အခန်း (၁၅၇-၁၅၉)
Vol. 11 Ch. 157-159
အခန်း (၁၅၇) - ပျောက်ဆုံးခြင်း (၃)
~ဆုမိုသည် လမ်းမလယ်တွင် ဆီးသီးယိုထိုး ရောင်းနေသော ဈေးသည်တစ်ယောက်ကို လှမ်းမြင်လိုက်ရလေသည်။ သူ၏ မျက်လုံးများ အရောင်လက်သွားပြီး ယန်ရှောင်ယွင်ကို ခဏစောင့်ခိုင်းကာ ဆီးသီးယို နှစ်ချောင်း သွားဝယ်လိုက်လေသည်။
ပြန်လှည့်လာသောအခါ ယန်ရှောင်ယွင် ပျောက်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။
ဘေးဘီဝဲယာကို ရှာကြည့်လိုက်ရာ အမျိုးသမီး တစ်စု၏ နောက်တွင် ပုန်းလျှိုးကွယ်လျှိုးဖြင့် ခေါင်းလေးပြူကာ ချောင်းကြည့်နေသော ယန်ရှောင်ယွင်ကို တွေ့လိုက်ရလေသည်။
ထိုအမျိုးသမီးများသည် အိမ်ထောင်သည်များ ဖြစ်ဟန် တူပြီး သူမတို့၏ ဆိုင်ကို အပြင်လူများ မမြင်ရအောင် စည်းကမ်းတကျ ဝိုင်းရံထားကြ၏။
ယန်ရှောင်ယွင်သည် ခြေဖျားထောက်ကာ ကြည့်နေသော်လည်း သူတို့က သူမကို သတိမထားမိကြပေ။
ထိုအချိန်တွင် ဆုမို ရောက်ရှိလာပြီး မေးလိုက်သည်။
“ရော့... ဘာတွေများ ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲ...”
ယန်ရှောင်ယွင်သည် ဆုမို ကမ်းပေးသော ဆီးသီးယိုကို မသိမသာ ယူလိုက်ပြီး တစ်ကိုက် ကိုက်လိုက်၏။ မျက်လုံးများ တောက်ပသွားပြီးမှ ပြောလိုက်၏။
“မဆိုးဘူးဟ... လော့ရှားမြို့က ဆီးသီးယိုနဲ့ အရသာ မတူဘူး... ဪ... သူတို့တွေ ဒီလောက်တောင် လျှို့ဝှက်နေကြတော့ ငါလည်း သိချင်လို့ ကြည့်လိုက်တာပါ... တကယ်တော့လည်း သစ်သားချောင်းတွေ ဝယ်နေကြတာပါပဲ... ဘာမှ အထူးအဆန်း မဟုတ်ပါဘူး...”
“သစ်သားချောင်း...”
ဆုမို ခဏမျှ ကြောင်သွားပြီးမှ ထိုအမျိုးသမီးအုပ်စုကို လှမ်းကြည့်လိုက်၏။ ထို့နောက် သဘောပေါက်သွားပြီး ရယ်မောကာ ယန်ရှောင်ယွင်ကို ဆွဲခေါ်သွားလေတော့သည်။
ယန်ရှောင်ယွင်မှာမူ နားမလည်နိုင်စွာဖြင့် နောက်ပြန်လှည့်ကြည့်လိုက်ရာ အမျိုးသမီးတစ်ဦးက သူတို့ ပြောစကားကို ကြားသွားဟန်ဖြင့် ခါးထောက်ကာ ရန်တွေ့ရန် ပြင်လိုက်သည်ကို တွေ့လိုက်ရ၏။
သို့သော် သူမ ပါးစပ်မဟနိုင်ခင်မှာပင် ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ပြေးလွှား ထွက်ခွာသွားကြပြီ ဖြစ်သဖြင့် ဒေါသများကို မျိုသိပ်လိုက်ရရှာသည်။
လမ်းတစ်လမ်းကျော်သည်အထိ ပြေးလာပြီးမှ ယန်ရှောင်ယွင်က မောမောနှင့် မေးလိုက်လေသည်။
“ဘာဖြစ်လို့ ဒီလောက်တောင် အလောတကြီး ပြေးရတာလဲ... သူတို့ ဝယ်နေတဲ့ ပစ္စည်းက အဲဒီလောက်တောင် ဆန်းကြယ်လို့လား... ငါ့မျက်စိထဲမှာတော့ သစ်သားချောင်း မည်းမည်းတွေလိုပဲ မြင်တာပဲ... မီးမွှေးဖို့ ဝယ်တာများလား... ဒါပေမယ့် ကြည့်ရတာ မီးလောင်လွယ်မယ့်ပုံလည်း မပေါ်ပါဘူး...”
သူမ၏ အပြစ်ကင်းစင်သော မျက်နှာလေးကို ကြည့်ပြီး ဆုမို မနေနိုင်တော့ဘဲ သူမ၏ နဖူးလေးကို လက်ညှိုးဖြင့် ခပ်ဖွဖွ တောက်လိုက်လေသည်။
ယန်ရှောင်ယွင်သည် နာသွားသဖြင့် နဖူးလေးကို ပွတ်ရင်း ဆုမိုကို မျက်စောင်းထိုးလိုက်၏။ သူမ ဘာအမှားလုပ်မိမှန်း မသိသဖြင့် နှုတ်ခမ်းစူကာ ပြောလိုက်၏။
“ရှောင်မို... နင် အခု သိုင်းပညာ တော်လာပြီဆိုပြီး ငါ့လို မိန်းကလေး တစ်ယောက်ကို အနိုင်ကျင့်ချင်နေတာလား... အမြဲတမ်း ငါ့ကို အော်ငေါက်နေတယ်... အခုဆို လက်ပါလာပြီပေါ့လေ...”
“ဘယ်သူက အစ်မယွင်ကို ဒီလောက်တောင် တုံးအခိုင်းလို့လဲ...”
