဆရင် သေနိုင်ကြသေးတာပဲဟာ၊ သာမန် မိသားစု သခင်လေးတစ်ယောက် သေတာလောက်က ဘာဆန်းမှာလဲ။ ဒါပေမဲ့ ဒီဒုတိယသခင်လေးက ကျန့်မိသားစု အဘွားအိုရဲ့ အချစ်ဆုံးမြေး ဖြစ်နေတာလေ။ သူ သေသွားတော့ အဘွားအိုက ရူးသွားတယ်လေ။ အဲ့သခင်လေးရဲ့ အစောင့်တွေ အကုန်လုံးကို သတ်ပစ်ရုံတင်မကသေးဘူး ၊ အဲ့ဒီအစောင့်တွေရဲ့ သားနဲ့မယားတွေကိုပါ ဖမ်းဆီးထောင်ချပြီး သူ့မြေးရဲ့ အသုဘအခမ်းအနားမှာ အရှင်လတ်လတ် ယဇ်ပူဇော်မယ်လို့ ခြိမ်းခြောက်ထားတယ်လေ။"
အရှင်လတ်လတ် ယဇ်ပူဇော်မည့်အကြောင်း ကြားလိုက်ရသော်လည်း လုချင်းသည် များစွာ တုံ့ပြန်မှု မရှိပေ။ သူသည် ကျန့်မိသားစု အဘွားအို၏ ရက်စက်မှုကိုသာ အနည်းငယ် အံ့သြမိခြင်း ဖြစ်သည်။
ကာကွယ်ရန် ပျက်ကွက်ခဲ့သည့်အတွက် အစောင့်များကို သတ်ဖြတ်ခြင်းမှာ နားလည်ပေး၍ ရနိုင်သော်လည်း သူတို့၏ မိသားစုဝင်များကိုပါ ဆွဲထည့်ခြင်းကတော့ လွန်လွန်းလှသည်။ ဂုဏ်သရေရှိ မိသားစုကြီးတစ်ခုအတွက် ဤကဲ့သို့သော အပြုအမူမျိုးမှာ မထင်မှတ်ထားစရာပင်။
သမားတော်ကြီးမှာမူ ထိတ်လန့်တုန်လှုပ်သွားတော့သည်။
"အရှင်လတ်လတ် ယဇ်ပူဇော်တာလား... ကျန့်မိသားစု အဘွားအိုက တကယ်ပဲ အဲ့ဒီလောက်တောင် ရက်စက်တာလား။"
"ဆရာ... အရှင်လတ်လတ် ယဇ်ပူဇော်တယ်ဆိုတာ ဘာလဲဟင်။"
လုချင်းသည် ဆရာဖြစ်သူ ဤမျှ စိတ်လှုပ်ရှားသွားသည်ကို မြင်ခဲလှသဖြင့် မမေးဘဲ မနေနိုင်တော့ပေ။
"အရှင်လတ်လတ် ယဇ်ပူဇော်ခြင်းဆိုတာက အရမ်းကိုရက်စက်တဲ့ အသုဘအခမ်းအနား ဓလေ့တစ်ခုပေါ့။"
သမားတော်ကြီး ပြန်မဖြေနိုင်ခင် ဝေ့ရှန်ဟိုင်က ဝင်ရှင်းပြလိုက်သည်။
"ဒီဓလေ့မှာ ယဇ်ကောင်အဖြစ် အသုံးပြုမယ့်သူကို အသက်ရှည်ဆေး တိုက်ကျွေးပြီးတော့ နည်းမျိုးစုံနဲ့ ပြင်းပြင်းထန်ထန် နှိပ်စက်ကြတယ်။ နောက်ဆုံး သူတို့ အသက်ငွေ့ငွေ့ပဲ ကျန်တော့တဲ့အချိန်ရောက်မှ ရွှံ့စေးတွေနဲ့ အလုံပိတ်ပြီး ရွှံ့ရုပ်တုတစ်ခုအဖြစ် လုပ်လိုက်ပြီးတော့မှ သေဆုံးသူနဲ့အတူတူ မြှုပ်နှံလိုက်ကြတာပေါ့။ အသက်ရှည်ဆေး သောက်ထားတဲ့အတွက် ရွှံ့ရုပ်တုအဖြစ် လုပ်ခံလိုက်ရရင်တောင်မှ အထဲကလူက ချက်ချင်း မသေဘဲ နောက်ဆုံးထွက်သက်ကို ဖမ်းဆုပ်ထားနိုင်သေးတယ်လေ။ ပြီးရင်တော့ ထာဝရအမှောင်ထုဖြစ်တဲ့ အုတ်ဂူထဲမှာပဲ ကြောက်ရွံ့မှုတွေနဲ့အတူတူ သူ့ရဲ့ အသက်စွမ်းအား တဖြည်းဖြည်းချင်း ကုန်ဆုံးသွားတာကို ခံစားရင်း အဆုံးမရှိတဲ့ နာကြည်းမှုတွေနဲ့ သေဆုံးသွားရတာပါပဲ။"
