အခန်း (၂၃၂-၂၃၄)
Vol. 16 Ch. 232-234
အခန်း (၂၃၂) - ချင်းယွင်ကျောက်စိမ်းနှင့် သစ်မာလွင်ပြင် မြေအောက်
~“ဝူး…”
အရိုးဖြူဓား (၉) လက်သည် ရုတ်တရက် ခုတ်ပိုင်းချလိုက်လေသည်။
ချင်းယွင်ကျန်းရန် အံ့သြထိတ်လန့်သွားပြီး၊ ချင်းယွင်ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ စိမ်းပြာရောင် ဓားဒိုင်းကာ ဒါဇင်ပေါင်းများစွာကို ခန္ဓာကိုယ်ပတ်လည်တွင် ဖန်တီးလိုက်လေ၏။
“ဝီ…”
အရိုးဖြူဓား (၉) လက်သည် သူ့ကို ဝိုင်းရံထားပြီး၊ အကာအကွယ်မဲ့နေသော သားကောင်ကို ဝိုင်းဝန်းစားသောက်နေသည့် ငါးအုပ်တစ်အုပ်ကဲ့သို့၊ အပေါ်ယံရှိ စိမ်းပြာရောင် ဓားဒိုင်းကာများကို တစစီ ကိုက်ဖြတ်စားသောက်လိုက်လေသည်။
“အား...”
ကြောက်မက်ဖွယ်ရာ အော်ဟစ်သံနှင့်အတူ ချင်းယွင်ကျန်းရန်သည် ဓားနှင့်တကွ လွင့်စင်သွားပြီး၊ ဥက္ကာခဲ တစ်လုံးကဲ့သို့ မြေကြီးပေါ်သို့ ပြုတ်ကျသွားလေသည်။ သူ့ဝတ်ရုံများ စုတ်ပြဲသွားပြီး ဆက်လက် တိုက်ခိုက်ရန် အင်အား မရှိတော့ချေ။
“ပြီးပြီ”
ယဲ့ဖုန်းက စိတ်အာရုံဖြင့် ထိန်းချုပ်လိုက်ရာ အရိုးဖြူဓား (၉) လက်သည် သူ့ထံသို့ ပြန်ရောက်လာတော့သည်။ ဓားတစ်လက်က သူ့ကို သယ်ဆောင်ထားပြီး ကျန် (၈) လက်က ဘေးပတ်လည်တွင် ဝိုင်းရံကာ ကာကွယ်ပေးထားသည်။
“ခင်ဗျား ရှုံးပြီ... ချင်းယွင်ကျောက်စိမ်း ပေးတော့”
ယဲ့ဖုန်း အေးစက်စွာ ပြောလိုက်ပြီး မြေပြင်ပေါ်ရှိ ချင်းယွင်ကျန်းရန် ထံသို့ လက်ဖြန့်တောင်းလိုက်၏။
ချင်းယွင်ကျန်းရန်သည် မြေပြင်ပေါ်တွင် ပက်လက် လန်နေသည်။ ချင်းယွင်ဓားသည် သူ့ဘေးတွင် စိုက်ဝင်နေပြီး တုန်ခါနေဆဲ ဖြစ်သည်။ သူသည် တုန်ယင်နေသော လက်ချောင်းဖြင့် ယဲ့ဖုန်းကို ညွှန်ပြရင်း၊ ဒေါသထွက်လွန်းသဖြင့် သွေးအန်ကာ သတိလစ်သွားလေသည်။
“ဟေး... သတိထားဦးလေ... သေသွားဦးမယ်”
ယဲ့ဖုန်း အမြန်ဆင်းသက်ပြီး ချင်းယွင်ကျန်းရန် သေမသွားစေရန် အသက်ရှူလမ်းကြောင်းကို ဖိနှိပ်ပေးလိုက်ရ၏။
ဘေးပတ်ဝန်းကျင် တောင်ကုန်းများပေါ်တွင်...
ကြည့်ရှုသူများသည် ပါးစပ်အဟောင်းသား ဖြစ်နေကြတော့သည်။
‘ယဲ့ဖုန်း နိုင်သွားပြီ။
ပြီးတော့ တကယ့်ကို အပြတ်အသတ် အနိုင်ယူလိုက်တာ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။’
အကြီးအကဲ ဟုန်မုံသည် စွမ်းအားကြီးသော အရိုးဖြူ ဓားဝင်္ကပါကို စိုက်ကြည့်ရင်း သေချာပေါက် ရေရွတ်လိုက်၏။
“မမှားနိုင်ဘူး... ဒါ သေချာပေါက် ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ ခေါင်းဆောင် မိုထျန်းလုံ ပေးလိုက်တဲ့ ဓားဝင်္ကပါပဲ... ဒါကြောင့် ဒီလောက် စွမ်းအားကြီးနေတာကိုး”
ယွင်ဟွာကျန်းရန်သည် နဖူးမှ ချွေးစေးများကို သုတ်လိုက်ပြီး သက်ပြင်းချလိုက်၏။
သူက မြူခိုးဂိုဏ်းနှင့် ထာဝရ မဟာမိတ် ဖွဲ့ထားကြောင်း ကြေညာကာစမို့ ယဲ့ဖုန်း မရှုံးပါစေနှင့်ဟု ဆုတောင်းနေခဲ့သည်။ သို့ရာတွင်၊ ယခုလောက် လွယ်လွယ်ကူကူ အနိုင်ရသွားလိမ့်မည်ဟုတော့ ထင်မထားခဲ့မိပါ။
“ဂိုဏ်းချုပ်ယဲ့ ဆိုတဲ့ နာမည်နဲ့ တကယ် ထိုက်တန်ပါတယ်... ပြီးခဲ့တဲ့ အခေါက်တုန်းကလည်း ချင်းယွင်ကျန်းရန်ကို အနိုင်ယူခဲ့တယ်... ဒီတစ်ခေါက်လည်း ထပ်နိုင်ပြန်ပြီ... သူ့ခွန်အားက အဆုံးမရှိတဲ့ တွင်းနက်ကြီး လိုပဲ”
---
တွင်းထဲဝယ်...၊
လူနာပြုစုနည်း အမျိုးမျိုး သုံးပြီးနောက် ချင်းယွင်ကျန်းရန် သတိပြန်ရလာသည်။ မျက်လုံးဖွင့်လိုက်သည်နှင့် ယဲ့ဖုန်း၏ စိုးရိမ်ပူပန်နေသော မျက်နှာကို တွေ့လိုက်ရ၏။
“သတိရလာပြီလား... ချင်းယွင်ကျောက်စိမ်း ပေးတော့”
ယဲ့ဖုန်း ပြောလိုက်၏။
ဒါကို ကြားတော့ ချင်းယွင်ကျန်းရန် ခြေထောက်များ ကန်ကျောက်ကာ ဒေါသထွက်လွန်းလို့ ထပ်မံ သတိလစ်သွားပြန်သည်။ သွေးအန်ပြီး သေလုနီးပါး ဖြစ်သွားသည်။
“ဘာလို့ ထပ်မေ့လဲသွားပြန်တာလဲ”
ယဲ့ဖုန်းခမျာ ပြောစရာ စကားမရှိ ဖြစ်သွားပြီး အသက်ရှူလမ်းကြောင်းကို ထပ်မံ ဖိနှိပ်ပေးလိုက်ရ၏။
အတော်လေး ကြိုးစားပြီးမှ ချင်းယွင်ကျန်းရန် သတိပြန်ရလာသည်။
“ရော့ကွာ”
ချင်းယွင်ကျန်းရန် စိတ်ပျက်လက်ပျက် ပြောလိုက်ပြီး ချင်းယွင်ကျောက်စိမ်းကို မြေပေါ်သို့ ပစ်ချလိုက်၏။ ထို့နောက် ချင်းယွင်ဓားကို ကောက်ယူပြီး အသိစိတ်မကပ်နေသော လူတစ်ယောက်လို အဝေးသို့ ပျံသန်းထွက်ခွာသွားလေသည်။
လိုက်ပါလာသော ချင်းယွင်ဂိုဏ်း အကြီးအကဲများနှင့် တပည့်များသည် မျက်နှာကို လက်ဝါးဖြင့် အုပ်ကာ ရှက်ရွံ့စွာဖြင့် ထွက်ပြေးသွားကြသည်။
ထိုသို့ဖြင့် ကြီးကျယ်သော တိုက်ပွဲကြီး ပြီးဆုံးသွားလေ၏။
ယဲ့ဖုန်းသည် ချင်းယွင်ကျောက်စိမ်းနှင့် အရိုးဖြူ ဓားဝင်္ကပါကို သိမ်းဆည်းလိုက်ပြီး၊ ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများကို လက်ပြနှုတ်ဆက်ကာ ယွင်ဟွာတောင်ထိပ်သို့ ပြန်သွားလေသည်။
စားသောက်ပွဲ ပြန်လည် စတင်သည်။
ယဲ့ဖုန်းသည် အဓိက ဂိုဏ်းကြီးများမှ ဂိုဏ်းချုပ်များနှင့် ရောနှောကာ ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေသည်။
မကြာမီ စားသောက်ပွဲ ပြီးဆုံးသွားလေ၏။
“လူကြီးမင်းတို့... နောက်မှ ပြန်တွေ့ကြတာပေါ့ဗျာ”
ယဲ့ဖုန်းသည် လူအုပ်ကြီးကို ဦးညွှတ် နှုတ်ဆက်လိုက်သည်။ ထို့နောက် မြူခိုးဂိုဏ်း တပည့်များနှင့်အတူ ကောင်းကင်သို့ ပျံတက်သွားကာ လေးစားအားကျသော အကြည့်များအောက်တွင် မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားလေတော့သည်။
ထိုအချိန်တွင် လူတစ်ယောက် အပြေးအလွှား ရောက်ရှိလာပြီး၊ ယဲ့ဖုန်း ပျောက်ကွယ်သွားရာ ဘက်သို့ လက်ညှိုးထိုးကာ စကားထစ်နေသဖြင့် ယွင်ဟွာကျန်းရန် ထံသို့ စာတစ်စောင် ပေးလိုက်ရ၏။
“ဘာပြောလိုက်တယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝက်ကြီးနဲ့ မိကျောင်းကြီး ဖူယွင်တောအုပ်မှာ အကြီးအကျယ် တိုက်ခိုက်ခဲ့ကြပြီး သွေးမျိုးဆက် အသွင်ပြောင်းလဲမှု အောင်မြင်ခဲ့ကြတယ်... အဲ့ဒီ နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်နှစ်ကောင်လုံးကို ဂိုဏ်းချုပ်ယဲ့ က လွယ်လွယ်လေး သတ်ပစ်လိုက်တယ် ဟုတ်လား”
ယွင်ဟွာကျန်းရန် စာကို ဖတ်ပြီးနောက် အံ့သြတကြီး အော်ဟစ်လိုက်၏။
မပြန်သေးသော ဧည့်သည်များ ထိုစကားကို ကြားသောအခါ အသက်ရှူမှားသွားကြပြီး၊ ယဲ့ဖုန်း ထွက်ခွာသွားရာ ဘက်သို့ လှမ်းကြည့်ကာ ပြောစရာ စကားမဲ့နေကြသည်။
အကြီးအကဲ ဟုန်မုံ၏ မျက်လုံးများ စူးရှသွားသည်။
