အခန်း (၂၄၇-၂၄၈)
Vol. 13 Ch. 247-248
အပိုင်း(၂၄၇) လင်းယွမ် ရောက်ရှိလာခြင်း
"ဘာ"
"လင်းယွမ် ရောက်လာပြီလား"
"ဘယ်သူ သတင်းပေါက်ကြားလိုက်တာလဲ"
ထိုနေရာရှိ လူအများမှာ အံ့အားသင့်သွားကြသည်။
ထို့နောက် သူတို့သည် နေရာမှ အသီးသီး ထရပ်လိုက်ကြပြီး အပြင်ဘက်ရှိ ရှည်လျားသော ဇရပ်ဆောင်ဆီသို့ လျှောက်သွားလိုက်ကြ၏။
ဇရပ်ဆောင်ပေါ်၌ ရပ်ကြည့်လိုက်ကြရာ တောင်အောက်ရှိ တောင်တက်လမ်းမပေါ်၌ လူရိပ်တစ်ခု ဖြည်းညှင်းစွာ လျှောက်လှမ်းလာနေသည်ကို လူတိုင်း မြင်တွေ့လိုက်ကြရသည်။
မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း သူ့ခန္ဓာကိုယ်ပေါ်သို့ မကျရောက်မီ ဘေးဘက်သို့ အလိုအလျောက် လျောကျသွားသည်။
သူ့ခန္ဓာကိုယ်တွင် မမြင်နိုင်သော အကာအကွယ် အတားအဆီးတစ်ခု ရှိနေသကဲ့သို့ မိုးစက်များကို အလိုအလျောက် ကာကွယ်ပေးထားလေသည်။
ထူလုံက ခေါင်းလှည့်ကာ ဝူမုန့်ကို ကြည့်လိုက်ပြီး "မင်း သူ့ကို လာဖို့ အကြောင်းကြားလိုက်တာလား"
ဝူမုန့်က စကားပြန်မပြောဘဲ ကျွမ်းရှုယွမ်ကို လှမ်းကြည့်လိုက်ရာ ကျွမ်းရှုယွမ်က ခေါင်းခါပြပြီး "ကျွန်မတို့ မဟုတ်ဘူး"
ထူလုံက မျက်ခုံးပင့်လိုက်ပြီး "ဟမ်... ဒါဆို သူက ဘယ်လိုလုပ် ရောက်လာတာလဲ"
လီယွဲ့ဖုန်းက အသာပြုံးလိုက်ပြီး "ရောက်လာတော့လည်း ပိုမကောင်းဘူးလား... ကျောက်တွင်းဧရိယာအထိ သွားရှာနေစရာ မလိုတော့ဘူးလေ"
ထူလုံလည်း ချက်ချင်း ရယ်မောလိုက်ပြီး "မင်းပြောတာ ဟုတ်တယ်... ဒါဆိုရင် စောစောက ပြောထားတဲ့အတိုင်း ကျောက်တွင်းကို သုံးပုံ ခွဲယူကြတာပေါ့... ဝူမုန့်... ငါတို့ မင်းကို အခွင့်အရေး မပေးဘူးလို့ မပြောနဲ့နော်... မင်း အရင်သွားပြီး လက်နက်ချဖို့ ပြောလိုက်"
"တကယ်လို့ သူက ကျောက်တွင်းဧရိယာကို စွန့်လွှတ်ဖို့ ဆန္ဒရှိတယ်... ကျောက်တွင်းကနေ ကိုယ့်သဘောဆန္ဒအလျောက် ထွက်သွားပေးမယ်ဆိုရင် ငါတို့ လက်မပါဘဲ နေပေးလို့ရတယ်"
ဝူမုန့်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် လှည့်ထွက်ကာ တောင်တက်လမ်းရှိရာဆီသို့ လျှောက်သွားလေသည်။
ထိုအချိန်၌ တောင်တက်လမ်းပေါ်တွင် ယွမ်ရွေ့က မြေကြီးထဲမှ ရုတ်တရက် တိုးထွက်လာပြီး လင်းယွမ်၏ ရှေ့မှ ပိတ်ရပ်လိုက်သည်။
"ကိုလင်းယွမ်... မတွေ့တာ ကြာပြီနော်" ယွမ်ရွေ့က ပြုံးစိစိဖြင့် ပြောလိုက်၏။
ထိုအချိန်မှာပင် တောင်တက်လမ်းပေါ်သို့ နောက်ထပ် လူရိပ်နှစ်ခု ပြေးဆင်းလာကြသည်။
တစ်ယောက်မှာ ဖုန်းဟွမ်ဘုရားကျောင်း ခိုလှုံရေးစခန်းမှ ကျိဖုန်း ဖြစ်ပြီး နောက်တစ်ယောက်မှာမူ မိန်ဟိုင်ဥယျာဉ်မှ ခွန်ရှန်း ဖြစ်လေသည်။
ထိုခွန်ရှန်း၏ ပခုံးပေါ်တွင် ချင်းရှောင်ယန်၏ လေဓားဖြင့် ခုတ်ပိုင်းခံထားရသော ဒဏ်ရာတစ်ခုရှိနေပြီး ပတ်တီးဖြင့် တင်းကျပ်စွာ စည်းနှောင်ထားသည်။
သူတို့သုံးဦးစလုံး တောင်တက်လမ်းပေါ်တွင် ရပ်လိုက်ကြပြီး အပေါ်သို့ တက်ရာလမ်းကို ပိတ်ဆို့ထားလိုက်ကြ၏။
လင်းယွမ်က ပြုံးလိုက်ပြီး "ပင်လယ်ရေလှိုင်းတွေ ငြိမ်သွားရင် ကိုးဝူမျှော်စင်မှာ ဈေးရောင်းပွဲတော် ရှိတယ်လို့ ပြောထားတယ် မဟုတ်လား... မင်းတို့အားလုံး ဈေးရောင်းပွဲတော် လာဆင်နွှဲကြတာလား"
ယွမ်ရွေ့မှာ ကြောင်အမ်းသွားပြီး ချက်ချင်းပင် ရယ်မောကာ ခေါင်းခါလိုက်ပြီး "ကိုလင်းယွမ်... ဝူယင်က ခင်ဗျားကို တကယ်ပဲ ဘာမှ ပြောမပြထားဘူးနဲ့ တူတယ်"
"ဒါမှမဟုတ် ခင်ဗျားကပဲ တုံးချင်ယောင်ဆောင်နေတာလား"
လင်းယွမ်က ယွမ်ရွေ့ကို ကြည့်လိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောကာ "အော်... မင်းက ကျောက်တွင်းကိစ္စကို ပြောနေတာလား"
သူက ခြေလှမ်းမပျက်ဘဲ ဆက်လက် လျှောက်လှမ်းလာရင်း "ဝူယင်က ငါ့ကို ပြောပြပြီးသားပါ... မင်းတို့ သိုင်းဘုရင်ဂေဟာက တူးဖော်ခွင့် ၇၀ ရာခိုင်နှုန်း လိုချင်တယ်ဆို... ဒါတောင် ငါတို့ကို ဦးစားပေးထားတာဆိုလားပဲ"
ယွမ်ရွေ့၏ အပြုံးများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး မျက်နှာထား တင်းမာလာသည်။
"ကိုလင်းယွမ်... ကျွန်တော် ယွမ်ရွေ့က ခင်ဗျား ကျွေးတဲ့ ထမင်းတစ်နပ်ကို စားခဲ့ဖူးလို့ ဒီနေရာမှာ ခင်ဗျားကို ကောင်းကောင်းမွန်မွန် ပြောနေတာနော်"
"ခင်ဗျားကို စကားတစ်ခွန်းပဲ အကြံပေးမယ်... ကျောက်တွင်းဆိုတာ အကျိုးအမြတ် အရမ်းကြီးမားတယ်... ခင်ဗျားတစ်ယောက်တည်း မျိုချလို့ရမှာ မဟုတ်ဘူး... လက်လွှတ်လိုက်တာက ခင်ဗျားတို့အတွက် ကောင်းတဲ့ကိစ္စပဲ"
လင်းယွမ်က အားရပါးရ ရယ်မောလိုက်ပြီး ယွမ်ရွေ့ကို လက်ညှိုးထိုးကာ "မင်းကွာ... တကယ် ရယ်ရတယ်... မသိရင် မင်းကပဲ သိုင်းဘုရင်ဂေဟာရဲ့ ခေါင်းဆောင်ကြီး ကျနေတာပဲ"
"ယွမ်ရွေ့... မင်းက ဒီလောက်တောင် ဘဝင်မြင့်နေတာ... မင်းကို ဘယ်သူမှ ဆုံးမမယ့်သူ မရှိဘူးလား"
ယွမ်ရွေ့၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် နောက်ကျောဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
"သူပြောတဲ့စကားတွေက တစ်ခါတလေ နားထောင်ရ ခက်ကောင်းခက်လိမ့်မယ်... ဒါပေမဲ့ သူပြောတာတွေက အမှန်တရားတွေချည်းပဲ"
ဝူမုန့်က ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ဆင်းလာသည်ကို မြင်လိုက်ရသည်။ မိုးရေများက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ကာ အဝတ်အစားနှင့် ဆံပင်များကို စိုရွှဲစေခဲ့ပြီ ဖြစ်သည်။
ထိုပါးလွှာသော တီရှပ်အောက်တွင် ပေါက်ကွဲထွက်လုမတတ် ကြွက်သားတုံးကြီးများ ပြည့်နှက်နေ၏။
ဝူမုန့်က အမြင့်မှနေ၍ လင်းယွမ်ကို စိုက်ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "လင်းယွမ်... တစ်ခါတလေကျရင် အမှန်တရားဆိုတာ နာကျင်ရတယ်... နားထောင်ရ ခက်ပေမဲ့ ဒါက လက်တွေ့ပဲ"
"ကျောက်တွင်းကနေ ထွက်သွားလိုက်ပါ... ကျောက်တွင်းရဲ့ အကျိုးအမြတ်က မင်းတို့လို အသစ်ရောက်လာတဲ့သူတွေ ထိန်းသိမ်းထားနိုင်မယ့်အရာ မဟုတ်ဘူး"
လင်းယွမ်က ဝူမုန့်ကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး "ဝူမုန့်... မင်းကို ဘာမှမသိဘဲ အမှောင်ချခံထားရတယ်လို့ ထင်နေတာ... မင်းက အားလုံးသိနေတာပဲ"
"ငါ မင်းကို မေးကြည့်မယ်... တကယ်လို့ မင်းသာ ငါ့နေရာမှာဆိုရင်... မနည်း ခက်ခက်ခဲခဲ သတ်ဖြတ်ခဲ့ရတဲ့ ထျန်ဝေဆီကနေ ရရှိထားတဲ့ ကျောက်တွင်း၊ ကျောက်တွင်း ကျွန်တွေကို သိမ်းသွင်းထားပြီးမှ မင်း လက်လွှတ်ပေးချင်ပါ့မလား"
ဝူမုန့်က တည်ငြိမ်စွာပင် "ငါလား... ငါကတော့ ဘယ်လက်လွှတ်ချင်ပါ့မလဲ"
လင်းယွမ်က ပြုံးလိုက်ပြီး "ဒါဆို ဘာလို့ ငါ့အလှည့်ကျွန်မှ လက်လွှတ်ပေးဖို့ လာပြောနေရတာလဲ"
ဝူမုန့်က "ဘာလို့လဲဆိုတော့... မင်းက ငါ မဟုတ်လို့လေ"
သူ့မျက်လုံးများတွင် စူးရှသော အရောင်အဝါများ တောက်လောင်လာပြီး အသံမာမာဖြင့် "မင်းမှာ ကျောက်တွင်းရဲ့ အကျိုးအမြတ်ကို ကာကွယ်ထားနိုင်တဲ့ စွမ်းရည်ရှိလို့လား... ထူလုံနဲ့ လီယွဲ့ဖုန်းတို့ ဝိုင်းတိုက်တာကို ပြန်တိုက်ခိုက်နိုင်တဲ့ စွမ်းရည် မင်းမှာ ရှိလို့လား"
"လက်လျော့လိုက်ပါ လင်းယွမ်... ကျောက်တွင်းကို စွန့်လွှတ်လိုက်... မင်းနဲ့ မင်းလူတွေ ဘာမှမဖြစ်စေရဘူးလို့ ငါ အာမခံတယ်"
လင်းယွမ်က ဝူမုန့်ကို ကြည့်ရင်း မရယ်ဘဲ မနေနိုင်တော့ချေ။ "ဒါဆို ငါက မင်းကို ကျေးဇူးတောင် တင်ရဦးမှာပေါ့"
"မလိုပါဘူး... ငါ ဒီလိုလုပ်ရတာက အရည်အချင်းရှိတဲ့သူတွေကို အလဟဿ မဖြစ်စေချင်လို့ပါ... မင်းရဲ့ စွမ်းရည်က မဆိုးဘူး... ငါ့ရဲ့ သိုင်းဘုရင်ဂေဟာကို ဝင်လိုက်ပါ... နောက်ဆို ငါနဲ့အတူ ခိုလှုံရေးစခန်းကို ချဲ့ထွင်ပြီး လူသားတွေကို စည်းလုံးစေမယ်... ဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းပေါ်မှာ ပိုပြီး ဝေးဝေး လျှောက်လှမ်းနိုင်လိမ့်မယ်"
လင်းယွမ်က ခေါင်းခါလိုက်ပြီး "ငါ သဘောပေါက်လိုက်ပြီ... ယွမ်ရွေ့ရဲ့ အောက်တန်းကျတဲ့ ပုံစံက မင်းဆီကနေ သင်ထားတာပဲ ကိုး"
"မင်းက သူ့ထက်တောင် ဟန်ဆောင်ကောင်းသေးတယ်... မင်းချမှတ်ထားတဲ့ ရည်မှန်းချက်ကြီးဆိုတာက အစစ်လား အတုလားတောင် ငါ မသိတော့ဘူး"
"ဒါပေမဲ့ ကိစ္စမရှိပါဘူး... အစစ်လား အတုလားဆိုတာ ငါ အကုန်လုံးကို ရှင်းပစ်ပြီးလို့ မင်း ဘယ်လိုရွေးချယ်မလဲ ဆိုတာကို ကြည့်ပြီးရင် သိရမှာပါ"
ဝူမုန့်က မျက်မှောင်ကြုတ်လိုက်ပြီး ထိုစကားကို နားမလည်နိုင် ဖြစ်သွားသည်။
ထိုအချိန်တွင် လင်းယွမ်က ရှေ့သို့ ထပ်တိုးလာပြီး တောင်ထိပ်သို့ ဆက်လက် တက်လှမ်းလာသည်။
ဝူမုန့်၏ အကြည့်များက အေးစက်သွားပြီး "ရပ်လိုက်"
"မင်းသာ တောင်ထိပ်ကို ရောက်လာခဲ့ရင် ဘာမှ ပြန်ပြင်လို့ရတော့မှာ မဟုတ်ဘူး... သူတို့အားလုံး မင်း တက်လာမှာကို စောင့်နေကြတာ"
လင်းယွမ်က ဂရုမစိုက်ဘဲ ခြေလှမ်းကို မရပ်တန့်ခဲ့ပေ။
နှစ်ဦးသားမှာ ပိုမို နီးကပ်လာကြပြီး ဝူမုန့်၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ပေါ်လာကာ လက်သီးကို ရုတ်တရက် ဆုပ်လိုက်သည်။
"ဖောက်"
လေထုသည် သူ့လက်ဖဝါးထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး လက်သီးဆုပ်လိုက်ရုံဖြင့် လေပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
နောက်တစ်ခဏတွင် သူက လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်ပြီး ပါးစပ်မှလည်း အော်ဟစ်လိုက်သည် "ငါ မင်းကို ရပ်လိုက်လို့ ပြောနေတယ်"
ဝုန်း...!
