← Chapters

အခန်း (၂၅၉-၂၆၀)

Vol. 13 Ch. 259-260

အခန်း (၂၅၉-၂၆၀)

Vol. 13 Ch. 259-260

အပိုင်း(၂၅၉) ရွှေနက်မျောက်ဝံကြီး

လင်းယွမ်က ပတ်ဝန်းကျင်တစ်ခွင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ အနီးအနားရှိ တောအုပ်ထဲတွင် လှုပ်ရှားမှုနှင့် အသံဗလံဟူ၍ မရှိသလောက်ပင် ဖြစ်နေသည်။

လေတိုက်သံနှင့် မိုးရွာသံမှလွဲ၍ သန္ဓေပြောင်း သတ္တဝါတစ်ကောင်၏ အရိပ်အယောင်မျှပင် မတွေ့ရပေ။

ဤအခြေအနေက အလွန်ပုံမှန်မဟုတ်ပေ။ ဤနေရာသည် ထိုက်ယန်တောင်၏ အတွင်းပိုင်းကျသော နေရာဖြစ်ကြောင်း သိထားရမည်။ ကင်းလှည့်အဖွဲ့များပင်လျှင် ဤမျှအထိ နက်ရှိုင်းသော နေရာမျိုးသို့ ဝင်ရောက်လေ့မရှိကြ။

လင်းယွမ်ကဲ့သို့ သတ္တိနှင့် အရည်အချင်း ပြည့်စုံသူသာလျှင် ထိုက်ယန်တောင်တွင် စိတ်ကြိုက် သွားလာရဲခြင်း ဖြစ်သည်။

လင်းယွမ်သည် ရှေ့သို့ ပေပေါင်းရာချီခန့် ဆက်လျှောက်သွားပြီးနောက် ရုတ်တရက်ဆိုသလိုပင် ရှေ့နား၌ ကြီးမားသော ထင်းရှူးပင်ကြီးများစွာ မြေပြင်ပေါ်သို့ လဲကျနေသည်ကို တွေ့လိုက်ရသည်။

မြေကြီးပေါ်တွင်လည်း ကြီးမားလှသော ခြေရာကြီးများ တန်းစီလျက် ရှိနေလေသည်။

ထိုခြေရာများသည် လူသားတို့၏ ခြေဖဝါးနှင့် ဆင်တူသော်လည်း ဖိနပ်ရာမဟုတ်ဘဲ ခြေဗလာဖြင့် နင်းထားသော ခြေရာမျိုး ဖြစ်သည်။

ခြေရာက အလွန်ကြီးမားပြီး လင်းယွမ်၏ ခန့်မှန်းချက်အရ ခြေဖဝါးတစ်ခုတည်းပင် (၃) ပေကျော်ခန့် ရှိလိမ့်မည်။

ဤခြေရာပိုင်ရှင်၏ အရပ်အမောင်းသည် အနည်းဆုံး (၂၃) ပေအထက်တွင် ရှိလိမ့်မည်ဟု သူက ချက်ချင်း တွက်ချက်လိုက်သည်။

"ဟို ရွှေနက်မျောက်ဝံကြီးများလား"

"မဖြစ်နိုင်ဘူး... အဲဒီ ရွှေနက်မျောက်ဝံကြီးက အနည်းဆုံး ပေ (၃၀)၊ (၄၀) လောက် မြင့်တာ"

လင်းယွမ်က ခြေရာများအတိုင်း အလျင်အမြန် ခြေရာခံ လိုက်ပါသွားတော့သည်။

ခြေရာများက အလွန်များပြားပြီး ရှုပ်ပွနေသည်။ အချို့ခြေရာများမှာ ကြာမြင့်နေပြီဖြစ်၍ မိုးရေများ တင်ကျန်ကာ ရေအိုင်ငယ်များ ဖြစ်နေကြပြီ ဖြစ်သည်။

မကြာမီမှာပင် လင်းယွမ်သည် ကြီးမားသော ဂူပေါက်ကြီးတစ်ခုရှေ့သို့ ရောက်ရှိသွားပြီး ခြေရာအချို့သည် ဂူအတွင်းသို့ ဝင်ရောက်သွားကြောင်း တွေ့လိုက်ရသည်။

လင်းယွမ်က ဂူပေါက်ဝကို လှမ်းကြည့်လိုက်ပြီး... "ဒါ သူ့ရဲ့ ဂူလား"

သူက ချက်ချင်းပင် မြေလျှိုးအစွမ်းကို ထုတ်သုံးကာ မြေကြီးထဲသို့ လျင်မြန်စွာ တိုးဝင်လိုက်သည်။

မြေအောက်မှနေ၍ အလျင်အမြန် လှုပ်ရှားသွားလာရင်း မကြာမီ ဂူအတွင်းသို့ ရောက်ရှိသွားတော့သည်။

သူက မြေကြီးပေါ်သို့ ပြန်မတက်သေးဘဲ စိတ်စွမ်းအင်ကို အသုံးပြု၍ ဂူတစ်ခုလုံးကို အရင်စစ်ဆေးလိုက်သည်။

ဤဂူသည် သူခန့်မှန်းထားသည်ထက် များစွာ ပိုမိုကျယ်ဝန်းနေသည်။

ဂူတစ်ခုလုံး၏ ဖွဲ့စည်းပုံမှာ သတ္တုတွင်းနယ်မြေရှိ မြေအောက်ခန်းမဆောင်ကဲ့သို့ပင် အဝင်ပေါက် ကျဉ်းသော်လည်း အတွင်းဘက်တွင်မူ အလွန်ကျယ်ဝန်းလှသည်။

မျောက်အော်သံ အများအပြားကိုလည်း လင်းယွမ် သတိထားမိလိုက်သည်။

သူ၏ စိတ်စွမ်းအင်ဖြင့် ပေ (၁၆၀) ဝန်းကျင်အထိ ဖြန့်ကြက်ထောက်လှမ်းလိုက်သော်လည်း ဂူအတွင်းပိုင်း အခြေအနေတစ်ခုလုံးကို လွှမ်းခြုံနိုင်ခြင်း မရှိသေးပေ။

သို့သော် စိတ်စွမ်းအင် ထောက်လှမ်းနိုင်သည့် အတိုင်းအတာအတွင်း၌ပင် မျောက် (၇) ကောင်ထက်မနည်း ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။

ထိုမျောက်အများစုမှာ သန္ဓေပြောင်းလဲခြင်းများ ဖြစ်ပေါ်နေကြပြီဖြစ်ပြီး ခန္ဓာကိုယ်အရွယ်အစားမှာလည်း ရေကြီးရေလျှံမှု မတိုင်ခင်က မျောက်များထက် များစွာ ပိုကြီးမားကြသည်။ အကောင်အသေးဆုံးပင်လျှင် (၆) ပေကျော် (၇) ပေခန့် ရှိလေသည်။

အကောင်ကြီးများဆိုလျှင် ပေ (၂၀) ကျော်အထိပင် ရှိကြသည်။

"ဒီမျောက်တွေက ရွှေနက်မျောက်ဝံကြီးရဲ့ အုပ်စုဝင်တွေများလား"

မျောက်ဟူသည်မှာ အုပ်စုဖွဲ့ နေထိုင်တတ်သော သတ္တဝါများဖြစ်ရာ ရွှေနက်မျောက်ဝံကြီး ရှိနေမှတော့ ၎င်း၏ မျိုးနွယ်တူများ မရှိဘဲ နေပါ့မလားဟု လင်းယွမ် သံသယဝင်သွားသည်။

ယခင်က ဤကိစ္စကို လင်းယွမ် သတိမထားမိခဲ့သော်လည်း ယခုမှပင် ထိုက်ယန်တောင်၌ ဤကဲ့သို့သော မျောက်အုပ်စုတစ်စု ရှိနေသည်ကို ရုတ်တရက် ရှာဖွေတွေ့ရှိလိုက်ခြင်း ဖြစ်သည်။

အကယ်၍သာ ဤမျောက်များသည် ဂူအပြင်ဘက်သို့ ထွက်ခွာပြီး လျှောက်သွားကြမည်ဆိုပါက ခိုလှုံရေးစခန်းမှ လူများအတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်လာပေလိမ့်မည်။

လင်းယွမ်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ချက်ချင်း ယှက်သန်းသွားသည်။ ဤမျောက်များကို အရှင်ထား၍ မဖြစ်ပေ။

လက်တွေ့တွင်လည်း မျောက်အများစုသည် ပြင်းထန်သော ရန်လိုတိုက်ခိုက်လိုစိတ် ရှိကြသည်။

ရေကြီးရေလျှံမှု မဖြစ်ပွားမီကပင် မျောက်များ လူကို ရန်ပြုသည့် သတင်းများကို မကြာခဏ တွေ့မြင်ခဲ့ရဖူးသည်။

ထိုက်ယန်တောင်အနီးရှိ ရပ်ကွက်များတွင် မျောက်များ အိမ်ထဲဝင်ကာ ခိုးဝှက်သည့် သတင်းများပင် ရှိခဲ့ဖူးပြီး ထိုစဉ်က လင်ကျန်းမြို့၌ အတော်လေး ဟိုးလေးတကျော် ဖြစ်ခဲ့ဖူးသည်။

အဘယ်ကြောင့်ဆိုသော် ခိုးယူသွားသည်မှာ သာမန်အစားအသောက် မဟုတ်ဘဲ ထိုအိမ်မှ လသားအရွယ် ကလေးငယ်တစ်ဦး ဖြစ်နေသောကြောင့်ပင်။

ကံကောင်းထောက်မစွာဖြင့် အချိန်မီ ပြန်လည်တွေ့ရှိခဲ့သဖြင့် ဝမ်းနည်းဖွယ် အဖြစ်ဆိုးကြီး မကြုံခဲ့ရပေ။

သို့သော် ထိုကလေးငယ်မှာ မျောက်ကုတ်ဖဲ့ထားသည့် ဒဏ်ရာများ ရရှိခဲ့လေသည်။ ထိုအချိန်မှစ၍ ထိုက်ယန်တောင် ရှုခင်းသာနယ်မြေတွင် တောရိုင်းမျောက်များအပေါ် စီမံခန့်ခွဲမှု ပိုမိုတင်းကျပ်လာခဲ့သည်။

ထိုက်ယန်တောင်ဝန်းကျင်ရှိ ရပ်ကွက်များမှ အိမ်တိုင်းလိုလိုတွင်လည်း သံပန်းတံခါးများ တပ်ဆင်လာကြသည်။

ထိုအကြောင်းများကို တွေးမိသည်နှင့် လင်းယွမ်သည် တွေဝေမနေတော့ဘဲ ချက်ချင်း လက်ဦးမှု ရယူလိုက်တော့သည်။

စိတ်ဝိညာဉ်ရိုက်ခတ်အစွမ်း တစ်ခုကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

"ဝီ"

ရုတ်ချည်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင် လှိုင်းလုံးကြီးများ လိမ့်တက်လာပြီး မျောက်အုပ်စုဆီသို့ ဧရာမ ရေလှိုင်းကြီးတစ်ခု ရိုက်ခတ်ချလိုက်သကဲ့သို့ ဝင်ရောက်တိုက်ခိုက်လိုက်သည်။

"ဘုန်း... ဘုန်း... ဘုန်း"

မျောက်များသည် သနားစဖွယ် အော်မြည်သံပင် မပြုနိုင်လိုက်ကြဘဲ အရက်မူးနေသူများကဲ့သို့ ယိုင်နဲ့သွားကြကာ ကျောက်တိုင်များ၊ နံရံများပေါ်မှ တဘုန်းဘုန်း ပြုတ်ကျကုန်ကြသည်။

တဘုန်းဘုန်း ပြုတ်ကျသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် အတွင်းပိုင်းရှိ အခြားမျောက်များမှာလည်း ထိတ်လန့်တကြား အော်ဟစ်ကုန်ကြသည်။

လင်းယွမ်ကမူ မတုန်မလှုပ်ပင် ဆက်လက်၍ အခြားမျောက်များကို လိုက်လံသတ်ဖြတ်လေသည်။

ထိုအချိန်မှာပင် ရုတ်တရက် စိတ်စွမ်းအင်တစ်ခုက ပြင်းထန်စွာ ရုန်းကန်လာပြီး သူ၏ စိတ်ဝိညာဉ်ရိုက်ခတ်မှုကို ခက်ခက်ခဲခဲ တောင့်ခံလိုက်ကာ ဂူပေါက်ဝဆီသို့ ချက်ချင်း ထွက်ပြေးသွားသည်။

လင်းယွမ်က တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် နောက်တစ်ခဏ၌ မြေကြီးထဲမှ ရုန်းကန်ထွက်လိုက်သည်။

"ဝှစ်"

သူ၏ ခန္ဓာကိုယ်က ရွေ့လျားသွားသည်နှင့် လေထဲတွင် အရိပ်တစ်ခု ကျန်ရစ်ခဲ့ပြီး ပြန်လည်ပေါ်လာချိန်တွင် ထွက်ပြေးနေသော မျောက်၏ ခေါင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ဘုန်း"

လင်းယွမ်က ညင်သာစွာ လက်ညှိုးတောက်လိုက်ရုံဖြင့် ခွန်အား (၅၀) မှတ်၏ စွမ်းအားများ ရုတ်ခြည်း ပေါက်ကွဲထွက်သွားကာ လေထုကွဲအက်သံများ ဆူညံစွာ မြည်ဟည်းသွားသည်။

ကျည်ဆန်တစ်တောင့်ပမာ အားကောင်းလှသော လက်ညှိုးတောက်အားသည် လေပြင်းများကို သယ်ဆောင်လျက် ထိုမျောက်နက်၏ ခေါင်းကို ထိမှန်သွားတော့သည်။

