ငါ့ကို ဆရာအဖြစ် လက်ခံဖို့ ဆန္ဒရှိသလား
Vol. 18 Ch. 176
အမှန်စင်စစ် သွမ့်ဟယ်သည် ဖေးရှန်ဂိုဏ်းသို့ဝင်ရောက်နိုင်လိမ့်မည်ဟု မျှော်လင့်ချက်သိပ်မထားခဲ့ပေ။ ဂိုဏ်းက ပါရမီအဆင့်အတန်းကိုကန့်သတ်မထားဟုဆိုသော်လည်း သူ၏ဝိညာဉ်ပင်လယ်မှာဖျက်ဆီးခံထားရပြီးဖြစ်ရာ လက်ရှိအခြေအနေမှာ အလွန်စိတ်ပျက်ဖွယ်ကောင်းနေ၏။ သို့သော်လည်း ဤသည်မှာ သူ၏တစ်ခုတည်းသောရှင်သန်ခွင့် အခွင့်အရေးဖြစ်နေလေပြီ။
လွန်ခဲ့သောသုံးရက်ပတ်လုံး သူသည် စာရင်းသွင်းရာနေရာအနီးတွင်သာ ခိုအောင်းနေခဲ့သည်။ အကြောင်းမှာ ဤနေရာသည် အလုံခြုံဆုံးနေရာဖြစ်သောကြောင့်ပင်။
ပိုင်မိသားစုခေါင်းဆောင်က သူ့ကို မည်မျှပင်နာကျည်းနေပါစေ၊ ဤနေရာတွင်မူ သူ့ကိုမထိရဲချေ။ သုံးရက်တာအတွင်း စစ်ဆေးမှုကျရှုံး၍ပြန်သွားကြရသော ကျင့်ကြံသူပေါင်းမြောက်မြားစွာကို သူတွေ့မြင်ခဲ့ရသည်။
ထိုအထဲတွင် ကောင်းကင်ကံကြမ္မာအဆင့်နှင့် ဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူအများအပြားပင်ပါဝင်နေ၏။ ဤစစ်ဆေးမှု၏ပြင်းထန်မှုမှာ စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေတော့သည်။
ယနေ့တွင် သူ့အလှည့်ရောက်ရှိလာခဲ့ပြီ။ ဝင်္ကပါကြီးအတွင်းမဝင်မီ ပိုင်မိသားစုခေါင်းဆောင်၏ နာကျည်းမှုအပြည့်နှင့် အေးစက်သောလှောင်ပြုံးမှာ သူ၏အာရုံတွင်ထင်ဟပ်နေဆဲပင်။
ဝင်္ကပါ၏ပထမအဆင့်တွင် သွမ့်ဟယ်သည် သူနှင့်အတူဝင်လာသော အခြားလူ ၉၉၉ ဦးကို မမြင်ရတော့ချေ။ ငရဲကဲ့သို့ ဓားတောင်၊ မီးပင်လယ် စမ်းသပ်မှုများကိုလည်း မတွေ့ရပေ။ သူ၏မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ စစ်တပ်တဲနန်းတစ်ခုပင်။
ပေါ့ပါးသောချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထားသည့် စစ်သည်ငယ်တစ်ဦးမှာ သူ့ထံသို့ပြေးလာရင်း အစီရင်ခံ၏။
“ဗိုလ်ချုပ်သွမ့်... လက်ယာဘက်စစ်ကြောင်းက ရန်သူ့ချုံခိုတိုက်ခိုက်တာကိုခံလိုက်ရလို့ အခြေအနေစိုးရိမ်နေရပါတယ်။ ဗိုလ်ချုပ်ရှီက အကူအညီတောင်းဖို့ လူလွှတ်လိုက်ပါတယ်”
၁။ ချက်ချင်းသွားရောက်ကူညီမည်။
၂။ ဗိုလ်ချုပ်ရှီနှင့် သင်သည် အမြဲတမ်း ဆက်ဆံရေးမပြေလည်သဖြင့် မကူညီဘဲနေမည်။
၃။ သွားရောက်ကူညီမည်၊ သို့သော် တမင်သက်သက်အချိန်ဆွဲမည်။
ရှေ့မှရွေးချယ်စရာသုံးခုကိုကြည့်ရင်း သွမ့်ဟယ်မှာအံ့အားသင့်သွား၏။
ဒါကဘာလဲ...
