ဇာတ်လိုက်ကျော်လေးဦး
Vol. 18 Ch. 177
ဤပုဂ္ဂိုလ်များ၏အမြင်တွင် သွမ့်ဟယ်၏ ဝိညာဉ်ပင်လယ်ပျက်စီးနေခြင်းမှာ ဘာမှမဟုတ်ပေ။ ဝိညာဉ်တစ်ထောင်နယ်မြေရှိ ကုဋေပေါင်းများစွာသော ကျင့်ကြံသူများထဲမှ ထိုးထွက်လာပြီး ဂိုဏ်းချုပ်၏စစ်ဆေးမှုကိုအောင်မြင်ခဲ့ခြင်း၏အရေးပါပုံကို သူတို့ အလွန်ရှင်းလင်းစွာ နားလည်ကြသည်။
ဤလူသည် သေချာပေါက်ရတနာတစ်ပါးဖြစ်ရာ လုယက်သိမ်းပိုက်ရန် ထိုက်တန်ပေသည်။
လော့ယွမ်က နှုတ်ခမ်းမဲ့လိုက်ရင်း
"ဝေမြောင်၊ ရှုယန်လင်... မင်းတို့က ပုန်ကန်ချင်နေတာလား။ ဘာပဲဖြစ်ဖြစ် ငါက သူ့ကိုလက်ခံပြီးသွားပြီ၊ အားလုံးကပြီးဆုံးသွားပြီဆိုတော့ မင်းတို့ကြိုက်တာလုပ်လို့ရတယ်။ ဒါ့အပြင် စီနီယာအစ်မယင်းရွှယ်အာလည်း တစ်ယောက်လက်ခံထားတာမဟုတ်ဘူးလား"
"လော့ယွမ်... နင့်ကိစ္စထဲမှာ ငါ့ကို ဘာလို့ဆွဲထည့်နေတာလဲ"
"စီနီယာအစ်မယင်း... အခုက စည်းလုံးရမယ့်အချိန်လေ၊ ငါတို့ အချင်းချင်းရန်မဖြစ်ကြရအောင်"
သွမ့်ဟယ်သည် ဤမြင်ကွင်းကိုကြည့်ရင်း အနည်းငယ်လက်မခံနိုင်ဖြစ်နေမိသည်။ ဘာတွေဖြစ်နေတာလဲ။ ဂိုဏ်းချုပ်ရှိနေပါလျက်နှင့် အခြားသူများက ခွင့်ပြုချက်မရှိဘဲ စကားပြောရဲကြသည်လား။
တတိယမျိုးဆက်တပည့်များက ဒုတိယမျိုးဆက်အကြီးအကဲများကို ဤကဲ့သို့ ပြန်ပြောရဲကြသည်လား။ ဂိုဏ်းချုပ်၏ရှေ့မှောက်တွင်ပင် တစ်ဦးကိုတစ်ဦး တိုက်ခိုက်နေကြသေးသည်။ ဤကဲ့သို့သောအဖြစ်မျိုးမှာ ထိုက်ရွှမ်ကိုယ်ခံပညာသင်တန်းကျောင်းတွင်ပင် ဖြစ်လာမည်မဟုတ်။
သို့သော် သူစိတ်ကူးယဉ်ထားသည့်အတိုင်း ဂိုဏ်းချုပ် ဒေါသထွက်သည့်ပုံစံမပေါ်ပေ။ အထက်ရှိကျန်းချန်မှာ ထိုလေးဦး၏အချက်အလက်များကိုကြည့်ရှုရန် အလုပ်ရှုပ်နေ၏။
ကဏ္ဍငါးခုစလုံး အဆင့် ၁ ရရှိသည်ဆိုသည်မှာ ထိုလေးဦး၏ စိတ်နေစိတ်ထား၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ နားလည်နိုင်စွမ်းနှင့် အခြားသော အသွင်အပြင်များမှာ ကုဋေပေါင်းများစွာသော လူများထဲတွင် ထိပ်တန်းအဆင့်ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အလွန်ရှား၏။