ကြောက်မက်ဖွယ်ကောင်းသော လေဖိအားများ ပေါက်ကွဲထွက်လာပြီး လက်သီးအားက လှိုင်းလုံးအလား ထွက်ပေါ်လာကာ ကြောက်စရာကောင်းသော လက်သီးလေပြင်းကို ဖန်တီးလိုက်သည်။
ထိုလက်သီးလေပြင်းသည် လေထုကို စုတ်ဖြဲပစ်လိုက်ပြီး ပေါက်ကွဲသံကြီးများ မြည်ဟည်းသွားစေသည်။
ထို့အပြင် သည်းထန်စွာ ရွာသွန်းနေသော မိုးစက်များသည်ပင် ထိုလက်သီးချက်ကြောင့် လေဟာနယ် လမ်းကြောင်းတစ်ခုအဖြစ် ပွင့်ထွက်သွားလေသည်။
"လေဖိအားအမြောက်လက်သီး"
လင်းယွမ်က ကိုယ်ကို အနည်းငယ် စောင်းလိုက်ရာ ထိုလက်သီးချက်မှာ သူ့ဘေးမှ ကပ်၍ ဖြတ်ကျော်သွားပြီး အဝေးရှိ ကျောက်နံရံပေါ်သို့ သွားရောက် ထိမှန်လေသည်။ ကျောက်နံရံမှာ ဝုန်းကနဲ ပေါက်ကွဲသွားပြီး အက်ကွဲကြောင်းများ ပြည့်နှက်သွား၏။
ဝူမုန့်က အေးစက်သော အကြည့်ဖြင့် "မင်းက ဒီလို လေဟာနယ်လက်သီးမျိုးနဲ့ ထျန်ဝေရဲ့ မီးအစွမ်းကို ဖိနှိပ်ခဲ့တာမလား"
"မင်းမှာ တိုက်ခိုက်ရေး ပါရမီ အနည်းငယ် ရှိတာ ငါ ဝန်ခံတယ်... တိုက်ပွဲအလယ်မှာ သူ့ရဲ့ မီးအစွမ်းကို ချေမှုန်းဖို့ ဒီလိုနည်းလမ်းမျိုး စဉ်းစားမိဖို့က မလွယ်ဘူးမလား "
"ဒါပေမဲ့ ဒီလောက်ပါပဲ... ဒီလို လက်သီးအမြန်နှုန်းမျိုးက ငါ သွေးသားပုံစံ ပထမအဆင့် ဖွင့်လိုက်ရင်တောင် လုပ်နိုင်တယ်... မင်းမှာ ဘာအားသာချက် ရှိသေးလဲ"
လင်းယွမ်က ပြုံးလိုက်သည်။ သူ့ခြေလှမ်းများ မရပ်တန့်ဘဲ ရှေ့သို့ ဆက်တိုးလာရင်း ဝူမုန့်ကို စိုက်ကြည့်ကာ "ဟက်... ငါက မင်း မဟုတ်သလို... မင်းကလည်း ငါ မဟုတ်ဘူး"
"မင်းတို့... အခု ငါ ဘယ်လောက်စွမ်းလဲ လုံးဝ မသိကြဘူး"
ဝူမုန့်က ချက်ချင်း ဒေါသထွက်သွားပြီး "စွမ်းတယ် ဟုတ်လား... ကောင်းပြီ... မင်း ဘယ်လောက် စွမ်းလဲဆိုတာ ငါ့ကို ပြစမ်း"
သူက လေပေါ်သို့ ရုတ်တရက် ခုန်တက်လိုက်ပြီး ခြေထောက်ဖြင့် လေပေါ်မှနေ၍ ခုတ်ပိုင်းချလိုက်သည်။
"ဝုန်း"
ကြောက်မက်ဖွယ် ခြေကန်ချက် လေပြင်းက လေထုကို ချက်ချင်း ဖိနှိပ် ပေါက်ကွဲစေပြီး ကြောက်စရာကောင်းသော လေဖိအား ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
မိုးရေများမှာ ဖြောင်းကနဲ အသံမြည်ကာ ထိုကြောက်မက်ဖွယ် လေဖိအားကြောင့် နှစ်ခြမ်း ကွဲသွားလေသည်။
ထိုခြေကန်ချက်မှာ အထွတ်အထိပ်သို့ ရောက်အောင် လျင်မြန်လှပြီး စွမ်းအား ပြင်းထန်မှုမှာလည်း ကြားရသူ အပေါင်းကို တုန်လှုပ်ချောက်ချားစေသည်။
ဘေးနားရှိ ယွမ်ရွေ့၊ ကျိဖုန်းနှင့် ခွန်ရှန်းတို့မှာ အလျင်အမြန် နောက်ဆုတ်လိုက်ကြပြီး သုံးဦးစလုံး၏ မျက်နှာတွင် အံ့သြထိတ်လန့်ရိပ်များ ပေါ်လာကြသည်။
"တကယ့်ကို ဝူမုန့် ပါလား" ကျိဖုန်းက မျက်လုံးပြူးကာ ရေရွတ်လိုက်သည်။
"အစ်ကိုမုန့်က တကယ် ကြမ်းတာပဲဗျ" ယွမ်ရွေ့က ပြုံးလိုက်သည်။
"အရမ်း စွမ်းတာပဲ... ဒါက လီယွဲ့ဖုန်းတောင် ကြောက်ရတဲ့ ဝူမုန့် ဆိုတာလား" ခွန်ရှန်းက လက်သီးကို ဆုပ်ကိုင်ရင်း အသက်ပြင်းပြင်း ရှူလိုက်သည်။
ကိုးဝူမျှော်စင် ရှေ့ရှိ ဇရပ်ဆောင်ထဲတွင်...
လီယွဲ့ဖုန်း၊ ဟုန်ဖူ၊ ထူလုံနှင့် ကျွမ်းရှုယွမ် လေးယောက်စလုံး ထိုမြင်ကွင်းကို ကြည့်နေကြသည်။
ကျွမ်းရှုယွမ်၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်တက်သွားသည်။ သူမ ရွေးချယ်ထားသော အမျိုးသားတစ်ယောက်၏ စွမ်းအားနှင့် ပတ်သက်ပြီး သူမ ဘယ်သောအခါမှ သံသယ မဝင်ခဲ့ဖူးပေ။
လင်း ဆိုတဲ့ လူက ဒီအချိန်ရောက်နေတာတောင် မာခဲနေသေးလို့ အံ့သြနေမိခြင်းသာ ဖြစ်သည်။
လီယွဲ့ဖုန်းနှင့် ထူလုံ နှစ်ယောက်စလုံး မျက်လုံးများ ကျဉ်းမြောင်းသွားကြသည်။
ဒီ ဝူမုန့်က ပြီးခဲ့တဲ့တစ်ခေါက် တွေ့တုန်းကထက် ပိုပြီး သန်မာလာပါလား...
ဒီလို လေဖိအားအမြောက်လက်သီးမျိုးကို ဘယ်လိုများ တီထွင်လိုက်တာလဲ...
သူတို့နှစ်ဦးစလုံး အနည်းငယ် စိုးရိမ်မကင်း ဖြစ်သွားကြသည်။ လင်း ဆိုတဲ့ ကောင်လေးကိုတော့ ဘယ်သူမှ ဂရုမစိုက်ကြတော့ပေ။
အာရုံအများစုမှာ ဝူမုန့်ကိုသာ အကဲခတ်နေကြသည်။
သူတို့အမြင်တွင် ဝူမုန့်သည်သာ သူတို့၏ ရန်သူတော်ကြီး ဖြစ်သည်။
တောင်တန်းများကိုပင် ခွဲစိတ်ပစ်နိုင်လောက်သည့် ခြေကန်ချက်နှင့် ရင်ဆိုင်နေရသော်လည်း လင်းယွမ်၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မပေါ်လာပေ။ သူက ရှောင်တိမ်းရန်ပင် ပျင်းရိနေပုံရသည်။
"ဗုန်း"
ကြောက်မက်ဖွယ် ခြေကန်ချက်က လင်းယွမ်၏ ပခုံးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
လင်းယွမ် ခြေထောက်အောက်ရှိ လှေကားထစ်များမှာ "ဂျွတ်" ကနဲ မြည်ကာ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး ကျောက်ပြားများ လေးငါးစိပ် ကွဲအက်သွားသော်လည်း သူကိုယ်တိုင်မှာမူ တုပ်တုပ်မျှ မလှုပ်ပေ။
ဝူမုန့်မှာ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး မယုံနိုင် ဖြစ်သွားသည်။
"မင်း"
လင်းယွမ်က ညာဘက်လက်ကို ဆန့်ထုတ်ကာ လက်ညှိုးတောက်မည့် ဟန်ပန်ပြုလုပ်ရင်း အေးဆေးစွာ ပြောလိုက်သည်။ "မင်းရဲ့ အသန်မာဆုံး ပုံစံသာ ထုတ်လိုက်စမ်းပါ... ဒီလို တိုက်ခိုက်တာမျိုးက ငါ့အတွက် ယားလို့ ကုတ်ပေးသလောက်တောင် မရှိဘူး"
"ဗုန်း"
သူက လက်ခလယ်ဖြင့် တောက်လိုက်ရာ တခဏအတွင်းမှာပင် လက်ချောင်းထိပ်မှ ကြောက်မက်ဖွယ် လေပေါက်ကွဲသံ ထွက်ပေါ်လာသည်။
နောက်တစ်ခဏတွင် လေစီးကြောင်းသည် ကျည်ဆန်တစ်တောင့် ပစ်လွှတ်လိုက်သကဲ့သို့ ဝူမုန့်၏ ခြေဖဝါးကို ပြင်းထန်စွာ ထိမှန်သွားလေသည်။
ဝူမုန့်က ခြေထောက်ကို အမြန်ပြန်ရုပ်ကာ ကိုယ်ကို နောက်သို့ လှန်ချလိုက်သည်။
"ဗုန်း"
သူက ၁၀ ပေခန့်အကွာရှိ လှေကားထစ်ပေါ်သို့ ခြေချလိုက်သည်။
သို့သော် ခြေဖဝါးမှ ထွက်ပေါ်လာသော နာကျင်မှုကြောင့် နောက်သို့ ခြေလှမ်းယိုင်သွားပြီး လဲကျလုနီးပါး ဖြစ်သွား၏။
သူ ငုံ့ကြည့်လိုက်ရာ ခြေဖဝါးပြင်မှာ သွေးများ၊ အသားစများဖြင့် ရှုပ်ပွနေပြီး ဖွေးဆွတ်သော အရိုးကိုပင် မြင်နေရပြီ ဖြစ်သည်။
ဝူမုန့်မှာ မိမိ၏ ခြေဖဝါးကို မယုံနိုင်စွာ ကြည့်နေမိသည်။
သွေးသားကြီးထွားခြင်းအစွမ်း စတင်လည်ပတ်နေပြီဖြစ်ရာ ခြေဖဝါးမှ ဒဏ်ရာမှာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။ အသားနုများ ရူးသွပ်မတတ် တိုးပွားလာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် မူလအတိုင်း ပြန်ဖြစ်သွားလေသည်။
သို့သော် သူ့စိတ်ထဲမှ တုန်လှုပ်ချောက်ချားမှုမှာမူ ပြန်လည်ကောင်းမွန်ခြင်း မရှိသေးပေ။
"ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"လက်တစ်ချောင်းတည်းနဲ့... ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်တယ် ဟုတ်လား"
"ပြီးတော့ အဲဒီအမြန်နှုန်းက... ငါ... လုံးဝ မရှောင်နိုင်ဘူး"
ဝူမုန့်က ခေါင်းမော့လိုက်ပြီး ထိုရင်းနှီးနေသော မျက်နှာကို စိုက်ကြည့်လိုက်သည်။
မကြာသေးမီက မီးဝါးတောအုပ်ထဲတွင် ထိုသူနှင့် တိုက်ခိုက်ခဲ့သည့် ပွဲကို ဦးနှောက်ထဲ၌ ပြန်လည် မြင်ယောင်လာသည်။
အဲဒီတုန်းက တစ်ဖက်လူက သိပ်ပြီး အစွမ်းမထက်သေးပါဘူး...
