အရိုးချေဖျက်အလံ
Vol. 18 Ch. 172
လန်ယီသည် အတိုင်းမသိဝမ်းသာသွားပြီး ကျေးဇူးတင်စကားပြောလိုသော်လည်း သူမနှင့်ကျန်းချန်မှာ တာအိုအဖော်များဖြစ်ရာ ကျေးဇူးတင်စကားပြောနေပါက သူစိမ်းဆန်သလိုဖြစ်နေပေလိမ့်မည်။ သူမသည် စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ထားရင်း သိုလှောင်လက်စွပ်အတွင်းမှ ခရမ်းရောင်အလင်းတန်းများဖြာထွက်နေပြီး ထူးဆန်းသောအရိုးပုံစံများဖြင့် ဖုံးလွှမ်းထားသည့် ထိုမှော်လက်နက်လေး တဖြည်းဖြည်းပေါ်ထွက်လာသည်ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေမိသည်။
အခြားသူများမှာမူ ထိုအရိုးချေဖျက်အလံကိုမြင်တွေ့ရချိန်တွင် သူတို့၏ဝိညာဉ်များထဲအထိ မသက်မသာဖြစ်မှုကို ခံစားလိုက်ရသည်။ နောက်တစ်ကြိမ်ထပ်ကြည့်လိုက်ပါက သူတို့၏နှလုံးသားထဲတွင် အရိပ်မည်းတစ်ခုစွဲထင်သွားတော့မည့်အလား ခံစားရ၏။ မိုချန်ပင် မျက်မှောင်ကြုတ်လိုက်မိသည်။
သို့သော် လန်ယီအတွက်မူ ကွာခြားလှသည်။ ထိုအဆင့်မြင့်မှော်လက်နက်ကို မြင်လိုက်ရသည့်ခဏမှာပင် သူမသည် ရေနှင့်တွေ့သောငါးတစ်ကောင်ကဲ့သို့ ခံစားလိုက်ရ၏။
လက်နှင့်မထိရသေးမီမှာပင် သူမ၏ကျင့်ကြံခြင်းနယ်ပယ်မှာ စတင်လှုပ်ခတ်လာပြီး ဝိညာဉ်စွမ်းအားနှင့် ဝိညာဉ်တို့မှာ အလွန်တက်ကြွလာတော့သည်။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စုန်းမျိုးစေ့မှာလည်း အရိုးချေဖျက်အလံနှင့် ထူးဆန်းသောဆက်နွှယ်မှုတစ်ခုကိုတည်ဆောက်ကာ အဆက်မပြတ်ခေါ်ယူနေ၏။ ဤအရာမှာ သူမနှင့်ကံပါလာသည့်အရာပင်...
ချင်းစော့နှင့် နှလုံးသားဌာနမှ အခြားသူများမှာလည်း ကြည်နူးနှစ်သက်သောအမူအရာများ ပြသနေကြသည်။ နှစ်ပေါင်းသန်းနှင့်ချီ ကြာပြီးနောက် စုန်းဌာနသည် သူတို့၏အမွေအနှစ်မှော်လက်နက်ကို ပြန်လည်ရရှိခဲ့လေပြီ။ တစ်ချိန်ကကျော်ကြားခဲ့သောမျိုးနွယ်စုတွင် ယခုအခါ အဖွဲ့ဝင်တစ်ဦးတည်းသာကျန်ရှိတော့သည်မှာ နှမြောစရာပင်။
လန်ယီ၏မျက်ဝန်းများမှ မျက်ရည်များစီးကျလာပြီး အရိုးချေဖျက်အလံကိုခေါ်ယူရန် သူမ၏ဖြူစင်သောလက်ကလေးကို ဆန့်ထုတ်လိုက်သည်။ ထိုအခါ...
