တာ့ယန် မြင့်မြတ်နယ်မြေ တုန်လှုပ်သွားခြင်း
Vol. 8 Ch. 76
“မသတ်ပါနဲ့”
ကြီးကြပ်ရေးမှူးကိုး စကားစပြောရုံရှိသေး နားထဲ၌ ဝိညာဉ်နုတ်တေးသွားတစ်ပုဒ် ကြားလိုက်ရသည်။
သူ၏အသိစိတ်များ ဝေဝါးကာ ပျောက်ကွယ်သွားတော့သည်။
ခဏအကြာတွင် ဂူအတွင်းမှ ဇီသာသံက ရပ်တန့်သွားသည်။
ချင်းချင်းသည် မတ်တပ်ရပ်ပြီး ချူဖုန်းဘက်သို့ အနည်းငယ် ဦးညွှတ်လိုက်သည်။ “ကူညီပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်ရှင်”
ချူဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး...ဟိုလူပြောပုံအရဆို မင်းကိုယ်ပေါ်မှာ တာ့ယန် မြင့်မြတ်နယ်မြေက ချန်ထားတဲ့ အမှတ်အသားတစ်ခု ရှိနေတယ်”
“အဲဒါကို ဖျက်လို့ရမရ ကြည့်ပေးမယ်လေ”
၎င်းကို ကြားလိုက်ရသောအခါ ချင်းချင်း၏ မျက်နှာသည် လင်းလက်သွားပြီး ချူဖုန်းရှေ့သို့ လျှောက်လာလိုက်သည်။
ချူဖုန်းသည် ကမ္ဘာပျက်မျက်ဝန်းကို အသက်သွင်းပြီး ချင်းချင်း၏ ခန္ဓာကိုယ်ကို သေချာ စစ်ဆေးလိုက်သည်။
သူမ၏ ဝိညာဉ်ပေါ်တွင် ရိုက်နှိပ်ထားသော ရွှေရောင် အမှတ်အသားတစ်ခုကို တွေ့လိုက်သည်။
အမှတ်အသားသည် ချင်းချင်း၏ ဝိညာဉ်နှင့် ပေါင်းစပ်နေပြီးဖြစ်၍ အတင်းအကျပ် မဖယ်ရှားနိုင်ပေ။
အကယ်၍ သူ စိတ်လိုက်မာန်ပါ လုပ်လိုက်လျှင် သူမ၏ ဝိညာဉ်ကိုပါ ပြင်းထန်စွာ ထိခိုက်သွားစေလိမ့်မည်။
အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် ချူဖုန်း၏မျက်နှာပေါ်တွင် အတွေးနက်ဟန်ပေါ်လာသည်။
သူမ၏ဆရာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ အမှတ်အသားကို ဖယ်ရှားရန် မလွယ်ကူကြောင်း ခန့်မှန်းမိလိုက်ပြီး တာ့ယန် မြင့်မြတ်နယ်မြေအပေါ်ထားရှိသော သူမ၏ အမုန်းတရားများ ပိုမို နက်ရှိုင်းလာသည်။
အချိန်အတော်ကြာပြီးနောက်
ချူဖုန်းက အသိစိတ် ပြန်ဝင်လာပြီး နှုတ်ခမ်းဆူနေသော ချင်းချင်းကို ကြည့်ကာ ပြုံးလိုက်သည်။ “မင်း အပေါ်က အမှတ်အသားအတွက် စိတ်ပူနေတာလား”
ချင်းချင်းသည် ခေါင်းအသာ ညိတ်လိုက်ပြီး လေးစားစွာ မေးလိုက်သည်။ “ဆရာ အမှတ်အသားက ဘယ်နေရာမှာ အတိအကျ ရှိနေလဲဆိုတာ ပြောပြလို့ ရမလား”
ချူဖုန်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။ “အမှတ်အသားက မင်းရဲ့ ဝိညာဉ်ထဲမှာ ရှိနေတာ.. ငါ့အစွမ်းနဲ့ ဖယ်ရှားပေးလို့ရပေမဲ့ မင်းရဲ့ဝိညာဉ်က ပျက်စီးလွယ်နေသေးတယ်”
