အခန်း (၂၅၇-၂၅၈)
Vol. 13 Ch. 257-258
အပိုင်း(၂၅၇) စစ်တပ်မှ သတင်းအသစ်
အချိန်ကာလ တစ်ခု ရွေ့လျားသွားခဲ့ပြီး လဝက်ကျော်မျှ ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။
မီးဝါးတော ခိုလှုံရေးစခန်း၏ ပင်မ အဆောက်အအုံ တည်ဆောက်မှုမှာ အခြေခံအားဖြင့် ပြီးစီးခါနီးပြီ ဖြစ်သကဲ့သို့ ကုန်တိုက် အဆောက်အအုံမှာလည်း ပြီးသလောက် ရှိနေပြီ ဖြစ်သည်။
ကုန်တိုက် အဆောက်အအုံ တစ်ခုလုံးကို တောင်ကမ်းပါးယံထဲသို့ တစ်ဝက်မြှုပ်နှံထားသည့် ပုံစံဖြင့် တည်ဆောက်ထားသည်။
ဆိုလိုသည်မှာ အဆောက်အအုံ၏ ကိုယ်ထည်ထက်ဝက်မှာ တောင်နံရံ အတွင်းပိုင်းတွင် ရှိနေပြီး ကျန်ထက်ဝက်မှာ ကမ်းပါးယံ အပြင်ဘက်သို့ ထွက်နေခြင်း ဖြစ်သည်။
တောင်နံရံ အတွင်းဘက် အပိုင်းသည် ဖွဲ့စည်းပုံ ရိုးရှင်းသည်။ အခန်းများနှင့် လမ်းကြားများကို ထွင်းထုတ်ပြီး ထောက်တိုင်များဖြင့် ခိုင်ခံ့အောင် ပြုလုပ်ထားရုံသာ ဖြစ်သည်။ ကျောက်သား တောင်နံရံ ဖြစ်သည့်အတွက် ကြမ်းခင်း ခင်းရန်ပင် မလိုတော့ချေ။
တောင်နံရံ အပြင်ဘက် အပိုင်းကိုမူ မီးဝါးများဖြင့် အဆောက်အအုံဘောင် တည်ဆောက်ထားပြီး အတွင်းဘက်ကို သစ်သားများဖြင့် စီချယ်ကာ အပြင်ဘက်ကို သဲ၊ ကျောက်တုံးများဖြင့် ထပ်မံ မွမ်းမံထားသည်။
ဘိလပ်မြေ မရှိသည့်အတွက် မာကောချိုင်တို့သည် ဒီဇိုင်းရေးဆွဲစဉ်ကတည်းက သန္ဓေပြောင်း ပင်လယ်မျှော့ အချွဲရည်ကို ကော်အဖြစ် အသုံးပြုရန် စီစဉ်ခဲ့ကြသည်။
ထို ပင်လယ်မျှော့ အချွဲရည်၏ အာနိသင်မှာ အံ့မခန်း ကောင်းမွန်လှပြီး ယင်းဖြင့် ပြုလုပ်ထားသော မြေစေးသည် ကွန်ကရစ်ထက် လုံးဝ မညံ့ပေ။
မာကောချိုင်က အသက်ကြီးသည့် အမျိုးသမီးကြီး အချို့ကို နံရံပေါ်တွင် ပန်းချီများ ဆွဲစေပြီး ပုလင်းခွံ၊ အိုးခွံလေးများကို နံရံတွင် မြှုပ်နှံကာ ပန်းပင်လေးများ စိုက်ပျိုးစေခြင်းဖြင့် အပြင်နံရံကို အလှဆင်ထားသေးသည်။
လှေကားများကိုလည်း ဝါးအဆောက်အအုံ အတွင်း၌ပင် ထည့်သွင်း တည်ဆောက်ထားပြီး ကုန်တိုက် တစ်ခုလုံးကို စုစုပေါင်း (၄) ထပ် တည်ဆောက်ထားသည်။
အလွှာတစ်လွှာစီသည် အမြင့် (၁၆) ပေခန့် ရှိပြီး အလွှာကြား ခြားနားချက်မှာ အတော်လေး ကျယ်ဝန်းသည်။
ထိုသို့ ပြုလုပ်ရခြင်းမှာ တူးဖော်သည့်နေရာများ သိပ်ကပ်နေပါက ကျောက်သားများ ပြိုကျမည်ကို စိုးရိမ်ရခြင်းကြောင့် ဖြစ်သလို အသံလုံစေရန်နှင့် မတူညီသော လုပ်ငန်းဆောင်တာ ဧရိယာများကို သီးခြားစီ ခွဲခြားထားလိုခြင်းကြောင့်လည်း ဖြစ်သည်။
စတုတ္ထထပ်ဖြစ်သော အပေါ်ဆုံးထပ်သည် ဖျော်ဖြေရေး ဧရိယာ ဖြစ်သည်။ ရုပ်ရှင်ရုံ၊ ဘိလိယက် ခန်း၊ ဗီဒီယိုရုံ၊ ကွန်ပျူတာ ငှားရမ်းသုံးစွဲသည့်နေရာနှင့် လျှပ်စစ်ပစ္စည်း ပြုပြင်ရေး ဆိုင်များ ပါဝင်သည်။
ဒုတိယထပ်နှင့် တတိယထပ်သည် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များ ဖြစ်သည်။ ကုန်တိုက်ကြီး တစ်ခုကဲ့သို့ပင် အဝတ်အစား၊ ဖိနပ်မှအစ သံထည်ပစ္စည်းများ၊ ဆပ်ပြာနှင့် ရေချိုးသုံး ပစ္စည်းများ အထိ ဤအလွှာများတွင် ခင်းကျင်း ပြသထားမည် ဖြစ်သည်။
ပထမထပ်တွင်မူ အစားအသောက်တန်း ဖြစ်ပြီး ကိုယ်ပိုင်ဆိုင်ခန်းများနှင့် အများသုံး စားသောက်ဆိုင်များ ပါဝင်သည်။
အစားအသောက်တန်းကို ပထမထပ်တွင် ထားရှိရခြင်းမှာ အမှိုက်စွန့်ပစ်ရန် လွယ်ကူသလို ရေဆိုးမြောင်း စနစ် ပြုလုပ်ရာတွင်လည်း သက်သာစေရန် ဖြစ်သည်။
ခြုံငုံပြောရလျှင် ဤ ကုန်တိုက် အဆောက်အအုံသည် အတိုင်းအတာအားဖြင့် သိပ်မကြီးမားသော်လည်း ၎င်းမှာ ကမ္ဘာပျက်ကပ် ရေလွှမ်းမိုးမှု ဘေးဒုက္ခ မတိုင်မီ အချိန်ကာလနှင့် နှိုင်းယှဉ်မှသာ သေးငယ်သည်ဟု ဆိုရမည် ဖြစ်သည်။
ယခုကဲ့သို့ ရေလွှမ်းမိုးမှု ဘေးဒုက္ခ ကျရောက်နေချိန်တွင် ကုန်တိုက် အဆောက်အအုံမဆိုထားနှင့်၊ အပြင်လောကမှ လူများသည် ဝမ်းရေးကိုပင် ဖြေရှင်းနိုင်ကြသည် မဟုတ်ပေ။
ထိုအခြေအနေများနှင့် နှိုင်းယှဉ်လိုက်ပါက ထိုက်ယန်တောင်မှ လူများ၏ ပျော်ရွှင်မှု အညွှန်းကိန်းမှာ အမြင့်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ခိုလှုံရေးစခန်း လေးခုမှ လူများသည် ကမ်းပါးယံတွင် ကပ်လျက် တည်ဆောက်ထားသော လေးထပ်မြင့် အဆောက်အအုံကြီးကို ကြည့်ကာ စိတ်လှုပ်ရှား တက်ကြွနေကြသည်။
သူတို့သည် ဤနေရာတွင် အမှန်တကယ် နေထိုင်လိုကြပြီး မည်သည့်နေရာသို့မျှ မသွားချင်ကြတော့ပေ။
ဤတောင်ကြား နေရာသည် နောင်တစ်ချိန်တွင် ထိုက်ယန်တောင် တစ်ခုလုံး၏ ဗဟိုချက် ဖြစ်လာမည်ကို မည်သူမဆို ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်သည်။
တောင်ကြားထဲတွင် ကုန်တိုက် အဆောက်အအုံ ပြီးစီးလုနီးပါး ဖြစ်နေသည်သာမက အခြားသော ဧရိယာများသည်လည်း လျင်မြန်စွာ ပြီးစီးနေပြီ ဖြစ်သည်။
မိုးကောင်းကင်မှ မိုးသည်းထန်စွာ ရွာသွန်းနေဆဲ ဖြစ်သော်လည်း လူတိုင်း၏ တက်ကြွနေသော စိတ်ဓာတ်များကိုမူ မငြိမ်းသတ်နိုင်ခဲ့ပေ။
စိုက်ပျိုးရေး စခန်းထဲတွင် လင်းယွမ်နှင့် ဆုန့်ဝမ်တို့သည် သန္ဓေပြောင်း အပင်များ၏ ကြီးထွားမှု အခြေအနေကို လေ့လာ ကြည့်ရှုနေကြသည်။
အေဒါ်ကြီးလီနှင့် ကျွမ်းရှုယွမ်တို့လည်း သူတို့နောက်မှ လိုက်ပါလာကြသည်။ နှစ်ယောက်စလုံး၏ လက်ထဲတွင် မှတ်စုစာအုပ် ကိုယ်စီ ပါရှိပြီး မကြာသေးမီက ပြုလုပ်ထားသော မှတ်တမ်းများကို ကိုင်ဆောင်ထားကြခြင်း ဖြစ်သည်။
လင်းယွမ်က ခေါင်းငုံ့ကာ ကောင်းမွန်စွာ ကြီးထွားရှင်သန်နေသော သန္ဓေပြောင်း အပင်အမျိုးမျိုးကို ကြည့်ရင်း နှစ်နှစ်ကာကာ ပြုံးလိုက်သည်။
သူက မေးလိုက်သည်။
"ဆုန့်ဝမ်... ဒီ သန္ဓေပြောင်း သီးနှံတွေရဲ့ အထွက်နှုန်းက ဘယ်လို အနေအထား ရှိလဲ"
ဆုန့်ဝမ်က ခေါင်းခါရင်း ဖြေသည်။
"အထွက်နှုန်းကိုတော့ အတိအကျ မသိရသေးဘူး... ဒါပေမဲ့ ရင့်မှည့်ချိန်ကတော့ တော်တော်လေး မြန်လာတယ်... သာမန် သီးနှံတွေနဲ့ ယှဉ်ရင် သန္ဓေပြောင်း သီးနှံအားလုံးနီးပါးက တစ်နှစ်ကို လေးသီး စားရမယ့် အနေအထား ရှိတယ်... သန္ဓေပြောင်း ကြံပင်တွေတောင်မှ ဒီလောက် မြန်မြန် ကြီးလာတာ"
လင်းယွမ်က ရယ်မောလိုက်ရင်း...
"ဒါဆိုရင် တစ်ရာသီကို တစ်ခါ ရိတ်သိမ်းလို့ ရတာပေါ့"
"အင်း... နောက်ထပ် တစ်လလောက်ဆိုရင် ပထမအသုတ်ကို ရိတ်သိမ်းလို့ ရလောက်ပြီ... အထွက်နှုန်း ဘယ်လောက်ရမလဲ ဆိုတာပဲ မသိရသေးတာ"
လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အေဒါ်ကြီးလီ ဘေးနားမှ ကျွမ်းရှုယွမ် ဘက်သို့ လှည့်မေးလိုက်သည်။
"သိုင်းဘုရင်ဂေဟာတုန်းက စိုက်ခဲ့တဲ့ ကြံပင်တွေရဲ့ အထွက်နှုန်းက ဘယ်လိုရှိလဲ"
ကျွမ်းရှုယွမ်သည် လင်းယွမ်နှင့် စကားပြောခွင့် ရသွားသဖြင့် ဝမ်းသာသွားကာ သူမ၏ နားထင်စပ်မှ ဆံနွယ်များကို သပ်တင်လိုက်ရင်း...