အလံမှာ ဟင်းလင်းပြင်တွင်တုန်ခါသွားပြီး ကျန်းချန်ထံပျံသန်းသွားတော့သည်။ လူတိုင်းမှင်တက်သွားကြပြီး အစ်ကိုကြီးချန်မှာလည်း ကြောင်အမ်းအမ်းဖြစ်သွား၏။ သူသည် ထိုမှော်လက်နက်ကို ခေါ်ယူခြင်း သို့မဟုတ် သွေးဖြင့် အသိအမှတ်ပြုခြင်းလည်း မလုပ်ခဲ့ပေ။
“ဒါက ငါနဲ့ ဘာမှမဆိုင်ဘူးနော်”
သူသည် အရိုးချေဖျက်အလံကို လန်ယီထံ အမှန်တကယ်ပြန်ပေးရန် ရည်ရွယ်ထား၏။ သူကိုယ်တိုင်တွင် အဆင့်မြင့်မှော်လက်နက်မရှိသေးသော်လည်း ဂိုဏ်းချုပ်ကျန်း၏စိတ်ထားမှာ ထိုမျှအထိမသေးသိမ်ပေ။ သူဘာမှမလုပ်ထားကြောင်း သက်သေပြရန်အတွက် လက်နှစ်ဖက်ကို နောက်ပစ်လိုက်သည်။
သို့သော် အလံမှာ သူ့ရှေ့တွင်ဝဲပျံနေပြီး သူ့ကိုပွတ်သပ်နေတော့သည်။ ပထမဦးစွာ သူ၏ရင်ဘတ်ကို ပွတ်သပ်ပြီးနောက် နဖူးကိုတစ်ချက်ထိကာ နောက်ဆုံးတွင် သူ၏ပုခုံးပေါ်၌နားခိုလျက် ထွက်မသွားတော့ချေ။
လန်ယီမှာ အနေခက်သွားရသည်။ နှလုံးသားဌာနမှ ကျွမ်းကျင်သူများမှာလည်း ရယ်ရခက် ငိုရခက် ဖြစ်ကုန်၏။
ဘာတွေဖြစ်နေတာလဲ...
အဆင့်မြင့်မှော်လက်နက်များတွင်ဝိညာဉ်ရှိကြပြီး သူတို့၏သခင်ကို သူတို့ဘာသာ ရွေးချယ်တတ်ကြသည်။ ယခုရှိနေသူ လူတစ်ထောင်လုံးက အလံကိုခေါ်ယူရန် လက်ကမ်းလိုက်ပါက ၎င်းသည် လန်ယီကိုသာ သေချာပေါက်ရွေးချယ်ပေလိမ့်မည်။
သူမတွင် စုန်းမျိုးစေ့ရှိပြီး စုန်းဌာန၏လျှို့ဝှက်ကျင့်စဉ်များကို ကျင့်ကြံထားသောကြောင့်ဖြစ်သည်။ အရိုးချေဖျက်အလံသည် သဘာဝအတိုင်း သူမကိုသာရွေးချယ်သင့်သည်။
အခြားသူ၏ ကျင့်ကြံမှုအဆင့် သို့မဟုတ် ခွန်အားမှာ မည်မျှမြင့်မားနေပါစေ အလံမှာ စိတ်ဝင်စားလိမ့်မည်မဟုတ်။ ပိဖုန်းကဲ့သို့ အတင်းအဓမ္မသိမ်းပိုက်၍သာရနိုင်မည်။ ထိုသို့သိမ်းပိုက်လျှင်ပင် ၎င်းကိုပိုင်ဆိုင်ရုံသာရှိမည်ဖြစ်ပြီး အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်မည်မဟုတ်။
ကျန်းချန် ဘာမှမလုပ်ခဲ့ကြောင်း သူတို့ယုံကြည်ကြသော်လည်း အလံသည် အဘယ်ကြောင့် လန်ယီကိုထားခဲ့ပြီး သူ့ကိုရွေးချယ်ရသနည်း။ သူသည် စုန်းဌာနမှမဟုတ်ဘဲ စုန်းပညာကိုလည်း တစ်ခါမျှမကျင့်ကြံဖူးချေ။
“ဟိုဘက်ကိုသွားလေ”
