ချင်းချင်း၏ နောက်ကွယ်က ကြီးမားတဲ့ အင်အား
Vol. 8 Ch. 78
“ကြီးကြပ်ရေးမှူး...ကျွန်တော်တော့ ဒီသတင်းမှာ ပြဿနာကြီးတစ်ခု ရှိနေတယ်လို့ ထင်တယ်” တာ့ယန် မြင့်မြတ်နယ်မြေမှ တပည့်တစ်ဦးက ပြောလိုက်သည်။
ကြီးကြပ်ရေးမှူး (၁၁)က သူရှိရာဘက်သို့ ကြည့်လိုက်သည်။ “ပြောပါဦး... သတင်းထဲမှာ ဘာတွေ မှားနေလို့လဲ”
တပည့်က ပြန်ဖြေသည်။”ကြီးကြပ်ရေးမှူးကို တင်ပြပါတယ်...လူတိုင်း သိထားကြတဲ့အတိုင်း ဝမ်တောက်ကျောင်းတော်ရဲ့ ဌာနမှူးဆယ်ဦးစလုံးက နယ်စား အဆင့်တွေချည်းပါပဲ... သောင်းပြောင်းပညာရပ်ဌာနက သူတို့ထဲမှာ အားအနည်းဆုံး ဖြစ်နေရင်တောင် သူ့ရဲ့ ဌာနမှူးက အနည်းဆုံး နီဗားနားရှင်သန်ခြင်းအဆင့်ကျင့်ကြံသူ တစ်ဦးတော့ ဖြစ်သင့်ပါတယ်...”
ကြီးကြပ်ရေးမှူး (၁၁)က ခေါင်းအသာ ညိတ်လိုက်သည်။ သူလည်းပဲ ဤသတင်းတစ်ခုလုံးက မသင်္ကာစရာ ကောင်းနေသည်ဟု ခံစားနေရသည်။
“တခြား ပြောချင်တဲ့သူ ရှိသေးလား”
မကြာမီ နောက်ထပ် တပည့်တစ်ဦးက ရှေ့တိုးလာပြီး ပြောသည်။ “ကြီးကြပ်ရေးမှူး... ကျွန်တော်တို့ ဂိုဏ်းတူတပည့်တွေ ပျောက်ဆုံးသွားတာက ဒီသတင်းနဲ့ ဆက်စပ်နေမယ်လို့ ထင်ပါတယ်”
“ဘာပဲဖြစ်ဖြစ် ဒီအစီရင်ခံစာကို ဂိုဏ်းဆီ ပြန်ပို့လိုက်ရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး...ဖြစ်နိုင်တာက ကျွန်တော်တို့ရဲ့ ရောင်းရင်းတွေက ဒီသတင်း မှန်မမှန် အတည်ပြုဖို့ နောက်ကျသွားကြတာများလား”
“ဖြစ်နိုင်တယ်... ကျွန်တော်တို့က ဝမ်တောက်မြို့ကို ရောက်လာတဲ့ ပထမဆုံး အသုတ် ကျင့်ကြံသူတွေပဲ... မကြာခင် နောက်ထပ် စစ်ကူတွေ ရောက်လာတော့မယ်... အဲဒီမတိုင်ခင် ကျွန်တော်တို့ ဒီအစီရင်ခံစာနဲ့ ပတ်သက်တဲ့ အမှန်တရားကို ရှာဖွေဖို့ ကြိုးစားလို့ ရပါတယ်”
ကြီးကြပ်ရေးမှူး (၁၁) သည် တပည့်များ ပျောက်ဆုံးသွားရုံမျှဖြင့် စုံစမ်းစစ်ဆေးမှုကို စွန့်လွှတ်ရန် ရည်ရွယ်ချက် မရှိပေ။
အကယ်၍ အထက်လူကြီးများက သူတို့ကို ဝမ်တောက်မြို့၌ အခြေချ တပ်စွဲစေချင်ရုံ သက်သက်သာ ဆိုပါက ထပ်ဆောင်း စစ်ကူများ စေလွှတ်ခဲ့လိမ့်မည် မဟုတ်ပေ။
