← Chapters

မျိုးနွယ်စုခေါင်းဆောင်

Vol. 18 Ch. 173

မျိုးနွယ်စုခေါင်းဆောင်

Vol. 18 Ch. 173

“မင်း ငါ့ကိုလှောင်နေတာတော့ မဟုတ်ပါဘူးနော်”

ကျန်းချန်သည် လန်ယီအတွက် အရိုးချေဖျက်အလံအပေါ်ထားရှိသော စွဲလမ်းမှုနှင့် ဂရုစိုက်မှုကို ကောင်းစွာသိရှိထား၏။ ၎င်းမှာ သူမနှလုံးသားထဲရှိ ယုံကြည်မှု၏ပြယုဒ်တစ်ခုပင်။

“မဟုတ်ပါဘူး”

လန်ယီသည် ပြုံးလျက်ခေါင်းခါပြလိုက်ပြီးနောက် သဘာဝကျကျပင် သူ၏လက်မောင်းကို ချိတ်လိုက်သည်။

“ကျွန်မ အခုလောက်အထိ တစ်ခါမှမပျော်ဖူးသေးဘူး”

သူမ၏ဦးခေါင်းသည် သူ၏ကျယ်ပြန့်သောပခုံးပေါ်သို့မှီနေပြီး ကျန်းချန်မှာ သူမ၏ဆံနွယ်များထံမှ သင်းပျံ့သောရနံ့ကို ရရှိနေသဖြင့် လန်းဆန်းမှုကိုခံစားနေရသည်။

အိုး... ဒါကဘာတွေဖြစ်နေတာလဲ...

ငါက ဒီမှော်လက်နက်ရဲ့ အသိအမှတ်ပြုမှုကိုရခဲ့လို့ မင်းကငါ့ရင်ခွင်ထဲ အတင်းတိုးဝင်လာတာလား...

သူ့ရင်ခွင်ထဲရှိ အလှလေး၏နွေးထွေးမှုကိုခံစားမိသောအခါ အစ်ကိုကြီးချန်မှာ အာရုံအနည်းငယ် လွင့်ပျံ့သွား၏။ သို့သော် မကြာမီမှာပင် ပို၍နက်ရှိုင်းသောစဉ်းစားမှုများထဲသို့ ရောက်ရှိသွားတော့သည်။

သူမက ငါ့ကို လူတစ်ယောက်အနေနဲ့ တကယ်ပဲသဘောကျတာလား...

ဒါမှမဟုတ် မှော်လက်နက်ကိုသဘောကျလို့ ငါ့ကိုအပိုဆုတစ်ခုအနေနဲ့ ဆက်ဆံနေတာလား...

ထားလိုက်ပါတော့... ဒါတွေက အရေးမကြီးပါဘူး၊ သူမက ချောနေဖို့ပဲ လိုတာပါ။

လူအားလုံးတိတ်ဆိတ်ငြိမ်သက်နေပြီး ထိုကလူကျီစယ်နေသောစုံတွဲကို တိတ်တဆိတ်ကြည့်နေကြသည်။ တစ်ဦးမှာ ကောင်းကင်ဘုံထက်ပင်ကျော်လွန်သောရုပ်ရည်ရှိပြီး အခြားတစ်ဦးမှာလည်း နတ်သမီးလေးကဲ့သို့လှပလွန်း၏။ မည်သူမျှ မနှောင့်ယှက်ရဲလောက်အောင် လိုက်ဖက်ညီလှသော စုံတွဲတစ်တွဲပင်...

မဟုတ်သေးပါဘူး...

ကျိလင်းဟန်၊ လင်းနင်နှင့် အခြားသော အမျိုးသမီးတပည့်များအားလုံးမှာ ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ ဤလန်ယီမှာ အဆင့်အတန်းမြင့်လွန်း၏။

ဂိုဏ်းချုပ်က ငြင်းဆိုရန်ခက်ခဲတတ်သည်ကိုသိသဖြင့် အတင်းအကျပ်ပုံအပ်နေခြင်းပေလော။ သူမက တိတ်တဆိတ် ဦးဆောင်သွားလေပြီ။ လွန်လွန်းလှသည်။

“ဟင်း... ဒီမှာက သိပ်မအေးဘူးထင်တယ်”

