အခန်း (၂၃၅-၂၃၇)
Vol. 16 Ch. 235-237
အခန်း (၂၃၅) မြစိမ်းရောင်တောင်ငယ်လေး၏ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ၊ တုန်းချန်၏ အဆင့်တက်လှမ်းခြင်း
~ယဲ့ဖုန်း ရောက်ရှိလာလေသည်။
သူသည် မြေပြင်ပေါ်တွင် ရပ်လျက် ဝမ်ဖင်းအန်းကို အကဲခတ်ကြည့်လိုက်ရာ၊ အသားဖြူဖြူနှင့် ထိုလူငယ်လေးသည် အလွန်အမင်း စိတ်လှုပ်ရှားကာ ကြောက်ရွံ့နေသည်ကို သတိထားမိလိုက်၏။
“မကြောက်ပါနဲ့ကွ... တခြားသူတွေက မင်းကို စားမပစ်ပါဘူး”
ယဲ့ဖုန်း၏ လေသံသည် အိမ်နီးချင်းအစ်ကိုကြီးတစ်ယောက်လို နူးညံ့ပျူငှာနေပြီး၊ သူက ဆက်လက်၍ မိတ်ဆက်လိုက်၏။
“ငါက မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်းပါ”
ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ဖင်းအန်းသည် လိပ်တစ်ကောင်လို လည်ပင်းကို ရှုံ့ဝင်သွားပြီး ယဲ့ဖုန်းကို မရဲတရဲ မော့ကြည့်လိုက်ရှာသည်။ သူ့ရှေ့က လူငယ်လေးသည် ရုပ်ရည်သန့်ပြန့်ပြီး ကြင်နာတတ်မည့် မျက်နှာထားရှိသော်လည်း၊ သူ စိတ်ကူးယဉ်ထားခဲ့သော ဂိုဏ်းချုပ်ယဲ့နှင့်တော့ ကွာခြားလွန်းလှပေသည်။
ဝမ်ဖင်းအန်း၏ စိတ်ကူးထဲတွင်တော့ ဂိုဏ်းချုပ်ယဲ့ ဆိုသည်မှာ နတ်ဘုရားတစ်ပါးလို ခန့်ငြားထည်ဝါပြီး၊ အရက်သောက်ရတာ ကြိုက်မည့်၊ နှာဘူးကိစ္စလေးတွေလည်း ဝါသနာပါမည့် အဘိုးအိုကြီး ဖြစ်ရမည်လေ။
'အင်း... ဆုံးပါးသွားတဲ့ ငါ့ဆရာကြီးလိုမျိုးပေါ့'
ထိုအတွေးဖြင့် ဝမ်ဖင်းအန်းသည် အားငယ်စွာ မေးလိုက်မိသည်။
“ခင်... ခင်ဗျားက... တကယ်ပဲ... ဂိုဏ်းချုပ်ယဲ့ဖုန်း ဟုတ်... ဟုတ်ရဲ့လား”
“ဟုတ်တယ်... ငါပါပဲ”
ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်၏။
ဝမ်ဖင်းအန်းသည် မြူခိုးနယ်မြေကို ဖြတ်ကျော်လာနိုင်သည် ဆိုကတည်းက မြူခိုးဂိုဏ်း၏ စုဆောင်းရေး စံသတ်မှတ်ချက်နှင့် ကိုက်ညီနေပြီ ဖြစ်သည်။
ယဲ့ဖုန်းသည် ရှားပါးသော တပည့်များကို အမြဲတမ်း တန်ဖိုးထားလေ့ရှိသည်။ ဝမ်ဖင်းအန်း၏ ကျင့်ကြံခြင်းအဆင့်က ချီစုစည်းခြင်း တတိယအဆင့်သာ ရှိသေးသော်လည်း သူ့ကို လက်ခံချင်နေမိသည်။
“ကျွန်... ကျွန်တော့်ကို... မြူခိုးဂိုဏ်းထဲ... ဝင်ခွင့်ပြုပါ... ဂိုဏ်းချုပ်ယဲ့”