"ဆရာလင်း... သိုင်းဘုရင်ဂေဟာတုန်းက စိုက်ခဲ့တဲ့ ကြံပင်တွေက တကယ်တော့ အခုလိုမျိုး သေသေချာချာ ဂရုစိုက်ခဲ့တာ မဟုတ်ဘူး... သန္ဓေပြောင်း သတ္တဝါတွေ လာမစားအောင် မောင်းထုတ်ရုံလောက်ပဲ လုပ်ခဲ့ကြတာ"
"ဒါပေမဲ့ အဲဒီလို ပစ်ထားတာတောင်မှ အဲဒီ ကြံပင်တွေရဲ့ တစ်နှစ်တာ အထွက်နှုန်းက အံ့သြစရာ ကောင်းလောက်အောင် များတယ်... ကြံပင်တစ်ချောင်းချင်းစီက ကျွန်မ လက်မောင်းလောက် တုတ်ပြီး အမြင့်ကလည်း မီးဝါးပင်တွေနဲ့ မတိမ်းမယိမ်း ရှိတယ်"
ပြောရင်းဆိုရင်း သူမက လက်ပတ်ကို ပင့်တင်လိုက်ရာ သူမ၏ ကျောက်စိမ်းတုံးသဖွယ် ဖြူဝင်းနေသော လက်မောင်းသား လေးများ ပေါ်လာသည်။ လင်းယွမ် မြင်သာစေရန် တမင်သက်သက် လှန်ပြလိုက်ခြင်း ဖြစ်သည်။
သို့သော် ထိုအပြုအမူကြောင့် ဆုန့်ဝမ်က နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။
ကျွမ်းရှုယွမ်လည်း အခြေအနေကို ရိပ်မိသဖြင့် အင်္ကျီလက်ကို ချက်ချင်း ပြန်ချလိုက်ကာ ပြုံးလျက် ဆက်ပြောသည်။
"ဒါကြောင့်လည်း အဲဒီတုန်းက သိုင်းဘုရင်ဂေဟာမှာ သကြားချက်ဖို့ ကြံအလုံအလောက် ရခဲ့တာပါ"
လင်းယွမ်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ထိုအမျိုးသမီးကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ကြည့်ရတာ သန္ဓေပြောင်း အပင်တွေက ရေကြီးတဲ့ ဒဏ်ကို ခံနိုင်ရုံတင်မကဘူး... ကုန်ထုတ်လုပ်မှု စွမ်းအားလည်း အတော်လေး ကောင်းမွန်ပုံရတယ်"
"ဒါနဲ့... အေဒါ်ကြီးလီ... သာမန် အပင်တွေဘက်က အခြေအနေ ဘယ်လိုရှိလဲ"
အေဒါ်ကြီးလီက သက်ပြင်းတစ်ချက်ချကာ...
"သာမန် အပင်အတော်များများက အခုလို ရာသီဥတုနဲ့ မကိုက်ညီတော့လို့ ညှိုးခြောက်ကုန်ကြပြီ... ဘယ်လိုပဲ နည်းလမ်းရှာပြီး ကယ်တင်ဖို့ ကြိုးစားပေမဲ့ မရဘူး ဖြစ်နေတယ်"
လင်းယွမ်က နှစ်သိမ့်လိုက်သည်။
"ကမ္ဘာကြီးက ပြောင်းလဲနေပြီ... သက်ရှိမျိုးစိတ်တွေလည်း ဆင့်ကဲပြောင်းလဲ နေကြပြီလေ... အပင်တွေလည်း ဒီလိုပဲပေါ့... သာမန် မျိုးစေ့တွေ နေရာမှာ မကြာခင် သန္ဓေပြောင်း အပင်တွေ အစားထိုး ဝင်ရောက်လာလိမ့်မယ်"
"ဒါပေမဲ့ သန္ဓေပြောင်း အပင်တွေရဲ့ အရသာနဲ့ တခြား အချက်အလက်တွေက သာမန် အပင်တွေလောက် ကောင်းချင်မှ ကောင်းမှာ... ခင်ဗျားတို့ အချိန်ရရင် မျိုးစပ်ကြည့်ပြီး မျိုးစိတ်သစ် ထုတ်လို့ ရမရ စမ်းသပ်ကြည့်ကြပါဦး"
"နောက်ပြီး သန္ဓေပြောင်း မျိုးစေ့အသစ်တွေ ရှာဖွေတဲ့ အလုပ်ကိုလည်း ဆက်လုပ်ကြဦး"
"လောလောဆယ် ကျွန်တော်တို့ အဓိက အစာအဖြစ် စားလို့ရတဲ့ သန္ဓေပြောင်း အပင်က ပိန်းဥနဲ့ ကြာစွယ်လောက်ပဲ ရှိသေးတယ်... ဒါက လုံလောက်မှု မရှိဘူး... သန္ဓေပြောင်း စပါး၊ ဂျုံ၊ ကန်စွန်းဥလို အပင်မျိုးတွေ ရှာတွေ့ရင် ပိုကောင်းမယ်"
အေဒါ်ကြီးလီက သက်ပြင်းချကာ ပြောသည်။
"သန္ဓေပြောင်း စပါးက ရှာရတာ အရမ်းခက်တယ်... ဒီ ထိုက်ယန်တောင်က ရေမကြီးခင်တုန်းကလည်း စပါးစိုက်တဲ့နေရာ မဟုတ်ခဲ့ဘူးလေ... ဂျုံတို့၊ ကန်စွန်းဥတို့၊ အာလူးတို့ကတော့ ရှိနိုင်ချေ ရှိတယ်"
သူမက ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ...
"ဒေါ်ကြီး မှတ်မိသလောက်ဆိုရင် မိန်တောင်ဘက် သွားတဲ့လမ်းမှာ သစ်တောကာကွယ်ရေး စခန်းဟောင်း တစ်ခုရှိတယ်... ရေမကြီးခင်တုန်းက အဲဒီမှာ တာဝန်ကျတဲ့ လူရှိတယ်"
"အဲဒီလူကို ဒေါ်ကြီး သိတယ်... မျိုးရိုးက ကျုံး... အဖိုးကြီးတစ်ယောက်ပဲ... အဲဒီနားမှာ မြေကွက်လပ်လေး တစ်ခုဖော်ပြီး အာလူး၊ ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်၊ ခရမ်းသီးလို ဟာမျိုးတွေ အများကြီး စိုက်ထားတာ ရှိတယ်... မောင်လင်းယွမ်... နင် အားရင် လူလွှတ်ပြီး သွားရှာခိုင်းကြည့်ပါလား... တချို့ အပင်တွေက သန္ဓေပြောင်းသွားတာမျိုး ဖြစ်နေနိုင်တယ်... ပြောင်းရွှေ့စိုက်ပျိုးဖို့ မျိုးစေ့ ရနိုင်တာပေါ့"
လင်းယွမ်လည်း ထိုစကားကြားမှ အချို့အကြောင်းအရာများကို ပြန်လည် သတိရသွားသည်။
ရေမကြီးခင် အချိန်တုန်းက သူ ထိုက်ယန်တောင်ပေါ်သို့ တက်ရောက် လည်ပတ်ဖူးသည်။ တောင်ပေါ်တွင် နေထိုင်သော သစ်တော ကာကွယ်ရေး ဝန်ထမ်းများ၊ သန့်ရှင်းရေး ဝန်ထမ်းများ ရှိကြပြီး သူတို့သည် တောင်ပေါ် လမ်းတစ်လျှောက် အမှိုက်ရှင်းခြင်း၊ သစ်တော စောင့်ရှောက်ခြင်းများကို ပြုလုပ်ကြသည်။
ထိုအထဲမှ တချို့ဆိုလျှင် တစ်နေကုန် တောင်ပေါ်တွင် နေထိုင်ကြရပြီး ဥယျာဉ် ဝန်ထမ်းများက အစားအသောက် လာပို့ပေးလေ့ ရှိသည်။
သို့သော် အသက်ကြီးသူ အများစုမှာ ထိုအစားအသောက်များကို မကြိုက်ကြသဖြင့် ကိုယ်တိုင် စိုက်ပျိုး စားသောက်တတ်ကြသည်။ ထို့ကြောင့် လူသတိမထားမိသော နေရာများတွင် မြေကွက်လပ်လေးများ ဖော်ကာ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားလေ့ ရှိသည်။
ရောင်းချရန်အတွက် မဟုတ်ဘဲ ကိုယ်တိုင် စားသောက်ရန် စိုက်ပျိုးထားခြင်း ဖြစ်သည်။
လူကြီးများ၏ အယူအဆမှာ အပြင်က ဟင်းသီးဟင်းရွက်များသည် ပိုးသတ်ဆေးများ သုံးထားသဖြင့် ကျန်းမာရေးနှင့် မညီညွတ်၊ ကိုယ်တိုင် စိုက်စားသည်က ပိုကောင်းသည်ဟု ယူဆကြသည်။
ထိုအယူအဆမှာ လူတစ်ယောက် နှစ်ယောက်လောက်သာ ရှိသည် မဟုတ်၊ အချို့ဆိုလျှင် သားသမီးများကိုပင် ထိုအတွေးအခေါ်များ ရိုက်သွင်းပေးထားတတ်ကြသည်။
စီးပွားရေး အဆင်ပြေသော လူလတ်ပိုင်းများသည်လည်း ရုံးပိတ်ရက်များတွင် နီးစပ်ရာ ကျေးလက်ဒေသများသို့ သွားရောက်ကာ လယ်သမားများ ကိုယ်တိုင် မွေးမြူထားသော ကြက်ဥနှင့် စိုက်ပျိုးထားသော သီးနှံများကို ဝယ်ယူတတ်ကြသည်။
မိဘဖြစ်လာကြသော လူလတ်ပိုင်း အများစုသည် ကိုယ့်ဘာသာ ဘာစားစား ဂရုမစိုက်ကြသော်လည်း သားသမီးများ၏ စားသောက်ရေးနှင့် ကျန်းမာရေးကိုမူ မိမိတို့ထက် ပို၍ ဂရုစိုက်တတ်ကြသည်။
သူတို့သည် သားသမီးများ ဘေးကင်းလုံခြုံသော အစားအစာများ စားသောက်နိုင်ရန်အတွက် အချိန်ကုန်၊ ငွေကုန်ခံကာ ရှာဖွေဝယ်ယူလေ့ ရှိကြသည်။
အဘိုးအဘွားများမှာမူ ထိုကဲ့သို့ ငွေကြေးနှင့် အချိတ်အဆက်များ မရှိကြသဖြင့် ကိုယ်တိုင် စိုက်ပျိုးစားသောက်ကြခြင်း ဖြစ်သည်။
ထို့ကြောင့် မြို့ပြထဲတွင် တွေ့ရလေ့ရှိသော ဖြစ်ရပ်တစ်ခုမှာ မြေလွတ်မြေရိုင်း တစ်နေရာ တွေ့သည်နှင့် မည်သူ့အိမ်မှ အဘိုးအဘွားများမှန်း မသိ၊ ဟင်းသီးဟင်းရွက်များ ဝင်စိုက်ထားတတ်ကြခြင်း ဖြစ်သည်။
ပန်းခြံဘောင်များကိုပင် တူးဆွပြီး ဟင်းသီးဟင်းရွက် ပြောင်းစိုက်ထားသည်များလည်း ရှိတတ်သည်။
"သိပြီ... ဒီကိစ္စကို ကျွန်တော် မှတ်ထားလိုက်မယ်... အမဲလိုက်ထွက်တဲ့ လူတွေကို သတိထားကြည့်ခိုင်းလိုက်မယ်"
"ဆုန့်ဝမ်... နင် ပြန်ရောက်ရင် တင်းယန်ကို ပြောလိုက်... တာဝန်ချပေးတဲ့ ခန်းမမှာ ဒီလိုမျိုး ရှာဖွေရေး တာဝန်တွေ ကြေညာပေးထားဖို့... အမှတ်များများ ပေးမယ်လို့လည်း ပြောလိုက်"
ဆုန့်ဝမ်က ခေါင်းညိတ်လိုက်ပြီး...