စစ်တပ်ကိုဦးဆောင်ပြီး တိုက်ခိုက်ခိုင်းနေတာလား...
သူသည် စစ်ဗျူဟာဝင်္ကပါပညာရပ်များအကြောင်း ဘာမှမသိချေ။ ယခုတော့ သူသေချာပေါက်ကျရှုံးတော့မည်ဟု တွေးလိုက်မိသည်။
သူသည် ရွေးချယ်စရာ ၁ ကိုသာ မဆင်မခြင်ရွေးချယ်လိုက်၏။
ချက်ချင်း သွားရောက်ကူညီမည်။
အခြေအနေ၏နောက်ခံကြောင်းကို သူဘာမှမသိသဖြင့် ထိုသို့သောမပြေလည်မှုများက မည်သို့ရှိသည်၊ အချိန်ဆွဲပါက အထက်လူကြီးများက မည်သို့တုံ့ပြန်မည်ကို သူမသိ။ ထို့အပြင် တစ်ဖက်လူသေဆုံးသွားသည်ကိုကြည့်နေပါက နောက်ထပ်ဝိုင်းရံခံရမည့်သူမှာ မိမိကိုယ်တိုင်ဖြစ်လာမလားဟူသည်ကိုလည်း သူမခန့်မှန်းနိုင်ချေ။
မြင်ကွင်းမှာ ရုတ်တရက်ပြောင်းလဲသွား၏။ တိုက်ပွဲအသေးစိတ်ကိုကွပ်ကဲရန်မလိုဘဲ ဝိုင်းရံမှုကိုအောင်မြင်စွာဖြိုခွဲနိုင်ခဲ့ကြောင်း တိုက်ရိုက်ပြသလိုက်သည်။
ထို့နောက် ဗိုလ်ချုပ်ရှီပေါ်လာပြီး ရွေးချယ်စရာအသစ်များ ထပ်ပေါ်လာပြန်သည်။ ဤသို့ဖြင့် သူသည် ဗိုလ်ချုပ်သွမ့်ဟူသောအခန်းကဏ္ဍတွင် တဖြည်းဖြည်းအသားကျလာတော့သည်။
ထို့နောက်တွင် သူသည် ရန်သူ့တိုက်ခိုက်မှုများကိုရင်ဆိုင်ရခြင်း၊ အထက်လူကြီးများ၏ ဖိနှိပ်မှုကိုခံရခြင်း၊ မိမိစစ်တပ်အတွင်း ပြဿနာများဖြစ်ပွားခြင်း၊ နန်းတွင်းအရာရှိများနှင့် မိန်းမစိုးများ၏ နှောင့်ယှက်မှုကိုခံရခြင်း၊ ဧကရာဇ်၏ အမြော်အမြင်မဲ့သောအမိန့်တော်များထွက်ပေါ်လာခြင်း စသည့်စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ရွေးချယ်မှုများစွာက သူ့ကို ဘဝ၏ အနိမ့်အမြင့်၊ အတက်အကျများကို ခံစားစေခဲ့သည်။ တစ်ခါတစ်ရံ ဂုဏ်သိက္ခာကြီးမားခဲ့သလို၊ တစ်ခါတစ်ရံတွင်လည်း အထီးကျန်ခဲ့ရသည်။ သို့သော် နောက်ဆုံးတိုက်ပွဲတွင်မူ သူရှုံးနိမ့်သွားခဲ့၏။
မြင်ကွင်းမှာပြတ်တောက်သွားတော့သည်။ သွမ့်ဟယ် အနည်းငယ်စိတ်ပျက်သွားမိ၏။ ဤရလဒ်အရ သူစစ်ဆေးမှုကျရှုံးကာ ဖယ်ထုတ်ခံရတော့မည်ဟု ယူဆလိုက်သည်။
