← Chapters

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အခန်း (၁၅၁-၁၅၃)

Vol. 11 Ch. 151-153

အခန်း (၁၅၁) - ဟုန်ယွင်ဘုရားကျောင်း (၃)

~ဆရာတော် ဟုန်ယွင်သည် ဆုမိုကို ငေးစိုက်ကြည့်နေမိလေသည်။ နှုတ်ဖျားမှ စကားလုံးများပင် ပျောက်ရှသွားသကဲ့သို့ ဆွံ့အလျက်သား ဖြစ်နေရှာ၏။

အတော်ကြာမှ သတိပြန်ကပ်လာကာ သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်လေသည်။

“ဒကာလေးပြောတာ မှန်ပေတယ်.. တကယ်လို့သာ ဘုန်းကြီးနေရာမှာ ဒကာလေး ရှိနေခဲ့မယ်ဆိုရင် လူယုတ်မာတွေ နောင်တမရမချင်း ဒီနေရာကနေ လွယ်လွယ်နဲ့ ထွက်ခွာသွားမယ့်သူ မဟုတ်ပေဘူး”

ဆုမိုကမူ ခေါင်းကို ခါယမ်းလိုက်လေသည်။

“ကျွန်တော်သာဆိုရင် ဘာမှလုပ်မိမှာ မဟုတ်ပါဘူး ဆရာတော်... လောကကြီးမှာ မတရားမှုတွေက သိပ်များလွန်းတယ်... အဲဒါတွေ အားလုံးကို ကျွန်တော် တစ်ယောက်တည်း ဘယ်လိုလုပ် လိုက်ဖြေရှင်းနိုင်ပါ့မလဲ”

ထိုစကားကို ကြားသောအခါ ဆရာတော်ကြီးမှာ တွေးတောဟန် ပြုလိုက်လေသည်။ သို့သော် ဆုမိုက ဆက်လက်၍ မေးမြန်းလိုက်၏။

“အဲဒီတုန်းကရော ဆရာတော် ဘယ်လို ဖြေရှင်းခဲ့ပါသလဲ”

ဆရာတော်ကြီးက ခေတ္တမျှ စဉ်းစားပြီးမှ ဖြေကြားလေသည်။

“ဘုန်းကြီး... ဘာမှ မလုပ်နိုင်ခဲ့ပါဘူး”

“ဒါကလည်း ပုထုဇဉ်သဘာဝပါပဲလေ”

ဆုမိုက ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။ ဤဆရာတော်ကြီးသည် အနည်းငယ် ခေါင်းမာပြီး အသေးစိတ် ကိစ္စလေးများတွင် လမ်းဆုံးနေတတ်သူ ဖြစ်ပုံ ရ၏။

သို့သော်လည်း ပြင်ပလူ တစ်ယောက် အနေဖြင့် ဆုမိုတွင် ဝေဖန်ပိုင်ခွင့် မရှိပေ။

ဆရာတော်ကြီးက သက်ပြင်းတစ်ချက် ထပ်ချလိုက်ပြန်သည်။

“ဒါပေမယ့် ဒီကိစ္စက နှစ်ပေါင်းများစွာ ဘုန်းကြီးရဲ့ စိတ်ထဲမှာ စွဲနေခဲ့ပြီး ဖယ်ရှားပစ်ဖို့ ခက်ခဲခဲ့ပါတယ်... နောက်ပိုင်း ကျောင်းတော်ကို ရောက်လာပြီး လွတ်မြောက်မှုလမ်းစဉ်ကို ရှာဖွေခဲ့တယ်... နှစ်တွေအကြာကြီး နေမှပဲ အမှန်တရား တစ်စွန်းတစ်စကို ရှာတွေ့ခဲ့တာပါ”

“အဲဒါကတော့ ဒုက္ခသည်များ သိုင်းကျမ်းပါပဲ...”

ဆရာတော် ဟုန်ယွင်က ဆွေးမြည့်သော လေသံဖြင့် ဆိုလေသည်။

“ရဟန်းဘောင် ဝင်ပြီးနောက်ပိုင်း ခန္ဓာကိုယ်ရဲ့ နက်ရှိုင်းတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေရင်း ဒုက္ခဆင်းရဲခြင်းတွေကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ခဲ့ပါတယ်... နောက်ဆုံးမှာတော့ ဒုက္ခသည်များဆိုတဲ့ ကျမ်းတစ်စောင်ကို ရေးသားနိုင်ခဲ့တယ်... ဒုက္ခပင်လယ်ဝေနေတဲ့ ဒီလောကကြီးမှာ ရုပ်ခန္ဓာဆိုတာ လှေတစ်စင်းပါပဲ... ဒါပေမယ့် လောကီအာရုံတွေကလည်း ဒီရုပ်ခန္ဓာကနေပဲ မြစ်ဖျားခံလာတာမို့ လူတွေကို အသိတရား ရစေချင်ရင် ခန္ဓာကိုယ်ကနေပဲ စတင်ရပါလိမ့်မယ်”

“ခန္ဓာကိုယ်ကို အပြင်ပန်း နာကျင်စေမှ အတွင်းစိတ်က တရားအလင်းကို ရှာဖွေတွေ့ရှိနိုင်မယ်... ဒါမှသာ စစ်မှန်တဲ့ ဉာဏ်အလင်းကို ရနိုင်မှာပါ”

“အဲဒီလိုရော ဖြစ်နိုင်ပါ့မလား”

ဆုမိုက နှုတ်ခမ်းကို မသိမသာ တွန့်ကွေးလိုက်လေသည်။

“သဘောတရားကတော့ ဒီအတိုင်းပါပဲ”

ဆရာတော်ကြီးက ခါးသက်စွာ ပြုံးရင်း ရေရွတ်လိုက်၏။

“ရုပ်ခန္ဓာကို နှိပ်စက်ရုံသက်သက်နဲ့ လူတစ်ယောက်ရဲ့ စိတ်ကို ပြောင်းလဲပစ်နိုင်ပါ့မလား... တကယ်တော့ ဒါက သူတို့ကို ကျောင်းတော်ထဲမှာ ဆွဲထားတဲ့ ကြိုးအရှင်တွေပါပဲ... ကျောင်းတော်ကို ထောင်မကြီးတစ်ခုအဖြစ် ဖန်တီးပြီး အချိန်ကာလတစ်ခုကြာမှ တရားဓမ္မတွေနဲ့ သူတို့စိတ်ထဲက ယုတ်မာမှုတွေကို တိုက်စားပစ်ဖို့ မျှော်လင့်နေရတာပါ”

“ဆရာတော်က တော်တော်လေး အမြော်အမြင် ကြီးတာပဲ... လေးစားစရာပါ”

