အခန်း (၁၆၃-၁၆၅)
Vol. 11 Ch. 163-165
အခန်း (၁၆၃) - တောင်ပေါ်သို့ ကျူးကျော်ဝင်ရောက်ခြင်း (၃)
~“ခံစားချက်ခုနစ်ပါး သေဆုံးခြင်းမဲ့ဓား ဟုတ်လား... ဘယ်ခံစားချက်လဲ...”
“လန့်ဖျပ်ခြင်း...”
ကျိဖေးယန်က ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
“အတွေးမရှိရင် ဝမ်းနည်းခြင်း မရှိဘူး... အကြောက်တရား မရှိရင် လန့်ဖျပ်ခြင်း မရှိဘူး... ကျွန်တော့်အဖေကို သတ်သွားတဲ့ သိုင်းကွက်က ခံစားချက်ခုနစ်ပါး သေဆုံးခြင်းမဲ့ဓား ထဲက နတ်ဘုရားတုန်လှုပ်ခြင်း သိုင်းကွက်ပဲ...”
[ခံစားချက်ခုနစ်ပါး သေဆုံးခြင်းမဲ့ဓား] ဆိုသည်မှာ အမှန်တကယ်တော့ 'သေဆုံးခြင်းမဲ့' ဆိုသော စကားလုံးနှင့် မသက်ဆိုင်ပေ။ အမှန်တကယ် အဓိပ္ပာယ်မှာ 'အတွေးမဲ့ခြင်း' ပင် ဖြစ်၏။
အတွေးမဲ့ခြင်းက အကန့်အသတ်မဲ့သော စွမ်းရည်များကို ဆောင်ကြဉ်းပေးပြီး ဓားချက်တိုင်းသည် သဘာဝကျကာ နောင်တရစရာ မရှိချေ။
၎င်းတွင် အဓိက သော့ချက်စာလုံး ခုနစ်လုံး ပါဝင်သည် - ဝမ်းမြောက်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ တွေးတောခြင်း၊ ပူဆွေးခြင်း၊ ကြောက်ရွံ့ခြင်း၊ လန့်ဖျပ်ခြင်း။ ဤခုနစ်လုံးသည် ဓားသိုင်းကွက် ခုနစ်ကွက်၊ ခံစားချက် ခုနစ်မျိုးနှင့် သက်ဆိုင်ပြီး နက်ရှိုင်းရှုပ်ထွေးကာ ရန်သူ့နှလုံးသားကို တိုက်ရိုက် ထိုးဖောက်နိုင်စွမ်း ရှိပေသည်။
၎င်းသည် ကောင်းကင်ဓားဂိုဏ်း၏ ပြင်ပသို့ မပေါက်ကြားစေသော အထွတ်အထိပ် သိုင်းပညာစစ်စစ် ဖြစ်ပေသည်။
'အတွေးမဲ့' မှ 'သေဆုံးခြင်းမဲ့' သို့ ပြောင်းလဲခေါ်ဝေါ်ရခြင်းမှာ ခံစားချက်ခုနစ်ပါး အတွေးမဲ့ဓား ဟူသော အမည်သည် ရည်မှန်းချက် နည်းပါးသယောင် ရှိနေသောကြောင့်ပင်။
ထိုအမည်သည် ထက်မြက်ခြင်း၊ သန်စွမ်းခြင်း၊ ရဲရင့်ခြင်းနှင့် တိုးတက်လိုစိတ် ပြင်းပြခြင်း ဟူသော ဓားသိုင်း၏ သဘောသဘာဝနှင့် ဆန့်ကျင်ဘက် ဖြစ်နေလေသည်။
ထို့ကြောင့် 'အတွေးမဲ့' ကို 'သေဆုံးခြင်းမဲ့' ဟု ပြောင်းလဲလိုက်ခြင်းက အဓိပ္ပာယ်ကို ပြောင်းလဲစေပြီး ရှုံးနိမ့်ခြင်းဟူသော အငွေ့အသက်ကို ဖယ်ရှားပေးနိုင်ခဲ့ခြင်း ဖြစ်၏။
“နတ်ဘုရားတုန်လှုပ်ခြင်း... တကယ်ပဲ နတ်ဘုရားတုန်လှုပ်ခြင်း ဟုတ်ရဲ့လား...”
ဖုန်းပိုင်ချွမ်၏ မေးခွန်းတွင် သံသယစိတ်များ အပြည့်ပါဝင်နေသော်လည်း မျက်နှာထားကမူ ရေခဲတုံးပမာ အေးစက်နေဆဲပင်။ လောကကြီးတစ်ခုလုံး ပျက်စီးသွားလျှင်တောင် ဂရုစိုက်မည့်ပုံ မပေါ်ချေ။
“ကောင်းကင်နဲ့ မြေကြီးအောက်မှာ ဒီလောက် ထက်မြက်တဲ့ နတ်ဘုရားတုန်လှုပ်ခြင်း ဓားသိုင်းကို ဘယ်သူက တုပနိုင်မှာတဲ့လဲ...”
ကျိဖေးယန်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ခါနေလေသည်။
ဖုန်းပိုင်ချွမ်မှာမူ တိတ်ဆိတ်သွားရရှာသည်။
ကျိဖေးယန်က အေးစက်စွာ ရယ်မောလိုက်ပြန်၏။
“အခုကျမှ ဘာလို့ ဟန်ဆောင်နေရတာလဲ... လော့ရှားမြို့အထိ လူလွှတ်ပြီး ငါ့ကို လိုက်ရှာခိုင်းတာက မင်းတို့ ကောင်းကင်ဓားဂိုဏ်းရဲ့ နောက်ဆုံး လက်နက်ပဲ မဟုတ်လား... ငါက.. ကောင်းကင်ဓားဂိုဏ်းကို လျှို့ဝှက်လာပြီး အဖြစ်မှန်ကို စုံစမ်းဖို့ ကြိုးစားခဲ့တာ... ဒါပေမယ့် မင်းတို့က သတင်းကြိုရပြီး ငါ့ကို လုပ်ကြံဖို့ လူလွှတ်ထားတယ်လေ...”
“မင်း ပြောချင်တာက... အနက်ရောင်ဝတ် လူသတ်သမားက ကောင်းကင်ဓားဂိုဏ်းက လူလို့ ဆိုလိုတာလား...”
ကျိဖေးယန်က မျက်ခုံးပင့်လိုက်၏။
“ဒါပေါ့... သူသုံးသွားတဲ့ သိုင်းပညာက ခင်ဗျားတို့ ကောင်းကင်ဓားဂိုဏ်းရဲ့ အထွတ်အထိပ် သိုင်းပညာ အစစ်ပဲလေ...”
ဖုန်းပိုင်ချွမ်သည် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ဆုမိုဘက်သို့ လှည့်ကာ ပြောလိုက်၏။
“ခေါင်းဆောင်ဆု... ခရီးဆက်ကြရအောင်... ကောင်းကင်ဓားဂိုဏ်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်... ခင်ဗျားရဲ့ မိတ်ဆွေကို ခေါ်ပြီးတာနဲ့ ဒီရှုပ်ထွေးမှုတွေထဲကနေ ဝေးဝေးနေဖို့ ကြိုးစားပါ...”
