← Chapters

အခန်း (၂၂၉-၂၃၁)

Vol. 16 Ch. 229-231

အခန်း (၂၂၉-၂၃၁)

Vol. 16 Ch. 229-231

အခန်း (၂၂၉) - (၅) ပွဲဆက် အနိုင်ရခြင်းနှင့် ချင်းယွင်ကျန်းရန်၏ ဒေါသ

~ချင်းယွင်ဂိုဏ်းမှ အကြီးအကဲ ခြောက် သည် အံကို တင်းတင်းကြိတ်လိုက်ပြီး လူငယ်တပည့်တစ်ဦးကို ပြောလိုက်၏။

“နောက်တစ်ပွဲ... ပိုင်မင်လု... မင်းတက်တော့”

“ဟုတ်ကဲ့ပါ”

ပိုင်မင်လု ခေါင်းညိတ်လိုက်၏။

သူသည် မြူခိုးဂိုဏ်း တပည့်များကို လှည့်ကြည့်လိုက်ပြီး၊ သူ့အကြည့်က ဟိုယွင်ကျဲ ဆီသို့ ရောက်သွားသည်။ ဒီလူက သူ့ပြိုင်ဘက် ဖြစ်လာနိုင်လောက်တယ်ဟု ခန့်မှန်းလိုက်၏။

'ဂိုဏ်းချုပ်ကလည်း အားလွန်းနေတယ်... ဒီလို ပြိုင်ပွဲမျိုးမှာ ငါ့ကို လာပြိုင်ခိုင်းရတယ်လို့... ဒါပေမဲ့ မြူခိုးဂိုဏ်း တပည့်တွေနဲ့ တိုက်ရမယ် ဆိုတော့ စိတ်လှုပ်ရှားစရာတော့ ကောင်းသား'

ဒီလို တွေးရင်း ပိုင်မင်လု စင်မြင့်ပေါ်သို့ ခုန်တက်လိုက်၏။

ချီစုစည်းခြင်း နဝမအဆင့် အထွတ်အထိပ် အရှိန်အဝါများသည် မုန်တိုင်း တစ်ခုသဖွယ် ပေါက်ကွဲထွက်လာပြီး၊ ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်များကိုပင် ယိမ်းထိုးသွားစေသည်။

သို့သော် ရုတ်တရက် တောက်ပသော ဓားအလင်းတန်း တစ်ခု ဝင်းလက်သွားသည်။

ပိုင်မင်လု ဓားတောင် မဆွဲထုတ်လိုက်ရသေးခင်မှာပင် လွင့်စင်သွားပြီး၊ သစ်ပင်တစ်ပင်ပေါ်တွင် ချိတ်ကာ တကိုယ်လုံး နာကျင်ကိုက်ခဲနေပြီး ပါးစပ်မှ အမြှုပ်များ ထွက်ကာ သတိလစ်သွားလေသည်။

စင်မြင့်ပေါ်တွင်...၊

မိုယင်သည် ဓားကို ပြန်သိမ်းလိုက်ပြီး တည်ငြိမ်စွာ ဆင်းသက်လာသည်။

“ဒါက...”

ပရိသတ်အားလုံး တုန်လှုပ်သွားကြသည်။

ချီစုစည်းခြင်း နဝမအဆင့် အထွတ်အထိပ်ကို ဓားတစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တာလား။

ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်လား။

လူအုပ်ကြီးသည် မိုယင်ကို မျက်လုံးပြုးပြီး ကြည့်နေမိကြသည်။ လည်ချောင်းထဲတွင် ခြောက်ကပ်လာသကဲ့သို့ ခံစားလိုက်ရ၏။

“ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို ထုတ်သုံးတယ် ဟုတ်လား... ဒါ ဗြောင်ကျကျ လိမ်တာပဲ... ငါ နန်ဝူ မြို့စားမင်း လက်မခံနိုင်ဘူး”

နန်ဝူ မြို့စားမင်း ဒေါသတကြီး အော်ဟစ်လိုက်၏။

သို့သော် နောက်တစ်ခဏတွင် သူနှင့် ချင်းယွင်ဂိုဏ်း အကြီးအကဲ ခြောက် အပါအဝင် လူတိုင်း၏ ဦးရေပြားများ ကျဉ်ခနဲ ဖြစ်သွားကြသည်။

အေးစက်သော ဓားရှည်တစ်လက် နန်ဝူ မြို့စားမင်း၏ လည်ပင်းကို လာရောက် ထောက်ထားသည်ကို သတိထားမိလိုက်ကြသည်။

“သေချင်လား... ပြိုင်ပွဲ ဆက်လုပ်မလား”

မိုယင်သည် လေညှင်းစီးဓားပျံကို ကိုင်ဆောင်လျက် အေးစက်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ နန်ဝူမြို့တော် ဘက်မှ လူများသည် သေမင်းက သူတို့ခေါင်းပေါ် ရောက်နေသကဲ့သို့ ခံစားလိုက်ရပြီး၊ ပြန်လည် ခုခံရန် စိတ်ကူးပင် မယဉ်ရဲကြတော့ပေ။

“ဆက်... ဆက်လုပ်မယ်”

နန်ဝူ မြို့စားမင်း၏ အသက်ရှင်လိုစိတ် အမြင့်ဆုံးသို့ ရောက်ရှိသွားသည်။

မိုယင် သူ့အနောက်ကို ဘယ်အချိန်က ရောက်လာမှန်းတောင် သူ မမြင်လိုက်ရဘူး။ တကယ်လို့ သူမ သတ်ချင်ရင် သူ အခုလောက်ဆို ခေါင်းပြတ်နေလောက်ပြီ။ သူ အလွန် သတိထားနေမိသည်။

မကြာမီ စတုတ္ထပွဲစဉ် စတင်လေသည်။

ချင်းယွင်ဂိုဏ်းမှ တပည့်သည်လည်း ချီစုစည်းခြင်း နဝမအဆင့် ရှိပြီး အလွန် သန်မာသည်။

သို့သော် သူ့ပြိုင်ဘက်က ဟိုယွင်ကျဲ ဖြစ်နေသည်။

“လေဝိညာဉ်ခြေလှမ်း”

တိုက်ပွဲ စသည်နှင့် ဟိုယွင်ကျဲသည် ကိုယ်ဖော့ပညာကို ထုတ်ဖော်ပြီး ပြိုင်ဘက်အနားသို့ ကပ်သွားသည်။ နှစ်ဖက်စလုံး ဓားများကို ဝှေ့ယမ်းကာ တိုက်ခိုက်ကြပြီး၊ ဓားချီများ ပျံ့လွင့်ကာ စင်မြင့်ပေါ်တွင် အရာများ ထင်ကျန်ရစ်စေသည်။

“ပန်းပွင့်ကြွေ မိုးစက်များ”

ဟိုယွင်ကျဲ လက်သင်္ကေတ ဖော်ထုတ်လိုက်ရာ ပန်းရောင် ပန်းပွင့်များ ရာချီ ထွက်ပေါ်လာပြီး ပြိုင်ဘက်၏ အမြင်အာရုံကို နှောင့်ယှက်လိုက်၏။ ထို့နောက် ဓားဆွဲထုတ်ခြင်း သိုင်းကွက်၏ သုံးပုံတစ်ပုံ စွမ်းအားကို ဖော်ဆောင်၍ ဘေးတိုက် ခုတ်ပိုင်းလိုက်လေသည်။

“အွတ်…”

ချင်းယွင်ဂိုဏ်း တပည့်သည် ဓားဖြင့် ကာကွယ်ရန် ကြိုးစားသော်လည်း ပြင်းထန်သော အရှိန်ကြောင့် လက်မောင်းများ ထုံကျင်သွားပြီး၊ ဓားသွား ပဲ့ကြွေကာ သွေးအန်လျက် နောက်သို့ လွင့်စင်သွားလေသည်။

“ကောင်းတယ်”

ဒုတိယ မြို့စားမင်း ဝမ်းသာအားရ အော်ဟစ်လိုက်တော့၏။

ချင်းယွင်ဂိုဏ်း တပည့်များ သန်မာသော်လည်း မြူခိုးဂိုဏ်း တပည့်များက ပိုမို သန်မာကြသည်။ ယခု (၃) ပွဲဆက် အနိုင်ရရှိထားပြီး၊ နောက်ထပ် (၂) ပွဲ နိုင်လျှင် အောင်ပွဲခံနိုင်ပြီ ဖြစ်၏။

ပဉ္စမမြောက် ပွဲစဉ် အမြန် စတင်သည်။

ချင်းယွင်ဂိုဏ်းမှ အမျိုးသမီး တပည့်တစ်ဦး စင်မြင့်ပေါ်သို့ တက်လာသည်။

သူမသည် ချောမောလှပပြီး အနီရောင် ဝတ်စုံကျပ်ကျပ်ကို ဝတ်ဆင်ထားသည်။ ဓားရှည်တစ်လက်၊ ဓားတိုတစ်လက် ကိုင်ဆောင်ထားပြီး ညှို့ဓာတ်ပြင်းသော အပြုံးဖြင့် ပြုံးပြနေလေ၏။

“ဒီပွဲ… ငါ တိုက်မယ်”

ကျားယွိလန် စင်မြင့်ပေါ်သို့ တက်လိုက်၏။

“ဘာလို့ ကျွန်တော်.. မဟုတ်ရတာလဲ”

လုံထျန်းရှင်း နားမလည်စွာ မေးလိုက်၏။

ထိုအခါ၊ မိုယင်က သူ့ကို ကြည့်ပြီး ပြောလိုက်သည်။

“ဟိုဘက်က မိန်းကလေးက ညှို့ဓာတ်ပြင်းတယ်... နင်က ငယ်သေးတော့ ဖြားယောင်းတာကို ခံနိုင်မှာ မဟုတ်ဘူး... ရှုံးသွားလိမ့်မယ်”

“အင်းပါ... ဟုတ်ပါပြီ”

လုံထျန်းရှင်း ခေါင်းကုတ်လိုက်၏။

စင်မြင့်ပေါ်တွင်...၊

“ဟွန်း... ယောကျာ်းလေး မဟုတ်ဘူးလား... စိတ်ပျက်စရာ ကောင်းလိုက်တာ”

အနီရောင် ဝတ်စုံနှင့် အမျိုးသမီးသည် မျက်လွှာချကာ ဝမ်းနည်းပက်လက် ဖြစ်ဟန်ဆောင်လိုက်သော်လည်း၊ စကားပြောရင်း ရုတ်တရက် တိုက်ခိုက်လိုက်၏။