ဆုမိုက လက်သီးဆုပ်ကာ အရိုအသေ ပြုလိုက်လေသည်။

ဆရာတော်ကြီးက ခေါင်းခါလိုက်၏။

“ဘာတွေများ အမြော်အမြင်ကြီးနေလို့လဲ... မတတ်သာလို့ လုပ်ရတာပါ... ဘုန်းကြီး တစ်သက်လုံး ဒီပြဿနာကို ဖြေရှင်းမယ့် နည်းလမ်းအစစ်အမှန် ရှာမတွေ့ခဲ့ပါဘူး... အရင်ကတော့ ခရီးသွားဧည့်သည်တွေဆီကနေ ဒကာလေးဆု ရွှမ်ကျီတောင်ကြားမှာ လုပ်ဆောင်ခဲ့တဲ့ အကြောင်းတွေကို ကြားပြီး အတော်လေး လေးစားမိပါတယ်”

“ဘုန်းကြီးက ဒကာလေးကို လေးစားမိတာက လူယုတ်မာတွေကို သတ်ဖြတ်နိုင်တဲ့ သိုင်းပညာကြောင့် မဟုတ်ပါဘူး”

“သတ်နိုင်စွမ်း ရှိရက်နဲ့ အများအေးချမ်းမှုကို ရှေးရှုပြီး သည်းခံနိုင်စွမ်း ရှိလို့ပါ”

“ယူချွမ်ဂိုဏ်းကို ဖြိုခွင်းလိုက်တာက အနောက်တောင်ဘက် ဒေသတစ်ခုလုံးက ဖြောင့်မတ်သူတွေကို ကယ်တင်လိုက်တာပါပဲ... ဒါဟာ ဉာဏ်ပညာနဲ့ သတ္တိဗျတ္တိ ပေါင်းစပ်ထားတဲ့ လုပ်ရပ်ပေပဲ”

“ဒီနေ့ လူကိုယ်တိုင် မြင်တွေ့ရတော့...”

“ကျွန်တော်က ဆရာတော်ကို စိတ်ပျက်စေခဲ့လို့လား”

ဆုမိုက ပြုံးရင်း မေးလိုက်လေသည်။

ဆရာတော်ကြီးက ခေါင်းထပ်ခါလိုက်ပြန်သည်။

“တကယ့်ကို ထူးချွန်လွန်းပါတယ်... ဘုန်းကြီးကို အသိတရားတွေတောင် ပိုရစေပါတယ်”

“...”

ဆုမို၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး စိုးရိမ်စိတ်အနည်းငယ် ဝင်ရောက်လာလေသည်။

'ဒီဆရာတော်ကြီးရဲ့ အသိတရားတွေက ခပ်ကြမ်းကြမ်းပါလား... အရင်တစ်ခေါက် အသိတရားရတုန်းက ဒုက္ခသည်များ သိုင်းကျမ်း ပေါ်ထွက်လာပြီး တောလမ်းခေါင်းဆောင်တွေကို ဒုက္ခပေးခဲ့တယ်... အခုနောက်ထပ် အသိတရား ထပ်ရပြန်ပြီဆိုတော့ ဘယ်သူတွေများ ကံဆိုးကြဦးမလဲ မသိဘူး'

ဆုမို စိတ်ထဲတွင် ကျိတ်၍ ရေရွတ်လိုက်မိသော်လည်း စူးစမ်းလိုစိတ်က ပေါ်ပေါက်လာပြန်သည်။

“ဆရာတော် ဒီမှာ သီတင်းသုံးနေတာ ကြာလှပြီပဲ... ဘာဖြစ်လို့ အခုမှ ထလှုပ်ရှားရတာလဲဘုရား”

ဤမေးခွန်းမှာ တောလမ်းခေါင်းဆောင်များကို ဖမ်းဆီးပြီး ဒုက္ခသည်များ သိုင်းကျမ်း ဖြင့် နှိပ်စက်သည့် ကိစ္စကို ရည်ညွှန်းခြင်း ဖြစ်၏။

ထိုအခါ၊ ဆရာတော် ဟုန်ယွင်သည် ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းပင် မိန့်ကြားလေသည်။

“အရင်တုန်းကတော့ ဒီလောက်များတဲ့ လူဆိုးတွေကို ယှဉ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခဲ့ဘူး... အခုတော့ ဘုန်းကြီးရဲ့ သိုင်းပညာ တိုးတက်လာပြီလေ...”

ဆုမို သဘောပေါက်သွားလေသည်။ အတိတ်က မနိုင်၍ ငြိမ်နေခဲ့သော်လည်း ယခု အနိုင်ယူနိုင်ပြီ ဖြစ်သောကြောင့် လှုပ်ရှားလိုက်ခြင်း ဖြစ်ပေသည်။

ထိုစဉ် ဆရာတော်ကြီးသည် သင်္ကန်းရင်ခွင်ကြားမှ ကျမ်းစာအုပ်ငယ် တစ်အုပ်ကို ရုတ်တရက် ထုတ်ယူလိုက်ပြီး ဆုမိုအား ကမ်းပေးလိုက်လေသည်။

ဆုမိုသည် ခဏမျှ တွေဝေသွားပြီးမှ လှမ်းယူလိုက်၏။

ထိုစာအုပ်ငယ်တွင် စာသားများ မပါရှိဘဲ ပါးလွှာသော စာရွက် နှစ်ရွက်၊ သုံးရွက်ခန့်သာ ပါရှိသည်။ စာရွက်များကို လှန်လှောကြည့်လိုက်ရာ သိုင်းကွက် ၃ ကွက်ကို ရေးဆွဲထားသည်ကို တွေ့လိုက်ရ၏။

“ဒါက...”

ဆုမိုသည် အံ့အားသင့်စွာဖြင့် ဆရာတော်ကြီးကို မော့ကြည့်လိုက်မိသည်။

ဆရာတော် ဟုန်ယွင်က ခပ်ရေးရေး ပြုံးလိုက်လေသည်။

“ဒကာလေးက အနောက်တောင်ဘက် ဒေသမှာ ရှားရှားပါးပါး တွေ့ရတဲ့ လူငယ်ပါရမီရှင် တစ်ယောက်ပါ... ဉာဏ်ပညာနဲ့ သတ္တိဗျတ္တိ ပြည့်စုံပြီး စိတ်သဘောထား မြင့်မြတ်တယ်”

“ဒီနေ့ ဒကာလေးနဲ့ တွေ့ဆုံရတာ ကံပါလာလို့ပဲ... ဘုန်းကြီးအနေနဲ့ လက်ဗလာနဲ့တော့ ပြန်မလွှတ်နိုင်ပါဘူး... ဒီစာအုပ်ငယ်က ဒုက္ခသည်များ သိုင်းကျမ်း ထဲက ဘုန်းကြီး နားလည်သဘောပေါက်ထားတဲ့ လက်ညှိုးသိုင်း သုံးကွက်ပါ... နာမည်ကတော့ သုံးရက်တာ နာကျင်ခြင်း လို့ ခေါ်ပါတယ်”

