← Chapters

ဆရာ... ကျွန်တော်က ဆရာ့ရဲ့ အညံ့ဆုံး တပည့်လားဟင်

Vol. 8 Ch. 72

ဆရာ... ကျွန်တော်က ဆရာ့ရဲ့ အညံ့ဆုံး တပည့်လားဟင်

Vol. 8 Ch. 72

“အဲဒီလိုကိုး”

ချူဖုန်းသည် သူ၏တပည့်လေး စကားပြောနေလျက် မျက်လုံးထဲတွင် ဝမ်းနည်းပူဆွေးမှု အရိပ်အယောင်များ တဖြည်းဖြည်း ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

သူက အတွေ့အကြုံဆိုးများကို ဖုံးကွယ်ထားသေးကြောင်း ပြောနိုင်၏။ သို့သော် တပည့်က ဆက်မပြောလိုသဖြင့် ဆရာတစ်ယောက် အနေဖြင့် ဆက်လက် မေးမြန်းရန် မသင့်လျော်ပေ။

လူတိုင်းတွင် ပြန်၍ သတိမရချင်သည့် အတိတ်၏ အစိတ်အပိုင်းများရှိဆဲပင်။

သူသည် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ဒါဆို... မင်း ငါ့ဆီကနေ ဘာသင်ယူချင်လဲ”

၎င်းကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့၏ မျက်လုံးများသည် အရောင်လက်သွားပြီး စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်သည်။ သို့သော် သူ၏ စိတ်ခံစားချက်များကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။

“ဆရာ သင်ပေးသမျှ သင်ယူမှာပါ။ ဆရာလို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ဆီကနေ လမ်းညွှန်မှု နည်းနည်းလောက် ရရင်တောင် ကျွန်တော့်အတွက် အကျိုးကျေးဇူး အများကြီး ရှိမယ်လို့ ယုံကြည်ပါတယ်”

ချူဖုန်းသည် ခပ်ဟဟ ရယ်လိုက်သည်။ “မင်းက တေယ်တော်အပြောချိုတာပဲ။ ကောင်းပြီလေ။ မနက်ဖြန်ကစပြီး နေ့တိုင်း ငါ့နောက်လိုက်ခဲ့။ တစ်နေ့ကို ထူးခြားတဲ့ စွမ်းရည်တစ်ခု ငါ ပြပေးမယ်။ မင်းကြိုက်တဲ့အရာကို ရွေးချယ်ပြီး သင်ယူနိုင်တယ်”

“ကျေးဇူးတင်ပါတယ် ဆရာ”

ဝမ်ပေါင်လဲ့သည် လေးနက်စွာ ဦးညွှတ်လိုက်ပြီး သူ့စိတ်ထဲတွင် တွေးလိုက်သည်။

‘ငါ နောက်ဆုံးတော့ ဆရာ့ရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ပြီ။ ဒါပေမဲ့...ဘာသင်ရမလဲ’

သူတို့သုံးဦးသည် ပျော်ရွှင်စွာဖြင့် ဆက်လက် စားသောက်ကြသည်။

နောက်တစ်နေ့တွင် ချူဖုန်းသည် ပုံမှန်အတိုင်း နေမြင့်မှ နိုးလာသည်။

ယနေ့ ဝမ်ပေါင်လဲ့ကို မည်သည့်ပညာရပ်သင်ပေးရမည်နည်း ဆိုသည်ကို စဉ်းစားလိုက်သည်။

‘ကောင်လေးက မသွေးရသေးတဲ့ ကျောက်စိမ်းရိုင်းတုံး တစ်တုံးပဲ’

သူ့အတွက် မှန်ကန်သည့် ကျင့်ကြံခြင်းလမ်းစဉ်ကို ရှာဖွေပေးရန် လိုအပ်သည်။

သူ အခန်းကို ဝေ့ကြည့်လိုက်ပြီး ဇီသာ၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီစသည့် အနုပညာရပ် တို့ဖြင့် စတင်ရန်နှင့် အဆင်မပြေပါက သိုင်းပညာရပ်များဆီသို့ ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။

ထိုအစီအစဉ်ဖြင့် တံခါးဖွင့်ပြီး အပြင်ထွက်လိုက်သည့်အခါ ခြံဝင်းထဲတွင် ဝမ်ပေါင်လဲ့ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

“မင်း ဒီကို အစောကြီး ရောက်နေတာလား”