ဆုမိုသည် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေသည်။
“အဲဒါ... သစ်သားချောင်း မဟုတ်ဘူး... သမင်ချိုခြောက်... ထားလိုက်ပါတော့... ဆက်မပြောတာပဲ ကောင်းပါတယ်...”
“ဪ... သမင်ချိုခြောက်ကိုး...”
ယန်ရှောင်ယွင်က ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်၏။
“ဆေးဖော်ဖို့ ဝယ်တာလား... ဒါပေမယ့် ကြည့်ရတာ အဆင့်အတန်း သိပ်မမီသလိုပဲ... ပုံစံကလည်း တစ်မျိုးကြီး... သေချာတာတော့ မီးမွှေးဖို့ မဟုတ်တာ သိသာပါတယ်...”
“အင်းပါ... ဟုတ်ပါပြီ...”
ဆုမို သက်ပြင်းချလိုက်၏။ စိတ်ထဲတွင်တော့ ဒီနေရာက တကယ့်ကို ထူးဆန်းတာပဲဟု တွေးနေမိသည်။
ဒီလိုပစ္စည်းမျိုးကိုတောင် လမ်းမလယ်ခေါင်မှာ ဗြောင်ရောင်းရဲကြတယ်ပေါ့။
မြောက်ဘက်ဒေသက လူတွေရဲ့ ရဲရင့်သော စရိုက်ကြောင့် ဖြစ်လိမ့်မည်။
ကျန်ရှိသော အချိန်များတွင် ဆုမိုသည် ယန်ရှောင်ယွင်ကို ခေါ်ကာ လမ်းငါးသွယ်ဆုံရပ် တစ်ခွင် လျှောက်လည်လေသည်။
ပစ္စည်း သိပ်မဝယ်ဖြစ်သော်လည်း ဦးလေးဖူအတွက် ဝံပုလွေသားရေကုတ်အင်္ကျီ တစ်ထည်တော့ ဝယ်ဖြစ်လိုက်၏။ ဆောင်းတွင်းဝင်တော့မည် ဖြစ်သဖြင့် အချိန်ကိုက်ပင်။
ဆုမိုက ယန်ရိအတွက်ပါ လက်ဆောင်ဝယ်သွားရန် စဉ်းစားမိသော်လည်း ယန်ရှောင်ယွင်က လက်ကာပြလိုက်၏။
“သွေးသံမဏိ အာမခံဌာနမှာ ဘာမဆို ရှိတယ်... ငါ ဝယ်သွားပေးရင်လည်း သူက ကျေးဇူးတင်မှာ မဟုတ်ဘူး…”,
ဆုမို ခဏမျှ စဉ်းစားပြီးမှ ခေါင်းခါလိုက်၏။
“သူ ကျေးဇူးတင်တာ မတင်တာက သူ့အပိုင်း... ကျွန်တော်တို့က ဝယ်ပေးတယ်ဆိုတာ စေတနာလေ... အားလုံးကို သိမ်းကျုံးပြီး မပြောပါနဲ့...”
ယန်ရှောင်ယွင်သည် ဘာမှပြန်မပြောတော့ဘဲ ဆုမို သဘောအတိုင်း လွှတ်ထားလိုက်၏။
နောက်ဆုံးတွင် မြောက်ဘက်ဒေသထွက် ရွှမ်ပင်း ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ကျောက်စိမ်းဆွဲပြား တစ်ခုကို ရွေးချယ်လိုက်ကြ၏။
ကြည်လင်တောက်ပပြီး အရည်အသွေး ကောင်းမွန်သော ထိုကျောက်စိမ်းကို ယန်ရှောင်ယွင် ကိုယ်တိုင် အချိန်အကြာကြီး ရွေးချယ်ပေးခဲ့ခြင်း ဖြစ်၏။
ပစ္စည်းများကို ပိုးသားသေတ္တာဖြင့် ထုပ်ပိုးပြီးချိန်တွင် မိုးချုပ်စ ပြုနေပြီ ဖြစ်၏။
နှစ်ယောက်သား တည်းခိုခန်းသို့ ပြန်လာကြသောအခါ အာမခံဌာနမှ လူများနှင့် အစောင့်များအားလုံး ရောက်ရှိနေကြပြီ ဖြစ်၏။ သူတို့နှစ်ဦးကို မြင်သောအခါ မတ်တတ်ရပ်၍ နှုတ်ဆက်ကြလေသည်။
ဆုမိုသည် သူတို့ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး မျက်ခုံးပင့်လိုက်၏။
“ခေါင်းဆောင်လျူရော...”
ပြောရင်းဖြင့် ဒုတိယထပ်သို့ မော့ကြည့်လိုက်သော်လည်း အခန်းမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ဆုမို၏ ထက်မြက်သော အကြားစွမ်းရည်အရ အခန်းထဲတွင် လူမရှိကြောင်း အလိုလို သိလိုက်၏။
အစောင့်တပ်ဖွဲ့ဝင်များ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မေးမြန်းကြသော်လည်း နောက်ဆုံးတွင်... လျူမို ဘယ်ရောက်နေမှန်း မည်သူမျှ မသိကြပေ။
“အဲဒီ... အပျော်အပါးစခန်းမှာပဲ နေနေတာများလား...”
“မဖြစ်နိုင်ပါဘူး... တစ်နေ့နဲ့ တစ်ညလုံးလား...”
“ခေါင်းဆောင်လျူက အဲဒီလောက် စွမ်းမယ်လို့ မထင်ပါဘူး...”
“တံခါးပိတ်ပြီး လုပ်နေမှတော့ ဘယ်သူမြင်မှာလဲကွ...”