အများဆုံးမှ ငါ့ရဲ့ သွေးသားပုံစံ ဒုတိယအဆင့်လောက်ပဲ ရှိတာပါ...
ဒါပေမဲ့... ရက်ပိုင်းပဲ ရှိသေးတယ်...
တစ်ဖက်လူက ငါတောင် မမြင်နိုင်လောက်တဲ့ အတိုင်းအတာအထိ စွမ်းအားကြီးလာတာလား...
ထိုရင်းနှီးသော မျက်နှာက သူ့ကို သူစိမ်းတစ်ယောက်လို ခံစားရစေသည်။
ဒီလူက... လင်းယွမ်ရော ဟုတ်ရဲ့လား...
လင်းယွမ်က ပခုံးပေါ်ရှိ ဖုန်မှုန့်များကို အသာအယာ ခါထုတ်လိုက်ရင်း စိတ်ထဲတွင် ရေရွတ်လိုက်သည်။
"ခန္ဓာကိုယ်ကြံ့ခိုင်မှု ၅၀ မှတ်က ငါ့ရဲ့ ကာကွယ်နိုင်စွမ်းကို ဒီလောက် ကြောက်စရာကောင်းတဲ့ အဆင့်ထိ ရောက်စေတာလား"
"လိပ်ခွံစွမ်းအင်အကာအကွယ်၊ ကျောက်အကြေးခွံအကာအကွယ် စတဲ့ အကာအကွယ် အစွမ်းတွေ မသုံးဘဲ... ငါ့ရဲ့ သွေးသားခန္ဓာကိုယ် သက်သက်နဲ့တင်... ဝူမုန့်က ငါ့ကို ဒဏ်ရာရအောင် မလုပ်နိုင်တော့ဘူးပဲ"
"ဒါ့အပြင် စောစောက ငါ့ရဲ့ ခွန်အား ၃၀ ရာခိုင်နှုန်းတောင် မသုံးလိုက်ရဘူး... သူ့ရဲ့ အသားကို အလွယ်တကူ ဖောက်ထွင်းနိုင်ခဲ့တယ်"
"ဒီ ထိုက်ယန်တောင် တစ်ခုလုံးမှာ ဘယ်သူက ငါ့ပြိုင်ဘက် ဖြစ်နိုင်ဦးမှာလဲ"
လင်းယွမ်က ပြုံးလိုက်သည်။ ကာလကြာရှည် ဖြစ်ပေါ်နေခဲ့သော စိုးရိမ်ပူပန်မှုများ၊ စိတ်မလုံခြုံမှုများနှင့် အန္တရာယ်ကြုံရမည်ကို ထိတ်လန့်မှုများ အားလုံး ယခုအချိန်တွင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
လက်ရှိအချိန်တွင် သူ့ကို ထိုက်ယန်တောင်၌ ပြိုင်ဘက်ကင်းသည်ဟု ပြော၍ရနေပြီ။
မဟုတ်သေးဘူး... အဆောက်အအုံတွေထဲမှာ ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေ အပါအဝင် လက်ရှိ အသက်ရှင်ကျန်ရစ်သူ အားလုံးထဲမှာ သူက ထိပ်ဆုံးမှ ဦးဆောင်နေပြီဟု ခံစားလိုက်ရသည်။
သန္ဓေပြောင်း သတ္တဝါများမှလွဲ၍ မည်သည့်လူသားကမျှ သူ့ပြိုင်ဘက် ဖြစ်လာနိုင်မည်ဟု လင်းယွမ် မထင်တော့ပေ။
တစ်ဖက်လူက မျိုးရိုးဗီဇမြေပုံကို ဖွင့်လှစ်နိုင်တဲ့ အဆင့်အထိ ရောက်ရှိသွားလျှင်တော့ တစ်မျိုးပေါ့...
သို့မဟုတ်ပါက တစ်ဖက်လူသည်လည်း အရည်အသွေး တစ်ခုခုတွင် အမှတ် ၅၀ ပြည့်နေလျှင်တောင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူက အရည်အသွေးအားလုံး အမှတ် ၅၀ ပြည့်နေသူ ဖြစ်သည်။
တချို့ အရည်အသွေးများဆိုလျှင် လျှံပင် ထွက်နေပြီ ဖြစ်သည်။
ဤသို့သော အခြေအနေမျိုးတွင် သူက ပြိုင်ဘက်ကင်း ဖြစ်နေပြီ။
လင်းယွမ်က ဝူမုန့်ကို ကြည့်ကာ အပေါ်သို့ ခြေလှမ်းကျဲကြီးများဖြင့် တက်လှမ်းရင်း "ဝူမုန့်... အခု လက်ရှိ ငါ့အနေအထားနဲ့ ငါ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကျောက်တွင်းကို ကာကွယ်နိုင်မယ့် အရည်အချင်း ရှိ၊ မရှိ မင်း ဘယ်လိုထင်လဲ"
"ငါ မင်းကို ပြောချင်တာက... နောက်ပိုင်းကျရင် ငါက ကျောက်တွင်းကို တစ်ဦးတည်း ပိုင်ဆိုင်ရုံတင်မကဘူး... မင်းတို့ရဲ့ ခိုလှုံရေးစခန်း အားလုံးကိုလည်း ငါ အကုန် သိမ်းယူမှာ"
"အခု... မင်းတို့ ရွေးချယ်ရမယ့် အချိန်ရောက်ပြီ"
"ငါ့လက်အောင် ဝင်မလား... ဒါမှမဟုတ်... ငါ့လက်သီးအောက်မှာ သေမလား"
ဝူမုန့်၏ မျက်လုံးများ စူးရှသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မာန်တက်လှချည်လား"
သူ့တစ်ကိုယ်လုံးရှိ သွေးသားများ ရုတ်တရက် ဖောင်းပွလာပြီး လူတစ်ကိုယ်လုံး၏ ခန္ဓာကိုယ်ထည်မှာ ချက်ချင်း ကြီးမားလာသည်။
"သွေးသားပုံစံ တတိယအဆင့်"
သူက စကားဆက်မပြောတော့ဘဲ သူ့၏ အသန်မာဆုံး ပုံစံကို တိုက်ရိုက် ထုတ်သုံးလိုက်လေသည်။
သူ့ရှေ့ရှိ လင်းယွမ်သည် သူ့ကို အသန်မာဆုံး ပုံစံ ထုတ်သုံးစေနိုင်လောက်သည့်အထိ စွမ်းအားကြီးမားနေပြီ ဆိုတာကို သူ ကောင်းကောင်း သိသည်။
ယခုအချိန်၌ ဇရပ်ဆောင်ပေါ်မှ ကြည့်နေကြသော ထူလုံနှင့် အခြားသူများလည်း မျက်လုံးပြူးသွားကြသည်။
"သူ ဘာမှမဖြစ်ဘူးလား"
"ဘာအကာအကွယ် နည်းလမ်းမှ မသုံးဘဲ ဝူမုန့်ရဲ့ ခြေကန်ချက်ကို ဒီအတိုင်း ခံလိုက်တာလား"
"တောက်... ဒီကောင်က ခွန်အားအစွမ်းရှင်လား... ဘာလို့ ကာကွယ်နိုင်စွမ်းက ဒီလောက် ကောင်းနေရတာလဲ"
"တစ်ခုခုတော့ မှားနေပြီ"
ကျွမ်းရှုယွမ်လည်း မျက်လုံးပြူးကာ အံ့သြသော မျက်နှာထားဖြင့် "အစ်ကိုမုန့်က သွေးသားပုံစံ တတိယအဆင့်ကို တန်းပြီး ထုတ်သုံးလိုက်ပါလား"
သူတို့၏ အံ့သြမှုနှင့် ယှဉ်လျှင် အနီးကပ် ကြည့်ရှုနေကြရသော ယွမ်ရွေ့၊ ကျိဖုန်းနှင့် ခွန်ရှန်း သုံးယောက်မှာမူ အစောကြီးကတည်းက မှင်သက်နေခဲ့ကြပြီ ဖြစ်သည်။
လင်းယွမ်က လက်ညှိုးလေး တစ်ချက်တောက်လိုက်ရုံဖြင့် ဝူမုန့်၏ ခြေဖဝါးကို ချက်ချင်း ဖောက်ထွင်းပစ်လိုက်သည်ကို သူတို့ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ကြရသည်။
ဝူမုန့်ကို လွင့်ထွက်သွားအောင်ပင် လုပ်နိုင်ခဲ့သည်။
ယွမ်ရွေ့က သူ့မျက်လုံးသူ မယုံနိုင်လောက်အောင် ဖြစ်နေပြီး မျက်လုံးကို ပွတ်သပ်ကာ ရှေ့သို့ နှစ်လှမ်းမျှ တိုးကြည့်လိုက်မိသည်။ "မဖြစ်နိုင်ဘူး... ဒါ မဖြစ်နိုင်ဘူး"
"အစ်ကိုမုန့်က ဘယ်လိုလုပ် နောက်ဆုတ်သွားရတာလဲ"
ကျိဖုန်းလည်း ထိတ်လန့်သွားပြီး "ဝူမုန့်... ဒဏ်ရာ ရသွားတယ်" ဟု အာမေဋိတ် သံဖြင့် ရေရွတ်လိုက်သည်။
ခွန်ရှန်းမှာ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... လီယွဲ့ဖုန်းတောင် ကြောက်ရတဲ့ ဝူမုန့်က လက်ညှိုးလေး တစ်ချက်တောက်လိုက်ရုံနဲ့ ခြေဖဝါး ပျက်စီးသွားရတယ်လို့"
သူတို့သုံးယောက် အသိပြန်မဝင်ခင်မှာပင် ဝူမုန့်က သွေးသားပုံစံ တတိယအဆင့်ကို ဖွင့်လိုက်ပြီ ဖြစ်သည်။
ကြောက်မက်ဖွယ် ကြွက်သားများ ထပ်ဆင့် ပေါ်ထွက်လာပြီးနောက် ဝူမုန့်သည် အရပ် ၈ ပေကျော် မြင့်မားသော ကြောက်စရာ လူဘီလူးကြီးသဖွယ် ဖြစ်လာသည်။
သန်မာသော ကြွက်သားများအောက်တွင် ကြောက်မက်ဖွယ် ပေါက်ကွဲအားများ ကိန်းအောင်းနေ၏။
သူ့နှလုံးသည် ရူးသွပ်မတတ် ခုန်လှုပ်နေပြီး သွေးကြောများထဲတွင် သွေးများ တဝေါဝေါ စီးဆင်းနေသည်။
အသားအရေအောက်တွင် အကြောမကြီးများ လိမ်တွန့်နေပြီး ကြောက်စရာကောင်းသော အဆင်တန်ဆာများ ဖြစ်ပေါ်နေသည်။
သွေးများ စီးဆင်းမှုကြောင့် အနီရောင် သွေးကြောအရာများ တဖြည်းဖြည်း ပေါ်လာသည်။
"ယားးးးးးးးးးး"
ဝူမုန့်က လက်သီးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ ဓားသွားအလား ထက်ရှသော မျက်လုံးများဖြင့် လင်းယွမ်ကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။ "လာစမ်း... ငါ့ရဲ့ အသန်မာဆုံး ပုံစံကို မင်း မြင်တွေ့စေရမယ်"
"ပေါက်ကွဲလက်သီး"
ဝူမုန့်၏ ခန္ဓာကိုယ်မှာ မရွေ့လျားသော်လည်း ခန္ဓာကိုယ်ထဲရှိ သွေးများ ရူးသွပ်မတတ် ဆူပွက်လာပြီး တခဏအတွင်းမှာပင် ခန္ဓာကိုယ်ပေါ်၌ သွေးရောင် အလင်းတန်းများပင် ထွက်ပေါ်လာသည်။
သူက လင်းယွမ် ရှိရာသို့ လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်။
"ဝုန်း"
ကြီးမားသော သွေးရောင်အလင်းတန်းကြီးက သူ့လက်သီးပေါ်တွင် ဝုန်းကနဲ ပေါက်ကွဲထွက်လာသည်။
ကြောက်မက်ဖွယ် တုန်ခါမှု လှိုင်းလုံးကြီးသည် အမြောက်ဆံကဲ့သို့ မိုးစက်များကို စုတ်ဖြဲပြီး ဟိန်းဟောက်ကာ ပစ်လွှတ်လိုက်သလို ဖြစ်သွားသည်။
ထိုသွေးရောင်အလင်းတန်း သယ်ဆောင်လာသော ကြောက်မက်ဖွယ် တုန်ခါမှုက လေထုကိုပါ လိမ်ဖယ်သွားစေပြီး လေပြင်းများကို ဆွဲဆောင်ကာ ပတ်ဝန်းကျင်ရှိ သစ်ရွက်များနှင့် ကျောက်ခဲစများကို လေပေါ်သို့ လွင့်စဉ်သွားစေသည်။
သွေးသားခန္ဓာကိုယ် သက်သက်ဖြင့် ဤမျှအထိ လုပ်ဆောင်နိုင်ခြင်းမှာ ယုံနိုင်စရာပင် မရှိတော့ပေ။
ဝူမုန့် နောက်ဘက်ရှိ ယွမ်ရွေ့၊ ကျိဖုန်းနှင့် ခွန်ရှန်း သုံးယောက်တို့ မျက်နှာပျက်သွားကြပြီး အနောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ကြသည်။
