မကြုံစဖူး လူသစ်စုဆောင်းခြင်း
Vol. 18 Ch. 174
“လူသစ်စုဆောင်းမယ် ဟုတ်လား”
တပည့်များသည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြပြီး ဒါက မြန်လွန်းနေသလားဟု တွေးတောမိကြသည်။ နောက်ဆုံးအကြိမ် လူသစ်စုဆောင်းခဲ့သည်မှာ တစ်နှစ်ပင်မပြည့်သေးချေ။
“ဘာဖြစ်လို့လဲ မင်းတို့က မလုပ်ချင်ကြဘူးလား”
လော့ယွမ်က ချက်ချင်းပင် ပြုံးလျက်ပြောလိုက်သည်။
“မဟုတ်ပါဘူး ကျွန်တော်တို့ လုပ်ချင်ပါတယ်... ဒါထက်ပိုကောင်းတာ မရှိနိုင်တော့ပါဘူး”
ဖေးရှန်ဂိုဏ်းတွင် လူအင်အားအလွန်နည်းပါးလွန်းသဖြင့် ခြောက်ကပ်နေသလို ခံစားနေရသည်။ မကြာသေးမီက နှလုံးသားဌာနမှလူများ ရောက်ရှိလာခြင်းကြောင့် အရေအတွက်တိုးလာသော်လည်း သူတို့မှာ ဂိုဏ်းတူညီအစ်ကိုများ မဟုတ်ကြချေ။ ထို့အပြင် ပုံမှန်အားဖြင့်လည်း အလှမ်းဝေးကွာလှသဖြင့် ဆုံတွေ့ရခဲသည်။
“ဂိုဏ်းချုပ်”
ဝေမြောင်က မေးမြန်းလိုက်သည်။
“ဒီတစ်ခါ တပည့်အသစ်တွေက စတုတ္ထမျိုးဆက်တပည့်တွေဖြစ်မှာလား”
ကျန်းချန်က ခေါင်းညိတ်ပြလိုက်သည်။ ချက်ချင်းပင် ထိုလူငယ်မှာ စိတ်လှုပ်ရှားသွားတော့သည်။
“ဟားဟား ဂိုဏ်းထဲဝင်ပြီးသိပ်မကြာခင်မှာတင် တစ်စုံတစ်ယောက်ရဲ့ဆရာ ဖြစ်လာမယ်လို့ မထင်ထားမိဘူး”
အခြားသော တတိယမျိုးဆက်တပည့်များကလည်း ဝမ်းသာအားရထောက်ခံကြသည်။
“ဟုတ်တယ် ဟုတ်တယ်... ကျွန်တော်လည်း ရုတ်တရက်ဆိုသလို မျှော်လင့်မိသွားပြီ”
“ငါပြောမယ်နော် ဒီတစ်ခါ ပါရမီအကောင်းဆုံးတပည့်ကတော့ ငါ့ရဲ့ ရှုယန်တောအုပ်ဆီကိုပဲ ရောက်လာရမယ်”
“ဖယ်စမ်းပါ အကောင်းဆုံးလူက စီနီယာအစ်မလင်းနင် ဆီကိုပဲ ရောက်သွားမှာပါ”
“ဟူး... နောက်ဆုံးတော့ ငါ့နားမှာအဖော်လုပ်ပေးမယ့် တပည့်တစ်ယောက် ရတော့မယ်”
တပည့်များ စိတ်အားထက်သန်နေသည်ကို မြင်သောအခါ ဂိုဏ်းချုပ်ကျန်းမှာ လူသစ်စုဆောင်းခြင်းကို စောစောစီးစီးလုပ်သင့်သည်ဟု တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ လူများလေ အမှတ်များလေပင်။
ရှန်ထိုက်ကလည်း ပြုံးလျက်ရှေ့သို့ထွက်လာသည်။
“ဂိုဏ်းချုပ် ဒီတစ်ခါ ဘယ်လိုပါရမီအဆင့်မျိုးကို ရှာဖွေမှာလဲ”
ချင်းချန်းက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