“မင်း ကောင်းကင်ဇာစ်မြစ်အဆင့်ကို ရောက်ပြီး ဝိညာဉ်ကို အံ့ဖွယ်ဝိညာဉ်အဖြစ် ပြောင်းလဲသွားတဲ့အချိန်ကျမှ ဘေးကင်းကင်းနဲ့ ဖယ်ပေးနိုင်မှာ...မဟုတ်ရင် ထိခိုက်သွားလိမ့်မယ်”
၎င်းကို ကြားလိုက်ရသောအခါ ချင်းချင်း၏ မျက်လုံးများသည် တောက်ပလာသည်။ သူမက လက်သီးနုနုလေးများကို ဆုပ်လိုက်ပြီး တစ်ကိုယ်လုံးတွင် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်လာသည်။
“ဆရာ ကျွန်မ ဝီရိယရှိရှိ ကျင့်ကြံပါ့မယ်”
“ကောင်းပြီ”
ချူဖုန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။ “လောလောဆယ် အနားယူလိုက်ဦး...မနက်ဖြန်ကျရင် ငါတို့ နတ်ဆိုးသားရဲတချို့ အမဲလိုက်မယ်...ပြီးရင် ညနေကျ ဝမ်တောက်ကျောင်းတော်ကို ပြန်ကြမယ်”
ချင်းချင်းက ပြောလိုက်သည် “နားလည်ပါပြီ”
…
တစ်ချိန်တည်းမှာပင် မိုင်ပေါင်းတစ်သောင်း ဝေးကွာသော တာ့ယန် မြင့်မြတ်နယ်မြေ၌
အမှောင်ခန်းမ၏ ဝိညာဉ်မီးအိမ် ခန်းမအတွင်း အရွယ်အစား အမျိုးမျိုးရှိသော ဝိညာဉ်မီးအိမ် ထောင်ပေါင်းများစွာကို စီတန်းထားသည်။
ဝိညာဉ်မီးအိမ် တစ်လုံးစီသည် တာ့ယန် မြင့်မြတ်နယ်မြေ၏ တပည့်တစ်ဦးကို ကိုယ်စားပြုသည်။
ချလွင် ချလွင် ချလွင်
ကြည်လင်ပြတ်သားသော အသံများ ဆက်တိုက် ထွက်ပေါ်လာရာ တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက် ဝိညာဉ်မီးအိမ် ခန်းမကို စောင့်ကြပ်နေသော တပည့်၏ မျက်နှာကဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
အနီးကပ် စစ်ဆေးကြည့်သောအခါ ဝိညာဉ်မီးအိမ် တစ်ဒါဇင်ကျော် ငြိမ်းသွားသည်ကို တွေ့လိုက်ရသည်။
ဤသည်မှာ အမှောင်ခန်းမအတွက် သေးငယ်သည့်ကိစ္စ မဟုတ်ပေ။
အမှောင်ခန်းမ၏ တပည့်များသည် ဓားသွားထက်တွင် ရှင်သန်နေထိုင်ကြသော်လည်း ဤမျှတိုတောင်းသော အချိန်အတွင်း အများအပြား သုတ်သင်ခံလိုက်ရခြင်းမှာ ဆိုးရွားသော ကိစ္စတစ်ခုဖြစ်ပွားခဲ့သည်မှာ သေချာသည်။
တပည့်သည် တာဝန်ကျ ကြီးကြပ်ရေးမှူးထံ အလျင်အမြန် သွားရောက် တင်ပြလိုက်သည်။
“ကြီးကြပ်ရေးမှူး (၁၇) ကိစ္စကြီး ဖြစ်ပျက်နေပြီ...စီနီယာအစ်ကိုတွေရဲ့ ဝိညာဉ်မီးအိမ်တွေက တစ်ပြိုင်တည်း ငြိမ်းသွားပါတယ်”
