← Chapters

အခန်း (၂၅၁-၂၅၂)

Vol. 13 Ch. 251-252

အခန်း (၂၅၁-၂၅၂)

Vol. 13 Ch. 251-252

အပိုင်း (၂၅၁) အမှောင်အတွင်း အားပြိုင်မှု

လင်းယွမ်က ပြန်လှည့်လိုက်ပြီး သတိလစ်နေသော ထူလုံကို ဆွဲမကာ တရွတ်တိုက် ဆွဲယူသွားရင်း ပြောလိုက်သည်။

"ငါ မီးဝါးတောမှာ မင်းတို့ကို စောင့်နေမယ်"

ထူလုံဆိုသည့်ကောင်ကို လောလောဆယ် သူ့မျက်စိအောက်က အပျောက်ခံ၍ မဖြစ်သေးပေ။ ဤခွေးကောင်ကို စိတ်နေစိတ်ထား ပြုပြင်သွားအောင် ကောင်းကောင်းကြီး ပဲ့ပြင်ဆုံးမရဦးမည် ဖြစ်သည်။

နောက်ဆက်တွဲ ကိစ္စရပ်များကတော့ ရှင်းသွားခဲ့ပြီ ဖြစ်သည်။

ခိုလှုံရေးစခန်းကြီး (၃) ခုမှ ခေါင်းဆောင်အများစုမှာ သေဆုံးကုန်ကြပြီဖြစ်ရာ ကျန်ရစ်သူများမှာ သဲကန္တာရထဲမှ သဲပွင့်များအလား ဖရိုဖရဲ ဖြစ်နေကြသည်။

ကျောက်ခိုင်နှင့် တင်းယန်တို့၏ အစွမ်းအဆင့်အတန်းမှာ ဤခိုလှုံရေးစခန်းများတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်၍ ရနေပြီဖြစ်သည်။

ကျောက်ခိုင်သည် ချင်ရှောင်ယန်၊ ချွီမုန့်ကျူနှင့် လီယွဲ့ဖုန်းတို့ သုံးဦး၏ ခေါင်းများကို ဆွဲကိုင်ထားလျက် ခွန်ဆန်း လမ်းပြမှုဖြင့် မိန်ဟိုင်ဥယျာဉ်သို့ ရောက်ရှိလာခဲ့ရာ မည်သည့် ခုခံမှုကိုမျှ မတွေ့ကြုံခဲ့ရပေ။

မိန်ဟိုင်ဥယျာဉ်အတွင်း ကျန်ရစ်ခဲ့သူများသည် ထိုလူသုံးဦး၏ ခေါင်းပြတ်များကို မြင်လိုက်ရသည့်အခါ ဝမ်းနည်းပူဆွေးခြင်း အလျဉ်းမရှိကြဘဲ အတိုင်းထက်အလွန် ဝမ်းသာသွားကြသည်။

သူတို့သည် ငိုကြွေးအော်ဟစ်လျက် ရှေ့သို့ပြေးထွက်လာကြပြီး ထိုလူယုတ်မာ သုံးဦးကို ရှင်းလင်းပေးသည့်အတွက် ကျောက်ခိုင်အား ဒူးထောက်၍ ကျေးဇူးတင်စကား ဆိုကြလေသည်။

ကျောက်ခိုင်မှာ အံ့အားသင့်သွားပြီး ဤနေရာတွင် မည်သို့သော အခြေအနေများ ဖြစ်ပျက်ခဲ့သည်ကို ခွန်ဆန်းအား မေးမြန်းလိုက်သည်။

ခွန်ဆန်းက မိန်ဟိုင်ဥယျာဉ်၏ အဖြစ်မှန်များကို နာကျည်းချက်များဖြင့် ဖွင့်ဟပြောပြလေသည်။

မူလက မိန်ဟိုင်ဥယျာဉ် ခိုလှုံရေးစခန်းဆိုသည်မှာ အမည်ခံမျှသာဖြစ်ပြီး လက်တွေ့တွင်မူ လီယွဲ့ဖုန်း၏ ကိုယ်ပိုင် ဥယျာဉ်သဖွယ် ဖြစ်နေခဲ့သည်။

ရုပ်ရည်ချောမောသော အမျိုးသမီးမှန်သမျှကို မိန်ဟိုင်ဥယျာဉ်အတွင်း စုဆောင်းထားလေ့ရှိပြီး သူသည် အချိန်ကာလတစ်ခုကြာတိုင်း ထိုအမျိုးသမီးများထဲမှ တစ်ဦးကို ရွေးချယ်ကာ စိတ်တိုင်းကျ ပြုမူလေ့ရှိသည်။

အစွမ်းနိုးထလာကြသော ချင်ရှောင်ယန်နှင့် ချွီမုန့်ကျူမှလွဲ၍ ကျန်မိန်းမများအားလုံးမှာ သူ့အတွက် ကစားစရာ အရုပ်များသဖွယ်သာ ဖြစ်သည်။

ချင်ရှောင်ယန်နှင့် ချွီမုန့်ကျူ နှစ်ဦးစလုံးမှာလည်း သဘောထား အလွန်သေးသိမ်ပြီး မနာလိုဝန်တိုစိတ် ကြီးမားသူများ ဖြစ်ကြသည်။

သူတို့နှစ်ဦးသည် အချင်းချင်း အားပြိုင်နေကြသော်လည်း လီယွဲ့ဖုန်းကို တားဆီး၍မရမှန်း သိသောအခါ လီယွဲ့ဖုန်းနှင့် ပတ်သက်ခဲ့ဖူးသော အမျိုးသမီးများကို နည်းလမ်းပေါင်းစုံဖြင့် သေလမ်းပို့လေ့ ရှိကြသည်။

ထိုအချက်တွင်မူ သူတို့နှစ်ဦးမှာ အလွန်တိုင်ပင်ကိုက်ညီကြပြီး လီယွဲ့ဖုန်း၏ မိန်းမဖြစ်ခွင့် ရှိသူမှာ သူမတို့နှစ်ဦးသာ ရှိသည်ဟု ခံယူထားကြသည်။ အခြားသော မိန်းမများမှာ လီယွဲ့ဖုန်းနှင့် အိပ်စက်ရန်ပင် မထိုက်တန်ဟု ယူဆထားကြခြင်း ဖြစ်သည်။

ထိုမိန်းမများသည် တစ်ခါသုံး ကစားစရာများသာ ဖြစ်ပြီး သုံးပြီးလျှင် လွှင့်ပစ်ရမည်ဟု သတ်မှတ်ထားကြသည်။ လီယွဲ့ဖုန်းနှင့် ထိုမိန်းမများကြား သံယောဇဉ်ဟူသည် လုံးဝ ရှိလာ၍ မဖြစ်ပေ။

ပြီးခဲ့သည့် တစ်ခေါက်က ဟန်ဟန်တို့အမေ ဟုခေါ်သော အမျိုးသမီးမှာ လီယွဲ့ဖုန်းနှင့် နှစ်ကြိမ်တိုင်တိုင် အတူနေခဲ့ရသဖြင့် ချင်ရှောင်ယန် မြင်တွေ့သွားသောအခါ မနာလိုဝန်တိုစိတ်များ ပေါက်ကွဲကာ ထိုအမျိုးသမီးကို နေရာတင် သတ်ဖြတ်ပစ်ခဲ့သည်။

လီယွဲ့ဖုန်းမှာလည်း ထိုကိစ္စအတွက် လုံးဝ စိတ်ဆိုးခြင်း မရှိခဲ့ချေ။ ဤသည်မှာ နေသားကျနေသော ကိစ္စတစ်ခုလို ဖြစ်နေခဲ့သည်။

သူသည် ထိုမိန်းမများကို လူသားများအဖြစ် သဘောမထားဘဲ အမှန်တကယ်ပင် ကစားစရာ အရုပ်များသဖွယ် သတ်မှတ်ထားခြင်း ဖြစ်သည်။

သူနှင့် ပတ်သက်ဖူးသော မိန်းမများကိုပင် ထိုသို့ ဆက်ဆံသည်ဆိုလျှင် ဤခိုလှုံရေးစခန်းရှိ ယောက်ျားများ၏ အဆင့်အတန်းမှာ ဆိုဖွယ်ရာပင် မရှိတော့ပေ။

ဤနေရာရှိ ယောက်ျားများသည် ခိုလှုံရေးစခန်း၏ ကျွန်များသဖွယ် ဖြစ်နေပြီး နေ့စဉ် ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်းများကိုသာ လုပ်ဆောင်ရသည်။

အစွမ်းပိုင်ရှင်များ ဖြစ်ကြလျှင်ပင် ချင်ရှောင်ယန်နှင့် ချွီမုန့်ကျူတို့၏ လက်အောက်တွင် နေရပြီး အနည်းငယ် အလိုမကျသည်နှင့် ရိုက်နှက်ဆဲဆိုခြင်းကို ခံကြရသည်။

စကားနားမထောင်သူများ ရှိလျှင် ချက်ချင်း ကွပ်မျက်ကာ မိန်ဟိုင်ဥယျာဉ်ထဲသို့ ပစ်ချပြီး မိန်ဟွာဝက်များကို အစာကျွေးလေ့ရှိသည်။

မိန်ဟိုင်ဥယျာဉ်ရှိ မက်မွန်ပင်များအောက်တွင် မွေးမြူထားသော မိန်ဟွာဝက်များနှင့် မီးတိမ်ယုန်များသည် လူ့အသားကို မကြာခဏ စားသောက်ဖူးကြသည်။

ကျောက်ခိုင်သည် ထိုအကြောင်းများကို နားထောင်ပြီးနောက် မက်မွန်ပင်များအောက်တွင် မည်သူမျှ ရှင်းလင်းခြင်း မရှိဘဲ ပစ်ထားသော လူသေအလောင်းများနှင့် အရိုးများကို ကြည့်ကာ ရုတ်တရက် ရွံရှာမိသွားသည်။

အစောပိုင်းက ထိုဆူဖြိုးနေသော မိန်ဟွာဝက်များနှင့် မီးတိမ်ယုန်များကို မြင်လိုက်ရသဖြင့် အမြတ်ထွက်ပြီဟု တွေးကာ အလွန်စိတ်လှုပ်ရှားနေခဲ့သော်လည်း ယခုအခါတွင်မူ စိတ်ဝင်စားမှု လုံးဝ မရှိတော့ချေ။

စားချင်တဲ့သူ စားပါစေ၊ သူကတော့ ထိုမိန်ဟွာဝက်များနှင့် မီးတိမ်ယုန်များကို လုံးဝ ထိမည် မဟုတ်ပေ။

သူသည် လီယွဲ့ဖုန်းအပါအဝင် ခေါင်းဆောင်များ၏ ခေါင်းပြတ်များကို ကိုင်ဆောင်ထားသဖြင့် ခြိမ်းခြောက်နိုင်စွမ်း အပြည့်ရှိနေရာ မည်သည့် အတားအဆီးမျှ မရှိဘဲ မိန်ဟိုင်ဥယျာဉ်ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သည်။

ထို့နောက် ကျောက်ခိုင်သည် တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက်ဆုံးတွင် ခွန်ဆန်းကို ဤလူအုပ်စု၏ ယာယီခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်သည်။

ထို့ပြင် ခွန်ဆန်းအား မိန်ဟိုင်ဥယျာဉ်အတွင်းရှိ အစွမ်းပိုင်ရှင်များထဲမှ လူအနည်းငယ်ကို ရွေးချယ်စေပြီး အမာခံအဖွဲ့တစ်ဖွဲ့ ယာယီဖွဲ့စည်းပေးလိုက်သည်။

ထို့နောက် ထိုလူများကို ခေါ်ဆောင်ကာ မီးဝါးတောရှိ လင်းယွမ်ထံသို့ အခြေအနေ တင်ပြရန် ထွက်ခွာလာခဲ့ကြသည်။

အခြားတစ်ဖက်တွင်မူ တင်းယန်နှင့် ရှီဟိုင်ကျူးတို့ ဦးဆောင်သော အဖွဲ့သည် ဖုန်းဟွမ်ဘုရားကျောင်းသို့ ဦးတည်သွားရောက်နေကြသည်။

လမ်းပြအဖြစ် လိုက်ပါလာသူများမှာ ကျိဖုန်း၊ ဝမ်ရှောင်နှင့် ဟန်ပန်းတို့ သုံးဦးအဖွဲ့ ဖြစ်သည်။

ယခုအချိန်တွင် သူတို့၌ မည်သည့် ပုန်ကန်လိုစိတ်မျှ မရှိကြတော့ပေ။

လင်းယွမ်၏ အစွမ်းထက်မြက်မှုကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီး ထူလုံကိုလည်း လင်းယွမ်က ခွေးသေတစ်ကောင်လို ဆွဲခေါ်သွားသည်ကို မြင်ခဲ့ရသည်။

သူတို့ကဲ့သို့သော အလျင်အစွမ်းပိုင်ရှင်များမှာ ခြေသလုံးအိမ်တိုင် ပြေးလွှားရသူများသာ ဖြစ်ပြီး မည်သည့်တိုက်ခိုက်ရေးနည်းလမ်းမှ မရှိသဖြင့် အသက်ရှင်ရပ်တည်နိုင်ရန် လက်နက်ချ အညံ့ခံရုံသာ ရှိတော့သည်။

လူတိုင်း ထိုက်ယန်တောင်သို့ လာကြခြင်းမှာ ရေကြီးမှုကို ရှောင်တိမ်းရန်သာဖြစ်ပြီး မည်သူကမျှ တစ်စုံတစ်ယောက်အပေါ် အမှန်တကယ် သစ္စာရှိကြသည် မဟုတ်ပေ။

ထူလုံနှင့် ဟုန်ဖူဆိုသော လူနှစ်ယောက်မှာလည်း ထူလုံ၏ ခွန်အားကို အားကိုးပြီး ခေါင်းဆောင် ဖြစ်လာကြသူများသာ ဖြစ်သည်။ ခိုလှုံရေးစခန်း တည်ဆောက်ရေးတွင် ကြီးမားသော အကျိုးပြုမှုမျိုး မရှိခဲ့ကြပေ။