“ဒီနည်းစနစ်က အထူးစီမံထားတဲ့ ချီလှည့်ပတ်နည်းနဲ့ အတွင်းအားကို သွေးကြောကွက်တွေထဲ ရိုက်ထည့်လိုက်ရင် ခံရသူက သုံးရက်တိတိ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရပါလိမ့်မယ်”

“မိမိရဲ့ အတွင်းအားနဲ့ ပြန်လည် ထိန်းချုပ်ဖို့ ကြိုးစားရင်တောင် ခံနိုင်ရည်ရှိဖို့ ခဲယဉ်းပါတယ်”

“ဒကာလေးက အာမခံဌာန ဖွင့်ထားတာဆိုတော့ သတ်ဖြတ်လုယက်မှုတွေကို အားကိုးတဲ့ တောလမ်းဓားပြတွေနဲ့ မလွဲမသွေ ကြုံရမှာပါပဲ”

“ဒါပေမယ့် အမြဲတမ်းကြီး သတ်ဖြတ်နေလို့လည်း မဖြစ်သေးဘူးလေ... ဒါကြောင့် ဒီ သုံးရက်တာ နာကျင်ခြင်း သိုင်းကွက်ကို လူယုတ်မာတွေကို ဆုံးမဖို့အတွက် လက်ဆောင်ပေးလိုက်ပါတယ်”

“ဒါက...”

ဆုမိုသည် တစ်ခဏမျှ စကားစ ရှာမရ ဖြစ်သွားပြီးမှ ပြောလိုက်လေသည်။

“ကျွန်တော်တို့က ပထမဆုံးအကြိမ် တွေ့ဆုံဖူးတာပါ ဆရာတော်... ဒီလောက် တန်ဖိုးကြီးမားတဲ့ လက်ဆောင်ကို ဘယ်လိုလုပ် အကြောင်းမဲ့ လက်ခံနိုင်မှာလဲ”

“ဒီပစ္စည်းက ဒကာလေးနဲ့ ရေစက်ပါလာပြီးသားပါ... မငြင်းပါနဲ့တော့”

ဆရာတော်ကြီးက ပြောပြီးသည်နှင့် မျက်လုံးများကို မှိတ်ကာ တိတ်ဆိတ်သွားတော့သည်။

အပြင်ဘက်မှ ကိုရင်လေးက လှမ်းပြောလိုက်၏။

“ဒကာကြီး... မိုးစဲသွားပြီဆိုတော့ ခရီးဆက်သင့်ပါပြီ”

ဆုမိုသည် မတတ်သာတော့ဘဲ ခါးသက်သက် ပြုံးလိုက်မိသည်။ ထို့နောက် မတ်တတ်ရပ်ကာ လေးလေးနက်နက် အရိုအသေ ပြုလိုက်လေသည်။

“ဆရာတော်ရဲ့ မေတ္တာကို ကျေးဇူးတင်ပါတယ်”

ဆရာတော်ကြီးမှာမူ ဈာန်ဝင်စားသွားသကဲ့သို့ ခေါင်းငိုက်စိုက်ကျနေပြီး ဝင်လေထွက်လေသံပင် မကြားရတော့ပေ။

ဆုမိုသည် ကိုရင်လေး၏ လမ်းပြမှုဖြင့် လှည့်ထွက်လာခဲ့ရတော့သည်။

ကျောင်းဆောင်အနောက်ဘက် ဥယျာဉ်ကို ဖြတ်သန်းလာစဉ် နောက်ဖေးတံခါး ပွင့်သွားပြီး မျက်နှာထား တင်းမာခက်ထန်သော ဘုန်းကြီးကြမ်းကြီး အများအပြား ဝင်ရောက်လာသည်ကို မြင်လိုက်ရ၏။

ဘုန်းကြီးတစ်ပါးက လူတစ်ယောက်ကို ပေါ့ပါးစွာဖြင့် ဆွဲမလာသည်။ ထိုလူမှာ စောစောကမှ ထွက်ပြေးလွတ်မြောက်သွားသော ပန်ထျန်းခွမ်၏ တပည့်တစ်ဦး ဖြစ်လေသည်။

ထိုဘုန်းကြီး၏ နောက်တွင် အခြားသော ဘုန်းကြီးများကလည်း လူအများအပြားကို တရွတ်တိုက် ဆွဲလာကြ၏။ ထိုလူများ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးသံရဲရဲ ဖြစ်နေသော်လည်း ဘုန်းကြီးများက အနည်းငယ်မျှ ညှာတာမည့်ပုံ မပေါ်ချေ။

ဆုမိုသည် ရှေ့မှ လမ်းပြနေသော ဧည့်ကြိုကိုရင်လေးကို တစ်ချက်ကြည့်လိုက်၏။ ကိုရင်လေးမှာ ထိုမြင်ကွင်းကို မမြင်ချင်ယောင်ဆောင်ကာ အပြုံးမပျက် ဆက်လျှောက်နေသည်မှာ ဤအခြေအနေများနှင့် ယဉ်ပါးနေပုံ ရ၏။

ပင်မဆောင်ကြီးထဲရှိ ကုန်သည်များမှာလည်း မိုးစဲသွားပြီဖြစ်၍ ခရီးဆက်ရန် ပြင်ဆင်နေကြ၏။ ဟုန်ယွင်ဘုရားကျောင်း အနေဖြင့်လည်း ထိုသူတို့ကို ဆက်လက် ထိန်းသိမ်းထားရန် ဆန္ဒမရှိသဖြင့် လွတ်လပ်စွာ ထွက်ခွာခွင့် ပြုလိုက်လေသည်။

တစ်ခဏအတွင်းမှာပင် ကျောင်းတော်ကြီး၏ ဝင်ပေါက်တွင် မြင်းလှည်းများ ဝင်ထွက်သွားလာရင်း သက်ဝင်လှုပ်ရှားနေတော့လေသည်။

အခန်း (၁၅၂) - ဓားပျံ တစ်လက် ပစ်လွှတ်ခြင်း

~ဟုန်ယွင်ဘုရားကျောင်းမှ တဖန် ပြန်လည် ထွက်ခွာလာသောအခါ ခရီးလမ်းတစ်လျှောက်လုံး အနှောင့်အယှက်ဟူ၍ မြူမှုန်မျှ မတွေ့ရတော့ပေ။

