← Chapters

ဟင်းလင်းပြင်အင်မော်တယ်နယ်မြေကို ဖွင့်လှစ်ခြင်း

Vol. 18 Ch. 180

ဟင်းလင်းပြင်အင်မော်တယ်နယ်မြေကို ဖွင့်လှစ်ခြင်း

Vol. 18 Ch. 180

ကွေ့ကျန့် ဓားသူတော်စင်က သူ၏မုတ်ဆိတ်ကိုပွတ်သပ်ရင်း ပြုံးလျက်ပြောလိုက်သည်။

“ဂိုဏ်းချုပ်ကျန်း... စိတ်မရှိပါနဲ့။ ငါတို့က ဟင်းလင်းပြင်အင်မော်တယ်နယ်မြေဖွင့်ပွဲအတွက် ရောက်လာကြတာပါ”

“လွန်ခဲ့တဲ့အချိန်အနည်းငယ်က ပိဖုန်းသူတော်စင်ရဲ့ဓမ္မခန္ဓာက ဓားနယ်မြေကိုရောက်လာခဲ့ပြီး နယ်မြေဖွင့်မယ့်နေ့မှာ ဝိညာဉ်တစ်ထောင်နယ်မြေမှာဆုံကြဖို့နဲ့ အတူတူဝင်ကြဖို့ ငါတို့ကိုကတိပေးခဲ့တယ်”

“ဒါပေမဲ့ ဒီကိုရောက်တော့မှ သူက ဂိုဏ်းချုပ်ကျန်းရဲ့လက်ချက်နဲ့ သေဆုံးသွားပြီလို့ကြားရတာပဲ။ ဒါဆိုရင် အရိုးချေဖျက်အလံက ဂိုဏ်းချုပ်ကျန်းရဲ့လက်ထဲကို ရောက်နေပြီပေါ့လေ”

ကျန်းချန်က ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်တယ်... ငါ့ဆီမှာရှိတယ်”

ဟမ်... ပိဖုန်းက လူတွေကိုပါ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေထဲဝင်ဖို့ လိုက်ပြီးစည်းရုံးနေခဲ့တာလား...

ဒီကောင် တော်တော်လေးအလုပ်ရှုပ်ခဲ့တာပဲ...

“ဒီအဘိုးကြီးမှာ ရိုင်းပျတဲ့တောင်းဆိုမှုတစ်ခု ရှိပါတယ်။ ဂိုဏ်းချုပ်ကျန်း ဟင်းလင်းပြင်အင်မော်တယ်နယ်မြေကို ဖွင့်ပြီးတဲ့နောက်မှာ ငါတို့အားလုံးကို နောက်ကနေ လိုက်ခွင့်ပြုနိုင်မလား”

ကွေ့ကျန့် ဓားသူတော်စင်က အလွန်ယဉ်ကျေးပျူငှာစွာ ပြောဆိုနေခြင်းဖြစ်သည်။

အကယ်၍ သူကငြင်းလိုက်လျှင် တစ်ဖက်လူများက ရန်မူလာမလားဆိုသည်ကို ကျန်းချန်မသိပေ။ မည်သို့ပင်ဖြစ်စေ သူတို့သည် အင်အားအဆမတန်သာလွန်နေသော်လည်း ဤကဲ့သို့ ယဉ်ကျေးစွာဆွေးနွေးနေခြင်းမှာ ရှားပါးလှပေသည်။ ကျန်းချန်၏အမြင်အရဆိုလျှင် ၎င်းသည် လူမှုရေးနားလည်ပြီး မျက်နှာသာပေးခြင်းပင်။

သူတို့ကို နောက်ကလိုက်ခွင့်ပေးခြင်းမှာ သူ့အတွက် အပိုကုန်ကျစရိတ်မရှိသလို ထိခိုက်မှုလည်းမရှိသဖြင့် သူငြင်းရန်အကြောင်းမရှိ။

“ရတာပေါ့... ဒါပေမဲ့ မနက်ဖြန်အထိတော့စောင့်ရမယ်။ အားလုံးသိတဲ့အတိုင်း ဒါကိုဖွင့်ဖို့ မှော်ရတနာကိုးခုလုံး စုံရမှာလေ”

သူသည် လက်နှစ်ဖက်ကိုဖြန့်ပြလိုက်ပြီး လျှို့ဝှက်နယ်မြေအတွင်းသို့ ပြန်ဝင်ရန်ပြင်လိုက်သည်။ ထိုစဉ် လင်းရှင်း ဓားသူတော်စင်က ရုတ်တရက် မေးလိုက်၏။

“မှော်ရတနာ ကိုးခုလား။ ဘယ်လိုကိုးခုလဲ။ တစ်ခုတည်းမဟုတ်ဘူးလား”

“ဟင်...”