“... ကောင်းပါပြီ...”
ဆုမို ခေါင်းညိတ်လိုက်၏။ သူသည် ဤကိစ္စတွင် ဝင်ပါရန် စိတ်ကူး လုံးဝ မရှိခဲ့ပေ။
ကောင်းကင်ဓားဂိုဏ်းသည် သိုင်းလောကတွင် နှစ်ပေါင်းရာချီ ရပ်တည်ခဲ့ပြီးဖြစ်ရာ ယခုအချိန်တွင် သူကဲ့သို့ ပြင်ပလူ တစ်ယောက်၏ အကူအညီကို လိုအပ်မည် မဟုတ်ပေ။
ဤခရီးစဉ်သည် လျူမို ဟူသော ခေါင်းမာသည့် လူကြီးကို လာခေါ်ရုံသက်သက်သာ ဖြစ်ပြီး၊ ကျန်တာတွေကတော့ စိတ်ဝင်စားစရာ ပုံပြင်တစ်ပုဒ် နားထောင်ရသလိုပါပင်။
သို့သော် သူ၏ စိတ်ထဲတွင်မူ ထိုလူနှစ်ယောက်၏ စကားများကို ဆက်စပ်တွေးတောနေမိလေသည်။
အဖြစ်အပျက်များကို အကြမ်းဖျင်း ပုံဖော်ကြည့်လိုက်၏။
တစ်စုံတစ်ယောက်က ကောင်းကင်တံခါး အာမခံဌာန ခေါင်းဆောင် ကျိဝမ်လီ ကို စိန်ခေါ်စကားများဖြင့် ရန်စပြီး လျှို့ဝှက် အာမခံလုပ်ငန်း တစ်ခုကို လက်ခံစေခဲ့ပုံရ၏။
ထိုအာမခံလုပ်ငန်း၏ အကြောင်းအရာကို အလွန် လျှို့ဝှက်ထားခဲ့သည်။
ကျိဝမ်လီ မှလွဲ၍ ပျောက်ဆုံးနေသော ထုန်းယွင် တစ်ယောက်သာ အသေးစိတ် သိရှိပေလိမ့်မည်။
တာဝန်ပြီးဆုံးပြီးနောက် ကျိဝမ်လီ အိမ်ပြန်ရောက်သောအခါ နှုတ်ပိတ်သည့်အနေဖြင့် လုပ်ကြံသတ်ဖြတ်ခံလိုက်ရ၏။
ထုန်းယွင် သည်လည်း ထိုတာဝန်ကို လက်ခံပြီးနောက် စိတ်မနှံ့သလို ဖြစ်လာပြီး နောက်ဆုံးတွင် အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် ကောင်းကင်ဓားဂိုဏ်းရှိ ဝမ်ဖုန်းရေကန် အတွင်းသို့ ညအချိန်တွင် တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်ပြီး လခြမ်းကွေးဓား ကို ခိုးယူသွားခဲ့သည့် ဖြစ်ရပ် ပေါ်ပေါက်လာခဲ့သည်။
ဤပြဿနာကို ဖြေရှင်းရန်အတွက် ကောင်းကင်ဓားဂိုဏ်းသည် လမ်းငါးသွယ်ဆုံရပ် နှင့် ဂိုဏ်းပတ်ဝန်းကျင် တစ်ခုလုံးကို ပိတ်ဆို့ရှာဖွေခဲ့ရ၏။
ကျိဖေးယန်သည် အတွင်းရေးအချို့ကို သိရှိထားသဖြင့် ဖခင်ဖြစ်သူ၏ သေဆုံးရခြင်း အကြောင်းရင်းမှန်ကို ဖော်ထုတ်ရန် ကောင်းကင်ဓားဂိုဏ်းသို့ လာရောက်ခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် လမ်းခရီးတွင် အနက်ရောင်ဝတ် လူသတ်သမား၏ ချုံခိုတိုက်ခိုက်မှုကို အကြိမ်ကြိမ် ခံခဲ့ရ၏။
ထူးခြားသည်မှာ ထိုလူသတ်သမား အသုံးပြုသော သိုင်းပညာသည်လည်း ကောင်းကင်ဓားဂိုဏ်း၏ သိုင်းပညာပင် ဖြစ်နေခြင်းတည်း။
ဆုမိုသည် ထိုအချက်များကို ခေါင်းထဲတွင် စဉ်းစားခန်း ဖွင့်လိုက်သောအခါ... ထုန်းယွင် တစ်ယောက် တစ်ခုခု လွဲချော်နေခြင်း သို့မဟုတ် ကောင်းကင်ဓားဂိုဏ်း အတွင်း၌ သစ္စာဖောက် ရှိနေခြင်း... ဤနှစ်ချက်အနက် တစ်ချက်ချက် ဖြစ်နိုင်ကြောင်း သုံးသပ်မိလိုက်၏။
သို့သော် မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေသည်ကိုမူ သူ သေချာ မသိရသေးပေ။
သူ စဉ်းစားနေစဉ်မှာပင် ဖုန်းပိုင်ချွမ်က ခေါင်းတစ်ချက် ညိတ်လိုက်ပြီး စကားအများကြီး မပြောတော့ဘဲ ဂျူနီယာညီလေးများကို ကျိဖေးယန်နှင့် အခြားသူများအား ခေါ်ဆောင်စေကာ ကောင်းကင်ဓားဂိုဏ်းဆီသို့ ကိုယ်ဖော့ပညာဖြင့် အမြန်ဆုံး ခရီးနှင်ကြပြန်လေသည်။
နေရာက ကောင်းကင်ဓားဂိုဏ်းနှင့် သိပ်မဝေးလှသော်လည်း၊ 'တောင်ကို မြင်ရရင် နီးသလို ထင်ရပေမယ့် တကယ်သွားရင် ဝေးတယ်' ဆိုသည့် စကားအတိုင်းပင် ကောင်းကင်တံခါးတောင် သို့ ရောက်ရန် တစ်နာရီကျော် ကြာမြင့်သွားခဲ့သည်။
ကွေ့ကောက်နေသော တောင်တက်လမ်းအတိုင်း တက်သွားရာ မိုးထိအောင် မြင့်မားနေသော ကောင်းကင်တံခါးတောင်ကြီးသည် အမှန်တကယ်ပင် ကောင်းကင်ဘုံသို့ ဝင်ပေါက်ကြီးသဖွယ် ခံ့ညားထည်ဝါလှပေသည်။
တောင်ခါးပန်းသို့ ရောက်ခါနီးတွင် ရုတ်တရက် ကောင်းကင်ဓားဂိုဏ်း တပည့်အချို့ ကုန်းစောင်း တစ်ခုမှ ပြေးထွက်လာပြီး လမ်းပိတ်ဆို့လိုက်ကြ၏။
သို့သော် ဖုန်းပိုင်ချွမ်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် လက်သီးဆုပ်ကာ အရိုအသေ ပြုလိုက်ကြ၏။
“စီနီယာအစ်ကို...”