အကြောင်းမူကား ဆရာတော် ဟုန်ယွင်သည် လမ်းခရီးတစ်လျှောက်တွင် နာမည်ကျော်ဇောသော တောလမ်းဓားပြမှန်သမျှကို ဟုန်ယွင်ဘုရားကျောင်းတော်သို့ ဖိတ်ခေါ် ထိန်းသိမ်းထားလိုက်သောကြောင့် ဖြစ်ပေသည်။

ဒုက္ခသည်များ သိုင်းကျမ်းကို သံခြေကျင်းအဖြစ် ခတ်နှောင်ပြီး၊ ဗုဒ္ဓတရားတော်များကို တရားချွတ်ရန် ကိရိယာတန်ဆာပလာအဖြစ် အသုံးပြုထားလေရာ ထိုလုပ်ရပ်သည် သင့်တော်ခြင်း ရှိ၊ မရှိ မဆိုထားနှင့်၊ အနည်းဆုံးတော့ ခရီးသွားများအတွက် လမ်းခရီးမှာ များစွာ ဖြောင့်ဖြူး ချောမွေ့သွားသည်ကား အမှန်ပင်။

အန္တရာယ်ရှိသော လူသတ်ဆိုင်များတွင် ရံဖန်ရံခါ တည်းခိုမိခြင်းနှင့် အသေးစား အန္တရာယ်အချို့ ကြုံတွေ့ရခြင်းမှလွဲ၍ အခြားသော ကြီးကြီးမားမား ဒုက္ခမျိုး မရှိခဲ့ချေ။

ဆုမိုသည် ဆရာတော် ဟုန်ယွင်၏ မိန့်ကြားချက်များကို လမ်းခရီးတွင် ယန်ရှောင်ယွင်နှင့် လျူမိုအား ပြန်လည် ဖောက်သည်ချလေသည်။ ထိုအခါ နှစ်ဦးစလုံးမှာ ပြောစရာ စကားမဲ့သွားကြရ၏။

လျူမိုကမူ သိုင်းလောကတွင် ထူးခြားဆန်းပြားသော ပုဂ္ဂိုလ်ကျော်များ များပြားလှကြောင်း၊ ဆရာတော် ဟုန်ယွင်၏ နည်းလမ်းမှာ ယုတ္တိမရှိသယောင် ထင်ရသော်လည်း မိမိ၏ အတွေးအခေါ်ကို လက်တွေ့အကောင်အထည် ဖော်နိုင်စွမ်းမှာ လူများစွာထက် သာလွန်ကြောင်း ရေရွတ်လေသည်။

ထို့ပြင် ဆရာတော် မိန့်ကြားခဲ့သည့်အတိုင်းသာ မှန်ပါက ငယ်စဉ်ကတည်းက လူဆိုးများကို တရားလမ်းကြောင်းပေါ် ပို့ဆောင်ရန် ဘဝတစ်ခုလုံး မြှုပ်နှံထားခဲ့ခြင်း ဖြစ်ရာ၊ ဤသို့သော စိတ်ဓါတ်မျိုးမှာ ရှားပါးလှပေသည်။

ယန်ရှောင်ယွင်ကမူ ထိုမျှလောက် ခံစားချက်မရှိလှပေ။ အဘိုးကြီးတွင် မိစ္ဆာပညာ မရှိကြောင်း သိလိုက်ရရုံဖြင့် သူမအတွက် စိတ်အေးသွားရပြီ ဖြစ်၏။

ဆုမိုသည် အားလပ်ချိန်များတွင် ဆရာတော် ပေးလိုက်သော သုံးရက်တာ နာကျင်ခြင်း သိုင်းကျမ်းကို အသေးစိတ် လေ့လာလေသည်။

သုံးရက်တာ နာကျင်ခြင်း ဟူသော အမည်နာမမှာ ကမန်းကတန်း ပေးထားပုံ ပေါက်သော်လည်း အတွင်း၌ ပါရှိသော သဘောတရားများမှာ အလွန်နက်ရှိုင်းလှပေသည်။

ချီလှည့်ပတ်ပုံ နည်းစနစ်မှာ တစ်မူထူးခြားပြီး တစ်ရက်တာ နာကျင်ခြင်း၊ နှစ်ရက်တာ နာကျင်ခြင်းသာ နှင့် သုံးရက်တာ နာကျင်ခြင်း ဟူ၍ သုံးမျိုး ခွဲခြားထားသည်။

အမည်နာမများအတိုင်းပင် အကျိုးသက်ရောက်မှုမှာ ရိုးရှင်းပြတ်သားသည်။

တစ်ရက်တာ နာကျင်ခြင်း သည် လက်ဖဝါးစွန်းရှိ ရှင်းမင် သွေးကြောကွက်ကို လည်းကောင်း၊ နှစ်ရက်တာ နာကျင်ခြင်း သည် ပေါင်နှစ်ဖက်ကြားရှိ ဖုန်းရှီ သွေးကြောကွက်ကို လည်းကောင်း၊ သုံးရက်တာ နာကျင်ခြင်း သည် ရင်ဘတ်ရှိ ယွီထန် သွေးကြောကွက်ကို လည်းကောင်း ပစ်မှတ်ထားလေသည်။

ထိမှန်ခံရပါက သွေးကြောကွက် နေရာအလိုက် ခံစားမှု ကွဲပြားနိုင်သော်လည်း ခြုံငုံ၍ ပြောရလျှင် နာကျင်ခြင်း ဟူသော ဝေဒနာတစ်လုံးတည်းသာ ရှိပေသည်။

ထိုနာကျင်မှုသည် ၁ ရက်၊ ၂ ရက်၊ ၃ ရက် စသဖြင့် အချိန်ပြည့်မှသာ ပြေပျောက်သွားမည် ဖြစ်၏။

ထိုကာလအတွင်း နာကျင်စေခဲ့သူက ဒုက္ခသည်များ သိုင်းကျမ်း ပါ နည်းစနစ်ကို အသုံးပြု၍ ခန္ဓာကိုယ်ထဲ ရိုက်ထည့်လိုက်သော အတွင်းအားကို ပြန်လည် ရုပ်သိမ်းပေးလိုက်ပါက နာကျင်မှုမှာ ချက်ချင်း ပျောက်ကွယ်သွားနိုင်ပေသည်။

ဆုမိုသည် မိမိခန္ဓာကိုယ်အတွင်း ချီစီးဆင်းမှုကို စမ်းသပ်ကြည့်ရာ သွေးကြောကွက် တစ်ခုစီသည် မတူညီသော ချီလမ်းကြောင်းများနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရ၏။

ဖုန်းရှီ သွေးကြောကွက်ကို တစ်ရက်တာ နာကျင်ခြင်း အသုံးပြုရာတွင် အင်အား မလိုအပ်ချေ။ မိမိက အင်အား ဘယ်လောက် ထည့်လိုက်သလဲ၊ ပြိုင်ဘက်က အင်အား ဘယ်လောက် ခံနိုင်သလဲ ဆိုသည့်အပေါ်တွင်သာ မူတည်သည်။

