ချောင်ရို့ချန် အထွတ်အထိပ် လက်သီးဆန္ဒကို နားလည်သဘောပေါက်ခြင်း
Vol. 8 Ch. 79
“ဟူး...”
အကြီးအကဲကျိုက သက်ပြင်းရှည်ကြီး ချလိုက်သည်။ အခြေအနေများက သူ့ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ထိုကောင်မလေး ချင်းချင်းက ဝမ်တောက်ကျောင်းတော်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ ကာကွယ်စောင့်ရှောက်မှုကို ရရှိထား၏။
သူတို့ တာ့ယန် မြင့်မြတ်နယ်မြေ အနေဖြင့် ယခင်ကလို ချင်းချင်းကို လိုက်လံဖမ်းဆီး၍ မရတော့ပေ။
ဝမ်တောက်ကျောင်းတော်သည် ထိပ်တန်းအဆင့် မြင့်မြတ်နယ်မြေတစ်ခု ဖြစ်သည်။
ထို့အပြင် ၎င်းသည် အခြားသော မြင့်မြတ်နယ်မြေ များနှင့် ဆက်ဆံရေးကောင်းသည်။
တာ့ယန်မြင့်မြတ်နယ်မြေ၏မြေခွေးအိုကြီးများက သာမန်တပည့်တစ်ယောက်အတွက်နှင့် ဝမ်တောက်ကျောင်းတော်ကို စစ်ခင်းကြမှာ မဟုတ်ပေ။
အကယ်၍ ထိုကောင်မလေးသာ ပိုပြီး သန်မာလာခဲ့လျှင် သူတို့ တာ့ယန် မြင့်မြတ်နယ်မြေ၏ တပည့်များသည် သေချာပေါက် ဒုက္ခရောက်ကြရလိမ့်မည်။
သူက အစီရင်ခံစာကို ကိုင်ဆောင်ပြီး အမှောင်ခန်းမ ဌာနမှူးကို သွားရှာလိုက်သည်။
“ဟမ့်”
သတင်းအချက်အလက်ကို ဖတ်ပြီးနောက် အမှောင်ခန်းမ ဌာနမှူးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ငါတို့ သူငယ်အိမ်နှစ်ခုမျက်ဝန်းကို မရနိုင်မှတော့ ဖျက်ဆီးပစ်ရုံပဲ ရှိတော့တယ်။ အဲ့ကောင်မလေး ချင်းချင်းက အပြင်မထွက်ဘဲ ဝမ်တောက်ကျောင်းတော်ထဲမှာ အမြဲတမ်း ပုန်းနေနိုင်မှာမဟုတ်ဘူး...”
“ပြီးတော့ အခုကနေ သုံးနှစ်ကြာရင် လျှို့ဝှက်နယ်မြေ ပွင့်လာတော့မယ်။ ချင်းချင်းသာ အထဲကို ဝင်ရဲရင် သူ့ရဲ့ သေနေ့စေ့ပြီပဲ”
အကြီးအကဲကျိုက ၎င်းကို ကြားလိုက်ရသောအခါ သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ “ဌာနမှူး... ပြောင်မြောက်တဲ့ အစီအစဉ်ပါပဲ”
…
ယန်မန် ရွှံ့နွံတော၏ အနောက်မြောက်ဘက်၊ နှင်းဝံပုလွေ တောင်ကုန်း။
ထိုနေရာသည် တစ်နှစ်ပတ်လုံး နှင်းများ ဖုံးလွှမ်းနေပြီး အေးခဲနေသည်။
ထို့အပြင် ၎င်းသည် နှင်းဝံပုလွေ မျိုးနွယ်စု၏ နယ်မြေဖြစ်သောကြောင့် လူသားများ အရောက်အပေါက်နည်းပါးလှသည်။
ညအချိန် နှင်းဝံပုလွေ တောင်ကုန်းတွင် ပြင်းထန်စွာ လေတိုက်ခတ်နေသည်။
လေပြင်းမှာ အရေပြားကို ဓားဖြင့် မွှန်းနေသည့်အလားပင်။
နှင်းဝံပုလွေ တောင်ကုန်း၏ တောင်ခါးပန်းတွင်
တိုက်ပွဲသံများသည် အဆက်မပြတ်ထွက်ပေါ်နေသည်။