"သိပြီ... ကျွန်မ ပြန်ရောက်ရင် အမတင်းနဲ့ ကျောက်ခိုင်ကို ပြောလိုက်မယ်"
တာဝန်ချပေးသည့် ခန်းမသည် ကုန်တိုက် အဆောက်အအုံ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ပထမထပ်ရှိ အစားအသောက်တန်း ဘက်တွင် ထားရှိသည်။
အစားအသောက်တန်းတွင် စားသောက်ဆိုင်များသာမက ဘားဆိုင်များလည်း ရှိပြီး တာဝန်ချပေးသည့် ခန်းမမှာ ဘားဆိုင် အနီးတွင် ရှိသဖြင့် ဖြတ်သန်းသွားလာသူများ အနေဖြင့် တာဝန်များကို ဝင်ရောက်ကြည့်ရှုရန် သို့မဟုတ် တာဝန်အပ်နှံရန် လွယ်ကူစေသည်။
ထိုနေရာရှိ တာဝန်များသည် မီးဝါးတော ခိုလှုံရေးစခန်းမှ တရားဝင် ထုတ်ပြန်ထားခြင်းများ ရှိသလို ခိုလှုံရေးစခန်းရှိ အဖွဲ့ဝင်များ ကိုယ်တိုင် လာရောက် အပ်နှံထားသော တာဝန်များလည်း ရှိသည်။
မီးဝါးတော ခိုလှုံရေးစခန်းသည် တစ်ခုတည်းသော တရားဝင် အဖွဲ့အစည်း ဖြစ်သည့်အတွက် ၎င်းတို့ ထုတ်ပြန်သော တာဝန်များကို လူများစွာ စိတ်ဝင်စားကြသည်။ အကြောင်းမှာ ပေးအပ်သည့် အမှတ်ပမာဏ များပြားသောကြောင့် ဖြစ်သည်။
အမှတ်စနစ် အကြောင်း ပြောရလျှင် ယခုအခါ တရားဝင် တွင်ကျယ်နေပြီ ဖြစ်သည်။
အခုဆိုရင် ခိုလှုံရေးစခန်း တစ်ခုလုံးက အမှတ်တွေရဲ့ အရေးပါပုံကို သိနေကြပြီဖြစ်သည်။
ထိုအမှတ်များဖြင့် ခိုလှုံရေးစခန်း အတွင်းရှိ မည်သည့်အရာကိုမဆို ဝယ်ယူနိုင်သည်။ စားသောက်နေထိုင်ရေး၊ လက်နက် ကိရိယာများမှအစ လူငှားရမ်းခြင်း အထိ အမှတ်ဖြင့် ပေးချေရသည်။
ယခုအခါ အမှတ်များသည် ငွေကြေးသဘောမျိုး သက်ရောက်နေပြီး ထိုက်ယန်တောင်ပေါ်ရှိ လူပေါင်း တစ်ထောင်ကျော် ကြားတွင် လည်ပတ် သုံးစွဲနေကြပြီ ဖြစ်သည်။
၎င်းသည် ငွေကြေး ဘဏ္ဍာရေး စနစ်သစ် တစ်ခုအဖြစ် ထိုက်ယန်တောင် အတွင်းတွင် စီးဆင်း လည်ပတ်နေသည်။
ခြုံငုံပြောရလျှင် ယခုအခါ ခိုလှုံရေးစခန်း၏ ကိစ္စအဝဝသည် ဖရိုဖရဲ အခြေအနေမှ စနစ်တကျ ရှိသော အခြေအနေသို့ တဖြည်းဖြည်း ကူးပြောင်း တိုးတက်လာပြီ ဖြစ်သည်။
လင်းယွမ်သည် အခြေခံ မူဘောင်များကို တည်ဆောက်ပေးထားပြီး ဖြစ်သဖြင့် ကျန်ရှိသော အသေးစိတ် ကိစ္စရပ်များကို သူကိုယ်တိုင် လိုက်လံ စိတ်ပူနေစရာ မလိုတော့ပေ။
ဥပမာအားဖြင့် ယခုလို သန္ဓေပြောင်း မျိုးစေ့ ရှာဖွေသည့် ကိစ္စမျိုးကို တာဝန်တစ်ခု အဖြစ် ထုတ်ပြန်လိုက်ရုံဖြင့် ခိုလှုံရေးစခန်း အတွင်းရှိ အခြားလူများက ပြီးမြောက်အောင် ဆောင်ရွက်ပေးကြမည် ဖြစ်သည်။
ယခု လင်းယွမ်၏ ဘဝကမူ အတော်လေး ဇိမ်ကျသည်ဟု ဆိုရမည်။ နေ့စဉ် မိန်းမလှလေး သုံးယောက်အကြားမှ အိပ်ရာထ၊ ရန်မေ ပြင်ဆင်ပေးသည့် မနက်စာကို စား၊ ထို့နောက် သားသတ်ရုံသို့ တစ်ခေါက်သွားကာ အမှတ်များ သိမ်းဆည်း... ထိုမျှဖြင့် ကျန်သည့် ကိစ္စများကို ဝင်ပါစရာ မလိုတော့ပေ။
အခြေစိုက်စခန်း တည်ဆောက်ရေး လုပ်ငန်းပိုင်းကို ဆုန့်ဝမ်၊ ဝမ်အန်း၊ ဦးလေးမာ တို့က တာဝန်ယူထားကြသည်။
ကင်းလှည့်ခြင်းနှင့် အမဲလိုက်ခြင်း အပိုင်းကို ကျောက်ခိုင်၊ တင်းယန်တို့က ဦးစီးကြသည်။
သတ္တုတွင်း ဧရိယာဘက်ကို ဟန်ရှန်းမန်တို့ကို လွှဲပေးထားပြီး အပတ်တိုင်း သတ်မှတ်ထားသော စွမ်းအင်ကျောက်တုံး ပမာဏကို ပို့ဆောင်ပေးရသည်။
လင်းယွမ်သည် နေ့စဉ် အချိန်ပေးကာ သူ၏ ဆင့်ကဲပြောင်းလဲခြင်း စွမ်းရည်များကို ဆက်လက် လေ့လာ တူးဖော်နေသလို ဒေါက်တာရန်နှင့် အတူ သင်္ကေတပညာရပ်များကိုလည်း အချိန်ပေး လေ့လာနေသည်။
သူ့လက်ထဲတွင် မီးစွမ်းအင် သင်္ကေတ နှစ်ခု ရှိသည်။ တစ်ခုက ထျန်ဝေ၏ ဦးခေါင်းခွံထဲမှ တူးဖော်ရရှိခဲ့ခြင်း ဖြစ်သည်။
နောက်တစ်ခုက တင်းယန် သတ်ဖြတ်ခဲ့သော သန္ဓေပြောင်း တောဝက်ဆီမှ ရရှိခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဒေါက်တာရန် လက်ထဲမှ ပေါက်ကွဲသင်္ကေတပါ ထပ်တိုးလာသဖြင့် စုစုပေါင်း သုံးခု ဖြစ်လာသည်။
ထို့ကြောင့် ဤသင်္ကေတများကို လေ့လာရာတွင် လင်းယွမ် အချိန်အတော်လေး ပေးနေရသည်။
"အစ်ကိုလင်း... အစ်ကိုလင်း... "
တောင်ကြားထဲမှ ထွက်လာပြီး မီးဝါးတော အပြင်ဘက်သို့ ရောက်သည်နှင့် ဝါးအဆောက်အအုံ ပေါ်မှ တုံယန်က သူ့ကို လက်လှမ်းပြနေသည်ကို တွေ့လိုက်ရသည်။
သူမသည် စိတ်ချင်းဆက်သွယ်သည့် အစွမ်းကို မသုံးဘဲ အသံကုန်ဟစ်ကာ လှမ်းခေါ်နေခြင်း ဖြစ်သည်။
အရေးကြီး ကိစ္စတစ်ခုခု ရှိနေပြီ ဆိုသည်ကို လင်းယွမ် ချက်ချင်း ရိပ်မိလိုက်သည်။
ထို့ကြောင့် သူက ခန္ဓာကိုယ်ကို ခုန်ပျံလိုက်ပြီး လေထဲတွင် ခြေဖျားဖြင့် တို့ထိလိုက်ရာ ကောင်းကင်ပေါ်တွင် ပြေးလွှားနေသကဲ့သို့ ဖြစ်သွားသည်။ ထိုပုံစံမှာ သိုင်းဝတ္ထုများထဲမှ သိုင်းပညာရှင်များ ကိုယ်ဖော့ပညာ သုံးနေသည်နှင့်ပင် တူနေသည်။
မြေပြင်အနေအထားကို ဂရုစိုက်စရာ မလိုဘဲ သူသည် အလွန်မြန်သော အရှိန်ဖြင့် ဝါးအဆောက်အအုံ ပေါ်သို့ ရောက်ရှိသွားသည်။
ဒါက ကိုယ်ဖော့ပညာတော့ မဟုတ်ပေ။ အမှန်တကယ်တော့ လင်းယွမ်က စိတ်စွမ်းအင်ကို အစိုင်အခဲ တစ်ခုအဖြစ် ဖန်တီးကာ သူ့ကိုယ်အလေးချိန်ကို ထောက်ပံ့စေပြီး လေပေါ်တွင် ပျံသန်းနိုင်သည့် စွမ်းရည်မျိုး ဖြစ်ပေါ်စေခြင်း ဖြစ်သည်။
ဒီနည်းလမ်းကို သူစဉ်းစားထားတာ ကြာပြီ ဖြစ်သည်။
သို့သော် ယခင်က စိတ်စွမ်းအင် မလုံလောက်သဖြင့် သံချောင်း တစ်ချောင်းကို မနည်း မနိုင်အောင် မလိုက်ရသည်။
စိတ်စွမ်းအင် အမှတ် (၅၀) ကျော်လွန်သွားပြီးနောက် သူ၏ စိတ်စွမ်းအင် အရည်အသွေးရော ပမာဏပါ အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။
နောက်ဆုံးတွင်တော့ သူသည် လေပေါ်တွင် ပေါ့ပါးစွာ ပျံသန်းနိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် တစ်ကိုယ်လုံး၏ အလေးချိန်ကို ထောက်ပံ့ထားရခြင်းက စိတ်စွမ်းအင် ကုန်ဆုံးမှု များပြားစေသဖြင့် အချိန်ကြာမြင့်စွာ မပျံသန်းနိုင်ဘဲ ခေတ္တခဏမျှသာ လေထဲတွင် နေနိုင်သည်။
မကြာသေးမီက လင်းယွမ်သည် နည်းလမ်းအသစ်ကို ထပ်မံ ပြုပြင်ခဲ့သည်။ တစ်ကိုယ်လုံး၏ အလေးချိန်ကို ပင့်မထားစရာ မလိုတော့ပေ။
လေထဲတွင် စိတ်စွမ်းအင်ဖြင့် နံရံတစ်ခု ဖန်တီးလိုက်ပြီး ခြေထောက်တစ်ဖက်စာ နေရာရရုံဖြင့် လုံလောက်သည်။
ထို့နောက် သူ၏ ကြွက်သားပေါက်ကွဲအစွမ်းကို အသုံးပြုကာ ထို စိတ်စွမ်းအင် နံရံကို နင်းပြီး အရှိန်ဖြင့် ခုန်ပျံလိုက်ခြင်း ဖြစ်သည်။
ထိုနည်းလမ်းကို ထပ်ခါထပ်ခါ ပြုလုပ်ခြင်းဖြင့် လေထဲတွင် ပြေးလွှားနေသကဲ့သို့ ဖြစ်ပေါ်စေသည်။
ဤနည်းလမ်းသည် အချိန်ပြည့် လေပေါ်တွင် နေစရာ မလိုသည့်အတွက် စိတ်စွမ်းအင် ကုန်ဆုံးမှုကို အများကြီး လျှော့ချပေးနိုင်သည်။
ယခု သူသည် ဝါးအဆောက်အအုံပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်ပြီး တုံယန်၏ ရှေ့သို့ ရောက်သွားကာ မေးလိုက်သည်။
"ယန်ယန်... ဘာကိစ္စမို့လို့ ဒီလောက်တောင် လောနေတာလဲ"
တုံယန်သည် လင်းယွမ်၏ စတိုင်ကျလှသော ပုံစံကိုပင် အံ့သြချိန် မရတော့ဘဲ လင်းယွမ်၏ လက်မောင်းကို ဆွဲကာ ပြောလိုက်သည်။
"ရှောင်ကျဲက အစ်ကို့ကို အမြန်သွားခေါ်ခိုင်းလိုက်လို့... စစ်တပ် ရေဒီယိုအသံလွှင့်ချက်ကနေ အရမ်း အရေးကြီးတဲ့ သတင်းတစ်ခု ကြေညာနေတယ်တဲ့... အစ်ကို အမြန်သွားမှ ဖြစ်မယ်"
လင်းယွမ် စိတ်ထဲ ထိတ်လန့်သွားပြီး ချက်ချင်းပင် တောင်လိုဏ်ဂူ အခန်းဆီသို့ လျှောက်သွားလိုက်သည်။
တုံကျဲ၊ ကျောက်ခိုင်၊ တင်းယန်၊ ကူဖုန်း အစရှိသူ အားလုံး ရောက်ရှိနေကြသည်ကို တွေ့လိုက်ရသည်။
လူတိုင်း၏ မျက်နှာထားမှာ အလွန် တည်ကြည် လေးနက်နေကြပြီး အခြေအနေမှာ တင်းမာနေသည်။
လင်းယွမ် အမြန်ဝင်ထိုင်လိုက်ပြီး သူတို့ ဝိုင်းအုံကြည့်နေကြသော ရေဒီယိုစက်လေးကို ကြည့်လိုက်သည်။
"ဒါဆိုရင် ပါမောက္ခဖန်း... မကြာခင် မိုးတိတ်တော့မယ်လို့ ယူဆလို့ ရမလား"