“ဟုတ်တယ်... နွေးထွေးဖို့အတွက် ဖက်ထားစရာမလိုပါဘူး”

“ကျွန်မမှာ ဂိုဏ်းချုပ်ကိုမေးဖို့စောင့်နေတဲ့ ကျင့်ကြံခြင်းဆိုင်ရာမေးခွန်းတွေ အများကြီးရှိသေးတယ်”

ဖေးရှန်ဂိုဏ်းမှ အမျိုးသမီးတပည့်များက တစ်ယောက်တစ်ပေါက်ပြောဆိုလာကြသဖြင့် ထိုနှစ်ဦးမှာ ခွဲခွာလိုက်ရတော့သည်။ ကျန်းချန်က သူတို့ကိုစူးစူးဝါးဝါးစိုက်ကြည့်လိုက်၏၊ မင်းတို့က နည်းနည်းလောက်တောင် အကဲမခတ်တတ်ကြဘူးလား။ အခြေအနေကို မမြင်ကြဘူးလား။

“ဂိုဏ်းချုပ်ကျန်း အရိုးချေဖျက်အလံရဲ့ အရှင်သခင်ဖြစ်လာတာကို ဂုဏ်ယူပါတယ်”

ချင်းစော့ကဦးဆောင်ကာ နှလုံးသားဌာနမှလူများနှင့်အတူ လျှောက်လာသည်။

“အခုကစပြီး စုန်းမျိုးနွယ်က ဆက်လက်ရှင်သန်နိုင်တော့မယ်”

“ဂိုဏ်းချုပ်ကျန်းရှိနေရင် စုန်းမျိုးနွယ်က အနှေးနဲ့အမြန် ကျွန်မတို့နှလုံးသားဌာနထက်တောင် ပိုပြီးအင်အားတောင့်တင်းလာမှာပါ”

သူတို့က ရိုးသားစွာဂုဏ်ပြုနေကြသော်လည်း ကျန်းချန်မှာ တစ်ခုခုမှားနေသည်ဟု ခံစားနေရသည်။

“ဘာတွေပြောနေတာလဲ”

“ငါက ဘယ်တုန်းက စုန်းမျိုးနွယ်ဝင်ဖြစ်သွားလို့လဲ”

လန်ယီက ပြုံးလျက်ရှင်းပြလိုက်သည်။

“ကျွန်မတို့စုန်းမျိုးနွယ်မှာ အရိုးချေဖျက်အလံကိုထိန်းချုပ်နိုင်သူက မျိုးနွယ်စုခေါင်းဆောင်ပါပဲ”

“ဒါကြောင့် အခုကစပြီး ရှင်က ကျွန်မတို့မျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင်အသစ် ဖြစ်သွားပါပြီ”

“လန်ယီက မျိုးနွယ်စုခေါင်းဆောင်ကို ဂါရဝပြုပါတယ်”

သူမက ယဉ်ကျေးစွာဦးညွှတ်လိုက်ရာ အစ်ကိုကြီးချန်မှာ ခေါင်းပင်မူးသွားရသည်။

ဘာ... ငါက ဘာကြောင့်မှန်းမသိဘဲ စုန်းမျိုးနွယ်ရဲ့ခေါင်းဆောင်ဖြစ်သွားတာလား...

မဟုတ်သေးဘူး... ဒါကို သဘောမတူနိုင်ဘူး...

သူသည် သေးငယ်သော ဖေးရှန်ဂိုဏ်းအတွက်ပင် အလုပ်မလုပ်ချင်သောဂိုဏ်းချုပ်မျိုးဖြစ်သည်။ သာမန်ကိစ္စအရပ်ရပ်ကို ကျိလင်းဟန်၊ လော့ယွမ်နှင့် အခြားသူများထံလွှဲအပ်ထားခဲ့သူပင်။ သိကြသည့်အတိုင်း သူသည် ရှုပ်ထွေးသောကိစ္စများကို အလွန်မုန်းတီးသူဖြစ်သည်။