“ဒါ ဘာလုပ်တာလဲ...”
ဖုန်းပိုင်ချွမ်၏ မျက်နှာထားက အေးစက်နေလေသည်။
“မိတ်ဆွေတွေ တောင်ပေါ် တက်လာတာကို ကောင်းကောင်းမွန်မွန် မကြိုဆိုဘဲ ဘာလို့ ဒီလောက် ရိုင်းစိုင်းရတာလဲ...”
“စီနီယာအစ်ကို... တောင်ပေါ်မှာ ကျူးကျော်သူ တစ်ယောက် ရောက်နေပြီး စိန်ခေါ်တိုက်ခိုက်နေပါတယ်... ဆရာသခင်နဲ့ ဦးလေးတွေက ကျွန်တော်တို့ကို သတိထားဖို့နဲ့ စောင့်ကြည့်ဖို့ မှာထားလို့ပါ...”
ပြောရင်းဖြင့် သူက ဆုမိုကို သတိထားကြည့်လိုက်၏။ ဆုမိုနှင့် အဖွဲ့သားများကို ကျူးကျော်သူ၏ ကြံရာပါများဟု ထင်မှတ်မှားနေပုံ ရ၏။
ဖုန်းပိုင်ချွမ် အံ့အားသင့်သွားသည်။
“ကျူးကျော်သူ ရှိနေတယ် ဟုတ်လား... အခု ဘယ်ရောက်နေပြီလဲ...”
“ဝူဖုန်း ခန်းမဆောင် ဓားဝှက် ခန်းမဆောင် မှာပါ...”
ပြောပြီးသည်နှင့် ဖုန်းပိုင်ချွမ်က ဆုမိုဘက်သို့ လှည့်ကာ တောင်းပန်စကား ဆိုလိုက်၏။
“ခေါင်းဆောင်ဆု... ခင်ဗျားတို့ အေးအေးဆေးဆေး တက်လာခဲ့ကြပါ... ဂိုဏ်းထဲမှာ မမျှော်လင့်ထားတဲ့ ကိစ္စ ဖြစ်နေလို့ ကျွန်တော် အရင်သွားနှင့်ရပါတော့မယ်...”
သူ့နောက်မှ လူအချို့က ကျိဖေးယန်ကို ခေါ်ပြီး ဖုန်းပိုင်ချွမ်နောက်သို့ လိုက်ပါသွားကြ၏။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ဘာမှမပြောဘဲ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။
ကောင်းကင်ဓားဂိုဏ်းမှာ ပြဿနာ မတက်တာကသာ ထူးဆန်းနေသလို၊ တက်ပြီဆိုရင်လည်း တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်နေပါရောလား။
သူတို့နှစ်ဦးသည် ကောင်းကင်ဓားဂိုဏ်း တပည့်များကို နှုတ်ဆက်လိုက်ပြီး ချက်ချင်းပင် ကျော်ဖြတ်ကာ ကောင်းကင်ဓားဂိုဏ်းဆီသို့ ဆက်လက် ထွက်ခွာလာခဲ့ကြ၏။
လှေကားထစ်များကို တက်ပြီး ကောင်းကင်ဓားဂိုဏ်း၏ ဝင်ပေါက်ကြီးကို ဖြတ်ကျော်လိုက်သည်နှင့် တုန်းဟွမ်ဒေသ မြောက်ဘက်တွင် တည်ရှိသော ဤကြီးကျယ်ခမ်းနားသည့် ဂိုဏ်းကြီးအတွင်းသို့ ရောက်ရှိသွားတော့သည်။
မော့ကြည့်လိုက်ရာ ကျယ်ဝန်းသော သိုင်းလေ့ကျင့်ကွင်းကြီးကို မြင်လိုက်ရပြီး၊ ထိုကွင်းကြီး၏ ဟိုမှာဘက်တွင် ခမ်းနားထည်ဝါသော အဆောက်အအုံကြီး တစ်ခု ရှိနေလေသည်။
ချိတ်ဆွဲထားသော ဆိုင်းဘုတ်ပေါ်တွင် စာလုံးကြီးသုံးလုံး ရေးသားထားသည် - ဝူဖုန်း ခန်းမဆောင်...
ဝူဖုန်း ဓားဝှက် ခန်းမဆောင်ဟု အမည်ပေးထားသော်လည်း၊ အပေါ်ယံကြည့်လျှင် ထိုစာလုံး သုံးလုံးသည် ထက်မြက်မှု မရှိသယောင် ထင်ရ၏။ သို့သော် သေချာကြည့်လျှင် ထက်မြက်မှု မရှိခြင်း မဟုတ်ဘဲ၊ ထက်မြက်မှုများ အတွင်း၌ ကိန်းအောင်းနေပြီး အပြင်သို့ ထုတ်ဖော်မပြသထားခြင်းသာ ဖြစ်ကြောင်း တွေ့ရှိရပေမည်။
“စိတ်ဝင်စားစရာပဲ... ဝူဖုန်း ခန်းမဆောင် လို့ ခေါ်မယ့်အစား ဓားဝှက် ခန်းမဆောင် လို့ ခေါ်လိုက်ရင် ပိုမှန်လိမ့်မယ်...”
ဆုမိုက ချီးကျူးလိုက်မိသည်။ ဒီစာလုံးသုံးလုံးကို ကြည့်ရုံနှင့် ရေးသားသူ၏ သိုင်းပညာ အဆင့်အတန်း ဘယ်လောက်မြင့်မားသည် ၊ ဓားသိုင်းအရာမှာ ဘယ်လောက် နက်ရှိုင်းသည် ဆိုတာကို ခန့်မှန်း၍ ရနိုင်ပေ၏။
ရှေ့သို့ ဆက်ကြည့်လိုက်ရာ ခန်းမဆောင်အတွင်းတွင် လူအချို့ တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရ၏။
တစ်ယောက်မှာ သူတို့ထက် စောပြီး ရောက်သွားသော ဖုန်းပိုင်ချွမ် ဖြစ်၏။
သူနှင့် ရင်ဆိုင်တိုက်ခိုက်နေသူမှာ သန်မာထွားကျိုင်းသော လူတစ်ယောက် ဖြစ်လေသည်။
ထိုလူသည် ရုပ်ရည် သာမန်သာ ရှိပြီး ထူးခြားချက် မရှိသလို၊ အနည်းငယ် ရိုးအသည့် ပုံပင် ပေါက်နေသည်။
သို့သော် ရိုးအပုံ ပေါက်သော ထိုလူသည် သိုင်းကွက်များကို အသုံးပြုကာ လျင်မြန်ဖျတ်လတ်စွာ လှုပ်ရှားလိုက်သောအခါ သူ၏ ထက်မြက်မှုများ အားလုံး ပေါ်ထွက်လာတော့သည်။
ထို့အပြင် သူ၏ ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေပြီး အလွန်ပင် ရက်စက်ကြမ်းကြုတ်မည့်ပုံ ပေါ်နေလေသည်။
“ဒါ ကောင်းကင်ဓားဂိုဏ်းကို ကျူးကျော်လာတဲ့ လူလား...”
