အခန်း (၁၇၀)
Vol. 17 Ch. 170
"ဟားဟား..."
ရွှီရန်က လောကကြီးကို ဘာမှဂရုမစိုက်သလို ပေါ့ပေါ့ပါးပါး ရယ်မောရင်း သလင်းကျောက်သားရဲဥလေးကို ထိတွေ့လိုက်သည်။
"မင်း ပြန်ကောင်းလာပြီလား။ ငါ့ရဲ့ နတ်ဘုရားမြစ်ဖျားခံစွမ်းအား တစ်စက်ကို ယူပြီးမှတော့ ငါ့ကိုတော့ ပစ်မသွားနဲ့ဦးနော် ဟုတ်ပြီလား။ တကယ်လို့ မင်းသာ ပစ်သွားမယ်ဆိုရင်တော့ ငါ မင်းကို ခွဲပြီး စားပစ်မှာ။ ကျားမလေးကိုလည်း ခွဲပေးဦးမှာ"
သလင်းကျောက်ဥအတွင်းမှ သက်ရှိလေးမှာ အိပ်မောကျနေဆဲပင်။
သို့မဟုတ်ပါက ရွှီရန်၏ စကားကြောင့် ကြောက်လန့်တကြားနှင့် အခွံခွဲ၍ ထွက်လာပေလိမ့်မည်။
"သေချာတယ်... မင်းက သေချင်ယောင်ဆောင်ပြီး ငြိမ်နေတာပေါ့လေ။ ဟုတ်ပါပြီ ခဏနေရင်တော့ မင်းအတွက် သလင်းကျောက်သားရဲ စစ်မှန်သောသွေး တစ်စက် ငါ ပေးပါ့မယ်"
အိပ်ခန်းထဲမှ ထွက်လာပြီး ကိုယ်လက်သန့်စင်ပြီးနောက် ရွှီရန်သည် လွမ်းဆွတ်နေရသော ထမင်းစားဆောင်သို့ ရောက်ရှိလာခဲ့သည်။
ချက်ပြုတ်ရေး တာဝန်ခံ ဦးလေးကျောက်က ရွှီရန်ကို မြင်သည်နှင့် "ဟေး ဟေး ဟေး ဒါ ရွှီရန်လေး မဟုတ်လား။ မင်း လေ့ကျင့်ရေးထွက်သွားတယ်လို့ ကြားတယ်နော်" ဟု လှမ်းနှုတ်ဆက်သည်။
"ဟုတ်ကဲ့ခင်ဗျာ"
"အသက်ရှစ်နှစ်အရွယ်နဲ့ လေ့ကျင့်ရေးထွက်တဲ့ စူပါပါရမီရှင်ဆိုတာ ငါ့ဘဝမှာ ဒါပထမဆုံး ကြားဖူးတာပဲ။ မင်းကတော့ တကယ့်ကို အံ့မခန်းပဲ"
ရွှီရန်က ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။
"ဟားဟား..."
