အခန်း (၂၄၇)
Vol. 23 Ch. 247
📝အပိုင်း - ၂၄၇
ဘာသာပြန် - Na Gar🐉
ကျန်တဲ့သူတွေကတော့...
သူတို့ အချိန်အတော်အတန် ရအောင် အသက်နဲ့လဲပြီး ဆွဲထားပေးခဲ့ကြလို့ အခုလောက်ဆိုရင် အများစုက သေဆုံးကုန်ကြပြီ ဖြစ်မှာပါ။ လူပေါင်း နှစ်ထောင်ရဲ့ အသက်ကို သူတို့နှစ်ယောက်ရဲ့ အသက်နဲ့ လဲလှယ်လိုက်ရတာက တကယ့်ကို တွက်ခြေကိုက်လွန်းတဲ့ အပေးအယူပဲ မဟုတ်လား။
"မင်းသား ကျွန်တော် အခုလေးတင် တောအုပ်ထဲကို သွားပြီး ဟိုင်တုန်ချင်း ဆီက သတင်းကို လက်ခံရရှိခဲ့ပါတယ်"
ရှာဝမ်လုံက အားတက်သရော ပြောလိုက်တယ် "ဗိုလ်ချုပ် လူကျိီက ကျွန်တော်တို့ကို ကူညီဖို့အတွက် ဓားတံခါးချိုင့်ဝှမ်းကို ဖောက်ထွက်တော့မှာပါ။ သူ့ရဲ့ သတ္တိကတော့ သမိုင်းမှာ အနှိုင်းမဲ့ပါပဲ၊ ကျွန်တော်တို့ လွတ်ပြီမင်းသားခင်ဗျား... ခင်ဗျား ဒဏ်ရာရထားတာလား"
"အဟွတ် အဟွတ်..."
ချောင်ဖန်က ပါးစပ်ထောင့်က သွေးတွေကို သုတ်လိုက်ပြီး မြေကြီးပေါ် လဲကျသွားတယ် "မြို့ကို ကာကွယ်တုန်းက အတွင်းဒဏ်ရာရခဲ့တာပါ။ ဗိုလ်ချုပ်ရှာ၊ ကျွန်တော့်အတွက် စိတ်မပူပါနဲ့"
ရှာဝမ်လုံက မင်းသားလေးကို ကျောပိုးလိုက်ပြီး"အရှင်မင်းသား၊ ကျေးဇူးပြုပြီး လက်မလျှော့ပါနဲ့။ ချန်ဆန်းရှီတို့ကတော့ ဒီတစ်ခါ တကယ်ပဲ သေကုန်ကြပြီ။ ကျွန်တော်တို့သာ ဒီကနေ လွတ်သွားရင် ဗိုလ်ချုပ်လူကျိီနောက်ကို လိုက်ပြီး ရမှတ်တွေ နည်းနည်း ယူလိုက်တာနဲ့ လျန်ကျိုးကို ပြန်ရောက်တဲ့အခါ မင်းသားက ထိပ်တန်း အမွေဆက်ခံသူ ဖြစ်လာမှာ သေချာတယ်"
...
