← Chapters

အခန်း (၂၄၅-၂၄၆)

Vol. 13 Ch. 245-246

အခန်း (၂၄၅-၂၄၆)

Vol. 13 Ch. 245-246

အပိုင်း(၂၄၅) အပြင်းအထန် လှုပ်ရှားလာကြခြင်း

လီယွဲ့ကျင်းက မျက်မှောင်ကြုတ်လိုက်ရင်း "မဖြစ်နိုင်တာ... ဒီလင်းယွမ်က တောင်ပေါ်ရောက်တာ မကြာသေးဘူးလေ... ဒီရေလှိုင်းနဲ့ကြုံတာလည်း ဒါပထမဆုံးအကြိမ်ပဲကို"

"ပြီးခဲ့တဲ့တစ်ခေါက် သူ့ဆီမှာ ထမင်းသွားစားတုန်းက သူက ဒီရေလှိုင်းဆိုတာ ဘာမှန်းတောင် သိတာမဟုတ်ဘူး... အဲဒီလိုလူမျိုးက အသားနီနဲ့ အသားဖြူတွေကို ကြိုတင်ကောက်ယူသွားဖို့ ဘယ်လိုလုပ် စဉ်းစားမိမှာလဲ"

ကျွမ်းရှုယွမ်က ခပ်ဟဟ ရယ်မောလိုက်ပြီး "လူကို အပြင်ပန်းကြည့်ပြီး အကဲဖြတ်လို့ မရသလို ပင်လယ်ရေကိုလည်း ချိန်တွယ်လို့ မရဘူးလေ... ဒီလင်းယွမ်ဆိုတဲ့လူက အစ်ကိုမုန့်နဲ့တောင် ရင်ပေါင်တန်း တိုက်ခိုက်နိုင်ခဲ့ပြီး အစ်ကိုမုန့်ရဲ့ တတိယအဆင့် သွေးသားပုံစံကိုပါ ထုတ်သုံးလာအောင် ဖိအားပေးနိုင်ခဲ့တာကို ကြည့်ရင် သူက သာမန်လူမဟုတ်ဘူးဆိုတာ သေချာနေပြီ"

"ဒီလိုလူမျိုးက ဒီရေကျသွားတဲ့အချိန်မှာ အလွယ်တကူ အကျိုးအမြတ်ရနိုင်တယ်ဆိုတာကို တွေးမိဖို့ဆိုတာ သိပ်ခက်ခဲတဲ့ကိစ္စတော့ မဟုတ်ပါဘူး"

လီယွဲ့ကျင်းက ခေါင်းတိတ်တိတ်ညိတ်လိုက်ပြီးနောက် အနည်းငယ် တုံ့ဆိုင်းသွားကာ "ဒါဆို အစ်ကိုမုန့်ဘက်ကရော"

သူက ဝူမုန့်၏ စိတ်နေသဘောထားကို ကောင်းကောင်းသိသည်။ ဝူမုန့်က ထူလုံနှင့် ပူးပေါင်းရန် လုံးဝ သဘောတူမည် မဟုတ်ပေ။

လင်းယွမ်က ပူးပေါင်းရန် ငြင်းဆန်ခဲ့လျှင်တောင်မှ ဝူမုန့်က မည်သူ့ဘက်မှ မပါဘဲ လင်းယွမ် ထပ်မံအကူအညီတောင်းလာမည့် အချိန်ကိုသာ စောင့်နေမည်မှာ သေချာသလောက်ရှိသည်။ သို့သော် ထိုသို့လုပ်မည်ဆိုလျှင် အခွင့်အရေးကောင်းကို လက်လွှတ်လိုက်ရပေမည်။

ကျွမ်းရှုယွမ်က "အစ်ကိုမုန့်ဘက်ကိုတော့ ငါပြောလိုက်မယ်... နင်တို့သာ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားကြ"

လီယွဲ့ကျင်းက ခေါင်းညိတ်လိုက်ပြီး "သိပြီ... ဒါဆို ကျန်တဲ့သူတွေကို သွားပြောလိုက်ဦးမယ်"

ကျွမ်းရှုယွမ်က ခေါင်းအသာညိတ်ပြလိုက်သည်။ လူအားလုံး ထွက်သွားကြပြီဆိုမှ သူမက မတ်တတ်ရပ်လိုက်ပြီး ဂေဟာအနောက်ဘက်ရှိ ဂူထဲသို့ ဝင်သွားသည်။

ဂူကတော့ ယခင်ဂူအတိုင်းပင် ဖြစ်သော်လည်း သူမ၏ အခန်းလေးကတော့ သပ်သပ်ရပ်ရပ် ပြင်ဆင်ထားခြင်း ခံရသည်။

ကြမ်းပြင်တွင် သစ်သားပြားများ ခင်းထားရုံသာမက သစ်သားကုတင်ပေါ်တွင်လည်း မွေ့ယာအထူကြီးတစ်ခု ရှိနေသည်။

ယင်းမှာ ဝူမုန့်က လင်းယွမ်ထံမှ ယူလာပေးခဲ့ခြင်း ဖြစ်သည်။ ဤမွေ့ယာကြောင့်ပင် ကျွမ်းရှုယွမ်တစ်ယောက် ရက်အတော်ကြာသည်အထိ ပျော်ရွှင်နေခဲ့ရသည်။

သူမက ဝူမုန့်၏ လေ့ကျင့်ရေးခန်းဆီသို့ လျှောက်သွားလိုက်ရာ အခန်းတွင်းမှ မပြတ်တမ်း ထွက်ပေါ်နေသော ပေါက်ကွဲသံများကို ကြားလိုက်ရသည်။

အခန်းထဲသို့ မဝင်ရသေးခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းများ ရိုက်ခတ်နေမှုကို ခံစားလိုက်ရပြီး အပူချိန်ကလည်း သိသိသာသာ မြင့်တက်နေသည်။

ကျွမ်းရှုယွမ်က ဂူဝတွင် ရပ်ကာ အတွင်းသို့ လှမ်းကြည့်လိုက်သည်။ ထိုအခါ ဝူမုန့်၏ တစ်ကိုယ်လုံးရှိ ကြွက်သားများက ဖောင်းကြွနေပြီး ခန္ဓာကိုယ်ကလည်း မူလထက် အဆပေါင်းများစွာ ကြီးထွားနေကာ အရပ် ၆ ပေကျော် မြင့်မားသည့် ဘီလူးကြီးတစ်ကောင်အလား ဖြစ်နေသည်ကို မြင်လိုက်ရသည်။

သူ၏ လက်သီးချက်များနှင့် ခြေကန်ချက်များတိုင်းက ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းပေါက်ကွဲသံများကို ဖြစ်ပေါ်စေသည်။

သူ၏ သွေးကြောများထဲတွင် သွေးများက တဝုန်းဝုန်း စီးဆင်းနေပြီး ခန္ဓာကိုယ်အတွင်းမှ သွေးရောင် သင်္ကေတတစ်ခုက တဖျပ်ဖျပ် လင်းလက်နေသည်ကိုလည်း ဝိုးတဝါး မြင်တွေ့နေရသည်။

ဝုန်း... ရုတ်တရက် ဝူမုန့်က လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ ချက်ချင်းပင် သွေးရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ထိတ်လန့်ဖွယ် စွမ်းအားက ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ ပြန့်ကျဲသွားသည်။

ရှေ့ရှိ လေထုက ချက်ချင်း ပေါက်ကွဲသွားပြီး နံရံကြီးမှာလည်း လက်သီးချက်ကြောင့် အက်ကွဲသွားသည်။ ကြီးမားသော နံရံကြီးပေါ်တွင် ကြီးငယ်မရွေး ချိုင့်ခွက်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ ထိုချိုင့်ခွက်များက ဗုံးခွဲခံထားရသည့်အလား ဆိုးရွားလှသည်။

ဝူမုန့်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး လက်သီးကို ပြန်ရုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်ကလည်း မူလပုံစံသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိသွားသည်။ သူက နောက်သို့ လှည့်မကြည့်သော်လည်း ကျွမ်းရှုယွမ် ရောက်လာသည်ကို သိရှိနေသည်။

"ထမင်းစားချိန် မရောက်သေးဘူးမလား" သူက ခေါင်းလှည့်ကာ သံသယဖြင့် မေးလိုက်သည်။

ကျွမ်းရှုယွမ်က အခန်းထဲသို့ ဝင်လာပြီး သူ၏ ချွေးများကို သုတ်ပေးရင်း ဝမ်းသာအားရဖြင့် "စောစောက ဟာက... ပေါက်ကွဲလက်သီးလား"

ဝူမုန့်က ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ်... ငါ ပေါက်ကွဲသင်္ကေတကို ငါ့ရဲ့ တိုက်ကွက်တွေထဲမှာ အပြည့်အဝ ပေါင်းစပ်ထည့်သွင်းလိုက်နိုင်ပြီ"

ကျွမ်းရှုယွမ်က အံ့သြဝမ်းသာဖြစ်သွားကာ "ဒါဆို အခုအစ်ကို့အစွမ်းက ထျန်ဝေနဲ့ယှဉ်ရင် ဘယ်လိုနေလဲ"

ဝူမုန့်က ပြုံးလိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် "တကယ်လို့ ထျန်ဝေသာ အသက်ရှင်နေသေးရင် သူ ငါ့ရဲ့ လက်သီးသုံးချက်ကိုတောင် ခံနိုင်မှာမဟုတ်ဘူး"

သူ၏ မျက်လုံးများက တောက်ပသွားပြီး "လင်းယွမ်က ထျန်ဝေကို ဘယ်လိုသတ်ခဲ့လဲ... ထျန်ဝေရဲ့ မီးစွမ်းအင်ကို ဘယ်လိုနှိမ်နှင်းခဲ့လဲဆိုတာကို ငါ အခု ရိပ်မိနေပြီ"

ကျွမ်းရှုယွမ်က အလျင်စလို မေးလိုက်သည်။ "သူက ဘယ်လိုလုပ်ခဲ့တာလဲ"

"လေကြောင့်ပဲ"

ဝူမုန့်၏ မျက်လုံးများထဲတွင် အလင်းတစ်ချက် လက်သွားသည်။

"လင်းယွမ်ရဲ့ ခွန်အားက ငါ့ထက် မနိမ့်ဘူး... သူက ခွန်အားတွေကို တစ်နေရာတည်း စုစည်းတဲ့ နည်းလမ်းကို မကျွမ်းကျင်သေးတာပဲ ရှိတယ်... ဒါပေမဲ့ သူသာ အစွမ်းကုန် ထိုးချလိုက်မယ်ဆိုရင် လေဟာနယ် အခြေအနေတစ်ခုကိုတောင် ဖန်တီးနိုင်တယ်"

"မီးလောင်ကျွမ်းဖို့ဆိုတာ အောက်ဆီဂျင် လိုအပ်တယ်လေ... လက်သီးအရှိန်က လုံလောက်အောင် မြန်ဆန်ပြီး အစွမ်းက လုံလောက်အောင် ပြင်းထန်မယ်ဆိုရင် လေဟာနယ် နေရာတစ်ခုကို ဖန်တီးနိုင်တယ်"

"အဲဒီလို နေရာမျိုးမှာ ထျန်ဝေရဲ့ မီးက လုံးဝ လောင်ကျွမ်းနိုင်မှာ မဟုတ်ဘူး... ဒါကြောင့် လင်းယွမ်အနိုင်ယူတာကို ခံလိုက်ရတာ"

ထိုနေရာအရောက်တွင် ဝူမုန့်က သက်ပြင်းတစ်ချက်ချလိုက်ပြီး "ပါရမီရှင်တစ်ယောက်ရဲ့ အတွေးအခေါ်မျိုးပဲ... သူက စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်းပါ ပိုင်ဆိုင်ထားသေးတော့ ထျန်ဝေကို သတ်ဖို့ဆိုတာ သူ့အတွက် ခက်ခဲတဲ့ကိစ္စ မဟုတ်တော့ဘူးလေ"

ဝူမုန့်၏ သုံးသပ်ချက်ကို နားထောင်ပြီးနောက် ကျွမ်းရှုယွမ်က မနေနိုင်ဘဲ "ဒါဆို တကယ်လို့ အစ်ကိုမုန့်သာ လင်းယွမ်နဲ့ တိုက်ခိုက်မယ်ဆိုရင် သူ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ"

ဝူမုန့်က ထိုစကားကို ကြားသောအခါ ခဏစဉ်းစားလိုက်ပြီး "ငါ့ရဲ့ တိုက်ခိုက်ရေးဗီဇကို အသုံးမပြုဘူးဆိုရင်တော့ ငါ ရှုံးဖို့ များတယ်... ဘာပဲဖြစ်ဖြစ် သူ့ရဲ့ စိတ်စွမ်းအင်တိုက်ခိုက်မှုက ငါ့အပေါ်မှာ အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိတယ်လေ"

"ဒါပေမဲ့ ငါ့ရဲ့ စိတ်ပင်လယ်ကို ပိတ်လှောင်လိုက်ပြီး ငါ့ကိုယ်ငါ တိုက်ခိုက်ရေးဗီဇဆီ လွှဲပြောင်းပေးလိုက်မယ်ဆိုရင်တော့ သူက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး"

"ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုရင်တော့... တစ်မိနစ်... တစ်မိနစ်အတွင်းမှာ သူ ငါ့လက်သီးအောက်ကို သေချာပေါက် ကျဆုံးသွားလိမ့်မယ်"

ဝူမုန့်က ပြီးခဲ့သည့်အကြိမ် လင်းယွမ်နှင့် တိုက်ခိုက်ခဲ့စဉ်က လင်းယွမ်၏ အလုံးစုံ စွမ်းဆောင်ရည်ကို ပြန်လည်တွေးတောလိုက်သည်။

သူက လင်းယွမ်ကို တစ်မိနစ်အတွင်း အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိနေသည်။ လင်းယွမ်တွင် နောက်ကွယ်မှ အစွမ်းများ ရှိနေသေးသော်လည်း သူကိုယ်တိုင်ကလည်း တိုက်ခိုက်ရေးဗီဇကို အသုံးမပြုခဲ့ပေ။

သူက သူ၏ ကိုယ်ပိုင်အစွမ်းအပေါ် ယုံကြည်မှုရှိသည်။ အထူးသဖြင့် ယခုအခါ ပေါက်ကွဲသင်္ကေတ၏ နည်းစနစ်များကို သူ၏ ပေါက်ကွဲလက်သီးအတွင်းသို့ အပြည့်အဝ ပေါင်းစပ်လိုက်နိုင်ပြီ ဖြစ်သည်။

ကျွမ်းရှုယွမ်က ချက်ချင်း ပြုံးလိုက်ပြီးနောက် တစ်စုံတစ်ရာကို စဉ်းစားလိုက်ကာ "အစ်ကိုမုန့်... ကျွန်မထင်တာတော့ ရှင်နဲ့ လင်းယွမ်ကြားမှာ နောက်တစ်ကြိမ် ထပ်တိုက်ခိုက်ရဖို့ ရှိလာနိုင်တယ်"

ဝူမုန့်က ကျွမ်းရှုယွမ်ကို လှမ်းကြည့်လိုက်သည်။ သူက အရူးမဟုတ်ပေ။ ချက်ချင်းပင် တစ်စုံတစ်ရာကို ရိပ်မိသွားပြီး "သူက ပူးပေါင်းဖို့ ငြင်းလိုက်တာလား"

ကျွမ်းရှုယွမ်က ခေါင်းအသာညိတ်ပြသည်။

ဝူမုန့်က သက်ပြင်းတစ်ချက်ချလိုက်ပြီး "ဟုတ်တော့လည်း ဟုတ်ပါတယ်လေ... ဒီလိုအဆင့်အထိ ရောက်လာတဲ့သူတွေထဲမှာ ဘယ်သူက အလွယ်တကူ အလျှော့ပေးမှာလဲ... ဒါမှ အစွမ်းထက်တဲ့သူတွေရဲ့ စိတ်ဓာတ်မျိုးပေါ့"

"ထားလိုက်ပါ... မပူးပေါင်းလည်း နေပါစေ... မိန်ဟိုင်ဥယျာဉ်နဲ့ ဖုန်းဟွမ်ဘုရားကျောင်း ပူးပေါင်းပြီးလို့ သူတို့ တောင့်မခံနိုင်တော့ရင် သဘာဝအလျောက်ပဲ ငါတို့ဆီ အကူအညီ လာတောင်းလိမ့်မယ်"

ဝူမုန့်က အစောကတည်းက ကြိုသိနေပုံရပြီး သိပ်အံ့သြသွားပုံ မရပေ။

ကျွမ်းရှုယွမ်က မနေနိုင်ဘဲ "အစ်ကိုမုန့်... ဒီတစ်ခေါက်တော့ တောင်ပေါ်ကနေ ကျားနှစ်ကောင် သတ်တာကို ထိုင်ကြည့်နေလို့ ရမယ်မထင်ဘူး... ဖုန်းဟွမ်ဘုရားကျောင်းက လူလွှတ်လိုက်တယ်... ထူလုံက ရှင်ရယ် လီယွဲ့ဖုန်းရယ်ကို ကိုးဝူမျှော်စင်မှာ ဆုံပြီး ကျောက်တွင်း ပိုင်ဆိုင်မှုကိစ္စကို ဆွေးနွေးဖို့ ဖိတ်ထားတယ်"

ဝူမုန့်က မျက်မှောင်ကြုတ်လိုက်ပြီး "မတိုက်ရသေးဘူး... ကျောက်တွင်း ပိုင်ဆိုင်မှုကို ခွဲဝေဖို့တောင် စဉ်းစားနေကြပြီလား"

ကျွမ်းရှုယွမ်က "ဒီတစ်ခေါက် သူတို့က မီးဝါးတောက လူတွေကို အပြတ်ရှင်းဖို့ ဆုံးဖြတ်ထားကြပုံပဲ... အစ်ကိုမုန့်... မီးဝါးတောက လူတွေက သိပ်လွန်လွန်းနေပြီ"

ဝူမုန့်က အံ့သြသွားပြီး "ဘာဖြစ်လို့လဲ... သူတို့ ဘာလုပ်လိုက်လို့လဲ"

"ဒီနေ့ ချန်ကျန့်ဖုန်းနဲ့ ယွမ်ရွေ့တို့ အသားနီနဲ့ အသားဖြူတွေ သွားကောက်တာ စုစုပေါင်း ပေါင် ၁၁၀ တောင် မပါလာဘူး"

ဝူမုန့်က မှင်တက်သွားပြီး "မဖြစ်နိုင်တာ... အရင် ဒီရေလှိုင်းတုန်းကဆို ဘယ်အချိန်မဆို ပေါင် ၁၁၀၀ လောက် အနည်းဆုံး ရတာမလား"

ကျွမ်းရှုယွမ်က "ဟုတ်တယ်လေ... ဒါပေမဲ့ အဲဒါက အရင်တုန်းကလေ... ဒီတစ်ခေါက် ကျွန်မတို့ အသားနီနဲ့ အသားဖြူ ရှာမတွေ့တာတင် မကဘူး... ဖုန်းဟွမ်ဘုရားကျောင်းနဲ့ မိန်ဟိုင်ဥယျာဉ်က လူတွေလည်း ဘာမှ မရခဲ့ကြဘူး"

ဝူမုန့်က မျက်မှောင်ကြုတ်လိုက်ပြီး သူမ ဘာပြောချင်သည်ကို ချက်ချင်း သိလိုက်သည်။ "မင်းပြောချင်တာက မီးဝါးတောက လူတွေက ဒီရေကျသွားပြီးနောက်ပိုင်း အသားနီနဲ့ အသားဖြူတွေကို ကြိုပြီး လုယူသွားတယ်ဆိုတဲ့ သဘောလား"

ကျွမ်းရှုယွမ်က ခေါင်းညိတ်ပြပြီး "အင်း... ဒီတစ်ခေါက် သူတို့လုပ်ရပ်က လူတိုင်းကို ဒေါသထွက်စေခဲ့တာ သေချာတယ်... အစ်ကိုမုန့်... ကျွန်မတို့လည်း သဘောထား ပြတ်ပြတ်သားသား ပြမှရတော့မယ်"

"ဒီရေကျသွားပြီးနောက် ရလာတဲ့ အသားနီနဲ့ အသားဖြူတွေက ကျွန်မတို့ သိုင်းဘုရင်ဂေဟာရဲ့ နောက်လအတွက် ရိက္ခာတစ်ဝက်နီးပါးကို အဆုံးအဖြတ်ပေးနိုင်တယ်လေ... အဲဒါတွေကို ပြန်မရဘူးဆိုရင် ကျွန်မတို့ နောက်လ တစ်ဝက်လောက်မှာ ငတ်ပြတ်နေရလိမ့်မယ်"

"ညီအစ်ကိုတွေ အားလုံးလည်း တော်တော်လေးကို မကျေမနပ် ဖြစ်နေကြတယ်... ကျွန်မလည်း သိပ်ပြီး ထိန်းမထားနိုင်တော့ဘူး"

ဝူမုန့်က တိတ်ဆိတ်သွားပြီး ခဏအကြာတွင် အေးစက်စက် အသံဖြင့် "သူတို့ လုပ်ရပ်က တကယ်ကို လွန်လွန်းတယ်"

ကျွမ်းရှုယွမ်က ချက်ချင်း ဝမ်းသာသွားပြီး "ဒါဆို နေ့လယ် ကိုးဝူမျှော်စင်က ချိန်းဆိုမှုကိုရော"

"သွားကြည့်ကြတာပေါ့" ဝူမုန့်က ခပ်လေးလေး ပြောလိုက်သည်။

ကျွမ်းရှုယွမ်က ပြုံးလိုက်ပြီး "အစ်ကိုမုန့်... လူတိုင်းကို စိတ်ထားကောင်းဖို့ မတန်ပါဘူး... တချို့လူတွေက ဆုံးမမှရမှာ... တစ်ခါလောက် ပညာမပေးရင် သူတို့ကိုယ်သူတို့ သိပ်အထင်ကြီးနေကြတာ"

ဝူမုန့်က ခေါင်းယမ်းလိုက်ပြီး "ငါက အချင်းချင် ရန်မဖြစ်ချင်ရုံတင်ပါ... ထိုက်ယန်တောင်က ဒီလောက်ကြီးတာ... တကယ်တော့ လူအများကြီးကို နေရာပေးလို့ ရပါတယ်"

"ငါတို့တွေချည်းပဲ ထိုက်ယန်တောင်ပေါ်မှာ ပုန်းနေလို့ ဘယ်တော့ အဆုံးသတ်မှာလဲ"

"မင်းလည်း သိတာပဲ... ငါက ကွမ်ဖူခရိုင်က စစ်တပ်အခြေစိုက်စခန်းကို ပိုပြီး သွားချင်တာ... အဲဒီမှာ အဆင့်အမြင့်ဆုံး လက်နက်တွေ၊ အထက်မြက်ဆုံး သိပ္ပံပညာရှင်တွေ၊ အင်အားအကြီးဆုံး စစ်ရေးအင်အားတွေ ရှိတယ်... အဲဒီကိုရောက်မှပဲ ငါတို့ မျှော်လင့်ချက် ရောင်ခြည်ကို မြင်ရမှာ"

ကျွမ်းရှုယွမ်က သက်ပြင်းချလိုက်ပြီး "ကွမ်ဖူခရိုင်က ဒီကနေ မိုင် ၃၀ ကျော်တောင် ဝေးတာလေ... သွားဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ... ကျွန်မတို့ဆီမှာ လှေတောင် မရှိဘူး"

ဝူမုန့်က "လှေအကြောင်း ပြောမှ သတိရတယ်... လှေလုပ်တတ်တဲ့ သူတွေကို စုံစမ်းခိုင်းထားတာ သတင်းရပြီလား"

ကျွမ်းရှုယွမ်က ခေါင်းယမ်းလိုက်ပြီး "ခိုလှုံရေးစခန်း တော်တော်များများကို ကျွန်မစုံစမ်းကြည့်ပြီးပြီ... လှေလုပ်တတ်တဲ့သူ တစ်ယောက်မှ မရှိဘူး... ဒါပေမဲ့ ကြားရတဲ့သတင်းအရ မိန်တောင်ဘက်မှာ သစ်သားလှေ လုပ်တတ်တဲ့ ရန်မျိုးရိုးနဲ့ လက်သမားဆရာကြီး တစ်ယောက်ရှိတယ်လို့တော့ ကြားတယ်"

ဝူမုန့်က မျက်မှောင်ကြုတ်လိုက်ပြီး "မိန်တောင်"

မိန်တောင်နှင့် ထိုက်ယန်တောင်သည် တကယ်တော့ တောင်တန်းတစ်ခုတည်း ဖြစ်သော်လည်း တောင်တန်းများတွင် အနိမ့်အမြင့် ရှိတတ်သည်။

ထိုက်ယန်တောင်သည် တောင်ထွတ်တစ်ခုဖြစ်ပြီး မိန်တောင်က ထိုက်ယန်တောင်နှင့် နီးကပ်စွာ ရှိနေသည်။

ရေကြီးမှုများ ရောက်လာပြီး ရေမျက်နှာပြင် သိသိသာသာ မြင့်တက်လာသောအခါ တောင်နှစ်လုံးကြားရှိ နေရာများအားလုံး ရေအောက်သို့ နစ်မြုပ်သွားခဲ့လေပြီ။

ယခုအချိန်တွင် ထိုက်ယန်တောင်နှင့် မိန်တောင်တို့ကို တောင်ဟု ခေါ်ဆိုမည့်အစား ကျွန်းဟု ခေါ်ဆိုလျှင် ပိုမှန်ပေလိမ့်မည်။

သာမန်ရေကြီးမှုမျိုးဆိုလျှင် ပြဿနာမရှိသော်လည်း တောင်နှစ်လုံးကြားရှိ ရေလွှမ်းမိုးနေသော ဒေသများတွင် သန္ဓေပြောင်းသတ္တဝါ အမြောက်အမြား ပုန်းခိုနေကြသည်။

အထူးသဖြင့် ထိုအထဲတွင် ကုန်းနေရေနေ သန္ဓေပြောင်းသတ္တဝါ အများအပြား ရှိနေပြီး အလွန်အန္တရာယ်များလှသည်။ သူကိုယ်တိုင်ပင်လျှင် မြစ်ကို အလွယ်တကူ ဖြတ်ကူးရန် မရဲဝံ့ပေ။

သူ၏ သွေးသားကြီးထွားခြင်းအစွမ်းက မည်မျှပင် အစွမ်းထက်စေကာမူ ရေနစ်မည်ကို မကြောက်ဟု မဆိုလိုပေ။

မီးက သူ့ကို မသတ်နိုင်သော်လည်း ရေက သူ့ကို အသက်ရှူကျပ်ပြီး သေစေနိုင်သည်။

သူ၏ ခန္ဓာကိုယ်ထဲတွင် အောက်ဆီဂျင်သာ မရှိတော့လျှင် ဆဲလ်များက ပြန်လည် မမွေးဖွားနိုင်တော့သဖြင့် သွေးသားကြီးထွားမှု မည်မျှပင် မြန်ဆန်နေပါစေ အသုံးဝင်မည် မဟုတ်ပေ။

"မိန်တောင်" ဝူမုန့်က သက်ပြင်းတစ်ချက်ချလိုက်ပြီး "မီးဝါးတောဘက်မှာရော ဒီလိုအလုပ်မျိုး ကျွမ်းကျင်တဲ့သူ ရှိမရှိ မေးဖို့ မေ့သွားတယ်"

ကျွမ်းရှုယွမ်က "ခိုလှုံရေးစခန်း သုံးခု ပူးပေါင်းပြီးလို့ လင်းယွမ် လက်နက်ချလာတဲ့အချိန်ကျရင် ကျွန်မတို့ မေးခွင့်ရလာမှာပါ"

"အင်း"

...