ဦးလေးကျောက် "အခုတင် ပြင်ဆင်ပြီးသွားတဲ့ အရသာရှိလှတဲ့ နှင်းကမ္ဘာကြံ့အဆီတစ်ထပ် အသားတစ်ထပ်သားကို မြည်းကြည့်မလား"
ရွှီရန် "အဲဒါက သွေးလေအင်အားကို ပိုပြီး တိုးစေသလားဟင်"
ဦးလေးကျောက်က ခေါင်းယမ်းလိုက်ပြီး "ရွှီရန်လေးရာ... ဘဝဆိုတာ ကျင့်ကြံဖို့ချည်းပဲ မဟုတ်ပါဘူး။ ကောင်းကောင်းစား ကောင်းကောင်းသောက်ပြီး စိတ်ချမ်းသာဖို့လည်း လိုသေးတယ်။ လျိုလီလေးတောင် မင်းထက် ပိုရိုးရှင်းသေးတယ်။ သူကတော့ အရသာရှိလားဆိုတာပဲ မေးတာ။ မင်းလည်း အရသာရှိမရှိဆိုတာပဲ မေးသင့်တယ်ကွ"
ရွှီရန် "... ဒါဆို အရသာရော ရှိရဲ့လားဟင်"
ဦးလေးကျောက်က ဂုဏ်ယူဝင့်ကြွသော မျက်နှာထားဖြင့် "ဟေး ဟေး ဟေး ဒါပေါ့ကွ အရသာကတော့ ရှယ်ပဲ"
ရွှီရန် "ဒါဆိုရင် အဲဒါက သွေးလေအင်အားကို တကယ်ပဲ ပိုပြီး တိုးစေမှာလား"
ဦးလေးကျောက်မှာ စကားပြောရန် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး "ကံမကောင်းစွာနဲ့ပဲ မတိုးဘူးကွ။ ငါ မင်းကို အမြဲပြောနေတယ်လေ။ စိတ်ရောကိုယ်ပါ ပျော်ရွှင်အောင် ထားတာကလည်း ကျင့်ကြံခြင်းရဲ့ အခြေခံလမ်းစဉ်ပဲလို့"
ရွှီရန်က အားရပါးရ ရယ်မောလိုက်ပြီး "နားလည်ပါပြီဗျာ။ ကျွန်တော့်ကို နှစ်တုံးပေးပါ" ဟု ပြောလိုက်သည်။
ဦးလေးကျောက်က မျက်တောင်တစ်ဖက်ကို သိသိသာသာ မှိတ်ပြကာ "ဒါမှ ငါ့တူကွ ဟေး ဟေး ဟေး"
ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် အဆီတစ်ထပ် အသားတစ်ထပ် နှင်းကမ္ဘာကြံ့သားရောက်ရှိလာပြီး ရွှီရန်က အငန်းမရပင် စားသောက်လိုက်သည်။
သွေးလေအင်အား +၅ မှတ် ...
"တကယ် အရသာရှိတာပဲ ဦးလေးကျောက်ရေ"
ဦးလေးကျောက်မှာ မျက်လုံးလေးတွေ ပိတ်သွားသည်အထိ အားရပါးရ ရယ်မောပြီး လက်မထောင်ပြသည်။
ထမင်းစားဆောင်မှ ထွက်လာပြီးနောက် စာကြည့်တိုက်အနီးရှိ ကန်ဘောင်ဘေးတွင် ရွှီရန် တိတ်ဆိတ်စွာ ရပ်နေမိသည်။ လှိုင်းကြက်ခွပ်ထနေသော ရေပြင်ကို စိုက်ကြည့်နေရင်း သူ၏ စိတ်အစုံမှာ အေးချမ်းငြိမ်သက်နေတော့သည်။
"ငါ့အနေနဲ့ တခြား ဘယ်လို မှော်စွမ်းရည်တွေများ ထပ်ပြီး ဖော်ထုတ်နိုင်ဦးမလဲ မသိဘူး"
သူ့မှာ ထူးကဲစွမ်းရည်တွေ အများကြီး ရှိနေသော်လည်း အားရကျေနပ်ခြင်း မရှိသေးပေ။
"လက်သီးနည်းစနစ်၊ ခြေထောက်နည်းစနစ်၊ တံတောင်နည်းစနစ်... ဒါတွေကတော့ ဘာမှ ထူးထူးခြားခြား ဖြစ်မလာသေးဘူးပဲ"
