ဆေးဖော်စပ်ခြင်းပုံစံအသစ်
Vol. 18 Ch. 178
ယခင် ထိုက်ရွှမ်ကိုယ်ခံပညာသင်တန်းကျောင်းတွင်ရှိစဉ်က သူသည် အဆင့် ၁ ဝိညာဉ်ဓားကိုသာ အသုံးပြုခဲ့ဖူးသည်။ အဆင့် ၉ ဝိညာဉ်လက်နက်ဆိုသည်မှာ မည်သို့သောအရာမျိုးဖြစ်သည်ကို စိတ်ကူးပင်မယဉ်နိုင်ခဲ့ချေ။
ဒဏ္ဍာရီလာ ရတနာလက်နက်များဆိုလျှင် ပို၍ပင်ဝေးသေးသည်။ အရှေ့လန်အင်ပါယာ၏ ဧကရာဇ်ပင်လျှင် အဆင့် ၉ ဝိညာဉ်လက်နက်ကိုသာ ကိုင်ဆောင်ထားသည်ဟုဆိုကြသည်။
သူသည် ဂိုဏ်းသို့ ယခုမှဝင်ရောက်ခဲ့ခြင်းဖြစ်သော်လည်း ထိုအရာများထက်သာလွန်ကောင်းမွန်သောပစ္စည်းများကို ပိုင်ဆိုင်နေလေပြီ။
အဆင့်မြင့်ဝိညာဉ်ကျောက်တုံးတစ်သန်း...
ယခင်ကသူသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးများကိုသာအသုံးပြုခဲ့ရပြီး ၎င်းတို့ကိုပင် ချွေတာသုံးစွဲခဲ့ရ၏။ ဝိညာဉ်ဆေးလုံးများအနေဖြင့်မူ ထိုက်ရွှမ်ကိုယ်ခံပညာသင်တန်းကျောင်းရှိ သုံးနှစ်တာကာလအတွင်း သူသည် အဆင့် ၁ ဆေးလုံးသုံးလုံးကိုသာရရှိခဲ့ပြီး ၎င်းတို့ကို ရတနာသဖွယ် တန်ဖိုးထားခဲ့ရသည်။ ယခုမူ အဆင့် ၉ ဆေးလုံးပုလင်းတစ်ရာကို တစ်ပြိုင်နက်တည်း ပေးအပ်ခံလိုက်ရသည်။
အကယ်၍ ဤလေးဦးသာ စိတ်ဓာတ်မခိုင်မာပါက အခြားလူသစ်များဆိုလျှင် ထိုနေရာ၌ပင် မူးမေ့လဲသွားလောက်ပေသည်။ သူတို့လေးဦးမှာလည်း ထိန်းမနိုင်သိမ်းမရဖြစ်နေကြဆဲပင်။ လက်စွပ်၏တန်ဖိုးကိုနားလည်သွားသောအခါ လူတိုင်း၏မျက်နှာတွင် အံ့ဩဝမ်းသာမှုများကို မဖုံးဖိနိုင်တော့ချေ။
“ဂိုဏ်းချုပ်ကို အထူးပဲကျေးဇူးတင်ပါတယ်”
“ဂိုဏ်းချုပ်ရဲ့ကျေးဇူးကို တစ်သက်လုံးအမှတ်ရနေပါ့မယ်...”
“နောက်ဘဝအထိတိုင်အောင်ဆပ်ပါ့မယ်...”