ဟုန်ဖူဆိုလျှင် ပြောနေစရာပင် မလိုတော့။ အစိုးရဌာနဆိုင်ရာများတွင် ကျင့်သုံးသော စိတ်ဓာတ်မျိုးဖြင့် ဘာလုပ်လုပ် ဝါရင့်သူကို ဦးစားပေးခြင်း၊ လုပ်ပိုင်ခွင့်အာဏာဖြင့် ကစားခြင်းတို့ကိုသာ လုပ်ဆောင်တတ်သူ ဖြစ်သည်။

အစွမ်းပိုင်ရှင်အများစုမှာ ထိုအချက်ကို မကျေနပ်ကြပေ။

သို့သော် ထူလုံ၏ အင်အားကြီးမားမှုကို ကြောက်ရွံ့သဖြင့် မည်သူမျှ ထုတ်မပြောရဲကြဘဲ ထူလုံ အပြင်မှ ပြန်လာလျှင် ပါလာမည့်ရိက္ခာဖြင့် ဗိုက်ဝရုံ စားသောက်ရသည်ကိုပင် ကျေနပ်နေခဲ့ကြရသည်။

ယခု တင်းယန်က လူခေါ်လာပြီး ဖုန်းဟွမ်ဘုရားကျောင်းကို လာရောက်လွှဲပြောင်းယူသည့်အခါ ထိုလူများသည် မည်သို့မျှ ခုခံခြင်း မပြုကြတော့ပေ။

အထူးသဖြင့် ဟုန်ဖူ၏ အလောင်းကို မြင်လိုက်ရခြင်းနှင့် ကျိဖုန်းတို့၏ ပြောစကားများကို ကြားလိုက်ရသည့်အခါ ပုန်ကန်လိုစိတ်များ လုံးဝ ပျောက်ဆုံးကုန်ကြသည်။

အားလုံး ခေါင်းငုံ့ကာ အရှုံးပေးလိုက်ကြပြီး တင်းယန်၏ စီမံခန့်ခွဲမှုကို လက်ခံလိုက်ကြလေသည်။

တင်းယန်သည် ခွန်အားအစွမ်းပိုင်ရှင် အချို့နှင့် ကျိဖုန်းတို့အဖွဲ့ကို အမာခံအဖြစ် ရွေးချယ်လိုက်ပြီး ဖုန်းဟွမ်ဘုရားကျောင်းကို ရှင်းလင်းကာ ထိုလူအုပ်စုနှင့်အတူ မီးဝါးတောရှိ လင်းယွမ်ထံသို့ ချက်ချင်း ထွက်ခွာလာခဲ့သည်။

သိုင်းဘုရင်ဂေဟာ...

ဝူမုန့်သည် ခရီးဆောင်အိတ်ကို လွယ်လျက် ဂေဟာထဲတွင် ရပ်နေသည်။

ကျွမ်းရှုယွမ်သည် ဖြူဖပ်ဖြူရော် မျက်နှာထားဖြင့် ဝူမုန့်ကို ကြည့်နေသည်။ ကျွမ်းရှုယွမ်၏ အနောက်တွင် လီယွဲ့ကျင်း၊ ကောင်းကျဲ၊ ချန်ကျန့်ဖုန်း၊ ယွမ်ရွေ့၊ ယွဲ့ယာဝေ၊ ပိုင်ကျစ်လဲ့ စသည့် အစွမ်းပိုင်ရှင်များ ရပ်နေကြသည်။

လူတိုင်း၏ မျက်ဝန်းများမှာ နီရဲနေကြပြီး နှမြောတသဖြစ်နေသော အမူအရာများ ပေါ်နေကြသည်။

လီယွဲ့ကျင်းက မနေနိုင်စွာဖြင့် မေးလိုက်သည်။

"အစ်ကိုမုန့်... ဘာလို့ မဖြစ်မနေ သွားချင်ရတာလဲ... လင်းယွမ်က အစ်ကိုမုန့်ကို ဒုက္ခပေးတာမှ မဟုတ်တာ... ငါတို့တွေ အရှုံးကိုလက်ခံပြီး သူ့စီမံခန့်ခွဲမှုအောက်မှာ နေမယ်ဆိုရင် အရာရာ ညှိနှိုင်းလို့ ရတာပဲကို"

"သူက အစ်ကို့ကို အန္တရာယ်မပြုဘူးဆိုကတည်းက အရင်က ခင်မင်ခဲ့ဖူးတာကို ထောက်ထားလို့ပဲလေ"

"ဟုတ်တယ် အစ်ကိုမုန့်... သူက အစ်ကို့ကို မောင်းထုတ်တာမှ မဟုတ်တာ"

"ဒါပေါ့ အစ်ကိုမုန့်ရယ်... အစ်ကိုသွားရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ"

"အစ်ကိုမုန့်... မသွားပါနဲ့"

လူအများက တစ်ယောက်တစ်ပေါက် ဝိုင်းဝန်းတောင်းပန်နေကြသည်။

ဝူမုန့်က လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ညီနောင်တို့... ငါက အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် မဟုတ်ပါဘူး"

"ဒီရက်ပိုင်းတွေမှာ ခိုလှုံရေးစခန်းက ကိစ္စအဝဝကို ရှုယွမ်ကပဲ ကူညီစီမံပေးခဲ့တာပါ"

"သူက ခိုလှုံရေးစခန်းကို ဦးစီးပြီး သိုင်းဘုရင်ဂေဟာကို ခိုလှုံရေးစခန်းကြီး (၃) ခုထဲက တစ်ခုဖြစ်အောင် လုပ်ပေးခဲ့တာ"

"ငါကတော့ တကယ်တမ်းကျ ရန်ပွဲနဲ့ လူသတ်တာပဲ တတ်တဲ့ လူကြမ်းတစ်ယောက်ပါ"

"ပြီးတော့... ငါက တိုက်ခိုက်ရတာကိုပဲ နှစ်သက်တာ"

"အမှန်အတိုင်း ပြောရရင် လင်းယွမ်ရဲ့ ခွန်အားက ငါ့ကို စိတ်ပျက်အားငယ်စေခဲ့တယ်... သူက သိုင်းဘုရင်ဂေဟာကို လိုချင်တယ်ဆိုတော့ ငါ့စိတ်ထဲ ဝမ်းနည်းမိပေမယ့် တစ်ဖက်မှာလည်း ဝမ်းသာမိတယ်"

"သူက လူဆိုးမဟုတ်ဘူး... ငါ ကြည့်တာနဲ့ သိပါတယ်... သူ့ဘေးနားက လူတွေကလည်း သူ့ကို တကယ် လေးစားကြည်ညိုကြတယ်"

"ဒီလိုလူမျိုးက မကောင်းတဲ့လူ ဖြစ်စရာ အကြောင်းမရှိဘူး"

"သူက ထူလုံ၊ လီယွဲ့ဖုန်း၊ ထျန်ဝေ တို့နဲ့ မတူဘူး... သူက ခိုလှုံရေးစခန်းကို စစ်မှန်တဲ့ စေတနာနဲ့ တည်ဆောက်ချင်တဲ့လူ"

"မင်းတို့ သူ့နောက်လိုက်မယ်ဆိုရင် ငါ စိတ်ချရပြီ"

"အခု ငါလည်း ကိုယ့်ဘဝအတွက် ကိုယ်ရှင်သန်ရမယ့်အချိန် ရောက်ပြီ... ငါ စွန့်စားခန်းတွေ ဖွင့်ချင်တယ်... စစ်တပ်စခန်းကို သွားရှာချင်တယ်... အဲဒီကိုရောက်မှ ငါ့ အစွမ်းတွေရဲ့ အလားအလာကို ဖော်ထုတ်နိုင်ဖို့ ပိုပြီး ပြည့်စုံတဲ့ လမ်းညွှန်မှုတွေ ရနိုင်မှာ"

"လူ့ဘဝ လမ်းခရီးဆိုတာ စားဝတ်နေရေး ပြေလည်ရုံနဲ့ မပြီးသေးဘူး... တစ်နေ့ကျရင် ဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းရဲ့ အဆုံးသတ်မှာ ငါ ရပ်တည်နိုင်ဖို့ မျှော်လင့်ထားတယ်"

"အဲဒီအချိန်ကျမှ လင်းယွမ်နဲ့ တစ်ပွဲလောက် ထပ်တိုက်မယ်... အဲဒီကျရင် ငါ လုံးဝ ရှုံးတော့မှာ မဟုတ်ဘူး"

သူ့စကားများ ပြောနေစဉ် မျက်လုံးများထဲတွင် တောက်ပသော အရောင်များ ဖြတ်ပြေးသွားပြီး တိုက်ခိုက်လိုစိတ်များ မြင့်တက်လာသည်။

ထင်ရှားသည်မှာ ကိုးဝူမျှော်စင်တွင် လင်းယွမ်အား အပြတ်အသတ် ရှုံးနိမ့်ခဲ့ခြင်းသည် သူ့ကို စိတ်ဓာတ်ကျသွားစေခြင်း မရှိခဲ့ပေ။

သူ၏ တိုက်ခိုက်လိုစိတ်သည် မီးတောက်များပမာ ပြင်းထန်ပူပြင်းနေဆဲ ဖြစ်သည်။

ခိုလှုံရေးစခန်းကို ကာကွယ်ပေးရန် မလိုအပ်တော့သည့်အတွက် သူသည် ပိုမို ရဲရင့်ပြတ်သားစွာဖြင့် ရှေ့ဆက်နိုင်တော့မည် ဖြစ်သည်။

လူအများမှာ ပါးစပ်ဟလိုက်ကြသော်လည်း ဘာပြောရမှန်း မသိ ဖြစ်နေကြသည်။

သူတို့စိတ်ထဲတွင် ဝူမုန့်ကို တကယ်ပဲ မခွဲနိုင် မခွာရက် ဖြစ်နေကြခြင်းလော။

ထိုသို့လည်း မဟုတ်ပေ။ ဝူမုန့်ကဲ့သို့ တိုက်ခိုက်ရေးစွမ်းရည် မြင့်မားသူတစ်ယောက် ဘေးနားတွင် ရှိနေခြင်းက ပေးစွမ်းနိုင်သည့် လုံခြုံမှုမျိုးကို သူတို့ လိုအပ်နေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။

လူ့သဘောသဘာဝဆိုသည်မှာ ခန့်မှန်းရခက်ပြီး လူတိုင်းတွင် ကိုယ်ကျိုးကြည့်သော အခြမ်းတစ်ခုစီ ရှိတတ်ကြသည်။

သို့သော် သူတို့သည် ဝူမုန့်အပေါ်တွင် သံယောဇဉ်ရှိနေသည်မှာလည်း အမှန်ပင် ဖြစ်လိမ့်မည်။

လူတို့၏ စိတ်ခံစားမှုမှာ ရှုပ်ထွေးလှသဖြင့် ရှင်းလင်းစွာ ပြောပြရန် ခက်ခဲလှသည်။

ကျွမ်းရှုယွမ်လည်း ထို့အတူပင်။ သူမက ဝူမုန့်ကို အလွန်ချစ်ပါသလား။

လုံးဝ မချစ်ပါ။

သူမကဲ့သို့ အမျိုးသမီးမျိုးက ဘယ်လိုလူမျိုးကို မတွေ့ဖူးဘဲ ရှိပါ့မလဲ။ ဘယ်လို အချစ်ဇာတ်လမ်းမျိုးကို မကြားဖူးဘဲ ရှိပါ့မလဲ။

လူ့သဘောသဘာဝကို နားလည်ရာတွင် သူမက ဝူမုန့်တို့ထက် များစွာ သာလွန်သည်။

ကမ္ဘာပျက်ကပ်ဘေး စတင်ချိန်ကတည်းက သူမသည် ဝူမုန့်ကို ပုံအပ်ကာ တန်ဖိုးအကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ခဲ့သည်။

ဝူမုန့်သည် သူမကို စိတ်ပျက်စေခြင်း မရှိခဲ့ဘဲ တစ်လျှောက်လုံး ကာကွယ်ပေးခဲ့သည်။ သူမသည်လည်း ဝူမုန့်၏ အင်အားကြီးမားမှုကို အသုံးချ၍ ခိုလှုံရေးစခန်းကို တည်ထောင်နိုင်ခဲ့သည်။

သို့သော် ဝူမုန့်သည် စိတ်ဝင်စားစရာကောင်းသူ တစ်ယောက် မဟုတ်သလို အချစ်ရေးရာတွင်လည်း နားမလည်သူဟု ဆိုနိုင်သည်။

အစွမ်းကို လေ့လာခြင်း၊ အလားအလာများကို ဖော်ထုတ်ခြင်းနှင့် သိုင်းကွက်လေ့ကျင့်ခြင်းမှလွဲ၍ အခြားကိစ္စများကို ဘာတစ်ခုမှ ဂရုမစိုက်ပေ။

ဤသို့သော အခြေအနေမျိုးတွင် ကျွမ်းရှုယွမ်အနေဖြင့် ဝူမုန့်ကို အလွန်ချစ်သည်ဟု ပြောလျှင် ဖြစ်နိုင်မည် မဟုတ်ပေ။

သူမသည်လည်း ပိုကောင်းသော ရွေးချယ်စရာ မရှိသောကြောင့်သာ ဤသို့ နေခဲ့ရခြင်း ဖြစ်သည်။

ယခု ဝူမုန့်က ထွက်သွားရန် ဆုံးဖြတ်လိုက်သည့်အခါ သူမ၏ စိတ်ခံစားမှုများ ရှုပ်ထွေးသွားသည်။