ဤလေးဦးအနက်တစ်ဦးမှာ ဝိညာဉ်ပင်လယ်ဖျက်ဆီးခံထားရသော ပါရမီရှင်ဟောင်း (သွမ့်ဟယ်) ဖြစ်ပြီး၊ တစ်ဦးမှာ မိသားစုပျက်သုဉ်းကာစွန့်ပစ်ခြင်းခံရသူ၊ နောက်တစ်ဦးမှာ ဂိုဏ်းသားအချင်းချင်း ထောင်ချောက်ဆင်ခံရကာ ဂိုဏ်းမှနှင်ထုတ်ခံရသူ၊ နောက်ဆုံးတစ်ဦးမှာ ပါရမီအလွန်ညံ့ဖျင်းသော်လည်း ဓား၊ လှံ၊ လက်နက်မျိုးစုံအပြင် စောင်း၊ စစ်တုရင်၊ စာစီစာကုံး၊ ပန်းချီ၊ ဆေးပညာ၊ ဗေဒင်၊ နက္ခတ်ဗေဒင်၊ ဆေးလုံးဖော်စပ်ခြင်း၊ လက်နက်သွန်းလုပ်ခြင်း၊ အဆောင်နှင့် ဝင်္ကပါပညာရပ်များအထိ အစုံအလင်ကျွမ်းကျင်သော ဘက်စုံတော်သူတစ်ဦးဖြစ်နေသည်။
"ဝိုး... ဒါတွေက စံပြဇာတ်လိုက်လေးယောက်ပဲ။ ငါသာမရှိဘူးဆိုရင်တောင် သူတို့က တခြားအခွင့်အရေးတစ်ခုခုနဲ့ကြုံတာနဲ့ ကောင်းကင်ယံအထိပျံတက်သွားနိုင်တဲ့သူတွေပဲ။ ကံကောင်းထောက်မစွာနဲ့ အခုတော့ သူတို့က ဖေးရှန်ဂိုဏ်းကိုရောက်လာပြီး ငါတို့လူတွေဖြစ်လာခဲ့ပြီ"
"ကဲ... ကဲ... တော်ကြတော့။ သွမ့်ဟယ်နဲ့ မြောင်ယဲ့ကို လော့ယွမ်နဲ့ ယင်းရွှယ်အာတို့က တပည့်အဖြစ် လက်ခံလိုက်ပြီဆိုတော့လည်း ဒါကိုရေစက်လို့ပဲ သတ်မှတ်လိုက်ကြရအောင်"
"ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်"
လော့ယွမ်နှင့် ယင်းရွှယ်အာတို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြရာ နှစ်ဦးစလုံး၏ မျက်လုံးများတွင် ဝမ်းသာအားရမှုကို မြင်တွေ့နေရသည်။ ယခုတစ်ကြိမ်တွင်မူ သူတို့ကံကောင်းသွားခဲ့ပြီး ဟာကွက်ကို အသုံးချနိုင်ခဲ့ခြင်းဖြစ်သည်။
"ရှုစီချွမ်းနဲ့ ရီချန်း... မင်းတို့နှစ်ယောက်ကတော့ တရားဝင်တပည့်မဖြစ်ရသေးဘူးဆိုတော့ အခုကစပြီး တတိယမျိုးဆက်တပည့်တွေအဖြစ် သတ်မှတ်မယ်။ မင်းတို့ရဲ့ဆရာအဖြစ်ကတော့ အကြီးအကဲ မိုချန်ကို ဆရာအဖြစ်ကိုးကွယ်ကြရမယ်"
မိုချန်သည် အသက်ကြီးသော်လည်း ဖေးရှန်ဂိုဏ်း၏ ဒုတိယမျိုးဆက်အကြီးအကဲတစ်ဦးဖြစ်သည်။
"အကြီးအကဲမို... ပြဿနာရှိလား"