ဆုမိုက ထိုလူကို တစ်ချက်ကြည့်ပြီး မျက်ခုံးပင့်လိုက်၏။
“ဟုတ်တယ်... ဒီလူရဲ့ သိုင်းကွက်တွေက တော်တော် ထူးဆန်းတယ်... အနောက်တောင်ဘက် ဒေသက ပုံစံ မဟုတ်ဘူး...”
ယန်ရှောင်ယွင်က ခေါင်းညိတ်လိုက်၏။
“ရိုက်ချက်တိုင်း၊ သိုင်းကွက်တိုင်းက ရက်စက်ပြီး ကြမ်းတမ်းတယ်... လုံးဝကို မညှာမတာ တိုက်ခိုက်နေတာပဲ... ပြောရရင်... ကျက်သရေ တစ်စက်မှ မရှိဘူး...”
ထိုအခါ၊ ဆုမို၏ အကြည့်များက ဝေ့ဝဲသွားပြီးနောက် ရုတ်တရက် ရယ်မောလိုက်လေသည်။
“ဟိုဘက်ကို ကြည့်လိုက်...”
သူက ယန်ရှောင်ယွင်ကို လက်ညှိုးထိုးပြလိုက်၏။ ဝူဖုန်း ခန်းမဆောင်၏ ဘေးတစ်ဖက်တွင် အေးစက်သော မျက်နှာထားဖြင့် ကောင်းကင်ဓားဂိုဏ်း တပည့်အများစု ရပ်နေကြ၏။
ထိုအထဲတွင် ပို၍ အေးစက်သော ဂိုဏ်းအကြီးအကဲများလည်း ပါဝင်ကောင်း ပါဝင်နေနိုင်သည်။
ထိုလူအုပ်ထဲတွင် ထင်ရှားပေါ်လွင်နေသော လူနှစ်ယောက် ရှိနေသည်။
တစ်ယောက်မှာ နေရာတိုင်းတွင် လူဆိုးများကို မြင်နေရသကဲ့သို့ လူတိုင်းကို ရန်လိုစွာ ကြည့်နေသော ကျိဖေးယန် ဖြစ်၏။
နောက်တစ်ယောက်မှာမူ တိတ်ဆိတ်ငြိမ်သက်နေသော လျူမိုပင် ဖြစ်လေသည်။
အခန်း (၁၆၄) - စိန်ခေါ်ခြင်း
~လျူမိုအား ကြည့်ရသည်မှာ ဆိုးဆိုးရွားရွား ဆက်ဆံခံထားရပုံ မပေါ်ပေ။
သူသည် ထိုနေရာတွင် မတ်တတ်ရပ်လျက် ကွင်းအတွင်း တိုက်ပွဲကို အာရုံစိုက် ကြည့်ရှုနေလေသည်။
ကျောပေါ်တွင် ခရမ်းရောင် ရွှေရောင် တူကြီးနှစ်လက်ကို လွယ်ထားဆဲဖြစ်ပြီး လက်နက်ပင် အသိမ်းမခံရသေးပေ။
ဆုမိုသည် နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး ယန်ရှောင်ယွင်ကို တိုးတိုးလေး ပြောလိုက်၏။
“ဒီလူက ကောင်းကင်ဓားဂိုဏ်း ဖမ်းတာ ခံလိုက်ရတယ် ဆိုတာတောင် သိရဲ့လား မသိဘူး...”
“အေးလေ... တို့တွေမှာတော့ လမ်းငါးသွယ်ဆုံရပ် တစ်ခုလုံး ပြောင်းပြန်လှန်ပြီး ရှာနေလိုက်ရတာ... သူကတော့ ဒီမှာ ဇိမ်ကျနေတယ်...”
ယန်ရှောင်ယွင်ကလည်း ခေါင်းကို ခါယမ်းလိုက်လေသည်။
ခန်းမဆောင်အတွင်းရှိ လူအများစုသည် တိုက်ပွဲကို အာရုံစိုက်နေကြသည် ဖြစ်ရာ ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် အခွင့်ကောင်းယူပြီး ဝူဖုန်းခန်းမဆောင်၏ မြင့်မားသော တံခါးခုံကို ကျော်ဖြတ်ကာ လျူမိုအနီးသို့ တိုးကပ်သွားကြလေသည်။
လျူမိုသည် တိုက်ပွဲကို အသည်းအသန် ကြည့်ရှုနေစဉ် ဘေးတွင် လူနှစ်ယောက် ရောက်နေသည်ကို ရုတ်တရက် သတိထားမိသွားပြီး လှည့်ကြည့်လိုက်ရာ လန့်ဖျပ်သွားတော့၏။
“ခင်... ခင်ဗျားတို့...”
“ခေါင်းဆောင်လျူက တော်တော် စိတ်လက်ကြည်သာ ရှိနေပုံပဲ...”
ဆုမိုက မဲ့ပြုံး ပြုံးလိုက်လေသည်။
“ကျွန်တော့် ညီအစ်ကိုတွေက ခင်ဗျားများ… ခိုးထွက်ပြီး သွားသောက်နေသလားလို့ ထင်နေကြတာ... ကျွန်တော်တို့ကိုတောင် မခေါ်ဘူးဆိုပြီး စိတ်ကောက်နေကြတယ်... ဒါပေမယ့် ခင်ဗျားက ဒီလောက်တောင် အဆင့်အတန်းမြင့်ပြီး ကောင်းကင်ဓားဂိုဏ်းအထိ လာပြီး ပွဲကြည့်နေတယ်လို့တော့ ထင်မထားဘူးဗျာ...”
“ခေါင်းဆောင်ဆု...”
လျူမို၏ မျက်နှာတွင် အားနာသည့် အရိပ်အယောင်များ ပေါ်လာလေသည်။
“တကယ် တောင်းပန်ပါတယ်ဗျာ... ဒီကိစ္စပြီးရင် ကျုပ် သေချာ ရှင်းပြပါ့မယ်...”
“အင်း...”
ဆုမိုက အခုအချိန်သည် စကားစစ်ထိုးရမည့် အချိန်မဟုတ်မှန်း သိသဖြင့် ခေါင်းညိတ်လိုက်ပြီး ကွင်းအတွင်းသို့ လှမ်းကြည့်ကာ မေးလိုက်၏။
“ဘာတွေ ဖြစ်နေကြတာလဲ...”
“ဒါက...”
လျူမိုက လေသံကို နှိမ့်၍ ပြောလိုက်သည်။
“ဒီလူက ဖူဟန်ယွမ် လို့ ခေါ်တယ်... အလွန်အေးစက်တဲ့ မြောက်ဘက်ဒေသက လာတာ... မြောက်ဘက်မှာ သူ့ကို ယှဉ်နိုင်တဲ့သူ မရှိတော့လို့ တုန်းဟွမ်ဒေသကို ဆင်းလာပြီး ထိပ်တန်းသိုင်းသမားတွေကို လိုက်စိန်ခေါ်နေတာတဲ့... ပထမဆုံး လာတဲ့နေရာက ကောင်းကင်ဓားဂိုဏ်း ဖြစ်နေတာ...”