ဝမ်ပေါင်လဲ့သည် ခေါင်းယမ်းလိုက်သည်။ “မရောက်ပါဘူး ဆရာ။ ကျွန်တော် အရင်ဆုံး ထင်းခွဲတယ်၊ ပြီးတော့ ရေဖြည့်တယ်။ အဲဒီ အလုပ်တွေ ပြီးမှ ဒီကို လာခဲ့တာပါ”

ဝမ်ပေါင်လဲ့က သောင်းပြောင်းပညာရပ်ဌာနတွင် နေထိုင်ခဲ့သည်မှာ တစ်လကျော် ရှိပြီဖြစ်၍ ဆရာ စောစောမနိုးတတ်ကြောင်း သိထားပြီး ဖြစ်သည်။

ထို့ကြောင့် သူသည် ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်းသာ လုပ်ဆောင်ခဲ့သည်။

“ကောင်းပြီ။ မနက်စာ စားပြီးရင် ငါ မင်းကို ဇီသာတီးဖို့ ခေါ်သွားမယ်”

ဝမ်ပေါင်လဲ့က အေးခဲသွားသည်။ “ဆရာ... ကျွန်တော်တို့... တခြား တစ်ခုခု ရွေးလို့ မရဘူးလား။ ဂီတအကြောင်း ကျွန်တော် တကယ် ဘာမှ နားမလည်လို့ပါ”

ချူဖုန်းသည် မေးလိုက်သည်။ “မင်း အရင်က လေ့လာဖူးလို့လား”

ဝမ်ပေါင်လဲ့သည် ခေါင်းညိတ်လိုက်သည်။ “ကျွန်တော့် ဇနီးသည်က ဂီတကို နှစ်သက်တော့ ကျွန်တော် သင်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်၊ ဒါပေမဲ့ အိမ်က ဂီတပညာရှင်တွေ အကုန်လုံးကို မောင်းထုတ်မိသလို ဖြစ်သွားခဲ့တယ်”

“စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီ တွေရော”

ချူဖုန်းသည် ဆက်လက် မေးမြန်းလိုက်သည်။

ဝမ်ပေါင်လဲ့က ခေါင်းထပ်ယမ်းလိုက်သည်။ “အဲဒါတွေမှာလည်း မတော်ပါဘူး။ နည်းနည်းပါးပါးတော့ သိပါတယ်၊ ဒါပေမဲ့ သင်ယူတဲ့နေရာမှာ သူများတွေထက် နှေးကွေးပြီး ပျမ်းမျှအဆင့်ကိုတောင် ခက်ခက်ခဲခဲ သင်ယူထားရပါတယ်”

ချူဖုန်းသည် ဘာမှ ထပ်မပြောတော့ဘဲ လမ်းကြောင်း ပြောင်းလိုက်သည်။ “ကောင်းပြီလေ၊ ဒါဆို ဒီနေ့ လက်နက် (၁၈) မျိုး နဲ့ စတင်ကြတာပေါ့”

“ဟုတ်ကဲ့”

ဝမ်ပေါင်လဲ့သည် စိတ်လှုပ်ရှားစွာ ခုန်ပေါက်လိုက်သည်။

နေ့လယ်စာ စားပြီးနောက်။

ချူဖုန်းသည် ဝမ်ပေါင်လဲ့ကို တောင်နောက်ဘက်ရှိ ဝါးတောသို့ ခေါ်ဆောင်သွားလိုက်သည်။

သူသည် ကိုယ်ပိုင်ဓားကို ထုတ်ယူကာ ဝါးဓားတစ်ချောင်းကို ပေါ့ပေါ့ပါးပါး ထွင်းလိုက်ပြီး ဝမ်ပေါင်လဲ့ကို ပေးလိုက်သည်။

“မင်း ဓားသိုင်းပညာ သင်ဖူးလား”

ဝမ်ပေါင်လဲ့က ခေါင်းယမ်းလိုက်သည်။ “မသင်ဖူးပါဘူး၊ လက်နက်မဲ့ တိုက်ခိုက်နည်း အခြေခံတချို့ကိုတော့ သင်ဖူးပါတယ်”

“ကောင်းပြီ”

ချူဖုန်းသည် ဖြည်းညှင်းစွာ ပြောလိုက်သည်။ “အဲဒါဆိုရင် ငါ မင်းကို ဓားပညာ အခြေခံတွေ အရင် သင်ပေးမယ်။ ဆိုရိုးစကားအတိုင်းပဲ လောကကြီးမှာ ဓားသိုင်းပေါင်း ထောင်ချီ ရှိကြတယ်”