ဘေးနားရှိမိုချန်မှာ ပါးစပ်မစေ့နိုင်အောင်ပြုံးနေတော့သည်။ ဤခန်းမအတွင်း ကျန်းချန်မှလွဲ၍ ဤလေးဦး၏တန်ဖိုးကို သူအသိဆုံးဖြစ်သည်။
သူတို့ကို အင်မော်တယ်လောကသို့ ခေါ်ဆောင်သွားပါက နှစ်သန်းပေါင်းတစ်ထောင်အတွင်း အနာဂတ်၏အင်မော်တယ်ဘုရင်နှင့် အင်မော်တယ်ဧကရာဇ်လေးပါး ဖြစ်လာနိုင်သည်မဟုတ်ပါလား။
"ဒီအဘိုးကြီးအတွက် ဒီထက်ပိုပြီးတောင်းဆိုစရာမရှိတော့ပါဘူး"
ရှုစီချွမ်းနှင့် ရီချန်းကို ခေါ်ဆောင်လာခဲ့သည့် တတိယမျိုးဆက်တပည့်နှစ်ဦး၏ မျက်နှာများမှာမူ သုန်မှုန်သွားတော့သည်။ ဒီလိုမှန်းသိခဲ့ရင် အကြီးအကဲလော့ဆီကအတုယူပြီး ကြိုတင်လက်ခံလိုက်ရမှာဟု နောင်တရနေကြ၏။
စကားဆုံးသည်နှင့် ထိုလေးဦးမှာ ဒူးထောက်ကာ ဂိုဏ်းချုပ်ကိုကျေးဇူးတင်လိုက်ကြသည်။
ဒင်...
စနစ်မှအချက်ပေးသံများမြည်လာပြီး ဤလေးဦးမှာ စနစ်၏အသိအမှတ်ပြုမှုကိုရရှိကာ ဂိုဏ်း၏စစ်မှန်သောအဖွဲ့ဝင်များ ဖြစ်လာကြလေပြီ။ သူတို့၏ ခွန်အားနှင့် ပါရမီမှာ လက်ရှိတွင် မမြင့်မားသေးသဖြင့် အမှတ်အနည်းငယ်သာရရှိသော်လည်း သစ္စာရှိမှုအပိုင်းတွင်မူ လောလောဆယ် စိုးရိမ်စရာမလိုတော့ပေ။
ကျန်းချန်အလွန်ဝမ်းသာသွားပြီး သူတို့ကို ကိုယ်တိုင်ကိုယ်ကျထူမပေးလိုက်၏။ ဤလုပ်ရပ်ကြောင့် ထိုလေးဦးမှာ မျက်ရည်ဝဲသည်အထိ စိတ်လှုပ်ရှားသွားကြရသည်။ ကျန်းချန်၏ လက်ရှိအဆင့်အတန်းမှာ ဝိညာဉ်တစ်ထောင်နယ်မြေတွင် နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
သွမ့်ဟယ်သည် ဂိုဏ်းတစ်ခုသို့ တစ်ခါမျှမဝင်ဖူးသော်လည်း ထိုဂိုဏ်းများ၏စည်းကမ်းများကို အမြဲကြားဖူးသည်။ ပုံမှန်အားဖြင့် တပည့်သစ်တစ်ဦးသည် ဂိုဏ်းသို့ဝင်သည့်နေ့တွင်သာ ဂိုဏ်းချုပ်ကို အဝေးမှလှမ်းမြင်ရတတ်ပြီး ထို့နောက်တွင်မူ အခမ်းအနားကြီးများရှိမှသာ ပြန်တွေ့ခွင့်ရတတ်သည်။ ဂိုဏ်းချုပ်၏အလေးပေးခြင်းခံရသော တိုက်ရိုက်တပည့်များပင်လျှင် တိုက်ရိုက်ထိတွေ့ခွင့် အခွင့်အရေး အလွန်နည်းပါး၏။