လရောင်အောက်တွင် ဖြူလွှလွှနှင်းလွှာကို သွေးရောင်ခပ်ဖျော့ဖျော့ ဖုံးအုပ်နေသည်ကို ဝေဝါးစွာ မြင်နေရသည်။
ဝံပုလွေ အလောင်းများသည် မြေပြင်အနှံ့ ပြန့်ကျဲနေကြသည်။
သတ်ဖြတ်ပွဲ၏ အလယ်ဗဟိုတွင် နှင်းဝံပုလွေ တစ်ဒါဇင်ကျော်သည် ထွားကြိုင်းသန်မာသည့် အမျိုးသားတစ်ဦးကို သတ်ဖြတ်လိုစိတ်ဖြင့် မမှိတ်မသုန်စိုက်ကြည့်နေသည်။
သို့သော် ထိုအမျိုးသား၏ မျက်လုံးများထဲတွင်တော့ ဝံပုလွေများ မရှိပေ။ ဆင်တစ်ကောင်အရွယ်အစားရှိသော ဧရာမ မျက်လုံးတစ်လုံးဝံပုလွေဘုရင်သာ ရှိသည်။
၎င်းသည် လေနှင့် နှင်းကို ထိန်းချုပ်နိုင်စွမ်း ပိုင်ဆိုင်ထားသည့် ကောင်းကင်ဇာစ်မြစ်အဆင့် ဝံပုလွေဘုရင် တစ်ကောင်ဖြစ်သည်။
နှင်းဝံပုလွေ တောင်ကုန်းတွင် ၎င်း၏ အင်အားသည် များစွာ တိုးပွားလာသည်။
သို့သော် ယခုအခါ ဝံပုလွေဘုရင်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
သူ၏ရှေ့မှ အမျိုးသားသည် ဒဏ်ရာများဖြင့်ဖုံးလွှမ်းနေသည့် စစ်မှန်ကံကြမ္မာအဆင့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်သော်လည်း သူ့အား ထူးဆန်းသော ဖိအားတစ်ခုကို ခံစားရစေသည်။
ထို့ကြောင့် နှင်းဝံပုလွေဘုရင်သည် မဆင်မခြင် တိုက်ခိုက်ခြင်း မပြုပေ။ အကယ်၍ ဤလူသားက အသက်စွန့်ပြီး သူ့ကို ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်လိုက်ပါက သူသည် ဝံပုလွေဘုရင် ရာထူးသာမက သူ၏အသက်ကိုပါ ဆုံးရှုံးရနိုင်သည်။
ထိုအမျိုးသားမှာ ချောင်ရို့ချန် ဖြစ်သည်။ ဤရက်များအတွင်း သူသည် ယန်မန် ရွှံ့နွံတော အတွင်း၌ ကျင့်ကြံနေခဲ့ပြီး ရံဖန်ရံခါမှသာ တာဝန်များ လက်ခံရန် ဝမ်တောက်မြို့သို့ ပြန်လာလေ့ရှိသည်။
ဤတစ်ခါ သူ၏တာဝန်မှာ နှင်းဝံပုလွေ တောင်ကုန်း အတွင်းမှ နှစ်ရာချီနှင်းကြာပန်းကို ခူးယူရန် ဖြစ်သည်။
အကယ်၍ အခြားလူသာ ဆိုလျှင် ဝံပုလွေအုပ်စုများကို ဂရုတစိုက် ရှောင်ရှားကြပေလိမ့်မည်။
သို့သော် ချောင်ရို့ချန်က ထိုသို့ မလုပ်ခဲ့ပေ။ သောင်းပြောင်းပညာရပ်ဌာနမှ ထွက်ခွာလာပြီးနောက် သူသည် နေ့စဉ် တိုက်ပွဲများမှတစ်ဆင့် လက်သီးဆန္ဒကို သန့်စင်ခဲ့သည်။
သူသည် ဤတိုက်ပွဲမှတစ်ဆင့် ကိုယ်ပိုင် သီးသန့် လက်သီးဆန္ဒကို နားလည်သဘောပေါက်ရန် မျှော်လင့်ထားသည်။
ယခုအခါ ထိုအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
သို့သော် ကျင့်ကြံခြင်း လောကတွင် သေးငယ်သော ကွာဟချက်တစ်ခုသည် ကျော်လွှား၍မရနိုင်သော ချောက်နက်ကြီးတစ်ခု ဖြစ်လာတတ်သည်။