စကားဝိုင်းသည် တဖြည်းဖြည်းနှင့် ရိုင်းစိုင်းလာတော့သည်။
အာမခံအဖွဲ့ထဲတွင် အမျိုးသမီးများ ပါဝင်နေခြင်းနှင့် ယန်ရှောင်ယွင် ရှိနေခြင်းကြောင့်သာ ဤမျှဖြင့် ရပ်တန့်သွားခြင်း ဖြစ်၏။ သို့မဟုတ်ပါက မည်မျှအထိ ဆက်ပြောကြမည် မသိပေ။
ဆုမို၏ မျက်ခုံးများ ပို၍ တွန့်ချိုးသွားသည်။ တစ်ခုခု မှားယွင်းနေပြီဟု ခံစားလိုက်ရ၏။
ချက်ချင်းပင် ရှောင်ချွမ်းကို ခေါ်ကာ အစောင့်တပ်ဖွဲ့မှ လူအချို့နှင့်အတူ လျူမို ရှိမရှိ သွားရောက် စစ်ဆေးခိုင်းလိုက်၏။
သို့သော် အမွှေးတိုင် တစ်တိုင် မကုန်ခင်မှာပင် ရှောင်ချွမ်းတို့ ပြန်ရောက်လာကြ၏။
“ခေါင်းဆောင်... တစ်ခုခုတော့ မှားနေပြီ...”
ရှောင်ချွမ်းက အမောတကော ပြောလိုက်၏။
“ခေါင်းဆောင်လျူ အဲဒီမှာ မရှိဘူး... အဲဒီက မေမေကြီးကို မေးကြည့်တော့ မနေ့ညကတည်းက ခေါင်းဆောင်လျူ လာကို မလာဘူးတဲ့...”
“...”
ဆုမို၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။
“ကျန်တဲ့လူတွေရော...”
“တခြားနေရာတွေကို သွားရှာခိုင်းထားပါတယ်...”
“ကောင်းပြီ...”
ဆုမို ခေါင်းညိတ်လိုက်ပြီး အစောင့်တပ်ဖွဲ့ဝင်များကို လှမ်းကြည့်လိုက်၏။
ယခုအခါ ထိုလူများ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုနှင့် ဇဝေဇဝါ ဖြစ်မှုများကို တွေ့မြင်နေရ၏။
ဤခရီးစဉ်တွင် ဆုမို၏ ဂုဏ်သတင်းက အထွတ်အထိပ် ရောက်နေသော်လည်း သူတို့၏ ခေါင်းဆောင်မှာ လျူမိုသာ ဖြစ်သည် မဟုတ်ပါလော။
ယခု လျူမို ပျောက်ဆုံးနေပြီဖြစ်ရာ သူတို့ ဘာလုပ်ရမည်နည်း။
ဆုမို ခဏမျှ စဉ်းစားပြီး မေးလိုက်၏။
“ခင်ဗျားတို့ ခေါင်းဆောင်လျူက လမ်းငါးသွယ်ဆုံရပ် မှာ သိတဲ့လူ ရှိသလား...”
လူအုပ်ကြီးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကြသော်လည်း အားလုံး ခေါင်းခါလိုက်ကြ၏။
“ကောင်းပါပြီ... လန့်မနေကြနဲ့ဦး...”
ဆုမိုက တည်ငြိမ်စွာ ပြောလိုက်သည်။
“လူနည်းနည်းလွှတ်ပြီး တာဝန်ခံချန်ဆီမှာ သွားမေးကြည့်ပါ... အဲဒီမှာ ရှိမလားလို့...”
“ဟုတ်ကဲ့...”
လူအချို့ ချက်ချင်း ထွက်ခွာသွားကြ၏။
ရုတ်တရက် လူတစ်ယောက်က တီးတိုး ပြောလာသည်။
“ခေါင်းဆောင်... ခေါင်းဆောင်လျူ… ကောင်းကင်ဓားဂိုဏ်းကို သွားတာများလား...”
“ဟင်...”
ဆုမို ထိုလူဘက်သို့ လှည့်ကြည့်လိုက်၏။
“ဘာလို့ အဲဒီလို ပြောတာလဲဗျ...”
ထိုလူမှာ အသက်မငယ်တော့ပေ။ သူသည် နှုတ်ခမ်းကို သပ်လိုက်ပြီး ပြောပြလေသည်။
“အရင်တုန်းက ကျွန်တော် ခေါင်းဆောင်လျူနဲ့အတူ ဒီလမ်းကြောင်းကို နှစ်ခေါက် လိုက်ပါဖူးတယ်... လမ်းငါးသွယ်ဆုံရပ် ကို ရောက်တိုင်း သူက အမြင့်ဆုံးနေရာကို တက်ပြီး ကောင်းကင်ဓားဂိုဏ်း ဘက်ကို အမြဲတမ်း ငေးကြည့်တတ်တယ်... အဲဒီအကြည့်တွေက... ဘယ်လိုပြောရမလဲ... ရင်ထဲကို တစ်မျိုးကြီး ဖြစ်သွားစေတယ်ဗျာ... တော်တော်လေး ခြောက်ခြားစရာ ကောင်းတယ်…”
အခန်း (၁၅၈) - ကြွရောက်ပေးပါရန် ဖိတ်ခေါ်ခြင်း
~'လျူမိုနဲ့ ကောင်းကင်ဓားဂိုဏ်းလား...'
ဆုမို၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွားသည်။ မနေ့ညက တာဝန်ခံချန် ကောင်းကင်ဓားဂိုဏ်းအကြောင်း စကားစလိုက်စဉ် လျူမို၏ မျက်နှာတွင် ခံစားချက်တစ်ခုခု ဖြတ်ပြေးသွားသည်ကို သူ သတိရလိုက်၏။
သို့သော် ထိုစဉ်ကတော့ သတင်းကို အံ့အားသင့်သွားခြင်းသာ ဖြစ်မည်ဟု ယူဆခဲ့ပြီး သိပ်အလေးမထားခဲ့မိပေ။
ယခု အစောင့်တပ်ဖွဲ့မှ တစ်ယောက်ကပါ ထိုအကြောင်းကို ပြောလာသောအခါ စဉ်းစားစရာ ဖြစ်လာတော့၏။
“ခေါင်းဆောင်လျူက ဝမ်ရှင်း ကုန်သွယ်ရေး ဌာနမှာ လုပ်လာတာ ၁၀ နှစ်လောက် ရှိပြီဆိုတော့ ခင်ဗျားတို့ သူ့အကြောင်း တော်တော်များများ သိထားသင့်တာပေါ့... ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာသတင်းအစအနလေးများ မသိကြဘူးလား...”