နှမြောတသ ဖြစ်သည်ထက် မကျေနပ်စိတ်က ပိုများနေသည်။

အဘယ်ကြောင့်ဆိုသော် ဝူမုန့် ထွက်သွားသည်နှင့် သူမ၏ သိုင်းဘုရင်ဂေဟာ ခေါင်းဆောင်ရာထူးသည် အမည်ခံသာ ကျန်ရှိတော့မည်ကို သိနေသောကြောင့် ဖြစ်သည်။

တိုက်ခိုက်နိုင်စွမ်း မရှိသော မိန်းမတစ်ယောက်၏ စကားကို မည်သူကမျှ နားထောင်မည် မဟုတ်ပေ။

ယခုက ကမ္ဘာပျက် ရေကြီးသော ခေတ်ကာလဖြစ်ပြီး ခွန်အားသာလျှင် အရာရာဖြစ်သည်။

သူမ၏ အရည်အချင်းများ၊ ခိုလှုံရေးစခန်းကို စီမံခန့်ခွဲနိုင်စွမ်းများနှင့် လူ့စိတ်ကို ထွင်းဖောက်မြင်နိုင်စွမ်းများ အားလုံးသည် ခွန်အားဆိုသည့် အခြေခံအုတ်မြစ်ပေါ်တွင် မူတည်မှသာ အသုံးချနိုင်မည် ဖြစ်သည်။

ဝူမုန့် ထွက်ခွာသွားပါက သူမ ယခု ပိုင်ဆိုင်ထားသမျှ အရာအားလုံးသည် လေထဲတွင် ဆောက်ထားသော တိုက်တာအဆောက်အအုံများပမာ တစ်ခဏအတွင်း ပြိုကျပျက်စီးသွားလိမ့်မည်။

ထို့ကြောင့် သူမသည် ဝူမုန့်အား ထွက်သွားခွင့် မပြုချင်ပေ။

ကျွမ်းရှုယွမ်သည် မျက်လုံးများထဲတွင် တောင်းပန်တိုးလျှိုးသော အရိပ်အယောင်များဖြင့် ပြောလိုက်သည်။

"အစ်ကိုမုန့်... မသွားပါနဲ့... ကျွန်မတို့အားလုံး အစ်ကို့ကို လိုအပ်ပါတယ်... ကျွန်မလည်း အစ်ကို့ကို လိုအပ်တယ်"

ဝူမုန့်သည် ကျွမ်းရှုယွမ်ကို ကြည့်ကာ ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်ရင်း လေးနက်စွာ ပြောလိုက်သည်။

"ရှုယွမ်... သူတို့ နားမလည်ရင်တောင် မင်းက နားမလည်ဘူးလား"

"ငါ မသွားရင် လင်းယွမ်ကို အညံ့ခံရလိမ့်မယ်"

"အဲဒီလိုသာဆိုရင် ဒီတစ်သက် ငါ ဘယ်တော့မှ သူ့ကို ကျော်တက်နိုင်မယ့်နေ့ ရှိလာတော့မှာ မဟုတ်ဘူး"

ကျွမ်းရှုယွမ်က ဆက်လက် တောင်းပန်လေသည်။

"အစ်ကိုမုန့်ရယ်... အညံ့ခံတော့လည်း ဘာဖြစ်သလဲ... အစ်ကိုရဲ့ ကိုယ်ပိုင်အစွမ်းအလားအလာကို ဖော်ထုတ်ပြီး ဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းထိပ်ဆုံးကို သွားမယ့်ကိစ္စနဲ့ ဘာဆိုင်လို့လဲ"

"အစ်ကို စစ်တပ်စခန်းကို သွားရင်ကော အစ်ကို့ထက် ပိုတော်တဲ့လူ၊ အစ်ကို့ကို ဖိနှိပ်ထားမယ့်လူ မရှိဘူးလို့ ပြောနိုင်လို့လား"

ဝူမုန့်က ခေါင်းခါလိုက်သည်။

"မင်း နားမလည်ပါဘူး... လင်းယွမ်နဲ့ တကယ် လက်ရည်ယှဉ်ကြည့်မှ သူ့ရဲ့ ကြောက်စရာကောင်းပုံကို သိနိုင်မှာ"

"စစ်တပ်စခန်းမှာ သူ့ထက် ပိုတော်တဲ့လူ ရှိမယ်လို့ ငါမယုံဘူး"

"တကယ်လို့ ရှိခဲ့ရင်တောင် အဲဒီလူက ငါပဲ ဖြစ်ရမယ်"

ထိုသို့ပြောပြီးနောက် သူက ကျွမ်းရှုယွမ်ကို လက်ဖြင့် တွန်းဖယ်လိုက်ကာ ပြောလိုက်သည်။

"ဒီလောက်ပါပဲ ရှုယွမ်... မင်းပြောတာ မှန်ပါတယ်... ဒါ ငါရွေးတဲ့လမ်းပဲ... မင်းကို ငါနဲ့အတူ လိုက်ခဲ့ဖို့ မတိုက်တွန်းသင့်ပါဘူး"

"မင်း နေခဲ့ဖို့ ရွေးချယ်တယ်ဆိုရင်လည်း နေခဲ့လိုက်ပါ... ငါ ဒီတစ်ခေါက် ကွမ်ဖူ စစ်တပ်စခန်းကို သွားမယ့်လမ်းမှာ အန္တရာယ်တွေ အများကြီး ရှိနိုင်တယ်... ငါ့ကိုယ်ငါတောင် အာမခံနိုင်တာ မဟုတ်ဘူး... မင်းပါလာရင် တကယ်ပဲ အဆင်မပြေ ဖြစ်လိမ့်မယ်"

"မင်း နေခဲ့တာကို ငါလည်း စိတ်ချပါတယ်"

"ဆရာလီ နဲ့ကျန်တဲ့ ညီအစ်ကိုတို့... ငါ သွားတော့မယ်... အားလုံးနောက်ပိုင်း ဆက်ပြီး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေသွားကြဖို့ ငါမျှော်လင့်တယ်... ရှုယွမ်ကို မင်းတို့ဆီမှာ အပ်ခဲ့ပါရစေ"

လူအများမှာ မျက်နှာပျက်ယွင်းသွားကြပြီး အချို့က နှုတ်မှ တားဆီးရန် ပြင်လိုက်ကြသည်။

သို့သော် ဝူမုန့်သည် ပြတ်သားစွာဖြင့် မိုးသည်းထန်နေသော အပြင်ဘက်သို့ လှည့်ထွက်သွားလေသည်။

ခုန်ပျံကျော်လွှားမှု အနည်းငယ် ပြုလုပ်လိုက်သည်နှင့် သစ်ောတောအုပ်အတွင်း လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

လူအများသည် ပျောက်ကွယ်သွားသော သူ၏ ကျောပြင်ကို ငေးကြည့်ရင်း မျက်နှာပေါ်တွင် ဝမ်းနည်းစိတ်ပျက်သော အမူအရာများ ပေါ်လာကြသည်။

ယွမ်ရွေ့က မနေနိုင်စွာ မေးလိုက်သည်။

"အမရှုယွမ်... ကျွန်တော်တို့ ဆက်ပြီး ဘယ်လိုလုပ်ကြမလဲ"

ချန်ကျန့်ဖုန်းက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဒီလိုမှန်း သိခဲ့ရင် အစကတည်းက ထူလုံရဲ့ ကမ်းလှမ်းမှုကို လက်မခံခဲ့သင့်ဘူး"

ထိုစကား ထွက်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ပိုမို တိတ်ဆိတ်ငြိမ်သက်သွားသည်။

အထူးသဖြင့် ကျွမ်းရှုယွမ်၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ အဘယ်ကြောင့်ဆိုသော် ဖုန်းဟွမ်ဘုရားကျောင်းနှင့် မဟာမိတ်ဖွဲ့ပြီး သတ္တုတွင်း အကျိုးအမြတ်ကို အတူတကွ ရယူရန် အခိုင်အမာ စီစဉ်ခဲ့သူမှာ သူမပင် ဖြစ်သောကြောင့်တည်း။

သူမ မနေနိုင်ဘဲ ခေါင်းမော့ကာ ချန်ကျန့်ဖုန်းကို ကြည့်လျက် မေးလိုက်သည်။

"ကျန့်ဖုန်း... နင် ငါ့ကို အပြစ်တင်နေတာလား"

ချန်ကျန့်ဖုန်း ကြောင်အသွားပြီး လျင်မြန်စွာ ခေါင်းခါလိုက်သည်။

"မဟုတ်တာ အမရှုယွမ်ရယ်... ကျွန်တော် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး... ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ အစကတည်းက ဒီကိစ္စထဲ ဝင်မပါခဲ့ရင် မီးဝါးတောက လူတွေနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးအရ ဒီလိုအခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောချင်တာပါ"

လီယွဲ့ကျင်းက ချန်ကျန့်ဖုန်း၏ စကားကို ဖြတ်ပြောလိုက်သည်။

"ကျန့်ဖုန်း... ကိစ္စတွေက ဖြစ်ပြီးသွားပြီ... လောကကြီးမှာ နောင်တရလို့ ပြန်သောက်လို့ရတဲ့ဆေးဆိုတာ မရှိဘူး... ဘာဖြစ်ရင် ဘာဖြစ်မယ်ဆိုတဲ့ စကားတွေ ပြောမနေနဲ့တော့"

"အခု လောလောဆယ် အရေးကြီးတာက ဒီ လင်းယွမ် ဆိုတဲ့လူကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတာပဲ"

လီယွဲ့ကျင်းက ကျွမ်းရှုယွမ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"ညီမရှုယွမ်... နင်တို့ ဒီကို မပြန်လာခင်တုန်းက လင်းယွမ်က ဘယ်လို ပြောလိုက်သလဲ"

ကျွမ်းရှုယွမ်က လီယွဲ့ကျင်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

"သူက လူလွှတ်လိုက်မယ်တဲ့... အဲဒီကျရင် သိုင်းဘုရင်ဂေဟာရဲ့ ပစ္စည်းအားလုံးကို သိမ်းယူပြီး လူအားလုံး သူ့စီမံခန့်ခွဲမှုအောက်ကို ဝင်ရမယ်လို့ ပြောတယ်"

လီယွဲ့ကျင်း၏ မျက်လုံးများ အရောင်လက်သွားပြီး ခေါင်းကို ဖြည်းညှင်းစွာ ငြိမ့်ကာ ဘာမှ ထပ်မပြောတော့ပေ။

ကျွမ်းရှုယွမ်က ထိုအမူအရာကို မြင်သောအခါ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး မကောင်းသော ခံစားချက်တစ်ခု ဝင်လာသည်။

လီယွဲ့ကျင်းသည် သိုင်းဘုရင်ဂေဟာ၏ ဝါရင့်အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ရေကွင်းသင်္ကေတ ရေးဆွဲနိုင်သော တစ်ဦးတည်းသောသူလည်း ဖြစ်သည်။

သူ၏ အရေးပါမှုမှာ ပြောစရာပင် မလိုပေ။ အကယ်၍ သူသာ သူမ၏ နေရာကို အစားထိုးပြီး လင်းယွမ်ဘက်သို့ ကူးပြောင်းရန် ကြံစည်နေပါက...

ထိုအချက်ကို တွေးမိသည်နှင့် သူမ စိတ်ထဲတွင် အလောတကြီး ဖြစ်လာသည်။

ရှိနေသော လူများကို ဝေ့ဝဲကြည့်လိုက်ရာ သူမ စိတ်ဓာတ် ပိုကျသွားရသည်။

ဤလူများထဲတွင် ဦးဆောင်နိုင်စွမ်း ရှိသူ တစ်ဦးမျှ မရှိသလို လီယွဲ့ကျင်းကို ယှဉ်နိုင်သူလည်း တစ်ယောက်မျှ မရှိပေ။

ဤသည်မှာ သူမ၏ အစီအစဉ်အချို့ကို အကောင်အထည် ဖော်မရအောင် ဖြစ်စေသည်။

"ဆရာလီ... ဆရာလီ... အပြင်မှာ အစွမ်းပိုင်ရှင်တချို့ ရောက်လာတယ်... လင်းယွမ်ရဲ့ အမိန့်နဲ့ လာတာတဲ့... ကျွန်တော်တို့ အားလုံးကို လင်းယွမ်ဆီ လာတွေ့ဖို့ ခေါ်နေကြတယ်"

အလျင်အစွမ်းပိုင်ရှင် တစ်ဦး အပြေးအလွှား ဝင်ရောက်လာပြီး မျက်နှာတွင် ထိတ်လန့်နေသော အမူအရာဖြင့် ပြောလိုက်သည်။

ချက်ချင်းပင် ရှိနေသော လူအားလုံး၏ မျက်နှာထားများ ပြောင်းလဲသွားကြသည်။

လူတိုင်းက ကျွမ်းရှုယွမ်ကို အလိုအလျောက် လှမ်းကြည့်လိုက်ကြသည်။

ကျွမ်းရှုယွမ်လည်း ထပ်တူပင် ထိတ်လန့်နေသည်။ ဝူမုန့် မရှိတော့သဖြင့် သူမတွင် အားကိုးစရာ မရှိတော့ပေ။

ထိုအချိန်တွင် လီယွဲ့ကျင်းက ရှေ့ထွက်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ညီနောင်တို့... ဖြစ်လာမယ့်ကိစ္စကို ရှောင်လွှဲလို့ မရဘူး... လာမယ့်ဘေး ပြေးတွေ့ရမှာပဲ... ငါတို့ ဒီထိုက်ယန်တောင်မှာ ဆက်ပြီး အသက်ရှင်ချင်တယ်ဆိုရင် ဒီအမှန်တရားကို ရင်ဆိုင်ရလိမ့်မယ်"

"ထိုက်ယန်တောင်က မနေ့က ထိုက်ယန်တောင် မဟုတ်တော့ဘူး"

