← Chapters

အခန်း (၂၄၉-၂၅၀)

Vol. 13 Ch. 249-250

အခန်း (၂၄၉-၂၅၀)

Vol. 13 Ch. 249-250

အပိုင်း(၂၄၉) ဝူမုန့်၏ ရွေးချယ်မှု

ထိုပေါ့ပါးလွန်းလှသော စကားတစ်ခွန်းက ယခုအချိန်တွင် လူတိုင်း၏ ရင်ထဲသို့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ တုန်လှုပ်သွားစေသည်။

ဝူမုန့်ကဲ့သို့ ခွန်အားကြီးမားသူပင်လျှင် ရင်တွင်း၌ တုန်ခါသွားကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်၏။

ဤမြင်ကွင်းမျိုးကို သူ မရေမတွက်နိုင်အောင် စိတ်ကူးယဉ်ခဲ့ဖူးသည်။ ထူလုံနှင့် လီယွဲ့ဖုန်းတို့ကို အနိုင်ယူကာ ထိုက်ယန်တောင်ကို တစ်ကြိမ်တည်းဖြင့် သိမ်းပိုက်ရန်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် သူ မလုပ်နိုင်ခဲ့သော အရာကို လင်းယွမ်က လုပ်ပြသွားခဲ့ပြီဖြစ်သည်။ ထိုမျှသာမက... အလွန်လွယ်ကူလွန်းစွာ၊ အားစိုက်ထုတ်စရာမလိုဘဲ လုပ်ပြသွားခဲ့ခြင်းပင်။

"ငါ... ငါ ဘာဖြစ်သွားတာလဲ... ငါ ဘာလို့ လှုပ်လို့မရတော့တာလဲ... မင်း ဘာလုပ်လိုက်တာလဲ"

အစိမ်းရောင်အကြေးခွံ မြွေကြီးက ဟိန်းဟောက်နေဆဲဖြစ်ပြီး ထူလုံက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

လင်းယွမ်က ခေါင်းကို အသာယမ်းလိုက်ရင်း သူ၏ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။

"ထပ်အော်နေမယ်ဆိုရင်... မင်းလျှာကို ဖြတ်ပစ်မယ်"

"မင်းရဲ့ မြွေလျှာကို ဖြတ်လိုက်ပြီး မင်းရဲ့ မူလပုံစံအတိုင်း ပြန်ပြောင်းသွားရင်... မင်းရဲ့ လူလျှာလည်း ပြတ်သွားလောက်တယ်မလား"

ထူလုံမှာ ချက်ချင်းပင် ထိတ်လန့်သွားကာ အသံတိတ်သွားပြီး သူ၏ မျက်လုံးများထဲတွင်တော့ အကြောက်တရားများ ပြည့်နှက်နေ၏။

လင်းယွမ်က ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ရာမှ ရုတ်တရက် အံ့သြသံတစ်ခု ထွက်ပေါ်လာသည်။ သူ လွှင့်ပစ်လိုက်သော လီယွဲ့ဖုန်းမှာ ပျောက်ကွယ်နေပြီ ဖြစ်သည်။

စောစောက သူ၏ လည်ပင်းသွေးကြောများပင် မခုန်တော့သည်ကို သူက သေချင်ယောင်ဆောင်နေလိမ့်မည်ဟု လင်းယွမ် ထင်မှတ်မထားခဲ့ပေ။ ဒီအချိန်တိုလေးအတွင်းမှာပဲ သူ ထွက်ပြေးသွားတာလား။

လင်းယွမ်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး သူ၏ စိတ်စွမ်းအင်ကို ချက်ချင်း ဖြန့်ကြက်လိုက်သည်။ ပတ်လည် ပေ(၁၆၀) အတွင်းရှိ အရာအားလုံးက သူ၏ စိတ်အာရုံထဲတွင် ပေါ်လာ၏။ ဤမျှ အချိန်တိုအတွင်း တစ်ဖက်လူက သေချာပေါက် အဝေးကြီး ပြေးနိုင်မည် မဟုတ်ပေ။

လင်းယွမ်က ချက်ချင်းပင် ခြေရာခံမိသွားပြီး စိတ်စွမ်းအင်ဖြင့် ရှာဖွေမှုအောက်တွင် လီယွဲ့ဖုန်း၏ ခြေထောက်နှစ်ချောင်းမှာ အလွန်ရှည်လျားစွာ ဆွဲဆန့်ခံထားရသည်ကို မြင်လိုက်ရသည်။

ထို့ကြောင့် သူ၏ အလျင်မှာ အလွန်မြန်ဆန်လှပြီး ခြေတစ်လှမ်းလှမ်းလိုက်တိုင်း ပေနှစ်ဆယ်ကျော်ခန့် အကွာအဝေးထိ ရောက်ရှိသွားသည်။ အဝေးမှကြည့်လျှင် ခြေတံရှည်သစ်သားတိုင်များကို နင်း၍ ပြေးလွှားနေသကဲ့သို့ပင်။

လင်းယွမ်က နှုတ်ခမ်းတစ်ဖက်ကို တွန့်လိုက်ရင်း ရုပ်သေးကြိုးမျှင်ကို ညင်သာစွာ ဆွဲလိုက်သည်။

ထိုအခါ ခြေအောက်ရှိ ထူလုံက ချက်ချင်းပင် တွားသွားကာ တောင်အောက်သို့ ချက်ချင်း ပြေးဆင်းသွားတော့သည်။

စက္ကန့်အနည်းငယ်မျှသာ ကြာပြီးနောက် ရှေ့ဘက် သစ်တောထဲရှိ လီယွဲ့ဖုန်းကို မီသွားလေပြီ။

လင်းယွမ်၏ ရုပ်သေးကြိုးမျှင်များက ပြန့်ထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လီယွဲ့ဖုန်းကို ထိန်းချုပ်လိုက်သည်။

နောက်တစ်ခဏတွင် လီယွဲ့ဖုန်းမှာ ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ နေရာတွင်ပင် ငုတ်တုတ်မေ့သွားတော့သည်။

သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ အပြည့်ရှိနေပြီး မျက်လုံးများထဲတွင်မူ နားမလည်နိုင်သော အကြောက်တရားများ ရှိနေ၏။

"ဒါက ဘာအစွမ်းလဲ... ငါ ဘာလို့ လှုပ်လို့မရတော့တာလဲ"

"သေစမ်း... လင်းဆိုတဲ့ကောင်က စိတ်စွမ်းအင်နဲ့ ခွန်အား နှစ်မျိုးပဲ ရှိတဲ့ အစွမ်းပိုင်ရှင်လို့ ပြောထားတာ မဟုတ်ဘူးလား... တောက်"

သူက လှည့်စားခံလိုက်ရသည်ဟု ခံစားလိုက်ရကာ စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်သည်။

လင်းယွမ်က သူတို့နှစ်ယောက်ကို ထိန်းချုပ်ကာ ကိုးဝူမျှော်စင်သို့ ပြန်လာခဲ့သည်။ ယခုအချိန်တွင် ကိုးဝူမျှော်စင်ပေါ်ရှိ လူအားလုံး၏ မျက်နှာများမှာ သွေးဆုတ်ဖြူရော်နေကြ၏။

ဝူမုန့်ပင်လျှင် မျက်နှာပျက်နေသည်။ သူတို့ အင်အားစုသုံးစုက လင်းယွမ်ကို မည်သို့ ရင်ဆိုင်ရမည်ကို တိုင်ပင်ရန် ကိုးဝူမျှော်စင်၌ စုဝေးခဲ့ကြခြင်း ဖြစ်သည်။

ယခုပြန်ကြည့်လျှင် မည်မျှ ရယ်စရာကောင်းလိုက်သနည်း။ တစ်ဖက်လူက တစ်ယောက်တည်းဖြင့် သူတို့အားလုံးကို အမြစ်ပြတ် သုတ်သင်သွားခဲ့ပြီဖြစ်သည်။

တောင်တက်လမ်းတွင် သူပြောခဲ့သော စကားများကို ပြန်တွေးမိသောအခါ မြေကြီးထဲသို့သာ တိုးဝင်သွားချင်စိတ် ပေါက်လာတော့သည်။

ကိုးဝူမျှော်စင်သို့ ပြန်ရောက်သောအခါ လင်းယွမ်က ဆင်းမလာဘဲ ထူလုံ၏ ခေါင်းပေါ်တွင် ထိုင်နေဆဲဖြစ်သည်။ သူက အထက်စီးမှနေ၍ လူအားလုံးကို ကြည့်ကာ ပြောလိုက်သည်။

"အခု ငါပြောတာကို... မင်းတို့ နားထောင်ကြ"

"ဒီနေ့ကစပြီး... ထိုက်ယန်တောင်မှာ ခိုလှုံရေးစခန်း လေးခုဆိုပြီး မခွဲခြားတော့ဘူး... ခိုလှုံရေးစခန်း အားလုံးကို ငါကပဲ အုပ်ချုပ်မယ်"

"မင်းတို့ နေရာတွေကို မင်းတို့ ဆက်ပြီး စီမံခန့်ခွဲလို့ရတယ်... ဒါပေမဲ့ ဒီနေ့ကစပြီး ငါ့လူတွေရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ နေရမယ်"

"မင်းတို့သုံးယောက်က ဒီနေ့ကစပြီး... မီးဝါးတောကို လာခဲ့ကြ... နောက်ဆို ငါ့အနားမှာပဲ နေရမယ်"

"ကဲ... မေးစရာရှိသေးလား"

ဝူမုန့်က တိတ်ဆိတ်နေပြီး လီယွဲ့ဖုန်းက စကားမပြောရဲသလို ထူလုံကလည်း စကားပြော၍မရပေ။

ကျွမ်းရှုယွမ် တစ်ယောက်တည်းသာ မကျေမနပ်ဖြစ်နေပြီး လင်းယွမ်ကို ကြည့်ကာ တစ်ခုခုပြောချင်နေသော်လည်း မပြောရဲပေ။

လင်းယွမ်က သူမကို ကြည့်ကာ အေးစက်စွာ ပြုံးလိုက်ပြီး ဝူမုန့်ကို ပြောလိုက်သည်။

"ဝူမုန့်... မင်းစကားကို မင်းဆီ ငါပြန်ပေးမယ်... ငါ့နောက်ကိုလိုက်ခဲ့... မင်း ဘာမှမဖြစ်စေရဘူးလို့ ငါအာမခံတယ်"

ဝူမုန့်က ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ တည်ကြည်သောအသံဖြင့် ပြောလိုက်သည်။

"ကောင်းပြီ... လင်းယွမ်... နောက်ဆို သိုင်းဘုရင်ဂေဟာက မင်းအပိုင်ပဲ"

"မင်းက ငါ့ထက်ပိုသန်မာတယ်... ငါ အမြဲတမ်း မလုပ်နိုင်ခဲ့တဲ့ အရာကို မင်း လုပ်ပြနိုင်ခဲ့တယ်"

"ပွင့်ပွင့်လင်းလင်း ပြောရရင်... ငါက ဒီအရှုပ်အထွေးတွေကို မစွက်ဖက်ချင်တော့တာ ကြာပြီ... ငါ့ရဲ့ ရည်မှန်းချက်က သန္ဓေပြောင်းလဲခြင်း လမ်းကြောင်းပေါ်မှာ ရှေ့ဆက်လျှောက်လှမ်းဖို့ပဲ"

"ငါ့မှာ တောင်းဆိုစရာ တစ်ခုပဲရှိတယ်"

လင်းယွမ်က မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။

"ဘာလဲ"

"ငါနဲ့ ငါ့မိန်းမကို ထွက်သွားခွင့်ပြုပါ"

"ငါ့သဘောဆန္ဒအရ ထိုက်ယန်တောင်ကနေ ထွက်သွားပါ့မယ်"

ဝူမုန့်ထံမှ ဤသို့သော တောင်းဆိုမှုမျိုး ထွက်လာလိမ့်မည်ဟု ထင်မှတ်မထားသောကြောင့် လင်းယွမ်က အံ့သြသွားသည်။ သူက သံသယဖြင့် မေးလိုက်၏။

"မင်းက ထွက်သွားမလို့လား... ဘယ်ကိုလဲ"

"ကွမ်ဖူကို သွားမယ်... စစ်တပ်စခန်းကို သွားရှာမယ်"

ထိုစကားထွက်ပေါ်လာချိန်တွင် လင်းယွမ်က ဝူမုန့်အား အထင်ကြီးလေးစားစွာ ကြည့်လိုက်မိသည်။

သူက ဟန်ဆောင်နေခြင်း မဟုတ်ဘဲ သူ၏စွမ်းဆောင်ရည်ကို မြှင့်တင်ရန် တကယ်ကို အာရုံစိုက်နေပုံရသည်။

သို့သော် ကျွမ်းရှုယွမ်၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး ဝူမုန့်ကို လှည့်ကြည့်ကာ အလောတကြီး ပြောလိုက်သည်။

"အစ်ကိုမုန့်... အဲဒီလို ဘယ်ဖြစ်မလဲ... သိုင်းဘုရင်ဂေဟာက ကျွန်မ... ကျွန်မတို့ အခက်အခဲတွေကြားကနေ တည်ဆောက်ခဲ့ရတာလေ"