နောက်တစ်ခဏတွင် မျောက်နက်၏ ဦးခေါင်းသည် ချက်ချင်း ပေါက်ကွဲထွက်သွားပြီး "ခွပ်" ခနဲ အသံနှင့်အတူ မာကျောသော ဦးခေါင်းခွံရိုးတစ်ခု ပေါ်ထွက်လာသည်။

လင်းယွမ်က တစ်ချက်ကြည့်လိုက်ပြီး အာမေဋိတ်သံ ပြုလိုက်မိသည်။

ဦးခေါင်းခွံရိုးပေါ်တွင် ရှုပ်ထွေးပွေလီသော အကွက်အဆင်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရရာ သင်္ကေတအရိုးတစ်ချောင်း ဖြစ်နေမှန်း သိလိုက်ရသည်။

လင်းယွမ်က ထိုအရိုးကို ကောက်ယူလိုက်ပြီးနောက် မျောက်နက်၏ အလောင်းကို ပစ္စည်းသိုလှောင်ခန်းထဲသို့ ပစ်ထည့်လိုက်သည်။

ထို့နောက် ဂူထဲသို့ ပြန်လှည့်ဝင်ကာ ကျန်ရှိနေသော မျောက်အလောင်းအားလုံးကို သိမ်းဆည်းလိုက်သည်။

တစ်ချိန်တည်းမှာပင် အခြားသော သင်္ကေတအရိုးများ ရရှိနိုင်မည့် မျောက်များ ရှိမရှိ လိုက်လံစစ်ဆေးကြည့်သည်။

ကံဆိုးစွာဖြင့် သင်္ကေတများမှာ ထိုမျှလွယ်ကူစွာ ဖြစ်ပေါ်လာခြင်း မရှိသဖြင့် လင်းယွမ်အနေဖြင့် အခြားသင်္ကေတများကို ထပ်မတွေ့ရတော့ပေ။

သို့သော် ထောင့်တစ်နေရာတွင် (၃) ပေခန့်သာရှိသော မျောက်ကလေးတစ်ကောင်ကို ရှာဖွေတွေ့ရှိလိုက်သည်။

ဤမျောက်ကလေးမှာ မွေးဖွားပြီးစသာ ရှိသေးဟန်တူပြီး မျက်လုံးပင် မဖွင့်နိုင်သေးဘဲ မျောက်မကြီး အလောင်း၏ ရင်ခွင်ထဲတွင် တခေါခေါ အိပ်ပျော်နေလေသည်။

လင်းယွမ်က ရှင်းပစ်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိပြီး ရပ်တန့်လိုက်သည်။ "ဒီမျောက်က ဒီလောက် သေးသေးလေးဆိုတော့... အိမ်မွေးတိရစ္ဆာန်အဖြစ် ယဉ်ပါးလာအောင် မွေးမြူလို့ ရမလား မသိဘူး"

လင်းယွမ်က ခေတ္တမျှ စဉ်းစားပြီးနောက် ချက်ချင်း လက်စမသတ်လိုက်တော့ပေ။

ဟွမ်ဟန်၏ ရွှေစပါးအုံးမြွေကို သူ သတိရသွားသည်။

ဟွမ်ဟန်သည် သားရဲထိန်းချုပ်အစွမ်းကို ပိုင်ဆိုင်ထားပြီး ရွှေစပါးအုံးမြွေနှင့် စိတ်ချင်းဆက်သွယ်နိုင်ကာ နှစ်ဦးသား ပူးပေါင်းလိုက်ပါက တိုက်ခိုက်စွမ်းရည်မှာ မသေးလှပေ။

အကယ်၍ သူမကို မျောက်တစ်ကောင် ထပ်မံမွေးမြူစေမည်ဆိုလျှင် သူမ၏ တိုက်ခိုက်စွမ်းရည် တိုးတက်လာနိုင်မည်လော။

ထို့ပြင် အတွေးကို ချဲ့ထွင်ကြည့်မည်ဆိုလျှင် မျောက်တစ်အုပ်ကို ယဉ်ပါးအောင် မွေးမြူနိုင်ပါက မျောက်စစ်တပ်တစ်ခုများ ထွက်ပေါ်လာနိုင်မလား။

"ဒီ ထိုက်ယန်တောင်ပေါ်က မျောက်တွေက ဒီတစ်သိုက်တည်း ရှိတာတော့ မဟုတ်လောက်ဘူး... နောက်ကြုံမှပဲ အကောင်နည်းနည်းလောက် ဖမ်းပြီး သုတေသန လုပ်ခိုင်းကြည့်ရမယ်... ဒီမျောက်ပေါက်စလေးကိုတော့ ဟွမ်ဟန်ကို ပေးပြီး မွေးခိုင်းကြည့်တာပေါ့"

လင်းယွမ်က ၎င်းကို မသတ်တော့ဘဲ စောင်တစ်ထည်ရှာကာ ပတ်လိုက်သည်။ ထို့နောက် လွတ်ကျန်နေသော ငါးများ ရှိမရှိ ဂူထဲတွင် တစ်ခေါက်လောက် ထပ်မံ ရှင်းလင်းရေး လုပ်လိုက်သည်။

ဤသို့ ရှင်းလင်းလိုက်ရာ မထင်မှတ်ထားသော အရာတစ်ခုကို ထပ်မံ ရရှိလိုက်လေသည်။

ဂူထောင့်တစ်နေရာတွင် မစားရသေးသော သစ်သီးပုံတစ်ပုံကို တွေ့လိုက်ရသည်။

ထိုသစ်သီးများမှာ ဘာအမျိုးအစားမှန်း လင်းယွမ် မသိသော်လည်း စားသုံး၍ရသော အသီးများဖြစ်ကြောင်း သေချာသည်။

လင်းယွမ်က ချက်ချင်းပင် အားလုံးကို ထုပ်ပိုးသိမ်းဆည်းလိုက်သည်။ ပြန်ရောက်လျှင် ဝမ်အန်းနှင့် ရန်ဆန်းမင်တို့ကို စမ်းသပ်ခိုင်းရမည်။ လူများ စားသုံးနိုင်လျှင် လူလုပ်စိုက်ပျိုးနည်းဖြင့် ပျိုးထောင်၍ ရမရ စမ်းသပ်ကြည့်ရမည်။

သစ်သီးများတွင် ဗီတာမင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး လူခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော အရာများဖြစ်ရာ အချို့ကို စိုက်ပျိုးထားရန် လိုအပ်ပေသည်။

"ဟေ... ဒီအနံ့က"

လင်းယွမ်က သစ်သီးများကို သိမ်းဆည်းလိုက်စဉ် သစ်သီးပုံအောက်မှ သင်းပျံ့သော ဝိုင်အရက်နံ့တစ်မျိုး ရနေသည်ကို ရုတ်တရက် ရှူရှိုက်မိလိုက်သည်။

သူက ချက်ချင်းပင် အံ့သြသွားပြီး ကျောက်ကျင်းထဲသို့ အလျင်အမြန် ငုံ့ကြည့်လိုက်ရာ ထိုကျောက်ကျင်းအောက်တွင် နောက်ထပ် အလွှာတစ်ထပ် ရှိနေသေးပြီး အလယ်တွင် ချိုင့်ခွက်များ ရှိနေသည်။

သစ်သီးအရည်များသည် ထိုအပေါက်များမှတစ်ဆင့် အောက်ဘက်အလွှာရှိ ကျောက်ကျင်းထဲသို့ စီးကျနေခြင်း ဖြစ်သည်။

ထို ဝိုင်အရက်နံ့သည် အောက်ဘက်ရှိ ကျောက်ကျင်းထဲမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

လင်းယွမ် အကြီးအကျယ် အံ့အားသင့်သွားပြီး ကိုယ်ကိုကိုင်းကာ ကြည့်လိုက်ရာ အောက်ဘက်အလွှာရှိ ကျောက်ကျင်းထဲတွင် နောက်ကျိနေသော အရည်တစ်ခွက် စုပုံနေသည်ကို တွေ့လိုက်ရသည်။

ထိုအရည်သည် လိမ္မော်ဝါရောင် သမ်းနေပြီး အပေါ်တွင် ပေါင်းပင် အစအနများ ဝဲခိုနေသည်။

ကြည့်ရသည်မှာ နောက်ကျိပြီး မသန့်ရှင်းဟု ထင်ရသော်လည်း အနံ့မှာမူ သစ်သီးများ အချဉ်ဖောက်ထားသည့် ဝိုင်အရက်မွှေးနံ့မျိုး ရနေသည်။

သူ၏ ပထမဆုံး အတွေးမှာ တီဗီဇာတ်လမ်းများထဲတွင် ဖော်ပြလေ့ရှိသည့် 'မျောက်အရက်' ပင် ဖြစ်သည်။

"ဒါ... သောက်လို့ရပါ့မလား"

လင်းယွမ်က တွေဝေသွားသည်။ ဒါက မျောက်များ တကူးတက ဖန်တီးထားသည်နှင့် မတူဘဲ မရည်ရွယ်ဘဲ ဖြစ်ပေါ်လာသည့် ပုံစံမျိုး ဖြစ်သည်။

အပေါ်ထပ် ကျောက်ကျင်းထဲရှိ သစ်သီးများ ပိပြားကာ အရည်များ စီးကျလာခြင်း ဖြစ်လောက်သည်။

ပုပ်သိုးနေသော သစ်သီးရည်များလည်း အများအပြား စီးကျထားပုံ ရသည်။

ဒီအရည်ထဲမှာ မှိုတွေချည်းပဲ ပြည့်နေမလား မသိဘူး။

လင်းယွမ် မသောက်ရဲပေ။ သို့သော် ဆန်းပြားသည်ဟု ထင်သဖြင့် ပစ္စည်းသိုလှောင်ခန်းထဲမှ ပုလင်းတစ်လုံးကို ရှာကာ ထိုအရည်များကို ထည့်လိုက်ပြီး ရန်ဆန်းမင်ကို ပြန်ပေးကာ သုတေသန လုပ်ခိုင်းရန် ပြင်ဆင်လိုက်သည်။

ပစ္စည်းများ သိမ်းဆည်းပြီးနောက် လင်းယွမ် လှည့်ထွက်ကာ ဂူထဲမှ ထွက်ခွာရန် ပြင်လိုက်သည်။

ထိုစဉ်မှာပင် မြေကြီးများ တဒုန်းဒုန်း တုန်ခါလာသည်ကို ခံစားလိုက်ရသည်။

သူ၏ မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားပြီး ဂူထဲမှ အလျင်အမြန် ထွက်ခွာလိုက်သည်။

အဝေးမှ တောအုပ်ထဲတွင် (၄၀)၊ (၅၀) ပေခန့် မြင့်မားသော မျောက်ဝံနက်ကြီးတစ်ကောင်သည် ကြီးမားသော သစ်ပင်ကြီးများကြားတွင် လျှောက်လှမ်းလာနေသည်ကို လှမ်းမြင်လိုက်ရသည်။

၎င်း၏ လက်ထဲတွင်လည်း သန္ဓေပြောင်း တောဝက်ကဲ့သို့သော သန္ဓေပြောင်း သတ္တဝါအချို့ကို ကိုင်ထားပြီး ယင်းမှာ ၎င်း၏ အစာဖြစ်ပုံရသည်။

ထို့ပြင် ၎င်း၏ အခြားလက်တစ်ဖက်တွင် လူတစ်ယောက်၏ ခြေထောက်တစ်ဖက်ကို ကိုင်ထားသည်ကို လင်းယွမ် သတိပြုမိလိုက်သည်။

လူသေကောင်၏ ခြေထောက်ပင်။

ယခု ၎င်း ဦးတည်လာနေသော နေရာမှာ ဤဂူပေါက်ဆီသို့ပင် ဖြစ်သည်။

"ရွှေနက်မျောက်ဝံကြီးပဲ"

ဝူမုန့် ပြောပြဖူးသော ရွှေနက်မျောက်ဝံကြီးမှာ ဤအကောင်ပင် ဖြစ်လောက်ကြောင်း လင်းယွမ် ချက်ချင်း မှတ်မိလိုက်သည်။

ဒီဂူက သူ့ဂူ ဖြစ်နေလိမ့်မည်ဟု ထင်မထားမိချေ။

"ဒါဆို ခုနက ရှင်းပစ်လိုက်တဲ့ မျောက်တွေက သူ့ရဲ့ အမျိုးတွေများလား"

လင်းယွမ်က ကိုယ်ကို လျင်မြန်စွာ ရွှေ့ကာ ရင်ခွင်ထဲမှ မျောက်ကလေးကို လုံခြုံသော နေရာတစ်ခု ရှာ၍ ချထားလိုက်သည်။

သူ ထွက်ခွာလိုက်သည်နှင့် ရွှေနက်မျောက်ဝံကြီးက ဂူပေါက်ဘက်သို့ ရုတ်တရက် လှမ်းကြည့်လိုက်သည်။

အပေါင်းအဖော်များ၏ အငွေ့အသက်ကို သူ မခံစားရတော့ပေ။

"ခွီး"

ရုတ်ချည်းဆိုသလိုပင် မျောက်ဝံကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဂူပေါက်ဆီသို့ ဒုန်းစိုင်းပြေးဝင်လာတော့သည်။

အလျင်က မမြန်သော်လည်း ၎င်း၏ ခွန်အားမှာ အံ့မခန်းပင် ဖြစ်ရာ လမ်းတစ်လျှောက် တိုးဝင်လာရာတွင် သစ်ပင်အများအပြား တိုက်ခတ်ခြင်း ခံရပြီး တလဲလဲ ပြိုလဲကုန်ကြသည်။

ရွှေနက်မျောက်ဝံကြီး ဂူထဲသို့ ရောက်သွားပြီး မိသားစုဝင် အပေါင်းအဖော်များကို မတွေ့ရတော့သဖြင့် မိုးခါးချိမတတ် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။