အစီအစဉ် တင်ဆက်သူ၏ အသံ ထွက်ပေါ်လာသည်။ သူသည် ထက်မြက် ပြတ်သားသော လေသံရှိသည့် စစ်တပ်မှ အမျိုးသမီး တင်ဆက်သူ တစ်ဦး ဖြစ်သည်။
ထို့နောက် တည်ငြိမ်ရင့်ကျက်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ပါမောက္ခ ဖန်းရှင်း ဆိုသူ ဖြစ်ကြောင်း လင်းယွမ် ကောင်းကောင်း မှတ်မိသည်။
"အချက်အလက်တွေအရ ပြောရမယ်ဆိုရင်တော့ ဟုတ်ပါတယ်... မကြာခင်မှာ မိုးတိတ်သွားနိုင်တယ်လို့ သံသယဖြစ်စရာ အကြောင်းရင်းတွေ ရှိပါတယ်"
"ဒါက သတင်းကောင်းပဲ... လဝက်ကျော်ကြာ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် လင်ကျန်းမြို့ကြီး တစ်ခုလုံးရဲ့ နေရာအတော်များများ ရေမြုပ်ကုန်ပြီလေ... အထပ်မြင့် အဆောက်အအုံ တချို့လောက်ပဲ ရေပေါ်မှာ ကျန်တော့တာ"
"သတင်းကောင်းလို့ ဆိုနိုင်ပါတယ်... ကျွန်တော်တို့ နိုင်ငံရဲ့ မြေမျက်နှာသွင်ပြင်က ပြန့်ပြူးနေတာ မဟုတ်ဘူးလေ... လင်ကျန်းမြို့ ရေမြုပ်သွားပေမဲ့ တခြား မြေမြင့်ပိုင်း ဒေသတွေကတော့ ရေလွတ်ချင် လွတ်နေမှာ"
"အဲဒီအချိန်ကျရင် အပြင်လောကနဲ့ အဆက်အသွယ် ပြန်လုပ်ဖို့ ကြိုးစားလို့ ရလောက်ပါပြီ"
အမျိုးသမီး တင်ဆက်သူက မေးလိုက်သည်။
"ဒါဆိုရင် ပါမောက္ခဖန်း... ဒီတစ်ခါ မိုးရွာသွန်းမှု လျော့နည်းသွားတာက ဘာအကြောင်းရင်းကြောင့်လဲ... အနာဂတ်အတွက် ဘာတွေများ သတိထား ပြင်ဆင်ရမလဲ"
ပါမောက္ခ ဖန်းရှင်းက လေးနက်စွာ ပြောသည်။
"တကယ်တော့ ကျွန်တော်တို့ ပညာရှင်အဖွဲ့က အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားပြီးပါပြီ... ဒီတစ်ခါ မိုးရေချိန် လျော့ကျသွားတာက မကြာခင် ရောက်လာတော့မယ့် ဆောင်းရာသီနဲ့ သက်ဆိုင်နိုင်ပါတယ်"
"ဆောင်းရာသီ"
"ဟုတ်ပါတယ်... ဆောင်းရာသီ ရောက်လာပြီး အပူချိန် ကျဆင်းသွားမယ်... လေထုက ခြောက်သွေ့လာမယ်ဆိုရင် မိုးရေချိန် လျော့နည်းသွားတာ ပုံမှန်ပါပဲ"
"ကျွန်တော်တို့ ပညာရှင်အဖွဲ့ရဲ့ ခန့်မှန်းချက်အရ မကြာခင်မှာ မိုး လုံးဝတိတ်သွားပါလိမ့်မယ်... ဒါပေမဲ့"
"ဒါပေမဲ့ ဘာဖြစ်လဲရှင်"
"ဒါပေမဲ့ ဒါက ကောင်းတဲ့ကိစ္စလို့ ပြောလို့မရပါဘူး"
"ဘာကို ဆိုလိုတာပါလဲ" စစ်တပ်မှ အမျိုးသမီး တင်ဆက်သူက ထပ်ဆင့် မေးလိုက်သည်။
"ကျွန်တော်တို့အနေနဲ့ မကြုံစဖူး ထူးကဲတဲ့ အအေးလှိုင်းဒဏ်ကို ရင်ဆိုင်ရဖွယ် ရှိနေပါတယ်"
"ရှင်... ဘာပြောလိုက်တာလဲ" အမျိုးသမီး တင်ဆက်သူက အာမေဋိတ် သံဖြင့် ရေရွတ်လိုက်သည်။
ပါမောက္ခ ဖန်းရှင်းက ဆက်လက် ပြောကြားသည်။
"ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်အရ ဒီတစ်ခါ ကျရောက်မယ့် အအေးလှိုင်းက လူသားသမိုင်းမှာ မကြုံစဖူး ပြင်းထန်တဲ့ အအေးလှိုင်း ဖြစ်လာနိုင်ပါတယ်... သူ့ရဲ့ သက်ရောက်မှုက ကျွန်တော်တို့ ထင်ထားတာထက် ပိုမို ကြီးမားနိုင်ပြီး လူသားတွေအနေနဲ့ ရေခဲခေတ် တစ်ခေတ်ကို ရောက်ရှိသွားနိုင်ပါတယ်"
ဒီတစ်ခါတွင်တော့ လင်းယွမ်တို့လို ရေဒီယို နားထောင်နေသူများသာမက အမျိုးသမီး တင်ဆက်သူပါ စက္ကန့်အနည်းငယ်မျှ ကြောင်အသွားသည်။
ထို့နောက် အမျိုးသမီး တင်ဆက်သူက အလွန် အရေးကြီးသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
"ပါမောက္ခ ဖန်းရှင်း... ဒါဆိုရင်... သာမန် ပြည်သူလူထုတွေ အနေနဲ့ ဒီ အအေးလှိုင်းဒဏ်ကို ရင်ဆိုင်ဖို့ ဘာတွေ လုပ်ဆောင်သင့်ပါသလဲ"
"အအေးဒဏ် ကာကွယ်ပါ... အစားအစာတွေ စုဆောင်းပါ"
"ဆောင်းရာသီ ရောက်လာတာနဲ့အမျှ ရေကြီးနေတဲ့ နေရာတွေဟာ ရေခဲပြင်အဖြစ် ပြောင်းလဲသွားပြီး ထူထဲတဲ့ ရေခဲလွှာတွေ ဖြစ်ပေါ်လာပါလိမ့်မယ်... ရေထဲက သန္ဓေပြောင်း သတ္တဝါတွေကတော့ ယာယီ ခိုအောင်းသွားကြပါလိမ့်မယ်... ဒါက လူတိုင်းအတွက် ကောင်းကျိုး ဖြစ်သလို ဆိုးကျိုးလည်း ဖြစ်ပါတယ်"
"ရေအောက်က သန္ဓေပြောင်း သတ္တဝါတွေ ခိုအောင်းသွားကြမယ် ဆိုရင် အသက်ရှင် ကျန်ရစ်သူတွေ အနေနဲ့ အစားအစာ ရှာဖွေရ ခက်ခဲသွားပါလိမ့်မယ်"
"တစ်ချိန်တည်းမှာပဲ ရေပြင်တွေ ခဲသွားတာနဲ့ တောင်ပေါ်က သန္ဓေပြောင်း သတ္တဝါတွေက တောင်အောက်ဆင်းပြီး အမဲလိုက်ကြပါလိမ့်မယ်"
"ဒါပေမဲ့ ကောင်းတဲ့အချက်ကတော့ လူသားတွေအနေနဲ့ ပိတ်မိနေတဲ့ အဆောက်အအုံတွေထဲကနေ ထွက်ခွာပြီး ခိုလှုံရေးစခန်းတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေကို ရှာဖွေနိုင်တော့မှာ ဖြစ်ပါတယ်"
"အဲဒီအချိန်ကျရင် ကွမ်ဖူ စစ်တပ် အခြေစိုက်စခန်းဆီကို အမြန်ဆုံး လာရောက်ကြဖို့ ထပ်မံ တိုက်တွန်းလိုပါတယ်... ဒီမှာ ပြည့်စုံတဲ့ လူနေမှု အဆောက်အအုံတွေ ရှိပါတယ်... ကျွန်တော်တို့ အနေနဲ့ အသိပညာရှင်၊ အတတ်ပညာရှင် အားလုံးကို ဖိတ်ခေါ်ပါတယ်... ဒီ လူသားမျိုးနွယ်ဆိုင်ရာ ဘေးဒုက္ခကြီးကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ကြပါစို့"
......
နောက်ပိုင်းတွင် အမျိုးသမီး တင်ဆက်သူနှင့် ပါမောက္ခ ဖန်းရှင်းတို့ ပြောကြားသော ကွမ်ဖူ စစ်တပ် အခြေစိုက်စခန်း၏ ကောင်းကွက်များကို မည်သူမျှ ဆက်လက် နားမထောင်ကြတော့ပေ။
လူတိုင်း အတွေးကိုယ်စီနှင့် ငေးငိုင်နေကြသည်။ ရုတ်တရက် ကြားလိုက်ရသော သတင်းကြောင့် တုန်လှုပ်နေကြခြင်း ဖြစ်သည်။
လင်းယွမ် ထိုင်ရာမှ ထလိုက်ပြီး အပြင်ဘက်တွင် ရွာသွန်းနေဆဲဖြစ်သော မိုးသည်းကြီးကို လှမ်းကြည့်လိုက်သည်။
သူက လူအုပ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"မိုး နည်းနည်း ပါးသွားပြီလား"
တင်းယန်က မတ်တတ်ထရပ်လိုက်ပြီး ခေါင်းညိတ်ကာ...
"ဟုတ်တယ်... နွေရာသီတုန်းကလောက် မပြင်းတော့ဘူး"
ကျောက်ခိုင်ကလည်း လေးနက်စွာ ပြောသည်။
"ဟုတ်တယ်... အရင်တုန်းက မိုးစက်တွေက ပဲစေ့လောက် ရှိတာ... ကိုယ်ပေါ်ကျရင်တောင် နာတယ်... အခု မိုးက အဲဒီလောက် မကြီးတော့ဘူး"
လင်းယွမ်က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။
"ဒါဆိုရင် စစ်တပ်က ကြေညာတဲ့ အအေးလှိုင်း သတင်းက တကယ် ဖြစ်လာနိုင်ချေ ရှိတာပေါ့"
တုံကျဲက မနေနိုင်ဘဲ ဝင်ပြောသည်။
"ကျွန်တော်လည်း ဒီရက်ပိုင်း အပူချိန် တော်တော်ကျသွားတယ်လို့ ခံစားမိတယ်"
ဤနေရာတွင် ရှိနေသူ အများစုမှာ အဆင့်မြင့် စွမ်းအင်ရှင်များ ဖြစ်ကြသဖြင့် အအေးဒဏ်၊ အပူဒဏ်ကို ခံနိုင်ရည် ရှိကြသည်။ ထို့ကြောင့် ရာသီဥတု အပြောင်းအလဲကို သိပ်သတိမထားမိကြခြင်း ဖြစ်သည်။
ယခု တုံကျဲလေး ထောက်ပြလိုက်မှ သူတို့ သတိထားမိသွားကြသည်။
လင်းယွမ်သည် အပြင်ဘက် ဝါးအဆောက်အအုံဆီသို့ လျှောက်သွားပြီး မိုးရေကို လက်ဖြင့် ခံကြည့်လိုက်သည်။
မိုးရေသည် အေးစက်နေပြီး နွေရာသီ၊ ဆောင်းဦးရာသီတို့ထက် အများကြီး ပိုအေးနေသည်မှာ သေချာသည်။
ပုံမှန်ဆိုလျှင် သူသည် မိုးရေမစိုစေရန် စိတ်စွမ်းအင် အကာအကွယ် သုံးထားလေ့ရှိသဖြင့် ဤအချက်ကို လစ်လျူရှုမိခဲ့ခြင်း ဖြစ်သည်။
"အစ်ကိုလင်း... စစ်တပ်က ပြောတာသာ တကယ်ဆိုရင် ကျွန်တော်တို့လည်း ဆောင်းတွင်းအတွက် အမြန် ပြင်ဆင်ရတော့မလား" ကျောက်ခိုင်က မနေနိုင်ဘဲ မေးလိုက်သည်။
တင်းယန်ကလည်း ဝင်ပြောသည်။
"ပြင်ဆင်ဖို့ လိုမယ်ထင်တယ်... အထူးသဖြင့် အအေးဒဏ် ကာကွယ်ရေး ပစ္စည်းတွေ ကျွန်မတို့ဆီမှာ အရမ်း နည်းနေတယ်"
လင်းယွမ်က ပစ္စည်း ပြတ်လပ်မည်ကိုတော့ သိပ်မပူပေ။ သူ ဟန်လုံစင်တာကို ရှင်းလင်းစဉ်က အဝတ်အစား ဆိုင်များတွင် နွေရာသီ ဝတ်စုံများသာ ရှိသော်လည်း သူ့တွင် စနစ် ပါရှိသဖြင့် ပစ္စည်းများကို မဲနှိုက် ရယူနိုင်သည်။
ထို့အပြင် သူ အဆောက်အအုံများကို ဝင်ရောက် ရှင်းလင်းစဉ်က အိမ်တိုင်းစေ့နီးပါး ဝင်မွှေခဲ့သဖြင့် အဝတ်ဘီဒိုများထဲမှ ဂွမ်းကပ်အင်္ကျီများ၊ သားရေအင်္ကျီများကိုလည်း အများအပြား ရရှိထားသည်။
ယင်းထက် သူ ပိုစိတ်ပူသည်မှာ စစ်တပ်မှ ပြောကြားသွားသော ရေမျက်နှာပြင်များ ခဲသွားမည့် ကိစ္စ ဖြစ်သည်။ ရေခဲပြင်ကြီး ဖြစ်သွားမည် ဆိုလျှင်...
