← Chapters

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း (၁၆၀) - ကြွရောက်ပေးပါရန် ဖိတ်ခေါ်ခြင်း (၃)

~ထိုကိစ္စသည် ရန်ငြိုးကြီးမားသူ တစ်ဦး၏ လုပ်ရပ်နှင့် လုံးဝ တခြားစီ ဖြစ်နေချေသည်။

သို့သော် ကောင်းကင်ဓားဂိုဏ်း၏ ဆုံးဖြတ်ချက်ကမူ ဆုမို မျှော်လင့်ထားသည်ထက် လွန်ကဲနေလေ၏။ သူ ထင်မှတ်ထားသည်မှာ ဤလူများ ပြဿနာရှာရန် ရောက်လာခြင်း ဟူ၍ပင်။ သို့သော် ယခု ကြုံတွေ့နေရသော အခြေအနေကား အဘယ်နည်း။

ဆုမိုသည် ကောင်းကင်ဓားဂိုဏ်းထံမှ ဆော့ကစားတတ်သော ကလေးတစ်ယောက်ကို သွားရောက် ကြိုဆိုရသကဲ့သို့ ဖြစ်နေချေပြီ။

'ငါကများ မူကြိုကျောင်းသား မိဘကျနေတာပဲ... တကယ် ဒုက္ခပါပဲကွာ...'

ဆုမိုသည် စိတ်ထဲမှ ကျိတ်၍ ညည်းညူလိုက်မိ၏။ သို့သော် ဖုန်းပိုင်ချွမ်က သူ့အား ရေခဲတုံးပမာ အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရပြန်သည်။

ခဏတာမျှ စိတ်အနှောင့်အယှက် ဖြစ်သွားရသော်လည်း၊ ဖုန်းပိုင်ချွမ်၏ အေးစက်စက် အသံ ထွက်ပေါ်လာပြန်လေသည်။

"ခေါင်းဆောင်ဆု... အချိန်နည်းနည်းလောက် ပေးနိုင်မလား..."

"... ရပါတယ်..."

ဆုမို ခေါင်းညိတ်လိုက်ရုံမှတစ်ပါး အခြား မတတ်နိုင်တော့ပေ။ သို့သော် မနေနိုင်ဘဲ မေးလိုက်မိ၏။

"ဒါနဲ့... ခင်ဗျားတို့ သူ့ကို ဘာလို့ တန်းပြီး ပြန်မခေါ်လာတာလဲ..."

ဖုန်းပိုင်ချွမ်က အေးစက်စွာ ပြန်ဖြေလေသည်။

"သူက ပြန်မလိုက်ဘူးလေ..."

"..."

ဆုမို ကြောင်သွားရတော့သည်။

အဖြစ်အပျက်ကို ပြန်လည် စဉ်းစားချင့်ချိန်ကြည့်မှ သဘောပေါက်သွားတော့၏။

ကောင်းကင်ဓားဂိုဏ်းက လျူမိုကို ဖမ်းမိလိုက်ချိန်တွင်၊ သူသည် ပြန်မခုခံသလို၊ ရန်လိုသည့် အမူအရာလည်း မပြခဲ့ပေ။ သို့သော် မည်သည့်မေးခွန်း မေးမေး နှုတ်ဆိတ်နေခဲ့သည်။ သူတို့က လျူမိုအား လမ်းငါးသွယ်ဆုံရပ် သို့ ပြန်ပို့ပေးလိုသော်လည်း ကာယကံရှင်က ငြင်းဆန်နေသည်။ လွှတ်ပေးလိုက်လျှင်လည်း ပြန်ပြေးလာမည်ကို သူတို့ စိုးရိမ်နေကြခြင်း ဖြစ်တန်ရာ၏။

ထို့ကြောင့် ကောင်းကင်ဓားဂိုဏ်းသည် မိစ္ဆာဂိုဏ်း မဟုတ်သလို ရက်စက်ကြမ်းကြုတ်သည့် ဂိုဏ်းလည်း မဟုတ်ကြောင်း ထင်ရှားနေပေသည်။ သို့မဟုတ်ပါက သူ့ကို သတ်ဖြတ်ပြီး အစအန ဖျောက်လိုက်၍ ရသည် မဟုတ်ပါလော။

ထိုသို့ လုပ်မည့်အစား၊ လျူမိုကို မသတ်ဘဲ ဆုမိုထံ လူလွှတ်ပြီး လာခေါ်ခိုင်းခြင်းမှာ အမှန်တကယ်ပင် လူသားဆန်သော လုပ်ရပ်ပေတည်း။

အခြေအနေက ဤသို့ဖြစ်နေမှတော့ ဆုမို ဘာပြောစရာ ကျန်တော့မည်နည်း။ ခေါင်းညိတ်လိုက်ရုံသာ ရှိတော့သည်။

"ကောင်းပါပြီ... လမ်းပြပေးတဲ့အတွက် ကျေးဇူးပါ..."

"ငါလည်း လိုက်ခဲ့မယ်..."

ယန်ရှောင်ယွင်က ရှေ့တိုးလာပြီး ပြောလိုက်လေသည်။

ဆုမိုသည် သူမကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။

ရှောင်ချွမ်းနှင့် အခြားလူများ၊ အစောင့်တပ်ဖွဲ့ဝင်များကလည်း လိုက်ပါလိုကြ၏။ သို့သော် ဆုမိုက လက်ကာပြကာ ဟန့်တားလိုက်လေသည်။

"ငါတို့က လူသွားခေါ်ရုံ သွားခေါ်မှာ... ပြဿနာသွားရှာမှာ မဟုတ်ဘူး... လူအများကြီး ခေါ်သွားစရာ မလိုပါဘူး... ခင်ဗျားတို့ ဒီမှာပဲ စောင့်နေကြ... ရှောင်ချွမ်း... ငါ မရှိတုန်း ဒုခေါင်းဆောင်နဲ့အတူ ဒီမှာ သေချာ ကြည့်ရှုနေခဲ့..."

"ဟုတ်ကဲ့ပါ ခေါင်းဆောင်..."

ရှောင်ချွမ်း ဦးညွှတ်ပြီး လက်ခံလိုက်ရရှာသည်။

"ညီအစ်ကိုဖုန်း... ကြွပါ..."

ဆုမို မှာကြားပြီးသည်နှင့် ဖုန်းပိုင်ချွမ်ကို လမ်းပြရန် အချက်ပြလိုက်လေသည်။

ဖုန်းပိုင်ချွမ်က လက်ဆန့်တန်းပြီး ဖိတ်ခေါ်လိုက်၏။

"ကြွပါ..."