“ဒါပေမဲ့ အဲဒါတွေကို ခွဲခြမ်းစိတ်ဖြာလိုက်ရင် အားလုံးက အခြေခံ လှုပ်ရှားမှု ၁၃ ခုကနေ မြစ်ဖျားခံလာကြတယ်။ ခုတ်ပိုင်းခြင်း၊ ထိုးစိုက်ခြင်း၊ ပင့်တင်ခြင်း၊ ရှင်းလင်းခြင်း၊ ဖြိုခွင်းခြင်း၊ ပိုင်းဖြတ်ခြင်း၊ ပိတ်ဆို့ခြင်း၊ဖြတ်တောက်ခြင်း၊ ပုတ်ထုတ်ခြင်း၊ မွှေနှောက်ခြင်း၊ ချိတ်ဆွဲခြင်း၊ တို့ထိခြင်း၊ နဲ့ တိမ်တိုက်သဖွယ် လှုပ်ရှားခြင်းပဲ”

ချူဖုန်းသည် လှုပ်ရှားမှုများကို ဖြည်းညှင်းစွာ သရုပ်ပြလိုက်သည်။

လှုပ်ရှားမှု တစ်ခုချင်းစီသည် အလျင်စလို မဟုတ်ဘဲ အလွန် နှေးကွေးလွန်းသဖြင့် တမင်သက်သက် လုပ်နေသကဲ့သို့ပင် ဖြစ်သည်။

သို့သော် ရိုက်ချက်တိုင်းသည် ကြည်လင်သည့် ဓားမြည်သံကို သယ်ဆောင်ထားသည်။

လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းသည် ဝမ်ပေါင်လဲ့၏ နှလုံးသားကို ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားစေသည်။

သူ ယခင်က နာမည်ကြီး ဓားသိုင်းကွက်များ အပါအဝင် ဓားသိုင်းများစွာကို မြင်ဖူးပါသည်။

သို့သော် ထိုစွမ်းအားကြီးလှသည့် ဓားသိုင်းများက ဆရာ့၏ အခြေခံဓားသိုင်းကျမ်းနှင့် ယှဉ်လျှင် ဘာမျှ မဟုတ်တော့ပေ။

‘ဆရာက ဘယ်လောက်တောင် သန်မာတာလဲ’

အစအဆုံး သရုပ်ပြပြီးသွားနောက် ချူဖုန်းသည် ဝမ်ပေါင်လဲ့ဘက်သို့ လှည့်လိုက်သည်။

“ဘယ်လှုပ်ရှားမှုကို အကြိုက်ဆုံးလဲ”

ဝမ်ပေါင်လဲ့ “...”

သူက ခေါင်းကို အနေရခက်စွာ ကုတ်လိုက်သည်။ “ဆရာ... စောစောက ဆရာ့ရဲ့ ဓားကစားတာကို ကြည့်ပြီး အာရုံဝင်စားလွန်းသွားလို့ လှုပ်ရှားမှုတိုင်းက အံ့မခန်းပဲလို့ ခံစားရပါတယ်။ ကျွန်တော် အကုန်လုံးကို သင်ချင်ပါတယ်”

“ပြဿနာ မရှိဘူး။ ဒီအခြေခံ ဓားသိုင်းကွက်တွေက ဓားကျင့်ကြံသူတိုင်း မဖြစ်မနေ တတ်ထားရမယ့် အရာတွေ။ ထိုးစိုက်ခြင်းကနေ စကြတာပေါ့”

ချူဖုန်းသည် သူ့ကို စတင်သင်ကြားပေးလိုက်သည်။

ဝမ်ပေါင်လဲ့သည် အပြည့်အဝ အာရုံစိုက်ထားပြီး အနည်းငယ်မျှ ပေါ့ဆရဲခြင်း မရှိပေ။

တစ်နေ့လယ်ခင်းလုံး လျင်မြန်စွာ ကုန်ဆုံးသွားသည်။

ဝမ်ပေါင်လဲ့သည် အခြေခံ ဓားသိုင်းကွက် (၁၃) ကွက်ကို အနိုင်နိုင် မှတ်ထားရသည်။ တစ်ခေါက် လေ့ကျင့်ပြီးနောက် ဆရာ့ကို သတိထားကာ ကြည့်လိုက်သည်။