ငါးဖမ်းရ ခက်ခဲသွားမည်။ ဒါဆိုရင် သူ ဘယ်လိုလုပ် အမှတ်ရှာရတော့မည်နည်း။
ဒီပြဿနာက အတော်လေး ဆိုးရွားသည်။ အဘယ်ကြောင့်ဆိုသော် စနစ်မှ မဲနှိုက်ရန်အတွက် အမှတ် လိုအပ်သောကြောင့် ဖြစ်သည်။
တောင်ပေါ်မှ သန္ဓေပြောင်း သတ္တဝါများ တောင်အောက် ဆင်းသွားကြမည် ဆိုသည့် ကိစ္စသည်လည်း လင်းယွမ် စိတ်ပူသည့် အချက်ဖြစ်သည်။
တောထဲက သန္ဓေပြောင်း သတ္တဝါတွေ ထိုက်ယန်တောင်ကို စွန့်ခွာသွားကြလျှင် ထိုက်ယန်တောင်ပေါ်တွင် သန္ဓေပြောင်း သတ္တဝါ ရှားပါးသွားတော့မည် မဟုတ်ပါလား။
ဒါတွေအားလုံးက သူ့အတွက် အမှတ်တွေ ဖြစ်သည်။
လင်းယွမ်၏ အကြည့်များ နက်ရှိုင်းသွားသည်။
နောက်ထပ် အချက်တစ်ချက် ရှိသေးသည်။ ရေမျက်နှာပြင်များ ခဲသွားပါက လူသားများသည် အဆောက်အအုံများမှ ထွက်ခွာနိုင်ပြီး ရေခဲပြင်ပေါ်တွင် လမ်းလျှောက် သွားလာနိုင်ကြမည် ဖြစ်သည်။
မကြာမီ ခိုလှုံရေးစခန်း အမျိုးမျိုး ပေါ်ပေါက်လာတော့မည်။
လူအများအပြားသည် စစ်တပ် အခြေစိုက်စခန်းဆီသို့ အလုအယက် သွားကြလိမ့်မည်။ စစ်တပ် အခြေစိုက်စခန်းသည်လည်း လျင်မြန်စွာ အင်အားကြီးမား လာလိမ့်မည်။
ထိုက်ယန်တောင် ကဲ့သို့သော ရေလွတ်ရာ တောင်ကုန်းများကိုလည်း လူအများက မျက်စိကျလာကြမည် ဖြစ်သည်။
ယခင်က ရေကြီးနေသဖြင့် အဝေးမှလူများ မလာရဲကြသော်လည်း ရေခဲပြင် ဖြစ်သွားပါက သူတို့ မလာဘဲ နေပါ့မလား။
အဲဒီလူတွေ ရောက်လာရင် ဘယ်လို လုပ်ကြမလဲ။
အားလုံးကို လက်ခံမလား။
ဒါပေမဲ့ ထိုက်ယန်တောင်က ဒီလောက်ပဲ ကျယ်တာ... လူဘယ်နှစ်ယောက် ဆံ့မှာမို့လို့လဲ...
ပြီးတော့ အသစ်ရောက်လာမယ့် လူတွေထဲမှာ အစွမ်းထက်တဲ့ အစွမ်းပိုင်ရှင်တွေ ပါလာမှာ သေချာသလို ခေါင်းဆောင်လုပ်ပြီး ပြဿနာရှာချင်တဲ့ လူတွေလည်း မနည်းလောက်ဘူး။
လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ အဲဒီအချိန်ကျရင် စိတ်ရှုပ်စရာ ကိစ္စတွေ နည်းမှာ မဟုတ်ဘူး။
သူက လူတွေ ပြဿနာရှာမှာကို ကြောက်တာ မဟုတ်။ ဒီကိစ္စတွေအတွက် အချိန်ကုန် လူပန်း ဖြစ်ရမှာကို စိတ်ရှုပ်တာ ဖြစ်သည်။ အချိန်ဖြုန်းရာ ကျလွန်းသည်။
ထိုက်ယန်တောင်က အနာဂတ်မှာ ငါ့ရဲ့ ပိုင်နက်နယ်မြေ ဖြစ်လာမှာ... လုံးဝ အရှုပ်အထွေး အဖြစ်ခံလို့ မဖြစ်ဘူး။
ကြည့်ရသည်မှာ အကာအကွယ် တည်ဆောက်မှု အပိုင်းကိုလည်း ကြိုတင် စီမံထားဖို့ နည်းလမ်းရှာရတော့မည့် ပုံပင်။
ဆက်ရန်...
အပိုင်း(၂၅၈) ဟန်ရှန်းမန်၏ အဖွဲ့အား လက်အောက်ခံအဖြစ် လက်ခံခြင်း
"ဒီကိစ္စကို လောလောဆယ် အပြင်မပေါက်ကြားစေနဲ့ဦး"
လင်းယွမ်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ ဤကိစ္စမှာ အရေးကြီးမှန်း သူတို့ ကောင်းကောင်း နားလည်ကြပေ၏။
"အစ်ကိုလင်း... ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"
လင်းယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ "ဆောင်းရာသီ ရောက်ဖို့ လိုသေးတယ်... လောလောဆယ်တော့ ကုန်တိုက်ကြီး ပြီးဖို့ကိုပဲ အဓိကထားရမယ်"
"ကုန်တိုက်ကြီးဘက်ကတော့ ပြီးသလောက် ရှိနေပါပြီ... အလွန်ဆုံးကြာရင် (၁) ပတ်လောက်ပေါ့... အဲ့ဒီကျရင် တရားဝင် ဖွင့်လို့ရပြီ မဟုတ်လား" တင်းယန်က မေးလိုက်သည်။
လင်းယွမ်က ခေါင်းငြိမ့်ပြရင်း "အင်း... (၁) ပတ်ဆို ရလောက်ပါတယ်... နောက်ပြီး လူ (၁၀၀၀) ကို ပြန်ခွဲဝေနေရာချထားရမယ်... ဒီလအတွင်း သူတို့ရဲ့ အပြုအမူတွေကို မင်းတို့လည်း မြင်မှာပါ... အဲ့ဒီအတိုင်း စီစဉ်လိုက်ပါ"
"ကုန်တိုက်ကြီးဝန်းကျင်က အလုပ်တွေကိုတော့ မိန်တုဥယျာဉ်ကနေ အတူပါလာတဲ့သူတွေကို ဦးစားပေး ခန့်အပ်လိုက်ပါ... ပြီးမှ သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူတွေကို ထည့်စဉ်းစားပေးပေါ့... အထူးသဖြင့် အစွမ်းမနိုးထသေးတဲ့ မိန်းကလေးတွေကို ဦးစားပေးပါ"
"သူတို့က ပိုပြီး အကာအကွယ် လိုအပ်သလို ဝန်ဆောင်မှုအပိုင်းနဲ့လည်း ပိုကိုက်ညီတယ်"
"နောက်တစ်ချက်က ကင်းလှည့်အဖွဲ့ကိုလည်း လူအင်အား တိုးချဲ့ရမယ်... ဝူယင် နဲ့ ဟွမ်ဟန် တို့က ဝါရင့်နေပြီဆိုတော့ သီးသန့် အဖွဲ့ခွဲပြီး ဦးဆောင်ခိုင်းလို့ ရပြီ"
"သိုင်းဘုရင်ဂေဟာက လူတွေကိုလည်း နေရာတကျ စီစဉ်ပေးလိုက်... လူစုခွဲထားဖို့တော့ မမေ့နဲ့"
"ကျိဖုန်း နဲ့ ခွန်ဆန်း တို့ကော ဘယ်လိုနေလဲ"
"သူတို့တွေက ရိုးသားကြပါတယ်" ကျောက်ခိုင်က ဖြေလိုက်သည်။
လင်းယွမ်က ခေါင်းငြိမ့်ကာ "သူတို့ကို ခေါင်းဆောင်နေရာ ပေးလိုက်ပါ... ဒါမှ ကျန်တဲ့သူတွေလည်း မျှော်လင့်ချက် ရှိလာမှာ... ငါတို့က အစွဲအလမ်းကြီးပြီး ကိုယ့်လူမှ နေရာပေးတာမျိုး မလုပ်ဘူး... အလုပ်ကြိုးစားပြီး စကားနားထောင်ရင် ဘယ်သူ့ကိုမဆို အခွင့်အရေး ပေးမယ်ဆိုတာ ပြရမယ်"
တင်းယန်က မနေနိုင်ဘဲ မေးလိုက်သည်။ "ကျွန်မတို့ ကင်းလှည့်အဖွဲ့မှာ လူမနည်းတော့ဘူးလေ... ထပ်ပြီး တိုးချဲ့ဦးမလို့လား"
လင်းယွမ်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "တိုးချဲ့ရမယ်... အကြီးအကျယ်ကို တိုးချဲ့ရမှာ... ငါတို့ ခိုလှုံရေးစခန်းမှာ လူဘယ်လောက်များ ရှိနေလို့လဲ... အစွမ်းပိုင်ရှင်ကကော ဘယ်နှစ်ယောက်ပါလို့လဲ"
"ထိုက်ယန်တောင်က အကျယ်ကြီးလေ... လက်ရှိလူအင်အားလောက်နဲ့ ကင်းလှည့်အဖွဲ့ ဘယ်နှစ်ဖွဲ့ပဲ ထွက်နိုင်မှာမို့လဲ"
"အအေးလှိုင်း ဝင်လာရင် ထိုက်ယန်တောင်က အခက်အခဲတွေ အများကြီး ကြုံရလိမ့်မယ်... လူတွေ အများကြီး စောင့်ကြည့်လာကြလိမ့်မယ်... ဒါကြောင့် အခုအချိန်မှာ အလျင်အမြန် လူအင်အား စုဆောင်းထားမှ ရမယ်"
"အမှန်အတိုင်း ပြောရရင် လူအင်အား နည်းလွန်းတယ်လို့တောင် ငါ ထင်နေတာ"
ထိုအခါမှ တင်းယန်၏ မျက်နှာထား ပြောင်းလဲသွားသည်။ အနာဂတ်တွင် ရောက်ရှိလာမည့် အအေးလှိုင်းဒဏ်ကြောင့် ရေပြင်များ ခဲသွားပါက ထိုက်ယန်တောင်သို့ လူအများအပြား ဝင်ရောက်လာနိုင်ကြောင်း သူ သဘောပေါက်သွားခြင်း ဖြစ်သည်။
လူတိုင်း သဘောပေါက် နားလည်သွားကြပြီး မည်သည့်ဘက်သို့ ဦးတည်ကြိုးစားရမည်ကို သိရှိသွားကြသည်။
ကျောက်ခိုင်က ရုတ်တရက် မေးလိုက်သည်။ "အစ်ကိုလင်း... ဟန်ရှန်းမန် တို့အဖွဲ့က ကျောက်တွင်းမှာ ကင်းစောင့်ပေးနေတာ ကြာပြီ... သူတို့ကိုကော ကျွန်တော်တို့လူလို့ သတ်မှတ်လို့ ရပြီလား"
လင်းယွမ်က ပြုံးလိုက်ပြီး "သူတို့ ဘယ်လိုသဘောထားလဲ ဆိုတဲ့အပေါ် မူတည်တာပေါ့"
"သူတို့အဖွဲ့က စည်းလုံးညီညွတ်မှု ရှိတယ်... အရင်ကလည်း ငါတို့ကို ကူညီဖူးတော့ သူတို့အဖွဲ့ကို အတင်းအဓမ္မ ဖြိုခွဲဖို့က မကောင်းဘူးလေ... ဒါကြောင့် အခုထိ ဘာမှမလုပ်ဘဲ ကြည့်နေခဲ့တာ"
လင်းယွမ်က ဆက်ပြောလိုက်သည်။ "ငါ သူနဲ့ သွားဆွေးနွေးကြည့်လိုက်ပါဦးမယ်"
တင်းယန်က လင်းယွမ်ကို စောင်းငဲ့ကြည့်ရင်း ပြောလိုက်သည်။ "ဟန်ရှန်းမန်က တော်တော်လှတာနော်"