အပြင်ရောက်သောအခါ မြင်းတစ်ကောင်မှ မတွေ့ရပေ။ ကောင်းကင်ဓားဂိုဏ်းမှ လူများသည် ခြေလျင်ပြေးလာကြခြင်း ဖြစ်၏။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့လည်း မြင်းစီးသွားလျှင် မသင့်တော်ဘူးဟု ယူဆပြီး လမ်းငါးသွယ်ဆုံရပ် မှနေ၍ မြောက်ဘက် ကောင်းကင်ဓားဂိုဏ်းဆီသို့ ကိုယ်ဖော့ပညာသုံးပြီး ပြေးလွှား လိုက်ပါသွားကြလေသည်။

လမ်းခရီးတစ်လျှောက်လုံး၊ ဖုန်းပိုင်ချွမ် အပါအဝင် ကောင်းကင်ဓားဂိုဏ်းမှ တပည့်များသည် နှုတ်ဆိတ်နေကြဆဲပင် ဖြစ်၏။

သူတို့အားလုံး ရုတ်တရက် လျူမိုများအဖြစ် ပြောင်းလဲသွားသကဲ့သို့ ရှိသည်။ သို့သော် လျူမိုနှင့် ယှဉ်လျှင် ဤလူများက သူစိမ်းများကို အနားမကပ်စေချင်သည့် အငွေ့အသက်မျိုး ပိုမို ထုတ်လွှတ်နေကြ၏။

သို့သော် တစ်နေကုန် အပြင်းအထန် ခရီးနှင်လာသည့်အခါတွင်မူ ဤလူများသည် ဆုမို ထင်ထားသလောက် အေးစက်သူများ မဟုတ်ကြောင်း သိရှိလာရလေသည်။

ပတ်ဝန်းကျင် အခြေအနေအားလုံးကို သူတို့ သေချာ ဂရုစိုက်ကြ၏။

ဖုန်းပိုင်ချွမ်က ရှေ့မှ ဦးဆောင်ပြီး၊ နောက်ကလိုက်လာသည့် တပည့်တစ်ယောက်ယောက် အတွင်းအား ကျဆင်းလာသည့် အရိပ်အယောင်ပြသည်နှင့် အေးစက်စက် လေသံဖြင့် နားရန် အကြံပြုတတ်၏။

နားသည့်အချိန်က သိပ်မကြာလှပေ။ အတွင်းအား ပြန်ပြည့်သည်နှင့် ဆက်သွားရန် အေးစက်စက်ပင် ပြောပြန်လေသည်။

သူက ဆုမိုနှင့် ယန်ရှောင်ယွင်ကိုလည်း ရံဖန်ရံခါ အကဲခတ်တတ်သည်။ သူတို့ ပင်ပန်းသည့်ပုံ မပေါက်မှ အကြည့်လွှဲသွားလေ့ရှိသည်။

မိုးလင်းစမှာ ထွက်လာကြရာ၊ မကြာမီမှာပင် နေဝင်ရီတရော အချိန် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ခရီးတွင်အောင် နှင်ခဲ့ကြသဖြင့် ယခုဆိုလျှင် ကောင်းကင်တံခါးတောင် ကို လှမ်းမြင်နေရပြီ ဖြစ်၏။

ဖုန်းပိုင်ချွမ်က ထပ်မံ နားရန် အကြံပြုသဖြင့် သူတို့ တောအုပ်လေးထဲတွင် ခဏ ထိုင်နားလိုက်ကြလေသည်။

ဆုမိုက ရင်ခွင်ထဲမှ ရေဘူးကို ထုတ်လိုက်သော်လည်း ရေကုန်နေသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ယန်ရှောင်ယွင်ကို လှမ်းပြောလိုက်၏။

"မနက်က ထွက်လာတာ လောသွားလို့..."

ယန်ရှောင်ယွင်က ခေါင်းခါပြလိုက်သည်။

"ရပါတယ်... ငါ ရေမဆာပါဘူး..."

သူတို့ စကားပြောနေစဉ်မှာပင် ဖုန်းပိုင်ချွမ်က ရုတ်တရက် မတ်တတ်ရပ်လိုက်၏။ ဓားတစ်လက်ကို ဆွဲထုတ်လိုက်သကဲ့သို့ လျင်မြန်လှပေ၏။

သူ့၏ အေးစက်သည့် မျက်လုံးများက ဂိုဏ်းသားများကို တစ်ယောက်ချင်းစီ ဝေ့ကြည့်လိုက်၏။ ထို့နောက် ဆုမိုနှင့် ယန်ရှောင်ယွင် အနီးသို့ လျှောက်လာပြီး ရေဘူးတစ်ဘူးကို တိတ်တဆိတ် ကမ်းပေးလိုက်လေသည်။

"..."

ဆုမို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လှမ်းယူလိုက်၏။

"ကျေးဇူးပါပဲ..."

"ခင်ဗျားတို့က ဧည့်သည်တွေလေ... ဒါက လုပ်သင့်တဲ့ အရာပါ..."

ပြောပြီးသည်နှင့် သူက လှည့်ထွက်သွားလေသည်။ ခြေတစ်လှမ်းသာ လှမ်းရသေးသည်၊ ပြန်လှည့်လာပြီး ဆုမိုကို အေးစက်စက် ကြည့်ကာ ပြောလိုက်ပြန်၏။

"ကျုပ် မသောက်ရသေးပါဘူး... အဆိပ်မပါပါဘူး..."

"..."