ဆုမိုက အစောင့်တပ်ဖွဲ့ဝင်များကို ဝေ့ကြည့်ကာ မေးလိုက်၏။
လူတိုင်းက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြ၏။ နောက်ဆုံးတွင် တစ်ဦးက ဖြေကြားလေသည်။
“ခေါင်းဆောင်ဆု... ကျွန်တော်တို့လည်း တကယ် ဘာမှမသိတာပါ... ခင်ဗျားလည်း သိတဲ့အတိုင်း ခေါင်းဆောင်လျူက စကားနည်းပြီး တည်ငြိမ်လွန်းတယ်... ကျွန်တော်တို့ သူ့လက်အောက်မှာ လုပ်လာတာ နှစ်ပေါင်းမနည်းတော့ပေမယ့် ရာထူးချင်းကွာတော့ သူက ကျွန်တော်တို့ကို ရင်ဖွင့်လေ့ မရှိပါဘူး...”
ကျန်တဲ့လူများကလည်း ခေါင်းညိတ် ထောက်ခံကြ၏။ လျူမိုသည် တုတ်နဲ့ထိုးရင်တောင် အီးတစ်လုံး မပေါက်မည့် လူစားမျိုး ဖြစ်ကြောင်း ဆုမို ဝန်ခံရပေမည်။
ထိုသို့သော လူမျိုးက မိမိ၏ ခံစားချက်များကို ရင်ဝယ်ပိုက်ထားပြီး သူတစ်ပါးအား ဖွင့်ဟပြောဆိုလေ့ ရှိမည် မဟုတ်ပေ။
လျူမိုနှင့် ကောင်းကင်ဓားဂိုဏ်း ဆက်စပ်မှု ရှိနိုင်သည် ဆိုသော အချက်မှာလည်း ထင်ကြေးသက်သက်သာ ဖြစ်နေပြီး ခိုင်လုံသော သက်သေအထောက်အထား မရှိပေ။
ထို့ကြောင့် ဆုမိုသည် လူများကို လွှတ်၍ ရှာဖွေခိုင်းရုံမှတစ်ပါး အခြားမတတ်နိုင်ချေ။ ရှာတွေ့လျှင်တော့ အကောင်းဆုံးပေါ့။
ရှာမတွေ့လျှင်တော့...
ဆုမိုသည် အစောင့်တပ်ဖွဲ့ကို ဦးဆောင်ပြီး ပြန်သွား၍ ရ၏။
သို့သော် လျူမိုကို ဒီတိုင်းပစ်ထားခဲ့ပြီး ပြန်သွားခြင်းမှာ မသင့်တော်ပေ။
ထိုကိစ္စအတွက် ကောင်းကင်ဓားဂိုဏ်းသို့ တကူးတက သွားရောက် စုံစမ်းရန်မှာလည်း အကြောင်းပြချက် မခိုင်လုံပေ။ လျူမိုနှင့် ကောင်းကင်ဓားဂိုဏ်း ပတ်သက်မှုရှိသည်ဟု သံသယရှိရုံဖြင့် လူသွားတောင်း၍ မရနိုင်သည် မဟုတ်ပါလော။
“တကယ်လို့ လိုက်ရှာလို့မှ မတွေ့ရင် ဒီတည်းခိုခန်းမှာပဲ ရက်နည်းနည်းလောက် ဆက်စောင့်ကြတာပေါ့... သူ ပြန်မလာရင်တော့ လော့ရှားမြို့ကို တန်းပြန်ကြတာပေါ့...”
ဆုမို ဆုံးဖြတ်ချက်ချလိုက်၏။
ယန်ရှောင်ယွင်ကလည်း ခေါင်းညိတ် ထောက်ခံသည်။
“အစောင့်တပ်ဖွဲ့နဲ့ အာမခံဌာနက လမ်းကြောင်းချင်း မတူကြဘူး... ဒီမှာ ရက်နည်းနည်းလောက် စောင့်ပေးတာကကို တာဝန်ကျေလွန်းနေပါပြီ...”
ထိုသို့ ပြောဆိုနေစဉ်မှာပင် အပြင်ဘက်မှ လူတစ်ယောက် ဝင်လာလေသည်။ တာဝန်ခံချန် ဖြစ်နေ၏။
“လျူမိုကြီး ပျောက်သွားပြီဆို...”
တာဝန်ခံချန်၏ စကားက တိုတိုနှင့် လိုရင်းရောက်သည်။
ဆုမို မတ်တတ်ရပ်ကာ နှုတ်ဆက်လိုက်၏။ ထိုင်ခုံတွင် နေရာယူပြီးနောက် လျူမို၏ အခြေအနေကို မချိတင်ကဲ ပြောပြလိုက်လေသည်။
တာဝန်ခံချန်သည် မျက်ခုံးများကို ရှုံ့မဲ့လိုက်ပြီး ရေနွေးတစ်ခွက်ကို မော့သောက်လိုက်၏။ ထို့နောက် သက်ပြင်းချလိုက်၏။
“တစ်နေ့ကျရင် ဖြစ်လာမယ် ဆိုတာ သိပါတယ်... သူ ကောင်းကင်ဓားဂိုဏ်းကို သေချာပေါက် သွားရှာမယ်ဆိုတာ ကျုပ်သိတယ်... ဒါပေမယ့် ဘာလို့ အခုချိန်မှလဲဗျာ...”
