အခန်း (၂၄၄)
Vol. 23 Ch. 244
📝အပိုင်း - ၂၄၄
ဘာသာပြန် - Na Gar🐉
ဟုန်ကျဲမြစ်ကို လေးကြိမ်မြောက် ဖြတ်ကူးပြီး မေရှန်းခရိုင်ဆီကို တည့်
တည့် တိုက်ခိုက်မယ်။
ကျန်တဲ့သူတွေဟာလည်း ရွီဝမ်ချိုင်ရဲ့ အသေးစိတ် ရှင်းပြချက်ကို နားထောင်ပြီးနောက်မှာတော့ တဖြည်းဖြည်းနဲ့ သဘောပေါက်လာကြပါတယ်။ သူတို့ရဲ့ မျက်ဝန်းတွေဟာ သာမန်မျက်စိနဲ့ မြင်နိုင်လောက်တဲ့အထိ သိသိသာသာ တုန်လှုပ်သွားကြပါတယ်။
ဒါက ဘာကို ဆိုလိုတာလဲ..
သူတို့တွေ ဆက်ပြီး ထွက်ပြေးဖို့ မရည်ရွယ်တော့ဘူး ဆိုတာပါပဲ။
ပြီးတော့ တိုက်ရိုက်ပဲ...
ဒီစစ်ပွဲကို အနိုင်ယူဖို့ ကြံစည်နေတာပါလား။
မူလကတော့...
အကယ်၍ ဒီလူသုံးထောင်ဟာ ရန်သူ့ရိက္ခာတွေကိုသာ မီးရှို့နိုင်ခဲ့မယ်ဆိုရင်၊ သူတို့တွေ ဘက်မပြောင်းသရွေ့ ဒီစစ်ပွဲအပြီး ဂုဏ်ပြုမှတ်တမ်းလွှာတွေမှာ ထိပ်ဆုံးက ပါဝင်မှာ အသေအချာပါပဲ။ အခု မျက်ခုံးနီတပ်ရဲ့ အဓိကစခန်းကို ဖျက်ဆီးပြီး ဒဏ္ဍာရီလာ ကောင်းကင်ဘုံကျမ်း ကိုပါ သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင်...
ဒါဆိုရင် အဲဒါက...
ကောင်းကင်ဘုံဘွဲ့တံဆိပ်ပဲ မဟုတ်လား။
စစ်မှန်တဲ့ ကောင်းကင်ဘုံဘွဲ့တံဆိပ်ကြီးပေါ့။
လူပေါင်း သုံးထောင်တည်းနဲ့ နှစ်ဖက်စလုံးက စစ်သည် သုံးသိန်းကျော် ပါဝင်နေတဲ့ စစ်ပွဲကြီးတစ်ခုလုံးရဲ့ ဦးတည်ချက်ကို ပြောင်းလဲပစ်မှာ။
သူတို့ တစ်ယောက်ချင်းစီတိုင်းဟာ ကောင်းကင်ဘုံဘွဲ့တံဆိပ်ကို ရကြမှာ။
ဒါက စိတ်ကူးယဉ် အိပ်မက်သက်သက် မဟုတ်တော့ပါဘူး။
အခြေအနေကို သဘောပေါက်သွားတဲ့အခါ ကျန်တဲ့သူတွေကလည်း ဒီအစီအစဉ်ဟာ တကယ်ပဲ ဖြစ်နိုင်ခြေရှိတယ်လို့ ခံစားလိုက်ရပါတယ်။