ဓားတိုသည် လျှပ်စီးကဲ့သို့ ပျံသန်းသွားပြီး ကျားယွိလန်၏ နဖူးတည့်တည့်သို့ ဦးတည်သွားသည်။

“ပန်းပွင့်ကြွေ မိုးစက်များ”

ကျားယွိလန်က လက်သင်္ကေတ ဖော်ထုတ်လိုက်ရာ ပန်းရောင် ပန်းပွင့်များဖြင့် ဖွဲ့စည်းထားသော ဒိုင်းကာ တစ်ခု ပေါ်လာတော့သည်။ ၎င်းက ဝင်ရောက်လာသော ဓားတိုကို တားဆီးလိုက်၏။

သို့သော် နောက်တစ်ခဏတွင် အနီရောင် ဝတ်စုံနှင့် အမျိုးသမီးသည် ကျားယွိလန်၏ အနောက်တွင် ရုတ်တရက် ပေါ်လာပြီး ဓားရှည်ဖြင့် ထိုးချလိုက်ရာ၊ ကျားယွိလန်ကို ထိုးဖောက်မိလုနီးပါး ဖြစ်သွားသည်။

ရုတ်တရက် အမျိုးသမီးသည် တစ်စုံတစ်ခုဖြင့် ချည်နှောင်ခံထားရသကဲ့သို့ ခံစားလိုက်ရပြီး သူမ၏ ဓားရှည် ဆက်လက် ရွေ့လျား၍ မရတော့ပေ။

“ဘာဖြစ်တာလဲ”

သူမ ငုံ့ကြည့်လိုက်ရာ တောက်ပသော ကြိုး တစ်ချောင်းက သူမကို ရစ်ပတ်ထားပြီး စင်မြင့်ပေါ်တွင် မလှုပ်မယှက် ဖြစ်နေစေသည်ကို တွေ့လိုက်ရ၏။ သူမ ကပျာကယာ ဓားဖြင့် ကြိုးကို ဖြတ်ရန် ကြိုးစားလိုက်သည်။

“နောက်ကျသွားပြီ”

ကျားယွိလန် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အသက်စွမ်းအင် ကျည်ဆန် တစ်ခု ပစ်လွှတ်လိုက်ရာ၊ အမျိုးသမီး လွင့်စင်သွားပြီး စင်မြင့်အောက်သို့ ပြုတ်ကျသွားလေသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ချင်းယွင်ဂိုဏ်း အကြီးအကဲ ခြောက် ယုံနိုင်စရာ မရှိ ဖြစ်နေသည်။

‘အနီရောင် ဝတ်စုံနှင့် တပည့်မက ကိုယ်ဖော့ပညာ ကောင်းသလို ဓားနှစ်လက် သုံးတတ်တာမို့ နိုင်သင့်တာ။ ဘာလို့ ကျားယွိလန်ရဲ့ ချုပ်နှောင်တာ ခံလိုက်ရတာလဲ။’

လူတိုင်း၏ နားမလည်နိုင်သော အကြည့်အောက်တွင်၊ ကျားယွိလန်သည် မိုယင် ဘေးသို့ အေးဆေးစွာ ပြန်လည် ရောက်ရှိလာသည်။

“ဘက်စုံ ဝိညာဉ်အာရုံခံနိုင်စွမ်းကို သုံးပြီး ပတ်ဝန်းကျင်ကို အမြဲ စောင့်ကြည့်တယ်... ပြီးတော့ အရေးကြီးတဲ့ အချိန်မှာ ဝိညာဉ်ချုပ်ကြိုး နဲ့ ထိန်းချုပ်လိုက်တယ်... အစ်မကြီး မို ရဲ့ ဗျူဟာက တကယ်ကို ပြောင်မြောက်တာပဲရှင်”

ကျားယွိလန်က ပြုံးပြီး ပြောလိုက်၏။

“ဘာမှ မဟုတ်ပါဘူးဟာ”

မိုယင် အေးဆေးစွာ ပြောလိုက်၏။

သူမ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သဖြင့် အမြင်အာရုံ ပိုမို ထက်မြက်လာကာ၊ နတ်ဘုရားအာရုံ ပေါ်ပေါက်လာခြင်းကြောင့် ချင်းယွင်ဂိုဏ်း တပည့်များ၏ စွမ်းရည်ကို ခွဲခြမ်းစိတ်ဖြာပြီး အတိကျဆုံး တုံ့ပြန်မှုများကို စီစဉ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

“စိတ်ပျက်စရာ ကောင်းလိုက်တာ”

နန်ဝူ မြို့စားမင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။

‘ရေပေါ်ဖြူမြို့တော်က (၄) ပွဲဆက် နိုင်သွားပြီ။ နောက်ထပ် (၁) ပွဲ နိုင်တာနဲ့ လွင်ပြင်ကို လက်လွှတ်လိုက်ရတော့မယ်။’

သူ အလွန် စိုးရိမ်ပူပန်နေသည်။

“ဘယ်လို ဆက်လုပ်ကြမလဲ”

နန်ဝူ မြို့စားမင်းက အကြီးအကဲ ခြောက်ကို စူးစိုက်ကြည့်လိုက်၏။

“ဘာလုပ်ရမှာလဲ... မြူခိုးဂိုဏ်းက လူတွေနဲ့ လာတိုးနေတာ ငါတို့ ကံဆိုးတာပေါ့... ဒီနေ့တော့ ရှုံးပြီလို့သာ မှတ်လိုက်တော့... ဂိုဏ်းချုပ်ရဲ့ ဒေါသကို ခံဖို့သာ ပြင်ထားကြ”

အကြီးအကဲ ခြောက် စိတ်ပျက်လက်ပျက်ဖြင့် အဝေးရှိ သစ်ပင်အောက်သို့ ထွက်သွားပြီး ထိုင်ချကာ သက်ပြင်းချနေလိုက်၏။

မော့ကြည့်လိုက်တော့ သစ်ပင်ပေါ်တွင် တွဲလောင်းကျနေသော ပိုင်မင်လု ကို တွေ့လိုက်ရသဖြင့် ပိုမို ဒေါသထွက်သွားရ၏။

‘ဒီပြိုင်ပွဲက ပိုင်မင်လု အတွက် အောင်ပွဲခံမယ့် ပွဲ ဖြစ်သင့်တာ။ သူက ချင်းယွင်ဂိုဏ်း အတွင်းစည်း တပည့် (၉) ယောက်ထဲမှာ အသန်မာဆုံးလေ။

ဒါပေမဲ့ ဓားချက်တစ်ချက်တည်းနဲ့ အရှုံးပေးလိုက်ရတယ်တဲ့လား။

တကယ်ကို ဒေါသထွက်စရာ ကောင်းလိုက်တာ။’

အကြီးအကဲ ခြောက်၏ မျက်နှာ ရှုံ့မဲ့နေသည်။

ထိုစဉ်၊ ဒုတိယ မြို့စားမင်းက အော်ဟစ်လိုက်၏။

“နောက်တစ်ပွဲ စမယ်”

“ဘယ်သူ တက်မလဲ”

နန်ဝူ မြို့စားမင်း ကျန်ရှိသော ချင်းယွင်ဂိုဏ်း တပည့်များကို ကြည့်လိုက်၏။

သူတို့ အချင်းချင်း ကြည့်လိုက်ကြသည်။

နောက်ဆုံးတွင် ချီစုစည်းခြင်း နဝမအဆင့် တပည့်တစ်ဦး စင်မြင့်ပေါ်သို့ တက်သွားသည်။

“ရဲဘော်တို့... ဒီတစ်ခေါက် ကျွန်တော် သွားမယ်”

လုံထျန်းရှင်း စင်မြင့်ပေါ်သို့ ခုန်တက်လိုက်၏။ သူ၏ ကျင့်ကြံခြင်း အရှိန်အဝါက သိပ်မပြင်းထန်လှ၊ ချီစုစည်းခြင်း သတ္တမအဆင့် အထွတ်အထိပ် သာ ရှိသည်။

သူ့အရှိန်အဝါ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် နန်ဝူမြို့တော် ဘက်မှ လူများသည် ကောင်းကင်ဘုံက ကောင်းချီးပေးလိုက်သကဲ့သို့ ခံစားလိုက်ကြရ၏။

“ဟားဟားဟား”

“ချီစုစည်းခြင်း သတ္တမအဆင့်ပဲ ရှိတာလား”

“ငါ သဘောပေါက်ပြီ... မြူခိုးဂိုဏ်းရဲ့ အသန်မာဆုံး တပည့်တွေက ပြိုင်ပြီးသွားပြီ... ကျန်တဲ့သူတွေက သာမန်ပဲ ရှိတော့တာ... ငါတို့အတွက် အခွင့်အရေး ရောက်လာပြီဟေ့”

နန်ဝူ မြို့စားမင်း ဝမ်းသာအားရ ဖြစ်သွားသည်။

သစ်ပင်အောက်တွင်...

အကြီးအကဲ ခြောက် သည် လည်ပင်းကို ဆန့်ထုတ်ပြီး မျက်လုံးကို ပွတ်သပ်ကာ ကြည့်လိုက်၏။ လုံထျန်းရှင်း သည် ချီစုစည်းခြင်း သတ္တမအဆင့် အထွတ်အထိပ် သာ ရှိကြောင်း သေချာသွားသောအခါ ပြုံးဖြီးသွားလေသည်။

စင်မြင့်ပေါ်၌...၊

လုံထျန်းရှင်း၏ ပြိုင်ဘက်သည် ဓားရှည်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ကံတရားက မျက်နှာသာပေးလိုက်ပြီဟု ခံစားလိုက်ရ၏။ သူ၏ အပြုံးသည် တဖြည်းဖြည်း ယုတ်မာလာသည်။

“ဟားဟား... နဝမအဆင့် က သတ္တမအဆင့် နဲ့ တိုက်ရမယ်တဲ့လား... ဒီပွဲမှ မနိုင်ရင် ငါ ချီးစားလိုက်မယ်ကွာ”

ပြောပြီးသည်နှင့် ချင်းယွင်ဂိုဏ်း တပည့်သည် ဓားဖြင့် လုံထျန်းရှင်းကို ညွှန်ပြပြီး ပြောလိုက်၏။

“ကောင်လေး... အားနည်းသူကို အနိုင်ကျင့်တယ်လို့ အပြစ်မတင်နဲ့နော်”

ဒါကို ကြားတော့ လုံထျန်းရှင်း မျက်နှာထား ထူးဆန်းသွားပြီး တီးတိုး ရေရွတ်လိုက်၏။

“ငါက ချီစုစည်းခြင်း သတ္တမအဆင့် အထွတ်အထိပ် ဆိုတာတော့ မှန်ပါတယ်... ဒါပေမဲ့ ငါက အားနည်းလို့လား”

စင်မြင့်အောက်တွင်...