"ကာကွယ်ရေး နည်းစနစ်တွေမှာလည်း ဝိညာဉ်နည်းစနစ်တွေလိုပဲ အခြေခံအရိုးအဆစ် မရှိဘူး။ အဲဒါကြောင့် အသစ်တစ်ခုခု ဖန်တီးဖို့ မဖြစ်နိုင်တာလား... ဒါပေမဲ့ ရွှေခေါင်းလောင်း ဒိုင်းကို သုံးကြည့်ရင်ရော ငါ့ရဲ့ သွေးလေအင်အားအားလုံးကို စုစည်းပြီး ခန္ဓာကိုယ်အပြင်ဘက်မှာ ဒိုင်းတစ်ခုအဖြစ် ပုံဖော်လို့ ရနိုင်မလား"
ရွှီရန်သည် အလေးအနက် စဉ်းစားနေမိသည်။
သူသည် ချက်ချင်းပင် သူ၏ သွေးလေအင်အားများကို စတင်စုစည်းကာ ခန္ဓာကိုယ်အပြင်ဘက်သို့ ထုတ်လွှတ်ပြီး ဒိုင်းတစ်ခု သို့မဟုတ် ရွှေခေါင်းလောင်းပုံသဏ္ဌာန် ဖြစ်ပေါ်လာစေရန် ကြိုးစားကြည့်သည်။ အကြိမ်ပေါင်း ရာနှင့်ချီ၍ ကြိုးစားခဲ့သော်လည်း သဲလွန်စပင် မရရှိဘဲ ကျရှုံးခဲ့ရသည်။
ရွှီရန်က ရယ်မောရင်း သက်ပြင်းချလိုက်ကာ "နှမြောစရာပဲ စနစ်ရဲ့ အားနည်းချက်ကို အသုံးချလို့ မရဘူးပဲ။ စကြာဝဠာ မီးလျှံကနေ ရလာတဲ့ မပြိုလဲနိုင်တဲ့ ခန္ဓာကိုယ်က သွေးလေအင်အား ၁၀၀,၀၀၀ ရှိတဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိတယ်။ တကယ်လို့ ငါက ကိုယ့်ကိုယ်ကိုယ် ဒိုင်းတစ်ခု ထပ်ကာရံပြီး အသင်းဖော်ကလည်း နောက်ထပ် ဒိုင်းတစ်ခု ထပ်ပေးမယ် ပြီးတော့ ကိုယ်လက်အင်္ဂါ ပြန်လည်ဖြစ်ပေါ်ခြင်းစွမ်းရည်ပါ ပေါင်းလိုက်ရင် ငါက တကယ့်ကို အတိုက်ရော အခံရော ကောင်းတဲ့သူဖြစ်သွားမှာ"
"တကယ်လို့ နတ်ဘုရားတစ်ပါး ဆင်းသက်လာရင်တောင် သူ့ရဲ့ စိတ်ဓာတ်တွေ ပြောင်းလဲသွားစေရမယ်"
"နှမြောစရာပဲ... အနိုင်မတိုက်နိုင်တဲ့ လမ်းစဉ်ပေါ်မှာ အခုထက် ပိုပြီးတော့ အစွမ်းမထက်
နိုင်တော့ဘူးလား"
"တခြား ဓားသိုင်းနည်းစနစ်တွေကိုရော ငါ ထပ်ပြီး နားလည်သဘောပေါက်နိုင်သေးလား"
ရွှီရန်၏ ဦးနှောက်မှာ အလုပ်အလွန်လုပ်နေပြီး အတွေးပေါင်းစုံဖြင့် ပြည့်နှက်နေသည်။ သူသည် ထိုသို့ တွေးတောနေရသည့် အရသာကို နှစ်သက်နေမိသည်။
ထိုအချိန်တွင် သူ၏ အနောက်ဘက်၌ ကျားမလေးသည် အသက်ကို အောင့်ထားကာ တိတ်တဆိတ် ချဉ်းကပ်လာနေသည်။ သူမ၏ လှုပ်ရှားမှုများမှာ အလွန်ပင် သတိကြီးလှပြီး ခြေသံ လုံးဝမထွက်စေရန် လျှို့ဝှက်ခြေလှမ်းကိုပင် အသုံးပြုထားသည်။ သူမသည် အမဲလိုက်
ဧရိယာ အတွင်းသို့ ရောက်ရှိလာသည့်အခါ ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ရွှီရန်ကို လှဲချပစ်ရန် ရုတ်တရက် ခုန်အုပ်လိုက်သည်။
သို့သော် ရွှီရန်၏ မျက်လုံးများမှာ ချက်ချင်းပင် လှုပ်ရှားသွားပြီး စက္ကန့်ပိုင်းအတွင်းမှာပင် သူသည် လျှို့ဝှက်ခြေလှမ်းကို အပိုင်နိုင်ဆုံး ပုံစံဖြင့် အသုံးပြုကာ ကျားမလေး၏ ခုန်အုပ်မှုကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်။
"အာ..."