“အခု ငါတို့က ဝိညာဉ်တစ်ထောင်နယ်မြေမှာ အင်အားအကြီးဆုံးဂိုဏ်းဖြစ်နေပြီဆိုတော့ ပါရမီသတ်မှတ်ချက်ကိုလည်း မြှင့်တင်ရမှာပေါ့”
“မှန်တယ် အနည်းဆုံးတော့ အဓိကမြင့်မြတ်နယ်မြေတွေက နတ်ဘုရားသားတော်တွေနဲ့ နတ်သမီးတွေရဲ့ အဆင့်မျိုးဖြစ်သင့်တယ်”
ကျန်းချန်က နှုတ်ခမ်းကိုတွန့်လိုက်ရင်း ‘မင်းတို့ကတော့ တကယ်ကိုပြောရဲကြတာပဲ’ ဟု တွေးလိုက်မိသည်။ ဒီဂိုဏ်းချုပ်ကသာ မင်းတို့ရဲ့ပါရမီကို နှစ်ဆင့်စီမြှင့်မပေးခဲ့ဘူးဆိုလျှင် မင်းတို့ထဲက လင်းနင်နှင့် ကျိလင်းဟန်သာ နတ်ဘုရားသားတော်အဆင့်ကို မှီပေလိမ့်မည်။
“ဒီတစ်ခါ လူသစ်စုဆောင်းတာက ပါရမီအပေါ်မှာ ကန့်သတ်ထားမှာမဟုတ်ဘူး”
တစ်ဝန်းလုံးတိတ်ဆိတ်သွားပြီး အမြဲတမ်းအကဲခတ်ကောင်းသော ကျိလင်းဟန်ပင်လျှင် ဇဝေဇဝါဖြစ်သွား၏။
“ပါရမီအပေါ်မကန့်သတ်ဘူးဆိုလျှင် လူတွေကိုရွေးချယ်ဖို့ ဘာစံနှုန်းကိုသုံးမှာလဲ”
လော့ယွမ်ကလည်း ပြောလိုက်သည်။
“ပါရမီကိုမကန့်သတ်ဘူးဆိုလျှင် ဖေးရှန်ဂိုဏ်းမှာ လူတွေအလွန်များသွားလိမ့်မယ်”
ကျန်းချန်က လက်ကိုဝှေ့ယမ်းလိုက်သည်။
“ပါရမီကို မကန့်သတ်ရုံတင်မကဘူး နောက်ခံနဲ့ကျင့်ကြံမှုအဆင့်ကိုလည်း မကန့်သတ်ဘူး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ပဲဖြစ်ဖြစ် အရှင်မြတ်အဆင့်ပဲဖြစ်ဖြစ် ဘယ်သူမဆို စာရင်းပေးသွင်းနိုင်တယ်”
အရှင်မြတ်အဆင့်ဆိုသည်မှာ စကားအဖြစ်သာ ပြောခြင်းဖြစ်၏။ ထိုအဆင့်ရှိ ကျွမ်းကျင်သူများမှာ ဂိုဏ်းအသီးသီးရှိပြီးသား ဖြစ်သည်။
သူက ပါရမီကိုမကန့်သတ်ရခြင်းမှာ ပါရမီကအရေးမကြီး၍မဟုတ်။ အကြောင်းမှာ သူက ပါရမီကို မြှင့်တင်ပေးနိုင်သောကြောင့်ပင်။
အမှိုက်တစ်ယောက် ဖြစ်နေလျှင်ပင် သူတို့၏ခေါင်းကို ရက်အနည်းငယ်ခန့်ပုတ်ပေးရုံနှင့် တတိယတန်းစား သို့မဟုတ် ဒုတိယတန်းစား ပါရမီရှင်များအဖြစ် ပြောင်းလဲပေးနိုင်ပေသည်။
အဓိက လိုအပ်ချက်မှာ အမှတ်များရှိနေရန်သာ။ တတိယတန်းစားအထိမြှင့်တင်ပေးရန်မှာ အမှတ်များစွာကုန်ကျခြင်းမရှိ။ ယခုအခါ အမှတ်ပေါင်းဘီလီယံနှင့်ချီ၍ရှိနေသော ကျန်းချန်အတွက်မူ ၎င်းမှာ သမုဒ္ဒရာထဲမှရေတစ်ပေါက်ကဲ့သို့သာ ဖြစ်သည်။