ဒုတိယ မြို့စားမင်း လန့်ဖျပ်သွားသည်။

“ဘာလို့ လုံထျန်းရှင်းကို လွှတ်လိုက်တာလဲ... သူက ချီစုစည်းခြင်း သတ္တမအဆင့်ပဲ ရှိသေးတာလေ... နိုင်ဖို့ အခွင့်အလမ်း နည်းတယ်”

“စောင့်ကြည့်လိုက်ပါ”

မိုယင် တိုးတိုးလေး ပြောလိုက်၏။

လုံထျန်းရှင်းရဲ့ ကျင့်ကြံခြင်း အဆင့်က မမြင့်ပေမဲ့ သူက တကယ်ပဲ အားနည်းလို့လား။

မဟုတ်ဘူး... ဆန့်ကျင်ဘက် အနေနဲ့ သူက အရမ်း သန်မာတယ်။

မိုယင် လုံထျန်းရှင်းကို အပြည့်အဝ ယုံကြည်သည်။

“ဟားဟား... ဒီပွဲ ငါတို့ နိုင်ပြီ”

“မြူခိုးဂိုဏ်းက ခဏတာပဲ စွမ်းဆောင်နိုင်တာပါလား... အခုတော့ ငါတို့ ချင်းယွင်ဂိုဏ်း အလှည့် ရောက်ပြီ”

“ဝန်ခံပါတယ်... စောစောကတော့ နည်းနည်း လန့်သွားတယ်... အခုတော့ အခြေအနေ ပြောင်းသွားပြီ... မြူခိုးဂိုဏ်း တပည့်တွေ တစ်ယောက်ပြီး တစ်ယောက် ရှုံးနိမ့်သွားတာကို အေးဆေး ထိုင်ကြည့်လို့ ရပြီ”

ချင်းယွင်ဂိုဏ်း တပည့်များ ပြုံးရွှင်နေကြပြီး စိတ်လက်ပေါ့ပါးနေကြသည်။

နန်ဝူ မြို့စားမင်း ရယ်မောလိုက်ပြီး

“ကဲ... စကြတာပေါ့”

စင်မြင့်ပေါ်တွင်...

ချင်းယွင်ဂိုဏ်း တပည့်သည် ဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး လုံထျန်းရှင်းကို လွင့်စင်သွားအောင် လုပ်ကာ လွယ်လွယ်ကူကူ အနိုင်ယူလိုက်ဖို့ ရည်ရွယ်လိုက်၏။ ဒါမှ အခြေအနေကို ပြောင်းပြန်လှန်နိုင်တဲ့ သော့ချက် ဖြစ်လာပြီး ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေရဲ့ ချီးကျူးမှုကို ခံရမှာလေ။

အနိုင်ရပြီးရင် ညီမလေးတွေ ဝိုင်းနေမယ့် မြင်ကွင်းကိုတောင် သူ စိတ်ကူးယဉ်နေမိပြီ။ သူ့နှုတ်ခမ်းပေါ်က အပြုံးက ပိုပြီး ရယ်စရာ ကောင်းလာသည်။

“ဟိုက်...”

ရုတ်တရက် အော်ဟစ်သံ တစ်ခုက သူ့စိတ်ကူးယဉ် အိပ်မက်ကို ရိုက်ချိုးပစ်လိုက်၏။

အားလုံး အသံလာရာသို့ ကြည့်လိုက်ကြရာ၊ လုံထျန်းရှင်း မြင်းစီးကွက် ယူထားပြီး လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်ကို တွေ့လိုက်ရ၏။ ခန္ဓာကိုယ်ပေါ်တွင် ငွေရောင် အလင်းတန်းများ မှိန်ဖျဖျ ထွက်ပေါ်လာပြီး၊ ငွေရောင် အကြေးခွံများ ဖုံးလွှမ်းသွားကာ လက်များက ထက်မြက်သော လက်သည်းများ အဖြစ် ပြောင်းလဲသွားသည်။

အနောက်ဘက်တွင် နဂါးအမြီး တစ်ချောင်းပါ ထွက်ပေါ်လာသည်။

စွမ်းအားပြင်းထန်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များကို လှုပ်ခါသွားစေသည်။

“ဒါ... ဒါက”

မြူခိုးဂိုဏ်း တပည့်များကလွဲရင် ကျန်လူတိုင်း၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုများ အထင်းသား ပေါ်လာပြီး၊ ဘီလူးသရဲစီး တစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။

“ပထမအဆင့်... နဂါးအသွင် ပြောင်းလဲခြင်း”

လုံထျန်းရှင်း ဟိန်းဟောက်လိုက်၏။ နဂါးလူသားအဖြစ် အပြည့်အဝ ပြောင်းလဲသွားပြီး၊ အရှိန်အဝါ (၅) ဆ မြင့်တက်လာသည်။ တစ်ဝက်တစ်ပျက် အသွင်ပြောင်း နတ်ဆိုးသားရဲ တစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။

“သေစမ်း... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ချင်းယွင်ဂိုဏ်း ၏ တပည့် မျက်နှာ သွေးဆုတ်သွားသည်။

သူသည် ကပျာကယာ ဓားကို ဝှေ့ယမ်းပြီး ဓားချီ ဒါဇင်ပေါင်းများစွာ ထုတ်လွှတ်ကာ လုံထျန်းရှင်းကို စင်မြင့်အောက်သို့ တွန်းချရန် ကြိုးစားလိုက်၏။

“ဆင်းလိုက်စမ်း”

လုံထျန်းရှင်း လက်သည်းဖြင့် ပြန် ရိုက်ချလိုက်ရာ ဝင်ရောက်လာသော ဓားချီများ အားလုံး အလွယ်တကူ ကွဲကြေသွားသည်။ နောက်တစ်ခဏတွင် သူသည် ချင်းယွင်ဂိုဏ်း တပည့် ရှေ့သို့ ရောက်ရှိသွားပြီး၊ နဂါးအမြီးဖြင့် ရိုက်ချလိုက်ရာ စင်မြင့်အောက်သို့ ဒလိမ့်ခေါက်ကွေး ကျသွားပြီး နေရာမှာတင် သတိလစ်သွားလေသည်။

“တစ်ချက်တည်းနဲ့ အလဲထိုးလိုက်တာလား”

လူအုပ်ကြီး တံတွေး မျိုချလိုက်မိသည်။

သူတို့က လုံထျန်းရှင်း အားနည်းမည်ဟု ထင်နေကြသည်။ ဒီပွဲက ချင်းယွင်ဂိုဏ်း ပြန်လည် ဦးမော့မည့် ပွဲ ဖြစ်မည်ဟု ထင်နေကြသည်လေ။

သို့ရာတွင်၊... ယခုလိုပဲ ရှုံးနိမ့်သွားရသည်လား။

ယခု ရေပေါ်ဖြူမြို့တော်က (၅) ပွဲဆက် အနိုင်ရသွားလေပြီ။

(၉) ပွဲ (၅) ပွဲ.. အနိုင် စနစ်မှာ အဖြေပေါ်သွားပြီ ဖြစ်သည်။

“ဒေါသထွက်လွန်းလို့ သေတော့မယ်”

ချင်းယွင်ဂိုဏ်း အကြီးအကဲ ခြောက် သည် ခြေဆောင့်လိုက်ပြီး လေထဲသို့ ပျံတက်ကာ ဆက်မနေချင်တော့ဘဲ ထွက်ခွာသွားလေသည်။

ဒုတိယ မြို့စားမင်းသည် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေသော နန်ဝူ မြို့စားမင်းကို ကြည့်ပြီး ပြုံးကာ ပြောလိုက်၏။

“ကျွန်တော်တို့ နိုင်ပြီဗျ... စည်းကမ်းအရ ဒီလွင်ပြင်က ရေပေါ်ဖြူမြို့တော် ပိုင်သွားပြီ... စာချုပ်ချုပ်ဖို့ ပြင်လိုက်ကြရအောင်”

“မင်းတို့က ရက်စက်လွန်းတယ်”

နန်ဝူ မြို့စားမင်းမှာ အံကြိတ်လိုက်တော့သည်။

စာချုပ်ချုပ်ဆိုတဲ့ ကိစ္စမှာ မိုယင်တို့အဖွဲ့ မပါဝင်တော့ဘဲ မြူခိုးတောင်ထိပ်သို့ တန်းပြန်သွားကြသည်။

ဒုတိယ မြို့စားမင်း၊ နီရှန်နန်းတော် သခင်မ၊ ဓားသိုင်းအရှင် ဂိုဏ်းချုပ်နှင့် ငှက်မွှေးတောင်ဂိုဏ်းချုပ် တို့သာ ကျန်ရစ်ပြီး ကိစ္စများကို ဆက်လက် ဆောင်ရွက်ကြလေသည်။

---

ချင်းယွင်ဂိုဏ်းဝယ်၊

“ဘာပြောလိုက်တယ်... (၅) ပွဲဆက် ရှုံးပြီး လွင်ပြင်ကို ရေပေါ်ဖြူမြို့တော် လက်ထဲ အပိုင် ထိုးအပ်လိုက်ရတယ် ဟုတ်လား”

“အသုံးမကျတဲ့ ကောင်တွေ... အကုန်လုံး အမှိုက်တွေချည်းပဲ”

“မြူခိုးဂိုဏ်း... ယဲ့ဖုန်း... မင်းတို့ တွေ့ကြသေးတာပေါ့ကွာ”

ချင်းယွင်ကျန်းရန် သည် လက်ဖက်ရည်ခွက်ကို ဒေါသတကြီး ရိုက်ခွဲလိုက်ပြီး ဆက်တိုက် ဟိန်းဟောက်နေလေသည်။

ကြောက်မက်ဖွယ်ရာ အရှိန်အဝါများ ကောင်းကင်သို့ ထိုးတက်သွားပြီး၊ ဘေးပတ်ဝန်းကျင်ရှိ ခန်းမဆောင်ကြီးများနှင့် သစ်ပင်များကို ဖိချေပစ်လိုက်ရာ၊ လေဆင်နှာမောင်း ဝင်မွှေသွားသကဲ့သို့ အပျက်အစီးများသာ ကျန်ရစ်လေတော့သည်။

---

မြူခိုးတောင်ထိပ်မှာ၊

အောင်ပွဲခံပြီး ပြန်လာကြသော တပည့်များကို ကြည့်ရင်း ယဲ့ဖုန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

“ဒီနေ့ တိုက်ပွဲမှာ မင်းတို့အားလုံး ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ကြတယ်... ကဲ... မင်းတို့ရဲ့ တပည့် တံဆိပ်ပြားတွေ ပေးကြ”

“ဗျာ...”