ဤ ခြေတစ်လှမ်းစာ ပိတ်ဆို့မှုလေးသည် ကျင့်ကြံသူ အများအပြားအတွက် တွင်းနက်ကြီး တစ်ခု ဖြစ်နေတတ်သည်။
သေချာ စဉ်းစားပြီးနောက် ချောင်ရို့ချန်သည် အဆင့်တက်ရန်နှင့် လက်သီးဆန္ဒကို နားလည်သဘောပေါက်ရန်အတွက် သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုကို ဆင်နွှဲရန် ဆုံးဖြတ်လိုက်သည်။
နှင်းဝံပုလွေ တောင်ကုန်းမှ တာဝန်သည် ပြီးပြည့်စုံသော အခွင့်အရေး ဖြစ်နေသဖြင့် သူသည် အခြားသူများ၏ ဖိတ်ခေါ်မှုကို ငြင်းပယ်ပြီး တစ်ကိုယ်တည်း စွန့်စားကာ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
နှင်းဝံပုလွေ တောင်ကုန်းမှ ဝံပုလွေအုပ်စုသည် သူ့ကို စိတ်မပျက်စေပေ။
သူသည် ယန်မန် ရွှံ့နွံတောထဲတွင် ကောင်းကင်ဇာစ်မြစ်အဆင့် နတ်ဆိုးသားရဲများနှင့် ကြုံတွေ့ခဲ့ဖူးသော်လည်း မည်သည့်အကောင်ကမျှ သူ့ကို သေမင်းတံခါးဝအထိ တွန်းပို့နိုင်ခြင်း မရှိခဲ့ပေ။
သူသည် နှင်းဝံပုလွေဘုရင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်ပြီး သူ၏အရှိန်အဝါကို အထွတ်အထိပ်သို့ နောက်တစ်ကြိမ် တွန်းပို့လိုက်သည်။
နှင်းဝံပုလွေဘုရင်သည် ခေါင်းကို မော့ပြီး ကောင်းကင်သို့ အူလိုက်သည်။
အာဝူး...
ဝံပုလွေဘုရင် အူလိုက်သည်နှင့် လေနှင့် နှင်းများ တိုးပွားလာပြီး မုန်တိုင်းသည် လရောင်ကိုပင် ဖုံးလွှမ်းသွားသည်။
တစ်ချိန်တည်းမှာပင် နှင်းဝံပုလွေများစွာသည် အရပ်မျက်နှာ အသီးသီးမှ ချောင်ရို့ချန်ဆီသို့ ဝင်ရောက်တိုက်ခိုက်လာကြသည်။
ဤနှင်းဝံပုလွေများသည် စစ်မှန်ကံကြမ္မာအထွတ်အထိပ်အဆင့် နှင့် ကောင်းကင်ဇာစ်မြစ်တစ်ဝက်အဆင့် ရောက်နေသော ကောင်များ ဖြစ်ကြသည်။
သူတို့၏ ပေါင်းစပ်တိုက်ခိုက်မှုသည် ချောင်ရို့ချန်အပေါ် ကြီးမားသော ဖိအားကို သက်ရောက်စေသည်။
“ပြင်းထန်တာအို နတ်ဘုရားလက်သီး”
ချောင်ရို့ချန်က ရုတ်တရက် လက်သီးဖြင့် ထိုးချလိုက်ရာ နှင်းဝံပုလွေ တစ်ကောင်၏ ခေါင်းကို ကြေမွသွားစေသည်။
သို့သော် အခြား ဝံပုလွေများက ရပ်တန့်မသွားပေ။ ထိုအစား သူတို့သည် တွန့်ဆုတ်ခြင်းမရှိဘဲ ရှေ့သို့ တိုးလာပြီး ချောင်ရို့ချန်ကို ဝင်တိုက်ကြသည်။
အချိန်တိုလေးအတွင်း ဝံပုလွေ လေးငါးကောင်က သူ့ကို တွယ်ကပ်မိသွားကြသည်။
သူတို့သည် ချောင်ရို့ချန်ကို ချွန်ထက်သော အစွယ်များဖြင့် ကိုက်ခဲဆွဲဖြဲကြသည်။
ချောင်ရို့ချန်သည် ခန္ဓာကိုယ်ကျင့်ကြံသူ ဖြစ်သော်လည်း ဝံပုလွေများ၏ သွားများသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ကျန်ရစ်စေခဲ့သည်။