စုန်းမျိုးနွယ်သည် အင်မော်တယ်အကြွင်းအကျန်မျိုးနွယ်စု၏ မျိုးနွယ်စု ၉ ခုအနက် တစ်ခုဖြစ်ပြီး နှစ်ပေါင်းများစွာလက်ဆင့်ကမ်းလာခဲ့ရာ မည်သို့သောတာဝန်များနှင့် ရည်မှန်းချက်များရှိနေမည်ကို မည်သူသိနိုင်မည်နည်း။ ဥပမာအားဖြင့် အဖွဲ့အစည်းကို သာယာဝပြောအောင် ဦးဆောင်ရခြင်းမျိုးပေါ့။

“ဒါဆိုရင် အရိုးချေဖျက်အလံကို မင်းကိုပဲပြန်ပေးမယ်”

သူသည် အလွန်ရက်ရောစွာပေးအပ်သော်လည်း အရိုးချေဖျက်အလံကို အလွန်အလေးထားသောလန်ယီမှာ ယခုတစ်ကြိမ်တွင်ရှောင်တိမ်းလိုက်ပြီး လုံးဝလက်မခံတော့ပေ။

“ရှင်က အရိုးချေဖျက်အလံကိုယ်တိုင်ရွေးချယ်ထားတဲ့ အရှင်သခင်ပါ၊ ကျွန်မအနေနဲ့ ကောင်းကင်ဘုံရဲ့အလိုတော်ကို မဆန့်ကျင်ရဲပါဘူး”

ချင်းစော့နှင့် အခြားသူများကလည်း ထောက်ခံကြသည်။

“ဟုတ်ပါတယ်... ဂိုဏ်းချုပ်ကျန်း၊ ကောင်းကင်ဘုံရဲ့အလိုတော်ကို ဖောက်ဖျက်လို့မရပါဘူး”

“ရှင်က စုန်းမျိုးနွယ်ရဲ့ခေါင်းဆောင်ဖြစ်ဖို့ ကောင်းကင်ကသတ်မှတ်ပေးလိုက်တာပါ”

ကျန်းချန်က လက်ကိုအဆက်မပြတ်ဝှေ့ယမ်းလိုက်သည်။

“ဘာကောင်းကင်အလိုတော်လဲ... ဒါက တိုက်ဆိုင်မှုတစ်ခုသက်သက်ပါ”

“ဒါက တိုက်ဆိုင်မှုမဟုတ်ပါဘူး”

လန်ယီသည် ယခုအခါ စိတ်ကြည်လင်နေသည်။

“ကျွန်မတို့ မျိုးနွယ်စုရဲ့ နှစ်သန်းပေါင်းများစွာအတွင်းမှာ မျိုးနွယ်စုဝင်တွေ မတော်တဆ အပြင်လောကကို ရောက်သွားတာမျိုးတွေ မရှိဘူးမဟုတ်ဘူး။ ရှင်က အဲ့ဒီမျိုးနွယ်စုဝင်တွေရဲ့ နောက်မျိုးဆက်လည်း ဖြစ်နိုင်တာပဲ။ မဟုတ်ရင် ရှင်က ဘယ်လိုလုပ် နတ်ဘုရားအဆင့် စုန်းမျိုးစေ့ကို ပိုင်ဆိုင်နိုင်မှာလဲ”

“ပြီးတော့ ရှင့်နဲ့ကျွန်မက လူပင်လယ်ကြီးထဲမှာ အမှတ်မထင်ဆုံတွေ့ခဲ့ကြတာက ကောင်းကင်ဘုံရဲ့လမ်းညွှန်မှုကြောင့်ဖြစ်ရမယ်”

ကျန်းချန်မှာ သူမကြောင့် ရူးချင်ချင်ဖြစ်သွား၏။

မိန်းကလေး... မင်းက ဒီလောက်တောင်အယူသီးဖို့ လိုလို့လား...

ငါတို့ကကျင့်ကြံသူတွေဆိုပေမဲ့ သိပ္ပံပညာကိုလည်းယုံကြည်သင့်တာပေါ့...

ငါ့ရဲ့နတ်ဘုရားအဆင့်စုန်းမျိုးစေ့က ကံစမ်းမဲနှိုက်လို့ရထားတာပါ၊ စုန်းမျိုးနွယ်နဲ့ ဘာမှမဆိုင်ဘူး...