ကျန်းချန် အခြေအနေ တစ်ခုခုမှားနေသည်ကို ရိပ်မိသွားသည်။

“ဘယ်သူက တစ်ခုတည်းလို့ပြောတာလဲ။ ပိဖုန်းလား”

“ဟုတ်ပါတယ်”

“ဒါဆိုရင်တော့ လိမ်ခံလိုက်ရပြီ။ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေကိုဖွင့်ဖို့ အမွေအနှစ်မှော်ရတနာကိုးခုရဲ့ပေါင်းစပ်အစွမ်း လိုအပ်တယ်။ အရိုးချေဖျက်အလံက အဲဒီထဲကတစ်ခုပဲရှိသေးတာ”

လင်းရှင်း ဓားသူတော်စင်က မျက်ခုံးပင့်ကာ အံ့ဩတကြီး မေးလိုက်သည်။

“ဒါဆိုရင် အဝင်ဝကရော။ အဝင်ဝလည်း ကိုးခုရှိတာလား”

“မှန်တာပေါ့”

လန်ယီက ရှေ့သို့တက်လာပြီး အင်မော်တယ်အကျွင်းအကျန်မျိုးနွယ်စုကိုးခု၏ မှော်ရတနာကိုးခုနှင့် ဟင်းလင်းပြင်အင်မော်တယ်နယ်မြေအကြောင်းကို အကျဉ်းချုပ်ရှင်းပြလိုက်သည်။ ဓားနယ်မြေမှလူများမှာ တစ်ဦးကိုတစ်ဦးကြည့်ကာ မျက်နှာပျက်သွားကြတော့သည်။

“ပိဖုန်း... ဒီကောင်ကတော့ တကယ့်ကို သေသင့်တာပဲ”

“ငါတို့ လိမ်ခံလိုက်ရတာပဲ”

“အကယ်၍ သူသာမသေသေးရင် ငါကိုယ်တိုင် သူ့ကိုလိုက်သတ်မိမှာ”

ကျန်းချန်က သိချင်စိတ်ဖြင့်မေးလိုက်၏။

“သူက ဘယ်လိုလိမ်သွားတာလဲ။ အဝင်ဝတစ်ခုပဲရှိတယ်လို့ ပြောတာလား”

လင်းရှင်း ဓားသူတော်စင်က လေသံမာမာဖြင့်ပြောလိုက်သည်။

“ဟုတ်တယ်... သူက အင်မော်တယ်နယ်မြေထဲဝင်ခွင့်ပေးမယ်ဆိုတဲ့ကတိနဲ့ ငါတို့ဆီကနေ ထာဝရအလင်းဓားနှလုံးသားကိုတောင် ယူသွားသေးတယ်”

ဟား... ဒီကောင်ကတော့ တကယ့်စီးပွားရေးပါရမီရှင်ပဲ။ ကျန်းချန်မှာ ပိဖုန်း၏ ပါးနပ်လွန်းသောအကြံအစည်ကြောင့် မှင်တက်သွားရသည်။

သူက တစ်နယ်မြေဝင် တစ်နယ်မြေထွက် လျှောက်သွားနေသည်မှာ အကြောင်းမဲ့မဟုတ်ဘဲ စီးပွားရေးလိုက်လုပ်နေခြင်းဖြစ်သည်။

ဒါနဲ့ အဲဒီထာဝရအလင်းဓားနှလုံးသားက ဘယ်ရောက်သွားတာလဲ။ ပြီးခဲ့တဲ့တစ်ခေါက် သူသေသွားတုန်းက သိမ်းဆည်းရမိတဲ့ သူ့လက်စွပ်ထဲမှာ အရိုးချေဖျက်အလံနဲ့ တခြား သာမန်ပစ္စည်းတွေပဲ ပါတာလေ။

ကျန်းချန်မှာ အရှုံးပေါ်သွားသလို ခံစားလိုက်ရ၏။ ဤကဲ့သို့သော စီးပွားရေးမျိုးရှိမှန်းသိလျှင် သူကိုယ်တိုင် အရင်ဦးအောင်လုပ်လိုက်မိမည်ဖြစ်သည်။

ဓားနယ်မြေမှလူများသည် လျှို့ဝှက်နယ်မြေ၏အပြင်ဘက်တွင် ခေတ္တအခြေချလိုက်ကြသည်။ တစ်ညလုံးတွင် အခြားသောနယ်မြေများမှ ကျွမ်းကျင်သူများ ဆက်တိုက်ရောက်ရှိလာ၏။

နယ်မြေပေါင်းစုံမှ အရှင်သခင်များ ရောက်လာကြရာ...