"အစ်ကိုက ဘယ်လိုလုပ် လွယ်လွယ်လေး လက်လွှတ်လိုက်ရတာလဲ"

"ပြီးတော့... ဒီကနေ ကွမ်ဖူ စစ်တပ်စခန်းကို ဘယ်လောက်ဝေးလဲဆိုတာ အစ်ကို မသိတာမှ မဟုတ်တာ"

"လမ်းခရီးမှာ အန္တရာယ် ဘယ်လောက်များမလဲဆိုတာကိုရော အစ်ကို တွေးကြည့်ဖူးရဲ့လား"

ဝူမုန့်က မျက်မှောင်ကြုတ်လိုက်ပြီး ကျွမ်းရှုယွမ်ကို လှည့်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"ရှုယွမ်... ဘယ်လောက်ပဲ အန္တရာယ်များပါစေ ငါသွားချင်တယ်... စစ်တပ်စခန်းကိုရောက်မှ ငါ့ရဲ့ ခွန်အားတွေကို ပိုမြန်မြန်တိုးတက်စေမယ့် နည်းလမ်းကို ရှာတွေ့နိုင်မှာ"

"ခွန်အားတွေ တိုးတက်ဖို့အတွက် ဘယ်လောက်ပဲ အန္တရာယ်များများ... စွန့်စားရဲတယ်"

"ကျွန်မ သဘောမတူဘူး"

ကျွမ်းရှုယွမ်က မခံမရပ်နိုင်စွာဖြင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဝူမုန့်မှာ ချက်ချင်းပင် မှင်တက်သွားပြီး ကျွမ်းရှုယွမ်ကို အံ့သြစွာ ကြည့်နေမိ၏။

လင်းယွမ်က ထူလုံပြောင်းလဲထားသော အစိမ်းရောင်အကြေးခွံ မြွေကြီး၏ ခေါင်းပေါ်တွင် ထိုင်ကာ ဤမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေသည်။

ကျွမ်းရှုယွမ်က မျက်လုံးပြူးကာ ဝူမုန့်ကို ဒေါသတကြီး ကြည့်ရင်း ပြောလိုက်သည်။

"ဝူမုန့်... ရှင် အရမ်း တစ်ကိုယ်ကောင်းဆန်လွန်းတယ်"

"ရှင်က သွေးသားကြီးထွားခြင်းအစွမ်း ရှိတော့ လမ်းခရီးက အန္တရာယ်တွေကို မကြောက်ဘူး... ပင်လယ်ထဲက မရေမတွက်နိုင်တဲ့ သန္ဓေပြောင်း သတ္တဝါတွေကို မကြောက်ဘူးပေါ့"

"ကျွန်မကရော... ကျွန်မက ဘယ်လိုလုပ်ရမလဲ... ကျွန်မမှာက လူတွေရဲ့ စိတ်ကို ဖတ်နိုင်တဲ့ အစွမ်းတစ်ခုပဲ ရှိတာ... ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အစွမ်းမှ မရှိတာ... ရှင်က ကျွန်မကို ရှင့်နောက်လိုက်ပြီး စွန့်စားခိုင်းနေတာ... ကျွန်မရဲ့ ခံစားချက်ကိုရော ရှင် ထည့်စဉ်းစားဖူးရဲ့လား"

"ရေဘေးကြီး မဖြစ်ခင်က... ကျွန်မက ပြည်နယ်ယဉ်ကျေးမှုအနုပညာအဖွဲ့ရဲ့ အလှမယ် တစ်ယောက်လေ... ကျွန်မ ထမင်းတောင် ချက်ဖူးတာ မဟုတ်ဘူး"

"ရေဘေးကြီး ဖြစ်မှ... ရှင့်အတွက် ကျွန်မ ထမင်းချက်သင်ခဲ့ရတယ်... အဝတ်လျှော်သင်ခဲ့ရတယ်... ရှင့်ရဲ့ အသေးအမွှား ကိစ္စလေးတွေကအစ အကုန် လုပ်ပေးခဲ့တယ်"

"သိုင်းဘုရင်ဂေဟာရဲ့ အတွင်းအပြင် ကိစ္စရပ်တိုင်းက ကျွန်မ စီမံခန့်ခွဲပေးခဲ့ရတာ မဟုတ်ဘူးလား"

"ရှင်ကတော့ ထားရစ်ခဲ့ရမှာကို နှမြောမှာ မဟုတ်ပေမဲ့... ကျွန်မကတော့ နှမြောတယ်"

"ရှင်က ဘယ်လိုလုပ် ဒီလောက်တောင် တစ်ကိုယ်ကောင်းဆန်နိုင်ရတာလဲ"

သူမ၏ မျက်လုံးများမှာ နီရဲနေပြီး မျက်ရည်များ အဆက်မပြတ် စီးကျနေသည်။

ဝူမုန့်က ကျွမ်းရှုယွမ်ကို အံ့သြမှင်တက်စွာ ကြည့်နေမိ၏။ သူ တစ်ခါမှ မတွေးဖူးခဲ့ပေ။ ကျွမ်းရှုယွမ်၏ တုံ့ပြန်မှုက ဤမျှ ပြင်းထန်လိမ့်မည်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ပေ။

သိုင်းဘုရင်ဂေဟာဆိုသည်မှာ ခိုလှုံရေးစခန်း တစ်ခုမျှသာ မဟုတ်ပါလော။ သူ၏ ခွန်အားဖြင့် မည်သည့်နေရာသို့သွားသွား ခိုလှုံရေးစခန်း အသစ်တစ်ခုကို ပြန်လည် မတည်ဆောက်နိုင်စရာ အကြောင်းမရှိပေ။

သူ၏ စွမ်းဆောင်ရည်ဖြင့် စစ်တပ်စခန်းသို့ သွားလျှင်ပင် ဂုဏ်သရေရှိ ဧည့်သည်တော် တစ်ဦး ဖြစ်လာနိုင်သည် မဟုတ်ပါလော။

ကျွမ်းရှုယွမ်က အဘယ်ကြောင့် မသွားချင်ရသနည်း။ သူ နားမလည်နိုင်အောင် ဖြစ်နေသည်။

သို့သော် ကျွမ်းရှုယွမ်က လူ့အဖွဲ့အစည်း၏ လည်ပတ်မှု နိယာမများကို ဝူမုန့်ထက် ပို၍ နားလည်ထားသည်။ ကပ်ဘေးရေကြီးမှု မတိုင်ခင်ကတည်းက ဤလူ့အဖွဲ့အစည်းကို သူမ သဘောပေါက်ထားပြီးဖြစ်သည်။

သူမက ယဉ်ကျေးမှုအနုပညာအဖွဲ့၏ အလှမယ် ရာထူးကို ရရှိထားသော်လည်း ထိုလူကြီးပိုင်းများကို အဖော်ပြုပေးရန် ရှောင်လွှဲ၍ မရနိုင်ခဲ့ပေ။

အာဏာကြီးမားသော လူအချို့က သူမအပေါ် မရိုးသားသော ရည်ရွယ်ချက်များ အမြဲတမ်း ရှိနေတတ်ကြသည်။ ထို့ကြောင့် သူမက အာဏာ၏ အရေးပါမှုကို နားလည်ထား၏။

ကမ္ဘာပျက်ကပ် ရောက်ရှိလာပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားလာသောအခါ မိန်းမသားတစ်ယောက်၊ အထူးသဖြင့် လှပသော မိန်းမတစ်ယောက်အနေဖြင့် လုံးဝ အဆုံးသတ်ကောင်းမည် မဟုတ်ကြောင်း သူမ သိထားသည်။

ပထမဆုံးအနေဖြင့် တိုက်ခန်းထဲတွင် မှီခိုနိုင်မည့် သူတစ်ယောက်ကို ရှာဖွေခဲ့သည်။ ထိုသူမှာ အလွန်စွမ်းအားကြီးမားသော တိုက်ခိုက်ရေးပါရမီ ရှိသည့် ဝူမုန့်ပင် ဖြစ်သည်။

ဝူမုန့်က တိုက်ခိုက်ရေးကိုသာ အာရုံစိုက်ထားပြီး ပြင်ပလောကကို ဂရုမစိုက်ပေ။ ဤသို့သော လူမျိုးကို သူမ အလွန် သဘောကျသည်။

ထို့ကြောင့် သူမက ဝူမုန့်နောက်သို့ လိုက်ရန် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ပြီး လူငယ်လေးတစ်ယောက်မှ ရပ်ကွက်အတွင်း ထိပ်တန်းပုဂ္ဂိုလ် 'အစ်ကိုမုန့်' အဖြစ်သို့ တဖြည်းဖြည်း တိုးတက်လာသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

သူမ၏ စီမံခန့်ခွဲမှုအောက်တွင် ဝူမုန့်၏ လက်အောက်ငယ်သားများ ပိုမိုများပြားလာပြီး အစွမ်းပိုင်ရှင် အများအပြားကိုလည်း စည်းရုံးနိုင်ခဲ့သည်။

သူမက ရပ်ကွက်မှ ထွက်ခွာပြီး ထိုက်ယန်တောင်သို့ သွားရန် ပထမဆုံး အကြံပြုခဲ့သော အမျိုးသမီးလည်း ဖြစ်သည်။

ရပ်ကွက်ထဲတွင် ရေရှည် ပိတ်မိနေပါက အဆုံးသတ် ကောင်းမည်မဟုတ်ကြောင်း သူမ နားလည်ထားသဖြင့် အမြော်အမြင် ကြီးမားလှသည်။

သူတို့က အန္တရာယ်များကို ဖြတ်ကျော်ကာ ထိုက်ယန်တောင်သို့ ရောက်ရှိလာပြီး ထူလုံတို့နှင့် တိုက်ခိုက်ကာ သိုင်းဘုရင်ဂေဟာ နယ်မြေကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြသည်။

သိုင်းဘုရင်ဂေဟာ နယ်မြေ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြက်နီများ မွေးမြူရန်နှင့် ကြံများစိုက်ပျိုးရန် စီစဉ်ခဲ့ပြီး ဤနယ်မြေကို တဖြည်းဖြည်း ပြုစုပျိုးထောင်ကာ ကြီးထွားလာစေခဲ့သည်။

ဤလုပ်ငန်းစဉ်များတွင် ဝူမုန့်က လေ့ကျင့်ရေးကိုသာ အာရုံစိုက်ထားခဲ့သည်။ သိုင်းဘုရင်ဂေဟာ ယနေ့အခြေအနေသို့ ရောက်ရှိလာခြင်းမှာ ကျွမ်းရှုယွမ်၏ ကြိုးစားအားထုတ်မှုကြောင့်ဟု ဆိုနိုင်ပေသည်။

ဝူမုန့်မှာ သိုင်းဘုရင်ဂေဟာ၏ ခွန်အားကိုယ်စားပြုမှု တစ်ခုသာ ဖြစ်သည်။ ကျွမ်းရှုယွမ်က သိုင်းဘုရင်ဂေဟာဆိုသည့် ခိုလှုံရေးစခန်းအပေါ် ထားရှိသော သံယောဇဉ်ကို ဝူမုန့်အနေဖြင့် မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ပေ။

ဤခိုလှုံရေးစခန်းအပေါ်တွင် သူမ၏ လုပ်အားများစွာကို ရင်းနှီးမြှုပ်နှံထားခဲ့သည်။ သူမကို ထွက်သွားခိုင်းမည်ဆိုလျှင် သူမက နှမြောနေမည်သာဖြစ်သည်။

ဝူမုန့်နှင့် လမ်းခွဲရမည်ဆိုလျှင်တောင် သိုင်းဘုရင်ဂေဟာမှ သူမ ထွက်မသွားလိုပေ။ အဘယ်ကြောင့်ဆိုသော် သိုင်းဘုရင်ဂေဟာတွင် သူမက အမြင့်ဆုံးခေါင်းဆောင်ဖြစ်ပြီး အကြွင်းမဲ့ အာဏာရှိကြောင်း သူမ ကောင်းကောင်းသိထား၍ ဖြစ်သည်။

သို့သော် စစ်တပ်စခန်းကို သွားလျှင်ရော... ဝူမုန့်က သူမကို သေချာပေါက် ကာကွယ်ပေးနိုင်ပါမည်လား။ သူမ၏ အလှအပကြောင့် စစ်တပ်စခန်းရှိ အာဏာပိုင်များက သူမကို မျက်စိကျလာလျှင် ဘယ်လိုလုပ်မည်နည်း။

ဝူမုန့်က သူမကို ကာကွယ်ပေးနိုင်ပါမည်လား။ ထို့ကြောင့် သူမက စစ်တပ်စခန်းသို့ မသွားချင်ပေ။ မြင်းအမြီး ဖြစ်ရမည့်အစား ကြက်ခေါင်းသာ လုပ်ချင်သည်။

အရာရာကို အစကနေ ပြန်စရမည့် စိမ်းသက်သော နေရာမျိုးကို သူမ မသွားချင်ပါ။ မနက်ဖြန် ဘာဖြစ်မည်မှန်း မသိဘဲ လုံခြုံမှုမရှိသော ဘဝမျိုးကို သူမ ထပ်မဖြတ်သန်းချင်တော့ပေ။