စာမေးပွဲ ဖြေပြီးနောက် အဆုံးအဖြတ်ကို စောင့်ဆိုင်းနေသော သနားစရာကျောင်းသား တစ်ယောက်ကဲ့သို့ပင်။

ချူဖုန်းက ပြုံးလိုက်ပြီး သူ့ပခုံးကို ပုတ်လိုက်သည်။

“ဒီဓားသိုင်းကွက် (၁၃) ကွက်အပေါ် ပြန်သုံးသပ်လိုက်။ ဘယ်တစ်ခုကို မင်း အကြိုက်ဆုံးလဲဆိုတာ သေချာ စဉ်းစား၊ ပြီးရင် စလေ့ကျင့်။ မနက်ဖြန်ကျရင် ဓားကျင့်ကြံခြင်းကို မင်း စိတ်ဝင်စားလား မစားဘူးလား ဆိုတာ ငါ့ကို လာပြော”

“နားလည်ပါပြီ”

ဝမ်ပေါင်လဲ့က ပြန်ဖြေလိုက်ပြီးနောက် ခေါင်းကုတ်ကာ မေးလိုက်သည်။ “ဆရာ... ကျင့်ကြံခြင်းဆိုတာ ခါးသီးလှတဲ့ လမ်းစဉ်လို့ ကြားဖူးပါတယ်၊ ပြီးတော့ ကိုယ်ပိုင် နှစ်သက်မှုအပေါ် အခြေခံပြီး ရွေးချယ်လို့ မရဘူးလို့လည်း ကြားဖူးတယ်။ ဘာလို့ ဆရာက ကျွန်တော့်ကို စိတ်ဝင်စားလားလို့ ခဏခဏ မေးနေရတာလဲ”

ချူဖုန်းက ပြုံးလိုက်သည်။ “မင်းရဲ့ ဆရာက မင်းကို လှည့်စားနေတယ်လို့ ပြောချင်တာလား”

ဝမ်ပေါင်လဲ့သည် ခေါင်းကို အမြန် ယမ်းလိုက်သည်။ “မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ တပည့် အဲဒီလို ပြောတာမဟုတ်ပါဘူး။ ဆရာ့ရဲ့ သင်ကြားတဲ့နည်းက... နည်းနည်း ထူးခြားနေတယ်လို့ ခံစားရလို့ပါ”

“ပါရမီအလိုက် သင်ကြားပေးခြင်း ဆိုတာ မင်း ကြားဖူးလား”

ချူဖုန်းက စိတ်ဝင်တစား မေးလိုက်သည်။

ဝမ်ပေါင်လဲ့သည် ပြန်ဖြေလိုက်သည်။ “ကျွန်တော် စာအုပ်တွေ တော်တော်များများ ဖတ်ဖူးပေမဲ့ အဲဒါကိုတော့ တကယ် မကြားဖူးပါဘူး”

ချူဖုန်းသည် အလျင်မလိုစွာ စတင် ရှင်းပြလိုက်သည်။

“ကြည့်ရတာ မင်းရဲ့ အရင်တုန်းကဆရာတွေ အားလုံးက သာမန်အဆင့်တွေ ဖြစ်လောက်တယ်။ ဝမ်တောက်ကျောင်းတော်ကို ဌာနကြီး ဆယ်ခု ခွဲခြားထားတယ်၊ အဓိက ဌာနကြီး ကိုးခုက မတူညီတဲ့ ကျင့်ကြံခြင်း လမ်းစဉ်တွေကို အာရုံစိုက်ကြတယ်

“ရည်ရွယ်ချက်ကတော့ တစ်ခုတည်း။ တပည့်တိုင်းက သူတို့ရဲ့ အားသာချက်တွေမှာ တိုးတက်လာဖို့နဲ့ တာအိုတစ်ခုကို ထူးချွန်ပြောင်မြောက်တဲ့အထိ လိုက်စားနိုင်ဖို့ပဲ”

“ကျောင်းတော်ထဲမှာ ပညာရပ်အများကြီးကို ကျွမ်းကျင်ပိုင်နိုင်ကြတဲ့သူတွေ ရှိပေမဲ့ သူတို့ရဲ့ ပါရမီတွေ အားလုံးထဲမှာ သူတို့အထူးပြုလေ့လာတာက ကျန်တာတွေထက် အမြဲတမ်းသာလွန်တယ်”