မီးဝါးတော၊ ဂူအတွင်း၌...

လင်းယွမ်က နိုးလာပြီးနောက် ထပ်မအိပ်တော့ပေ။

သူက တောင်ကြားနေရာသို့ အလျင်စလို သွားရောက်ကာ ကြီးမားသော တောင်ကြားကြီးကို ကြည့်ရှုရင်း ဈေးဝယ်စင်တာအဆောက်အအုံကို မည်သို့ တည်ဆောက်ရမည်ဆိုသည်ကို စိတ်ကူးယဉ်နေသည်။

ထိုဈေးဝယ်စင်တာကို သူက တောင်ကြောအတွင်း၌သာ တည်ဆောက်ရန် ရည်ရွယ်ထားသည်။

အပြင်ဘက်ရှိ ကြီးမားသော တောင်ကြားကိုတော့ ခိုလှုံရေးစခန်း၏ ပင်မမြို့တော်စခန်းအဖြစ် တည်ဆောက်ရန် ချန်ထားမည် ဖြစ်သည်။

ထိုအချိန်ကျလျှင် စိုက်ပျိုးမြေများ၊ လူနေအိမ်များ၊ ဖျော်ဖြေရေးဇုန်များ စသည်တို့ကို စီစဉ်ရုံသာမက မီးဝါးတောဘက်ရှိ ဝါးကြွက်မွေးမြူရေးခြံများနှင့်ပါ ဆက်သွယ်ပေးရမည် ဖြစ်သည်။

"ကျေးရွာအဆင့် လျှပ်စစ်ထုတ်စက်တွေကိုလည်း ဂူထဲမှာပဲ ထားရမယ်... ဒီစက်တွေက အဆင့်မြင့် နည်းပညာပစ္စည်းတွေဆိုတော့ သူများတွေကို အလွယ်တကူ ပေးမြင်လို့ မရဘူး"

"ချောက်ကမ်းပါးတွေကို သဘာဝ ကာကွယ်ရေးနံရံတွေအဖြစ် အသုံးပြုမယ်... ပြီးတော့ လုံလောက်တဲ့ အမှတ်တွေ စုမိတဲ့အချိန်ကျရင် လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ခေါင်မိုး ကာကွယ်ရေးစနစ်တစ်ခုကို လဲလှယ်ဖို့ စဉ်းစားလို့ရတယ်"

လင်းယွမ်က ဒီရေလှိုင်းတက်စဉ်က မြင်တွေ့ခဲ့ရသည့် ငှက်အုပ်ကြီးကို သတိရသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒါနဲ့... ဒီရေကျသွားပြီးတဲ့နောက် အဲဒီသန္ဓေပြောင်း ငှက်အုပ်ကြီးတွေ ဘယ်ရောက်သွားကြတာလဲ... ဘာလို့ ငါ ထိုက်ယန်တောင်ပေါ်မှာ ဒီလိုကြီးမားတဲ့ သန္ဓေပြောင်းငှက်တွေကို တစ်ခါမှ မမြင်ဖူးရတာလဲ"

လင်းယွမ်က သံသယဝင်သွားပြီး တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ ထိုမျှ ကြီးမားသော သန္ဓေပြောင်း ငှက်အုပ်ကြီးထဲမှ တစ်ကောင်ကိုမျှ ထိုက်ယန်တောင် သစ်တောထဲတွင် မတွေ့ရခြင်းက အကြောင်းရင်းမရှိဘဲ မဖြစ်နိုင်ပေ။

လင်းယွမ်က မနေနိုင်ဘဲ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်ယံတွင် မိုးတိမ်များ ဖုံးလွှမ်းနေပြီး နေရာအနှံ့တွင် ရေခိုးရေငွေ့များက မှုန်မှိုင်းကာ တောင်ခါးပန်းတစ်ဝက်ကိုပင် ဖုံးလွှမ်းထားသည်။ ကောင်းကင်ကို မဆိုထားနှင့် တောင်ထိပ်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရပေ။

"ဒီရောက်နေတာ တော်တော်ကြာပြီဆိုပေမဲ့ တောင်ထိပ်ကို တစ်ခါမှ မသွားကြည့်ရသေးဘူး... ကိုးဝူမျှော်စင်ဆိုတာက တောင်ထိပ်မှာ ရှိတယ်လို့ ကြားတယ်"

"ဒါနဲ့ ဝူမုန့်က ဒီရေကျသွားတိုင်း ခိုလှုံရေးစခန်းတွေက ကိုးဝူမျှော်စင်မှာ ဈေးရောင်းပွဲတော် ကျင်းပကြတယ်လို့ ပြောထားတာ မဟုတ်ဘူးလား... ဘာလို့ ငါတို့ကို လာအကြောင်းမကြားကြတာလဲ"

လင်းယွမ်က နားမလည်နိုင်အောင် ဖြစ်သွားသည်။ ယုတ္တိကျကျပြောရလျှင် သူက မသေးသော ပစ္စည်းအင်အားကို ပြသထားပြီးပြီ ဖြစ်သည်။

ပြီးခဲ့သည့်အကြိမ်က ဝူမုန့်တို့လည်း ဤနေရာတွင် စားစရာများစွာ စားသွားခဲ့သေးသည်။ သူ၏ လက်ထဲရှိ ပစ္စည်းများကို မလိုချင်ဘဲ နေမည်မဟုတ်ပေ။ သူတို့က သူ့ကို ဘာကြောင့် လာမဖိတ်ကြသနည်း။

ထိုအချိန်တွင် သူက အကြောင်းရင်းကို တွေးမိသွားသည်။ "ငါက ပူးပေါင်းဖို့ ငြင်းလိုက်လို့ သူတို့တကယ်ပဲ ဖုန်းဟွမ်ဘုရားကျောင်းနဲ့ မိန်ဟိုင်ဥယျာဉ်ဘက်ကို ပါသွားကြတာလား"

ထိုအချက်ကို တွေးမိသောအခါ လင်းယွမ်က ခပ်ဟဟ ရယ်မောလိုက်သည်။ အကယ်၍ တကယ်သာ ထိုသို့ဖြစ်ခဲ့လျှင် သူက အလွန် စိတ်ပျက်မိမည် ဖြစ်သည်။

ဝူမုန့်ဆိုသည့်လူက သူ၏ အကြိုက်နှင့် အနည်းငယ် ကိုက်ညီသူဖြစ်သည်။ အနည်းဆုံးတော့ တစ်ဖက်လူက လူတိုင်းကို တကယ် စည်းလုံးစေချင်ပြီး ကြီးကျယ်ခမ်းနားအောင် လုပ်ချင်သည့် ဆန္ဒရှိသူဖြစ်သည်။

လင်းယွမ် စဉ်းစားနေစဉ်မှာပင် မနီးမဝေးရှိ အရိပ်ထဲမှ ဝူယင်၏ ပုံရိပ်က ပေါ်ထွက်လာသည်။ သူ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြစ်နေပြီး လင်းယွမ်အနီးသို့ ချက်ချင်း လျှောက်လာကာ "ဆရာလင်း... ဒုက္ခပါပဲ"

လင်းယွမ်က သူ့ကို လှမ်းကြည့်လိုက်ပြီး မျက်ခုံးအနည်းငယ် ပင့်လိုက်ကာ "မင်း စာသွားပို့တာ မဟုတ်ဘူးလား... ဘာလို့ အခုမှ ပြန်ရောက်တာလဲ"

ဝူယင်က အလျင်စလို ပြောလိုက်သည်။ "ဆရာလင်း... ကျွန်တော် စာပို့ပြီးတော့ ဖုန်းဟွမ်ဘုရားကျောင်းက ဟန်ပန်းလည်း သိုင်းဘုရင်ဂေဟာကို ရောက်လာတာ တွေ့လိုက်တယ်... အဲဒါနဲ့ ကျွန်တော် ချက်ချင်း ထွက်မလာဘဲ အရိပ်အစွမ်းကို သုံးပြီး သူတို့အခန်းထဲကို ခိုးဝင်သွားတော့ လျှို့ဝှက်ချက်တချို့ကို ခိုးနားထောင်မိခဲ့တယ်"

လင်းယွမ် မေးမြန်းစရာ မလိုဘဲ ဝူယင်က သိသမျှအားလုံးကို အလျင်စလို ပြောပြလိုက်သည်။

"ဖုန်းဟွမ်ဘုရားကျောင်းက လူတွေက မိန်ဟိုင်ဥယျာဉ်နဲ့ သိုင်းဘုရင်ဂေဟာကို ဆက်သွယ်ထားပြီးပြီ... သူတို့က ကိုးဝူမျှော်စင်မှာ ဆုံပြီး ကျွန်တော်တို့ကို အတူတကွ ပူးပေါင်းတိုက်ခိုက်ဖို့ ပြင်ဆင်နေကြတယ်... တစ်ဖက်ကလည်း ကျွန်တော်တို့ကို အသားနီနဲ့ အသားဖြူတွေ လုယူသွားတယ်ဆိုပြီး စွပ်စွဲနေကြသေးတယ်... ခွင့်မလွှတ်နိုင်စရာပဲ"

လင်းယွမ်က နားမလည်နိုင်ဘဲ "အသားနီနဲ့ အသားဖြူ... အဲဒါ ဘာတွေလဲ"

ဝူယင်က "သိုင်းဘုရင်ဂေဟာက လူတွေပြောတာ ကြားရသလောက်တော့ သူတို့က ရေထဲက သန္ဓေပြောင်းသတ္တဝါတွေရဲ့ အသားကို အသားဖြူလို့ ခေါ်ပြီး တောင်ပေါ်က သန္ဓေပြောင်းသားရဲတွေရဲ့ အသားကိုကျတော့ အသားနီလို့ ခေါ်ကြတယ်တဲ့"

"သူတို့ အပြောအရဆိုရင် ဒီရေကျသွားတိုင်း ရေကြီးမှုကြောင့် ငါးနဲ့ပုစွန် အများကြီး ကမ်းပေါ်ကို တင်လာတတ်တယ်... တစ်ချိန်တည်းမှာပဲ တောင်ပေါ်က သန္ဓေပြောင်းသားရဲတွေကလည်း အဲဒီ ငါးနဲ့ပုစွန်တွေကို လုစားရင်း ကမ်းစပ်မှာ သေကုန်ကြတယ်တဲ့"

"သူတို့က လတိုင်း ဒီရေကျသွားပြီးတာနဲ့ ချက်ချင်းပဲ အခွင့်အရေးယူပြီး ဒီအသားနီနဲ့ အသားဖြူတွေကို သွားကောက်တတ်ကြတယ်"

"ဒါပေမဲ့ ဒီလတော့ ဘာဖြစ်သွားမှန်း မသိဘူး... အသားနီနဲ့ အသားဖြူ အရေအတွက်က ကိုက်ညီမှု မရှိတော့ဘူး... ပြီးခဲ့တဲ့လကထက် ကိုးဆယ်ရာခိုင်နှုန်းလောက် နည်းသွားတယ်တဲ့"

"သူတို့က ကျွန်တော်တို့ လက်ချက်လို့ သံသယဝင်နေကြပြီး အပြစ်တွေ အားလုံးကို ကျွန်တော်တို့ခေါင်းပေါ် ပုံချနေကြတာ"

ဝူယင်က ဒေါသတကြီးဖြင့် "ဒီခွေးကောင်တွေက ဘာကိစ္စဖြစ်ဖြစ် ကျွန်တော်တို့ခေါင်းပေါ်ချည်းပဲ ပုံချချင်နေကြတာ... ကျွန်တော် ထင်တာတော့ သူတို့က ဆင်ခြေတစ်ခု ရှာပြီး ကျွန်တော်တို့ကို အကွက်ဆင် တိုက်ခိုက်ချင်နေကြတာပဲ"