သို့သော် ချက်ချင်းပင် ဝင်္ကပါအတွင်း၌ ပုံရိပ်ယောင်တစ်ခုပေါ်လာသည်။ ၎င်း၏ခွန်အားမှာ သူ၏လက်ရှိအဆင့်ဖြစ်သော ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ၉ အထွတ်အထိပ်နှင့် တူညီနေ၏။ စမ်းသပ်မှုမှာမပြီးသေးပေ။
ပုံရိပ်ယောင်က စတင်တိုက်ခိုက်လာရာ သူသည် ဓားတစ်ချက်ဖြင့်ပင် အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ရန်သူမှာ နှစ်ဦးဖြစ်လာသည်။ သူသည် ဆက်လက် တိုက်ခိုက်နေရ၏။ သူသည် ၉၅ ယောက်မြောက် ပုံရိပ်ယောင်အထိ တိုက်ခိုက်ပြီးနောက်တွင်မှ မောဟိုက်ကာလဲကျသွားတော့သည်။
ထိုအခါ ဝင်္ကပါမှာ ထပ်မံပြောင်းလဲသွားပြန်သည်။ ယခုတစ်ကြိမ်တွင် သူ၏ရှေ့၌ ထူးဆန်းသောမေးခွန်းတွဲများပေါ်လာ၏။ အဖြေများ မှန်၊ မမှန် သူကိုယ်တိုင်ပင်မသိသော်လည်း ထိုမေးခွန်းများကိုဖြေဆိုပြီးနောက်တွင် သူသည် စမ်းသပ်မှုအသစ်တစ်ခုသို့ ရောက်ရှိသွားပြန်သည်။
သွမ့်ဟယ် ဝင်္ကပါအတွင်းမှ ပြန်လည်ထွက်ပေါ်လာချိန်တွင် အချိန်အများကြီး မကုန်ဆုံးသေးပေ။ သူနှင့်အတူ ဝင်သွားသော အခြားလူ ၉၉၉ ဦးမှာ အစောကတည်းကထွက်သွားကြပြီဖြစ်ရာ သူက နောက်ဆုံးလူဖြစ်နေသည်။
ပြုံးရွှင်နေသောမျက်နှာနှင့် ချောမောသောလူငယ်တစ်ဦးသည် အဘိုးအိုနှစ်ဦးခြံရံလျက် လမ်းလျှောက်ထွက်လာ၏။ အပြင်သို့ ရောက်နှင့်နေသော လူ ၉၉၉ ဦးမှာ အားကျမှု၊ အံ့ဩဝမ်းသာမှုများဖြင့် လှမ်းကြည့်လိုက်ကြသည်။
“အကြီးအကဲလော့ယွမ်ပါလား”
“ဟုတ်တယ်... ဒါ ဖေးရှန်ဂိုဏ်းက အကြီးအကဲလော့ပဲ”
“သူနဲ့အတူ ပါလာတဲ့နှစ်ယောက်က သွမ့်ဟိုင်ခန်းမရဲ့ ခန်းမသခင်နဲ့ မဟာအကြီးအကဲတို့ပဲ”
“ဘုရားရေ... သူကိုယ်တိုင်ထွက်လာတယ်ဆိုတော့ ငါတို့ထဲမှာ ပထမအဆင့်စစ်ဆေးမှုကို အောင်မြင်တဲ့သူရှိနေလို့လား”
“ငါကြားတာတော့ အောင်တဲ့သူတွေကို ခန်းမထဲကိုပဲခေါ်သွားတာ၊ အကြီးအကဲလော့က ကိုယ်တိုင်ထွက်ကြိုတာမျိုးမရှိဘူးတဲ့”
လူတိုင်းသည် ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်နေစဉ် လော့ယွမ်သည် လူတစ်ယောက်၏ရှေ့သို့ လျှောက်သွားလိုက်၏။