တပည့်များ ကြောင်သွားကြသည်။

“လက်ရှိ တံဆိပ်ပြားတွေက လုပ်ဆောင်ချက် မစုံသေးဘူး... ဒီဂိုဏ်းချုပ်က ပြန်လည် သွန်းလုပ်ပြီး ဆက်သွယ်မှု ဧရိယာ ချဲ့ထွင်တာတွေ၊ လုပ်ဆောင်ချက် အသစ်တွေ ထပ်ထည့်ပေးမလို့”

ယဲ့ဖုန်း ရှင်းပြလိုက်၏။

ဒါကို ကြားတော့ တပည့်များ သဘောပေါက်သွားကြသည်။

“ဂိုဏ်းချုပ်ကို ကျေးဇူးတင်ပါတယ်”

သူတို့ ချက်ချင်း တံဆိပ်ပြားများကို ပေးအပ်လိုက်ကြသည်။

တပည့် တံဆိပ်ပြားများကို ရရှိပြီးနောက် ယဲ့ဖုန်းသည် သံရည်ကျိုမီးဖိုထဲသို့ ပစ်ထည့်လိုက်၏။

ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့မှ ရရှိလာသော အထူးပစ္စည်း အချို့ကို ထုတ်ယူ သန့်စင်လိုက်ပြီး၊ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၃) တုံးနှင့်အတူ မီးဖိုထဲသို့ ထည့်ကာ သွန်းလုပ်ခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်လေသည်။

အခန်း (၂၃၀) - ယွင်ဟွာဂိုဏ်း၏ ကြယ်အဆင့်တက်ခြင်း အခမ်းအနားနှင့် စုပုံလာသော ဒေါသမီး

~မျက်စိတစ်မှိတ် အတွင်းမှာပင် နောက်တစ်နေ့သို့ ရောက်ရှိလာလေသည်။

တပည့်များသည် တံဆိပ်ပြား အသစ်စက်စက်များကို ရရှိကြပြီး စိတ်ဝင်တစား လေ့လာနေကြသည်။

“ဒီတံဆိပ်ပြားက မိုင် (၅၀၀) အထိ ဆက်သွယ်လို့ ရတယ်ဟ”

“ဒါတင် မကဘူး... ကာကွယ်ရေး စွမ်းရည်လည်း ပိုကောင်းလာတယ်”

“ငါ တွေ့တာတော့ ဓားအလင်းတန်းတွေလည်း ထုတ်လွှတ်နိုင်တယ်... တိုက်ခိုက်နိုင်စွမ်း မဆိုးဘူး... အရေးအကြီးဆုံးက သာမန် အဆင့်နိမ့် ဝိညာဉ်လက်နက် တစ်ခုလောက် ပစ္စည်းသိုလှောင်နိုင်စွမ်း ရှိနေတာပဲ”

တပည့်များသည် တံဆိပ်ပြား အသစ်ကို ရင်းနှီးကျွမ်းဝင်အောင် လုပ်ရင်း တအံ့တသြ ဖြစ်နေကြသည်။

ဒါကို ကြည့်ပြီး ယဲ့ဖုန်း ပြုံးလိုက်မိသည်။

[ အဆင့်မြှင့်တင်မှု စွမ်းအင်: ၂၅.၈% ]

တံဆိပ်ပြားများကို ပြန်လည် သွန်းလုပ်ရာတွင် တစ်ခုချင်းစီအတွက် အဆင့်နိမ့် ဝိညာဉ်လက်နက် (၅) ခု စာလောက် ပစ္စည်းကုန်ကျခဲ့ပြီး၊ ရရှိလာသော အဆင့်မြှင့်တင်မှု စွမ်းအင်သည် အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်ခု၏ ထက်ဝက်ခန့် ရှိသဖြင့် အတော်လေး တိုးတက်လာခဲ့၏။

ဒါတောင်မှ အထွတ်အထိပ် အဆင့် ဝိညာဉ်လက်နက် ဖြစ်လာဖို့ လိုအပ်သော စွမ်းအင်က လေးပုံသုံးပုံလောက် လိုနေသေးတာမို့ ခရီးက ဝေးနေပါသေးသည်။

နောက်တစ်ရက် ကုန်လွန်သွားပြန်သည်။

ယွင်ဟွာဂိုဏ်း၏ ကြယ်အဆင့်တက်ခြင်း အခမ်းအနား တက်ရောက်ရမည့်နေ့ ရောက်ရှိလာပါသည်။

“ဂိုဏ်းချုပ်ယဲ့... သွားကြစို့လေ”

ဒုတိယ မြို့စားမင်း၊ နီရှန်နန်းတော် သခင်မ၊ ဓားသိုင်းအရှင် ဂိုဏ်းချုပ်နှင့် ငှက်မွှေးတောင်ဂိုဏ်းချုပ် တို့သည် ပျံသန်းရေး ဝိညာဉ်လက်နက်များကို စီးနင်းလျက် တပည့် ဒါဇင်ပေါင်းများစွာနှင့် အတူ မြူခိုးတောင်ထိပ် အပြင်ဘက်မှ လှမ်းခေါ်လိုက်ကြသည်။

“လာပါပြီဗျာ”

ယဲ့ဖုန်း ပြန်ထူးလိုက်၏။

နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး ကလွဲလျှင် ကျန်သည့် တပည့်တွေနှင့် ဝိညာဉ်သားရဲတွေ အကုန်လုံး ယဲ့ဖုန်းနှင့်အတူ လိုက်ပါသွားကြသည်။

“ဘာလို့ ငါပဲ အိမ်စောင့် ကျန်ရပြန်တာလဲ”

ထင်းရှူးပင်အိုကြီးသည် အဝေးသို့ ထွက်ခွာသွားကြသော ပုံရိပ်များကို ကြည့်ရင်း တိတ်တဆိတ် မျက်ရည်ကျနေရှာ၏။

---

ယွင်ဟွာတောင်တန်းဝယ်၊

ယဲ့ဖုန်းနှင့် အဖွဲ့သည် ယွင်ဟွာတောင်ထိပ်သို့ ရောက်ရှိလာကြပြီး၊ စတုတ္ထ အကြီးအကဲ လျိုယွိဇီ က ဧည့်သည်များကို စောင့်ကြိုနေသည်ကို တွေ့လိုက်ရ၏။

ထို့အပြင် လင်းယွိယန် လို ထူးချွန်သော အတွင်းစည်း တပည့်တွေကလည်း ဧည့်သည်တွေကို လိုက်လံ ပို့ဆောင်ပေးဖို့ အသင့် စောင့်နေကြသည်။

“ဂိုဏ်းချုပ်ယဲ့... ဒီဘက်ကို ကြွပါ”

လျိုယွိဇီက ဦးဆောင် နှုတ်ဆက်လိုက်ပြီး ယဲ့ဖုန်းတို့ကို ဂိုဏ်းချုပ် ခန်းမဆောင်ကြီး ရှေ့သို့ ခေါ်ဆောင်သွားလေသည်။

တောင်ထိပ်ပေါ်တွင် ဖြစ်သော်လည်း နေရာက ကျယ်ဝန်းပြီး သစ်သားရောင် ကုလားထိုင်ပေါင်း ထောင်ချီ ခင်းကျင်းထားသည်။ နေရာတော်တော်များများတွင် ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများ နေရာယူထားပြီး ဖြစ်သည်။

“ဂိုဏ်းချုပ်ယဲ့... ရောက်လာပြီကိုး”

“ဂိုဏ်းချုပ်ယဲ့... နေကောင်းလားဗျ”

“ဂိုဏ်းချုပ်ယဲ့... အိမ်ထောင်မပြုရသေးဘူး ကြားတယ်... ကျွန်တော်တို့ဂိုဏ်းက သန့်ရှင်းသော အမျိုးသမီးနဲ့ နှစ်ကိုယ်တူ ကျင့်ကြံဖို့ စဉ်းစားကြည့်ပါလား”

ရောက်သည်နှင့်တပြိုင်နက်၊ ဂိုဏ်းချုပ်တွေက မတ်တပ်ရပ်ပြီး နှုတ်ဆက်ကြသလို၊ တချို့ကဆိုလျှင် ကိုယ့်ဂိုဏ်းက ပါရမီရှင် တပည့်မလေးတွေနှင့်တောင် အောင်သွယ်ပေးဖို့ ကြိုးစားနေကြသည်။

“အဟမ်း... အားလုံးပဲ မင်္ဂလာပါဗျာ”

ယဲ့ဖုန်း လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်ပြီး… လျိုယွိဇီ စီစဉ်ပေးထားသော နေရာတွင် အမြန် ဝင်ထိုင်လိုက်၏။

မကြာမီ ယဲ့ဖုန်း ကျောချမ်းသွားပြီး လှည့်ကြည့်လိုက်ရာ ချင်းယွင်ကျန်းရန်၏ အမုန်းတွေ ပြည့်နှက်နေသော မျက်လုံးများနှင့် ဆုံမိသွားလေသည်။

“ဟွန်း...”