ခန်းမအတွင်း၌ ကြီးကြပ်ရေးမှူး (၁၇) ၏ မျက်နှာထားသည် ခက်ထန်သွားသည်။ မီးငြိမ်းသွားသော မီးအိမ်များထဲတွင် သူ၏ဌာနခွဲ၌ တာဝန်ကျနေသော စီနီယာအစ်ကို တစ်ယောက်၏ မီးအိမ်ပါဝင်နေသည်။
“သူတို့ နာမည်တွေကို တင်ပြစမ်း”
“ဟုတ်ကဲ့”
တပည့်သည် ဝိညာဉ်မီးအိမ် ငြိမ်းသွားသူများ၏ နာမည်များကို လျင်မြန်စွာ ရွတ်ပြလိုက်သည်။
နာမည်များကို ကြားရသည့်အခါ ကြီးကြပ်ရေးမှူး (၁၇) ၏ မျက်နှာသည် ပို၍ မည်းမှောင်လာသည်။ သူက တီးတိုး ရေရွတ်လိုက်သည်။ “ကြီးကြပ်ရေးမှူးကိုးနဲ့ တခြားသူတွေက ဝမ်တောက်မြို့ အပြင်ဘက်မှာ ဘယ်လို ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်မျိုးနဲ့ တွေ့ခဲ့ကြတာလဲ”
အချိန်ဖြုန်းမနေတော့ဘဲ အထက်လူကြီးများထံ တင်ပြရန် ချက်ချင်း ပြင်ဆင်လိုက်သည်။ ဝမ်တောက်မြို့ရှိ ပစ်မှတ်သည် အထက်မှလူများ သတ်မှတ်ထားသူ ဖြစ်ကြောင်း သိထားသည်။
ဤနှစ်များတစ်လျှောက် အမှောင်ခန်းမသည် သူတို့၏ ပစ်မှတ်ကို ခြေရာခံရာတွင် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ရသည်။
ယခုကဲ့သို့ ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပွားခဲ့ပြီ ဖြစ်ရာ အကြီးအကဲများထံ ချက်ချင်း တင်ပြရပေမည်။
သူက တပည့်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ “မင်း သွားလို့ရပြီ... ငါ ဒီကိစ္စကို အကြီးအကဲဆီ ချက်ချင်း သွားတင်ပြလိုက်မယ်”
“ဟုတ်ကဲ့ပါ”
တပည့်က ပြန်ဖြေပြီး လှည့်ထွက်သွားသည်။
ကြီးကြပ်ရေးမှူး (၁၇) သည် အမှောင်ခန်းမ၏ ပင်မအခန်းဆီသို့ အလျင်အမြန် သွားလိုက်သည်။
“တပည့် (၁၇) က အကြီးအကဲကျို ကို ဂါရဝပြုပါတယ်”
အမှောင်ခန်းမ အတွင်း၌ လျှို့ဝှက်တာဝန် ထမ်းဆောင်စဉ် ကျရှုံးခဲ့ပါက ဂိုဏ်းကို ထိခိုက်မှု မရှိစေရန်အတွက် တပည့်များကို အကြီးအကဲများရှေ့တွင် ဘွဲ့ထူးများ ပေးလေ့မရှိပေ။
သို့သော် ခန်းမတစ်ခုစီ၏ အကြီးအကဲများမှာမူ မတူညီကြပေ။ သူတို့သည် တာ့ယန် မြင့်မြတ်နယ်မြေ၏ ကျောရိုးမဏ္ဍိုင်များ ဖြစ်ကြသည်။
သဘာဝကျကျပင် သူတို့၌ ဘွဲ့ထူးများ ရရှိပိုင်ခွင့် ရှိကြသည်။
ထိုအချိန်တွင် အကြီးအကဲကျိုသည် မျက်လုံးမှိတ်ကာ တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေသည်။ အသံကြားသောအခါ သူက မေးလိုက်သည်ာ “ဘာကိစ္စလဲ”
“အကြီးအကဲကျိုကို တင်ပြပါတယ်...”