လင်းယွမ်က ထိုစကားများကို နားထောင်ပြီးနောက် အနည်းငယ် တိတ်ဆိတ်သွားသည်။ သူက ပစ္စည်းသိုလှောင်ခန်းထဲရှိ ပေါင် တစ်ထောင်ကျော်သော အသားနီနှင့် အသားဖြူများကို တိတ်တဆိတ် ကြည့်လိုက်မိပြီး အနည်းငယ် အနေရခက်သွားသည်။

ဒါက တကယ်တော့ စွပ်စွဲနေတာ မဟုတ်ဘူး... အသားနီနဲ့ အသားဖြူတွေကို သူကိုယ်တိုင် ယူထားတာ အမှန်ပဲလေ။

သို့သော် လင်းယွမ်၌ နောင်တရစိတ် အလျဉ်းမရှိပေ။ နောက်နေတာလား... ဒီဟာတွေ အားလုံးက ရေကြီးတဲ့အချိန် ကမ်းပေါ်တင်လာတာတွေပဲ... ကိုယ့်အရည်အချင်းနဲ့ကိုယ် ဖမ်းမိတာကို သူတို့ရဲ့ အသားနီနဲ့ အသားဖြူတွေကို ယူတယ်လို့ ဘယ်လိုလုပ် သတ်မှတ်လို့ရမှာလဲ။

သူက ဒီလမှာ ယူရုံတင်မကဘူး... နောက်လ၊ နောက်လတွေကစပြီး လတိုင်း သွားသိမ်းပိုက်မှာပဲ။ အဲဒီလိုမှ မဟုတ်ရင် အမှတ်တွေ ဘယ်ကနေ ရလာမှာလဲ။

လင်းယွမ်က လေးနက်သောအသံဖြင့် "သူတို့က ကိုးဝူမျှော်စင်မှာ တွေ့ဆုံပြီး ငါ့ကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ ဆွေးနွေးဖို့ ချိန်းထားကြတာပေါ့"

ဝူယင်က အလျင်စလို "ဟုတ်တယ် ဆရာလင်း... သူတို့သာ သေသေချာချာ ဆွေးနွေးပြီးသွားလို့ ခိုလှုံရေးစခန်း သုံးခု ပေါင်းပြီး ဝိုင်းတိုက်လာရင် ကျွန်တော်တို့ အကြီးအကျယ် ဒုက္ခရောက်နိုင်တယ်"

လင်းယွမ်က "နေ့လယ် ဘယ်အချိန်လောက်လဲ မင်း သိလား"

"မပြောသွားဘူး... စာထဲမှာတော့ ပါလောက်တယ်"

လင်းယွမ်က ခေါင်းအသာညိတ်ပြပြီး "ငါ သိပြီ... ကဲပါ... မင်း ပြန်တော့"

"မနက်ဖြန်ကစပြီး ဒီမှာ အလုပ်စလုပ်ရတော့မယ်... အဲဒီအချိန်ကျရင် ငါတို့ ကိုယ်ပိုင် ခိုလှုံရေးစခန်းကို တည်ဆောက်ရလိမ့်မယ်... ပါဝင်တဲ့သူတိုင်းကို အမှတ်တွေ တွက်ချက်ပေးမှာ"

ဝူယင်က ကြီးစွာသော စိုးရိမ်ပူပန်မှုဖြင့် "ဆရာလင်း... ကျွန်တော်တို့ မြန်မြန် နည်းလမ်းရှာကြတော့လေ"

ရန်သူတွေက သူတို့ကို သတ်ဖို့ ဆွေးနွေးပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်ရာ ဤအချိန်တွင် ဆရာလင်းက မည်သို့များ ဤမျှ တည်ငြိမ်နေနိုင်သနည်းဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေသည်။

လင်းယွမ်က ပြုံးလိုက်ပြီး "စိတ်ချပါ... ကိုးဝူမျှော်စင်ကို ငါကိုယ်တိုင် တစ်ခေါက်လောက် သွားလိုက်ပါ့မယ်"

"ဒီ ထိုက်ယန်တောင်က ဒီလောက်လေးပဲ ကျယ်တာ... စုစုပေါင်း လူတစ်ထောင်ကျော်ပဲ ရှိတာကိုတောင် ခိုလှုံရေးစခန်း လေးခုတောင် ဖွဲ့ထားကြသေးတယ်... တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြတာ တကယ် အားယားနေကြတာပဲ"

"ဝူမုန့် ဆိုတဲ့ကောင်က ခိုလှုံရေးစခန်းကို တစ်ပေါင်းတစ်စည်းတည်း ဖြစ်အောင် လုပ်ချင်တဲ့ အတွေးပဲရှိပြီး မနာခံတဲ့သူတွေကို နှိမ်နှင်းနိုင်တဲ့ အစွမ်းကျတော့ မရှိဘူး"

သူက ခေါင်းအသာယမ်းလိုက်ပြီးနောက် မြူတွေ ဖုံးလွှမ်းနေသည့် တောင်ထိပ်ကို လှမ်းကြည့်လိုက်သည်။ ကိုးဝူမျှော်စင်က ထိုနေရာတွင် ရှိနေသည်။

ဝူယင်က ထိုစကားကို ကြားသောအခါ အလွန်အံ့သြသွားပြီး "ဆရာလင်း... ဆရာလည်း ကိုးဝူမျှော်စင်ကို သွားမလို့လား"

သူက ချက်ချင်း ဉာဏ်ပွင့်သွားပြီး "ဆရာက ကိုးဝူမျှော်စင်မှာ ကြိုတင်ချုံခိုတိုက်ခိုက်ဖို့လား... ကျွန်တော် အခုပဲ လူသွားခေါ်လိုက်မယ်"

လင်းယွမ်၏ အကြံအစည်ကို သူ ခန့်မှန်းမိသွားပြီဟု ထင်မှတ်ကာ ဝမ်းသာအားရဖြင့် ချက်ချင်း လူသွားခေါ်ရန် ပြင်လိုက်သည်။

လင်းယွမ်က နောက်လှည့်ကာ လှမ်းအော်လိုက်သည်။ "ပြန်လာခဲ့... ဘာလူခေါ်စရာလိုလို့လဲ... မင်းတို့ အလုပ်သာ မင်းတို့လုပ်... ဒီရေကျသွားပြီးတာနဲ့ ပျက်စီးသွားတာတွေကို ပြန်ပြင်ဖို့ ရှိသေးတယ်... ခိုလှုံရေးစခန်းဘက်မှာလည်း လုပ်စရာတွေ အများကြီး ရှိသေးတယ်"

"ကိုးဝူမျှော်စင်ဘက်ကိုတော့ ငါတစ်ယောက်တည်း သွားလိုက်ရင် ရပါပြီ"

ဝူယင်က အံ့အားသင့်သွားပြီး လင်းယွမ်ကို လှည့်ကြည့်ကာ "ဆရာလင်း... ဆရာ... တစ်ယောက်တည်းလား"

"အေး... ငါတစ်ယောက်တည်းပဲ"

"ဒါ ဘယ်ဖြစ်မှာလဲ... သိပ်အန္တရာယ်များတယ်... အနည်းဆုံးတော့ အစ်ကိုခိုင်၊ ဒေါက်တာရန်၊ အမတင်းတို့ကို ခေါ်သွားပါလား"

လင်းယွမ်က ပြုံးလိုက်ပြီး "ကဲပါ... စကားမများပါနဲ့... ငါ့မှာ ငါ့အစီအစဉ်နဲ့ ငါရှိပါတယ်... လျှောက်တွေးမနေနဲ့"

ထိုသို့ပြောလိုက်ရင်း သူ၏ ကိုယ်ပေါ်မှ မြေဝါရောင် အလင်းဝန်းတစ်ခု လင်းလက်သွားပြီး မျက်စိတစ်မှိတ်အတွင်း မြေကြီးထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော ဝူယင်မှာ အလွန်အံ့သြသွားသည်။ "ဆရာလင်းက မြေလျှိုးအစွမ်းကို ဘယ်အချိန်ကတည်းက တတ်မြောက်သွားတာလဲ"

"နေပါဦး... ဆရာလင်းက ဟင်းလင်းပြင်အစွမ်းပိုင်ရှင် မဟုတ်ဘူးလား... ဘယ်လိုလုပ် မြေလျှိုးအစွမ်းပါ တတ်နေရတာလဲ"

"လူတစ်ယောက်က အစွမ်းအမျိုးအစား အများကြီးကို ပိုင်ဆိုင်နိုင်တာလား"

ဝူယင်၏ မျက်လုံးများတွင် အံ့သြဝမ်းသာဖြစ်မှုများ ပေါ်လွင်လာပြီးနောက် ဆရာလင်း မည်သည့်အတွက်ကြောင့် ဤမျှ ယုံကြည်မှု ရှိနေရသနည်း ဆိုသည်ကို နားလည်သွားပုံရသည်။

"ဟုတ်တယ်... ဆရာလင်းက သေချာပေါက် အစွမ်းတွေ အရမ်းတိုးတက်လာလို့ပဲ ဒီလောက် ယုံကြည်မှု အပြည့်နဲ့ ခိုလှုံရေးစခန်း သုံးခုကို တစ်ယောက်တည်း ရင်ဆိုင်ရဲတာ နေမှာ"

"မဖြစ်ဘူး... ဆရာလင်းက ငါတို့ရဲ့ ကျောထောက်နောက်ခံပဲ... သူ ဘယ်လောက်ပဲ ယုံကြည်မှုရှိနေပါစေ သူ့ကို တစ်ယောက်တည်း အန္တရာယ်ထဲ အလွှတ်ခံလို့ မဖြစ်ဘူး... ငါ အစ်ကိုခိုင်တို့ကို အမြန်သွားပြောမှ"

ထိုသို့တွေးမိပြီးနောက် ဝူယင်က တခြားသူများကို အလျင်စလို သွားရောက် အကြောင်းကြားရန် မီးဝါးတောဆီသို့ ပြေးသွားလေတော့သည်။

မီးဝါးတောတွင်... ကျောက်ခိုင်က လူများကို ဦးဆောင်ကာ ပျက်စီးသွားသော ဝါးအိမ်များကို ပြန်လည် ပြင်ဆင်နေသည်။ ဒီရေလှိုင်းတက်လာသောအခါ တောင်ပေါ်မှ သန္ဓေပြောင်းသားရဲ အမြောက်အမြားက တောထဲမှ ပြေးထွက်လာကြသည်။

လင်းယွမ်က အနီးအနားရှိ သန္ဓေပြောင်းသားရဲများကို တစ်ကြိမ် ရှင်းလင်းထားပြီး ဖြစ်သော်လည်း ဤဝါးအိမ်မှာ သေးငယ်သော သန္ဓေပြောင်းသားရဲအချို့၏ ဝင်တိုက်မှုကြောင့် ပြိုကျပျက်စီးခဲ့ရသည်။

ကံကောင်းသည်မှာ အနီးအနားတွင် မီးဝါးများစွာ ရှိနေသဖြင့် ပစ္စည်းမလောက်မည်ကို စိုးရိမ်စရာ မလိုပေ။

"အစ်ကိုခိုင်... အစ်ကိုခိုင်" ဝူယင်က ကျောက်ခိုင်ကို ရှာတွေ့သွားပြီး ဖြစ်ကြောင်းကုန်စင်ကို အလျင်စလို ပြောပြလိုက်သည်။

ကျောက်ခိုင်၏ မျက်နှာက သိသိသာသာ ပြောင်းလဲသွားပြီး "ဘာ... အစ်ကိုလင်း တစ်ယောက်တည်း သွားတယ်"

သူက ချက်ချင်း ကြီးစွာသော စိုးရိမ်ပူပန်မှုဖြင့် "မြန်မြန်... မင်းနဲ့ငါ ခွဲပြီး ကင်းလှည့်အဖွဲ့ကို သွားပြောကြမယ်"

"နေဦး... ငါက ဒီဘက်က လူတွေကို သွားပြောလိုက်မယ်... မင်းက ကျောက်တွင်းဘက်ကို ချက်ချင်းသွားပြီး ဒေါက်တာရန်နဲ့ အမတင်းတို့ကို သွားအကြောင်းကြားလိုက်"

ဝူယင်က ခေါင်းအမြန်ညိတ်လိုက်ပြီး "ကျွန်တော် အခုပဲ သွားလိုက်မယ်... နေ့လယ်မတိုင်ခင် တောင်ထိပ်ကို ရောက်အောင် သွားရမယ်နော်"

ဆက်ရန်...