ချင်းယွင်ကျန်းရန် နှာခေါင်းရှုံ့လိုက်ပြီး နေရာဝင်ထိုင်လိုက်၏။

ဒါကို မြင်တော့ ယဲ့ဖုန်း အနည်းငယ် ပြုံးကာ ကောက်ချက်ချလိုက်၏။

‘ကြည့်ရတာ ချင်းယွင်ကျန်းရန် က သစ်မာလွင်ပြင် ကိစ္စနဲ့ ပတ်သက်ပြီး အငြိုးထားနေတုန်းပဲ။ မဟုတ်ရင် လူရှေ့သူရှေ့မှာ ဒီလို အေးစက်တဲ့ ပုံစံ ပြမှာ မဟုတ်ဘူး။’

အချိန်ကုန်လွန်လာသည်နှင့်အမျှ ကျင့်ကြံသူ ပိုမို များပြားလာသည်။ ယွင်ဟွာဂိုဏ်း တပည့် ထောင်ချီနှင့် ဧည့်သည် ထောင်နီးပါး အပါအဝင် ထိုင်ခုံ သုံးပုံနှစ်ပုံလောက် ပြည့်သွားပြီး အတော်လေး စည်ကားနေသည်။

“အားလုံးပဲ ကြိုဆိုပါတယ်... လာရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်”

အားပါပြီး ရွှင်လန်းနေသော အဘိုးအို အသံ တစ်သံ.. ဂိုဏ်းချုပ် ခန်းမဆောင်ကြီး အတွင်းမှ ထွက်ပေါ်လာပြီး၊ တည်ငြိမ်သော ခြေသံများနှင့်အတူ လူ တစ်ဦး ထွက်ပေါ်လာသည်။

ခမ်းနားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ထားသည့် ယွင်ဟွာကျန်းရန် သည် မဟာအကြီးအကဲ လေးဦး၊ ကြီးကြပ်ရေးမှူး (၁၀) ဦး နှင့် အတွင်းစည်း တပည့် (၁၀၀) တို့ ဝန်းရံလျက် ပရိသတ်ရှေ့သို့ ရောက်ရှိလာလေသည်။

“လွန်ခဲ့တဲ့ (၇) ရက်က... ဂိုဏ်းချုပ်ယဲ့ရဲ့ အားသွန်ခွန်စိုက် ကူညီမှုကြောင့် ကျွန်တော်တို့ ယွင်ဟွာဂိုဏ်းဟာ ကြယ်အဆင့်ဂိုဏ်း စစ်ဆေးမှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်... ဒီနေ့ကစပြီး ယွင်ဟွာဂိုဏ်းဟာ ကြယ်တစ်ပွင့်အဆင့် ဂိုဏ်း ဖြစ်သွားပါပြီ”

ကျယ်လောင်သော အသံကြီးသည် ယွင်ဟွာတောင်တန်း တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေ၏။

‘ယဲ့ဖုန်းရဲ့ အကူအညီ တဲ့လား။

ဂိုဏ်းချုပ်အသီးသီး အံ့သြသွားကြသည်။

ယွင်ဟွာဂိုဏ်းက ဝိညာဉ်သွေးကြော ပြတ်တောက်ပြီး အမြုတေ ပျောက်ဆုံးနေလို့ ကြယ်အဆင့် မမီခဲ့တာ လူတိုင်း အသိပဲလေ။

ဒါဆိုရင် ယဲ့ဖုန်းက ယွင်ဟွာဂိုဏ်းရဲ့ ဝိညာဉ်သွေးကြောမှာ အရေးကြီးတဲ့ အမြုတေကို ပြန်ထည့်ပေးလိုက်တာများလား။’

ဒီအချက်ကို တွေးမိပြီး ဂိုဏ်းချုပ်တိုင်း တုန်လှုပ်သွားကြသည်။

“ဝှစ်…”

ထိုအခိုက်အတန့်၌၊ ရောင်စုံအလင်းတန်း တစ်ခု ကောင်းကင်မှ ဆင်းသက်လာသည်။

အားလုံး မော့ကြည့်လိုက်ကြရာ အကြီးအကဲ ဟုန်မုံသည် ကြီးကြပ်ရေးမှူး ချင်ဖင်း၊ ချင်ဝမ် တို့နှင့်အတူ လေထဲမှ ဆင်းသက်လာသည်ကို တွေ့လိုက်ရ၏။ သူတို့၏ ခြေထောက်အောက်တွင် ပန်းရောင် ပန်းပွင့်များဖြင့် ပြုလုပ်ထားသော ကော်ဇောကြီး တစ်ခု ခင်းကျင်းထားပြီး၊ ကောင်းကင်ယံမှ ယွင်ဟွာဂိုဏ်း ဂိုဏ်းချုပ် ခန်းမဆောင်ကြီး ရှေ့အထိ မီတာရာချီ ရှည်လျားစွာ ဆက်သွယ်ထားလေသည်။

“အကြီးအကဲ ဟုန်မုံ ကို ကြိုဆိုပါတယ်”

ယွင်ဟွာကျန်းရန် ဦးဆောင်ပြီး ဘေးသို့ ဖယ်ပေးလိုက်၏။

ထောင်ပေါင်းများစွာသော မျက်လုံးများအောက်တွင် အကြီးအကဲ ဟုန်မုံသည် ရွှေရောင် ကြယ်တံဆိပ် တစ်ခုကို ထုတ်ယူလိုက်ပြီး၊ မန္တန်တစ်ခုဖြင့် ခန်းမဆောင် ဆိုင်းဘုတ်၏ အနောက်တွင် တပ်ဆင်လိုက်လေသည်။ "ယွင်ဟွာဂိုဏ်း" ဟူသော စာလုံးသုံးလုံးသည်ပင် ထိုတံဆိပ်ကြောင့် ပိုမို တောက်ပသွားသကဲ့သို့ ရှိသည်။

ကြယ်တံဆိပ် ချီးမြှင့်ပွဲ အခမ်းအနား တရားဝင် ပြီးဆုံးသွား၏။

ယွင်ဟွာဂိုဏ်းသည် စစ်မှန်သော ကြယ်အဆင့် အင်အားစု ဖြစ်လာခဲ့တော့၏။

အားလုံး မတ်တပ်ရပ်ပြီး ဂုဏ်ပြုစကား ဆိုကြကာ၊ ကြိုတင် ပြင်ဆင်ထားသော လက်ဆောင်များကို ပေးအပ်ကြလေသည်။

ဒီတစ်ခေါက်တော့ ယွင်ဟွာဂိုဏ်း အနေနှင့် ဧည့်ခံစရိတ်တွေ ပြန်ရရုံသာမက အမြတ်တောင် နည်းနည်း ထွက်သွားပါသေးသည်။

“ယွင်ဟွာဂိုဏ်း ကြယ်အဆင့်ဂိုဏ်းသစ် ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်... အားလုံးပဲ စိတ်ကြိုက် သုံးဆောင်ကြပါ”

အကြီးအကဲ ဟုန်မုံသည် ဧည့်သည်များကို နှုတ်ဆက်လိုက်ပြီး ရှေ့ဆုံးရှိ စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်၏။

“လူကြီးမင်းတို့... ဂိုဏ်းချုပ် စားပွဲဝိုင်းကို ကြွပါ”

ယွင်ဟွာကျန်းရန် ဖိတ်ခေါ်လိုက်ပြီး စန်းယွမ်မြို့စားမင်း၊ ချင်းယွင်ကျန်းရန် နှင့် အခြား ကြယ်အဆင့်ဂိုဏ်းချုပ်များကို ခေါ်ဆောင်သွားကာ၊ ယဲ့ဖုန်းကိုလည်း အတူတူ ခေါ်သွားလေသည်။

အကြီးအကဲ ဟုန်မုံ အပါအဝင် စုစုပေါင်း (၁၀) ယောက် ဂိုဏ်းချုပ် စားပွဲဝိုင်းတွင် ထိုင်လိုက်ကြ၏။

“စားသောက်ပွဲ စမယ်”

ယွင်ဟွာဂိုဏ်း မဟာအကြီးအကဲ အော်ဟစ်လိုက်သည်နှင့် ဂိုဏ်းမီးဖိုချောင်မှ ဟင်းပွဲကောင်းများ စတင် တည်ခင်းလာကြသည်။ ငါးအသားမျှင်ကြော်၊ မှိုကြော်၊ ငါးအရှင်ပြုတ်၊ ဝက်သားပေါင်း... စသဖြင့် စုံလင်လှပါသည်။

အရောင်၊ အနံ့၊ အရသာ အားလုံး ပြည့်စုံလှ၏။

စားပွဲဝိုင်းတွင်...

ယဲ့ဖုန်းသည် ဝက်သားပေါင်း တစ်တုံးကို စားနေစဉ်၊ မျက်နှာချင်းဆိုင်ရှိ ချင်းယွင်ကျန်းရန် က သူ့ကို စိုက်ကြည့်နေသည်ကို သတိထားမိလိုက်သည်။ ချင်းယွင်ကျန်းရန်၏ လက်တစ်ဖက်က ချင်းယွင်ဓားကို ရံဖန်ရံခါ ပွတ်သပ်နေပြီး၊ လှုပ်ရှားချင်နေပုံ ရ၏။

ဒါကို မြင်တော့ ယဲ့ဖုန်း၏ အကြည့် စူးရှသွားသည်။

ကြည့်ရတာ ချင်းယွင်ကျန်းရန် တစ်ခုခု လုပ်ချင်နေပုံပင်။

“ကျွန်တော်တို့ ယွင်ဟွာဂိုဏ်း ကြယ်အဆင့် တက်လှမ်းနိုင်ခဲ့တာ ဝိညာဉ်သွေးကြောကို ပြန်လည် အသက်သွင်းပေးခဲ့တဲ့ ဂိုဏ်းချုပ်ယဲ့ရဲ့ ကျေးဇူးကြောင့်ပါ... သူ့အတွက် ဂုဏ်ပြုကြရအောင်”

ယွင်ဟွာကျန်းရန် ခွက်မြှောက်လိုက်ရာ ချင်းယွင်ကျန်းရန် ကလွဲလျှင် ကျန်သည့် ဂိုဏ်းချုပ်တွေ အကုန်လုံး လိုက်သောက်ကြသည်။

အကြီးအကဲ ဟုန်မုံက ယဲ့ဖုန်းကို ကြည့်ပြီး နတ်ဘုရားအာရုံဖြင့် မေးမြန်းလိုက်၏။

'ဂိုဏ်းချုပ်ယဲ့... စောစောက အရေးကြီး ကိစ္စလေး ပေါ်လာလို့ ကျွန်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့မှာ မတွေ့လိုက်ရဘူး... နောက်ပိုင်း အဆင်ပြေရဲ့လားဟင်'

ယဲ့ဖုန်းက သူ့အား ခေါင်းညိတ်ပြလိုက်၏။

စားသောက်ပွဲတွင်...၊ ဂိုဏ်းအသီးသီးမှ တပည့်များသည် ကံစမ်းသည့် သဘောဖြင့် ထွက်လာကြပြီး အခြားဂိုဏ်းမှ တပည့်များနှင့် ယှဉ်ပြိုင်ကြရာ အားပေးသံများ ဆူညံနေသည်။