ကျားမလေး၏ ရွှေရောင်မျက်ဝန်းများမှာ အံ့အားသင့်ကာ ဝိုင်းစက်သွားသည်။ သူမသည် ပစ်မှတ်ကို ထိမှန်တော့မည်ဟု မျှော်လင့်ထားသော်လည်း လုံးဝ လွဲချော်သွားခဲ့ခြင်းပင်။
သူမသည် လေထဲတွင် အထိန်းအကွပ်မရှိ ယိမ်းထိုးသွားပြီး အရှိန်ကြောင့် ခန္ဓာကိုယ်ကို မထိန်းနိုင်တော့ဘဲ လည်ထွက်သွားကာ ပျာပျာသလဲ မျက်လုံးများဖြင့် ရွှီရန်ကို ကြည့်နေမိတော့သည်။
ရွှီရန်က ခပ်ဖွဖွပြုံးလျက် ကျားမလေး၏အနားသို့ လျင်မြန်စွာ တိုးကပ်သွားပြီး သူမကို လဲမကျအောင် ထိန်းကိုင်ပေးလိုက်သည်။
"ငါတို့တွေ ကလေးဘဝတုန်းကလိုမျိုး ကိုကို့ကို ချောင်းတိုက်လို့ ရမယ်ထင်နေတာလား"
ကျားမလေးက သူမ၏ ရွှေရောင်မျက်ဝန်းလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ကတ်သီးကတ်သတ် အမူအရာဖြင့် "ဟီးဟီး... ကိုကိုရွှီရန်က အများကြီး တိုးတက်လာတာပဲ။ အခုဆို ကိုကို့ဆီက ခံစားချက်က တကယ့်ကို နက်နဲနေတာပဲနော် ညီမလေးကို နည်းနည်းလောက် အလျှော့ပေးလို့ မရဘူးလား"
ရွှီရန်က ပြုံးလျက် "အလျှော့ပေးတာ လုံလောက်နေပါပြီ။ ကိုကိုသာ အစွမ်းကုန် ထုတ်သုံးလိုက်ရင် မင်း မျှော်လင့်ချက်မဲ့သွားလိမ့်မယ်"
ကျားမလေးက လက်သီးလေးနှစ်ဖက်ကို ဆုပ်လိုက်ပြီး "မယုံပါဘူး အခု သမီးက တကယ်ကို သန်မာနေပြီဟာကို"
ရွှီရန်က ထိုကလေးမလေးကို သံသယမျက်လုံးဖြင့် တစ်ချက်ကြည့်လိုက်ကာ "ဒါဆိုရင် မင်းရဲ့ အမြင်ကျယ်သွားအောင် သားရဲတိုက်ခိုက်ရေးကွင်းကို သွားကြမလား"
ကျားမလေးမှာ ယုံကြည်မှုအပြည့်၊ တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် "သွားကြမယ်လေ" ဟု ပြန်ပြောသည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် ချီယွင်တောင်၏ အခြားတစ်ဖက်ရှိ သားရဲတိုက်ခိုက်ရေးကွင်းသို့ ရောက်ရှိလာခဲ့ကြသည်။
"အရင်ဆုံး ကိုကို့ရဲ့ ရုပ်သေးရုပ်နဲ့ စမ်းကြည့်ရအောင်"
ကျားမလေးက ပါးလေးဖောင်းအောင်လုပ်ကာ "ကိုကိုက သမီးကို အရမ်းအထင်သေးတာပဲ။ သမီးရဲ့ လက်သီးချက်တွေနဲ့ အဲဒီရုပ်သေးကို အပိုင်းပိုင်းပြတ်သွားအောင် ဘယ်လိုလုပ်ပြမလဲဆိုတာ စောင့်ကြည့်နေလိုက်"
