အခန်း (၂၄၃-၂၄၄)
Vol. 13 Ch. 243-244
အပိုင်း(၂၄၃) ဒေါသအမျက်ချောင်းချောင်းထွက်နေကြသော ခိုလှုံရေးစခန်းကြီးသုံးခု
"ဒါ ဘယ်လိုဖြစ်ရတာလဲ... ငါးတွေရော၊ ငါးတွေ ဘယ်ရောက်ကုန်တာလဲ"
"ထူးဆန်းတယ်... ရေတက်ချိန်ပြီးတိုင်း ငါးတွေက ဖမ်းမကုန်နိုင်အောင် ပေါများနေကျပါ"
"တောက်... သေချာတယ်၊ တစ်ယောက်ယောက်က ငါတို့ထက် ဦးအောင် လာသွားတာပဲ ဖြစ်ရမယ်"
ချန်ကျန့်ဖုန်းနှင့် သူ၏လူများသည် ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားကြပြီး တစ်ယောက်တစ်ပေါက် ဒေါသတကြီး ကျိန်ဆဲလိုက်ကြသည်။
ချန်ကျန့်ဖုန်းက လေကို ဝအောင်တစ်ချက် ရှူသွင်းလိုက်ကာ ဒေါသကို အတင်းဖိနှိပ်လျက် အမိန့်ပေးလိုက်သည်။
"ခြင်းတောင်းတွေ ပြည့်အောင် အရင်ဖြည့်ကြ... ပြီးရင် ချက်ချင်းပြန်ပြီး ကျန်တဲ့အဖွဲ့တွေရဲ့ အခြေအနေကို မေးရမယ်"
"သိပြီ"
လူအားလုံးက ခေါင်းညိတ်လက်ခံလိုက်ကြပြီး ငါးများကို အလျင်အမြန် ကောက်ယူသိမ်းဆည်းလိုက်ကြသည်။
...
ထိုအချိန်၌ပင် အလားတူ ဖြစ်ရပ်မျိုးသည် အခြားနေရာအချို့၌လည်း ဖြစ်ပွားနေလေသည်။
ဖုန်းဟွမ်ဘုရားကျောင်း တောင်ခြေအောက်တွင် ဖြစ်သည်။ ဟုန်ဖူသည် လူအုပ်စုတစ်စုကို ဦးဆောင်လျက် ကျိုးတိုးကျဲတည်းသာ ကျန်ရှိတော့သော ရေစပ်ကမ်းပါးကို ကြည့်နေမိသည်။
မြက်ခင်းတောထဲတွင် ဟိုတစ်စ ဒီတစ်စ တွေ့ရသော ငါးအသေးအမွှားလေးများမှလွဲ၍ ဘာမျှမရှိပေ။
သူ၏ မျက်နှာတွင် ဒေါသအမျက်တို့ ဖုံးလွှမ်းသွားပြီး ဤအခြေအနေကို မယုံကြည်နိုင်စွာ ဖြစ်နေသည်။
"ဒါ ဘယ်လိုဖြစ်ရတာလဲ... ငါးတွေရော... သန္ဓေပြောင်းသတ္တဝါတွေရော ဘယ်ရောက်ကုန်တာလဲ"
"စောက်ကျိုးနည်း... ဘယ်ကောင်လုပ်တာလဲ... ဘယ်ကောင်က ငါတို့နယ်မြေထဲ ဝင်ပြီး အသားနီနဲ့ အသားဖြူတွေကို ကြိုသိမ်းသွားတာလဲ"
ဟုန်ဖူသည် ပင်ကိုယ်စရိုက်အရ ကောက်ကျစ်စဉ်းလဲပြီး ခြေပုန်းခုတ်တတ်သူ ဖြစ်သော်လည်း ယခုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ဒေါသကြောင့် မျက်နှာနှင့် လည်ပင်းများပင် ရဲတက်လာခဲ့သည်။
"ဥက္ကဌဟုန်... လင်း လို့ခေါ်တဲ့ လူတစ်စုများ ဖြစ်နေမလား"
"ဟုတ်တယ် ဥက္ကဌဟုန်... ကျွန်တော်တို့နဲ့ အနီးဆုံးမှာ အဲ့ဒီ လင်း ဆိုတဲ့လူပဲ ရှိတာ"
"တောက်... အဲ့ဒီလူစု တောင်ပေါ်တက်လာကတည်းက ကျွန်တော်တို့ဆီက အရင်းအမြစ်တွေကို လုယူကြတော့မယ်ဆိုတာ ကျွန်တော် သိနေတယ်"
"ခွေးကောင်တွေ... အရင်းအမြစ်လုတာတောင် ဒီလောက်ထိ ရက်စက်ရလား... အရည်သောက်ဖို့တောင် မချန်ထားကြဘူး"
"စောက်ကျိုးနည်း... ဥက္ကဌဟုန်ဟုန်... သူတို့က ကျွန်တော်တို့ ခေါင်းပေါ်တက်ပြီး အညစ်အကြေး စွန့်သွားသလိုပဲဗျာ"
"ဟုတ်တယ် ဥက္ကဌဟုန်... ဒါက ကျွန်တော်တို့ အိမ်ပေါက်ဝထိ လာပြီး အနိုင်ကျင့်တာပဲ"
"ဥက္ကဌဟုန်... သူတို့ကို မှတ်လောက်သားလောက်အောင် ပညာမပေးဘူးဆိုရင် နောက်ဆို ကျွန်တော်တို့ ဘယ်လိုလုပ် စခန်းဆက်ဖွင့်နိုင်တော့မလဲ"
...
လူအုပ်ကြီးမှာ တစ်ယောက်တစ်ပေါက်ပြောဆိုရင်း ဒေါသထွက်နေကြသည်။
ဤကိစ္စသည် သေးငယ်သော ကိစ္စရပ်မဟုတ်ပေ။ ရေတက်ချိန်ပြီးတိုင်း ကမ်းစပ်တွင် တင်ကျန်ရစ်ခဲ့သော ငါးများနှင့် သန္ဓေပြောင်းသတ္တဝါ အသားများသည် သူတို့အတွက် တစ်လတာ အဓိက အသားဓာတ် ရရှိရာ လမ်းကြောင်းကြီး ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ မွေးမြူရေးတစ်ခုတည်းကိုသာ အားကိုးနေရလျှင် ဤမျှများပြားသော လူဦးရေ၏ တစ်လစာ စားနပ်ရိက္ခာကို မည်သို့လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်ပါမည်နည်း။
ယခုကိစ္စသည် မျက်နှာပျက်စရာ ကိစ္စမဟုတ်တော့ဘဲ သူတို့၏ အသက်ရှင်ရပ်တည်ရေးနှင့် သက်ဆိုင်သော ပြဿနာ ဖြစ်လာလေပြီ။
ဟုန်ဖူက လေတစ်ချက် ရှူသွင်းလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ငါးတွေကို အရင်သိမ်းကြ၊ ကမ်းတင်နေတဲ့ သန္ဓေပြောင်းငါးတွေနဲ့ သန္ဓေပြောင်းသတ္တဝါ အားလုံးကို သယ်သွားမယ်"
"ဒီကိစ္စကို ဒီအတိုင်း လုံးဝ ထားလိုက်လို့ မရဘူး... အဟောင်းရော အသစ်ပါ စာရင်းပေါင်းပြီး ရှင်းရမယ်"
...
ထိုက်ယန်တောင်၏ အနောက်ဘက်ခြမ်းတွင် ဖြစ်သည်။ မိန်တုဥယျာဉ်မှ ချင်းရှောင်ယန်နှင့် ချွီမုန့်ကျူတို့ ဦးဆောင်သော အဖွဲ့နှစ်ဖွဲ့သည် လူ ၄၀ ကျော်စီဖြင့် မြစ်ကမ်းပါးဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။
သို့သော် ကမ်းစပ်တွင် ကျဲတောက်တောက်သာ ရှိနေသော သန္ဓေပြောင်းငါးများကို မြင်လိုက်ရသောအခါ အမျိုးသမီးနှစ်ယောက်စလုံး ကြောင်အမ်းသွားကြသည်။
ချွီမုန့်ကျူက အမှုမဲ့အမှတ်မဲ့ဖြင့် ချင်းရှောင်ယန်ကို လှမ်းကြည့်လိုက်ပြီး ဆဲရေးလိုက်သည်။
"အောက်တန်းစားမ... နင် လူခေါ်ပြီး ကြိုလာသိမ်းသွားတာမလား"
ချင်းရှောင်ယန်က အေးစက်စက် ပြုံးလိုက်သည်။
"အရူးမ... ငါသာ ကြိုလာသိမ်းရင် မိန်တုဥယျာဉ်က လူတွေ မသိဘဲ နေမလား"
"နင်က အဲ့ဒီငါးတွေမှာ တာရှည်ခံဆေး ပါတယ်များ ထင်နေလား... ငါပြန်သယ်သွားရင် အသားငါးတွေကို ကိုင်တွယ်သန့်စင်စရာ မလိုဘူးများ မှတ်နေသလား"
ချွီမုန့်ကျူ စကားဆို့သွားသည်။ ချင်းရှောင်ယန်အနေဖြင့် ငါးများကို ကြိုတင်လာရောက် ဖမ်းဆီးနိုင်ခြေ မရှိသည်ကို သူ မစဉ်းစားမိလိုက်ခြင်း ဖြစ်သည်။
သူမ၏ မျက်နှာထားက ချက်ချင်းပင် မည်းမှောင်သွားသည်။
"ဒါဆို ဘယ်သူလုပ်တာလဲ"
ချင်းရှောင်ယန်က လှောင်ပြုံးပြုံးလိုက်ပြီး "နင်က ငါ့လာမေးနေတော့ ငါက ဘယ်သူ့သွားမေးရမှာလဲ"
ထို့နောက် သူမသည် ချွီမုန့်ကျူကဲ့သို့ ဦးနှောက်မရှိသူကို ဆက်လက်အရေးမစိုက်တော့ဘဲ နောက်လှည့်ကာ အမိန့်ပေးလိုက်သည်။
"ဘာရပ်ကြည့်နေကြတာလဲ... ငါးကောက်ကြလေ"
"ဟုတ်ကဲ့... အမချင်း"
"စိတ်ချပါ... အမချင်း"
သူမ၏ နောက်လိုက်များက အလျင်အမြန်ပင် ငါးကောက်ခြင်းကို စတင်လိုက်ကြသည်။ ချင်းရှောင်ယန်သည် သာမန်အချိန်၌ပင် ဩဇာအာဏာ ကြီးမားကြောင်း သိသာလှသည်။
ချွီမုန့်ကျူလည်း နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူမ၏ လက်အောက်ငယ်သားများကို ငါးကောက်ရန် အမိန့်ပေးလိုက်သည်။
ထို့နောက် အမျိုးသမီးနှစ်ဦးစလုံး မျက်မှောင်ကြုတ်လျက် စဉ်းစားခန်း ဖွင့်နေကြသည်။ ယခုတစ်ကြိမ် ရေတက်ချိန်တွင် ဘာကြောင့်များ ငါးအကောင်ရေ ဤမျှ လျော့နည်းသွားရသနည်း ဆိုသည့် အချက်ပင်။
ဤကိစ္စမှာ ပုံမှန်မဟုတ်ပေ။ သူမတို့ နှစ်ယောက်စလုံး ဤကိစ္စကို အစ်ကိုဖုန်း (လီယွဲ့ဖုန်း) ထံ အမြန်ဆုံး ပြန်လည်တင်ပြရန် စိတ်လောနေကြသည်။
နှစ်ယောက်စလုံးက လီယွဲ့ဖုန်း၏ မျက်နှာသာပေးမှုကို လိုချင်နေကြသူများ ဖြစ်သည်။
ချွီမုန့်ကျူက မျက်လုံးအဝိုင်းသား လှည့်ကြည့်လိုက်ပြီး အကြံတစ်ခု ရသွားသည်။ သူမသည် လူငယ်တစ်ဦး၏ ဘေးနားသို့ ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
"ခွန်ဆန်း... နင် ဒီမှာ စောင့်ကြည့်နေလိုက်... ငါ အစ်ကိုဖုန်းဆီ အရင်ပြန်ပြီး ဒီက အခြေအနေကို သတင်းသွားပို့လိုက်ဦးမယ်"
ခွန်ဆန်းဟု ခေါ်သော လူငယ်က မျက်လုံးများ အရောင်လက်သွားပြီး ခေါင်းငုံ့လျက် ပြန်ဖြေသည်။
"ဟုတ်ကဲ့... အမချွီ"
ထို့နောက် ချွီမုန့်ကျူသည် လူအုပ်ကြားထဲတွင် ဟိုဟိုသည်သည် လျှောက်သွားနေသယောင် ဟန်ဆောင်ပြီးနောက် တိတ်တဆိတ် လူစုခွဲထွက်ကာ မိန်တုဥယျာဉ် ရှိရာသို့ အမြန်ပြန်လေတော့သည်။
ချင်းရှောင်ယန်မှာမူ သူမ၏ လက်အောက်ငယ်သားများကို ကြီးကြပ်နေဆဲ ဖြစ်သည်။
"အသားဖြူတွေကို ခိုးဝှက်မထားကြနဲ့နော်... ငါ စစ်လို့ တွေ့တာနဲ့... ဟမ့်... ငါ့လက်စွမ်းကို နင်တို့ သိကြတယ်မလား"
အစွမ်းပိုင်ရှင်များ အပါအဝင် လက်အောက်ငယ်သားများအားလုံး တုန်လှုပ်သွားကြပြီး သူမကို ရဲရဲပင် မကြည့်ရဲကြပေ။
ချင်းရှောင်ယန်က မထီမဲ့မြင် ပြုံးလိုက်ပြီး ဘေးနားရှိ ချွီမုန့်ကျူ၏ အဖွဲ့ဘက်သို့ လှမ်းကြည့်လိုက်သည်။