အဆင့်အတန်း၊ ခွန်အားနှင့် ရာထူးကွာဟချက်များကို ခွဲခြားရန်အတွက် ထိုကဲ့သို့သော အပေါ်ယံပုံစံများလိုအပ်သည်ကို သွမ့်ဟယ်နားလည်သည်။ အကွာအဝေးကို တမင်ဖန်တီးထားမှသာ ကြည်ညိုကိုးကွယ်မှုစိတ်ကို ပိုမိုဖြစ်ပေါ်စေနိုင်သောကြောင့်ပင်။
သို့သော် ယခုမူ ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးဖြစ်သော ကျန်းချန်မှာ အလွန်ကြင်နာ၏။ ဤသည်က သူ့ကို များစွာဂုဏ်ယူဝင့်ကြွားစေသည်။
"မင်းက သွမ့်ဟယ်ဖြစ်ရမယ်။ မင်းရဲ့ ဝိညာဉ်ပင်လယ်ကပျက်စီးနေတော့ ဒီကာလအတွင်းမှာ ကျင့်ကြံလို့ရမှာမဟုတ်ဘူး၊ ငါတို့ဘာလုပ်ကြမလဲ"
ဂိုဏ်းချုပ်၏လေသံမှာ နွေးထွေးကာ ပေါ့ပေါ့ပါးပါးရှိလှပြီး လူကြီးတစ်ဦးက လူငယ်တစ်ဦးကို စနောက်နေသကဲ့သို့ပင်။ လောကဓံကို အလူးအလဲခံစားခဲ့ရသော သွမ့်ဟယ်၏နှလုံးသားတွင် နွေးထွေးသွားသော်လည်း အကြောင်းပြချက်မရှိဘဲ ရှက်ရွံ့မှုကိုလည်း ခံစားလိုက်ရသည်။
"ဟုတ်ကဲ့... ကျွန်တော်..."
သူ၏စကားမဆုံးမီမှာပင် သူ၏ခေါင်းမှာ အသာအယာပွတ်သပ်ခြင်းခံလိုက်ရသည်။ ထို့နောက် သူ၏ဝိညာဉ်ပင်လယ်မှာ ပြန်လည်ကောင်းမွန်သွားသည့်အပြင် သူ၏ ဝိညာဉ်စွမ်းအားစုပ်ယူနိုင်စွမ်းမှာလည်း ယခင်ကထက် များစွာပိုမိုမြန်ဆန်လာသည်ကို တွေ့လိုက်ရ၏။
သူ၏ ထိတ်လန့်မှု၊ ဝမ်းသာမှုနှင့် ကျေးဇူးတင်မှုများ ရောယှက်နေသော မျက်လုံးများကို ကြည့်ရင်း ကျန်းချန်က ဂုဏ်ယူစွာဖြင့်ပြုံးလိုက်သည်။
"ဒါက ဘာမှမဟုတ်ပါဘူး။ ဂိုဏ်းချုပ်က မင်းရဲ့ဝိညာဉ်ပင်လယ်ကိုပြုပြင်ပေးဖို့ အင်မော်တယ်ပညာရပ်ကို သုံးလိုက်တာပဲ၊ ပြီးတော့ မင်းရဲ့ပါရမီကိုလည်း တစ်ဆင့်မြှင့်ပေးလိုက်တယ်"
သွမ့်ဟယ်တွင် မူလက အဆင့် ၅ ပါရမီရှိရာမှ ယခုအခါ အဆင့် ၄ သို့ ရောက်ရှိသွားပြီဖြစ်သည်။ သွမ့်ဟယ်တင်မကဘဲ ဘေးနားရှိတပည့်သစ်သုံးဦးမှာလည်း သူတို့၏ဘဝကိုပင် သံသယဝင်သွားကြတော့သည်။
ဘာ... အင်မော်တယ်ပညာရပ်လား...
ဝိညာဉ်ပင်လယ်ကိုပြုပြင်ရတာက ဒီလောက်တောင်လွယ်ကူသလား...
ပြီးတော့ ပါရမီကိုတောင် မြှင့်ပေးလို့ရတယ်တဲ့လား...