ဆုမို တာဝန်ခံချန်ကို စိုက်ကြည့်လိုက်၏။
“တာဝန်ခံချန်... ခင်ဗျား တစ်ခုခု သိနေတာလား...”
“အင်း... လျူမိုကြီးက အေးစက်စက်နဲ့ ခပ်တည်တည် နေတတ်ပေမယ့် စိတ်ရင်းကောင်းတဲ့သူပါ...”
“ကျုပ်က ဒီမျက်လုံးနှစ်လုံးနဲ့ လူပေါင်းစုံကို ကြည့်ခဲ့တာ နှစ်ပေါင်းများလှပြီ... လူကဲခတ် မှားတယ်ဆိုတာ ရှားပါတယ်...”
“ဒါကြောင့်လည်း ကျုပ်က သူ့ကို ခင်မင်ခဲ့တာပါ... တဖြည်းဖြည်းနဲ့ မိတ်ဆွေဟောင်းကြီးတွေ ဖြစ်လာကြတာပေါ့...”
“မိတ်ဆွေချင်းတွေ့ရင် သောက်ကြတာ သဘာဝပဲလေ... တစ်ခါတုန်းက ကျုပ် သူ့ကို မူးအောင် တိုက်ပစ်လိုက်တယ်...”
“သူ ဘာလို့ ကောင်းကင်ဓားဂိုဏ်းကို အမြဲတမ်း အာရုံစိုက်နေရတာလဲလို့ မေးကြည့်လိုက်တော့...”
“သူ မူးမူးနဲ့ ရင်ဖွင့်လာတယ်... ကောင်းကင်ဓားဂိုဏ်းက လူတစ်ယောက်ကို ရှာချင်နေတာတဲ့...”
“အဲဒီလူနဲ့ သူ့ကြားမှာ ကြီးမားတဲ့ အငြိုးအတေး ရှိတယ်တဲ့... လက်စားချေသင့်၊ မချေသင့် သူ ဝေခွဲမရ ဖြစ်နေတယ်တဲ့...”
'လက်စားချေသင့်၊ မချေသင့် ဟုတ်လား...'
ဆုမို ခဏမျှ အံ့အားသင့်သွားသည်။
အငြိုးအတေး ရှိမှတော့ လက်စားချေရမှာ သဘာဝပဲ မဟုတ်လား။
ကောင်းကင်ဓားဂိုဏ်းမှာ သွားပြီး လက်စားချေဖို့ မလွယ်ကူဘူး ဆိုရင်တော့ လက်ခံနိုင်စရာ ရှိသည်။
ဒါ ကောင်းကင်ဓားဂိုဏ်းလေ... ကိုယ်ထင်ရာ စိုင်းပြီး ဝင်ရောက်မွှေနှောက်လို့ရတဲ့ နေရာမှ မဟုတ်ဘဲ။
“သူတို့နှစ်ယောက်ကြားက အငြိုးအတေးက ဘာလဲဆိုတာ တာဝန်ခံချန် သိလား...”
ဆုမို မေးလိုက်၏။
“မသိဘူးဗျ...”
တာဝန်ခံချန် ခေါင်းခါလိုက်၏။
“ဒီကိစ္စက တော်တော်လေး နက်ရှိုင်းပုံရတယ်... လျူမိုကြီးက မူးနေတာတောင် တစ်ခွန်းမှ ဟမလာဘူး... အငြိုးအတေး ရှိတယ်လို့ ပြောတာကကို အလွန်ဆုံးပဲ...”
“မနေ့ညက ခင်ဗျားတို့ကို ကောင်းကင်ဓားဂိုဏ်းအကြောင်း ပြောပြတာက အဓိက သူ့ကို ရည်ရွယ်တာပါ...”
“ကောင်းကင်ဓားဂိုဏ်းရဲ့ ဝမ်ဖုန်းရေကန်ဆိုတာ ဓားမြှုပ်နှံတဲ့ နေရာလေ... အစောင့်အကြပ်တွေ ထူထပ်တယ်... ဂိုဏ်းက အထိနာသွားတဲ့ အကြောင်း ပြောပြလိုက်ရင် သူ စိတ်သက်သာရာ ရသွားမလား၊ အမြဲတမ်း မှိုင်တွေငေးငိုင် မနေတော့ဘူးလားလို့ တွေးမိလို့ပါ...”
“ဒါပေမယ့် မထင်မှတ်ထားတာက ဒီလူကြီး... ချက်ချင်း ပျောက်သွားတာပဲ...”
“ကြည့်ရတာ သူ ကောင်းကင်ဓားဂိုဏ်းကို ပြေးသွားပြီ ထင်တယ်... ဂိုဏ်းမှာ ပြဿနာတက်နေတဲ့ အချိန်ဆိုတော့ အခွင့်ကောင်းပဲလို့ ယူဆပြီး သွားတာများလား...”
ဆုမို ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
လျူမိုသည် စကားနည်းသော်လည်း အသိဉာဏ်မဲ့သူ မဟုတ်ပေ။
ကောင်းကင်ဓားဂိုဏ်းမှ ဓားအခိုးခံရသည့် ကိစ္စကို အခွင့်ကောင်းဟု ထင်မှတ်ပြီး သွားရောက်ခြင်း ဖြစ်ပါက ကောင်းကင်ဓားဂိုဏ်းကို လျှော့တွက်ရာ ရောက်သလို၊ လျူမို၏ အရည်အချင်းကိုလည်း စော်ကားရာ ရောက်ပေလိမ့်မည်။
'သူ အငြိုးထားတဲ့သူက အဆုံးမဲ့ဓား ထုန်းယွင် များလား...'