ထို့အပြင် သုံးရက်တာ နာကျင်ခြင်း ဆိုသည်မှာ ဒုက္ခသည်များ သိုင်းကျမ်း ထဲမှ နည်းစနစ်တစ်ခုမျှသာ ဖြစ်လေသည်။

အသေးစိတ် အချက်အလက်များကို ကြည့်ခြင်းအားဖြင့် ဤနည်းစနစ်ကို အသုံးပြုကာ ခန္ဓာကိုယ်ထဲတွင် ချီစွမ်းအင်ကို စုစည်းထားပြီး တစ်လကြာမှ ပေါက်ကွဲစေရန် ပြုလုပ်ခြင်းမှာ ဆရာတော် ဟုန်ယွင်အတွက် ခက်ခဲသော ကိစ္စမဟုတ်ကြောင်း ဆုမို ခန့်မှန်းမိလိုက်၏။

ဆရာတော် ဟုန်ယွင်သည် မင်းမဲ့စရိုက်ဆန်သော တောလမ်းဓားပြများကို ဟုန်ယွင်ဘုရားကျောင်းအတွင်း ချုပ်နှောင်ထားနိုင်ခြင်းမှာ ဤကဲ့သို့သော အဆင့်မြင့် နည်းစနစ်များကို အားကိုးထားသောကြောင့် ဖြစ်တန်ရာ၏။

သို့မဟုတ်ပါက ထိုလူများ ဘုရားကျောင်းထဲတွင် ပိတ်မိနေပြီး ထွက်ပြေးရန် မကြိုးစားကြသည်ကို ရှင်းပြရန် ခက်ခဲပေလိမ့်မည်။

အကြောင်းမူကား သူတို့ မပြေးနိုင်ခြင်း၊ သို့မဟုတ် ပြေးလည်း အလကား ဖြစ်နေခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

သို့သော် စိတ်ဝင်စားစရာ အကောင်းဆုံး အချက်မှာ ဤ ဒုက္ခသည်များ သိုင်းကျမ်း သည် ပြင်းထန်သော နာကျင်မှုကို ပေးစွမ်းသော်လည်း အသားအရေကို ဥပါဒ် မဖြစ်စေခြင်းပင်။

အတွင်းအားကိုသာ ခန္ဓာကိုယ်ထဲသို့ ရိုက်ထည့်လိုက်သော်လည်း အတွင်းဒဏ်ရာ လုံးဝနီးပါး မရရှိစေခြင်းမှာ အမှန်တကယ်ပင် အံ့မခန်းစရာ ကောင်းလှပေသည်။

ဆုမိုသည် ပါးလွှာသော ကျမ်းစာအုပ်ငယ်ပါ စာလုံးတိုင်းကို စေ့စေ့စပ်စပ် လေ့လာပြီးနောက် ဤအရာသည် သိုင်းကျင့်စဉ် မဟုတ်ဘဲ အတွင်းအား ချီ စီးဆင်းပုံ နည်းစနစ်သက်သက်သာ ဖြစ်ကြောင်း အတည်ပြုနိုင်လိုက်၏။ သို့ဖြစ်၍ စိတ်ချလက်ချဖြင့် စမ်းသပ် လေ့ကျင့်လေတော့သည်။

ရှေးလူကြီးများ ပြောစကားအရ “လူက ကျားကို ဒုက္ခမပေးလျှင် ကျားကလည်း လူကို ရန်မမူ” ဟု ဆိုကြသော်လည်း အချို့ကိစ္စများတွင်မူ ကြိုတင်ကာကွယ်ထားခြင်းက အကောင်းဆုံးပင်။

မူရင်းဇာစ်မြစ် မသိရသော လျှို့ဝှက်သိုင်းကျမ်းများကို ပေါ့ပေါ့ဆဆ မလေ့ကျင့်သင့်ပေ။ အချို့သော သိုင်းကျမ်းများသည် ကောင်းကင်စာအုပ်အမည်း ကဲ့သို့ ထောင်ချောက်များ ဖြစ်နေတတ်သည် မဟုတ်ပါလော။

သို့သော် ဤကျမ်းတွင် ကျင့်စဉ်လမ်းကြောင်း မပါဝင်ဘဲ အသုံးချပုံ နည်းစနစ်သက်သက်သာ ဖြစ်သဖြင့် ဘေးထွက်ဆိုးကျိုး မရှိနိုင်ချေ။

ရက်အနည်းငယ် အတွင်းမှာပင် ဆုမိုသည် ထိုနည်းစနစ် သုံးမျိုးစလုံးကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သွားလေသည်။

ထိုအချိန်အတောအတွင်း လျူမို လွှတ်လိုက်သော သတင်းပို့ငှက်သည်လည်း ပြန်လည် ရောက်ရှိလာလေသည်။ သို့သော် ခန့်မှန်းထားသည်ထက် ရက်အနည်းငယ် နောက်ကျနေ၏။

အကြောင်းရင်းကို ပေးပို့လိုက်သော စာလွှာထဲတွင် ရှင်းပြထားသည်။ ကောင်းကင်ဓားဂိုဏ်းမှ သတင်းအဝင်အထွက်များကို ပိတ်ပင်ထားသောကြောင့် ရက်အနည်းငယ် ကြန့်ကြာခဲ့ရခြင်း ဖြစ်၏။

စာထဲတွင် ဖော်ပြထားသည်မှာ ကောင်းကင်ဓားဂိုဏ်းသည် လမ်းငါးသွယ်ဆုံရပ် မြို့ကို အကြောင်းပြချက် မသိရဘဲ လဝက်ခန့် ပိတ်ဆို့ထားခဲ့သော်လည်း ယခုအခါ ပြန်လည် ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း၊ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် ရပြီဖြစ်ကြောင်း ပါရှိလေသည်။

ဤသတင်းစကားသည် ဆုမိုနှင့် အဖွဲ့သားများအတွက် စိတ်သက်သာရာ ရစေခဲ့သည်။ နောက်ထပ် နှစ်ရက်အကြာတွင် စာထဲပါ အကြောင်းအရာများ မှန်ကန်ကြောင်း လက်တွေ့ သိရှိလိုက်ရ၏။

အဘယ်ကြောင့်ဆိုသော် လမ်းခရီးတွင် လမ်းငါးသွယ်ဆုံရပ် မှ ထွက်ခွာလာသော ကုန်သည်အဖွဲ့များကို တွေ့ရှိရပြီး၊ မေးမြန်းကြည့်ရာတွင်လည်း စာထဲပါအတိုင်း ဟုတ်မှန်ကြောင်း ပြောဆိုကြသောကြောင့် ဖြစ်၏။