ယဲ့ဖုန်း ယခုလောက်ထိ သန်မာမည်ဟု သူမ ထင်မထားခဲ့မိပါ။ နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်နှစ်ကောင်ကို သတ်နိုင်သည်တဲ့လား။
ဒါ အရိုးဖြူ ဓားဝင်္ကပါ ရဲ့ စွမ်းအားအစစ်လား။
ဒီအချက်ကို တွေးမိပြီး သူမသည် ချင်ဖင်းနှင့် ချင်ဝမ် တို့ကို ခရိုင်ဘုရင်မြို့တော်သို့ ပြန်လွှတ်လိုက်ပြီး၊ သူမကိုယ်တိုင်ကတော့ ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့ ဆီသို့ အမြန်ဆုံး ပျံသန်းသွားလေသည်။ မိုမင်ရှီကို အရိုးဖြူ ဓားဝင်္ကပါ အကြောင်း မေးမြန်းရန် ဖြစ်သည်။
ဧည့်သည်များ တဖြည်းဖြည်း လူစုခွဲသွားကြ၏။
သူတို့နှင့်အတူ အလွန် တုန်လှုပ်ဖွယ် ကောင်းသော သတင်းနှစ်ပုဒ် ဂယက်ရိုက်သွားလေသည်။
ပထမသတင်းက ယဲ့ဖုန်း လူအများရှေ့မှာ ချင်းယွင်ကျန်းရန်ကို အနိုင်ယူလိုက်ခြင်း။
ဒုတိယသတင်းက ယဲ့ဖုန်း နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်နှစ်ကောင်ကို သတ်ဖြတ်လိုက်ခြင်း။
သတင်းများ ပျံ့နှံ့သွားသည်နှင့် မိုင်ထောင်ချီ ကျယ်ဝန်းသော ဧရိယာတစ်ခုလုံး မုန်တိုင်း ဝင်ရောက်လာသကဲ့သို့ လှုပ်ခတ်သွားသည်။ နတ်ဘုရား လေ မြို့တော် ၊ မြင့်မြတ်သော လေဓားဂိုဏ်း၊ ခရိုင်ဘုရင်မြို့တော် စသော ဝေးကွာသော နေရာများအထိ ရောက်ရှိသွားတော့သည်။
လုအများဧ။် စိတ်ထဲ၌:
‘နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်ကို သတ်တယ် ဟုတ်လား။
မယုံနိုင်စရာပဲ။
ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်မှာ အဆင့်တူ အချင်းချင်း သတ်ဖြတ်ဖို့ ခက်ခဲတယ် ဆိုတာ လူတိုင်း သိကြသည်။ ရှုံးနေရင်တောင် အသက်လုပြီး ထွက်ပြေးလို့ ရသေးတာကိုး။
ဒါပေမဲ့ ယဲ့ဖုန်းက အမြစ်ဖြတ် သတ်ဖြတ်ပစ်လိုက်တာ။
ဒါ ဘာကို ဆိုလိုတာလဲ။ သူ့ခွန်အားက နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်ထက် အများကြီး သာလွန်နေတယ် ဆိုတာပဲ။ ဝိညာဉ်ပင်လယ်အဆင့် နဲ့ မယှဉ်နိုင်ရင်တောင် သုံးပုံတစ်ပုံလောက်တော့ နီးစပ်နေပြီ။
ဘုရားရေ။ တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးကို ကြည့်လိုက်ရင် ဒီလို ခွန်အားမျိုးက ထိပ်တန်းအဆင့်ပဲမလား။’
---
မြူခိုးတောင်ထိပ်မှာ ဖြစ်ပါ၏။
ယဲ့ဖုန်းသည် သံရည်ကျိုမီးဖို ရှေ့တွင် ခြေချိတ်ထိုင်နေပြီး၊ အနိုင်ရရှိထားသော ချင်းယွင်ကျောက်စိမ်းကို ကိုင်ကာ မီးဖိုနှင့် ဆက်သွယ်နေသည်။
မည်သည့် ဝိညာဉ်လက်နက် သွန်းလုပ်နိုင်သနည်း၊ မည်သည့် ပစ္စည်းများ လိုအပ်သနည်း ဆိုတာကို မေးမြန်းနေခြင်း ဖြစ်သည်။
စနစ် နေရာလပ် ထဲတွင် မွှေနှောက်ရှာဖွေပြီးနောက်၊ ယဲ့ဖုန်းသည် အဖိုးတန် ပစ္စည်း ဒါဇင်ကျော်ကို ထုတ်ယူလိုက်ပြီး၊ အားလုံးကို သန့်စင်ကာ ချင်းယွင်ကျောက်စိမ်းနှင့် အတူ မီးဖိုထဲသို့ ထည့်လိုက်၏။
(၁၀) မိနစ် ကြာသောအခါ...
မီးဖိုအဖုံး ပွင့်သွားပြီး အလင်းရောင်များ ထွက်ပေါ်လာသည်။
လက်ဖဝါး အရွယ်အစားခန့် ရှိသော အပြာရောင် သံလိုက်အိမ်မြှောင်လေး တစ်ခု ယဲ့ဖုန်း လက်ထဲသို့ ရောက်ရှိလာသည်။
[ အဆင့်မြှင့်တင်မှု စွမ်းအင်: ၂၆.၈% ]
“နောက်ထပ် တစ်ရာခိုင်နှုန်း တက်လာတာ မဆိုးပါဘူး... ဒီ သံလိုက်အိမ်မြှောင်က ဘာလုပ်နိုင်လဲ ကြည့်ရအောင်”
ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်၏။
[ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်: အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ]
[ မှတ်ချက်: ချင်းယွင်ကျောက်စိမ်း၊ ဝိညာဉ်အလင်း ကျောက်မျက်ရတနာနှင့် အခြား ပစ္စည်းများဖြင့် သွန်းလုပ်ထားသည်။ ကောင်းကင် နှင့် မြေကြီး ရတနာများ၏ အရှိန်အဝါကို အာရုံခံနိုင်ပြီး နေရာကို ရှာဖွေပေးနိုင်သည်။ အသုံးမပြုမီ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံး ထည့်သွင်းရမည်။ ရှာဖွေနိုင်မှု အကွာအဝေးမှာ မိုင် (၁၀၀) အတွင်း ဖြစ်သည်။ ]
“ရတနာရှာတဲ့ ဝိညာဉ်လက်နက် ဟုတ်လား... မဆိုးဘူး”
ယဲ့ဖုန်း အံ့သြဝမ်းသာ ဖြစ်သွားသည်။
သူသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထည့်သွင်းပြီး သံလိုက်အိမ်မြှောင်ကို အသက်သွင်းလိုက်၏။ ထိုအခါ ညွှန်တံသည် ဆက်တိုက် လည်ပတ်နေပြီး၊ နောက်ဆုံးတွင် ဝိညာဉ်စမ်းရေတွင်း နှင့် သန့်စင်ခြင်း ကြာပန်းစိမ်း ရှိရာဘက်သို့ ညွှန်ပြနေသည်ကို တွေ့လိုက်ရ၏။
“ဂိုဏ်းချုပ်ဦးလေး... ဒါ ဘာ ဝိညာဉ်လက်နက်လဲ”
ရှီလေ့က သံလိုက်အိမ်မြှောင်ကို ညွှန်ပြရင်း မေးလိုက်၏။ ညွှန်တံ ဦးတည်ချက်က သာမန် သံလိုက်အိမ်မြှောင်နဲ့ မတူတော့ စပ်စုချင်လာသည်။
“ဒါက ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ပါ... သတ်မှတ်ထားတဲ့ အကွာအဝေး အတွင်းမှာ ရတနာတွေကို ရှာဖွေပေးနိုင်တယ်... သူ့ညွှန်တံက အဖိုးတန်ဆုံး ရတနာ ရှိတဲ့ဘက်ကို ညွှန်ပြလေ့ ရှိတယ်”
ယဲ့ဖုန်း ရှင်းပြလိုက်၏။
“အံ့သြစရာ ကောင်းလိုက်တာ”
ရှီလေ့ မျက်လုံး ပြူးသွားသည်။
ထိုအချိန်တွင် ယဲ့ဖုန်း သစ်မာလွင်ပြင် အကြောင်းကို သတိရသွားသည်။
“ချင်းယွင်ကျန်းရန် နဲ့ မတိုက်ခင်တုန်းက သူက သစ်မာလွင်ပြင် အတွက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၃၀) တန်တဲ့ ချင်းယွင်ကျောက်စိမ်းကို လောင်းကြေး ထပ်ခဲ့တယ်... ဆိုလိုတာက သစ်မာလွင်ပြင်ရဲ့ တန်ဖိုးက အလွန် ကြီးမားနေလို့ပဲ... ချင်းယွင်ကျောက်စိမ်းထက် အများကြီး ပိုတန်ဖိုးရှိနေတယ်”
ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်၏။ သူ.. တစ်ခုခု မူမမှန်တာ ခံစားမိလိုက်၏။
“လာ... သစ်မာလွင်ပြင်ကို သွားကြည့်ကြစို့”
---
ကျွန်းပေါင်းတစ်သောင်းမဟာမိတ်အဖွဲ့။
အကြီးအကဲ ဟုန်မုံသည် အဓိကကျွန်းကြီးပေါ်သို့ ရောက်ရှိလာသည်။
မိုင်ဆယ်ဂဏန်း ကျယ်ဝန်းသော အပြာရောင် အကာအကွယ် အမိုးခုံးကြီးကို ကြည့်ရင်း နတ်ဘုရားအာရုံဖြင့် စစ်ဆေးလိုက်ရာ အလွန် ခိုင်ခံ့ကြောင်း တွေ့ရှိလိုက်ရ၏။ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရှိသော သူမ မပြောနှင့်၊ ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်တောင် ဖောက်ထွက်နိုင်ဖို့ မလွယ်ကူပေ။
“မင်ရှီ... ငါပါ”
အကြီးအကဲ ဟုန်မုံသည် စာပို့စက္ကူကြိုးကြာငှက်လေးကို ထုတ်ယူပြီး မိုမင်ရှီနှင့် ဆက်သွယ်လိုက်၏။
ခန်းမဆောင်ကြီး အတွင်း...