ဤမစ်ရှင်၏ ပစ်မှတ်သည် အမှောင်ခန်းမက နှစ်ပေါင်းများစွာ ခြေရာခံနေခဲ့သည့်သူ တစ်ယောက် ဖြစ်သည်။
သို့သော် အမှောင်ခန်းမ တပည့် မည်သူမျှ တာဝန်ယူရန် ချက်ချင်း ရှေ့တိုးမလာခဲ့ကြပေ။
သူတို့သည် အမှောင်ခန်းမ၏ အဖွဲ့ဝင်များ ဖြစ်ကြပြီး နေ့စဉ် လှုပ်ရှားမှုများတွင် အထောက်အထားမှန်ကို ဖုံးကွယ်ထားလေ့ ရှိသော်လည်း ထိုအရာက သူတို့ကို ငတုံးများ ဖြစ်သည်ဟု မဆိုလိုပေ။
တပည့် အများအပြား ပျောက်ဆုံးသွားသည််မှာ အသတ်ခံလိုက်ရဖို့ များသည်။
အကယ်၍ သူတို့အဖွဲ့ငယ်လေးသာ နက်နက်နဲနဲ တူးဆွမိပါက သူတို့အဖြစ်လည်း သိပ်ထူးလာမည် မဟုတ်ပေ။
အကောင်းမွန်ဆုံးအစီအစဉ်မှာ အတူတကွ စုံစမ်းစစ်ဆေးရန်နှင့် နောက်ထပ် စစ်ကူများ ရောက်လာသည်အထိ စောင့်ဆိုင်းခြင်း ဖြစ်သည်။
ကြီးကြပ်ရေးမှူး (၁၁) သည် လူတိုင်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူတို့ ဘာတွေးနေသလဲ ဆိုတာ နားလည်လိုက်သည်။
“ငါ့ရည်ရွယ်ချက်က...” သူက ပြောလိုက်သည်။ “မင်းတို့ကို သတင်းအချက်အလက် စုဆောင်းစေချင်တာပဲ... သောင်းပြောင်းပညာရပ် ဌာနမှူးနဲ့ ပတ်သက်တဲ့ သတင်းတွေကို ရှာဖို့ပဲ လိုတာ...”
“စိတ်ဝိညာဉ်ကျောက်တုံးတွေကို သုံးနေမယ်ဆိုရင် ငါတို့အတွက် အသုံးဝင်တဲ့ သတင်းအချက်အလက် တချို့ကို အန္တရာယ်မဖြစ်ဘဲ ရနိုင်မှာ...”
“ဒီစစ်ဆင်ရေးအတွက် လိုအပ်မဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ငါ ပြန်ထုတ်ပေးမယ်... မနက်ဖြန်ကျရင် လူနှစ်ယောက် ငါနဲ့အတူ မွှေးရနံ့စင်မြင့်ကို လိုက်ခဲ့”
“ကျန်တဲ့လူတွေက လက်ဖက်ရည်ဆိုင်တွေ၊ အရက်ဆိုင်တွေ၊ တည်းခိုခန်းတွေနဲ့ တခြားနေရာတွေမှာ လူဖြန့်ပြီး သတင်းအချက်အလက် စုဆောင်းပါ”
လွတ်လပ်စွာ သုံးစွဲနိုင်မည်ဟု ကြားလိုက်ရသောအခါ လူတိုင်း၏ စိတ်ဓာတ်များက တက်ကြွလာသည်။
“ကြီးကြပ်ရေးမှူး... ကျွန်တော် မွှေးရနံ့စင်မြင့်ကို လိုက်ခဲ့ပါ့မယ်”
“ဂျူနီယာညီလေး... မင်းက ငယ်ပါသေးတယ်... မွှေးရနံ့စင်မြင့်ရဲ့ အဓိပ္ပာယ်ကို မသိသေးပါဘူး...စီနီယာအစ်ကို့ကို ကိုင်တွယ်ခိုင်းလိုက်ပါ...”