ဂူတစ်ခုလုံးတွင် ၎င်း၏ အော်ဟစ်သံများ ပဲ့တင်ထပ်သွားသည်။

နောက်တစ်ခဏတွင် ၎င်းက ဂူအပြင်ဘက်သို့ အတင်း ပြေးထွက်လာပြီးနောက် နှာခေါင်းကို ရှုံ့ပွရှုံ့ပွ လုပ်ကာ ကြီးမားသော မျက်လုံးအစုံကို လှည့်ကြည့်လိုက်ရာ လင်းယွမ် မျောက်ကလေးကို ဝှက်ထားခဲ့သည့် နေရာဆီသို့ အကြည့်ရောက်သွားလေသည်။

"ခွီး"

ရွှေနက်မျောက်ဝံကြီးက ရင်ဘတ်ကို ထုကာ မိုးဟိန်းသံပမာ အော်ဟစ်လိုက်ပြီးနောက် ထိုနေရာဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ပြေးဝင်သွားသည်။

လင်းယွမ်၏ ခန္ဓာကိုယ်က ချက်ချင်း လှုပ်ရှားလိုက်ပြီး ရွှေနက်မျောက်ဝံကြီး၏ ခေါင်းပေါ်သို့ ရောက်ရှိသွားသည်။

ထို့နောက် စိတ်စွမ်းအင် လှိုင်းတစ်ခုဖြင့် ရွှေနက်မျောက်ဝံကြီးကို ပြင်းထန်စွာ ရိုက်ခတ်တိုက်ခိုက်လိုက်သည်။

"ဘုန်း"

စိတ်စွမ်းအင် (၅၀) မှတ်ပါသော ရိုက်ခတ်မှုက ရွှေနက်မျောက်ဝံကြီး၏ ဦးနှောက်ထဲသို့ တိုက်ရိုက် ဝင်ဆောင့်သွားသည်။

ရွှေနက်မျောက်ဝံကြီးမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး ယိုင်နဲ့သွားကာ မြေကြီးပေါ်သို့ ပစ်လဲကျသွားသည်။

သို့သော် ၎င်း မသေဆုံးပေ။ ခေါင်းကို အားကုန် ခါရမ်းလိုက်ပြီး ချက်ချင်း ပြန်ထလာသည်။

လင်းယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ "စိတ်ဝိညာဉ်ရိုက်ခတ်မှုက သူ့အပေါ် သက်ရောက်မှု သိပ်မရှိဘူးပဲ... ကြည့်ရတာ ဒီကောင်ကြီးက ခွန်အားကြီးတာတင် မကဘူး စိတ်စွမ်းအင်လည်း မနည်းလှဘူး"

"ခွီး"

ရွှေနက်မျောက်ဝံကြီးက ရူးမတတ် အော်ဟစ်လိုက်ပြီး ကိုယ်ကိုလှည့်ကာ လက်ဝါးကြီးဖြင့် လေထဲရှိ လင်းယွမ်ကို ရိုက်ချလိုက်သည်။

ဧရာမ လက်ဝါးကြီးက ခြင်တစ်ကောင်ကို ရိုက်သကဲ့သို့ပင်။

လင်းယွမ်က ကိုယ်ကို ချက်ချင်း အောက်သို့ နှိမ့်ချလိုက်ပြီး လေတိုးသံ တရွှီရွှီဖြင့် ရှောင်တိမ်းလိုက်သည်။

ထို့နောက် လေပေါ်တွင် ပြေးလွှားကာ အလျင် (၅၀) မှတ်ဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေနက်မျောက်ဝံကြီး၏ ခေါင်းပေါ်သို့ ရောက်ရှိသွားပြန်သည်။

ဆက်လက်၍ သူက ခြေတစ်ဖက်ဖြင့် ရွှေနက်မျောက်ဝံကြီး၏ နဖူးကို အားကုန် ကန်ချလိုက်သည်။

"ဘုန်း"

ဤကန်ချက်က ရွှေနက်မျောက်ဝံကြီးကို မထိမှန်သေးခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသော လေထုပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်ရှိ လေထုမှာ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားပြီး အဖြူရောင် လေစီးကြောင်းများ ဖြစ်ပေါ်လာကာ အလျင်အမြန် လွင့်စင်သွားကြသည်။

သူ၏ ခြေထောက်ပေါ်တွင် လေထုမှာ အလွန်အမင်း ဖိသိပ်ခံရပြီးနောက် ပေါက်ကွဲသွားသဖြင့် ထက်ရှပြီး ကြမ်းတမ်းသော တုန်ခါမှုလှိုင်းများ ဖြစ်ပေါ်လာသည်။

ထို့နောက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော လေဖိအားများ ဖြစ်ပေါ်လာပြန်သည်။

လေတိုးသံ တဝေါဝေါ မြည်ဟည်းနေသည့်ကြားမှ လင်းယွမ်၏ ခြေထောက်သည် ရွှေနက်မျောက်ဝံကြီး၏ ဦးခေါင်းကို ကန်မိသွားတော့သည်။

"ဘုန်း"

ရွှေနက်မျောက်ဝံကြီး၏ ဦးခေါင်းမှာ နောက်သို့ လန်ထွက်သွားပြီး နဖူးတွင် သွေးကွက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာလည်း နောက်သို့ ယိုင်နဲ့ကာ လဲကျသွားတော့သည်။

လင်းယွမ် အံ့သြသွားသည်။ "ခေါင်းမကွဲသွားဘူးလား"

သူ၏ ခွန်အား (၅၀) မှတ်ဖြင့် ကန်လိုက်သည့် ကန်ချက်မှာ သာမန် သွေးသားခန္ဓာကိုယ်မပြောနှင့် ကျောက်တုံးကိုပင် ကန်ခွဲနိုင်စွမ်း ရှိသည်။

သို့သော် ရွှေနက်မျောက်ဝံကြီးမှာမူ အရေပြား ပွန်းပဲ့ပြီး သွေးအနည်းငယ် ထွက်သွားရုံသာ ရှိလေသည်။

ဒါကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူ၏ ခံနိုင်ရည်စွမ်းအားသည်လည်း (၅၀) မှတ်နီးပါး ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြသနေသည်။

"ခွီး"

ရွှေနက်မျောက်ဝံကြီးမှာ ဒဏ်ရာရသွားသဖြင့် ကောင်းကင်တုန်ဟည်းမတတ် အော်ဟစ်လိုက်သည်။

ထိုအော်ဟစ်သံထဲတွင် ဒေါသတရားများ ပြည့်နှက်နေသည်။

၎င်း မြေပေါ်သို့ လဲကျသွားသည့် ခဏမှာပင် လက်ကို ရုတ်တရက် ဝှေ့ယမ်းကာ လင်းယွမ်၏ ခန္ဓာကိုယ်ကို ရိုက်ချလိုက်သည်။

လင်းယွမ်၏ အလျင်က မြန်လွန်းပြီး ခန္ဓာကိုယ်ကလည်း သေးငယ်လွန်းသဖြင့် အသားတောင်ပမာ ကြီးမားသော ထိုလက်ဝါးကြီးကို သက်သောင့်သက်သာပင် ရှောင်တိမ်းလိုက်နိုင်သည်။

"ဝုန်း" ခနဲ ကျယ်လောင်သော အသံကြီးနှင့်အတူ ရွှေနက်မျောက်ဝံကြီး၏ အသားလက်ဝါးကြီးသည် ကျောက်နံရံတစ်ခုကို ရိုက်မိသွားသည်။

ချက်ချင်းပင် ပြင်းထန်စွာ တုန်ခါသွားပြီး တောင်ပေါ်မှ ကျောက်တုံးများ တဝုန်းဝုန်း လိမ့်ကျလာကြသည်။

ကျောက်တုံးအများအပြား ပြုတ်ကျလာပြီး တောင်နံရံတစ်ခုလုံးလည်း ကြီးမားသော လက်ဝါးရာကြီး ထင်ကျန်ရစ်ကာ ချိုင့်ဝင်သွားတော့သည်။

ထို့နောက် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက လျင်မြန်စွာ လှန်ပြီး ပြန်ထလာကာ လင်းယွမ်ဆီသို့ ထပ်မံ ခုန်အုပ်လိုက်ပြန်သည်။

လင်းယွမ်သည် ယခုတစ်ကြိမ်တွင် မရှောင်တိမ်းတော့ဘဲ လေပေါ်တွင် ရှိနေရင်း လက်သီးတစ်လုံးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်။

ထိုခဏ၌ လေထုမှာ လိမ်တွန့်ကာ ဖိသိပ်ခံလိုက်ရပြီး ပြင်းထန်သော လေဖိအားများ ပေါက်ကွဲထွက်လာသည်။

ရွှေနက်မျောက်ဝံကြီးနှင့် ယှဉ်လျှင် (၁၀) ဆခန့် သေးငယ်သော သူ၏ လက်သီးနှင့် မျောက်ဝံကြီး၏ လက်ဝါးတို့ ထိပ်တိုက် တွေ့ဆုံသွားကြသည်။

"ဘုန်း"

လက်ဝါးချင်း ထိတွေ့သွားသည့် ခဏ၌ ကြီးမားသော တုန်ခါမှုလှိုင်းများ ပေါက်ကွဲထွက်လာပြီး စက်ဝိုင်းပုံ လေလှိုင်းများအဖြစ် လှိမ့်ဝင် ပေါက်ကွဲသွားကြသည်။

လင်းယွမ်၏ ခန္ဓာကိုယ်မှာ လေပေါ်မှနေ၍ အနောက်သို့ လွင့်စင်သွားပြီး မြေကြီးပေါ်သို့ ကျရောက်ချိန်တွင် မြေပြင်ရှိ ကျောက်တုံးများကို နင်းချေကာ ခန္ဓာကိုယ်ကို ငြိမ်သက်သွားအောင် ထိန်းလိုက်သည်။

"ခွန်အားချင်းက ငါနဲ့ မတိမ်းမယိမ်းပဲ... ဒါကြောင့် ဒီမျောက်ဝံကြီးရဲ့ စိတ်စွမ်းအင်၊ ခံနိုင်ရည်နဲ့ ခွန်အား အရည်အသွေးတွေက (၅၀) မှတ်နီးပါး ရောက်နေပြီပေါ့"

"သူ့ရဲ့ တစ်ခုတည်းသော အားနည်းချက်က အလျင်ပဲ"

လင်းယွမ်က ဤရွှေနက်မျောက်ဝံကြီးအပေါ် တိကျသော သုံးသပ်ချက် ချလိုက်သည်။

ဝူမုန့်က ဤရွှေနက်မျောက်ဝံကြီးကို အဘယ်ကြောင့် ဤမျှ ကြောက်ရွံ့နေရသနည်း ဆိုသည်မှာ မဆန်းတော့ပေ။

ဤမျှ အဆင့်ရှိသော သန္ဓေပြောင်း သတ္တဝါမျိုးကို ဝူမုန့်တစ်ယောက်တည်း မပြောနှင့်၊ လူအားလုံး ပေါင်းတိုက်လျှင်ပင် တစ်ဖက်က လက်တစ်ဖက်ဖြင့် ဖျစ်ညှစ်သတ်လိုက်ရုံဖြင့် သေနိုင်ပေသည်။

သို့သော် ရွှေနက်မျောက်ဝံကြီးသည် ယခု သူ၏ ရှေ့မှောက်တွင်မူ ထိုကဲ့သို့ ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။

"လက်စသတ်လိုက်ရအောင်"

လင်းယွမ်က လေကို တစ်ဝကြီး ရှူသွင်းလိုက်ပြီး မျက်လုံးများ စူးရှသွားသည်။

"ဘုန်း"

ရွှေနက်မျောက်ဝံကြီးသည် လူစကား နားမလည်သဖြင့် လေလှိုင်းရိုက်ခတ်မှုကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရပြီးနောက် ချက်ချင်းပင် ထူးဆန်းသော အသံဖြင့် အော်ဟစ်လိုက်သည်။

နောက်တစ်ခဏတွင် ကုန်တင်ကားတစ်စီးမျှ ကြီးမားသော လက်ဝါးကြီးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ပြန်သည်။

"ဘုန်း"

ပြင်းထန်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာပြီး ၎င်း၏ လက်ဝါးကြီးသည် မြေပြင်နှင့် (၂) ပေခန့်အကွာတွင် ရပ်တန့်သွားသည်။

လက်ဝါးအောက်တွင်မူ လင်းယွမ်က လက်ကို ဆန့်ထုတ်ကာ ရွှေနက်မျောက်ဝံကြီး၏ ကြီးမားလှသော လက်ဝါးကြီးကို သက်သောင့်သက်သာပင် ထောက်ထားလိုက်သည်ကို တွေ့ရသည်။

သူ့ခန္ဓာကိုယ် တစ်ဝက်ခန့်မှာမူ မြေကြီးထဲသို့ ကျွံဝင်သွားလေပြီ။

ထိုကဲ့သို့ ကြမ်းတမ်းသော ရိုက်ချက်ကို မခံနိုင်သဖြင့် ပတ်ဝန်းကျင်ရှိ မြေကြီးများ လွင့်စင်ကာ ကျောက်တုံးများ ကွဲအက်ကုန်ကြသည်။

လင်းယွမ်၏ ခေါင်းပေါ်မှ သွေးများစွာသည် သူ၏ လက်မောင်းအတိုင်း စီးကျလာသည်။

၎င်းမှာ သူ၏ သွေးမဟုတ်၊ ရွှေနက်မျောက်ဝံကြီး၏ လက်ဝါးမှ သွေးများသာ ဖြစ်သည်။

ဤတစ်ကြိမ် ထိပ်တိုက်ရင်ဆိုင်မှုတွင် လင်းယွမ်၏ လက်သီးသည် ရွှေနက်မျောက်ဝံကြီး၏ လက်ဝါးထဲသို့ လုံးဝနီးပါး ဝင်ရောက်သွားခဲ့သည်။

"ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက (၅၀) မှတ် ရောက်နေပြီ... ခံနိုင်ရည်ဘက်မှာ ပြောရရင် ဒီရွှေနက်မျောက်ဝံကြီးထက် ပိုသာတယ်"

"မျက်နှာချင်းဆိုင် ခန္ဓာကိုယ်ချင်းယှဉ်ပြီး တိုက်ခိုက်ရင် ခွန်အားချင်း တူနေရင်တောင် သူပဲဒဏ်ရာရမှာ"

လင်းယွမ်က မဲ့ပြုံး ပြုံးလိုက်သည်။ ရလဒ်ကလည်း သူ တွက်ဆထားသည့်အတိုင်းပင်။

ရွှေနက်မျောက်ဝံကြီး၏ လက်ဝါးတွင် သွေးသံရဲရဲ ဖြစ်နေသည်။

ရွှေနက်မျောက်ဝံကြီးမှာ ချက်ချင်း ညည်းညူအော်ဟစ်လိုက်ပြီး လက်ကို အားကုန် မလိုက်သည်။

ထိုပုံစံမှာ လူသားတစ်ယောက်က သံမှိုတစ်ချောင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်မိသကဲ့သို့ပင်။

လင်းယွမ်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု (၅၀) မှတ် ရှိသော ခန္ဓာကိုယ်သည် ရွှေနက်မျောက်ဝံကြီးအတွက်မူ သံမှိုတစ်ချောင်းနှင့် ဘာမျှမခြားပေ။

ရွှေနက်မျောက်ဝံကြီးသည် လက်ဝါးကို မလိုက်ပြီး နာကျင်လွန်းသဖြင့် အော်ဟစ်ကာ လက်ကို ပြန်ရုတ်သိမ်းရန် ကြိုးစားသည်။

သို့သော် လင်းယွမ်က ၎င်း၏ လက်ချောင်းနှစ်ချောင်းကို ရုတ်တရက် လှမ်းဆွဲလိုက်ပြီး ခါးကို လိမ်ကာ လက်ချောင်းများကို ပခုံးပေါ်သို့ တင်လိုက်သည်။

နောက်တစ်ခဏတွင် သူ၏ တစ်ကိုယ်လုံးရှိ ကြွက်သားများ ရုတ်ခြည်း ဖောင်းကြွလာကာ အရိုးအဆစ်များ မြည်ဟည်းပြီး သွေးလေများ ဆူပွက်လာသည်။

"ကြွက်သားပေါက်ကွဲအစွမ်း"

လင်းယွမ်က တွေဝေမနေဘဲ ကြွက်သားပေါက်ကွဲအစွမ်း ကို ထုတ်သုံးလိုက်သည်။

ဤအခိုက်အတန့်တွင် သူ၏ ခွန်အား အရည်အသွေးသည် ယာယီအားဖြင့် နှစ်ဆ တိုးပွားသွားသည်။

"ဘုန်း"

သူ့ထက် (၁၀) ဆနီးပါး ကြီးမားသော ရွှေနက်မျောက်ဝံကြီးသည် သူ၏ ထိန်းချုပ်မှုအောက်တွင် မနေနိုင်တော့ဘဲ ပခုံးကျော် ပစ်ပေါက်ခြင်းကို ခံလိုက်ရကာ "ဝုန်း" ခနဲ မြည်သံနှင့်အတူ အဝေးရှိ ကျောက်ကမ်းပါးယံဆီသို့ လွင့်စင်သွားတော့သည်။

"ဘုန်း"

ကျောက်ကမ်းပါးယံကြီး ချက်ချင်း အက်ကွဲသွားပြီး ကျောက်တုံးအများအပြား တလိမ့်လိမ့် ပြိုကျလာကာ ရွှေနက်မျောက်ဝံကြီး၏ ခန္ဓာကိုယ်ပေါ်သို့ ပိကျကုန်သည်။

ရွှေနက်မျောက်ဝံကြီးမှာ ခေါင်းမူးသွားပြီး နေရာအနှံ့အပြားတွင် ပွန်းပဲ့ဒဏ်ရာများ ရရှိသွားသည်။

လင်းယွမ်က ကိုယ်ကို ပျံဝဲကာ လေပေါ်မှတစ်ဆင့် ၎င်း၏ ရှေ့မှောက်သို့ ရောက်ရှိသွားသည်။

ရွှေနက်မျောက်ဝံကြီးက မသိစိတ်ဖြင့် လက်ကိုမြှောက်ကာ ရိုက်ထုတ်ရန် ပြင်လိုက်သော်လည်း လင်းယွမ်က ခြေထောက်ဖြင့် ပြင်းထန်စွာ ကန်ထည့်လိုက်သည်။

"ဘုန်း" ခနဲ မြည်သံနှင့်အတူ ၎င်း၏ လက်ဝါးကြီးမှာ သွေးအလိမ်းလိမ်းဖြင့် ကွဲထွက်သွားတော့သည်။

ရွှေနက်မျောက်ဝံကြီးမှာ နာကျင်လွန်းသဖြင့် လက်ဝါးကို အလျင်အမြန် ပြန်ရုတ်လိုက်ပြီး စူးရှစွာ အော်ဟစ်လိုက်သည်။

လင်းယွမ်က ၎င်း၏ ခေါင်းပေါ်သို့ တက်လိုက်ပြီး နားရွက်ကို လှမ်းဆွဲလိုက်သည်။

ထို့နောက် "ထစမ်း" ဟု အော်ပြောလိုက်သည်။

သူ၏ ခန္ဓာကိုယ်က လေပေါ်သို့ ကြွတက်သွားပြီး လေဟာနယ်ကို တစ်ဆင့်ချင်း နင်းလျက် အပေါ်သို့ အရှိန်ဖြင့် တက်သွားသည်။

ရွှေနက်မျောက်ဝံကြီးမှာ နာကျင်လွန်းသဖြင့် ခေါင်းကို စောင်းလိုက်ရပြီး မတတ်သာဘဲ လိုက်ပါ ထလာရသည်။ ထို့နောက် လက်တစ်ဖက်ဖြင့် လင်းယွမ်ကို လှမ်းဖမ်းရန် ကြိုးစားပြန်သည်။

ထိုလက် လှမ်းလာသည်နှင့် လင်းယွမ်က လက်ညှိုးဖြင့် ပြင်းထန်စွာ တောက်ထုတ်လိုက်သည်။

"ဘုန်း" ခနဲ လက်ညှိုးတောက်အား ပေါက်ကွဲသွားပြီး ၎င်း၏ အသားလက်ဝါးကြီးကို ချက်ချင်း ဖောက်ထွက်သွားသည်။

ထိုခဏ၌ ရွှေနက်မျောက်ဝံကြီး၏ လက်ဝါးမှာ သွေးများ ပန်းထွက်လာပြီး နာကျင်စွာဖြင့် လက်ကို ပြန်ရုတ်လိုက်ရပြန်သည်။

၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို လင်းယွမ်က နားရွက်မှ ဆွဲမကာ ပင့်တင်လိုက်ခြင်း ခံလိုက်ရသည်။

ရွှေနက်မျောက်ဝံကြီးမှာ ပြန်လည်မတိုက်ခိုက်နိုင်တော့ဘဲ ခေါင်းစောင်းလျက်သားဖြင့် ကျောက်ပုံများကြားမှ ပါလာရတော့သည်။

လင်းယွမ်၏ စိတ်ထဲတွင် ရုတ်တရက် အတွေးသစ်တစ်ခု ပေါ်လာသည်။

"မျောက်ကလေးကိုတော့ ဟွမ်ဟန်ကို ပေးပြီး ယဉ်ပါးအောင် မွေးခိုင်းလို့ရတယ်... ဒီအကောင်ကြီးကိုရော ယဉ်ပါးအောင် လုပ်လို့ မရဘူးလား"

တိရစ္ဆာန်ရုံထဲတွင် မျောက်များကို သင်ကြားပေးသော မျက်လှည့်ပြကွက် ဆရာများကို သူ သွားသတိရလိုက်သည်။

ငါရော စမ်းကြည့်လို့ မရဘူးလား...

မျက်လှည့်ပြကွက် ဆရာများက မျောက်များကို သင်ကြားပေးနိုင်ခြင်းမှာ အဓိကအားဖြင့် ထိုဆရာများ၏ အင်အားက မျောက်များထက် များစွာ သာလွန်နေသောကြောင့် ဖြစ်သည်။

မျောက်က စကားနားမထောင်လျှင် ဆရာက အပြစ်ပေးနိုင်သည်။

ထိုကဲ့သို့ ဆက်တိုက် လေ့ကျင့်ပေးခြင်းဖြင့် တဖြည်းဖြည်းနှင့် မျောက်၏ အရိုင်းစိတ်များ ပျောက်ကွယ်သွားပြီး လိမ္မာလာခြင်း ဖြစ်သည်။

လင်းယွမ်က ဤရွှေနက်မျောက်ဝံကြီးကို ကြည့်ကာ ပြုံးလိုက်သည်။

"စမ်းသပ်ဖို့တော့ မဆိုးတဲ့ ပစ်မှတ်ပဲ"

"ဆောင်းတွင်း ရောက်တော့မယ်... ရေကြီးတာတွေ ရပ်ပြီး ရေခဲပြင် ဖြစ်သွားတာနဲ့ လူတွေ သွားလာလို့ ရသွားကြရင် ထိုက်ယန်တောင်ကို လူတွေ မျက်စိကျလာကြမှာ သေချာတယ်"

"လူအင်အား စုဆောင်းတာက တစ်ပိုင်းပေါ့... ဒါပေမဲ့ ထိပ်တန်း တိုက်ခိုက်ရေး အပိုင်းမှာလည်း အမြန်ဆုံး မွေးထုတ်ပေးဖို့ လိုနေတယ်"

"ထိပ်တန်း အစွမ်းပိုင်ရှင် ရှာရတာ မလွယ်ပေမဲ့ ထိပ်တန်း သန္ဓေပြောင်း သတ္တဝါတွေကတော့ မရှားဘူး"

"ဒီရွှေနက်မျောက်ဝံကြီးကနေပဲ စမ်းသပ်ကြည့်ရတာပေါ့"

ထိုသို့ တွေးမိသည်နှင့် လင်းယွမ်သည် ပစ္စည်းသိုလှောင်ခန်းထဲတွင် အလျင်အမြန် ရှာဖွေလိုက်ရာ မကြာမီ လက်ဖျံခန့် တုတ်သော သံကြိုးအချို့ကို တွေ့ရှိလိုက်သည်။

ဤသံကြိုးများသည် ဟန်လုံစင်တာရှိ ဆိုင်ခန်းများ တံခါးပိတ်ရာတွင် သုံးသော သံကြိုးများ ဖြစ်လောက်သည်။

လင်းယွမ်က ထိုသံကြိုးအားလုံးကို ဆက်လိုက်ရာ (၁၆) ပေခန့် ရှည်လျားသော သံကြိုးတစ်ချောင်း ဖြစ်လာသည်။

သူက သံကြိုးဖြင့် ရွှေနက်မျောက်ဝံကြီး၏ လည်ပင်းကို စွပ်လိုက်သည်။

ရွှေနက်မျောက်ဝံကြီးက ချက်ချင်းပင် ရုန်းကန်ပြီး သံကြိုးကို ဆွဲဖြတ်ရန် ကြိုးစားသည်။

လင်းယွမ်က တွေဝေမနေဘဲ လက်ညှိုးဖြင့် တစ်ချက် တောက်ထည့်လိုက်ရာ "ဘုန်း" ခနဲ အားအင်များ ပေါက်ကွဲထွက်သွားပြီး ရွှေနက်မျောက်ဝံကြီး၏ အရေပြားများ ကွဲအက်ကာ သွေးများ စီးကျလာသည်။

ရွှေနက်မျောက်ဝံကြီးမှာ ထိတ်လန့်သွားပြီး လက်ချောင်းများကို ပြန်ရုတ်လိုက်ကာ သံကြိုးကို မဖြုတ်ရဲတော့ပေ။

၎င်း လိမ္မာသွားသည်ကို မြင်တော့မှ လင်းယွမ် ပြုံးလိုက်ပြီး ၎င်း၏ ဦးခေါင်းကြီးကို ပုတ်ကာ ပြောလိုက်သည်။ "ဒီလိုမှပေါ့ကွ... လိမ္မာတယ်... ရော့... မင်းအတွက် ဆုချတာ"

သူက ပစ္စည်းသိုလှောင်ခန်းထဲမှ မိန်ဟွာဝက်သားအချို့ကို ထုတ်ယူပြီး ရွှေနက်မျောက်ဝံကြီးကို ပစ်ကျွေးလိုက်သည်။

ရွှေနက်မျောက်ဝံကြီးက ထိုဝက်သားများကို ပါးစပ်ဖြင့် ဖမ်းစားလိုက်ပြီး တိုးညှင်းစွာ အော်ဟစ်လိုက်သည်။

လင်းယွမ်က ဂရုမစိုက်တော့ဘဲ ၎င်းအပေါ် နာခံမှု ရှိမရှိ စမ်းသပ်လေ့ကျင့်ခန်း စတင်လိုက်တော့သည်။

ဆက်ရန်...