လုချင်း အနည်းငယ် တုန်ယင်သွားမိသည်။ အရှင်လတ်လတ် ယဇ်ပူဇော်ခြင်းသည် ဤမျှ ရက်စက်ကြမ်းကြုတ်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ၊ ဆရာဖြစ်သူ စိတ်လှုပ်ရှားသွားသည်မှာ မဆန်းတော့ချေ။
သမားတော်ကြီး၏ မျက်နှာမှာ ဖြူဖျော့သွားလေ၏။
"ဒီဓလေ့က သဘာဝနိယာမတွေကို ချိုးဖောက်ပြီး အရမ်းရက်စက်လွန်းလို့ တော်ဝင်အမိန့်နဲ့တောင် ပိတ်ပင်ထားတယ်လို့ ကျုပ် မှတ်မိတယ်။"
ဝေ့ရှန်ဟိုင်က ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
"တော်ဝင်မြို့တော်ကတင် မကပါဘူး၊ မြင့်မြတ်သောတောင်တော်ကပါ အရှင်လတ်လတ် ယဇ်ပူဇော်ခြင်းကို ဆန့်ကျင်တဲ့ အမိန့်ထုတ်ပြန်ထားတယ်လေ။ အဲ့ဒါကြောင့် ဒီဘက်ခေတ်မှာ အဲ့ဒီလိုအဖြစ်အပျက်မျိုးက ဖြစ်ခဲသွားပြီ။ တစ်ယောက်ယောက်က ဒီဓလေ့ကို လုပ်ချင်ရင်တောင်မှ ခိုးကြောင်ခိုးဝှက်ပဲ လုပ်ရဲကြတာ၊ ပေါ်ပေါ်ထင်ထင် လုပ်ရဲတဲ့သူ မရှိဘူး။"
"ဒါဆိုရင် ဘာလို့ ကျန့်မိသားစု အဘွားအိုက လောကရဲ့ ကဲ့ရဲ့ပြစ်တင်မှုကို အာခံပြီး ဒီလိုရက်စက်ပြီး လူမဆန်တဲ့ ဓလေ့ကို လုပ်ဆောင်ရဲရတာလဲ။"
သမားတော်ကြီးက မေးလိုက်သည်။
"ဟုတ်တယ်ဗျ... သူက မြင့်မြတ်သောတောင်တော်က လူလွှတ်ပြီး အရေးယူမှာကို မကြောက်ဘူးလား။"
လုချင်းကလည်း ဝင်မေးလိုက်၏။
"အဲ့ဒါကိုတော့ ကျုပ်လည်း မသိဘူး။"
ဝေ့ရှန်ဟိုင်က ခေါင်းခါလိုက်သည်။
"ဒါပေမဲ့ ကျန့်မိသားစု အဘွားအိုက ရူးသွားပြီလို့တော့ ကောလာဟလတွေ ထွက်နေတယ်။ သူ့မှာ သားနှစ်ယောက် ရှိခဲ့တယ်။ သားအကြီးဆုံးက သိုင်းပညာမှာ ပါရမီ အရမ်းပါပြီး ချန်ကျိုးရဲ့ အကျော်ကြားဆုံး လူငယ်ပါရမီရှင်တွေထဲက တစ်ယောက်ပေါ့။ အဘွားအိုက သူ့ကို အရမ်းချစ်ပြီး မိသားစုခေါင်းဆောင်အဖြစ် ပျိုးထောင်ဖို့ ရည်ရွယ်ထားခဲ့တာလေ။ ဒါပေမဲ့ မထင်မှတ်ထားဘဲ သားအကြီးဆုံးက ဖြတ်သွားဖြတ်လာ မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို စော်ကားမိပြီး နေရာတင် အသတ်ခံလိုက်ရတယ်။ အဘွားအိုက အဲ့ဒီသတင်းကို ကြားတော့ သူ့သားအတွက် လက်စားချေဖို့ မွေးရာပါနယ်ပယ် သိုင်းပညာရှင်ကို သွားတိုက်ခဲ့တယ်လေ။ ဒါပေမဲ့ သူပဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး သက်တမ်းလည်း အများကြီး လျော့သွားခဲ့ရတယ်၊ အခုဆို သူ့မှာ နေရဖို့ နှစ်အနည်းငယ်ပဲ ကျန်တော့တာလေ။ အခု သေသွားတဲ့ ဒုတိယသခင်လေးကလည်း သူ့ရဲ့ သားအကြီးဆုံးဆီက ကျန်ရစ်ခဲ့တဲ့ သွေးသားရင်းလို့ ပြောကြတယ်။ ဒီလို ဆက်တိုက် ထိုးနှက်ချက်တွေရှိနေတဲ့အပြင်ကိုမှ သူ့ရဲ့ဘဝ နိဂုံးကလည်း နီးကပ်လာနေပြီဆိုတော့ အဘွားအိုက စိတ်ဖောက်ပြန်သွားပြီး မြင့်မြတ်သောတောင်တော်ရဲ့ တားမြစ်ချက်ကိုတောင် လျစ်လျူရှုလိုက်တာ ဖြစ်နိုင်တယ်။"
"ဒါပေမဲ့လည်း အရှင်လတ်လတ် ယဇ်ပူဇော်တာမျိုးတော့ မလုပ်သင့်ပါဘူး။ ဒီနည်းလမ်းက အရမ်း ရက်စက်လွန်းတယ်။ ဒီဓလေ့နဲ့ နှိပ်စက်ခံရသူတွေက နာကြည်းချက်တွေ စွဲကျန်ရစ်ပြီး သူတို့ရဲ့ ဝိညာဉ်တွေက ရွှံ့ရုပ်တုတွေထဲမှာ ပိတ်မိနေတတ်တယ်၊ သံသရာလည်း မကူးနိုင်၊ ငြိမ်းချမ်းမှုလည်း မရနိုင်ဘူးလို့ ပြောကြတယ်လေ။ ဒါက သဘာဝနိယာမကို ကြီးကြီးမားမားကို ချိုးဖောက်တာပဲ။"
သမားတော်ကြီး၏ မျက်နှာမှာ တည်တင်းနေဆဲပင်။
"အကြီးအကဲဝေ့... တော်ဝင်မြို့တော်က ဒီဓလေ့ကို ပိတ်ပင်ထားမှတော့ ပြည်နယ်မြို့တော်မှာ ဒါကို တားဆီးမယ့်သူ မရှိဘူးလား။"
လုချင်းက မေးလိုက်သည်။
"ကျန့်မိသားစုက အရှင်လတ်လတ် ယဇ်ပူဇော်မယ်ဆိုတဲ့ ကောလာဟလတွေက အတည်ပြုလို့ မရသေးပါဘူး၊ ပြီးတော့ ကျန့်မိသားစုကလည်း ဒါကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားတယ်။ ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိရင် မြို့စားမင်းအိမ်တော်တောင်မှ ကျန့်မိသားစုကို အရေးယူလို့ မရဘူးလေ။ ဒါပေမဲ့ ထူးဆန်းတာက ဒီလို နာမည်ပျက်စေတဲ့ ကောလာဟလတွေ ထွက်နေတာတောင်မှ ကျန့်မိသားစုက တားဆီးဖို့ မကြိုးစားဘဲ အထိန်းအကွပ်မဲ့ ပျံ့နှံ့ခွင့် ပြုထားတာပဲ။ ပြီးတော့ သူတို့က အဲ့ဒီအစောင့်တွေရဲ့ မိသားစုတွေကို တကယ်ပဲ ဖမ်းဆီးထောင်ချထားတယ်။ အဲ့ဒါကြောင့် လူအများစုက ဒီကောလာဟလတွေဟာ အခြေအမြစ်မရှိတာ မဟုတ်ဘူးလို့ ယုံကြည်နေကြတယ်။ ရလဒ်အနေနဲ့ ပြည်နယ်မြို့တော်မှာ တင်းမာမှုတွေ ဖြစ်နေပြီး ကျန့်မိသားစု အဘွားအိုက တကယ်ပဲ ရူးသွပ်သွားပြီး သူ့မြေး အသုဘမှာ ဒီလို ယုတ်မာတဲ့ကိစ္စကို လုပ်မလားဆိုတာ ဘယ်သူမှ ရေရေရာရာမသိကြဘူးလေ။"