ဤအခိုက်အတန့်တွင် ဖေးရှန်ဂိုဏ်းသည် လူသစ်စုဆောင်းရာ၌ ပါရမီကို ဘာကြောင့်ထည့်မတွက်သနည်းဟူသည်ကို နောက်ဆုံးတွင် သူတို့နားလည်သွားကြတော့သည်။ နောင်တွင် သူတို့၏ပါရမီများလည်း မြှင့်တင်ခံရနိုင်သည်ဟု တွေးမိသောအခါ သူတို့၏ တစ်ကိုယ်လုံးမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေကြ၏။
သွမ့်ဟယ်မှာ နောက်တစ်ကြိမ် ဒူးထောက်ပြန်သည်။ သူ မျက်ရည်ကျနေ၏။ လွန်ခဲ့သော သုံးနှစ်တာကာလအတွင်း သူသည် ပင်ပန်းဆင်းရဲမှုများစွာကိုကြံ့ကြံ့ခံခဲ့ရပြီး ယခုအခါ ထိုငရဲဆိုးများမှာ ပြီးဆုံးသွားခဲ့လေပြီ။
"ဂိုဏ်းချုပ်..."
သူ တစ်ခုခု ပြောချင်သော်လည်း ထိန်းမနိုင်သိမ်းမရ ငိုကြွေးနေမိတော့သည်။ ခန်းမအတွင်းရှိ လူများမှာလည်း မရယ်မောကြတော့ပေ။
လော့ယွမ်က ရှေ့သို့တက်ကာ သူ့ကိုထူပေးလိုက်သည်။
"တပည့်လေး... အခုကစပြီး ဒီနေရာကို ကိုယ့်အိမ်လိုပဲသဘောထားပါ။ ဒီကလူတွေက အပြင်ကလူတွေနဲ့မတူဘူး"
"ဟုတ်ကဲ့ပါ"
သွမ့်ဟယ်က မျက်ရည်များကြားမှပင် အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။ သူ၏နှလုံးသားမှာ ဖေးရှန်ဂိုဏ်းသို့ လုံးဝရောက်ရှိသွားခဲ့ပြီဖြစ်ရာ မည်သည့်အခါမျှ ပြောင်းလဲတော့မည်မဟုတ်။
ကျန်းချန်က ကျန်သောတပည့်သစ်သုံးဦးကို ကြည့်လိုက်ပြန်သည်။
"ဒီအင်မော်တယ်ပညာရပ်က စွမ်းအင်အများကြီးကုန်တာမို့ တစ်ရက်ကိုတစ်ကြိမ်ပဲသုံးလို့ရတယ်။ မင်းတို့သုံးယောက်ကတော့ ရက်အနည်းငယ်စောင့်ရလိမ့်မယ်"
ထိုသုံးဦးမှာ မူလက ဖြစ်နိုင်ခြေရှိသည်ဟုသာ တွေးထားခဲ့သော်လည်း ဂိုဏ်းချုပ်ကိုယ်တိုင် ပြောကြားလာသောအခါ အတိုင်းမသိဝမ်းသာသွားကြတော့သည်။ စိတ်ပျက်စရာ ဘယ်မှာရှိပါဦးမည်နည်း။
"ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်"
"ကျွန်တော် တကယ်ပဲရှက်မိပါတယ်..."
"ကျွန်တော့်မှာပါရမီမရှိလို့ ဂိုဏ်းချုပ်ကိုပင်ပန်းစေမိတာပါ..."