ကျန်းချန်က လက်ယမ်းပြလိုက်၏။ ဤလေးဦးသာလျှင် ဤသို့ရရှိရန်ထိုက်တန်ပေသည်။ အပြင်တွင်စောင့်ဆိုင်းနေသော ကျန်သည့်လူများမှာမူ ဤမျှရက်ရောသော လက်ဆောင်များကို ရရှိလိမ့်မည်မဟုတ်။
ဤလေးဦးမှာထူးခြားလှပြီး ဇာတ်လိုက်ကျော်များ၏ကံကြမ္မာကို ရရှိထားသူများဖြစ်ရာ သူတို့ကို ထူးထူးခြားခြားဆက်ဆံခြင်းမှာပုံမှန်သာ။
ထို့ပြင် သူတို့သည် မကြာမီ ရွှမ်ကျီရုပ်ပုံအတွင်းသို့ ဝင်ရောက်ကျင့်ကြံကြရမည်ဖြစ်ရာ အရင်းအမြစ်များမှာ လျင်မြန်စွာကုန်ဆုံးသွားပေလိမ့်မည်။
“သူတို့ရဲ့ဝိညာဉ်ကြောတွေက အဆင့် ၉ ဆေးလုံးတွေကို တိုက်ရိုက်မခံနိုင်သေးဘူး၊ မင်းတို့ ဆရာတွေက သေချာကြည့်ပေးရမယ်”
မိုချန်၊ လော့ယွမ်နှင့် ယင်းရွှယ်အာတို့က အလျင်အမြန် ပြန်ဖြေလိုက်ကြသည်။ ကျန်းချန်သည် နောက်သုံးရက်အတွင်း မြောင်ယဲ့၊ ရှုစီချွမ်းနှင့် ရီချန်းတို့၏ ပါရမီကို တစ်ဆင့်စီမြှင့်တင်ပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် အပြင်ဘက်ရှိ ဒုတိယအဆင့်စစ်ဆေးမှုများမှာ ပြီးဆုံးသွားခဲ့လေပြီ။ ရွေးချယ်ခံရသောကျင့်ကြံသူ ၉၉၆ ဦးကို လျှို့ဝှက်နယ်မြေအတွင်းသို့ ခေါ်ဆောင်လာခဲ့ကြသည်။ သူတို့ ဂိုဏ်းချုပ်ကိုဂါရဝပြုချိန်တွင် စနစ်၏အချက်ပေးသံမကြားရသော လူ ၄၅ ဦးကို ချက်ချင်းပင် နှင်ထုတ်ပစ်လိုက်၏။ ဂိုဏ်းဝင် ဖြစ်မလာသေးခြင်းမှာ နောင်တွင်သစ္စာမရှိနိုင်ဟုမဆိုလိုသော်လည်း ကျန်းချန်တွင် ထိုသို့သောဖြစ်နိုင်ခြေများကိုစောင့်ကြည့်ရန် စိတ်ရှည်မှုမရှိချေ။
သွမ့်ဟယ်တို့လေးဦးအပါအဝင် တပည့်သစ်စုစုပေါင်း ၉၅၅ ဦး ဖြစ်လာခဲ့သည်။ လူတိုင်း ဆရာတစ်ဦးစီကိုးကွယ်ပြီးနောက်တွင် ဂိုဏ်းချုပ်ကျန်းမှာ အလွန်အလုပ်ရှုပ်သွားတော့၏။
နေ့စဉ် တပည့်တစ်ဦးစီ၏ပါရမီကို သူ မြှင့်တင်ပေးနေရသည်။ ဤတပည့်များမှာအမှတ်နည်းလှပြီး အချို့၏ပါရမီမှာ အဆင့် ၇ သို့မဟုတ် ၈ သာ ရှိကြရာ ပထမအဆင့်မြှင့်တင်မှုအတွက် အမှတ် ၁ မှတ်သာ ကုန်ကျသည်။
ပါရမီမြှင့်တင်ပေးခြင်းအပြင် ကျန်းချန်တွင် အခြားအလုပ်တစ်ခုရှိသေးသည်။ ၎င်းမှာ ဆေးဖော်စပ်ခြင်းပင်။ ဖေးရှန်ဂိုဏ်းသည် အဆင့် ၈ ဝိညာဉ်သွေးကြောပေါ်တွင်တည်ရှိနေသဖြင့် ဝိညာဉ်သစ်ပင်များ၊ ဝိညာဉ်အမြစ်များနှင့် ဝိညာဉ်ဆေးပင်များမှာ တောင်ကုန်းများပေါ်တွင် ဖုံးလွှမ်းနေသည်။ ၎င်းတို့အားလုံးမှာ ဆေးဖော်စပ်ရန်အတွက် ကုန်ကြမ်းများဖြစ်၏။