ကျွမ်းရှုယွမ်က မျက်ရည်များ စီးကျလျက် ဝူမုန့်၏ လက်မောင်းကို ဖက်ကာ တောင်းပန်လိုက်သည်။

"အစ်ကိုမုန့်... ကျွန်မကို သနားရင် မသွားပါနဲ့နော်"

"ထိုက်ယန်တောင်မှာပဲ နေရအောင်ပါ... အစ်ကိုလင်းက ခုနက ပြောတယ်လေ... သူ ကျွန်မတို့ကို ဒုက္ခမပေးပါဘူးတဲ့... သိုင်းဘုရင်ဂေဟာက သူ့ရဲ့ အုပ်ချုပ်မှုနဲ့ ကြီးကြပ်မှုအောက်မှာပဲ နေရမှာလေ"

"ကျွန်မတို့က လွတ်လပ်နေသေးတာပဲ မဟုတ်လား... ဟုတ်တယ်မလား အစ်ကိုလင်း... ရှင် ခုနက ပြောတာ အဲဒီသဘောပဲ မဟုတ်လား"

လင်းယွမ်က ထူလုံ၏ ခေါင်းပေါ်တွင် ထိုင်ကာ ရယ်မောရင်း ပြောလိုက်သည်။

"ဒါပေါ့... ငါလိုချင်တာက ထိုက်ယန်တောင် တစ်ခုလုံးကို ပေါင်းစည်းချင်တာ... ခိုလှုံရေးစခန်း လေးခုဆိုပြီး မခွဲခြားတော့ဘဲ တစ်ခုတည်းပဲ ရှိရမယ်... လူတိုင်းက ငါ့ရဲ့ စည်းမျဉ်းတွေအောက်မှာ အလုပ်လုပ်ရမယ်"

ကျွမ်းရှုယွမ်က ဝူမုန့်ကို ကြည့်ကာ ပြောလိုက်သည်။

"ကြားတယ်မလား အစ်ကိုမုန့်... မသွားပါနဲ့တော့... နော်"

ဝူမုန့်က ကျွမ်းရှုယွမ်ကို ငေးကြည့်နေပြီး အချိန်အတော်ကြာမှ ရုတ်တရက် ရယ်မောလိုက်သည်။ သို့သော် ထိုအပြုံးတွင် မိမိကိုယ်ကို လှောင်ပြောင်မှုများ အနည်းနှင့်အများ ပါဝင်နေ၏။

"ဒါဆို... မင်းက သိုင်းဘုရင်ဂေဟာကို နှမြောလို့ ငါ့နောက်ကို မလိုက်ချင်တာပေါ့"

ကျွမ်းရှုယွမ်က ခေါင်းယမ်းလိုက်ပြီး မျက်ရည်များကျလျက် ပြောလိုက်သည်။

"ဘာလို့ မဖြစ်မနေ သွားရမှာလဲ... မသွားလို့မရဘူးလား"

"အစ်ကိုလင်းက ထျန်ဝေ လို အရူးမျိုးမှ မဟုတ်တာ... သူ့မှာ ကြီးမားတဲ့ ခွန်အားတွေ ရှိသလို ထိုက်ယန်တောင်က အသက်ရှင်ကျန်ရစ်သူတွေကို ဦးဆောင်ပြီး ရှင်သန်နိုင်အောင် လုပ်ပေးနိုင်တဲ့ အစွမ်းအစရှိတယ်ဆိုတာ ကျွန်မ သိသာပါတယ်"

ဝူမုန့်က သူမ၏လက်ကို ညင်သာစွာ ဖယ်ထုတ်လိုက်ပြီး ခိုင်မာသော အကြည့်ဖြင့် ပြောလိုက်သည်။

"ရှုယွမ်... ဒီနှစ်ဝက်လောက်အတွင်းမှာ မင်း ငါ့နောက်ကို လိုက်လာခဲ့တာ... ငါ မင်းကို ဘာမှ အနစ်နာမခံစေခဲ့ဘူးနော်"

ကျွမ်းရှုယွမ်က ခေါင်းယမ်းလိုက်သည်။

"မခံရပါဘူး... အစ်ကို ကျွန်မအပေါ် ကောင်းတာတွေကို ကျွန်မ မှတ်မိပါတယ်"

ဝူမုန့်က တည်ကြည်သောအသံဖြင့် ဆက်ပြောလိုက်သည်။

"မင်းက ငါ့အတွက် အရာအားလုံးကို စီစဉ်ပေးခဲ့တယ်လို့ ပြောတယ်... သိုင်းဘုရင်ဂေဟာကို မင်း ကိုယ်တိုင် တည်ဆောက်ပြီး စီမံပေးခဲ့တယ်လို့ ပြောတယ်"

"ဒါပေမဲ့ ဒီအရာတွေက ငါ တကယ်လိုချင်တဲ့ အရာတွေ ဟုတ်မဟုတ်ဆိုတာကို မင်း စဉ်းစားဖူးရဲ့လား"

"အဲဒီတုန်းက ရပ်ကွက်ထဲမှာ မင်းက လူတိုင်းကို စည်းလုံးစေချင်လို့ ငါ့ကို ခေါင်းဆောင်ခိုင်းပြီး စည်းကမ်းတွေ ထိန်းသိမ်းခိုင်းခဲ့တယ်"

"နောက်တော့ တိုက်ခန်းကနေ ထွက်ခွာပြီး ထိုက်ယန်တောင်ကို သွားဖို့ဆိုတာလည်း မင်းရဲ့ ဆန္ဒပဲလေ"

"ထိုက်ယန်တောင်ကို ရောက်လာပြီး ခိုလှုံရေးစခန်း တည်ဆောက်ဖို့ကလည်း မင်းနဲ့ တခြားလူတွေရဲ့ အကြံအစည်ပဲ"

"ဒါတွေက ငါ လိုချင်တာတွေ ဟုတ်မဟုတ်ဆိုတာကို မင်း တကယ်ပဲ ငါ့ကို မေးဖူးရဲ့လား"

သူက ကျွမ်းရှုယွမ်ကို ကြည့်ကာ တည်ကြည်သောအသံဖြင့် ပြောလိုက်သည်။

"ငါက ဘယ်လိုလူလဲဆိုတာ မင်း သိပါတယ်... ငါက သန္ဓေပြောင်းလဲဖို့နဲ့ သန်မာတဲ့သူတစ်ယောက် ဖြစ်လာဖို့ပဲ အာရုံစိုက်ထားတာ... ပြင်ပက ရုပ်ဝတ္ထုပစ္စည်းတွေကို ငါ နည်းနည်းလေးမှ ဂရုမစိုက်ဘူး"

"ခိုလှုံရေးစခန်း ခေါင်းဆောင်ဆိုတာတို့၊ မွေးမြူရေးခြံဆိုတာတို့၊ သတ္တုတွင်းက အစွမ်းကျောက်တုံးဆိုတာတွေ အားလုံးက ငါ့အတွက်တော့ ပြင်ပက ပစ္စည်းတွေချည်းပဲ... ပွင့်ပွင့်လင်းလင်း ပြောရရင် ငါ့ရဲ့ အစွမ်းတွေကို တူးဖော်ဖို့ အာရုံစိုက်နေတာကို ပြင်းပြင်းထန်ထန် နှောင့်ယှက်နေတဲ့ အတားအဆီးတွေတောင် ဖြစ်နေသေးတယ်"

"မင်းအတွက်သာ မဟုတ်ရင်... တကယ်တော့ ငါ ကွမ်ဖူကို သွားပြီး စစ်တပ်စခန်းကို သွားရှာချင်နေတာ ကြာပြီ"

ကျွမ်းရှုယွမ်၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားပြီး ဝူမုန့်ကို စိုက်ကြည့်နေမိသည်။ သူမ၏ အစွမ်းအာရုံခံနိုင်စွမ်းအရ ဝူမုန့် ပြောနေသည်များက အမှန်ဖြစ်ကြောင်း သူမ သိလိုက်သည်။

ဤအရာများက သူ၏ တကယ့် အတွေးအမြင်များပင် ဖြစ်သည်။ ဒါကြောင့်ကိုး... အရင်တုန်းက သူမက ခိုလှုံရေးစခန်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေ အားလုံးကို ဝူမုန့်ကို မေးတဲ့အခါ ဝူမုန့်က ဘာတစ်ခုမှ ဂရုမစိုက်ဘဲ သူမကိုပဲ သဘောအတိုင်း လုပ်ခိုင်းခဲ့တာကိုး။

ထိုအရာက ယုံကြည်မှုဖြစ်မည်ဟု သူမ ထင်မှတ်ခဲ့သည်။ သို့သော် အဲဒါက ယုံကြည်မှုမဟုတ်ဘဲ ဂရုမစိုက်ခြင်းသာ ဖြစ်သည်။

ဝူမုန့်က ဘာမျှ ဆက်မပြောတော့ဘဲ ထူလုံ၏ ခေါင်းပေါ်တွင် ထိုင်နေသော လင်းယွမ်ကို ကြည့်ကာ တည်ကြည်သောအသံဖြင့် ပြောလိုက်သည်။

"သိုင်းဘုရင်ဂေဟာက မင်းအပိုင် ဖြစ်သွားပြီ လင်းယွမ်... ရှုယွမ်က ငါ့ရဲ့ ပထမဆုံး မိန်းမ ဖြစ်သလို နောက်ဆုံး မိန်းမလည်း ဖြစ်တယ်... သူမက ငါ့နောက်ကို မလိုက်ချင်ဘူးဆိုရင်လည်း ငါ အတင်းအကျပ် မခေါ်တော့ပါဘူး"

"ဒါပေမဲ့ ငါ ထွက်သွားပြီးတဲ့နောက်... သူမကို သေချာလေး ဂရုစိုက်ပေးဖို့ အကူအညီ တောင်းလို့ရမလား"

လင်းယွမ်က မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်သည်။

"မင်း တကယ် သွားတော့မလို့လား"

ဝူမုန့်က ခေါင်းညိတ်ပြလိုက်သည်။

"ငါ စစ်တပ်စခန်းကို သွားမယ်... အဲဒီမှာမှ သုတေသနတွေနဲ့ တီထွင်မှုတွေ အများကြီးရှိတာ... ကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်မှုအောက်မှာမှ ငါ့ရဲ့ စွမ်းရည်တွေက မြန်မြန်ဆန်ဆန် တိုးတက်လာပြီး ဖွံ့ဖြိုးလာမှာ"

လင်းယွမ်က သက်ပြင်းချလိုက်မိသည်။ တကယ်ပါပဲ... ဝူမုန့်ကတော့ အရင်က ဝူမုန့်ပါပဲ။ သူက ခွန်အားတိုးတက်လာရေးကိုသာ အာရုံစိုက်နေသူ ဖြစ်သည်။ သူ၏ အမြင်တွင် မိန်းမဆိုသည်မှာ သူ၏ ခလုတ်ကသင်း အတားအဆီးတစ်ခုသာ ဖြစ်ပေလိမ့်မည်။

လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ရတယ်"

ဝူမုန့်က ပြုံးလိုက်ပြီး...

"ကျေးဇူးပဲ"

"လင်းယွမ်... မင်း ဘယ်လိုလုပ်ပြီး ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာတာလဲဆိုတာကိုတော့ ငါ မသိဘူး"

"ဒါပေမဲ့ ငါ လက်လျှော့မှာ မဟုတ်ဘူး... တစ်နေ့နေ့ မင်းကို အနိုင်ယူနိုင်ပြီလို့ ငါထင်တဲ့အချိန်ကျရင် ငါ ပြန်လာခဲ့မယ်"

လင်းယွမ်က ရယ်မောလိုက်ပြီး...

"ဟုတ်ပြီ... ငါ စောင့်နေမယ်"

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဝူမုန့်၏ ဤသို့သော စရိုက်ကို သူ အလွန်သဘောကျသည်။ ၎င်းမှာ ကိုယ်ရေးကိုယ်တာ ရန်ငြိုးမဟုတ်ဘဲ ပြိုင်ဆိုင်မှုတစ်ခုသာ ဖြစ်သည်။

ပိုမိုသန်မာသူအပေါ် စိန်ခေါ်မှုတစ်ခုဖြစ်သည်။ လင်းယွမ်အနေဖြင့် ဤသို့သော စိန်ခေါ်မှုမျိုးကို ကြောက်ရွံ့နေမည် မဟုတ်ပေ။

ဝူမုန့်က မျက်ရည်များ စီးကျနေသော ကျွမ်းရှုယွမ်ကို နောက်ဆုံးအကြိမ် ကြည့်လိုက်ပြီးနောက်...

"ဂရုစိုက်ပါ"

ထိုသို့ပြောပြီးနောက် သူက တွေဝေမှုမရှိဘဲ လှည့်ထွက်သွားလေသည်။

ကျွမ်းရှုယွမ်က ချက်ချင်းပင် မျက်ရည်များဖြင့် ငိုယိုအော်ဟစ်လိုက်သည်။

"အစ်ကိုမုန့်..."