“သွမ့်ဟယ်... ပထမအဆင့်စစ်ဆေးမှုကို အောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ်။ မင်းရဲ့ စစ်ဆေးမှု ကဏ္ဍငါးခုစလုံးက အဆင့် ၁ ရတယ်”
“ဂိုဏ်းချုပ်က ကြိုတင်အမိန့်ပေးထားတာ ရှိတယ်။ အဆင့် ၁ ငါးခုရတဲ့သူကို ဒုတိယအဆင့် စစ်ဆေးမှုတွေကျော်ဖြတ်စေပြီး ငါတို့ဂိုဏ်းရဲ့တရားဝင်တပည့်အဖြစ် တိုက်ရိုက်ခေါ်ယူဖို့ပဲ”
“မင်း ငါတို့ဂိုဏ်းကိုဝင်ဖို့ ဆန္ဒရှိသလား”
နေရာတစ်ခုလုံး ဆူညံသွားတော့သည်။ အကြီးအကဲနှစ်ဦးပင်လျှင် မယုံနိုင်သောမျက်နှာများဖြင့် မျက်လုံးပြူးသွားကြရ၏။
“သူက တကယ်ပဲ တိုက်ရိုက်ခေါ်ယူခံရတာလား”
“တခြားစစ်ဆေးမှုနေရာတွေမှာ ဒီလိုမျိုးတစ်ခါမှမဖြစ်ဖူးသေးဘူးလို့ ပြောကြတယ်”
“သူကဘယ်သူမို့လို့လဲ”
“ငါ သူ့ကိုမှတ်မိတယ်၊ လွန်ခဲ့တဲ့ရက်ပိုင်းက အပြင်မှာလူသတ်ခဲ့တဲ့သူလေ”
“ငါလည်းကြားတယ်... အဲဒီလူရဲ့ဝိညာဉ်ပင်လယ်က ပျက်စီးနေတာဆို၊ သူက ကျင့်ကြံလို့တောင် မရတော့ဘူး”
“ဒါဆို သူက အသုံးမကျတဲ့လူတစ်ယောက်ပဲမဟုတ်လား။ ဘယ်လိုလုပ် အဆင့် ၁ ငါးခု ရနိုင်မှာလဲ”
“ဝင်္ကပါက တစ်ခုခုမှားနေတာများလား”
သွမ့်ဟယ်ကိုယ်တိုင်ပင်လျှင် တစ်ခုခုမှားယွင်းနေသလားဟု သံသယဝင်မိသည်။ ဝင်္ကပါအတွင်းရှိ အဆင့်တိုင်းတွင် သူကျရှုံးခဲ့သည်ဟုသာ ထင်မှတ်ခဲ့၏။ အဘယ်ကြောင့် အဆင့် ၁ ဖြစ်နိုင်မည်နည်း။
အမှတ်ကို မည်သို့တွက်ချက်လိုက်သည်မသိသော်လည်း သူ၏စိတ်ဓာတ်မှာ အလွန်ကြံ့ခိုင်လှ၏။ မည်မျှပင်မဖြစ်နိုင်သောကိစ္စဖြစ်ပါစေ၊ သူသည် ချက်ချင်းတည်ငြိမ်သွားနိုင်သည်။
“ကျွန်တော်ဆန္ဒရှိပါတယ်”
သူ သေချာပေါက်ဆန္ဒရှိသည်။ ယခင်က ပါရမီရှင်ကျင့်ကြံသူတစ်ဦးဖြစ်ခဲ့ဖူးသဖြင့် ဝိညာဉ်တစ်ထောင်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ခုကို သူမငြင်းပယ်နိုင်ချေ။
“ကောင်းပြီ... ဟားဟားဟား”