"ဒါဆို ငါတို့ ဘာကို စောင့်နေကြဦးမှာလဲ"
လုရှူဟွာကမတ်တပ်ရပ်လိုက်ပြီး "ဗိုလ်ချုပ်ချန်၊ ငါတို့ ဘယ်အချိန်မှာ ခရီးစထွက်ကြမှာလဲ"
"မနက်ဖြန် မနက် ၅ နာရီမှာ စထွက်မယ်"
ချန်ဆန်းရှီက မြေပုံကို ညွှန်ပြပြီး တာဝန်တွေ ခွဲဝေပေးလိုက်ပါတယ် "ဒီတစ်ခါတော့ ဒုဗိုလ်ချုပ်ကြီးယွီနဲ့ ငါက လူတစ်ထောင်ကို ဦးဆောင်ပြီး နောက်ချန်တပ်အဖြစ် ကာကွယ်ပေးမယ်။ ပြီးရင် ရွီဝမ်ချိုင်... မင်းက ညီအစ်ကိုလုနဲ့ ကျန်တဲ့သူတွေကို ခေါ်ပြီး ဟုန်ကျဲမြစ်ကို အနောက်ဘက်ကနေ ဖြတ်ကူးပါ။ ဟုန်ကျဲမြစ်နဲ့ ဝူရွှီမြစ် ဆုံတဲ့နေရာမှာ ပုန်းနေကြ။ ငါတို့ဘက်ကနေ တောင်ကို မီးရှို့တဲ့ အချက်ပြတာကို မြင်တာနဲ့ ဝူရွှီမြစ်ကို ချက်ချင်းဖြတ်ပြီး မေရှန်းခရိုင်မြို့ဆီကို တည့်တည့် ချီတက်ပါ။ လျန်ကျိနျန်ကို အမြန်ဆုံး ဖမ်းဆီးပြီး ကောင်းကင်ဘုံကျမ်းကို သိမ်းပိုက်ရမယ်။ ညီအစ်ကိုလု၊ ညီအစ်ကိုရှဲ့နဲ့ သခင်လေးယန်... ခင်ဗျားတို့ ငါ့ကို ယုံကြည်တယ်ဆိုရင် ရွီဝမ်ချိုင်ရဲ့ အမိန့်ကို နာခံပေးကြပါ"
"ကောင်းပြီ"
လုရှူဟွာက အားပါပါနဲ့ ခေါင်းညိတ်လိုက်တယ် "ဗိုလ်ချုပ်ချန်၊ စိတ်ချပါ။ ကျွန်တော်တို့ ခင်ဗျားစကားကို နားထောင်ပြီး ကွပ်ကဲမှုကိုတော့ ရွီဝမ်ချိုင်ဆီ လွှဲထားလိုက်ပါ့မယ် ဒါပေမဲ့..."
"ကျွန်တော် နားမလည်တာ တစ်ခုရှိတယ်"
ရှဲ့စီရှုက စကားဝိုင်းထဲ ဝင်လာပြီး ကျန်တဲ့တစ်ဝက်ကို ဆက်ပြောလိုက်တယ် "ဘာလို့ ခင်ဗျားနဲ့ ဒုဗိုလ်ချုပ်ကြီးယွီက ဒီအယောင်ပြတိုက်ကွက်အတွက် ကိုယ်တိုင် ကျန်ရစ်ခဲ့ဖို့ လိုတာလဲခင်ဗျားတို့ နှစ်ယောက်က အခု ငါတို့ကြားမှာ သိုင်းပညာအဆင့် အမြင့်ဆုံးသူတွေလေ။ အဲဒါက နည်းနည်း..."