ဤလောကတွင် ပါရမီသတ်မှတ်ချက်ကိုလျစ်လျူရှုနိုင်သော တစ်ခုတည်းသောဂိုဏ်းမှာ သူ၏ဖေးရှန်ဂိုဏ်းပင်။ မိုချန်က အင်မော်တယ်လောကအခြေအနေကို ရှင်းပြစဉ်က အောက်လောကမှတက်လှမ်းလာသော ကျင့်ကြံသူများသည် ကြီးကျယ်သောအောင်မြင်မှုများကို ရရှိတတ်ကြသည်ဟု ပြောဖူးသည်။
အကြောင်းမှာ ပါရမီအပြင် အောက်လောကမှ တက်လှမ်းလာသူများသည် နားလည်သဘောပေါက်မှု၊ စရိုက်လက္ခဏာ၊ စိတ်ဆန္ဒ၊ ဗျူဟာ၊ နည်းလမ်းနှင့် ကံတရားတို့တွင် ထူးချွန်ကြသောကြောင့်ပင်။
ယခုလည်း ကျန်းချန်သည် ထိုသို့သော ထူးချွန်ထက်မြက်သည့်လူစုကို ရွေးချယ်လိုခြင်းဖြစ်သည်။ အရှင်မြတ်အဆင့် တက်လှမ်းလာသူများသည် နယ်ပယ်တစ်ခု၏ခေါင်းဆောင်များ ဖြစ်နေပြီဖြစ်ရာ သူတို့ကိုစုဆောင်းရန်မဖြစ်နိုင်ပေ။
ထို့ကြောင့် သူသည် အလားအလာတူညီသော်လည်း ပါရမီကြောင့် အစွမ်းမပြနိုင်သေးသော အဆင့်နိမ့်ကျင့်ကြံသူများကိုသာ စုဆောင်းနိုင်သည်။ သူတို့၏ပါရမီကို မြှင့်တင်ပေးနိုင်သော်လည်း အခြားအခြေအနေများမှာမူ တစ်ဦးချင်းစီအပေါ်တွင်သာ မူတည်ပေလိမ့်မည်။
“ဒါဆိုရင် ဒီတစ်ခါ လူဘယ်နှစ်ယောက်လက်ခံမှာလဲ”
“တစ်ထောင်”
ရွှမ်ကျီရုပ်ပုံသည် နောက်ထပ်အပိုင်းအစ ၂၂ ခုကို ပေါင်းစပ်ပြီးနောက် ယခုအခါ လူပေါင်း ၁၂၄၅ ဦးကို လက်ခံနိုင်နေပြီဖြစ်ပြီး အချိန်စီးဆင်းမှုနှုန်းမှာလည်း အဆ ၈,၁၀၀ အထိ ရှိနေပြီဖြစ်သည်။
ဘာပြဿနာမှမရှိလျှင် ဖေးရှန်ဂိုဏ်းတပည့်အားလုံးကို ဤရုပ်ပုံဖြင့် အင်မော်တယ်နယ်မြေထဲသို့ တိုက်ရိုက်ခေါ်ဆောင်သွားနိုင်သည်။
သူသည် ထူးခြားသောနားလည်သဘောပေါက်မှု၊ ခိုင်မာသောစိတ်ဓာတ်၊ ပြင်းပြသောဇွဲလုံ့လနှင့် ထူးချွန်သောဗျူဟာမြောက်နည်းလမ်းများရှိသည့် လူတစ်စုကို စုစည်းနိုင်ခဲ့လျှင်... ပြီးနောက် သူတို့၏ပါရမီကို မြှင့်တင်ပေးလိုက်မည်ဆိုလျှင်... ၎င်းမှာ အင်မော်တယ်လောကတွင် လူသစ်စုဆောင်းခြင်းထက် ပို၍တွက်ခြေကိုက်ပေလိမ့်မည်။
လွန်ခဲ့သောရက်အနည်းငယ်အတွင်း ဝိညာဉ်တစ်ထောင်နယ်မြေတွင် ဖေးရှန်ဂိုဏ်းအကြောင်းမှာ အလွန်အမင်းရေပန်းစားနေခဲ့သည်။ မူလက လူတိုင်းထင်ထားသည်မှာ ဖေးရှန်ဂိုဏ်းသည် ဝိုင်းရံခံထားရပြီး ပျက်စီးတော့မည်ဟူ၍...