အပိုင်း(၂၆၀) ဧရာမမျောက်ဝံကြီးကို ယဉ်ပါးအောင် မွေးမြူခြင်းနှင့် ထူလုံ သယ်ဆောင်လာသော သတင်းစကား

သုံးရက်ကြာပြီးနောက်... သစ်တောနက်ကြီးထဲတွင် ဖြစ်သည်။

ပေ (၆၀) ခန့် မြင့်မားသည့် ဧရာမမျောက်ဝံကြီးတစ်ကောင်သည် တောအုပ်ထဲ၌ လျှောက်လှမ်းနေ၏။

၎င်း၏ ပခုံးပေါ်တွင် လူတစ်ယောက် တင်ပလ္လင်ခွေ ထိုင်နေသည်။ ထိုသူမှာ အရပ် (၆) ပေကျော် ရှိပြီး ခန္ဓာကိုယ် တောင့်တင်းခိုင်မာသော်လည်း မျောက်ဝံကြီးနှင့် ယှဉ်လိုက်လျှင် ဆယ်ဆခန့် သေးငယ်နေသည်။

သူ့လက်ထဲတွင် သံကြိုးတစ်ချောင်းကို ကိုင်ထားပြီး ထိုသံကြိုး၏ အခြားတစ်ဖက်ကိုမူ မျောက်ဝံမည်းကြီး၏ လည်ပင်းတွင် ချိတ်ဆွဲထားလေသည်။

"ဂလောင်"

ရုတ်တရက် လင်းယွမ်က သံကြိုးကို ဖွဖွလေး ဆွဲလိုက်သည်နှင့် တပြိုင်နက် နက်မှောင်သော မျောက်ဝံကြီးမှာ ချက်ချင်း ရပ်တန့်သွားပြီး အလွန် လိမ်မာသော ပုံစံမျိုး ဖြစ်သွားတော့သည်။

လင်းယွမ်သည် တောအုပ်ထဲရှိ မီးခိုးရောင် အရိပ်တစ်ခုကို လှမ်းကြည့်လိုက်သည်။ သူက မျောက်ဝံကြီး၏ ခေါင်းကို ပုတ်လိုက်ပြီးနောက် ထိုမီးခိုးရောင် အရိပ်ရှိရာဘက်သို့ လက်ညှိုးထိုးပြလိုက်၏။

မျောက်ဝံကြီးက ချက်ချင်း သဘောပေါက်သွားပြီး ဟိန်းသံတစ်ချက် ပေးလိုက်ကာ ထူထပ်သော သစ်ပင်ကြီးများကို ဘေးသို့ တွန်းဖယ်လိုက်သည်။ ၎င်း၏ လုပ်ဆောင်ပုံမှာ ပေါင်းပင်များကို ရှင်းလင်းလိုက်သကဲ့သို့ အလွန် လွယ်ကူနေပုံရသည်။

သစ်ပင်အများအပြား ကျိုးပဲ့သွားသဖြင့် ဝုန်းဒိုင်းကြဲ အသံများ ဆူညံစွာ ထွက်ပေါ်လာသည်။

တောအုပ်ထဲမှ မီးခိုးရောင် အရိပ်ပိုင်ရှင် သတ္တဝါသည် လန့်ဖျပ်သွားပြီး တရှူးရှူး အသံပြုကာ အလျင်အမြန် ထွက်ပြေးလေတော့သည်။

သို့သော် နောက်တစ်ခဏ၌ပင် ဧရာမ လက်ကြီးတစ်ဖက်က ထိုမီးခိုးရောင် အရိပ်ကို အတင်းအဓမ္မ ဖမ်းဆုပ်လိုက်လေသည်။

ထိုအကောင်မှာ မီးခိုးရောင် အမွှေးများ ရှိသော တောဝက်တစ်ကောင် ဖြစ်ပြီး သန္ဓေမပြောင်းလဲသေးသော သာမန်တောဝက်များနှင့် အတော်လေး တူသည်။

ယခုအချိန်တွင် မျောက်ဝံကြီး၏ ဆွဲမခြင်းကို ခံလိုက်ရသဖြင့် ဝက်သတ်သည့်အခါ အော်ဟစ်သော အသံမျိုးဖြင့် အော်ဟစ်နေတော့သည်။

မျောက်ဝံကြီးက ပါးစပ်ကို ဟလိုက်ပြီး ထိုအကောင်ကို ပါးစပ်ထဲသို့ ထည့်ရန် ပြင်လိုက်စဉ် လင်းယွမ်၏ မျက်လုံးများ တည်ငြိမ်သွားပြီး သံကြိုးကို ဆွဲလိုက်ပြန်သည်။

ချက်ချင်းပင် မျောက်ဝံကြီးမှာ လည်ပင်း စောင်းသွားပြီး ပါးစပ်ကို အမြန်ပိတ်ကာ လင်းယွမ်ကို သံသယဖြင့် လှည့်ကြည့်လာ၏။

လင်းယွမ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"နောက်ဆိုရင် ငါဖမ်းခိုင်းတဲ့ အကောင်ကို ငါခွင့်ပြုမှ မင်း စားရမယ်... ကြားလား"

မျောက်ဝံကြီးက တိုးတိုးလေး ဟိန်းဟောက်လိုက်သော်လည်း လူစကားကို နားမလည်ရှာပေ။

လင်းယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် စိတ်စွမ်းအင်ကို အသုံးပြု၍ အလားတူ အသိစိတ်မျိုးကို မျောက်ဝံထံ ပို့လွှတ်လိုက်သည်။

ထိုအခါမှသာ မျောက်ဝံမည်းကြီးက အကြမ်းဖျင်း နားလည်သွားပြီး မကျေနပ်သည့် လေသံဖြင့် တိုးတိုးလေး ဟိန်းလိုက်သည်။

လင်းယွမ်၏ မျက်နှာထား တင်းမာသွားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါ်ထွက်လာ၏။

ကြီးမားသော စိတ်စွမ်းအင် ဖိအားတစ်ရပ် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာရာ မျောက်ဝံမည်းကြီးမှာ တဝူးဝူး အသံပြုရင်း ခေါင်းငုံ့ကာ အညံ့ခံကြောင်း ပြသလေတော့သည်။

ထိုအခါမှ လင်းယွမ်သည် စိတ်စွမ်းအင် ဖိအားကို ရုပ်သိမ်းလိုက်ပြီး ထိုမီးခိုးရောင် တောဝက်ကို မျောက်ဝံမည်းကြီး ကျောပေါ်ရှိ ဝါးခြင်းတောင်းကြီးထဲသို့ ထည့်လိုက်သည်။

ထိုဝါးခြင်းတောင်းထဲတွင် အကန့်များ ခွဲခြားထားပြီး ယခုအခါ အခြားအကန့်များထဲ၌ မီးတိမ်ယုန်၊ မိန်ဟွာဝက်၊ ကြက်နီကောင်၊ မီးလျှံငှက် စသည့် သန္ဓေပြောင်း သတ္တဝါများ ရှိနေကြသည်။

ဤ မီးတိမ်ယုန်နှင့် မိန်ဟွာဝက်များသည် မိန်ဟိုင်ဥယျာဉ်တွင် မွေးမြူထားသော လူသားစားသည့် တိရစ္ဆာန်များ မဟုတ်ဘဲ လင်းယွမ် အသစ်ပြန်လည် ဖမ်းမိထားခြင်း ဖြစ်သည်။

လင်းယွမ်သည် ၎င်းတို့ကို ပြန်လည် ခေါ်ဆောင်သွားပြီး မွေးမြူရေးခြံ၌ စနစ်တကျ မွေးမြူရန် ရည်ရွယ်ထားသည်။

ထူးခြားသည်မှာ ထိုဝါးခြင်းတောင်း အလယ်ရှိ အကန့်ငယ်လေးထဲတွင် (၃) ပေကျော် (၄) ပေခန့်သာ ရှိသေးသော မျောက်ဝံမည်းလေး တစ်ကောင် ရှိနေခြင်းပင်။ ယခုအခါ ၎င်းသည် မျက်လုံးပွင့်နေပြီ ဖြစ်ပြီး ဤကမ္ဘာလောကကြီးကို စူးစမ်းလိုစိတ် အပြည့်ဖြင့် ဟိုဟိုသည်သည် လိုက်ကြည့်နေသည်။

လင်းယွမ်ကို မြင်လိုက်သည်နှင့် ၎င်းက သွားဖြဲပြကာ လက်လှမ်းလိုက်ပြီး လင်းယွမ်ကို ချီခိုင်းနေသည့်ဟန် ပြုလေသည်။

လွန်ခဲ့သည့် သုံးရက်လုံးလုံး လင်းယွမ်သည် တောထဲ၌ မျောက်ဝံမည်းကြီးကို လေ့ကျင့်ပေးနေခဲ့ရသဖြင့် ဤမျောက်ဝံပေါက်စလေးကို ခိုလှုံရေးစခန်းသို့ ပြန်ပို့ကာ ဟွမ်ဟန်လက်ထဲ အပ်နှံရန် အချိန်မရှိခဲ့ပေ။

ထို့ကြောင့် မျောက်ဝံပေါက်စလေး မျက်လုံးဖွင့်ဖွင့်ချင်း ပထမဆုံး မြင်လိုက်ရသူမှာ လင်းယွမ် ဖြစ်နေသည်။

ပင်ကိုဗီဇအရ ၎င်းသည် လင်းယွမ်ကို မိဘအဖြစ် မှတ်ယူလိုက်ပြီး လင်းယွမ်အပေါ် အလွန် မှီခိုတွယ်တာနေတော့သည်။

လင်းယွမ်လည်း ဤကဲ့သို့ ဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။ ထို့ကြောင့် အကြီးရော အသေးပါ တွဲလျက် မွေးမြူကြည့်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် မွေးမြူပုံချင်းတော့ မတူပေ။

အရွယ်ရောက်ပြီးသော မျောက်ဝံမည်းကြီးကိုမူ ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ ထို့နောက် အစာကျွေးခြင်း စသည့် ရှေးရိုးစွဲ နည်းလမ်းများဖြင့် ထိန်းကျောင်းရသည်။

အသစ်မွေးဖွားလာသော ဤအကောင်လေးကိုမူ ထိုသို့ လုပ်ရန် မလိုပေ။ လင်းယွမ်က အစာကျွေးပြီး စိတ်ရှည်လက်ရှည် အဖော်ပြုပေးကာ လမ်းညွှန် လေ့ကျင့်ပေးရုံသာ ဖြစ်သည်။

သုံးရက်ဆိုသော တိုတောင်းသည့် အချိန်ကာလအတွင်း ဤမျောက်ဝံမည်းလေး၏ နားလည်နိုင်စွမ်းသည် မျောက်ဝံကြီးထက် ပိုမို လျင်မြန်လေသည်။

ထို့ပြင် မျောက်ဝံကြီးထက် သူ့စကားကို ပိုနားထောင်သည်။

လင်းယွမ်က လက်လှမ်းကာ ၎င်းကို ပွေ့ချီလိုက်ပြီး ပစ္စည်းသိုလှောင်ခန်းထဲမှ နို့ဘူးတစ်ဘူး ထုတ်ကာ တိုက်လိုက်သည်။

မျောက်ဝံမည်းကြီးက ခေါင်းလှည့်ကြည့်လိုက်ရာ ထိုမြင်ကွင်းကို မြင်တွေ့သွားပြီး မျက်လုံးထဲတွင် ကြင်နာသော အရိပ်အယောင်များ ယှက်သန်းသွား၏။

လင်းယွမ် ခန့်မှန်းကြည့်ရသလောက် ဤမျောက်ဝံမည်းကြီးမှာ အမ ဖြစ်လောက်သည်။

"ဒီနေ့တော့ ဒီလောက်ဆို ရပြီ... အပြင်ထွက်လာတာ သုံးရက်တောင် ရှိပြီ... ခိုလှုံရေးစခန်းဘက်မှာ ဘာတွေ ဖြစ်နေလဲ မသိဘူး... ပြန်ကြည့်မှ ဖြစ်မယ်"

"ဒါပေမဲ့ မျောက်ဝံမည်းကြီးကို ခေါ်သွားဖို့က အဆင်မပြေဘူး... သူ့ကို တောနက်ထဲမှာပဲ ထားခဲ့တာ ပိုကောင်းမယ်... ဒီအကောင်လေးကိုတော့ ပြန်ခေါ်သွားပြီး ဟွမ်ဟန်နဲ့ ယဉ်ပါးအောင် ပေးနေခိုင်းရမယ်"

လင်းယွမ် တွေးတောလိုက်မိသည်။ တကယ်လို့များ သူ ထိုက်ယန်တောင်ပေါ်မှာ မရှိဘဲ အပြင်ထွက်စရာ ကိစ္စ ပေါ်လာခဲ့လျှင် ဤမျောက်ဝံပေါက်စလေးကို တစ်ပါတည်း ခေါ်သွားရန် မလိုဘဲ ဟွမ်ဟန်ကို ပြုစုစောင့်ရှောက်ခိုင်းထားနိုင်သည်။

ဤအကောင်လေး ခိုလှုံရေးစခန်းမှာ ရှိနေပြီး နောင်တစ်ချိန် ကြီးပြင်းလာပါက ထိပ်တန်း သက်တော်စောင့်တစ်ဦး ဖြစ်လာမည် ဖြစ်ရာ ခိုလှုံရေးစခန်း၏ လုံခြုံရေးအတွက် အာမခံချက် ရှိပေလိမ့်မည်။

"ဂီး..."