အရိုးဖြူ ဓားဝင်္ကပါသည် မဟာမိတ်ခေါင်းဆောင် ပေးလိုက်သော လက်ဆောင် မဟုတ်ကြောင်း ကြားသိလိုက်ရသောအခါ အကြီးအကဲ ဟုန်မုံ အကြီးအကျယ် တုန်လှုပ်သွားသည်။
“အရိုးဖြူ ဓားဝင်္ကပါ က အရမ်း စွမ်းအားကြီးတယ်... ဝိညာဉ်ပင်လယ်အဆင့် ရန်သူ မဟုတ်ရင်တောင်၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့် ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်စွမ်း ရှိတယ်... တကယ် အစွမ်းထက်တယ်”
ဒါကို ကြားတော့ မိုမင်ရှီ တစ်ခုခု လွဲနေသလို ခံစားလိုက်ရ၏။
“အကြီးအကဲ ငှက်ပြာ ပြောတာတော့... ဆရာသခင်ယဲ့ က တစ်ရက်တည်းနဲ့ နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်နှစ်ကောင်ကို သတ်ပစ်လိုက်တယ်တဲ့... အဲ့ဒီသတင်းက အမှန် ဖြစ်ပြီး သူက အစ်မ ပြောတဲ့ အရိုးဖြူ ဓားဝင်္ကပါကို အားကိုးပြီး သတ်လိုက်တာများလား”
“သေချာပေါက် ဖြစ်နိုင်တာပေါ့”
အကြီးအကဲ ဟုန်မုံ ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်၏။
မိုမင်ရှီ အံ့သြသွားသည်။
မူလက သူမ ထင်ထားတာ ယဲ့ဖုန်း ဆိုတာ ထူးချွန်သော ဝင်္ကပါဆရာ တစ်ယောက်ပင်၊ တိုက်ခိုက်ရေး စွမ်းရည် သိပ်မရှိဟူ၍။ သို့ရာတွင်၊ သူက နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်တွေကိုတောင် သတ်နိုင်သည့် အရိုးဖြူ ဓားဝင်္ကပါကို ပိုင်ဆိုင်ထားသည် ဆိုတော့၊ ဝိညာဉ်ပင်လယ်အဆင့် အောက်မှာ ပြိုင်ဘက်ကင်း ဖြစ်နေပြီ မဟုတ်ပါလော။
“ဝင်္ကပါဆရာတွေက တော်တော် ချမ်းသာကြတာကိုး... ဒီလို ဓားဝင်္ကပါမျိုး သွန်းလုပ်နိုင်တယ် ဆိုတာ သိပ်တော့ မထူးဆန်းပါဘူး”
နောက်ဆုံးတော့ မိုမင်ရှီ.. ဒီလိုသာ ကောက်ချက်ချလိုက်တော့၏။
ထို့နောက်၊ သူမနှင့် အကြီးအကဲ ဟုန်မုံတို့သည် လက်ဖက်ရည် သောက်ရင်း အချိန်ဖြုန်းနေလိုက်ကြသည်။
---
သစ်မာလွင်ပြင်ဝယ်၊
ယဲ့ဖုန်းနှင့် ရှီလေ့ အပါအဝင် တပည့်အချို့ ရောက်ရှိနေကြသည်။
ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်၏ လမ်းညွှန်မှုဖြင့် ယဲ့ဖုန်း ရှာဖွေကြည့်ရာ ရတနာ ဆိုသည်မှာ မြေအောက်နက်ရှိုင်းသော နေရာတွင် ရှိနေကြောင်း သိလိုက်ရသည်။ သို့သော်လည်း နေရာအတိအကျကို ရှာဖွေရန် မလွယ်ကူပေ။
“ဒီ အသုံးမကျတဲ့ ဝိညာဉ်လက်နက်... တည်နေရာ ရှာတာ ညံ့လိုက်တာ”
ယဲ့ဖုန်း သံလိုက်အိမ်မြှောင်ကို ပုတ်လိုက်၏။ မိုင်ဆယ်ဂဏန်း အတွင်းမှာ အတိအကျ မရှာပေးနိုင်တာ စိတ်ပျက်စရာ ကောင်းသည်။
သူ အလိမ်ခံလိုက်ရသလို ခံစားနေရ၏။
“မြေအောက် တစ်ခုလုံး ရတနာတွေ ပြည့်နှက်နေတာများလား”
ယန်ရူယွီ ခေါင်းစောင်းပြီး စဉ်းစားကာ ပြောလိုက်သည်။
“ဖြစ်နိုင်ပါ့မလား”
အခြားသူများက မဖြစ်နိုင်ဘူးဟု ထင်နေကြ၏။
“ဒီလို လုပ်ကြမယ်... သစ်မာလွင်ပြင် တစ်ခုလုံး ဖြန့်ပြီး ရှာကြမယ်... တံဆိပ်ပြားတွေကို ကိုင်ထား... ငါက အောက်ဘက်ကို ဆက်တူးမယ်... မင်းတို့က 'မြေလျှိုးမန္တန်' သုံးပြီး အောက်ကို ဆင်းကြည့်... တစ်ခုခု တွေ့တာနဲ့ ချက်ချင်း အကြောင်းကြား”
ယဲ့ဖုန်း အစီအစဉ်သစ် ချမှတ်လိုက်၏။
“ဟုတ်ကဲ့ပါ”
တပည့်များ လျင်မြန်စွာ လူစုခွဲလိုက်ကြသည်။
အစ်ကိုကြီး ခေါင်းပြား၊ ရေပေါ်ဖြူ အင်မော်တယ် (၅) ပါး၊ မြေခွေးဖြူလေး၊ ရွှေရောင် ရှဉ့်လေး နှင့် အခြား ဂိုဏ်းစောင့် ဝိညာဉ်သားရဲများပါ တူးဆွ ရှာဖွေကြလေသည်။
မြေအောက် မီတာ (၂၀) အကွာတွင်...
ယဲ့ဖုန်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မီးခိုးရောင် မာကျောသော မြေသားများကို တွေ့လိုက်ရ၏။ သူသည် လက်တစ်ဖက်ဖြင့် အရိုးဖြူဓား သုံးလက်ကို ထိန်းချုပ်ပြီး ဆက်တိုက် တူးဖော်နေသည်။
မြေအောက် မီတာ (၃၀၀) အကွာတွင်...
'မြေလျှိုးမန္တန်' သုံးပြီး အရင်ဆုံး ရောက်ရှိသွားသော မိုယင်သည် ထိုးဖောက်၍ မရနိုင်သော ဧရာမ ကျောက်တုံးကြီး တစ်တုံးကို တွေ့ရှိလိုက်ရ၏။
'အောက်ခြေ ကျောက်လွှာကို တွေ့ပြီ'
မိုယင်က ချက်ချင်း အကြောင်းကြားလိုက်သည်။
'ဒီဘက်မှာလည်း ကျောက်လွှာ တွေ့တယ်... အရမ်း မာကျောလွန်းလို့ အဆင့်နိမ့် ဝိညာဉ်လက်နက်နဲ့တောင် ဖောက်လို့ မရဘူး... ဘာနဲ့ လုပ်ထားလဲ မသိဘူး'
ဟု ရှီလေ့က ပြန်ပြောလိုက်၏။
'ဒီမှာလည်း အတူတူပဲ'
'ဒီဘက်မှာလည်း တူတူပဲ'
မကြာမီ ယဲ့ဖုန်းသည် မီတာ (၂၀၀) အထိ တူးဖော်ပြီးနောက် ပြန့်ပြူးသော ကျောက်နံရံကြီး တစ်ခုကို တွေ့လိုက်ရ၏။ အခြားသူများ ရောက်ရှိနေသော အနက်နှင့် မတူပေ။ ကြည့်ရတာ အောက်ဘက် မီတာရာချီ အကွာအဝေး တစ်ခုလုံး ပုံသဏ္ဌာန် မမှန်သော ဧရာမ ကျောက်တုံးကြီး တစ်တုံး ဖုံးလွှမ်းထားပုံ ရပါသည်။
“ဒေါင်…”
ယဲ့ဖုန်း အရိုးဖြူဓားဖြင့် ခုတ်ကြည့်လိုက်ရာ မီးပွားများသာ ထွက်လာပြီး မကျိုးပဲ့သွားပေ။
“အားလုံး ပြန်တက်လာခဲ့ကြပါ”
ယဲ့ဖုန်း မြေပေါ်သို့ ပြန်တက်လာပြီး လူများနှင့် ဝိညာဉ်သားရဲများကို စုရုံးလိုက်၏။
ထို့နောက် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို ထုတ်ယူလိုက်ပြီး ဓားအလင်းတန်း ဒါဇင်ကျော်ကို ထုတ်လွှတ်ကာ မီတာရာချီ ရှည်လျားသော ချောက်ကမ်းပါးကြီး တစ်ခု ဖန်တီးလိုက်၏။ အကျယ် မီတာ (၃၀)၊ အလျား မီတာ (၈၀၀) နှင့် အနက် မီတာ (၁၀၀) ကျော် ရှိသည်။
ချောက်ကမ်းပါး အောက်ခြေကို ကြည့်လိုက်ရာ ကျောက်သားပြင်ကြီး တစ်ခုလုံးကို တွေ့လိုက်ရ၏။ စောစောက စူးစမ်းမှုအရ ဆိုလျှင် ဒီကျောက်တုံးကြီးက အနည်းဆုံး မိုင်ဆယ်ဂဏန်းလောက် ရှည်လျားနေသည်။
အလွန် မာကျောပြီး ဘာပစ္စည်းလဲ ဆိုတာ ခွဲခြားမရသေးပေ။
“ဒါ ဘာကြီးလဲ”
အားလုံး သည်းကြီးမည်းကြီး စဉ်းစားခန်းဝင်နေကြသည်။
ကောင်းကင်ယံတွင်...