“…”
လူအုပ်ကြီးက နေရာနှစ်ခုအတွက် ငြင်းခုံလာကြသည်။
“တိတ်ကြစမ်း”
ကြီးကြပ်ရေးမှူး (၁၁)က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ငါတို့ မဲနှိုက်ကြမယ်”
“ကြီးကြပ်ရေးမှူးက ဉာဏ်ပညာ ကြီးမားလှပါတယ်” သူတို့အားလုံးက တညီတညွတ်တည်း ပြန်ပြောလိုက်ကြသည်။
နောက်တစ်နေ့တွင် ဝမ်တောက်မြို့၏ အရက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် မရင်းနှီးသော မျက်နှာအချို့ ပေါ်လာပြီး ကျင့်ကြံသူများ ပြောဆိုနေကြသော ဝမ်တောက်ကျောင်းတော်၏ ကိစ္စရပ်များကို တိတ်တဆိတ် နားထောင်နေကြသည်။
ဤနေရာများမှ ရရှိသော သတင်းအချက်အလက်များသည် အမှန်တစ်ဝက် အမှားတစ်ဝက် ဖြစ်သော်လည်း အမှောင်ခန်းမတပည့်များသည် ထောက်လှမ်းရေးနှင့် သတင်းအချက်အလက် စုဆောင်းရာတွင် ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။
သူတို့က ပြန့်ကျဲနေသော ကောလာဟလများမှတစ်ဆင့် အမှန်တရားကို တစ်စစီ ပြန်လည် စုစည်းရာတွင် အတော်ဆုံး ဖြစ်သည်။
ကံဆိုးစွာဖြင့် ဝမ်တောက်ကျောင်းတော်နှင့် ပတ်သက်သော ဆွေးနွေးမှု အများစုသည် မဟာဌာနကြီးရှစ်ခု အကြောင်းသာ ဖြစ်နေသည်။
ရံဖန်ရံခါတွင် ပြင်ပရေးရာဌာနအကြောင်း ပါလာတတ်သည်။
သောင်းပြောင်းပညာရပ်ဌာန အတွက်ကတော့ ဖော်ပြခြင်းပင် မခံရသလောက် ဖြစ်နေသည်။
ရက်အနည်းငယ် ကုန်လွန်သွားသော်လည်း သူတို့က လိုအပ်နေသည့် သတင်းကို ရှာမတွေ့နိုင်သေးပေ။
အချိန်ကြာလာသည်နှင့်အမျှ နောက်ထပ် အဖွဲ့နှစ်ဖွဲ့ ဝမ်တောက်မြို့သို့ ရောက်ရှိလာသည်။
အဖွဲ့များထဲမှ တစ်ဖွဲ့က ဝမ်တောက်မြို့တွင် ယခင်က တပ်စွဲထားသော သူတို့၏ ဂိုဏ်းတူတပည့် အားလုံး သုတ်သင်ခံလိုက်ရပြီ ဖြစ်ကြောင်း သတင်း ယူဆောင်လာခဲ့သည်။
ကံဆိုးစွာဖြင့် ထိုအဖွဲ့ မည်ကဲ့သို့ ဖျက်ဆီးခံလိုက်ရသလဲ ဆိုသည်ကို မည်သူမျှ အတိအကျ မသိကြပေ။
ဝမ်တောက်မြို့တွင် တာ့ယန် မြင့်မြတ်နယ်မြေမှ အင်အားစုများ ပိုမို စုဝေးလာသည်နှင့်အမျှ အချို့တပည့်များသည် ပျောက်ဆုံးနေသော တပည့်များ၏ ရုပ်အလောင်းများကို ရှာဖွေရန်နှင့် အကြွင်းအကျန်များမှ သဲလွန်စ ရှာတွေ့နိုင်ရန် မျှော်လင့်ချက်ဖြင့် မြို့ပြင်သို့ ထွက်ရှာကြရန် ဆုံးဖြတ်လိုက်ကြသည်။
ထိုအချိန်တွင် မြို့ထဲ၌ ကျန်ရစ်ခဲ့သူများသည် ရက်အနည်းငယ်ကြာ ရောနှောနေထိုင်ပြီးနောက် ဝမ်တောက်ကျောင်းတော်မှ တပည့်အချို့နှင့် မိတ်ဆွေဖွဲ့နိုင်ခဲ့ကြသည်။
ဝမ်တောက်ကျောင်းတော်မှ တပည့်အချို့နှင့်အတူ မွှေးရနံ့စင်မြင့်သို့ အကြိမ်အနည်းငယ် သောက်စားပြီးနောက် နောက်ဆုံးတွင် သောင်းပြောင်းပညာရပ်ဌာနနှင့် ပတ်သက်သော သတင်းအချက်အလက်များကို စုဆောင်းနိုင်ခဲ့ကြသည်။
ယခင်က ကြီးကြပ်ရေးမှူးကိုးနှင့် အခြားသူများ တွေ့ရှိခဲ့သည့် အချက်အလက်များနှင့် အတိအကျ တူညီနေသည်။
သူတို့က အရေးကြီးသော သတင်းအချက်အလက် တစ်ခုကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။