သို့သော် ကိုက်ချက်တိုင်းသည် သံမဏ်ိတုံးကို ကိုက်နေရသည့်အလား အရေပြားကို ပေါက်ပြဲသွားစေသော်လည်း သူတို့၏ သွားများကို ပိုမို နက်ရှိုင်းအောင် မကိုက်နိုင်ကြတော့ပေ။
ဘုန်း ဘုန်း ဘုန်း
ချောင်ရို့ချန် တစ်ချက်ပြီးတစ်ချက် လက်သီးဖြင့် ထိုးချလိုက်သည်။ သူ ရိုက်လိုက်တိုင်း ဝံပုလွေတစ်ကောင်ကို လွင့်ထွက်သွားစေသည်။
အသက်ရှူချိန် ခဏအတွင်း အစပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့သော ဝံပုလွေ အများစုသည် အသတ်ခံလိုက်ရသည်။
ကျန်ရှိနေသော ဝံပုလွေများသည်လည်း ခြေလှမ်းများ ရပ်တန့်သွားကြသည်။
နှင်းဝံပုလွေဘုရင်သည် ချောင်ရို့ချန်၏ ဒဏ်ရာများ ပိုဆိုးလာသည်ကို မြင်သောအခါ နောက်ဆုံးတွင် စတင် လှုပ်ရှားလိုက်သည်။
ချောင်ရို့ချန်က ၎င်းကို မြင်သောအခါ လျင်မြန်စွာ ရှေ့တိုးပြီး လက်သီးဖြင့် ထိုးချလိုက်သည်။
နှင်းဝံပုလွေဘုရင်သည် မကြောက်ရွံ့ဘဲ လက်သည်းဖြင့် ရင်ဆိုင်လိုက်သည်။
ဝုန်း။
ပေါက်ကွဲသံကျယ်ကြီး ထွက်လာသည်။
လူနှင့် ဝံပုလွေတို့က ခြေလှမ်းတစ်ဝက်စီ နောက်ဆုတ်သွားကြသည်။
သူ၏တိုက်ခိုက်မှု မအောင်မြင်သည်ကို မြင်သောအခါ ချောင်ရို့ချန်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။
နှင်းဝံပုလွေဘုရင်သည် တိုက်ခိုက်မှုကို မရပ်တန့်ဘဲ ချောင်ရို့ချန်ဆီသို့ ကြမ်းကြုတ်စွာ ခုန်အုပ်လိုက်သည်။
ချောင်ရို့ချန်က ပြန်လည် တိုက်ခိုက်သည်။
လူနှင့် ဝံပုလွေသည် ပြင်းထန်စွာ တိုက်ခိုက်ကြသည်။
ချောင်ရို့ချန်၏ လက်သီးချက်များသည် ပြင်းထန်သည့် အားအင်တို့ကို သယ်ဆောင်ထားပြီး ဝံပုလွေဘုရင်၏လက်သည်းချက်များကတော့ သေကွင်းသေကွက်များကို တိကျစွာ ချိန်ရွယ်ကုတ်ဖြဲနေသည်။
ခေတ္တမျှ မည်သူ အသာစီးရနေသလဲ ဆိုသည်ကို ပြောဖို့ မဖြစ်နိုင်ပေ။
သို့သော် ချောင်ရို့ချန်က လက်သီးတစ်ချက် ထိုးလိုက်တိုင်း လက်သီးဆန္ဒအပေါ် သူ၏ နားလည်သဘောပေါက်မှုက အနည်းငယ် ပို၍နက်ရှိုင်းလာသည်။
ဤပြင်းထန်သော တိုက်ပွဲသည် ညမှ မနက်မိုးလင်းသည်အထိ ဖြစ်ပွားခဲ့သည်။
ဘုန်း။
မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံနှင့်အတူ ချောင်ရို့ချန်သည် နောက်ဆုံးတွင် နှင်းဝံပုလွေဘုရင်၏ ဝမ်းဗိုက်ကို ထိုးဖောက်ပြီး နှလုံးသားကို ချေမှုန်းပစ်လိုက်သည်။
ဘုတ်။
နှင်းဝံပုလွေဘုရင် လဲကျသွားသည်နှင့် ပတ်ဝန်းကျင်ရှိ နှင်းဝံပုလွေများသည် ဝမ်းနည်းပူဆွေးစွာ ဖြင့် အူလိုက်ကြသည်။
“အာဝူး...”