တိမ်တိုက်များကြား ပုန်းကွယ်နေသော ချင်းယွင်ကျန်းရန် သည် ချောက်ကမ်းပါး အောက်ခြေရှိ ကျောက်တုံးကြီးကို ကြည့်ပြီး မျက်လုံးများ ပြူးကျယ်သွားရသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သစ်မာလွင်ပြင် အောက်မှာ အဖိုးတန် ရတနာတွေ ရှိနေရမှာ မဟုတ်ဘူးလား... အခုတော့ အနားသတ် မရှိတဲ့ ကျောက်တုံးကြီး ဖြစ်နေပါလား”
နောက်တစ်ခဏတွင် သူသည် ဝတ်ရုံလက်စကို ဝှေ့ယမ်းလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားတော့သည်။
ယဲ့ဖုန်းတောင် မဖောက်နိုင်သည့် ကျောက်တုံးကြီးမှန်းသာ သိခဲ့လျှင် သူသည် ချင်းယွင်ကျောက်စိမ်းကို လောင်းကြေး ထပ်ခဲ့မှာ မဟုတ်ပါ။
အခုတော့ အကြီးအကျယ် ရှုံးနိမ့်သွားပြီ။
ချင်းယွင်ကျန်းရန် တွေးလေ စိတ်ဓာတ်ကျလေ ဖြစ်နေပြီး၊ စိတ်တံခါး ပိတ်သွားမတတ် ခံစားနေရ၏။
မြေပြင်ပေါ်တွင်...
ယဲ့ဖုန်းသည် ချောက်ကမ်းပါးထဲမှ ဧရာမ ကျောက်တုံးကြီးကို ကြည့်ရင်း မေးစေ့ကို ပွတ်သပ်လိုက်၏။
“ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် က ကောင်းကင်နဲ့ မြေကြီး ရတနာ လို့ သတ်မှတ်ထားမှတော့... ဒီကျောက်တုံးကြီးက တစ်နည်းနည်းနဲ့ အသုံးဝင်မှာ သေချာတယ်... ဆက်ပြီး ဖြန့်ရှာကြ... ကျောက်တုံးကြီးရဲ့ နယ်နိမိတ် အတိအကျကို သိရမှ ဖြစ်မယ်”
“ဟုတ်ကဲ့ပါ”
တပည့်များ ခေါင်းညိတ်လိုက်ကြပြီး ပြန်လည် လူစုခွဲလိုက်ကြသည်။
အခန်း (၂၃၃) - ဝိညာဉ်လှိုင်း ထုတ်လွှတ်သော ဓာတ်ပြားနှင့် အလွန်အမင်း တုန်လှုပ်ဖွယ်ရာ တွေ့ရှိမှု
~“ဒါနဲ့... သစ်မာလွင်ပြင်ရဲ့ နယ်နိမိတ်တွေကို အရင်ဆုံး စစ်ဆေးကြည့်တာ ပိုကောင်းမယ်”
ယဲ့ဖုန်းက နောက်ဆုံးမိနစ်တွင် ဖြည့်စွက် ပြောကြားလိုက်၏။
“ဟုတ်ကဲ့ပါ”
တပည့်များသည် ခေါင်းညိတ်လိုက်ကြပြီး သစ်မာလွင်ပြင်၏ အစွန်းဘက်သို့ ပျံသန်းသွားကြသည်။
ယဲ့ဖုန်းလည်း ကောင်းကင်သို့ ပျံတက်သွားပြီး၊ သစ်မာလွင်ပြင် တစ်ခုလုံးကို အပေါ်စီးမှ မြင်ရသည့် အမြင့်အထိ ရောက်ရှိသွားသောအခါ မမျှော်လင့်ထားသော အရာတစ်ခုကို တွေ့ရှိလိုက်ရ၏။
လွင်ပြင်က ဘဲဥပုံ ဖြစ်နေပါလား။
မြောက်ဘက်နှင့် တောင်ဘက်က အနည်းငယ် ကျဉ်းပြီး၊ အရှေ့ဘက်နှင့် အနောက်ဘက်က အနည်းငယ် ရှည်လျားနေသည်။
ဘာကြောင့် ဒီလို ဖြစ်နေလဲ ဆိုတာ ယဲ့ဖုန်း ကိုယ်တိုင်လည်း မသိပေ။
“သစ်မာလွင်ပြင်က သစ်ပင်တွေက ဘာလို့ ဒီလို ထူးထူးဆန်းဆန်း ပေါက်ရောက်နေတာလဲ”
ယဲ့ဖုန်း မေးစေ့ကို ပွတ်သပ်ရင်း သိချင်စိတ် ပြင်းပြနေမိသည်။
သို့သော် သူ့ကို ဘယ်သူမှ ပြန်မဖြေကြပေ။
ခေတ္တမျှ စဉ်းစားပြီးနောက် ယဲ့ဖုန်းသည် စောင့်ကြည့်ရေး စွမ်းရည်ကို ဖော်ဆောင်ပြီး ဧရာမ ကျောက်တုံးကြီး အကြောင်း သတင်းအချက်အလက် ရယူရန် ကြိုးစားသော်လည်း မည်သည့်အရာမှ ရှာဖွေတွေ့ရှိခြင်း မရှိပေ။
သို့သော် မြေပြင်ပေါ်ရှိ သံထင်းရှူးပင်များကို ကြည့်လိုက်သောအခါ တုံ့ပြန်မှု တစ်ခု ရရှိလိုက်၏။
[ သံထင်းရှူးပင်: ဝိညာဉ်ပစ္စည်း ]
[ ပါရမီ: မာကျောခြင်း၊ ပိုးမွှားဒဏ်ခံနိုင်ခြင်း၊ ဆွေးမြေ့ခြင်းမရှိ ]
[ မှတ်ချက်: မူလက သာမန် သံထင်းရှူးပင် ဖြစ်သော်လည်း၊ အထူးပစ္စည်း တစ်မျိုးကို စုပ်ယူမိပြီးနောက် မျိုးစိတ်သစ် တစ်ခု အဖြစ် ပြောင်းလဲသွားသည်။ သံမဏိကဲ့သို့ မာကျောသော်လည်း အလေးချိန်မှာ သာမန် သစ်သားနှင့် မထူးခြားပေ။ ဂိုဏ်းချုပ် ခန်းမဆောင်များနှင့် မျှော်စင်များ ဆောက်လုပ်ရန် အကောင်းဆုံး ပစ္စည်း ဖြစ်သည်။ အားနည်းချက်မှာ အလွန် မာကျောလွန်းသဖြင့် ဝိညာဉ်လက်နက်များ ဖော်ဆောင်မှသာ ပြုပြင်ဖန်တီးနိုင်သည်။ ]
ဒီအချက်အလက်ကို ဖတ်ပြီးနောက် ယဲ့ဖုန်း၏ မျက်လုံးများ တောက်ပသွားသည်။
‘အထူးပစ္စည်း …
ဒီ သစ်မာပင်တွေက မြေအောက်နက်ရှိုင်းတဲ့ နေရာမှာ ရှိနေတဲ့ ကျောက်တုံးကြီးဆီက စွမ်းအားအချို့ကို စုပ်ယူပြီး ပြောင်းလဲသွားတာများလား။’
ဒီလို တွေးမိတော့ မြေအောက်က ကျောက်တုံးကြီးက ပိုပြီး ထူးခြားဆန်းကြယ် နေသလို ခံစားလိုက်ရ၏။
‘ဒါပေမဲ့ အရွယ်အစားက ကြီးမားလွန်းတယ်။ အခုထိ ဘယ်လောက် နက်ရှိုင်းလဲ ဆိုတာ သူ အပြည့်အဝ နားမလည်သေးဘူး။ တောင်တန်းကြီး တစ်ခုလို အဆုံးမရှိ ပြန့်ကားနေပြီး ဘယ်လိုမှ ယူဆောင်သွားလို့ မရနိုင်တာမျိုးများ ဖြစ်နေမလား။’
ထိုစဉ်၊
'ဂိုဏ်းချုပ်... နယ်နိမိတ် အစွန်းကို ရှာတွေ့ပါပြီ'
မိုယင်က သတင်းပို့လိုက်၏။
'သစ်မာလွင်ပြင်ရဲ့ အစွန်းအတိုင်း ဆင်းသွားကြည့်တော့ ကျောက်တုံးကြီးရဲ့ အစွန်းက လွင်ပြင်ပုံစံနဲ့ ဆင်တူနေတာ တွေ့ရတယ်... ကျွန်မ ဆက်ပြီး ဆင်းကြည့်နေတယ်... ဟေ... ဒီကျောက်တုံးကြီးက တော်တော် နက်တာပဲ... (၁၀) မိုင်ကျော်နေပြီ အောက်ခြေ မတွေ့သေးဘူး'
ဒါကို ကြားတော့ ယဲ့ဖုန်း တိတ်တဆိတ် အံ့သြသွားသည်။
ထို့နောက် အခြား တပည့်များဆီမှ သတင်းများ ဆက်တိုက် ရောက်လာသည်။
'ဂိုဏ်းချုပ်ဦးလေး... ကျွန်တော်လည်း အစွန်းကို တွေ့လို့ ဆင်းကြည့်နေပါတယ်'
'ဒီမှာလည်း အတူတူပဲ'
'...'
တပည့်များ တစ်ယောက်ပြီး တစ်ယောက် ပြန်လည် ဖြေကြားကြသည်။
ယဲ့ဖုန်းသည် ကောင်းကင်ယံ အမြင့်မှ ကျယ်ပြန့်သော မြေပြင်ကို ငုံ့ကြည့်ရင်း၊ သစ်မာလွင်ပြင်၏ မြေအောက်ပိုင်းသည် ပိုမို လျှို့ဝှက်ဆန်းကြယ်နေသည်ဟု ခံစားလိုက်ရ၏။
အခြားရတနာများကို မဆိုထားနှင့်၊ မြေကြီးထဲ၌ မြှုပ်နှံထားသော ဤကျောက်တုံးကြီး တစ်ခုတည်းဖြင့်ပင် တန်ဖိုးဖြတ်၍ မရနိုင်အောင် ရှိနေ၏။ အကြောင်းရင်းမှာ ထိုအရာသည် အလွန်အမင်း မာကျောလှသောကြောင့် ဖြစ်သည်။
အကယ်၍သာ ဤအရာကို တူးဖော်နိုင်ခဲ့လျှင် မြူခိုးဂိုဏ်း၏ အနာဂတ်အတွက် အခြေခံအုတ်မြစ် ဖြစ်လာမည်မှာ သေချာ၏။ သို့သော် ကျောက်တုံးကြီး၏ အရွယ်အစား အတိအကျကို မသိရှိရသေးသဖြင့် ယခုလက်ရှိတွင်မူ စိတ်ကူးသက်သက်မျှသာ ဖြစ်နေသေးသည်။
တစ်နာရီ ကြာသောအခါ...
