ဇွဲမလျှော့သော တာ့ယန် မြင့်မြတ်နယ်မြေ
Vol. 8 Ch. 77
[ဒင်... ဂုဏ်ပြုပါတယ် လက်ခံသူ။ လက်ခံသူ၏ အငယ်ဆုံးတပည့်သည် ဓာတ်ကြီးငါးပါး နည်းစနစ်၏ အစပြုသူအဆင့်သို့ ရောက်ရှိသွားပါပြီ။ ဤနည်းစနစ်သည် လက်ခံသူ ကိုယ်တိုင် ဖန်တီးထားခြင်း မဟုတ်သဖြင့် ဆုလာဘ် မရှိပါ]
မနက်စောစော ချူဖုန်း အိပ်ရာထကာစမှာပင် ဤသတင်းကို ကြားလိုက်ရသည်။
‘သောက်ကျိုးနည်း... ဒီစနစ်စုတ်က ငါ့ကို နည်းနည်းလေးတောင် လှည့်စားခွင့် မပေးဘူး’
ချူဖုန်းသည် စိတ်ထဲတွင် ညည်းတွားလိုက်သော်လည်း စနစ်နှင့် ငြင်းခုန်မနေတော့ပေ။
ဓာတ်ကြီးငါးပါး နည်းစနစ်သည် သူ ဖန်တီးထားသည် မဟုတ်သော်လည်း ရေခဲနှင့်မီးလျှံ အင်မော်တယ်စားဖိုမှူးကျမ်းမှ ဝတုတ်လေး ဝမ်ပေါင်လဲ့ သင်ယူနေသော နည်းစနစ် အများအပြားကို ချူဖုန်း ဖန်တီးထားခြင်း ဖြစ်သည်။
ဝတုတ်လေး ထိုနည်းစနစ်များကို ကျွမ်းကျင်သွားသရွေ့ သူက အကျိုးကျေးဇူးရရှိနိုင်ပါ၏။
ဓာတ်ကြီးငါးပါး နည်းစနစ်အတွက်တော့ ချူဖုန်း ကိုယ်တိုင်က သင်ယူရန် စိတ်မဝင်စားပေ။
“ချန်းအာနဲ့ တာ့ချန်တို့ ဒီရက်ပိုင်း ဘယ်လိုနေကြလဲ မသိဘူး”
ချူဖုန်းက သူ့၏တပည့်ကြီးများကို ရုတ်တရက် သတိရသွားသည်။ သူတို့အကြောင်း နောက်ဆုံး ကြားခဲ့ရသည်မှာ အဆင့်တက်သွားကြောင်း စနစ်က အသိပေးတုန်းက ဖြစ်သည်။
သူတို့ တစ်ယောက်စီသည် သူ့ကို ကျင့်ကြံခြင်း အနှစ် (၂၀) စီ ပေးခဲ့ကြသည်။
လောလောဆယ် ချူဖုန်းတွင် ကျင့်ကြံခြင်း နှစ် (၃၀၀) ကျော် ရှိနေပြီ ဖြစ်သည်။ သုံးနှစ်တာ ကတိအတိုင်း ရှောင်ချန်း ပြန်လာမည့်အချိန်တွင် သူ့၌ ကျင့်ကြံခြင်း နှစ် (၄၀၀) ကျော် ရှိနေလောက်ပြီ ဖြစ်သည်။
နှစ် (၅၀၀) တောင် ဖြစ်ကောင်း ဖြစ်နိုင်သည်။
ထိုအချိန်ရောက်၍ ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ သူ ရဲရဲဝံ့ဝံ့ ကြေညာနိုင်ပေသည်။ “ဒီဓားချက်မှာ နှစ် (၅၀၀) စာ ကျင့်ကြံခြင်းတွေ ပါနေတယ်... မင်း ခံနိုင်ရည် ရှိပါ့မလား...”