“မြောက်ဘက်ဒေသ...”
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ နှစ်ဦးစလုံး စိတ်လှုပ်ရှားသွားကြ၏။ ပေချွမ်ဒေသကို ပြေးမြင်မိလိုက်၏။
သို့သော် မြောက်ဘက်ဒေသ နှင့် ပေချွမ် သည် မတူညီပေ။
ပေချွမ်သည် ကမ္ဘာကြီး၏ မြောက်ဘက်ပိုင်း ဒေသကြီးတစ်ခု ဖြစ်ပြီး တုန်းဟွမ်၊ နန်ဟိုင်၊ ရှီးကျိုး တို့နှင့် အဆင့်အတန်း တူညီသည်။
ဤမြောက်ဘက်ဒေသ ဆိုသည်မှာ တုန်းဟွမ်ဒေသကြီး၏ မြောက်ဘက်အစွန်ဆုံး အပိုင်းကို ဆိုလိုခြင်း ဖြစ်၏။
မိုင်တစ်သောင်း ရေခဲပြင်ကြီးနှင့် ထိစပ်နေသဖြင့် အအေးဒဏ် လွန်ကဲလှသည်။
မြောက်ဘက်ဒေသသားများသည် ကြမ်းတမ်းသော ရာသီဥတုကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရသူများ ဖြစ်သဖြင့် စိတ်ဓာတ် ရဲရင့်ကြ၏။ သို့သော် တိုက်ခိုက်ပြီ ဆိုသည်နှင့် အလွန် ရက်စက်ကြမ်းကြုတ်တတ်ကြ၏။
ဖူဟန်ယွမ်၏ တိုက်ခိုက်ပုံတွင် ယဉ်ကျေးမှု မရှိသည်မှာ အဆန်းမဟုတ်ပေ။
သူတို့က ယဉ်ကျေးမှု မရှိခြင်း မဟုတ်ဘဲ၊ ထိုယဉ်ကျေးမှုများကို ဂရုစိုက်နေရန် အခြေအနေ မပေးခြင်းသာ ဖြစ်ပေသည်။
“ဟုတ်တယ်...”
လျူမိုက ဆက်ပြောသည်။
“ဖူဟန်ယွမ်ရဲ့ စိန်ခေါ်မှုက ကောင်းကင်ဓားဂိုဏ်း တစ်ခုလုံးကို တုန်လှုပ်သွားစေတယ်... ခေါင်းဆောင် နန်ကုန်းယွီ အပါအဝင် ထိပ်တန်း အကြီးအကဲတွေ အကုန်မစုံပေမယ့် ၈၀ ရာခိုင်နှုန်းလောက် ရောက်နေကြပြီ... ဆွေးနွေးလို့ မပြီးခင်မှာပဲ ထိပ်တန်းတပည့် ဖုန်းပိုင်ချွမ် ပြန်ရောက်လာပြီး စကားအများကြီး မပြောဘဲ ချက်ချင်း ဝင်တိုက်တော့တာပဲ...”
ဆုမို ခေါင်းညိတ်လိုက်ပြီးမှ ခေါင်းခါလိုက်ပြန်သည်။
“ဖုန်းပိုင်ချွမ် ခံရတော့မယ်...”
ဖုန်းပိုင်ချွမ်၏ သိုင်းပညာသည် ကောင်းမွန်သော်လည်း မြောက်ဘက်ဒေသမှ လာသော ဖူဟန်ယွမ်သည် သာမန်ပုဂ္ဂိုလ် မဟုတ်ပေ။
သူ၏ အစပိုင်း တိုက်ကွက်များသည် စမ်းသပ်မှု သက်သက်သာ ဖြစ်ပြီး ကောင်းကင်ဓားဂိုဏ်း၏ သိုင်းပညာကို အသေအချာ လေ့လာနေပုံ ရ၏။
ထို့ကြောင့် သူသည် တိုက်ခိုက်နေရင်း 'ဆွဲ' ထားပြီး တိုက်ပွဲအရှိန်အဟုန်ကို ထိန်းချုပ်ထားလေသည်။
သူ လိုချင်သလောက် မြင်ရပြီဟု ဆုံးဖြတ်လိုက်သည်နှင့် ဖုန်းပိုင်ချွမ်သည် ချက်ချင်း ရှုံးနိမ့်သွားလိမ့်မည်။
ထင်သည့်အတိုင်းပင် ဆုမို၏ စကားဆုံးသည်နှင့် ဖုန်းပိုင်ချွမ်၏ ညည်းညူသံ ထွက်ပေါ်လာလေသည်။ ဖူဟန်ယွမ်သည် ဖုန်းပိုင်ချွမ်၏ ဓားကွက်ကို ဖောက်ထွက်ပြီး ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ထည့်လိုက်ခြင်း ဖြစ်၏။
ဖုန်းပိုင်ချွမ်သည် နောက်သို့ ခြေလှမ်း နှစ်လှမ်းခန့် ယိုင်နဲ့သွားပြီး မျက်နှာ အရောင်အဆင်း ဖြူဖျော့သွားလေသည်။ ပါးစပ်မှ မှုတ်ထုတ်လိုက်သော လေငွေ့များတွင် အေးစက်သော အငွေ့အသက်များ ပါဝင်နေသည်။
“ရိုင်းပျမိပြီ...”
ဖူဟန်ယွမ်က ပြုံးပြီး လက်သီးဆုပ်ကာ အရိုအသေ ပြုလိုက်၏။
“ကောင်းကင်ဓားဂိုဏ်းရဲ့ ထိပ်တန်းတပည့်က တကယ်ပဲ ချီးကျူးစရာ ကောင်းပါတယ်...”
ဖုန်းပိုင်ချွမ်၏ မျက်နှာထားသည် ရေခဲတုံးပမာ အေးစက်နေဆဲပင်။ ဓားသွားလို ထက်မြက်သော မျက်ခုံးများမှာ လှုပ်ရှားခြင်း အလျဉ်းမရှိ။ သူသည် ခေါင်းငဲ့ပြီး ထိုင်နေကြသော ဂိုဏ်းအကြီးအကဲများဘက်သို့ လှမ်းကြည့်လိုက်၏။
ထိုစဉ် လူတစ်ယောက် ရုတ်တရက် မတ်တတ်ရပ်လိုက်သည်ကို တွေ့လိုက်ရ၏။ ထိုလူ၏ မျက်နှာသည်လည်း ရေခဲတုံးပမာ အေးစက်နေပြီး ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ဖုန်းပိုင်ချွမ်၏ ဘေးသို့ ရောက်ရှိသွားလေသည်။
ယန်ရှောင်ယွင် လန့်သွားပြီး တိုးတိုးလေး မေးလိုက်၏။
“ကောင်းကင်ဓားဂိုဏ်းမှာ ရှုံးနိမ့်တဲ့ တပည့်ကို နေရာတင် အပြစ်ပေးတဲ့ စည်းကမ်း ရှိလို့လား...”