လင်းယွမ်၏ အပြုံးများ တောင့်တင်းသွားပြီး ချောင်းဟန့်လိုက်မိသည်။ "အရေးကြီးကိစ္စ ပြောနေတာကို... ဘာလို့ သဝန်တိုနေရတာလဲ"
ကျောက်ခိုင်နှင့် အခြားသူများက ခေါင်းငုံ့ကာ အောင့်ရယ်နေကြသည်။
တင်းယန်က မျက်စောင်းထိုးရင်း ပြောလိုက်သည်။ "ကျွန်မ ကင်းသွားလှည့်တော့မယ်"
ကျောက်ခိုင်ကလည်း အလျင်အမြန် ပြောလိုက်သည်။ "ဟုတ်တယ် ဟုတ်တယ်... ကျွန်တော်လည်း သိုင်းဘုရင်ဂေဟာဘက် သွားကြည့်လိုက်ဦးမယ်"
လင်းယွမ် လက်ကာပြလိုက်ရာ လူတိုင်း လူစုခွဲသွားကြတော့သည်။
သူသည် ဝါးမျှော်စင်ပေါ်တွင် ရပ်လျက် မိုးသည်းထန်နေသည့် ရေပြင်ကျယ်ကို ငေးကြည့်ရင်း အတွေးများလွင့်မျောနေမိသည်။
နေ့လည်စာ စားပြီးနောက် လင်းယွမ်သည် ကျောက်တွင်းဘက်သို့ ရောက်လာခဲ့သည်။
လက်ရှိ ကျောက်တွင်းတွင် လူနှစ်စု ရှိသည်။ တစ်စုမှာ ဟန်ရှန်းမန်၏ လူများဖြစ်ပြီး နောက်တစ်စုမှာ ယခင်က ကျောက်တွင်းလုပ်သားဟောင်းများ ဖြစ်ကြသည်။
ထို့အပြင် နေ့စဉ် ကင်းလှည့်အဖွဲ့ လာရောက်ပြီး စွမ်းအင်ကျောက်တုံးများ သိမ်းဆည်းလေ့ရှိသည်။
ကျောက်တွင်းကိစ္စများကို လင်းယွမ်က ဝင်မပါဘဲ ဟန်ရှန်းမန်၏ လူများကိုသာ တာဝန်ပေးထားသည်။
သို့သော် လက်တွေ့တွင်မူ သူသည် ကျောက်တွင်း ထုတ်လုပ်မှုကို အမြဲ စောင့်ကြည့်နေပြီး ရန်မေကလည်း စာရင်းအင်းများကို တွက်ချက် မှတ်သားထားသည်။
ထို့ကြောင့် လင်းယွမ်သည် လူကိုယ်တိုင် မရောက်လာသော်လည်း ဤနေရာမှ အခြေအနေများကို ကောင်းစွာ သိရှိနေသည်။
သူ ဝင်မပါရခြင်းမှာ ဟန်ရှန်းမန်တို့အဖွဲ့၏ စိတ်ထားကို စမ်းသပ်လို၍ ဖြစ်သည်။ ဤကာလအတွင်း သူတို့ ကိုယ်ကျိုးရှာခြင်း ရှိမရှိ စောင့်ကြည့်နေခြင်း ဖြစ်သည်။
ဒုတိယအချက်မှာ ဟန်ရှန်းမန်၏ စီမံခန့်ခွဲမှု စွမ်းရည်ကို သိလို၍ ဖြစ်သည်။
ရလဒ်ကတော့ စိတ်ပျက်စရာ မရှိပေ။ ဟန်ရှန်းမန်၏ လူများမှာ လက်သန့်ပြီး အလုပ်လုပ်ရာတွင် တိကျသွက်လက်ကြသည်။
ဟန်ရှန်းမန်၏ စီမံခန့်ခွဲမှု စွမ်းရည်မှာလည်း ပြောစရာ မလိုပေ။ လူ (၂၀၀) ခန့်ရှိသော အဖွဲ့ကို စနစ်တကျ ထိန်းချုပ်ထားနိုင်ပြီး မကြာခဏဆိုသလို လူစုကာ အမဲလိုက် ထွက်လေ့ရှိသည်။
ဤအချက်များကို လင်းယွမ် အတော်လေး သဘောကျွန်မိသည်။ ယခုတစ်ခေါက် လာရခြင်းမှာလည်း အနာဂတ် အစီအစဉ်များအကြောင်း ဆွေးနွေးရန် ဖြစ်သည်။
"မင်္ဂလာပါ ဆရာလင်း"
"ဟာ... ဆရာလင်း လာတယ်ဟေ့"
ကျောက်တွင်း ရင်ပြင်တွင် ထိုင်နေသော လျောင်ထောင်း နှင့် ညိုတာ့မင် တို့က လင်းယွမ်ကို ဦးစွာ မြင်တွေ့သွားကြသည်။ သူတို့နှစ်ယောက်လုံး လက်ထဲမှ စစ်တုရင်ကို ပစ်ချကာ အလျင်အမြန် ထ၍ နှုတ်ဆက်ကြသည်။
သူတို့နှစ်ယောက်သည် ကျောက်တွင်းလုပ်သား ခေါင်းဆောင်များ ဖြစ်ကြသည်။ ယခုအခါ ကျောက်တွင်းကျွန်များ မဟုတ်ကြတော့ဘဲ လုပ်သားများအဖြစ် သတ်မှတ်ခံထားရပြီ ဖြစ်သည်။
လင်းယွမ် ခန့်အပ်ထားသော လုပ်သားခေါင်းဆောင် သုံးဦးတွင် သူတို့ ပါဝင်ပြီး လစာရသဖြင့် အခြားသူများထက် ပို၍ သက်သာသည်။
ညိုတာ့မင်မှာ အသက်ကြီးပြီဖြစ်၍ အခြားသူများကဲ့သို့ သတ္တုရိုင်း ရှာဖွေခြင်း၊ တူးဖော်ခြင်းများကို ပင်ပင်ပန်းပန်း မလုပ်ချင်တော့ပေ။
လျောင်ထောင်းမှာမူ အစွမ်းနိုးထရန် ဆန္ဒပြင်းပြနေသူ ဖြစ်သည်။ သူသည်လည်း ကျောက်တူးသည့် အလုပ်မှ ခွဲထွက်ကာ ဟန်ရှန်းမန်တို့ အဖွဲ့နှင့် ရောနှောပြီး အမဲလိုက် ထွက်ချင်နေသူ ဖြစ်သည်။
ယခုအချိန်တွင် ဟန်ရှန်းမန်တို့ အမဲလိုက် မထွက်ကြသဖြင့် သူတို့နှစ်ဦး အားလပ်နေကာ စစ်တုရင် ထိုးနေကြခြင်း ဖြစ်သည်။
သူတို့၏ စစ်တုရင်မှာ အလွန် ရိုးရှင်းသည်။ ကျောက်ပြားပေါ်တွင် အကွက်ဖော်ထားပြီး ကျောက်တုံးများကို အရောင်ခွဲကာ စာရေးထားသည့် ရိုးရှင်းသော စစ်တုရင်သာ ဖြစ်သည်။
ညိုတာ့မင်သည် ရေကြီးမှု မတိုင်ခင်ကတည်းက စစ်တုရင် ကစားခြင်းကို နှစ်သက်သူ ဖြစ်သည်။
ယခုလို အားလပ်ချိန် ရလာသောအခါ သူ၏ ဝါသနာကို ပြန်လည် အသက်သွင်းနေခြင်း ဖြစ်သည်။
မထင်မှတ်ထားသည်မှာ ဖျော်ဖြေရေး ရှားပါးသော ကျောက်တွင်းတွင် စစ်တုရင် ကစားခြင်းက ခေတ်စားလာခြင်းပင်။
နေ့လည် နားချိန်ရောက်တိုင်း သတ္တုမတူးသောသူများက လာရောက် ကစားလေ့ရှိကြသည်။
တစ်ခါတစ်ရံ လူနှစ်ယောက် ကစားသည်ကို ဘေးမှ လူတစ်ဒါဇင်လောက်က ဝိုင်းကြည့်ကာ ဝင်ရောက် အကြံပေးတတ်ကြသည်။
ဟန်ရှန်းမန်အဖွဲ့မှ ဦးလေးကော သည်ပင် မကြာခဏ လာရောက် ကစားလေ့ရှိသည်။
လင်းယွမ်က ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။ "ခင်ဗျားတို့ ကစားစရာရှိတာ ဆက်ကစားကြပါ... ဟန်ရှန်းမန်ကို ရှာချင်လို့... သူ ဘယ်မှာလဲ"
"ခေါင်းဆောင်ဟန်က တောအုပ်ထဲမှာပါ"
လင်းယွမ် အံ့ဩသွားသည်။ "မိုးရွာနေတာကို... အမဲလိုက်တာမဟုတ်ဘဲနဲ့ တောထဲမှာ ဘာလုပ်နေတာလဲ"
"ခေါင်းဆောင်ဟန်က ဂူထဲမှာ နေရတာ မွန်းကြပ်တယ်ဆိုပြီး တောထဲမှာ ကျောက်အိမ်ဆောက်ပြီး နေနေတာ" ဦးလေးညိုက ဝင်ပြောလိုက်သည်။
လင်းယွမ် ခေါင်းငြိမ့်လိုက်ပြီး "သိပြီ... ကျွန်တော် သွားရှာလိုက်မယ်" ဟု ပြောလိုက်သည်။
ထို့နောက် ညိုတာ့မင် ညွှန်ပြသော တောအုပ်ဘက်သို့ လျှောက်လာခဲ့သည်။
တောအုပ်ထဲသို့ ရောက်သောအခါ ကျောက်အိမ် (၁၀) လုံးကျော်ခန့် ဆောက်လုပ်ထားသည်ကို တွေ့လိုက်ရသည်။
ဟန်ရှန်းမန်၏ လူအတော်များများ ဒီနေရာတွင် နေထိုင်ကြပုံရသည်။
လင်းယွမ် လျှောက်လာစဉ် လော်ဟုန်မင်က အိမ်ရှေ့တွင် အပင်များကို ခွဲခြား စီစဉ်နေသည်ကို တွေ့လိုက်ရသည်။
လင်းယွမ်က ပြုံးလျက် မေးလိုက်သည်။ "လော်ဟုန်မင်... ဒီအပင်တွေ အများကြီး ဘယ်က ရလာတာလဲ"
"ဟင်... ဆရာလင်းပါလား" လော်ဟုန်မင်က မော့ကြည့်လိုက်ပြီး လင်းယွမ်ကို တွေ့သောအခါ ပြုံးလိုက်သည်။ "ဒါတွေက အမဲလိုက်ရင်း ခူးလာတာလေ... စားလို့ရမရတော့ မသိသေးဘူး... မီးဝါးတောဘက် ပြန်ရောက်ရင် ဆုန့်ဝမ် တို့ကို ပေးပြီး ဓာတ်ခွဲစမ်းသပ်ခိုင်းမလို့"
"တကယ်လို့ စားလို့ရရင် စားသုံးနိုင်တဲ့ သန္ဓေပြောင်း အပင်သစ်ကို ရှာတွေ့တာပဲလေ... အမှတ်တွေ အများကြီး ရမှာ"
ထိုအခါမှ လင်းယွမ် သတိရသွားသည်။ ဆုန့်ဝမ်တို့သည် တာဝန်ပေးအပ်ခြင်း ခန်းမတွင် စားသုံးနိုင်သော အပင်နမူနာ ရှာဖွေခြင်း တာဝန်ကို ရေရှည် သတ်မှတ်ပေးထားဖူးသည်။
အကယ်၍ စားသုံးနိုင်ကြောင်း အတည်ပြုနိုင်ပါက ဆုကြေးအနေဖြင့် အမှတ်အများအပြား ရရှိမည် ဖြစ်သည်။
ထို့ကြောင့် အမဲလိုက်အဖွဲ့ အများစုသည် အပြင်ထွက်ပါက သန္ဓေပြောင်း သတ္တဝါများကို သတ်ဖြတ်ရုံသာမက စားကောင်းမည့် အပင်များကိုလည်း ရှာဖွေ စုဆောင်းလေ့ရှိကြသည်။
စားရမရ သိနိုင်ရန်မှာမူ ဓာတ်ခွဲစမ်းသပ်ရမည် ဖြစ်သည်။
ဓာတ်ခွဲစမ်းသပ်သည် ဆိုသော်လည်း ပရော်ဖက်ရှင်နယ် ကိရိယာများ မရှိပေ။ ယခင် မိန်ဟိုင်ဥယျာဉ်မှ ဖမ်းဆီးရမိထားသော လူသားစား မိန်ဟွာဝက်များနှင့် မီးတိမ်ယုန်များ ရှိနေသေးသဖြင့် အဆင်ပြေနေခြင်း ဖြစ်သည်။