ထို့အပြင် မြင့်မြတ်နယ်မြေကိုးခုမှလုယက်လာခဲ့သော ကောင်းကင်နှင့် မြေကြီး ရတနာများ၊ ကံစမ်းမဲမှရရှိထားသောပစ္စည်းများလည်းရှိနေသဖြင့် သူအမှန်တကယ်ပင် ဆေးဖော်စပ်ရန် လိုအပ်နေလေပြီ။ ဝိညာဉ်ဆေးပင်များစွာမှာ အစိမ်းစား၍မရပေ။
“ဂိုဏ်းချုပ်က တကယ်ပဲဆေးဖော်စပ်နိုင်တာလား”
ဒုတိယနှင့် တတိယမျိုးဆက် တပည့်များမှာ ဤသတင်းကြောင့် အံ့ဩနေကြသည်။
“ဖေးရှန်တောင်ပေါ်မှာတုန်းက ဂိုဏ်းချုပ်ပြောဖူးတာ ငါမှတ်မိသေးတယ်၊ ဆေးဖော်စပ်တာက လူသတ်လုယက်သလောက် အရှိန်မမြန်ဘူးဆိုလားပဲ”
“မဖြစ်နိုင်တာ... သူတကယ်အဲဒီလိုပြောခဲ့တာလား”
“ဆရာဦးလေးချင်း... ခင်ဗျား ဂိုဏ်းချုပ်ကိုနာမည်ဖျက်နေတာ မဟုတ်ဘူးလား။ ကျွန်တော်က ဂိုဏ်းချုပ်ရဲ့သစ္စာအရှိဆုံး နောက်လိုက်နော်၊ တိုင်လိုက်မှာ”
“ဟေ့... မင်းကလည်းပြင်းထန်လှချည်လား။ မင်းတို့ရော ဂိုဏ်းချုပ်ဆေးဖော်တာမြင်ဖူးလို့လား”
“ဟင့်အင်း... မကြားဖူးဘူး”
“ဒါဆို သူက ဘာလို့ရုတ်တရက်ကြီး ဆေးဖော်တော့မယ်လို့ကြေညာတာလဲ”
“သူ့စိတ်နဲ့ဆိုရင် ဒီလောက်ပျင်းစရာကောင်းတဲ့အလုပ်ကို ဘယ်လုပ်မလဲ။ တစ်ခုခုတော့ရှိရမယ်”
“ငါကြားတာတော့ သူကမှော်ပညာတွေကိုရွံရှာတာတဲ့၊ အဲဒါကြောင့် လန်ယီဆီကနေရှောင်ဖို့ အကြောင်းပြချက်ပေးတာလားမသိဘူး”
“လန်ယီလား... မကြာခင်ဂိုဏ်းချုပ်ကတော်ဖြစ်လာမှာလေ၊ ငါတို့ထက် မျိုးဆက်တစ်ဆက်ပိုမြင့်တယ်”
“အာ... စီနီယာအစ်မလျို... ဘယ်တုန်းကရောက်လာတာလဲ”
“စီနီယာအစ်မ... ဘာလို့ကျွန်တော့်ကိုရိုက်တာလဲ”
တပည့်များ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ကျန်းချန်သည် ယခင်ပုယွီမြင့်မြတ်နယ်မြေ၏ ဆေးဖော်စပ်ရာနေရာဖြစ်သော ထျန်တန်းတောင်ထိပ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ တောင်ထိပ်များအားလုံးရှိ ဝိညာဉ်ဆေးပင်များကိုစုဆောင်းကာ ထိုနေရာသို့ပို့ဆောင်ရန်လည်း အမိန့်ထုတ်ထားသည်။ ၎င်းက သံသယများကို ပိုမိုနက်ရှိုင်းစေခဲ့သည်။
