အခန်း (၁၆၁)
Vol. 17 Ch. 161
"ငါ့ရဲ့ အာရုံခံစားမှုက လွဲနေတာများလား..."
"ဘာပဲဖြစ်ဖြစ် အထဲကိုဝင်ပြီး တစ်ခုချင်းစီ သေသေချာချာ စစ်ဆေးကြည့်တာပေါ့။ ပြီးမှပဲ ကောက်ချက်ချတော့မယ်။ အာရုံခံစားမှုဆိုတာကလည်း အမြဲတမ်း တစ်ထစ်ချ ယုံကြည်လို့ရတာမှ မဟုတ်တာ"
တစ်ခါတလေ လူတွေက ဒီလိုပါပဲ။
ထီလက်မှတ်တစ်စောင်ကို ခြစ်နေရင်း ကျေးဆိုတဲ့ စာလုံးကို မြင်လိုက်ရရင်တောင် နောက်ဆုံး ကျေးဇူးတင်ပါသည်ဆိုတဲ့ စာလုံးအပြည့်အစုံ ပေါ်လာတဲ့အထိ လက်တွေ့ဘဝရဲ့ ရက်စက်မှုကို မယုံကြည်နိုင်ဘဲ ဆက်ခြစ်နေတတ်ကြသလိုမျိုးပေါ့။
ရွှီရန်လည်း ထိုစိတ်ဓာတ်၊ ထိုစိတ်ပညာအတိုင်းပင်။
"တကယ်လို့များ..." ဆိုတဲ့ မျှော်လင့်ချက်လေး ရှိနေသေးသည်။
တကယ်လို့များ မမျှော်လင့်ထားတဲ့ အံ့ဩစရာတစ်ခုခု ရှိနေခဲ့ရင်ရော…
ဘယ်သူမှ သတိမထားမိတဲ့ ထောင့်တစ်နေရာမှာ သူတစ်ယောက်တည်းပဲ မြင်နိုင်တဲ့ စူပါရတနာ တစ်ခု ရှိနေပြီး အဲဒါက ကြက်သွေးရောင်ရတနာပုလဲထဲက မြူနှင်းတွေကို ဖယ်ရှားပေးနိုင်ရုံတင်မက သူ့အတွက် အပိုဝှက်ဖဲတစ်ခုပါ ဖြစ်လာမယ်ဆိုရင် အကောင်းဆုံး မဟုတ်ဘူးလား။
ကြက်သွေးရောင်ရတနာပုလဲနဲ့ နတ်ဘုရားအဆင့် ရတနာတို့ ပေါင်းစပ်သွားမယ်ဆိုရင် ဘယ်လောက်တောင် အားရစရာကောင်းလိုက်မလဲ။
ရွှီရန်က ယုံကြည်မှုအပြည့်ဖြင့် ခြေလှမ်းကျဲကျဲ လှမ်းလိုက်သည်။
"ငါ့အမှတ်က ၂၂၃ အမှတ်တောင် ရှိတာ။ ကျင့်ကြံခြင်း ပထမဆုံးနေ့မှာတင် နတ်ဘုရားမြစ်ဖျားခံစွမ်းအား ၃ စက်တောင် ရခဲ့တာပဲ... ကံတရားအပေါ် ယုံကြည်မှုထားတဲ့နေရာမှာတော့ ငါ နည်းနည်းလောက် ပိုပြီး ရဲတင်းသင့်တာပေါ့"
ထိုသို့တွေးရင်း သူသည် နတ်ဘုရားအဆင့် ရတနာတိုက်အတွင်းသို့ ဝင်ရောက်ကာ အပတ်တကုတ် ရွေးချယ်ရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း ထိုရတနာတိုက်ထဲတွင် အာရုံအဖမ်းစားနိုင်ဆုံး အရာများမှာ အလယ်ဗဟိုတွင် ထားရှိထားသော နတ်ဘုရားအဆင့် ရှေးဟောင်းပစ္စည်းသုံးမျိုးပင်။
၎င်းတို့သည် သက်ဆိုင်ရာ နေရာအသီးသီးတွင် ငြိမ်သက်စွာ တည်ရှိနေကြသည်။