ထို သန္ဓေပြောင်း အပင်များကို တိရစ္ဆာန်များကို ဦးစွာ ကျွေးကြည့်ရသည်။ မသေဘူးဆိုလျှင် ဝမ်အန်း ကို မြည်းခိုင်းရသည်။
ဝမ်အန်းတွင် ကုသနိုင်သော အစွမ်းရှိသဖြင့် အဆိပ်သင့်လျှင်ပင် အသက်အန္တရာယ် မရှိပေ။
ယခုအခါ အဖွဲ့ထဲတွင် ဝမ်အန်းကို "လူသား ဓာတ်ခွဲစမ်းသပ်စက်" ဟု ခေါ်ဝေါ်နေကြပြီး ကျောက်ခိုင်နှင့် ဝူယင်တို့ကမူ သူ့ကို အဆိပ်စမ်းသပ် ဆရာကြီး ဟု နောက်ပြောင်လေ့ ရှိကြသည်။
ရန်ဆန်းမင်သည် ဝမ်အန်းကို အလွန် အလေးထားပြီး ဝမ်အန်းနှင့် ထန်ယင်း တို့နှစ်ဦးကို သူ့လက်ထောက်အဖြစ် အထူးတောင်းဆိုထားသည်။
ထိုအကြောင်းများ တွေးမိပြီး လင်းယွမ် ပြုံးမိသွားသည်။ ထို့နောက် လော်ဟုန်မင်ကို မေးလိုက်သည်။ "နင်တို့ ခေါင်းဆောင်ကော"
"အိမ်ထဲမှာ... ကျွန်မ လိုက်ပို့ပေးမယ်"
လော်ဟုန်မင်က လမ်းပြပေးသည်။ ကျောက်အိမ်နှစ်လုံးကို ကျော်ဖြတ်လာရာ ရှမင် နှင့် ကော့လီ တို့ ထွက်လာပြီး လင်းယွမ်ကို နှုတ်ဆက်ကြသည်။
လင်းယွမ်က ပြုံးပြ နှုတ်ဆက်ရင်း ဟန်ရှန်းမန်၏ ကျောက်အိမ်ရှေ့သို့ ရောက်လာခဲ့သည်။
လော်ဟုန်မင်က လှမ်းအော်လိုက်သည်။ "အမရှန်းမန်... ဆရာလင်း လာတယ်"
အိမ်ထဲမှ ရေကျသံများ ကြားလိုက်ရသည်။
လင်းယွမ် စိတ်ဝင်စားသွားသော်လည်း စိတ်စွမ်းအင်ဖြင့် အထဲသို့ ထိုးဖောက် စောင့်ကြည့်ခြင်း မပြုလုပ်ပေ။
ဟန်ရှန်းမန်က "ခဏလေးနော်" ဟု လှမ်းအော်လိုက်သည်။
မကြာမီ တံခါးပွင့်လာသည်။
သူက ဂျင်းဘောင်းဘီ အနက်ရောင်နှင့် ဒူးအထက်ထိမြင့်သော ဘွတ်ဖိနပ်ရှည်ကို စီးထားသည်။ အပေါ်ပိုင်းတွင် ကိုယ်ကျပ်လက်ရှည်အနက်နှင့် အမျိုးသားဝတ် ဂျာကင်အညိုကို ထပ်ဝတ်ထားသည်။
ဂျာကင်အင်္ကျီက ဆိုဒ်ကြီးနေသဖြင့် လက်ကောက်ဝတ်နားတွင် ဖြတ်ညှပ် ပြင်ဆင်ထားပုံ ရသည်။
သူ့မျက်နှာပေါက်က လှပပြီး အထူးသဖြင့် မျက်ခုံးနှင့် မျက်လုံးများက ယောကျ်ားဆန်သော တက်ကြွမှုမျိုး ရှိနေသည်။
နှာတံပေါ်ပေါ်၊ နှုတ်ခမ်းပါးပါးနှင့် တစ်ကိုယ်လုံး တက်ကြွ လန်းဆန်းနေပုံ ပေါက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "ဟန်ရှန်းမန်... စကားပြောလို့ အဆင်ပြေမလား... ကိစ္စလေး ရှိလို့ပါ"
ဟန်ရှန်းမန်က ခေါင်းငြိမ့်လိုက်ပြီး "ရပါတယ်... အထဲဝင်ပါ" ဟု ဖိတ်ခေါ်လိုက်သည်။
လော်ဟုန်မင်က သူတို့နှစ်ဦးကို ကြည့်ပြီး အလိုက်တသိ ပြောလိုက်သည်။ "ဆရာလင်း... အမရှန်းမန်... ဒါဆို ကျွန်မ သွားလိုက်ဦးမယ်"
"ကျေးဇူးပါပဲ လော်ဟုန်မင်"
"ဟီးဟီး... တာ့တာ"
လော်ဟုန်မင် ထွက်သွားပြီးနောက် လင်းယွမ် အိမ်ထဲသို့ ဝင်လိုက်သည်။
ကျောက်အိမ်လေးက မကျယ်ဝန်းလှပေ။ ရေချိုးခန်း၊ အိပ်ခန်းနှင့် မီးဖိုချောင် တွဲလျက် ဧည့်ခန်းဟူ၍ ခွဲထားသည်။
မီးဖိုချောင်ဟု ဆိုသော်လည်း သံဒယ်အိုးတစ်လုံး၊ ကျောက်မီးဖိုတစ်ခုနှင့် မီးတောက်ဝါးဖြင့် ပြုလုပ်ထားသော ခေါင်းတိုင်တစ်ခုသာ ရှိသည်။
ဧည့်ခန်းတွင် သစ်သားစားပွဲတစ်လုံးနှင့် သစ်တုံးထိုင်ခုံအချို့သာ ရှိပြီး အရာအားလုံး ရိုးရှင်းနေသည်။
"နေရာကတော့ နည်းနည်း ကျဉ်းတယ်... ကြိုက်သလိုသာ ထိုင်ပါ... ရေခပ်ပေးမယ်"
ဟန်ရှန်းမန်က လင်းယွမ် အိမ်ကို လိုက်ကြည့်နေသည်ကို မြင်သောအခါ အားနာသွားပြီး ရေထသွားထည့်လေသည်။
ခဏအကြာ ရေခွက်ကိုင်လျက် ပြန်ရောက်လာသည်။ "အရင်က ကျိုထားတဲ့ ရေနွေးပါ... ဒါပေမဲ့ ဓာတ်ဘူးမရှိတော့ အေးသွားပြီ... အားနာလိုက်တာ"
လင်းယွမ်က ခေါင်းခါရင်း ပြုံးလိုက်သည်။ "ရပါတယ်... အားလုံးက အစွမ်းပိုင်ရှင်တွေပဲ... ဒါလောက်က အရေးမကြီးပါဘူး"
"ကျွန်မကို ဘာကိစ္စ ပြောစရာရှိလို့လဲ" ဟန်ရှန်းမန်က ပွင့်လင်းသူပီပီ တဲ့တိုးပင် မေးလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး "သိပ်အကြီးကြီးတော့ မဟုတ်ပါဘူး... ခင်ဗျားတို့ ရှေ့ဆက်ပြီး ဘာလုပ်ဖို့ စိတ်ကူးထားလဲ ဆိုတာ မေးချင်လို့ပါ"
ဟန်ရှန်းမန် ကြောင်သွားပြီးနောက် ချက်ချင်း သဘောပေါက်လိုက်သည်။ လင်းယွမ်က ကျောက်တွင်း ထိန်းချုပ်ခွင့်ကို ပြန်ယူချင်နေပြီ ဖြစ်သည်။
ဒီကာလတလျှောက်လုံး သူတို့က ကိုယ်စား ဝင်ထိန်းပေးထားခြင်းသာ ဖြစ်သည်။
ဟန်ရှန်းမန် ခေတ္တမျှ တွေဝေနေပြီးနောက် ဆုံးဖြတ်ချက် ချလိုက်သည်။ "ကိုလင်းယွမ်... ကျွန်မတို့ ထိုက်ယန်တောင်ကို ရောက်လာတာ မလွယ်ပါဘူး... ရှင်နဲ့ မိတ်ဆွေဖြစ်ခွင့်ရတာ ဝမ်းသာပါတယ်... ကျွန်မ တစ်ခုလောက် မေးချင်တယ်... တကယ်လို့ ကျွန်မတို့ မီးဝါးတော ခိုလှုံရေးစခန်းကို ဝင်ရောက် ပူးပေါင်းချင်တယ် ဆိုရင်ကော... လက်ခံပေးနိုင်မလား"
လင်းယွမ်၏ အပြုံးက ပိုမို ပီပြင်လာသည်။ "ဟန်ရှန်းမန်... ခင်ဗျားကလည်း စိမ်းကားလိုက်တာ... ခင်ဗျားတို့ နေချင်တယ်ဆိုရင် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတာပေါ့"
"ဒီနေ့ လာတာကလည်း ခင်ဗျားတို့ကို တရားဝင် ဖိတ်ခေါ်ချင်လို့ပါ"
"အခုဆို မီးဝါးတော ခိုလှုံရေးစခန်းက တိုးတက်နေပြီ... ကုန်တိုက်ကြီး အခြေစိုက်စခန်းလည်း ပြီးတော့မယ်ဆိုတော့ လူအင်အား အများကြီး လိုအပ်နေတာ"
"ခင်ဗျားတို့ ပူးပေါင်းမယ်ဆိုရင် ဒီလို ကျောက်တွင်းမှာပဲ ထားမနေပါဘူး... နေရာကောင်းတွေ ပေးမှာပါ"
ဟန်ရှန်းမန်လည်း ပြုံးလိုက်သည်။ "ဒီစကားတစ်ခွန်းနဲ့တင် လုံလောက်ပါပြီ... အဖွဲ့သားတွေ ကိုယ်စား ကျွန်မ လက်ခံပါတယ်... မီးဝါးတော ခိုလှုံရေးစခန်းကို ဝင်ရောက် ပူးပေါင်းပါ့မယ်"
လင်းယွမ်က ထရပ်လိုက်ပြီး လက်ကမ်းပေးလိုက်သည်။ "ကြိုဆိုပါတယ်"
ဟန်ရှန်းမန်ကလည်း အလျင်အမြန် ထရပ်ကာ လင်းယွမ်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ "ကျေးဇူးတင်ပါတယ်"
လင်းယွမ်က သူ့လက်ဖဝါး အေးစက်နေသည်ကို သတိထားမိလိုက်သည်။ "အအေးမိဦးမယ်... ဂရုစိုက်ဦးနော်"
ဟန်ရှန်းမန် ကြောင်သွားပြီး မျက်နှာ ရဲသွားသည်။ လက်ကို အလျင်အမြန် ပြန်ရုတ်လိုက်သည်။
လင်းယွမ်လည်း စကားလွန်သွားမှန်း သတိထားမိလိုက်ပြီး ချောင်းဟန့်လိုက်သည်။ "ကျွန်တော် ဆိုလိုတာက... ရာသီဥတု အေးလာပြီး ဆောင်းဝင်တော့မှာမို့လို့... အဖွဲ့သားတွေကို အနွေးထည် ဝတ်ဖို့ သတိပေးခိုင်းတာပါ"
ဟန်ရှန်းမန်က "အင်း" ဟုသာ တုံ့ပြန်လိုက်သည်။
စစ်တပ်မှ ထုတ်ပြန်သော အအေးလှိုင်း သတင်းကို လင်းယွမ် ထုတ်မပြောချင်သေးပေ။ လူထု အထိတ်တလန့် ဖြစ်မည်စိုးသောကြောင့် ဖြစ်သည်။
"နောက်တစ်ချက် ရှိသေးတယ်... ကြိုပြောထားချင်လို့ပါ... စိတ်မရှိပါနဲ့နော်"
"ပြောပါ"
"ခင်ဗျားတို့ အဖွဲ့က လူတွေကို ကင်းလှည့်အဖွဲ့တွေနဲ့ တခြားနေရာတွေမှာ လူစုခွဲပြီး နေရာချထားရလိမ့်မယ်... ဒါကိုတော့ ကြိုပြီး ပြင်ဆင်ထားစေချင်တယ်"