ထိပ်တန်းဝိညာဉ်သွေးကြောကြောင့် လျှို့ဝှက်နယ်မြေအတွင်း ဝိညာဉ်ဆေးပင်များ နေရာအနှံ့ပေါက်ရောက်နေကြသော်လည်း အဆင့်ကွဲပြားကြသည်။ အဆင့်မြင့်ဆေးပင်များမှာရှားပါး၏။
သို့သော် ယခုတစ်ကြိမ်တွင်မူ ကျန်းချန်က အဆင့်အတန်းမသတ်မှတ်ထားဘဲ အားလုံးကိုလိုချင်နေခြင်းဖြစ်သည်။ မိုင်ပေါင်းတစ်သိန်းခန့်ကျယ်ဝန်းသော တောင်တန်းများတွင် ဆေးပင်မည်မျှရှိမည်ကို မည်သူသိနိုင်မည်နည်း။ တကယ့်ဆေးဆရာကြီးတစ်ဦးပင်လျှင် ထိုမျှများပြားသောဆေးပင်များကို တစ်ဦးတည်းမသုံးစွဲနိုင်ချေ။
ထျန်တန်းတောင်ထိပ်ရှိပင်မခန်းမကိုပိတ်ထားပြီး ပြင်ပလူများဝင်ခွင့်မပြုချေ။ ဆေးဖိုအတွင်းမှမီးမှာ နေ့ရောညပါတောက်လောင်နေသည်ဟုသာ လူတိုင်းသိကြသည်။
အံ့ဩစရာကောင်းသည်မှာ ပထမနေ့တွင်ပို့ဆောင်လိုက်သော ဆေးပင်အမြောက်အမြားမှာ အမှန်တကယ်ကုန်ဆုံးသွားခဲ့ခြင်းပင်။ ဒုတိယနေ့တွင် အဆင့် ၃ မှ ၉ အထိ ရှိသော ဝိညာဉ်ဆေးလုံး ပုလင်းပေါင်းသောင်းနှင့်ချီ၍ အပြင်ဘက်စုဆောင်းရာကန်အတွင်း ပေါ်လာတော့သည်။ ကျန်းချန်က တပည့်များကို ထိုဆေးလုံးများအားစုဆောင်းကာ ခွဲဝေပေးရန် တာဝန်ပေးထားသည်။
တစ်ဂိုဏ်းလုံးမှင်တက်သွား၏။ သူနောက်နေခြင်းမဟုတ်။ ၎င်းသည် ဆေးဖော်စပ်တတ်ရုံမျှမကတော့ဘဲ အံ့မခန်းသောစွမ်းရည်ဖြစ်ပေသည်။
မိုချန်ပင်လျှင် လူတစ်ယောက်တည်းက ဤမျှများပြားစွာမည်သို့ထုတ်လုပ်နိုင်သည်ကို နားမလည်နိုင်ဖြစ်နေ၏။ အင်မော်တယ်လောကရှိ အကြီးကျယ်ဆုံးသော ဆေးဆရာကြီးများပင်လျှင် ဤပမာဏကိုမဖော်စပ်နိုင်ကြချေ။
ဂိုဏ်းချုပ်က ခန်းမအတွင်းသို့ မည်သူမျှမချောင်းကြည့်ရန် တားမြစ်ထားသဖြင့် လူတိုင်း၏သိချင်စိတ်မှာ ပေါက်ကွဲလုနီးပါးဖြစ်နေတော့သည်။ နေ့စဉ်နေ့တိုင်း ဆေးပင်များပျောက်ကွယ်သွားပြီး အပြင်ဘက်တွင် ဆေးလုံးအမြောက်အမြား ပေါ်လာမြဲပင်။
“ဂိုဏ်းချုပ်ရဲ့ စိတ်နေစိတ်ထားက ပြောင်းလဲသွားပြီ”
“နေ့တိုင်း ဒီလောက်ဆေးလုံးတွေအများကြီးဖော်စပ်နေရတာ သူဘယ်လောက်ပင်ပန်းနေမလဲ စဉ်းစားကြည့်ဦး”
“ဝန်ခံပါတယ်... သူ့အတွက် တကယ်စိတ်မကောင်းဖြစ်မိတယ်”
“အလုပ်တွေအရမ်းများပြီး သူ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှာကိုတောင်စိုးရိမ်မိတယ်”
“အမှန်ပဲ...”