“လိမ္မာပါတယ်... ငါက ချောတာတော့အမှန်ပဲ၊ ဒါပေမဲ့ ဟိုဘက်က ချောချောလှလှစီနီယာအစ်မက မင်းအတွက် ပိုတောက်ပတဲ့အနာဂတ်ကို ပေးနိုင်လိမ့်မယ်”
သူ၏ရိုးသားမှုကိုပြသရန်အတွက် အစ်ကိုကြီးချန်မှာ မှော်လက်နက်ကိုရှောင်ရန် အပေါ်သို့ပျံတက်လိုက်၏။ သို့သော် အလံမှာ သူ့နောက်သို့တကောက်ကောက်လိုက်ပါလာတော့သည်။
ကျန်းချန် ဘယ်သွားသွား နောက်ကလိုက်နေသည်။ တပည့်များမှာ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြရ၏။
“ဂိုဏ်းချုပ်ရဲ့ဆွဲဆောင်မှုက နည်းနည်းတော့လွန်နေပြီမလား”
“ဟုတ်ပ... မိန်းကလေးတွေကိုဆွဲဆောင်ရုံတင်မကဘူး၊ အခု မှော်လက်နက်တွေပါ သူ့ကိုကြိုက်နေတာလား”
“ဒီရတနာက မိန်းမဖြစ်နေလို့လား”
“ဟမ်... ဂျူနီယာညီလေးမိန်... မင်းကတကယ့်ပါရမီရှင်ပဲ။ ဂိုဏ်းချုပ်ရဲ့အမွေကို အပြည့်အဝရထားတာပဲ”
ရယ်မောသံများကြားတွင် အလံမှာထိတ်လန့်သွားပုံရသည်။ ၎င်းသည် ရုတ်တရက် အလိုအလျောက် လင်းထိန်လာ၏။ အလံမျက်နှာပြင်မှ ရွှေရောင်အရိုးပုံစံများပျံထွက်လာပြီး ပိုမိုတောက်ပလာသော ခရမ်းရောင်အလင်းတန်းများကြားတွင် ဝဲပျံနေတော့သည်။
လူတိုင်းမှာ ထိုမြင်ကွင်းကိုကြည့်ရင်း မျက်လုံးများကို မှိတ်လိုက်ကြရသည်။ ဖိနှိပ်ထားသောအရှိန်အဝါမှာ အလွန်ကြီးမားလှသဖြင့် သူတို့၏အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နေသကဲ့သို့ဖြစ်နေ၏။ လန်ယီ၏ ခရမ်းရောင်မျက်ဝန်းများသာလျှင် ဝမ်းသာအားရ တောက်ပနေခဲ့သည်။
ကောင်းကင်ဝိညာဉ်စုန်းကျမ်းစာ...
အရိုးပုံစံများထွက်ပေါ်လာပြီးနောက် စုန်းဌာနတွင် အမြဲတမ်းလိုအပ်နေခဲ့သော စုန်းအတတ်ပညာများ ထွက်ပေါ်လာခဲ့လေပြီ။ စုန်းကျမ်းစာကို ကောင်းကင်နှင့် မြေကြီးဟူ၍ အတွဲနှစ်တွဲခွဲထားရာ သူမယခင်ကကျွမ်းကျင်ခဲ့သည်မှာ မြေကြီးဝိညာဉ်စုန်းကျမ်းစာဖြစ်သည်။
ကောင်းကင်ဝိညာဉ်စုန်းကျမ်းစာမှာ အလံအတွင်း၌ အမြဲတမ်းတည်ရှိနေခဲ့ပြီး မျိုးနွယ်စု၏ အကြီးမားဆုံးသောပါရမီရှင်များသာလျှင် ၎င်း၏လျှို့ဝှက်ချက်အချို့ကိုသိမြင်နိုင်ခဲ့၏။ ၎င်း၏လျှို့ဝှက်ချက်များကို နှုတ်ဖြင့်ပြောပြ၍မရ၊ စာဖြင့်ရေး၍မရနိုင်ဘဲ လူတစ်ဦးစီ၏ သိမြင်နိုင်စွမ်းအပေါ်တွင်သာ မူတည်သည်။