တစ်ချက် ဝေ့ကြည့်လိုက်သော်လည်း ချွီမုန့်ကျူ၏ အရိပ်အယောင်ကို မတွေ့ရသဖြင့် သူမ၏ မျက်နှာထား ပျက်ယွင်းသွားသည်။
ထို့နောက် သူမသည် ခွန်ဆန်းဆိုသော လူငယ်ရှိရာသို့ ချက်ချင်း လျှောက်သွားပြီး အော်ဟစ်မေးမြန်းလိုက်သည်။
"ချွီမုန့်ကျူ ဆိုတဲ့ ကောင်မစုတ် ဘယ်ရောက်သွားပြီလဲ"
ခွန်ဆန်းက တုံ့ဆိုင်းနေသည်။
သို့သော် နောက်တစ်စက္ကန့်တွင် ချင်းရှောင်ယန်၏ မျက်နှာက မည်းမှောင်သွားပြီး ရုတ်တရက် လက်ချောင်းလေးကို တောက်လိုက်သည်။
"ဖျောက်"
အစိမ်းရောင် လေဓားသွားတစ်လက်က "ရွှပ်" ခနဲ မြည်သံနှင့်အတူ လေထုထဲမှ ထွက်ပေါ်လာပြီး ခွန်ဆန်းထံသို့ တိုးဝင်သွားသည်။
ခွန်ဆန်း၏ မျက်နှာ အရောင်ပြောင်းသွားကာ နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်၌ ရေတံတိုင်းတစ်ခု ပေါ်လာသည်။
"ဝုန်း"
လေဓားသွားက ရေတံတိုင်းကို တိုက်ရိုက်ပင် ဆုတ်ဖြဲပစ်လိုက်သည်။ ခွန်ဆန်းက ကြောက်လန့်တကြား အော်ပြောလိုက်သည်။
"အမချင်း... အမချွီ ပြန်သွားပြီ... သူမ အစ်ကိုဖုန်းကို သွားရှာတာ"
ချင်းရှောင်ယန် ဒေါသပေါက်ကွဲသွားသည်။
"ဒီကောင်မစုတ်... ဖားဖို့လောက်ပဲ တတ်တယ်"
သူမက လက်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ လေဓားသွားများ ဆူညံစွာ တုန်ခါသွားပြီး ရုတ်တရက် အရွယ်အစား ကြီးထွားလာကာ အရှိန်အဟုန် မြင့်တက်လာသည်။
ချက်ချင်းပင် ရေတံတိုင်းကြီးမှာ ဝုန်းခနဲ ပြိုကျကာ လုံးဝ ပြတ်တောက်သွားတော့သည်။
ရေတံတိုင်းနောက်တွင် ပုန်းနေသော ခွန်ဆန်းမှာ ပြေးစရာလမ်းမရှိတော့ပေ။ လေဓားသွားက "ဖျတ်" ခနဲ ဝင်ရောက်လာပြီး သူ၏ ပခုံးကို လှီးဖြတ်သွားသည်။
သူ၏ ပါးစပ်မှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာပြီး မြေကြီးပေါ်တွင် တစ်ပတ်မျှ လှိမ့်သွားရသည်။
ချင်းရှောင်ယန်က အေးစက်စက် ပြုံးလိုက်သည်။
"ငတုံးကောင်... နောက်တစ်ခါ ချွီမုန့်ကျူ ဆိုတဲ့ ကောင်မစုတ်ဘက်ကနေ ရပ်တည်ရဲရင် နင့်ခေါင်းကို ဖြတ်ပစ်မယ်"
ပြောပြီးသည်နှင့် သူမသည် ကြောက်လန့်တကြား ဖြစ်နေသော လူအုပ်ကြီးကို လျစ်လျူရှုကာ ခြေထောက်အောက်မှ လေလုံးကြီးတစ်ခု ဖန်တီးလိုက်သည်။
သူမ၏ ခန္ဓာကိုယ်သည် (၄) လက်မခန့် လေပေါ်သို့ ကြွတက်သွားပြီး မိန်တုဥယျာဉ် ရှိရာသို့ လျှပ်စီးလက်သကဲ့သို့ အရှိန်ပြင်းစွာ ပြေးထွက်သွားလေသည်။
သူမ၏ အလျင်နှုန်းမှာ အလွန်မြန်ဆန်လှသည်။ လေစွမ်းအင်၏ ပံ့ပိုးမှုကြောင့် ချွီမုန့်ကျူနှင့် ရှေ့ဆင့်နောက်ဆင့်လောက်သာ ကွာခြားပြီး မိန်တုဥယျာဉ်သို့ ပြန်ရောက်လာခဲ့သည်။
ရှန်းမင်အပန်းဖြေစံအိမ်ထဲသို့ ပြေးဝင်လိုက်သည်နှင့် တဏှာရာဂ ဆူဝေနေသော အသံများကို ကြားလိုက်ရသည်။
ဒါ ချွီမုန့်ကျူ ဆိုတဲ့ ကောင်မစုတ်ရဲ့ အသံမှန်း သူမ ချက်ချင်း မှတ်မိလိုက်သည်။
ချင်းရှောင်ယန် ရင်ထဲ၌ ဒေါသများ ဟုန်းခနဲ တောက်လောင်လာသည်။ သူမ မျက်စိအောက်က ခဏလေး ပျောက်သွားတာနဲ့ ဒီကောင်မစုတ်က အစ်ကိုဖုန်းရဲ့ ကုတင်ပေါ် တက်သွားပြီပဲ။
သူမသည် လေကို တစ်ချက် ရှူသွင်းလိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
အခန်းထဲရှိ စားပွဲပေါ်တွင် ချွီမုန့်ကျူက အင်္ကျီရင်ဘတ် ဟပြဲဖြင့် လီယွဲ့ဖုန်း၏ ခါးကို ခြေထောက်နှစ်ချောင်းဖြင့် ချိတ်တွယ်ထားသည်။
လီယွဲ့ဖုန်းက တံခါးဝသို့ မော့ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။
"ရှောင်ယန်... မင်းက ဘယ်လိုလုပ် ပြန်ရောက်လာတာလဲ"
ချင်းရှောင်ယန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ချွီမုန့်ကျူကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ကောင်မစုတ်... ဒီလောက် အချိန်တိုလေးအတွင်းမှာ နင်အဲ့လောက် ငတ်နေတာလား"
ချွီမုန့်ကျူက အောင်နိုင်သူအပြုံးဖြင့် ပြုံးလိုက်သည်။
"ငါက အလုပ်ကိစ္စ လာတင်ပြတာလေ... အစ်ကိုဖုန်းက ဆုချနေတာ မရဘူးလား... ဘာလဲ... နင် သဝန်တိုနေတာလား"
ချင်းရှောင်ယန်မှာ အံကြိတ်ထားသော်လည်း သည်းမခံနိုင်တော့ဘဲ လက်ချောင်းလေးကို ရုတ်တရက် တောက်လိုက်သည်။
"ဖျောက်"
လေဓားသွားတစ်လက်က ချွီမုန့်ကျူထံသို့ အရှိန်ပြင်းစွာ ပျံသန်းသွားသည်။
ချွီမုန့်ကျူက ထိတ်လန့်သွားဟန်ဆောင်ကာ လီယွဲ့ဖုန်းကို ဖက်တွယ်လိုက်ပြီး ကလေးဆန်သော အသံဖြင့် အော်ပြောလိုက်သည်။
"အစ်ကိုဖုန်း... သူ့ကို ကြည့်ပါဦး"
လီယွဲ့ဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး လက်မောင်းကို ရုတ်တရက် ဆန့်ထုတ်ကာ လေဓားသွား လာရာလမ်းကြောင်းကို လှမ်းပိတ်လိုက်သည်။
"ဖျတ်"
လေဓားသွားက သူ၏ လက်ဝါးပြင်ပေါ်သို့ ကျရောက်သွားသော်လည်း သူ၏ လက်ဝါးမှာ ကားတာယာတစ်ခုကဲ့သို့ အနည်းငယ် ချိုင့်ဝင်သွားရုံသာ ဖြစ်သည်။
ထို့နောက် သူက လက်ဝါးကို ဆုပ်နယ်လိုက်ရာ "ဖောင်း" ခနဲ အသံနှင့်အတူ လေဓားသွားမှာ သူ၏ လက်ထဲတွင် အတင်းအဓမ္မ ချေမွခံလိုက်ရသည်။
ဆက်လက်ပြီး သူ၏ လက်ဝါးထဲမှ အသံအုပ်အုပ်တစ်ခု ထွက်ပေါ်လာကာ လေဓားသွားမှာ သူ၏ လက်ထဲတွင် ပေါက်ကွဲသွားခြင်း ဖြစ်သည်။
သူ၏ လက်ဝါးမှာလည်း မိုးပျံပူဖောင်းတစ်ခုကဲ့သို့ ချက်ချင်း ဖောင်းပွလာသည်။
သူက လက်ကို ဖြန့်လိုက်သောအခါ လေစီးကြောင်းများ ထွက်ပေါ်သွားပြီး သူ၏ လက်ဝါးမှာ မူလအတိုင်း ပြန်လည် ကျုံ့ဝင်သွားတော့သည်။
လီယွဲ့ဖုန်းက ချင်းရှောင်ယန်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ပြောသည်။
"မင်း ပြဿနာ မရှာနဲ့တော့... ငါ့စည်းကမ်းတွေကို မေ့သွားပြီလား"
ချင်းရှောင်ယန်က အံကို တင်းတင်းကြိတ်လိုက်ပြီး နောက်ဆုံးတွင် ချွီမုန့်ကျူကို စူးရဲစွာ ကြည့်လိုက်သည်။
ချွီမုန့်ကျူက ခေါင်းကို ငဲ့လိုက်ကာ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားပြီး မျက်လုံးများထဲတွင် အောင်နိုင်သူ၏ အရိပ်အယောင်များ ပြည့်နှက်နေသည်။
ဤမြင်ကွင်းက ချင်းရှောင်ယန်ကို ပို၍ ဒေါသထွက်စေသည်။
သို့သော် သူမသည် ထိုဒေါသကို အတင်းအဓမ္မ မြိုသိပ်လိုက်ရသည်။ သူမ ဆက်လက်ပြီး သောင်းကျန်းနေပါက အစ်ကိုဖုန်း စိတ်ဆိုးသွားမည်ကို သူမ ကောင်းကောင်းသိသည်။
ထိုသို့ဆိုလျှင် အစ်ကိုဖုန်းက သူမကို ရွံမုန်းသွားပေလိမ့်မည်။
ဒါဆိုလျှင် ချွီမုန့်ကျူဆိုသည့် ကောင်မစုတ်၏ ထောင်ချောက်ထဲသို့ သူမ ဝင်သွားသလို ဖြစ်နေလိမ့်မည်။
ထို့ကြောင့် သူမသည် လေတစ်ချက် ရှူသွင်းလိုက်ပြီး လီယွဲ့ဖုန်းကို ကြည့်ကာ ပြောလိုက်သည်။
"အစ်ကိုဖုန်း... ပြဿနာအကြီးကြီး တက်နေပြီ၊ ဒီတစ်ခါ ရေတက်ချိန်အပြီး ရေစပ်နားမှာ ကျွန်မ တစ်ပတ်လောက် ပတ်ရှာတာတောင် အသားဖြူ ပမာဏက အရင်ကထက် ရှစ်ဆ၊ ကိုးဆလောက် လျော့နည်းနေတာ တွေ့ရတယ်... အသားနီဆို ပိုဆိုးတယ်... ဘာမှကို မရှိသလောက်ပဲ"
"ရေတက်နေတဲ့အချိန် ကျွန်မတို့ထက် ဦးအောင် ခြေလှမ်းသွက်တဲ့ လူတစ်ယောက်ယောက်က... အသားနီနဲ့ အသားဖြူတွေကို လာကောက်သွားတယ်လို့ ကျွန်မ သံသယရှိတယ်"
ချွီမုန့်ကျူမှာ စိတ်ပျက်သွားပြီး ဤကောင်မစုတ်မှာ ဉာဏ်များလွန်းသည်၊ သူမကို ပြန်မတိုက်ခိုက်ဘဲ နေနိုင်သည်ဟု စိတ်ထဲမှ တိတ်တဆိတ် ဆဲရေးလိုက်သည်။
သူမက ချက်ချင်း ဝင်ပြောလိုက်သည်။
"နင် ပြောစရာ လိုသေးလို့လား... ငါ ပြန်ရောက်ကတည်းက အစ်ကိုဖုန်းကို ပြောပြီးသား"
မိမိအတွက် သဝန်တိုပြီး ပြိုင်ဆိုင်နေကြသော အမျိုးသမီးနှစ်ဦးကို ကြည့်ရင်း လီယွဲ့ဖုန်းတစ်ယောက် စိတ်ထဲတွင် ကျေနပ်အားရနေသော်လည်း မျက်နှာတွင်မူ တည်ငြိမ်သော အမူအရာကိုသာ ဆက်လက်ထိန်းထားသည်။
သူက ပြုံးလျက် ပြောလိုက်သည်။
"ငါ သိပြီးပြီ"
ချင်းရှောင်ယန်က ချွီမုန့်ကျူဆိုသော ကောင်မစုတ် မရှိသကဲ့သို့ သဘောထားပြီး တိုက်ရိုက် မေးလိုက်သည်။
"အစ်ကိုဖုန်း... အစ်ကိုက နည်းနည်းမှ စိတ်မပူဘူးလား"
လီယွဲ့ဖုန်းက ပြုံးလိုက်သည်။