သို့သော် အဆုံးသတ်တွင် အရှင်မြတ်ပိဖုန်းအသတ်ခံလိုက်ရကာ နတ်ဆိုးဘုရင်ကအညံ့ခံခဲ့ပြီး မြင့်မြတ်နယ်မြေ ၇ ခုလုံးမှာလည်း လက်အောက်ခံများဖြစ်သွားလေ၏။ ဤအဆုံးသတ်မှာ လူပေါင်းများစွာကို ရက်အတန်ကြာအောင်တုန်လှုပ်စေခဲ့သည်။
ဖေးရှန်ဂိုဏ်းသည် ယခုအခါ ဝိညာဉ်တစ်ထောင်နယ်မြေတွင် ငြင်းချက်ထုတ်၍မရသော နံပါတ်တစ် အင်အားကြီးအဖွဲ့အစည်းဖြစ်လာခဲ့ပြီး ကျန်းချန်၏အမည်မှာလည်း ထပ်တလဲလဲ ပြောဆိုခြင်းခံနေရသည်။
ဂိုဏ်းချုပ်ကျန်းက ဝိညာဉ်တစ်ထောင်နယ်မြေကို လွှမ်းမိုးထားနိုင်ပြီဆိုတော့ အနှိုင်းမဲ့ကြီးကျယ်တဲ့ဖြစ်ရပ်ပဲ... ဒါကိုဂုဏ်ပြုဖို့ အခမ်းအနားကြီးတစ်ခုမကျင်းပသင့်ဘူးလား...
လူတိုင်းမှာ လည်ပင်းရှည်အောင် စောင့်နေကြရသဖြင့် ခေါင်းမွှေးပင်ဖြူကုန်တော့မည်။ သူတို့မှာ ကျန်းချန်၏ အမိန့်ကိုသာစောင့်နေကြပြီး အမိန့်ရသည်နှင့် စားသောက်ပွဲသို့ အပြေးအလွှားလာကြတော့မည်ဖြစ်သည်။ ဖေးရှန်ဂိုဏ်း၏ ဂုဏ်ပြုအခမ်းအနား သတိပေးချက်ကိုမရရှိခဲ့သော်လည်း ပို၍အရေးကြီးသော အခြားသတင်းစကားတစ်ခုကို ရရှိခဲ့ကြလေ၏။
ဖေးရှန်ဂိုဏ်းက တပည့်အသစ်တွေ စုဆောင်းတော့မည်။ ကျင့်ကြံမှုအဆင့်မကန့်သတ်၊ နောက်ခံမကန့်သတ်၊ ပါရမီမကန့်သတ်...
ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ရှိသူပင် စာရင်းပေးသွင်းနိုင်သည်ဟုဆိုနိုင်သည်။ သို့သော် နောက်ဆုံးလက်ခံမည့်အရေအတွက်မှာ တစ်ထောင်သာ။
ဤသတင်းကိုကြားရသောအခါ လူတိုင်းက အတုဖြစ်သည်ဟု အပြင်းအထန်သံသယဝင်ခဲ့ကြသည်။ အတိတ်ကာလက မြင့်မြတ်နယ်မြေကြီးကိုးခုသည် လူစုဆောင်းလျှင် အရိုးတည်ဆောက်ပုံနှင့် ပါရမီသတ်မှတ်ချက်မှာ အလွန်ပင် တင်းကျပ်လှသည်။
ဖေးရှန်ဂိုဏ်းသည် ထိုမြင့်မြတ်နယ်မြေများထက်ပင် ပို၍အစွမ်းထက်သောအင်အားစုဖြစ်သည်။
ကျင့်ကြံမှုနှင့် ပါရမီကိုမကြည့်ဘဲ လူစုဆောင်းမယ်ဆိုပါလား...
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...
သို့သော် ဤသတင်းမှာ တစ်ဆင့်ပြီးတစ်ဆင့်ထွက်ပေါ်လာခဲ့သည်။ ကျန်းချန်၏အမိန့်အရ ဝိညာဉ်တစ်ထောင်နယ်မြေရှိ အဓိကမြင့်မြတ်နယ်မြေများ၊ သူတို့၏လက်အောက်ခံဂိုဏ်းကြီးများနှင့် အင်ပါယာမင်းဆက်များအားလုံးသည် ဤသတင်းစကားကို မိမိတို့၏နယ်မြေအသီးသီးသို့ ပေးပို့ခဲ့ကြသည်။
ဤစစ်ဆေးမှု၏ ပထမအကျော့မှာ အကြိုရွေးချယ်မှုဖြစ်သည်။ ဖေးရှန်ဂိုဏ်းသို့သွားရန်မလိုသေးပေ... ဝိညာဉ်တစ်ထောင်နယ်မြေသည် အလွန်ကျယ်ပြောလှ၏။ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ရှိသူသာဖြစ်ပါက သူတို့တစ်သက်လုံးသွားလျှင်ပင် ရောက်နိုင်မည်မဟုတ်။
ကျန်းချန်သည် စနစ်၏ကိရိယာများကို ကိုယ်တိုင်အသုံးပြုကာ မိနစ်ပိုင်းအတွင်း စစ်ဆေးရေးဝင်္ကပါပြား အခုတစ်ထောင်ကို ပြုလုပ်လိုက်သည်။ ဤသို့သောဝင်္ကပါပြားမျိုးက အဆင့်မမြင့်လှသဖြင့် အခုတစ်ထောင်လုံးအတွက် အမှတ်ပေါင်းသောင်းဂဏန်းခန့်သာ ကုန်ကျသည်။
ဝင်္ကပါချပ်ပြားများကို သူ၏လက်အောက်ခံများနှင့် နှလုံးသားဌာနမှကျွမ်းကျင်သူများထံ လွှဲအပ်လိုက်ပြီးနောက် သူတို့က ဝိညာဉ်တစ်ထောင်နယ်မြေ၏ထောင့်တိုင်းသို့ ယူဆောင်သွားကြသည်။ ဝင်္ကပါပြားတစ်ခုချင်းစီကို အမျိုးအစားငါးမျိုးခွဲခြားထားပြီး နားလည်သဘောပေါက်မှု၊ ဉာဏ်ပညာ၊ စရိုက်လက္ခဏာ၊ စိတ်ဆန္ဒနှင့် ကံတရားတို့ကို စစ်ဆေးမည်ဖြစ်သည်။
ကံတရားကို အထင်မသေးပါနှင့်။ ၎င်းသည် ကျင့်ကြံခြင်းလောကတွင် လူတစ်ယောက်၏ ကံကြမ္မာကောင်းကို ကိုယ်စားပြုလေ့ရှိသည်။