သောင်းပြောင်းပညာရပ်ဌာန၏ ပါရမီရှင်နှစ်ဦးဖြစ်သည့် ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့သည် လေ့ကျင့်ရန်အတွက် တောင်အောက်ဆင်းသွားကြသဖြင့် လောလောဆယ် ကျောင်းတော်တွင် မရှိကြပေ။
လက်ရှိတွင် သောင်းပြောင်းပညာရပ်ဌာန၌ လူသုံးဦးသာ ကျန်ရှိတော့သည်။
ဌာနမှူးချူဖုန်း၊ ချင်းချင်းနှင့် ဝမ်တောက် တိုကင်ပြားဖြင့် ကျောင်းတော်သို့ ဝင်ရောက်လာသော အသုံးမကျသည့် လူသစ်လေး တစ်ယောက်သာ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကြီးကြပ်ရေးမှူးကိုးအဖွဲ့၏ ရုပ်အလောင်းများကို ရှာဖွေရန် ထွက်သွားခဲ့သော တာ့ယန် မြင့်မြတ်နယ်မြေမှ တပည့်များသည် နောက်ဆုံးတွင် အလောင်းများကို တွေ့ရှိခဲ့ကြသည်။
ကြီးကြပ်ရေးမှူးကိုး သေဆုံးခဲ့သည်မှာ (၁၀) ရက်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူသည် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းတစ်ဝက်အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။
သေဆုံးပြီးနောက်တွင်ပင် သူ၏ခန္ဓာကိုယ် အလွယ်တကူ ပျက်စီးယိုယွင်းခြင်း မရှိပေ။
ထို့အပြင် သူ၏အလောင်းပေါ်တွင် ကျန်ရစ်နေသော အရှိန်အဝါသည် အနီးနားရှိ နတ်ဆိုးသားရဲများကို မချဉ်းကပ်လာအောင် တားဆီးပေးထားသည်။
ကျန်ရှိသော တပည့်များ အတွက်ကတော့ ကံမကောင်းရှာပေ။ အရိုးပုံများမှလွဲ၍ ဘာမှ မကျန်ရစ်တော့ပေ။
“ကြီးကြပ်ရေးမှူးကိုးရဲ့ ဒန်တျန်း က ကြောက်စရာကောင်းတဲ့ ဓားကျင့်ကြံသူတစ်ဦးရဲ့ ဓားချက်တစ်ချက်တည်းနဲ့ ပျက်စီးသွားတာ...သူ့ဒန်တျန်းထဲမှာ ကျန်ရစ်တဲ့ ဓားချီကို ကြည့်ရင် ကျွမ်းကျင်သူတစ်ဦးရဲ့ လက်ချက် ဖြစ်ရမယ်...ဒါပေမဲ့ အဲဒါက သေစေလောက်တဲ့ ဒဏ်ရာ မဟုတ်ဘူး။ သူ သေဆုံးရတဲ့ အကြောင်းရင်းက အသံလှိုင်းတိုက်ခိုက်မှု တွေကြောင့် ဖြစ်မယ်”
တာ့ယန် မြင့်မြတ်နယ်မြေ၏ စခန်း အတွင်း၌
ကြီးကြပ်ရေးမှူးကိုး၏ ရုပ်အလောင်းကို စစ်ဆေးပြီးနောက် ကြီးကြပ်ရေးမှူးရှစ် က ဆုံးဖြတ်ချက်ကို ချလိုက်သည်။
အနီးနားရှိ ကြီးကြပ်ရေးမှူး နှစ်ဦးသည် ၎င်းကို ကြားလိုက်ရသောအခါ တုန်လှုပ်သွားကြသည်။
ကြီးကြပ်ရေးမှူးကိုးသည် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းတစ်ဝက်အဆင့်ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သော်လည်း စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ပြိုင်ဘက်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိသူ ဖြစ်သည်။
တာအိုပေါင်းစည်းခြင်းအဆင့်ကျွမ်းကျင်သူ တစ်ဦးနှင့် ရင်ဆိုင်ရမှသာ ဆိုးဆိုးရွားရွား ရှုံးနိမ့်ပေလိမ့်မည်။
“အသံလှိုင်း နည်းစနစ်လား...ချင်းချင်းက ကြီးကြပ်ရေးမှူးကိုးကို သတ်လိုက်တာများ ဖြစ်နိုင်လား” ကြီးကြပ်ရေးမှူး (၁၁)က မသိစိတ်ဖြင့် ရေရွတ်လိုက်မိသည်။