ထူးခြားသော အလင်းရောင်များ တောက်ပဖြာထွက်နေပြီး ဆွဲဆောင်မှုရှိလွန်းလှရာ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် မျက်တောင်မခတ်နိုင်အောင် ဖြစ်သွားရသည်။
ရွှီရန်က စူးစမ်းလိုစိတ်ဖြင့် "ဒါက ကျောက်စိမ်းသန့်စင် မိုးမခသားလား။ ဘာလို့ ဒီလောက်တောင် သက်ဝင်လှုပ်ရှားနေသလို ခံစားရတာလဲ။ အရာအားလုံးက ပြိုင်တူ ရှင်သန်
တိုးတက်နေသလိုမျိုး ဇီဝအင်အားတွေ ပြည့်နှက်နေတာပဲ။ ကြည့်လို့လည်း အရမ်းကောင်းတယ်"
သူသည် လက်မောင်းခန့်အထိ ထူထဲသော ခရမ်းရောင် သလင်းကျောက်သားသစ်စကို ကြည့်ရှုစစ်ဆေးလိုက်ရာ သက်ရှိပေါင်းစုံဖြင့် ပြည့်နှက်နေသော ကမ္ဘာသစ်တစ်ခုကို မြင်တွေ့လိုက်ရသည့်အလားပင်။
အထွေထွေတပ်မှူးက ခေါင်းညိတ်ပြလျက် "ဟုတ်တယ် မင်းခံစားရတာ မှန်ပါတယ်။ ကျောက်စိမ်းသန့်စင် မိုးမခသားက အခုထိ တကယ့်ကို အသက်ဝင်နေတုန်းပဲ။ သူက အမြစ်တွေ၊ အရွက်စိမ်းတွေ မထွက်လာသေးပေမဲ့ နှစ်စဉ်နှစ်တိုင်း ကျောက်စိမ်းသန့်စင် စင်ကြယ်နှင်းစက်တစ်စက်စီ ထုတ်ပေးတယ်"
"အဲဒီနှင်းစက်က လူသားတွေအတွက်တော့ တန်ဖိုးအရှိဆုံး စင်ကြယ်သော သန့်စင်ရေပဲ အဆတစ်ထောင်လောက်အထိ ရေရောလိုက်ရင်တောင် ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရန်ငြိုးဖွဲ့နတ်ဘုရားရဲ့ ညစ်ညမ်းမှုတွေကို ချက်ချင်းဖယ်ရှားပေးနိုင်စွမ်းရှိတယ်"
"နှမြောစရာကောင်းတာကတော့ သူက ဘယ်တော့မှ အကိုင်းသစ်တွေ မထွက်ချင်တာပဲ။ သုတေသီတွေကတော့ သူအစို့ထွက်လာဖို့အတွက် ထူးခြားတဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်လိမ့်မယ်လို့ ခန့်မှန်းထားကြတယ်"
"လူသားတွေကတော့ အဲဒီလို ပတ်ဝန်းကျင်မျိုးကို အခုထိ ဖန်တီးမပေးနိုင်သေးဘူး... တကယ်လို့သာ သူက အစို့ထွက်ပြီး အကိုင်းအခက်တွေ ဝေဆာလာမယ်ဆိုရင် ဒီထက်ပိုပြီး တန်ဖိုးရှိတဲ့ ရတနာတွေကို ထုတ်လုပ်ပေးနိုင်မှာ အသေအချာပဲ"
တပ်မှူးက သက်ပြင်းတစ်ချက်ချလိုက်သည်။
ရွှီရန်၏ စူးစမ်းလိုစိတ်မှာ ပို၍ပင် ပြင်းထန်လာကာ "ဒါက တကယ်ကြီး ဒီလောက်တောင် အစွမ်းထက်တာလား။ အပြာရောင်ကြယ်ပေါ်မှာတော့ ဒီလို ထူးဆန်းတဲ့ နတ်ဘုရားသစ်မျိုး မရှိဘူး မဟုတ်လား။ လူသားတွေက ဒါကို ဘယ်လိုရခဲ့တာလဲ"