ဆုမို နှုတ်ခမ်း တွန့်သွားသည်။ ထိုသို့ မဟုတ်လောက်ဘူးဟု ထင်သော်လည်း သေချာတော့ မပြောရဲပေ။ အဓိကမှာ ကောင်းကင်ဓားဂိုဏ်းမှ လူများ၏ မျက်နှာထားများသည် အချိန်မရွေး လူသတ်တော့မည့် ပုံစံများ ဖြစ်နေသောကြောင့် သူတို့ ဘာလုပ်မည်ကို မည်သူက ခန့်မှန်းနိုင်ပါမည်နည်း။
ထင်သည့်အတိုင်းပင် ထိုလူသည် ဖုန်းပိုင်ချွမ်၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပြီး ကိုယ်ကို လှည့်စေကာ ကျောပြင်ပေါ်သို့ လက်ဝါးဖြင့် ရိုက်တင်လိုက်လေသည်။
အတွင်းအား လည်ပတ်လိုက်သည်နှင့် ဖုန်းပိုင်ချွမ်၏ ပါးစပ်မှ အဖြူရောင် အငွေ့တန်းများ မှုတ်ထုတ်လိုက်ပြီး သူ့ပတ်ဝန်းကျင်ရှိ မြေပြင်ပေါ်တွင် နှင်းရည်များ ဖုံးလွှမ်းသွားတော့သည်။
အသက်ရှူထုတ်ပြီးနောက် ဖုန်းပိုင်ချွမ်သည် လေပူတစ်ချက်ကို ရှူသွင်းလိုက်မှ မျက်နှာ အရောင်အဆင်း ပုံမှန် ပြန်ဖြစ်သွားလေသည်။
ဖူဟန်ယွမ်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။
“ကောင်းတယ်... ကောင်းကင်ဓားဂိုဏ်းရဲ့ ထိပ်တန်းဆရာသခင် တစ်ယောက် ဖြစ်ရတာ တန်ပါပေတယ်... ကျုပ်ရဲ့ ကောင်းကင်နှင်းရည် သိုင်း အဆိပ်ကိုတောင် ထုတ်ပစ်နိုင်တယ်...”
“ကောင်းကင်နှင်းရည် သိုင်း...”
ဖုန်းပိုင်ချွမ်၏ ကိုယ်ထဲမှ အအေးဓာတ်ကို ထုတ်ပေးလိုက်သူသည် အေးစက်စွာ ပြောလိုက်ပြီး ဖုန်းပိုင်ချွမ်ကို သူ့နောက်သို့ ပို့လိုက်လေသည်။
“တကယ်ပဲ အထင်ကြီးစရာပါ... ဖုန်းဇီဟန်... သင်ခန်းစာ ယူလိုက်ရပါပြီ...”
“ဦးလေး...”
ဖုန်းပိုင်ချွမ်က တိုးတိုးလေး ခေါ်လိုက်၏။
ဖုန်းဇီဟန်က လက်ကာပြပြီး ဆက်မပြောရန် တားဆီးလိုက်၏။
“ဪ... မိုဝမ်ဓား ဖုန်းဇီဟန် ပါလား...”
ဖူဟန်ယွမ်၏ မျက်လုံးများ လှုပ်ရှားသွားပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
“ကျုပ်ရဲ့ ကောင်းကင်နှင်းရည် သိုင်း လောက်က ဘာမှ မဟုတ်ပါဘူးဗျာ... မဟုတ်ရင် ကျုပ် ဘာလို့များ နေရာအနှံ့ လျှောက်သွားပြီး စိန်ခေါ်နေပါ့မလဲ... ကောင်းကင်ဓားဂိုဏ်းက အနောက်တောင်ဘက် ဒေသရဲ့ ထိပ်သီးဂိုဏ်းကြီးပါ... သိုင်းလောကမှာ ဂိုဏ်းပေါင်းစုံကြားကနေ ထူးချွန်ပြောင်မြောက်နေတဲ့ နေရာလေ... ဂိုဏ်းထဲမှာ အံ့မခန်း သိုင်းပညာတွေ အများကြီး ရှိတယ်ဆိုတာ ကြားဖူးပါတယ်... အရည်အချင်း မရှိတဲ့ ဖူဟန်ယွမ် က ဒီနေ့ ဒီနေရာကို ရောက်လာတာ တခြားကြောင့် မဟုတ်ပါဘူး... ကောင်းကင်ဓားဂိုဏ်းရဲ့ နတ်ဘုရားသိုင်းတွေနဲ့ အထွတ်အထိပ် ပညာတွေကို မျက်ဝါးထင်ထင် မြင်တွေ့ချင်လို့ပါ...”
“ဖူဟန်ယွမ်...”
ဖုန်းဇီဟန်က ထိုနာမည်သုံးလုံးကို တီးတိုး ရေရွတ်လိုက်ပြီးနောက် ခေါင်းလှည့်ကာ အခြားသော ဂိုဏ်းသားများနှင့် အကြည့်ချင်း ဖလှယ်လိုက်လေသည်။
အခန်း (၁၆၅) - စိန်ခေါ်ခြင်း (၂)
~သူက တိုးတိုးလေး ပြောလိုက်၏။
"ကြားတောင် မကြားဖူးပါဘူး..."
"ဟားဟား... ကောင်းကင်ဓားဂိုဏ်းက တကယ် မောက်မာတာပဲ... ဒီနေ့တော့ ခင်ဗျား ကောင်းကောင်း ကြားဖူးသွားစေရမယ်..."