ဟု ဆုမို ခဏမျှ စဉ်းစားပြီးမှ မေးလိုက်၏။
“တာဝန်ခံချန်... အဆုံးမဲ့ဓား ထုန်းယွင် နဲ့ ခေါင်းဆောင်လျူတို့ ပတ်သက်မှုရှိမရှိ ခင်ဗျား သိလား... ခေါင်းဆောင်လျူက ကောင်းကင်ဓားဂိုဏ်းနဲ့ အငြိုးရှိတယ်ဆိုတော့ ဂိုဏ်းထဲက ဘယ်သူနဲ့ အငြိုးရှိတယ်ဆိုတာများ ပြောဖူးလား...”
“အဲဒါတော့... မပြောဖူးဘူးဗျ...”
တာဝန်ခံချန် ခေါင်းခါလိုက်၏။
“ပြီးတော့ ကျုပ်က ကုန်သည်လေဗျာ... သိုင်းလောက အကြောင်းတွေ သိပ်နားမလည်ပါဘူး...”
ထိုစဉ် တာဝန်ခံချန်က ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး လက်သီးဆုပ်ကာ လေးလေးနက်နက် အရိုအသေ ပြုလိုက်လေသည်။
ဆုမို လန့်သွားပြီး တာဝန်ခံချန်ကို လှမ်းဆွဲထူလိုက်၏။
“တာဝန်ခံချန်... ဘာလုပ်တာလဲဗျာ...”
“လျူမိုက ဘာမှမဟုတ်တဲ့ အညတရ ပါ... ကောင်းကင်ဓားဂိုဏ်းက သူ့ကို သတ်ချင်ရင် မျက်တောင်မခတ်ဘဲ သတ်ပစ်မှာ...”
“ခေါင်းဆောင်ဆုကတော့ လူငယ်သူရဲကောင်းလေ... သိုင်းလောကမှာ နာမည်ကြီးနေတဲ့သူဆိုတော့ ကောင်းကင်ဓားဂိုဏ်းက ခင်ဗျားကို လျစ်လျူမရှုရဲပါဘူး…”
အခန်း (၁၅၉) - ကြွရောက်ပေးပါရန် ဖိတ်ခေါ်ခြင်း (၂)
~“ဒါကြောင့် ကျွန်တော်က ခေါင်းဆောင်ဆုကို လူမဆန်တဲ့ တောင်းဆိုမှုလေး တစ်ခု လုပ်ချင်လို့ပါ... တကယ်လို့ လျူမိုသာ... လျူမိုသာ ဘာအမှားမှ မလုပ်ဘဲ ကောင်းကင်ဓားဂိုဏ်းထဲကို ဝင်ရောက်ပြီး အဖမ်းခံထားရတာဆိုရင် ခေါင်းဆောင်ဆု အနေနဲ့ သူ့ကို ကယ်တင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်...”
“ဒါက တောင်းဆိုလွန်းအားကြီးမှန်း ကျွန်တော် သိပါတယ်... ဒါပေမယ့် ခေါင်းဆောင်ဆု အနေနဲ့ ကောင်းကင်ဓားဂိုဏ်းနဲ့ ထိပ်တိုက်မတွေ့ဘဲ ကယ်တင်နိုင်မယ့် နည်းလမ်းလေးများ ရှိခဲ့ရင် လျစ်လျူမရှုဘဲ ကူညီပေးပါလို့ တောင်းပန်ချင်တာပါ...”
ပြောပြီးသည်နှင့် တာဝန်ခံချန်က ခါးကို ကိုင်းညွတ်၍ ဦးညွှတ်လိုက်ပြန်သည်။
ဆုမိုက ခေါင်းခါလိုက်ပြီး တာဝန်ခံချန်ကို ဆွဲထူလိုက်၏။
“တာဝန်ခံချန်... ဒီလိုတွေ လုပ်နေစရာ မလိုပါဘူးဗျာ... ခေါင်းဆောင်လျူက ကျုပ်နဲ့အတူ ခရီးထွက်ခဲ့တဲ့သူပါ... သံယောဇဉ်လည်း ရှိနေပြီဆိုတော့ ဒီအတိုင်း လွယ်လွယ်နဲ့ ပစ်ထားခဲ့မှာ မဟုတ်ပါဘူး... ဒါပေမယ့် အခုချိန်ထိ သူ့ကို ရှာမတွေ့သေးတော့ ခင်ဗျားထင်သလို ဟုတ်ချင်မှလည်း ဟုတ်မှာပါ...”
“ကျုပ် ဒီနေရာမှာ သုံးရက် ထပ်စောင့်ပါ့မယ်... သုံးရက်ပြည့်လို့မှ သူပြန်မလာရင်တော့ တခြားနည်းလမ်း စဉ်းစားကြတာပေါ့...”
ဆုမိုသည် ကတိကို တပ်အပ်သေချာ မပေးခဲ့ပေ။ အလွယ်တကူ ကတိပေးလိုက်လျှင် နောင်တရစရာ ဖြစ်လာနိုင်သည်။ အကယ်၍ လျူမိုနှင့် ကောင်းကင်ဓားဂိုဏ်းကြားတွင် ဖြေရှင်းမရနိုင်သော ရန်ငြိုးများရှိနေပြီး သတ်ကြဖြတ်ကြသည့် အဆင့်ရောက်နေပြီ ဆိုလျှင် သူ ကြားဝင်စေ့စပ်ပေး၍ ရမည် မဟုတ်ပေ။
သေချာပေါက် သွေးစွန်းသည့် တိုက်ပွဲကြီး ဖြစ်လာပေလိမ့်မည်။
အခြားတစ်ဖက်တွင် လျူမိုသာ မနက်ဖြန် ပြန်ရောက်လာခဲ့လျှင် ဤပြဿနာ အားလုံး အလိုလို ပြေလည်သွားမည် ဖြစ်၏။
တာဝန်ခံချန်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် သဘောတူလိုက်၏။ ဆုမို၏ စကားကို သူ နားလည်သည်။ ယခုအချိန်တွင် အာမခံဌာနနှင့် ဝမ်ရှင်း ကုန်သွယ်ရေး ဌာနတို့၏ စီးပွားရေး သဘောတူညီချက်မှာ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ဆုမိုတွင် ကယ်တင်ရန် တာဝန်မရှိတော့ပေ။
သူ့အနေဖြင့် ကျေးဇူးတင်၍ မဆုံးနိုင်အောင် ဖြစ်နေရ၏။
တာဝန်ခံချန် ပြန်သွားပြီးနောက် ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ နှစ်ဦးစလုံး၏ မျက်ဝန်းများတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ယှက်သန်းနေကြ၏။
“ပြဿနာက ဘာလို့ ရုတ်တရက်ကြီး ပေါ်လာရတာလဲ...”