ထို့နောက် မျက်နှာသစ်ပြီး ဝတုတ်လေးကို ကျင့်ကြံရာ၌ လမ်းညွှန်ပေးရန် မီးဖိုချောင်သို့ ထွက်လာလိုက်သည်။
ကောင်မလေး ချင်းချင်းကတော့ သောင်းပြောင်းပညာရပ်ဌာနကို ပြန်ရောက်ပြီးကတည်းက တစ်ယောက်တည်း သီးသန့် ကျင့်ကြံနေခဲ့သည်။
ချူဖုန်းသည် အများကြီး မမေးပေ။ နောက်ရက်နည်းနည်းလောက်ဆို သတင်းကောင်း ကြားရလောက်သည်။
“ဆရာ... ကျွန်တော် ဓာတ်ကြီးငါးပါး နည်းစနစ်ရဲ့ အစပြုသူအဆင့်ကို ရောက်သွားပြီ”
ဝမ်ပေါင်လဲ့သည် ဝင်လာပြီး ချူဖုန်းကို မြင်လိုက်သည်နှင့် သတင်းကောင်းကို မျှဝေလိုက်သည်။
ချူဖုန်းသည် သူ၏ပခုံးကို ပုတ်လိုက်ပြီး ပြောသည်။ “မဆိုးပါဘူး မင်းမှာလည်း ပါရမီ ရှိတာပဲ”
ဝမ်ပေါင်လဲ့က ခေါင်းကုတ်လိုက်ပြီး ပြောသည်။ “ဆရာ... ကျွန်တော့်ကို နှစ်သိမ့်ပေးစရာ မလိုပါဘူး... ကျွန်တော် စီနီယာအစ်မကို အရင်က မေးပြီးပါပြီ... စီနီယာအစ်ကိုတွေက ဆရာ့သင်ကြားမှုတွေကို ကျွန်တော့်ထက် အများကြီး ပိုမြန်မြန် သင်ယူနိုင်ခဲ့ကြတယ်ဆိုတာ...”
ချူဖုန်းက ရယ်လိုက်သည်။”သူ့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့... မင်းရဲ့ ပထမ စီနီယာအစ်ကိုလည်း အဲဒီလောက် မမြန်ခဲ့ဘူး...”
၎င်းကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့၏ မျက်လုံးများက အရောင်လက်သွားသည်။”တကယ်လား ဆရာ”
“ဒီလိုကိစ္စ သေးသေးလေးကို ငါက မင်းကို ဘာကိစ္စ လိမ်ပြောရမှာလဲ...ဆက်ပြီး လေ့ကျင့်ချည်...ဒီနေ့ ဆရာက မင်းရဲ့ နည်းစနစ်နဲ့ ဓားကိုင်တာကျွမ်းမကျွမ်း စစ်ဆေးမယ်...”
စကားပြောနေစဉ် ချူဖုန်း၏ မျက်နှာထားက လေးနက်သွားသည်။
ဝမ်ပေါင်လဲ့က မပြောင်ရဲတော့ဘဲ သူ၏ လတ်တလော လေ့ကျင့်မှု၏ ရလဒ်များကို လေးလေးနက်နက် သရုပ်ပြတော့သည်။
ချူဖုန်းက ကြည့်ပြီး ခေါင်းအသာညိတ်လိုက်သည်။ “မဆိုးပါဘူး...အခု မင်းက ငါ့ကို ကူညီပေးဖို့ လုံလောက်တဲ့အဆင့်ကို ရောက်သွားပြီ... တာအိုတည်ဆောက်ခြင်းအဆင့်ကို တက်ပြီးသွားရင်တော့ မီးဖိုချောင်ကို မင်းဘာသာ ဦးစီးနိုင်လိမ့်မယ်...”