အပိုင်း (၂၄၆) ကိုးဝူမျှော်စင်၌ ဆုံစည်းခြင်း

ကျောက်ခိုင်က ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သား လူစုခွဲကာ အခြားသူများကို လိုက်ရှာကြတော့သည်။

သူက ရန်မေကို သွားမပြောရဲပေ။ ရန်မေက အစ်ကိုလင်းအပေါ် သံယောဇဉ်ကြီးလွန်းသဖြင့် စိတ်လိုက်မာန်ပါ ကိစ္စများ လုပ်မိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူက လျှိုဖိန်ဖိန်နှင့် ဆုန့်ဝမ်တို့ကို ရှာဖွေပြီးနောက် ဟွမ်ဟန်နှင့် ဝမ်အန်းတို့ကိုပါ သွားခေါ်လိုက်သည်။

ဤနေရာတွင် ကျန်ရစ်ခဲ့သည့် အစွမ်းပိုင်ရှင် အရေအတွက်မှာ မများလှသလို အများစုမှာလည်း အမျိုးသမီးများသာ ဖြစ်ကြသည်။

တာအိုဆရာလင်းကိုတော့ ထည့်ပြောရန်ပင် မလိုတော့ချေ။ ထိုတာအိုဆရာ၏ အစွမ်းမှာ လူကို ခြောက်လှန့်ရုံလောက်သာ သုံးစား၍ရပြီး တိုက်ခိုက်ခိုင်းမည် ဆိုပါက အားကိုးရမည် မဟုတ်ပေ။

ထို့ကြောင့် ကျောက်ခိုင်က သူ့ကို သွားမရှာတော့ချေ။

ယခု သူခေါ်လိုက်သည့် အစွမ်းပိုင်ရှင်များမှာ တိုက်ခိုက်နိုင်စွမ်း အနည်းငယ် ရှိသူများ (သို့မဟုတ်) ကုသရေး စွမ်းရည်ရှိသူများသာ ဖြစ်သည်။

"အားလုံးပဲ... ဒီကိစ္စကို အစ်ကိုလင်း တစ်ယောက်တည်း ရင်ဆိုင်ခိုင်းလို့ မဖြစ်ဘူး... ကျွန်တော်တို့ အမြန်သွားပြီး ကူညီရအောင်"

ဆုန့်ဝမ်က အလောတကြီးဖြင့် "ကျောက်ခိုင်... စကားတွေ အများကြီး ပြောမနေနဲ့တော့... မြန်မြန်... အစ်ကိုလင်းကို သွားရှာကြစို့" ဟု ပြောလိုက်သည်။

ဟွမ်ဟန်မှာမူ တွန့်ဆုတ်နေပြီး "ဒါပေမဲ့ ငါတို့အားလုံး ထွက်သွားရင် စခန်းကို သန္ဓေပြောင်းသတ္တဝါတွေ လာတိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ" ဟု ဝင်ပြောလိုက်သည်။

"ပြီးတော့... တကယ်လို့ ဖုန်းဟွမ်ဘုရားကျောင်း ဒါမှမဟုတ် သိုင်းဘုရင်ဂေဟာက လူတွေ လာတိုက်ခိုက်ရင်ရော..."

ထိုစကားကြောင့် ကျောက်ခိုင်လည်း ရုတ်တရက် တည်ငြိမ်သွားသည်။

ဆုန့်ဝမ်က ချက်ချင်းပင် "ဒီလိုလုပ်... ကျောက်ခိုင်... နင်က လူခေါ်သွားလိုက်... ငါနဲ့ ဖိန်ဖိန်က ဒီမှာ ကျန်ခဲ့မယ်" ဟု အကြံပြုလိုက်သည်။

သူမက သူမ၏ အစွမ်းကို ကောင်းစွာ သိရှိပေသည်။ ကျောက်ခိုင်နှင့် ယှဉ်လျှင် သူမက ဘာမှမဟုတ်ပေ။

ထို့ကြောင့် ကျောက်ခိုင်ကို လင်းယွမ်အား ကူညီရန် လွှတ်လိုက်ခြင်းကသာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်လိမ့်မည်။

ကျောက်ခိုင်လည်း သက်ပြင်းချလိုက်ပြီး ခေါင်းညိတ်ကာ "သိပြီ... ဒါဆို ကျွန်တော်နဲ့ ဟွမ်ဟန် သွားလိုက်မယ်... အမတို့က စခန်းကို စောင့်နေပေး... တကယ်လို့ တိုက်ခိုက်ခံရရင် အိမ်ထဲမှာပဲ ပုန်းနေကြ... ဇွတ်ထွက်မတိုက်နဲ့" ဟု မှာကြားလိုက်သည်။

ထို့နောက် သူက လျှိုဖိန်ဖိန်ကို ကြည့်လိုက်ပြီး "ဖိန်ဖိန်... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော်" ဟု နောက်ဆုံးအနေဖြင့် နှုတ်ဆက်စကား ဆိုလိုက်သည်။

လျှိုဖိန်ဖိန်ကလည်း မျက်ဝန်းအိမ်တွင် မျက်ရည်များ ဝဲလျက် "ရှင်လည်းပဲ... သေချာပေါက် ပြန်လာခဲ့နော်" ဟု ပြောရှာသည်။

ကျောက်ခိုင်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဟွမ်ဟန်ကို လှမ်းကြည့်လိုက်သည်။

ဟွမ်ဟန်က ခေါင်းညိတ်ပြပြီး ရွှေအိုရောင် စပါးအုံးမြွေကြီးကို ထုတ်လွှတ်လိုက်ရာ ချက်ချင်းပင် မြွေကြီးမှာ ဧရာမ ခန္ဓာကိုယ်ကြီးအဖြစ် ပြောင်းလဲသွားလေသည်။

သူတို့နှစ်ဦးသည် လေပေါ်သို့ ခုန်တက်ကာ စပါးအုံးမြွေကြီးကို စီးနင်းလျက် တောင်ပေါ်သို့ အလျင်အမြန် ထွက်ခွာသွားကြတော့သည်။

ထိုအချိန်၌ပင် ဝူယင်သည်လည်း ကျောက်တွင်းဧရိယာသို့ အမောတကော ရောက်ရှိလာခဲ့သည်။

ကျောက်တွင်းဧရိယာတွင် သူက ဖြစ်ပျက်သမျှ အကြောင်းစုံကို ဒေါက်တာရန် ၊ တင်းယန်နှင့် အခြားသူများအား ပြောပြလိုက်သည်။

တင်းယန်၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားပြီး စကားတစ်ခွန်းမှ မဆိုဘဲ ချက်ချင်း မတ်တတ်ထရပ်ကာ "ကျွန်မ ကိုးဝူမျှော်စင်ကို အခုချက်ချင်း သွားမယ်" ဟု ပြောလိုက်သည်။

ဒေါက်တာရန်က သူမကို ဆွဲထားလိုက်ပြီး "ခဏနေပါဦး" ဟု လေးနက်သော အသံဖြင့် တားလိုက်သည်။

တင်းယန်က စိုးရိမ်တကြီးဖြင့် သူ့ကို ကြည့်ကာ "ဘာကို စောင့်နေရမှာလဲ... လင်းယွမ် တစ်ယောက်တည်း ကိုးဝူမျှော်စင်ကို သွားတာ... ကျွန်မ စိတ်မချဘူး" ဟု ပြန်ပြောလိုက်သည်။

ဒေါက်တာရန်က "ငါတို့ဘယ်သူမှ စိတ်မချပါဘူး... အခု အဓိက ပြဿနာက ငါတို့အားလုံး ထွက်သွားရင် ကျောက်တွင်းကို ဘယ်လိုလုပ်မလဲ" ဟု မေးလိုက်သည်။

"တကယ်လို့ ဒီအချိန်မှာ ဖုန်းဟွမ်ဘုရားကျောင်းက လူတွေ အခွင့်ကောင်းယူပြီး ဒီနေရာကို ဝင်စီးလိုက်ရင်... ငါတို့ လုပ်ခဲ့သမျှ သဲထဲရေသွန် ဖြစ်ကုန်မှာပေါ့"

သို့သော် တင်းယန်က ဂရုမစိုက်ပေ။ "လင်းယွမ်ရဲ့ လုံခြုံရေးက ကျောက်တွင်းထက် ပိုအရေးမကြီးဘူးလား"

ဒေါက်တာရန်က "ငါ ဆိုလိုတာက အဲဒီလို မဟုတ်ပါဘူး... ငါ့သဘောက ငါတို့မှာ ပြီးပြည့်စုံတဲ့ အစီအစဉ် ရှိဖို့ လိုတယ်... ကိုးဝူမျှော်စင်ကို အားလုံး ဒုန်းစိုင်း သွားလို့မရဘူး... ကျောက်တွင်းကိုလည်း စောင့်မယ့်လူ လိုတယ်" ဟု ရှင်းပြသည်။

"စောင့်ချင်ရင် ရှင်ပဲ စောင့်နေ... ကျွန်မကတော့ လင်းယွမ်ကို သွားရှာမယ်" ဟု တင်းယန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။

ဒေါက်တာရန်က သက်ပြင်းချလိုက်ပြီး "ဒီလိုလုပ်... ရှီဟိုင်ကျူး... မင်းနဲ့ ကူဖုန်းက ဒီမှာ နေခဲ့... ငါနဲ့ ညီမတင်းက ကိုးဝူမျှော်စင်ကို သွားမယ်" ဟု စီစဉ်လိုက်သည်။

ရှီဟိုင်ကျူးက မနေနိုင်ဘဲ "ဘယ်ဖြစ်မလဲ... ကျွန်တော်လည်း လိုက်မယ်... ဒေါက်တာရန်... မိန်းကလေးတင်း... ငါက ကျောက်သားအဖြစ် ပြောင်းလဲနိုင်တယ်... ခံနိုင်ရည်မြင့်တယ်... အစ်ကိုလင်းအတွက် ဓားချက်တစ်ချက်လောက် ဝင်ခံပေးနိုင်ရင်တောင် တန်ပါသေးတယ်" ဟု ပြောလေသည်။

"ဒေါက်တာရန်... ခင်ဗျားပဲ ဒီမှာ နေခဲ့ပါလား... ကျွန်တော် ညီမတင်းနဲ့ လိုက်သွားလိုက်မယ်"

ဒေါက်တာရန် မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် အသံတစ်သံ ထွက်ပေါ်လာသည်။

"ကြည့်ရတာ ရှင်တို့ အကူအညီ လိုနေတဲ့ပုံပဲ"

တင်းယန် လှည့်ကြည့်လိုက်သောအခါ ဟန်ရှန်းမန် ဆိုသည့် အမျိုးသမီး လျှောက်လာသည်ကို တွေ့လိုက်ရသည်။

သူမနှင့်အတူ ဦးလေးကောနှင့် အခြားသူများလည်း ပါလာကြသည်။

ဒေါက်တာရန်က ထိုမြင်ကွင်းကို မြင်သောအခါ ပြုံးလိုက်မိသည်။

သူက တင်းယန်ကို "သူတို့သာ ကူညီမယ်ဆိုရင် ငါတို့ လူအင်အား လုံလောက်ပြီ" ဟု ပြောလိုက်သည်။

တင်းယန်သည် ဟန်ရှန်းမန်ကို မြင်သည်နှင့် အလိုလို သတိထားလိုက်မိသည်။

ထိုအမျိုးသမီးက အလွန်လှပလွန်းပြီး ဖြောင့်စင်းသွယ်လျသော ခြေတံရှည်များ ပိုင်ဆိုင်ထားကာ ယောက်ျားများကို ဖမ်းစားနိုင်သည့် ပုံစံမျိုး ဖြစ်နေသည်။

ထို့ကြောင့် သူမသည် ထိုအမျိုးသမီးကို သိပ်မကြည်ပေ။

သူမက ဘာမှမပြောဘဲ "ရှင်ပဲ ဆုံးဖြတ်လိုက်တော့" ဟုသာ ပြောလိုက်သည်။

ဒေါက်တာရန်က ဟန်ရှန်းမန်ထံ လျှောက်သွားပြီး "မိန်းကလေးဟန်... လောလောဆယ် ကျွန်တော်တို့ ပြဿနာလေး တစ်ခု တက်နေလို့... ခင်ဗျားတို့ရဲ့ အကူအညီ လိုအပ်နေတယ်" ဟု ပြောလိုက်သည်။

ဟန်ရှန်းမန်က "ကိုလင်းယွမ်က ကျွန်မတို့အသက်ကို ကယ်ခဲ့ဖူးတယ်... အခု ရှင်တို့ ကျွန်မတို့ကို လိုအပ်တယ်ဆိုရင် သေချာပေါက် ကူညီရမှာပေါ့... ပြောပါ... ကျွန်မတို့ ဘာလုပ်ပေးရမလဲ" ဟု ချက်ချင်း တုံ့ပြန်လိုက်သည်။

ဒေါက်တာရန်က "ကျွန်တော်တို့အခု လူနှစ်စု ခွဲဖို့ လိုနေတယ်... တစ်စုက ကျောက်တွင်းကို ရန်သူတွေ ဝင်မစီးအောင် ဒီမှာ စောင့်နေရမယ်... နောက်တစ်စုက အစ်ကိုလင်းကို သွားကူညီရမယ်" ဟု ပြောပြလိုက်သည်။

ဟန်ရှန်းမန်က ကြားသည်နှင့် "ကျွန်မ ရှင်တို့နဲ့လိုက်ပြီး အစ်ကိုလင်းကို ကူညီမယ်" ဟု ပြောလိုက်သည်။

ဒေါက်တာရန် ပြုံးလိုက်ပြီး "ဒါဆိုရင် ခင်ဗျားတို့ဆီက တိုက်ရည်ခိုက်ရည် ကောင်းတဲ့ အစွမ်းပိုင်ရှင် တချို့ကို ရွေးပြီး ညီမတင်းတို့နဲ့အတူ အစ်ကိုလင်းဆီ လိုက်သွားပေးပါ... ကျန်တဲ့လူတွေက ဒီမှာ နေခဲ့မယ်... ဘယ်လိုလဲ" ဟု ညှိနှိုင်းလိုက်သည်။