ယန်ရှောင်ယွင်က သက်ပြင်းချလိုက်၏။
“လျူမိုက လမ်းခရီးတစ်လျှောက်လုံး အမိန့်နာခံပြီး စည်းကမ်းရှိခဲ့တာပါ... နောက်ဆုံးကျမှ ဒီလိုပြဿနာမျိုး တက်လာလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ... ဝေဇီယီ ပြောတုန်းက သူက ရိုးရိုးတန်းတန်း မဟုတ်ဘူးဆိုတာ ငါတို့ သတိမထားမိခဲ့ဘူး... အခုမှပဲ သူ တကယ် မရိုးရှင်းမှန်း သိရတော့တယ်...”
ဆုမိုက ပြုံးလိုက်၏။
“ကဲပါ... အရမ်းကြီး တွေးမနေပါနဲ့... ငါတို့က အဖြစ်မှန်ကို အကုန်သိတာမှ မဟုတ်တာ... ပြီးတော့ ကောင်းကင်ဓားဂိုဏ်းနဲ့ ငါတို့က ဘာမှ ပတ်သက်မှု မရှိဘူး... တကယ်လို့ ပြဿနာရှိရင်တောင် အဲဒါ လျူမိုနဲ့ သူတို့ကိစ္စပါ...”
“ငါတို့ ဒီမှာ သုံးရက် စောင့်ကြမယ်... လျူမို ပြန်မလာရင် ကောင်းကင်ဓားဂိုဏ်းကို သွားလည်ကြတာပေါ့... လမ်းငါးသွယ်ဆုံရပ် ကို ရောက်နေမှတော့ အလည်သွားတယ်ဆိုတာ အကြောင်းပြချက် ခိုင်လုံပါတယ်...”
“တကယ်လို့ ဖြေရှင်းမရနိုင်တဲ့ ရန်ငြိုးတွေ ရှိနေရင်တော့ ငါတို့ ဝင်ပါလို့ မရဘူး... ကိုယ့်လမ်းကိုယ် ဆက်လျှောက်ရုံပဲ ရှိတယ်...”
“ဒါပေမယ့် အခုချက်ချင်း ထပြန်လိုက်ရင်တော့ မကောင်းဘူးလေ...”
“အင်း...”
ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်၏။
ကင်းထောက်များ တဖြည်းဖြည်း ပြန်ရောက်လာကြသော်လည်း လျူမို၏ သတင်းအစအန ရှာမတွေ့ကြပေ။
သူသည် လူခြေတိတ်ဆိတ်သော သန်းခေါင်ယံအချိန်တွင် ထွက်ခွာသွားခြင်း ဖြစ်သဖြင့် မည်သူမျှ မမြင်လိုက်ကြခြင်းမှာ သဘာဝပင်။
ထို့ကြောင့် သတင်းမရနိုင်သည်မှာ မဆန်းပေ။
ရလဒ်အနေဖြင့် သူတို့ စောင့်ဆိုင်းရုံသာ တတ်နိုင်ကြ၏။
တကယ်တမ်းတွင်... ဆုမိုတို့ သုံးရက်တောင် စောင့်စရာ မလိုလိုက်ပေ။
နောက်တစ်နေ့ နံနက်စောစောတွင်ပင် လူတစ်စု သူတို့ကို လာရောက် ရှာဖွေကြလေသည်။
လာရောက်သူများမှာ လူငယ်အချို့ ဖြစ်ကြ၏။
သူတို့၏ မျက်နှာများသည် ကြွေးဟောင်း တောင်းမရသူများကဲ့သို့ တင်းမာခက်ထန်နေပြီး ခါးတွင် ဓားများကို ချိတ်ဆွဲထားကြ၏။ တစ်ခုခုဆိုသည်နှင့် ဓားဆွဲထုတ်တော့မည့်အလား တိတ်ဆိတ်ငြိမ်သက်နေကြ၏။
ကောင်းကင်ဓားဂိုဏ်းမှ တပည့်များပင်။
ခေါင်းဆောင်ဖြစ်သူ လူငယ်သည် အေးစက်သော အကြည့်ဖြင့် ကြည့်ကာ လက်သီးဆုပ် နှုတ်ဆက်လိုက်၏။
“ကောင်းကင်ဓားဂိုဏ်းက ဖုန်းပိုင်ချွမ်... ခေါင်းဆောင်ဆုကို ဂါရဝပြုပါတယ်...”
“တွေ့ရတာ ဝမ်းသာပါတယ် ညီအစ်ကိုဖုန်း... ကောင်းကင်ဓားဂိုဏ်းက ဂုဏ်သရေရှိ တပည့်ကျော်တွေ ဘာကိစ္စများ ရှိလို့ပါလိမ့်...”