သူမက ဒယိမ်းဒယိုင်ဖြင့် လိုက်သွားခဲ့ပြီး သူတို့နှစ်ဦးမှာ မိုးစက်များကြားတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားကြတော့သည်။

အဝေးမှ ယွမ်ရွေ့တို့က သူတို့၏ ခေါင်းဆောင် ထွက်သွားသည်ကို မြင်သောအခါ နောက်မှ လိုက်သွားချင်သော်လည်း လင်းယွမ်ကို ဒေါသထွက်စေမည်ကို စိုးရိမ်သောကြောင့် ချက်ချင်းပင် ဘာလုပ်ရမှန်းမသိဖြစ်ကာ နေရာတွင်သာ ရပ်နေလိုက်ကြသည်။

လင်းယွမ်က သူတို့ကို ဂရုမစိုက်တော့ဘဲ လီယွဲ့ဖုန်းကိုသာ ငုံ့ကြည့်လိုက်သည်။ သူက ရုပ်သေးကြိုးမျှင် တစ်ချောင်းကို ညင်သာစွာ ပြန်ရုပ်သိမ်းလိုက်ပြီး လီယွဲ့ဖုန်းကို စကားပြောခွင့်ပြုလိုက်သည်။

"အသက်ချမ်းသာပေးပါ အစ်ကိုလင်း... ကျွန်တော်လည်း ထိုက်ယန်တောင်ကနေ ထွက်သွားပါ့မယ်... ဒီနေ့ကစပြီး မိန်ဟိုင်ဥယျာဉ် တစ်ခုလုံးကို ခင်ဗျား အုပ်ချုပ်လို့ ရပါပြီ"

လီယွဲ့ဖုန်း၏ ပထမဆုံး စကားမှာ တိုက်ရိုက် အသက်ချမ်းသာပေးရန် တောင်းဆိုခြင်းဖြစ်သည်။ ထို့ပြင် သူက ဝူမုန့်ကဲ့သို့ပင် အရာအားလုံးကို စွန့်လွှတ်ကာ ထိုက်ယန်တောင်မှ ထွက်သွားနိုင်ကြောင်း တိကျပြတ်သားစွာ ဖော်ပြခဲ့သည်။

လင်းယွမ်က ရယ်မောလိုက်ပြီး ခေါင်းယမ်းကာ ပြောလိုက်သည်။

"ဝူမုန့်က သွားလို့ရတယ်... ဘာလို့လဲဆိုတော့ သူက အရင်တုန်းက မီးဝါးတောကို ငါ့ကို ပေးခဲ့လို့ပဲ... ငါနဲ့သူက သိပ်ပြီး ရန်ငြိုးမရှိဘူး"

"မင်းနဲ့ ထူလုံကိုကော... ဘာအကြောင်းပြချက်နဲ့ ငါက လွှတ်ပေးရမှာလဲ"

လီယွဲ့ဖုန်း၏ မျက်နှာမှာ တောင့်တင်းသွားပြီး အလောတကြီး ပြောလိုက်သည်။

"အစ်ကိုလင်း... ဒီနေ့ ကိစ္စတွေ အားလုံးက ထူလုံ ဆိုတဲ့ကောင်က ကျွန်တော့်ကို ဖိတ်ခေါ်လို့ လာခဲ့တာပါ... ကျွန်တော်က အစကတည်းက သူတို့ မဟာမိတ်အဖွဲ့ထဲကို ဝင်ဖို့ မရည်ရွယ်ခဲ့ပါဘူး"

"ခွေးကောင်... လီယွဲ့ဖုန်း... မင်းက မဟုတ်တာတွေ လျှောက်ပြောနေတာပဲ... ခုနက အခန်းထဲမှာ မီးဝါးတောက လူဦးရေကိုပါ အချိုးကျ ခွဲယူမယ်လို့ ပြောခဲ့တာ ဘယ်သူလဲ"

ထူလုံ၏ မြွေခေါင်းကြီးက ဒေါသတကြီး လှည့်လာပြီး လူစကားဖြင့် ပြောလိုက်သည်။

"မင်းက အခုမှ သစ္စာဖောက်တော့မလို့လား... တောက်... မင်းက ယောကျာ်းရော ဟုတ်ရဲ့လား"

ထို့နောက် သူက လင်းယွမ်ဘက်သို့ လှည့်ကာ အော်ဟစ်လိုက်သည်။

"လင်း ဆိုတဲ့ကောင်... မင်းက တော်တယ်... ငါ ထူလုံ အရှုံးပေးတယ်"

"မင်း သတ်ချင်သတ်၊ ဖြတ်ချင်ဖြတ်... တကယ်လို့များ ငါ ထူလုံက အသက်ချမ်းသာပေးဖို့ တောင်းပန်တဲ့ စကားတစ်ခွန်း ပြောမိရင်... ငါ လူမဆန်တဲ့ကောင်ပဲ"

"လာလေ... မင်း ငါ့ကို သတ်လိုက်လေ... လာပြီး သတ်လိုက်စမ်းပါ"

သူက ဒေါသတကြီး အော်ဟစ်နေပြီး ဘာဖြစ်ဖြစ် ဂရုမစိုက်တော့ဘဲ သေချင်လည်း သေပါစေတော့ဟု သဘောထားလိုက်သည်။

လင်းယွမ်က သဘောကောင်းမည်မဟုတ်ကြောင်း သူ သိထားပြီး လင်းယွမ်၏ လက်ထဲသို့ ကျရောက်သွားပါက မည်သို့ပင်ဖြစ်စေ သေရမည်သာ ဖြစ်သည်။ ထို့ကြောင့် အရှက်ခွဲမခံတော့ဘဲ ဒေါသတကြီး ဆဲဆိုလိုက်ခြင်း ဖြစ်သည်။

လင်းယွမ်၏ အကြည့်များက မှိုင်းညို့သွားပြီး ထူလုံကို အေးစက်စွာ ကြည့်လိုက်ကာ ရုတ်တရက် ရုပ်သေးကြိုးမျှင် တစ်ချောင်းကို ဆွဲလိုက်သည်။

ချက်ချင်းပင် ထူလုံက ထိန်းချုပ်၍ မရတော့ဘဲ ပါးစပ်ကို ဟလိုက်ကာ ချွန်ထက်သော မြွေအစွယ်များဖြင့် မိမိ၏ လျှာကို အားကုန် ကိုက်ချလိုက်မိသည်။

"အား..."

သူ၏ လျှာမှာ ချက်ချင်းပင် သွေးသံတရဲရဲ ဖြစ်သွားကာ စူးရှစွာ အော်ဟစ်လိုက်မိသည်။

လင်းယွမ်က အေးစက်စွာ ပြုံးလိုက်ပြီး...

"သေရတာက လွယ်လွယ်လေး မဟုတ်ဘူးလား... ဒါပေမဲ့ ငါက မင်းကို အရှင်ထားဦးမယ်... ထပ်ပြီး ပါးစပ်သရမ်းရဲရင်တော့... မင်းရဲ့ လျှာကို ငါ မဖြတ်ရဲဘူးလို့များ ထင်နေလား... ကြည့်ထားလိုက်"

ထူလုံ၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားပြီး ချက်ချင်းပင် အပိုစကားများ မပြောရဲတော့ဘဲ အရှက်တကွဲဖြင့်သာ ခေါင်းငုံ့ထားလိုက်ရသည်။

လင်းယွမ်၏ ဤမျှ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသော လီယွဲ့ဖုန်းမှာ ယခုအခါ လုံးလုံးလျားလျား ထိတ်လန့်သွားတော့သည်။

သူက အလောတကြီး ပြောလိုက်သည်။

"အစ်ကိုလင်း... ကျွန်တော်တို့က အရင်ကတည်းက ရန်ငြိုးမှ မရှိခဲ့ကြတာ... ပြောရရင် ဒါက ခင်ဗျားကို ကျွန်တော် ပထမဆုံးအကြိမ် တွေ့ဖူးတာပါ"

"ဒီတစ်ခါ ကျွန်တော့်ဘက်က မတရားမှန်း သိပါတယ်... ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် ထိုက်ယန်တောင်ကနေ ထွက်သွားပါ့မယ်... နောက်ဆို ဒီတောင်ပေါ်ကို ဘယ်တော့မှ တက်မလာတော့ပါဘူး... ကျွန်တော့်ကို အသက်ချမ်းသာပေးဖို့ပဲ တောင်းပန်ပါတယ်"

လင်းယွမ်က လီယွဲ့ဖုန်း၏ တောင်းပန်နေသော ပုံစံကို ကြည့်ကာ ခေါင်းကို အသာယမ်းလိုက်သည်။

"မင်းလို လူမျိုးကို... လွှတ်ပေးလိုက်ဖို့ ငါ သိပ်စိတ်မချဘူး"

"ဒါပေမဲ့ မင်းကို ဒီမှာ ဆက်ထားမယ်ဆိုရင်လည်း ငါ့အမိန့်ကို နာခံပြီး ငါ့စည်းကမ်းတွေကို လိုက်နာဖို့ မင်း ကျေနပ်မှာ မဟုတ်ဘူးလို့ ငါ ခန့်မှန်းမိတယ်"

"မင်းလို လူမျိုးက ရည်မှန်းချက်ကြီးလွန်းတယ်... ထားလိုက်ပါတော့... မင်းကို မထားတော့ဘူး"

ထိုသို့ပြောပြီးနောက် လင်းယွမ်၏ မျက်လုံးများထဲတွင် ရုတ်တရက် စူးရှသော အလင်းရောင်များ တောက်ပလာသည်။

အမှတ် (၅၀) အထိ ရောက်ရှိနေသော စိတ်စွမ်းအင်များက ပြင်းထန်သော ရိုက်ခတ်မှုတစ်ခုအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားပြီး လီယွဲ့ဖုန်း၏ ဦးနှောက်ကို ရူးသွပ်စွာ ဝင်တိုက်လိုက်သည်။

"ဘုန်း"

ဤတစ်ကြိမ်တွင် လီယွဲ့ဖုန်း၏ ခေါင်းမှာ ချက်ချင်း ဖောင်းပွလာပြီး ဦးနှောက်ထဲမှနေ၍ ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာသည်။

နောက်တစ်ခဏတွင် လီယွဲ့ဖုန်း၏ ခေါင်းမှာ လေလျှော့လိုက်သော ဘတ်စကတ်ဘော တစ်လုံးကဲ့သို့ လျင်မြန်စွာ ပြားကပ်သွားတော့သည်။ သူ၏ မျက်လုံးများထဲတွင်လည်း အသက်ဝင်မှု အရိပ်အယောင်များ ပျောက်ကွယ်သွားလေပြီ။

လင်းယွမ်က စိတ်မချသဖြင့် လက်ကို ဝှေ့ယမ်းကာ ဓားမြှောင်တစ်လက်ကို ပစ်လွှတ်လိုက်သည်။

ဖျတ်ခနဲ အသံနှင့်အတူ ဤဓားက လီယွဲ့ဖုန်း၏ လည်ပင်းကို ချက်ချင်း ခုတ်ဖြတ်သွားသည်။ ဤတစ်ကြိမ်တွင်တော့ သွေးများ ပန်းထွက်လာပြီး လီယွဲ့ဖုန်း၏ ခေါင်းမှာ ဒလိမ့်ခေါက်ကွေးဖြင့် ဘေးသို့ လိမ့်ထွက်သွားတော့သည်။

အသက် ကင်းမဲ့သွားသော သူက ကော်စေးရွှံ့ အစွမ်းကို ဆက်လက် မထိန်းသိမ်းနိုင်တော့ဘဲ သူ၏ အလောင်းမှာ သာမန် သွေးသားတစ်ပုံအဖြစ်သို့ ပြောင်းလဲသွားလေသည်။

လင်းယွမ်က ပေါက်ကွဲကျောက်တုံး တစ်တုံးကို ပေါ့ပေါ့ပါးပါးပင် ပစ်လွှတ်လိုက်သည်။

ဘုန်းခနဲ အသံနှင့်အတူ လီယွဲ့ဖုန်း၏ ဘေးနားတွင် ပေါက်ကွဲသွား၏။ နောက်တစ်ခဏတွင် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မီးတောက်များ ချက်ချင်း လောင်ကျွမ်းလာသည်။

တဟုန်းဟုန်း လောင်ကျွမ်းနေသော မီးတောက်များကြောင့် လီယွဲ့ဖုန်း၏ အလောင်းမှာ လျင်မြန်စွာ မီးသွေးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဤမြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့လိုက်ရသော ထူလုံ၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားပြီး သူ၏ မျက်လုံးများထဲတွင်တော့ အကြောက်တရား အနည်းငယ် ပါဝင်နေ၏။ ေ

နာက်ထပ် သူ့ကို ကြိုဆိုနေမည့် ကံကြမ္မာက မည်သို့ ရှိမည်ကို သူ မသိပေ။

အဝေးမှ မိန်ဟိုင်ဥယျာဉ်၏ အစွမ်းပိုင်ရှင်ဖြစ်သော ခုံရှန်း မှာလည်း ဤအချိန်တွင် တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်များ ကျလာပြီး ဤမြင်ကွင်းကို ထိတ်လန့်တကြား ကြည့်နေမိသည်။

လီယွဲ့ဖုန်း သေသွားပြီ။

တစ်ချိန်က မိန်ဟိုင်ဥယျာဉ်၏ ခေါင်းဆောင်၊ မိန်ဟိုင်ဥယျာဉ်ရှိ မိန်းမအားလုံးနီးပါးကို ကစားခဲ့သော ထိုသူဌေးလီ နောက်ဆုံးတော့ သေသွားခဲ့ပြီ။

ဒါပေမဲ့ နောက်ပိုင်းကျရင် သူကော ဘာဆက်ဖြစ်မလဲ။ ဤအစ်ကိုလင်းက သူ့ကို ဘယ်လို စီရင်မလဲ။

ဆက်ရန်...