အရိုးနယ်မြေမှ အရိုးဘုရင် သုံးပါး၊ ပိုင်လျန်နယ်မြေမှ လက်နက်သူတော်စင်နှစ်ပါး၊ ယိုဟန်နယ်မြေမှ သရဲဘုရင်ငါးပါး၊ ရွှမ်လင်နယ်မြေမှ ဝိညာဉ်အရှင်သုံးပါး၊ တာ့မုန့်နယ်မြေမှ အိပ်မက်နတ်ဘုရားနှစ်ပါး၊ ထျန်ရှုနယ်မြေမှ စာပေသူတော်စင် ၁၄ ပါး...။ သူတို့၏ ကျင့်ကြံမှု စနစ်များမှာ ကွဲပြားသဖြင့် ဘွဲ့ထူးများမှာ ကွဲပြားနေသော်လည်း အားလုံးမှာ သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ရှိသူများ ဖြစ်ကြသည်။

ထိုလူများသည် အရှင်မြတ်အဆင့် သို့မဟုတ် တာအိုနန်းတော်အဆင့်ရှိသော နောက်လိုက်တပည့်များကိုလည်း အနည်းငယ်မှ အယောက်တစ်ရာခန့်အထိ ခေါ်ဆောင်လာကြသည်။

ကျန်းချန်မှာ ယခုမှပင် ဗဟုသုတတိုးတော့သည်။ နယ်မြေပေါင်းစုံမှအုပ်စိုးသူများမှာ လူသားများမဟုတ်ကြချေ။

လက်နက်သူတော်စင်နှစ်ပါးမှာ အမှန်တကယ်တွင် သူတော်စင်အဆင့်လက်နက်နှစ်ခုဖြစ်ပြီး သရဲဘုရင်ငါးပါးမှာမူ မီးခိုးငွေ့ပုံစံများဖြစ်၏။ ရွှမ်လင်နယ်မြေမှဝိညာဉ်အရှင်များမှာ လူသားခန္ဓာရှိသော်လည်း ဦးခေါင်းများမှာ နဂါး၊ ဝံပုလွေနှင့် နွားသိုး ဦးခေါင်းများ ဖြစ်နေကြသည်။ မိုချန်၏ ရှင်းပြချက်အရ သူတို့သည် ငယ်စဉ်ကတည်းက သားရဲဝိညာဉ်များ၏စွမ်းအားကို ကျင့်ကြံခဲ့ကြခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။

တာ့မုန့်နယ်မြေမှ အိပ်မက်နတ်ဘုရားများမှာမူ ဤနေရာသို့ရောက်သည်အထိ အိပ်ပျော်နေကြပြီး စကားပြောလျှင်ပင် မျက်လုံးမဖွင့်ကြချေ။ ထျန်ရှုနယ်မြေမှ စာပေသူတော်စင် ၁၄ ပါးမှာမူ ကျောက်ပြားများ၊ ဝါးပြားများ သို့မဟုတ် စက္ကူလိပ်များ ထည့်ထားသည့်သေတ္တာများ ကိုယ်စီသယ်ဆောင်လာကြသည်။ ဤပုံစံမှာ ထူးဆန်းလွန်းနေသည်မဟုတ်လော။

ကံကောင်းလို့ ငါ ဝိညာဉ်တစ်ထောင်နယ်မြေကိုအရင်ရောက်ခဲ့တာ၊ မဟုတ်ရင် ဒီလိုလူတွေနဲ့အသားကျဖို့ တော်တော်ခက်ဦးမှာပဲ။

သူတို့သည် နယ်မြေဖြတ်ကျော်လာရသဖြင့် စည်းမျဉ်းများ၏ဖိနှိပ်မှုကို ခံထားရသောကြောင့်လား သို့မဟုတ် ပိုမိုအစွမ်းထက်သော ဓားနယ်မြေမှလူများ ရှိနေသောကြောင့်လား မသိသော်လည်း ကျန်သည့်နယ်မြေများမှလူများမှာ ငြိမ်သက်စွာရှိနေကြသည်။