"မြန်မြန် ရှောင်" ယွမ်ရွေ့က အော်ဟစ်လိုက်သည်။
နောက်တစ်ခဏတွင် သူ့ခန္ဓာကိုယ်ပေါ်၌ မြေဝါရောင် အလင်းတန်းတစ်ခု လက်ကနဲ ဖြစ်သွားပြီး မြေကြီးထဲသို့ တိုးဝင်ကာ ထွက်ပြေးသွားလေသည်။
ကျိဖုန်းက ခြေလှမ်းကျဲကြီးများဖြင့် အနောက်သို့ အမြန် ဆုတ်ခွာလိုက်သည်။
ခွန်ရှန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ရေလုံးကြီးနှစ်လုံးက သူ့အနောက်တွင် ကာဆီးသွားပြီး သူကိုယ်တိုင်မှာမူ လှေကားထစ်များ အပေါ်သို့ အလျင်အမြန် ပြေးတက်သွားလေသည်။
"ဝုန်း"
ကျယ်လောင်သော အသံကြီးတစ်သံ ပေါက်ကွဲထွက်လာသည်။
ထိုသွေးရောင်အလင်းတန်း ဖုံးလွှမ်းမှုအောက်တွင် အောက်ဘက်ရှိ လှေကားထစ်များမှာ ပြင်းထန်စွာ တုန်ခါသွားကြသည်။
ကျောက်တုံးများစွာ ကြေမွသွားပြီး ဖုန်မှုန့်များ အများအပြား လွင့်ပျံလာသည်။
သည်းထန်စွာ ရွာသွန်းနေသော မိုးရေများပင် ထိုလက်သီးချက်ကြောင့် အငွေ့ပျံသွားပြီး ပတ်ဝန်းကျင် တစ်ခုလုံး ရေခိုးရေငွေ့များ ဖုံးလွှမ်းသွားသည့် အခြေအနေသို့ ရောက်သွားလေသည်။
နီးစပ်ရာ မြေပြင်တစ်ခုလုံး တုန်ခါ လှုပ်ရမ်းသွားသယောင် ထင်ရသည်။
ဇရပ်ဆောင်ပေါ်မှနေ၍ ထိုကြောက်မက်ဖွယ် မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသော ထူလုံနှင့် လီယွဲ့ဖုန်းတို့မှာ လက်သီးကို ဆုပ်ကိုင်ထားမိကြပြီး မျက်နှာများမှာ အလွန်အမင်း လေးနက်သွားကြသည်။
ဟုန်ဖူမှာလည်း မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး လေအေးတစ်ချက်ကို ရှူရှိုက်လိုက်မိသည်။
"ဒီ ဝူမုန့်... သူ့ရဲ့ စွမ်းအားက ဒီလောက် ကြောက်စရာကောင်းတဲ့ အဆင့်ကို ရောက်နေပြီလား" ဟုန်ဖူ၏ စိတ်ထဲတွင် တုန်လှုပ်သွားပြီး မယုံနိုင် ဖြစ်နေသည်။
လီယွဲ့ဖုန်း၏ မျက်ခွံများ တဆတ်ဆတ် ခုန်နေသည်။ "ဒီလက်သီးချက်ကို ငါ့ရဲ့ ကော်စေးရွှံ့ ခန္ဓာကိုယ်နဲ့ တောင့်ခံနိုင်ပါ့မလား"
သူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းသွားသည်။ သူ့ခန္ဓာကိုယ်က ကော်စေးရွှံ့ကဲ့သို့ စိတ်ကြိုက် ဆန့်ထုတ်နိုင်သော်လည်း... တစ်ခဏတာ သက်ရောက်လာသော ပြင်းအားက သူ့ရဲ့ ဆန့်ထုတ်နိုင်စွမ်း ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့လျှင်...
ကော်စေးရွှံ့ ဖြစ်နေရင်တောင် ပြတ်တောက်သွားနိုင်သည်လေ။
ထူလုံလည်း ထိုနည်းတူစွာ မျက်နှာထား လေးနက်နေသည်။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လိုက်သည်။ ငါ့ရဲ့ ဝိညာဉ်ကို နိုးထပြီး နဂါးစိမ်းအဖြစ် ပြောင်းလဲလိုက်ရင်တောင် ခွန်အားချင်း ယှဉ်လိုက်ရင် ဒီလက်သီးချက်ကို ခံနိုင်ရည် ရှိပါ့မလား...
"တောက်... ဒီ ဝူမုန့်က သွေးသားကြီးထွားခြင်းအစွမ်း တစ်ခုတည်းနဲ့ ဘာလို့ ဒီလောက်တောင် စွမ်းအားကြီးနေရတာလဲကွာ... ခွေးမသား"
သူ စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီးနောက် နောက်လှည့်ကာ "သွားကြည့်ရအောင်... ဟိုကောင်တော့ အသားစင်းကော ဖြစ်သွားလောက်ပြီ"
လီယွဲ့ဖုန်းလည်း အောက်ဆင်းပြီး အခြေအနေကို သွားကြည့်ရန် ပြင်လိုက်သည်။
သူက လင်း ဆိုတဲ့ကောင် သေမသေ ဆိုတာကို ဂရုမစိုက်ပေ။ ဝူမုန့်ရဲ့ ဒီလက်သီးချက်က ဘယ်လောက်အထိ ဖျက်ဆီးနိုင်စွမ်း ရှိလဲ ဆိုတာကိုသာ ပိုဂရုစိုက်သည်။
ဒါက အရေးကြီးတဲ့ အချက်အလက် ဖြစ်တာကြောင့် သူကိုယ်တိုင် သွားကြည့်ရမည်။
နှစ်ယောက်သား လှည့်ပြီး အောက်ဆင်းရန် ပြင်လိုက်ကြသည်။
ရုတ်တရက် ကျွမ်းရှုယွမ်က အာမေဋိတ်သံဖြင့် အော်ဟစ်လိုက်သည်။ "မဖြစ်နိုင်ဘူး"
"ဘာလဲ"
"ဟင်"
ထူလုံနှင့် လီယွဲ့ဖုန်းတို့ ပြိုင်တူလိုလို အောက်ဘက်ရှိ တောင်တက်လမ်း လှေကားထစ်များဆီသို့ လှည့်ကြည့်လိုက်ကြသည်။
ရေခိုးရေငွေ့များက မိုးရေကြောင့် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကြီးမားသော စက်ဝိုင်းပုံစံ တွင်းနက်ကြီးတစ်ခု သူတို့မျက်စိရှေ့တွင် ပေါ်လာသည်။
သို့သော် ထိုတွင်းနက်ကြီးထဲမှ မြင်ကွင်းတစ်ခုက ထူလုံနှင့် လီယွဲ့ဖုန်းတို့၏ မျက်လုံးများကို ကျဉ်းမြောင်းသွားစေသည်။
တွင်းနက်ကြီး၏ အလယ်ဗဟိုတွင် နေရာကွက်လပ်တစ်ခု ရှိနေပြီး ထိုနေရာမှာ တုပ်တုပ်မျှ မလှုပ်ဘဲ တွင်းနက်ကြီးထဲ၌ သံိုမှိုစွဲထားသကဲ့သို့ တည်ရှိနေသည်။
ထိုကျန်ရစ်နေသော လှေကားထစ်နေရာတွင် လူတစ်ယောက် ရပ်နေသည်...
လင်းယွမ်...
လင်းယွမ်၏ ပတ်လည်တွင် ကြည်လင်သော လိပ်ခွံစွမ်းအင်အကာအကွယ်က တဖျပ်ဖျပ် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ဒဏ်ရာမှ မရှိသည့်အပြင် သူ့အဝတ်အစား အနားစွန်းများတောင် တွန့်ကြေခြင်း မရှိပေ။
"မဖြစ်နိုင်ဘူး"
စိတ်ဓာတ်ကြံ့ခိုင်သော ဝူမုန့်သည်ပင် ယခုအချိန်တွင် မျက်နှာပျက်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
စောစောက လက်သီးချက်သည် သူ၏ အထွတ်အထိပ် လက်သီးချက် ဖြစ်သည်။
သူ့မျက်စိရှေ့မှ မြင်ကွင်းကို သူ လက်မခံနိုင်ပေ။
လင်းယွမ် ရှောင်တိမ်းသွားလျှင်တောင် သူ ဒီလောက်အထိ အံ့သြမိမည် မဟုတ်ပေ။
"မင်း... မင်းက ငါ့ရဲ့ ပေါက်ကွဲလက်သီးကို ထိပ်တိုက် ရင်ဆိုင်လိုက်တာလား"
သူ မယုံနိုင်စွာ အော်ဟစ်လိုက်သည်။
လင်းယွမ်က တွင်းနက်ကြီးထဲတွင် ရပ်နေရင်း လိပ်ခွံစွမ်းအင်အကာအကွယ်ကို ဖြည်းဖြည်းချင်း ဖျောက်လိုက်သည်။
သူက ခေါင်းကို အသာခါရင်း "မင်းရဲ့ ဒီ ပေါက်ကွဲလက်သီး ဆိုတာကို ငါ အထင်ကြီးမိသွားတာပဲ"
"အရှိန်အဝါကတော့ တော်တော်ကြီးတာပဲ... ငါတောင် လန့်သွားပြီး လိပ်ခွံစွမ်းအင်အကာအကွယ်ကို ထုတ်သုံးလိုက်မိတယ်"
"ကြည့်ရတာ... ငါ ဒီနေရာမှာ ဘာကာကွယ်မှုမှ မလုပ်ဘဲ ရပ်နေရင်တောင် မင်းရဲ့ ပေါက်ကွဲလက်သီးက ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး"
လင်းယွမ်က တိကျသော သုံးသပ်ချက်ကို ချလိုက်သည်။
လက်ရှိအချိန်တွင် သူ့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အမှတ် ၅၀ အထိ ရောက်ရှိနေပြီ ဖြစ်သည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ကိန်းဂဏန်းသည် ဝူမုန့် ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။
ဝူမုန့်၏ ပါရမီ မည်မျှပင် ကောင်းမွန်ပါစေ၊ လက်သီးအား မည်မျှပင် ပြင်းထန်ပါစေ၊ သူ့ခွန်အား ကန့်သတ်ချက်က ထိုနေရာတွင်သာ ရှိသည်။
ပြီးခဲ့တဲ့တစ်ခေါက်ကတည်းက ဝူမုန့်၏ ခွန်အားသည် ၃၀ ဝန်းကျင်တွင်သာ ရှိကြောင်း သူ စမ်းသပ်သိရှိခဲ့ပြီး ဖြစ်သည်။
ထိုခွန်အားပမာဏဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု ၅၀ ရှိသော သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်မည် မဟုတ်ပေ။
ခန္ဓာကိုယ်ကြံ့ခိုင်မှု ၅၀ ဆိုသည်မှာ သူ့၏ ပြန်လည်ကောင်းမွန်နိုင်စွမ်း၊ ကာကွယ်နိုင်စွမ်း၊ ခံနိုင်ရည်စွမ်းအားတို့သည် မျိုးရိုးဗီဇမြေပုံ မဖွင့်မီ ရောက်ရှိနိုင်သည့် အကန့်အသတ်အထိ ရောက်ရှိနေပြီ ဆိုသည့် အဓိပ္ပာယ် ဖြစ်ကြောင်း သိထားရမည်။
ထိုအခြေခံအုတ်မြစ်ပေါ်တွင် ခွန်အားပမာဏ ၅၀ မကျော်လွန်ပါက သူ့ကာကွယ်မှုကို မည်သို့ ဖောက်ဖျက်နိုင်မည်နည်း။
ယခုအခါ သူ့၏ လိပ်ခွံစွမ်းအင်အကာအကွယ်သည်ပင် ကြောက်စရာကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
လက်ရှိ လိပ်ခွံစွမ်းအင်အကာအကွယ်ကို သက်သက်မဲ့ ရုပ်ပိုင်းဆိုင်ရာ ဒိုင်းကာတစ်ခုအနေဖြင့်ပင် အသုံးပြု၍ ရနေပြီ။
လင်းယွမ်က ကိုယ်ကို ပင့်ကာ တွင်းနက်ကြီးထဲမှ ခုန်ထွက်လိုက်သည်။
သူက ဝူမုန့်ရှိရာသို့ လျှောက်သွားရင်း "ဒါက မင်းရဲ့ အစွမ်းဆုံး တိုက်ကွက်လား"
"တခြား နည်းလမ်းတွေ ရှိသေးလား"
"မရှိတော့ရင်လည်း... ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်"
ဆက်ရန်...