တပည့်များ အားလုံး မြေပေါ်သို့ ပြန်ရောက်လာကြပြီး မောပန်းနွမ်းနယ်နေကြသည်။
သူတို့ ပေးပို့သော အချက်အလက်များအပေါ် အခြေခံပြီး ယဲ့ဖုန်းသည် သူရဲကောင်း ဝိညာဉ်စွမ်းအင်ကို ဖော်ဆောင်၍ သဲပုံတစ်ပုံ ဖန်တီးကာ အကြမ်းဖျင်း ပုံဖော်ကြည့်လိုက်၏။ ထူးဆန်းသော ပုံသဏ္ဌာန် တစ်ခု ပေါ်လာသည်။
“ဒါက ကြမ်းတမ်းလွန်းတယ်... ဘာပုံမှန်းတောင် ခန့်မှန်းလို့ မရဘူး”
ယဲ့ဖုန်း ရေရွတ်လိုက်၏။
“ကျောက်တုံးကြီးက အရမ်းကြီးတယ်... ပြီးတော့ လူအင်အားက နည်းလွန်းတယ်... မိုင်ဆယ်ဂဏန်းလောက် နက်ရှိုင်းတယ် ဆိုတာပဲ သိရတယ်... ဘာပုံလဲ ဆိုတာတော့ ပုံဖော်လို့ မရဘူး”
ကျီဇီလင်းက မောဟိုက်စွာ ပြောလိုက်၏။
ဒါက "မြေလျှိုးမန္တန်" ကို အလွန်အကျွံ သုံးစွဲလိုက်ရခြင်း၏ အကျိုးဆက်ပင်။ ပြန်လည် ကောင်းမွန်လာဖို့ အချိန်အတိုင်းအတာ တစ်ခု ယူရဦးမည်။
“တွင်းကို ပြန်ဖို့လိုက်ကြ”
ယဲ့ဖုန်း အမိန့်ပေးလိုက်၏။
ဘာမှ ရှာမတွေ့မှတော့ မရှာတာက ပိုကောင်းသည်။ ဘာပဲဖြစ်ဖြစ် သစ်မာလွင်ပြင်က ရေပေါ်ဖြူမြို့တော် ပိုင်သည်ပဲလေ။ ရေပေါ်ဖြူမြို့တော်ကလည်း သူ့လက်အောက်ခံပင်။ နောက်မှ အေးဆေး စုံစမ်းလို့ ရပါသည်။
ရုတ်တရက် ယဲ့ဖုန်း စိတ်ကူးတစ်ခု ရသွားပြီး စိတ်ထဲကနေ မေးလိုက်၏။
'စနစ်ရေ... တုန်ခါမှု တုံ့ပြန်ချက် ကို အခြေခံပြီး ပစ်မှတ်ရဲ့ ပုံသဏ္ဌာန်ကို ဖော်ပြပေးနိုင်တဲ့ ဝိညာဉ်လက်နက်မျိုး ဖန်တီးလို့ ရမလား'
[ ရပါတယ်.. ]
စနစ်က ပြန်ဖြေလိုက်၏။
ယဲ့ဖုန်းသည် သံရည်ကျိုမီးဖိုကို အမြန် ထုတ်ယူလိုက်ပြီး စိတ်အာရုံဖြင့် ဆက်သွယ်ကာ၊ သန့်စင်ပြီးသား ပစ္စည်း ဒါဇင်ကျော်နှင့် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၈) တုံးကို ရွေးချယ်ပြီး နေရာမှာတင် စတင် သွန်းလုပ်လိုက်လေသည်။
“ဂိုဏ်းချုပ်က ဘာလုပ်မလို့လဲ”
တပည့်များအားလုံး သိချင်စိတ် ပြင်းပြနေကြသည်။
(၁၀) မိနစ် ကြာသောအခါ...
[ အဆင့်မြှင့်တင်မှု စွမ်းအင်: ၂၇.၈% ]
သံရည်ကျိုမီးဖိုမှ အသိပေးသံ ထွက်ပေါ်လာပြီးနောက်၊ အဖုံးသည် ကောင်းကင်သို့ ပွင့်ထွက်သွားပြီး ရောင်စုံအလင်းတန်းများနှင့်အတူ ဓာတ်ပြားပုံသဏ္ဌာန် ဝိညာဉ်လက်နက် တစ်ခု ပေါ်ထွက်လာလေသည်။
[ ဝိညာဉ်လှိုင်း ထုတ်လွှတ်သော ဓာတ်ပြား: အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ]
[ လုပ်ဆောင်ချက်: ထူးခြားသော ဝိညာဉ်လှိုင်းများ ထုတ်လွှတ်နိုင်သည့် ဝိညာဉ်လက်နက် တစ်မျိုး။ အရပ်မျက်နှာ အသီးသီးသို့ ဝိညာဉ်လှိုင်းများ ထုတ်လွှတ်ပြီး၊ ပြန်လာသော တုံ့ပြန်ချက်များအပေါ် အခြေခံ၍ ကြီးမားသော နေရာလွတ်တစ်ခု၏ ဖွဲ့စည်းပုံ အချက်အလက်များကို ရယူနိုင်သည်။ ]
[ မှတ်ချက်: လွှဲပြောင်းပေး၍ ရသည် ]
ယဲ့ဖုန်းသည် ဝိညာဉ်လှိုင်း ထုတ်လွှတ်သော ဓာတ်ပြားကို ဆုပ်ကိုင်ရင်း အလွန် ကျေနပ်သွားသည်။
တပည့်များ၏ နားမလည်နိုင်သော အကြည့်အောက်တွင်၊ ယဲ့ဖုန်းသည် ကောင်းကင်သို့ ပျံတက်သွားပြီး မိုင်ဆယ်ဂဏန်း အမြင့်သို့ ရောက်သောအခါ ဓာတ်ပြားကို အသက်သွင်းလိုက်တော့၏။
“ဝီ…”
ဖျော့တော့သော ရွှေရောင် ဝိညာဉ်လှိုင်းများသည် တံပိုးခရာ မှုတ်လိုက်သကဲ့သို့ ဖြာထွက်သွားပြီး၊ မြေပြင်ပေါ်သို့ ကျရောက်ကာ မိုင် (၁၀၀) ပတ်လည် ဧရိယာကို လွှမ်းခြုံလိုက်လေသည်။
ခဏအကြာတွင် ဓာတ်ပြားမျက်နှာပြင်ပေါ်၌ စာတန်း တစ်ခု ပေါ်လာသည်ကို ယဲ့ဖုန်း.. တွေ့လိုက်ရ၏။
[ စူးစမ်းရှာဖွေမှု တိုးတက်မှု: ၁၀% ]
ဒါကို မြင်တော့ ယဲ့ဖုန်းသည် နောက်ထပ် မိုင်ဆယ်ဂဏန်းလောက် ဝေးရာသို့ ပျံသန်းသွားပြီး ဆက်လက် စူးစမ်းလေသည်။
တပည့်များသည် နေရာမှာပင် ရပ်လျက် ယဲ့ဖုန်း၏ နားမလည်နိုင်သော လုပ်ရပ်များကို ကြည့်ရင်း ခေါင်းကုတ်နေမိကြ၏။
(၁၀) ကြိမ်မက ထပ်ခါတလဲလဲ လုပ်ဆောင်ပြီးနောက်၊ နောက်ဆုံးတွင် စူးစမ်းရှာဖွေမှု တိုးတက်မှု (၁၀၀%) ပြည့်သွားကြောင်း အသိပေးချက် ရရှိလိုက်၏။
ယဲ့ဖုန်းက တပည့်များထံသို့ ပြန်ဆင်းလာပြီး အေးဆေးစွာ ပြောလိုက်၏။
“ကဲ... မြေအောက်ထဲမှာ ဘာရှိလဲ ဆိုတာ ကြည့်လိုက်ကြရအောင်”
ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် ဓာတ်ပြား၏ မျက်နှာပြင်ကို လက်ညှိုးဖြင့် ထောက်လိုက်၏။
“ဂလွမ်…”
ကြည်လင်ပြတ်သားသော အသံ တစ်သံ ထွက်ပေါ်လာသည်။
အလင်းမှုန်များစွာသည် ဓာတ်ပြားမျက်နှာပြင်ပေါ်မှ ထွက်ပေါ်လာပြီး၊ လေထဲတွင် (၁) မီတာ ပတ်လည်ရှိ အဖြူရောင် လေးထောင့်တုံး ပုံစံတစ်ခုကို ရေးဆွဲလိုက်၏။ ထိုအထဲတွင် ရွှေရောင်အလင်းတန်းများ တစတစ ပေါ်လာပြီး၊ အပေါ်မှ အောက်သို့ ဘဲဥပုံသဏ္ဌာန် တစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာလေသည်။
“မြေအောက်က ကျောက်တုံးကြီးတွေက လုံးနေတာပါလား”
“ဟေ... မဟုတ်သေးပါဘူး... ဘာလို့ မျက်လုံးအိမ်ပေါက် လိုမျိုး အချိုင့်ကြီး နှစ်ခု ပါနေရတာလဲ... ဒါ ဦးခေါင်းခွံကြီး ဖြစ်နေတာလား”
တပည့်များ မျက်လုံး ပြူးကျယ်လာကြသည်။
ရွှေရောင်အလင်းတန်းများက မြေအောက် ကျောက်တုံးကြီး၏ ပုံသဏ္ဌာန် အပြည့်အစုံကို ပုံဖော်လိုက်သောအခါ၊ လူတိုင်း တွေ့လိုက်ရသည်မှာ အချင်း မိုင် (၁၀၀) နီးပါး ရှိသော ဧရာမ ဦးခေါင်းခွံကြီး တစ်ခု ဖြစ်နေလေသည်။
“သောက်ကျိုးနည်း”
မြူခိုးဂိုဏ်း တစ်ခုလုံး တုန်လှုပ်သွားကြသည်။
သစ်မာလွင်ပြင် မြေအောက်နက်ရှိုင်းတဲ့ နေရာမှာ ဧရာမ ဦးခေါင်းခွံကြီး တစ်ခု ရှိနေတယ်တဲ့လား။