ဂိုဏ်းချုပ်ကျန်းက အသာအယာပြုံးလိုက်သည်။ ကဏ္ဍငါးခုစလုံး အမှတ်ပြည့်ရသူများပီပီ သူတို့၏ပေါင်းသင်းဆက်ဆံရေးအသိဉာဏ်မှာလည်း မြင့်မားလှပြီး စကားပြောဆိုရာတွင် အလွန်ချိုသာကြပေသည်။
"အခု မင်းတို့လေးယောက် ဂိုဏ်းကိုဝင်လာပြီဆိုတော့ ဂိုဏ်းချုပ်က မင်းတို့ကို အမှတ်တရလက်ဆောင်တစ်ခုပေးမယ်"
လက်ဆောင်ဟူသောစကားလုံးထွက်လာသည်နှင့် ဒုတိယမျိုးဆက်ဖြစ်စေ၊ တတိယမျိုးဆက်ဖြစ်စေ တပည့်အားလုံးမှာ အားကျစိတ်များပေါ်လာကြသည်။ ဂိုဏ်းချုပ်ပေးသည့်ပစ္စည်းဟူသမျှမှာ အမြဲတမ်း ထိပ်တန်းအဆင့်များသာ။
သွမ့်ဟယ်မှာ လက်စွပ်ကိုယူလိုက်စဉ်တွင် ဘာလုပ်ရမှန်းမသိသေးပေ။ ချီစုစည်းခြင်းအဆင့်မရောက်ဘဲ သိုလှောင်လက်စွပ်ကိုမဖွင့်နိုင်သေးသောကြောင့်ဖြစ်သည်။
ဘေးနားရှိလူများမှာ စိတ်လှုပ်ရှားနေကြ၏။ လော့ယွမ်ကပြုံးလျက် ပြောလိုက်သည်။
"တပည့်လေး... မင်းအတွက် ဂိုဏ်းချုပ်က ဘယ်လိုအံ့ဩစရာတွေ ပြင်ဆင်ထားလဲဆိုတာကို ဆရာက ကူကြည့်ပေးရမလား"
သွမ့်ဟယ်က သဘာဝအတိုင်းပင် မငြင်းဆန်ခဲ့ပေ။
ထို့နောက် လက်စွပ်ကိုကြည့်လိုက်သော ဆရာဖြစ်သူလော့ယွမ်၏မျက်နှာမှာ အလွန်ထူးဆန်းသောအမူအရာအဖြစ် ပြောင်းလဲသွားသည်ကို လူတိုင်းမြင်တွေ့လိုက်ကြရသည်။
"ဂိုဏ်းချုပ်... ဒါက သိပ်ပြီးရက်ရောလွန်းမနေဘူးလား။ သူက အခုမှ ဒီအဆင့်ပဲရှိသေးတာကို"
"ဂိုဏ်းချုပ်က သူ့ကို ရတနာလက်နက်တစ်ခု၊ အဆင့် ၉ ဝိညာဉ်လက်နက်နှစ်ခု၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်သန်းနဲ့ အဆင့် ၉ ဝိညာဉ်ဆေးလုံး ပုလင်းတစ်ရာတောင် ပေးလိုက်တာလား..."
"ဘုရားရေ... ရတနာအဆောင်တွေလည်း ပါသေးတယ်..."
ဤလက်ဆောင်များအကြောင်းကို လူသိရှင်ကြားပြောလိုက်သောအခါ တစ်ခန်းလုံး ဆူညံသွားတော့သည်။
"ဂိုဏ်းချုပ်... ဒါက မျက်နှာလိုက်လွန်းတာ မဟုတ်ဘူးလား"
"ဒီလူသစ်ရဲ့ခံစားခွင့်က ကျွန်တော်တို့ကိုတောင် ကျော်သွားပြီ"
"အားကျလိုက်တာ... ရင်ကျိုးရပါတယ်..."
သူတို့ နောက်ဆုံးရရှိခဲ့သော စစ်ပွဲရေးပစ္စည်းများမှာ ဤအဆင့်လောက်သာ ရှိခဲ့ခြင်းဖြစ်သည်။ သွမ့်ဟယ်ကိုယ်တိုင်မှာမူ မူးမေ့လုနီးပါးဖြစ်သွား၏။
သူသည် လက်ဆောင်ကို အလွန်မျှော်လင့်ထားခဲ့သော်လည်း ဝေမြောင်တို့ကဲ့သို့ပင် အလွန်ဆုံးရှိမှ အဆင့် ၃ သို့မဟုတ် အဆင့် ၄ ဝိညာဉ်လက်နက်လောက်သာရမည်ဟု ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။