← Chapters

ပြင်ပနယ်မြေမှ ဧည့်သည်တော်များ

Vol. 18 Ch. 179

ပြင်ပနယ်မြေမှ ဧည့်သည်တော်များ

Vol. 18 Ch. 179

“ဘယ်လိုဖွင့်ရမှာလဲ”

၎င်းသည် ကျန်းချန် အမြဲတမ်းသိချင်နေခဲ့သောမေးခွန်းပင်။

အင်မော်တယ်အကျွင်းအကျန်မျိုးနွယ်စုကိုးခုမှာ အလွန်ဝေးကွာသောနေရာများတွင် တည်ရှိနေ၏။ ဥပမာအားဖြင့် ပန်းချီမျိုးနွယ်စုဆိုလျှင် ဝိညာဉ်တစ်ထောင်နယ်မြေနှင့် နယ်မြေပေါင်းတစ်ထောင်ကျော်ဝေးကွာသည်။ ထိုမျှဝေးကွာသောနေရာများမှလူများစုဝေးရန်မှာ အလွန်ခက်ခဲပေမည်။

ထို့အပြင် ကျင့်ကြံသူတစ်ဦးသည် ပိုအစွမ်းထက်လေလေ နယ်မြေတစ်ခုမှတစ်ခုသို့ ဖြတ်ကျော်ရာတွင် ထိုနယ်မြေစည်းမျဉ်းများ၏ဖိနှိပ်မှုကို ပိုခံရလေလေဖြစ်သည်။ ပုံမှန်အားဖြင့် အရှင်မြတ်အဆင့် သို့မဟုတ် သူတော်စင်အဆင့်များမှာ ထိုမျှများပြားသောနယ်မြေများကိုဖြတ်ကျော်ရန် စွန့်စားလေ့မရှိကြချေ။

“အမွေအနှစ်မှော်ရတနာကိုးခုက တစ်ခုနဲ့တစ်ခုအာရုံခံနိုင်စွမ်းရှိကြတယ်”

လန်ယီက ရှင်းပြသည်။

“အကယ်၍ အဲဒီထဲက ငါးခုထက်မနည်းက ဟင်းလင်းပြင်အင်မော်တယ်နယ်မြေကိုဖွင့်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ရတနာအားလုံး အလိုအလျောက်အသက်ဝင်လာလိမ့်မယ်။ အဲဒီအချိန်မှာ ဘယ်သူမှကန့်ကွက်တာမရှိဘူးဆိုရင် နယ်မြေပေါင်းတစ်သောင်းလောက်ဝေးနေရင်တောင် အဲဒီနယ်မြေကိုဖွင့်လို့ရတယ်”

ကျန်းချန်က သိချင်စိတ်ဖြင့်မေးလိုက်၏။

“အကယ်၍ မျိုးနွယ်စုတစ်ခုက နောက်ဆုံးမိနစ်မှာနောင်တရပြီး ငြင်းဆိုလိုက်ရင်ရော”

“ဒါဆိုရင်တော့ ဖွင့်လို့မရတော့ဘူး”

ချင်းစော့က ကြားဖြတ်ပြောလိုက်သည်။

“ဒါပေမဲ့ အဲဒီလိုဖြစ်လာမှာမဟုတ်ပါဘူး။ ငါတို့ မျိုးနွယ်စုကိုးခုလုံးက အင်မော်တယ်လောကကိုသွားဖို့ တောင့်တနေကြတာလေ။ အရင်တုန်းကတော့ တစ်ဦးနဲ့တစ်ဦးရန်ကြွေးတွေရှိနေလို့ အတူတူဆုံးဖြတ်ချက်မချနိုင်ခဲ့ကြတာပဲရှိတာ”

ကျန်းချန်က စနောက်လိုက်၏။

“ဒါဆိုရင်တော့ ဒီပွဲကြီးဖြစ်မြောက်အောင် လိုက်လံစေ့စပ်ပေးခဲ့တဲ့ ပိဖုန်းကိုပဲ ကျေးဇူးတင်ရတော့မလိုပဲ”

ချင်းစော့မှာ ခါးသက်သက် ပြုံးလိုက်ရတော့သည်။ ပိဖုန်းမှာ ရန်သူဖြစ်သော်လည်း သူ၏ကြိုးပမ်းမှုမရှိဘဲ ဤကဲ့သို့ခမ်းနားသောပွဲကြီးမှာ အမှန်တကယ်ဖြစ်မြောက်လာလိမ့်မည်မဟုတ်။