အပိုင်း (၂၅၀) သင်္ကေတကျောက်တုံးဗုံးများနှင့် ထိုက်ယန်တောင်၏ ပြိုင်ဘက်ကင်း

လင်းယွမ်က ထူလုံ၏ ခန္ဓာကိုယ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ရုပ်သေးကြိုးမျှင်များအားလုံး ပြန်လည်ရရှိသွားသည်။

ထူလုံသည် သူ၏ ခန္ဓာကိုယ် လွတ်လပ်သွားကြောင်း ချက်ချင်း ခံစားလိုက်ရသည်။

သူ အနည်းငယ် ကြောင်အမ်းသွားပြီးနောက် လျှပ်တစ်ပြက် လှုပ်ရှားကာ ခန္ဓာကိုယ်အတွင်းမှ သန္ဓေပြောင်းစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။

နောက်တစ်ခဏတွင် သူ၏ တက်တူးဝိညာဉ်အစွမ်းက တုံ့ပြန်လာပြီး စိမ်းပြာရောင် စပါးအုံးမြွေကြီး အသွင်မှ သန်မာဖျတ်လတ်သော သိမ်းငှက်ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

သူ အတောင်ပံခတ်၍ ပျံသန်းထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် လင်းယွမ်က ရုတ်တရက် စကားပြောလာသည်။

"ငါသာ မင်းနေရာမှာဆိုရင် အခုလို ငါ့မျက်စိရှေ့မှာ ထွက်ပြေးဖို့ ကြိုးစားလောက်အောင် မအဘူး"

ထူလုံ၏ အတောင်ပံများ ရပ်တန့်သွားသည်။ သူ အနည်းငယ် တွေဝေသွားသော်လည်း သန္ဓေပြောင်းစွမ်းအင်များကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး မူလ ကတုံးပုံစံ လူသားအသွင်သို့ ပြန်ပြောင်းလိုက်သည်။

သူ့မျက်နှာထားက မတည်မငြိမ်ဖြစ်နေပြီး လင်းယွမ်ကို လှမ်းကြည့်လိုက်သည်။

"မင်းက ဘာဖြစ်ချင်တာလဲ"

လင်းယွမ်က ထူလုံကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

"မင်းကို အခွင့်အရေး တစ်ခု ပေးမယ်... ငါ့နောက်လိုက်ပြီး ငါခိုင်းတာ လုပ်"

ထူလုံ အံ့အားသင့်သွားသည်။

"မင်း ငါ့ကို မသတ်ဘူးလား"

လင်းယွမ်က ခေါင်းညိတ်ပြသည်။

"အစကတော့ မင်းကို သတ်မလို့ပဲ... ဒါပေမဲ့ ဟုန်ခွေးအိုကြီးရဲ့ အစွမ်းကို မြင်လိုက်ရတော့ မင်းကလည်း ရုပ်သေးရုပ် တစ်ရုပ်ပဲ ဆိုတာ ငါရိပ်မိလိုက်တယ်... တချို့ကိစ္စတွေက မင်းအပြစ် မဟုတ်ဘူးလေ"

ထူလုံ ကြောင်သွားပြီးနောက် တစ်စုံတစ်ခုကို သတိရသွားကာ ဟုန်ဖူ ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။

ဟုန်ဖူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းနေပြီ ဖြစ်သည်။ မိုးရေများက သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးစများကို ဆေးကြောပေးနေပြီး သူ သေဆုံးနေသည်မှာ ကြာပြီဖြစ်သည်။

ထူလုံက အံကိုကြိတ်၍ မေးလိုက်သည်။

"မင်း ဆိုလိုတာက... အရင်တုန်းက ငါ့ကို သူ ထိန်းချုပ်ထားတာလား"

လင်းယွမ်က လှောင်ရယ် ရယ်လိုက်သည်။

"မင်းက ဘယ်လိုထင်လို့လဲ... ဖုန်းဟွမ်ဘုရားကျောင်း တစ်ခုလုံးကို မင်းအုပ်ချုပ်နေတယ်လို့ တကယ်ကြီး ထင်နေတာလား"

"စဉ်းစားကြည့်စမ်း... တိုက်ခိုက်စရာ ရှိမှ မင်းက ထွက်လာရတယ်... ဖုန်းဟွမ်ဘုရားကျောင်းရဲ့ ဘယ်ကိစ္စကိုများ မင်း ဆုံးဖြတ်ခွင့် ရဖူးလို့လဲ"

ထူလုံ စကားမပြောနိုင်တော့ပေ။ သေချာ ပြန်စဉ်းစားကြည့်လိုက်သောအခါ လင်းယွမ် ပြောသည့်အတိုင်း ဖြစ်နေသည်။

ဖုန်းဟွမ်ဘုရားကျောင်းက တိုက်ခိုက်ရေးအင်အား လိုအပ်သည့် အချိန်ကျမှသာ သူ ထွက်လာပြီး တိုက်ခိုက်ပေးရသည်။

သို့မဟုတ် ပစ္စည်းပြတ်လပ်သည့် အချိန်ကျမှသာ ဟုန်ဖူ၏ မြှောက်ပင့်မှုကြောင့် ပစ္စည်းရှာထွက်ရသည်။

သေချာ ပြန်တွေးကြည့်လိုက်မှ သူ ထူလုံ ဆိုသည်မှာ ဟုန်ဖူ၏ ရုပ်သေးရုပ် သက်သက်သာ ဖြစ်နေခဲ့သည်။

"မဟုတ်ဘူး... မဟုတ်ဘူး... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အဲဒီအရာတွေ အားလုံးက ငါကိုယ်တိုင် လုပ်ချင်လို့ လုပ်ခဲ့တာတွေပါ"

ထူလုံ၏ မျက်နှာက မည်းမှောင်သွားပြီး လက်ခံရန် ခက်ခဲနေသည့် ပုံစံဖြင့် ရေရွတ်လိုက်သည်။

လင်းယွမ်က လှောင်ပြောင်လိုက်သည်။

"ခိုလှုံရေးစခန်း တစ်ခုမှာ ပစ္စည်းပြတ်လို့ ခေါင်းဆောင်လုပ်သူ ကိုယ်တိုင် ဆန်ထွက်ရှာရတယ် ဆိုတာမျိုး ငါ တစ်ခါမှ မကြားဖူးဘူး"

"သနားစရာ ကောင်းလိုက်တဲ့ကောင်... ဟုန်ဖူရဲ့ ရုပ်သေးရုပ် ဖြစ်နေတာတောင် ကိုယ့်ကိုယ်ကိုယ် မသိရှာဘူး"

"ထူလုံ... မင်းကို လမ်းနှစ်လမ်း ပေးမယ်... လီယွဲ့ဖုန်းလိုမျိုး ငါ့လက်ချက်နဲ့ သေမလား... ဒါမှမဟုတ် ငါ့ဆီမှာ အညံ့ခံပြီး ငါ့နောက်လိုက်မလား... ကိုယ်တိုင်သာ ရွေးချယ်လိုက်တော့"

ထူလုံ နေရာမှာတင် ငူငူကြီး ရပ်နေမိသည်။ သူ့စိတ်ထဲတွင် ဒွိဟ ဖြစ်နေသည်။

အသက်ရှင်ခွင့် ရမည်ဆိုလျှင် ဘယ်သူက မရှင်ချင်ဘဲ နေမည်နည်း။

သို့သော်... သူ အနည်းငယ် ရှက်နေမိသည်။

ခုနကမှ သူက သေရမှာ မကြောက်ဘူးဟု ကြွေးကြော်ထားခဲ့သည် မဟုတ်ပါလော။

ထူလုံ၏ မျက်နှာထား မတည်မငြိမ် ဖြစ်နေသည်ကို မြင်သောအခါ လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။

"ဘာလဲ... ငါ့ဆီမှာ အညံ့ခံရတာက မင်းအတွက် အရမ်း ရှက်စရာကောင်းနေလို့လား"

"ငါ့ရဲ့ လက်သီး တစ်ချက်တောင် မခံနိုင်ဘဲနဲ့ ဘယ်ကရောက်လာတဲ့ မာနတွေနဲ့ငါ့ရှေ့မှာ ခေါင်းမငုံ့နိုင် ဖြစ်နေရတာလဲ"

"ငါက"

ထူလုံ ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်းမသိဘဲ အနေခက်သွားသည်။

ထိုစဉ် လင်းယွမ်က ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အောက်ဘက်ရှိ တောအုပ်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"ဟိုမှာ ပုန်းနေတဲ့ လီယွဲ့ဖုန်းရဲ့ တပည့်မ တစ်ယောက် ရှိတယ်... သွား... သူ့ကို သတ်လိုက်"

ထူလုံ ကြောင်အမ်းသွားပြီး လှည့်ကြည့်လိုက်ရာ တောအုပ်ထဲမှ စပျစ်နွယ်ပင် တစ်ပင်က အပျက်အစီးများကြားမှ ဖြတ်သန်းကာ လီယွဲ့ဖုန်း၏ အလောင်းကို တိတ်တဆိတ် ရစ်ပတ်ဆွဲယူရန် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်မှာပင် အပျက်အစီးများကြားမှ လူရိပ်တစ်ခု ခုန်ထွက်လာသည်။

ထို့နောက် ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

"ခွေးကောင်... အစ်ကိုဖုန်းရဲ့ အသက်ကို ပြန်ပေးစမ်း"

ထိုအမျိုးသမီးက လေထဲသို့ ခုန်တက်လာပြီး လက်ချောင်းများကို ဆက်တိုက် ဝှေ့ယမ်းလိုက်သည်။

လေထဲတွင် စိမ်းဖန့်ဖန့် အရောင်တောက်နေသော လေဓားသွားများက တဝေါဝေါ မြည်ဟည်းလျက် ပျံသန်းလာကြသည်။

ထူလုံ မြင်လိုက်သည်နှင့် အော်ပြောလိုက်သည်။

"မင်း... ချင်ရှောင်ယန်"

သူ အလိုအလျောက် ရှောင်တိမ်းလိုက်ပြီး ချက်ချင်းပင် ကျားဖြူကြီး တစ်ကောင်အဖြစ် ပြောင်းလဲလိုက်သည်။

ထို့နောက် အရှိန်ပြင်းစွာ ပြေးလွှားလိုက်ရာ မျက်စိတစ်မှိတ် အတွင်းမှာပင် ဆယ်ပေကျော်လောက် အကွာအဝေးကို ခုန်ကျော်သွားသည်။

ထို့နောက် လေထဲသို့ ခုန်တက်ပြီး ချင်ရှောင်ယန်ထံသို့ ရုတ်တရက် ခုန်အုပ်လိုက်သည်။

ချင်ရှောင်ယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ထူလုံ... နင်က တကယ့် ခွေးကောင်ပဲ... အစ်ကိုဖုန်းကို ဒီလာဖို့ ဖိတ်ခေါ်ပြီးတော့ အခုကျ လင်းမျိုးနွယ်ဆီမှာ ခိုလှုံပြီး အစ်ကိုဖုန်းကို ဒုက္ခရောက်အောင် လုပ်တယ်ပေါ့... နင်နဲ့ ငါ အသေအကြေ တိုက်မယ်"

သူမ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ရာ ဧရာမ လေဓားသွားကြီး တစ်ခု ပေါ်လာပြီး ထူလုံ ပြောင်းလဲထားသော ကျားဖြူကြီးထံသို့ ပြင်းထန်စွာ ပိုင်းချလိုက်သည်။

ထူလုံက ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ ကျားဟိန်းသံက မိုးသိမ့်မတတ် မြည်ဟည်းသွားပြီး အပျက်အစီးများကြားတွင် လျင်မြန်စွာ ပြေးလွှားခုန်ပျံလိုက်သည်။

နောက်တစ်ခဏတွင် ရုတ်တရက် လေထဲသို့ ခုန်တက်လိုက်ပြီး ချင်ရှောင်ယန်၏ ခြေထောက်တစ်ဖက်ကို ကိုက်ချလိုက်သည်။

ချင်ရှောင်ယန် ရှောင်တိမ်းချိန် မရလိုက်ဘဲ မြေကြီးပေါ်သို့ ချက်ချင်း ဆွဲချခံလိုက်ရသည်။

ကျားဖြူကြီးက ခေါင်းကို ရမ်းခါလိုက်ရာ ချင်ရှောင်ယန်၏ ခန္ဓာကိုယ်မှာ မြေကြီးပေါ်သို့ အကြမ်းပတမ်း ရိုက်ခတ်သွားသည်။

ထိုအချိန်မှာပင် ကျားဖြူကြီး၏ ကျောကုန်းပေါ်မှ အရိုးခေါင်းလက်ဝါးကြီး တစ်ခု ထွက်ပေါ်လာပြီး ချင်ရှောင်ယန်၏ လည်ပင်းကို ဖိနှိပ်လိုက်သည်။