လော့ထျန်တောင်ကြား(ဂိတ်)။
ယွီဆုန် ကစစ်သည်တစ်ထောင်ကျော်ကို ဦးဆောင်ပြီး ဂိတ်တံခါးအပြင်ဘက် ၁၅မိုင်အကွာ လွင်ပြင်မှာ စခန်းချထားပါတယ်။ လမ်းမှာ တွေ့သမျှ အဝတ်စတွေကို စစ်အလံတွေအဖြစ် သုံးပြီး၊ ကောင်းကင်နဲ့ မြေကြီး တုန်ဟိန်းသွားမယ့်အထိ စည်တီးခိုင်းထားတာကြောင့် အဝေးကကြည့်ရင်တော့ မြို့ကို အချိန်မရွေး ဝင်တိုက်တော့မယ့် စစ်တပ်ကြီးတစ်ခုလို ထင်မှတ်ရစေပါတယ်။
ဂိတ်တံခါး ခံတပ်အတွင်းမှာတော့။
တာဝန်ခံ ဗိုလ်ချုပ် လျူရှိုကျန့် က အမြင့်တစ်နေရာကနေ အားပါပါနဲ့ ချီတက်လာတဲ့ ဒါရှန်စစ်သည်တွေကို စိုးရိမ်တကြီး ကြည့်နေပါတယ်။
"ဗိုလ်ချုပ်၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
လက်အောက်ငယ်သားတစ်ယောက်က ပျာပျာသလဲ မေးတယ် "ဒီလောက် လူအများကြီးဆိုတော့ အနောက်ဘက်ကမ်းက စစ်တပ်တွေအားလုံး ဒီမှာ လာစုဖို့ ဗိုလ်ချုပ်ကြီး လျန် ဆီကို ချက်ချင်း အကြောင်းကြားသင့်တယ် မဟုတ်လား"
"ဘာလို့ လောနေတာလဲ။ အကယ်၍ ဒါက ငါတို့ကို လှည့်စားဖို့ အယောင်ပြနေတာဆိုရင် မေရှန်းခရိုင်က အန္တရာယ်ရှိသွားမှာပေါ့။ ဗိုလ်ချုပ်ကြီးလျန်က ဒါကို သတိပေးထားပြီးသား"
လျူရှိုကျန့်က ပြတ်ပြတ်သားသား ပြောလိုက်တယ် "ငါ့အမိန့်ကို နာခံပါ။ အခုလောလောဆယ် ခံစစ်ကိုပဲ အသေဆုပ်ကိုင်ထားပြီး ရန်သူကို စောင့်ကြည့်ကြ။ သူတို့ တကယ် ဝင်တိုက်ပြီဆိုမှ သူတို့ရဲ့ အင်အားအစစ်အမှန်ကို စမ်းသပ်ဖို့ ဟွာကျင်းအဆင့် ဗိုလ်ချုပ် နှစ်ယောက်ကို လွှတ်မယ်။ သူတို့ရဲ့ အဓိက ဗိုလ်ချုပ်ကြီး ယွီဆုန် ကိုယ်တိုင် ပါနေတာ သေချာပြီဆိုမှ အစစ်လို့ သတ်မှတ်မယ်၊ မဟုတ်ရင်တော့ အယောင်ပြလို့ပဲ မှတ်ယူလိုက်"
တစ်ရက် ကြာပြီးနောက်။
"သတင်းပို့ပါတယ်"
"ဗိုလ်ချုပ်ခုနကတင် ရန်သူတွေ မြို့ကို တိုက်ခိုက်ပါတယ်။ ကျွန်တော်တို့ဘက်က စမ်းသပ်ဖို့ လွှတ်လိုက်တဲ့ ဟွာကျင်းဗိုလ်ချုပ် နှစ်ယောက်လုံး အသတ်ခံလိုက်ရပါပြီ ကင်းထောက်တွေရဲ့ အတည်ပြုချက်အရ တိုက်ခိုက်နေတဲ့သူဟာ မဟာသွေးကြောအဆင့်က ဗိုလ်ချုပ်တစ်ယောက် ဖြစ်ပါတယ်။ ယွီဆုန်ကလွဲရင် တခြား ဘယ်သူ ရှိဦးမှာလဲ"