တစ်ခုတည်းသော မေးခွန်းထုတ်စရာမှာ ကောင်းကင်ဓားဂိုဏ်းသည် အဘယ်ကြောင့် လမ်းငါးသွယ်ဆုံရပ် ကို ပိတ်ဆို့ထားခဲ့သနည်း ဆိုသည်ကို သူတို့ရော၊ အခြားသူများပါ မသိရှိကြခြင်းပင်။

သို့သော် ဆုမိုနှင့် အဖွဲ့သားများက ထိုကိစ္စကို အလေးအနက် မထားကြပေ။ လမ်းငါးသွယ်ဆုံရပ် ပိတ်ဆို့မှု ပွင့်သွားပြီး အဆီးအတားမရှိ သွားလာနိုင်ပြီ ဆိုသည့် အချက်ကသာ သူတို့အတွက် အရေးကြီးသော သတင်းကောင်း ဖြစ်လေသည်။

နောက်ထပ် နှစ်ရက်အကြာတွင် သူတို့သည် လမ်းငါးသွယ်ဆုံရပ် သို့ ရောက်ရှိလာကြပါသည်။

...

...

မွန်းတည့်ချိန် ဖြစ်သော်လည်း ရာသီဥတုမှာ ခြောက်သွေ့ကြမ်းတမ်းနေပြီး နေရောင်ခြည်၏ နွေးထွေးမှုကိုပင် မခံစားရချေ။

မော့ကြည့်လိုက်လျှင် လမ်းငါးသွယ်ဆုံရပ် မြို့ကို လှမ်းမြင်နေရပြီ ဖြစ်၏။ ကုန်သည်များ၊ ခရီးသွားများ ဝင်ထွက်သွားလာနေကြသည်မှာ အလွန်ပင် စည်ကားသိုက်မြိုက်လှပေသည်။

ဆုမိုသည် အဖွဲ့ကို ဦးဆောင်ကာ လမ်းငါးသွယ်ဆုံရပ် မြို့၏ ဝင်ပေါက်ကို ဖြတ်ကျော်၍ မြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။

လမ်းမကြီးတစ်လျှောက် အရောင်းအဝယ် ပြုလုပ်နေကြသော အော်ဟစ်ဈေးခေါ်သံများ၊ လူအုပ်ကြီး၏ လှုပ်ရှားသွားလာမှုများဖြင့် ဆူညံပွက်လောရိုက်နေလေသည်။

“ဒီနေရာရဲ့ စည်ကားမှုက လော့ဖုန်းမဟာမိတ်အဖွဲ့ရဲ့ မြို့ကြီးလေးမြို့ထက် မလျော့ပါဘူး”

ယန်ရှောင်ယွင်၏ အကြည့်များက လမ်းဘေးဝဲယာရှိ ဆိုင်ခန်းများပေါ်သို့ ရောက်ရှိသွားပြီး၊ သူမ၏ မျက်ဝန်းများတွင် ဆန်းသစ်မှုကို မြင်တွေ့နေရ၏။

ဤနေရာနှင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သော လျူမိုက တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်လေသည်။

“လမ်းငါးသွယ်ဆုံရပ် ဆိုတာ အရပ်လေးမျက်နှာက ဧည့်သည်တွေကို ဆွဲဆောင်ထားတဲ့ နေရာပါ... တကယ်ကို စည်ကားပါတယ်... ကုန်သည်လှည်းတန်းတွေ ဝင်ထွက်သွားလာပြီး အရပ်ရပ်က ကုန်စည်စီးဆင်းမှု ဆုံချက်ဖြစ်တာမို့ ပစ္စည်းဈေးနှုန်းတွေက အခြားနေရာထက် အများကြီး သက်သာပါတယ်”

အခန်း (၁၅၃) - ဓားပျံ တစ်လက် ပစ်လွှတ်ခြင်း (၂)

~ဆုမိုသည် ခေါင်းကို အနည်းငယ် ညိတ်လိုက်လေ၏။ ကုန်သည်ဟူသည်မှာ ဤသို့ပင် မဟုတ်ပါလော။ တစ်နေရာတွင် ဈေးပေါပေါ ဝယ်ယူပြီး နောက်တစ်နေရာတွင် ဈေးကြီးကြီးနှင့် ပြန်ရောင်းကြစမြဲ။

သို့သော်လည်း ထိုသို့ ပြုလုပ်နိုင်ရန် ဒေသအခြေအနေများကို ကောင်းစွာ နားလည်ထားရန် လိုအပ်ပေသည်။

ဥပမာအားဖြင့် ချည်ထည်နှင့် အခြားကုန်ပစ္စည်းများကို စုဆောင်းပြီး အေးခဲနေသော မြောက်ဘက်ဒေသသို့ သွားရောက်ရောင်းချပါက ဈေးကောင်းရရှိနိုင်ပေသည်။

ထိုနည်းတူစွာပင် မြောက်ဘက်ဒေသမှ ထွက်ရှိသည့်… ဆန်းသစ်သော ပစ္စည်းအချို့ကို တုန်းဟွမ်ဒေသသို့ ယူဆောင်လာပါကလည်း ဈေးကြီးပေး ဝယ်ယူမည့်သူများ ရှိနေမည်သာ ဖြစ်၏။

ဆုမို၏ စိတ်အစဉ်သည် မိုင်ဆယ်ပေါင်းများစွာ ရှည်လျားသော မက်မွန်တောအုပ်အတွင်းရှိ လော့ဟွာမျှော်စင်သို့ ရောက်ရှိသွားလေသည်။ တစ်ခါက တောင်မှောက်လက်ဝါး

သိုင်းပညာရှင် တစ်ဦး (မျိုးရိုး 'ရွှီ’)သည် သူ သောက်နေသော လက်ဖက်ခြောက်မှာ မြောက်ဘက် ဒေသမှ ရရှိထားသော အဖိုးတန် လက်ဖက်ခြောက် ဖြစ်ကြောင်း ကြွားလုံးထုတ်ခဲ့ဖူးသည်ကို သတိရမိလိုက်၏။

'ဒီလူ့ဂွစာကတော့လေ... လက်ဖက်ခြောက်ကလေး တစ်ထုပ်နဲ့များ လောကကို အုပ်စိုးတော့မယ့်ပုံ ဖမ်းနေလိုက်တာ...'