ထိုလက်ဝါးကြီးပေါ်ရှိ အရိုးခေါင်းက ပါးစပ်ကို ဟကာ စုပ်ယူလိုက်သည်။

ချက်ချင်းပင် ချင်ရှောင်ယန်မှာ ခေါင်းမူးနောက်သွားပြီး သူမ၏ စိတ်စွမ်းအင်များ အစုပ်ယူခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူမ မျက်နှာ ပျက်သွားပြီး ပါးစပ်ကို ဟကာ လေဓားသွား တစ်ခုကို မှုတ်ထုတ်လိုက်သည်။

လေဓားသွားက အရိုးခေါင်းကို ချက်ချင်း ထိမှန်သွားသည်။

"ဘုန်း"

အရိုးခေါင်းမှာ ချက်ချင်း နှစ်ခြမ်းကွဲသွားသည်။

ကျားဖြူကြီးက နာကျင်စွာ အော်ဟစ်လိုက်သော်လည်း ကျားလက်သည်းဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။

"ဘုန်း"

"ဂျွတ်"

ချင်ရှောင်ယန်၏ ပခုံးရိုး ကျိုးသွားပြီး ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်သွားသည်။

ယခင်က လီယွဲ့ဖုန်း အမြတ်တနိုး ပွတ်သပ်ခဲ့ဖူးသော ရင်သားများမှာလည်း ချက်ချင်း စုတ်ပြတ်သွားပြီး အရိုးဖြူများကိုပင် မြင်နေရသည်။

"အား"

ချင်ရှောင်ယန်က နာကျင်စွာ အော်ဟစ်လိုက်သော်လည်း ထူလုံ ပြောင်းလဲထားသော ကျားဖြူကြီးက သူမ၏ လည်ပင်းကို ငုံ့၍ ကိုက်ချလိုက်သည်။

ဂျွတ်ခနဲ အသံနှင့်အတူ ချင်ရှောင်ယန်၏ လည်ပင်းရိုး ကျိုးသွားသည်။

ချက်ချင်းပင် ချင်ရှောင်ယန်၏ အော်ဟစ်သံများ ရပ်တန့်သွားသည်။

ထိုအချိန်တွင် စပျစ်နွယ်ပင်က ဤဘက်မှ ပြင်းထန်သော တိုက်ပွဲကို လုံးဝ ဂရုမစိုက်ပေ။

လီယွဲ့ဖုန်း၏ အလောင်းကို ရစ်ပတ်ကာ တောအုပ်ထဲသို့ လျင်မြန်စွာ ဆွဲယူသွားသည်။

လင်းယွမ်သည် အစမှ အဆုံးထိ မလှုပ်ရှားဘဲ ထိုမြင်ကွင်းကို အေးဆေးစွာ ကြည့်နေခဲ့သည်။

သူက သတိပေးသည့်အနေဖြင့် ပြောလိုက်သည်။

"ထူလုံ... တောအုပ်ထဲက အစွမ်းပိုင်ရှင်ကို ဖမ်းခဲ့... အရှင်မိမိ အသေမိမိ ကိစ္စမရှိဘူး"

ထူလုံ ပြောင်းလဲထားသော ကျားဖြူကြီးက မော့ကြည့်လိုက်ရာ မျက်လုံးထဲတွင် တွေဝေမှု အရိပ်အယောင် ဖြတ်သန်းသွားသည်။

သို့သော် လင်းယွမ်ဘက်သို့ လှည့်ကြည့်လိုက်သည့်အချိန်တွင် လင်းယွမ်၏ မျက်လုံးများက အေးစက်နေသည်ကို တွေ့လိုက်ရသည်။

သူ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။

အကယ်၍ သူသာ စကားနားမထောင်ပါက ဒီတစ်ကြိမ်တွင် သူ့ကို ထပ်မံ အခွင့်အရေး ပေးတော့မည် မဟုတ်ကြောင်း သိလိုက်သည်။

"တောက်... ထူလုံ ရေ ထူလုံ... ရှေးလူကြီးတွေ ပြောသလိုပဲ သည်းခံပြီး အခွင့်ကောင်း စောင့်နေလိုက်ဦး... တစ်နေ့ကျရင် ဒီကောင်ကို သတ်ပစ်ရမယ်"

ထူလုံက ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရာ သိမ်းငှက် တက်တူးဝိညာဉ် နိုးထလာသည်။

ချက်ချင်းပင် သူက သိမ်းငှက်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲကာ အတောင်ပံခတ်၍ အောက်ဘက်ရှိ တောအုပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားသည်။

လင်းယွမ်က ထိုအရာကို မြင်သောအခါ ပြုံးလိုက်သည်။

"တော်တော်လေး လိမ္မာသားပဲ"

ထူလုံ၏ အစွမ်းများက စုံလင်လှပြီး လေထဲတွင် ပျံသန်းနိုင်သည့် စွမ်းရည်လည်း ရှိသဖြင့် အလွန်ကောင်းမွန်သော လက်ရုံးအဖြစ် အသုံးချနိုင်သည်။

အဓိကအချက်မှာ ဒီကောင်က သိပ်ဉာဏ်ကောင်းပုံ မရဘဲ ဟုန်ဖူ၏ ကစားခြင်းကို ခံခဲ့ရသူ ဖြစ်သည်။

လင်းယွမ်က ဒီလို လက်မရွံ့မျိုးကို အနားတွင် ခေါ်ထားရန် ဆုံးဖြတ်လိုက်သည်။ သူ့မှာ သစ္စာဖောက်ချင်စိတ် ရှိမရှိ ဆိုသည်မှာ အရေးမကြီးပေ။

သူ ရှိနေသမျှ ကာလပတ်လုံး ဒီကောင် ဘာလှိုင်းမှ ထနိုင်မည် မဟုတ်။

လက်ရှိ သူ၏ အစွမ်းဖြင့် စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း တစ်ချက် ထုတ်သုံးလိုက်ရုံနှင့် ထူလုံ၏ အသက်ကို ယူနိုင်သည်။

သူ့ခန္ဓာကိုယ် လှုပ်ရှားလိုက်သည်နှင့် အသံတိတ် ပျောက်ကွယ်သွားသည်။

ထူလုံက လျင်မြန်စွာ ပျံသန်းရင်း အောက်ဘက်ရှိ စပျစ်နွယ်ပင်ကို ခြေရာခံလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ခေါင်းထဲ၌ အတွေးမျိုးစုံ ဝင်ရောက်လာသည်။

"ငါ အခု သိမ်းငှက်အဖြစ် ပြောင်းထားတာပဲ... ဒီအတိုင်း ထွက်ပြေးလိုက်ရင် မရဘူးလား... ဘာကိစ္စ လင်းမျိုးနွယ် ခွေးကောင်ရဲ့ စကားကို နားထောင်နေရမှာလဲ"

"နေဦး... ဒီကောင် ငါ့ကို စမ်းသပ်နေတာများလား"

"လီယွဲ့ဖုန်းတောင် အဲဒီလောက် မြန်မြန် ထွက်ပြေးတာကို ချက်ချင်း အမီလိုက်နိုင်သေးတာ... ငါရော လွတ်ပါ့မလား"

"သူ့ရဲ့ စိတ်စွမ်းအင်က အရမ်းကို အားကောင်းလွန်းတယ်... ငါ့ကို ဒီလို လွှတ်ပေးလိုက်တယ် ဆိုကတည်းက သူ့မှာ နောက်ကွယ်က ပြင်ဆင်ထားတာ တစ်ခုခု ရှိမှာပဲ"

"တောက်... ဒီကောင်က အရမ်း ယုတ်မာတာပဲ... ငါ လောလောဆယ် သည်းခံထားဦးမှ... နောက်မှ ထွက်ပြေးဖို့ အခွင့်အရေး ရှာမယ်"

"ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ အစွမ်းနဲ့ သိမ်းငှက်အဖြစ် ပြောင်းလဲပြီးရင် ကောင်းကင်ကြီးက ကျယ်ပြောတာပဲ... ငါ မသွားနိုင်တဲ့ နေရာ မရှိပါဘူး"

သူ စိတ်ထဲတွင် သတိထားနေရင်း ရုတ်တရက် အကြည့်စူးစိုက်လိုက်ရာ တောအုပ်ထဲရှိ အမျိုးသမီး တစ်ဦးက စပျစ်နွယ်ပင်ကို ပြန်လည် သိမ်းဆည်းလိုက်သည်ကို တွေ့လိုက်ရသည်။

ထိုအမျိုးသမီးက လီယွဲ့ဖုန်း၏ ခေါင်းပြတ်အလောင်းကို ပွေ့ဖက်ပြီး ငိုကြွေးနေသည်။

"အစ်ကိုဖုန်း... အစ်ကိုဖုန်း... ရှင် ဘယ်လိုလုပ် သေသွားရတာလဲ... ရှင် ဘယ်လိုလုပ် သေနိုင်မှာလဲ"

"ရှင် ပြောခဲ့တယ်လေ... ကျွန်မတို့တွေ နောင်တစ်ချိန်ကျရင် ထာဝရ အတူရှိနေရမယ် ဆို... အစ်ကိုဖုန်း"

"လင်းမျိုးနွယ် ခွေးကောင်... ငါ နင့်ကို သတ်မယ်... နင်နဲ့ ပတ်သက်တဲ့ လူတွေ အကုန်လုံးကို ငါ သတ်ပစ်မယ်... အား"

အမျိုးသမီးက ဒေါသတကြီးဖြင့် အသံအက်အက် တုန်ခါလျက် ကျိန်စာတိုက်နေသော်လည်း အသံကျယ်ကျယ် မထွက်ရဲပေ။

ထူလုံ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စိတ်ပျက်သွားသည်။

"လီယွဲ့ဖုန်းရဲ့ နောက်ထပ် စမော တစ်ယောက်ဖြစ်တဲ့ ချွီမုန့်ကျူ ပါလား"

"ဒီအရူးမက လင်းမျိုးနွယ်ကို လက်စားချေဦးမယ်တဲ့လား... နင့်လိုကောင်မ အယောက်တစ်ရာလောက် လာခဲ့ရင်တောင် လင်းမျိုးနွယ် သတ်တာ ခံရဖို့ပဲ ရှိတယ်"

ထူလုံ ခေါင်းခါလိုက်မိသည်။ ဒီမိန်းမ တကယ်ကို အံ့ဩစရာကောင်းလောက်အောင် တုံးအသူ ဖြစ်သည်။

လင်းမျိုးနွယ်လို အဆင့်မျိုး ရောက်နေတဲ့ သူက သူ့ဘေးနားက လူတွေကို ဂရုစိုက်ပါ့မလား။

သူလိုချင်ရင် ဘယ်လို မိန်းမမျိုးမဆို ရနိုင်တာပဲ မဟုတ်လား။

ထိုသို့ တွေးမိရင်း ဒီမိန်းမအဖို့ သူ ဝမ်းနည်းမိသွားသည်။

သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး အောက်သို့ ထိုးဆင်းလိုက်သည်။

"ဂီး"

သိမ်းငှက် အော်သံ တစ်ချက် ပေးလိုက်ပြီး တောအုပ်ထဲသို့ ဝင်ရောက်သွားသည်။

ကြီးမားသော အတောင်ပံများ ရိုက်ခတ်လိုက်သဖြင့် ပြင်းထန်သော လေပြင်းများ တိုက်ခတ်သွားသည်။

သစ်ပင်ကြီး အများအပြားမှာ လေပြင်းဒဏ်ကြောင့် ကိုင်းညွတ်ကျိုးကျကုန်သည်။

တောအုပ်ထဲရှိ ချွီမုန့်ကျူက မော့ကြည့်လိုက်ပြီး ထိတ်လန့်ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။

"ထူလုံ... နင်ပါလား"

သူမ၏ အမြင်တွင် ထူလုံက ယခု မဟာမိတ်ဖွဲ့ခြင်းကို တမင် စီစဉ်ပြီး လင်းယွမ်၏ လက်ကို ငှား၍ လီယွဲ့ဖုန်းကို သတ်ဖြတ်လိုက်သည်ဟု ထင်နေသည်။

သို့မဟုတ်ပါက ထူလုံသည် လင်းမျိုးနွယ်၏ စကားကို နားထောင်ပြီး သူမကို လာရောက် တားဆီးနေခြင်းမှာ အဓိပ္ပာယ် မရှိပေ။

ချွီမုန့်ကျူက ဒေါသတကြီးဖြင့် လက်ဝါးနှစ်ဖက်ကို မြေကြီးပေါ်သို့ ရိုက်ချလိုက်သည်။

ချက်ချင်းပင် စပျစ်နွယ်ပင်များစွာ မြေကြီးထဲမှ ပန်းထွက်လာပြီး စပါးအုံးမြွေကြီးများသဖွယ် ပျံသန်းဝင်ရောက်လာသော ထူလုံကို ရစ်ပတ်ရန် ကြိုးစားလိုက်ကြသည်။

ထူလုံက အေးစက်စွာ ရယ်မောလိုက်ပြီး လေထဲတွင် ခန္ဓာကိုယ်ကို လှိမ့်လိုက်ရာ စိမ်းပြာရောင် စပါးအုံးမြွေကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