ဟန်ရှန်းမန်က တွေဝေမနေဘဲ သူမ၏ နောက်လိုက်များကို လှည့်ကြည့်ကာ "ဦးလေးကော... ရှမင်... ရှင်တို့နှစ်ယောက် ကျွန်မနဲ့အတူ အစ်ကိုလင်းဆီ လိုက်ခဲ့... ရှမင်... ဟုန်မြန်... ယိုယို... နင်တို့က ဒီမှာ နေခဲ့ကြ"

"ဟုန်မြန်... တကယ်လို့ ဒီမှာ တစ်ခုခု ဖြစ်ရင် ငါတို့ကို ချက်ချင်း လာသတင်းပို့နော်"

လော်ဟုန်မြန်၏ အစွမ်းမှာ လျှပ်စီးအလျင် ဖြစ်ပြီး အမြန်နှုန်းကို အားပြုရသည့် အစွမ်းပိုင်ရှင် ဖြစ်သဖြင့် သတင်းပို့ရန် အသင့်တော်ဆုံး ဖြစ်သည်။

မုန့်ယိုယို၏ အစွမ်းမှာ ဝိညာဉ်တေးသွား ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ကုသပေးနိုင်သည့် ကုသရေး အစွမ်းဖြစ်သဖြင့် စစ်မြေပြင်နှင့် မသင့်တော်ပေ။

ကောလီနှင့် ရှမင်တို့ နှစ်ဦးစလုံးမှာ မဆိုးရွားသော တိုက်ခိုက်စွမ်းရည်များ ရှိကြသဖြင့် မည်သူမဆို သူမနှင့် လိုက်၍ရသည်။

သို့သော် သူမက ရှမင်ကို ရွေးချယ်လိုက်ရခြင်းမှာ ရှမင်သည် တစ်ကိုယ်လုံးကို သတ္တုအဖြစ် ပြောင်းလဲနိုင်ပြီး အသက်အန္တရာယ်မှ လွတ်မြောက်နိုင်စွမ်း မြင့်မားသောကြောင့် ဖြစ်သည်။

ဟန်ရှန်းမန် ကောင်းကောင်း သိထားသည်မှာ ကိုးဝူမျှော်စင်တွင် ရှိနေသူများမှာ သာမန်လူများ မဟုတ်ကြဘဲ တကယ်တမ်း တိုက်ခိုက်ရပါက အလွန် အန္တရာယ်များပေလိမ့်မည်။

သူမက သူမ၏ လူများကို ထိခိုက်ဒဏ်ရာ မရစေချင်သဖြင့် ဤကဲ့သို့ စီစဉ်လိုက်ခြင်း ဖြစ်သည်။

ထို့ပြင် သူမသည် အစ်ကိုလင်းကို စိတ်ရင်းမှန်ဖြင့် ကူညီချင်သောကြောင့် ဦးလေးကောကိုပါ ခေါ်လိုက်ခြင်း ဖြစ်သည်။

သူမ အပါအဝင် သူတို့သုံးဦး၏ တိုက်ခိုက်စွမ်းရည်မှာ လုံးဝ မညံ့ဖျင်းပေ။

တင်းယန်က ထိုအခြေအနေကို မြင်သောအခါ "လူရွေးပြီးပြီဆိုရင်လည်း အမြန်သွားကြစို့" ဟု တိုက်တွန်းလိုက်သည်။

ထို့နောက် တင်းယန်က ဝူယင်နှင့် ရှီဟိုင်ကျူးတို့ကို ခေါ်ဆောင်ကာ ဟန်ရှန်းမန်က ဦးလေးကောနှင့် ရှမင်တို့ကို ဦးဆောင်လျက် ကျောက်တွင်းမှ အလျင်အမြန် ထွက်ခွာပြီး တောင်ထိပ်ရှိ ကိုးဝူမျှော်စင်ဆီသို့ ဦးတည်သွားကြတော့သည်။

ကိုးဝူမျှော်စင်သည် ထိုက်ယန်တောင်၏ အရှေ့ဘက် တောင်ကုန်းပေါ်ရှိ လူလုပ် ရှုခင်းကြည့် စင်မြင့်တစ်ခု ဖြစ်သည်။

အပေါ်တွင် အပန်းဖြေစရာ ဇရပ်များ ရှိရုံသာမက ခရီးသွားများ ထမင်းစား၊ လက်ဖက်ရည်သောက်နိုင်သည့် အဆောက်အအုံများလည်း ရှိသည်။

တောင်ကမ်းပါးယံဘက်တွင် ရှုခင်းကြည့် စင်မြင့်တစ်ခု ဆောက်လုပ်ထားပြီး ထိုစင်မြင့်ပေါ်တွင် အခကြေးငွေ ပေးရသည့် တယ်လီစကုပ် တစ်ခုလည်း ရှိလေသည်။

ကျူအာကုဒ်ကို စကင်န်ဖတ်ပြီး ငွေပေးချေလိုက်သည်နှင့် အသုံးပြု၍ ရသည်။

ယခုအချိန်တွင် ထူလုံသည် ထိုတယ်လီစကုပ်ဘေး၌ ရပ်နေပြီး ဟုန်ဖူအား "အရင်တုန်းက ဒီထိုက်ယန်တောင်ကို ငါခဏခဏ ရောက်ဖူးတယ်... အဲဒီတုန်းက ငါက ပိုက်ဆံတစ်ပြားတောင် အကုန်မခံနိုင်ဘူး... ဒီတယ်လီစကုပ်အစုတ်က တစ်ယွမ်တောင် ပေးရတာ... ကြည့်ရတာကလည်း မိနစ်ပိုင်းလေးပဲ" ဟု ပြောနေသည်။

သူက ခေါင်းငုံ့ကာ တယ်လီစကုပ်မှတစ်ဆင့် ရေလွှမ်းမိုးနေသော နေရာများရှိ အဆောက်အအုံများကို လှမ်းကြည့်လိုက်သည်။

"ဒီနေရာက တကယ့် နေရာကောင်းပဲကွ... နှမြောစရာပဲ... အကာအကွယ် မရှိတော့ ရွှေနက်မျောက်ဝံကြီး ခဏခဏ ပြေးတက်လာပြီး လက်ဖက်ရည်ဆိုင်ကို နင်းချေဖျက်ဆီးသွားတာ"

"ဟေ... ဥက္ကဌဟုန်... လာကြည့်ပါဦး... ဟိုအဆောက်အအုံထဲမှာ... ဟားဟား... နေ့ခင်းကြောင်တောင် ပြတင်းပေါက်မှာ မှောက်ပြီး လုပ်နေကြတာ... တော်တော် ထန်ပါလားကွ"

ဟုန်ဖူက တောင်အောက်ရှိ အဆုံးအစမဲ့ ရေပြင်ကြီးကို လှမ်းကြည့်လိုက်သည်။ အနီးနားရှိ အထပ်နိမ့် အဆောက်အအုံများမှာ ရေလွှမ်းမိုး ခံထားရသည်မှာ ကြာပြီဖြစ်ပြီး အနီးဆုံး တိုက်မြင့်များမှာ ၆ မိုင်ခန့်အကွာတွင် ရှိလေသည်။

ထို့ကြောင့် သူက ပြုံးလိုက်ပြီး "မင်းကလည်း ငါ့လို အဘိုးကြီးကို လာနောက်မနေပါနဲ့ကွာ... ၆ မိုင် ပတ်လည်မှာ ရေတွေကြီးပဲ ရှိတာ... မင်းက ဘယ်နားက တိုက်ကို မြင်ရတာတုန်း" ဟု ပြောလိုက်သည်။

ထူလုံက မတ်တတ်ထရပ်ကာ ဟားတိုက် ရယ်မောလိုက်ပြီး ဟုန်ဖူကို လက်ညှိုးထိုးလျက် "ခင်ဗျားကတော့လေ... ဟာသကို နားမလည်ဘူး" ဟု ပြောလိုက်သည်။

ဟုန်ဖူလည်း ရယ်မောလိုက်ပြီး "ဒီတယ်လီစကုပ်က မဆိုးဘူးပဲ... အပြန်ကျရင် ဖြုတ်ပြီး ယူသွားမလား" ဟု မေးလိုက်သည်။

ထူလုံက ခေါင်းခါလျက် "ထားလိုက်ပါတော့ဗျာ... တယ်လီစကုပ် ဆိုတာက မြင့်တဲ့နေရာမှာ ရှိမှ အသုံးဝင်တာ... တောင်အောက်က တောအုပ်ထဲမှာ ဘာသွားကြည့်ရမှာလဲ... ကျုပ်မျက်လုံးလောက်တောင် အသုံးမဝင်ဘူး" ဟု ငြင်းလိုက်သည်။

ဟုန်ဖူက "ဟုတ်သားပဲ... မင်းက သိမ်းငှက်အဖြစ် ပြောင်းလဲလိုက်ရင် ကောင်းကင်ပေါ်ကနေ ဘာမဆို မြင်ရတာပဲဟာ" ဟု ထောက်ခံလိုက်သည်။

ထိုသို့ သူတို့နှစ်ဦး ရယ်မော ပြောဆိုနေစဉ်မှာပင် တောင်အောက် လမ်းမဆီမှ ခြေသံများ ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ကြသည်။

ကျိဖုန်းက အပြေးအလွှား တက်လာပြီး "ဆရာကြီး... သူဌေးလီ ရောက်လာပြီ" ဟု အလျင်အမြန် သတင်းပို့လိုက်သည်။

ထူလုံက ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီး "ဥက္ကဌဟုန်... လင်းမျိုးရိုး ရောက်လာပြီ... ခဏနေရင် ခင်ဗျားအလှည့်ပဲနော်" ဟု ပြောလိုက်သည်။

ဟုန်ဖူက "ငါ့တာဝန်ထားလိုက်ပါ" ဟု ပြုံးလျက် ပြန်ဖြေသည်။

ထိုသို့ ပြောနေစဉ်မှာပင် ဝမ်ရှောင်က လီယွဲ့ဖုန်းကို လမ်းပြလျက် လှေကားထစ်များအတိုင်း တက်လာကာ ဇရပ်ပေါ်သို့ ရောက်ရှိလာကြသည်။

ထူလုံက "သူဌေးလီ... မတွေ့တာ ကြာပြီပဲ" ဟု နှုတ်ဆက်လိုက်သည်။

လီယွဲ့ဖုန်းက ပြုံးလိုက်ပြီး "သိပ်လည်း မကြာသေးပါဘူး... ပြီးခဲ့တဲ့လက ကိုးဝူမျှော်စင်မှာ အရောင်းအဝယ် လုပ်တုန်းက ငါတို့ တွေ့ခဲ့ကြသေးတာပဲဟာ" ဟု ပြန်ပြောသည်။

"အမယ်... သုံးရက်လောက် မတွေ့ရရင်တောင် အံ့သြစရာတွေ ပြောင်းလဲသွားတတ်တာပဲ... အခု တစ်လလောက် မတွေ့ရတာ သူဌေးလီရဲ့ အစွမ်းတွေ အများကြီး တိုးတက်လာလောက်ရောပေါ့"

လီယွဲ့ဖုန်းကဲ့ရဲ့ပြုံး ပြုံးလိုက်ပြီး "တိုးတက်လား မတိုးတက်လား ဆိုတာက လက်တွေ့ စမ်းသပ်ကြည့်မှ သိမှာပေါ့" ဟု ပြောလိုက်သည်။

ထူလုံက ရယ်မောလျက် "လက်တွေ့စမ်းသပ်တာ ဆိုလို့... အဲဒီကိစ္စကို အကြိုက်ဆုံးက ထျန်ဝေလေ... နှမြောစရာပဲ... အဲဒီကောင်က အသက်တိုလွန်းတယ်... အပြင်က ရောက်လာတဲ့ကောင် လက်ချက်နဲ့ သေသွားရတယ်"

"မဟုတ်ရင် သူဌေးလီအနေနဲ့ ထျန်ဝေကို သွားပြီး စမ်းသပ်ကြည့်လို့ ရတာပေါ့"

လီယွဲ့ဖုန်းက မထီမဲ့မြင် ပြုံးလိုက်သည်။ ထူလုံ၏ စောင်းမြောင်း ပြောဆိုမှုကို သူနားလည်သည်။

သူ၏ အစွမ်းမှာ ကော်စေးရွှံ့ အစွမ်း ဖြစ်ပြီး ရော်ဘာကဲ့သို့ ဂုဏ်သတ္တိများ ရှိသော်လည်း အမှန်တကယ်တော့ ထျန်ဝေ၏ မီးအစွမ်းနှင့် တွေ့ပါက ရှုံးနိမ့်နိုင်ပေသည်။

လီယွဲ့ဖုန်းက "သေသွားတဲ့လူအကြောင်း ဘာပြောနေစရာ လိုလဲ... ထူလုံ... မင်း ငါ့ကို ခေါ်လိုက်တာ ဒါ ပြောချင်လို့လား" ဟု မေးလိုက်သည်။

ထူလုံက ဟားဟား ရယ်မောလိုက်ပြီး "ဘယ်ဟုတ်မှာလဲ" ဟု ငြင်းလိုက်သည်။

"ဒါဆို ငါတို့ လိုရင်းကို မသွားကြသေးဘူးလား"