"သူတို့ အခု ဘယ်မှာလဲ"
"မိုးမလင်းခင်တင် ပြန်ဆုတ်သွားကြပါတယ်။ သူတို့ဘက်ကလည်း အကျအဆုံး များတယ်ဗျ။ အကြမ်းဖျင်း ရေတွက်ကြည့်တာတင် သူတို့လူ လေးရာကျော် သေသွားတာဆိုတော့ ဒါဟာ သူတို့ရဲ့ အဓိကတပ်ဖွဲ့ ဖြစ်မှာ သေချာပါတယ်"
"ဩော်... ဒါနဲ့ လှံရှည်ကို ကိုင်ထားတဲ့ လူငယ်ဗိုလ်ချုပ်တစ်ယောက်လည်း ပါတယ်။ သူတို့ အော်ဟစ်နေကြတာ ကြားရတာတော့ အဲဒါ ချန်ဆန်းရှီ တဲ့ဗျ"
"ကောင်းပြီ"
လျူရှိုကျန့်က ဝမ်းသာအားရ ဖြစ်သွားတယ် "ဒါဆိုရင် ယွီဆုန်ရော၊ ချန်ဆန်းရှီရော နှစ်ယောက်လုံး ဒီမှာ ရှိနေတာပေါ့။ မြန်မြန် စာရေးစမ်းဗိုလ်ချုပ်ကြီးလျန်ဆီကို ပို့လိုက်။ အနောက်ဘက်ကမ်းက စစ်တပ်တွေကို ချက်ချင်း မြစ်ဖြတ်ကူးခိုင်းပြီး သူတို့ကို ဝိုင်းရံပိတ်ဆို့ဖို့ ပြောလိုက်။ မြန်နိုင်သမျှ မြန်မြန် လုပ်ကြ၊ သူတို့ကို ထပ်ပြီး ထွက်ပြေးဖို့ အခွင့်အရေး မပေးနဲ့တော့"
သတင်းအချက်အလက်တွေကို အမြန်ရေးသားပြီး သိမ်းငှက်နက်တစ်ကောင်ရဲ့ ခြေထောက်မှာ ချည်နှောင်ကာ အနောက်ဘက်၊ မေရှန်း အရပ်ဆီကို လွှတ်တင်လိုက်ပါတယ်။
သိမ်းငှက်နက်ကလျင်မြန်စွာပျံသန်းသွားပါတယ်။
ဒါက အနောက်ချီနိုင်ငံနဲ့ မျက်ခုံးနီတပ်တို့ မဟာမိတ်ဖွဲ့ပြီးနောက် ရရှိခဲ့တဲ့ အလွန်တန်ဖိုးရှိတဲ့ ငှက်ဖြစ်ပြီး ဒါရှန်အင်ပါယာက သုံးလေ့ရှိတဲ့ ဟိုင်တုန်ချင်း ထက်တောင် ပိုပြီး တန်ဖိုးရှိပါတယ်။
...
အရန်တပ်စခန်းချရာနေရာ။
မှောင်မိုက်နေတဲ့ ညမှာ။
စစ်သည် ငါးရာပဲ ကျန်တော့တဲ့ စခန်းကြီးဟာ မီးရှူးမီးတိုင်တွေနဲ့ ထိန်ထိန်လင်းနေပါတယ်။ စစ်သည်တွေ အားလုံးက ကင်းလှည့်နေကြပြီး တစ်ယောက်မှ အနားမယူကြတာကြောင့် အဝေးကကြည့်ရင် စစ်အင်အား အများကြီး ရှိနေသလို ထင်ရစေတာပေါ့။
"ဘယ်လိုလဲ ချန်း ... ဒီနေ့ ချန်ဆန်းရှီအဖြစ် ဟန်ဆောင်ရတာ စိတ်လှုပ်ရှားဖို့ ကောင်းရဲ့လား"
ယွီဆုန်က သူ့ဘေးက အတွင်းအားသန့်စင်ခြင်းအဆင့်ရှိတဲ့ လူငယ်တပ်မှူးလေးကို နောက်ပြောင်လိုက်ပါတယ် "လော့ထျန်ဂိတ်က ငတုံးတွေကိုတော့ ခပ်အအ ဖြစ်အောင် လုပ်နိုင်ခဲ့သားပဲ"