"နဂါးစိမ်း တက်တူးဝိညာဉ်"

စိမ်းပြာရောင် စပါးအုံးမြွေကြီးက တောအုပ်ထဲသို့ ဘုန်းခနဲ ပြုတ်ကျသွားပြီး ရစ်ပတ်လာသော စပျစ်နွယ်ပင်များကို ဖိချလိုက်သည်။

ထို့နောက် ခန္ဓာကိုယ်ကို တွန့်လိမ်ကာ အမြီးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။

"ဘုန်း"

ကျောက်တိုင်လုံးကြီး တစ်ခုကဲ့သို့ ကြီးမားသော အမြီးကြီးက ပြင်းထန်စွာ ဝင်ရောက်လာသည်။

ချွီမုန့်ကျူက စူးဝါးစွာ အော်ဟစ်လိုက်ပြီး လက်နှစ်ဖက်ကို ရုတ်တရက် ပူးကပ်လိုက်ရာ ပတ်ဝန်းကျင်မှ စပျစ်နွယ်ပင် မြောက်မြားစွာ ထွက်ပေါ်လာပြီး စပျစ်နွယ်ပင် ပိုက်ကွန်ကြီးတစ်ခုအဖြစ် သူမ၏ ရှေ့တွင် ကာရံလိုက်သည်။

"ဘုန်း"

ထူလုံ၏ မြွေမြီးက စပျစ်နွယ်ပင် ပိုက်ကွန်ကို ရိုက်ချလိုက်ရာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။

ချက်ချင်းပင် စပျစ်နွယ်ပင်များ အားလုံး ပေါက်ကွဲ ပြတ်တောက်သွားသည်။

ထူလုံ၏ တက်တူးဝိညာဉ်များ အားလုံးအနက် ခွန်အားအရ ပြောရလျှင် နဂါးစိမ်း တက်တူးဝိညာဉ်မှာ အသန်မာဆုံး ဖြစ်သည်။

ထို့ကြောင့် ချွီမုန့်ကျူ၏ စပျစ်နွယ်ပင်များက သူ့အမြီး၏ ပြင်းထန်သော ရိုက်ချက်ကို မည်သို့မျှ တားဆီးနိုင်မည် မဟုတ်ပေ။

စိမ်းပြာရောင် အရိပ်တစ်ခု ဖြတ်သန်းသွားပြီး ဘုန်းခနဲ အသံနှင့်အတူ ချွီမုန့်ကျူ တစ်ကိုယ်လုံး အမြောက်ဆံကဲ့သို့ လွင့်ထွက်သွားသည်။

လေထဲတွင် သွေးများ အန်ထွက်လာပြီး နာကျင်စွာ အော်ဟစ်လိုက်သည်။

သူမ၏ အစွမ်းမှာ ခွန်အားကို အဓိကထားခြင်း မဟုတ်ဘဲ ရန်သူကို ထိန်းချုပ် တိုက်ခိုက်ခြင်းသာ ဖြစ်သည်။

ထူလုံကဲ့သို့ ခေါင်းဆောင်အဆင့် အစွမ်းပိုင်ရှင်နှင့် ရင်ဆိုင်ရသောအခါ ခုခံနိုင်စွမ်း လုံးဝ မရှိသလောက်ပင်။

သို့သော် ရွှံ့ဗွက်အိုင်ထဲသို့ လွင့်စင်ကျသွားပြီးနောက် လှိမ့်သွားကာ အမောတကြီးဖြင့် သွေးများ အန်ထုတ်ရင်း ရယ်မောလိုက်သည်။

"ဟဲဟဲဟဲ... ဟားဟားဟား"

ထူလုံက မြွေခေါင်းကို မော့လိုက်ပြီး သူမ ဘာကြောင့် အရူးတစ်ယောက်လို ရယ်မောနေသလဲ ဆိုသည်ကို နားမလည်နိုင် ဖြစ်နေသည်။

"မင်း ဘာရယ်တာလဲ"

"ဟဲဟဲ... နင်ပါ လိုက်သွားမှတော့... အစ်ကိုဖုန်းလည်း... အထီးကျန်တော့မှာ မဟုတ်ဘူးပေါ့... ဟားဟားဟား... ဝေါ့"

ချွီမုန့်ကျူက သွေးများ ထပ်မံ အန်ထုတ်လိုက်ရာ အတွင်းကလီစာ အပိုင်းအစများပါ ပါလာသည်။

ထူလုံ ထိုစကားကို ကြားသောအခါ ရင်ထဲ ထိတ်လန့်သွားသည်။

နောက်တစ်ခဏတွင် မိမိ ခန္ဓာကိုယ်အောက်၌ တစ်စုံတစ်ရာကို ဖိထားမိကြောင်း ခံစားလိုက်ရသည်။

ငုံ့ကြည့်လိုက်ရာ မိမိ၏ မြွေခန္ဓာကိုယ်အောက်တွင် လီယွဲ့ဖုန်း၏ ခေါင်းပြတ်အလောင်းကို ဖိထားမိကြောင်း တွေ့လိုက်ရသည်။

သို့သော် သူ့ကို ကြက်သီးထစေသည်မှာ လီယွဲ့ဖုန်း၏ ရင်ခွင်ထဲတွင် အနီရောင် စွမ်းအင်ကျောက်တုံး အထုပ်ကြီး တစ်ထုပ်ကို ပွေ့ဖက်ထားခြင်းပင်။

ထိုစွမ်းအင်ကျောက်တုံး တစ်တုံးချင်းစီအပေါ်တွင် ရှုပ်ထွေးသော သင်္ကေတများ ရေးထိုးထားသည်။

"ပေါက်ကွဲ သင်္ကေတကျောက်တုံးတွေ"

ထူလုံ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သူက ချက်ချင်းပင် ခန္ဓာကိုယ်ကို လိမ်ကာ သိမ်းငှက်ကြီး အသွင် ပြောင်းလဲလိုက်ပြီး အတောင်ပံကို ခတ်၍ လျင်မြန်စွာ ပျံတက်ရန် ကြိုးစားလိုက်သည်။

သို့သော် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ခေါင်းပြတ်အလောင်းပေါ်မှ သင်္ကေတကျောက်တုံးများက မျက်စိကျိန်းမတတ် အနီရောင် အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။

နောက်တစ်ခဏတွင် ကြောက်မက်ဖွယ် ကောင်းသော မီးတောက်များ ပေါက်ကွဲထွက်လာပြီး ပေါက်ကွဲမှု လှိုင်းဂယက်များက အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားသည်။

ထူလုံ၏ သိမ်းငှက် ခန္ဓာကိုယ်မှာ ချက်ချင်းပင် ပေါက်ကွဲမှုကြောင့် လွင့်စင်သွားပြီး သိမ်းငှက်အသွင်မှ လူသားအသွင်သို့ ပြန်လည် ပြောင်းလဲသွားသည်။

လေထဲတွင် လည်ထွက်သွားပြီး ပေါက်ကွဲမှု လှိုင်းဂယက်အောက်တွင် သွေးများ အန်ထွက်လာသည်။ နားထဲတွင် လေတိုးသံများ ဆူညံနေပြီး တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။

သူ့လည်ချောင်းထဲမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံး ကွဲထွက်မတတ် ခံစားနေရသည်။

မျက်လုံးထောင့်မှ ကောင်းကင်သို့ ထိုးတက်နေသော မီးတောက်များကို မြင်လိုက်ရသည်။

သူ သေရတော့မည်ဟု ထင်မှတ်လိုက်ချိန်တွင်...

ရုတ်တရက် ကြည်လင်နေသော လိပ်ခွံစွမ်းအင်အကာအကွယ် တစ်ခု လင်းလက်လာသည်။

ပေါက်ကွဲမှု အလင်းရောင်များနှင့် လှိုင်းဂယက်များ အားလုံးကို ထိုလိပ်ခွံအကာအကွယ်က ဖုံးအုပ်လိုက်သည်။

ထိုလိပ်ခွံက အကာအကွယ် စည်းတစ်ခုသဖွယ် ပေါက်ကွဲမှု အားလုံးကို ထုပ်ပိုးထားလိုက်သည်။

ပေါက်ကွဲ သင်္ကေတကျောက်တုံး အများအပြား ပေါက်ကွဲရာမှ ဖြစ်ပေါ်လာသော လှိုင်းဂယက်များက လိပ်ခွံအကာအကွယ် အတွင်းတွင် ပြင်းထန်စွာ တိုးဝှေ့ တုန်ခါနေသည်။

လိပ်ခွံအကာအကွယ်ပေါ်တွင် အက်ကွဲကြောင်းများ လျင်မြန်စွာ ပေါ်လာသည်။

သို့သော် ထိုလိပ်ခွံအကာအကွယ် မကွဲကြေမီ နောက်ထပ် လိပ်ခွံအကာအကွယ် တစ်ခု ထပ်မံ ပေါ်လာသည်။

ဂျွတ်ခနဲ အသံနှင့်အတူ အတွင်းဘက်ရှိ လိပ်ခွံ ကွဲသွားသော်လည်း ပေါက်ကွဲမှု လှိုင်းဂယက်များကို နောက်ထပ် လိပ်ခွံအကာအကွယ်က တားဆီးထားလိုက်သည်။

ပေါက်ကွဲမှု လှိုင်းဂယက်များ အားလုံး မျက်စိရှေ့တွင်ပင် ပျောက်ကွယ်သွားသည်။

ပေါက်ကွဲမှု အလင်းစများ အားလုံး လိပ်ခွံအကာအကွယ် အတွင်းတွင် ငြိမ်းသတ်ခံလိုက်ရသည်။

ထူလုံ သတိမလစ်မီ မြေကြီးအောက်မှ လူရိပ်တစ်ခု တိုးထွက်လာသည်ကို တွေ့လိုက်ရသည်။

လင်းယွမ် ပင်ဖြစ်သည်။

သူ့ခေါင်းထဲတွင် အတွေးတစ်ခု ဖြတ်သန်းသွားသည်။

"ဒီကောင်က တကယ် ဉာဏ်များတာပဲ... အနားကနေ တကယ် စောင့်ကြည့်နေတာကိုး"

ရွှံ့ဗွက်အိုင်ထဲရှိ ချွီမုန့်ကျူက ထိုလိပ်ခွံအကာအကွယ်ကို စိုက်ကြည့်နေသည်။

သူမ အပြင်းအထန် ကြိုးစားထားရသော သင်္ကေတကျောက်တုံးဗုံးများက ဤသို့ အလွယ်တကူ ဖျက်ဆီးခံလိုက်ရသည်ကို မယုံနိုင် ဖြစ်နေသည်။

သူမက မယုံနိုင်သော မျက်နှာထားဖြင့် စူးဝါးစွာ အော်ဟစ်လိုက်သည်။

"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး"

မီးတောက်များ ငြိမ်းသွားပြီး ပေါက်ကွဲမှု လှိုင်းဂယက်များ ပျောက်ကွယ်သွားသည်နှင့် လင်းယွမ်က လက်ကို ဆုပ်လိုက်ရာ လိပ်ခွံစွမ်းအင်အကာအကွယ်မှာ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

ပတ်ဝန်းကျင်မှ ပူနွေးသော လေထုက အေးစက်သော မိုးရေများနှင့်အတူ သူ့ခန္ဓာကိုယ်ကို ဖြတ်သန်း တိုက်ခတ်သွားသည်။

သို့သော် သူ့ခန္ဓာကိုယ် ပတ်လည်ရှိ စိတ်စွမ်းအင် အကာအကွယ်က ထိုအရာများကို တားဆီးထားသည်။

လင်းယွမ်က ခေါင်းယမ်းလိုက်သည်။ တစ်ချိန်တုန်းက သူသည် ထူလုံ၏ ဤသင်္ကေတကျောက်တုံးဗုံးများကြောင့် မီးဝါးတောသို့ ပြောင်းရွှေ့ပြီး ခိုလှုံရေးစခန်း တည်ဆောက်ခဲ့ရဖူးသည်။

ယခုအခါတွင်မူ ထိုကဲ့သို့သော သင်္ကေတကျောက်တုံးဗုံးများကို လိပ်ခွံစွမ်းအင်အကာအကွယ် နှစ်ခု ထုတ်သုံးလိုက်ရုံဖြင့် လွယ်ကူစွာ တားဆီးနိုင်ခဲ့ပြီ ဖြစ်သည်။

ဒါက လက်ရှိ သူ၏ အစွမ်းပင်တည်း။

အရည်အသွေး အားလုံး အမှတ် ၅၀ ပြည့်နေသော ကြောက်မက်ဖွယ် အဆင့်သည် လူတိုင်း၏ ထင်မြင်မှန်းဆချက်ထက် ကျော်လွန်နေပြီ ဖြစ်သည်။

ယခုအချိန်တွင် သူသည် ထိုက်ယန်တောင်၏ အသန်မာဆုံးလူ ဖြစ်နေပြီ။ ပြိုင်ဘက်ကင်းဖြစ်နေချေပြီ။