သူ၏စိုးရိမ်မှုကိုမြင်ပုံရသဖြင့် လန်ယီက ထပ်မံပြောကြားလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင်... ရှင်စိုးရိမ်မနေပါနဲ့၊ အခုစုန်းမျိုးနွယ်မှာ ကျွန်မတို့နှစ်ယောက်ပဲရှိတာပါ။ ရှင့်ရဲ့ကျင့်ကြံမှုကိုထိခိုက်စေမယ့် ရှုပ်ထွေးတဲ့ကိစ္စတွေ ဘာမှမရှိပါဘူး”

ထိုစကားကြောင့် အစ်ကိုကြီးချန်မှာ အနည်းငယ် စိတ်သက်သာရာရသွားသည်။ သေချာစဉ်းစားကြည့်လျှင် လူနှစ်ယောက်တည်းရှိသော မျိုးနွယ်စုက ဘာများလုပ်နိုင်မည်နည်း။

မိန်းကလေး... မင်းခေါ်ဝေါ်ပုံပြောင်းသွားတာက မြန်လှချည်လား...

“ငါ စဉ်းစားဦးမယ်...”

“မစဉ်းစားပါနဲ့တော့... ကျွန်မက မျိုးနွယ်စုခေါင်းဆောင်ဆီကနေ ကောင်းကင်ဝိညာဉ်စုန်းကျမ်းစာထဲက မှော်ပညာတွေကိုသင်ယူဖို့စောင့်နေတာပါ”

ကျန်းချန်မှာ သွေးအန်ချင်စိတ်ပင်ပေါက်သွားရသည်။ သူသည် ဖေးရှန်ဂိုဏ်းမှတပည့်များကိုပင် တစ်ခါမျှလမ်းညွှန်မပြဖူးသေးဘဲ သူမကို မှော်ပညာသင်ပေးရဦးမည်လော။

“ငါထင်တာတော့ ဒါကိုမေ့လိုက်တာက ပိုကောင်းမယ်ထင်တယ်။ ငါ့ရဲ့ အခုလက်ရှိ တိုက်ခိုက်ရေးပညာတွေကတင် လုံလောက်နေပါပြီ”

“မရဘူး”

လန်ယီ၏လှပသောမျက်နှာလေးမှာ တည်ကြည်သွားသည်။

“ရှင်က မျိုးနွယ်စုခေါင်းဆောင်ပဲ၊ မြေကမ္ဘာဝိညာဉ်စုန်းကျမ်းစာကို မသင်ယူလို့ဘယ်ဖြစ်မလဲ”

ငါက မျိုးနွယ်စုခေါင်းဆောင် မလုပ်ချင်ပါဘူးဆိုတာကို မင်းပဲ အတင်းခိုင်းခဲ့တာ မဟုတ်ဘူးလား။ ငါက မတတ်သာလို့ လက်ခံလိုက်ရတာပါ၊ အခုတော့ မသင်မနေရဖြစ်နေပြီ။

“အား... ငါ သတိရပြီ။ ဂိုဏ်းမှာ ကိုင်တွယ်ရမယ့် အရေးကြီးတဲ့ကိစ္စတွေရှိနေသေးတယ်”

သူသည် ရုတ်တရက်ခေါင်းကိုပုတ်ကာ တံခါးဆီသို့ အရှိန်အဟုန်ဖြင့် လျှောက်သွားတော့သည်။

“ရှင့်မှာ ဘာအရေးကြီးတဲ့ကိစ္စတွေရှိနိုင်မှာလဲ”

လန်ယီက တံခါးကိုပိတ်ဆို့ထား၏။ သူမသည် သူနှင့် အတန်ကြာရှိနေခဲ့သူဖြစ်ရာ ဂိုဏ်းအရေးကိစ္စများကို တစ်ခါမျှမေးမြန်းခြင်းမရှိသည်ကို သိရှိထားသည်။

“မြေကမ္ဘာဝိညာဉ်စုန်းကျမ်းစာကိုကျင့်ကြံဖို့ကသာ အရေးအကြီးဆုံးပဲ”

မင်းကမျိုးနွယ်စုခေါင်းဆောင်လား၊ ဒါမှမဟုတ် ငါကမျိုးနွယ်စုခေါင်းဆောင်လား...