"အော်... ဟုတ်လား။ စမ်းကြည့်လေ"
ရွှီရန်က ရယ်မောရင်း နှစ်မီတာမြင့်သော သံချပ်ကာဗိုလ်ချုပ်ရုပ် တစ်ခုကို ထုတ်လိုက်သည်။ လေးလံသော သံချပ်ကာများ ဝတ်ဆင်ထားပြီး မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်နေသော ထိုဗိုလ်ချုပ်ရုပ်သည် တိုက်ခိုက်ရေးကွင်းအလယ်တွင် သံမဏိရုပ်တုကြီးတစ်ခုအလား မတ်တပ်ရပ်နေသည်။
ကျားမလေးမှာ အံ့သြသွားပြီး ပါးစပ်လေးအနည်းငယ်ဟလျက် "ဟင် ဒါက ကိုကိုရွှီရန်ရဲ့ နတ်ဘုရားပေးစွမ်းရည်လား"
ရွှီရန်က လေထဲတွင် ဝဲပျံနေရင်း "အဲဒီလိုပဲ ပြောလို့ရပါတယ်။ မင်းက လက်သီးချက်အနည်းငယ်နဲ့ အပိုင်းပိုင်းဖြတ်ပစ်မယ်ဆို။ လုပ်နိုင်မလားဆိုတာ ကြည့်ရအောင်လေ"
ကျားမလေးက နှုတ်ခမ်းဆူလိုက်ကာ "အရမ်းအထင်သေးတာပဲ သမီးက တကယ်သန်မာတာပါ။ ကိုကိုရွှီရန် သေချာကြည့်ထားနော်။ သမီး ကိုကို့ကို အံ့သြသွားအောင် လုပ်ပြမယ်"
ရွှီရန်က ခပ်ဖွဖွပြုံးကာ "ဟင့်အင်း... ကိုကိုကမှ မင်းကို အံ့သြသွားအောင် လုပ်မှာ"
ကျားမလေးသည် ပါးဖောင်းဖောင်း၊ ဥပုံသဏ္ဌာန် မျက်နှာလေးနှင့်အတူ ရုတ်တရက် အစွမ်းကုန် အာရုံစိုက်လိုက်သည်။
သူမသည် လက်သီးကို ခါးတွင်ကပ်ထားပြီး အားပါးတရ ခိုင်မာသော ခြေလှမ်းများဖြင့် သံချပ်ကာဗိုလ်ချုပ်ရုပ်ရှိရာ အလယ်တည့်တည့်သို့ ပြေးဝင်တိုက်ခိုက်တော့သည်။ သူမ၏ ရွှေရောင်မျက်ဝန်းများမှာ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး ကြောက်ရွံ့မှုကင်းမဲ့စွာ ရဲရင့်နေသည်။ သူမ၏ ကိုယ်ထည်ကို လေပြင်းအဖြူရောင်များက ပတ်လျက်နေပြီး သူမ၏ ခြေလှမ်းများမှာ မည်မျှမြန်ဆန်ကြောင်း ပြသနေသည်။
"ဖွင့်"
အော်ဟစ်သံလေးတစ်ခုနှင့်အတူ
"ဒေါင်"
ခေါင်းလောင်းထိုးသံကဲ့သို့ မြည်ဟည်းသံတစ်ခု သူမ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာပြီး ရွှေရောင်စေတီတော် တစ်ဆူ လျင်မြန်စွာ ထွက်ပေါ်လာသည်။ ၎င်းသည် ကျားမလေး၏ အရပ်အတိုင်း မြင့်မားပြီး သူမကို တောက်ပသော ဒိုင်းတစ်ခုအဖြစ် ဖုံးအုပ်လိုက်ကာ တိုက်ခိုက်ရေးကွင်းတစ်ခုလုံးတွင် စူးရှတောက်ပသော ရွှေရောင်အလင်းလှိုင်းများ ရိုက်ခတ်သွားတော့သည်။