အပိုင်း(၂၄၈) ခိုလှုံရေးစခန်း ခေါင်းဆောင်သုံးဦးကို အပြတ်အသတ် ချေမှုန်းခြင်း
ဝူမုန့်က ခေါင်းမော့လာပြီး လင်းယွမ်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
"မင်း ဘယ်လိုလုပ်လိုက်တာလဲ"
လင်းယွမ်က ခေါင်းခါရင်း ပြန်ဖြေလိုက်၏။
"မင်းနဲ့ ငါ လျှောက်တဲ့လမ်းက မတူဘူး"
"ဝူမုန့်... ဆက်တိုက်ဦးမလား"
"မတိုက်တော့ဘူးဆိုရင်လည်း လမ်းဖယ်တော့"
ဝူမုန့်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ ခွန်အားဗလက အထွတ်အထိပ် အခြေအနေတွင် ရှိနေဆဲဖြစ်သလို သူ၏ သန္ဓေပြောင်းအစွမ်းမှာလည်း အားကောင်းနေဆဲ ဖြစ်သည်။
သို့သော် ရင်ထဲတွင် ဖြစ်ပေါ်နေသော အားကိုးရာမဲ့သည့် ခံစားချက်က ဒီရေလှိုင်းများပမာ လွှမ်းမိုးလာပြီး သူ့ကို အသက်ရှူကျပ်စေ၏။
သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုက တစ်ဖက်လူ၏ ခံစစ်ကိုတောင် မဖောက်နိုင်ခဲ့ပေ။ ဒီလိုအနေအထားမျိုးမှာ ဘယ်လိုလုပ် ဆက်တိုက်နိုင်တော့မည်နည်း။
လင်းယွမ်က သူ့ရှေ့သို့ တစ်လှမ်းချင်း လျှောက်လာသည်။ ဝူမုန့်က လင်းယွမ်ထက် ခန္ဓာကိုယ် ထက်ဝက်ကျော်ပိုကြီးမားသော်လည်း ထိုအချိန်တွင် နှစ်ဦးသား၏ အရှိန်အဝါချင်းမှာ လုံးဝ နှိုင်းယှဉ်၍ မရတော့ပေ။
"ရှေ့ကဖယ်"
လင်းယွမ်က ဝူမုန့်ကို တည်ငြိမ်စွာ ကြည့်ရင်း ထပ်ပြောလိုက်သည်။
ဝူမုန့်က အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီးနောက်...
"မင်းရဲ့ ခံစစ်က တော်တော်လေး ကောင်းပါတယ်... ဒါပေမဲ့ ငါလည်း မညံ့ဘူးကွ"
"ငါ့ကို လမ်းဖယ်စေချင်ရင်တော့... မင်း ငါ့ကို အနိုင်တိုက်မှရမယ်"
"ဝုန်း"
ဝူမုန့်၏ စကားဆုံးသည်နှင့် လင်းယွမ်၏ လက်ဝါးတစ်ဖက်က သူ့ထံသို့ ပြင်းထန်စွာ ရိုက်ခတ်လာလေသည်။
သူ၏ မျက်ဆန်များ ကျဉ်းမြောင်းသွားပြီး လက်မောင်းနှစ်ဖက်ကို ကြက်ခြေခတ်ပုံစံယှက်ကာ ချက်ချင်း ကာကွယ်လိုက်သည်။
ပေါ့ပါးပုံရသော လက်ဝါးရိုက်ချက်သည် နောက်တစ်စက္ကန့်တွင် ဝူမုန့်၏ လက်မောင်းနှစ်ဖက်ပေါ်သို့ ကျရောက်သွား၏။
ခဏအတွင်းမှာပင် ပေါက်ကွဲသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ဝူမုန့်၏ လက်မောင်းနှစ်ဖက်မှာ ချက်ချင်းပင် သွေးမြူမှုန်များအဖြစ် ပေါက်ကွဲလွင့်စင်သွားလေသည်!
လင်းယွမ်၏ သာမန်ကာလျှံကာ ရိုက်ချက်အောက်တွင် သူ၏ အရေပြား၊ အသား၊ အကြောနှင့် အရိုးများအားလုံး တစ်စစီ ကြေမွသွားခြင်း ဖြစ်သည်။
ထိုကြောက်မက်ဖွယ် ကောင်းလှသော ခွန်အားအရှိန်ကြောင့် ဝူမုန့်တစ်ကိုယ်လုံး မြေကြီးပေါ်သို့ ဝမ်းဗိုက်နှင့် ရိုက်မိကာ လဲကျသွားသည်။
လက်မောင်းနှစ်ဖက် ဆုံးရှုံးသွားပြီဖြစ်သဖြင့် သူ၏ ခန္ဓာကိုယ်ကိုပင် ထောက်ထားနိုင်ခြင်း မရှိတော့ဘဲ လှေကားထစ်များပေါ်သို့ ခေါင်းဖြင့် စိုက်ကျသွားကာ အရှိန်ကြောင့် အောက်ဘက် လှေကားထစ်များဆီသို့ လိမ့်ဆင်းသွားလေသည်။
ပြတ်သွားသော ဒဏ်ရာမှ အသားစိုင်အသစ်များ အဆက်မပြတ် ထွက်ပေါ်လာပြီး သွေးသားကြီးထွားခြင်း အစွမ်းက စတင်အလုပ်လုပ်ကာ ဒဏ်ရာကို လျင်မြန်စွာ ပြန်လည်ကုစားပေးနေသည်။
သို့သော် သူ၏ မျက်နှာပေါ်တွင်မူ ထိတ်လန့်တုန်လှုပ်မှုများ အပြည့် နေရာယူထား၏။
သူက လိမ့်ဆင်းနေသော အရှိန်ကို ခြေထောက်ဖြင့် ကန်ကာ ရပ်တန့်လိုက်ပြီး ခေါင်းမော့ကာ လင်းယွမ်ကို တုန်လှုပ်စွာ ကြည့်လိုက်သည်။
"မင်း... မင်းရဲ့ခွန်အားက... ဘယ်လိုလုပ် ဒီလောက်ထိ သန်မာနေရတာလဲ"
လင်းယွမ်က လှေကားထစ်များအတိုင်း တက်လာရင်း လေသံအေးအေးဖြင့် ပြောလိုက်သည်။
"လက်မောင်းတွေ ပြန်ကောင်းသွားရင် တက်ခဲ့လိုက်... အဲဒီအချိန်ကျရင် အရာအားလုံး ပြီးဆုံးလောက်ပြီ"
ဝူမုန့်မှာ ကြောင်အသွားပြီးနောက် လင်းယွမ် ဘာကိုဆိုလိုသည်ကို ချက်ချင်း သဘောပေါက်သွားသည်။
လင်းယွမ်က... တစ်ကိုယ်တည်းနှင့် ထူလုံ၊ လီယွဲ့ဖုန်း နှစ်ယောက်စလုံးကို တစ်ပြိုင်နက် ရင်ဆိုင်တော့မည်လော။
လင်းယွမ်က ခြေလှမ်းကျဲကြီးများဖြင့် တက်သွားပြီး မကြာမီ ယွမ်ရွေ့တို့အဖွဲ့ဘေးမှ ဖြတ်သွားလေသည်။
သူ၏ ခြေလှမ်းများ အနည်းငယ် တုန့်သွားပြီး မျက်နှာဖြူဖပ်ဖြူရော ဖြစ်နေသော ယွမ်ရွေ့ကို လှမ်းကြည့်လိုက်သည်။
"လုံလောက်တဲ့ အစွမ်းအစမရှိဘဲနဲ့... ပါးစပ်မသရမ်းနဲ့"
"မင်းမှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိဘူးဆိုတာ သိလို့ ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ်... နောက်တစ်ခါဆိုရင်တော့... ဟက်ဟက်..."
လင်းယွမ်က အေးစက်စက် တစ်ချက်ရယ်မောလိုက်ပြီး ပါးစပ်သရမ်းသော ယွမ်ရွေ့ကို ဆက်လက် အရေးမလုပ်တော့ပေ။
ယွမ်ရွေ့မှာ အားအင်ကုန်ခမ်းသွားသကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာတစ်ခုလုံး ချွေးစေးများပြန်ကာ ဘေးနားရှိ ကျောက်တုံးကို အားပြုကိုင်ထားရလေသည်။
သူက ထွက်ခွာသွားသော လင်းယွမ်၏ ကျောပြင်ကို ပြန်လှည့်ကြည့်လိုက်ရာ ရင်တဒိတ်ဒိတ် ခုန်နေသည်။
စောစောက တစ်ဖက်လူ သူ့ကို လှမ်းကြည့်လိုက်သည့် ခဏတာအတွင်း သေမင်းနှင့် ရင်ဆိုင်လိုက်ရသလိုမျိုး ခံစားခဲ့ရ၏။
ထိုခံစားချက်က သူ့ကို မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ထားသကဲ့သို့ ဖြစ်စေသည်။
သူ မြေလျှိုးအစွမ်းကို သုံးလျှင်တောင်မှ ထွက်ပြေး၍ လွတ်မည်မဟုတ်ကြောင်း သူ့စိတ်ထဲတွင် ကြိုတင်သိရှိနေသည်။
"ဒီကောင်က... ဘယ်လိုများ ဆင့်ကဲပြောင်းလဲလာတာလဲ"
သူ့စိတ်ထဲတွင် အော်ဟစ်မေးမြန်းနေမိသော်လည်း နှုတ်ခမ်းများသာ လှုပ်ရွရွဖြစ်နေပြီး စကားတစ်ခွန်းမှ အသံထွက်မလာရဲပေ။
ကျိဖုန်းနှင့် ကွန်ရှန်း နှစ်ယောက်လုံးမှာလည်း အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြပြီး လင်းယွမ်၏ လမ်းကြောင်းကို ပိတ်ရပ်ရဲခြင်း မရှိကြချေ။
လင်းယွမ်က ထိုနှစ်ယောက်ကို အရေးမလုပ်ဘဲ ကိုးဝူမျှော်စင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။
ဟိုဘက်ရှိ ဇရပ်ဆောင်ထဲတွင် လီယွဲ့ဖုန်းနှင့် ထူလုံတို့၏ မျက်နှာများမှာ အလွန်လေးနက် တည်ကြည်နေကြသည်။
ကျွမ်းရှုယွမ်မှာမူ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော ဖြစ်နေလေပြီ။ သူမသည် လင်းယွမ်နှင့် အကြည့်ချင်း ဆုံလိုက်မိသည့် ခဏတာတွင် တစ်ကိုယ်လုံး တုန်တက်သွားသည်။
ထို့နောက် သူမ သတိပြန်ဝင်လာပြီး ကိုယ်ကို လျင်မြန်စွာတိမ်းကာ ဇရပ်ဆောင်ပေါ်မှ အောက်ဘက် တောင်လမ်းပေါ်သို့ ခုန်ချလိုက်ပြီး ဝူမုန့် ရှိရာဆီသို့ အပြေးသွားလိုက်သည်။
"အစ်ကိုမုန့်... အဆင်ပြေရဲ့လား"
ဝူမုန့်က အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏ လက်မောင်းတစ်ဝက်ခန့်မှာ ပြန်လည် ထွက်ပေါ်လာနေပြီ ဖြစ်သည်။
"ကိစ္စမရှိဘူး... သွား... အပေါ်တက်ကြည့်ရအောင်"
ကျွမ်းရှုယွမ်က သက်ပြင်းချလိုက်သော်လည်း စိတ်မကျေနပ်နိုင်ဘဲ မေးလိုက်သည်။ "သူက ဘာလို့ ဒီလောက်တောင် စွမ်းနေရတာလဲ"
ဝူမုန့်က ခေါင်းခါလိုက်သည်။ သူ့စိတ်ထဲတွင်လည်း ထိုမေးခွန်းကိုပင် မေးနေမိ၏။
သူတို့နှစ်ဦး ကိုးဝူမျှော်စင်ပေါ်သို့ လျင်မြန်စွာ ပြန်တက်လာကြသည်။
လင်းယွမ်သည် ဇရပ်ဆောင်ထဲသို့ ဝင်မသွားဘဲ တယ်လီစကုပ်ရှိရာသို့ လျှောက်သွားလိုက်သည်။
သူက တယ်လီစကုပ်ကို ငုံ့ကြည့်ကာ စမ်းသပ်လိုက်သည်။ ဤပစ္စည်းက အတော်လေး လှမ်းမြင်ရသည်မှာ အမှန်ပင်။