ကြီးကြပ်ရေးမှူး (၁၇) သည် ဝမ်တောက်မြို့ အပြင်ဘက်၌ ဝိညာဉ်မီးအိမ်များ ငြိမ်းသွားသည့် ဖြစ်စဉ်ကို အမှန်အတိုင်း တင်ပြလိုက်သည်။
တင်ပြချက်ကို ကြားသောအခါ အကြီးအကဲကျိုသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး ဝတ်ရုံထဲမှ တိုကင်ပြားတစ်ခု ထုတ်ပေးလိုက်သည်။ သူသည် ဘေးနားရှိ တပည့်တစ်ဦးဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “အားစစ်... ကောင်းကင်အမျိုးအစားအောက်က မှတ်တမ်းကိုးရဲ့ အကြောင်းအရာတွေကို သွားယူခဲ့ချေ”
“ဟုတ်ကဲ့ပါ”
အားစစ်သည် တိုကင်ပြားကို လက်ခံယူပြီး အလျင်အမြန် ထွက်ခွာသွားသည်။
မကြာမီ သူသည် သေတ္တာတစ်လုံး သယ်ဆောင်ပြီး ပြန်ရောက်လာသည်။
အကြီးအကဲကျိုသည် မန္တန်ရွတ်ဆိုပြီး သေတ္တာထဲသို့ တိုကင်ပြားကို မြှုပ်နှံလိုက်သည့်အခါ ကလစ် ဆိုသော အသံတိုးတိုးနှင့်အတူ သေတ္တာက ပွင့်သွားသည်။
အကြီးအကဲကျိုသည် ကျောက်စိမ်းအဆောင်တစ်ခုကို ဂရုတစိုက် ထုတ်ယူလိုက်ပြီး ၎င်းမှ ထွက်ပေါ်နေသော မှိန်ဖျဖျ အလင်းရောင်ကို မြင်သောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
“အဲဒီကောင်မလေးက သူမရဲ့ သူငယ်အိမ်နှစ်ခုမျက်ဝန်းကို တကယ် နိုးထသွားတာလား...ဝမ်တောက်ကျောင်းတော်က ဆရာတစ်ပါးရဲ့ အာရုံစိုက်မှုကို ရသွားတာများလား...”
တာ့ယန် မြင့်မြတ်နယ်မြေက ဤကျောက်စိမ်းအဆောင်ကို ချင်းချင်း၏ အရင်းနှီးဆုံး ဆွေမျိုးများ၏ သွေးကို အသုံးပြုပြီး ဖန်တီးထားခြင်း ဖြစ်သည်။
၎င်း၏ ရည်ရွယ်ချက်မှာ ချင်းချင်း၏ တည်နေရာကို ခြေရာခံရန်နှင့် သူမ၏ သူငယ်အိမ်နှစ်ခုမျက်ဝန်းနိုးထမှု အခြေအနေကို စောင့်ကြည့်ရန် ဖြစ်သည်။
တာ့ယန် မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများသည် မိသားစုငယ်လေးကို ဖျက်ဆီးပြီးနောက် ကောင်မလေးကို ရှာမတွေ့ခဲ့ကြပေ။
ထို့ကြောင့် သူတို့သည် သူမ၏ အရင်းနှီးဆုံး ဆွေမျိုးများ၏ အရိုးများနှင့် သွေးများကို ပြန်လည် ယူဆောင်လာခဲ့ပြီး ဂိုဏ်းမှ ကျွမ်းကျင်သူတစ်ဦးကို ဤကျောက်စိမ်းအဆောင် ဖန်တီးခိုင်းခဲ့ခြင်း ဖြစ်သည်။
အဆောင်မှတစ်ဆင့် ချင်းချင်း၏ ဝိညာဉ်ပေါ်တွင် အမှတ်အသားတစ်ခု ရိုက်နှိပ်ခဲ့ကြသည်။
သို့သော် ထိုကောင်မလေး၌ ကံတရားကြီးကြီးမားမား ရှိလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့မိပေ။ တာ့ယန် မြင့်မြတ်နယ်မြေက လူလွှတ်လိုက်တိုင်း သူတို့ ကျရှုံးခဲ့ကြရသည်။