တပ်မှူးက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ဒါက ပြောရရင်တော့ အရှည်ကြီးပဲ။ အခုလက်ရှိ အဆင့် ၁၂ နေရာမှာရှိတဲ့ ခိုးယူခြင်းသူတော်စင်အဖွဲ့က တစ်ခါတုန်းက သလင်းကျောက်သားရဲ ဂြိုဟ်ရဲ့ အတွင်းပိုင်းအထိ စွန့်စားသွားခဲ့ဖူးတယ်။ အဲဒီမှာ ဝင်ပေါက်ရဲ့ အစွန်းနားမှာ နတ်ဘုရားအလင်းတန်းတွေ ထွက်နေတဲ့ အလွန်မြင့်မားတဲ့ သစ်ပင်ကြီးတစ်ပင်ကို သူတို့ တွေ့ခဲ့ကြတယ်။ ရန်ငြိုးဖွဲ့သားရဲ တွေ အများကြီးက အဲဒီအပင်ကို တိုက်ခိုက်ပြီးတော့ ညစ်ညမ်းစေပြီး ဖျက်ဆီးဖို့ ကြိုးစားနေကြသလို သလင်းကျောက်သားရဲ အများအပြားကလည်း ကာကွယ်နေကြတာပေါ့..."
"အဲဒီလို ရှုပ်ရှက်ခတ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ခိုးယူခြင်းသူတော်စင်အဖွဲ့ က နတ်ဘုရားသစ်သားစ တစ်စကို ခိုးယူပြီး ထွက်ပြေးလာခဲ့ကြတာပဲ"
ရွှီရန်မှာ အံ့အားသင့်သွားရသည်။
"သူတို့က သလင်းကျောက်သားရဲဂြိုဟ်အထိ သွားပြီး နတ်ဘုရားသစ်ကို ခိုးယူခဲ့တာလား။ အကျအဆုံးတွေရော မရှိဘူးလား"
တပ်မှူးက ပွင့်ပွင့်လင်းလင်းပင် "ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြပေမဲ့ ကံကောင်းတာကတော့ ဘယ်သူမှ မသေဆုံးခဲ့ဘူး..."
ယဲ့ဖျင်က ချက်ချင်းပင် ကြားဖြတ်ပြောလိုက်သည်။
"သူတို့ကို အတုယူဖို့ စိတ်ကူးတောင် မယဉ်နဲ့ဦးနော်"
"ခိုးယူခြင်းသူတော်စင်အဖွဲ့ ထဲမှာ အဖွဲ့ဝင် သုံးယောက်က ဟင်းလင်းပြင်ဓာတ် အခြေခံအရိုးအဆစ်ရှိပြီး နောက်တစ်ယောက်က ကိုယ်ပျောက်ဓာတ် အခြေခံအရိုးအဆစ်ရှိတယ်။ ဒါကြောင့် အဖွဲ့တစ်ခုလုံးက ရန်သူတွေရဲ့ အာရုံခံစားမှုတွေကို လှည့်စားနိုင်ကြတာ။ နောက်ထပ် အဖွဲ့ဝင်တစ်ယောက်ကလည်း အဝေးကနေ ခိုးယူနိုင်တဲ့ စွမ်းရည်ရှိတယ်"
"သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ပျမ်းမျှအဆင့်မှာပဲ ရှိပေမဲ့ ထွက်ပြေးတဲ့နေရာမှာတော့ နတ်ဘုရားသတ်အဖွဲ့ အားလုံးထဲမှာ နံပါတ်တစ်ပဲ"
"ဒါတောင်မှ သူတို့က ယွဲ့နယ်ပယ်ရဲ့ အထွတ်အထိပ် အဆင့်ရောက်မှ အဲဒီဂြိုဟ်ကို စွန့်စားသွားခဲ့ကြတာ။ အဲဒီလို အခြေအနေမှာတောင် အားလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြတာပဲ..."