ထို့နောက် သူတို့သည် တောထဲသို့ အုပ်စုခွဲကာ ထွက်ပြေးသွားကြသည်။
ချောင်ရို့ချန်သည် ဝံပုလွေအုပ်စု ပျောက်ကွယ်သွားသည်ကို ကြည့်နေသော်လည်း မလိုက်သွားပေ။ ထိုအစား သူသည် သိုလှောင်အိတ်ထဲမှ ဆေးလုံးတစ်လုံးကို အလျင်အမြန် ထုတ်ယူပြီး မျိုချလိုက်ကာ နှင်းဝံပုလွေဘုရင်၏ အလောင်းကို သူ့အိတ်ထဲသို့ ထည့်လိုက်သည်။
အနီးနားတွင် ဂူတစ်ခု ရှာပြီး အဝင်ဝ၌ ထောင်ချောက်များ ဆင်ကာ ပြန်လည်သက်သာလာစေရန် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံလိုက်သည်။
[ဒင်... လက်ခံသူ၏ ဒုတိယတပည့်က အထွတ်အထိပ် လက်သီးဆန္ဒကို နားလည်သဘောပေါက်သွားပြီ။ လက်ခံသူအနေဖြင့် အထွတ်အထိပ် လက်သီးဆန္ဒကို ကျွမ်းကျင်သွားပါပြီ]
အသံထွက်ပေါ်လာသည်နှင့် ချူဖုန်း၏ အိပ်မက်လှလှလေးသည် ပျက်စီးသွားပြီး လေဟာနယ်ထဲတွင် လက်သီးလေ့ကျင့်နေသော အနက်ရောင် ပုံရိပ်တစ်ခု၏ မြင်ကွင်းဖြင့် အစားထိုးခံလိုက်ရသည်။
‘သောက်ကျိုးနည်း စနစ်... မင်း တမင်သက်သက် လုပ်တာပဲ...ငါ မိန်းမလှလေးနှစ်ယောက်နဲ့ ကစားနေတုန်း ရှိသေးတယ်...မင်းက ဒါကို လာပြနေတယ်ပေါ့’
သူ ကျိန်ဆဲလိုက်သော်လည်း ချူဖုန်း၏ အသိစိတ်သည် အနက်ရောင် ပုံရိပ်၏ လက်သီးထိုး လှုပ်ရှားမှုများထဲသို့ အလိုအလျောက် ဆွဲငင်ခံလိုက်ရသည်။
ပုံရိပ် မှေးမှိန်သွားမှသာ ချူဖုန်းသည် အိပ်မက်မှ ရုတ်တရက် နိုးလာပြီး ကုတင်ပေါ်တွင် ထထိုင်လိုက်သည်။
သူက မျက်လုံးများကို မှိတ်လိုက်ပြီး အထွတ်အထိပ် လက်သီးဆန္ဒကို နောက်တစ်ကြိမ် အာရုံခံလိုက်သည်။
ထို့နောက် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ရေရွတ်လိုက်သည်။ “တာ့ချန် ဆိုတဲ့ ကောင်လေးက ငါ့ကို တကယ် စိတ်မပျက်စေဘူး... ထွက်သွားတာ တစ်နှစ်မပြည့်သေးဘူး... သူက အထွတ်အထိပ် လက်သီးဆန္ဒကို နားလည်သဘောပေါက်သွားပြီပဲ”
ယခု လုံးဝ နိုးကြားသွားပြီဖြစ်၍ ချူဖုန်းသည် တောင်နောက်ဘက်သို့ သွားပြီး လက်သီးသိုင်း လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် လရောင်အောက်တွင် လမ်းလျှောက်ရင်း ကောင်းကင်ပေါ်က ကြယ်တာရာများကို မော့ကြည့်ကာ တောင်နောက်ဘက်သို့ လျှောက်သွားလိုက်သည်။
ချူဖုန်းသည် ဝမ်ပေါင်လဲ့၏ ခြံဝင်းငယ်လေးကို ဖြတ်သန်းသွားစဉ် ခေါင်းသေးသေးလေး တစ်လုံးက ရုတ်တရက် ပြူထွက်လာသည်။
ဝမ်ပေါင်လဲ့သည် အဝေးသို့ ရောက်နေပြီဖြစ်သော သူ့ဆရာ၏ ပုံရိပ်ကို ကြည့်ပြီး နောက်မှ လိုက်သွားလေတော့သည်။