စဉ်းစားနေစဉ်မှာပင် သူ၏ ခေါင်းပေါ်မှ သိမ်းငှက်အော်သံတစ်သံ ကြားလိုက်ရသည်။

လင်းယွမ် မော့ကြည့်လိုက်ရာ ဧရာမ သိမ်းငှက်ကြီးတစ်ကောင် ကောင်းကင်ယံ၌ ဝဲပျံနေသည်ကို တွေ့လိုက်ရ၏။

ထူလုံ အသွင်ပြောင်းထားသော တက်တူးဝိညာဉ် သိမ်းငှက်ကြီးမှန်း သူ တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။

"လင်းယွမ်... ခင်ဗျားလား... လင်းယွမ်လား"

သိမ်းငှက်ကြီးက လူစကား ပြောလာသဖြင့် ထူလုံမှန်း သေချာသွားသည်။

လင်းယွမ်က ပြန်ဖြေလိုက်၏။

"ဟုတ်တယ်ငါ"

ထူလုံ အံ့အားသင့်သွားပြီး ကောင်းကင်မှ အလျင်အမြန် ပျံဆင်းလာကာ အနီးရှိ သစ်ပင်တစ်ပင်ပေါ်တွင် နားလိုက်သည်။ ထို့နောက် ခန္ဓာကိုယ် ပြောင်းလဲသွားပြီး လူအသွင် ပြန်ဖြစ်သွားတော့သည်။

သူသည် လင်းယွမ်နှင့် မျောက်ဝံမည်းကြီးကို ကြည့်ကာ မျက်နှာတွင် အံ့ဩထိတ်လန့်မှုများ အထင်းသား ပေါ်နေပြီး မနေနိုင်ဘဲ မေးလိုက်မိသည်။

"လင်းယွမ်... ခင်ဗျား... ဒါ ဘယ်လိုဖြစ်တာလဲ... ဒီမျောက်ဝံမည်းကြီးက ခင်ဗျားကို ဘာလို့ မတိုက်ခိုက်တာလဲ"

လင်းယွမ်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

"တိုက်ခိုက်ပြီးသွားပြီ... အခုတော့ ငါမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်သွားပြီလေ... မင်း ဘယ်တုန်းက ပြန်ရောက်တာလဲ"

ထူလုံ၏ ရင်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားပြီး အံ့ဩလွန်း၍ စကားပင် မဆိုနိုင်တော့ချေ။

မျောက်ဝံမည်းကြီး၊ အရိုးလှံပင့်ကူကြီး ဆိုသည်မှာ ထိုက်ယန်တောင်၏ ဂေဟစနစ်တွင် ထိပ်တန်း သားရဲကြီးများ ဖြစ်ကြသည်။

သူပဲ ဖြစ်ဖြစ်၊ လီယွဲ့ဖုန်း ဖြစ်ဖြစ်၊ ဝူမုန့် ဖြစ်ဖြစ် ထိုသတ္တဝါများနှင့် တွေ့လျှင် ကျားရှေ့ ရောက်နေသကဲ့သို့ ရှောင်တိမ်းခဲ့ရသည်ချည်းပင်။ မည်သူကမှ ထို ဧရာမ သားရဲကြီးများအနီးသို့ မကပ်ရဲကြပေ။

အရူးတစ်ယောက်လို ဖြစ်နေသော ထျန်ဝေ တောင်မှ ထိုသတ္တဝါဆိုးကြီးများရှေ့တွင် ရူးကြောင်ကြောင် မလုပ်ရဲခဲ့ပေ။

သို့သော် လင်းယွမ်က မျောက်ဝံမည်းကြီးကို အနိုင်ယူခဲ့ရုံသာမက ယခုအခါ အိမ်မွေးတိရစ္ဆာန်အဖြစ်ပါ မွေးမြူထားသည်တဲ့လား။

ရုတ်တရက် သူ၏ လက်ရှိ အခြေအနေကို တွေးမိသွားသည်။ သူကိုယ်တိုင်ရော အိမ်မွေးတိရစ္ဆာန်နှင့် ဘာကွာခြားလို့လဲ။

ဒါပေမဲ့ မျောက်ဝံမည်းကြီးနှင့် ယှဉ်လိုက်လျှင် အိမ်မွေးတိရစ္ဆာန် ဖြစ်သော သူ့စွမ်းရည်မှာ အသုံးမဝင်သကဲ့သို့ပင် ဖြစ်နေသေးသည်။

"ဒီလို နှိုင်းယှဉ်ကြည့်လိုက်ရင် ငါနဲ့ မျောက်ဝံမည်းကြီးက အဆင့်အတန်း အတူတူပဲမို့ သိက္ခာကျစရာ မရှိပါဘူးလေ"

ထူလုံက စိတ်ထဲတွင် အမြန် ဖြေသိမ့်လိုက်သည်။

သူက အလျင်အမြန် ပြန်ဖြေလိုက်၏။

"မနေ့ကတည်းက ပြန်ရောက်တာ... ခိုလှုံရေးစခန်းက လူတွေက ခင်ဗျား တောင်ပေါ်တက်သွားတာ ပြန်မလာသေးဘူး ပြောကြလို့ ကျွန်တော် တစ်ရက်လောက် စောင့်နေလိုက်သေးတယ်... တော်တော်နဲ့ ပေါ်မလာလို့ စိတ်ပူပြီး တောင်ပေါ်တက် လိုက်ရှာတာ"

တကယ်တမ်းတွင်မူ သူသည် လင်းယွမ်ကို အလောတကြီး လိုက်ရှာရခြင်းမှာ လင်းယွမ် တစ်ခုခု ဖြစ်သွားပါစေဟု စိတ်ထဲက မျှော်လင့်နေသောကြောင့် ဖြစ်သည်။ အကယ်၍ လင်းယွမ်သာ တစ်ခုခု ဖြစ်သွားလျှင် သူသည် ချက်ချင်း သခင်ကြီး နေရာ ဝင်ယူမည် ဖြစ်၏။

သို့သော် ယခုအချိန်တွင်တော့ ထိုအတွေးမျိုး စိုးစဉ်းမျှပင် မတွေးရဲတော့ပေ။

လာနောက်နေတာလား... မျောက်ဝံမည်းကြီးကိုတောင် အောင်နိုင်ပြီး အိမ်မွေးတိရစ္ဆာန် လုပ်ထားနိုင်သူကို သူက ဘာများ ကြံစည်ရဲဦးမှာလဲ။

ယခု သူ့စိတ်ထဲတွင် လင်းယွမ်၏ စကားကို တသဝေမတိမ်း နာခံပြီး လိမ်လိမ်မာမာ နေပြရန်သာ ရှိတော့သည်။ သို့မှသာ လင်းယွမ်က သူ့အတွေးများကို ရိပ်မိမည် မဟုတ်ပေ။

"ဟို... တစ်ရက်တောင် စောင့်လိုက်တယ်ပေါ့... ငါ့ကို လက်စားချေဖို့ ဒါမှမဟုတ် မီးဝါးတောကို ဖျက်ဆီးပစ်ဖို့ စိတ်ကူး မပေါ်ဘူးလား"

လင်းယွမ်က မထင်မှတ်ဘဲ မေးလိုက်သော မေးခွန်းကြောင့် ထူလုံမှာ ချွေးစေးများ ပျံလာလေသည်။

သူက ကပျာကယာ ကျိန်တွယ်ကာ ပြောလိုက်၏။

"လင်းယွမ်ရာ... ကောင်းကင်နဲ့ မြေကြီး သက်သေပြုပါတယ်... ကျုပ် ထူလုံ မှာသာ အဲဒီလို အတွေးမျိုး ရှိရင် ဝက်ဖြစ်ပါစေဗျာ... ဝက်ဦးနှောက်တောင် ကျုပ်လောက် မတုံးပါဘူး"

လင်းယွမ်က ဟားဟား ရယ်မောလိုက်ပြီး ပြောသည်။

"မရှိရင် ပြီးတာပါပဲ... ငါ စုံစမ်းခိုင်းတဲ့ ကိစ္စကော ဘယ်လိုလဲ"

ထူလုံ သက်ပြင်းချလိုက်မိသည်။ တော်ပါသေးရဲ့... ဒီလိုမှ မဟုတ်ရင် နောက်ဆို ကိုယ့်ကိုယ်ကိုယ် ဝက်တက်တူး ထိုးပြီး ဝက်အသွင် ပြောင်းရမလို ဖြစ်နေပြီ။ ခုနက ပြောလိုက်တဲ့ စကားကလည်း ကိုယ့်လိပ်ပြာ ကိုယ်လုံပါတယ်လေ။

သူက အလျင်စလို ပြန်ဖြေလိုက်သည်။

"စုံစမ်းခဲ့တယ်... ကျွန်တော် ပျံသန်းသွားတဲ့ လမ်းတစ်လျှောက် ထိုက်ယန်တောင်ကို ကျော်ပြီး ကွမ်ဖူ ဘက်အထိ အကြာကြီး ပျံသွားခဲ့တယ်"

"ဟိုဘက်မှာ အဆောက်အအုံတွေ အများကြီး မမြုပ်သေးဘူး... အသက်ရှင်တဲ့သူတွေလည်း အများကြီးပဲ... ဖောင်တွေ လှေငယ်တွေ ဖွဲ့ပြီး စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းဆီ သွားဖို့ ကြိုးစားနေကြတယ်... ထိုက်ယန်တောင်ကို ကျော်လိုက်တာနဲ့ ဟိုဘက်မှာ ရေဒီယိုလိုင်းတွေ ပိုမိပုံရတယ်"

"လူတော်တော်များများက ကွမ်ဖူ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းက ထုတ်လွှင့်တဲ့ သတင်းတွေကို လက်ခံရရှိထားကြတယ်"

"သူတို့က အဲဒီနေရာကို နောက်ဆုံး လက်ကျန် မျှော်လင့်ချက်အဖြစ် သတ်မှတ်ထားကြတာ"

လင်းယွမ် ခေါင်းညိတ်လိုက်သည်။ ဒါက ခန့်မှန်းရ ခက်သည့် အရာ မဟုတ်ပေ။ သူက ဆက်မေးလိုက်သည်။

"ဒုတိယ ကိစ္စကကော"

ဒုတိယကိစ္စကို ပြောရမည့်အချိန်တွင် ထူလုံ၏ မျက်နှာထားမှာ လေးနက်သွားပြီး ပြောလိုက်သည်။

"ကျွန်တော် လမ်းတစ်လျှောက်လုံး ပျံလာတာ... ပျံသန်းတဲ့ သန္ဓေပြောင်း သတ္တဝါ တစ်ကောင်မှ မတွေ့ခဲ့ဘူး"

လင်းယွမ်က သူ့ကို အပြင်လွှတ်လိုက်ရခြင်းမှာ ကွမ်ဖူ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းကို ရှာဖွေခိုင်းရုံ သက်သက် မဟုတ်ဘဲ ပျံသန်းနိုင်သော သန္ဓေပြောင်း သားရဲများ၏ ခြေရာလက်ရာကိုပါ ရှာဖွေခိုင်းခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လင်းယွမ်သည် ထိုက်ယန်တောင်တွင် ပျံသန်းနိုင်သော သန္ဓေပြောင်း သတ္တဝါများကို တွေ့ရခဲသောကြောင့် ဖြစ်သည်။

တိတိကျကျ ပြောရလျှင် ခန္ဓာကိုယ် ကြီးမားပြီး ပျံသန်းနိုင်စွမ်း မြင့်မားသော သန္ဓေပြောင်း သတ္တဝါများကို ဆိုလိုခြင်း ဖြစ်သည်။

မျောက်ဝံမည်းကြီး၏ ခြင်းတောင်းထဲရှိ ကြက်နီကောင်၊ မီးလျှံငှက် စသော အနိမ့်ပျံ သန္ဓေပြောင်း သတ္တဝါများကို ဆိုလိုခြင်း မဟုတ်ပေ။

လွန်ခဲ့သည့် တစ်ခေါက် ရေလှိုင်းကြီး တက်စဉ်က သူ ကြုံတွေ့ခဲ့ရဖူးသော ခန္ဓာကိုယ် အလွန်ကြီးမားပြီး နှုတ်သီးက လှံတံကဲ့သို့ ချွန်ထက်သည့် ငှက်ဆိုးကြီးများမျိုးကို ဆိုလိုခြင်း ဖြစ်သည်။

ထိုငှက်ဆိုးကြီးအုပ်စု ပေါ်လာပုံမှာ အလွန် ဆန်းကြယ်သည်။ လင်းယွမ် ယခင်က တစ်ခါမှ မမြင်ဖူးသလို ထိုက်ယန်တောင်တွင်လည်း မတွေ့ဖူးခဲ့ပေ။

ရေကြီးရေလျှံမှု ကပ်ဘေးသာ မဟုတ်လျှင် ထိုငှက်ဆိုးကြီးများ ရှိနေသည်ကိုပင် သိရမည် မဟုတ်ပေ။

ထို့ကြောင့် လင်းယွမ်သည် ပျံသန်းနိုင်စွမ်းရှိသော ထူလုံကို ထိုငှက်ဆိုးကြီးများ နားခိုရာနေရာကို အနီးတစ်ဝိုက်၌ ရှာဖွေခိုင်းခြင်း ဖြစ်သည်။

သို့သော် ထူလုံ၏ စကားကြောင့် သူ မျက်မှောင်ကြုတ်လိုက်မိသည်။

"တစ်ကောင်မှ မတွေ့ဘူး ဟုတ်လား"

ထူလုံက ခေါင်းခါရင်း ပြောသည်။

"တစ်ကောင်မှ မရှိဘူး... တော်တော် ထူးဆန်းတယ်"

လင်းယွမ် တိတ်ဆိတ်သွားသည်။ ထိုငှက်ဆိုးကြီးများမှာ ခန္ဓာကိုယ် ကြီးမားလှရာ မြေကြီးအောက်ထဲ ဝင်ပုန်းနေစရာ အကြောင်းတော့ မရှိနိုင်ပေ။

ဒါက သိပ်ကို ထူးဆန်းလွန်းနေသည်။

သူ ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

"ထားလိုက်တော့... ဒီကိစ္စ ခဏ ထားလိုက်ဦး... ဒါနဲ့ ကွမ်ဖူ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းကို ရောက်ခဲ့တယ်ဆိုတော့ စခန်းရဲ့ အတိုင်းအတာ ပမာဏကို မြင်ခဲ့ရလား"

ထူလုံက ခေါင်းညိတ်ပြီး ပြောသည်။

"ကွမ်ဖူ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းက တောင်ပေါ်မှာ တည်ဆောက်ထားတာ... မဟုတ်ဘူး... တိတိကျကျ ပြောရရင် ကွမ်ဖူ ဧရိယာ တစ်ဝိုက်လုံးက တောင်တန်းဒေသလို့ ပြောလို့ရတယ်... မြေမျက်နှာသွင်ပြင် တစ်ခုလုံးက တော်တော်မြင့်တယ်"