"အခု ငါတို့ အားလုံး သူတစ်ပါး မျက်နှာရိပ်မျက်နှာကဲကို ကြည့်ပြီး နေရတော့မယ်... ဒီ လင်းယွမ်ဆိုတဲ့လူက အစ်ကိုမုန့်ကို အနိုင်ယူနိုင်တယ်၊ ထူလုံကို အနိုင်ယူနိုင်တယ်၊ လီယွဲ့ဖုန်းကို သတ်နိုင်တယ် ဆိုကတည်းက ငါတို့အားလုံးကို သတ်ပစ်ဖို့ အစွမ်းရှိတယ်ဆိုတာ သေချာနေပြီ"

"ဒါပေမဲ့ သူ အဲဒီလို မလုပ်ခဲ့ဘူး... ဒါကိုကြည့်ရင် သူ့မှာ အဲဒီလို သဘောထားမရှိဘူး ဆိုတာ ထင်ရှားတယ်"

"ပြီးခဲ့တဲ့တစ်ခေါက် မီးဝါးတောမှာ ငါ လေ့လာမိသလောက်ဆိုရင် သူက အစ်ကိုမုန့်လို ခေါင်းဆောင်မျိုးပဲ... သတ်ဖြတ်ရတာကို ဝါသနာပါတဲ့လူ မဟုတ်ဘူး... သူက ငါတို့ကို ဒုက္ခပေးချင်မှ ပေးလိမ့်မယ်"

လူအများ၏ အကြည့်များသည် လီယွဲ့ကျင်းထံ ရောက်ရှိသွားပြီး ထိုစကားကို ကြားသောအခါ အချင်းချင်း ဆွေးနွေးငြင်းခုံကုန်ကြသည်။

"ဆရာလီ ပြောတာ ဟုတ်တယ်... မီးဝါးတောမှာတုန်းက ကျွန်တော် ကြည့်မိသလောက် ကျောက်ခိုင် တို့၊ တင်းယန် တို့က လူဆိုးတွေနဲ့ မတူဘူး... စကားပြောရတာ အဆင်ပြေတယ်"

"ဟုတ်တယ်... လင်းယွမ်က တကယ်တော့ လူဆိုးမဟုတ်ပါဘူး... ဆန့်ကျင်ဘက် အနေနဲ့တောင် သူက လီယွဲ့ဖုန်းတို့၊ ထူလုံတို့ထက်စာရင် အများကြီး သဘောကောင်းတဲ့ပုံ ပေါက်တယ်"

"သူတို့ရဲ့ စခန်းမှာ နေခဲ့တုန်းက သာမန် အသက်ရှင်ကျန်ရစ်သူတွေက သူ့ကို ယုံကြည်ကြတယ်... သူ့ရဲ့ ဂုဏ်သတင်းက အတော်ကြီးတယ်"

"ဟုတ်တယ်... ပြီးတော့ သူ့ရဲ့ သြဇာအာဏာက ထူလုံတို့ လီယွဲ့ဖုန်းတို့လို အကြမ်းဖက်ပြီး တည်ဆောက်ထားတာမျိုး မဟုတ်ဘူး... ခိုလှုံရေးစခန်းက လူတွေက သူ့ကို တကယ် စိတ်ပါလက်ပါ လေးစားယုံကြည်ကြတာ"

"ဒါကိုကြည့်ရင် လင်းယွမ်က တကယ် ယုံကြည်အားကိုးထိုက်တဲ့ လူကောင်းတစ်ယောက် ဖြစ်လောက်ပါတယ်"

"ကျွန်တော် ပြောချင်တာကတော့... သွားကြည့်လိုက်ရင် သိရမှာပါ"

"လင်းယွမ်က ကျွန်တော်တို့ကို အပြတ်ရှင်းလောက်တဲ့အထိတော့ မလုပ်လောက်ပါဘူး"

"ဟုတ်တယ်... ထိုက်ယန်တောင်က ဒီလောက်ကျယ်တာ... ကျွန်တော်တို့လောက် လူအုပ်စုကိုတော့ သူ လက်ခံနိုင်မှာပါ"

"ဆရာလီ... ဆရာ တစ်ခုခု ပြောပါဦး... ကျွန်တော်တို့ ဆရာ့စကား နားထောင်ပါ့မယ်"

လူအများက တစ်ယောက်တစ်ပေါက်ဖြင့် လီယွဲ့ကျင်းကို ဝိုင်းကြည့်ကာ ပြောဆိုနေကြသည်။

လီယွဲ့ကျင်းက ခေါင်းဖြည်းညှင်းစွာ ငြိမ့်လိုက်သည်။ သူ စကားပြောရန် ပြင်လိုက်စဉ် ဘေးနားမှ ကျွမ်းရှုယွမ်က ရုတ်တရက် ဖြတ်ပြောလိုက်သည်။

"အားလုံးပဲ... ကျွန်မ ထင်တာတော့ ဘယ်သူမှ စိတ်ပူစရာ မလိုပါဘူး... ဒီ လင်းယွမ်က ဘာလုပ်ချင်လဲဆိုတာ အရင်ကြည့်ကြတာပေါ့"

"ဒီတစ်ခေါက် လင်းယွမ်ကို ကျွန်မ လေ့လာမိသလောက်ဆိုရင် သူက လူယုတ်မာတစ်ယောက် မဟုတ်ပါဘူး... ကိုးဝူမျှော်စင် ပေါ်မှာတုန်းက ကျွန်မနဲ့ အစ်ကိုမုန့် ရှေ့မှာ သူ ပြောခဲ့ဖူးတယ်... သူက ကျွန်မတို့ကို ဒုက္ခပေးမှာ မဟုတ်ဘူးတဲ့"

"သူ လိုချင်တာက သူ့စည်းကမ်းကို လိုက်နာပြီး သူ့အုပ်ချုပ်မှုကို လက်ခံဖို့ပဲ"

"အားလုံး စိတ်ချပါ... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက အားလုံးရဲ့ ကိုယ်စားပြုအနေနဲ့ ရလဒ်ကောင်းတစ်ခု ရအောင် ညှိနှိုင်းပေးပါ့မယ်"

သူမသည် ယုံကြည်မှုရှိစွာ ပြောဆိုနေပြီး ဟန်ပန်အမူအရာမှာလည်း ရိုးသားဟန် ပေါ်နေသဖြင့် အားလုံးအတွက် တကယ် တွေးပေးနေသည့်ပုံ ပေါက်နေသည်။

သို့သော် လီယွဲ့ကျင်းက ဘေးတွင် ရပ်နေရင်း နက်နဲသော အကြည့်များဖြင့် ကြည့်နေသည်။

ကျွမ်းရှုယွမ်က ရုတ်တရက် လှည့်ကြည့်ကာ သူ့ကို ပြုံးပြရင်း မေးလိုက်သည်။

"ဆရာလီ... ရှင်ကော ဘယ်လိုသဘောရလဲ"

လီယွဲ့ကျင်းက ပြုံးလိုက်သည်။ ကျွမ်းရှုယွမ်၏ အစွမ်းမှာ လူ့စိတ်ကို ထွင်းဖောက်မြင်နိုင်ခြင်း ဖြစ်ကြောင်း သူ သိထားသည်။

သူ့စိတ်ကူးကို တစ်ဖက်လူက 'မြင်' နေပြီဟု သူ ခန့်မှန်းမိသည်။

ထို့ကြောင့် သူက ရယ်မောကာ ပြောလိုက်သည်။

"ညီမရှုယွမ်က အားလုံးကို ကိုယ်စားပြုချင်တယ်ဆိုမှတော့ ညီမရှုယွမ်ပဲ ရှေ့ထွက်လိုက်ပါ"

"ကျွန်တော်ကတော့ ဘာကန့်ကွက်စရာမှ မရှိပါဘူး... ဟားဟား"

ကျွမ်းရှုယွမ် ကြောင်သွားသည်။ လီယွဲ့ကျင်း၏ စကားသည် သူ့ရင်ထဲကလာသော စကားအစစ်ဖြစ်ကြောင်း သူမ၏ အစွမ်းဖြင့် အာရုံခံမိလိုက်သောကြောင့် ဖြစ်သည်။

လိမ်ညာပြောဆိုသည့် အရိပ်အယောင် လုံးဝ မရှိပေ။

တစ်ခဏမျှ ကျွမ်းရှုယွမ် ဇဝေဇဝါ ဖြစ်သွားသည်။

တစ်ဖက်လူ၏ စိတ်ထဲတွင် ဘယ်လို အကြံအစည်ရှိနေမှန်း သူမ နားမလည်တော့ပေ။

သူမ နားမလည်သည်မှာ မဆန်းပေ။ လီယွဲ့ကျင်းကမူ မည်သူက ရှေ့ထွက်သည်ဆိုခြင်းမှာ အရေးမကြီးကြောင်း သိနေသည်။

လင်းယွမ်က သိုင်းဘုရင်ဂေဟာကို မည်သို့ စီစဉ်မည်ကို မည်သူမျှ မသိရသေးပေ။ ထို့ကြောင့် ယခုအချိန်တွင် ရှေ့ထွက်ကာ ခေါင်းခံခြင်းသည် ကောင်းသောကိစ္စ မဟုတ်နိုင်။

သို့သော် မိမိ၏ အရေးပါမှုကို ပြသရမည့်အချိန် ရောက်လျှင်လည်း သူက လျှို့ဝှက်ထားမည် မဟုတ်ပေ။

လင်းယွမ်သည် သိုင်းဘုရင်ဂေဟာမှ လူများကို အသုံးပြုလိုပါက ဤလူအုပ်စုကို စီမံခန့်ခွဲနိုင်မည့်သူကို မဖြစ်မနေ ရွေးချယ်ရလိမ့်မည်။

ထိုနေရာကို လီယွဲ့ကျင်းက လိုချင်နေခြင်း ဖြစ်သည်။ သူက ကျွမ်းရှုယွမ် နေရာကို အစားထိုးလိုသည်။

ယခုအချိန်တွင် ကျွမ်းရှုယွမ်မှာ အများကြီး တွေးချိန်မရတော့ဘဲ လူအများကို လှည့်ပြောလိုက်သည်။

"ကဲ... အားလုံးပဲ ကျွန်မနောက် လိုက်ခဲ့ကြပါ... တစ်ဖက်လူကို သွားတွေ့ကြမယ်"

ထိုသို့ပြောပြီးနောက် လူအများသည် ကျွမ်းရှုယွမ်၏ နောက်မှလိုက်ကာ သိုင်းဘုရင်ဂေဟာ အပြင်ဘက်သို့ ထွက်လာကြသည်။

အပြင်ဘက်တွင် ဟန်ရှန်းမန်သည် ဦးလေးကော၊ ရှမင်၊ လော်ဟုန်မြန် တို့နှင့်အတူ စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။

ဟန်ရှန်းမန်တို့ သုံးဦးကို တွေ့သောအခါ ကျွမ်းရှုယွမ်က ရှေ့တိုးသွားပြီး အပြုံးဖြင့် ပြောလိုက်သည်။

"မိတ်ဆွေတို့ စောင့်နေရတာ ကြာသွားပြီ... အထဲဝင်ပြီး ထိုင်ကြပါဦး"

ဟန်ရှန်းမန်က မတုန်မလှုပ်ပင်။ သူမ၏ ရှေ့မှ ကျက်သရေရှိပြီး လှပသော အမျိုးသမီးကို ကြည့်ကာ စိတ်ထဲတွင် ချီးကျူးမိသော်လည်း မျက်နှာထားကို တင်းမာစွာဖြင့် ပြောလိုက်သည်။

"မလိုပါဘူး... သိုင်းဘုရင်ဂေဟာက အစွမ်းပိုင်ရှင် အားလုံး မီးဝါးတောကို ချက်ချင်းလာပြီး သူ့ကို လာတွေ့ဖို့ လင်းယွမ်က မှာလိုက်တယ်"

ကျွမ်းရှုယွမ်၏ အပြုံးမှာ တောင့်ခဲသွားပြီး စိတ်ထဲတွင် ဒေါသထွက်သွားသည်။ ဒီလောက်ကြာပြီ၊ သူမကို ဘယ်သူက ဒီလိုလေသံနဲ့ ပြောရဲလို့လဲ။

သို့သော် လက်ရှိအခြေအနေတွင် သူမ၌ ရွေးချယ်စရာ မရှိပေ။ ထို့ကြောင့် အတင်း ပြုံးဖြီးလိုက်ကာ ပြောလိုက်သည်။

"အဲဒီလိုဆိုရင်လည်း ကျွန်မတို့ အခုပဲ လိုက်ခဲ့ကြပါမယ်"

"ဆရာလီ... အစွမ်းနိုးထထားတဲ့လူ အားလုံးကို ခေါ်ပြီး ထွက်ဖို့ ပြင်လိုက်ပါ"

လီယွဲ့ကျင်းက ကျွမ်းရှုယွမ်ကို ဂရုမစိုက်ဘဲ ဟန်ရှန်းမန် ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ညီမဟန်... လင်းယွမ် မှာလိုက်တဲ့အတိုင်း ပစ္စည်းအားလုံးကို ကျွန်တော်တို့ ထုပ်ပိုးပြီးပါပြီ... ညီမဟန် စစ်ဆေးကြည့်ဦးမလား... ဒါမှမဟုတ် ကျွန်တော်တို့ တန်းပြီး သယ်လာခဲ့ရမလား"

ဟန်ရှန်းမန်က လီယွဲ့ကျင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်နှာပျက်နေသော ကျွမ်းရှုယွမ်ကို တစ်လှည့် ကြည့်လိုက်သည်။

သူမသည်လည်း အဖွဲ့တစ်ခု၏ ခေါင်းဆောင် ဖြစ်ခဲ့ဖူးသူပီပီ ဤလူနှစ်ဦးကြားမှ ဆက်ဆံရေး အခြေအနေကို ရိပ်မိလိုက်သည်။

ချက်ချင်းပင် သူမက ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ပစ္စည်းတွေ အကုန်သယ်ခဲ့ပါ... အားလုံးကို လင်းယွမ် သဘောအတိုင်း စီမံပါလိမ့်မယ်"

ဆက်ရန်...