"ဘာကို စိတ်ပူရမှာလဲ... ဒီ ထိုက်ယန်တောင်ပေါ်မှာ ငါတို့ လူတွေပဲ ရှိတာလေ... အဲ့ဒီ အသားဖြူ၊ အသားနီတွေက ဘယ်ကို ရောက်သွားမှာမို့လို့လဲ"
ချင်းရှောင်ယန်က သံသယဖြင့် မေးလိုက်သည်။
"တကယ်လို့ တခြား ခိုလှုံရေးစခန်းက လူတွေသာ ဦးအောင် လာကောက်သွားတာဆိုရင်... သူတို့က ကျွန်မတို့ကို ပြန်ပေးပါ့မလား"
လီယွဲ့ဖုန်းက ရယ်မောလိုက်သည်။
"အဲ့ဒါက သူတို့ သဘောအတိုင်း ဖြစ်လာမှာ မဟုတ်ဘူး"
"နောက်လာမယ့် ဇာတ်လမ်းက ဒီ အသားနီ၊ အသားဖြူတွေ ကိစ္စ မဟုတ်ဘူး... ကျောက်တွင်းဧရိယာကို ဘယ်သူပိုင်မလဲ ဆိုတဲ့ ကိစ္စပဲ"
"သူတို့သာ ကျောက်တွင်းဧရိယာ ဝေစုကို လိုချင်သေးရင် ငါနဲ့ လာပူးပေါင်းရလိမ့်မယ်... အဲ့ဒီကျရင် အသားနီ၊ အသားဖြူတွေကို ဘယ်သူပဲ ကောက်သွား၊ ကောက်သွား... အကုန်ပြန်အန်ထုတ်ရမှာပဲ"
အမျိုးသမီးနှစ်ဦး ကြောင်အမ်းသွားပြီးနောက် ဝမ်းသာအားရ ဖြစ်သွားကြသည်။
"ဟုတ်သားပဲ... တကယ်လို့ ဖုန်းဟွမ်ဘုရားကျောင်းက လူတွေ ကောက်သွားတာဆိုရင်... ကျောက်တွင်းဧရိယာ တူးဖော်ခွင့် ပြန်ရဖို့ ကျွန်မတို့နဲ့ လာပူးပေါင်းရမှာ သေချာတယ်"
"အဲ့ဒီကျရင် သူတို့ ပြန်မအန်ထုတ်ချင်လို့ကို မရတော့ဘူး"
"တကယ်လို့ သိုင်းဘုရင်ဂေဟာက လူတွေ လုသွားတယ်ဆိုရင်လည်း ဖုန်းဟွမ်ဘုရားကျောင်းက လူတွေက သေချာပေါက် စိတ်ပူကြမှာပဲ... ဘာပဲပြောပြော ထိုက်ယန်တောင်ပေါ်က ခိုလှုံရေးစခန်းကြီး လေးခုထဲမှာ သူတို့က အသားမွေးမြူရေး မရှိတဲ့ တစ်ခုတည်းသော စခန်းလေ... ထူလုံ ဆိုတဲ့ကောင် အပြင်ထွက်ပြီး ကုန်းရုန်းရှာလာတဲ့ အစားအစာတွေအပေါ်ပဲ မှီခိုနေရတာ"
"သူတို့က ကျွန်မတို့ထက် ပိုပြီး စိတ်လောနေမှာ သေချာတယ်... အဲ့ဒီကျရင် ကျွန်မတို့နဲ့ လာပူးပေါင်းဖို့ သူတို့ ကိုယ်တိုင် ရောက်လာကြလိမ့်မယ်"
"ကျွန်မတို့သာ လက်တွဲလိုက်ရင် ဝူမုန့် လည်း အလျှော့ပေးရမှာပဲ"
ချွီမုန့်ကျူက ချက်ချင်း ဝင်ပြောလိုက်သည်။
"ဝူမုန့် က အစွမ်းထက်တယ် ဆိုပေမယ့် ဘယ်သူနဲ့ ယှဉ်မှာလဲ ဆိုတာ ကြည့်ရဦးမယ်... အစ်ကိုဖုန်းရဲ့ အစွမ်းနဲ့ တွေ့ရင် သူက တိုက်ခိုက်ရေး ပါရမီ ဘယ်လောက်ပဲ ကောင်းကောင်း ဘာလုပ်နိုင်မှာလဲ"
"ထျန်ဝေ ကလွဲရင် ဒီ ထိုက်ယန်တောင်ပေါ်မှာ ဘယ်သူ့အစွမ်းကများ အစ်ကိုဖုန်းကို ထိခိုက်အောင် လုပ်နိုင်လို့လဲ"
"အခု ထျန်ဝေ လည်း သေပြီဆိုတော့ အစ်ကိုဖုန်းရဲ့ ရော်ဘာ အစွမ်းက ထိုက်ယန်တောင်ပေါ်မှာ အသန်မာဆုံးပဲ... သူတို့တွေ ဘယ်သူမှ အစ်ကို့ပြိုင်ဘက် မဟုတ်ဘူး"
"ဒီ ကျောက်တွင်းဧရိယာက ကျွန်မတို့ မိန်တုဥယျာဉ် ပိုင်ဆိုင်သင့်တာ"
ချွီမုန့်ကျူရော ချင်းရှောင်ယန်ပါ စိတ်လှုပ်ရှား တက်ကြွလာကြသည်။
ပြင်ပရန်သူနှင့် ရင်ဆိုင်ရချိန်တွင် သူမတို့နှစ်ဦး၏ သဘောထားမှာ အံ့သြစရာကောင်းလောက်အောင် တစ်ထပ်တည်း ကျနေပြန်သည်။
လီယွဲ့ဖုန်းက ပြုံးလျက် ပြောသည်။
"ထျန်ဝေ သေပြီ... ကျောက်တွင်းဧရိယာ ထိန်းချုပ်ခွင့်ကို အခုမှ တောင်ပေါ်တက်လာတဲ့ ဟိုမီးဝါးတောအဖွဲ့က ရသွားတယ်... ဒါပေမဲ့ သူတို့ ထိန်းချုပ်ထားတာက ကျောက်တွင်းဧရိယာ မဟုတ်ဘဲ သူတို့ အသက်ကို နုတ်ယူမယ့် ယမ်းအိုးကြီးဆိုတာ သူတို့ မသိကြဘူး"
"စောင့်ကြည့်နေလိုက်... မနက်ဖြန် မတိုင်ခင် ထူလုံက ငါ့ဆီ လူလွှတ်လိုက်မယ်လို့ ငါရဲရဲကြီး အာမခံတယ်"
"ဟဟ... အဲ့ဒီအချိန်ကျရင် အကျိုးစီးပွားချင်း ဖလှယ်တဲ့ ပွဲဖြစ်လာလိမ့်မယ်"
ချွီမုန့်ကျူနှင့် ချင်းရှောင်ယန်တို့လည်း ပြုံးလိုက်ကြသည်။
ထိုအချိန်တွင် အပြင်ဘက်မှ ခြေသံအလျင်အမြန် ထွက်ပေါ်လာသည်။
လာသောသူက ဇွတ်တရွတ် ဝင်မလာဘဲ အဝေးတစ်နေရာတွင် ရပ်တန့်ကာ လှမ်းအော်ပြောလိုက်သည်။
"အစ်ကိုဖုန်း... ဖုန်းဟွမ်ဘုရားကျောင်းက လူတွေ ရောက်လာပါတယ်... အစ်ကို့ကို တွေ့ချင်လို့ပါတဲ့"
လီယွဲ့ဖုန်းက ထိုစကားကို ကြားသောအခါ အမျိုးသမီးနှစ်ဦးကို ကြည့်လျက် ပြုံးလိုက်သည်။
"တွေ့လား... ကျားကို ပြောရင် ကျား ရောက်လာတယ် ဆိုတာ ဒါပဲ"
ချွီမုန့်ကျူက ရယ်မောကာ ပြောလိုက်သည်။
"အစ်ကိုဖုန်းက တကယ် တော်တာပဲ"
ချင်းရှောင်ယန်က ချက်ချင်း ဆဲရေးလိုက်သည်။
"ဖားမနေနဲ့... အစ်ကိုဖုန်း တော်တာ ငါက နင့်ထက် ပိုသိတယ်"
လီယွဲ့ဖုန်းက ခြေတစ်လှမ်း ဆုတ်လိုက်ကာ ချွီမုန့်ကျူ၏ ခန္ဓာကိုယ်မှ ခွာလိုက်ပြီး အဝတ်အစားများကို သပ်ရပ်အောင် ဝတ်ဆင်လိုက်သည်။
"ကဲ... တော်ကြတော့... ငါ ဘယ်လို မှာထားလဲ... လူစိမ်းတွေ ရှေ့မှာ ကောင်းကောင်းမွန်မွန် နေကြစမ်းပါ"
ချင်းရှောင်ယန်က လီယွဲ့ဖုန်း အဝတ်အစား ဝတ်ဆင်ရာတွင် ကူညီပေးရန် ချက်ချင်း လျှောက်လာပြီး ပြောလိုက်သည်။
"အစ်ကိုဖုန်း... ကျွန်မ လိုက်ခဲ့ပေးမယ်"
ချွီမုန့်ကျူ ဒေါသထွက်သွားပြီး ချက်ချင်း မတ်တပ်ရပ်ကာ ဘောင်းဘီကို ကမန်းကတန်း ဆွဲတင်လိုက်သည်။
"အစ်ကိုဖုန်း... ကျွန်မလည်း လိုက်ခဲ့မယ်"
လီယွဲ့ဖုန်းက ပြုံးလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
အမျိုးသမီးနှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နှာခေါင်းရှုံ့လိုက်ကြပြီး လီယွဲ့ဖုန်း၏ လက်မောင်းတစ်ဖက်စီကို တွဲချိတ်လျက် အပြင်သို့ အတူတကွ ထွက်ခွာလာကြသည်။
"လူတွေ ဘယ်မှာလဲ"
စင်္ကြံလမ်းအရောက်တွင် ချင်းရှောင်ယန်က မေးလိုက်သည်။
သတင်းလာပို့သူက အလျင်အမြန် ဖြေသည်။
"ဇရပ်ဆောင် ထဲမှာပါ"
"လမ်းပြစမ်း"
"ဟုတ်ကဲ့"
လီယွဲ့ဖုန်းသည် အလှပဂေးနှစ်ဦးကို ဘယ်ပြန်ညာပြန် ဖက်လျက် မိန်တုဥယျာဉ် ဝင်းအတွင်းရှိ ဇရပ်ဆောင် ဆီသို့ တည်ငြိမ်ခန့်ညားစွာ လျှောက်လှမ်းသွားလေသည်။
မိန်ဟွာ ဇရပ်ဆောင်ထဲတွင် ကျိဖုန်း နှင့် ဝမ်ရှောင် တို့နှစ်ဦး စောင့်ဆိုင်းနေကြသည်။
သူတို့နှစ်ဦးသည် မိန်တုဥယျာဉ်၏ အတွင်းဘက်တွင် ခြံခတ်ထားသော မွေးမြူရေးခြံကို လှမ်းကြည့်လိုက်ရာ မိန်ဟွာဝက်များ အစာစားနေသည်ကို တွေ့လိုက်ရသည်။
မွေးမြူရေးခြံထဲတွင် ကိုက်ဖြတ်စားသောက်ခံထားရသော လူအရိုးစုအချို့ မိုးရေထဲတွင် ပြန့်ကျဲနေသည်ကို မြင်လိုက်ရသည်။
နှစ်ဦးစလုံး၏ ရင်ထဲ ထိတ်လန့်သွားကြသည်။
"အစ်ကိုကျိဖုန်း... ဒီ မိန်ဟွာဝက် တွေက လူသားစားတာပဲ"
ဝမ်ရှောင်က တိုးတိုးလေး ပြောလိုက်သည်။ ကျိဖုန်းကလည်း တိုးတိုးလေး ပြန်ဖြေသည်။
"မိန်ဟွာဝက်က သန္ဓေပြောင်းသတ္တဝါလေ... လူသားစားမှာပေါ့ကွ"
ဝမ်ရှောင်က မနေနိုင်တော့ဘဲ ကျိန်ဆဲလိုက်သည်။
"တောက်... ငါ အရင်က ကိုးဝူမျှော်စင် မှာ ဈေးဝယ်တုန်းက မိန်ဟွာဝက်သား တကူးတက ဝယ်စားဖူးတယ်... စောက်ကျိုးနည်း... ဒီဝက်တွေက လူသားစားတယ်ဆိုတော့ ငါလည်း... ဝေါ့..."
သူ ဆက်မပြောနိုင်တော့ဘဲ ပျို့အန်ချင်လာသည်။
ကျိဖုန်း၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားပြီး သူလည်း ပျို့ချင်သလို ဖြစ်လာသည်။
သူက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ဆက်မပြောနဲ့တော့ကွာ... ငါပါ အန်ချင်လာပြီ၊ ဟူး... စားစရာ ဘာမှမရှိလို့သာပေါ့... မဟုတ်ရင် ဘယ်ကောင်က သူတို့ မိန်ဟွာဝက်သားကို ဝယ်စားမလဲ"
ဝမ်ရှောင် ပါးစပ်ဟပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ် ကျိဖုန်းက ရုတ်တရက် သတိပေးလိုက်သည်။
"လူလာပြီ"
ဝမ်ရှောင် ပါးစပ်ပိတ်လိုက်ပြီး မလှမ်းမကမ်းရှိ စင်္ကြံလမ်းဘက်သို့ လှမ်းကြည့်လိုက်သည်။
လီယွဲ့ဖုန်းက အလှပဂေးတစ်ဦးကို လက်တစ်ဖက်စီဖြင့် ဖက်လျက် ခန့်ညားစွာ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးနှစ်ဦးကို သူတို့ သိကြသည်။ ချင်းရှောင်ယန် နှင့် ချွီမုန့်ကျူ တို့ပင် ဖြစ်သည်။
နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ မိန်တုဥယျာဉ်၏ ခေါင်းဆောင်ပိုင်း ရှုပ်ထွေးပွေလီမှုအကြောင်း ကြားဖူးသော်လည်း တကယ်ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
နှစ်ဦးသား ဘာမျှ ဆွေးနွေးမနေတော့ဘဲ ကျိဖုန်းက ရှေ့သို့ ထွက်ကာ အဝေးကပင် လှမ်းနှုတ်ဆက်လိုက်သည်။
"ခေါင်းဆောင်လီ..."