မှန်ပါသည်... ပိဖုန်း၏လိမ်ညာမှုကိုသိသွားပြီးနောက် လူတိုင်းက သူ့ကို အရှင်လတ်လတ် အရေခွံခွာချင်နေကြသည်။ ဝိညာဉ်တစ်ထောင်နယ်မြေသို့ စောရောက်နေသောလူတိုင်းမှာ ပိဖုန်း၏စည်းရုံးမှုကိုခံခဲ့ရသူများ ဖြစ်ကြသည်။

နောက်တစ်နေ့ရောက်သောအခါ ကျန်းချန်ပင် ထပ်မံညည်းညူလိုက်မိသည်။

“ဟူး... နယ်မြေပေါင်း ၁၆ ခုတောင် ရောက်လာကြပြီ။ ပိဖုန်းရဲ့စီးပွားရေးက တော်တော်လေးကျယ်ပြန့်တာပဲ”

“ထူးဆန်းတယ်... ငါတို့ရဲ့ ကောင်းကင်မိစ္ဆာနယ်မြေက ဝိညာဉ်တစ်ထောင်နယ်မြေနဲ့ ကပ်နေတာတောင် တစ်ယောက်မှမလာကြဘူး”

မျက်စိသုံးလုံးကျားမှာ ယခင်ကထက် ပိုမိုငြိမ်သက်နေသည်။ သူတော်စင်အဆင့် ကျွမ်းကျင်သူများစွာရှိနေပြီး အများစုမှာ သူတော်စင်အဆင့် နောက်ဆုံးအဆင့် သို့မဟုတ် အထွတ်အထိပ်အဆင့်များ ဖြစ်နေကြရာ သူ ဘေးကင်းလုံခြုံမှုမရှိသလို ခံစားနေရသည်။

ကောင်းကင်မိစ္ဆာနယ်မြေမှ မိစ္ဆာဘုရင် ၁၂ ပါးမှာ ပုံမှန်အားဖြင့် မတည့်ကြသော်လည်း ယခုကဲ့သို့ အခြားနယ်မြေမှလူများကိုရင်ဆိုင်ရချိန်တွင် မိမိ၏အမျိုးအနွယ်များကို မြင်ချင်မိနေသည်။ ထိုသို့မြင်ရမှသာ သူ့ကိုယ်သူ ယုံကြည်မှုရှိလာမည် မဟုတ်ပါလား။

မိုချန်က လှောင်ပြောင်လိုက်သည်။

“ပိဖုန်းက သူတို့ကို အကြောင်းမကြားခဲ့တာဖြစ်မှာပေါ့။ အားကိုးစရာရှာဖို့ မစဉ်းစားနဲ့တော့”

“အဘိုးကြီး... ပါးစပ်ပိတ်ထားစမ်း။ ရွှေနဂါးမင်းကြီး လမ်းမှာရောက်နေလောက်ပြီ”

သို့သော် ယခုတစ်ကြိမ်တွင်မူ ကျားကြီး စိတ်ပျက်ရပေတော့မည်။ ပိဖုန်းသည် ကောင်းကင်မိစ္ဆာနယ်မြေသို့ သွားရောက်စည်းရုံးရန် စဉ်းစားခဲ့သော်လည်း ထိုနေရာမှဒေသခံများမှာ အလွန်ကြမ်းတမ်းလွန်းလှသည်။ သူရောက်သွားချိန်တွင် စကားမပြောရသေးဘဲ မျောက်ဘုရင်၏အရိုက်ခံရပြီး ပြန်ပြေးခဲ့ရ၏။ အကယ်၍ သူအလျင်အမြန်ထွက်မပြေးခဲ့ပါက သူ၏ဓမ္မခန္ဓာပင် ပျက်စီးသွားပေလိမ့်မည်။

သတ်မှတ်အချိန် ရောက်ရှိလာလေပြီ။ ကျန်းချန်နှင့် ချင်းစော့တို့သည် နှလုံးသားဌာနမှလူများနှင့်အတူ လျှို့ဝှက်နယ်မြေအတွင်းမှ ထွက်လာ၏။ အပြင်ဘက်တွင် နယ်မြေ ၁၆ ခုမှ ထိပ်တန်းကျွမ်းကျင်သူများ စောင့်ဆိုင်းနေကြပြီဖြစ်သည်။

အတွင်းမှ လူများထွက်လာသည်ကိုမြင်လျှင် ယိုဟန်နယ်မြေမှ သရဲဘုရင်များနှင့် ရွှမ်လင်နယ်မြေမှ ဝိညာဉ်အရှင်များက ဝိုင်းအုံလိုက်ကြသည်။

“မင်းတို့ နောက်ဆုံးတော့ ထွက်လာပြီပေါ့...”