“ဒါ အရမ်း စွမ်းအားကြီးတဲ့ သတ္တဝါ တစ်ကောင်ရဲ့ ရုပ်ကြွင်းများလား”
“ဒါပေမဲ့ ဒီလောက် အရွယ်အစားကြီးနဲ့ ဆိုရင် လူသားမျိုးနွယ် ဖြစ်ဖို့ မဖြစ်နိုင်ဘူး... လူသား ပညာရှင်ကြီး တစ်ယောက် ကျဆုံးသွားရင်တောင် ခန္ဓာကိုယ် အရွယ်အစားက သာမန်လူနဲ့ပဲ တူနေမှာလေ”
“ကြည့်လိုက်ပါဦး... ဦးခေါင်းခွံ ပုံသဏ္ဌာန်က သာမန်လူနဲ့ တူနေတယ်... ဒါကြောင့် လူသား ဖြစ်သင့်တယ်... ဒါပေမဲ့ သာမန်လူတော့ မဟုတ်ဘူး... ဧရာမ လူသားကြီး တစ်ယောက် ဖြစ်နိုင်ခြေ များတယ်”
“ဥပမာ... ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား မျိုးလား”
ဆွေးနွေးမှုများ ရုတ်တရက် ရပ်တန့်သွားသည်။
အားလုံး ချောင်ကျားရှီး ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
“ဘာ... ဘာလို့ ကျွန်တော့်ကို ကြည့်နေကြတာလဲ”
ချောင်ကျားရှီး အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
ယဲ့ဖုန်း အမြန် လက်ကာပြလိုက်ပြီး
“ကျားရှီး က ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား သွေးမျိုးဆက် ပါဝင်တဲ့ ဝိညာဉ်သစ်သီးကို စားမိလို့ အဲ့ဒီသွေးမျိုးဆက်ကို ရရှိထားတာပါ... ဒါပေမဲ့ သူက ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား ဖြစ်သွားတာ မဟုတ်ပါဘူး... ဒါကြောင့် သူ့အရပ်အမောင်းက သာမန်လူလိုပဲ ရှိနေသေးတာ”
ခေတ္တမျှ ရပ်နားပြီးနောက် သူ ဆက်ပြောလိုက်၏။
“မြေအောက်မှာ မြှုပ်နှံထားတဲ့ ဒီ ဧရာမ ဦးခေါင်းခွံကြီး ကတော့ ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား တစ်ပါးရဲ့ အရိုးတွေ ဖြစ်နိုင်ခြေ များတယ်... မဟုတ်ရင် ဒီလောက် ကြီးမားပြီး အဆင့်မြင့် ဝိညာဉ်လက်နက် နဲ့တောင် ခွဲလို့မရအောင် မာကျောနေမှာ မဟုတ်ဘူး”
“ဂိုဏ်းချုပ်... ကျင့်ကြံသူ ရှေးလူကြီး တစ်ယောက်ရဲ့ အရိုးတွေကို တွေ့ပြီဆိုတော့... ဘယ်လို ဆက်လုပ်ကြမလဲ”
ဟု ကျားယွိလန် စိုးရိမ်တကြီး မေးလိုက်၏။
အကယ်၍များ ဦးခေါင်းခွံ ပိုင်ရှင်၏ စိတ်ဝိညာဉ် ကျန်ရှိနေသေးလျှင် သူတို့ အမျက်ဒေါသ သင့်သွားမလား ဆိုတာကို စိုးရိမ်နေမိသည်။
အခန်း (၂၃၄) သိုင်းကျမ်းဆောင် တည်ဆောက်ခြင်းနှင့် အပြစ်ခံကောင်လေး ဝမ်ဖင်းအန်း
~ယဲ့ဖုန်းသည် လက်ရှိကြုံတွေ့နေရသော အခြေအနေကြောင့် အတော်လေး ခေါင်းရှုပ်သွားရချေသည်။
'ငါ့စိတ်ကူးထဲမှာတော့ မြေအောက်မှာ ရတနာသိုက်ကြီး ရှိမယ်ပေါ့... တူးလိုက်လို့ ထွက်လာတာက ရှေးဟောင်း လူ့ဘီလူး နတ်ဘုရားကြီးရဲ့ ဦးခေါင်းခွံကြီး ဖြစ်နေပါရောလား... ဒီကိစ္စက နည်းနည်းလေးတော့ ကြီးကျယ်လွန်းနေပြီ... သွားပြီ... ပြဿနာတော့ တက်တော့မယ်'
သူ့စိတ်ထဲတွင် စိုးရိမ်ပူပန်မှုတို့က ဒီရေအလား တိုးဝင်လာသော်လည်း မျက်နှာတွင်မူ တည်ငြိမ်သောအမူအရာကို ဟန်လုပ်ထားလိုက်၏။ ထိုစဉ် ဒီနေ့အတွက် ဆုတောင်းခွင့်ကို အသုံးမပြုရသေးမှန်း သတိရလိုက်တော့မှ ယဲ့ဖုန်းသည် လက်ဝါးနှစ်ဖက်ကို ဖြောင်းခနဲမြည်အောင် ရိုက်လိုက်ပြီး အကြံရသွားတော့သည်။
“ကဲ... ရပြီကွ။ ငါ့ကို အဆင့်မြင့် စက္ကူပိုက်ဆံ၊ အမွှေးတိုင်၊ ဖယောင်းတိုင်၊ ယဇ်ပလ္လင်တစ်ခုနဲ့ ဝက်ခေါင်းတစ်လုံး ပေးစမ်းကွာ”
သူ့စကားဆုံးသည်နှင့် ချက်ချင်းဆိုသလိုပင် မြေပြင်ပေါ်၌ စားပွဲတစ်လုံး ဘွားခနဲ ပေါ်လာလေတော့သည်။
စားပွဲအလယ်ခေါင်တွင်မူ မွှေးပျံ့နေသော ရေလုံပြုတ် ဝက်ခေါင်းတစ်လုံး၊ ထို့နောက် စက္ကူပိုက်ဆံများ၊ အမွှေးတိုင်နှင့် ဖယောင်းတိုင်များ အသင့်ပါလာသည်။ ယဲ့ဖုန်းသည် ကပျာကယာပင် အမွှေးတိုင်နှင့် ဖယောင်းတိုင်များကို မီးညှိလိုက်ပြီး ယဇ်ပလ္လင်ရှေ့တွင် တပည့်များကို ဦးဆောင်ကာ မတ်တတ်ရပ်လိုက်၏။ ပြီးတော့မှ မြေစောင့်နတ်ကို နှုတ်ခမ်းများ လှုပ်ရွကာ ရွတ်ဆိုပြီး တောင်းပန်လိုက်လေသည်။
“လေးစားရပါသော စီနီယာနတ်မင်းကြီးခင်ဗျာ... ကျွန်တော်တို့ လူငယ်လူရွယ်တွေက ဒီနေ့ မတော်တဆ လာနှောင့်ယှက်မိသလို ဖြစ်သွားပါတယ်။ လူကြီးလူကောင်း ပီသသောအားဖြင့် ကျွန်တော်တို့ ဂျူနီယာလေးတွေအပေါ် အပြစ်မယူပါနဲ့ခင်ဗျာ”
'တောင်းပန်ပါတယ် ဗိုလ်ချုပ်ကြီးရေ... ရတနာရှာရင်း အုတ်ဂူလာဖောက်မိသလို ဖြစ်သွားတယ်... ခွင့်လွှတ်ပါဗျာ... ဝက်ခေါင်းလေး စားပြီး စိတ်လျော့ပါနော်... နောက်ဆို မလုပ်တော့ပါဘူး'
အမွှေးတိုင်ထွန်းပြီးတော့မှ ယဲ့ဖုန်း၏ မျက်နှာထားသည် ပြန်လည် လန်းဆန်းသွားတော့သည်။
“ဟူး... တော်ပါသေးရဲ့။ အခုမှပဲ စိတ်အေးရတော့တယ်”
ထို့နောက် သူသည် တပည့်များကို သစ်ခုတ်ရန် အမိန့်ပေးလိုက်တော့သည်။
သစ်မာလွင်ပြင်ဆိုသည်မှာ မိုင်ဆယ်ချီ ကျယ်ဝန်းပြီး ထိုနေရာရှိ သစ်မာပင်များသည် လုံးပတ်ရော အမြင့်ပါ အဆောက်အအုံ ဆောက်လုပ်ရန်အတွက် ကွက်တိပင် ဖြစ်သည်။
“ချွင်”
ဟိုယွင်ကျဲသည် မြေပြင်ကပ် ဓားဆွဲထုတ်ခြင်း နည်းစနစ်ကို သုံးလိုက်ရာ တစ်ချက်တည်းနှင့် သစ်ပင်အပင် (၁၀၀၀) ခန့် ပြိုလဲသွားလေသည်။ ကျန်သောတပည့်များကမူ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းပြီး ဖော်ဆောင်၍ရမည့် သစ်လုံးများဖြစ်အောင် ဖန်တီးကာ မြူခိုးတောင်ထိပ်ဆီသို့ သယ်ဆောင်သွားကြတော့သည်။
*
မြူခိုးတောင်ထိပ်တွင် ဖြစ်သည်။
ကျားမိသားစုဝင် လက်သမားဆရာကြီး ဦးလေးလီကို နောက်တစ်ကြိမ် ဖိတ်ခေါ်ထားလေသည်။
ကွင်းပြင်ကျယ်ကြီးထဲတွင်...