သူမပင်လျှင် အခြားသောမျိုးနွယ်စုခုနစ်ခုအနက် ငါးခု၏တည်နေရာကိုသာသိရှိပြီး ကျန်နှစ်ခု၏တည်နေရာမှာ အစပျောက်နေခဲ့ခြင်းဖြစ်သည်။ ပိဖုန်းကဲ့သို့သောလူမျိုးကသာ သူတို့ကိုရှာဖွေတွေ့ရှိပြီး စည်းရုံးနိုင်ခဲ့၏။

ကျန်းချန်သည် သူ၏တပည့်အားလုံးကို ချက်ချင်းဆင့်ခေါ်လိုက်သည်။

“ငါ ဒီနေ့ မင်းတို့ကိုခေါ်လိုက်တာက ဟင်းလင်းပြင်အင်မော်တယ်နယ်မြေကို ဖွင့်တော့မှာမို့လို့ပဲ။ ငါတို့တစ်ဂိုဏ်းလုံး အဲဒီကိုသွားကြမယ်”

ဤကာလအတွင်း တပည့်များမှာလည်း ဟင်းလင်းပြင်အင်မော်တယ်နယ်မြေအကြောင်း ကြားဖူးနားဝရှိနေကြပြီဖြစ်သည်။ ဒုတိယနှင့် တတိယမျိုးဆက်တပည့်များမှာ အလွန်စိတ်လှုပ်ရှားနေကြ၏။ ထိုနေရာမှာ အင်မော်တယ်လောက မဟုတ်ပါလား။

“ငါတို့ကျင့်ကြံရတဲ့ အန္တိမရည်မှန်းချက်က အင်မော်တယ်လောကကိုတက်လှမ်းဖို့ မဟုတ်ဘူးလား”

“ငါက တာအိုနန်းတော် အဆင့် ၂ ပဲ ရှိသေးတာ၊ တကယ်ပဲ အင်မော်တယ်ဖြစ်နိုင်မှာလား”

“အဘိုးကြီးမိုပြောတာတော့ အင်မော်တယ်လောကမှာလည်း မွေးကတည်းက တာအိုနန်းတော်အဆင့်တွေရှိတယ်တဲ့၊ စိုးရိမ်စရာမရှိဘူး”

“ဟုတ်တယ်... ငါတို့ပါရမီနဲ့ဆို အင်မော်တယ်လောကကိုရောက်ရင်လည်း အောင်မြင်မှာပါ”

“ဟားဟား... ငါတော့ နည်းနည်းမှမစိုးရိမ်ဘူး။ ဂိုဏ်းချုပ်ရှိနေတာပဲ၊ ဘာကြောက်စရာရှိလဲ”

“မှန်တာပေါ့”

သူတို့နှင့်နှိုင်းယှဉ်ပါက စတုတ္ထမျိုးဆက်တပည့်သစ်များမှာမူ ထိုမျှအကောင်းမမြင်နိုင်ကြချေ။

“ဂိုဏ်းချုပ်... ကျွန်တော်ကြားတာတော့ မှော်ရတနာရဲ့ကာကွယ်မှုမပါဘဲနဲ့ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေထဲမှာ အသက်မရှင်နိုင်ဘူးတဲ့”

“ဟုတ်တယ်... ကျွန်တော်တို့ တပည့်ပေါင်းတစ်ထောင်ကျော်ရှိတာ၊ အားလုံးဝင်လို့မရနိုင်ဘူး မဟုတ်လား”

“အရိုးချေဖျက်အလံက လူငါးရာပဲကာကွယ်ပေးနိုင်တယ်လို့ကြားတယ်”

ဤသံသယစကားများကိုကြားသောအခါ အကြီးတန်းတပည့်များက ရယ်မောလိုက်ကြသည်။

“မင်းတို့ အတွေးလွန်နေပြီ”

“ဂိုဏ်းချုပ်က တစ်ဂိုဏ်းလုံးသွားမယ်လို့ပြောရင် အားလုံးကိုခေါ်သွားနိုင်လို့ပဲပေါ့”