ဆုမို စိတ်ထဲတွင် ကောင်းကင်ဓားဂိုဏ်းမှ လူများနှင့် ဆက်ဆံရသည်မှာ တော်တော် စိတ်ဝင်စားစရာ ကောင်းသည်ဟု တွေးမိလိုက်၏။

အမြဲတမ်း မျှော်လင့်မထားသည့် အခြေအနေမျိုးများ လုပ်တတ်ကြ၏။

ရေတစ်ငုံ သောက်ပြီးနောက် ရေဘူးကို ယန်ရှောင်ယွင်ထံ ကမ်းပေးလိုက်လေသည်။ အဆင်မပြေ ဖြစ်နေသည့် လေထုကို ပြေလျော့စေရန် ဖုန်းပိုင်ချွမ်ကို တစ်ခုခု ပြောဖို့ စဉ်းစားလိုက်၏။

သို့သော် ရုတ်တရက် မျက်မှောင်ကြုတ်ပြီး တောအုပ်နက်ထဲသို့ လှမ်းကြည့်လိုက်မိ၏။

ဒါကိုမြင်တော့ ယန်ရှောင်ယွင်လည်း သတိထားလိုက်မိသည်။

ကောင်းကင်ဓားဂိုဏ်းမှ လူများကမူ မသိကြသေးပေ။ သို့သော် မကြာမီမှာပင် သူတို့လည်း တစ်ခုခုကို အာရုံခံမိသွားကြလေသည်။

အားလုံး မတ်တတ်ရပ်ပြီး ဆုမို ကြည့်နေသည့် ဘက်ကို လှမ်းကြည့်လိုက်ကြ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် လူတစ်ယောက် လေပေါ်မှ လွင့်စင်လာပြီး ခေါင်းစိုက်ကျကာ မြေကြီးနှင့် ရိုက်မိတော့မလို ဖြစ်သွားသည်ကို မြင်လိုက်ရလေသည်။ ဖုန်းပိုင်ချွမ်က ရုတ်တရက် အော်ဟစ်လိုက်သည်။

"ကယ်ကြဟေ့..."

အသံထွက်သည်နှင့် ကောင်းကင်ဓားဂိုဏ်း တပည့်များ ချက်ချင်း လှုပ်ရှားလိုက်ကြတော့သည်။ နှစ်ယောက်က လေပေါ် ခုန်တက်သွားပြီး ဓားဆွဲထုတ်သံ သဲ့သဲ့လေး ထွက်ပေါ်လာလေ၏။

တစ်ယောက်က လွင့်လာသည့် လူ၏ တစ်ဖက်တစ်ချက်စီကို လက်ဝါးဖြင့် လှမ်းဖမ်းလိုက်ကြ၏။

ကျန်သည့်လူများက ဖုန်းပိုင်ချွမ်နှင့်အတူ ကယ်ထားသောလူ၏ ရှေ့တွင် ရပ်ပြီး ဘယ်သူ့လက်ချက်လဲ ဆိုသည်ကို စောင့်ကြည့်နေကြလေသည်။

မော့ကြည့်လိုက်သောအခါ အနက်ရောင်ဝတ် လူတစ်ယောက် တဖြည်းဖြည်း ပေါ်လာလေသည်။

သူ့မျက်လုံးများက ကောင်းကင်ဓားဂိုဏ်း အဖွဲ့ကို ဝေ့ကြည့်လိုက်ပြီး ခေါင်းခါလိုက်၏။

"ငြိမ်ငြိမ်လေး အသတ်ခံလိုက်ရင် ပိုမကောင်းဘူးလားကွာ... ဘာလို့ သူများတွေကိုပါ အမြဲ ဆွဲထည့်နေရတာလဲ... အရင်တစ်ယောက်တုန်းကတော့ ငါ မယှဉ်ရဲလို့ ထားလိုက်ပါတော့... အခုတော့... တစ်ယောက်သတ်သတ်၊ အုပ်စုလိုက်သတ်သတ် အတူတူပါပဲ..."

သူ့စကားဆုံးသည်နှင့် မျက်လုံးအိမ်များ ကျယ်သွားရလေသည်။

အကြောင်းမူကား သူ့အကြည့်က ဆုမိုထံ ရောက်သွားသောကြောင့်ပင်။

ချက်ချင်းဆိုသလိုပင် ဘာမှ ထပ်မစဉ်းစားတော့ဘဲ သူ့ပုံရိပ်က အများကြီး ကွဲထွက်သွားပြီး မျက်စိတစ်မှိတ် အတွင်းမှာ ပျောက်ချင်းမလှ ပျောက်သွားတော့သည်။

ကောင်းကင်ဓားဂိုဏ်းမှ လူများက ဓားများ အသင့်ပြင်ပြီး တိုက်ခိုက်ဖို့ ပြင်နေကြခြင်း ဖြစ်၏။

သို့သော် မထင်မှတ်ထားသည်က လေကြီးမိုးကြီး ပြောနေသော ဒီလူဟာ လက်တွေ့ကျတော့ သူရဲဘောကြောင်သူ ဖြစ်နေခြင်းပါပဲ။

ဘာမှမပြောဘဲ ထွက်ပြေးသွားလေသည်။

ထိုအချိန်မှာ ကောင်းကင်ဓားဂိုဏ်း၏ အေးစက်စက် ဓားသမားတွေတောင် ကြောင်အမ်းအမ်း ဖြစ်ပြီး ဘာလုပ်ရမှန်း မသိ ဖြစ်ကုန်ကြရှာသည်။

ဖုန်းပိုင်ချွမ် တစ်ယောက်ပဲ တစ်ခုခုကို နားလည်သွားပုံရ၏။ ဆုမိုဘက်ကို လှည့်ကြည့်လိုက်၏။ သူ့မျက်နှာက အေးစက်နေဆဲ၊ မျက်လုံးထဲမှာတော့ အံ့သြရိပ် အနည်းငယ် ယှက်သန်းနေလေသည်။ ဒါက သူ့ခံစားချက်ကို အများဆုံး ထုတ်ပြနိုင်သည့် အနေအထား ဖြစ်ပုံ ရ၏။

ဆုမိုက ခေါင်းကို အနည်းငယ် ခါလိုက်ပြီး သူ ဘာမှမလုပ်လိုက်ကြောင်း အမူအရာ ပြလိုက်၏။

'ဒီမှာ ဒီတိုင်း ထိုင်နေတာပါဗျာ... ဟိုလူကို လှမ်းကြည့်လိုက်ရုံပဲ ရှိတာ...'

'ဘာလို့ ထွက်ပြေးသွားတာလဲ... ငါနဲ့ ဘာဆိုင်လို့လဲ...'

အဲဒီအချိန်မှာ ကောင်းကင်ဓားဂိုဏ်းက လူတစ်ယောက် အော်ပြောလာသည်။

"စီနီယာအစ်ကို... ကြည့်ပါဦး... သူပါလား..."