ထို့ကြောင့် ပိဖုန်းက အလံကိုသိမ်းပိုက်လိုက်ချိန်တွင် ကောင်းကင်ဝိညာဉ်စုန်းကျမ်းစာ ပျောက်ဆုံးသွား၏။ ပိဖုန်းမှာ စုန်းမျိုးစေ့မရှိဘဲ ဘာကိုမျှနားမလည်နိုင်သဖြင့် စုန်းဌာနမှာလည်း ကျဆင်းသွားခဲ့ရသည်။
လန်ယီမွေးဖွားလာချိန်တွင် ထိုကျမ်းစာပျောက်ဆုံးနေသည်မှာ နှစ်ပေါင်းသန်းနှင့်ချီကြာမြင့်နေပြီဖြစ်သော်လည်း သူမသည် တစ်ချက်ကြည့်ရုံဖြင့် ၎င်းကိုမှတ်မိသည်။ အရိုးပုံစံအချို့က သူမကို သိမြင်နားလည်မှုများပေးစွမ်းနေသော်လည်း အချို့မှာမူ နားလည်ရန် အလွန်နက်နဲလွန်းလှသည်။ ၎င်းတို့ကိုနားလည်ရန် အချိန်များစွာလိုအပ်ပေလိမ့်မည်။
သို့သော် သူမကို ဇဝေဇဝါဖြစ်စေသည့် အချက်တစ်ခုရှိသည်။ စုန်းမျိုးနွယ်၏ မှတ်တမ်းများအရ ကောင်းကင်ဝိညာဉ်စုန်းကျမ်းစာကို သိမြင်နားလည်သည့်မြင်ကွင်းမှာ ဤကဲ့သို့မဟုတ်ပေ။
အလံအတွင်းရှိကျမ်းစာ အသက်ဝင်လာပြီး ၎င်းဘာသာ ထုတ်ဖော်ပြသခြင်းမျိုးကို မည်သူမျှ မကြားဖူးခဲ့ပေ။
ဒါက ကျန်းချန်ကြောင့်လား...
သူ့ကိုထပ်ကြည့်လိုက်သောအခါတွင်မူ ထိတ်လန့်တုန်လှုပ်မှုကို မထိန်းနိုင်တော့ပေ။
“နတ်ဘုရားအဆင့်စုန်းမျိုးစေ့”
“ဂိုဏ်းချုပ်မှာ တကယ်ပဲ နတ်ဘုရားအဆင့်စုန်းမျိုးစေ့ ရှိနေတာလား”
အလံ၏ အဆက်မပြတ်နှိုးဆွပေးမှုအောက်တွင် သူယခင်က ကံစမ်းမဲနှိုက်ရာမှရရှိထားခဲ့သော နတ်ဘုရားအဆင့်စုန်းမျိုးစေ့မှာ တုံ့ပြန်လာခဲ့သည်။ ထိုစုန်းမျိုးစေ့မှာ ခရမ်းရောင်မီးလျှံလေးတစ်ခုနှင့်တူပြီး အစိုင်အခဲဖြစ်လုနီးပါးပင်။
လန်ယီမှာ မယုံနိုင်အောင်ဖြစ်နေ၏။ သူမ၏ အင်မော်တယ်အဆင့်စုန်းမျိုးစေ့မှာပင် သူမကို မျိုးဆက်တစ်ခုတွင်တစ်ယောက်သာရှိသော ပါရမီရှင်တစ်ဦးဖြစ်စေခဲ့သည်။
မဟုတ်ပါက ပုယွီမြင့်မြတ်နယ်မြေက သူတို့ကိုဝိုင်းရံတိုက်ခိုက်စဉ်က ယခင်မျိုးနွယ်စုခေါင်းဆောင်သည် သူမကို အပြင်ထွက်ပြေးနိုင်အောင် အရာအားလုံးကိုရင်းပြီးကယ်ထုတ်ကာ မြေကြီးဝိညာဉ်စုန်းကျမ်းစာကို အပ်နှံခဲ့လိမ့်မည်မဟုတ်။ သို့သော် ယခု သူမရှေ့ရှိကျန်းချန်မှာမူ စုန်းမျိုးနွယ်တွင် နှစ်ပေါင်း ၁၀ သန်းအတွင်း တစ်ခါမျှ မတွေ့ဖူးခဲ့သော ထိပ်တန်းပါရမီ... နတ်ဘုရားအဆင့်စုန်းမျိုးစေ့ကို ပိုင်ဆိုင်ထားလေ၏။