အပိုင်း(၂၅၂) ဦးလေးရန်

လီယွဲ့ကျင်းက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး လူအုပ်ကြီးဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ကဲ... အားလုံးပဲ ရှိတဲ့ပစ္စည်းတွေ အကုန်သယ်ခဲ့ကြပါ... ဆရာလင်း မြင်သွားရင် ငါတို့ရဲ့ စေတနာကို နားလည်သွားလိမ့်မယ်... ငါတို့က ဟန်ပြလုပ်တာမဟုတ်ဘဲ တကယ်ကို စိတ်ရင်းအမှန်နဲ့ လာပြီးပူးပေါင်းတယ်ဆိုတာ သိစေရမယ်"

ချန်ကျန့်ဖုန်း၊ ယွမ်ရွေ့နှင့် အခြားသူများ၏ မျက်ဝန်းများ အရောင်လက်သွားကြပြီး ပစ္စည်းများကို သိမ်းဆည်းရန် အသီးသီး ခေါင်းငုံ့သွားကြသည်။

သို့သော် ကောကျဲ၊ ပိုင်ကျစ်လဲ့နှင့် ယွဲ့ယာဝေ အစရှိသည့် အမျိုးသမီးအချို့ကမူ ဘာလုပ်ရမှန်းမသိ ငေးငိုင်နေကြပြီး ကျွမ်းရှုယွမ်ကိုသာ အလေ့အကျင့်အတိုင်း လှမ်းကြည့်နေမိကြသည်။

အမျိုးသမီးများ၏ စိတ်ထဲတွင် ကျွမ်းရှုယွမ်၏ အရှိန်အဝါနှင့် ရာထူးက ပိုမြင့်သည်ဟု မှတ်ယူထားကြပုံရသည်။

ကျွမ်းရှုယွမ် ပါးစပ်မဟရသေးခင်မှာပင် လီယွဲ့ကျင်းက မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်သောအသံဖြင့် ငေါက်ငမ်းလိုက်လေသည်။

"ဟေ့... မိန်းကလေးတွေ... ဘာလို့ ငိုင်နေကြတာလဲ"

"မြန်မြန်သွားသိမ်းကြလေ... ဆရာလင်း ငါတို့ကို အထင်လွဲသွားစေချင်လို့လား"

ထိုအခါမှ အမျိုးသမီးအုပ်စုမှာ ခန္ဓာကိုယ် တုန်တက်သွားကြသည်။

ဟုတ်ပေသည်... လင်းယွမ်က သူတို့ကို အပြတ်ရှင်းရန် ရည်ရွယ်ချက်မရှိဟု ဆိုသော်လည်း ထိုသို့လုပ်၍ မရဟု မဆိုလိုပေ။ အတိတ်က ခင်မင်မှုများကို ထောက်ထားပြီး အသက်ချမ်းသာပေးထားခြင်းသာ ဖြစ်သည်။

ယခု ဟန်ရှန်းမန်တို့ အုပ်စုရှေ့တွင် ဤကဲ့သို့ အူကြောင်ကြောင် ဖြစ်နေသည်ကို ဟန်ရှန်းမန်တို့က ပြန်ပြောပြလိုက်လျှင် လင်းယွမ် မည်သို့ တွေးသွားမည်နည်း။

ထို့ကြောင့် အမျိုးသမီးများမှာ အလျင်အမြန် ခေါင်းငုံ့ကာ ပစ္စည်းများသိမ်းဆည်းရန် ထွက်သွားကြတော့သည်။

ကျွမ်းရှုယွမ်မှာ အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး ရင်ထဲမှ ဒေါသများကို အတင်းဖိနှိပ်ကာ လီယွဲ့ကျင်းကို လှည့်ကြည့်လိုက်သည်။ ထို့နောက် အေးစက်စက် အသံဖြင့် ပြောလိုက်သည်။

"ဆရာလီက တော်တော်လေး စဉ်းစားဉာဏ်ရှိတာပဲနော်"

လီယွဲ့ကျင်းက ပြုံးလိုက်ပြီး ပြန်ပြောသည်။

"ညီမကျွမ်း... ခင်ဗျားဘက်မှာလည်း သိမ်းစရာပစ္စည်းတွေ အများကြီး ရှိနေမယ်ထင်တယ်... ကျွန်တော် မှတ်မိသလောက်ဆိုရင် လစဉ် ကျွန်တော်ပြုလုပ်ပေးထားတဲ့ ရေကွင်းသင်္ကေတ အများစုက ခင်ဗျားဆီ အပ်ထားရတာလေ"

ကျွမ်းရှုယွမ်၏ မျက်ဝန်းအောက်ခြေတွင် မဲမှောင်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း မျက်နှာထားကမူ ပြောင်းလဲခြင်းမရှိဘဲ တောက်ပစွာ ပြုံးလိုက်ပြီး ပြောလေသည်။

"အဲ့ဒီကိစ္စကို ဆရာလီ သတိပေးစရာမလိုပါဘူး... ကျွန်မ အစောကြီးကတည်းက ပြင်ဆင်ပြီးသားပါ"

"ဒါပေမဲ့ ရေကွင်းသင်္ကေတ အများစုကို အစ်ကိုမုန့် ယူသွားတာဆိုတော့... ကျွန်မဆီမှာ သိပ်မကျန်တော့ဘူး"

လီယွဲ့ကျင်းက ဟက်ခနဲ ရယ်လိုက်ပြီး ပြောသည်။

"ဟားဟား... ဒါဆိုရင်တော့ ညီမကျွမ်းအနေနဲ့ ဆရာလင်းကို သေချာ ရှင်းပြမှရလိမ့်မယ်... ကျွန်တော်တို့က ပစ္စည်းတွေကို တမင်ဝှက်ထားတယ်လို့ ဆရာလင်း အထင်မလွဲစေနဲ့ဦး"

ကျွမ်းရှုယွမ်မှာ အံကို တင်းတင်းကြိတ်ထားလိုက်မိသည်။ ကြီးမားသော အကျပ်အတည်းတစ်ခု ဆိုက်ရောက်လာတော့မည်ကို သူမ ခံစားလိုက်ရသည်။

သူမ၏ အာဏာများ တဖြည်းဖြည်း ယုတ်လျော့ပျောက်ဆုံးနေပြီ ဖြစ်သည်။

ဘေးမှကြည့်နေသော ဟန်ရှန်းမန်မှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ လက်ရှိကမ္ဘာကြီးက တကယ့်ကို လက်တွေ့ကျလွန်းလှသည်ဟု သူမ တွေးမိသည်။

ဝူမုန့် မရှိတော့သည့်နောက် ကျွမ်းရှုယွမ်ဟုခေါ်သော ဤအမျိုးသမီးမှာ ဝူမုန့်၏ လက်ကျန်လူများကို ထိန်းချုပ်ရန် ခက်ခဲသွားပြီ ဖြစ်သည်။

ထို့အပြင် လီယွဲ့ကျင်းဟုခေါ်သော လူလတ်ပိုင်းအရွယ် အမျိုးသားကလည်း သူတစ်ပါး၏ အောက်တွင် နေချင်ပုံမရဘဲ သူ၏ အရေးပါမှုကို ထုတ်ဖော်ပြသရန် ကြိုးစားလာပြီ ဖြစ်သည်။

ဟန်ရှန်းမန်က လီယွဲ့ကျင်းကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။

'ဒီလူက ရေကွင်းသင်္ကေတကို ပြုလုပ်နိုင်တယ်ဆိုတော့ နည်းပညာပိုင်း ကျွမ်းကျင်တဲ့သူပဲ... လင်းယွမ်က အရူးမဟုတ်ရင် ဒီလိုလူမျိုးကို သေချာပေါက် ကောင်းကောင်း ဆက်ဆံမှာပဲ'

ကျွမ်းရှုယွမ်၏ အနာဂတ်အခြေအနေကိုမူ သူမ သိပ်အားမရပေ။

ဟန်ရှန်းမန်သည် ဤနေရာသို့ ရောက်နေသည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်၍ စစ်တပ်မှ ထုတ်ပြန်ထားသော သင်္ကေတ နည်းပညာအကြောင်းကို သိရှိပြီး ဖြစ်သည်။

ထိုသင်္ကေတ နည်းပညာအကြောင်း စကြားလိုက်ရချိန်တွင် သူမ အလွန်အံ့သြသွားခဲ့ရသည်။

သာမန်လူများပါ အသုံးပြုနိုင်သော စွမ်းအင်ပစ္စည်းမျိုး ရှိနေသည်တဲ့လား။

အကယ်၍ သူမ၏ အဖွဲ့သာ ထိုနည်းပညာကို စောစီးစွာ ရရှိခဲ့ပါက လမ်းတစ်လျှောက်တွင် လူအများအပြား ဆုံးရှုံးခဲ့ရမည် မဟုတ်ပေ။

ထို့ကြောင့် သင်္ကေတကျောက်များကို ပြုလုပ်နိုင်စွမ်းရှိသူသည် အဆင့်မြင့် နည်းပညာရှင် တစ်ဦးဖြစ်ကြောင်း သူမ ကောင်းကောင်း နားလည်သည်။

လင်းယွမ်သည် ထိုကဲ့သို့သော လူမျိုးကို သေချာပေါက် မြှောက်စားထားလိမ့်မည်။

အားလုံး ပစ္စည်းများ သိမ်းဆည်းပြီးချိန်တွင် ဟန်ရှန်းမန်က ဦးဆောင်၍ မီးဝါးတောဆီသို့ ခေါ်ဆောင်သွားလေသည်။

မီးဝါးတောသို့ နောက်တစ်ကြိမ် ပြန်ရောက်လာကြသောအခါ ဝူမုန့်၏ လက်ကျန်လူများမှာ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်နေကြသည်။

မီးဝါးတောကတော့ အရင်အတိုင်းပင် ရှိနေသော်လည်း သူတို့ကမူ အကျဉ်းသားအဖြစ် ရောက်ရှိလာခဲ့ကြရပြီ ဖြစ်သည်။

အကျဉ်းသားဟု လုံးလုံးလျားလျား ခေါ်၍မရသော်လည်း သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်များ ဆုံးရှုံးသွားသည်ကတော့ အသေအချာပင်။

သူတို့၏ ကံကြမ္မာနှင့် ရပ်တည်ခွင့်သည် လူတစ်ယောက်တည်း၏ လက်ထဲတွင်သာ ရှိတော့သည်။

ထိုလူသည်ကား ယခုအချိန်တွင် မီးဝါးတော၏ ဝါးမျှော်စင် အပေါ်၌ ရပ်နေလေသည်။

လင်းယွမ်သည် ဝါးမျှော်စင်၏ အမြင့်ဆုံးထပ်တွင် ရပ်နေပြီး သူ၏ဘေးတွင် ဆုန့်ဝမ်၊ ရန်မေနှင့် အခြားသူများ ရှိနေကြသည်။

သူမတို့၏ မျက်နှာများမှာ စိတ်လှုပ်ရှား တက်ကြွနေသော်လည်း ကိုးဝူမျှော်စင် တိုက်ပွဲအကြောင်းကို ဆွေးနွေးနေကြခြင်း မဟုတ်ဘဲ ကုန်တိုက်စီမံကိန်း တည်ဆောက်ရေးအတွက် တိုင်ပင်နေကြခြင်း ဖြစ်သည်။

လင်းယွမ်သည် ထိုက်ယန်တောင် တစ်ခုလုံးကို သိမ်းပိုက်လိုက်နိုင်ပြီး ခိုလှုံရေးစခန်း သုံးခုစလုံး၏ ခေါင်းဆောင်များကို အနိုင်ယူလိုက်ပြီ ဖြစ်ကြောင်း သိလိုက်ရသောအခါ ဤထိုက်ယန်တောင်သည် လင်းယွမ်၏ ပိုင်နက်ဖြစ်သွားပြီဆိုတာ သူမတို့ နားလည်လိုက်ကြသည်။

နောင်တွင် ဤထိုက်ယန်တောင် တစ်ခုလုံးသည် သူတို့၏ အခြေစိုက်စခန်းကြီး ဖြစ်လာပေတော့မည်။

ထို့ကြောင့် ကုန်တိုက်စီမံကိန်းနှင့် ပတ်သက်ပြီး သူမတို့ ပို၍ စိတ်ပါလက်ပါ ရှိလာကြခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤအရာက သူမတို့၏ အနာဂတ် နေထိုင်မှု ဘဝအဆင့်အတန်းနှင့် သက်ဆိုင်နေသောကြောင့်ပင်။

လင်းယွမ်၏ ခြေရင်းတွင် ထူလုံသည် ကြမ်းပြင်ပေါ်၌ လဲလျောင်းနေသည်။

ဝမ်အန်းက လက်နှစ်ဖက်ဖြင့် ထူလုံ၏ ခန္ဓာကိုယ်ကို ဖိကပ်ထားပြီး ကုသခြင်းအလင်းတန်းများကို ထူလုံ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်စေလျက် ရှိသည်။

ထူလုံ၏ ဒဏ်ရာများမှာ တဖြည်းဖြည်း သက်သာပျောက်ကင်းလာသည်။

အမှန်တော့ ထူလုံသည် သတိရနေသည်မှာ ကြာပြီဖြစ်သည်။

သို့သော် သူ မျက်လုံးမဖွင့်ရဲပေ။ လင်းယွမ်က သူ့ဘေးနားတွင် ရှိနေမှန်း သူသိသည်။

လင်းယွမ်ကို ဘယ်လို မျက်နှာချင်းဆိုင်ရမှန်း မသိသေးသဖြင့် သတိမေ့ချင်ယောင် ဆောင်နေလိုက်သည်။

လင်းယွမ်က သတိမေ့ချင်ယောင်ဆောင်နေသော ထူလုံကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး လေသံအေးအေးဖြင့် ပြောလိုက်သည်။