ကောင်းကင်ဓားဂိုဏ်း တပည့် ညွှန်ပြနေသည့်သူကတော့ သူတို့ ကယ်တင်လိုက်သည့် လူပါပင်။

ဆုမို လှမ်းကြည့်လိုက်တော့ မအံ့သြမိပေ။ ကျိဖေးယန် ဖြစ်နေတာကိုး။

အခန်း (၁၆၁) - တောင်ပေါ်သို့ ကျူးကျော်ဝင်ရောက်ခြင်း

~အနက်ရောင်ဝတ် လူသည် လွန်ခဲ့သော ၁၀ ရက်ခန့်က ကျိဖေးယန်ကို တောအုပ်ထဲတွင် ချုံခိုတိုက်ခိုက်ခဲ့သူ ဖြစ်ပေသည်။

အမဲလိုက်ခံရသူ၊ တဖန် ထပ်မံ အသက်ဘေးမှ လွတ်မြောက်သွားသူမှာလည်း ကျိဖေးယန်ပင် ဖြစ်နေပြန်သည်။

ဆုမိုသည် စိတ်ထဲတွင် လှုပ်ရှားသွားရ၏။ လူတစ်ယောက်ကို သတ်ဖို့အတွက် ဒီလောက်တောင် ကြိုးစားအားထုတ်နေရသလို၊ ထိုလူကလည်း အသတ်မခံရအောင် အကြိမ်ကြိမ် ရှောင်တိမ်းနိုင်နေသည် မဟုတ်ပါလော။

ဆုမို တွေးတောနေစဉ်မှာပင် ဖုန်းပိုင်ချွမ်၏ အေးစက်စက် အသံ ထွက်ပေါ်လာလေသည်။

“သူ့ကို ခေါ်သွားကြစို့... ကောင်းကင်ဓားဂိုဏ်းကို ပြန်ခေါ်သွားမယ်...”

“ဟုတ်ကဲ့ပါ...”

ဂျူနီယာညီလေးများက အမိန့်ကို နာခံပြီး ကျိဖေးယန်၏ ဒဏ်ရာများကို ကုသပေးရန် ဆေးဝါးများ ထုတ်ယူလိုက်ကြ၏။

သို့သော် ရုတ်တရက် ကျိဖေးယန်သည် မတ်မတ် ထရပ်လိုက်ပြီး လေပေါ်သို့ ခုန်တက်သွားသည်။ သစ်ပင်တစ်ပင်၏ ပင်စည်ကို ခြေကန်ပြီး ထွက်ပြေးရန် ပြင်လိုက်သည်ကို တွေ့လိုက်ရ၏။

“ဘယ်ကို ပြေးမလို့လဲ...”

လေခွင်းသံ တဝီဝီနှင့်အတူ ဓားရောင်တစ်ချက် ဝင်းလက်သွားလေသည်။ အကယ်၍ ကျိဖေးယန်သာ ရှေ့ဆက်တိုးသွားပါက ဓားချီ၏ ဝါးမြိုခြင်းကို ခံရမည်မှာ သေချာသလောက်ပင်။ ထို့ကြောင့် သူသည် လေထဲတွင် ကိုယ်ကို လိမ်ဖယ်ပြီး ရှောင်တိမ်းလိုက်ရလေသည်။

သိုင်းပညာတွင် အင်အားသည် မြေကြီးမှ စတင်သည်ဟု ဆိုကြ၏။ ခြေထောက်က မြေကြီးနှင့် မထိဘဲ လေထဲတွင် ခန္ဓာကိုယ်ကို လှည့်ပတ်ရန်မှာ အလွန် ခက်ခဲသော ကိစ္စပင်။

သို့သော် ကျိဖေးယန် လေ့ကျင့်ထားသော ဖေးလျူ ဓားသိုင်း သုံးထောင် သိုင်းကွက်သည် လေထဲတွင် အသုံးပြုရန် အထူးစီမံထားသော ဓားသိုင်း ဖြစ်ပေသည်။

ရုတ်တရက် လှည့်ပတ်လိုက်ပြီး ဓားရောင်တစ်ချက် ထုတ်လွှတ်လိုက်ရာ စက်ဝိုင်းသဖွယ် လည်ပတ်သွားပြီး တရှဲရှဲ မြည်သံများ ထွက်ပေါ်လာလေသည်။

ဓားသွားများသည် လေထဲတွင် အထပ်ထပ် ပေါ်လာပြီး မိုးရေစက်များပမာ ရွာချလာတော့သည်။ ဓားသုံးထောင် ဟု တင်စားထားသော်လည်း အနည်းဆုံး ဓားရောင် ဆယ်ဂဏန်းမက ပါဝင်နေပေသည်။

ထိုဓားရောင်များသည် ဖုန်းပိုင်ချွမ်၏ ခေါင်းပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာတော့သည်။

ယန်ရှောင်ယွင်သည် အေးစက်စွာ ကြည့်နေသော်လည်း ရုတ်တရက် အာမေဋိတ်သံ ပြုလိုက်မိ၏။

“ဟင်...”

သို့သော် ဆုမို မမေးမြန်းမီမှာပင် ဖုန်းပိုင်ချွမ်၏ လက်နက်သည် ကျရောက်လာသော ဓားသွားများနှင့် ထိပ်တိုက် တွေ့ဆုံသွားတော့၏။

သတ္တုချင်း ရိုက်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး မီးပွားများ လေထဲတွင် ပြန့်ကျဲသွားတော့သည်။

ထိုအခါမှ ဆုမိုသည် ယန်ရှောင်ယွင်ဘက်သို့ လှည့်ကာ မေးလိုက်၏။

“ဘာဖြစ်လို့လဲ...”

ယန်ရှောင်ယွင်၏ မျက်နှာထားသည် ထူးဆန်းနေပြီး ပြောလိုက်၏။

“ကျိဖေးယန်ရဲ့ ဓားသိုင်းက တော်တော် မိုက်တာပဲ... ကောင်းကင်တံခါး ဓားပျံ ကျိဝမ်လီ က နာမည်ကြီးပေမယ့် သူ့သားကတော့ လော့ဖုန်းမြို့ရဲ့ ဒုတိယမြောက် ဆုမို ဖြစ်လာမယ့်ပုံပဲ...”

“အစ်မယွင်ကလည်း လျှောက်ပြောပြန်ပြီ...ကျွန်တော် ကျိဖေးယန်နဲ့ တစ်ခါမှ မဆုံဖူးပါဘူး...”

“အဲဒါကို ပြောတာလေ...”

ယန်ရှောင်ယွင်က ပြုံးပြီး ပြောလိုက်၏။

“အရင်တုန်းက ငါ သတိမထားမိခဲ့ဘူး...”

“ဘာကိုလဲ...”