"ကိစ္စမရှိပါဘူး"
ချန်ဆန်းရှီက လေးလေးနက်နက် ပြောလိုက်တယ် "မျက်ခုံးနီတပ်ဆိုတာ မူလက ဓားပြတွေနဲ့ ဖွဲ့စည်းထားတာ။ ဒီနှစ်တွေထဲမှာ လူဘယ်လောက်ပဲ စုမိစုမိ၊ အဆင့်မြင့် သိုင်းပညာရှင် အရေအတွက်ကတော့ လက်ချိုးရေလို့ ရပါတယ်။ သူတို့တွေ မြစ်ကို ဖြတ်ကူးသွားတဲ့အချိန်မှာ မေရှန်းခရိုင်မှာ ကျန်ခဲ့မယ့် ဗိုလ်ချုပ်တွေထဲမှာ အမြင့်ဆုံးအဆင့်ဟာ ဟွာကျင်းအဆင့်ထက် ကျော်မှာ မဟုတ်ဘူး။ အချိန်ကလည်း နှစ်နှစ်ခွဲနီးပါးရှိနေပြီပဲ။ ညီအစ်ကိုလု... မနေ့က မင်း သိုင်းကျင့်နေတာကို ငါတွေ့တယ်၊ မင်းလည်း ဟွာကျင်းအဆင့်ကို ရောက်တော့မယ် မဟုတ်လား"
"အတိအကျပါပဲ"
လုရှူဟွာက မငြင်းပါဘူး"လက်တစ်လုံးအလိုပဲ ကျန်တော့တာ၊ ဒီညဆိုရင်တော့ သေချာပေါက် ဖောက်ထွက်နိုင်လိမ့်မယ်"
"ဒါဆိုရင် ဘာပြဿနာမှ မရှိတော့ဘူး"
ချန်ဆန်းရှီက ဆက်ပြောတယ် "အကယ်၍ မင်းတို့တွေ ဟွာကျင်းအဆင့် ဗိုလ်ချုပ်တွေနဲ့ တွေ့ရင် သူတို့ကို မင်းပဲ ကိုင်တွယ်လိုက်တော့"
"ဗိုလ်ချုပ် ဘာလို့ ကျွန်တော့်ကို နောက်ချန်တပ်အဖြစ် ကျန်ခဲ့ခွင့် မပေးတာလဲ"
ပိုင်ထင်းကျီက ဇဝေဇဝါနဲ့ မေးလိုက်တယ် "ခင်ဗျားနဲ့ ဒုဗိုလ်ချုပ်ကြီးယွီက တစ်ယောက်က ကွပ်ကဲရမှာ၊ တစ်ယောက်က အဓိကဗိုလ်ချုပ်။ ခင်ဗျားတို့ နှစ်ယောက်လုံး ဘာလို့ ကျန်ခဲ့မှာလဲ"
"ငါ့မှာ ငါ့အစီအစဉ်နဲ့ငါ ရှိတယ်"
ချန်ဆန်းရှီက ပြတ်ပြတ်သားသား ပြောလိုက်တယ် "အရာအားလုံးကို အမြန်ဆုံး စီစဉ်လိုက်ကြတော့၊ ရှင်းပြနေဖို့ အချိန်မရှိတော့ဘူး"
သူ ပြောပြီးတာနဲ့ သူ့ရဲ့ လှံရှည်ကြီးကို ကိုင်ပြီး ထွက်သွားပါတော့တယ်။ မကြာခင်မှာပဲ သူဟာ ခြေရာလက်ရာမပျက် ပျောက်ကွယ်သွားပါတယ်။
"ဒါက..."
လုရှူဟွာနဲ့ ကျန်တဲ့သူတွေဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြပါတယ်။
"ဒါက ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ"
"ဟုတ်တယ်"
"သူတို့နှစ်ယောက်လုံးက အယောင်ပြတိုက်ကွက်အတွက် ကျန်ခဲ့မယ်တဲ့လားဘာလို့လဲ"
"ဒါက မလိုအပ်ဘူးလေ"
"..."
ယွီဆုန်ကတော့ ဘာမှ မပြောပါဘူး။ မြေပုံပေါ်မှာ မှောက်လျက်နီးပါး ဖြစ်နေပြီး သူ့ရဲ့ လှုပ်ရှားမှုတွေက နည်းနည်းတော့ ထုံထိုင်းနေပေမဲ့ မြေပုံကို အသေအချာ လေ့လာနေပါတယ်။
"ပညာရှိရွီ... ခင်ဗျားကော ဒီလို စီစဉ်ရတဲ့ အကြောင်းရင်းကို သိလား"
"..."