"ဝမ်အန်း... တော်လောက်ပြီ"

ဝမ်အန်းမှာ ကြောင်သွားပြီး ထူလုံ၏ ကျောပြင်မှ မီးလောင်ဒဏ်ရာ အကြီးကြီးကို ကြည့်ကာ ပြောလိုက်သည်။

"ဆရာလင်း... သူ့မှာ ဒဏ်ရာတွေ အများကြီး ကျန်နေသေးတယ်ဗျ"

လင်းယွမ်က ပြတ်သားစွာ ပြောလိုက်သည်။

"ထားလိုက်တော့... သူမှ သတိမရချင်တာ... အဲ့အတိုင်းထားလိုက်"

"မင်းသွားစရာရှိတာ သွားလုပ်တော့... သူ့ကို ဂရုစိုက်စရာမလိုတော့ဘူး"

ဝမ်အန်းမှာ အံ့အားသင့်သွားပြီး ထူလုံ၏ လှုပ်လှုပ်ရှားရှား ဖြစ်နေသော မျက်ခွံများကို ငုံ့ကြည့်မိရာမှ သဘောပေါက်သွားပြီး ရယ်လိုက်မိသည်။

"ဟုတ်ကဲ့... ဆရာလင်း"

ထိုအခါမှ ထူလုံက မျက်လုံးကို ဗြုန်းခနဲ ဖွင့်လိုက်ပြီး အလျင်အမြန် အော်ပြောလေသည်။

"နေပါဦး... နေပါဦး... ကျွန်တော် သတိရပါပြီ... သတိရပါပြီ... လင်းယွမ်ရေ... ကျွန်တော် သတိရလာပြီ"

လင်းယွမ်က သူ့ကို ဂရုမစိုက်ဘဲ ဝမ်အန်းကို ထွက်သွားရန် လက်ပြလိုက်သည်။

ထို့နောက် အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"သတိရရင်လည်း ပြီးတာပဲ... မင်းသာ ဆက်ပြီး သတိမေ့ချင်ယောင် ဆောင်နေရင် မင်းခေါင်းကို ဖြတ်ပြီး လီယွဲ့ဖုန်းနဲ့အတူ မြေမြှုပ်ပစ်လိုက်မလို့"

ထူလုံမှာ ကြက်သီးမွေးညှင်းများ ထသွားပြီး ကပျာကယာ ပြောလိုက်သည်။

"လင်းယွမ်ရာ... ဘာပဲပြောပြော ကျွန်တော်က ခင်ဗျားအတွက် ချွီမုန့်ကျူကို ဖမ်းပေးခဲ့တယ်လေ... ကျွန်တော့်ဒဏ်ရာတွေကလည်း အဲ့ဒီကိစ္စကြောင့် ရခဲ့တာပါဗျ"

လင်းယွမ်က မထီမဲ့မြင် ပြုံးလိုက်သည်။

"ဟာသတွေ မပြောစမ်းပါနဲ့... မင်းသာ ခိုလှုံရေးစခန်း သုံးခုပေါင်းပြီး ကိုးဝူမျှော်စင်ကို တက်တိုက်ဖို့ မလှုံ့ဆော်ခဲ့ရင် ဒီလောက် ပြဿနာတွေ များပါ့မလား"

ထူလုံမှာ အနေခက်သွားပြီး ဆင်ခြေပေးလေသည်။

"ဒါက ဟိုအဘိုးကြီး ဟုန်ဖူရဲ့ အကြံဉာဏ်ပါကွာ... ကျွန်တော်... ကျွန်တော်က သူ့ရဲ့ စိတ်ညှို့ပြီး မြှောက်ပေးတာကို ခံလိုက်ရလို့ပါ"

လင်းယွမ်က အေးစက်စက် ရယ်လိုက်သည်။

"မြှောက်ပေးတယ်ဆိုတာ အတင်းအကျပ် ခိုင်းတာမဟုတ်ဘူးလေ... မင်းကိုယ်တိုင်က အဲ့ဒီလိုလုပ်ချင်တဲ့ စိတ်ဆန္ဒမရှိရင် သူက မင်းကို မြှောက်ပေးလို့ ရပါ့မလား"

"သူက အဲ့ဒီလောက်တောင် စွမ်းနေရင် မင်းကို ချေးစားပါလို့ မြှောက်ပေးရင်ရော မင်းစားမှာလား"

ထူလုံမှာ ပြန်ပြောစရာ စကားမရှိဘဲ ဆွံ့အသွားသည်။

လင်းယွမ်ပြောသည်မှာ မှန်နေသောကြောင့်ပင်။ စိတ်ညှို့ခြင်း အစွမ်းဆိုသည်မှာ အရာရာကို လုပ်နိုင်သည် မဟုတ်ပေ။

ဟုန်ဖူ ပြောသမျှကို ထူလုံ လိုက်လုပ်မည် မဟုတ်။

အများအားဖြင့် ထူလုံ၏ တွေးခေါ်မှု ယုတ္တိဗေဒနှင့် ကိုက်ညီမှသာ စိတ်ညှို့ခြင်းက အောင်မြင်တတ်သည်။

တစ်ခါတစ်ရံတွင်မူ ထူလုံ၏ ဉာဏ်ရည်ကို ကျဆင်းစေတတ်သည်။ ဥပမာအားဖြင့် သူကဲ့သို့ ခေါင်းဆောင်တစ်ယောက်က အပြင်ထွက်ပြီး လက်အောက်ငယ်သားများအတွက် အစာရှာပေးရသည်မျိုး ဖြစ်သည်။

ထိုစဉ်က ဘာမှမဖြစ်ဟု ခံစားခဲ့ရသော်လည်း ယခု ပြန်စဉ်းစားကြည့်လျှင် တကယ့်ကို အရူးလုပ်ရပ်မျိုး ဖြစ်နေသည်။

အကယ်၍ ဟုန်ဖူကသာ သူ့ကို ချေးစားခိုင်းခဲ့လျှင် သူ သေချာပေါက် နားထောင်မည် မဟုတ်ပေ။

သူ့ပါးစပ် လှုပ်ရွလှုပ်ရွ ဖြစ်နေသော်လည်း ဘာဆက်ပြောရမှန်း မသိတော့ချေ။

လင်းယွမ်က ဆက်ပြောလိုက်သည်။

"မင်းကို အသုံးချလို့ ရသေးတယ်လို့ ယူဆလို့သာ အသက်ချမ်းသာပေးထားတာ... လျှောက်တွေးမနေနဲ့"

"ဟမ့်... ငါ့အနားမှာနေရင် လေးစားမှုရှိဖို့ လိုမယ်... ငါ့လက်ခုပ်ထဲကနေ မင်း ဘယ်တော့မှ ပြေးမလွတ်နိုင်ဘူး"

ထူလုံမှာ ဘာမှပြန်မပြောရဲတော့ဘဲ အူကြောင်ကြောင်သာ ရယ်ပြလိုက်ရသည်။

ကိုးဝူမျှော်စင်တွင် ရှိစဉ်က လင်းယွမ်သည် သူ့ကို အလွတ်ပေးမည်မဟုတ်ဟု ထင်ခဲ့သောကြောင့် သေလျှင်လည်း သေပါစေတော့ဟု သွေးရဲကာ လင်းယွမ်ကို အာခံရဲခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု လင်းယွမ်က သူ့ကို သတ်မည်မဟုတ်ကြောင်း သိလိုက်ရသောအခါ သူ လုံးဝ အာမခံရဲတော့ပေ။

နောက်နေတာလား... အသက်ရှင်ခွင့်ရပါလျက်နဲ့ ဘယ်သူက သေချင်မှာလဲ။

ထိုအချိန်တွင် ကျောက်ခိုင်နှင့် တင်းယန်တို့သည် ကျန်ရှိသော ခိုလှုံရေးစခန်း နှစ်ခုမှ အစွမ်းပိုင်ရှင်များကို ခေါ်ဆောင်ပြီး ပြန်ရောက်လာကြသည်။

ထိုအစွမ်းပိုင်ရှင်များသည် မီးဝါးတောသို့ ရောက်လာကြသောအခါ အနည်းငယ် ကြောက်ရွံ့နေပုံ ရသည်။

အချို့က ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို အကဲခတ်နေကြပြီး ထွက်ပြေးရန် လမ်းကြောင်းရှာနေပုံ ရသည်။

အများစုကမူ စိုးရိမ်ထိတ်လန့်နေကြသည်။

"အစ်ကိုလင်း... မိန်ဟိုင်ဥယျာဉ်ရဲ့ အခြေအနေက နည်းနည်း ရှုပ်ထွေးတယ်ဗျ"

ကျောက်ခိုင်က လင်းယွမ်ကို မြင်သည်နှင့် မိန်ဟိုင်ဥယျာဉ်၏ အခြေအနေကို ချက်ချင်း သတင်းပို့လေသည်။ အဓိကအားဖြင့် လီယွဲ့ဖုန်း၊ ချင်ရှောင်ယန်နှင့် ချွီမုန့်ကျူတို့ ကျူးလွန်ခဲ့သော မကောင်းမှုများ အကြောင်းပင် ဖြစ်သည်။

လင်းယွမ်က နားထောင်ပြီးနောက် မျက်နှာထား တင်းမာသွားပြီး ပြောလိုက်သည်။

"တကယ်ကို သေသင့်တဲ့ကောင်တွေပဲ"

"အစ်ကိုလင်း... ဟို မိန်ဟွာဝက်တွေက လူသားစားထားတာဆိုတော့ ဘယ်လိုလုပ်မလဲဟင်"

လင်းယွမ်က ခေါင်းခါလိုက်ပြီး ပြောသည်။

"လူတွေကို ကျွေးလို့မဖြစ်ဘူး... အဲ့ဒီဝက်တွေကို ဒီကိုပဲ အကုန်ပို့လိုက်... ငါပဲ ရှင်းလိုက်မယ်"

ကျောက်ခိုင်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့... ကျွန်တော် စီစဉ်လိုက်ပါမယ်"

တင်းယန်ကလည်း လျှောက်လာပြီး ပြောလိုက်သည်။

"မိန်ဟိုင်ဥယျာဉ်က အဲ့ဒီလို အခြေအနေဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး... လီယွဲ့ဖုန်းဆိုတဲ့ကောင်က တကယ်ကို မိုက်ရိုင်းတဲ့ကောင်ပဲ"

လင်းယွမ်က မေးလိုက်သည်။

"ဖုန်းဟွမ်ဘုရားကျောင်း ဘက်ကရော ဘယ်လို အခြေအနေရှိလဲ"

တင်းယန်က ထူလုံကို တစ်ချက်ကြည့်လိုက်ပြီး လှောင်ပြုံးပြုံးကာ ပြောသည်။

"မွဲလိုက်တာမှ သူတောင်းစားတောင် သွားတောင်းချင်မှာမဟုတ်ဘူး... စားစရာလည်းမရှိ၊ သုံးစရာလည်းမရှိနဲ့"

"အစွမ်းပိုင်ရှင်တွေအားလုံးမှာ ကောင်းကောင်းမွန်မွန် ဝတ်စရာ အဝတ်အစားတောင် တစ်ထည်မရှိဘူး... တစ်ကိုယ်လုံးလည်း နံစော်နေတာပဲ"

လင်းယွမ်က ထူလုံဘက်သို့ လှည့်ကြည့်လိုက်သည်။

"မင်း စုထားတဲ့ ပစ္စည်းတွေရော"

ထူလုံက လက်မှိုင်ချလိုက်ပြီး ပြောသည်။

"ကျွန်တော့်မှာ ဘာပစ္စည်းမှ မရှိပါဘူးဗျာ... ခိုလှုံရေးစခန်းက ကိစ္စတွေကို ဟုန်ဖူကပဲ စီမံတာ... စားစရာဆိုလို့ ကျွန်တော် ခက်ခက်ခဲခဲ ပျံသန်းပြီး အပြင်ထွက်ရှာလာတဲ့ဟာတွေပဲ ရှိတာ"

"နည်းနည်း ကောင်းမွန်တဲ့ ပစ္စည်းဆိုရင် ကျွန်တော် သုံးတာကလွဲရင် ဦးလေးရန် သုံးဖို့အတွက် ဦးစားပေးရတယ်"

လင်းယွမ်က မျက်ခုံးပင့်လိုက်သည်။

"ဦးလေးရန် ဟုတ်လား"

တင်းယန်က ချက်ချင်း ဝင်ပြောလိုက်သည်။

"ရန်လင်း လို့ခေါ်တဲ့ အဘိုးကြီးတစ်ယောက်ပါ... သူကလည်း အစွမ်းပိုင်ရှင်ပဲ... ပေါက်ကွဲသင်္ကေတတွေ လုပ်နိုင်တယ်... သူ့ကိုပါ တစ်ခါတည်း ခေါ်လာခဲ့တယ်"

"တင်းယန်... နင်ဘယ်သူ့ကို ပြောလိုက်တာလဲ... ရန်လင်း ဟုတ်လား"

တင်းယန် ပြောလိုက်သည်နှင့် မလှမ်းမကမ်းတွင် ဆွေးနွေးတိုင်ပင်နေကြသော ရန်မေက ရုတ်တရက် ခေါင်းမော့လာပြီး အံ့သြတကြီး မေးလိုက်လေသည်။

တင်းယန်က လှည့်ကြည့်လိုက်ပြီး ပြောသည်။

"ဟုတ်တယ်... ရန်လင်းတဲ့... ရန်မေ နင်သိလို့လား"

ရန်မေက အလျင်အမြန် မေးလိုက်သည်။

"အဲ့ဒီ ရန်လင်းဆိုတဲ့လူက မိန်တောင်ရွာက လူလား... သူ့ပုံစံက နည်းနည်း ပေါတောတောနိုင်ပြီး ကလေးဆန်တဲ့ အဘိုးကြီးလား"

တင်းယန်က ပြန်စဉ်းစားလိုက်ပြီး ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်... စကားပြောရင် ရှေ့နောက်မညီဘူး"