“နင် ငယ်ငယ်တုန်းက အပျော်အပါး မက်တယ်လေ... ပန်းပွင့်လေးတွေကြားမှာ ပျော်မွေ့ခဲ့တာ... တကယ်လို့ ကျိဖေးယန်သာ နင့်လို လူမျိုးဆိုရင် နင်တို့နှစ်ယောက် ဆုံဖူးတာ ကြာလှပေါ့... ဘာလို့ တစ်ခါမှ မဆုံဖူးရတာလဲ...”

“ဒါကို ကြည့်ခြင်းအားဖြင့် နင်က ပန်းပွင့်တွေကြားမှာ လည်နေတုန်း ကျိဖေးယန်က မလည်ဘူးဆိုတာ သက်သေပြနေတာပဲ...”

“သူက တမင်တကာ နှိမ့်ချနေပြီး သိုင်းပညာကို တိတ်တိတ်လေး လေ့ကျင့်နေခဲ့တာ... မဟုတ်ရင် ဒီလောက် ကောင်းမွန်တဲ့ သိုင်းပညာ ဘယ်ရပါ့မလဲ...”

ဆုမို ခေါင်းညိတ်လိုက်၏။

“ဒါပေမယ့် အစ်မယွင်နဲ့ ယှဉ်လိုက်ရင်တော့ သူ့သိုင်းက အများကြီး လိုပါသေးတယ်...”

ယန်ရှောင်ယွင်သည် နှာခေါင်းရှုံ့လိုက်ပြီး ဘာမှ ပြန်မပြောတော့ပေ။ သို့သော် သူမ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်ကို ကြည့်ခြင်းအားဖြင့် ဆုမို၏ စကားကို သဘောကျနေကြောင်း သိသာလှသည်။

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ရှေ့မှ တိုက်ပွဲသည် အဖြေပေါ်လုနီးပါး ဖြစ်နေတော့၏။

ဖုန်းပိုင်ချွမ်သည် ကောင်းကင်ဓားဂိုဏ်း၏ ထိပ်တန်း တပည့်ကျော် ဖြစ်သည့်အားလျော်စွာ သိုင်းပညာတွင် ရွယ်တူများထက် များစွာ သာလွန်လေသည်။ ကျိဖေးယန်သည် ဖေးလျူ ဓားသိုင်း သုံးထောင် ဖြင့် အစပိုင်းတွင် အသာစီး ရခဲ့သော်လည်း ကြာရှည် မထိန်းထားနိုင်ပေ။

အစကတည်းက ဖုန်းပိုင်ချွမ်ကို အနိုင်မတိုက်နိုင်ခဲ့သဖြင့် တဖြည်းဖြည်းနှင့် အရေးနိမ့်လာတော့သည်။

ထို့အပြင် မူလကတည်းက ဒဏ်ရာရထားသူ ဖြစ်ရာ အကွက် ၂၀ ခန့် အကြာတွင် ဖုန်းပိုင်ချွမ်က ဓားချီတစ်ချက် ထုတ်လွှတ်လိုက်ပြီး ကျိဖေးယန်ကို မလှုပ်ရှားနိုင်အောင် ချုပ်နှောင်လိုက်လေသည်။

ကျိဖေးယန်၏ လက်ထဲမှ ဓားသည် လိမ်ကောက်သွားပြီး ရှုံးနိမ့်သွားရရှာသည်။

အကယ်၍ ဖုန်းပိုင်ချွမ်သာ လက်မလျှော့ခဲ့ပါက ကျိဖေးယန်၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်သွားနိုင်ပေသည်။

သို့သော် ဖုန်းပိုင်ချွမ်သည် ကျိဖေးယန်၏ လက်ထဲမှ ဓားကို ရိုက်ချလိုက်ပြီး ရှေ့တိုးကာ သွေးကြောကွက်များကို ပိတ်ဆို့၍ ဖမ်းဆီးလိုက်လေသည်။

ကျိဖေးယန်သည် အဖမ်းခံထားရသော်လည်း အော်ဟစ် ကြိမ်းမောင်းနေဆဲပင်။

“ကောင်းကင်ဓားဂိုဏ်းက လူယုတ်မာတွေ... သတ္တိရှိရင် ငါ့ကို သတ်လိုက်စမ်းပါ...”

ဖုန်းပိုင်ချွမ်၏ မျက်နှာထားက အေးစက်နေဆဲပင်။

“မင်းသုံးလိုက်တဲ့ ဓားသိုင်းက လော့ရှားမြို့ ကောင်းကင်တံခါး အာမခံဌာနက ဖေးလျူ ဓားသိုင်း သုံးထောင် နဲ့ တူနေပါလား... ခေါင်းဆောင် ကျိဝမ်လီ နဲ့ မင်း ဘယ်လို ပတ်သက်လဲ...”

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိလိုက်ကြ၏။

တိုက်ပွဲပြီးသွားတာတောင် ဖုန်းပိုင်ချွမ်က သူ ဘယ်သူနဲ့ တိုက်ခိုက်လိုက်ရမှန်း မသိသေးဘူးတဲ့လား။

“ဟားဟားဟား... လူယုတ်မာ... ဟန်ဆောင်နေစရာ မလိုပါဘူးကွာ... ငါက ကျိဖေးယန်ပဲ... ကျိဝမ်လီ က ငါ့အဖေ... သတ်ချင်သတ်၊ ဖြတ်ချင်ဖြတ်... မင်းသဘောပဲ...”

ပြောပြီးသည်နှင့် သူက ခေါင်းမော့ကာ သေမင်းကို အာခံလိုက်လေသည်။

ဖုန်းပိုင်ချွမ် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်၏။

“ဪ...

ခေါင်းဆောင်ကျိရဲ့ သားကိုး... ငါတို့ ဂိုဏ်းက အကြီးအကဲတွေတောင် မင်းကို လိုက်ရှာဖို့ လော့ဖုန်းမဟာမိတ်အဖွဲ့ဆီ သွားနေကြတာ... မင်းက ဒီရောက်နေတာကိုး... ဒါပေမယ့် သခင်လေးကျိ က ကောင်းကင်ဓားဂိုဏ်းကို ရောက်လာမှတော့ အကြီးအကဲထုန်းရဲ့ အိမ်ကို ညဘက်ကြီး ဘာလို့ ခိုးဝင်ရတာလဲ...”

“ဟွန်း... ငါ့ဆီက စကားနှိုက်ချင်လို့လား... အိပ်မက်သာ မက်နေလိုက်...”