“ကျွန်တော် ပိုပြီး ကြိုးစားပါ့မယ်” ဝမ်ပေါင်လဲ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ချူဖုန်းသည် လေးနက်သော မျက်နှာထားဖြင့် ပြောသည်။ “သွားပြီး ထင်းခွဲချေ”
“ဟုတ်ကဲ့ပါ ဆရာ”
ဝမ်ပေါင်လဲ့သည် ထင်းခွဲရန် ချက်ချင်း ပြေးထွက်သွားသည်။
သူက သိပ်မမြန်လှပေမဲ့ ပုဆိန်ခုတ်ချက်တိုင်းက လေးနက်ပြီး ဂရုတစိုက် ရှိလှသည်။
သူ အလုပ်လုပ်နေသည်ကို ကြည့်ရင်း ချူဖုန်းက အတွေးနက်သွားသည်။
‘ ဒီကောင်လေးကို ဖိအားနည်းနည်းပေးပြီး လေ့ကျင့်ခိုင်းဖို့ အချိန်တန်ပြီ’
အထူးသဖြင့် မာကျောပြီး လောင်ကျွမ်းရန် နှေးကွေးသည့် သစ်သားအချို့ကို ရှာဖွေရမည်။
မျက်စိတစ်မှိတ်အတွင်း နေ့လယ်ခင်းသို့ ရောက်ရှိလာသည်။
ချူဖုန်း အစာစားနေစဉ် စနစ်၏ အသံကသူ့ခေါင်းထဲတွင် ရုတ်တရက် ထပ်မံ ထွက်ပေါ်လာသည်။
[ဒင်... လက်ခံသူကို ဂုဏ်ပြုပါတယ်။ လက်ခံ၏ တတိယတပည့် ချင်းချင်းက အဆင့်ငယ်တစ်ဆင့် တက်သွားပါပြီ။ လက်ခံသူက ကျင့်ကြံခြင်း (၁၀)နှစ်စာ ဆုလာဘ်အဖြစ် ရရှိပါတယ်]
ချူဖုန်းသည် ၎င်းကို ကြားလိုက်ရသောအခါ ကျေနပ်စွာ ပြုံးလိုက်၏။
သူ၏ဆရာ ရုတ်တရက် ပြုံးလိုက်သည်ကို မြင်သောအခါ ဝမ်ပေါင်လဲ့က မေးလိုက်မိသည်။
“ဆရာ... ပျော်စရာကိစ္စတစ်ခုခု ရှိလို့လား”
ချူဖုန်းက ပြန်ဖြေလိုက်သည်။ “မင်းရဲ့ စီနီယာအစ်မ အဆင့်တက်သွားတာကို ငါ အခုလေးတင် အာရုံခံမိလိုက်တယ်”
ဝမ်ပေါင်လဲ့သည် သူ့ကို လေးစားအားကျမှုဖြင့် ကြည့်လိုက်သည်။ “ဆရာက အံ့ဩဖို့ကောင်းတယ်... စီနီယာအစ်မရဲ့ ခြံဝင်းက ဒီကနေ ခြေလှမ်း ရာပေါင်းများစွာ ဝေးတာကို”
ချူဖုန်းသည် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။”ဝမ်တောက်ကျောင်းတော်ရဲ့ ထိပ်တန်း ဌာနမှူးဆယ်ဦးအတွက် ဒီလိုကိစ္စမျိုးက ပုံမှန်ပဲ...မင်း နောက်ကျရင် အသားကျသွားမှာပါ...”
ဝမ်ပေါင်လဲ့သည် လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး မည်သည့်အချိန်ရောက်မှ သူ၏ဆရာလောက် စွမ်းအားကြီးလာမည်နည်း ဆိုသည်ကို စိတ်ကူးယဉ်နေမိသည်။
ညနေရောက်သောအခါ။
ချင်းချင်း၏ ပုံရိပ်သည် ဌာနမှူး၏ ခြံဝင်းအတွင်း ပေါ်လာသည်။
ဝမ်ပေါင်လဲ့သည် အပြေးအလွှား ရောက်ရှိလာပြီး ချင်းချင်းကို ပတ်ကာ စစ်ဆေးလိုက်သည်။
“စီနီယာအစ်မ... အစ်မ အခုလေးတင် အဆင့်တက်ထားတာ မဟုတ်ဘူးလား...ဘာလို့ အရင်ကနဲ့ ဘာမှ မကွာခြားသလို ဖြစ်နေရတာလဲ...”
ချင်းချင်းက သူမ၏ ဂျူနီယာမောင်လေးကို တစ်ချက်ကြည့်လိုက်ပြီး အသာအယာ ပြုံးလိုက်သည်။ “နင့်ရဲ့ ကျင့်ကြံခြင်းက နိမ့်လွန်းနေလို့ ငါ့ဆီက အပြောင်းအလဲတွေကို သတိမထားမိတာများလား”
ဝမ်ပေါင်လဲ့ “...”