"ဘာလို့လဲဆိုတော့ ဒါက အယောင်ပြတိုက်ကွက် မဟုတ်လို့ပဲ"
ရွီဝမ်ချိုင်ဟာ တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားပြီး မျက်ရည်တွေ ဝိုင်းလာပါတယ် သူ့ဘာသာသူ တိုးတိုးလေး ရေရွတ်နေမိတယ် "တကယ့်ကို စိတ်စေတနာ ကောင်းလှချည်လား ဒီလို ထက်မြက်တဲ့ ခေါင်းဆောင်မျိုးကို ရခဲ့တာ၊ ငါ ရွီဝမ်ချိုင် ဒီဘဝမှာ ဘာနောင်တမှ မရှိတော့ဘူးဒါပေမဲ့ ငါတို့ ဒါကို လုံးဝ ခွင့်မပြုနိုင်ဘူး၊ ဒီလောက်ကြီးတဲ့ အန္တရာယ်ကို သူတို့ကို အကျခံလို့ မဖြစ်ဘူး"
"ခင်ဗျား ဘာတွေ ပြောနေတာလဲ"
လုရှူဟွာနဲ့ ကျန်တဲ့သူတွေကတော့ ပိုပြီး ဇဝေဇဝါ ဖြစ်ကုန်ကြပါတယ်။
"ငါ အရှင်ကို မတားနိုင်ဘူး၊ သူ့ကို တားနိုင်မယ့်သူကို ငါ ရှာမှဖြစ်မယ်"
ရွီဝမ်ချိုင်ဟာ ပတ်ပတ်လည်ကို အသည်းအသန် ရှာဖွေလိုက်ပြီး စစ်သည်တွေ အနားယူနေတဲ့ နေရာဆီကို အပြေးအလွှား သွားပါတော့တယ်။
"အမလေး ဘုရားရေ"
ဝမ်ကျီက ဖန်းယုံရဲ့ ခေါင်းကို ရိုက်လိုက်တယ် "ပြီးခဲ့တဲ့တစ်ခေါက်က ငါက ပိုသတ်နိုင်ခဲ့တာ သိသာနေတာပဲ။ ငွေစ ၁၀ ပြားကို အမြန်ပေးစမ်း၊ ဖြတ်စားဖို့ မစဉ်းစားနဲ့"
"ပေါက်ကရတွေ"
ဖန်းယုံက မကျေမနပ်နဲ့ ပြန်အော်တယ် "ငါသတ်ခဲ့တဲ့လူတွေက အကုန်လုံး အရိုးဖွဲ့စည်းမှုအဆင့်တွေချည်းပဲ၊ တစ်ယောက်ကို မင်းဆယ်ယောက်နဲ့ ညီတယ်"
"..."
ကျားလောင်စီနဲ့ တိုက်ပွဲပြီးကတည်းက စစ်သည်တွေဟာ အနားယူချိန်ကို အသုံးချပြီး သူတို့အချင်းချင်း လောင်းကြေးထပ်ထားတာတွေကို ရှင်းနေကြတာပါ။ ဒါဟာ သူတို့အတွက်တော့ ခါးသီးလှတဲ့ ပျော်ရွှင်မှုတစ်ခုပေါ့။ နောက်ဆုံးတော့ သူတို့က အမိန့်ကိုပဲ နာခံရမှာကိုး။
ဒီနှစ်ဝက်အတွင်းမှာ တခြားစစ်သည်တွေ ဘယ်လောက်ပဲ ပျာယာခတ်နေပါစေ၊ သူတို့တွေကတော့ အတော်လေး တည်တည်ငြိမ်ငြိမ် ရှိနေကြပါတယ်။
"ဖက်တီးဝမ်"
ရွီဝမ်ချိုင်က သူတို့စကားကို ဖြတ်ပြောလိုက်တယ် "ကျွန်တော် ခင်ဗျားနဲ့ သီးသန့် စကားပြောလို့ ရမလား"
"ဒီမှာ ပြောလို့မရတဲ့ ကိစ္စလား"