“ဂိုဏ်းချုပ်ရဲ့ ရွှမ်ကျီရုပ်ပုံနယ်မြေကို မမေ့ကြနဲ့ဦး”

ကျန်းချန်သည် အချိန်ဆွဲမနေတော့ပေ။ တပည့်တိုင်းကို ရတနာဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံးများ ခွဲဝေပေးပြီးနောက် သူတို့ကို ရွှမ်ကျီရုပ်ပုံအတွင်းသို့ထည့်လိုက်သည်။ တပည့်များအပြင် မိစ္ဆာဘုရင်အဆင့်ရှိ အဖော်တိရစ္ဆာန် ၃၄ ကောင်ကိုလည်း ထည့်သွင်းလိုက်၏။

၎င်းသည် ကြက်နှင့် ခွေးပင် ကောင်းကင်သို့ပျံတက်သည်ဟူသော စကားနှင့်အညီပင်။ မူလကဆိုလျှင် ထိုမိစ္ဆာကြီးများမှာ ဤကဲ့သို့သောအခွင့်အရေးမျိုး ရရှိလိမ့်မည်မဟုတ်။

ရွှမ်ကျီရုပ်ပုံအတွင်းရှိအချိန်စီးဆင်းမှုမှာ အပြင်ဘက်ထက် အဆပေါင်း ၈,၁၀၀ ပိုမြန်နေသည်။ အပြင်ဘက်ရှိတစ်ရက်မှာ အတွင်းဘက်တွင် ရက်ပေါင်း ၈,၁၀၀ နှင့် ညီမျှ၏။

ထို့အပြင် အတွင်းဘက်ရှိ ပတ်ဝန်းကျင်မှာလည်း များစွာတိုးတက်လာခဲ့ပြီဖြစ်သည်။ ရေနှင့် လေများသာမက အပင်များပင် စတင်ပေါက်ရောက်နေပြီဖြစ်ရာ ယခင်ကထက် ပိုမိုကြည့်ကောင်းလာသည်။

ကျန်းချန်သည် ရွှမ်ကျီရုပ်ပုံကိုထိန်းချုပ်နိုင်လာသဖြင့် အတွင်းဘက်ရှိအခြေအနေများကို အချိန်မရွေးသိရှိနိုင်သည်။ တပည့်ပေါင်းတစ်ထောင်ကျော် တစ်ပြိုင်နက်ပျောက်ကွယ်သွားသည်ကိုမြင်သောအခါ လန်ယီမှာ ယခင်ကမြင်ဖူးသဖြင့် အေးဆေးနေသော်လည်း ဘေးနားရှိချင်းစော့မှာမူ ပါးစပ်အဟောင်းသားဖြစ်သွား၏။

“ဂိုဏ်းချုပ်ကျန်း... သူတို့ကို ဘယ်မှာထားလိုက်တာလဲ”

“ဩော်... အဲဒါ ငါ့ရဲ့ ကျင့်ကြံခြင်းနယ်မြေပါ၊ လူအတော်များများ ဆံ့ပါတယ်။ ဒါက ဘာမှမဟုတ်တဲ့ လှည့်ကွက်လေးတစ်ခုပါပဲ”

ဘာမှမဟုတ်တဲ့ လှည့်ကွက်လေးတစ်ခုဟုတ်လား။ ဤကဲ့သို့သော နည်းလမ်းမျိုးကို ချင်းစော့ တစ်ခါမျှ မကြားဖူးပေ။

သူမ၏ မှတ်ဉာဏ်ထဲတွင် ယခင်က အင်မော်တယ်ဘိုးဘေးကြီးကိုးဦးပင် ဤကဲ့သို့သောအရာမျိုးကို မလုပ်နိုင်ခဲ့ကြချေ။ ဤလူသည် မည်မျှအထိ အံ့ဩစရာကောင်းနေသနည်း။

“ဟို... ဂိုဏ်းချုပ်ကျန်း၊ အဲဒီနယ်မြေထဲကို ကျွန်မတို့နှလုံးသားဌာနကလူတွေကိုပါ ခေါ်သွားလို့ရမလား”

နှလုံးသားဌာန၏ နှလုံးသားထိုးဖောက်ကန်တော့မှာ လူငါးရာသာဆံ့သဖြင့် ပြင်းထန်သောယှဉ်ပြိုင်မှုများပြုလုပ်ပြီးမှ လူရွေးချယ်ထားရခြင်းဖြစ်သည်။ မည်သူက မိမိ၏မျိုးနွယ်စုဝင်များကို ပိုမခေါ်မည်နည်း။