ဟန်ရှန်းမန် တိတ်ဆိတ်သွားသည်။ ခေါင်းဆောင်တစ်ယောက် အနေဖြင့် လင်းယွမ်၏ ရည်ရွယ်ချက်ကို သူ ကောင်းကောင်း နားလည်သည်။
ဤနည်းလမ်းဖြင့် သူ့အဖွဲ့ကို ဖြိုခွဲပြီး အဖွဲ့သားများအပေါ် လွှမ်းမိုးထားသော သူ့သြဇာကို ဖျက်ပစ်လိုခြင်း ဖြစ်သည်။
အမှန်တိုင်း ဝန်ခံရလျှင် သူမ နည်းနည်းတော့ မခံမရပ်နိုင် ဖြစ်မိသည်။
သို့သော် လင်းယွမ်ဘက်က ကြည့်လျှင်လည်း ဒါက လုပ်သင့်လုပ်ထိုက်သော ကိစ္စမှန်း သူ နားလည်သည်။
ထိုက်ယန်တောင် တစ်ခုလုံးကို လင်းယွမ် ပိုင်ဆိုင်သည်။ သူ လိုချင်သည်မှာ တစ်စုတစ်စည်းတည်း ရှိသော ခိုလှုံရေးစခန်း ဖြစ်သည်။ အတွင်း၌ အုပ်စုကွဲများ၊ ဂိုဏ်းဂဏများ ရှိနေခြင်းကို လိုလားမည် မဟုတ်ပေ။
ထိုသို့ အုပ်စုကွဲများ ရှိနေပါက ရေရှည်အတွက် မကောင်းပေ။
ဟန်ရှန်းမန် ခဏမျှ စဉ်းစားပြီးနောက် ပြတ်သားသော အကြည့်ဖြင့် လင်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။ "သဘောတူပါတယ်... အဖွဲ့သားတွေကို ကျွန်မကိုယ်တိုင် နားလည်အောင် ပြောပြပါ့မယ်... ရှင့်ကို စိတ်အနှောင့်အယှက် မဖြစ်စေရပါဘူး"
လင်းယွမ် ပြုံးလိုက်သည်။ "ခင်ဗျားက ဒီလို သဘောထားကြီးတော့ ကျွန်တော်လည်း တစ်ခုခု ပြန်ပေးရမှာပေါ့... ခင်ဗျားတို့အဖွဲ့က သာမန်လူတွေကို တခြားသူတွေထက် ဦးစားပေးပြီး ကုန်တိုက်ကြီးထဲက အလုပ်တွေ ခန့်အပ်ပေးမယ်... လစဉ်ရမယ့် အမှတ်တွေလည်း ပိုပေးမယ်"
ဟန်ရှန်းမန် ဝမ်းသာအားရ ဖြစ်သွားပြီး ဦးညွှတ်ကာ ကျေးဇူးတင်လိုက်သည်။ "ကျေးဇူးပါပဲ ကိုလင်းယွမ်... စိတ်ချပါ... ဒီအချက်နဲ့တင် သူတို့အားလုံး ကျေကျေနပ်နပ် လက်ခံကြမှာပါ"
"ဒါဆို သတင်းကောင်း စောင့်နေမယ်နော်"
"ကောင်းပါပြီ"
အလုပ်ကိစ္စ ပြောပြီးနောက် ဟန်ရှန်းမန်က မေးလိုက်သည်။ "ဟို ဖုန်းဟွမ်ဘုရားကျောင်းက ခေါင်းဆောင်ရော... မတွေ့မိပါလား"
"ထူလုံ လား"
"ဟုတ်တယ်... ထူလုံ လေ... အရင်က ရှင့်ဘေးနားမှာ အမြဲ တွေ့နေရတာ"
လင်းယွမ် ပြုံးလိုက်သည်။ "ကိစ္စလေးတစ်ခု ရှိလို့ လွှတ်လိုက်တာ... အခုထိ ပြန်မလာသေးဘူး"
ဟန်ရှန်းမန် မျက်မှောင်ကြုတ်လိုက်သည်။ "ထွက်ပြေးသွားတာတော့ မဟုတ်ပါဘူးနော်"
"ပြေးလည်း ပြေးပါစေပေါ့... ထိုက်ယန်တောင်မှာ သူ မရှိလည်း ဖြစ်ပါတယ်"
"ပြန်လာပြီး လက်စားချေမှာ မကြောက်ဘူးလား" ဟန်ရှန်းမန်က စိုးရိမ်တကြီး မေးလိုက်သည်။
လင်းယွမ်က ခေါင်းခါလိုက်သည်။ "သူ မလုပ်ရဲပါဘူး"
ဟန်ရှန်းမန် မသိသည်မှာ ထူလုံ၏ ခန္ဓာကိုယ်တွင် လီယွဲ့ကျင်း၏ စိတ်ဝိညာဉ်အမှတ်အသား ခပ်နှိပ်ထားပြီး ဖြစ်သည်။ အဝေးကြီး ရောက်နေလျှင်ပင် မည်သည့်နေရာတွင် ရှိနေကြောင်း အာရုံခံနိုင်သည်။
လီယွဲ့ကျင်း၏ အစွမ်းမှာ စိတ်ဝိညာဉ်အမှတ်အသား ဖြစ်သည်။
ပစ်မှတ်ကို အမှတ်အသား ခပ်နှိပ်ထားပါက အကွာအဝေး အတော်ဝေးဝေးထိ အာရုံခံနိုင်သည်။
စိတ်စွမ်းအင် အပိုင်းနှင့် ပတ်သက်သော အစွမ်းတစ်ခု ဖြစ်သည်။
လီယွဲ့ကျင်းသည် စိတ်စွမ်းအင် အားကောင်းသူ ဖြစ်သဖြင့် သိုင်းဘုရင်ဂေဟာတွင် ရေကွင်းသင်္ကေတကို ပထမဆုံး ဖန်တီးနိုင်သူ ဖြစ်လာခဲ့သည်။
ဤအစွမ်းမှာ တိုက်ခိုက်ရာတွင် မကောင်းသော်လည်း ရန်သူကို ခြေရာခံရာတွင်မူ အလွန် အသုံးဝင်သည်။
ထို့ကြောင့်လည်း လင်းယွမ်သည် ထူလုံကို စိတ်ချလက်ချ လွှတ်ထားခြင်း ဖြစ်သည်။
စကားပြောပြီးနောက် လင်းယွမ် ပြန်ရန် ပြင်လိုက်သည်။ အိမ်ထဲမှ မထွက်ခွာမီ တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။
"သြော်... မီးဝါးတောဘက်က ကျောက်နံရံတွေမှာ နေရာလွတ်တွေ ရှိသေးတယ်... အခု လူမများသေးပေမယ့် နောက်ပိုင်း လူတွေ ထပ်ရောက်လာနိုင်တယ်"
"အဲ့ဒီနေရာက မြေတွေက တန်ဖိုးကြီးလာမှာ... ခင်ဗျားတို့ အဲ့ဒီဘက်မှာ နေချင်ရင် အခုကတည်းက အိမ်ဆောက်ဖို့ စီစဉ်ထားကြပေါ့"
"ချိုင့်ဝှမ်းထဲမှာတော့ မနေနဲ့... ဝါးမျှော်စင်နားမှာပဲ နေကြ"
ဟန်ရှန်းမန် ကြောင်သွားပြီးနောက် ဝမ်းသာအားရ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ကိုလင်းယွမ်... ကျွန်မ အဖွဲ့သားတွေကို ပြောလိုက်ပါ့မယ်"
လင်းယွမ် ပြုံး၍ လက်ပြနှုတ်ဆက်ကာ ကျောက်တွင်းမှ ထွက်ခွာလာခဲ့သည်။
မီးဝါးတော အနောက်ဘက် ချိုင့်ဝှမ်းသည် အနာဂတ်တွင် ပိုမို စည်ကားလာမည်မှာ အသေအချာပင်။
အအေးလှိုင်း ဝင်ရောက်လာပြီး ရေပြင်ကြီး ခဲသွားပါက ရေလွှမ်းနေသော အထပ်မြင့်တိုက်များပေါ်မှ လူများသည် ထိုက်ယန်တောင်သို့ လာရောက် ခိုလှုံကြလိမ့်မည်။
ထိုအချိန်ကျလျှင် ခိုလှုံရေးစခန်းသည် စိန်ခေါ်မှုကြီးများနှင့် ရင်ဆိုင်ရမည် ဖြစ်သဖြင့် ထိုမတိုင်မီ အင်အားတောင့်တင်းအောင် တည်ဆောက်ထားရမည်။
"လူအင်အား နည်းသေးတယ်"
လူတစ်ထောင်ကျော်ရှိသော ခိုလှုံရေးစခန်းမှာ များသည်ဟု ထင်ရသော်လည်း ထိုက်ယန်တောင် တစ်ခုလုံးနှင့် ယှဉ်လျှင် အလွန် နည်းပါးနေသေးသည်။
ထိုလူတစ်ထောင်တွင် တိုက်ခိုက်နိုင်စွမ်း ရှိသူမှာ (၇၀) ရာခိုင်နှုန်း မပြည့်ပေ။
ကျန်သူများမှာ သက်ကြီးရွယ်အို၊ ကလေးများနှင့် အမျိုးသမီးများ ဖြစ်ကြသည်။
ထို (၇၀) ရာခိုင်နှုန်းတွင်လည်း အစွမ်းပိုင်ရှင် ဦးရေမှာ (၁၀) ရာခိုင်နှုန်းပင် မရှိပေ။
အများစုမှာ လူငယ်လူရွယ်များ ဖြစ်ကြပြီး တိုက်ခိုက်နိုင်စွမ်း ရှိသော်လည်း အစွမ်းပိုင်ရှင်များနှင့် ယှဉ်လျှင် ဘာမှ မဟုတ်ပေ။
"အစွမ်းပိုင်ရှင်တွေကို ပိုစုဆောင်းရမယ်... ဒါပေမဲ့ လူတိုင်းကို လက်ခံလို့တော့ မဖြစ်ဘူး"
ရေကြီးရေလျှံမှု ကပ်ဘေးတွင် ကိုယ်ကျင့်တရားများ ပျက်စီးကုန်ကြပြီ ဖြစ်သည်။ အစွမ်းပိုင်ရှင်များသည် အစွမ်းထက်ကြသော်လည်း ကိုယ်ကျင့်တရား ကောင်းမွန်သူ ရှားပါးလှသည်။
စွမ်းအား ကြီးမားလာသည်နှင့်အမျှ လိုအင်ဆန္ဒများလည်း ပိုမို ကြီးထွားလာတတ်သည်။
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ တိုးပွားလာကာ မကောင်းမှု ဒုစရိုက် လုပ်ရန် ဝန်မလေးကြတော့ပေ။
လင်းယွမ် အနေဖြင့် စည်းကမ်းမလိုက်နာသော၊ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်သော သူမျိုးများကို လက်ခံမည် မဟုတ်ပေ။
"ထိုက်ယန်တောင် ပတ်ဝန်းကျင်က အထပ်မြင့်တိုက်တွေမှာ ကျန်နေတဲ့သူတွေကို ကယ်ဆယ်ရေး စလုပ်သင့်ပြီ"
"ဒီကိစ္စကို လင်းယုန်ငှက်အဖြစ် ပြောင်းနိုင်တဲ့ ထူလုံ ကို ခိုင်းရင် ပိုကောင်းမယ်... သူ ဘယ်တော့မှ ပြန်ရောက်မလဲ မသိဘူး"
"ခိုင်းလိုက်တဲ့ ကိစ္စကော အဆင်ပြေရဲ့လား မသိဘူး"
လင်းယွမ်သည် မျက်မှောင်ကြုတ်လျက် တောအုပ်ထဲတွင် လျှောက်သွားရင်း တောနက်ထဲသို့ ရောက်မှန်းမသိ ရောက်လာခဲ့သည်။
ရုတ်တရက် သူ ခြေလှမ်းတုံ့သွားသည်။ အတွေးများ ရပ်တန့်သွားပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။
"ဟင်... ဒီနေရာက ဘာလို့ ဒီလောက် တိတ်ဆိတ်နေရတာလဲ"
ဆက်ရန်...