ဝင်္ကပါတစ်ခုချင်းစီတွင် လူတစ်ထောင် တစ်ပြိုင်တည်းဝင်ရောက်နိုင်သည်။ စစ်ဆေးရေးစခန်း တစ်ထောင်အနက် တစ်ခုချင်းစီတွင် အမှတ်အများဆုံး ရရှိသူ ၁၀၀ မှာ အကြိုရွေးချယ်မှုအောင်မြင်မည်။ ဤလူတစ်သိန်းကို ဖေးရှန်ဂိုဏ်းသို့ ခေါ်ဆောင်လာပြီး နောက်ဆုံး စစ်ဆေးမှုများပြုလုပ်ကာ နောက်ဆုံးတပည့်တစ်ထောင်ကို သတ်မှတ်မည်ဖြစ်သည်။
စစ်ဆေးမှုတွင်ပါဝင်သူအားလုံးကို ဒေသခံဂိုဏ်းများနှင့် အင်ပါယာမင်းဆက်များက အဟန့်အတားမပြုရဘဲ အပြည့်အဝပူးပေါင်းဆောင်ရွက်ရမည်။ သတင်းကိုအတည်ပြုပြီးနောက် ဝိညာဉ်တစ်ထောင်နယ်မြေတစ်ခုလုံးရှိ ကျင့်ကြံခြင်းလောကတွင်ရော သာမန်လောကတွင်ပါ ပွက်လောရိုက်သွားတော့သည်။
မရေမတွက်နိုင်သောလူများမှာ စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေကြကာ စစ်ဆေးရေးစခန်းများဆီသို့ စုရုံးရောက်ရှိလာကြသည်။ ဤကြီးကျယ်သော အခမ်းအနားကြီးကို အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းခြင်းဟုပင် တင်စားနိုင်ပေသည်။
ကျန်းချန်သည် သူ၏ကျော်ကြားမှုနှင့် ဖေးရှန်ဂိုဏ်း၏အရှိန်အဝါကို လျှော့တွက်ထားခဲ့မိသည်။ စစ်ဆေးရေးစခန်းတစ်ထောင်အနက် တစ်ခုချင်းစီတွင် စာရင်းပေးသွင်းသော ကျင့်ကြံသူပေါင်း သန်းနှင့်ချီ၍ရှိနေ၏။ စနစ်တကျရှိစေရန်အတွက် ဒေသခံအင်ပါယာမင်းဆက်များနှင့် ဂိုဏ်းများမှ လူအင်အားသုံး၍ ထိန်းသိမ်းခဲ့ရသည်။
ဤလောကသည် ကျင့်ကြံခြင်းလောကဖြစ်နေ၍သာ... သာမန်လူများ၏လောကသာဖြစ်မည်ဆိုလျှင် ငတ်မွတ်ခေါင်းပါးမှုများနှင့် လူအုပ်ပိပြီးသေဆုံးမှုများစွာ ဖြစ်လာနိုင်၏။ ဖေးရှန်ဂိုဏ်း၏ ကြီးကျယ်သောလူသစ်စုဆောင်းရေးလှုပ်ရှားမှုမှာ ဤသို့စတင်ခဲ့တော့သည်။
လျှို့ဝှက်နယ်မြေထဲတွင်ရှိနေသော ဂိုဏ်းချုပ်ကျန်းသည် ဝိညာဉ်စွမ်းအားသုံးကိရိယာမှတစ်ဆင့်ပေးပို့လာသော စည်ကားလှသည့်မြင်ကွင်းများကိုကြည့်ကာ ချွေးများကိုသုတ်ရင်းတွေးလိုက်မိသည်။
ငါလုပ်လိုက်တာ နည်းနည်းများလွန်သွားသလား...
ပြီးခဲ့သည့်နှစ်ရက်အတွင်းမှာ လူတိုင်းက စားသောက်ပွဲနောက်တစ်ခုကျင်းပစေချင်နေသည့် အသံများကိုလည်းကြားခဲ့ရသေးသည်။
မူလကတော့ တောင်းဆိုချက်ကိုတုံ့ပြန်ပြီး တစ်ခါလောက်လုပ်ပေးဖို့ စီစဉ်ထားတာ...
အခုကြည့်ရတာတော့ ထားလိုက်ပါတော့ ငါ ဘယ်လိုလုပ် တတ်နိုင်မှာလဲ