ရှီလေ့သည် ဦးလေးလီနှင့်အတူ ပုံစံထုတ်ထားသော ဒီဇိုင်းပုံကြမ်းများကို ကြည့်ရှုဆွေးနွေးနေကြသည်။ နှစ်ယောက်စလုံး အာရုံစိုက်ထားကြပြီး မျက်နှာပေါ်တွင်လည်း အပြုံးပန်းများ ဝေဆာနေကြတော့သည်။
“ဟားဟား... ကောင်းပြီလေ။ ဒီအတိုင်းပဲ လုပ်ကြတာပေါ့”
နာရီဝက်ခန့် ကြာသောအခါ စားပွဲပေါ်မှ ပုံကြမ်းကိုကြည့်ပြီး ရှီလေ့တစ်ယောက် ရိုးသားစွာ ပြုံးလိုက်မိ၏။
ဦးလေးလီသည် မီးသွေးခဲ ခဲတံကို ချလိုက်၏။ သူ၏ အိုမင်းနေပြီ ဖြစ်သော ခါးကို နှိပ်နယ်လိုက်ရင်း စားပွဲပေါ်မှ ဒီဇိုင်းပုံစံများကို ကျေနပ်အားရစွာ ကြည့်လိုက်တော့သည်။
“ကဲ... နောက်တစ်ဆင့် အနေနဲ့ ဆောက်လုပ်ရေး စလိုက်ကြစို့”
ရှီလေ့သည် ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီး ဟိုယွင်ကျဲ၊ လုံထျန်းရှင်း၊ ချောင်ကျားရှီးနှင့် အောယန်ဖုန်းတို့ကို လှမ်းခေါ်လိုက်၏။ သူတို့အားလုံး ဝိညာဉ်ဓားကိုယ်စီဖြင့် သစ်မာပင်များကို လိုချင်သော ပုံစံရအောင် ဖြတ်တောက်ကြရမည် ဖြစ်သည်။
ဦးလေးလီသည်လည်း လက်သမားဆရာ (၁၀) ယောက်ကျော်ကို ခေါ်လိုက်ပြီး ဂိုဏ်းချုပ်၏ ခန်းမဆောင်ကြီးနှင့် မီတာ (၅၀) ခန့် ဝေးသော ကွင်းပြင်တွင် အုတ်မြစ်ချလိုက်တော့သည်။
သစ်မာပင်များ ဆိုသည်မှာ သဘာဝအတိုင်း ဆွေးမြေ့မှုကို ခံနိုင်ရည်ရှိပြီး နှစ်ပေါင်း (၁၀၀၀) ခန့် ခံလေသည်။ ထို့ကြောင့် ကာဗွန်ဖြင့် မာကျောအောင် ပြုလုပ်သည့် အဆင့်ကို ကျော်လွန်ပြီး တန်းပြီးတော့သာ တပ်ဆင်လိုက်ကြရာ အလုပ်သည် အတော်လေး တွင်သွားလေ၏။
တစ်ရက်တောင် မကြာလိုက်ပါချေ...။ ပင်မ အဆောက်အအုံကြီးသည် ရုပ်လုံးပေါ်လာလေသည်။ သို့သော် အသေးစိတ် လုပ်ဆောင်စရာလေးများတော့ ကျန်ရှိနေသေး၏။
ကြမ်းခင်းခင်းခြင်းများ၊ ခေါင်မိုးကြွပ်များ တပ်ဆင်ခြင်းများ၊ သစ်ရောင်တင်ဆီ သုတ်ခြင်းများ...
(၃) ရက်ခန့်သာ ကြာလိုက်ပါသည်။
မြူခိုးတောင်ထိပ်တွင် (၃၅) မီတာ အမြင့်ရှိသည့် (၇) ထပ်ဆောင် သစ်သားမျှော်စင်ကြီးတစ်ခု ထီးထီးမားမားကြီး ပေါ်ထွက်လာတော့သည်။ ဤသည်မှာ မြူခိုးဂိုဏ်း၏ လက်ရှိ အမြင့်ဆုံး အဆောက်အအုံကြီးပင် ဖြစ်ပေ၏။
ယဲ့ဖုန်းသည် ပထမထပ် တံခါးပေါက်အထက်ရှိ ဆိုင်းဘုတ်ကို အုပ်မိုးထားသော အနီရောင် ပိုးသားစကို ကိုယ်တိုင် ဆွဲဖွင့်လိုက်လေသည်။ ထိုအခါ “သိုင်းကျမ်းဆောင်” ဟူသော ရွှေရောင်စာလုံးကြီး (၃) လုံးသည် နေရောင်အောက်တွင် ဝင်းလက်တောက်ပစွာ ပေါ်ထွက်လာ၏။
“ဖြောင်း... ဖြောင်း... ဖြောင်း”
တပည့်များအားလုံး ဆီကနေ လက်ခုပ်သံများ တဝုန်းဝုန်း ထွက်ပေါ်လာတော့သည်။
“ကဲ... ဒီနေ့ကစပြီး ငါတို့ မြူခိုးဂိုဏ်းရဲ့ 'သိုင်းကျမ်းဆောင်' ကြီးကို တရားဝင် ဖွင့်လှစ်လိုက်ပြီဟေ့”
ယဲ့ဖုန်းသည် လက်ကို နောက်ပစ်လိုက်ပြီး သိုင်းကျမ်းဆောင်ထဲသို့ ဦးစွာ ပထမ ဝင်ရောက်သွားလေသည်။ သူ၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးရိပ် တစ်ခုကို ချိတ်ဆွဲထားသော်လည်း၊ အတွင်းစိတ်ထဲတွင်မူ တွက်ကိန်းများဖြင့် အလုပ်ရှုပ်နေတော့၏။
'နာမည်ကတော့ ဂေါ်နေပြီ... ဒါပေမဲ့ အထဲမှာက ဟာလာဟင်းလင်းကြီး... ကြွက်တောင် ဝင်ခိုလို့ရတယ်... ဘာသိုင်းကျမ်းမှ မရှိသေးတဲ့ သိုင်းကျမ်းဆောင်တဲ့... ဟားဟား... ငါ့တပည့်တွေများ ရိပ်မိသွားမလား မသိဘူး... ဟန်မပျက် နေဦးမှပါလေ'
သိုင်းကျမ်းဆောင်၏ ပုံသဏ္ဌာန်မှာ ခြောက်မြှောင့်မျှော်စင်ကြီးပုံစံ ဖြစ်သည်။ ပထမထပ်၏ အချင်းသည် မီတာ (၁၅) ခန့် ရှိပြီး အတော်လေး ကျယ်ဝန်းလှသည်။ အပေါ်ထပ်ရောက်လေ ကျဉ်းလေဖြစ်ပြီး (၇) ထပ်မြောက်ရောက်သောအခါ အချင်းသည် (၁၀) မီတာခန့်သာ ကျန်ရှိတော့သည်။
လောလောဆယ်တွင်မူ ပထမထပ်၏ အလယ်ခေါင်၌ ခရုပတ်ပုံစံ လှေကားတစ်ခုသာ ရှိသေးပြီး ပတ်ဝန်းကျင်သည် ဟာလာဟင်းလင်းနှင့် နည်းနည်းတော့ စုတ်ချာချာ နိုင်နေသည်။
“အဟမ်း... ငါတို့ မြူခိုးဂိုဏ်းရဲ့ ပထမထပ်မှာတော့ သိပ်အရေးမကြီးတဲ့ စာအုပ်တွေ၊ ဥပမာ - အစပျိုးအဆင့် မန္တန်တွေနဲ့ ထူးဆန်းထွေလာ မှတ်တမ်းတွေကို ထားရှိသွားမယ်။ ဒုတိယထပ်ကနေ စပြီးတော့မှ ပိုတန်ဖိုးရှိတဲ့ သိုင်းကျမ်းတွေ၊ ဒုတိယအဆင့် မန္တန်တွေကို ထားမယ်ကွ”
ယဲ့ဖုန်းသည် တပည့်များကို လှည့်ကြည့်ရင်း လေသံကို အနည်းငယ် မြှင့်လိုက်၏။
“တတိယထပ်မှာတော့ တတိယအဆင့် မန္တန်တွေနဲ့ တန်ဖိုးတူညီတဲ့ ရှေးဟောင်းသိုင်းကျမ်းတွေကို ထားမယ်။ အဲဒီလိုပဲ အပေါ်ထပ်ရောက်လေ ပိုပြီးရှားပါးတဲ့၊ ပိုပြီးတန်ဖိုးရှိတဲ့ သိုင်းကျမ်းတွေ ရှိလာလေပေါ့ကွာ”
'တကယ်တော့လည်း အခုချိန်ထိ သိုင်းကျမ်းဆောင်ထဲမှာ စာအုပ်စင်လည်း မရှိ၊ သိုင်းကျမ်းလည်း မရှိသေးပါဘူး... ဟာလာဟင်းလင်းကြီး... ဒါပေမဲ့ ဝယ်ထည့်လိုက်ရင် ရတာပဲလေ... ငါ့မှာ ပိုက်ဆံရှိတာပဲ... ဥစ္စာရှိရင် စကားနိုင်ပြောလို့ ရတယ်ဆိုတာ ဒါမျိုးကို ပြောတာနေမှာ'
“ယွင်ကျဲ... ထျန်းရှင်း... မင်းတို့နှစ်ယောက် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၅၀) ယူသွားပြီး စိတ်ဝင်စားစရာကောင်းတဲ့ သိုင်းကျမ်းတွေ၊ မန္တန်တွေ အကုန်လုံး ဝယ်ခဲ့ကြကွ”
“ကျန်တဲ့ တပည့်တွေကတော့ ဦးလေးလီနဲ့ ပေါင်းပြီး ကျန်နေတဲ့ သစ်မာသားတွေကို စာအုပ်စင် လုပ်ကြမယ်။ ပြီးရင် သိုင်းကျမ်းဆောင် ပထမထပ်ကနေ (၇) ထပ်အထိ နေရာချကြမယ်ဟေး”
ယဲ့ဖုန်းက တပည့်များကို အလုပ်ခွဲဝေပြီး အမိန့်ပေးလိုက်တော့သည်။
“ဂိုဏ်းချုပ် အမိန့်အတိုင်းပါ”
အားလုံးက တာဝန်ကိုယ်စီခွဲပြီး လှုပ်ရှားကြတော့သည်။
ဟိုယွင်ကျဲနှင့် လုံထျန်းရှင်းတို့လည်း ခရီးထွက်လာကြသည်။
“ဒုတိယ စီနီယာ အစ်ကို... ကျွန်တော့်အထင်တော့ ကျွန်တော်တို့ ရေပေါ်ဖြူမြို့တော်နဲ့ စန်းယွမ်မြို့ကို အရင်သွားသင့်တယ်။ လမ်းကြုံရင် မီးရှူးတိုင်မြို့နဲ့ ရောင်စုံငါးသွယ်မြို့တော်ကိုလည်း ဝင်ကြတာပေါ့။ အနည်းဆုံးတော့ ပထမအဆင့် မန္တန်စာအုပ် (၁၀၀) လောက် ဝယ်ရမယ်။ ပိုက်ဆံပိုမှ တခြားစာအုပ်တွေ ဝယ်ကြမယ်လေ”
“ကောင်းသားပဲ... အဲဒီအတိုင်း လုပ်ကြတာပေါ့”
သူတို့နှစ်ယောက် စကားပြောရင်း အဝေးဆီသို့ ပျံသန်းသွားကြလေသည်။