“လက်နက်တစ်ရာဂိုဏ်းက တပည့်တွေက တကယ်ကို ချမ်းသာတာပဲ... အဆင့်နိမ့် ဝိညာဉ်လက်နက် (၃) ခုကို တစ်ပြိုင်နက်တည်း သုံးလိုက်တာ... ချင်းယွင်ဂိုဏ်း တပည့်တွေ သွားတွေတောင် ရှာမတွေ့တော့ဘူးဟေး”

“လျိုယွင်ဂိုဏ်းက တပည့်တွေလည်း မဆိုးဘူး... အဆင့်နိမ့် မန္တန်စာရွက် (၁၀) ရွက်လောက် တပြိုင်တည်း ထုတ်သုံးပြီး (၃) ယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နေတာ... တကယ့် သူဌေးသားတွေပဲ”

“ငါ့အမြင်ကတော့ နတ်ဆိုးသားရဲဂိုဏ်းက ကောင်တွေက အကြမ်းဆုံးပဲ... တစ်ယောက်တည်းက အဆင့်မြင့် နတ်ဆိုးစစ်သည် အဆင့် သားရဲ (၅) ကောင်ကို ထိန်းချုပ်ထားတာ... ပြိုင်ဘက်က မတိုက်ခင်ကတည်းက လက်လျော့သွားရတယ်”

အပေါ်ဘက်ရှိ ဂိုဏ်းချုပ် စားပွဲဝိုင်းတွင် ဂိုဏ်းချုပ်များ ထိုင်ကြည့်ရင်း ဟားတိုက် ရယ်မောနေကြသည်။

ယဲ့ဖုန်းသည် တိုက်ပွဲ အခြေအနေများကို လိုက်ကြည့်နေသည်။ ရှဲ့ကျားရင် သည် အဆင့်မြင့် နတ်ဆိုးစစ်သည် အဆင့် သားရဲ (၅) ကောင် ဝန်းရံထားကာ၊ ထိုင်လျက် အခြားဂိုဏ်းမှ တပည့်များကို လက်ညှိုးကွေးပြီး စိန်ခေါ်နေသည်ကို တွေ့လိုက်ရ၏။

သို့သော် ရှဲ့ကျားရင်၏ လွှမ်းမိုးထားသော စွမ်းအားကြောင့် ချီစုစည်းခြင်း အဆင့် တပည့်အများစုက သူမကို မယှဉ်ရဲကြပေ။

သားရဲ (၅) ကောင်တောင် ရှိသည်လေ။

ဟိုယွင်ကျဲ၊ မိုယင်၊ လုံထျန်းရှင်း တို့လို အဆင့်တူတွေထဲမှာ ထိပ်တန်းရောက်နေသည့် ပါရမီရှင်တွေကလွဲလျှင် သူမကို နိုင်မည့် သူ ရှားသည်။

“ကျွန်တော့် မြေးမလေးက ဆိုးလွန်းတယ်ဗျာ... နောက်ဆို သူ့ကို နတ်ဆိုးသားရဲတွေ ဒီလောက်အများကြီး ပေးမလွှတ်တော့ဘူး”

နတ်ဆိုးသားရဲဂိုဏ်းချုပ်က ဟန်ဆောင်ပြီး ဆူပူလိုက်သော်လည်း မျက်လုံးထဲတွင် ဂုဏ်ယူမှုများ အထင်းသား ပေါ်နေသည်။

စားပွဲဝိုင်းတွင်...၊ ချင်းယွင်ကျန်းရန်၏ မျက်နှာထား မည်းမှောင်နေ၏။

လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး၊ အခြား ဂိုဏ်းချုပ်များ ရယ်မော စကားပြောနေကြပုံ၊ ယဲ့ဖုန်းနှင့် အကြီးအကဲ ဟုန်မုံ ရယ်ရယ်မောမော စကားပြောနေပုံများကို ကြည့်ရင်း၊ သူ တစ်ယောက်တည်း အပယ်ခံရသလို ခံစားနေရကာ ဒေါသကြောင့် သွားများ တုန်ယင်လာလေသည်။

“ဒေါသထွက်စရာ ကောင်းလိုက်တာ”

ချင်းယွင်ကျန်းရန် ချင်းယွင်ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။

သူ့အရှိန်အဝါများ ထိန်းချုပ်မရအောင် ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရ၏။ နှစ်ပေါင်းများစွာ ပိတ်မိနေသော ဓာတ်ကြီးငါးပါး စုစည်းခြင်း သတ္တမအဆင့် ပိတ်ဆို့မှုသည် စုပုံလာသော ဒေါသမီးကြောင့် ရုတ်တရက် လျော့ရဲသွားလေသည်။

သူ့မျက်လုံးများ တဖြည်းဖြည်း နီရဲလာသည်။

“ဘုန်း…”

စွမ်းအားပြင်းထန်သော အရှိန်အဝါ တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ယွင်ဟွာတောင်ထိပ် တစ်ခုလုံး တုန်ခါသွားကာ ဂိုဏ်းချုပ် စားပွဲဝိုင်းကြီး မှောက်လျက် လဲကျသွားပြီး သေရည်များနှင့် ဟင်းပွဲများ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲကုန်လေသည်။

အခန်း (၂၃၁) - ငါ့ရဲ့ စွမ်းအား ဆယ်ပုံတစ်ပုံလောက်ပဲ သုံးလိုက်ရသေးတာ

~ရုတ်တရက် ပေါက်ကွဲသံကြီးကြောင့် ခန်းမ တစ်ခုလုံး တုန်လှုပ်သွားလေသည်။

အားလုံး အသံလာရာသို့ ကြည့်လိုက်ကြရာ ချင်းယွင်ကျန်းရန်သည် ချင်းယွင်ဓားကို ကိုင်ဆောင်လျက် လေထဲတွင် ပျံဝဲနေသည်ကို တွေ့လိုက်ရ၏။ သူ့ရှေ့ရှိ စားပွဲဝိုင်းကြီးမှာမူ မှောက်လျက် လဲကျနေလေသည်။

တူကို ကိုင်ထားသော ယဲ့ဖုန်းသည် သူ့ပန်းကန်ထဲက နောက်ဆုံး ကျန်နေတဲ့ ဝက်သားပေါင်းလေး ပျောက်သွားတာကို သတိထားမိလိုက်၏။ ဘေးပတ်ဝန်းကျင်ကို သေချာ ကြည့်လိုက်မှ စားပွဲကြီး တစ်ခုလုံး ပျောက်သွားမှန်း သိလိုက်ရ၏။

'ငါ စားလို့တောင် မပြီးသေးဘူးလေ’

ဒေါသတကြီး ကခုန်နေသော ချင်းယွင်ကျန်းရန်ကို မော့ကြည့်ရင်း ယဲ့ဖုန်း၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။

‘ထမင်းစားနေတုန်း စားပွဲကို မှောက်ချပစ်ရအောင် မင်းက ကျီးကန်းလား။’

“ဓာတ်ကြီးငါးပါး စုစည်းခြင်း သတ္တမအဆင့် ဟုတ်လား”

အကြီးအကဲ ဟုန်မုံ ပြောလိုက်ရာ အားလုံး၏ အာရုံစိုက်မှုသည် ချင်းယွင်ကျန်းရန် ဆီသို့ ရောက်သွားလေသည်။

လျိုယွင်ဂိုဏ်းချုပ်၊ ယွင်ဟွာကျန်းရန်၊ စန်းယွမ်မြို့စားမင်း နှင့် အခြားသူများသည် နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ရှုလိုက်ရာ၊ ချင်းယွင်ကျန်းရန် သည် တကယ်ပင် ဓာတ်ကြီးငါးပါး စုစည်းခြင်း သတ္တမအဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်ကြောင်း သိရှိလိုက်ကြသည်။

“သူ တကယ် အဆင့်တက်သွားပြီပဲ”

လျိုယွင်ဂိုဏ်းချုပ်သည် စိတ်အထိခိုက်ရဆုံး ဖြစ်နေသည်။

အရင်တုန်းက သူနှင့် ချင်းယွင်ကျန်းရန် တို့ နှစ်ယောက်လုံးက ဆဋ္ဌမအဆင့်မှာ ရှိနေခဲ့ကြသည်။ တစ်ယောက်က အထွတ်အထိပ် ရောက်နေပြီး တစ်ယောက်က အစပျိုးပဲ ရှိသေးသော်လည်း ကွာခြားချက်က သိပ်မများလှပေ။

အခုတော့ အခြေအနေက ပြောင်းလဲသွားချေ၏။

သတ္တမအဆင့်ကို ရောက်သွားသည့် ချင်းယွင်ကျန်းရန် ဟာ အလယ်အလတ်အဆင့် ချင်းယွင်ဓားနှင့် ပေါင်းစပ်လိုက်မည် ဆိုလျှင် အဋ္ဌမအဆင့်၊ နဝမအဆင့် တွေကိုတောင် ယှဉ်နိုင်စွမ်း ရှိလာပြီ မဟုတ်ပါလော။

ဤ စွမ်းအားမျိုးက သူတို့အားလုံး၏ အထက်ကို ရောက်သွားလေပြီ။

‘သွားပြီ... ဒီနေ့ကစပြီး ငါ့ကို ပစ်မှတ်ထားတော့မှာ သေချာတယ်’

လျိုယွင်ဂိုဏ်းချုပ် တံတွေး မျိုချလိုက်မိသည်။ ဒီနေ့ ဟင်းပွဲတွေက အရသာ မရှိတော့သလို ခံစားလိုက်ရ၏။

အခြား ဂိုဏ်းချုပ်များ၏ မျက်နှာထားများလည်း သိပ်မကောင်းလှပေ။

ချင်းယွင်ကျန်းရန်က စိတ်သဘောထား သေးသိမ်သည် ဆိုတာ နာမည်ကြီးပြီးသား ဖြစ်သည်။

ယခုလို စွမ်းအားကြီးလာပြီ ဆိုတော့ သူတို့ကို ဗိုလ်ကျစိုးမိုးပြီး ပစ်မှတ်ထားလာဖို့ သေချာသလောက် ရှိနေသည်။

အခြား ဂိုဏ်းများမှ တပည့်များနှင့် ဂိုဏ်းချုပ်များလည်း ထိတ်လန့်နေကြ၏။

ချင်းယွင်ဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များသာ ဝမ်းသာအားရ အော်ဟစ်နေကြပြီး၊ ဂိုဏ်းချုပ်ကြီး အဆင့်တက်သွားသည့် သတင်းကို ကမ္ဘာအနှံ့ လိုက်အော်ပြောချင်စိတ် ပေါက်နေကြသည်။

“ဟဲဟဲဟဲ...”

အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် ချင်းယွင်ကျန်းရန်သည် ယုတ်မာသော အပြုံးဖြင့် ရယ်မောလိုက်၏။ သူ့ခွန်အားတွေ နှစ်ဆ တိုးလာသလို ခံစားနေရ၏။ ယဲ့ဖုန်းကို မဲ့ပြုံး ပြုံးပြလိုက်ပြီး

“ယဲ့ဖုန်း... ရန်ငြိုးဟောင်း၊ ရန်ငြိုးသစ်တွေ အကုန်လုံးအတွက် ဒီနေ့ ငါ စာရင်းရှင်းမယ်”

ချင်းယွင်ကျန်းရန်၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာပြီး ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

ယဲ့ဖုန်း တူကိုင်ထားသော လက် အနည်းငယ် တုန်သွားသည်။

“ရန်ငြိုးဟောင်း ဆိုတာတော့ ဟုတ်ပါပြီ... ရန်ငြိုးသစ်က ဘယ်က ထွက်လာတာလဲ”

“ငါ ရှိတယ်.. ပြောရင် ရှိတာပဲ”

ချင်းယွင်ကျန်းရန်.. ဒေါသတကြီး အော်ဟစ်လိုက်၏။

“ယဲ့ဖုန်း... ဒီနေ့ မင်းကို ငါ စိန်ခေါ်တယ်... မင်း လက်ခံရဲလား”

ယဲ့ဖုန်းက တူကို ချလိုက်သည်။

“ကျွန်တော် နိုင်ရင် ဘာဆုကြေး ရမှာလဲ”

ချင်းယွင်ကျန်းရန် ဒေါသထွက်လွန်း၍ နှာခေါင်းပါ ကောက်သွားမတတ် ဖြစ်သွားသည်။

“မင်းက ငါ့ကို နိုင်မယ် ဟုတ်လား... မင်းရဲ့ ခွန်အားလေးနဲ့လေ... ငါ အမှန်အတိုင်း ပြောလိုက်မယ်... အခု ငါ့လက်ထဲမှာ ချင်းယွင်ဓား ရှိတယ်... ပြီးတော့ သတ္တမအဆင့်ကိုလည်း ရောက်နေပြီ... မင်းကို အနိုင်ယူဖို့ ဆိုတာ လက်ဖဝါး တစ်ချက် လှန်လိုက်သလိုပဲ လွယ်တယ်”

ယဲ့ဖုန်း ..နားသီးလေးကို ကလော်လိုက်ပြီး

“ဆိုလိုတာက ဆုကြေး မရှိဘူး ပေါ့လေ”

ဒါကို ကြားတော့ ချင်းယွင်ကျန်းရန် ဒေါသကြောင့် သွေးအန်မတတ် ဖြစ်သွားသည်။

“မင်း နိုင်ရင် ဒီ အလယ်အလတ်အဆင့် သတ္တုရိုင်း 'ချင်းယွင်ကျောက်စိမ်း' ကို ယူသွား... ဟဲဟဲ... ဒါပေမဲ့ မင်း ရှုံးရင်တော့ ရေပေါ်ဖြူမြို့တော်ကနေ သစ်မာလွင်ပြင်ကို နန်ဝူမြို့တော် လက်ထဲ ထိုးအပ်ပေးလိုက်ရမယ်”

ချင်းယွင်ကျန်းရန် အသံတိုးတိုးဖြင့် ပြောလိုက်၏။ လူအများကြီး ကြားသွားမှာကို မလိုလားပုံ ရ၏။

တချိန်တည်းမှာပင် သူ လက်ကို မြှောက်လိုက်ရာ လက်ဖဝါးပေါ်တွင် အစိမ်းရောင် ကျောက်စိမ်းတုံးလေး တစ်တုံး ပေါ်လာသည်။

“ရှီး... ချင်းယွင်ကျောက်စိမ်း ပါလား... အထူး ဝိညာဉ်လက်နက်တွေ သွန်းလုပ်ရာမှာ သုံးတဲ့ အဓိက ပစ္စည်းပဲ... သေးပေမဲ့ တန်ဖိုးက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၃၀) လောက် ရှိတယ်”

“ဂိုဏ်းချုပ်ယဲ့... လောင်းကြေး မထပ်ပါနဲ့”

“ဟုတ်တယ်... ချင်းယွင်ကျန်းရန်က အခုမှ အဆင့်တက်ထားတာ... အရှိန်အဟုန် ကောင်းနေတုန်း... ခင်ဗျား ယှဉ်နိုင်မှာ မဟုတ်ဘူး”

ဘေးနားရှိ ဂိုဏ်းချုပ်များက ဝိုင်းဝန်း တားမြစ်ကြသည်။

“လက်ခံတယ်”

ယဲ့ဖုန်း သဘောတူလိုက်ပြီး လေထဲသို့ ဖြည်းညှင်းစွာ ပျံတက်သွားသည်။ လက်ကို ဝှေ့ယမ်းလိုက်ရာ အရိုးဖြူ ဓားရှည်တစ်လက် သူ့ရှေ့တွင် ပေါ်လာပြီး နေရောင်အောက်တွင် တောက်ပနေ၏။

“သြော်... အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်ပဲ ရှိတာကိုး... ဝမ်းနည်းစရာပဲ... မင်းရဲ့ အလယ်အလတ်အဆင့် လက်နက်က ငါ့ရဲ့ ချင်းယွင်ဓား နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး”

ဟု ချင်းယွင်ကျန်းရန် မောက်မာစွာ ပြောလိုက်၏။

ယခုချိန်ထိ ချင်းယွင်ဓားကို ယဲ့ဖုန်း ကိုယ်တိုင် သွန်းလုပ်ခဲ့သည် ဆိုတာ သူ မသိရှာသေးပါ။

---

ချင်းယွင်ကျန်းရန်နှင့် ယဲ့ဖုန်းတို့၏ တိုက်ပွဲသတင်းသည် လူတိုင်းကို အံ့အားသင့်သွားစေသည်။

သို့သော် ရေပေါ်ဖြူမြို့တော်မှ ကျင့်ကြံသူများကတော့ တည်ငြိမ်နေကြသည်။ အထူးသဖြင့် မြူခိုးဂိုဏ်း တပည့်များကတော့ ဘာမှ မဖြစ်သလို ဆက်စားနေကြ၏။

ယဲ့ဖုန်း အတောင်ပံပါ နတ်ဆိုးနဂါးကို သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ခဲ့ရပြီးကတည်းက၊ သူတို့၏ ဂိုဏ်းချုပ်သည် ဝိညာဉ်ပင်လယ်အဆင့် ခွန်အား တစ်စိတ်တစ်ပိုင်းလောက်တော့ ရှိလိမ့်မည်ဟု ယုံကြည်ထားကြသည်။ ချင်းယွင်ကျန်းရန် လောက်ကိုတော့ ပြဿနာ မရှိနိုင်ပေ။

မိုင်ဆယ်ဂဏန်း အကွာအဝေးတွင်...၊

လူသူကင်းမဲ့သော လွင်ပြင်တစ်ခု။

ယဲ့ဖုန်းနှင့် ချင်းယွင်ကျန်းရန် တို့သည် မျက်နှာချင်းဆိုင် ရပ်နေကြ၏။

အခြားသူများသည် အနီးနားရှိ တောင်ကုန်းများပေါ်မှ လှမ်းကြည့်နေကြပြီး သိပ်မကပ်ရဲကြပေ။

“ဘယ်သူ.. နိုင်မယ် ထင်လဲ”

“ချင်းယွင်ကျန်းရန်က သတ္တမအဆင့်ကို ရောက်နေပြီ... ပြီးတော့ ဝိညာဉ်ကျောက်တုံး (၈၀၀၀) တန် ချင်းယွင်ဓားလည်း ရှိသေးတယ်... သူ နိုင်ဖို့ အခွင့်အလမ်း ပိုများတာပေါ့”

“ဂိုဏ်းချုပ်ယဲ့ ကံဆိုးတာပါဗျာ... ဒီလောက် ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်နဲ့ လာတိုးနေတယ်”

ထိုသို့၊ ဂိုဏ်းချုပ် အသီးသီး တီးတိုး မှတ်ချက်ပေးနေကြသည်။

“ယဲ့ဖုန်း... မင်းရဲ့ လှည့်ကွက်တွေ ငါ့အပေါ် သုံးလို့ရမယ် မထင်နဲ့... အမှန်အတိုင်း ပြောရရင် ခေတ်တွေ ပြောင်းသွားပြီ... မင်းကို အရင် တိုက်ခိုက်ခွင့် ပေးရင်တောင် မင်း ငါ့ကာကွယ်မှုကို ဖောက်နိုင်မှာ မဟုတ်ဘူး... မယုံရင် စမ်းကြည့်”

ချင်းယွင်ကျန်းရန်သည် လက်တစ်ဖက်ကို နောက်ပစ်ထားပြီး၊ ကျန်လက်တစ်ဖက်ဖြင့် ချင်းယွင်ဓားကို ကိုင်ဆောင်ထားသည်။ အထောက်အကူပြု ကျင့်စဉ် "အစိမ်းရောင် တိမ်တိုက် ဓားသိုင်း"အား တိတ်တဆိတ် လည်ပတ်လိုက်ရာ ဓားချီများ ရုတ်တရက် ထက်ရှလာလေသည်။

“ဒါဆိုလည်း စမ်းကြည့်တာပေါ့”

ယဲ့ဖုန်း လေဝိညာဉ်ပုလဲကို ထုတ်ယူလိုက်၏။

“ရွှစ်…”

လေဓာတ် ဝိညာဉ်စွမ်းအင် တစ်မျှင်သည် အလင်းကြိုးတစ်ချောင်း အဖြစ် ပြောင်းလဲသွားပြီး၊ ချင်းယွင်ကျန်းရန်ကို ရစ်ပတ်ရန် ကြိုးစားလိုက်၏။ သို့သော် (၁၀) မီတာ အကွာသို့ ရောက်သောအခါ ဓားအလင်းတန်း တစ်ခုကြောင့် ပြတ်တောက်သွားပြီး နှစ်ခုစလုံး ပျောက်ကွယ်သွားလေသည်။

“ဟားဟားဟား...”