ကံဆိုးသည်မှာ ပတ်ဝန်းကျင် တစ်ခုလုံး ရေလွှမ်းမိုးနေသဖြင့် မြင်တွေ့ရသည်မှာ (၆) မိုင်ခန့်အကွာအဝေးရှိ ရေထဲမှ တိုက်မြင့်အဆောက်အအုံများသာ ဖြစ်သည်။
လင်းယွမ်က တယ်လီစကုပ်ဖြင့် ကစားရင်း ပြုံးကာ ပြောလိုက်သည်။
"ငါကြားတာတော့ မင်းတို့ ဒီမှာစုဝေးနေကြတာ ငါ့ရဲ့ ကျောက်တွင်းဧရိယာကို ဘယ်လိုခွဲဝေမလဲဆိုတာ တိုင်ပင်ဖို့ဆို"
သူက တယ်လီစကုပ်ကို ချလိုက်ပြီး ဇရပ်ဆောင်ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
"ဘယ်လိုလဲ... တိုင်ပင်လို့ ပြီးသွားကြပြီလား... ငါ့ကိုလည်း ပြောပြပါဦး"
"ငါ သိချင်လို့ပါ... မင်းတို့သုံးယောက်ထဲမှာ ဘယ်သူက အများဆုံးရသလဲလို့"
ထူလုံနှင့် လီယွဲ့ဖုန်းတို့၏ မျက်နှာထားများ တောင့်တင်းသွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြကာ မည်သူမျှ စကားမဆိုကြပေ။
လင်းယွမ်က ထူလုံကို ကြည့်ကာ ရယ်မောရင်း ဆဲရေးလိုက်သည်။
"ထူလုံ... ဒီမဟာမိတ်အဖွဲ့ကို မင်း ဦးဆောင်တာမလား"
"တက်တူးကို အားကိုးပြီး ဝက်တွေ ခွေးတွေအဖြစ် ပြောင်းလဲတတ်တဲ့ကောင်က... တော်တော်လေး ဂယောက်ဂယက်နိုင်ပါလား"
"ဘယ်လိုလဲ... မင်းက ဝေစုအများဆုံးရတာလား... ဘယ်နှပုံလဲ... ငါးပုံလောက် ရလား"
"ငါးပုံတောင် မရဘူးဆိုရင်တော့... ငါ မင်းကို တကယ် အထင်သေးမိမှာပဲ"
"ဒီလောက်ထိ အပင်ပန်းခံပြီး ဟိုလူ့ဆက်သွယ် ဒီလူ့ဆက်သွယ် လုပ်နေတာ... နောက်ဆုံးကျမှ နှစ်ပုံ သုံးပုံလောက်ပဲ ရတယ်လို့တော့ မပြောနဲ့နော်"
သူက မဲ့ပြုံးပြုံးလျက် ဇရပ်ဆောင်ဘက်သို့ လျှောက်လာသည်။
ထူလုံ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး အေးစက်စွာ ပြောလိုက်သည်။
"လင်းယွမ်... မတွေ့တာ တစ်လလောက်ပဲ ရှိသေးတယ်... မင်းက ပိုပြီး ကိုင်တွယ်ရခက်လာမယ်လို့ ထင်မထားဘူး"
"မင်း သိပ်ဘဝင်မမြင့်နဲ့ဦး... မင်းရဲ့ခွန်အားက ကြီးနေတော့ရော ဘာဖြစ်သလဲ... ငါ့ဘေးနားက တစ်ယောက်က မိန်ဟိုင်ဥယျာဉ်က သူဌေးလီပဲ... သူ့ရဲ့အစွမ်းကို မင်းလည်း ကြားဖူးမှာပါ"
"ကော်စေးရွှံ့ အစွမ်းကွ... ဘယ်လို ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုးမဆို သူ့အတွက် ဘာမှ အရာမထင်ဘူး"
"ဝူမုန့်တောင်မှ သူ့ကို နိုင်မယ်လို့ အာမမခံရဲဘူး"
လင်းယွမ်က ထူလုံဘေးနားရှိ လီယွဲ့ဖုန်းကို ကြည့်ကာ ပြုံးလိုက်သည်။ "သူပြောနေတာ မင်းကိုလား"
လီယွဲ့ဖုန်းက စိတ်ထဲတွင် ထူလုံ၏ ယုတ်မာမှုကို ကျိန်ဆဲလိုက်သည်။ ဒီလိုအချိန်မျိုးကျမှ သူ့ကို ရှေ့ထွက်ခိုင်းရသည်လား။
လင်းယွမ်ဆိုသည့်ကောင်က ပုံမှန်မဟုတ်ဘဲ လွန်ကဲစွာ အစွမ်းထက်နေမှန်း မည်သူမဆို မြင်နိုင်သည်။
ဝူမုန့်လောက် သန်မာသည့် လူတစ်ယောက်တောင်မှ တစ်ချီတည်းနှင့် မခံနိုင် ဖြစ်ခဲ့ရသည် မဟုတ်ပါလော။
လီယွဲ့ဖုန်းသည် မည်မျှပင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပါစေ ဦးနှောက်မရှိဘဲ ထိုလူမျိုးနှင့် ထိပ်တိုက်ရင်ဆိုင်မည့်သူ မဟုတ်ပေ။
သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မကောင်းသော ခံစားချက်များကို ဖိနှိပ်ကာ ပြုံးလိုက်ရင်း ပြောသည်။
"ကိုလင်းယွမ်... ကျုပ်က လီယွဲ့ဖုန်းပါ... ဒါ ကျုပ်တို့ ပထမဆုံးအကြိမ် တွေ့ဆုံတာထင်တယ်"
လင်းယွမ်က ဟားခနဲ ရယ်မောလိုက်သည်။ လီယွဲ့ဖုန်း၏ ပုံစံကို ကြည့်ရသည်မှာ သူက လက်ပါဖို့ကိုပင် မလောတော့သည့်ပုံပင်။
"တွေ့တာကတော့ ပထမဆုံးအကြိမ် ဟုတ်တယ်... ဒါပေမဲ့ မင်းနာမည်ကိုတော့ လူတွေပြောတာ မကြာခဏ ကြားဖူးတယ်... မိန်ဟိုင်ဥယျာဉ်ရဲ့ ခေါင်းဆောင်၊ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကြီး လေးခုထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ထျန်ဝေ ပြီးရင် ဒုတိယ အစွမ်းအထက်ဆုံး လူတစ်ယောက်ဆိုလားပဲ"
"မင်းလည်း ကျောက်တွင်းကို စိတ်ဝင်စားနေတာလား"
လီယွဲ့ဖုန်းက ချက်ချင်းပင် ပြုံးကာ ပြန်ဖြေသည်။ "ကိုလင်းယွမ်... ခင်ဗျား ကျုပ်တို့အပေါ် နည်းနည်း အထင်လွဲနေပုံရတယ်"
"ကျုပ်တို့ ဒီကိုလာတာက တကယ်တော့ ကိုးဝူမျှော်စင်ရဲ့ ဈေးရောင်းပွဲတော်ကို လာဆင်နွှဲကြရင်း... ထျန်ဝေရဲ့ ကျောက်တွင်းကိစ္စကို စကားကြုံလို့ ပြောမိကြတာပါ"
"ကိုလင်းယွမ် မသိသေးတဲ့ ကိစ္စတစ်ခု ရှိကောင်းရှိနိုင်ပါတယ်... ထျန်ဝေရဲ့ ကျောက်တွင်းက သူတစ်ယောက်တည်း ပိုင်တာ မဟုတ်ပါဘူး"
"သူက အဲဒီနေရာကို သိမ်းပိုက်ထားတယ် ဆိုပေမဲ့ တကယ်တမ်း အစောပိုင်းတုန်းက ကျုပ်တို့ သုံးယောက်နဲ့ သဘောတူညီချက် ရထားတာ ရှိပါတယ်... အဲဒီကျောက်တွင်းက ထွက်တဲ့ စွမ်းအင်ကျောက်တုံးတွေကို ကျုပ်တို့ သုံးဖွဲ့က နှစ်ပုံစီ ခွဲယူကြဖို့ပါ"
"ကျုပ်တို့က တခြားသဘော မရှိပါဘူး... ကျုပ်တို့ ရသင့်ရထိုက်တဲ့ နှစ်ပုံစီကိုပဲ ပြန်လိုချင်တာပါ... ကျန်တဲ့ ထျန်ဝေရဲ့ လေးပုံကိုတော့ ခင်ဗျားပဲ ယူလိုက်ပါ... ဘယ်လိုလဲ"
ထူလုံက လည်ပင်းကို ရုတ်တရက် လှည့်ကာ လီယွဲ့ဖုန်းကို မယုံနိုင်စွာ ကြည့်လိုက်သည်။
'တောက်... ဒီကောင် လီယွဲ့ဖုန်းက ဘယ်တုန်းကများ ဒီလောက် ပြောရဆိုရ လွယ်သွားရတာလဲ'
လီယွဲ့ဖုန်း ကြောက်သွားပြီဖြစ်ကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်သည်။
'ကျစ်... ကောက်ကျစ်တဲ့ကောင်'
ထူလုံက အသက်ပြင်းပြင်း ရှူလိုက်ပြီး ဒေါသနှင့် ထိတ်လန့်မှုကို မြိုသိပ်လိုက်ရသည်။
ဝူမုန့်လောက် သန်မာသည့် လူတောင်မှ လင်းယွမ်၏ လက်သီးတစ်ချက်တည်းနှင့် လက်မောင်းနှစ်ဖက် ပေါက်ကွဲသွားခဲ့ရသည်။
အကယ်၍များ ထိုလက်သီးက ခေါင်းကို ထိသွားခဲ့လျှင် ဝူမုန့်၏ 'သွေးသားကြီးထွားခြင်း' စွမ်းရည်က မည်မျှပင် ကောင်းမွန်ပါစေ သေလမ်းသာ ရှိပေလိမ့်မည်။
သူ့ကိုယ်သူ ဝူမုန့်နှင့် နှိုင်းယှဉ်ကြည့်လျှင် သူ၏ တက်တူးဝိညာဉ် အစွမ်းမှာ တစ်ဖက်လူလောက် မသန်မာပေ။
ထို့ကြောင့် ယခု လီယွဲ့ဖုန်းတောင် အလျှော့ပေးသွားပြီ ဖြစ်ရာ သူ့အနေဖြင့် ဘာပြောစရာ ရှိတော့မည်နည်း။
ထို့ကြောင့် သူလည်း ဂုဏ်သိက္ခာကျစွာ ခေါင်းငုံ့လိုက်ရပြီး ပြောလိုက်သည်။
"ဟုတ်တယ်... ကျုပ်တို့ဆိုလိုတာ အဲဒါပဲ... ကျုပ်တို့ပိုင်တဲ့ နှစ်ပုံကိုပဲ ပြန်လိုချင်တာပါ... ထျန်ဝေရဲ့ ဝေစုက ခင်ဗျားအပိုင်ပါပဲ"
လင်းယွမ်က ထိုနှစ်ယောက်၏ ပုံစံကိုကြည့်ပြီး ဟားတိုက် ရယ်မောလိုက်လေသည်။
"ဟားဟားဟား..."
သူက ရယ်မောရင်း ခေါင်းခါကာ ထိုနှစ်ယောက်ကို လက်ညှိုးထိုးလျက် ပြောလိုက်သည်။
"မင်းတို့နှစ်ကောင်က တော်တော် ရယ်ရတာပဲ... ဟားဟား... ငါပဲ စောစောက ရှင်းအောင် မပြောလိုက်မိတာလား... မင်းတို့နှစ်ကောင်ပဲ နားလေးနေတာလား"
လီယွဲ့ဖုန်းနှင့် ထူလုံတို့၏ အပြုံးများ တောင့်တင်းသွားသည်။
ထို့နောက် လင်းယွမ်က ဆက်ပြောလိုက်သည်။
"ငါ စောစောက ပြောလိုက်တာက... ငါ့ရဲ့ ကျောက်တွင်း လို့ ပြောလိုက်တာလေ... မင်းတို့ မကြားလိုက်ဘူးလား"
"မင်းတို့ အခု ကောက်ကျစ်စဉ်းလဲပြီး ခွဲဝေဖို့ ကြံစည်နေတဲ့နေရာက... ငါ့အပိုင်ကွ"
"ဘာ ထျန်ဝေလဲ... သေပြီးသားလူတစ်ယောက်အကြောင်း ငါ့လာပြောနေတာ ဘာလုပ်ဖို့လဲ"
လီယွဲ့ဖုန်းနှင့် ထူလုံတို့ ဆက်မပြုံးနိုင်ကြတော့ပေ။
ထိုအချိန်တွင် ဟုန်ဖူက ရှေ့ထွက်လာပြီး မျက်နှာချိုသွေးကာ အလျင်အမြန် ဝင်ပြောလိုက်သည်။ "ကိုလင်းယွမ်... အဲဒီတုန်းက ထျန်ဝေနဲ့ ကျုပ်တို့အဖွဲ့တွေရဲ့ သဘောတူညီချက်က ဒီလိုရှိပါတယ်..."