“ကျင့်ကြံခြင်းက ခါးသီးတယ်လို့ မင်း ပြောခဲ့တယ်မလား။ ဟုတ်တယ် တကယ်လည်း ခါးသီးတယ်။ သဘာဝတရားရဲ့ နိယာမကို ဆန့်ကျင်ပြီး ကျင့်ကြံဖို့ဆိုရင် ပါရမီနဲ့ ထိုးထွင်းသိမြင်မှု နှစ်ခုစလုံး လိုအပ်တယ်”

“ဒါဆို ငါ မင်းကို မေးပါရစေ။ တကယ်လို့ မင်း လုံးဝ မကြိုက်တဲ့ အရာတစ်ခုအတွက် ကိုယ့်ကိုယ်ကိုယ် မြှုပ်နှံထားရမယ်ဆိုရင်၊ အဲဒါကို ကျွမ်းကျင်ပိုင်နိုင်ဖို့နဲ့ ကိုယ်ပိုင် ထူးခြားတဲ့ လမ်းစဉ်ကို ဖောက်လုပ်နိုင်ဖို့အထိ အလေးအနက်ထား လေ့လာနိုင်ပါ့မလား”

ဝမ်ပေါင်လဲ့၏ မျက်နှာသည် ရုတ်တရက် နားလည်သဘောပေါက်သွားမှုဖြင့် လင်းလက်သွားသည်။

သူက ချူဖုန်းကို အလေးအနက် ဦးညွှတ်လိုက်သည်။ “ဆရာ့ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။ တပည့်ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပေးပါ”

“မင်း နားလည်တာ ကောင်းပါတယ်။ ပြန်ကြစို့”

ချူဖုန်းသည် ဓားကို ပြန်သိမ်းပြီး ခြံဝင်းသို့ ပြန်သွားလိုက်သည်။

နောက်တစ်နေ့တွင် တူညီသော အချိန်၌ ဝမ်ပေါင်လဲ့ကို ဝါးတောသို့ ခေါ်ဆောင်လာခဲ့သည်။

“မနေ့ညက မင်း သေချာ စဉ်းစားခဲ့ရဲ့လား”

ဝမ်ပေါင်လဲ့က ပြောလိုက်သည်။ “ဆရာ... ကျွန်တော် မတူညီတဲ့ ကျင့်ကြံခြင်း လမ်းစဉ်ကို စမ်းကြည့်ချင်ပါတယ်”

“ပြဿနာ မရှိဘူး။ ဒီနေ့ ငါ မင်းကို ဆေဘာ နည်းစနစ်တွေ သင်ပေးမယ်”

ထိုသို့ပြောပြီးနောက် ချူဖုန်းက ဆေဘာတိုက်ခိုက်နည်း အခြေခံများကို စတင် သရုပ်ပြလိုက်သည်။

…

လဝက် ကြာပြီးနောက်။

ဝါးတော အတွင်း၌။

ချူဖုန်းသည် ငှက်ကုလားအုတ်ကဲ့သို့ ခေါင်းငုံ့ထားသော ဝမ်ပေါင်လဲ့ကို ကြည့်ပြီး ပြောလိုက်သည်။ “မင်းပုံစံကို ကြည့်ရတာ ခန္ဓာကိုယ် သန့်စင်ခြင်းကို သိပ်စိတ်မဝင်စားဘူးထင်တယ်”

ဝမ်ပေါင်လဲ့သည် အစာကောက်နေသော ကြက်ပေါက်လေးကဲ့သို့ ခေါင်းညိတ်လိုက်သည်။

“ဆရာ... ကျွန်တော်က ဆရာ့ရဲ့ အညံ့ဆုံး တပည့်လားဟင်”

‘ဒီကောင်လေးက ငါ့စကားကို ခိုးပြောလိုက်တာပဲ’

ချူဖုန်းက လည်ချောင်းရှင်းလိုက်သည်။ “အနည်းဆုံးတော့ မင်း ကိုယ့်ကိုယ်ကိုယ် သိတာပေါ့။ ဒါဆိုရင် မင်း အနှစ်သက်ဆုံး အရာက ဘာလဲဆိုတာ သေချာ စဉ်းစားပြီးပြီလား”

