နောက်ဆုံးတော့ ကျင့်ကြံလို့ပြီးပြီ
Vol. 18 Ch. 171
မသုံးရသေးသော အင်မော်တယ်ဆေးလုံး ၂၅ လုံး ကျန်နေလေရာ ၎င်းတို့မှာ ရတနာဆေးလုံးများနှင့် သူတော်စင်ဆေးလုံးများထက် များစွာသာလွန်လှသည်။ သူ၏တစ်ခုတည်းသောနောင်တမှာ ထိုအင်မော်တယ်ဆေးလုံး ၂၅ လုံးအနက် ၅ လုံးမှာ ဝိညာဉ်အဆင့်မြှင့်တင်ပေးသည့် ဝိညာဉ်အမျိုးအစားဆေးလုံးများ ဖြစ်နေခြင်းပင်။
ပုံမှန်အားဖြင့် ဝိညာဉ်အဆင့်မြှင့်တင်ပေးသည့်ဆေးလုံးများသည် ဝိညာဉ်စွမ်းအားမြှင့်တင်ပေးသည့် ဆေးလုံးများထက် အဆပေါင်းများစွာပို၍တန်ဖိုးရှိသည်။ သို့သော် ယခုအချိန်တွင် ကျန်းချန်အလိုအပ်ဆုံးအရာမှာ ဝိညာဉ်စွမ်းအားဖြစ်လေ၏။
"ကံကောင်းတာက ဒီဂိုဏ်းချုပ်မှာ အရင်တုန်းက အင်မော်တယ်ဆေးလုံးအချို့ လက်ကျန်ရှိနေသေးတယ်"
ထိုသို့ပြောပြီးနောက် သူသည် ဟန်ဆောင်ပန်ဆောင်ဖြင့် အင်မော်တယ်ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ သူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် အင်မော်တယ်အဖြစ်တက်လှမ်းခဲ့ပြီး ဤအရာမှာ ယခင်ကစုဆောင်းမှုအနည်းငယ်သာဖြစ်သည်ဟူသောပုံစံမျိုးပင်။
ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ အခြားသူများကိုအသာထား မိုချန်ပင်လျှင်ထခုန်သွား၏။
ဟာ... ဒါက အင်မော်တယ်ဆေးလုံးလား...
သူတို့နားမကြားမှားတာ မဟုတ်ဘူးမလား...
ဒါက အောက်လောကမှာ လုံးဝမပေါ်ပေါက်သင့်တဲ့အရာပဲ...
"အဲဒါ အင်မော်တယ်ဆေးလုံးလား"
"မမှားနိုင်ပါဘူး။ အဲဒီဆေးလုံးဆီကနေ အလွန်ကြီးမားပြီးထူးခြားတဲ့ စွမ်းအားတစ်ခုကို ငါခံစားနေရတယ်"
လူတိုင်းမှာ လောကကြီးကိုမမြင်ဖူးသောတောသားများကဲ့သို့ စုပြုံတိုးဝှေ့လာကြပြီး ဟင်းလင်းပြင်ကိုပင် ဖောက်ထွက်သွားတော့မည့်အလား အလင်းတန်းများဖြာထွက်နေသည့်ဆေးလုံးကို အံ့သြစွာကြည့်နေကြသည်။
"ဒါက အင်မော်တယ်အနှစ်သာရချီရဲ့ အရှိန်အဝါလား"
ချင်းစော့နှင့် အခြားသူများမှာ ထိုဆေးလုံးကို ကိုယ်တိုင်ထိတွေ့ကြည့်ချင်လွန်းသဖြင့် လက်များပင်တုန်ရင်နေ၏။ မျက်စိသုံးလုံးကျားနှင့် လိပ်နက်ဘုရင်တို့မှာလည်း တံတွေးများကို အဆက်မပြတ်မျိုချနေကြသည်။
သူတို့မှာ မိစ္ဆာဘုရင်များဖြစ်ကြသဖြင့် အင်မော်တယ်အဆင့်နှင့် အနီးစပ်ဆုံးဖြစ်သည်။ ထို့ကြောင့် အင်မော်တယ်အနှစ်သာရချီအပေါ် အာရုံခံနိုင်စွမ်းမှာလည်း အထက်မြက်ဆုံးပင်။ ဤအရာမှာ သူတို့အတွက် အတိုင်းအဆမရှိအထောက်အပံ့ပေးနိုင်လိမ့်မည်ဟု သူတို့၏မသိစိတ်ကပြောနေသည်။
ဆန့်ကျင်ဘက်အားဖြင့် ဖေးရှန်ဂိုဏ်းမှတပည့်များမှာမူ သူတို့၏အဆင့်အတန်းနိမ့်ကျနေသေးသဖြင့် ပြင်းထန်စွာမခံစားရပေ။
"ဂိုဏ်းချုပ်က အင်မော်တယ်တစ်ပါးပဲလေ၊ အင်မော်တယ်ဆေးလုံးတွေရှိတာ သဘာဝကျပါတယ်"
"ဟုတ်တာပေါ့... ဂိုဏ်းချုပ်က အင်မော်တယ်လက်နက်တစ်ခုခုထုတ်ပြရင်တောင် ငါအံ့သြမှာမဟုတ်ဘူး"
"အဟမ်း... အရင်တုန်းက ဂိုဏ်းချုပ်က ငါ့ကို အဆင့် ၄ ဝိညာဉ်လက်နက်တစ်ခုပေးတုန်းက သူ အရမ်းကိုအနစ်နာခံပြီးပေးတယ်လို့ ငါထင်ခဲ့တာ"
"ဟားဟားဟား..."