ဤအချက်နှင့်ပတ်သက်၍ ကျန်းချန်မှာ မတတ်နိုင်ပေ။ ရွှမ်ကျီရုပ်ပုံမှာ အလွန်ကျယ်ပြောသော်လည်း လက်ရှိတွင် လူပေါင်း ၁,၂၄၅ ဦးသာ ဆံ့နိုင်သည်။ ထိုထက်ကျော်လွန်သွားပါက ရတနာမှာပြိုကွဲပျက်စီးသွားနိုင်၏။ နေရာလွတ် အနည်းငယ်ကျန်ရှိနေသေးသော်လည်း ဟင်းလင်းပြင်အင်မော်တယ်နယ်မြေအတွင်း မည်သို့သော မမျှော်လင့်ထားသည့်ကိစ္စများဖြစ်လာမည်ကို မသိနိုင်ပေ။

သူတို့ကိုနေရာချပေးပြီးနောက်တွင် မိုချန်၊ မျက်စိသုံးလုံးကျား၊ လိပ်နက်ဘုရင်၊ လန်ယီနှင့် အဝါလေးတို့သာ ကျန်တော့သည်။ ရှေ့ဆုံးမှသုံးဦးမှာ သူတော်စင်အဆင့်များဖြစ်ကြပြီး အရိုးချေဖျက်အလံ၏ကာကွယ်မှုဖြင့် ဟင်းလင်းပြင်အင်မော်တယ်နယ်မြေအတွင်း အသက်ရှင်နိုင်ကြလိမ့်မည်။ လန်ယီသည်လည်း မကြာသေးမီကပင် အရှင်မြတ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ သူမ၏ခွန်အားမှာလည်း လျှော့တွက်၍မရချေ။

အဝါလေးမှာမူ အနည်းငယ်ခေါင်းခဲစရာကောင်းနေသည်။ နောက်တစ်နေရာပြောင်းရမည်ဟု ကြားသောအခါ သူမ လုံးဝမသွားချင်ပေ။ ကျန်းချန်က သူမအား ယခုနေရာထက် ဆယ်ဆပိုကောင်းသော ဝိညာဉ်သွေးကြောဆီသို့ခေါ်သွားမည်ဟု မက်လုံးပေးပြီးမှသာ ဤဘိုးဘေးမလေးကို စည်းရုံးနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့ မွန်းလွဲပိုင်းတွင် ဖေးရှန်ဂိုဏ်း၏ အပြင်ဘက်သို့ ဧည့်သည်တော်များ ရောက်ရှိလာကြသည်။ ကျန်းချန်သည် လျှို့ဝှက်နယ်မြေအတွင်းမှ ထွက်ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် ခန့်ညားထည်ဝါသော ကျင့်ကြံသူသုံးရာကျော်ပျံဝဲနေသည်ကို တွေ့လိုက်ရ၏။

ထိုလူသုံးရာကျော်အနက် တစ်ရာကျော်မှာ တူညီသောအပြာရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ကျန်သည့်လူများမှာ ဝတ်စုံများကွဲပြားနေသော်လည်း တူညီသောအချက်တစ်ခုရှိသည်။ ၎င်းမှာ လူတိုင်း၏ကျောပေါ်တွင် ဓားတစ်လက်စီလွယ်ထားကြခြင်းပင်။

ကျန်းချန်က စနစ်ဖြင့်စစ်ဆေးကြည့်လိုက်သောအခါ လန့်သွားရသည်။ ဤလူသုံးရာကျော်အနက် ၃၄ ဦးမှာ သူတော်စင်အဆင့်ကျွမ်းကျင်သူများဖြစ်နေကြ၏။ ကျန်သည့်လူများမှာလည်း အရှင်မြတ်အဆင့်များဖြစ်ကြသည်။

ဟား... ဒီလူတွေ ဘယ်က ရောက်လာကြတာလဲ...