လင်းယွမ်က ခေါင်းကို ရုတ်တရက် လှည့်လိုက်သည်။ ဤအဖိုးကြီးက စိတ်စွမ်းအင်ကို အသုံးပြုလိုက်ပြီး စကားပြောနေရင်း သူ၏ စိတ်ပင်လယ်ထဲသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားနေကြောင်း သူ အာရုံခံလိုက်မိသောကြောင့်ပင်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ စိတ်စွမ်းအင်က ပြင်းထန်စွာ ပြန်ကန်ထွက်သွားသည်။
ခဏချင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင်များက ဒီရေအလား ဟုန်ဖူထံသို့ အကြမ်းပတမ်း ပြန်လည်ရိုက်ခတ်သွားလေသည်!
"ဝေါ့..."
ဟုန်ဖူမှာ စကားပင် မဆုံးလိုက်ဘဲ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးများ တစ်ပြိုင်နက် ပန်းထွက်လာ၏။
သူ၏ ဦးခေါင်းခွံတစ်ခုလုံးပင် ပြင်းထန်စွာ တုန်ခါသွားသလို ဖြစ်သွားသည်။
"အား..."
သူက ခေါင်းကိုအုပ်ကာ သနားစဖွယ် အော်ဟစ်လိုက်ပြီး မြေကြီးပေါ်သို့ ဒူးထောက်ကျကာ မရပ်မနား ညည်းညူအော်ဟစ်နေတော့သည်။
လင်းယွမ်၏ မျက်လုံးများက အေးစက်စူးရှနေပြီး မဲ့ပြုံးပြုံးလိုက်သည်။
"မင်းတို့နဲ့ ထျန်ဝေရဲ့ သဘောတူညီချက်ကို... အောက်ဆင်းပြီး သူ့ကို သွားပြောလိုက်... ငါ့လာပြောစရာလား"
"ဟုန်ဖူ ခွေးအိုကြီး... မင်းရဲ့အစွမ်းက စိတ်စွမ်းအင် ကိုး"
"ပြီးခဲ့တဲ့တစ်ခါတုန်းက မင်းရဲ့ ညှိနှိုင်းမှုကို ငါ ဘာလို့ အလွယ်တကူ လက်ခံခဲ့မိတာလဲ ဆိုတာ အခုမှ သဘောပေါက်တော့တယ်... ငါက အသာစီးရနေလျက်နဲ့ မီးဝါးတောဆီကို မင်း မျှားခေါ်ရာ နောက် ပါသွားခဲ့တာကိုး"
"ဒါ မင်းရဲ့ အစွမ်းပေါ့လေ... လူတွေကို မှိုင်းတိုက်တာလား"
"ဒီတစ်ခါလည်း ငါ့ကို ဒီနည်းလမ်း သုံးချင်သေးတယ်ပေါ့"
မူလက ဤဟုန်ဖူ၏ အစွမ်းမှာ စိတ်စွမ်းအင် ဖြစ်နေသည်။
တိတိကျကျ ပြောရလျှင် ဟုန်ဖူ၏ အစွမ်းမှာ 'ပြုစားခြင်း' ဖြစ်သည်။
သူ ပြောလိုက်သော စကားလုံးတိုင်းသည် နားထောင်သူကို မသိမသာ လွှမ်းမိုးနိုင်သည်။
နားထောင်သူကို သူ၏ စကား နားယောင်လာအောင် မသိစိတ်မှ တွန်းအားပေးခြင်း ဖြစ်သည်။
ထို့ကြောင့်လည်း သူသည် တိုက်ခိုက်ရေးစွမ်းရည် မရှိသော်လည်း ဖုန်းဟွမ်ဘုရားကျောင်း၏ ထိပ်သီးနေရာတစ်ခုကို ရယူထားနိုင်ခြင်း ဖြစ်သည်။
ထူလုံသည်ပင် သူ့စကားကို နာခံရပြီး တစ်ခါတစ်ရံ သူနှင့် ထူလုံတွင် မည်သူက ဖုန်းဟွမ်ဘုရားကျောင်း၏ အကြီးအကဲ ဖြစ်မှန်းပင် ဝေခွဲမရ ဖြစ်တတ်သည်။
လင်းယွမ်သည် ပြီးခဲ့သောတစ်ခါက ဖုန်းဟွမ်ဘုရားကျောင်း တံခါးဝအထိ ရောက်အောင် တိုက်ခိုက်ခဲ့သော်လည်း ထူလုံ၏ ပေါက်ကွဲမြှားကြောင့် တစ်ချက်လန့်သွားပြီးနောက် ဤအဖိုးကြီး၏ စကားများကြောင့် မသိလိုက်မသိဘာသာပင် မီးဝါးတောဆီသို့ ရောက်သွားခဲ့ရသည်။
ထိုစဉ်ကလည်း ဤအဖိုးကြီးက အစွမ်းသုံးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
လီယွဲ့ဖုန်းနှင့် ထူလုံတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ဟုန်ဖူ အော်ဟစ်လဲကျသွားသည့် တစ်ခဏ၌ နှစ်ယောက်သား ပြိုင်တူ လှုပ်ရှားလိုက်ကြလေသည်!
ထူလုံက အသက်ပြင်းပြင်းရှူကာ တက်တူးဝိညာဉ် အစွမ်းကို ထုတ်သုံးလိုက်ရာ တစ်ကိုယ်လုံးတွင် အကြေးခွံများ ထွက်ပေါ်လာပြီး အဝတ်အစားများ ကွဲထွက်သွားကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ဧရာမ မြွေစိမ်းကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
လီယွဲ့ဖုန်းကမူ ခြေတစ်လှမ်း လှမ်းလိုက်ရာ သူ၏ ခြေထောက်နှစ်ဖက်မှာ ရော်ဘာကဲ့သို့ ဆန့်ထွက်သွားပြီး ထိုခြေလှမ်းတစ်လှမ်းတည်းဖြင့် ပေ (၄၀) ခန့်အကွာအဝေးကို ကျော်ဖြတ်ကာ လင်းယွမ်ရှေ့သို့ ချက်ချင်း ရောက်ရှိလာခဲ့သည်။
သူ၏ လက်ထဲတွင်လည်း အရိုးဓားမြှောင်တစ်ချောင်း ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိပေ။
ထိုဓားမြှောင်ပေါ်တွင် အပြာရောင် အလင်းတန်းများ တဖျပ်ဖျပ် လက်နေသည်။
ဒါက သာမန် ဓားမြှောင်မဟုတ်ဘဲ သန္ဓေပြောင်း သတ္တဝါတစ်ကောင်၏ အစွယ် ဖြစ်သည်။
လီယွဲ့ဖုန်းက ဓားမြှောင်ဖြင့် လင်းယွမ်၏ လည်ပင်းကို ပိုင်းဖြတ်ကာ လင်းယွမ် ရှောင်တိမ်းသွားအောင် ဖိအားပေးလိုက်သည်။
သို့သော် လင်းယွမ်က နေရာမှ မရွေ့ဘဲ ပေါ့ပါးစွာ တစ်ချက်ပြုံးလိုက်ပြီး လုံးဝ ရှောင်တိမ်းခြင်း မရှိပေ။
သူက လက်တစ်ဖက်ကို မြှောက်ကာ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"ဘုန်း"
လီယွဲ့ဖုန်းမှာ လင်းယွမ်၏ လက်မောင်းက သူ့မျက်နှာပေါ်သို့ ဘယ်လိုရောက်လာမှန်းပင် မမြင်လိုက်ရချေ။
ကြောက်မက်ဖွယ် လေထုကွဲအက်သံတစ်သံ ပေါက်ကွဲထွက်ပေါ်လာသည်။
နောက်တစ်စက္ကန့်တွင် ပြင်းထန်သော လေဖိအားလှိုင်းက ဦးစွာ ဖိနှိပ်ဝင်ရောက်လာသဖြင့် သူ၏ ပါးပြင်မှာ မျက်မြင်ကိုယ်တွေ့ပင် ချိုင့်ဝင် ပုံပျက်သွားရသည်။
ထို့နောက်မှသာ လက်ဝါးကြီးက ခဲလုနီးပါး ဖြစ်နေသော လေထုကို ဖိနှိပ်လျက် သူ၏ မျက်နှာပေါ်သို့ အားပါးတရ ရိုက်ချလိုက်ခြင်း ဖြစ်သည်!
"ဖြောင်း"
ကျယ်လောင်သော အသံနှင့်အတူ လီယွဲ့ဖုန်း၏ ဦးခေါင်းမှာ ပြားကပ်သွားလေသည်။
သူ၏ လည်ပင်းက ရှည်လျားစွာ ဆန့်ထွက်သွားပြီး ဦးခေါင်းမှာ မြေကြီးပေါ်သို့ ဘုန်းခနဲ ကျရောက်သွားသည်။
သို့သော် သူ၏ ခန္ဓာကိုယ်မှာ လဲကျမသွားဘဲ လည်ပင်းက ရော်ဘာပိုက်ကဲ့သို့ ဆန့်ထွက် ကွေးညွှတ်နေလျက် ရှိသည်။
ထိုအချိန်မှာပင် သူ၏ လက်ထဲမှ ဓားမြှောင်က ရပ်တန့်မသွားဘဲ ဆက်လက်၍ လျင်မြန်စွာ ထိုးစိုက်လာခဲ့သည်!
"ရွှပ်"
ထိုဓားမြှောင်က လင်းယွမ်၏ လည်ပင်းကို ဖြတ်သန်းသွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ဝူမုန့်မှာ အံ့သြသွား၏။
အဝေးမှ မြွေစိမ်းကြီးအဖြစ် ပြောင်းလဲထားသော ထူလုံကလည်း ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ "ဟုတ်ပြီဟေ့"
လီယွဲ့ဖုန်း၏ ဓားမြှောင်က သာမန်ဓားမြှောင် မဟုတ်ကြောင်း သူသိသည်။
၎င်းသည် သန္ဓေပြောင်း အဆိပ်မြွေတစ်ကောင်၏ အစွယ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ဓားမြှောင်ပေါ်ရှိ အပြာရောင်အလင်းမှာ အလှဆင်ထားခြင်း မဟုတ်ဘဲ ပြင်းထန်သော အဆိပ်များ ဖြစ်သည်။
ထိုဓားမြှောင်နှင့်သာ ထိခဲ့လျှင် ဝူမုန့်ကဲ့သို့ လူမျိုးပင် အသားကို ချက်ချင်း လှီးထုတ်ပစ်ရမည် ဖြစ်ပြီး မဟုတ်ပါက အဆိပ်တက်၍ သေဆုံးသွားနိုင်သည်။
လီယွဲ့ဖုန်း၏ 'ကော်စေးရွှံ့' အစွမ်းက အသက်ကာကွယ်ရာတွင် အလွန်ကောင်းမွန်သော်လည်း တိုက်ခိုက်မှုစွမ်းရည်မှာ သာမန်သာ ရှိသည်။
သို့သော် ဤဓားမြှောင်က သူ၏ တိုက်ခိုက်မှု အားနည်းချက်ကို ဖြည့်ဆည်းပေးထားသဖြင့် မိန်ဟိုင်ဥယျာဉ်၏ ခေါင်းဆောင်နေရာကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ရိုက်ချခံလိုက်ရသဖြင့် ပြားကပ်နေသော လီယွဲ့ဖုန်း၏ ဦးခေါင်းတွင်လည်း ဝမ်းသာသော အပြုံးတစ်ခု ပေါ်လာသည်။
"ဒီလောက် လွယ်တာလား"
သို့သော် နောက်တစ်စက္ကန့်တွင် သူ၏ အပြုံးမှာ တောင့်တင်းသွားသည်။
ဓားမြှောင် ဖြတ်သန်းသွားသော နေရာတွင် အသားကို လှီးဖြတ်လိုက်သည့် ခံစားမှုမျိုး လုံးဝ မရရှိဘဲ...