‘ရက်စက်လိုက်တာ... စီနီယာအစ်မက ဘာလို့ အမှန်တရားကို ဒီလောက် တဲ့တိုးကြီး ပြောရတာလဲ’
ချူဖုန်းက သူ၏တပည့်ငယ်လေး ရှုံ့မဲ့သွားသည်ကို မြင်သောအခါ ရယ်မောလိုက်ပြီး ပြောသည်။ “ချင်းအာ... ဒီတစ်ခါ မင်း အတော်လေး အကျိုးအမြတ် ရခဲ့တယ်ထင်တယ်... မင်းကိုယ်ပေါ်မှာ တာ့ယန် မြင့်မြတ်နယ်မြေရဲ့ အမှတ်အသားသာ မရှိခဲ့ရင် သေချာပေါက် အပြင်ထွက် လေ့ကျင့်နိုင်မှာ”
ချင်းချင်းက ပြောလိုက်သည်။ “ဆရာ့ဘေးနားမှာ ကျင့်ကြံရတာလည်း ကောင်းပါတယ်...မကြာခင်မှာ တာ့ယန် မြင့်မြတ်နယ်မြေက လူတွေကို ပြန်ပေးဆပ်စေရမယ်”
ထိုအချိန်တွင် တာ့ယန် မြင့်မြတ်နယ်မြေ အမှောင်ခန်းမမှ တပည့်များသည် အခြား အမာခံစခန်းတစ်ခုမှ ဝမ်တောက်မြို့ဆီသို့ အပြေးအလွှား လာနေကြသည်။
သူတို့က ဝမ်တောက်မြို့တွင် တပ်စွဲထားသော အမှောင်ခန်းမ တပည့်များ လုံးဝ သုတ်သင်ခံလိုက်ရပြီ ဖြစ်ကြောင်း မသိကြသေးပေ။
လွန်ခဲ့သော ရက်အနည်းငယ်က ဝမ်တောက်မြို့ထဲသို့ စိမ့်ဝင်ပြီး ချင်းချင်းနှင့် ပတ်သက်သည့် နောက်ဆုံးရ အခြေအနေကို စုံစမ်းစစ်ဆေးရန် ဂိုဏ်းမှ အမိန့်ကို ရရှိခဲ့ကြသည်။
သူတို့သည် ယုံကြည်စိတ်ချရသော သတင်းအချက်အလက် ရရှိသည်နှင့် ချက်ချင်း ပြန်လည် တင်ပြရမည် ဖြစ်သည်။
ချင်းချင်းဆိုသော နာမည်သည် အမှောင်ခန်းမတပည့်အများစုအတွက် မစိမ်းပေ။
မည်သို့ပင်ဆိုစေကာမူ အမှောင်ခန်းမ၏ နှစ်ပေါင်းများစွာ လိုက်လံဖမ်းဆီးမှုကို ခံရပြီး အဖမ်းမခံရဘဲ နေနိုင်သော ကျင့်ကြံသူမှာ သိပ်မရှိလှပေ။
မည်သူမှ အထက်လူကြီးများက ကောင်မလေးကို ရိုးရိုးရှင်းရှင်း သတ်ပစ်မည့်အစား အဘယ်ကြောင့် အရှင်ဖမ်းဖို့ တွန်းအားပေးနေကြသလဲ ဆိုသည်ကိုသာ နားမလည်နိုင်ကြခြင်း ဖြစ်သည်။
အကယ်၍သာ ထိုအမိန့် မရှိခဲ့ပါက ချင်းချင်းက သေဆုံးနေခဲ့ပြီ ဖြစ်သည်။
ထိုညတွင် ဝမ်တောက်မြို့နှင့် အနီးဆုံးရှိ အမှောင်ခန်းမ တပည့်များ ရောက်ရှိလာကြသည်။
သူတို့၏ ပထမဆုံး လှုပ်ရှားမှုမှာ ဝမ်တောက်မြို့တွင် တပ်စွဲထားသော သူတို့၏ ဂိုဏ်းတူအဖွဲ့ဝင်များကို ဆက်သွယ်ရန် ဖြစ်သည်။ သို့သော် သူတို့ကို အံ့အားသင့်သွားစေသည်မှာ အမာခံစခန်းသည် လုံးဝ လူသူကင်းမဲ့နေခြင်း ဖြစ်သည်။
လူတစ်ယောက်မှ မရှိပေ။
သရဲပင် မရှိပေ။
ဂိုဏ်းတူတပည့်များ မရှိဘဲ ချင်းချင်း၏ တည်နေရာကို စုံစမ်းစစ်ဆေးရန်မှာ အလွန် ခက်ခဲသွားသည်။
သို့သော် အမှောင်ခန်းမတပည့် အများစုသည် သာမန်ပြည်သူများကြားတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသော အတွေ့အကြုံရင့် ဝါရင့်များ ဖြစ်ကြသည်။
သဲလွန်စများ မရှိသည့်အတွက် သူတို့ဘာသာသူတို့ သဲလွန်စများကို စတင် တူးဖော်ကြသည်။
သူတို့သည် သတင်းတစ်ခုခု ရှိမရှိ သိနိုင်ရန် လူသူကင်းမဲ့နေသော စခန်းကို စတင် ရှာဖွေကြသည်။
မကြာမီ အမှောင်ခန်းမတပည့်တစ်ဦးသည် ကျောက်စိမ်းပြားတစ်ခုကို စိတ်လှုပ်ရှားစွာ ကိုင်မြှောက်ပြီး ပြောလိုက်သည်။
“ကျွန်တော် တွေ့ပြီ...အဲဒီကောင်မလေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ တွေ့ပြီ...”