လီယွဲ့ဖုန်းက သူ့ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး မကျေမနပ် ဖြစ်သွားသည်။
ချင်းရှောင်ယန်က ထိုအမူအရာကို မြင်သည်နှင့် ချက်ချင်းပင် လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
"ဘာတွေ လာအော်နေတာလဲ... ငါတို့ အစ်ကိုဖုန်းက စီးပွားရေးသမား... နင်တို့လို တောသား လူမိုက်ဂိုဏ်း မဟုတ်ဘူး... ဘာ ခေါင်းဆောင်လဲ... နားထောင်ရတာ ရိုင်းလိုက်တာ"
ကျိဖုန်း စကားဆို့သွားသည်။ ဒါက သိသိသာသာကို စောင်းမြောင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့ ဖုန်းဟွမ်ဘုရားကျောင်း၏ ခေါင်းဆောင် ထူလုံ သည် လူမိုက်လောကမှ လာသူဖြစ်ပြီး တစ်ကိုယ်လုံး တက်တူးများ ထိုးထားသောကြောင့် ဖြစ်သည်။
ကျိဖုန်း မျက်နှာ အနည်းငယ် ပျက်သွားသော်လည်း ဟန်လုပ်ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။
"အာ... သူဌေးလီ..."
လီယွဲ့ဖုန်းက ထိုအခါမှ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး မေးသည်။
"မင်းတို့က ထူလုံရဲ့ လူတွေလား"
ကျိဖုန်းက အလျင်အမြန် ဖြေသည်။
"ဟုတ်ပါတယ် သူဌေးလီ... ကျွန်တော့်နာမည်က ကျိဖုန်း... ဒါက ဝမ်ရှောင်... ကျွန်တော်တို့က ဖုန်းဟွမ်ဘုရားကျောင်းကပါ"
"ဒီနေ့ ကျွန်တော်တို့ ခေါင်းဆောင်ထူလုံရဲ့ အမိန့်အရ သူဌေးလီကို ထမင်းစား ဖိတ်ချင်လို့ပါ... ဒါက ကျွန်တော်တို့ ခေါင်းဆောင် ရေးပေးလိုက်တဲ့ စာပါ"
ကျိဖုန်းက ရင်ဘတ်ထဲမှ သတင်းစာစက္ကူအဟောင်းတစ်ရွက်ကို ထုတ်ယူလိုက်သည်။ သတင်းစာစက္ကူကို လေးထောင့်ကျကျ သပ်သပ်ရပ်ရပ် ခေါက်ထားသည်။
ထိုစက္ကူပေါ်တွင် သတ္တဝါတစ်ကောင်ကောင်၏ သွေးဖြင့် ရေးသားထားသော စာတစ်စောင် ပါရှိသည်။
လီယွဲ့ဖုန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ညစ်ပတ်မည်စိုးသဖြင့် လှမ်းမယူပေ။
ချွီမုန့်ကျူနှင့် ဘေးနားရှိ ချင်းရှောင်ယန်တို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ဖက်လူကို သွားယူခိုင်းရန် မျက်နှာထားတင်းထားကြသည်။ သို့သော် ဘယ်သူကမျှ သွားမယူကြပေ။
ကျိဖုန်းမှာ နေရခက်သွားပြီး ဘာလုပ်ရမှန်းမသိ ကြောင်ရပ်နေမိသည်။
စောစောက သတင်းလာပို့သော အစွမ်းပိုင်ရှင်က အကင်းပါးသဖြင့် အလျင်အမြန် လှမ်းယူလိုက်ပြီး လီယွဲ့ဖုန်းကို ကြည့်လိုက်သည်။
လီယွဲ့ဖုန်းက တိုက်ရိုက် အမိန့်ပေးလိုက်သည်။
"ဖတ်ပြ"
ထိုအစွမ်းပိုင်ရှင်က သတင်းစာစက္ကူကို ဖြန့်လိုက်ရာ သွေးဖြင့် ရေးသားထားသော စာတစ်စောင် ပေါ်လာသည်။
လက်ရေးလက်သား မဆိုးလှပေ။ စာရေးစာဖတ်မတတ်သော ထူလုံ ရေးထားခြင်းတော့ မဟုတ်တန်ရာ။ ဟုန်ဖူက ကိုယ်စား ရေးပေးလိုက်ခြင်း ဖြစ်လောက်သည်။
စာထဲတွင် ပါဝင်သော အကြောင်းအရာမှာ ရိုးရှင်းပါသည်။ အဓိကအားဖြင့် ယခုတစ်ကြိမ် ရေတက်ချိန်အပြီး အဖြူရောင်နှင့် အနီရောင်အသားများ ပုံမှန်မဟုတ်ဘဲ ရှားပါးနေသည့် အကြောင်းနှင့် ကျောက်တွင်းဧရိယာ ပိုင်ဆိုင်မှု ပြဿနာအကြောင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မဟာမိတ်ဖွဲ့လိုသော သဘောထားကို အရိပ်အမြွက် ပြသထားပြီး ကိုးဝူမျှော်စင် ၌ တွေ့ဆုံဆွေးနွေးရန် လီယွဲ့ဖုန်းကို ဖိတ်ကြားထားခြင်း ဖြစ်သည်။
လီယွဲ့ဖုန်းက နားထောင်ပြီးနောက် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာသဖြင့် မအံ့သြမိပေ။
သူက ပြုံးလျက် ပြောလိုက်သည်။
"ထူလုံကို ပြန်ပြောလိုက်... ငါ အချိန်မီ လာခဲ့မယ်လို့"
ကျိဖုန်းနှင့် ဝမ်ရှောင်တို့ သက်ပြင်းချနိုင်သွားကြသည်။
ကျိဖုန်းက ပြောလိုက်သည်။
"သူဌေးလီ... ခေါင်းဆောင်ကို ကျွန်တော်တို့ ပြန်ပြောလိုက်ပါ့မယ်"
လီယွဲ့ဖုန်းက လက်ဝှေ့ယမ်းပြလိုက်ပြီး သူတို့နှစ်ဦး ပြန်နိုင်ပြီဖြစ်ကြောင်း အသံတိတ် ပြောလိုက်သည်။
ကျိဖုန်းတို့နှစ်ဦး ချက်ချင်းပင် ထွက်ခွာရန် ပြင်လိုက်သည်။
ရုတ်တရက် လီယွဲ့ဖုန်းက လှမ်းပြောလိုက်သည်။
"နေဦး"
ကျိဖုန်းတို့နှစ်ဦး ခြေလှမ်းတုံ့သွားပြီး လီယွဲ့ဖုန်းကို လှည့်ကြည့်လိုက်ကြသည်။
လီယွဲ့ဖုန်းက မေးလိုက်သည်။
"ရေစပ်နားက အဖြူရောင်နဲ့ အနီရောင်အသားတွေက တကယ်ပဲ မင်းတို့ ဖုန်းဟွမ်ဘုရားကျောင်းနဲ့ မဆိုင်ဘူးလား"
ကျိဖုန်းက အလျင်အမြန် ဖြေရှင်းသည်။
"တကယ်ကို ကျွန်တော်တို့နဲ့ မဆိုင်ပါဘူးဗျာ... ကျွန်တော်တို့ မနက်အစောကြီး မြစ်ကမ်းဘက်ကို သွားကြည့်တော့ အသားဖြူတွေ အများကြီး လျော့နည်းနေပြီး အနီရောင်အသားတွေဆို မရှိသလောက်ပါပဲ"
"စည်းကမ်းမရှိဘဲ နယ်ကျော်ပြီး အသားနီ၊ အသားဖြူတွေကို လာလုသွားတာက ဟိုအဖွဲ့သစ် ဖြစ်မယ်လို့ ဥက္ကဌဟုန် က သံသယရှိနေပါတယ်"
"သူဌေးလီ... ကျွန်တော်တို့ ခိုလှုံရေးစခန်း လေးခုကြားမှာ တစ်ဖက်နဲ့တစ်ဖက် နယ်မြေ ကျူးကျော်ခြင်း မပြုရဆိုပြီး အရင်ကတည်းက စည်းကမ်းသတ်မှတ်ထားပြီးသားပါ... အရင်တုန်းက ကိုးဝူမျှော်စင် မှာ ခေါင်းဆောင်အားလုံး သဘောတူထားကြတာပဲ... ခင်ဗျား ကျွန်တော်တို့ကို ယုံပါ"
လီယွဲ့ဖုန်းက ပြုံးလိုက်ပြီး စကားမပြောပေ။ ဘေးနားမှ သတင်းလာပို့သူကို လှမ်းကြည့်လိုက်သည်။
ထိုလူငယ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
ထိုအခါမှ လီယွဲ့ဖုန်းက ပြောလိုက်သည်။
"ကောင်းပြီ... ငါ မင်းတို့ကို ယုံတယ်... ပြန်ကြတော့"
"ကျေးဇူးပါ သူဌေးလီ"
ကျိဖုန်းက အလျင်အမြန် ပြောလိုက်သည်။
ထို့နောက် နှစ်ဦးသား မိန်တုဥယျာဉ်မှ အမြန်ဆုံး ထွက်ခွာသွားကြသည်။
ထွက်ခွာသွားသော နှစ်ယောက်၏ ကျောပြင်ကို ကြည့်ရင်း လီယွဲ့ဖုန်း ဘာမျှ မပြောပေ။
ဘေးနားရှိ ချင်းရှောင်ယန်က သတင်းပို့သော လူငယ်ကို ကြည့်ပြီး မေးလိုက်သည်။
"ရှောင်ရှဲ့... ဒီလူ ပြောတာ အမှန်ပဲလား"
ရှောင်ရှဲ့က အလျင်အမြန် ဖြေသည်။
"အမချင်း... သူ လိမ်မပြောဘူးဆိုတာ ကျွန်တော် အာရုံခံမိပါတယ်"
လီယွဲ့ဖုန်းက ပြောလိုက်သည်။
"ရှောင်ရှဲ့ရဲ့ အစွမ်းက တစ်ဖက်လူရဲ့ စိတ်ခံစားချက် အတက်အကျကို အာရုံခံနိုင်တယ်... သူက ဒီနှစ်ယောက် လိမ်မပြောဘူးလို့ ပြောရင် လိမ်မပြောတာ သေချာသလောက်ပဲ"
ချွီမုန့်ကျူက မနေနိုင်ဘဲ ပြောလိုက်သည်။
"ကျွန်မ အံ့သြမိတာက... တကယ်လို့ အဖြူရောင်နဲ့ အနီရောင်အသားတွေကို သိမ်းသွားတာ ဖုန်းဟွမ်ဘုရားကျောင်းက လူတွေ မဟုတ်ရင် တကယ်ပဲ ဟိုအဖွဲ့သစ်က လူတွေများလား"
ချင်းရှောင်ယန်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒီအဖွဲ့သစ်က ဒီလောက်တောင် အစွမ်းထက်သလား... ရေတက်ချိန် အကြောင်းကို သိရုံတင်မကဘူး... ရေပြန်ကျသွားတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး အသားနီ၊ အသားဖြူတွေကို ထွက်လုတတ်သေးတယ်... ငါတို့ တောင်ပေါ် စရောက်တုန်းက ရေတက်ချိန်နဲ့ ရေတက်ချိန်က ပေးတဲ့ အကျိုးအမြတ်တွေကို သိဖို့ နှစ်လ၊ သုံးလလောက် အချိန်ယူခဲ့ရတာ"
"ဒီအကြောင်းကို သိဖို့အတွက် အရင်က လူတွေ အများကြီး သေခဲ့ရတာလေ"
လီယွဲ့ဖုန်းက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
"အပြင်လောက ကနေ ရေကြီးတာကို ရှောင်ပြီး ထိုက်ယန်တောင်ပေါ် ရောက်လာနိုင်တယ်... ပိတ်မိနေတဲ့ အဆောက်အအုံတွေထဲကနေ ထွက်လာနိုင်တယ် ဆိုကတည်းက သတ္တိနဲ့ အမြော်အမြင်တော့ ရှိရမယ်... လူတိုင်း အဆောက်အအုံထဲက ထွက်ခွာရဲတဲ့ သတ္တိ ရှိတာမှ မဟုတ်တာ"
"ကြည့်ရတာ... ဒီ လင်း ဆိုတဲ့ လူက တကယ့် ပုဂ္ဂိုလ်ထူးပဲ... ထျန်ဝေ ကို သတ်နိုင်ရုံတင် မကဘူး... ဦးနှောက်လည်း ရှိတယ်"
"ဟဟ... ဒါပေမဲ့ စည်းကမ်း နားမလည်ဘူး... ထိုက်ယန်တောင် ရောက်လာပြီး ဂိုဏ်းချုပ်တွေကို ဂါရဝမပြုဘဲ ကိုယ့်ဖာသာကိုယ် အလံထောင်ပြီး စခန်းထောင်ချင်နေတယ်... နုပါသေးတယ်"
"ဒီတစ်ခါ သူက ကျောက်တွင်းဧရိယာကို သိမ်းပိုက်ရဲတယ် ဆိုကတည်းက ခိုလှုံရေးစခန်းကြီး သုံးခုလုံးရဲ့ အကျိုးစီးပွားကို လုံးဝ ထိပါးလိုက်တာပဲ... သူတို့ ဒီတစ်ခါ မသေရင်တောင် အရေခွံ နွှာခံရလိမ့်မယ်"
ဆက်ရန်...