"ကျန့်မိသားစု အဘွားအို မေတ္တာစိတ်ထားပြီး နောက်ထပ် အပြစ်တွေ မကျူးလွန်ပါစေနဲ့လို့ပဲ မျှော်လင့်ရတာပေါ့။"
အခွင့်အလမ်း ရှိသေးသည်ဟု ကြားလိုက်ရသဖြင့် သမားတော်ကြီးခင်ဗျာ အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။ သူသည် အမြဲတမ်း ကြင်နာတတ်သူဖြစ်ပြီး ထိုကဲ့သို့ ရက်စက်မှုကို တွေးမိရုံဖြင့်ပင် ခံနိုင်ရည်မရှိ ဖြစ်နေရပါ၏။
"ဒါပေမဲ့ ဖမ်းဆီးခံထားရတဲ့ မိသားစုတွေထဲမှာ တစ်နှစ်တောင် မပြည့်သေးတဲ့ ကလေးငယ်လေး တစ်ယောက်တောင် ပါတယ်လို့ ကျုပ် ကြားတယ်။ အကယ်၍ အဲ့ဒီကလေးသာ ဒီလိုကံဆိုးမိုးမှောင်ကျမှုနဲ့ ကြုံရမယ်ဆိုရင်တော့ အရမ်းကို ထိတ်လန့်စရာ ကောင်းလွန်းပါတယ်ဗျာ။"
ဝေ့ရှန်ဟိုင်က သက်ပြင်းချလိုက်သည်။
သမားတော်ကြီး၏ မျက်နှာမှာ ပြန်လည်လေးလံသွားပြန်၏။
လုချင်းကမူ ဝေ့ရှန်ဟိုင်၏ စကားများမှတစ်ဆင့် ရုတ်တရက် အသိဝင်သွားပြီး တစ်စုံတစ်ခုကို သံသယ ဝင်သွားလေသည်။
သို့သော် သူသည် မျက်နှာကို တည်ငြိမ်အောင် ထားကာ လူကြီးနှစ်ဦးနှင့် ဆက်လက် စကားစမြည် ပြောဆိုနေလိုက်သည်။
ထို့နောက်တွင် ဝေ့ရှန်ဟိုင်သည် ကမ္ဘာလောကမှ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဆက်လက် မျှဝေပြောပြခဲ့သည်။ ဝေ့မိသားစုသည် ဝေးလံခေါင်သီသော နေရာတွင် နေထိုင်သော်လည်း ပြင်ပကိစ္စရပ်များကို မျက်ခြေမပြတ် စောင့်ကြည့်လေ့ရှိသည်။ အထူးသဖြင့် လွန်ခဲ့သော နှစ်နှစ်က မျိုးသုဉ်းလုနီးပါး အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ကမ္ဘာကြီးသည် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လုနီးပါး ဖြစ်နေသည်ကို သိရှိထားကြသဖြင့် ပြင်ပလှုပ်ရှားမှုများကို အထူးအာရုံစိုက်နေကြခြင်း ဖြစ်သည်။
ထို့ကြောင့် လုချင်းသည် ကမ္ဘာလောကနှင့် ပတ်သက်သော သတင်းအချက်အလက် အများအပြားကို ရရှိခဲ့လေသည်။
ဝေ့ရှန်ဟိုင် စကားပြောပြီး၍ သူ၏ ခြံဝင်းထဲသို့ ပြန်ဝင်သွားသောအခါ လုချင်းလည်း အိမ်ပြန်လာခဲ့ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် တိတ်ဆိတ်စွာ တွေးတောနေမိတော့သည်။
..