ကျိဖေးယန်က အေးစက်စွာ ရယ်မောလိုက်ပြီး ပါးစပ်ပိတ်ထားလိုက်တော့သည်။

ဖုန်းပိုင်ချွမ်၏ မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။ ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်၏။

“တွေ့မှတော့လည်း ကောင်းကင်ဓားဂိုဏ်းကို ခဏလောက် လိုက်ခဲ့ပါဦး သခင်လေးကျိ... ငါတို့မှာလည်း မင်းနဲ့ ဆွေးနွေးစရာ ကိစ္စတွေ ရှိနေလို့ပါ...”

“ဟားဟားဟား...”

ကျိဖေးယန်က ဟားတိုက် ရယ်မောလိုက်၏။

“ဆွေးနွေးစရာ ရှိတယ် ဟုတ်လား... ကောင်းပြီလေ... ကောင်းကင်ဓားဂိုဏ်းကို ငါ ကြောက်မယ်များ ထင်နေလား... လာစမ်းပါ... ငါ မျက်တောင်တစ်ချက် ခတ်မိရင် သူရဲကောင်း မဟုတ်ဘူး...”

“...”

ဖုန်းပိုင်ချွမ် ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ...”

ထို့နောက် ဂျူနီယာညီလေးများကို ကျိဖေးယန်အား စောင့်ကြည့်ခိုင်းလိုက်ပြီး ဆုမိုတို့ဘက်သို့ လှည့်လာသည်။

“ခင်ဗျားတို့ နှစ်ယောက်ရော... အနားယူလို့ ဝပြီလား...”

“အင်း... သွားလို့ရပါပြီ...”

ဆုမို ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

ကျိဖေးယန်သည် ထိုစကားကို ကြားမှ ဆုမိုနှင့် ယန်ရှောင်ယွင်ကို သတိထားမိသွားပြီး အံ့အားသင့်သွားလေသည်။

“ခေါင်းဆောင်ဆု... ဒုခေါင်းဆောင်ယန်... မင်းတို့က ဘာလို့ ဒီရောက်နေကြတာလဲ... ကောင်းကင်ဓားဂိုဏ်းက လူယုတ်မာတွေရဲ့ လှည့်စားတာကို ခံလိုက်ရတာတော့ မဟုတ်ပါဘူးနော်... ကောင်းကင်ဓားဂိုဏ်းက လူကောင်းတွေ မဟုတ်ဘူး... မင်းတို့ မြန်မြန် ထွက်သွားကြပါ…”

အခန်း (၁၆၂) - တောင်ပေါ်သို့ ကျူးကျော်ဝင်ရောက်ခြင်း (၂)

~ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏ အကြည့်များသည် ကျိဖေးယန်ထံသို့ ရောက်ရှိသွားကြတော့၏။

ဖုန်းပိုင်ချွမ်က ရေခဲတုံးပမာ အေးစက်တည်ငြိမ်သော လေသံဖြင့် ပြန်လည် မေးမြန်းလိုက်လေသည်။

“သခင်လေးကျိ... ဘာကြောင့် ဒီလို ပြောရတာလဲ...”

“ဟွန်း... ခင်ဗျားတို့ ဘာလုပ်ခဲ့တယ်ဆိုတာ ခင်ဗျားတို့အသိဆုံးပါ... ခေါင်းဆောင်ဆု... ဒီကောင်းကင်ဓားဂိုဏ်းသားတွေ ပြောတာတွေကို တစ်လုံးမှ မယုံနဲ့... သူတို့ ပြောတာတွေ၊ လုပ်တာတွေ အကုန်လုံးက အလိမ်အညာတွေချည်းပဲ...”

ကျိဖေးယန်သည် ဆုမိုက သူ့အား ကုသဆေးတစ်ပုလင်း ပေးခဲ့ဖူးသော ကျေးဇူးကို သတိရကာ စိုးရိမ်ပူပန်နေပုံ ရချေသည်။ ယခုအချိန်တွင် သူသည် ဆုမိုကို ထွက်သွားစေချင်သည့် ဆန္ဒပြင်းပြနေလေ၏။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ ကောင်းကင်ဓားဂိုဏ်းနှင့် ကျိဖေးယန်ကြားတွင် မပြောပြနိုင်သော ဇာတ်လမ်းတစ်ပုဒ် ရှိနေသည်မှာ သေချာသလောက်ပင် ဖြစ်နေတော့၏။

ကာယကံရှင်များမှာမူ ခံစားချက်များ လွှမ်းမိုးနေသဖြင့် အမှန်တရားကို မမြင်နိုင်ကြသော်လည်း ဆုမိုနှင့် ယန်ရှောင်ယွင်တို့ကမူ ဘေးမှကြည့်နေသူများ ဖြစ်သဖြင့် အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နေရပေသည်။

ကျိဖေးယန်၏ ရန်လိုမုန်းတီးမှုမှာ ရင်ထဲမှ လှိုက်လှဲစွာ ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း၊ ကောင်းကင်ဓားဂိုဏ်းဘက်ကမူ သူ့အား သတ်ဖြတ်လိုစိတ် မရှိကြောင်း ထင်ရှားနေလေသည်။

ခဏမျှ စဉ်းစားပြီးနောက် ဆုမိုသည် ဖုန်းပိုင်ချွမ်ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

“ညီအစ်ကိုဖုန်း... ကျွန်တော် နားမလည်တာလေး တစ်ခုရှိလို့ မေးကြည့်လို့ ရမလား...”

“ရပါတယ်...”

ဖုန်းပိုင်ချွမ်သည် တည်ငြိမ်စွာပင် ဖြေကြားလေသည်။ သူ၏ အမူအရာသည် လောက ရေးရာများနှင့် ကင်းကွာနေသူ တစ်ဦးအလား အေးစက်တည်ငြိမ်လွန်းလှပေစွ။

ဆုမိုသည် ဤလူ၏ စရိုက်ကို နားလည်ပြီးဖြစ်သဖြင့် ဂရုမစိုက်တော့ဘဲ မေးခွန်းကိုသာ ဆက်မေးလိုက်လေ၏။

“ခင်ဗျားတို့ ဂိုဏ်းက လော့ရှားမြို့ကို သွားပြီး သခင်လေးကျိကို ရှာရတဲ့ အကြောင်းရင်းက ဘာများလဲ...”

“...”