ခန်းမအတွင်းတွင်မူ ကျန်းချန်သည် အိပ်ရာပေါ်တွင်လဲလျောင်းကာ ရုပ်သေးရုပ်လေးများ၏ သီချင်းသံကိုနားထောင်ရင်း အေးအေးလူလူအိပ်စက်နေ၏။ လူတိုင်းက သူ၏ကျန်းမာရေးအတွက် စိုးရိမ်နေကြလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
သူ့အတွက် ဆေးဖော်စပ်ရန် ဆေးမီးဖိုမလိုအပ်ချေ။ စနစ်၏ဆေးဖော်စပ်ခြင်းလုပ်ဆောင်ချက်တွင် ဆေးနည်းရာပေါင်းများစွာ၏ဘေးရှိ အကွက်ကလေးများကို အမှန်ခြစ်လိုက်ရုံသာ။
ထို့နောက် အပြင်ဘက်ရှိ ဝိညာဉ်ဆေးပင်ပုံကြီးကို ကုန်ကြမ်းအဖြစ်ရွေးချယ်လိုက်သည်။ နောက်ဆုံးအဆင့်မှာ ‘ဆေးဖော်စပ်ခြင်း စတင်ပါ’ ကိုနှိပ်ရုံပင်။ ‘အလိုအလျောက်’ ဆိုသည်ကို နှိပ်ထားရန်လည်းမမေ့ချေ။
ထို့နောက်တွင် သူသည် အေးအေးဆေးဆေးလဲလျောင်းနေရုံသာ။ တိုးတက်မှုပြတန်းမှာ မြန်ဆန်စွာတိုးတက်နေပြီး အောင်မြင်မှုနှုန်းမှာလည်း ရာနှုန်းပြည့်ဖြစ်သည်။
ဆေးလုံးပုလင်းများမှာ စနစ်၏သိုလှောင်ခန်းအတွင်း အလိုအလျောက် စီစီရီရီရောက်ရှိသွား၏။ နောက်တစ်နေ့မနက်တွင် သူလုပ်ရန်မှာ ထိုဆေးလုံးများကိုထုတ်ယူကာ အပြင်ဘက်သို့ထားပေးရန်သာဖြစ်သည်။ ရတနာဆေးလုံးများနှင့် သူတော်စင်ဆေးလုံးများကိုမူ စနစ်သိုလှောင်ခန်းအတွင်း၌သာ ထားရှိသည်။
ထို့အပြင် သူသည် နေ့တိုင်းတွင် တပည့်တစ်ဦး၏ပါရမီကိုလည်း မြှင့်တင်ပေးသေးသည်။ ၎င်းသည် သူ၏အလုပ်ရှုပ်လှသောနေ့စဉ်ဘဝပင်။
လဲလျောင်းရင်း ဆေးဖော်စပ်ခြင်း...
ကျန်းချန်သည် ဆေးဖော်စပ်ခြင်းပုံစံသစ်တစ်ခုကို တီထွင်လိုက်ခြင်းပင်။
“နည်းလမ်းအသစ်ကို စတင်တီထွင်သူဟာ ဆရာကြီးလို့ခေါ်ခံရဖို့ထိုက်တန်ပါတယ်။ ဒါပေမဲ့ ငါက ဂုဏ်ဒြပ်တွေကိုမမက်မောဘဲ အေးအေးဆေးဆေးနေတတ်သူဆိုတော့... ဟူး...”
သူသည် ခြေထောက်နှစ်ဖက်ကိုချိတ်ကာ ထောင့်တွင်အလှပြထားသောဆေးမီးဖိုကြီးကိုကြည့်ရင်း ထိုဆေးမီးဖိုကြီးအတွက် အနည်းငယ်စိတ်မကောင်းဖြစ်မိသွားသည်။ လအနည်းငယ်ကြာ ဤသို့နေထိုင်ပြီးနောက် လျှို့ဝှက်နယ်မြေအတွင်းရှိ ဝိညာဉ်ဆေးပင်များမှာ ကုန်လုနီးပါးဖြစ်သွားခဲ့လေပြီ။
စုစုပေါင်း မည်မျှရှိသည်ကို သူမရေတွက်ထားမိပေ။ တစ်ပုလင်းလျှင် ဆေးလုံး ၁၀ လုံးနှုန်းဖြင့် အနည်းဆုံးပုလင်းပေါင်းသန်းနှင့်ချီ၍ရှိမည်ဖြစ်ပြီး အများစုမှာ ဝိညာဉ်ဆေးလုံးများဖြစ်သည်။ ရတနာဆေးလုံးမှာ ပုလင်းပေါင်းနှစ်သန်းခန့်ရှိပြီး သူတော်စင်ဆေးလုံးမှာမူ အနည်းဆုံးဖြစ်ကာ ပုလင်းပေါင်းသုံးထောင်ခန့်သာရှိသည်။
တစ်နေ့တွင် လန်ယီနှင့် ချင်းစော့တို့ နှစ်ဦးစလုံး ရောက်ရှိလာကြသည်။
“မနက်ဖြန်ဆိုရင် အင်မော်တယ်အမွေအနှစ်မျိုးနွယ်စုကိုးခုကို ကတိပေးထားတဲ့နေ့ရောက်ပြီ... ဟင်းလင်းပြင်အင်မော်တယ်နယ်မြေကိုဖွင့်ကြစို့”