"မလောပါနဲ့... နောက်တစ်ယောက် မရောက်သေးဘူး မဟုတ်လား"

လီယွဲ့ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်ပြီး "ဝူမုန့်... ရောက်နေမှတော့ ဘာလို့ ပုန်းကွယ်နေတာလဲ" ဟု အော်ပြောလိုက်သည်။

ထူလုံက ထိုစကားကို ကြားသောအခါ အံ့သြစွာဖြင့် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။

ထိုစဉ် ပြိုကျနေသော လက်ဖက်ရည်ဆိုင်ဘက်ရှိ အခန်းတံခါး ရုတ်တရက် ပွင့်လာသည်။

ယွမ်ရွေ့က ပြုံးလျက် "ကျွန်တော်တို့ ခေါင်းဆောင်က လက်ဖက်ရည် သောက်နေတာ... ခင်ဗျားတို့နှစ်ယောက်... အပြင်မှာ မိုးတွေ ရွာနေတာ အထဲဝင်ပြီး စကားပြောကြမလား" ဟု ဖိတ်ခေါ်လိုက်သည်။

လီယွဲ့ဖုန်းနှင့် ထူလုံတို့ ကြည့်လိုက်သောအခါ ပြိုကျနေသော အဆောက်အအုံထဲတွင် အခန်းတစ်ခန်းမှာ ကောင်းမွန်စွာ ကျန်ရှိနေသေးသည်ကို တွေ့လိုက်ရသည်။

ကျက်သရေရှိပြီး တည်ငြိမ်လှသော ကျွမ်းရှုယွမ်နှင့် ကြွက်သားအဖုအထစ်များဖြင့် ဝူမုန့်တို့သည် လေးထောင့်စားပွဲရှည် တစ်လုံးတွင် ထိုင်နေကြသည်။

ကျွမ်းရှုယွမ်က ဝူမုန့်အတွက် လက်ဖက်ရည် ငှဲ့ပေးနေပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးနုနုလေး ရှိနေကာ ပီဘီပန်းပွင့်ကြီး ပွင့်လန်းနေသကဲ့သို့ ကျက်သရေရှိလှသည်။

လီယွဲ့ဖုန်း၏ အကြည့်များက ကျွမ်းရှုယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် ခေတ္တမျှ ရပ်တန့်သွားပြီး မျက်ဝန်းနက်နက်ထဲ၌ တပ်မက်မှု အရိပ်အယောင်များ ယှက်သန်းသွားသည်။

ဒီလို မိန်းမမျိုးကို အောက်ကနေ ဖိထားရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ...

ကျွမ်းရှုယွမ်က သူ၏ မရိုးသားသော စိတ်ကို ခံစားမိလိုက်သဖြင့် မျက်နှာတွင် ရွံရှာသော အမူအရာ ပေါ်လာပြီး "လီယွဲ့ဖုန်း... ရှင်ရဲ့ ရွံစရာကောင်းတဲ့ စိတ်ကူးတွေကို ရပ်လိုက်တာကောင်းမယ်" ဟု အေးစက်စွာ ပြောလိုက်သည်။

ဝူမုန့်က ချက်ချင်း မျက်လုံးဖွင့်လာပြီး လီယွဲ့ဖုန်းကို အေးစက်စွာ စိုက်ကြည့်လျက် "မင်း သေချင်နေတာလား" ဟု မေးလိုက်သည်။

လီယွဲ့ဖုန်း ချက်ချင်း တုန်လှုပ်သွားပြီးမှ ကျွမ်းရှုယွမ်၏ အစွမ်းမှာ လူ့စိတ်ကို ဖတ်နိုင်စွမ်း ဖြစ်ကြောင်း သတိရသွားသည်။

မည်သည့် အတွေးအကြံမဆို ထိုအမျိုးသမီးရှေ့တွင် ဖုံးကွယ်ထား၍ မရနိုင်ပေ။

သူ ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီဆွေးနွေးပွဲက သူတို့ဘက်က နည်းနည်း နစ်နာနေသလိုပင်။

ဟုန်ဖူလည်း ကျွမ်းရှုယွမ်ကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

သို့သော် ချက်ချင်းပင် သူက ပြုံးလိုက်ပြီး ဂရုမစိုက်သလို နေလိုက်သည်။

သူက မတ်တတ်ထရပ်ကာ ပြုံးလျက် "ငါတို့က သေချာ မစဉ်းစားမိဘူးပဲ... လာပါ... သူဌေးလီ... ခေါင်းဆောင်ထူ... ငါတို့ အခန်းထဲဝင်ပြီး အတူတူ ဆွေးနွေးကြတာပေါ့" ဟု ပြောလိုက်သည်။

ထူလုံနှင့် လီယွဲ့ဖုန်းတို့လည်း ဘာမှ မပြောတော့ဘဲ နေရာမှ ထကာ လက်ဖက်ရည်ခန်းထဲသို့ ဝင်သွားကြသည်။

လူစုံသည်နှင့် ဝူမုန့်က လိုရင်းကို ချက်ချင်း မေးလိုက်သည်။ "ဒီတစ်ခေါက် အနီရောင်အသားနဲ့ အဖြူရောင်အသားတွေကို မင်းတို့ ယူသွားတာလား"

ထူလုံက ချက်ချင်းပင် "ဝူမုန့်... ငါ့လူတွေ မင်းကို မပြောဘူးလား... အနီရောင်အသားနဲ့ အဖြူရောင်အသားတွေ ငါတို့ ဖုန်းဟွမ်ဘုရားကျောင်းမှာလည်း ကိုးဆယ်ရာခိုင်နှုန်း ပျောက်နေတယ်" ဟု ပြန်ဖြေသည်။

ဝူမုန့်က ထူလုံကို မကြည့်ဘဲ ကျွမ်းရှုယွမ်ကို ကြည့်လိုက်သည်။

ကျွမ်းရှုယွမ်က သူမ၏ အစွမ်းကို အသုံးပြုပြီး ထူလုံ လိမ်ညာမပြောကြောင်း သိလိုက်ရသဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။

ဝူမုန့်က လီယွဲ့ဖုန်းကို တိုက်ရိုက် ကြည့်လိုက်ပြီး "လီယွဲ့ဖုန်း... မိန်ဟွာဥယျာဉ်က လူတွေကော အသားတွေ ယူသွားသေးလား" ဟု မေးလိုက်သည်။

လီယွဲ့ဖုန်းက ကျွမ်းရှုယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်သော အမူအရာဖြင့် "ငါတို့ဆီမှာလည်း ကိုးဆယ်ရာခိုင်နှုန်း ပျောက်သွားတယ်" ဟု ဖြေလိုက်သည်။

ကျွမ်းရှုယွမ်က နောက်တစ်ကြိမ် ခေါင်းညိတ်ပြသည်။

ဝူမုန့်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားကာ "ဒါဆိုရင် မီးဝါးတောက လူတွေ လက်ချက်ပဲ ဖြစ်ရမယ်ပေါ့" ဟု ကောက်ချက်ချလိုက်သည်။

"ဒါ ပြောစရာ လိုသေးလို့လား... ဒီကျွန်းပေါ်မှာ ငါတို့ကလွဲရင် ဘယ်သူ ရှိသေးလို့လဲ" ဟု ထူလုံက ဝင်ပြောလိုက်သည်။

ဟုန်ဖူကလည်း ပြုံးလိုက်ပြီး "လူကြီးမင်းတို့... လင်းမျိုးရိုးတို့ လူစုက တောင်ပေါ်တက်တာနဲ့ စည်းကမ်း မလိုက်နာကြဘူး... ဂါရဝ မပြုတဲ့အပြင် အခု ထျန်ဝေကိုပါ သတ်ပြီး ကျောက်တွင်းကို သိမ်းပိုက်လိုက်တယ်"

"အသားကိစ္စကို ခဏထားဦး... ကျောက်တွင်းကိစ္စကို ငါတို့ လေးဖွဲ့လုံး သဘောတူထားပြီးသားလေ"

"ထျန်ဝေက ကျောက်တွင်းကို သိမ်းပိုက်ထားပေမယ့် လေးပုံတစ်ပုံပဲ ယူတာပါ... ကျန်တဲ့ ခြောက်ပုံကို ငါတို့တွေ ခွဲဝေယူကြတာလေ"

"အခု လင်းမျိုးရိုးက ထျန်ဝေကို သတ်ပြီး ကျောက်တွင်းကို လက်ဝါးကြီးအုပ်လိုက်ပြီ... ကြည့်ရတာ သူက ငါတို့နဲ့ ခွဲဝေယူဖို့ အစီအစဉ် ရှိပုံမရဘူး"

"သူက ထျန်ဝေပိုင်ဆိုင်တာကို လုယူတာတင် မကဘူး... ငါတို့ ဝေစုကိုပါ လုယူလိုက်တာပဲ... ခင်ဗျားတို့ ပြောကြည့်... ဘယ်လို လုပ်ကြမလဲ" ဟု မီးထိုးပေးလိုက်သည်။

ထူလုံက "ဒါ ဘာပြောစရာ ရှိသေးလဲ... ငါတို့ သုံးဖွဲ့ ပေါင်းပြီး လင်းမျိုးရိုးကို သတ်... ကျောက်တွင်းကို ခွဲယူလိုက်ရုံပေါ့" ဟု ချက်ချင်း ပြောလိုက်သည်။

လီယွဲ့ဖုန်းက ထူလုံကို ကြည့်လိုက်ပြီး "လင်းမျိုးရိုးကို သတ်ဖို့ကတော့ ပြောစရာ မလိုပါဘူး... ဒါပေမဲ့ သူ့ကို သတ်ပြီးရင် ကျောက်တွင်းက အရင်းအမြစ်တွေကို ဘယ်လို ခွဲမလဲ" ဟု မေးလိုက်သည်။

"သုံးဖွဲ့ ညီတူညီမျှ ခွဲယူကြတာပေါ့" ဟု ထူလုံက ပြန်ဖြေသည်။

လီယွဲ့ဖုန်းက ထပ်မံ၍ "ဒါဆို လင်းမျိုးရိုးရဲ့ ပိုင်ဆိုင်မှုတွေကိုကော ဘယ်လိုခွဲမလဲ" ဟု မေးလိုက်သည်။

ထိုအချိန်တွင် ကျွမ်းရှုယွမ်က "လင်းမျိုးရိုးရဲ့ ပိုင်ဆိုင်မှုတွေကို ကျွန်မတို့ လိုချင်တယ်" ဟု ဝင်ပြောလိုက်သည်။

လီယွဲ့ဖုန်း မျက်ခုံးပင့်သွားပြီး လင်းယွမ်၏ ပိုင်ဆိုင်မှုများမှာ မနည်းလောက်ကြောင်း ချက်ချင်း ရိပ်မိသွားသည်။

ထို့ကြောင့် ချက်ချင်းပင် "မဖြစ်ဘူး... ညီတူညီမျှ ခွဲမယ်ဆိုရင် အားလုံးကို ညီတူညီမျှ ခွဲရမယ်"

"ကျောက်တွင်း အရင်းအမြစ်တွေကိုလည်း ညီတူညီမျှ ခွဲရမယ်... လင်းမျိုးရိုးရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ညီတူညီမျှ ခွဲရမယ်" ဟု ငြင်းလိုက်သည်။

ထူလုံလည်း သဘောပေါက်သွားပြီး လင်းယွမ်သည် သားကောင်ကြီး တစ်ကောင် ဖြစ်နိုင်ကြောင်း တွေးမိလိုက်သည်။

သူက "ငါ သူဌေးလီရဲ့ သဘောထားကို ထောက်ခံတယ်... ညီတူညီမျှ ခွဲမယ်ဆိုမှတော့ အကုန်လုံးကို ညီတူညီမျှ ခွဲသင့်တာပေါ့" ဟု ဝင်ပြောသည်။

ကျွမ်းရှုယွမ် မျက်မှောင်ကြုတ်လိုက်ပြီး "ပစ္စည်းတွေကို ခွဲယူလို့ ရပါတယ်... လူတွေကိုကော ဘယ်လို လုပ်မလဲ" ဟု မေးလိုက်သည်။

ထူလုံက ချက်ချင်းပင် "လူကိုတော့ ငါ နည်းနည်းပဲ ယူမယ်... ပစ္စည်းကိုတော့ ပိုယူမယ်" ဟု ပြောလိုက်သည်။

လီယွဲ့ဖုန်းက "မဖြစ်ဘူး... သာမန်လူတွေကို ယူပြီး ဘာလုပ်မှာလဲ... အစာဖြုန်းတီးရာ ရောက်တယ်... အဲဒီလိုဆိုရင် ငါလည်း ပစ္စည်းပဲ ပိုယူမယ်... လူကိုတော့ နည်းနည်းပဲ ယူမယ်... ကျောက်တူးဖို့လောက်ပဲ ချန်ထားမယ်" ဟု ပြောလိုက်သည်။

ကျွမ်းရှုယွမ်က တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း ဝူမုန့်၏ မျက်နှာထား မည်းမှောင်နေသည်ကို သတိထားမိလိုက်သည်။