“ဖြစ်နိုင်တယ်...ဒါပေမဲ့ ငါတို့ရဲ့ ထောက်လှမ်းထား သလောက်ဆို သောင်းပြောင်းပညာရပ်ဌာနမှာ ချင်းချင်းကို ကာကွယ်ပေးနေတဲ့ ကျွမ်းကျင်သူတွေ မရှိဘူးလေ...ဒါပေမဲ့သူ့ရဲ့ အင်အား တစ်ခုတည်းနဲ့ဆိုရင်တော့ ကြီးကြပ်ရေးမှူးကိုးကို သတ်နိုင်မှာ မဟုတ်ဘူး” ကြီးကြပ်ရေးမှူးရှစ် က ပြောလိုက်ပြီးနောက် သူ့မျက်နှာထား တည်တင်းသွားသည်။
ကြီးကြပ်ရေးမှူးကိုးသည် အမှောင်ခန်းမ၏ အလားအလာအရှိဆုံး တပည့်များထဲမှ တစ်ဦး ဖြစ်ပြီး ဆယ်စုနှစ် အနည်းငယ်အတွင်း စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်သို့ ရောက်လာသူဖြစ်သည်။
ချင်းချင်းကို မဖမ်းနိုင်လျှင်တောင်မှ သူသည် အနာဂတ်တွင် အောင်မြင်မှုကြီး ရရှိမည့်သူ ဖြစ်သည်။
သို့သော် ယခု သူသည် ရုပ်အလောင်းတစ်ခုသာသာ ဖြစ်သွားခဲ့သည်။
“အခု ရှင်းသွားပြီ။ ချင်းချင်းကို စွမ်းအားကြီးကျင့်ကြံသူတစ်ယောက် စောင့်ရှောက်ပေးနေတယ်... အနည်းဆုံး တာအိုပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ တစ်ယောက်ပဲ... ဒါဆိုရင် သူက ဝမ်တောက်ကျောင်းတော်ရဲ့ အထက်ပိုင်းထဲက တစ်ယောက်ရဲ့ မျက်နှာသာပေးမှုကို ရထားပြီးပြီ”
“အမှောင်ခန်းမ တစ်ခုလုံး မလှုပ်ရှားရင် ချင်းချင်းကို မဖမ်းနိုင်ဘူး...အထူးသဖြင့် သူ အပြင်မထွက် မချင်းပေါ့”
ကြီးကြပ်ရေးမှူးရှစ်၏ အသံသည် တည်ငြိမ်နေပြီး မည်သည့် စိတ်ခံစားမှုမျှ မပါဝင်ပေ။
သူ့ဘေးနားရှိ ကြီးကြပ်ရေးမှူး နှစ်ဦးက ပြိုင်တူ ပြောလိုက်ကြသည်။ “ဒီအခြေအနေမှာ ငါတို့ လုပ်နိုင်တာက အခြေအနေကို ဂိုဏ်းဆီ ပြန်လည် တင်ပြပြီး အထက်ကသူတွေကို ဆုံးဖြတ်ခိုင်းဖို့ပဲ ရှိတော့တယ်”
“ဟုတ်တယ် ငါ အစီရင်ခံစာကို အခု ပို့လိုက်မယ်”
စကားပြောပြီးနောက် ကြီးကြပ်ရေးမှူးရှစ်က လှည့်ထွက်သွားသည်။
တာ့ယန် မြင့်မြတ်နယ်မြေ၊ အမှောင်ခန်းမ။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အကြီးအကဲကျိုသည် ငြိမ်ငြိမ် မထိုင်နိုင် ဖြစ်နေခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူနှင့် အခြား ဌာနမှူးတစ်ဦးတို့သည် ဝမ်တောက်မြို့ အခြေအနေနှင့် ချင်းချင်း အကြောင်းကို ဂိုဏ်းချုပ်ထံ ကိုယ်တိုင် သွားရောက် တင်ပြခဲ့ကြသည်။
ကံဆိုးစွာဖြင့် ဂိုဏ်းချုပ်ပဲ ဖြစ်ဖြစ် အခြား ဌာနမှူးများဖြစ်ဖြစ် မည်သူကမျှ အလေးအနက် မထားခဲ့ကြပေ။
သူက ရှင်းပြခဲ့သော်လည်း ဂိုဏ်းချုပ်က ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းဖြင့် လက်ကာပြလိုက်သည်။ “အမှောင်ခန်းမက သင့်တော်သလို လှုပ်ရှားနိုင်တယ်...ငါ ထောက်ခံတယ်...”
“အကြီးအကဲကျို... ဝမ်တောက်မြို့က သတင်းရောက်လာပါတယ်”
“မြန်မြန်... ငါ့ကို ပေး”
အကြီးအကဲကျိုက စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အလျင်စလို ပြောလိုက်သည်။
တပည့်သည် သတင်းပို့ အဆောင်ကို အကြီးအကဲကျိုထံ အမြန် ကမ်းပေးလိုက်သည်။
အကြီးအကဲကျို ဖတ်ရှုလိုက်သည်နှင့်အမျှ သူ့မျက်ခုံးများက တဖြည်းဖြည်း တွန့်ချိုးသွားပြီး အရေးအကြောင်းများ ပေါ်လာတော့သည်။