"စိတ်လှုပ်ရှားဖို့ ကောင်းတာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကျင့်စဉ်အဆင့်က နည်းနည်း နိမ့်နေတော့ အစစ်အမှန် ပေါ်သွားမလားလို့ အကြိမ်ကြိမ် ထိတ်လန့်ခဲ့ရတယ်ဗျ"
တပ်မှူးချန်းက အားနာနာနဲ့ "ကံကောင်းတာက သူတို့ လွှတ်လိုက်တဲ့လူတွေက သိပ်မတော်ကြလို့ပေါ့။ ပြီးတော့ ဒုဗိုလ်ချုပ်ကြီးယွီကလည်း ဘေးကနေ ကူညီပေးလို့သာ သီသီလေး လွတ်ခဲ့တာပါ"
"ချန်း... မင်း တရားမမျှတဘူးလို့ ခံစားရလား"
ယွီဆုန်က 'စစ်နတ်ဘုရား မူးနောက်ခြင်း' အရက် လက်ကျန်လေးကို ကမ်းပေးလိုက်ပြီး "မင်း အသက်က အခုမှ ၂၅၊ ၂၆ ပဲ ရှိသေးတာလေ"
"ဒါ ကျွန်တော် ကိုယ်တိုင် ဒုဗိုလ်ချုပ်ကြီးနောက်ကို လိုက်မယ်လို့ ဆုံးဖြတ်ခဲ့တာပဲလေ၊ ဘာကို တရားမမျှတဘူး ခံစားနေရမှာလဲ"
တပ်မှူးချန်းက ပြုံးလိုက်တယ် "ဒါ့အပြင် အကယ်၍ ဗိုလ်ချုပ်ချန်တို့သာ အောင်မြင်သွားမယ်ဆိုရင် ဒါဟာ ကြီးကျယ်တဲ့ မှတ်တမ်းထူးကြီးပဲ။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ မိသားစုတွေလည်း ချမ်းသာကြွယ်ဝကုန်မှာပဲ၊ သူတို့အတွက် စိုးရိမ်စရာ မလိုတော့ဘူးပေါ့"
"အင်း... မင်းပြောတာ မှန်ပါတယ်"
ယွီဆုန် မတ်တပ်ရပ်လိုက်တယ်၊ သူ့မျက်ဝန်းတွေထဲမှာ စိတ်လှုပ်ရှားမှု အရိပ်အယောင်တွေ ဝှက်ထားပါတယ် "ငါတို့ စစ်သားတွေထဲမှာ ကောင်းကင်ဘုံဘွဲ့တံဆိပ်ကို ရချင်တဲ့ ရည်မှန်းချက် မရှိတဲ့သူ ဘယ်သူရှိမှာလဲဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်မယ်ဆိုရင် သေရလည်း နောင်တမရှိပါဘူး။
"ဒါ့အပြင် ဒီတိုက်ပွဲအပြီးမှာ ဗိုလ်ချုပ်ချန်ဟာ အကြီးစားစစ်ပွဲတစ်ခုကို ကွပ်ကဲနိုင်တဲ့ အတွေ့အကြုံတွေ အများကြီး ရသွားလိမ့်မယ်။ အခု စစ်သေနာပတိချုပ်ကြီး အနားယူသွားရင် တပ်စခန်းရှစ်ခုရဲ့ မျှော်လင့်ချက်က သူပဲ ရှိတော့မယ် မင်းနဲ့ငါ ဒီလို စစ်ပွဲကြီးမှာ ပါဝင်ခွင့်ရတာဟာ ဘဝမှာ အလကား မဖြစ်ခဲ့ပါဘူး"
တပ်မှူးချန်းက အရှေ့ဘက်က လင်းစပြုနေတဲ့ ကောင်းကင်ယံကို ကြည့်
လိုက်ပြီး "ဒုဗိုလ်ချုပ်ကြီးယွီ... ပြဿနာက ကျွန်တော်တို့ ဒီလောက်အထိ အကြာကြီး တောင့်မခံနိုင်တော့ဘူးဗျ..."