အပိုင်း(၂၄၄) ဝူယင် အရှက်ခွဲခံရခြင်းနှင့် ထူလုံ၏ ပူးပေါင်းမဟာမိတ်ဖွဲ့ခြင်း
ချင်ရှောင်ယန်က "အစ်ကိုဖုန်း... နေ့လယ်ကျရင် ကိုးဝူမျှော်စင်ကို သွားမှာမလား... ကျွန်မ လိုက်ခဲ့ပေးမယ်လေ" ဟု ဆိုလေသည်။
ထိုစကားကို ကြားသည်နှင့် ချွီမုန့်ကျူက ချက်ချင်းပင် မကျေမနပ် ဖြစ်သွားပြီး "ဘာကိစ္စ သူလိုက်ရမှာလဲ... သွားမယ်ဆိုရင်တောင် အစ်ကိုဖုန်းနဲ့ ငါပဲ လိုက်သွားမှာ" ဟု ပြန်ပြောလိုက်သည်။
လီယွဲ့ဖုန်းက ပြုံးလိုက်ပြီး "မင်းတို့နှစ်ယောက်စလုံး လိုက်စရာ မလိုဘူး" ဟု ပြောလိုက်သည်။
မိန်းကလေးနှစ်ဦးစလုံး ကြောင်အသွားကြပြီး လီယွဲ့ဖုန်းကို မော့ကြည့်လိုက်မိကြသည်။
လီယွဲ့ဖုန်းက အပြုံးပါးပါးလေးဖြင့် ဆက်ပြောသည်။
"ဒီတစ်ခေါက် ကိုးဝူမျှော်စင်ကို ငါတစ်ယောက်တည်းပဲ သွားမယ်... မင်းတို့က ငါ့အစား လုပ်ပေးစရာ ကိစ္စတစ်ခု ရှိတယ်"
"အစ်ကိုဖုန်း... ဘာကိစ္စများလဲ" ချင်ရှောင်ယန်က မေးလိုက်သည်။
လီယွဲ့ဖုန်းက မျက်လုံးကို မှေးစင်းလျက် ပြောသည်။
"ထူလုံက မဟာမိတ်ဖွဲ့ဖို့ ကိစ္စဆွေးနွေးချင်လို့ ငါ့ကို ကိုးဝူမျှော်စင်ဆီ ဖိတ်တယ်ဆိုတော့... သေချာပေါက် ဝူမုန့်ကိုလည်း ဖိတ်မှာပဲ"
"ဝူမုန့်က မာနကြီးပြီး ဘဝင်မြင့်တဲ့ကောင်... ကိုယ်တိုင် လာချင်မှ လာလိမ့်မယ်... ဒါပေမဲ့ သူ့မိန်းမ ကျွမ်းရှုယွမ်ကိုတော့ တစ်ယောက်တည်းလွှတ်ပြီး စွန့်စားခိုင်းမှာ မဟုတ်ဘူး... ဖြစ်နိုင်ချေ အများဆုံးကတော့ သူရော ကျွမ်းရှုယွမ်ရော နှစ်ယောက်စလုံး ရောက်လာကြလိမ့်မယ်"
"ငါလိုချင်တာက သူတို့တွေ ကိုးဝူမျှော်စင်ကို ရောက်နေတဲ့အချိန် အခွင့်ကောင်းယူပြီး မင်းတို့က သူတို့ရဲ့ ခိုလှုံရေးစခန်းတွေကို သွားစုံစမ်းရမယ်... အနီရောင်အသားနဲ့ အဖြူရောင်အသားတွေကို ဘယ်သူတွေက လုယူသွားသလဲ ဆိုတာကိုပေါ့"
"အစ်ကိုဖုန်း... ဟို လင်း ဆိုတဲ့ လူစုဆီကိုရော သွားစုံစမ်းဖို့ မလိုဘူးလား" ချွီမုန့်ကျူက ချက်ချင်း မေးလိုက်သည်။
"မလိုဘူး... မတော်တဆ မြွေကို ခြောက်လှန့်သလို ဖြစ်သွားရင် မကောင်းဘူး"
"တကယ်လို့ ဒီလူစုကများ အသားတွေကို လုယူသွားတာဆိုရင်တော့ ဘာမှ ပြောစရာ မလိုတော့ဘူး... ဘာပဲဖြစ်ဖြစ် နောက်ဆုံးကျရင် သူတို့ကို ရှင်းပစ်ရမှာပဲ... အဲဒီကျမှ ခိုလှုံရေးစခန်းကြီး သုံးခုက သူတို့ဆီက ပစ္စည်းတွေကို မျှဝေယူကြမှာဆိုတော့ လုနေစရာ မလိုတော့ပါဘူး"
"သဘောပေါက်ပါပြီ... ဒါပေမဲ့ စောစောက လာစမ်းသပ်သွားတဲ့ လူအခြေအနေအရဆိုရင် ဖုန်းဟွမ်ဘုရားကျောင်းဘက်က ပြဿနာမရှိဘူး မဟုတ်လား" ချွီမုန့်ကျူက မေးလိုက်သည်။
လီယွဲ့ဖုန်းက ခေါင်းခါလိုက်ပြီး "ဟုန်ဖူ ဆိုတဲ့ အဘိုးကြီးက တစ်သက်လုံး ရပ်ကွက်အုပ်ချုပ်ရေးမှူး လုပ်လာတာ... ဉာဏ်နီဉာဏ်နက် အရမ်းများတယ်... ပြောမရဘူး သူက ကြိုပြီး ကာကွယ်ထားတာလည်း ဖြစ်နိုင်တယ်"
"သူလွှတ်လိုက်တဲ့ လူနှစ်ယောက်က အစကတည်းက ဘာမှမသိဘဲ အသုံးချခံရတာဆိုရင် ငါတို့ဘက်က ဘယ်လိုပဲ စမ်းသပ်စမ်းသပ် ဘာမှ ပေါ်လာမှာ မဟုတ်ဘူး... ဒါကြောင့် မင်းတို့ကိုယ်တိုင် သွားစုံစမ်းတာက ပိုသေချာတယ်"
ချွီမုန့်ကျူက ရုတ်တရက် သဘောပေါက်သွားပြီး "အစ်ကိုဖုန်းက တကယ် ဉာဏ်ကောင်းတာပဲ" ဟု ချီးကျူးလိုက်သည်။
ချင်ရှောင်ယန်ကမူ အေးစက်စက် ပြုံးလိုက်ပြီး "ဖားမနေနဲ့... အစ်ကိုဖုန်း ဉာဏ်ကောင်းတာ နင့်ပါးစပ်နဲ့ ပြောနေစရာ လိုလို့လား... အစ်ကိုဖုန်း... ကျွန်မ ဖုန်းဟွမ်ဘုရားကျောင်းဘက်ကို သွားစုံစမ်းလိုက်မယ်"
ချွီမုန့်ကျူက နှာခေါင်းရှုံ့လိုက်ပြီး "ဘာကိစ္စလဲ... နင်က ဝူမုန့်ရဲ့ လူတွေကို ကြောက်လို့မလား"
ချင်ရှောင်ယန်က ပြန်လှောင်လိုက်သည်။ "ငါက ဝူမုန့် လူတွေကို ကြောက်ရမယ် ဟုတ်လား... ငါက အစ်ကိုဖုန်းအတွက် ထူလုံကို သွားစစ်ဆေးပေးချင်လို့... နင့်ကို လွှတ်လိုက်ရင် စိတ်မချရဘူး"
"နင် ဘာပြောတယ်" ချွီမုန့်ကျူ ဒေါသထွက်သွားသည်။
နှစ်ယောက်သား ရန်ဖြစ်တော့မည့် အခြေအနေတွင် လီယွဲ့ဖုန်းက သူတို့နှစ်ယောက်လုံး၏ တင်ပါးများကို ဆွဲညှစ်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။
"တော်ကြတော့... ငါပြောတဲ့အတိုင်း လုပ်... ရှောင်ယန်... မင်းက သိုင်းဘုရင်ဂေဟာဘက်ကို သွား... မုန့်ကျူ... မင်းက ဖုန်းဟွမ်ဘုရားကျောင်းဘက်ကို သွား"
နှစ်ယောက်သား ဆက်ပြီး မငြင်းရဲတော့ဘဲ တစ်ယောက်ကိုတစ်ယောက် မျက်စောင်းထိုးရင်း ကိုယ်စီ အမိန့်နာခံကာ ထွက်ခွာသွားကြတော့သည်။
ထိုအချိန်၌ပင် ထိုက်ယန်တောင် အရှေ့ဘက်ရှိ သိုင်းဘုရင်ဂေဟာ တွင်လည်း သတင်းစကား လာပို့သူ နှစ်ယောက် ရောက်ရှိနေလေသည်။
တောင်ပေါ်လမ်းအတိုင်း ဝူယင် သည် စာအိတ်တစ်အိတ်ကို ကိုင်ဆောင်လျက် တည်ငြိမ်သော မျက်နှာထားဖြင့် လျှောက်လှမ်းလာနေသည်။
ရှေ့မှ လမ်းပြခေါ်ဆောင်လာသူမှာ ယွမ်ရွေ့ ဖြစ်သည်။ သူက ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့် နောက်သို့လှည့်ကာ ဝူယင်ကို ကြည့်ရင်း ပြုံးစစဖြင့် မေးလိုက်သည်။
"ညီလေး... လင်းက ဘာပြောလိုက်လဲ"
ဝူယင်က ခေါင်းခါလိုက်ပြီး ဘာမျှ ပြန်မပြောပေ။
ယွမ်ရွေ့က ဆက်ပြောသည်။ "ညီလေးရာ... ငါ ပြီးခဲ့တဲ့တစ်ခေါက် သွားတုန်းက တကယ့် စေတနာအမှန်နဲ့ သွားခဲ့တာပါ... အကျိုးအမြတ်နဲ့ ဆိုးကျိုးတွေကိုလည်း ငါ အကုန်ပြောပြခဲ့ပြီးပြီ... ဪ... ဒါနဲ့ မင်းက အဲဒီတုန်းက မရှိဘူးဆိုတော့ မသိဘူးထင်တယ်"
"လင်းက ထျန်ဝေကို သတ်နိုင်ခဲ့တယ်ဆိုတော့ ငါ ယွမ်ရွေ့က လေးစားပါတယ်... တကယ့်ကို လက်မထောင်ပြီး အစွမ်းထက်တယ်လို့ ပြောရမှာပဲ"
"ဒါပေမဲ့ ဒီကျောက်တွင်းဧရိယာကြီး တစ်ခုလုံးကိုတော့ မင်းတို့ချည်းပဲ လက်ဝါးကြီးအုပ်လို့ မရဘူးကွ"
"အရင်တုန်းက ထျန်ဝေတောင်မှ ကျောက်တွင်းကို သိမ်းပိုက်ထားပေမဲ့ ငါတို့ ခိုလှုံရေးစခန်းကြီး သုံးခုကို ကျောက်တူးဖော်ခွင့် ပြုပေးခဲ့ရတာ"
"အခု မင်းတို့က ကျောက်တွင်းကို သိမ်းပိုက်ထားတယ်ဆိုတော့ ငါ ရင်ထဲက စကားကိုပဲ ပြောမယ်... ငါတို့ မဟာမိတ်တွေနဲ့သာ မပူးပေါင်းရင် မင်းတို့ ကျောက်တွင်းကို ထိန်းထားနိုင်မှာ မဟုတ်ဘူး"
"အချိန်တန်လို့ ဖုန်းဟွမ်ဘုရားကျောင်းနဲ့ မိန်တုဥယျာဉ်တို့ လက်တွဲလိုက်ရင် မင်းတို့ဘက်က အကြီးအကျယ် ခံရလိမ့်မယ်"
"အခုချိန်မှာ မင်းတို့ကို ကယ်တင်နိုင်တာ ငါတို့ပဲ ရှိတယ်"
ဝူယင်၏ မျက်နှာထားက အနည်းငယ် တင်းမာသွားပြီး အေးစက်စွာ တုံ့ပြန်လိုက်သည်။
"အစ်ကိုလင်းက ထျန်ဝေကို သတ်နိုင်မှတော့ ကျောက်တွင်းကိုလည်း ကာကွယ်နိုင်မှာပါ"
"ခင်ဗျားတို့သာ တကယ် အဲဒီလောက် အစွမ်းထက်တယ်ဆိုရင် အရင်တုန်းက ဘာလို့ ထျန်ဝေကို ကျောက်တွင်း ပေးသိမ်းထားရတာလဲ"
ထိုစကား ကြားလိုက်ရသောအခါ ယွမ်ရွေ့၏ မျက်နှာထား ပျက်သွားပြီး လေသံကလည်း ပိုမို အေးစက်သွားသည်။
"ညီလေး... အစွမ်းပိုင်ရှင်ချင်း အတူတူတောင် ကွာခြားချက်တွေ ရှိတယ်ကွ... မတူညီတဲ့ အစွမ်းတွေအချင်းချင်း ဖိနှိပ်နိုင်စွမ်းတွေ ရှိတယ်"
"ထျန်ဝေရဲ့ မီးအစွမ်းက မိန်တုဥယျာဉ်က တစ်ယောက်ကို ဖိနှိပ်နိုင်သလို ငါတို့ခေါင်းဆောင်နဲ့ ဖုန်းဟွမ်ဘုရားကျောင်းက ထူလုံကိုလည်း အတိုင်းအတာတစ်ခုအထိ ယှဉ်နိုင်တယ်... ဒါကြောင့် သူက အသာစီးရခဲ့တာ"
"လင်းယွမ်က အစွမ်းထက်တယ် ဆိုပေမဲ့ သူ့ရဲ့ နည်းလမ်းတွေကို ငါတို့ မြင်ဖူးပါတယ်"
"သူ ထျန်ဝေကို ဘယ်လိုနည်းနဲ့ သတ်လိုက်လဲ ဆိုတာတော့ ငါမသိဘူး... ဒါပေမဲ့ ငါမင်းကို မေးမယ်... သူ ငါတို့ ခေါင်းဆောင်ကို သတ်နိုင်ပါ့မလား"