ရန်မေမှာ ဝမ်းသာအားရ ဖြစ်သွားသည်။

"ဒါဆိုရင် ဟုတ်ပြီ... သူက ငါတို့ရွာက ဆွေမျိုးတော်တဲ့ ဦးလေးတစ်ယောက်ပဲ... ဆွေမျိုးစဉ်ဆက်အရဆိုရင် ငါ့အဘိုးတော်တယ်"

လင်းယွမ်က အံ့သြသွားပြီး ထူလုံကို မေးလိုက်သည်။

"အဲ့ဒီ ဦးလေးရန်က မိန်တောင်ရွာကလား"

ထူလုံက ကပျာကယာ ပြန်ဖြေသည်။

"ကျွန်တော်လည်း မသိဘူးလေဗျာ... အားလုံးက ထိုက်ယန်တောင် အိမ်ရာက လူတွေပဲ"

"နောက်ပိုင်းကျမှ အဲ့ဒီအဘိုးကြီးက ပုံတူကူးချအစွမ်း နိုးထလာပြီး ပစ္စည်းတော်တော်များများကို ပုံတူကူးနိုင်လာတာ"

"သင်္ကေတကျောက်တွေကိုတောင် သူက မြန်မြန်ဆန်ဆန် ပုံတူကူးနိုင်တယ်... ကျွန်တော်တို့ဆီက ပေါက်ကွဲသင်္ကေတတွေ အကုန်လုံး သူလုပ်ပေးထားတာပဲ"

"အဲ့ဒီအဘိုးကြီးက နည်းနည်း ဂေါက်တောက်တောက်နိုင်တယ်... စားကောင်းသောက်ဖွယ် ကျွေးမထားရင် သင်္ကေတ မရေးပေးဘူး... ကျွန်တော်တို့လည်း မတတ်နိုင်တာနဲ့ သူ့ကို ဂူထဲမှာထားပြီး ကျွေးမွေးထားရတာ"

လင်းယွမ်က ချက်ချင်း အမိန့်ပေးလိုက်သည်။

"တင်းယန်... အဲ့ဒီလူကို ခေါ်လာခဲ့"

တင်းယန်က ခေါင်းညိတ်လိုက်သည်။ "သိပြီ"

ထို့နောက် လင်းယွမ်က ထူလုံကို ကြည့်ပြီး ပြောလိုက်သည်။

"ခိုလှုံရေးစခန်း လေးခုထဲမှာ မင်းတို့ ဖုန်းဟွမ်ဘုရားကျောင်း အဖွဲ့က အမွဲဆုံးပဲကွ... မင်းတို့က သူများတွေလို စိုက်ပျိုးမွေးမြူရေးလေး ဘာလေး မလုပ်တတ်ကြဘူးလား"

ထူလုံက ဖြေရှင်းချက်ပေးသည်။

"ကျွန်တော်တို့ဆီမှာ မွေးမြူရေး ကျွမ်းကျင်တဲ့လူမှ မရှိတာ... အရင်တုန်းကလည်း သန္ဓေပြောင်း သတ္တဝါတွေကို ဖမ်းပြီး မွေးဖူးပါတယ်... ဒါပေမဲ့ မွေးလို့မရဘဲ ကျွန်တော်တို့ ရိက္ခာတွေပဲ ကုန်သွားတာ"

"ဟင်းသီးဟင်းရွက် စိုက်ဖို့ဆိုတာ ပိုတောင်ဝေးသေး... ဒီတောင်ပေါ်မှာ သန္ဓေပြောင်း အပင်တွေ အများကြီး ရှိပေမယ့် ဘယ်ဟာက စားလို့ရမှန်းမှ မသိတာ"

"အရင်တုန်းက အားလုံးက ရုံးဝန်ထမ်းတွေချည်းပဲ... ဘယ်သူက ဒီလိုအလုပ်တွေ နားလည်မှာလဲ... တချို့ ဗိုက်စာလွန်းလို့ တောလိုက်ပြီး ဟင်းရွက်ခူးစားကြသေးတယ်... အကုန်လုံး အဆိပ်မိကုန်တာပဲ"

လင်းယွမ်မှာ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ဖုန်းဟွမ်ဘုရားကျောင်း စခန်းတစ်ခုလုံးသည် လူငယ်လူလတ်ပိုင်း အမျိုးသားများသာ ရှိပြီး အမျိုးသမီးဟူ၍ တစ်ယောက်မှ မရှိသည်ကို သူသတိထားမိလိုက်သည်။

ကပ်ဘေးမတိုင်မီက ရုံးဝန်ထမ်းများ ဖြစ်ကြသဖြင့် စိုက်ပျိုးမွေးမြူရေး နားမလည်သည်မှာ မဆန်းပေ။

အကယ်၍ သူတို့သာ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများကို လက်ခံထားပါက ဤမျှအထိ အသိပညာ ဗဟုသုတ ခေါင်းပါးနေမည် မဟုတ်ပေ။

ဤရေလွှမ်းမိုးသည့် ကမ္ဘာပျက်ကပ်ကြီးထဲတွင် တစ်ကိုယ်တော် ရပ်တည်ရန် ခက်ခဲလှသည်။ သာမန်လူများသည် အသက်ရှင်ရန်အတွက် စည်းလုံးညီညွတ်ကြရမည်။

အစွမ်းပိုင်ရှင် ဖြစ်နေလျှင်ပင် ဘဝနေထိုင်မှုဆိုင်ရာ အသိပညာ ဗဟုသုတ နည်းပါးနိုင်သည်။

ခိုလှုံရေးစခန်းတစ်ခု တည်ထောင်ရာတွင် တိုက်ခိုက်နိုင်စွမ်း ရှိရုံဖြင့် မလုံလောက်ဘဲ စည်းရုံးရေးစွမ်းရည်နှင့် နယ်ပယ်အသီးသီးမှ လူတော်များကို စုစည်းနိုင်မှသာ စခန်းကြီးထွားလာနိုင်မည် ဖြစ်သည်။

လင်းယွမ်က ဒေါသတကြီး ဆဲရေးလိုက်သည်။

"ဒါဆို မင်းတို့ကောင်တွေက ဘာလို့ လူများများ လက်မခံရတာလဲ... ငါတို့ကိုကျတော့ ဘာလို့ မောင်းထုတ်ခဲ့ကြတာလဲ"

ဤအကြောင်းကို တွေးမိသည်နှင့် ဒေါသထွက်လာသဖြင့် လင်းယွမ်က ရှေ့တိုးကာ ထူလုံကို ခြေထောက်ဖြင့် ဆောင့်ကန်ပစ်လိုက်သည်။

ထူလုံမှာ အလိုက်သင့် လဲကျသွားပြီး ကန်ခံရသည့်နေရာကို အုပ်ကိုင်ကာ "အား... အား" ဟု အော်ဟစ်ရင်း နာချင်ယောင် ဆောင်နေလေသည်။

ပါးစပ်မှလည်း အော်ပြောနေသည်။

"ကျွန်တော်လည်း မတတ်နိုင်လို့ပါဗျာ... ဟုန်ဖူက ပြောတယ်... လူတွေ အများကြီး လက်ခံလိုက်ရင်လည်း ကျွန်တော်တို့ မကျွေးနိုင်ဘူးတဲ့... ကျွန်တော်တို့ လက်မခံရင် ဝူမုန့်တို့၊ လီယွဲ့ဖုန်းတို့၊ ထျန်ဝေတို့ဆီ ရောက်ကုန်မှာတဲ့"

"ရေရှည်ကျရင် သူတို့ သုံးဖွဲ့က အင်အားကြီးလာပြီး ကျွန်တော်တို့က အားနည်းသွားလိမ့်မယ်... အဲ့ဒါ ကျွန်တော်တို့အတွက် မကောင်းဘူးတဲ့"

"ပြီးတော့ ကျွန်တော်တို့ တစ်ဖွဲ့တည်း အပြင်လူကို လက်မခံတာ မဟုတ်ပါဘူး... လီယွဲ့ဖုန်းတို့လည်း လက်မခံဘူး... သူတို့က မိန်းမပဲ လိုချင်တာ"

"ထျန်ဝေဆိုတဲ့ကောင်ကလည်း လူငယ်လူလတ်ပိုင်း ယောကျ်ားလေးတွေပဲ လိုချင်တာ... မိသားစုလိုက်ဆိုရင် လက်မခံဘူး"

"ဝူမုန့်ရဲ့ သိုင်းဘုရင်ဂေဟာကိုပဲ ကြည့်လေ... ပါးစပ်ကသာ တရားမျှတသယောင် အော်နေတာ... တကယ်တမ်းကျတော့ သိုင်းဘုရင်ဂေဟာက အပြင်လူ ဘယ်နှစ်ယောက်များ လက်ခံထားလို့လဲ... လက်ချိုးရေလို့ ရတယ်"

"ကြည့်လိုက်ရင် အရင်တုန်းက တောင်ပေါ်တက်လာတဲ့ လူတွေချည်းပဲ... သူတို့မှာရော စားစရာ ဘယ်လောက်ရှိလို့ လူဘယ်နှစ်ယောက် ကျွေးနိုင်မှာမို့လို့လဲ"

လင်းယွမ် ပြန်စဉ်းစားကြည့်လိုက်ရာ သိုင်းဘုရင်ဂေဟာ၏ လူဦးရေမှာ အမှန်တကယ်ပင် နည်းပါးလှသည်။

ပြီးတော့ အများစုမှာ လူငယ်လူလတ်ပိုင်းများ ဖြစ်ကြသည်။

ကျွမ်းရှုယွမ်နှင့် ဝူမုန့်တို့ ကိုးဝူမျှော်စင်တွင် ပြောခဲ့သော စကားများကို သူ ရုတ်တရက် သတိရသွားသည်။

သိုင်းဘုရင်ဂေဟာတွင် ခိုလှုံရေးစခန်း စီမံခန့်ခွဲမှုကို ဝူမုန့်က တာဝန်ယူထားပုံ မရပေ။

ထို့ကြောင့် ပြင်ပလူများကို လက်ခံခြင်း ရှိမရှိ ဆိုသည်မှာ ဝူမုန့် စီစဉ်သည်မဟုတ်ဘဲ ထို မာနကြီးသော ကျွမ်းရှုယွမ်က စီမံခန့်ခွဲနေခြင်း ဖြစ်နိုင်ပေသည်။

ပစ္စည်းပြတ်လပ်မည်ကို စိုးရိမ်သဖြင့် အကူအညီ လာတောင်းသော ပြင်ပလူများကို သူမ ငြင်းပယ်ခဲ့ခြင်း ဖြစ်မည်လော။

လင်းယွမ်က ဤအချက် ဖြစ်နိုင်ခြေများကြောင်း တွေးမိသည်။

ကျွမ်းရှုယွမ်ဆိုသည့် အမျိုးသမီးကို ကြည့်ရသည်မှာ အလွန် ပါးနပ်ပြီး ကိုယ်ကျိုးကြည့်မည့် ပုံစံမျိုး ဖြစ်သည်။

ထိုကဲ့သို့သော အမျိုးသမီးမျိုးက မည်သူ့ကိုမဆို သဘောထားကြီးစွာ လက်ခံလိမ့်မည် မဟုတ်ပေ။

စကားပြောနေစဉ်မှာပင် တင်းယန်သည် အသက် ၆၀ ကျော်အရွယ် အဘိုးအို တစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။

ထိုအဘိုးအိုသည် သန့်သန့်ရှင်းရှင်း ဝတ်ဆင်ထားပြီး ဆံပင်ဖြူနေသော်လည်း ခန္ဓာကိုယ် ပြည့်ပြည့်ဖောင်းဖောင်း ရှိသဖြင့် ဖုန်းဟွမ်ဘုရားကျောင်းမှ လူများနှင့် လုံးဝ မတူပေ။

သူသည် လမ်းလျှောက်လာရင်း တင်းယန်ကို မေးမြန်းလာသည်။

"ဟေ့... ခလေးမ... ညည်းတို့ရဲ့ ဆရာလင်းဆိုတဲ့လူက သဘောကောင်းရဲ့လား... ငါက ပေါက်ကွဲသင်္ကေတ လုပ်တတ်တယ်နော်... ငါ့ကို အခွင့်အရေး ကောင်းကောင်း ပေးမှာလား"

"ငါက ဘယ်လိုပဲဖြစ်ဖြစ် နည်းပညာရှင်ပဲလေ... ငါတို့နိုင်ငံမှာတောင် ပညာရှင်တွေကို ထောက်ပံ့ကြေးပေးတာ ရှိသေးတာပဲ... ညည်းတို့ စခန်းမှာရော မရှိဘူးလား"

တင်းယန်က မျက်မှောင်ကြုတ်လိုက်သည်။ ဒီအဘိုးကြီးက စကားအရမ်းများသဖြင့် သူမ စိတ်ရှုပ်လာသည်။

"ပါးစပ်ပိတ်ထားစမ်း"

သူမ ဟောက်လိုက်တော့မှ ဦးလေးရန်မှာ လည်ပင်းကျုံ့သွားပြီး မျက်လုံးများ ကလည်ကလည်ဖြင့် ရေရွတ်လိုက်သည်။

"စိတ်ကြီးလိုက်တဲ့ ကောင်မလေး"

မကြာမီ သူသည် ဝါးမျှော်စင်ပေါ်သို့ ရောက်ရှိလာသည်။

အဝေးကပင် ကြမ်းပြင်ပေါ်၌ လဲနေသော ထူလုံကို လှမ်းမြင်လိုက်ရသဖြင့် မျက်နှာပျက်သွားသည်။