ဖုန်းပိုင်ချွမ်သည် ခဏမျှ တိတ်ဆိတ်နေပြီးမှ ဖွင့်ဟပြောဆိုလာလေသည်။

“အမှန်အတိုင်း ပြောရရင်..ကျွန်တော်တို့ ဂိုဏ်းက အကြီးအကဲထုန်း ပျောက်ဆုံးသွားပါတယ်... သူ မပျောက်ခင်တုန်းက လူတစ်ယောက် ကောင်းကင်ဓားဂိုဏ်းကို ရောက်လာပြီး အာမခံလုပ်ငန်း တစ်ခု လာအပ်ခဲ့တယ်... အဲဒီလုပ်ငန်းကို လက်ခံဖို့ အကြီးအကဲထုန်းကိုမှ အထူးတလည် တောင်းဆိုခဲ့တာပါ...”

“အဲဒီအလုပ်ကို လက်ခံပြီးနောက်ပိုင်း အကြီးအကဲထုန်းဟာ လူပြောင်းသွားသလို ဖြစ်လာတယ်... စိုးရိမ်ပူပန်မှုတွေ များလာသလို... စိတ်လည်း တိုလာတယ်...”

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြရလေသည်။

ကောင်းကင်ဓားဂိုဏ်း၏ သိုင်းပညာသည် ထူးခြားသော အတွင်းအားကျင့်စဉ်ကြောင့် ကျင့်ကြံသူတိုင်းကို ရေခဲတုံးပမာ အေးစက်သွားစေတတ်စမြဲ ဖြစ်၏။

ယခု ဖုန်းပိုင်ချွမ်နှင့် သူ့တပည့်များကဲ့သို့ပင်။

ဤသိုင်းပညာကို မြင့်မားစွာ တတ်မြောက်လေ၊ ခံစားချက်များကို ဖုံးကွယ်နိုင်လေ ဖြစ်ပြီး လူကို ဓားတစ်လက်အဖြစ် ပြောင်းလဲပစ်နိုင်သည်ဟု အဆိုရှိကြပေသည်။

ဤပညာရပ်၏ အဓိက ရည်ရွယ်ချက်မှာ တာအိုဝါဒ၏ ကောင်းကင်နှင့် လူသား တသားတည်းဖြစ်ခြင်း သဘောတရားကို အခြေခံပြီး လူနှင့် ဓား တသားတည်းဖြစ်ခြင်း အဆင့်သို့ ရောက်ရှိရန် ဖြစ်ပေသည်။

သို့သော် ဂိုဏ်းထောင်သော ဆရာသခင်ကြီးမှ လွဲ၍ မည်သူမျှ ထိုအဆင့်သို့ မရောက်ဖူးကြသေးပေ။

မည်သို့ပင်ဆိုစေကာမူ ဤပညာရပ်ကို နက်ရှိုင်းစွာ လေ့ကျင့်လေ၊ ခံစားချက်များနှင့် ကင်းကွာလေ ဖြစ်သည်မှာ ဧကန်မုချပင်။

အကြီးအကဲထုန်းသည် ကောင်းကင်ဓားဂိုဏ်း၏ ထိပ်တန်းပုဂ္ဂိုလ် တစ်ဦး ဖြစ်သည့်အားလျော်စွာ သိုင်းပညာတွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ခံစားချက်များကို အပြီးတိုင် ဖယ်ရှားထားပြီးသူ ဖြစ်တန်ရာ၏။

ထိုသို့သောသူက မည်သို့လျှင် စိုးရိမ်ပူပန်မှုနှင့် ဒေါသကို ပြသနိုင်ပါမည်နည်း။

“နောက်ပိုင်းမှာတော့ အကြီးအကဲထုန်း ပျောက်သွားတော့တာပဲ... ဒီကိစ္စက ကောင်းကင်ဓားဂိုဏ်း တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တယ်... အားလုံး လိုက်ရှာကြပေမဲ့ အစအနတောင် မတွေ့ရဘူး...”

“အကြီးအကဲတွေ အားလုံး တိုင်ပင်ပြီးနောက်မှာတော့... ပြဿနာရဲ့ အရင်းအမြစ်က အဲဒီ အာမခံလုပ်ငန်းမှာ ရှိမယ်လို့ ယူဆကြတယ်...”

“အဲဒီ အာမခံလုပ်ငန်းကို လာအပ်တဲ့သူကတော့... တခြားသူ မဟုတ်ပါဘူး... ကောင်းကင်တံခါး အာမခံဌာနရဲ့ ခေါင်းဆောင်ကြီး ကျိပါပဲ...”

ထိုစကားကို ပြောလိုက်စဉ် ဖုန်းပိုင်ချွမ်၏ အကြည့်သည် ကျိဖေးယန်အပေါ်သို့ ရောက်ရှိသွားသော်လည်း ခံစားချက် ကင်းမဲ့နေဆဲပင် ဖြစ်၏။

ကျိဖေးယန်သည် ဒေါသတကြီး ပြန်ကြည့်လိုက်လေသည်။

“ဘာကြည့်တာလဲ...”

ဖုန်းပိုင်ချွမ်၏ နှုတ်ခမ်းများ လှုပ်ရွသွားသော်လည်း ဘာမှပြန်မပြောဘဲ ဆက်လက် ရှင်းပြလေသည်။

“ဒါကြောင့် ဂိုဏ်းက အကြီးအကဲတွေက ခေါင်းဆောင်ကြီးကျီကို သွားတွေ့ပြီး မေးမြန်းသင့်၊ မသင့် တိုင်ပင်ခဲ့ကြတယ်... ဒါပေမယ့် အာမခံလောကမှာ စည်းကမ်းတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိကြပါတယ်... အထူးသဖြင့် ခေါင်းဆောင်ကြီးကျီ ကိုယ်တိုင် လျှို့ဝှက်စွာ လက်ခံထားတဲ့ အလုပ်ဆိုရင် ပိုပြီးတောင် ပြောလို့မရဘူး...”

“အာမခံပစ္စည်းက ဘာလဲဆိုတာကို သူရယ်၊ အကြီးအကဲထုန်းရယ်၊ လာအပ်တဲ့သူရယ်... ဒီသုံးယောက်ပဲ သိကြတာ...”

“ကျွန်တော်တို့သာ အတင်းအကျပ် မေးမြန်းမယ်ဆိုရင် ခေါင်းဆောင်ကြီးကျီကို သူ့စည်းကမ်းသူ ဖောက်ဖျက်ခိုင်းရာ ရောက်သွားလိမ့်မယ်... ဒါကြောင့် အကြီးအကဲတွေက တွန့်ဆုတ်နေခဲ့ကြတာပါ...”