ချင်းယွင်ကျန်းရန်သည် ဓားကို ဝှေ့ယမ်းရင်း ဂုဏ်ယူစွာ ရယ်မောလိုက်၏။

“ငါ ပြောသားပဲ... မင်းရဲ့ လှည့်ကွက်တွေ ငါ့အတွက် အသုံးမဝင်တော့ပါဘူးလို့... ကဲ... ငါ့ဓားချက်ကိုသာ ခံပေတော့”

“ဝီ..”

မျက်စိကျိန်းမတတ် တောက်ပသော စိမ်းပြာရောင် ဓားအလင်းတန်း တစ်ခုသည် အံ့သြဖွယ် အရှိန်ဖြင့် ထွက်ပေါ်လာပြီး ယဲ့ဖုန်း ရှေ့သို့ ချက်ချင်း ရောက်ရှိလာလေသည်။

“ချွင်…”

ယဲ့ဖုန်းသည် အရိုးဖြူဓားကို ကိုင်ဆောင်လျက် ဓားအလင်းတန်း (၉) ခု အဖြစ် ခွဲထုတ်လိုက်ပြီး၊ ချင်းယွင်ကျန်းရန်၏ ဓားချီကို ချေမှုန်းပစ်လိုက်ရာ နှစ်ဖက်စလုံး သရေကျသွားလေသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

လူအုပ်ကြီး အံ့သြသွားကြသည်။

ချင်းယွင်ကျန်းရန် ပင်လျှင် မျက်လုံးများ ပြူးကျယ်သွားပြီး

“မယုံနိုင်စရာပဲ... ချင်းယွင်ဓား နဲ့ ယှဉ်နိုင်တဲ့ အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် နောက်တစ်ခု ရှိနေသေးတာလား... ကြည့်ရတာ တောင်ပိုင်းမြစ်ဝှမ်းဒေသမှာ ထိပ်တန်း လက်နက်သွန်းလုပ်သူ တစ်ယောက် ပေါ်ထွက်နေပြီ ထင်တယ်... မဟုတ်ရင် ဒီလို အရည်အသွေးမြင့် လက်နက်တွေ ဆက်တိုက် ထွက်ပေါ်လာစရာ အကြောင်း မရှိဘူး”

ပြောပြီးသည်နှင့် ချင်းယွင်ကျန်းရန် ရုတ်တရက် လှုပ်ရှားလိုက်၏။

ဒီတစ်ခါတော့ ဓားချီ (၄၉) ခုသည် ကောင်းကင်ယံတွင် ယှက်နွယ်သွားပြီး၊ ယဲ့ဖုန်းကို လွှမ်းခြုံထားသော ဓားကွန်ရက်ကြီး တစ်ခု အဖြစ် ပြောင်းလဲသွားလေသည်။ ယခင် ဓားချီများထက် အဆများစွာ ပိုမို ပြင်းထန်သည်။

“လာစမ်းပါ”

ယဲ့ဖုန်းသည် ဘယ်လက်ကို ဆန့်ထုတ်လိုက်ပြီး ဒုတိယမြောက် အရိုးဖြူဓားကို ဖမ်းဆုပ်လိုက်၏။

ဓားနှစ်လက် ပေါင်းစပ်လိုက်သည်နှင့် ပြိုင်ဘက်ကင်း ဓားအလင်းတန်း တစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး၊ ယဲ့ဖုန်းကို ရစ်ပတ်ကာ ချင်းယွင်ကျန်းရန်၏ ဓားကွန်ရက်ကို စုတ်ဖြဲပစ်လိုက်လေသည်။ သူသည် ကောင်းကင်ယံတွင် ပျံဝဲနေပြီး ဝတ်ရုံများ တလွင့်လွင့် ဖြစ်နေသည်။

“အိုး... ဒုတိယ အရိုးဖြူဓား ရှိသေးတာလား”

“အရှိန်အဝါကို ကြည့်ရတာ ဒါက ဝိညာဉ်လက်နက် အစုံအလင် ဖြစ်မယ့်ပုံပဲ”

“ဂိုဏ်းချုပ်ယဲ့ ကံကောင်းလိုက်တာဗျာ... ဒီလို ရတနာမျိုး ရထားတယ်... ဓားနှစ်လက် ပေါင်းစပ်လိုက်ရင် ချင်းယွင်ဓားထက် မညံ့တော့ဘူး”

ဂိုဏ်းချုပ် အသီးသီး အံ့သြတကြီး ရေရွတ်လိုက်ကြသည်။

ချင်းယွင်ကျန်းရန် မျက်လုံးများ ကျွတ်ထွက်မတတ် ဖြစ်သွားသည်။ သူ့လက်ထဲက ချင်းယွင်ဓားကို ပြန်ကြည့်လိုက်တော့ ရုတ်တရက် အထင်ကြီးစရာ မကောင်းတော့သလို ခံစားလိုက်ရ၏။

“ငါ့ဓားချက်ကို ကြည့်ထား... ချင်းယွင် ဓားရေတံခွန်”

အရှုံးမပေးလိုသော ချင်းယွင်ကျန်းရန် သည် မာန်သွင်းလျက် လက်သင်္ကေတများ ဖော်ထုတ်လိုက်ရာ၊ ချင်းယွင်ဓားသည် ပြောင်းပြန် စီးဆင်းနေသော ရေတံခွန်ကြီး တစ်ခုကဲ့သို့ ကြောက်မက်ဖွယ် ဓားအလင်းတန်း အဖြစ် ပြောင်းလဲသွားပြီး ယဲ့ဖုန်း ဆီသို့ တိုးဝင်သွားလေသည်။

“ဓားသုံးလက် ပေါင်းစည်းခြင်း”

ထိုစဉ်၊ ယဲ့ဖုန်က တတိယမြောက် အရိုးဖြူဓားကို ထုတ်ယူလိုက်တော့၏။ ဓားရှည် သုံးလက်ကို ကြက်ခြေခတ် ပုံစံ ယှက်နွယ်ကာ ဧရာမ ဓားကြီးတစ်လက် အဖြစ် ဖန်တီးလိုက်၏။ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို စုပ်ယူပြီး ချင်းယွင် ဓားရေတံခွန်ကို ခုတ်ပိုင်းပစ်လိုက်လေသည်။

“သောက်ကျိုးနည်း”

လူတိုင်း ထပ်မံ အံ့သြသွားကြပြန်သည်။

ယဲ့ဖုန်းဆီမှာ တတိယမြောက် အရိုးဖြူဓား ရှိနေသေးတာလား။

“ဒီ အရိုးဖြူ ဓားဝင်္ကပါ က သုံးလက်ထက် ပိုနေတာများလား... လေးလက်... ဒါမှမဟုတ် ငါးလက်အထက် ရှိနေတာလား”

“အလယ်အလတ်အဆင့် ဝိညာဉ်ဓားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဓားဝင်္ကပါ တစ်ခုလုံး ဆိုရင်... သူ့စွမ်းအားက အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခုထက် မလျော့နည်းတော့ဘူး... မြူခိုးဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က ဒီလောက် စွမ်းအားကြီးတဲ့ ဓားဝင်္ကပါကို တတ်နိုင်လောက်အောင် ခိုင်မာနေတာလား... လေးစားစရာပဲ”

ဂိုဏ်းချုပ် အသီးသီးမှာ မနာလိုလွန်း၍ မျက်ရည်ထွက်ချင်နေကြတော့သည်။

မြင့်မားသော တောင်ထိပ် တစ်ခုပေါ်တွင်...

အကြီးအကဲ ဟုန်မုံသည် ယဲ့ဖုန်း ရှေ့တွင် ပျံဝဲနေသော အရိုးဖြူဓား သုံးလက်ကို စိုက်ကြည့်နေသည်။ သူမ၏ မျက်လုံးများထဲတွင် မသေချာသော အရိပ်အယောင်များ ပေါ်လာပြီး လေးနက်စွာ ရေရွတ်လိုက်၏။

“ဒီ ဓားဝင်္ကပါကို ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ ခေါင်းဆောင်က လက်ဆောင်ပေးလိုက်တာများလား”

ကောင်းကင်ယံတွင်...

ချင်းယွင်ကျန်းရန်သည် တုန်ခါနေသော ချင်းယွင်ဓားကို ဆုပ်ကိုင်ထားရင်း မျက်ခွံများ တဆတ်ဆတ် ခုန်နေသည်။

“မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး... မြူခိုးဂိုဏ်းက ဒီလောက် စွမ်းအားကြီးတဲ့ ဝိညာဉ်လက်နက်ကို ဘယ်လိုလုပ် တတ်နိုင်မှာလဲ... ဒါ အစစ် မဖြစ်နိုင်ဘူး”

“အစစ်လား အတုလား ဆိုတာ တစ်ချက်ကြည့်လိုက်ရင် သိမှာပေါ့”

လူတိုင်း၏ တုန်လှုပ်ချောက်ခြားနေသော အကြည့်များအောက်တွင်၊ ယဲ့ဖုန်းသည် နောက်ထပ် အရိုးဖြူဓား (၆) လက်ကို ထပ်မံ ထုတ်လွှတ်လိုက်ရာ စုစုပေါင်း (၉) လက် ဖြစ်သွားလေသည်။

တောင်များနှင့် ပင်လယ်များကဲ့သို့ ကျယ်ပြောလှသော ကြောက်မက်ဖွယ် အရှိန်အဝါကြီး တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး၊ ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေကာ ဝိညာဉ်အားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

ကောင်းကင်ကြီးပင် မှေးမှိန်သွားသကဲ့သို့ ဖြစ်သွားသည်။

“စိတ်မကောင်းစရာပဲ... စောစောက ငါ့စွမ်းအား ဆယ်ပုံတစ်ပုံလောက်ပဲ သုံးလိုက်ရသေးတာ... အခုမှ အရိုးဖြူ ဓားဝင်္ကပါ ရဲ့ စွမ်းအားအစစ်ကို ပြမယ်”

ယဲ့ဖုန်း အေးဆေးစွာ ရေရွတ်လိုက်၏။

နောက်တစ်ခဏတွင် သူသည် အဝေးမှ ချင်းယွင်ကျန်းရန် ကို လက်ညှိုးထိုးပြလိုက်လေသည်။

All Chapters