သူတို့စကားမဆုံးခင်မှာပင် နောက်ဘက်ရှိ ကွေ့ကျန့် ဓားသူတော်စင်က ကြားဖြတ်ပြောလိုက်သည်။

“ဂိုဏ်းချုပ်ကျန်း... ဒုက္ခပေးမိတဲ့အတွက် အားနာပါတယ်”

ဤအဘိုးအို ဓားသူတော်စင်မှာ ပြုံးလျက် ဖော်ရွေသောအမူအရာ ရှိနေဆဲပင်။ သူ့စကားကြောင့် သရဲဘုရင်များနှင့် ဝိညာဉ်အရှင်များမှာ ဘာမှထပ်မပြောရဲတော့ဘဲ နောက်ဆုတ်သွားကြသည်။

ကျန်းချန်မှာ အနည်းငယ်နှမြောသွား၏။ ဤသရဲဘုရင်များနှင့် ဝိညာဉ်အရှင်များမှာ တစ်ခုခုလုပ်ချင်နေပုံပေါ်သည်ကို အဘိုးကြီးက ဘာလို့တားလိုက်တာလဲ။ သူကတော့ လူရှေ့သူရှေ့မှာ သူတို့ကိုပြန်သတ်ပြီး အမှတ်တွေရယူချင်နေခြင်းဖြစ်သည်။

သူ့တွင် အမှတ်များစွာ အရေးတကြီးလိုအပ်နေသည်။ နောက်တစ်ဆင့် ထပ်တိုးလိုက်ပါက ရွှမ်ကျီရုပ်ပုံအတွင်း ဝိညာဉ်သွေးကြောတစ်ခုဖန်တီးနိုင်မည်ဖြစ်ပြီး ထိုအခါမှသာ အဝါလေးကို ထိုနေရာသို့ အရင်ပြောင်းရွှေ့ပေးနိုင်မည်။ ယခုကဲ့သို့ သူ့ပုခုံးပေါ်တွင် အမြဲအခြေချနေခြင်းကို သူ မလိုလားတော့ချေ။

သတ်မှတ်ထားသောအချိန်သို့ ရောက်သောအခါ ကျန်းချန်၏လက်ထဲရှိ အရိုးချေဖျက်အလံနှင့် ချင်းစော့၏လက်ထဲရှိ နှလုံးသားထိုးဖောက်ကန်တော့တို့မှာ တစ်ပြိုင်နက်တည်း တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။ ခရမ်းရောင်နှင့် အဖြူရောင် အလင်းတန်းများမှာ ပိုမိုတောက်ပလာပြီး မှော်ရတနာနှစ်ခု၏အပေါ်တွင် တဖြည်းဖြည်းလည်ပတ်နေသော ကွင်းဆက်ပုံရိပ်ယောင်များ ပေါ်လာသည်။ ထိုပုံရိပ်ယောင်များ မည်မျှအထိ ရှည်လျားသည်ကို မည်သူမျှမသိနိုင်ချေ။

ဝေးကွာလှသော ဟင်းလင်းပြင်ကြီးထဲတွင် ငွေရောင်ဝဲဂယက်ကြီးတစ်ခု တဖြည်းဖြည်းပေါ်လာ၏။ ၎င်းမှာ မျက်စိရှေ့တွင်ရှိနေသကဲ့သို့ထင်ရသော်လည်း အမှန်တကယ်တွင်မူ သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ဦး ရက်ပေါင်းများစွာပျံသန်းလျှင်ပင် ရောက်နိုင်လိမ့်မည်မဟုတ်။ အကြောင်းမှာ ထိုမြင်ကွင်းသည် ဝိညာဉ်တစ်ထောင်နယ်မြေမှ မြင်ကွင်းမဟုတ်ဘဲ အခြားနယ်မြေတစ်ခုမှမြင်ကွင်း ဖြစ်နေသောကြောင့်ပင်။

“အဲဒါ မိုးကြိုးဌာနရဲ့ တိမ်ခွင်းတူပဲ၊ သူတို့လည်း အသက်သွင်းလိုက်ပြီ”

ချင်းစော့၏ အသံအဆုံးတွင် ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး သူ၏လက်ထဲရှိမှော်ရတနာကို လွှတ်လိုက်တော့သည်။

All Chapters