မိုချန်မှာ ဇဝေဇဝါဖြစ်နေသည်။ သူက ဂရုတစိုက်အာရုံခံကြည့်ရာ ၎င်းမှာ အမှန်တကယ်ပင် အင်မော်တယ်ဆေးလုံးဖြစ်နေသည်။ ၎င်း၏အရည်အသွေးမှာလည်း မည်သည့်အပြစ်အနာအဆာမျှမရှိဘဲ ထူးကဲလှသည်။
သူ့ကို ဇဝေဇဝါဖြစ်စေသည့် တစ်ခုတည်းသောအချက်မှာ ထိုဆေးလုံးမှာ ဟောင်းနွမ်းနေပုံမရဘဲ လတ်လတ်ဆတ်ဆတ်ဖော်စပ်ထားသည့်ပုံပေါ်နေခြင်းပင်။ ၎င်းက ပို၍မယုံကြည်နိုင်အောင်ဖြစ်စေသည်။
သူသည် အင်မော်တယ်ဆေးလုံးများကိုပင် ထုတ်ပေးနိုင်သည်ဆိုလျှင် ဤကောင်းကင်သားတော်ဟူသော ကံတရားတစ်ခုတည်းနှင့် ရှင်းပြရန်မလုံလောက်တော့ချေ။
သူသည် အင်မော်တယ်ဆေးလုံးကို ပါးစပ်ထဲသို့ပစ်ထည့်လိုက်ပြီးနောက် ပျော်ရွှင်စရာကောင်းသော အဆင့်တက်ခြင်းလုပ်ငန်းစဉ်ကို ပြန်လည်စတင်လိုက်သည်။ အင်မော်တယ်ဆေးလုံး၏ အာနိသင်မှာ ထိရောက်မှုပြင်း၏။
ဆေးလုံးမှာ ခန္ဓာကိုယ်အတွင်းသို့ရောက်ရှိသွားပြီးနောက် ပြင်းထန်သောဝိညာဉ်စွမ်းအားအဖြစ် လျင်မြန်စွာပြောင်းလဲသွား၏။ ၎င်းသည် အဆက်မပြတ်စီးဆင်းလာသော ဒီရေလှိုင်းများကဲ့သို့ပင် သူ့ကို ဆက်တိုက်အဆင့်တက်စေတော့သည်။
ခေတ္တမျှအကြာတွင် သူသည် အရှင်မြတ်အဆင့် ၂ သို့ ရောက်ရှိသွားသော်လည်း ရပ်တန့်မသွားပေ။ အရှင်မြတ်အဆင့် ၃ အတားအဆီးကို ဖောက်ထွက်သွားပြီးမှသာ ရပ်တန့်သွားခဲ့သည်။
လူတိုင်း၏စောင့်ကြည့်မှုအောက်တွင် စက္ကန့်ပိုင်းအတွင်း အဆင့်ငယ်နှစ်ဆင့် ကျော်ဖြတ်သွားခြင်းဖြစ်၏။ ၎င်းမှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တွင် အဆင့်တက်ရသည်ထက်ပင် ပိုလွယ်နေပုံရသည်။
"အင်မော်တယ်ဆေးလုံးတွေက တကယ်ကိုထူးကဲတာပဲ"
"အာနိသင်က အရမ်းစွမ်းလွန်းတယ်"
ဝေမြောင်နှင့် အခြားသူများမှာ အလွန်မနာလိုဖြစ်နေကြသည်...