လော့ယွမ်က ကျယ်လောင်စွာရယ်မောရင်း သူ၏ပုခုံးကိုပုတ်လိုက်ကာ စနောက်သောမျက်နှာထားဖြင့် ပြောလိုက်၏။
“မင်း အံ့ဩနေတယ်မဟုတ်လား။ မင်းရဲ့ဝိညာဉ်ပင်လယ် ပျက်စီးနေတာကို မြင်သာနေတာပဲကို”
ဒါဆို သူမြင်နေတာပေါ့။ သွမ့်ဟယ်က ရိုးသားစွာခေါင်းညိတ်ပြလိုက်သည်။ အခြားသူများကို ထားပါဦး၊ သူကိုယ်တိုင်ပင် အလွန်သိချင်နေမိသည်။
ပိုင်ယွီရန်ကို လုပ်ကြံရန်အခွင့်အရေးသာမရှိခဲ့လျှင် သူစာရင်းလာသွင်းမိမည်မဟုတ်။ မည်သို့ပင်ကြည့်စေကာမူ အောင်မြင်ရန်မဖြစ်နိုင်သည်မဟုတ်ပါလား။
“မင်း ငါ့ကိုဆရာအဖြစ် လက်ခံဖို့သဘောတူရင် ငါမင်းကိုပြောပြမယ်”
အမှန်တရားမှာ လော့ယွမ်ကိုယ်တိုင်လည်း ဤစစ်ဆေးမှု၏ စစ်မှန်သောရည်ရွယ်ချက်ကိုမသိ။ သွမ့်ဟယ် မည်သို့ထူးချွန်သည်ကိုလည်း သူအတိအကျမမြင်ခဲ့ရချေ။
သို့သော်လည်း ဂိုဏ်းချုပ်၏လုပ်ဆောင်ချက်များမှာ အမြဲတမ်း 'နက်နဲကာ ခန့်မှန်းရခက်' လှသည်။ သူ၏စစ်ဆေးမှုအောက်တွင် ယခုအချိန်အထိ တစ်ဦးတည်းသော ထူးထူးခြားခြား ကြိုတင်ခေါ်ယူခြင်းခံရသူဖြစ်သဖြင့် မည်မျှရှားပါးမည်ကို ခန့်မှန်းနိုင်ပေသည်။ ဤသူမှာ နောက်ထပ်လင်းနင်ပင်ဖြစ်လာနိုင်သည်မဟုတ်ပါလား။
မူလက သွမ့်ဟယ်သည် စတုတ္ထမျိုးဆက်တပည့်တစ်ဦးဖြစ်လာရမည်ဖြစ်သော်လည်း သူနှင့် စောစောစီးစီးဆုံတွေ့ခွင့်ရခဲ့သည်မှာ ကံကောင်းမှုပင်။ ထို့ကြောင့် ဤပါရမီရှင်ကို သူကိုယ်တိုင်ပင် ကြားဖြတ်သိမ်းပိုက်လိုက်တော့မည်။
“ဆရာ့ကို ဂါရဝပြုပါတယ်”
ဝမ်းသာအားရမှုများဖြင့်ဝန်းရံလျက် သွမ့်ဟယ်သည် တွန့်ဆုတ်မနေဘဲ ဆရာတင်ခြင်းအခမ်းအနားကို တိုက်ရိုက်ပြုလုပ်လိုက်တော့သည်။
“တပည့်ကောင်းလေး”
လော့ယွမ်မှာ အလွန်ကျေနပ်သွား၏။ ထို့နောက် သူ၏လက်ကိုဆွဲကာ နောက်ဘက်ခန်းမသို့ ပျံသန်းခေါ်ဆောင်သွားလေရာ ကျန်ရစ်ခဲ့သောကျင့်ကြံသူများမှာ မနာလိုမှုများဖြင့် မျက်လုံးများနီမြန်းကျန်ရစ်ခဲ့ရသည်။
သွမ့်ဟယ် ကြိုတင်ခေါ်ယူခံရသည့်သတင်းမှာ အပြင်လောကတွင် ချက်ချင်းပေါက်ကွဲသွားတော့သည်။ တိချွီမြို့တင်မကဘဲ အရှေ့လန်အင်ပါယာတစ်ခုလုံးကပင် ကြားသိသွားကြ၏။