သူမ ရင်ထိတ်သွားပြီးမှ ဝူမုန့်သည် အချင်းချင်း တိုက်ခိုက်ခြင်းကို အမုန်းဆုံး ဖြစ်ပြီး လူ့အသက်ကို ကုန်ပစ္စည်းသဖွယ် သဘောထားကာ အရောင်းအဝယ် လုပ်နေသည့် ပုံစံမျိုးကို ပို၍ ရွံရှာကြောင်း သတိရသွားသည်။

ကျွမ်းရှုယွမ်က အကြံတစ်ခု ရသွားပြီး ပြုံးလျက် "ဒါဆိုရင် ဒီလိုလုပ်... လူတွေကို ကျွန်မတို့ ပိုယူမယ်... ပစ္စည်းတွေကိုတော့ လျှော့ယူမယ်လေ" ဟု ပြောလိုက်သည်။

"အစ်ကိုမုန့်... ရှင် ဘယ်လို သဘောရလဲ"

ဝူမုန့်က အေးစက်စွာဖြင့် "လူတွေကို ခင်ဗျားတို့ မလိုချင်ရင် ကျုပ်တို့ အကုန်ယူမယ်... လင်းယွမ်ရဲ့ လူတွေက စိတ်ရင်း မဆိုးကြဘူး... ခင်ဗျားတို့ ကျောက်တွင်းကို လုချင်ရင် လု... လူကိုတော့ မထိနဲ့... လင်းယွမ် အပါအဝင်ပဲ" ဟု ပြောလိုက်သည်။

ထူလုံ ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး "ဝူမုန့်... မင်း ဦးနှောက် ပျက်နေလား... လင်းမျိုးရိုးကို မသတ်ဘဲ ဒီအတိုင်း ထားလိုက်ရင် နောက်ကျ သူက ငါတို့ကို ပြန်မတိုက်ခိုက်ဘူးလို့ ပြောနိုင်လား" ဟု အော်ပြောလိုက်သည်။

လီယွဲ့ဖုန်းကလည်း မဲ့ရွဲ့စွာဖြင့် "ဝူမုန့်... မင်းတို့ သိုင်းဘုရင်ဂေဟာကလည်း ဝေစု လိုချင်နေပြီးတော့ သူတော်ကောင်း လာမလုပ်နဲ့ဗျာ"

"လင်းမျိုးရိုးကို ချန်ထားလို့ မရဘူး... ဒီကောင်က တစ်ကိုယ်တော်သမား... ထျန်ဝေကို သတ်နိုင်တယ် ဆိုကတည်းက သူ့အစွမ်းက သေချာပေါက် ငါတို့ထက် မညံ့ဘူး... သူ့ကို ချန်ထားရင် ဒုက္ခပဲ ရစရာ ရှိတယ်"

ဝူမုန့်က လေးနက်သော အသံဖြင့် "ကျောက်တွင်းကို ရောက်ရင် ကျုပ် သူ့ကို အရင် စိန်ခေါ်မယ်... သူ ရှုံးသွားရင် ကျောက်တွင်းကို ပိုင်ဆိုင်ခွင့် မရှိတော့ဘူး... အဲဒီကျရင် ခင်ဗျားတို့နဲ့ ရန်ငြိုးဖွဲ့စရာ အကြောင်း မရှိတော့ဘူး" ဟု ပြောလိုက်သည်။

လီယွဲ့ဖုန်းနှင့် ထူလုံတို့က ဝူမုန့်ကို ကြည့်လိုက်ကြသည်။

လီယွဲ့ဖုန်း မျက်လုံးများ ကျဉ်းမြောင်းသွားပြီး "ဘာလဲ... မင်းက အဲဒီ လင်းယွမ်ကို လက်အောက်ငယ်သား အဖြစ် သိမ်းသွင်းချင်နေတာလား" ဟု မေးလိုက်သည်။

ထူလုံလည်း လန့်သွားပြီး ဝူမုန့်ကို ကြည့်လိုက်သည်။ ဝူမုန့်က လင်းယွမ်၏ တိုက်ခိုက်စွမ်းရည်ကို တကယ်ပဲ သဘောကျနေတာလား။

ဒါဆို မဖြစ်ချေ။ တကယ်လို့ လင်းယွမ်သာ သိုင်းဘုရင်ဂေဟာထဲ ဝင်သွားပါက သိုင်းဘုရင်ဂေဟာ၏ အင်အားက အဆမတန် ကြီးထွားလာပေလိမ့်မည်။

ဒါဆို နောက်ပိုင်း သူတို့ ဖုန်းဟွမ်ဘုရားကျောင်းက သိုင်းဘုရင်ဂေဟာ၏ မျက်နှာကို ကြည့်နေရတော့မည် မဟုတ်လား။

သူနှင့် လီယွဲ့ဖုန်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ဖက်လူ၏ စိတ်ကို ချက်ချင်း ရိပ်မိလိုက်ကြသည်။ မျက်နှာထားများလည်း တဖြည်းဖြည်း တင်းမာလာကြသည်။

တစ်ခဏအတွင်းမှာပင် သူတို့နှစ်ဦး တစ်ဖက်တည်း ပါသွားကြသည်။

ဒီလင်းယွမ် ဆိုတဲ့ကောင်ကို မဖြစ်မနေ သတ်မှ ရမည်။

ကျွမ်းရှုယွမ်လည်း သူတို့နှစ်ဦး၏ အတွေးကို ချက်ချင်း သိလိုက်သဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။

လင်းယွမ် သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ သူမအတွက် အရေးမကြီးပေ။

သို့သော် အဓိကအချက်မှာ လင်းယွမ်သည် ဟင်းလင်းပြင် အစွမ်းပိုင်ရှင် ဖြစ်ပြီး များပြားလှသော ပစ္စည်းများကို ပိုင်ဆိုင်ထားပါက သေလို့မဖြစ်ပေ။

သူမ မျက်ဝန်းများ အရောင်လက်သွားပြီး "ရှင်တို့... ဒီကိစ္စက ညှိနှိုင်းလို့ မရတာ မဟုတ်ပါဘူး... ကျွန်မတို့ သူ့ကိုအရင်ဆုံး လက်နက်ချခိုင်းကြည့်လို့ ရတာပဲ... မဖြစ်မနေ တိုက်ခိုက်မှ ရမှာမှ မဟုတ်တာ"

"တကယ်လို့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ရင် ပိုမကောင်းဘူးလား"

"ညီမကျွမ်း... နင်က သိပ်ရိုးတာပဲ... လင်းမျိုးရိုးက ကျောက်တွင်း အကျိုးအမြတ်ကို စွန့်လွှတ်ပါ့မလား... သူသာ စွန့်လွှတ်ချင်ရင် နင်တို့ ပူးပေါင်းဖို့ ကမ်းလှမ်းတာကို ငြင်းပါ့မလား" ဟု ထူလုံက ရုတ်တရက် ဟားတိုက် ရယ်မောလိုက်သည်။

ကျွမ်းရှုယွမ် မျက်နှာ ပျက်သွားပြီး "ဘယ်သူက ပြောလဲ ကျွန်မတို့က သူနဲ့ ပူးပေါင်းမယ်လို့"

ထူလုံ ဘေးနားရှိ ဟုန်ဖူက ပြုံးလိုက်ပြီး "ညီမကျွမ်း... လူတွေကို အရူး မလုပ်ပါနဲ့ဗျာ... နင်တို့က မီးဝါးတောကို စွန့်လွှတ်ပြီး သူတို့နဲ့ ဘယ်လောက်ထိ နီးနီးကပ်ကပ် နေသလဲ ဆိုတာ ငါတို့ မသိဘူး ထင်နေလား"

"လင်းမျိုးရိုးက ထျန်ဝေကို သတ်ပြီး ကျောက်တွင်းကို သိမ်းပိုက်လိုက်ကတည်းက ငါတို့ သူ့ကို စာရင်းရှင်းမယ် ဆိုတာ သူ မသိဘဲ နေမလား"

"နင်တို့က သူတို့နဲ့ အနီးဆုံးမှာ ရှိနေတာ... ကြိုတင် ဆက်သွယ်ထားတာမျိုး မရှိဘူးလား"

"ဟဲဟဲ... ကြည့်ရတာ နင်တို့ ဆက်သွယ်ရုံတင် မကဘူး... အရောင်းအဝယ် လုပ်ဖို့ပါ ကမ်းလှမ်းခဲ့သေးတယ် မဟုတ်လား... လင်းမျိုးရိုးက လက်မခံခဲ့ဘူးမလား"

ဟုန်ဖူ၏ စကားကြောင့် ကျွမ်းရှုယွမ် မျက်နှာ အလွန်အရုပ်ဆိုးသွားသည်။

ဝူမုန့်က အေးစက်စွာဖြင့် "ဟုန်ဖူ... ထူလုံ... လီယွဲ့ဖုန်း... ခင်ဗျားတို့ ရည်ရွယ်ချက်က ကျောက်တွင်းပဲ... ဘာလဲ... လူသတ်မှ ရမှာလား" ဟု မေးလိုက်သည်။

ဟုန်ဖူက ပြုံးလိုက်ပြီး "ဘယ်သူက လူသတ်ချင်မှာလဲဗျာ... အရူးမှ မဟုတ်တာ... ဒါပေမဲ့ တစ်ခါတလေကျရင်လည်း မတတ်သာလို့ပါ... ငါတို့ သူ့ကို မသတ်ရင် နောင်ကျ သူ ငါတို့ကို ပြန်လက်စားမချေဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ"

ထိုအချိန်တွင် လီယွဲ့ဖုန်းက "ဝူမုန့်... မင်းလည်း ခေါင်းဆောင်တစ်ယောက်ပဲ... သိပ်ပြီး ရိုးအမနေပါနဲ့လား... ကျောက်တွင်းကိုလည်း လိုချင်တယ်... သွေးထွက်သံယိုလည်း မဖြစ်ချင်ဘူး ဆိုတော့... မင်းက အကောင်းပဲ လိုချင်နေတာလား" ဟု ဝင်ပြောသည်။

ဝူမုန့် မျက်နှာထား တင်းမာသွားပြီး လီယွဲ့ဖုန်းကို ကြည့်ကာ "ကျုပ်က သွေးချောင်းစီးမှာကို မမြင်ချင်ရုံပဲ... လင်းယွမ်က သဘောမဆိုးတဲ့ အစွမ်းပိုင်ရှင် တစ်ယောက်ပါ... သူ့အစွမ်းက တော်တော် ကောင်းတယ်... တကယ်လို့ သူသာ ကျုပ်တို့နဲ့ ပူးပေါင်းနိုင်ရင် ထိုက်ယန်တောင်ကို ကာကွယ်ဖို့နဲ့ ခိုလှုံရေးစခန်းကို စောင့်ရှောက်ဖို့အတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်" ဟု အေးစက်စွာ ပြောလိုက်သည်။

လီယွဲ့ဖုန်းက ကဲ့ရဲ့လိုက်ပြီး "မင်း အိပ်မက်မက်နေတာလား... သူ ခက်ခက်ခဲခဲ တိုက်ယူထားတဲ့ ကျောက်တွင်းကို မင်း လုယူလိုက်မှတော့ သူက ငါတို့နဲ့ လာပူးပေါင်းပါ့မလား... မင်းကိုတောင် သတ်ချင်နေမှာ"

ဝူမုန့်က အေးစက်စွာဖြင့် "အဲဒီလိုဆိုရင်တော့ သူ့အခြေအနေ သူမသိတာပဲ... အဲဒီအချိန်ကျရင် ကျုပ်ကိုယ်တိုင် သူ့ကို ရှင်းပစ်မယ်" ဟု ပြန်ပြောလိုက်သည်။

လီယွဲ့ဖုန်းက ဟားဟား ရယ်မောလိုက်ပြီး ခေါင်းခါလျက် "ဝူမုန့်... မင်းကတော့ မောက်မာတုန်းပဲ... ကောင်းပြီလေ... ငါ မင်းကို မျက်နှာမထောက်ဘူး မပြောနဲ့... လင်းမျိုးရိုးကို ဖမ်းမိရင် ငါ မင်းကို အခွင့်အရေး ပေးမယ်... သူ့ကို လက်နက်ချဖို့ ပြောကြည့်... သူသာ လက်မခံရင်..."

ဝူမုန့်က ချက်ချင်းပင် "ဒါဆိုရင် ကျုပ်ကိုယ်တိုင် ရှင်းမယ်" ဟု ပြတ်သားစွာ ပြောလိုက်သည်။

လီယွဲ့ဖုန်းက ဟဲဟဲ ရယ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ။

ဘေးနားရှိ ထူလုံလည်း ဝင်ရယ်လိုက်ပြီး ဝူမုန့်ကို အလွန်တုံးအသည်ဟု တွေးလိုက်မိသည်။

သူတို့ စကားပြောနေစဉ်မှာပင် အပြင်ဘက်မှ အလောတကြီး ခြေသံများ ထွက်ပေါ်လာသည်။

"ခေါင်းဆောင်... ဥက္ကဌဟုန်... ဒုက္ခပဲ... လင်းယွမ် ရောက်လာပြီ" ဟု ကျိဖုန်းက ထူလုံနှင့် ဟုန်ဖူတို့ကို အလောတကြီး သတင်းပို့လိုက်လေသည်။

ဆက်ရန်...

All Chapters