"ငါသာ အခု အင်မော်တယ်ဆေးလုံးတစ်လုံးစားလိုက်ရင် ကောင်းကင်ကံကြမ္မာအဆင့် ၉ ကနေ တာအိုနန်းတော်အဆင့် ၉ ကို တန်းပြီး ခုန်တက်သွားနိုင်မလား"
မိုချန်က သူတို့ကို အထင်သေးစွာကြည့်လိုက်ပြီး ထူးဆန်းသောအသံဖြင့် ရယ်မောလိုက်သည်။
"မင်းစမ်းကြည့်လို့ရတယ်။ အကယ်၍ မင်းခန္ဓာကိုယ်ပေါက်ကွဲပြီးမသေဘူးဆိုရင် ငါကမင်းကို အစ်ကိုကြီးလို့ခေါ်မယ်"
"အင်မော်တယ်ဆေးလုံးရဲ့အစွမ်းက သာမန်သူတော်စင်အဆင့်ကျွမ်းကျင်သူတွေတောင် မတောင့်ခံနိုင်တဲ့အရာပဲ"
"ကောင်းကင်ကံကြမ္မာအဆင့်အတွက်ဆိုရင် ရတနာဆေးလုံးတွေက အကန့်အသတ်ပဲ။ သူတော်စင်ဆေးလုံးဆိုရင်တောင် မင်းရဲ့သွေးကြောတွေနဲ့ ချီပင်လယ်ကို ပေါက်ကွဲသွားစေနိုင်တယ်"
သူသည် ကျန်းချန်၏ပါရမီမှာ မည်သို့ရှိသည်ကိုမသိသော်လည်း ကျန်းချန်မှာ ထူးခြားဆန်းပြားပြီး ပါရမီထူးသည်မှာတော့သေချာ၏။ ထို့နောက် ကျန်းချန်သည် လက်တစ်ဆုပ်စာမျှရှိသော အင်မော်တယ်ဆေးလုံးများ ထုတ်ယူလိုက်သည်ကို သူမြင်လိုက်ရသည်။ စုစုပေါင်း ဆယ်လုံးကျော်၏။
"ဒါတင်မကသေးဘူးလား"
"ဟာ... ဘုရားရေ..."
"ဒါတွေက သူ့ကို ဘယ်အဆင့်အထိပို့ပေးနိုင်မှာလဲ"
သူတို့ တုံ့ပြန်ရန်အချိန်မရခင်မှာပင် အစ်ကိုကြီးချန်သည် ဝိညာဉ်စွမ်းအား တိုးတက်စေသည့် အင်မော်တယ်ဆေးလုံး ၁၇ လုံးစလုံးကို ပါးစပ်ထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်သည်။ အင်မော်တယ်ဆေးလုံးများမှာ ပါးစပ်ထဲရောက်သည်နှင့် အရည်ပျော်သွားပြီး ဆေးစွမ်းများအဖြစ် လျင်မြန်စွာပြောင်းလဲသွား၏။ အခြားသူများမှာ သူ့ကိုတားဆီးရန်အချိန်မရလိုက်ဘဲ ကြောင်အမ်းအမ်းဖြင့်သာ ကြည့်နေကြတော့သည်။
"သူ ရူးသွားပြီ... ရူးသွားပြီ"
"ဂိုဏ်းချုပ်က ကိုယ့်ကိုယ်ကိုယ်သတ်သေနေတာလား"
"အင်မော်တယ်ဆေးလုံး တစ်လုံးတည်းရဲ့အစွမ်းကတောင် ဒီလောက်ပြင်းထန်နေတာကို၊ အခု ဆယ်လုံးကျော်ဆိုတော့..."
တပည့်များမှာ ထိတ်လန့်တုန်လှုပ်နေကြသည်။
ပြီးလေပြီ...
ဂိုဏ်းချုပ်က ကြွားလုံးထုတ်တာ လွန်သွားပြီ။ စိတ်လိုက်မာန်ပါလုပ်လိုက်မိလို့ သူအသက်ဆုံးရှုံးရတော့မှာပဲ။
မိုချန်မှာလည်း မှင်တက်သွား၏။ အင်မော်တယ်ဆေးလုံး ဆယ်လုံးကျော်ကို တစ်ပြိုင်နက်သုံးစွဲခြင်းမှာ မြင့်မြတ်အင်မော်တယ်တစ်ဦးကိုပင် ပေါက်ကွဲသွားစေနိုင်သည်။
လန်ယီတစ်ယောက်သာလျှင် တည်ငြိမ်နေသည်။
လာပြန်ပြီ... ဒီမြင်ကွင်းမျိုး...