ထို့နောက် ထူလုံ၏ ရှေ့တွင် ရပ်နေသော လူငယ်လေးကို လှမ်းကြည့်လိုက်သည်။

သူ့စိတ်ထဲတွင် ပထမဆုံး ဖြစ်ပေါ်လာသော အတွေးမှာ 'ဒီလူက ငယ်လှချည်လား' ဟူ၍ ဖြစ်သည်။

လင်းယွမ်ကလည်း သူ့ကို လှမ်းကြည့်လိုက်သည်။

အဘိုးကြီးက အကြည့်လွှဲလိုက်ပြီး တင်းယန်နောက်သို့ လိုက်ပါလာခဲ့သည်။

တင်းယန်က ပြောလိုက်သည်။

"လူကို ခေါ်လာခဲ့ပြီ... အမမေ... အမ လာကြည့်ဦး"

ရန်မေက ချက်ချင်း လှည့်ကြည့်လိုက်ရာ မျက်နှာပေါ်တွင် အံ့သြဝမ်းသာဟန်များ ပေါ်လာသည်။

"ဦးလေး... ဦးလေးလင်း"

ဦးလေးရန်က မော့ကြည့်လိုက်ရာ အလွန်အံ့သြသွားလေသည်။

"ရန်မေလေး... ညည်း... ညည်းက ဘယ်လိုလုပ် ဒီရောက်နေတာလဲ"

ရန်မေမှာ ဝမ်းသာအားရဖြင့် ပြေးသွားပြီး ဦးလေးရန်၏ လက်မောင်းကို ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဦးလေးလင်း... တကယ်ပဲ ဦးလေး ဖြစ်နေတာကိုး... ဦးလေးက ဘယ်လိုလုပ် ထိုက်ယန်တောင်ကို ရောက်နေတာလဲ... ဦးလေးက မိန်တောင်ရွာမှာ ရှိနေရမှာ မဟုတ်ဘူးလား... ဒါနဲ့ ကျွန်မမိဘတွေ နေကောင်းကြရဲ့လားဟင်"

ဦးလေးရန်ကလည်း စိတ်လှုပ်ရှားစွာ ပြောလေသည်။

"ရန်မေလေးရယ်... ဦးလေးလည်း မှားသွားတာပါကွယ်... ဦးလေးရဲ့သား ရန်ရှန်း ဘယ်လိုနေလဲ ညည်းသိတယ်မလား"

"ကိုရန်ရှန်းလား... မှတ်မိတာပေါ့... ဘာဖြစ်လို့လဲဟင်"

"သူက အပြင်မှာ ပိုက်ဆံနည်းနည်း ရှာနိုင်တယ်လေ... နောက်တော့ ထိုက်ယန်တောင်မှာ တိုက်ခန်းဝယ်လိုက်ပြီး ငါ့ကို လာခေါ်တာပဲ... ငါ့ကို ပြုစုစောင့်ရှောက်မယ် ဆိုပြီးတော့လေ... တကယ်တမ်းကျတော့ ငါ့ကို သူ့ကလေးထိန်းခိုင်းချင်တာပါ"

"ငါလည်း မတတ်နိုင်လို့ မိန်တောင်ရွာကနေ ပြောင်းလာခဲ့ရတယ်... ရောက်ရောက်ချင်းပဲ သူ့မိန်းမက ငါ့ကို ကြည့်မရ ဖြစ်တော့တာပဲ"

"ငါက အပြင်ထွက်ပြီး ကပွဲခုန်ပွဲ သွားနွှဲရင် ငါ့ကို ဟိုအဘွားကြီး၊ ဒီအဘွားကြီးနဲ့ ရှုပ်ပွေနေတယ်ဆိုပြီး ပြောဆိုတယ်... ငါ့ကို ဆန်ကုန်မြေလေး ဆိုပဲ"

"ငါလို လူကြီးတစ်ယောက်က ဒုတိယအချစ်ကို ရှာဖွေလို့ မရတော့ဘူးလား... ညည်းပြောကြည့်စမ်း... သူက ငါ့ကို မရိုမသေ လုပ်တာ မဟုတ်ဘူးလား"

"ဒါ..."

ရန်မေမှာ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ဒီကိစ္စကို သူမ ဝင်ပြော၍ မကောင်းပေ။

ထို့ကြောင့် စကားလမ်းကြောင်း လွှဲလိုက်သည်။

"နေပါဦး ဦးလေးလင်းရဲ့... ရေလွှမ်းမိုးတုန်းက ကိုရန်ရှန်းတို့ မိသားစုက ဦးလေးနဲ့ အတူမရှိဘူးလား"

ဦးလေးရန်က ဒေါသတကြီး ပြောလိုက်သည်။

"ရေမကြီးခင်လေးမှာပဲ ငါ့ချွေးမက ရန်ရှန်းနဲ့ ရန်ဖြစ်ပြီး ကလေးခေါ်ပြီး သူ့အမျိုးတွေဆီ ပြန်သွားတယ်... ငါ့သားကလည်း ငါ့ကို စိတ်ဆိုးပြီး ငါ့ကြောင့် အိမ်မှာ ပြဿနာတက်ရတယ်ဆိုပြီး အိမ်ပေါ်က ဆင်းသွားတယ်"

"ဒါနဲ့ပဲ ထိုက်ယန်တောင်မှာ ငါတစ်ယောက်တည်း ကျန်ခဲ့တာပေါ့... ရေကြီးလာတော့ ငါ မိန်တောင်ရွာကို ပြန်မလို့ပဲ... ဒါပေမဲ့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ကုန်လို့ ပြန်မရတော့ဘူး"

"နောက်တော့ ငါလည်း ထိုက်ယန်တောင်မှာပဲ တစ်လလောက် စောင့်နေလိုက်တယ်... မိုးကလည်းမတိတ်၊ ရေကလည်း တဖြည်းဖြည်း ကြီးလာတော့ တိုက်ခန်းထဲမှာလည်း ရှုပ်ထွေးလာကြတယ်... လူတွေက အပြင်ထွက်ပြီး ပစ္စည်းလုတာတွေ၊ ထိုက်ယန်တောင်ပေါ် ပြောင်းရွှေ့တာတွေ လုပ်လာကြတယ်"

"အဲ့ဒီတုန်းက ရေက (၃) လွှာအထိ ရောက်နေပြီဆိုတော့ ငါလည်း အိမ်ထဲမနေရဲတော့ဘူး... ကခုန်ဖော် အဘိုးကြီးတွေနဲ့ ပေါင်းပြီး သစ်ဖောင်လေး တစ်ခုလုပ်ပြီး ထိုက်ယန်တောင်ဘက် ပြေးလာခဲ့ကြတာပဲ"

"နောက်တော့ ဘယ်လိုဖြစ်သွားမှန်း မသိပါဘူး... ဥက္ကဌဟုန်တို့ အဖွဲ့ထဲရောက်သွားပြီး ဖုန်းဟွမ်ဘုရားကျောင်းမှာ သောင်တင်သွားတော့တာပဲ"

(ဒီမှာ အဖိုးကြီးတွေ ကခုန်တယ်ဆိုတာက တရုတ်ပြည်မှာ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ အဖိုးကြီး အဖွားကြီးတွေက ပန်းခြံတို့ ကစားကွင်းတို့လို နေရာလွတ်တွေမှာ ချိကုန်းတို့ ထိုက်ချိတို့လို အားကစားမျိုး ကစားတဲ့အလေ့အကျင့်ရှိပါတယ်။ ဒီအားကစားက "က" တာနဲ့တူတဲ့အတွက် ကတယ်လို့ပြောတာများတယ်။ အခုပြောတဲ့ ကခုန်တယ်ဆိုတာ ဒါကိုပြောချင်တာနေမယ်။ အဲ့လို လူအများနဲ့ သက်ဆိုင်တဲ့ နေရာတွေ ဧရိယာတွေမှာ လမ်းပိတ်နေရာယူပြီး အားကစားနေ့တိုင်းလုပ်တဲ့အတွက် အဲ့လိုအဖိုးကြီးအဖွားကြီးတွေကို တရုတ်လူငယ်တွေက အမြင်မကြည်ကြတာများတယ်။ တရုတ်အစိုးရကလည်း ဒီ့အတွက် နေရာသီးသန့်သတ်မှတ်ပေးထားတာမျိုးမရှိတော့ ပန်းခြံတို့ ရင်ပြင်တို့ကို လာတတ်တဲ့ လူငယ်တွေနဲ့ အဲ့အဖိုးကြီးအဖွားကြီးတွေ ပြဿနာတတ်လေ့ရှိကြတယ်)

လင်းယွမ်က ဘေးမှနားထောင်ရင်း အကြမ်းဖျင်း သဘောပေါက်သွားသည်။

ဒီအဘိုးကြီးက လမ်းတစ်ဝက်တွင် စစ်ဘေးရှောင် အဖွဲ့နှင့် ပေါင်းမိပြီး နောက်ပိုင်းတွင် ထူလုံတို့နှင့် ရောနှောသွားခြင်း ဖြစ်သည်။

ထိုစဉ်က ရပ်ကွက်ဥက္ကဌဟောင်း ဟုန်ဖူ ခေါင်းဆောင်နေချိန် ဖြစ်သဖြင့် သူ့တွင် သြဇာအာဏာ အနည်းငယ် ရှိနေသေးသည်။

ထိုက်ယန်တောင်ပေါ် ရောက်ပြီးနောက်ပိုင်း ကိစ္စရပ်များစွာ ဖြစ်ပျက်ခဲ့ပြီး လူအချို့လည်း အစွမ်းများ နိုးထလာကြသည်။

ဦးလေးရန်သည်လည်း ထိုအချိန်တွင် ပုံတူကူးချအစွမ်း နိုးထလာခဲ့ခြင်း ဖြစ်သည်။

အစပိုင်းတွင် ထိုအစွမ်းသည် အသုံးမဝင်သဖြင့် ဟုန်ဖူတို့က အမှိုက်အစွမ်းဟု သတ်မှတ်ခဲ့ကြသည်။

ဦးလေးရန်မှာ မတတ်သာဘဲ အစွမ်းနိုးထပြီးနောက် သန်မာလာသော ခန္ဓာကိုယ်ကို အားပြု၍ ကျောက်မီးသွေး တူးဖော်ခြင်း လုပ်ငန်းခွင်သို့ ဝင်ရောက်ခဲ့ရသည်။

နောက်ပိုင်းတွင် စစ်တပ်မှ သင်္ကေတ နည်းပညာကို ထုတ်ပြန်ကြေညာလိုက်သောအခါ ဟုန်ဖူနှင့် ထူလုံတို့သည် ပေါက်ကွဲသင်္ကေတ တစ်ခုကို မနည်းရှာဖွေခဲ့ရသည်။

ထိုပစ္စည်းကို ရရန် ဝူမုန့်၏ သိုင်းဘုရင်ဂေဟာအဖွဲ့နှင့်ပင် တိုက်ခိုက်ခဲ့ရသေးသည်။

ပေါက်ကွဲသင်္ကေတ ရပြီးနောက် ဟုန်ဖူနှင့် ထူလုံတို့ အချိန်ကြာမြင့်စွာ လေ့လာခဲ့သော်လည်း ဘာမှ မထူးခြားခဲ့ပေ။

နောက်ဆုံးတွင် ဟုန်ဖူက အကြံတစ်ခု ရလာပြီး ဖုန်းဟွမ်ဘုရားကျောင်းရှိ အစွမ်းပိုင်ရှင် အားလုံးကို စစ်တပ်ရေဒီယိုမှ လာသော နည်းလမ်းအတိုင်း သင်္ကေတကျောက်များ စမ်းသပ်ပြုလုပ်ခိုင်းလေသည်။

ဖုန်းဟွမ်ဘုရားကျောင်း တစ်ခုလုံးတွင် မည်သူမျှ မအောင်မြင်ခဲ့သော်လည်း ဦးလေးရန်၏ ပုံတူကူးချအစွမ်း ကြောင့် နောက်ဆုံးတွင် အောင်မြင်သွားခဲ့သည်။

ထိုအချိန်မှစ၍ ဦးလေးရန်ကို ဟုန်ဖူတို့က ရတနာတစ်ခုလို သတ်မှတ်ဆက်ဆံလာကြတော့သည်။

ဦးလေးရန် ထွက်ပြေးသွားမည် စိုးရိမ်သဖြင့် သူ့ကို ဂူထဲတွင် ပိတ်လှောင်ထားပြီး သင်္ကေတကျောက်များ ပြုလုပ်ခိုင်းခဲ့သည်။

အစပိုင်းတွင် ခြိမ်းခြောက်ရိုက်နှက်၍ ခိုင်းစေခဲ့သော်လည်း ဦးလေးရန်မှာ ခေါင်းမာသောကြောင့် ရိုက်နှက်လျှင် သေကြောင်းကြံမည်ဟု ပြန်ခြိမ်းခြောက်သဖြင့် မအောင်မြင်ခဲ့ပေ။

ဟုန်ဖူနှင့် ထူလုံတို့မှာ နည်းလမ်းပြောင်းကာ တစ်ယောက်က လူဆိုးလုပ်၊ တစ်ယောက်က လူကောင်းလုပ်ပြီး ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် ဦးလေးရန်ကို ထိန်းချုပ်ခဲ့ရသည်။

ထိုအချိန်မှစ၍ ဦးလေးရန်မှာ ဂူအောင်းကာ စားကောင်းသောက်ဖွယ်များ စားသောက်ရင်း နေထိုင်ခဲ့ရသည်။ ဟုန်ဖူနှင့် ထူလုံတို့က သူ့ကို ပြုစုစောင့်ရှောက်ပေးကြရာ သားအရင်းဖြစ်သူ ရန်ရှန်းထက်ပင် သာလွန်ကောင်းမွန်နေသေးသည်။

ဦးလေးရန် မကျေနပ်သည့် အချက်ဟူ၍ တစ်ချက်သာ ရှိသည်။ ၎င်းမှာ သူ့အနားတွင် စကားပြောဖော်နှင့် ကခုန်ဖော် အဘိုးကြီး အဘွားကြီးများ မရှိခြင်းပင် ဖြစ်သည်။

ဆက်ရန်...

All Chapters