ကျန်သော တပည့်များသည်လည်း အလုပ်စလုပ်ကြပြီ ဖြစ်သည်။
“စီနီယာ အစ်မကြီးမို... ဒီကိစ္စကို အစ်မကြီးဆီပဲ အပ်လိုက်မယ်နော်”
ရှဟဲနှင့် ချိုကျူတို့က သစ်မာတုံး (၁၀) တုံးကို တစ်တန်းတည်း စီထားပြီး ထောင်ထားလိုက်ကြသည်။
“ချွင်”
မိုယင်သည် မျက်နှာတည်တည်ဖြင့် စကားတစ်ခွန်းမှ မပြောဘဲ လေညှင်းစီးဓားပျံကို ဆွဲထုတ်လိုက်၏။ ခဏချင်းအတွင်းမှာပင် ဓားချက်ပေါင်း ရာချီ ခုတ်ပိုင်းလိုက်ရာ သစ်မာတုံး (၁၀) တုံးစလုံး တစ်စင်တီမီတာ အထူရှိသော ပျဉ်ပြားများအဖြစ် ကွဲထွက်သွားတော့သည်။
သူမသည် လက်မလျှော့ဘဲ ဆက်လက်လှုပ်ရှားပြီး ထိုပျဉ်ပြားများကို လိုချင်သော အတိုင်းအတာရအောင် ထပ်ဖြတ်သည်။ ပြီးတော့မှ ဦးလေးလီဆီ ပို့ပေးလိုက်ရာ ဖျက်ဆီးဖို့ ခက်ခဲလွန်းသော စာအုပ်စင်များအဖြစ် ပြောင်းလဲသွားလေတော့သည်။
ယဲ့ဖုန်းကတော့ သိုင်းကျမ်းဆောင်၏ ထိပ်ဆုံးတွင်ထိုင်ပြီး အောက်ဘက်က အလုပ်ရှုပ်နေသော လူအုပ်ကြီးကို ကြည့်ကာ ကျေနပ်နေမိသည်။
'အေးဆေးပါပဲကွာ... ဂိုဏ်းချုပ်ဖြစ်ရတာ အရသာရှိသားပဲ... သူများတွေ အလုပ်ရှုပ်နေချိန်မှာ ထိုင်ကြည့်နေရတဲ့ အရသာက ရှယ်ပဲ'
မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့တော့၏။
ဟိုယွင်ကျဲနှင့် လုံထျန်းရှင်းတို့လည်း ပြန်ရောက်လာကြသည်။
သူတို့သည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၅၀) ဖိုး သုံးစွဲခဲ့ပြီး ပထမအဆင့် မန္တန် (၁၀၃) ခုနှင့် သာမန်စာအုပ် ထောင်ပေါင်းများစွာကို ဝယ်လာခဲ့ကြသည်။
ယခုဆိုလျှင် သိုင်းကျမ်းဆောင်ထဲရှိ စာအုပ်စင်များ အားလုံး အဆင်သင့် ဖြစ်နေပါပြီ။ အထပ်တိုင်းတွင် စားပွဲများ၊ ကုလားထိုင်များလည်း ထည့်ထားပေးသည်။ ပြတင်းပေါက်နားတွင် ထိုင်ပြီး စာဖတ်လို့ ညောင်းလာလျှင် အပြင်က သဘာဝရှုခင်းများကို ငေးမောနိုင်သေးသည်။
ပထမ (၃) ထပ်ရှိ စာအုပ်စင်များပေါ်တွင်မူ ရှေးဟောင်းစာအုပ်များကို တင်ထားလိုက်၏။
တတိယအဆင့် မန္တန်ဖြစ်သော “ကောင်းကင်လမင်း တိုက်ခိုက်မှု”၊ အထောက်အကူပြု ကျင့်စဉ် “ဒုတိယချီပင်လယ်” နှင့် “ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရားကျင့်စဉ်” စသည့် တန်ဖိုးကြီး စာအုပ်များကိုတော့ ယဲ့ဖုန်း ကိုယ်တိုင်ရေးသားပြီး စာအုပ်ချုပ်ကာ သိုင်းကျမ်းဆောင်၏ တတိယထပ်တွင် ထားရှိလိုက်၏။
“ကာကွယ်ရေး ဝင်္ကပါတော့ လိုသေးတယ်ဟ”
ယဲ့ဖုန်းသည် စာအုပ်စင်တစ်ခုရှေ့တွင် ရပ်ပြီး ဒုတိယအဆင့် မန္တန် “ပန်းပွင့်ကြွေ မိုးစက်များ” ရေးသားထားသော စာအုပ်ကို ကြည့်ကာ ဝင်္ကပါတစ်ခု တည်ဆောက်ရန် ပြင်ဆင်လိုက်တော့သည်။
ဥပမာအားဖြင့်... ဒီစာအုပ်များကို သိုင်းကျမ်းဆောင်ထဲမှာပင် ဖတ်ခွင့်ပေးမည်။
အပြင်ကို ယူသွားသည်နှင့် ဝင်္ကပါက အလိုလို ပိတ်ဆို့ထားလိုက်မည့် ပုံစံမျိုးပေါ့။
ထိုသို့တွေးပြီး ယဲ့ဖုန်းသည် သံရည်ကျိုမီးဖိုနှင့် အဆက်အသွယ်လုပ်ကာ အလားတူ ဝင်္ကပါမျိုး ဖန်တီးလို့ ရမရ မေးမြန်းလိုက်၏။
“ဟင်... ရှင်က ဘယ်သူလဲ”
သိုင်းကျမ်းဆောင်၏ အပြင်ဘက်မှ လီကျောက်ကျောက်၏ အံ့ဩတကြီး မေးလိုက်သော အသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။
ယဲ့ဖုန်းသည် ဒုတိယထပ် ပြတင်းပေါက်နား လျှောက်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်၏။ တောင်ထိပ်ပေါ်တွင် ရပ်နေသော လူငယ်တစ်ယောက်ကို တွေ့လိုက်ရ၏။ အနီရောင် ဝတ်ရုံရှည်ကြီး ဝတ်ထားပြီး ကျောကုန်းပေါ်တွင်လည်း အမည်းရောင် ဒယ်အိုးကြီး တစ်လုံးကို လွယ်ထားလေသည်။ ရုပ်ရည်က သန့်ပြန့်ပြီး အနေအထိုင် အေးဆေးမည့်ပုံ ပေါက်သည်။
“ကျွန်... ကျွန်တော်က ဝမ်... ဝမ်ဖင်းအန်းပါ”
ထိုလူငယ်သည် သူ့ရှေ့က လီကျောက်ကျောက်ကို အရိုအသေပေးလိုက်၏။ လီကျောက်ကျောက်၏ အလှကို မြင်လိုက်ရသောအခါ သူ့မျက်နှာတစ်ခုလုံး ရှက်သွေးဖြာပြီး ရဲတက်သွားကာ ခေါင်းကို ငုံ့ထားရင်း စကားကို ထစ်အထစ်အ ဖြေလိုက်ရှာသည်။
'သေစမ်း... မိန်းကလေးက လှလိုက်တာ... ငါ့လိုကောင်ကိုများ စကားလာပြောတယ်... ရင်တွေတုန်လိုက်တာ... ငါ စကားထစ်နေတာကို သူ သတိထားမိသွားမလား မသိဘူး... အား... ရှက်လိုက်တာ'
“နင့်နာမည်က ဝမ်ဝမ် ဖင်းအန်းလား”
လီကျောက်ကျောက်က သံသယဖြင့် မေးလိုက်၏။
“ဝမ်... ဖင်းအန်းပါ... ဝမ် တစ်လုံးတည်းပါဗျာ”
အနီရောင်ဝတ်ရုံနှင့် လူငယ်က ကပျာကယာ ပြင်ပြောလိုက်၏။
“ကျွန်... ကျွန်တော်က စကားပြောရင် နည်းနည်း ထစ်တတ်လို့ပါ... တောင်းပန်ပါတယ်”
တလုံးတခဲ ပြောပြီးနောက် ဝမ်ဖင်းအန်း ဆိုသည့် လူငယ်လေးသည် ခေါင်းကို ပိုပြီး ငုံ့သွားလေသည်။
“ရှင် ဒီကို ဘာလာလုပ်တာလဲ... နေပါဦး... ရှင်က ချီစုစည်းခြင်း တတိယအဆင့်ပဲ ရှိသေးတာကို မြူခိုးနယ်မြေကို ဘယ်လိုလုပ် ဖြတ်ကျော်လာနိုင်တာလဲ။ ဒါမှမဟုတ် ရှင်က ဂိုဏ်းချုပ်ဦးလေး ထားခဲ့တဲ့ ဝင်ခွင့် စမ်းသပ်ချက်ကို အောင်မြင်ပြီး မြူခိုးဂိုဏ်းကို ဝင်ဖို့ အရည်အချင်း ပြည့်မီလာတာလား”
လီကျောက်ကျောက်သည် ဝမ်ဖင်းအန်းကို အံ့ဩတကြီး ကြည့်ရင်း တစ်စုံတစ်ခုကို သတိရသွားကာ မေးလိုက်၏။
“ဟုတ်... ဟုတ်ကဲ့... ကျွန်တော် မြူခိုးဂိုဏ်းချုပ်နဲ့ တွေ့ချင်လို့ပါ... ပြီးတော့ မြူခိုးဂိုဏ်းကိုလည်း ဝင်... ဝင်ချင်လို့ပါ”
ဝမ်ဖင်းအန်းသည် စိတ်လှုပ်ရှားပြီး စကားထစ်နေသဖြင့် ကပျာကယာ ပြန်ပြင်ပြောလိုက်ရ၏။
“ဟယ်... ဂျူနီယာလေး နောက်တစ်ယောက် ရောက်လာပြန်ပြီလား”
ဒီစကားကို ကြားသောအခါ အခြားတပည့်များလည်း ဝိုင်းအုံလာကြသည်။ သူတို့၏ စူးစူးရဲရဲ အကြည့်များကြောင့် ဝမ်ဖင်းအန်းခမျာ ခေါင်းကို ဖော်တောင် မဖော်ရဲတော့ပေ။
'သွားပါပြီ... လူတွေအများကြီးပါလား... ငါ့ကို ဝိုင်းကြည့်နေကြတယ်... ငါ့ကျောပေါ်က ဒယ်အိုးမည်းကြီးကို ကြည့်ပြီး ရယ်နေကြတာလား... အား... ရှက်လိုက်တာကွာ... မြေကြီးထဲပဲ တိုးဝင်သွားချင်တော့တယ်'
ထိုအခိုက်အတန့်၌၊
“မင်းက မြူခိုးဂိုဏ်းကို ဝင်ချင်တာလား”
သိုင်းကျမ်းဆောင်ထဲမှ နူးညံ့သိမ်မွေ့သော အသံတစ်သံ ထွက်ပေါ်လာရာ အားလုံး၏ အာရုံသည် ထိုဘက်သို့ ရောက်ရှိသွားကြတော့သည်။