လော့ယွမ်သည် ပိုင်မိသားစုကို တမင်သက်သက်ရန်မမူခဲ့ချေ။ သို့သော်လည်း အရှေ့လန်အင်ပါယာနှင့် သွမ့်ဟိုင်ခန်းမတို့မှာ အလွန်လျင်မြန်စွာတုံ့ပြန်ခဲ့ကြသည်။
သွမ့်ဟယ်မှာ ဖေးရှန်ဂိုဏ်း၏တပည့်တစ်ဦးဖြစ်လာပြီဖြစ်ရာ ပိုင်မိသားစုနှင့် ထိုစဉ်က ပါရမီရှင်များကိုရွေးချယ်ခဲ့သည့် တိယွမ်ဂိုဏ်းမှအကြီးအကဲနှစ်ဦးမှာ ဆက်လက်တည်ရှိနေရန်အကြောင်းမရှိတော့ပေ။
ရက်အနည်းငယ်အကြာတွင် ဖိန်ဟိုင်စီရင်စုတစ်ဝိုက်ရှိ စစ်ဆေးမှုများပြီးဆုံးသွားခဲ့သည်။ သွမ့်ဟယ်သည် ပထမအဆင့်စစ်ဆေးမှုကိုအောင်မြင်ခဲ့သည့် အခြားသူ ၉၉ ဦးနှင့်အတူ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါပေါ်သို့ တက်လှမ်းလိုက်၏။ ဤအချိန်တွင် နယ်ပယ်အားလုံး၌ ပထမအဆင့်စစ်ဆေးမှုများပြီးဆုံးသွားပြီဖြစ်ရာ ကျင့်ကြံသူပေါင်းတစ်သိန်းခန့်မှာ ဖေးရှန်ဂိုဏ်းသို့ စုရုံးရောက်ရှိနေကြပြီဖြစ်သည်။
ထိုအထဲတွင် အဆင့် ၁ ငါးခုရရှိကာ တပည့်အဖြစ် ကြိုတင်လက်ခံခြင်းခံရသူ လေးဦးသာရှိ၏။ ကျန်ရှိသော ၉၉၆ နေရာအတွက် ဒုတိယအဆင့်စစ်ဆေးမှုများကို ပြင်ပတွင်ပြုလုပ်နေကြသည်။
တစ်ချိန်တည်းမှာပင် သွမ့်ဟယ်နှင့် ကျန်သုံးဦးကို လျှို့ဝှက်နယ်မြေအတွင်းရှိ ပင်မတောင်ထိပ် ခန်းမဆောင်သို့ခေါ်ဆောင်သွားကြသည်။ ထိုနေရာတွင် သူတို့သည် ချစ်လှစွာသော ဂိုဏ်းချုပ်ကျန်းနှင့် တွေ့ဆုံခဲ့ကြရ၏။
ဂိုဏ်းချုပ်က စကားမပြောရသေးမီ ဂိုဏ်းသားတစ်စုက မေးခွန်းများ စတင်မေးမြန်းလိုက်ကြသည်။
“ဆရာဦးလေးလော့... ဒါက နည်းနည်းတော့ စည်းကမ်းနဲ့မညီဘူးမဟုတ်လား”
“ဟုတ်တယ်... ဒီတစ်သုတ်တပည့်တွေကို ကျွန်တော်တို့က တပည့်အဖြစ်လက်ခံဖို့ သဘောတူထားတာလေ။ ဆရာဦးလေးက ဘယ်လိုလုပ်ပြီး ကြိုတင်လက်ခံလိုက်တာလဲ”
“ဒီလိုလုပ်လိုက်တော့ သူတို့က ကျွန်တော်တို့ တတိယမျိုးဆက်တွေနဲ့တစ်တန်းတည်း ဖြစ်သွားတာပေါ့”