ဤလူအနည်းငယ်ကို လွှတ်လိုက်ရုံဖြင့် ယခင်ဝိညာဉ်တစ်ထောင်နယ်မြေတစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်နိုင်စွမ်း ရှိကြပေသည်။

“မင်းတို့က ဘယ်သူတွေလဲ”

ဖြူဖွေးသော မုတ်ဆိတ်ရှည်များ၊ နုပျိုသောမျက်နှာနှင့် ဆံပင်ဖြူဖြူများဖြင့် အဘိုးအိုတစ်ဦးက ပြုံးလျက်ရှေ့တက်လာသည်။

“မင်းက ဖေးရှန်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ကျန်းချန်လား”

“မှန်ပါတယ်”

“ငါတို့က ဓားနယ်မြေက လာတာပါ။ ငါကတော့ ကွေ့ကျန့်ဓားသူတော်စင်ပါ”

သူသည် ဘေးနားရှိ အဖြူရောင်ဝတ်စုံနှင့် အလွန်နုပျိုသောလူငယ်တစ်ဦးကို ညွှန်ပြလိုက်သည်။ ထိုလူငယ်မှာ အမှန်တကယ်တွင် နှစ်သန်းပေါင်းများစွာ အသက်ရှင်ခဲ့သူဖြစ်၏။

“ဒါကတော့ လင်းရှင်း ဓားသူတော်စင်ပဲ”

“ပြီးတော့ ဒါကတော့ ဝမ်းနည်းခြင်း ဓားသူတော်စင်ပါ”

သူ၏ ညာဘက်မှ မျက်နှာညှိုးငယ်နေသော လူလတ်ပိုင်းတစ်ဦးက ကျန်းချန်ကို အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

ဓားနယ်မြေဟုတ်လား...

ကျန်းချန် တစ်ခါမျှမကြားဖူးသော်လည်း လိပ်နက်ဘုရင်ကတော့ ကြားဖူးသည်။

“သခင်... အောက်လောကရဲ့ နယ်မြေတစ်သောင်းထဲမှာ ဓားနယ်မြေက အစွမ်းအထက်ဆုံးနယ်မြေသုံးခုထဲမှာပါတယ်... အလွန် အစွမ်းထက်တယ်”

နယ်မြေတစ်ခုတည်းမှာပင် သူတော်စင်အဆင့် ၃၄ ဦး ရှိနေခြင်းမှာ အံ့မခန်းစရာပင်။ မျက်စိသုံးလုံးကျားက ကျန်းချန်ကို တိုးတိုးလေးသတိပေးလိုက်သည်။

“သတိထား... သူတို့က တခြားနယ်မြေကိုရောက်နေလို့ စည်းမျဉ်းတွေရဲ့ဖိနှိပ်မှုကိုခံထားရပေမဲ့လည်း လွယ်လွယ်နဲ့ရန်စလို့ရတဲ့လူတွေမဟုတ်ဘူး”

“မင်းတို့ ဘာကိစ္စနဲ့လာတာလဲ”

ကျန်းချန် မကြောက်ပေ။ သူ၏ အသက်ပြန်ရှင်ခြင်းအကြိမ်ရေအပြည့် ရှိနေသည်မဟုတ်ပါလား။ ထို့ပြင် တစ်ဖက်လူများမှာလည်း ရန်လိုသည့်ပုံစံမပေါ်ပေ။

အမှန်တကယ်တွင် တစ်ဖက်လူများမှာလည်း ကျန်းချန်ကိုကြည့်ကာ အံ့ဩနေကြခြင်းဖြစ်သည်။ ဝိညာဉ်တစ်ထောင်နယ်မြေကဲ့သို့ အားနည်းသောနေရာမှ ဂိုဏ်းချုပ်တစ်ဦးမှာ အရှင်မြတ်အဆင့် ၈ သာ ရှိသော်လည်း မိစ္ဆာဘုရင်တစ်ပါးကို စီးတော်ယာဉ်အဖြစ်အသုံးပြုကာ အခြားမိစ္ဆာဘုရင်တစ်ပါးကိုလည်း လက်အောက်ခံအဖြစ်ထားရှိနိုင်ခြင်းမှာ သူတို့၏ဓားနယ်မြေတွင်ပင် မည်သူမျှမလုပ်ဆောင်နိုင်ခဲ့သော အရာဖြစ်သည်။ ထို့အပြင် မိုချန်၏အရှိန်အဝါကြောင့် သူတို့၏ဝိညာဉ်များမှာ ထိတ်လန့်မှုကိုခံစားနေရ၏။

All Chapters