သူတို့မှာ နောက်ဆုံးတော့ လူတစ်ထောင်ကျော်လေးပဲ ရှိတာပါ။
အခုဆိုရင် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့လို့ တစ်ဝက်ပဲ ကျန်တော့တယ်။
နောက်ထပ် နှစ်ကြိမ်၊ သုံးကြိမ်လောက် ထပ်တိုက်ရင် သူတို့မှာ လူနည်းနေတာကို ရန်သူတွေ ရိပ်မိသွားမှာ အသေအချာပါပဲ။
"အချိန်ကို တွက်ကြည့်ရင်တော့ မကြာခင် ဖြစ်မှာပါ"
ယွီဆုန်က ရှေ့က ဟာလာဟင်းလင်း ဖြစ်နေတဲ့ လွင်ပြင်ကြီးကို ကြည့်ရင်း တိတ်ဆိတ်သွားပါတော့တယ်။
...
မေရှန်းခရိုင်။
"ယောကျ်ားကျေးဇူးပြုပြီး ဒီဆေးလေး သောက်လိုက်ပါဦး"
ကောင်းဖေဝမ်က ဇွန်းလေးကို ကိုင်ပြီး တိုက်တွန်းနေပါတယ် "တကယ်လို့ရှင်သာ လဲကျသွားရင် ရှင့်ရဲ့ အစီအစဉ်တွေကို ဘယ်လို အကောင်အထည်ဖော်မလဲ"
လျန်ကျိနျန်က ဘာမှ ပြန်မပြောဘဲ မြေပုံကိုသာ စိုက်ကြည့်နေပါတယ်၊ ပြီးမှ တိုးတိုးလေး ရေရွတ်တယ် "ငါ နောက်ထပ် အရှုံးမခံနိုင်တော့ဘူး၊ မသေမျိုးပစ္စည်းတွေရဲ့ စွမ်းအားကလည်း အားနည်းလာပြီ။ အကယ်၍ ငါ ထပ်ရှုံးရင်... လော့ထျန်ဂိတ်က သတင်းကတော့ အခုလောက်ဆို ရောက်သင့်နေပြီ..."
"ကိ—"
စူးရှတဲ့ အသံကြီးတစ်ခု ထွက်ပေါ်လာပါတယ်။
အနက်ရောင် အရိပ်တစ်ခုက ပြတင်းပေါက်ကနေ အခန်းထဲကို တိုက်ရိုက် ပျံဝင်လာပြီး လျန်ကျိနျန်ရဲ့ ရှေ့မှာ ဆင်းသက်လိုက်ပါတယ်။
လျန်ကျိနျန်က အဲဒီအရိပ်ရဲ့ ခြေထောက်က သတင်းကို အမြန်ဖြုတ်ယူပြီး ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ သူ့မျက်နှာမှာ ဖုံးကွယ်လို့မရတဲ့ ဝမ်းသာမှုတွေ ပေါ်လာပါတယ် "ကောင်းတယ် လော့ထျန်ဂိတ်မှာ အဓိက ဗိုလ်ချုပ်ကြီး ယွီဆုန် ရှိနေတာ အတည်ပြုနိုင်ပြီ။ သူတို့တွေ ဒီတစ်ခါတော့ သေချာပေါက် သေပြီ။
"လူတွေ၊ လူတွေ လာကြစမ်း"
"ငါ့ရဲ့ စစ်မိန့်ကို ထုတ်ပြန်လိုက်ပါ။ တစ်တပ်လုံး မြစ်ကို ဖြတ်ကူးပြီး လော့ထျန်ဂိတ်ကို တည့်တည့် ချီတက်ကြ အရန်တပ်ကို အမြစ်ပြတ် ချေမှုန်းပြီးတာနဲ့ လော့ထျန်ဂိတ်မှာပဲ တပ်စွဲထားကြ၊ နောက်မှ ရောက်လာမယ့် တုန်အန်းရဲ့ စစ်တပ်နဲ့ ပူးပေါင်းဖို့ ပြင်ထား ဒါ့အပြင် ဒါရှန် အင်ပါယာ မြို့တော်ကနေ တောရိုင်းဒေသကို ဖြတ်ပြီး လာနေတဲ့ စစ်တပ်တွေကို ရင်ဆိုင်ဖို့ အသင့်
ပြင်ထားကြ"