ဖူဟန်ယွမ်သည် ဒေါသအလွန်ထွက်သွားပြီး ရယ်မောလိုက်လေသည်။ ပြောချင်သော စကားများကို မျိုချလိုက်ပြီး ခြေတစ်လှမ်းလှမ်းကာ ဖုန်းဇီဟန်၏ အရှေ့သို့ ရောက်ရှိသွားတော့၏။ တုံ့ဆိုင်းခြင်းမရှိဘဲ လက်သီးတစ်လုံးကို အားကုန်လွှဲ၍ ထိုးသွင်းလိုက်လေသည်။
ဖုန်းဇီဟန်သည်လည်း စကားပြန်မပြောတော့ပေ။ ဓားအိမ်မှ ဓားကို ဆွဲထုတ်လိုက်သံ ‘ချွင်’ ခနဲ ကြားလိုက်ရပြီး တည့်တည့်မတ်မတ် ခုတ်ပိုင်းချလိုက်တော့သည်။
တစ်ခဏအတွင်း ဓားရောင်များ ဖြာကျလာလေ၏။
ဖူဟန်ယွမ်သည် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲလျက် ရုတ်တရက် ခန္ဓာကိုယ်ကို ထူးဆန်းစွာ လှည့်ပတ်လိုက်ပြီး ဓားရောင်အောက်မှနေ၍ အတင်းတိုးဝင်သွားလေသည်။
လက်နှစ်ဖက်ဖြင့် ဖုန်းဇီဟန်၏ ခါးပိုင်းကို လှမ်းဖမ်းလိုက်၏။
သို့သော် မိုဝမ်ဓား ဖုန်းဇီဟန် ဆိုသည်မှာ သာမန်ပုဂ္ဂိုလ် မဟုတ်ပေ။ သူ၏ လှုပ်ရှားမှုတိုင်းသည် သေသပ်လှပလွန်းလှသည်။
ကာကွယ်ရန် အချိန်မမီတော့သည်ကို မြင်သောအခါ ဓားလက်ကိုင်ရိုးဖြင့် ရှေ့သို့ ထိုးဆောင့်လိုက်လေသည်။ ‘ဘုန်း’ ခနဲ အသံနှင့်အတူ နှစ်ဦးသား ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားကြတော့သည်။
ဒါက အစပျိုးရုံသာ ရှိသေးသည်။
ဖူဟန်ယွမ်၏ အနီးကပ်တိုက်ခိုက်မှု စွမ်းရည်သည် မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေပြီး သူ၏ အတွင်းအားမှာလည်း ထူးကဲလှပေသည်။
ကနဦး တိုက်ခိုက်မှုတွင် လက်ချည်းသက်သက် ပြန်လာခဲ့ရသော်လည်း ချက်ချင်းပင် တံတောင်ဖြင့် လှည့်ပတ်တိုက်ခိုက်လိုက်ပြီး ဖမ်းဆုပ်ခြင်း၊ ရိုက်နှက်ခြင်းများကို တရစပ် ပြုလုပ်လေရာ ဖုန်းဇီဟန်အား ဓားသိုင်းကွက် ထုတ်သုံးခွင့် မပေးတော့ပေ။
သို့သော် မိုဝမ်ဓား ဖုန်းဇီဟန်သည် ကျဉ်းမြောင်းသော နေရာတွင် ဓားသိုင်းကွက်များကို အပြည့်အဝ အသုံးမချနိုင်သော်လည်း တစ်လက်မမျှ အလျှော့မပေးခဲ့ချေ။
တစ်ခဏအတွင်း နှစ်ဦးသား ရပ်တန့်ခြင်းမရှိဘဲ လက်များ အထက်အောက် လှုပ်ရှားလျက် အပြန်အလှန် တိုက်စစ်ဆင်နေကြလေသည်။
အတွင်းအား လှိုင်းများနှင့် အေးစက်သော ချီစွမ်းအင်များသည် အလွှာလိုက် ထွက်ပေါ်လာပြီး အရပ်လေးမျက်နှာသို့ ပြန့်ကျဲသွားတော့သည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည်လည်း စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။ ဖုန်းဇီဟန်၏ ဓားသိုင်းနှင့် ဖူဟန်ယွမ်၏ လက်သိုင်းများကို အကဲခတ်နေကြခြင်း ဖြစ်၏။
သို့သော် ကြည့်နေရင်းနှင့် ဆုမို၏ မျက်နှာထားသည် ထူးဆန်းလာလေသည်။
ယန်ရှောင်ယွင်က မနေနိုင်တော့ဘဲ မေးလိုက်၏။
"ဖူဟန်ယွမ်က တကယ်ပဲ လွတ်လွတ်လပ်လပ် တိုက်ခိုက်နေတာလား..."
လွတ်လွတ်လပ်လပ် တိုက်ခိုက်သည် ဆိုရာတွင် သူ၏ လှုပ်ရှားမှုတိုင်းက အထွတ်အထိပ် သိုင်းကွက်များ ဖြစ်နေသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
သူ၏ စိတ်ကူးပေါက်ရာ လှုပ်ရှားမှုများသည် တစ်ခါတစ်ရံ အံ့သြစရာ ကောင်းပြီး ရင်တုန်စရာ ဖြစ်စေသော်လည်း ရယ်စရာကောင်းသော အလွဲအချော်များလည်း ပါဝင်နေတတ်သည်။
ဥပမာအားဖြင့် တန်ပြန်တိုက်စစ်ဆင်ရန် ခက်ခဲသော လက်ဝါးရိုက်ချက်တစ်ခုသည် ကောင်းကင်ဓားဂိုဏ်း ဆရာသခင်၏ ဓားသွားနှင့် တည့်တည့်တိုးသွားတတ်သည်။ အကယ်၍သာ ထိမိပါက လက်ဖဝါးတစ်ဝက် ပြတ်သွားမည်မှာ သေချာသလောက်ပင်။
ထိုကဲ့သို့သော အမှားများ မကြာခဏ တွေ့ရသော်လည်း သူ၏ တုံ့ပြန်မှုမှာ အလွန် လျင်မြန်လွန်းလှသဖြင့် မျှော်လင့်ထားသည်ထက် ပိုမို ကောင်းမွန်နေလေသည်။
ထိုအမှားများသည် အစစ်လား၊ အတုလား ဟူ၍ပင် သံသယဖြစ်ဖွယ်ရာ ကောင်းလှသည်။
သူ့တွင် အင်အားပိုနေ၍ ပြိုင်ဘက်ကို တမင်တကာ ရှုပ်ထွေးအောင် လုပ်နေခြင်းများလား။
မည်သို့ပင်ဆိုစေကာမူ မိုဝမ်ဓား ဖုန်းဇီဟန်သည် ကျောက်ဆောင်ပမာ တည်ငြိမ်နေဆဲပင်။ မုန်တိုင်း မည်မျှပင် ထန်ပါစေ၊ သူ၏ ဓားတစ်လက်ဖြင့် ယုံကြည်မှုရှိရှိ ရင်ဆိုင်နေလေသည်။
"သူ ဖုန်းဇီဟန်ကို ယှဉ်နိုင်မှာ မဟုတ်ဘူး..."
ဆုမိုသည် တိုက်ပွဲကို အကဲခတ်ပြီးနောက် ကောက်ချက်ချလိုက်ပြီး ခေါင်းခါလိုက်၏။
"သူ့သိုင်းကွက်တွေက ကြမ်းတမ်းတယ်... အတွင်းအားလည်း ကောင်းတယ်... ကောင်းကင်နှင်းရည် သိုင်း ကလည်း ထင်ထားတာထက် ပိုထိရောက်တယ်... ဒါပေမယ့်... သူ့ရဲ့ အခြေခံက မခိုင်ဘူး... တိုက်ပွဲအတွေ့အကြုံလည်း နည်းပုံရတယ်... ဒီလူက တကယ်ပဲ မြောက်ဘက်ဒေသက သိုင်းသမားတွေကို စိန်ခေါ်ခဲ့တာ ဟုတ်ရဲ့လား..."
သူ့မေးခွန်းသည် အဖြေမရှိဘဲ လေထဲတွင် ပျောက်ကွယ်သွားလေသည်။
ဆုမို၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် အစပိုင်းတွင် အနည်းငယ် ယိုင်နဲ့နေသော ဖုန်းဇီဟန်သည် တဖြည်းဖြည်း တည်ငြိမ်လာတော့သည်။
ရုတ်တရက် ဓားကို မြှောက်လိုက်ရာ ဓားရောင်တစ်ချက် စူးရှစွာ လက်သွားလေသည်။
ဖုန်းဇီဟန်၏ မျက်ဝန်းများတွင်မူ ထိုအခိုက်အတန့်၌ ကျောက်စိမ်းတုံးပမာ ကြည်လင်တောက်ပနေပြီး လောကီအရာအားလုံးကို ထင်ဟပ်နေသော်လည်း မည်သည့်အရာကမျှ သူ့စိတ်ကို မလွှမ်းမိုးနိုင်ချေ။
ဝမ်းမြောက်ခြင်း မရှိ၊ ဒေါသ မရှိ၊ ပူဆွေးခြင်း မရှိ၊ အတွေး မရှိ...