မည်သို့ပင်ဖြစ်စေ သူမသည် ဤကဲ့သို့သောမြင်ကွင်းမျိုးကို မြင်ဖူးထားခဲ့သည်။ ဤလူကို သာမန်အသိနှင့်တိုင်းတာ၍မရ။ သူ့အတွက် ဆေးလုံးစားရသည်မှာ ပဲစေ့လေးတွေစားနေရသလိုပင်။
ဝုန်း... ဝုန်း... ဝုန်း...
ကျန်းချန်၏ပတ်ဝန်းကျင်ရှိ အရှိန်အဝါများမှာ တရဟောမြင့်တက်လာ၏။ စက္ကန့်အနည်းငယ်တိုင်းတွင် အဆင့်ငယ်တစ်ခု ကျော်ဖြတ်နေသည်။
အရှင်မြတ်အဆင့် ၄... အရှင်မြတ်အဆင့် ၅... အရှင်မြတ်အဆင့် ၆... အရှင်မြတ်အဆင့် ၇...
သူသည် အရှင်မြတ်အဆင့် ၈ သို့ရောက်မှသာ ရပ်တန့်သွား၏။ အကယ်၍သာ သာမန်အရှင်မြတ်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်နေပါက အင်မော်တယ်ဆေးလုံး ဆယ်လုံးကျော်မှာ သူတို့ကို သူတော်စင်နယ်ပယ်အထွတ်အထိပ်သို့ပို့ဆောင်ပေးရန် လုံလောက်ပြီး အင်မော်တယ်အဖြစ်တက်လှမ်းရန် အသင့်ဖြစ်နေစေပေလိမ့်မည်။
သိုင်းတာအိုသိမြင်နားလည်မှုနှင့် ဝိညာဉ်အဆင့်တို့ လုံလောက်ရန်လည်း သေချာပေါက်လိုအပ်ပေသည်။
ဝိညာဉ်စွမ်းအားမြှင့်တင်ပေးသည့် အင်မော်တယ်ဆေးလုံးများစားပြီးနောက် ကျန်းချန်သည် ကျန်ရှိနေသောဝိညာဉ်မြှင့်တင်ပေးသည့် အင်မော်တယ်ဆေးလုံး ၅ လုံးကိုလည်း တစ်ပြိုင်နက် သုံးလိုက်၏။ သူ၏ဝိညာဉ်အဆင့်မှာ တဟုန်ထိုးမြင့်တက်သွားပြီး သူတော်စင်အဆင့် အထွတ်အထိပ်သို့ လွယ်လင့်တကူရောက်ရှိသွားမည်ဟု သူထင်မှတ်ထားခဲ့သော်လည်း အင်မော်တယ်ဆေးလုံး ၅ လုံးမှာ သူ့ကို သူတော်စင် အစောပိုင်းအဆင့်မှ အလယ်အလတ်အဆင့်သို့သာ ပို့ဆောင်ပေးနိုင်ခဲ့သည်။
သူ့ဝိညာဉ်အဆင့်မှာလည်း အဆင့်တက်ဖို့ ခက်ခဲနေ၏။ ပိဖုန်း ယခင်ကပြောခဲ့ဖူးသော ထာဝရအဆင့်ဝိညာဉ်ဆိုသောအရာကို ပြန်လည်အမှတ်ရမိသည်။
ဒါကြောင့်များလား...
သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ အခြားသူများမှာ ဘာပြောရမှန်းမသိအောင်ဖြစ်နေကြသည်။ အခြားသူများမှာ အဆင့်တက်ရန် နှစ်ပေါင်းသောင်းနှင့်ချီ၍ ကြိုးစားနေကြရသော်လည်း သူကမူ တိုတောင်းသောအချိန်အတွင်း အရှင်မြတ်အဆင့်တစ်ခုလုံးကို ပြီးမြောက်လုနီးပါး ဖြစ်နေခဲ့လေပြီ။
မိုချန်က ချောင်းတစ်ချက်ဟန့်ကာ အနေခက်သောတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
"ဂိုဏ်းချုပ်... ပြီးပြီလား"
ကျန်းချန်က ထရပ်လိုက်ပြီး နှမြောတသဟန်ဖြင့် လက်နှစ်ဖက်ကို ဖြန့်လိုက်သည်။
"အခြားနည်းလမ်း မရှိတော့ဘူး။ ငါက ဆက်ပြီးကြိုးစားကျင့်ကြံချင်သေးပေမဲ့ ဆေးလုံးတွေက ကုန်သွားပြီ။ ဒီတစ်ခါတော့ ဒီလောက်နဲ့ပဲ ရပ်ရတော့မယ်ထင်တယ်"
သူက သက်ပြင်းတစ်ချက်ချကာ ဆက်ပြောသည်။
"ဒါပေမဲ့ ကျင့်ကြံခြင်းဆိုတာကလည်း အလုပ်နဲ့ အနားယူခြင်းကြားမှာ မျှတမှုရှိဖို့လိုအပ်တာပဲလေ။ လူက ခေါင်းမာမာနဲ့ ကြိုးစားကျင့်ကြံနေလို့ပဲမရဘူး"
"အဟမ်း... ဂိုဏ်းချုပ်ပြောတာ မှန်ပါတယ်။ ဂိုဏ်းချုပ် တကယ်ကိုကြိုးစားခဲ့ရတာပဲ"
အစ်ကိုကြီး ခုနကလုပ်သွားတာက ကြိုးစားကျင့်ကြံတာနဲ့ နည်းနည်းလေးတောင်တူလို့လား...
တော်သေးတာပေါ့... အစ်ကိုကြီးကျင့်ကြံတာပြီးသွားလို့...
မဟုတ်ရင် အစ်ကိုကြီးက ဆေးလုံးတွေစားပြီး အင်မော်တယ်အဆင့်အထိ တန်းတက်သွားတော့မယ်လို့ ထင်နေမိတာ...
"ငါ့မှာ ဝိညာဉ်ကိုပြန်လည်အားဖြည့်ပေးမယ့် အင်မော်တယ်ဆေးလုံးတွေမရှိတာ နှမြောစရာပဲ။ ရှိရင် မင်းအတွက် သေချာပေါက် ချန်ထားပေးမှာပါ"
အဘိုးကြီးက သူ့ကိုစိတ်ထဲကကဲ့ရဲ့နေသည်ကို အစ်ကိုကြီးချန်မသိခဲ့ပေ။ သိခဲ့လျှင် ဤကဲ့သို့သော စကားကောင်းများကို သေချာပေါက်ပြောလိမ့်မည်မဟုတ်။
မိုချန်က ချက်ချင်းပင် ပြုံးပြလိုက်သည်...
"ဂိုဏ်းချုပ်က ကျွန်တော့်အကြောင်းကို ထည့်စဉ်းစားပေးတာနဲ့တင် လုံလောက်ပါပြီ။ မလောပါဘူး... မလောပါဘူး"
ကောင်းကင်သားတော်အများစုမှာ အရေးကြီးသောကိစ္စများဖြင့် အလုပ်ရှုပ်နေတတ်ကြသည်။ သို့သော် ဂိုဏ်းချုပ်ကမူ ဤကိစ္စကို စိတ်ထဲထည့်ထားပေးသဖြင့် သူအလွန်စိတ်လှုပ်ရှားသွားရသည်။
"ဒါနဲ့ လန်ယီလေး... မင်းရဲ့ အရိုးချေဖျက်အလံကိုလည်း ပြန်ရပြီ။ အခု မူလပိုင်ရှင်ဆီ ပြန်ပေးလိုက်ပြီနော်"
ပိဖုန်း၏အဓိကခန္ဓာကိုယ် ပျက်စီးသွားခဲ့ပြီး အရိုးချေဖျက်အလံကိုလည်း ပြန်လည်ရရှိခဲ့၏။ ကျန်းချန်မှာ ၎င်းကို သေချာကြည့်ရှုရန် အချိန်မရသေးပေ။
လန်ယီမှာ ယခုအခါ သူ၏လူတစ်ယောက်ဖြစ်နေပြီဖြစ်သည့်အတွက် အစ်ကိုကြီးချန်မှာ ထုံးစံအတိုင်းပင် လက်မနှေးလှပေ။ အထူးသဖြင့် ဤအရာမှာ မူလက စုန်းမျိုးနွယ်၏ အမွေအနှစ်မှော်လက်နက်ဖြစ်နေသဖြင့် သူသိမ်းထားရန်စိတ်မကူးခဲ့ပေ။