"သူ အရင်တုန်းက ထူလုံကို ယှဉ်ဖို့တောင် မနည်း ကြိုးစားခဲ့ရတာ... အခု ထူလုံနဲ့ လီယွဲ့ဖုန်း ပေါင်းလိုက်ရင် သူ့မှာ နိုင်ခြေ ဘယ်လောက်ရှိမယ် ထင်လဲ"
"လီယွဲ့ဖုန်းရဲ့ 'ရော်ဘာ အစွမ်း' ဆိုရင် ငါတို့ ခေါင်းဆောင်တောင်မှ နိုင်မယ်လို့ အာမ မခံရဲဘူး... မင်းတို့ရဲ့ လင်းက ဖြစ်ပါ့မလား"
ဝူယင်က မျက်မှောင်ကြုတ်လိုက်ပြီး "ကျွန်တော်က စာလာပို့ရုံပဲ... ခင်ဗျား ကျွန်တော့်ကို ဒါတွေ လာပြောနေစရာ အကြောင်းမရှိဘူး" ဟု ပြတ်ပြတ်သားသား ပြောလိုက်သည်။
ယွမ်ရွေ့လည်း ဒေါသထွက်လာကာ "ငတုံးကောင်... ငါက အရင်တုန်းက မင်းတို့ကျွေးတဲ့ ထမင်းတစ်နပ် စားဖူးလို့ ဒီလောက် ပြောပြနေတာ... ငါ စိတ်ကောင်းဝင်နေလို့ မင်းနဲ့ လာပေါက်ကရ ပြောနေတယ်များ ထင်နေလား" ဟု ဆဲရေးလိုက်သည်။
ဝူယင်လည်း ဒေါသထွက်သွားပြီး ယွမ်ရွေ့ကို စိုက်ကြည့်လိုက်သည်။
ယွမ်ရွေ့က မျက်လုံးပြူးကာ "ဘာကြည့်တာလဲကွ" ဟု ရန်စလိုက်သည်။
ရန်ပွဲဖြစ်တော့မည့် ဆဲဆဲတွင် လီယွဲ့ကျင်း သည် ဂေဟာထဲမှ ထွက်လာခဲ့သည်။
သူက လေးနက်သော အသံဖြင့် "ယွမ်ရွေ့... ကောင်းကောင်း ပြောစမ်း" ဟု ဟန့်တားလိုက်သည်။
ယွမ်ရွေ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လှည့်ထွက်သွားရင်း "ဆရာလီ... လူခေါ်လာပေးပြီးပြီ... သောက်ကျိုးနည်း... ဆီလိုအပေါက် ရှာမရတဲ့ကောင်... သွားပြီဗျာ" ဟု ပြောကာ ဝူယင်၏ ဒေါသတကြီး မျက်နှာကို ဂရုမစိုက်ဘဲ ထွက်ခွာသွားလေသည်။
လီယွဲ့ကျင်းက ပြုံးလိုက်ပြီး "ညီလေး... စိတ်မဆိုးပါနဲ့... ယွမ်ရွေ့က ဒီလိုပါပဲ... လာပါ... အထဲဝင်ရအောင်... အမကျွမ်း စောင့်နေတယ်" ဟု ဖိတ်ခေါ်လိုက်သည်။
ဝူယင်သည် ဘာမှ ပြန်မပြောဘဲ စိတ်ထဲမှ ဒေါသများကို မြိုသိပ်ထားလိုက်သည်။ သူ ပြန်ပြောလိုက်မိပါက သိုင်းဘုရင်ဂေဟာနှင့် ဆက်ဆံရေး ပျက်ပြားသွားပြီး လင်းအတွက် အခက်အခဲ ဖြစ်မည်ကို စိုးရိမ်မိသည်။
လင်းက တစ်ဖက်လူနှင့် မပူးပေါင်းဘူးဟု ဆိုသော်လည်း မပူးပေါင်းခြင်းသည် ရန်သူဖြစ်သွားခြင်းကို ဆိုလိုသည် မဟုတ်ပေ။
သူ့အနေဖြင့် အဆဲခံရရုံနှင့် ပြန်မပြောချင်၊ ပြန်ပြောလိုက်မှ တစ်ဖက်လူ စိတ်ဆိုးပြီး လင်းနှင့် ရန်ငြိုးဖွဲ့သွားမည်ကို မလိုလားပေ။
ထို့ကြောင့် ဝူယင်သည် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး ဒေါသကို ဖိနှိပ်ကာ လီယွဲ့ကျင်း နောက်မှ လိုက်ပါသွားလေသည်။
ဂေဟာထဲသို့ ရောက်သောအခါ ကျက်သရေရှိပြီး လှပလွန်းသော အမျိုးသမီးတစ်ဦး ကုလားထိုင်ပေါ်တွင် ထိုင်၍ လက်ဖက်ရည် သောက်နေသည်ကို တွေ့လိုက်ရသည်။
သူမ၏ ဘေးတွင် ဝူယင် သိနေသော လူအချို့လည်း ရှိနေသည်။ ပိုင်ကျစ်လဲ့၊ ယွဲ့ယာဝေ၊ ချန်ကျန့်ဖုန်း နှင့် ကောကျဲ တို့ ဖြစ်ကြသည်။
ယခင်က လင်း ထမင်းဖိတ်ကျွေးစဉ် ဤလူများအပေါ် သူ အထင်ကြီး လေးစားခဲ့ဖူးသည်။ ထိုစဉ်က သူတို့၏ အပြုအမူများမှာ ပွင့်လင်းရိုးသားပုံ ပေါက်ခဲ့သည်။
သို့သော် ယခုအချိန်တွင်တော့ ဝူယင်၏ စိတ်ထဲ၌ အထင်သေး ရွံရှာမှုများသာ ပြည့်နှက်နေသည်။
ထမင်းစားတုန်းကတော့ နောင်တစ်ချိန် ကိစ္စရှိရင် သိုင်းဘုရင်ဂေဟာကို လာရှာပါ ဘာညာနှင့် ပြောကောင်းခဲ့ကြသော်လည်း... ဟက်... အခု ကျောက်တွင်း အကျိုးအမြတ် ကိစ္စလည်းကျရော မျက်နှာပြောင်တိုက်ပြီး ခင်မင်မှုကို မသိကျိုးကျွန် ပြုနေကြသည်။
တကယ့်ကို အရှက်မရှိကြသူများပင်။
ဝူယင်က စိတ်ထဲမှ တွေးနေသော်လည်း နှုတ်မှမူ လေးလေးစားစားပင် "ခေါင်းဆောင် ဝူမုန့် ဘယ်မှာပါလဲ... အစ်ကိုလင်းက စာပေးခိုင်းလိုက်လို့ပါ" ဟု မေးလိုက်သည်။
လီယွဲ့ကျင်းက ပြုံးလျက် "ညီလေး... စာ ဘယ်မှာလဲ" ဟု မေးသည်။
ဝူယင်က ရင်ဘတ်ထဲမှ ခေါက်ထားသော အေဖိုး စာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး "စာက ဒီမှာပါ" ဟု ပြောလိုက်သည်။
လီယွဲ့ကျင်းက လှမ်းယူရန် ပြင်လိုက်သော်လည်း ဝူယင်က လက်ကို ပြန်ရုတ်လိုက်သည်။
လီယွဲ့ကျင်း ကြောင်သွားပြီးနောက် ကျွမ်းရှုယွမ် ကို ညွှန်ပြကာ ပြုံး၍ ပြောသည်။ "ညီလေး... ဒီတစ်ယောက်က အစ်ကိုကြီးဝူရဲ့ ဇနီးသည် အမကျွမ်းရှုယွမ် ပါ... သူမ ဒီမှာရှိနေတာက အစ်ကိုကြီးဝူ ရှိနေသလိုပါပဲ... စာကို သူမဆီ ပေးလိုက်ရင် ရပါပြီ"
ဝူယင်လည်း ဒီနေရာ၏ အဓိက စီမံခန့်ခွဲသူမှာ ကျွမ်းရှုယွမ် ဖြစ်သည်ဟု ကြားဖူးထားသည်။
သူ ခဏမျှ တုံ့ဆိုင်းနေပြီးမှ စာကို တစ်ဖက်လူထံ ကမ်းပေးလိုက်သည်။
လီယွဲ့ကျင်းက စာကို လှမ်းယူပြီး ကျွမ်းရှုယွမ် လက်ထဲသို့ ထည့်ပေးလိုက်သည်။
ကျွမ်းရှုယွမ်က အေဖိုး စာရွက်ကို ကိုင်လိုက်သည်နှင့် သူမ၏ မျက်နှာတွင် အံ့သြရိပ်များ ယှက်သန်းသွားသည်။
ဤ ထိုက်ယန်တောင်ပေါ်တွင် စက္ကူဟူသည် အလွန် ရှားပါးသော ပစ္စည်းဖြစ်နေပြီ ဖြစ်သည်။ သူတို့ ခိုလှုံရေးစခန်းတွင်ပင် စက္ကူဟူ၍ မရှိသလောက် ရှားပါးသည်။
လင်းအမည်ရှိသော လူစုက ဤမျှ တန်ဖိုးရှိသော စက္ကူကို သုံး၍ စာရေးသားပေးပို့သည်ကို ကြည့်ခြင်းအားဖြင့် မိမိတို့ဘက်ကို အလေးထားကြောင်း ပြသနေသည်ဟု ယူဆရသည်။
ကျွမ်းရှုယွမ်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး စိတ်ကြည်နူးသွားသည်။ ဤစာထဲတွင် ပါဝင်မည့် အကြောင်းအရာမှာ မဟာမိတ်ဖွဲ့ရန် သဘောတူသည့် အကြောင်းအရာများ ဖြစ်လောက်မည်ဟု သူမ ခန့်မှန်းလိုက်သည်။
လင်းယွမ်၏ ပစ္စည်းသိုလှောင်ခန်းထဲတွင် အေဖိုး စာရွက်များ မရေမတွက်နိုင်အောင် ရှိနေသည်ကို သူမ မည်သို့ ထင်မြင်နိုင်ပါမည်နည်း။
ဟန်လုံစင်တာတွင် ရှိစဉ်က ရုံးခန်းပေါင်းများစွာမှ စာရွက်စာတမ်းများသည် မကုန်နိုင်မခမ်းနိုင်အောင် ရှိခဲ့ပြီး ပရင်တာစက်များကိုပင် လင်းယွမ်က အလုံးပေါင်းများစွာ သယ်ဆောင်လာခဲ့သေးသည်။
ကျွမ်းရှုယွမ်က စာရွက်ကို ဖြန့်လိုက်ရင်း "မောင်လေး နာမည်က ဘယ်လိုခေါ်လဲ" ဟု မေးလိုက်သည်။
"ဝူယင် ပါ"
"ဪ... မောင်လေးဝူပဲ... နင်တို့ အစ်ကိုလင်းရဲ့ ရွေးချယ်မှုက အရမ်း ဉာဏ်ရှိတာပဲ... ဟင်"
ကျွမ်းရှုယွမ်၏ စကားသံ တစ်ဝက်တွင် ရပ်တန့်သွားပြီး မျက်နှာပေါ်မှ အပြုံးများလည်း အေးခဲသွားလေသည်။
ထို့နောက် သူမ၏ မျက်နှာထားသည် တဖြည်းဖြည်း မည်းမှောင်လာပြီး စာကို ဖတ်ပြီးသောအခါ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
သူမက ဝူယင်ကို စိုက်ကြည့်ရင်း "ဝူယင် ဟုတ်လား... ဒါ နင်တို့ အစ်ကိုလင်း ကိုယ်တိုင် ရေးပေးလိုက်တာ သေချာရဲ့လား" ဟု မေးလိုက်သည်။
ဝူယင်က ခေါင်းငြိမ့်ပြရင်း "အစ်ကိုလင်း ကိုယ်တိုင် ကျွန်တော့်လက်ထဲ ထည့်ပေးလိုက်တာပါ... ဒါပေမဲ့ သူကိုယ်တိုင် ရေး၊ မရေး ဆိုတာတော့ ကျွန်တော် မသိပါဘူး"
လီယွဲ့ကျင်းက အခြေအနေ မကောင်းမှန်း ရိပ်မိလိုက်သဖြင့် "အမကျွမ်း... ဘာဖြစ်လို့လဲ" ဟု ချက်ချင်း မေးလိုက်သည်။
ကျွမ်းရှုယွမ်က စာရွက်ကို သူ့ထံ ပစ်ပေးလိုက်ပြီး "နင့် ဘာသာ ဖတ်ကြည့်လိုက်" ဟု အေးစက်စွာ ပြောသည်။
လီယွဲ့ကျင်းက စာရွက်ကို ယူကာ တစ်ကြောင်းချင်း အမြန်ဖတ်လိုက်ရာ မျက်နှာတွင် အံ့သြထိတ်လန့်ရိပ်များ ပေါ်လာတော့သည်။
သူက ဝူယင်ဘက်သို့ လှည့်ကာ "လင်းယွမ်က မဟာမိတ်ဖွဲ့ဖို့ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တာလား... သူ... သူ တခြား ဘာပြောသေးလဲ" ဟု မေးသည်။
"နေပါဦး... ယွမ်ရွေ့ မင်းတို့ဆီ သွားတုန်းက မဟာမိတ် ကိစ္စကို ရှင်းရှင်းလင်းလင်း မပြောခဲ့ဘူးလား"
ဝူယင်က ခေါင်းငြိမ့်သည်။ "သူ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်"