လျူမိုနှင့် စကားစမြည် ပြောဆိုနေရင်းဖြင့်ပင် ကုန်သည်လှည်းတန်းသည် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ချီတက်နေကြ၏။ ယခုအချိန်တွင် လူတိုင်း လမ်းလျှောက်၍ ခရီးနှင်နေကြပြီ ဖြစ်၏။

လျူမို၏ လမ်းပြမှုဖြင့် လမ်းကြား၊ လမ်းသွယ်များကို ဖြတ်သန်းပြီးနောက် မကြာမီမှာပင် ဆိုင်တစ်ဆိုင်၏ ရှေ့သို့ ရောက်ရှိလာကြ၏။

ဆိုင်ဖွင့်ထားသည်မှာ ကြာပြီဖြစ်ဟန်တူပြီး ဆိုင်ပိုင်ရှင်သည် တောက်ပဝင်းလက်နေသော ဝတ်စားဆင်ယင်မှုဖြင့် အထက်တန်းကျ၍ လှပချောမောသော အမျိုးသား၊ အမျိုးသမီးအချို့ကို ကုန်ပစ္စည်းအကြောင်း စိတ်အားထက်သန်စွာ ရှင်းပြနေလေသည်။ ရုတ်တရက် လျူမိုကို လှမ်းမြင်လိုက်သောအခါ သူ၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားပုံ ပေါ်သည်။

သူသည် ဆိုင်ဝန်ထမ်း တစ်ဦးကို အမြန်လက်ပြပြီး ဧည့်သည်များကို လွှဲအပ်လိုက်ကာ ခြေလှမ်းကျဲကျဲဖြင့် ဆိုင်ရှေ့သို့ ထွက်လာလေသည်။

“ဟာ... ကျုပ်ရဲ့ လျူမိုကြီးပါလား... နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့။”

“တာဝန်ခံချန်။”

လျူမိုက လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်ပြီးနောက် ဆုမိုဘက်သို့ လှည့်ကာ မိတ်ဆက်ပေးလေသည်။

“ဒါက တာဝန်ခံချန်ပါ... လမ်းငါးသွယ်ဆုံရပ် မှာရှိတဲ့ ဆိုင်ခွဲပေါင်းများစွာရဲ့ တာဝန်ခံပေါ့။”

ထို့နောက် တာဝန်ခံချန်အား ဆုမိုနှင့် ယန်ရှောင်ယွင်တို့အကြောင်း မိတ်ဆက်ပေးလိုက်ပြန်သည်။

“ဒါက ဇီယန်အာမခံဌာနရဲ့ ခေါင်းဆောင် ဆုမိုပါ... ဒါကတော့ ဒုခေါင်းဆောင် ယန်ရှောင်ယွင်။”

တာဝန်ခံချန်သည် အံ့သြဟန် မပြဘဲ ချက်ချင်းပင် လက်သီးဆုပ်ကာ အရိုအသေ ပြုလိုက်လေသည်။

“ခေါင်းဆောင်ဆုနဲ့ ဒုခေါင်းဆောင်ယန်တို့ကို တွေ့ဆုံရတာ ဝမ်းသာပါတယ်ဗျာ... နှစ်ယောက်စလုံးက တကယ့်ကို လူငယ်သူရဲကောင်းတွေပါပဲ... လူတိုင်း လေးစားအားကျရတဲ့ သူတွေဆိုတော့ ဒီခရီးက ပင်ပန်းမှာ သေချာပါတယ်။”

“တာဝန်ခံချန်က မြှောက်ပြောလွန်းပါပြီဗျာ။”

ဆုမိုက ပြုံး၍ ပြောလိုက်၏။

“ဝမ်ရှင်း ကုန်သွယ်ရေး ဌာနဆီက တာဝန်ယူထားပြီးမှတော့ ပင်ပန်းတာက သဘာဝပါပဲ... တာဝန်ခံချန် အားမယ်ဆိုရင် ကုန်ပစ္စည်းတွေ စစ်ဆေးပြီး အရေအတွက် တွက်ရအောင်လေ။”

“ကောင်းပါပြီ... ကောင်းပါပြီ... ကျုပ်နောက်ကို လိုက်ခဲ့ပါ။”

တာဝန်ခံချန်သည် ပြတ်သားသောသူတစ်ဦး ဖြစ်၏။ စကားအများကြီး ပြောမနေဘဲ ဆိုင်ဝန်ထမ်းများကို မှာကြားစရာ ရှိသည်များ မှာကြားပြီးနောက် ဆုမိုနှင့် အဖွဲ့ကို ဆိုင်နောက်ဖေးဘက်သို့ ခေါ်ဆောင်သွားလေသည်။

လမ်းကြားအချို့ကို ကွေ့ပတ်သွားပြီးနောက် ခြံဝင်းတစ်ခု ရှေ့သို့ ရောက်ရှိလာကြ၏။ တံခါးကို ခေါက်လိုက်ရာ လူတစ်ဒါဇင်ခန့် ထွက်လာကြ၏။

“လာကြ... လာကြ... အလုပ်စကြစို့... ရုံးချုပ်က ပစ္စည်းတွေ ရောက်လာပြီဟေ့... ကုန်ချပြီး စာရင်းကောက်ဖို့ ဝိုင်းကူကြဦး။”

သူ၏ အော်သံကြောင့် လူတိုင်း လှုပ်ရှားသွားကြ၏။

အာမခံဌာနမှ ဝန်ထမ်းများနှင့် အစောင့်များအားလုံး ဝိုင်းဝန်း ကူညီကြလေသည်။

ဆုမိုသည် ဝမ်ရှင်း ကုန်သွယ်ရေး ဌာနနှင့် ချုပ်ဆိုထားသော စာချုပ်ကို ကိုင်ဆောင်ကာ တာဝန်ခံချန်နှင့်အတူ ပစ္စည်းစာရင်း တိုက်ဆိုင်စစ်ဆေးလေသည်။

စာရင်းအားလုံး ပြီးပြတ်အောင် စစ်ဆေးရန် ၁ နာရီကျော်ခန့် ကြာမြင့်သွားသည်။

တာဝန်ခံချန်သည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်လေသည်။

“နောက်ဆုံးတော့ ပြီးသွားပြီဗျာ... စာရင်းတွေ အားလုံး ကိုက်ညီပါတယ်... ခေါင်းဆောင်ဆုက တကယ်ကို တော်ပါပေတယ်... ကောင်းကင်တံခါး အာမခံဌာနနဲ့ ပို့တုန်းကတောင် ပစ္စည်းပျောက်တာတွေ ရှိသေးတယ်... ခေါင်းဆောင်ဆုရဲ့ လက်ထက်မှာတော့ တစ်ခုမှ မပျောက်မရှဘဲ ရောက်လာတာ လေးစားစရာပါပဲ။”

ဆုမိုက လက်ကာပြလိုက်၏။

“တာဝန်ခံချန်ကလဲဗျာ... ကံကောင်းလို့ပါ။”