ထိုအခါ၊ ဖုန်းပိုင်ချွမ်က အေးစက်စွာ ပြန်ပြောလာ၏။
“အမှန်အတိုင်းပဲ ပြောပါရစေ... မနေ့ညက လူတစ်ယောက် ကောင်းကင်ဓားဂိုဏ်းဝင်းထဲကို ကျူးကျော်ဝင်ရောက်လာတယ်... အကြီးအကဲထုန်းရဲ့ နေအိမ်အနီးမှာ ကင်းလှည့်တပည့်တွေက ဖမ်းဆီးလိုက်ကြတယ်... သူ့ပစ္စည်းတွေကို စစ်ဆေးကြည့်လိုက်တော့ ဝမ်ရှင်း ကုန်သွယ်ရေး ဌာနက အစောင့်တပ်ဖွဲ့ခေါင်းဆောင် လျူမို ဖြစ်နေတယ်...”
ဆုမို၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။
'ဒီလူ တကယ်ကြီး ကောင်းကင်ဓားဂိုဏ်းကို သွားတာကိုး...'
'ပြီးတော့ အဖမ်းခံလိုက်ရတယ်ပေါ့...'
'သူ့ရဲ့ တူသိုင်းက အရမ်းကြမ်းတယ်လို့ ပြောကြတာ မဟုတ်ဘူးလား...'
'ဘာလို့ ဒီလောက် လွယ်လွယ်ကူကူ အဖမ်းခံလိုက်ရတာလဲ...'
ဆုမိုသည် ထိုအတွေးများကို မျိုသိပ်လိုက်ပြီး အံ့သြဟန် ဆောင်လိုက်၏။
“ဘာ... ခေါင်းဆောင်လျူက ကောင်းကင်ဓားဂိုဏ်းကို တကယ်ကြီး သွားတာလား... အမှန်အတိုင်း ပြောရရင် မနေ့ညကတည်းက သူ ပျောက်နေတာပါ... ကျွန်တော်တို့လည်း တစ်နေကုန် လိုက်ရှာနေတာ မတွေ့ဘူး... သူက ကောင်းကင်ဓားဂိုဏ်းမှာ သွားပြီး ရမ်းကားရဲလိမ့်မယ်လို့ ထင်မထားမိဘူး...”
ဖုန်းပိုင်ချွမ်၏ မျက်နှာထား ပြောင်းလဲခြင်း မရှိသော်လည်း မျက်လုံးများက စူးရှနေသည်။
“ဒါဆို ခေါင်းဆောင်ဆုလည်း မသိလိုက်ဘူးပေါ့... ကောင်းပါပြီ... ခေါင်းဆောင်ဆု အနေနဲ့ ကောင်းကင်ဓားဂိုဏ်းကို ခဏလောက် လိုက်ခဲ့ပေးနိုင်မလား...”
ဆုမို မျက်ခုံးပင့်လိုက်၏။
ဒါ ဘာသဘောလဲ။
မာရေကျောရေ မျက်နှာထားနဲ့ ဆိုတော့ စစ်ဆေးမေးမြန်းဖို့ ခေါ်တာများလား။
ဆုမို ဒေါပွသွားသော်လည်း ဖုန်းပိုင်ချွမ် ဆက်ပြောသော စကားကို ကြားလိုက်ရသဖြင့် စိတ်လျော့လိုက်၏။
“အဲဒီလူကို တွေ့တုန်းက သူက ဘာမှ ပြန်မလုပ်ဘဲ အဖမ်းခံလိုက်တယ်... သူ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားမလည်နိုင်ဘူး... မေးမြန်းသမျှကိုလည်း နှုတ်ပိတ်နေတယ်... ဒါပေမယ့် ကြည့်ရတာ သူက ကောင်းကင်ဓားဂိုဏ်းကို ရန်လိုတဲ့ပုံ မပေါ်ဘူး... အကြီးအကဲထုန်းရဲ့ နေအိမ်နား ရောက်သွားတာတောင် ဘာမှ ဖျက်ဆီးတာ၊ စော်ကားတာမျိုး မလုပ်ခဲ့ဘူး... ပြောပြဖို့ ခက်ခဲတဲ့ အကြောင်းရင်း တစ်ခုခု ရှိနေပုံရတယ်...”
“ကောင်းကင်ဓားဂိုဏ်းက အခု လောလောဆယ် ပြဿနာတက်နေတဲ့ အချိန်ဆိုတော့ သူ့ကို လွှတ်ပေးချင်ပေမယ့် ညဘက်ကျရင် ထပ်ပြီး ဝင်လာမှာကို စိုးရိမ်ရတယ်... ဒါကြောင့် ခေါင်းဆောင်ဆုကို လာခေါ်ပြီး သူ့ကို ပြန်ခေါ်သွားပေးဖို့ အကူအညီ တောင်းရတာပါ... ဒါမှ နောက်ထပ် ပြဿနာတွေ မဖြစ်တော့မှာမို့ပါ...”
“...”
ဆုမို ခဏမျှ စကားစ ရှာမရ ဖြစ်သွားပြီး မျက်ခုံးများ ပြန်လည် တွန့်ချိုးသွားသည်။
'အကြီးအကဲထုန်း... ဒါဆို အဆုံးမဲ့ဓား ထုန်းယွင် တကယ်ပဲ ဖြစ်နေတာလား...'
'လျူမို ပြောခဲ့တဲ့ ကောင်းကင်ဓားဂိုဏ်းနဲ့ ရန်ငြိုးဆိုတာ သူ့ကို ပြောတာ ဖြစ်ရမယ်...'
'ဒါကြောင့် မနေ့ညက တာဝန်ခံချန်ဆီကနေ ထုန်းယွင် ပျောက်ဆုံးသွားတယ် ဆိုတဲ့ သတင်းကြားတာနဲ့ စုံစမ်းဖို့အတွက် ကောင်းကင်ဓားဂိုဏ်းကို ချက်ချင်း ပြေးသွားတာ ဖြစ်မယ်...'
'ဒါပေမယ့် ဒီလူက ပြန်မတိုက်ခိုက်ဘဲ ကောင်းကင်ဓားဂိုဏ်းက လူတွေ ဖမ်းတာကို ငြိမ်ခံလိုက်တယ်တဲ့လား…’