ကျိဖေးယန်သည် ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်လေသည်။

“အလကား စကားတွေ... အဓိပ္ပာယ်မရှိတာတွေ လာပြောမနေနဲ့... ကောင်းကင်ဓားဂိုဏ်းက လူတွေက အေးစက်ပြီး ခံစားချက်မရှိတဲ့ကောင်တွေ... ကိုယ့်ကိုယ်ကိုယ် ဓားတစ်လက်လို သဘောထားပြီး ကျန်တဲ့ သတ္တဝါတွေကို ဝက်တွေ၊ ခွေးတွေလောက်တောင် သဘောမထားတဲ့ကောင်တွေ... ဘယ်တုန်းကများ သူများစိတ်ကို ထည့်တွက်ပေးတတ်သွားတာလဲ...”

ဖုန်းပိုင်ချွမ်က ကျိဖေးယန်ကို အေးစက်စွာ ကြည့်လိုက်လေသည်။

“သခင်လေးကျိ... အထင်လွဲနေပြီ... ကျုပ်တို့က ကိုယ့်ကိုယ်ကိုယ် ဓားအဖြစ် သတ်မှတ်ထားပေမဲ့ လောကသားတွေကို ဝက်တွေ၊ ခွေးတွေလို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး...”

ကျိဖေးယန်က ပြန်လည် ချေပရန် ပြင်လိုက်သော်လည်း ဆုမိုက လက်ကာပြကာ တားဆီးလိုက်လေသည်။

“ပြီးတော့ရော...”

“ပြီးတော့...”

ဖုန်းပိုင်ချွမ်က ဆက်ပြောလေသည်။

“ကျွန်တော်တို့ သတင်း တစ်ခု ကြားလိုက်ရတယ်... လော့ရှားမြို့က ကောင်းကင်တံခါး အာမခံဌာန ခေါင်းဆောင်ကြီး ကျိဝမ်လီ ရုတ်တရက် ကွယ်လွန်သွားတယ်တဲ့... ပြီးတော့ အဲဒီကိစ္စက အာမခံလုပ်ငန်းနဲ့ ပတ်သက်နေပုံ ရတယ်...”

“ဂိုဏ်းက အကြီးအကဲတွေ ဆုံးဖြတ်ချက် ချလိုက်ကြတယ်... တကယ်လို့ ဒီကိစ္စသာ ဆက်စပ်နေမယ် ဆိုရင် ကောင်းကင်ဓားဂိုဏ်းကို ပစ်မှတ်ထားတာ မဟုတ်ဘဲ ခေါင်းဆောင်ကြီးကျီကို မတော်တဆ ထိခိုက်စေခဲ့တာ ဖြစ်နိုင်တယ်... ဒါကြောင့် သခင်လေးကျိကို ဘာမှ မဖြစ်စေချင်ဘူး... အဲဒါကြောင့် လော့ရှားမြို့ကို လူလွှတ်ပြီး သခင်လေးကျိကို သွားရှာခိုင်းတာပါ...”

“ဒီလုပ်ရပ်က သခင်လေးကျိကို တောင်းပန်ဖို့ ရည်ရွယ်သလို၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး သခင်လေးကျိ ဘာသိထားလဲဆိုတာ မေးမြန်းချင်လို့ပါ... ဒီနည်းနဲ့ အကြီးအကဲထုန်းရဲ့ သဲလွန်စကို ရှာတွေ့နိုင်မလားလို့ မျှော်လင့်မိတာပါ...”

“ဒါပေမယ့် မထင်မှတ်ထားတာက သခင်လေးကျိက ကောင်းကင်ဓားဂိုဏ်းကို ရောက်လာပြီး အကြီးအကဲထုန်းရဲ့ နေအိမ်နားမှာ ညဘက်ကြီး လာချောင်းနေတာကိုး... ဂိုဏ်းသားတွေ တွေ့သွားတော့ မိုင်ထောင်ချီပြီး ထွက်ပြေးသွားတယ်...”

“ဒါက ကျွန်တော်တို့ရဲ့ ပေါ့လျော့မှုပါ... သခင်လေးကျိမှန်း မသိလိုက်မိဘူး...”

စကားဆုံးသွားသည့်တိုင် ဖုန်းပိုင်ချွမ်သည် အေးစက်နေဆဲပင် ဖြစ်၏။ အချိန်မရွေး ဓားဆွဲထုတ်ပြီး သတ်ဖြတ်တော့မည့်အလား တည်ငြိမ်နေလေသည်။

ဆုမိုက မျက်ခုံးပင့်ကာ ကျိဖေးယန်ကို ကြည့်လိုက်လေသည်။

“သခင်လေးကျိ... ညီအစ်ကိုဖုန်း ပြောတာကို ခင်ဗျား ဘယ်လိုမြင်လဲ...”

“လုပ်ကြံဇာတ်လမ်းတွေပါဗျာ...”

ကျိဖေးယန်သည် ဒေါသကြောင့် အသက်ရှူသံများပင် ပြင်းထန်နေရှာသည်။ ဖုန်းပိုင်ချွမ်နှင့် ကောင်းကင်ဓားဂိုဏ်းသားများကို စိမ်းစိမ်းကြည့်ကာ အော်ဟစ်လိုက်လေသည်။

“ငါ့အဖေ...ငါ့အဖေကို သတ်လိုက်တာ မင်းတို့ ကောင်းကင်ဓားဂိုဏ်းက လူယုတ်မာတွေပဲ...”

“ဘာလို့ အဲဒီလို ပြောရတာလဲ...”

ဖုန်းပိုင်ချွမ်က ကျိဖေးယန်ကို စူးစူးရှရှ ကြည့်ကာ မေးလိုက်လေသည်။

“ကျွန်တော့်အဖေက... အပြင်ပန်းမှာတော့ လက်ဝါးစွမ်းအင်နဲ့ ရိုက်သတ်ခံရတယ်လို့ သတင်းလွှင့်ထားပေမဲ့... တကယ်တမ်းကျတော့ သူသေဆုံးခဲ့ရတာက ကောင်းကင်ဓားဂိုဏ်းရဲ့ အထွတ်အထိပ် သိုင်းပညာဖြစ်တဲ့ ခံစားချက်ခုနစ်ပါး သေဆုံးခြင်းမဲ့ဓား ကြောင့်ပါ…”

All Chapters