ယဲ့ဖျင်၏ မျက်နှာမှာ အလွန်တည်ကြည်နေပြီး စကားလုံးတိုင်းမှာ အန္တရာယ် မည်မျှကြီးမားကြောင်း သတိပေးနေသည်။
ယွဲ့နယ်ပယ်အထွတ်အထိပ်အဆင့်ရှိပြီး ဟင်းလင်းပြင်ဓာတ်ပိုင်ရှင် ၃ ဦး၊ ကိုယ်ပျောက်ဓာတ် ၁ ဦးနှင့် အရှိန်မြှင့်ဓာတ် ၁ ဦးတို့ ပါဝင်သည့်အဖွဲ့ပင်လျှင် ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြသည်ဆိုကတည်းက ကံကောင်း၍သာ သေတွင်းမှ လွတ်လာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အနီးနားရှိ နတ်ဘုရားသတ်အဖွဲ့ နှစ်ဖွဲ့မှ အဖွဲ့ဝင် ၁၄ ဦးစလုံးမှာလည်း ရွှီရန် စိတ်လှုပ်ရှားပြီး အရဲစွန့်မည့် အကြံအစည်များ မပေါ်လာစေရန်အတွက် ယဲ့ဖျင်နှင့်အတူ ဝိုင်းဝန်းသတိပေးကြတော့သည်။
လင်းဖုန်းက "ဟုတ်တယ် သူတို့ကို လုံးဝအတုမယူနဲ့။ သူတို့ အဲဒီတစ်ခါ သွားပြီးကတည်းက ရခဲ့တဲ့ဒဏ်ရာတွေက ဒီနေ့အထိ မပျောက်သေးဘူး။ နောက်တစ်ခါ သွားဖို့လည်း သူတို့ မဝံ့ရဲတော့ဘူး" ဟု ပြောလိုက်သည်။
လျိုယန်ကမူ ပို၍ပင် စိတ်မကောင်းဖြစ်နေပုံရပြီး "ပြီးတော့ လွန်ခဲ့တဲ့ နှစ်ငါးဆယ်တုန်းက အဆင့် ၁ ရခဲ့တဲ့ အလင်းရောင်နတ်ဘုရားသတ်အဖွဲ့ဆိုရင် သလင်းကျောက်သားရဲဂြိုဟ်ထဲကို ဝင်ပြီး တစ်နာရီအကြာမှာတင် အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ သူတို့က ငါတို့ရဲ့ သူရဲကောင်းတွေပါ... ဒါပေမဲ့... ဒါပေမဲ့..."
ဦးလေးယန်သည် အလင်းရောင် အဖွဲ့ အသက်ပေးသွားခဲ့ရသည်ဟူသောအချက်ကို ဝန်ခံရန်ပင် ဝန်လေးနေရှာသည်။
ရွှီရန်မှာ လုံးဝ တုန်လှုပ်သွားရသည်။
"အဲဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား"
ရှောင်ရွှယ်က လက်ဟန်ခြေဟန်များဖြင့် "ကြောက်ဖို့ကောင်းတယ်ဆိုတာထက်ကို ပိုတယ်... အဲဒါက တကယ့် သေမင်းတမန်နေရာပဲ အဲဒီကတည်းက နတ်ဘုရားသတ်အဖွဲ့တွေကို ဂြိုဟ်ပြင်ပဂြိုဟ်တွေဆီ သွားခွင့် လုံးဝ ပိတ်ပင်လိုက်တာ။ ညစ်ညမ်းမှု သိပ်မပြင်းထန်တဲ့ သလင်းကျောက်သားရဲဂြိုဟ်တောင်မှ ဒီလောက်အထိ ထိတ်လန့်စရာကောင်းတာလေ"
လင်းဖုန်း၏ မျက်နှာမှာ အလွန်တည်ကြည်နေပြီး "သလင်းကျောက်သားရဲဂြိုဟ်ကို ထားပါဦး။ ကပ်ဘေးအဆင့်ရှိတဲ့ ညစ်ညမ်းဧရိယာတွေတောင်မှ နှစ်စဉ်နှစ်တိုင်း နတ်ဘုရားသတ်အဖွဲ့ အတော်များများကို ဝါးမြိုနေတာ။ ဂြိုဟ်ပြင်ပဂြိုဟ်တွေကိုတော့ ပြောမနေနဲ့တော့..."