လေထုကို ဖြတ်သန်းသွားသကဲ့သို့သာ ခံစားလိုက်ရသည်။
"ဟာ... သွားပြီ"
သူ မျက်လုံးပြူးသွားပြီး လင်းယွမ်၏ ပုံရိပ်မှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။
ဒါက... ပုံရိပ်ယောင် ကျန်ခဲ့ခြင်း ဖြစ်နေသည်။
နောက်တစ်စက္ကန့်တွင် ခြေဖဝါးတစ်ဖက်က ဘုန်းခနဲ အသံနှင့်အတူ သူ၏ လက်မောင်းကို တက်နင်းလိုက်လေသည်။
လင်းယွမ်၏ ခန္ဓာကိုယ်မှာ လီယွဲ့ဖုန်း၏ ဘေးဘက်တွင် ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
သူက လီယွဲ့ဖုန်း၏ လက်မောင်းကို နင်းလိုက်ရာ မြေကြီးပင် ချိုင့်ဝင်သွားသည်။
လက်မောင်းမှာ စောစောကတည်းက အနင်းခံလိုက်ရသဖြင့် ပြားကပ်နေပြီး ထူးဆန်းစွာ ကွေးကောက်နေသည်။
သို့သော် အရိုးကျိုးသံ တစ်စုံတစ်ရာမျှ မကြားရပေ။
လင်းယွမ်က တာ့ခနဲ စုတ်သပ်လိုက်ပြီး လီယွဲ့ဖုန်း၏ လက်ဝါးကို လှမ်းဆွဲကာ ဆောင့်ဆွဲလိုက်သည်။
လီယွဲ့ဖုန်း၏ လက်ဝါးမှာ ပုံပျက်သွားပြီး ဓားမြှောင်မှာ လင်းယွမ်၏ လက်ထဲသို့ ပါသွားလေသည်။
လင်းယွမ်က ရေရွတ်လိုက်သည်။
"ဒီလောကကြီးမှာ တကယ့်ကို ထူးဆန်းတဲ့ အစွမ်းတွေ ရှိတာပဲကိုး"
လီယွဲ့ဖုန်း၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ အပြည့်ဖြစ်နေပြီး မယုံနိုင်စွာ မေးလိုက်သည်။
"မင်း... မင်းရဲ့ အမြန်နှုန်းက ဘယ်လိုလုပ် ဒီလောက် မြန်နေရတာလဲ"
လင်းယွမ်က ပြန်မဖြေဘဲ မေးခွန်းထုတ်လိုက်သည်။
"မင်းက တကယ်ပဲ ကော်စေးရွှံ့လို ဆွဲမပြတ်၊ ရိုက်မကွဲတဲ့ ကောင်လား"
ပြောရင်းဆိုရင်း သူက လီယွဲ့ဖုန်း၏ ဓားမြှောင်ဖြင့် ထိုလူ၏ ကိုယ်ပေါ်သို့ ထိုးချလိုက်သည်။
"စွပ်"
ဓားမြှောင်က လီယွဲ့ဖုန်း၏ ဦးခေါင်းကို ထိုးစိုက်လိုက်သဖြင့် ခေါင်းမှာ ချိုင့်ဝင်သွားသော်လည်း လီယွဲ့ဖုန်းထံမှ သွေးထွက်မလာပေ။
ထိုပုံစံမှာ ရွှံ့ဗွက်အိုင်တစ်ခုကို နယ်ဖတ်နေသကဲ့သို့ ဖြစ်နေပြီး အတွင်းရှိ ဆဲလ်အဖွဲ့အစည်းများ ပျက်စီးသွားခြင်း မရှိပေ။
"ထူလုံ... မင်း ဘာလုပ်နေတာလဲ... တိုက်လေကွာ"
လီယွဲ့ဖုန်းမှာ မျက်နှာဖြူဖပ်ဖြူရောနှင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူက ကျန်နေသော လက်မောင်းတစ်ဖက်ဖြင့် လင်းယွမ်၏ ခန္ဓာကိုယ်ကို လှမ်းဖမ်းလိုက်ပြီး မြွေကြီးတစ်ကောင်အလား လင်းယွမ်ကို ရစ်ပတ်လိုက်တော့သည်။
ထူလုံလည်း သတိပြန်ဝင်လာပြီး စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ဧရာမ မြွေစိမ်းကြီးအသွင်ဖြင့် အမြီးကို ဝှေ့ယမ်းကာ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
လီယွဲ့ဖုန်းက မျက်နှာကြီး ရှုံ့မဲ့လျက် အော်ဟစ်လိုက်သည်။ "သေစမ်းကွာ"
သူက လင်းယွမ်ကို တင်းကျပ်စွာ ရစ်ပတ်ထားပြီး လင်းယွမ်၏ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် လွတ်မြောက်သွားမည်ကို စိုးရိမ်နေသည်။
သို့သော် လင်းယွမ်က ထိတ်လန့်ဟန်မပြဘဲ အစိမ်းရောင်တိုင်လုံးကြီးကဲ့သို့ ရိုက်ချလာသော မြွေမြီးကို မော့ကြည့်လိုက်သည်။
ထို့နောက် သူက ဘယ်ဘက်လက်ကို ပေါ့ပါးစွာ ဆန့်ထုတ်လိုက်သည်။
ဝီခနဲ အသံနှင့်အတူ လေထုထဲတွင် စိတ်စွမ်းအင် အကာအကွယ်တစ်ခု ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင် (၅၀) မှတ်က လိပ်ခွံစွမ်းအင် အကာအကွယ်အဖြစ် ပြောင်းလဲပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားလိုက်သည်။
ဧရာမ မြွေမြီးကြီးက ဝုန်းခနဲ ရိုက်ချလိုက်သည်။
"ဒုန်း"
ဧရာမ လှိုင်းတံပိုးကြီးများကဲ့သို့သော ဖိအားများ ပတ်ဝန်းကျင်သို့ ပြင်းထန်စွာ ရိုက်ခတ်ပျံ့နှံ့သွားသည်။
"ဝုန်း... ဝုန်း... ဝုန်း"
အဝေးရှိ ပျက်စီးယိုယွင်းနေသော ကိုးဝူမျှော်စင်မှာ ထပ်မံ၍ ပြိုကျသံများ ထွက်ပေါ်လာသည်။
မလှမ်းမကမ်းရှိ ဇရပ်ဆောင်ရှည်ကြီးမှာလည်း ထိုရိုက်ချက်၏ လေဖိအားဒဏ်ကြောင့် ယိုင်နဲ့သွားရသည်။
ဧရာမ မြွေစိမ်းကြီးအသွင် ပြောင်းထားသော ထူလုံ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။
"မဖြစ်နိုင်တာ... သူ့ရဲ့ စိတ်စွမ်းအင် ခံစစ်က ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ"
လင်းယွမ်က ငုံ့ကြည့်လိုက်ပြီး သူ့ကို ရစ်ပတ်ထားသော လီယွဲ့ဖုန်းကို ပြုံးပြလိုက်သည်။
"ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေက မင်းကို ဒဏ်ရာမရစေနိုင်ဘူးဆိုတော့... စိတ်စွမ်းအင် တိုက်ခိုက်မှုဆိုရင်ရော ဘယ်လိုနေမလဲ"
လီယွဲ့ဖုန်း၏ မျက်နှာ အရောင်ပြောင်းသွားသည်။ နောက်တစ်စက္ကန့်တွင် ရုတ်တရက် ဦးနှောက်ထဲ၌ ပြင်းထန်စွာ နာကျင်သွား၏။
ကြောက်မက်ဖွယ် စိတ်စွမ်းအင် ရိုက်ခတ်မှုတစ်ခုက သူ၏ ဦးနှောက်ထဲသို့ အရှိန်ဖြင့် ဝင်ဆောင့်လိုက်သည်။
ခဏချင်းမှာပင် သူ၏ ဦးခေါင်းခွံမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ဒွါရပေါက် (၇) ပေါက်မှ သွေးများ ပန်းထွက်လာသည်။
မျက်နှာတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းသွားသည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံး ပျော့ခွေကျသွားလေသည်။
လင်းယွမ်က သူ၏ ဂုတ်ပိုးကို ဖမ်းကိုင်လိုက်ပြီး ခေါင်းခါလိုက်သည်။
"မင်းရဲ့ စိတ်စွမ်းအင်က ခွေးအိုကြီး ဟုန်ဖူလောက်တောင် မရှိပါလား"
ဟုန်ဖူဆိုသည့် အဖိုးကြီးက အနည်းဆုံးတော့ အော်ဟစ်နိုင်သေးသည်။ ဤလီယွဲ့ဖုန်းကမူ တန်းပြီး မေ့လဲသွားလေပြီ။
လင်းယွမ်က သူ၏ လည်ပင်းကို စမ်းကြည့်လိုက်ရာ သွေးခုန်နှုန်းပင် မရှိတော့သည်ကို တွေ့လိုက်ရသည်။
"သေသွားပြီလား"
သူ အနည်းငယ် အံ့သြသွားသည်။ သူက အကုန်အစင်တောင် အားမစိုက်ရသေးဘဲ သာမန် စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း တစ်ချက်လောက်သာ သုံးလိုက်ရသေးသည်။
လင်းယွမ်က ခေါင်းခါလိုက်ပြီး လီယွဲ့ဖုန်း၏ အလောင်းကို ဘေးသို့ ပစ်လိုက်သည်။
ရုတ်တရက် ကောင်းကင်ကြီး မည်းမှောင်သွားသကဲ့သို့ ဖြစ်သွားပြီး အလင်းရောင်များ ပျောက်ကွယ်သွားသည်။
လင်းယွမ် မော့ကြည့်လိုက်ရာ ထူလုံက မြွေလျှာကို ထုတ်လျက် ပါးစပ်ပေါက်ကြီးကို ဟကာ သူ့ကို တစ်လုပ်တည်း ဝါးမြိုရန် ဆင်းလာသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်က ခေါင်းမော့ပြီး ဟားတိုက် ရယ်မောလိုက်ကာ ရုတ်တရက် ကိုယ်ကို လှုပ်ရှားလိုက်ရာ ထူလုံ၏ မြင်ကွင်းထဲ၌ ပုံရိပ်ယောင်တစ်ခုသာ ကျန်ရစ်ခဲ့သည်။
နောက်တစ်စက္ကန့်တွင် ထူလုံ သတိမဝင်ခင်မှာပင် သူ၏ လျှာကို ကြီးမားသော ခွန်အားတစ်ခုက လှမ်းဖမ်းလိုက်သည်ကို ခံစားလိုက်ရသည်။
ထို့နောက် ထိုခွန်အားကြီးက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။
"ဝုန်း"
ထူလုံ၏ လျှာမှာ ပေအတော်များများ ဆွဲထုတ်ခံလိုက်ရပြီး နာကျင်မှုကြောင့် သူ၏ ခန္ဓာကိုယ်ကြီးမှာ ထိုဆွဲအားနောက်သို့ အလိုက်သင့် ပါသွားရသည်။
ထို့နောက် လင်းယွမ်က ခုန်တက်လိုက်ပြီး ကျော်ခိုင်းပစ်ပေါက်လိုက်သည်။
ကြောက်မက်ဖွယ် ခွန်အားအောက်တွင် လေးငါးထပ်တိုက် အမြင့်ခန့်ရှိသော ထူလုံမှာ အဝေးသို့ လွင့်စင်သွားလေသည်။
"ဘုန်း"
ဧရာမ မြွေစိမ်းကြီး၏ ခန္ဓာကိုယ်က ကိုးဝူမျှော်စင်၏ အပျက်အစီးများကြားသို့ ဝင်ဆောင့်သွားသည်။
လင်းယွမ်၏ ခန္ဓာကိုယ်က တဖျပ်ဖျပ် လှုပ်ရှားသွားပြီး နောက်တစ်စက္ကန့်တွင် ထူလုံ၏ ဦးခေါင်းထက်သို့ ရောက်ရှိလာသည်။
တစ်ချိန်တည်းမှာပင် သူ၏ မျက်လုံးထဲ၌ အလင်းရောင်များ လက်ခနဲ ဖြစ်သွားပြီး စိတ်စွမ်းအင် ကြိုးမျှင်များ ဖြာထွက်လာသည်။
"ရုပ်သေးကြိုးမျှင်"
ထူလုံမှာ ဝေဝါးနေသည့်ကြားမှ သူ၏ ခန္ဓာကိုယ်ကို သူကိုယ်တိုင် မထိန်းချုပ်နိုင်တော့သည်ကို ထိတ်လန့်စွာ တွေ့ရှိလိုက်ရသည်။
သူ့စိတ်က ကြည်လင်နေသော်လည်း လှုပ်ရှား၍ မရတော့ပေ။
သူ၏ အစွမ်းကိုပင် ထုတ်သုံး၍ မရတော့သဖြင့် သိမ်းငှက်အသွင်ပြောင်းကာ ထွက်ပြေးရန်လည်း မဖြစ်နိုင်တော့ချေ။
"ဘာဖြစ်တာလဲ... ဘာဖြစ်ကုန်တာလဲ"
ထူလုံမှာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်သည်။ "မင်း ဘာလုပ်လိုက်တာလဲ... မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ"
လင်းယွမ်က ကြိုးမျှင်များကို ဖွဖွလေး လှုပ်ရှားလိုက်သည်။ သူက မြွေစိမ်းကြီးအသွင် ပြောင်းထားသော ထူလုံ၏ ဦးခေါင်းပေါ်တွင် ထိုင်လျက် ထိုခန္ဓာကိုယ်ကြီးကို ထိန်းချုပ်ကာ ဖြည်းဖြည်းချင်း ကြွတက်စေလိုက်သည်။
သူက မြင့်မားသော နေရာမှနေ၍ ကိုးဝူမျှော်စင် ရင်ပြင်ပေါ်တွင် မတ်တတ်ရပ်နိုင်သေးသော လူအားလုံးကို စီးမိုးကြည့်ရှုလိုက်သည်။
"ကဲ... အခု ငါ စကားနည်းနည်းလောက် ပြောလို့ ရပြီလား"
ဆက်ရန်...