“မြန်မြန်... ငါ့ကို ပြစမ်း” ဦးဆောင်သူ အမျိုးသားက အသံနက်ကြီးဖြင့် ပြောလိုက်သည်။
“ကြီးကြပ်ရေးမှူး (၁၁)... နောက်ဆုံး မှတ်တမ်းက ဒီမှာပါ...ပြီးတော့ ဒါက ဌာနချုပ်ဆီ ပြန်မပို့ရသေးဘူး”
တပည့်သည် ကျောက်စိမ်းပြားကို လေးစားစွာ ကမ်းပေးလိုက်သည်။
ကြီးကြပ်ရေးမှူး (၁၁) သည် ကျောက်စိမ်းပြားကို ယူလိုက်ပြီး သူ၏နတ်ဘုရားအာရုံကို ၎င်းအထဲသို့ ထည့်သွင်းလိုက်သည်။
မကြာမီ ချင်းချင်းနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းက သူ့ခေါင်းထဲသို့ ဝင်ရောက်လာသည်။
ချင်းချင်းသည် ဝမ်တောက်ကျောင်းတော်၏ ထိပ်တန်း ဌာနကြီးဆယ်ခုထဲမှ တစ်ခုဖြစ်သော သောင်းပြောင်းပညာရပ်ဌာနသို့ ဝင်ခွင့်ရရှိခဲ့ကြောင်း အသေးစိတ် ဖော်ပြထားပြီး ဌာနမှူးမှာ သာမန်လူသား တစ်ယောက်ဖြစ်ကြောင်း အထူးတလှယ် တင်ပြထားသည်။
သောင်းပြောင်းပညာရပ်ဌာန တစ်ခုလုံးတွင် ရှောင်ချန်းနှင့် ချောင်ရို့ချန် ဟူသော စစ်မှန်ကံကြမ္မာအဆင့် ကျင့်ကြံသူ နှစ်ဦးသာ ရှိသည်။
အင်း...
ကြီးကြပ်ရေးမှူး (၁၁) သည် ရှုပ်ထွေးနေဟန်ဖြင့် ကျောက်စိမ်းပြားမှ နတ်ဘုရားအာရုံကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
ဘေးပတ်ဝန်းကျင်ရှိ တပည့်များက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ကြသည်။ “ကြီးကြပ်ရေးမှူး... ဝမ်တောက်မြို့က ကျွန်တော်တို့ ဂိုဏ်းတူတပည့်တွေ ဘာဖြစ်သွားတာလဲ”
ကြီးကြပ်ရေးမှူး (၁၁)က ခေါင်းယမ်းလိုက်သည်။”ငါလည်း မသိဘူး... ဒါပေမဲ့ ဒီကျောက်စိမ်းပြားထဲက အကြောင်းအရာတွေက တော်တော်လေး အဓိပ္ပာယ်မဲ့နေတယ်...မင်းတို့ဘာသာ ကြည့်လိုက်ကြပါ...ငါတို့ ဖတ်ပြီးမှ ဆွေးနွေးကြတာပေါ့...”