အကယ်၍ သူ့ကို အရိုးလှံပင့်ကူကြီးနှင့် ရွှေနက်မျောက်ဝံကြီးတို့နှင့် တစ်ယောက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ခိုင်းလျှင်တောင် သူ အနိုင်ယူနိုင်မည်ဟု ယုံကြည်သည်။

"ခိုလှုံရေးစခန်း တည်ထောင်ပြီး လူတွေကို ငါ့အတွက် အမှတ်တွေ ရှာဖွေခိုင်းတာကမှ... စနစ်ကို အသုံးပြုတဲ့ အမှန်ကန်ဆုံး နည်းလမ်းပဲ"

"လူတစ်ယောက်တည်း ကြိုးစားတာက ဘယ်လိုလုပ် အများရဲ့ အင်အားကို ယှဉ်နိုင်မှာလဲ"

လင်းယွမ် ပြုံးလိုက်သည်။

သူက ချွီမုန့်ကျူ ဟုခေါ်သော အမျိုးသမီးထံသို့ လျှောက်သွားလိုက်သည်။

ထိုအမျိုးသမီးမှာ ပါးရိုးနိမ့်ပြီး ပါးစပ်ချွန်ကာ ရုပ်ရည် ခက်ထန်ပုံပေါက်ပြီး သူ့ကို အာဃာတကြီးမားသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

သူမ ပါးစပ်ဟပြီး ဆဲဆိုလိုက်သည်။

"ခွေးကောင်... နင်က အစ်ကိုဖုန်းကို သတ်ခဲ့တာ... ငါ သေသွားရင်တောင် သရဲဘဝနဲ့ နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး"

"ရွှပ်"

လင်းယွမ်က သူမ၏ ပေါက်ကရ စကားများကို ဆက်နားမထောင်တော့ဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ ပျံလွှားဓားတစ်ချောင်းက သူမ၏ ခေါင်းကို ပိုင်းဖြတ်သွားသည်။

သူမ၏ ဦးခေါင်းခွံထဲမှ ဦးနှောက်များ စီးကျလာသည်။

လင်းယွမ်က ရှေ့တိုးပြီး ခြေထောက်ဖြင့် ကန်ကြည့်လိုက်သော်လည်း ထျန်ဝေ၏ ဦးခေါင်းခွံထဲတွင် တွေ့ရသကဲ့သို့သော သင်္ကေတမျိုး မတွေ့ရပေ။

ဒါက သူ့ကို အနည်းငယ် စိတ်ပျက်စေသည်။

"ဒီမိန်းမက လေအစွမ်းပိုင်ရှင် ဖြစ်လောက်တယ်... ဒါပေမဲ့ သန္ဓေပြောင်းလဲမှု အဆင့် မမြင့်လို့ သင်္ကေတ မဖြစ်ပေါ်လာတာ နေမှာ"

လင်းယွမ် ခေါင်းယမ်းလိုက်သည်။ အနည်းငယ် စိတ်ပျက်မိသော်လည်း သိပ်တော့ မထူးဆန်းပေ။

အစွမ်းပိုင်ရှင်များကို သူ မနည်းမနော သတ်ဖြတ်ခဲ့ဖူးသော်လည်း ယခုအချိန်ထိ တျန်ဝေ၏ ဦးခေါင်းထဲတွင်သာ သင်္ကေတကို တွေ့ခဲ့ရဖူးသည်။

သတ္တုတွင်း အလုပ်သမားများ၏ ပြောပြချက်အရ တျန်ဝေသည် စွမ်းအင်ကျောက်တုံးထဲမှ စွမ်းအင်များကို အလွန်အကျွံ စုပ်ယူခဲ့ခြင်းကြောင့် စိတ်အခြေအနေ ပုံမှန် မဟုတ်တော့ဘဲ ဒေါသကြီးလာကာ မကြာခဏ ပေါက်ကွဲတတ်ကြောင်း သိရသည်။

လင်းယွမ် သံသယရှိသည်မှာ တျန်ဝေ၏ သန္ဓေပြောင်းလဲမှု အဆင့်မှာ အလွန် မြင့်မားနေနိုင်ပြီး သူ့အခြေအနေမှာ သန္ဓေပြောင်းလဲမှု မအောင်မြင်သော သန္ဓေပြောင်း သတ္တဝါများနှင့် ပိုတူနေနိုင်သည်။

ထို့ကြောင့်သာ သူ့ဦးခေါင်းထဲတွင် သင်္ကေတ ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်သည်။

အခြား အစွမ်းပိုင်ရှင်များမှာမူ လူသား၏ အသိစိတ် ရှိနေသေးသဖြင့် ဦးခေါင်းခွံပေါ်တွင် သင်္ကေတ ဖြစ်ပေါ်မှု ရှားပါးခြင်း ဖြစ်နိုင်သည်။

တကယ်တော့ ဒါတွေအားလုံးက သူ့ထင်မြင်ချက် သက်သက်သာ ဖြစ်ပြီး အတည်ယူ၍ မရသေးပေ။

"လင်းယွမ်"

"အစ်ကိုလင်း"

တောအုပ်ထဲမှ လူရိပ်ဆယ်ခုကျော် ပြေးထွက်လာကြသည်။

တင်းယန်၊ ကျောက်ခိုင်၊ ဟန်ရှန်းမန် တို့လူစု ကိုးဝူမျှော်စင်သို့ အပြေးအလွှား ရောက်ရှိလာကြခြင်း ဖြစ်သည်။

သို့သော် သူတို့မြင်လိုက်ရသော မြင်ကွင်းက သူတို့ကို အလွန်အမင်း အံ့အားသင့်သွားစေသည်။

ကိုးဝူမျှော်စင် ရှည်လျားသော ဆောင်ဘေးတွင် ဟုန်ဖူ ခွေးအိုကြီးမှာ သေဆုံးနေသည်မှာ ကြာပြီဖြစ်သည်။

လီယွဲ့ဖုန်း၏ ခေါင်းပြတ်မှာ အနီးနားတွင် လိမ့်နေပြီး နေရာအနှံ့ သွေးများ ပေကျံနေသည်။

ပတ်ဝန်းကျင်ရှိ အဆောက်အဦးများမှာ အပျက်အစီးများ ဖြစ်နေပြီး ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိသာနေသည်။

ကျောက်ခိုင်နှင့် တင်းယန်တို့က ယွမ်ရွေ့ တို့လူစုကို ဝိုင်းထားပြီး လင်းယွမ် ဘယ်မှာလဲဟု မေးမြန်းလိုက်ကြသည်။

ထိုအခါမှ လင်းယွမ်သည် ဝူမုန့်၊ ထူလုံ၊ လီယွဲ့ဖုန်း သုံးယောက်လုံးကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ကြောင်း သူတို့ သိလိုက်ရသည်။

ပြိုင်ဘက်ကင်းသော အစွမ်းဖြင့် ထိုသုံးယောက်လုံးကို အနိုင်ယူခဲ့ရုံသာမက လီယွဲ့ဖုန်းကို သတ်ဖြတ်ပြီး ထူလုံကိုလည်း သူ့လက်အောက်သို့ ရောက်အောင် ဖိအားပေးနိုင်ခဲ့သည်။

ကျောက်ခိုင်နှင့် တင်းယန်တို့ အံ့ဩမှင်သက်ကုန်ကြသည်။

ဟန်ရှန်းမန်လည်း ကြောင်သွားသည်။ သူမက ဝူမုန့်တို့၏ အစွမ်းကို မသိသော်လည်း လင်းယွမ်၏ အစွမ်းမှာ အတော်လေး အားကောင်းပုံရသည်ဟုသာ တွေးလိုက်မိသည်။

ထိုအချိန်တွင် အနီးနားရှိ တောအုပ်ထဲမှ ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

သူတို့ အလျင်အမြန် သွားရောက် ကြည့်ရှုလိုက်ကြသည်။

ထိုအခါ ခုနက ကြောက်မက်ဖွယ် မြင်ကွင်းကို မြင်လိုက်ရခြင်း ဖြစ်သည်။

လင်းယွမ်က နှစ်ကြိမ်မျှသာ လက်ကို လှုပ်ရှားလိုက်ရုံဖြင့် ထိုမျှ ပြင်းထန်သော ပေါက်ကွဲမှုကို လိပ်ခွံစွမ်းအင်အကာအကွယ် အတွင်းတွင် ထိန်းချုပ်လိုက်နိုင်ခဲ့သည်။

ဒီတစ်ကြိမ်တွင် ဟန်ရှန်းမန်လည်း ထိတ်လန့်သွားသည်။

အကယ်၍ သူမသာ ထိုပေါက်ကွဲမှု နေရာတွင် ရှိနေပါက လွတ်မြောက်နိုင်မည့် လမ်း မရှိဟု ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိသည်။

သို့သော် လင်းယွမ်မှာ ထွက်ပြေးခြင်း မရှိသည့်အပြင် ထိုပေါက်ကွဲမှုကို လက်ပြန်ရိုက်၍ ငြိမ်းသတ်လိုက်သေးသည်။

ဒါက ဘယ်လို အစွမ်းမျိုးလဲ။

ဟန်ရှန်းမန် ရင်တုန်သွားပြီး လင်းယွမ်၏ အစွမ်းထက်မြက်မှုကို ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရခြင်း ဖြစ်သည်။

"နင်တို့ ဘယ်လိုလုပ် ရောက်လာကြတာလဲ"

လင်းယွမ်က သူတို့ကို မြင်သောအခါ ပြုံး၍ မေးလိုက်သည်။

တင်းယန်က အလျင်အမြန် ပြောလိုက်သည်။

"သတင်းရရချင်း ကျွန်မတို့ ပြေးလာခဲ့တာ... ရှင်... ဘာမှ မဖြစ်ဘူးမလား"

အခင်းဖြစ်ပွားရာ နေရာကို ကြည့်လျှင် လင်းယွမ်၌ ဘာဒဏ်ရာမှ မရှိသည်ကို မြင်နေရသဖြင့် သူမ၏ မေးခွန်းက အပို ဖြစ်နေသည်။

လင်းယွမ်က ပြုံးလိုက်ပြီး သူမ၏ လက်ကို ဆွဲကိုင်ကာ ပြောလိုက်သည်။

"ဘာမှ မဖြစ်ပါဘူး... အားလုံး ရှင်းပြီးသွားပြီ"

"နင်တို့ ရောက်လာတာ ကောင်းတာပဲ... ခဏနေရင် ကျောက်ခိုင် မင်းက မိန်ဟိုင်ဥယျာဉ် ကို သွား... တင်းယန်က ဖုန်းဟွမ်ဘုရားကျောင်း ကို သွား... ငါက သိုင်းဘုရင်ဂေဟာ ကို သွားမယ်"

"ဒီ ထိုက်ယန်တောင် တစ်ခုလုံးကို ပေါင်းစည်းဖို့ အချိန်တန်ပြီ"

လင်းယွမ်၏ မျက်လုံးများ အရောင်တောက်လာသဖြင့် အားလုံး စိတ်ဓာတ် တက်ကြွသွားကြသည်။

ဟန်ရှန်းမန်က အနည်းငယ် တွေဝေပြီး မေးလိုက်သည်။

"အစ်ကိုလင်း... ကျွန်မကရော ဘာလုပ်ပေးရမလဲ"

လင်းယွမ် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"သိုင်းဘုရင်ဂေဟာ ကို ငါ မသွားတော့ဘူး... ဟန်ရှန်းမန်... နင်ပဲ လူခေါ်ပြီး အဲဒီကို သွားလိုက်... ကျွမ်းရှုယွမ် ကို သိုင်းဘုရင်ဂေဟာ အတွင်းရေး ပြဿနာတွေကို ဖြေရှင်းခိုင်းလိုက်... ပြီးရင် သိုင်းဘုရင်ဂေဟာ ခေါင်းဆောင်ပိုင်းတွေကို ခေါ်ပြီး ငါ့ဆီ လာတွေ့ခိုင်း"

ဟန်ရှန်းမန် ခေါင်းညိတ်လိုက်သည်။ စကားပါးရုံသက်သက် ဆိုလျှင်တော့ သူမ လုပ်ပေးနိုင်သည်။

ကျောက်ခိုင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"အစ်ကိုလင်း... ဘာတွေ လုပ်ရမလဲ"

"ပစ္စည်းတွေ အားလုံးကို သိမ်း... မွေးမြူရေး စီမံကိန်းတွေကို မဖျက်သိမ်းဘူး... ကင်းခေါင်းဆောင်တွေကို အသစ် ပြန်ခန့်မယ်"

"နောက်ဆို ဒီနေရာ သုံးခုစလုံး ငါတို့ စီမံခန့်ခွဲမှုအောက်မှာ ရှိရမယ်... မနာခံတဲ့သူ ရှိရင် နေရာမှာတင် သတ်"

"အားလုံး ငြိမ်သွားပြီ ဆိုရင် ခေါင်းဆောင်လုပ်တဲ့သူတွေကို မီးဝါးတော ကို လာခဲ့ခိုင်းလိုက်... ငါ သူတို့ကို တစ်ယောက်ချင်းစီ တွေ့မယ်"

ကျောက်ခိုင်က ချက်ချင်း ဖြေလိုက်သည်။

"သိပြီ"

တင်းယန်ကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကျွန်မ အခုပဲ သွားလိုက်မယ်"

ဆက်ရန်...

All Chapters