ဝမ်ကျိီက သူ့ကို ကြည့်လိုက်ပြီး ခဏလောက် ဝေခွဲမရဖြစ်နေပေမဲ့ နောက်ဆုံးတော့ သဘောတူလိုက်ပါတယ် "ကောင်းပြီလေ"
သူတို့နှစ်ယောက် သီးသန့်နေရာတစ်ခုကို သွားကြပါတယ်။
ဝမ်ကျိီက မြက်မြစ်တစ်ခုကို ပါးစပ်မှာ ကိုက်ထားပြီး စပြောတယ် "ပြောပါဦး ပညာရှိရွီ၊ ဘာဖြစ်လို့လဲ"
"ဝမ်"
ရွီဝမ်ချိုင်က မေးလိုက်တယ် "ခင်ဗျားဟာ အရင်က လိပ်နက်တပ်စခန်းရဲ့ အဓိကဗိုလ်ချုပ်ကြီး တန်ရော့ရှန်မဟုတ်လား"
ဝမ်ကျိီတစ်ယောက် လန့်သွားပါတယ်။
"ဩော်"
ရွီဝမ်ချိုင်က ရှင်းပြတယ် "ပြီးခဲ့တဲ့အကြိမ်က အရှင်က ခင်ဗျားကို သတိမထားမိဘဲ 'အစ်ကိုကြီး' လို့ ခေါ်လိုက်တာကို ကျွန်တော် ကြားလိုက်လို့ပါ။ ဒါကြောင့် ကျွန်တော် ခန့်မှန်းကြည့်တာပါ။ ဒီကိစ္စက အရမ်း အရေးကြီးလို့ပါ၊ ဒါကြောင့် ခင်ဗျားအနေနဲ့ ဘာမှ ဖုံးကွယ်မထားဖို့ ကျွန်တော် တောင်းပန်ပါတယ်"
ဝမ်ကျိီက တည်တည်ငြိမ်ငြိမ်နဲ့ပဲ "ပြောပါ။"
"ဒီလိုပါ..."
ရွီဝမ်ချိုင်က အခြေအနေအားလုံးကို အသေးစိတ် ပြန်ပြောပြလိုက်ပါတယ်။
"ဒီကလေးက ငါ့ရဲ့ အမှားဟောင်းကို ထပ်လုပ်ချင်နေတာလား"
အကြောင်းစုံကို ကြားပြီးတဲ့နောက်မှာတော့ ဝမ်ကျိရဲ့ မျက်ခုံးတွေဟာ 'မြစ်' ပုံသဏ္ဍာန် ရှုံ့သွားပြီး တိုးတိုးလေး ရေရွတ်လိုက်တယ် "ငါ နားလည်ပြီ ငါ့အသက်နဲ့ ရင်းပြီး သူ့ကို တားပါ့မယ်"
...
တစ်ခြားနေရာတစ်ခုမှာ။
မြေပုံပေါ်မှာ အချိန်အတော်ကြာ လေ့လာပြီးတဲ့နောက် ယွီဆုန်ဟာလည်း နောက်ဆုံးမှာတော့ သဘောပေါက်သွားပါပြီ။ သူက တိုးတိုးလေး ဆဲရေးလိုက်ပြီး မြေပုံကို ကောက်ယူကာ ချန်ဆန်းရှီ ထွက်သွားတဲ့ အရပ်ဆီကို လိုက်သွားပါတယ်။ နောက်ဆုံးမှာတော့ ချန်ဆန်းရှီဟာ စမ်းချောင်းဘေးက ကျောက်ဆောင်ကြီးတစ်ခုပေါ်မှာ ထိုင်ပြီး အတွေးနက်နေတာကို သူ တွေ့သွားပါတယ်။
"ဗိုလ်ချုပ်ချန်... ခင်ဗျားက ဘာလို့ ဒီမှာ လာပုန်းနေရတာလဲ"
ယွီဆုန်က သူ့ဘေးမှာ ဝင်ထိုင်လိုက်ပြီး သူ့ရင်ဘတ်ထဲက ရေဗူးကို ခိုးကြောင်ခိုးဝှက် ထုတ်လိုက်ပါတယ်။ ဗူးကို ဖွင့်ပြီး အနံ့ခံကြည့်ပြီးမှ "ဒါ ဘာလဲဆိုတာ ခန့်မှန်းကြည့်စမ်း"