"ဒါကြောင့် ဟိုဘက်မှာ အဆောက်အအုံတွေ အများကြီး မမြုပ်သေးဘူး"

"ကျွန်တော်တို့ဘက်မှာ ရေမျက်နှာပြင်က (၂၀) လွှာအထက် ရောက်နေပြီ ဆိုပေမဲ့ ဟိုဘက်မှာ ရေက (၇) လွှာ (၈) လွှာလောက်ပဲ ရှိသေးတယ်... ရေအောက် သန္ဓေပြောင်း သတ္တဝါ အရေအတွက်လည်း နည်းတယ်"

"ရေတိမ်တာကြောင့် ကြီးမားတဲ့ ရေအောက် သတ္တဝါတွေ သိပ်မတွေ့ရဘူး... ဒါကြောင့် အဲဒီမှာ အသက်ရှင်တဲ့သူတွေ အများကြီး ရှိနေတာ"

"ပြီးတော့ ကွမ်ဖူ အစိုးရကလည်း အချိန်မီ တုံ့ပြန်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးတွေ အမြန်ဆုံး လုပ်ဆောင်တယ်... ပြည်သူတွေကို တောင်ပေါ် ခေါ်သွားတယ်... ခိုလှုံရေးစခန်းတွေ တည်ဆောက်ပြီး စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းနဲ့ ပူးပေါင်း ကူညီကြတယ်"

"လောလောဆယ် ပြောရရင် အဲဒီနေရာက လင်ကျန်းမြို့ တစ်ခုလုံးမှာ ဘေးအကင်းဆုံး နေရာ ဖြစ်လောက်တယ်"

လင်းယွမ် နားထောင်ပြီးနောက် ခေါင်းခါလိုက်သည်။

"မဟုတ်သေးဘူး"

ထူလုံ ကြောင်သွားပြီး မေးလိုက်၏။

"ဘာ မဟုတ်တာလဲ"

"ကွမ်ဖူ ခရိုင်က လင်းကန် နဲ့ နီးတယ်... လင်းကန် ဧရိယာက အကြီးကြီး... မြို့ သုံးမြို့ကို ဖြတ်သန်း စီးဆင်းနေတာ... ရေထဲမှာ ကျွန်းတွေတောင် အများကြီး ရှိတယ်"

"ကွမ်ဖူ က မြေမျက်နှာသွင်ပြင် မြင့်တာတော့ မှန်တယ်... ဒါပေမဲ့ သူက လင်းကန် နဲ့ နီးတော့ အဲဒီမှာ သန္ဓေပြောင်း သတ္တဝါတွေ မရှိဘဲ နေမလား"

ထူလုံ ပြန်စဉ်းစားကြည့်လိုက်ပြီး ပြောသည်။

"လင်းကန် မှာ သန္ဓေပြောင်း သတ္တဝါတွေ ရှိနိုင်တယ်... ဒါပေမဲ့ ကွမ်ဖူ ဘက်က ရေမျက်နှာပြင်က ကျွန်တော်တို့ဆီထက် တိမ်တာတော့ အမှန်ပဲလေ"

လင်းယွမ် ခေါင်းညိတ်လိုက်သည်။

"ဒါကိုမငြင်းပါဘူး... ယူနန်ပြည်နယ်က ရေမျက်နှာပြင် အမြင့်ပိုင်း ဖြစ်ပေမဲ့ အာဟိုင်ရေကန်ကြီး ရှိနေတာပဲလေ"

"မြေမျက်နှာသွင်ပြင် မြင့်တာနဲ့ပဲ ကန်ကြီးတွေ မြစ်ကြီးတွေ မရှိဘူးလို့ ပြောလို့ မရဘူး"

"ဒါပေမဲ့ မင်းပြောသလိုဆိုရင် သူတို့ဘက်မှာ လူတော်တော်များများ အသက်ရှင် ကျန်ရစ်နေတာ ဖြစ်မယ်... ကွမ်ဖူ အစိုးရ ယန္တရားလည်း လည်ပတ်နိုင်သေးတယ်... စစ်ဘက်ကလည်း ပူးပေါင်းထားတော့ ဟိုဘက်မှာ စနစ်တကျ ရှိနေဦးမှာပဲ"

"သူတို့ အခြေအနေက လင်ကျန်းမြို့က တခြား နေရာတွေထက်စာရင် ပိုကောင်းတာတော့ အမှန်ပဲ"

ထူလုံ မနေနိုင်ဘဲ မေးလိုက်သည်။

"ဒါဆို ကျွန်တော်တို့လည်း စစ်တပ်ဘက်ကို သွားပြီး ခိုလှုံကြမလား... ကျွန်တော် သေချာ စုံစမ်းခဲ့တယ်... စစ်တပ်ဘက်က အသက်ရှင်တဲ့သူတွေကို လက်ခံတဲ့အခါ အရင်က ဘာလုပ်ခဲ့သလဲ ဆိုတာ မမေးဘူးတဲ့"

"အထူးသဖြင့် အစွမ်းပိုင်ရှင် ဖြစ်မယ်ဆိုရင် အထူးအခွင့်အရေးတွေတောင် ပေးသေးတယ်... သူတို့ဆီမှာ ပစ္စည်းကိရိယာတွေ အစုံအလင် ရှိတယ်... စက်မှုလုပ်ငန်း ကွင်းဆက်လည်း မပြတ်တောက်သေးဘူး... စားစရာ သောက်စရာတွေ ထုတ်လုပ်နိုင်တုန်းပဲ"

လင်းယွမ်က ခေါင်းခါလိုက်သည်။

"စက်မှုလုပ်ငန်း ကွင်းဆက် မပြတ်တောက်ဘူး ဆိုရင်တောင် စားနပ်ရိက္ခာက ဘယ်က ရမှာလဲ... သိုလှောင်ထားတဲ့ ရိက္ခာတွေကိုပဲ စားနေကြမှာလား"

"စိုက်ပျိုးဖို့ မြေမရှိသရွေ့... လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသရွေ့... မြောက်ပိုင်းက စားနပ်ရိက္ခာတွေ ဟင်းသီးဟင်းရွက်တွေ သယ်ယူလို့ မရသရွေ့ ကွမ်ဖူ ကလည်း အသက်ရှင်ဖို့ ခက်ခဲတဲ့ နေရာပဲ"

လင်းယွမ် သက်ပြင်းချလိုက်သည်။ သူက ကွမ်ဖူ ဘက်ကို သိပ်အားမကိုးပေ။

အဓိက အစားအစာကို အစားထိုးနိုင်မည့် အရင်းအမြစ် မရှာဖွေနိုင်ခင် အချိန်အထိ လူများလေ အရင်းအမြစ် ရှားပါးလေ ဖြစ်လိမ့်မည်။

ကွမ်ဖူ စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းက သုတေသီတွေ ဒီပြဿနာကို ဖြေရှင်းဖို့ စဉ်းစားထားခြင်း ရှိမရှိ မသိနိုင်ပေ။

ပြီးတော့ ဟိုဘက်မှာ စက်မှုလုပ်ငန်းတွေ လည်ပတ်နိုင်တယ် ဆိုရင်တောင် ကုန်ကြမ်းတွေက ဘယ်ကရမှာလဲ။

သံမဏိတွေ၊ သစ်သားတွေ စသဖြင့် အရင်းအမြစ်တွေကို ဘယ်က သွားရှာမှာလဲ။

ထူလုံသည် ဦးနှောက် သိပ်မပြေးသော်လည်း လင်းယွမ် ထောက်ပြလိုက်မှ ထိုပြဿနာကို ရုတ်တရက် သဘောပေါက်သွားလေသည်။

သူ၏ လှုပ်ရှားတက်ကြွနေသော စိတ်နှလုံးသည် ချက်ချင်း ငြိမ်ကျသွားတော့သည်။

"လင်းယွမ် ဆိုတဲ့ကောင်က တကယ်ကို ဉာဏ်များတာပဲ... ဒီအချက်ကိုတောင် တွေးမိတယ်... ထားလိုက်ပါတော့... ငါလည်း လောလောဆယ် စစ်တပ်ဘက် မသွားသေးဘဲ ထိုက်ယန်တောင် မှာပဲ နေလိုက်ဦးမယ်"

"ဒီမှာနေရင် လင်းယွမ် တစ်ယောက်တည်းအောက်မှာပဲ နေရမှာ... စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းကို သွားလိုက်ရင် လူတစ်ယောက်တည်း အောက် မကဘဲ လူအများကြီးရဲ့ အောက် ရောက်သွားလိမ့်မယ်"

စစ်တပ်ဘက် ရောက်လျှင် သူ့ကို လက်ညှိုးထိုး ခိုင်းစေမည့်သူ အများအပြား ရှိနေနိုင်သည်ကို တွေးမိလိုက်သောအခါ ထူလုံသည် ထိုနေရာသို့ သွားရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တော့သည်။

"စောင့်ကြည့်ရသေးတာပေါ့... တကယ်လို့ လင်းယွမ် ဘက်က အခြေအနေ မဟန်တော့ဘူး ဆိုမှ ငါ စစ်တပ်ဘက် ပြေးတာပေါ့... ဘာပဲဖြစ်ဖြစ် ငါက ပျံနိုင်တာပဲလေ"

ထူလုံ စိတ်ကူးယဉ် တွက်ချက်နေလိုက်သည်။

လင်းယွမ်သည် ဤသစ္စာဖောက်ကောင်တွင် အခြား အကြံအစည်များ ရှိနေသည်ကို မသိနိုင်ပေ။

သိလျှင်လည်း သူ ဂရုစိုက်မည် မဟုတ်။ လောလောဆယ် ထူလုံ၏ အသုံးဝင်မှုမှာ ပတ်ဝန်းကျင်မှ သတင်းအချက်အလက်များကို ထောက်လှမ်းရန်သာ ဖြစ်သည်။

သူ ရှိနေသမျှ ကာလပတ်လုံး ဤကောင် လှုပ်ရဲမည် မဟုတ်ပေ။

လင်းယွမ်က ထူလုံကို ကြည့်ပြီး ပြောလိုက်သည်။

"ခိုလှုံရေးစခန်း ပြန်ကြစို့"

သူက မျောက်ဝံမည်းကြီး ကျောပေါ်မှ ဝါးခြင်းတောင်းကို ဖြုတ်လိုက်ပြီး ထူလုံထံ ပစ်ပေးလိုက်သည်။

ထူလုံ ကြောင်အမ်းအမ်း ဖြစ်သွားပြီး (၁၀) ပေ (၁၃) ပေခန့် ရှိသော ဝါးခြင်းတောင်းကြီးကို ကြည့်ကာ မေးလိုက်သည်။

"ကျွန်တော် သယ်ရမှာလား"

လင်းယွမ်က သူ့ကို စိုက်ကြည့်လိုက်သည်။

"မင်း မသယ်လို့ ဘယ်သူ သယ်မှာလဲ"

ထူလုံ မျက်နှာ ရှုံ့မဲ့သွားသော်လည်း ထပ်မမေးရဲတော့ပေ။ ချက်ချင်းပင် မြေကြီးပေါ် လှိမ့်ချလိုက်ပြီး တက်တူးဝိညာဉ်ကို အသက်သွင်းကာ နဂါးစိမ်း အသွင် ပြောင်းလိုက်သည်။

ထို့နောက် ခြင်းတောင်းကို ကိုက်ချီပြီး လင်းယွမ်နှင့် မျောက်ဝံမည်းကြီး နောက်မှ လိုက်ပါလာခဲ့၏။

လင်းယွမ်သည် မျောက်ဝံမည်းကြီးကို ၎င်း၏ မူလ ဂူအတွင်း၌ နေရာချထားပေးခဲ့ပြီးနောက် ထူလုံကို ခေါ်ကာ မီးဝါးတောဆီသို့ ပြန်လာခဲ့ကြသည်။

သုံးရက်မျှ မပြန်ဖြစ်ခဲ့ရာ မီးဝါးတောတွင် ပြောင်းလဲမှု အသစ်များ ရှိနေပြီ ဖြစ်သည်။

မီးဝါးတော အပြင်ဘက်တွင် ဝါးဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံများစွာ ပေါ်ပေါက်လာသည်။

အဆောက်အအုံ အများစုကို တောင်နံရံနှင့် ကပ်၍ ဆောက်လုပ်ထားကြပြီး အချို့ကိုမူ မီးဝါးတောထဲ၌ တိုက်ရိုက် ဆောက်လုပ်ထားကြသည်။

ကားလမ်းမဘက် အခြမ်းတွင်လည်း ကင်းမျှော်စင် အများအပြား ပေါ်လာပြီး ကျောက်တုံးများဖြင့် စီထားသော တံတိုင်းတစ်ခုကိုလည်း တည်ဆောက်ထားရာ တောင်ကြားတစ်ခုလုံးနှင့် မီးဝါးတော၊ မီးသတ်ရေလှောင်ကန် အားလုံးကို ဝန်းရံထားလေသည်။

ကျောက်တုံးတံတိုင်း နောက်ဘက်ရှိ ကင်းမျှော်စင်များ အကြားတွင် နွယ်ပင်များဖြင့် ပြုလုပ်ထားသော ကြိုးတံတားများ ဆက်သွယ်ထားသဖြင့် ကင်းမျှော်စင် တစ်ခုနှင့် တစ်ခု အလွယ်တကူ ကူးသန်းသွားလာနိုင်စေသည်။