ငါကခေါင်းဆောင်ဖြစ်ပြီး ဘာဖြစ်လို့ လွတ်လပ်ခွင့်မရှိသလို ခံစားနေရတာလဲ...

ဂိုဏ်းချုပ်ကျန်း၏ဦးနှောက်က လျင်မြန်စွာလည်ပတ်သွားပြီး ခိုင်လုံသောအကြောင်းပြချက်တစ်ခု ရှာတွေ့သွားသည်။

“ငါ တပည့်အသစ်တွေခေါ်ချင်လို့”

“ဟုတ်တယ်... အမှန်ပဲ၊ ငါတို့ ဖေးရှန်ဂိုဏ်းက အခုဝိညာဉ်တစ်ထောင်နယ်မြေရဲ့ နံပါတ်တစ်ဂိုဏ်းဖြစ်နေပြီလေ။ ဒီလူအနည်းငယ်လောက်နဲ့ကတော့ ဂုဏ်သိက္ခာမရှိဘူး၊ အဲ့ဒါကြောင့် တပည့်အသစ်တွေထပ်ခေါ်ရမယ်”

လန်ယီမှာ ၎င်းသည် ယာယီအကြောင်းပြချက်မှန်း တစ်ချက်ကြည့်ရုံနှင့်သိသဖြင့် မျက်စောင်းထိုးလိုက်မိသည်။ သို့သော် သူမအနေဖြင့် သူ့ကိုတားဆီး၍မရပေ၊ အဆုံးမှာတော့ ဤနေရာသည် ဖေးရှန်ဂိုဏ်းမဟုတ်ပါလား။

ကျန်းချန်သည် နောက်ဆုံးတွင် စိတ်သက်သာရာရသွားပြီး ပင်မတောင်ထိပ်ရှိ ခန်းမဆောင်သို့ အပြေးအလွှားသွားရောက်ကာ တပည့်အားလုံးကိုဆင့်ခေါ်လိုက်သည်။

“ဂိုဏ်းချုပ်... နောက်ဆုံးတော့ထွက်လာနိုင်ပြီပေါ့”

“ကျွန်တော်ထင်နေတာက ပြီးခဲ့တဲ့နှစ်ရက်လုံးအကျဉ်းကျနေပြီး အပြင်ထွက်မကစားရဘူးလို့လေ”

ကျိလင်းဟန်ကလည်း စိုးရိမ်တကြီး မေးမြန်းလာသည်။

“လန်ယီက တစ်ခုခုလုပ်လိုက်သေးလား”

ယင်ရွှယ်အာကမူ ပို၍ တိုက်ရိုက်ကျသည်။

“ဟုတ်တယ် ဂိုဏ်းချုပ်... အပျိုစင်ဘဝလေး ဆုံးရှုံးသွားပြီလား”

အစ်ကိုကြီးချန်က စိတ်ထဲမှကျိတ်၍တွေးလိုက်မိသည်မှာ 'ငါသာ တကယ် ဆုံးရှုံးလိုက်ရရင် ကောင်းမှာပဲ' ဟူ၍ဖြစ်သည်။ လန်ယီသည် အလွန်လှပသည်၊ ရုပ်ရည်ပိုင်းအရဆိုလျှင် အင်မော်တယ်လောကရှိနတ်သမီးများပင် သူမကိုယှဉ်နိုင်မည်မဟုတ်ပေ။

ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပုံမှန်ရှိသော အမျိုးသားတစ်ဦးအနေဖြင့် စိတ်မလှုပ်ရှားဘူးဟုဆိုလျှင် လိမ်ရာကျပေလိမ့်မည်။ ခက်သည်မှာ ထိုမိန်းကလေးသည် မှော်ပညာများအကြောင်းသာ ခေါင်းထဲအပြည့်ရှိနေပြီး ထိုသို့သောဆန္ဒမျိုး လုံးဝမရှိခြင်းပင်။

“ကဲ... တော်ကြတော့၊ အဓိပ္ပာယ်မရှိတာတွေ ပြောမနေကြနဲ့။ မင်းတို့ကို ဒီတစ်ခါ ခေါ်တာက တပည့်အသစ်တွေလက်ခံဖို့အတွက်ပဲ”

All Chapters