အတွေးမရှိလျှင် ဝမ်းနည်းခြင်း မရှိ... ကြောက်ရွံ့ခြင်း မရှိလျှင် တုန်လှုပ်ခြင်း မရှိ...
ခံစားချက်ခုနစ်ပါး သေဆုံးခြင်းမဲ့ဓား...
ရုတ်တရက် ခုတ်ပိုင်းလိုက်သော ဓားချက်သည် လူကို ခုတ်ပိုင်းခြင်း မဟုတ်ဘဲ လောကီအာရုံ ခံစားချက်များနှင့် တပ်မက်မှုများကို ခုတ်ပိုင်းလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
တစ်ခဏအတွင်း ဖူဟန်ယွမ်သည် မျက်စိရှေ့ရှိ အရာအားလုံး ပျောက်ကွယ်သွားပြီး ထိုဓားချက်တစ်ခုတည်းကိုသာ မြင်တွေ့နေရတော့သည်။ သူ၏ အတွေးများ ဗလာဖြစ်သွားပြီး လှုပ်ရှားမှုများ နှေးကွေးသွားကာ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ပူပန်ခြင်းတို့ ကင်းစင်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ ဘယ်ရောက်နေသလဲ၊ ဘာလုပ်နေသလဲ၊ ဘာကြောင့် ဒီရောက်နေသလဲ ဆိုသည်ကိုပင် မေ့လျော့လုနီးပါး ဖြစ်သွားရလေသည်။
'ငါ ဘာလို့ ဒီရောက်နေတာလဲ...'
ထိုအတွေးဝင်လာသည်နှင့် ဖူဟန်ယွမ်၏ မျက်လုံးများတွင် အရောင်တစ်ချက် လက်သွားလေသည်။
သူသည် ရုတ်တရက် လက်ညှိုးတစ်ချောင်း ထိုးထုတ်လိုက်တော့၏။
"ဟင်..."
ထိုအဖြစ်အပျက်ကို မြင်လိုက်ရသောအခါ ဆုမို၏ မျက်လုံးများတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ခံစားချက်ခုနစ်ပါး သေဆုံးခြင်းမဲ့ဓား သည် ကောင်းကင်ဓားဂိုဏ်း၏ လျှို့ဝှက်သိုင်းပညာ ဖြစ်ပြီး လောကတွင် ရှားပါးသော ဓားသိုင်း တစ်ခု ဖြစ်၏။
ယခုအချိန်တွင် ဖုန်းဇီဟန် အသုံးပြုလိုက်သော ဓားသိုင်းသည် ကောင်းကင်ဓားဂိုဏ်း၏ အထွတ်အထိပ်သို့ မရောက်သေးသော်လည်း သာမန်အဆင့်တော့ မဟုတ်ချေ။
ဤသိုင်းကွက်၏ ဟာကွက်သည် တစ်ကွက်တည်းသာ ရှိပြီး ဓားရောင်များအောက်တွင် ဖုံးကွယ်ထားလေသည်။
သို့သော် ဖူဟန်ယွမ်၏ လက်ညှိုးသည် ဓားရောင်များကို ရဲရဲဝံ့ဝံ့ ဖြတ်ကျော်ပြီး မဖြစ်နိုင်သော ဟာကွက်ကို ရှာဖွေကာ အရေးကြီးဆုံး အချိန်တွင် တိကျစွာ ထိုးနှက်လိုက်ခြင်း ဖြစ်၏။
သူပြသလိုက်သော စွမ်းရည်သည် ဆုမိုကိုသာမက ဖုန်းဇီဟန်ကိုပါ အံ့အားသင့်သွားစေခဲ့သည်။
‘ဝီ’
ဓားရောင်နှင့် လက်ညှိုးထိပ်မှ လေတိုးသံတို့ ရောထွေးသွားပြီး တုန်ခါသံနှင့်အတူ သတ္တုချင်း ရိုက်ခတ်သံ ထွက်ပေါ်လာလေသည်။ မိုဝမ်ဓား ဖုန်းဇီဟန်၏ ဓားသည် လေထဲသို့ လွင့်စင်သွားတော့၏။
ထိုအခိုက်အတန့်တွင် ခံစားချက်ကင်းမဲ့သော ကောင်းကင်ဓားဂိုဏ်း၏ အတွင်းအားကျင့်စဉ်ကို လေ့ကျင့်ထားသူ ဖုန်းဇီဟန်၏ မျက်နှာပေါ်တွင်ပင် ကြောင်အမ်းအမ်း ဖြစ်သွားသော အမူအရာ ပေါ်လာရလေသည်။
'သူက ဒီဟာကွက်ကို ဘယ်လိုလုပ် သိနေရတာလဲ...'
လူတစ်ယောက်၏ သိုင်းပညာသည် ပါရမီနှင့် နားလည်နိုင်စွမ်းအပေါ် မူတည်ပြီး ကွဲပြားခြားနားကြစမြဲ ဖြစ်၏။
သူလေ့ကျင့်ထားသော ခံစားချက်ခုနစ်ပါး သေဆုံးခြင်းမဲ့ဓား တွင် အားနည်းချက် အလွန်နည်းပါးပြီး ဤတစ်ခုတည်းသော ဟာကွက်ကိုလည်း လျှို့ဝှက်ထားသဖြင့် မည်သူမျှ မသိရှိနိုင်ပေ။
ဤဟာကွက်ကို သိရှိသူမှာ တစ်ဦးတည်းသာ ရှိလေသည်...။
ထိုအတွေး ဝင်လာစဉ်မှာပင် ကောင်းကင်နှင်းရည် သိုင်း အစွမ်းပါဝင်သော လက်ညှိုးသည် အနီးသို့ ရောက်ရှိလာတော့၏။
ဝူဖုန်း ခန်းမဆောင်အတွင်းရှိ ဤမြင်ကွင်းကို ကြည့်နေကြသော ကောင်းကင်ဓားဂိုဏ်းသား အားလုံး မျက်မှောင်ကြုတ်လိုက်ကြပြီး အချို့မှာ ဓားကိုပင် လှမ်းကိုင်လိုက်ကြ၏။
သို့သော် ဝင်ရောက်ကူညီရန် အချိန်နှောင်းသွားချေပြီ။
အားလုံး၏ စိတ်ထဲတွင် စိုးရိမ်မှုများ မြင့်တက်နေချိန်၊ လက်ညှိုးကျရောက်တော့မည့် ဆဲဆဲတွင် အေးစက်သော ဓားရောင်တစ်ချက် လေကိုခွင်း၍ ရောက်ရှိလာလေတော့သည်။