“ဟားဟား... ခေါင်းဆောင်ဆုက ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတာပဲ... ဘာလို့များ ဒီလောက် နှိမ့်ချနေရတာလဲ... ကျုပ်က သိုင်းလောကထဲ လှည့်လည်သွားလာနိုင်တဲ့သူ မဟုတ်ပေမဲ့ ကံတရားတစ်ခုတည်းကို အားကိုးတာ ရေရှည်မခံဘူးဆိုတာတော့ သိပါတယ်ဗျာ။”

သူသည် ရင်ဘတ်ကြားမှ ငွေစက္ကူ ၂၀၀၀ တန်ကို ထုတ်ယူကာ ဆုမိုအား ကမ်းပေးရင်း သက်ပြင်းချလိုက်ပြန်သည်။

“ဒီ ငွေနှစ်ထောင်ကို သုံးရတာ ကျေနပ်လိုက်တာဗျာ... ခေါင်းဆောင်ဆု မသိလို့ပါ... ဒီက ဆိုင်ခွဲတွေအားလုံးမှာ ပစ္စည်းပြတ်နေတာ ကြာလှပြီ... ခင်ဗျားတို့ ရောက်လာမယ့်ရက်ကို မျှော်နေရတာ လည်ပင်းတောင် ရှည်တော့မယ်... ဒါကြောင့် စာရင်းထဲကနေ ငွေနှစ်ထောင်ကို ကြိုထုတ်ပြီး သုံးချင်လွန်းလို့ လက်ယားနေတာ... အခုမှပဲ ဆန္ဒပြည့်ဝသွားတော့တယ်... ပိုက်ဆံသုံးရတာ ဒီလောက် ပျော်ဖို့ကောင်းမှန်း ဒီနေ့မှပဲ သိတော့တယ်။”

ထိုစကားကို ကြားသောအခါ အားလုံးက သဘောကျစွာ ရယ်မောလိုက်ကြ၏။

ဆုမိုသည် ငွေစက္ကူများကို တည်ကြည်လေးနက် စွာ လက်ခံယူပြီး အရေအတွက် စစ်ဆေးလိုက်၏။ ထို့နောက် ပြုံး၍ ပြောလိုက်၏။

“စာရင်းကိုက်ပါတယ်... ကျေးဇူးပါပဲ တာဝန်ခံချန်။”

ထို့နောက် ငွေများကို ယန်ရှောင်ယွင်ထံ အပ်နှံလိုက်လေသည်။

“ကျုပ်ကသာ ခေါင်းဆောင်ဆုကို ကျေးဇူးတင်ရမှာပါဗျာ။”

သူက ပြောရင်းဆိုရင်း ဝန်ထမ်းများကို ကုန်ပစ္စည်းများ သယ်ယူရန် ညွှန်ကြားလိုက်ပြီး ဆုမိုဘက်သို့ လှည့်ကာ ဆက်ပြောလေသည်။

“ခေါင်းဆောင်ဆု... ခရီးဝေးက လာရတာဆိုတော့ ပင်ပန်းနေမှာပဲ... ကျုပ် ခင်ဗျားတို့အတွက် တည်းခိုခန်းမှာ အခန်းတွေ စီစဉ်ထားပြီးပါပြီ... ရက်အနည်းငယ်လောက် နားပြီးမှ ပြန်ကြတာပေါ့... ပြီးတော့ ဒီည ခေါင်းဆောင်ဆုနဲ့ အာမခံဌာနက လူတွေအတွက် ဂုဏ်ပြုညစာ စီစဉ်ထားပါတယ်... မငြင်းပါနဲ့နော်။”

ဆုမိုသည် စနစ်ကို တစ်ချက် ကြည့်လိုက်၏။

[တာဝန် - ဝမ်ရှင်း ကုန်သွယ်ရေး ဌာန၏ ကုန်ပစ္စည်းများကို လမ်းငါးသွယ်ဆုံရပ် သို့ ပို့ဆောင်ရန်။ ပြီးမြောက်]

[ဆုလာဘ် - တွက်ချက်နေဆဲ...]

ထိုစာတမ်းကို မြင်လိုက်ရသောအခါ ဆုမို သက်ပြင်းချနိုင်သွားသည်။ အနီးပတ်ဝန်းကျင်ရှိ အာမခံဌာန ဝန်ထမ်းများနှင့် အစောင့်များကို ကျေးဇူးတင်သော မျက်လုံးဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် ရယ်မောကာ ပြောလိုက်လေသည်။

“ဒီလိုဆိုမှတော့ ဘယ်ငြင်းသာမလဲဗျာ။”

ခရီးလမ်းတစ်လျှောက်လုံး ပင်ပန်းဆင်းရဲ ခံခဲ့ရသည် မဟုတ်ပါလော။ ယခု ကုန်ပစ္စည်းများလည်း ဘေးကင်းစွာ ပို့ဆောင်ပြီးပြီ ဖြစ်သဖြင့် မိမိအတွက် မဟုတ်လျှင်တောင် လက်အောက်ငယ်သားများ၏ ခံစားချက်ကို ငဲ့ညှာရပေမည်။

စားသောက်ပွဲ တစ်ပွဲလောက်တော့ လက်ခံလိုက်တာ မမှားပါဘူးလေ။

တာဝန်ခံချန်သည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် သဘောတူပြီး ဆုမိုနှင့် အဖွဲ့ကို တည်းခိုခန်းသို့ ခေါ်ဆောင်သွားလေသည်။

လျူမိုသည်လည်း သဘာဝကျစွာပင် ဆုမိုတို့နှင့်အတူ လိုက်ပါလာသည်။

သူတို့သည် ဝမ်ရှင်း ကုန်သွယ်ရေး ဌာန၏ အစောင့်များ ဖြစ်ကြသော်လည်း ဤခရီးစဉ်သည် အာမခံဌာန၏ တာဝန်အောက်တွင် ရှိနေသည်။ ဆုမို တာဝန်ပြီးဆုံး၍ လော့ရှားမြို့ သို့ ပြန်ရောက်မှသာ လမ်းခွဲကြရမည် ဖြစ်၏။

လမ်းခရီးတွင် တိတ်ဆိတ်ငြိမ်သက်နေပြီး မကြာမီမှာပင် တည်းခိုခန်းသို့ ရောက်ရှိလာကြ၏။

တာဝန်ခံချန်၏ စီစဉ်မှုမှာ အလွန် ပြည့်စုံသေသပ်လှပေသည်။ အာမခံဌာနမှ သိုင်းသမားများနှင့် အစောင့်များကို ခြံဝင်းတစ်ခုတွင် စုပေါင်း နားနေစေပြီး ဆုမို၊ ယန်ရှောင်ယွင်နှင့် လျူမိုတို့အတွက်မူ သီးသန့် အကောင်းစား အခန်းများကို စီစဉ်ပေးထားလေသည်။

All Chapters