ဝမ်ပေါင်လဲ့က အေးခဲသွားပြီး၊ လွန်ခဲ့သော ဆယ်နှစ်ကျော် ကာလအတွင်း သူ့ရင်ထဲကနေ စစ်မှန်စွာ နှစ်သက်ခဲ့သော အရာတစ်ခုခု ရှိမရှိ သိနိုင်ရန် သူ့ဘဝကို ပြန်လည် သုံးသပ်လိုက်သည်။

သူ အတွေးထဲ နစ်မြုပ်နေသည်ကို မြင်သောအခါ ချူဖုန်းက ဝင်မနှောင့်ယှက်ခဲ့ပေ။ သူသည် နေရာတစ်နေရာတွင် ဝင်ထိုင်လိုက်ပြီး ကောင်လေး၏ အဖြေကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။

အချိန်အတော်ကြာပြီးနောက်။

ဝမ်ပေါင်လဲ့သည် ခေါင်းကုတ်ပြီး ချူဖုန်းဆီ လျှောက်လာသည်။ “ဆရာ... ကျွန်တော် ခဏလောက် စဉ်းစားကြည့်ခဲ့ပါတယ်။ ဘဝမှာ ကျွန်တော် အနှစ်သက်ဆုံး အရာက... စားသောက်ခြင်းလို့ ထင်ပါတယ်”

“ကျွန်တော် သူများအိမ်မှာ နေခဲ့ရတုန်းကတောင်မှ အစားကောင်း စားရဖို့ နည်းလမ်းတွေကို အမြဲ ရှာဖွေခဲ့တယ်”

ချူဖုန်းသည် ဝမ်ပေါင်လဲ့ကို သေချာ ကြည့်လိုက်သည်။ “မင်းက တကယ့်ကို အစားအသောက်သမား ပဲ။ ဒါပေမဲ့ စားသောက်ခြင်းကနေ ကျင့်ကြံဖို့အတွက် မင်းမှာ အခြေခံအုတ်မြစ် ရှိရဲ့လား”

ဝမ်ပေါင်လဲ့က ရပ်တန့်သွားသည်။ “ဆရာ... စားသောက်ရုံနဲ့ ကျင့်ကြံလို့ ရတာလား”

“ရတာပေါ့။ ဒါပေမဲ့ မင်းစားလိုက်တဲ့ အရာတွေကို သန့်စင်ပြီး စိတ်ဝိညာဉ်စွမ်းအင်နဲ့ တိုက်ခိုက်ရေးစွမ်းအား အဖြစ် ပြောင်းလဲနိုင်ဖို့အတွက် သီးခြား အထောက်အကူပြု နည်းလမ်းတွေနဲ့ ပေါင်းစပ်ဖို့ လိုအပ်တယ်”

ထို့နောက် ချူဖုန်းက မေးလိုက်သည်။ “ဒါပေမဲ့... မင်းမှာ အဲဒါအတွက် အထူးခန္ဓာ ရှိလို့လား”

“ကျွန်တော့်က ဆင်းရဲပါတယ်”

ဝမ်ပေါင်လဲ့က စဉ်းစားမနေဘဲ တိုက်ရိုက် ထုတ်ပြောလိုက်သည်။

“မဟုတ်ဘူး”

ချူဖုန်းက သူ့စကားကို ဖြတ်ပြောလိုက်သည်။ “ငါ ဆိုလိုတာက မင်းမှာ အဲဒါအတွက် အထူး ခန္ဓာကိုယ် ရှိလားလို့ မေးတာ”

“အစားအသောက် အတွက်ကတော့ ပြဿနာ မရှိဘူး။ ငါ့ဆီမှာ အများကြီး ရှိတယ်။ မင်းရဲ့ စားချင်စိတ်က အရင်ကထက်တော့ တိုးလာနေတာ မှန်ပေမဲ့ ဒဏ္ဍာရီလာ အစားကြီးခန္ဓာနဲ့တော့ အဝေးကြီး လိုသေးတယ်”

“ဒါပေမဲ့ မင်းက စားရတာ နှစ်သက်မှတော့ အဲဒါကို ဗဟိုပြုတဲ့ ကျင့်ကြံခြင်း လမ်းစဉ်တစ်ခုကို ငါတို့ ရှာဖွေကြည့်လို့ ရပါတယ်”

“ပြန်သွားပြီး ရက်နည်းနည်းလောက် သေချာ စဉ်းစားကြည့်ပါ၊ ပြီးရင် ငါ့ကို အဖြေပြန်ပေး”

ဝမ်ပေါင်လဲ့ “နားလည်ပါပြီ ဆရာ”

All Chapters