ဤနွယ်ပင် ကြိုးတံတားများကို ကြည့်လိုက်သည်နှင့် ဆုန့်ဝမ် ၏ လက်ရာမှန်း သိသာလှသည်။ သူမကလွဲ၍ အခြားသူများအနေဖြင့် အပင်များကို အသုံးပြုကာ ဤမျှ တိကျသေသပ်စွာ ချိတ်ဆက်ပြီး ကြိုးတံတား ဖြစ်အောင် လုပ်ဆောင်နိုင်ရန် ခဲယဉ်းပေသည်။

ထို့အပြင် တောင်ကြားဘက်ရှိ ရင်ပြင်ပေါ်တွင်လည်း ကြီးမားသော ကျောက်တုံးကြီး တစ်တုံး စိုက်ထူထားသည်။

ကျောက်တုံးပေါ်တွင် 'ထိုက်ယန်တောင် ခိုလှုံရေးစခန်း' ဟူသော စာလုံးကြီးများကို ရေးထွင်းထားလေသည်။

လင်းယွမ် ပြုံးလိုက်မိသည်။ ထူလုံက ထိုမြင်ကွင်းကို မြင်ပြီး မနေနိုင်ဘဲ မေးလိုက်သည်။

"ခိုလှုံရေးစခန်း နာမည် ပြောင်းလိုက်တာလား"

လင်းယွမ်က ပြောလိုက်သည်။

"နောက်ဆိုရင် ထိုက်ယန်တောင် တစ်ခုလုံးက ငါတို့ပိုင် ဖြစ်လာမှာ... မီးဝါးတော ခိုလှုံရေးစခန်း လို့ ခေါ်ရင် နည်းနည်း ကျဉ်းမြောင်းလွန်းတယ်... ငါ အရင်က သူတို့ကို မှာထားဖူးတယ်... ထိုက်ယန်တောင် ခိုလှုံရေးစခန်း လို့ တိုက်ရိုက် ပြောင်းခိုင်းထားတာ"

"ကျန်တဲ့ ခိုလှုံရေးစခန်းတွေရဲ့ နာမည်တွေကတော့ မပြောင်းဘူး... တပ်စွဲထားတဲ့ နေရာတွေ အဖြစ်ပဲ ထားမှာ"

ယခုအခါ တောင်ကြားတစ်ခုလုံးမှာ အကြီးအကျယ် ပြောင်းလဲသွားပြီ ဖြစ်ရာ ထူလုံမှာ မျက်လုံးပင် မလည်နိုင်အောင် ဖြစ်နေပြီး ဤနေရာသည် တစ်ချိန်က မြက်ပင်များဖြင့် ခြောက်သွေ့ခဲ့သော တောင်ကြား ဟုတ်မှ ဟုတ်ပါလေစ ဟုပင် ထင်မှတ်နေမိသည်။

တောင်ကြား တစ်ခုလုံးရှိ ပေါင်းမြက်များကို ကျောက်တုံးများဖြင့် ဖုံးအုပ် ရှင်းလင်းထားပြီး ကျောက်နံရံ တစ်လျှောက် ဝါးဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံ အများအပြား ရှိနေသည်။ ဝါးအိမ်များနှင့် ကျောက်နံရံ အတွင်းရှိ ဂူများကို ဆက်စပ်ပြီး ထူးခြားသော ဗိသုကာ လက်ရာများအဖြစ် ဖန်တီးထားကြသည်။

ထိုနေရာသည် ဈေးဝယ်စင်တာ အဆောက်အအုံ ဖြစ်ပြီး (၄) ထပ်တောင် ရှိလေသည်။

တောင်ကြားထဲတွင် အတော်အသင့် ကျယ်ဝန်းသော ရင်ပြင်တစ်ခု ရှိပြီး ရင်ပြင်အလယ်တွင် ခိုလှုံရေးစခန်း အမည် ရေးထိုးထားသော ကျောက်တုံးကြီး စိုက်ထူထားကာ ပန်းခင်းများဖြင့် ဝိုင်းရံထားသည်။

ပန်းခင်း အပြင်ဘက်တွင် ရေကန်ငယ်လေး တစ်ခုပင် ပြုလုပ်ထားပြီး အတွင်း၌ ကြာပန်းများ၊ အလှမွေး သန္ဓေပြောင်း ငါးလေးများ ထည့်သွင်း မွေးမြူထားသေးသည်။

ထို့နောက် ဆိုင်ခန်းများ၏ အရှေ့တွင် ကျောက်ခုံများ၊ စားပွဲရှည်များ၊ မိုးခိုရန် ဇရပ်များ အများအပြား ရှိနေသည်။

ရင်ပြင်၏ ဘေးတစ်ဖက်တစ်ချက်တွင် စိုက်ပျိုးရေး ဧရိယာ အကျယ်ကြီး ရှိပြီး မီးဝါးတော ဘက်သို့ ဆက်သွားလျှင် မွေးမြူရေးဇုန်၊ သားသတ်ရုံ စသည်တို့ ရှိလေသည်။

အဆောက်အအုံတန်းကြီးမှာ အနည်းငယ် ကျဲပါးနေသေးသော်လည်း ပုံစံကတော့ အကြီးအကျယ် ပြောင်းလဲသွားပြီ ဖြစ်သည်။

အရာအားလုံးက သက်ဝင်လှုပ်ရှားနေပြီး ဤနေရာ၌ လျှောက်သွားနေကြသော လူများ၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာနေကြသည်။

ဤအပြုံးမျိုးကို ထူလုံ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ဖုန်းဟွမ် ဘုရားကျောင်းတွင် ခိုလှုံရေးစခန်း တည်ထောင်စဉ်က သူ၏ လက်အောက်ငယ်သားများ ဤကဲ့သို့ ပြုံးရယ်နေသည်ကို မမြင်ခဲ့ဖူးချေ။

ကလေးများက မိုးကာအင်္ကျီများ ဝတ်ဆင်ကာ ရင်ပြင်ပေါ်တွင် လိုက်လံ ဆော့ကစားနေကြသည်ကို သူ မြင်လိုက်ရသည်။

မိဘများ သို့မဟုတ် လူကြီးများက အနောက်မှ စိတ်ပူစွာ လှမ်းအော်နေကြသည်။

ကလေးများက ရေအိုင်များထဲတွင် ခုန်ပေါက်ဆော့ကစားနေကြပြီး ရေများ နေရာအနှံ့သို့ စင်နေသည်။

ထူလုံတစ်ယောက် ခေတ္တမျှ ကြောင်အမ်းသွားပြီး ရေကြီးမှု ကပ်ဘေးကြီး မတိုင်ခင် ကာလများဆီသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

လူများသည် ညစာ စားပြီးနောက် ကလေး လမ်းလျှောက် ထွက်ကြ၊ ကခုန်ကြ၊ ရပ်ကွက် ရင်ပြင်တွင် ထိုင်ကာ လေကန်ကြသော အချိန်များကို ပြန်လည် သတိရသွားသည်။

မျက်စိရှေ့မှ မြင်ကွင်းကို သူ မယုံနိုင်အောင် ဖြစ်နေမိသည်။

လင်းယွမ်က လှည့်ကြည့်ပြီး ပြောလိုက်သည်။

"ကဲ... မင်းရဲ့ အစွမ်းကို ရုပ်သိမ်းလိုက်တော့... လူတွေကို ခြောက်လှန့်သလို မဖြစ်စေနဲ့... မင်း ဝါးခြင်းတောင်းထဲက သန္ဓေပြောင်း သတ္တဝါတွေကို မွေးမြူရေးဇုန်ဘက် သွားပို့လိုက်... ဦးလေးမာ နဲ့ ချိုင်ကြည် တို့ စီစဉ်ပေးလိမ့်မယ်"

လင်းယွမ်သည် ဝါးခြင်းတောင်းထဲမှ မျောက်ဝံမည်းလေးကို ပွေ့ချီလိုက်ပြီး ကိုယ်ပိုင် ဝါးအိမ်ဆီသို့ ပြန်လျှောက်သွားတော့သည်။

ထူလုံသည် မိုးနှင့်မြေကဲ့သို့ ပြောင်းလဲသွားသော ခိုလှုံရေးစခန်းကို ငေးမောကြည့်ရှုရင်း ဘာမှ ပြန်မပြောနိုင်ဘဲ ဖြစ်နေရှာသည်။

လင်းယွမ်လည်း သူ့ကို ဂရုမစိုက်ဘဲ အိမ်သို့ ပြန်လာခဲ့ရာ အိမ်၌ ရန်မေ နှင့် တုံယန် တို့သာ ရှိနေကြသည်။ တင်းယန် နှင့် ဆုန့်ဝမ် တို့မှာ အပြင်တွင် အလုပ်ရှုပ်နေကြပုံ ရသည်။

"အစ်ကိုလင်း... ဘယ်တွေ သွားနေတာလဲ... အခုမှ ပြန်လာရတယ်လို့"

လင်းယွမ်ကို မြင်လိုက်သည်နှင့် တုံယန် က ဝမ်းသာအားရ လှမ်းခေါ်လိုက်သည်။

ရန်မေ ကလည်း ပြုံးလိုက်ပြီး အနားသို့ လျှောက်လာကာ မေးလိုက်သည်။

"ဗိုက်ဆာပြီလား... တစ်ခုခု လုပ်ပေးရမလား"

လင်းယွမ်က ရယ်မောကာ ပြောလိုက်သည်။

"ဒီကောင်လေးအတွက် အရင်ဆုံး စားစရာ တစ်ခုခု လုပ်ပေးလိုက်ပါဦး"

သူက မျောက်ဝံမည်းလေးကို ချထားလိုက်သည်။ ဤအကောင်လေးမှာ မျောက်ဝံမည်းကြီးမျိုးစိတ်ထဲတွင် အကောင်သေးသည် ဆိုသော်လည်း လူသားများနှင့် ယှဉ်လျှင် မသေးငယ်လှပေ။

ထို့ကြောင့် ဤကောင်လေးမှာ ချစ်စရာ ကောင်းမနေဘဲ ကြောက်စရာပင် ကောင်းနေသေးသည်။

တုံယန် မှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး မနေနိုင်ဘဲ ပြောလိုက်သည်။

"ဒါ... ဒါက ဘယ်က မျောက်ဝံကြီးလဲ"

ရန်မေ ကလည်း အံ့ဩသွားပြီး မေးလိုက်သည်။

"လင်းယွမ်... ဒါ သန္ဓေပြောင်း သတ္တဝါလား"

လင်းယွမ် ခေါင်းညိတ်လိုက်သည်။

"မျောက်ဝံမည်းကြီးရဲ့ မျိုးဆက်ပဲ... ငါ သူ့ကို ယဉ်ပါးအောင် မွေးကြည့်မလို့... နောက်ဆို ငါတို့ ခိုလှုံရေးစခန်းကို ကာကွယ်ပေးနိုင်လောက်တယ်"

တုံယန်က အာမေဋိတ်သံဖြင့် ရေရွတ်လိုက်သည်။

"မျောက်ဝံမည်းကြီး ဟုတ်လား... ဘာလို့ ဒီလောက် သေးနေတာလဲ"

"သူက အခုမှ မွေးတာလေ... ငါ စဖမ်းမိတုန်းက မျက်လုံးတောင် မပွင့်သေးဘူး"

"ဒါနဲ့... နင် စိတ်ချင်းဆက်သွယ်တဲ့ အစွမ်းနဲ့ သူ့ကို ပြောလို့ရမလား စမ်းကြည့်ပါဦး"

တုံယန်လည်း စူးစမ်းလိုစိတ်ဖြင့် စိတ်ချင်းဆက်သွယ်ခြင်း အစွမ်းကို အသုံးပြုကာ မျောက်ဝံမည်းလေးနှင့် ဆက်သွယ်ကြည့်လိုက်သည်။

ခဏအကြာတွင် တုံယန်၏ မျက်နှာတွင် အံ့ဩဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာပြီး ပြောလိုက်သည်။

"ရတယ်... သူ ဗိုက်ဆာနေတယ် တဲ့"

"ပြီးတော့ သူက အစ်ကို့ကို ဖေဖေ တဲ့... ခစ်ခစ်"

လင်းယွမ် အံ့အားသင့်သွားသည်။ တုံယန်၏ စိတ်ချင်းဆက်သွယ်ခြင်း အစွမ်းက မျောက်ဝံမည်းလေးနှင့် ဆက်သွယ်နိုင်သည်လား။

သူ့စိတ်ထဲတွင် အတွေးတစ်ခု ဝင်လာသည်။ အကယ်၍ ဒီလိုသာဆိုရင် ဒီမျောက်ဝံမည်း အကောင်ပေါက်လေးကို ဟွမ်ဟန်ဆီ ပို့ပြီး မွေးခိုင်းစရာ မလိုတော့ပေ။

တုံယန်၏ အစွမ်းမှာ တိုက်ခိုက်ရေးစွမ်းရည် အပိုင်းတွင် အားနည်းသည်။

အကယ်၍ သူမကိုသာ မျောက်ဝံမည်းလေးကို မွေးမြူခိုင်းလိုက်လျှင် နောင်တစ်ချိန် သူ အိမ်မှာ မရှိသည့်အခါ တုံယန်က မျောက်ဝံနှင့် ဆက်သွယ်နိုင်မည် ဖြစ်သဖြင့် အမမေ တို့ကို ကာကွယ်ပေးနိုင်ပေလိမ့်မည်။

ဆက်ရန်...

နောက်တစ်အုပ်မှာ ကုန်တိုက်ကြီးဖွင့်ပွဲနဲ့ လင်းယွမ်တို့ ထိုက်ယန်တောင်ကနေ မိန်တောင်ဘက်ကူးရင် ဟိုဘက်မှာ ဘာတွေကြုံရမလဲ။စစ်တပ်အခြေစိုက်စခန်းကရော တကယ်ရိုးသားမှုရှိရဲ့လား ဆိုတာတွေကို စောင့်မျှော်အားပေးကြဦးနော်။

All Chapters