အလံသည် အဘယ်ကြောင့် ကျန်းချန်ကိုရွေးချယ်ခဲ့သည်ကို နောက်ဆုံးတွင်နားလည်သွားလေပြီ။ သူသည် စုန်းပညာကို တစ်ခါမျှမကျင့်ကြံဖူးလျှင်ပင် နတ်ဘုရားအဆင့်နှင့် အင်မော်တယ်အဆင့်ကြားတွင် ပိုမိုကြီးမားသောပါရမီရှင်ကိုသာ ရွေးချယ်မည်မဟုတ်လော။
ကျန်းချန်မှာ လေ့ကျင့်ရန် မလိုပေ။ ရွှေရောင်အရိုးပုံစံများမှာ ခရမ်းရောင်မြူခိုးများအတွင်းမှ ပျံထွက်လာပြီး သူ့ကို ပတ်ချာလည်ဝဲပျံနေပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားတော့သည်။ ၎င်းတို့မှာ သူနှင့်တစ်သားတည်းပေါင်းစည်းသွားသကဲ့သို့ပင်။
စုန်းပညာနှင့်ပတ်သက်သည့် မရေမတွက်နိုင်သော ကျင့်ကြံခြင်းသိမြင်နားလည်မှုများမှာ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ နတ်ဘုရားအဆင့်စုန်းမျိုးစေ့၏ တွန်းအားပေးမှုအောက်တွင် ထိုဗဟုသုတများမှာ သူ၏ကျင့်ကြံခြင်းနယ်ပယ်နှင့် ပေါင်းစည်းသွားပြီး အတတ်ပညာများထဲမှတစ်ခု ဖြစ်လာတော့သည်။
သူသည် ဝေးလံသောတောင်ထိပ်တစ်ခုကို လှမ်းကြည့်လိုက်သည်။ တောင်ထိပ်ပေါ်ရှိ ဝိညာဉ်သစ်ပင်တစ်ပင်မှာ အပြာရောင်မှ မီးခိုးရောင်သို့၊ ထို့နောက်တွင်မူ နှင်းခဲများ ဖုံးလွှမ်းထားသကဲ့သို့ တောက်ပသော အဖြူရောင်သို့ ပြောင်းလဲသွား၏။ သို့သော် ထိုသစ်ပင်မှာ ညှိုးနွမ်းသွားခြင်း သို့မဟုတ် သေဆုံးသွားခြင်းမရှိဘဲ စိမ်းလန်းစိုပြည်ကာ အသက်စွမ်းအားများဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။
သူသည် အလံကို လက်ထဲတွင်ကိုင်ထားရင်း လန်ယီကိုကြည့်ကာ ခါးသီးစွာပြုံးပြလိုက်သည်။
“ဒါက... ဒီလိုဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
လန်ယီက ပြုံးပြလိုက်သည်။ သူမ၏လှပသောမျက်နှာတွင် စိတ်ပျက်သည့်အရိပ်အယောင် အနည်းငယ်မျှပင်မရှိချေ။
“ရပါတယ်... အလံက အရိုးပုံစံတွေကို သူ့ဘာသာပေးအပ်တာက အမြင့်ဆုံးသောအသိအမှတ်ပြုမှုပဲ။ ဒါက စုန်းမျိုးနွယ်မှာတောင် တစ်ခါမှမဖြစ်ဖူးဘူး”
“ဂိုဏ်းချုပ်ရဲ့လက်ထဲမှာဆိုရင် ကျွန်မလက်ထဲမှာထက် ပိုပြီးကြီးမားတဲ့ အကျိုးကျေးဇူးကိုပေးနိုင်မှာပါ”