လီယွဲ့ကျင်းက ဆက်မေးသည်။ "မင်းတို့ ကျောက်တွင်းကို သိမ်းပိုက်ထားရင် ဖုန်းဟွမ်ဘုရားကျောင်းနဲ့ မိန်တုဥယျာဉ်တို့ရဲ့ ပူးပေါင်းတိုက်ခိုက်တာ ခံရမယ်ဆိုတာကို သူ မပြောပြဘူးလား"
ဝူယင်က ခေါင်းငြိမ့်သည်။ "သူ ပြောပါတယ်"
လီယွဲ့ကျင်း ကြောင်အသွားပြီး "ဒါဆို လင်းယွမ်က ဘာမှ မပြောဘူးလား" ဟု မေးပြန်သည်။
ဝူယင်က ပြန်စဉ်းစားလိုက်ပြီး "လင်းယွမ်က တော်တော်လေး ဒေါသထွက်နေတယ်... ကျွန်တော်တို့က ခင်ဗျားတို့ကို ညီအစ်ကိုလို သဘောထားပေမဲ့ ခင်ဗျားတို့က ကျွန်တော်တို့ဆီက အသားကို လာလှီးချင်နေကြတယ်လို့ ပြောတယ်"
"ခင်ဗျားတို့ရဲ့ ပူးပေါင်းမယ့် ကမ်းလှမ်းချက်ကို သူ ငြင်းလိုက်ပါတယ်"
ထိုအခါ လီယွဲ့ကျင်း၏ မျက်နှာထားလည်း တဖြည်းဖြည်း မည်းမှောင်လာတော့သည်။
သူက အေးစက်စွာ ပြောလိုက်သည်။ "လင်းယွမ်က တကယ်ပဲ သတ္တိကောင်းလွန်းနေတာပဲ... သူက ဖုန်းဟွမ်ဘုရားကျောင်းနဲ့ မိန်တုဥယျာဉ်ကို မျက်လုံးထဲ မထည့်တာလား"
ဝူယင်က ခေါင်းငြိမ့်သည်။ "လင်းယွမ်က သူတို့ကို တကယ်ပဲ မျက်လုံးထဲ မထည့်ပါဘူး"
လီယွဲ့ကျင်း မျက်လုံးများ မှေးစင်းသွားချိန်တွင် ကျွမ်းရှုယွမ်က ရုတ်တရက် အေးစက်စွာ ဝင်ပြောလိုက်သည်။
"လင်းယွမ်အမည်ရှိတဲ့ကောင်က ဖုန်းဟွမ်ဘုရားကျောင်းနဲ့ မိန်တုဥယျာဉ်ကို မျက်လုံးထဲ မထည့်ရုံတင် မကဘူး... ကြည့်ရတာ ငါတို့ သိုင်းဘုရင်ဂေဟာကိုပါ မျက်လုံးထဲ မထည့်တာ ဖြစ်မယ်"
ဝူယင်က ခေါင်းခါလိုက်သည်။ "လင်းယွမ်က အစကတော့ ကိုဝူမုန့်နဲ့ ညီအစ်ကိုလို ရင်းနှီးဖို့ ရည်ရွယ်ခဲ့တာပါ... ဒါပေမဲ့ အခု အခြေအနေအရဆိုရင်တော့ သိပ်အဆင်မပြေတော့ပုံပဲ"
ကျွမ်းရှုယွမ်က ရုတ်တရက် ဟားတိုက် ရယ်မောလိုက်သည်။ ရယ်မောနေရင်းမှ ရုတ်ခြည်း ခေါင်းငုံ့ကာ ဝူယင်ကို စိုက်ကြည့်လိုက်သည်။
"ညီအစ်ကိုလို ရင်းနှီးမယ် ဟုတ်လား... သူကများ... ဟမ့်"
"ငါတို့ အစ်ကိုကြီးက သဘောထားကြီးပြီး နင်တို့ ဒုက္ခရောက်နေတာ မြင်လို့ မီးဝါးတောကို ပေးလိုက်တာ"
"နင်တို့ ကျောက်တွင်းကို သိမ်းပိုက်ထားတော့ ငါတို့က စေတနာနဲ့ ကူညီပြီး ရန်သူတွေကို ကာကွယ်ပေးမယ်... သတ္တုတူးဖော်ခွင့် ၇၀ ရာခိုင်နှုန်းပဲ ယူမယ်လို့ ပြောတာကို နင်တို့က သဘောမတူဘူး ဟုတ်လား"
"ဘာလဲ... ငါတို့က နင်တို့ဆီက အမြတ်ထုတ်နေတယ်လို့ ထင်နေတာလား"
"ဟဲ့ဒီမှာ... ငါတို့သာ ဝင်မကူရင် နင်တို့တွေ ဖုန်းဟွမ်ဘုရားကျောင်းနဲ့ မိန်တုဥယျာဉ် လက်ချက်နဲ့ အရိုးပါမကျန် ဝါးစားခံလိုက်ရမယ် ဆိုတာ သိရဲ့လား"
"ငါတို့ သိုင်းဘုရင်ဂေဟာက နင်တို့ကို ကယ်တင်နေတာဟဲ့"
"စေတနာကို စေတနာမှန်း မသိတဲ့လူတွေ"
ကျွမ်းရှုယွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမက မူလကပင် ကျက်သရေရှိပြီး အရှိန်အဝါ ကြီးမားသူဖြစ်ရာ ယခုကဲ့သို့ ဒေါသထွက်နေချိန်တွင် ပို၍ပင် ကြီးမားသော ဖိအားကို ပေးစွမ်းနိုင်လေသည်။
ဝူယင် ခမျာ ရင်တုန်သွားပြီး သူမကို မကြည့်ရဲတော့ဘဲ ခေါင်းငုံ့ထားလိုက်ရသည်။
သို့သော် စိတ်ထဲတွင်မူ ဒေါသထွက်နေပြီး "ခုနစ်ဆ သုံးဆ ခွဲဝေယူမယ်တဲ့... ခင်ဗျားတို့ ဘာလို့ ဓားပြမတိုက်ကြတာလဲ" ဟု ပြောချင်စိတ် ပေါက်သွားသည်။
"နင် ဘာပြောလိုက်တယ်" ကျွမ်းရှုယွမ်က ဒေါသတကြီး မေးလိုက်သည်။
ဝူယင်လည်း စိတ်မထိန်းနိုင်တော့ဘဲ ခေါင်းမော့ကာ ဒေါသဖြင့် ပြန်ပြောလိုက်သည်။
"ခင်ဗျားတို့က လောဘကြီးလွန်းတယ်လို့ ပြောတာ... ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အစ်ကိုလင်းက ထျန်ဝေကို သတ်ပြီး ကျောက်တွင်းကို သိမ်းပိုက်ခဲ့တာ... ခင်ဗျားတို့က ဘာမှ ဝင်မလုပ်ပေးဘဲနဲ့ ကျောက်တွင်း သယံဇာတရဲ့ ၇၀ ရာခိုင်နှုန်းကို ခွဲယူချင်နေတယ်"
ကျွမ်းရှုယွမ်မှာ ဒေါသထွက်လွန်းသဖြင့် ရယ်ချင်စိတ်ပင် ပေါက်သွားသည်။
သူမက စားပွဲကို ရိုက်ကာ "ငတုံးကောင်... ငါတို့ သိုင်းဘုရင်ဂေဟာသာ မရှိရင် နင်တို့ ၁၀ ရာခိုင်နှုန်းတောင် ရမှာ မဟုတ်ဘူး"
"အခုချက်ချင်း ထွက်သွားစမ်း"
သူမက လက်ကာပြလိုက်ရာ ကြီးမားသော စွမ်းအင်ဖိအားကြောင့် ဝူယင်မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။
သူ ဘာမှ ပြန်မပြောတော့ဘဲ လှည့်ထွက်လာခဲ့သည်။
စကားမစပ်မိမှတော့ ဆက်ပြောနေလည်း အပိုပါပဲ။ သူက စာလာပို့ရုံ သက်သက်မို့ ဒီလူတွေနဲ့ ငြင်းခုန်နေစရာ မလို။
အရာအားလုံးကို အစ်ကိုလင်းကပဲ ဆုံးဖြတ်ပါလိမ့်မည်။
ဝူယင် ဂေဟာအပြင်သို့ ထွက်လာခဲ့သော်လည်း မည်သူမျှ လိုက်လံ ပို့ဆောင်ခြင်း မရှိပေ။
သို့သော် သူ ရှေ့သို့ လျှောက်လာစဉ် ယွမ်ရွေ့က လူတစ်ယောက်ကို ခေါ်ဆောင်ပြီး တောင်ပေါ်သို့ ပြန်တက်လာသည်နှင့် ဆုံလေသည်။
ဒီလူကို သူ သိသည်...
"ဟန်ပန်း"
ဝူယင်၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။ ဟန်ပန်း ဆိုသည်မှာ ဖုန်းဟွမ်ဘုရားကျောင်းမှ စစ်ဘက်ဆိုင်ရာ မှတ်တမ်းစာအုပ် လာပို့စဉ်က ပါလာသော အလျင်အစွမ်းပိုင်ရှင် သုံးယောက်ထဲမှ တစ်ယောက် ဖြစ်သည်။
ကျန်နှစ်ယောက်မှာ ကျိဖုန်း နှင့် ဝမ်ရှောင် တို့ ဖြစ်ပြီး ကျိဖုန်းဆိုသူက ပေါက်ကွဲမြှားကို ထုတ်ပြပြီး လင်းနှင့် အရောင်းအဝယ် လုပ်ခဲ့ဖူးသည်။
"သူက ဒီမှာ ဘာလုပ်နေတာလဲ"
ဝူယင်၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ဝင်ရောက်လာသည်။
ဟန်ပန်းက သေချာပေါက် ဖုန်းဟွမ်ဘုရားကျောင်းက သတင်းလာပို့ခြင်း ဖြစ်မည်။ သူ သိုင်းဘုရင်ဂေဟာမှာ ပေါ်လာခြင်း၏ ရည်ရွယ်ချက်က ရှင်းနေသည်။
"ဖုန်းဟွမ်ဘုရားကျောင်းက သိုင်းဘုရင်ဂေဟာနဲ့ ဆက်သွယ်ချင်နေတာပဲ"
"ဒုက္ခပဲ... အစ်ကိုလင်းက သိုင်းဘုရင်ဂေဟာရဲ့ ပူးပေါင်းမယ့် ကိစ္စကို ငြင်းလိုက်တော့... သိုင်းဘုရင်ဂေဟာက ဖုန်းဟွမ်ဘုရားကျောင်းနဲ့ ပူးပေါင်းဖို့ အကြောင်းပြချက် ကောင်းကောင်း ရသွားပြီ"
ဝူယင်၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်သွားပြီး နောက်ထပ် အချက်တစ်ချက်ကိုပါ တွေးမိလိုက်သည်။ ဖုန်းဟွမ်ဘုရားကျောင်းက သိုင်းဘုရင်ဂေဟာကို လာဆက်သွယ်မှတော့ မိန်တုဥယျာဉ်ကိုလည်း သွားမဆက်သွယ်ဘဲ နေမည် မဟုတ်။
ဒီတစ်ခါတော့ သူ တကယ် စိုးရိမ်သွားပြီ။ ခိုလှုံရေးစခန်းကြီး သုံးခုလုံး ပူးပေါင်းပြီး လင်းကို တိုက်ခိုက်ကြတော့မည်။
"မဖြစ်ဘူး... ငါ ချက်ချင်း ပြန်ပြီး အစ်ကိုလင်းကို သတင်းပို့ရမယ်... ပြီးရင် အစ်ကိုလင်းကို ခဏလောက် သည်းခံပြီး သိုင်းဘုရင်ဂေဟာနဲ့ အရင် ပူးပေါင်းဖို့ တောင်းဆိုရမယ်"
သူ စိတ်ပူပင်လာသဖြင့် ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။
ယွမ်ရွေ့က သူ့ကို မြင်သောအခါ လှောင်ပြောင်သလို ရယ်မောလိုက်ပြီး "ညီလေး ဝူယင်... ဘာလို့ ဒီလောက် အလျင်လိုနေရတာလဲ... လာပါဦး... ငါ မင်းကို မိတ်ဆက်ပေးမယ်... ဒီလူက ဖုန်းဟွမ်ဘုရားကျောင်းက... နေပါဦး... မင်းနာမည် ဘယ်လိုခေါ်လဲ"
ဟန်ပန်းက မျက်နှာသေဖြင့် "ဟန်ပန်း" ဟု ဖြေသည်။
"ဪ... ဟန်ပန်း... ညီလေးဟန်... ဒါက မီးဝါးတောက ညီလေး ဝူယင် တဲ့"
"ဟဲဟဲ... ညီလေးဝူယင်... မင်းက ပြန်တော့မလို့လား"
ဝူယင်က ဟန်ပန်းကို လေးနက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ယွမ်ရွေ့ကို ကြည့်ကာ "ကျွန်တော့်မှာ အရေးကြီးကိစ္စ ရှိသေးလို့ အရင်သွားနှင့်တော့မယ်" ဟု ပြောလိုက်သည်။
သူက နှုတ်ဆက်မနေတော့ဘဲ တောင်အောက်သို့ တန်းတန်းမတ်မတ် ပြေးဆင်းသွားသည်။ အရိပ်ကျနေသော နေရာတစ်ခုသို့ ရောက်သည်နှင့် သူ့ခန္ဓာကိုယ်က ရုတ်တရက် ဝေဝါးသွားပြီး မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။