နောက်ဆုံးတွင် သူမသည် ဝမ်တောက်မြို့သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
သူမကို တိုက်ရိုက် ဖမ်းဆီးရန် တာ့ယန် မြင့်မြတ်နယ်မြေက အဆင့်မြင့် ကျွမ်းကျင်သူများကို မစေလွှတ်ခဲ့ရခြင်းမှာ ဝမ်တောက်ကျောင်းတော်မှ မြေခွေးအိုကြီးများက သူမ၏ သူငယ်အိမ်နှစ်ခုမျက်ဝန်းကို သဘောကျသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
အကယ်၍ ထိုသို့ ဖြစ်သွားခဲ့လျှင် သူတို့၏ ယခင် ကြိုးပမ်းအားထုတ်မှု အားလုံးသည် အလဟသ ဖြစ်သွားပေလိမ့်မည်။
သို့သော် ယခု ပြဿနာအသစ် ပေါ်လာပြီ။
ကောင်မလေး၏ သူငယ်အိမ်နှစ်ခုမျက်ဝန်းက နိုးထလာခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူမ ဆက်လက် ကျင့်ကြံနေပါက နောက်ပိုင်းတွင် ထုတ်ယူရန် ပိုမို ခက်ခဲလာပေလိမ့်မည်။
ပို၍ အရေးကြီးသည်မှာ နိုးထမှု အတိုင်းအတာ မြင့်မားလေ သူငယ်အိမ်နှစ်ခုမျက်ဝန်းကို ထုတ်ယူသည့်အခါ လိုက်ဖက်ညီမှု ပိုမို နိမ့်ကျလေ ဖြစ်သည်။
တာ့ယန် မြင့်မြတ်နယ်မြေသည် ဆုံးဖြတ်ချက်ချရတော့မည်မှာ ထင်ရှားနေသည်။
အကယ်၍ သူတို့က ယခင်ကဲ့သို့ ပေါ့ပေါ့တန်တန် သဘောထားနေပါက မကြာမီ သူတော်စင်တစ်ပိုင်း သို့မဟုတ် သူတော်စင်အဆင့် ရန်သူနှင့်ပင် ရင်ဆိုင်ရနိုင်သည်။
တာ့ယန် မြင့်မြတ်နယ်မြေသည် သူတော်စင်အဆင့် ရန်သူများကို မကြောက်ရွံ့သော်လည်း ပစ်မှတ်ထား ခံရခြင်းမှာ သေးငယ်သော ကိစ္စမဟုတ်ပေ။
အကြီးအကဲကျိုက သေတ္တာကို ပိတ်လိုက်ပြီး လက်အောက်ငယ်သားများကို ထွက်သွားရန် လက်ဝှေ့ယမ်းပြလိုက်ကာ အတွေးနက်သွား၏။
နောက်တစ်နေ့ မနက်ခင်းတွင်။
အမှောင်ခန်းမ၏ဌာနမှူး ကိုယ်တိုင် အကြီးအကဲကျိုကို ဂိုဏ်းချုပ်၏ ပင်မခန်းမသို့ ခေါ်ဆောင်သွားသည်။
မကြာမီ ဂိုဏ်းချုပ်သည် ဤအရေးပေါ်ကိစ္စကို ဆွေးနွေးရန် တာ့ယန် မြင့်မြတ်နယ်မြေ၏ ထိပ်သီးပုဂ္ဂိုလ်များ အားလုံးကို အစည်းအဝေး ခေါ်ယူလိုက်သည်။
ညနေစောင်းမှသာ အဆင့်မြင့်ပုဂ္ဂိုလ်များ၏ အစည်းအဝေး ပြီးဆုံးသွားပြီး အကြီးအကဲများက ပင်မခန်းမဆောင်မှ ထွက်ခွာသွားကြသည်။
ထိုအချိန်တွင် ချူဖုန်းနှင့် ချင်းချင်းတို့သည် ဝမ်တောက်ကျောင်းတော်သို့ ပြန်ရောက်နေကြပြီ ဖြစ်ပြီး ဆရာနှင့်တပည့် နှစ်ဦးသားသည် လမ်းခရီးတွင် မည်သည့် အန္တရာယ်နှင့်မျှ မကြုံတွေ့ရဘဲ အမြတ်အစွန်းများစွာကို ရိတ်သိမ်းနိုင်ခဲ့ကြသည်။