"လူသားတွေထဲကနေ နတ်ဘုရားအဆင့် ကျင့်ကြံသူတွေ ပေါ်ထွက်လာရင်တောင်မှ အဲဒီဂြိုဟ်တွေဆီကနေ အသက်ရှင်လျက် ပြန်လာနိုင်ဖို့ မလွယ်ဘူး"
ဤအကြောင်းအရာကို ဆွေးနွေးမိသည့်အခါ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုတ်တရက်ဆိုသလို လေးလံထိုင်းမှိုင်းကာ မျှော်လင့်ချက်ကင်းမဲ့သလို ခံစားချက်မျိုးဖြင့် အသက်ရှူပင် ကျပ်လာတော့သည်။
ကောင်းကင်ဘုံ တောင်ထိပ်နန်းတော်၏ ခေါင်းဆောင်ပိုင်းက ခန့်မှန်းထားသည်မှာ အပြာရောင်ကြယ်ကို တိုက်ခိုက်နေသော သလင်းကျောက်သားရဲများမှာ ထိုဂြိုဟ်၏ စစ်အင်အား အနည်းငယ်မျှသာ သို့မဟုတ် အရေးမပါသော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်နိုင်သည်ဟူ၍ပင်။
သို့သော် ထိုမျှနှင့်ပင် လူသားမျိုးနွယ်မှာ မျိုးတုံးလုနီးပါး ဖြစ်ခဲ့ရသည်။
ယဲ့ဖျင်နှင့် နတ်ဘုရားသတ်အဖွဲ့ဝင်များသည် ရွှီရန်၏ ငယ်ရွယ်သော စိတ်နှလုံးထဲတွင် အရိပ်မည်းများ မကျန်ရစ်စေရန်အတွက် ဤမျှထက်ပိုသော ကြောက်စရာကောင်းသည့် အချက်အလက်များကို ဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်ကြသည်။
"ချုပ်လိုက်ရရင်တော့ ဂြိုဟ်ပြင်ပဂြိုဟ်တွေကို စူးစမ်းဖို့ စိတ်ကူးတောင် မယဉ်ပါနဲ့။ ယွဲ့နယ်ပယ် အထွတ်အထိပ်ကို ရောက်ရင်တောင်မှ သေသေချာချာ စဉ်းစားရမယ်။ အဲဒီအချိန်မှာ မင်းမှာ အသင်းဖော်တွေ ရှိနေမှာဆိုတော့ သူတို့အတွက်ပါ ထည့်စဉ်းစားပေးရမယ်"
ရွှီရန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ကျွန်တော် နားလည်ပါပြီ။ ကျွန်တော့်အသက်နဲ့ ကျွန်တော့်အသင်းဖော်တွေရဲ့ အသက်ကို ရင်းပြီး အန္တရာယ်မပြုပါဘူး" ဟု ကတိပေးလိုက်သည်။
အနည်းဆုံးတော့ ယွဲ့နယ်ပယ်သို့ မရောက်ခင်အထိ ရွှီရန် အရဲစွန့်မည်မဟုတ်ပေ။
သို့သော် သူသာ ယွဲ့နယ်ပယ်သို့ ရောက်ရှိပြီး မှော်စွမ်းရည်များစွာမှာ စတုတ္ထအစီအစဉ်သို့ ရောက်ရှိသွားချိန်တွင်မူ ထိုအချိန်သည် သူ၏ ဒေါသမာန်များကို စတင် ထုတ်ဖော်မည့် အချိန်
ပင်။