ယွမ်ရွေ့က ထိုမြင်ကွင်းကို မြင်သောအခါ မျက်လုံးများ မှေးစင်းသွားပြီး "ဟေ... ဒါ ဘာအစွမ်းလဲဟ" ဟု ရေရွတ်လိုက်သည်။
ဟန်ပန်းလည်း ထိုမြင်ကွင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။ မီးဝါးတောက လူများနှင့် တိုက်ခိုက်ရလျှင် ဒီလူ၏ တိတ်တဆိတ် ချောင်းမြောင်း တိုက်ခိုက်မှုကို သတိထားရမည်ဟု တွေးလိုက်မိသည်။
ယွမ်ရွေ့လည်း ထိုကဲ့သို့ပင် တွေးလိုက်မိပြီး ဟန်ပန်းဘက်သို့ လှည့်ကာ "ညီလေးဟန်... သွားရအောင်" ဟု ခေါ်လိုက်သည်။
ဟန်ပန်းက ပြုံးလိုက်ပြီး ယွမ်ရွေ့ကို စကားအများကြီး မပြောတော့ပေ။ ဒီလူက ပါးစပ်သရမ်းမှန်း သူ သိထားပြီးဖြစ်ရာ စကားနည်းနည်း ပြောလိုက်သည်နှင့် ဒေါသထွက်စရာတွေ ဖြစ်လာတတ်သည်။
ထို့ကြောင့် သူ့ကို ဂရုမစိုက်ဘဲ နေလိုက်ခြင်းက အကောင်းဆုံးပင်။
နှစ်ယောက်သား သိုင်းဘုရင်ဂေဟာထဲသို့ ဝင်ရောက်လာကြသည်။ ဟန်ပန်းသည် ကျက်သရေရှိပြီး လှပလွန်းသော ကျွမ်းရှုယွမ်ကို မြင်လိုက်ရသောအခါ သူမ၏ အလှအပကြောင့် ခေတ္တမျှ ငေးမောမိသွားသည်။
ထို့နောက် ချက်ချင်း ခေါင်းငုံ့ကာ ရင်ဘတ်ထဲမှ ခေါက်ထားသော သတင်းစာစက္ကူဟောင်း တစ်ရွက်ကို ထုတ်ယူလိုက်ပြီး "ကျွန်တော်တို့ ခေါင်းဆောင် ထူလုံက အမကျွမ်း ဖတ်ရှုဖို့ စာတစ်စောင် ပေးလိုက်ပါတယ်" ဟု ပြောသည်။
ကျွမ်းရှုယွမ်က လီယွဲ့ကျင်းကို ယူခိုင်းလိုက်သည်။
လီယွဲ့ကျင်းက သတင်းစာစက္ကူကို ယူပြီး ကျွမ်းရှုယွမ်ထံ ကမ်းပေးလိုက်သည်။
ကျွမ်းရှုယွမ်က လှမ်းယူမည် ပြုသော်လည်း သတင်းစာစက္ကူပေါ်တွင် သွေးကွက်များ ပေကျံနေသည်ကို မြင်လိုက်ရသဖြင့် ရွံရှာသွားသည်။
"ထူလုံက ငါ့ကို အထင်သေးတာလား... ဒီလို ညစ်ပတ်နေတဲ့ စက္ကူကို သုံးပြီး စာရေးလာရတယ်လို့" ဟု သူမက အေးစက်စွာ မေးလိုက်သည်။
ဟန်ပန်း ကြောင်အသွားပြီး "အမကျွမ်း... ဒါက ကျွန်တော်တို့ ခိုလှုံရေးစခန်းမှာ အကောင်းဆုံး စက္ကူပါပဲ... အခုချိန်မှာ စက္ကူဆိုတာ ရှာရခက်လွန်းလို့ပါ" ဟု မနေနိုင်ဘဲ ပြောလိုက်သည်။
ထိုအခါမှ ကျွမ်းရှုယွမ် သတိဝင်လာသည်။ ဒီနေရာက ထိုက်ယန်တောင် ဖြစ်ပြီး မြို့ပြကြီး မဟုတ်တော့ပေ။
ယခင်က နေရာတိုင်းတွင် တွေ့နိုင်သော အေဖိုး စာရွက်များသည် ယခုအခါ သန္ဓေပြောင်းသတ္တဝါများထက်ပင် ရှားပါးနေပြီ ဖြစ်သည်။
သူမ မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီလောက် ရှားပါးတဲ့ စက္ကူကို လင်းအမည်ရှိတဲ့ လူက ရက်ရက်ရောရော သုံးနိုင်နေတယ်။
ကြည့်ရတာ... လင်းအမည်ရှိတဲ့ လူလက်ထဲမှာ ပစ္စည်းဥစ္စာတွေ အများကြီး ရှိနေတာလား...
ပြီးခဲ့တဲ့တစ်ခေါက် ဝူမုန့် ပြန်ရောက်လာတုန်းက လင်းတို့လူစုရဲ့ စခန်းက ခမ်းနားထည်ဝါပုံကို ပြောပြဖူးတာ သူမ သတိရသွားသည်။
ပြီးတော့ လင်းအမည်ရှိတဲ့ လူက ဟင်းလင်းပြင်အစွမ်း ပိုင်ရှင်လို့လည်း ပြောကြတယ်။
သူကများ ဟင်းလင်းပြင် တစ်ခု ဖန်တီးပြီး ပစ္စည်းတွေ အများကြီး သိမ်းထားနိုင်တာများလား...
ထိုသို့ တွေးမိသည်နှင့် ကျွမ်းရှုယွမ်၏ နှလုံးခုန်သံများ မြန်ဆန်လာသည်။
အကယ်၍သာ ဒီ လင်းအမည်ရှိတဲ့ လူကို ဖမ်းမိလိုက်ရင် ရွေ့လျားဂိုထောင် တစ်ခုကို ပိုင်ဆိုင်လိုက်ရသလို ဖြစ်မသွားပေဘူးလား...
ခဏအတွင်းမှာပင် သူမ၏ မျက်လုံးများ အရောင်တောက်လာပြီး လီယွဲ့ကျင်းကို ကြည့်ကာ "ဆရာလီ... အားလုံး ကြားအောင် ဖတ်ပြလိုက်ပါ" ဟု ပြောလိုက်သည်။
လီယွဲ့ကျင်းက ခေါင်းငြိမ့်ပြီး သတင်းစာစက္ကူကို ဖြန့်လိုက်သည်။ သတင်းစာပေါ်တွင် သတ္တဝါတစ်ကောင်ကောင်၏ သွေးကို မင်ရည်အဖြစ် သုံးပြီး ရေးထားသော စာတစ်စောင်ကို တွေ့ရသည်။
စာထဲမှ အကြောင်းအရာသည် လီယွဲ့ဖုန်းထံ ပေးပို့သော စာနှင့် မကွာခြားလှပေ။ အဓိကအားဖြင့် ယခုတစ်ကြိမ် ဒီရေတက်ချိန်တွင် အနီရောင်အသားနှင့် အဖြူရောင်အသားများ ပျောက်ဆုံးနေသည့် ကိစ္စနှင့် ကျောက်တွင်း ပိုင်ဆိုင်မှု ကိစ္စများ ပါဝင်သည်။
ထူလုံက ဝူမုန့်ကို နေ့လယ်တွင် ကိုးဝူမျှော်စင်၌ တွေ့ဆုံရန် ချိန်းဆိုထားသည်။
လီယွဲ့ကျင်း ဖတ်ပြီးသောအခါ အံ့သြသွားပြီး "ဒီတစ်ခေါက် ဒီရေတက်ချိန်မှာ အနီရောင်နဲ့ အဖြူရောင် အသားတွေ ၉၀ ရာခိုင်နှုန်းလောက် လျော့နည်းသွားတာ မင်းတို့ ဖုန်းဟွမ်ဘုရားကျောင်းနဲ့ မဆိုင်ဘူးလား" ဟု မေးလိုက်သည်။
ဟန်ပန်းက ခေါင်းခါရင်း "ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး... ကျွန်တော်တို့ ခေါင်းဆောင်လည်း ဒီကိစ္စကို စုံစမ်းနေတယ်... ကျွန်တော်တို့ ထင်တာကတော့ မီးဝါးတောက လူစု လက်ချက်ပဲ ဖြစ်ပါလိမ့်မယ်... သူတို့ကပဲ စည်းမျဉ်းစည်းကမ်း နားမလည်ဘဲ ဒီလိုလုပ်မှာ... အရင်နှစ်တွေက ကျွန်တော်တို့ လေးဖွဲ့စလုံး ကိုယ့် ရေကြောင်းနယ်နိမိတ်နဲ့ ကိုယ် နေခဲ့ကြတာ... တခြားအဖွဲ့ရဲ့ နယ်နိမိတ်ထဲက အသားတွေကို ဘယ်တော့မှ သွားမထိပါဘူး"
သူ့စကားများက အလွန် လေးနက်တည်ကြည်နေသည်။
ကျွမ်းရှုယွမ်၏ မျက်လုံးများထဲတွင် စူးရှသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး မျက်ခုံးပင့်လိုက်သည်။ တစ်ဖက်လူ လိမ်ညာမနေကြောင်း သူမ အတည်ပြုလိုက်သည်။
သူမ၏ မျက်နှာထား အနည်းငယ် တင်းမာသွားပြီး "လင်းအမည်ရှိတဲ့လူက တကယ်ပဲ အခြေအနေကို နားမလည်တဲ့သူပါလား"
"ထျန်ဝေကို သတ်နိုင်လိုက်ရုံနဲ့ သူကပဲ ထိုက်ယန်တောင်ရဲ့ ခေါင်းဆောင်ကြီး ဖြစ်သွားပြီ... ဘယ်သူမှ သူ့ကို မနိုင်တော့ဘူးလို့ ထင်နေတာလား"
ဟန်ပန်းက ခေါင်းငုံ့ထားပြီး ဘာမှ ဝင်မပြောပေ။
ကျွမ်းရှုယွမ်က လေးနက်စွာ ပြောလိုက်သည်။ "ထူလုံကို ပြန်ပြောလိုက်... နေ့လယ်ကျရင် အစ်ကိုကြီးဝူ ကိုယ်တိုင် ကိုးဝူမျှော်စင်ကို လာလိမ့်မယ်လို့"
"ဟုတ်ကဲ့ပါ... အမကျွမ်း"
ကျွမ်းရှုယွမ်က လက်ကာပြပြီး သူ့ကို ထွက်သွားခိုင်းလိုက်သည်။
ယွမ်ရွေ့က ဟန်ပန်း၏ ပခုံးကို ပုတ်ကာ "သွားကြစို့... ညီလေးဟန်... ဘာစောင့်နေတာလဲ... မနက်စာ ဝင်စားချင်သေးလို့လား" ဟု မေးသည်။
ဟန်ပန်း ရှက်သွားပြီး ခေါင်းခါကာ "ကျွန်တော် စားပြီးပါပြီ... စားပြီးပါပြီ" ဟု အမြန်ပြောလိုက်သည်။
"ဒါဆို မသွားသေးဘူးလား"
ဟန်ပန်းလည်း အမြန်နှုတ်ဆက်ကာ ဖုန်းဟွမ်ဘုရားကျောင်းသို့ သတင်းပို့ရန် တောင်အောက်သို့ အမြန်ဆင်းသွားလေသည်။
သိုင်းဘုရင်ဂေဟာထဲတွင် ကျွမ်းရှုယွမ်၏ စိတ်အခြေအနေမှာ အလွန် ဆိုးရွားနေသည်။ သူမက အေးစက်စွာ ပြောလိုက်သည်။
"လင်းအမည်ရှိတဲ့လူက တကယ်ပဲ ဘာမှ နားမလည်ဘူး... ငါတို့နဲ့ မပူးပေါင်းချင်တာ ထားလိုက်တော့... စည်းကမ်းဖောက်ပြီး ဒီရေတက်ပြီးနောက် ကျန်ခဲ့တဲ့ အသားတွေကို ကြိုပြီး ကောက်ယူသွားရဲတယ်... တကယ့်ကို သေလမ်းရှာနေတာပဲ"
လီယွဲ့ကျင်းက မနေနိုင်ဘဲ "အသားကိစ္စကို နောက်ထပ် သေချာအောင် ထပ်စစ်ဆေးဖို့ မလိုဘူးလား" ဟု မေးလိုက်သည်။
ကျွမ်းရှုယွမ်က မျက်မှောင်ကြုတ်လျက် "ဟန်ပန်း ဆိုတဲ့ကောင်ကို ငါ ကြည့်ပြီးပြီ... သူပြောတာ လိမ်နေတာ မဟုတ်ဘူး"
သူမ၏ အစွမ်းမှာ မုသားစကားများကို ခွဲခြားသိမြင်နိုင်စွမ်း ဖြစ်သည်။
မည်သူမဆို သူမရှေ့တွင် လိမ်ညာပါက သူမ ချက်ချင်း သိနိုင်သည်။
သိုင်းဘုရင်ဂေဟာ အဘယ်ကြောင့် ဤမျှ စည်းလုံးညီညွတ်နေသနည်း ဆိုလျှင် ဝူမုန့်၏ အမျိုးသမီး ဖြစ်သော သူမ၏ ဤ လူစိတ်ကို ထိုးဖောက်မြင်နိုင်သည့် အစွမ်းက အများကြီး အထောက်အကူ ပြုခဲ့သောကြောင့် ဖြစ်သည်။
ဤနေရာတွင် သစ္စာမရှိသူ မည်သူ့ကိုမဆို သူမ၏ မျက်လုံးအောက်မှ လွတ်အောင် မရှောင်နိုင်ကြပေ။
ထို့ကြောင့်လည်း သူမ ဟန်ပန်း၏ စကားကို ယုံကြည်လိုက်ခြင်း ဖြစ်သည်။
ဆက်ရန်...