ဝမ်ဖင်းအန်းသည် မြေပြင်ပေါ်တွင် ရိုးရိုးသားသား ဒူးထောက်ချလိုက်၏။ သူ့ရှေ့တွင် ဒယ်အိုးမည်းကြီးကို ချထားပြီး ယဲ့ဖုန်းကို ဦးညွှတ် ဂါရဝပြုလိုက်ရာ၊ သူ့နဖူးနှင့် ဒယ်အိုးအောက်ခြေတို့ တိုက်မိပြီး “ဒုန်း... ဒုန်း... ဒုန်း” ဟူသော အသံများ ထွက်ပေါ်လာတော့သည်။
ဘေးက ကြည့်နေသော လူအုပ်ကြီးမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေသည်။
တခြားသူတွေက “မြေကြီးကို ဦးတိုက်” ကြပေမဲ့၊ ဝမ်ဖင်းအန်းကျတော့ “ဒယ်အိုးကို ဦးတိုက်” နေပါရောလား။ သူ့နဖူးတစ်ခုလုံးလည်း ဒယ်အိုးအောက်ခြေက မီးသွေးတွေပေပြီး မည်းတူးသွားရှာသည်။
ယဲ့ဖုန်းသည် အာခေါင်ခြောက်သွားသဖြင့် ချောင်းတစ်ချက်ဟန့်လိုက်ပြီး ပြောလိုက်၏။
“မင်း... မတ်တတ်ရပ်ပြီး ပြောရင် ပိုကောင်းမယ် ထင်တယ်”
“ဟုတ်... ဟုတ်ကဲ့... ဂိုဏ်းချုပ်”
ဝမ်ဖင်းအန်းက ကပျာကယာ ထရပ်လိုက်၏။ ဒယ်အိုးမည်းကြီးကို ကိုင်ထားရင်း သူ့နဖူးကို လက်ဖြင့် သုတ်လိုက်ရာ၊ မျက်နှာတစ်ခုလုံး မည်းသည်းသွားတော့သည်။ သို့သော် သူ့အပြုံးကြောင့် ပေါ်လာသော သွားလေးများကတော့ ဖြူဖွေးနေရှာသည်။
ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များ တွန့်သွားလေသည်။
“ဂိုဏ်းချုပ်ယဲ့” နှင့် “ဂိုဏ်းချုပ်” ဟု ခေါ်ဆိုခြင်းကြားတွင် ကြီးမားသော ကွာခြားချက် ရှိနေသည် မဟုတ်ပါလော။
ပထမတစ်ခုကို ခေါ်လျှင် နှစ်ဖက်စလုံးက ဂိုဏ်းတူ မဟုတ်ကြဘူးဟု ဆိုလိုသည်။
ဒုတိယတစ်ခုကို ခေါ်လျှင်တော့ ယဲ့ဖုန်းက ဝမ်ဖင်းအန်း၏ ခေါင်းဆောင် ဖြစ်သွားပြီဟု ဆိုလိုရာရောက်သည်။ ဝမ်ဖင်းအန်းက တမင်သက်သက် ခေါ်တာလား၊ မှားခေါ်မိတာလား ဆိုတာတော့ မသေချာပေ။
ခဏလောက် စဉ်းစားပြီးနောက် ယဲ့ဖုန်းသည် ဝမ်ဖင်းအန်းကို ဂိုဏ်းချုပ်ခန်းမဆောင်ကြီးသို့ ခေါ်ဆောင်သွားလိုက်၏။ ပြီးနောက် အမည်စာရင်းမှတ်တမ်း စာအုပ်ကို ထုတ်ယူကာ မေးမြန်းလိုက်၏။
“မင်းနာမည်က ဝမ်ဖင်းအန်း... ဟုတ်တယ်မလား။ မင်းအကြောင်းလေး အကျဉ်းချုံး မိတ်ဆက်ပါဦး။ ဘယ်ကလာတာလဲ... ဘယ်အဖွဲ့အစည်းကလဲ... ဘာတွေ တွေ့ကြုံခဲ့ရလဲ... ပြီးတော့ မင်းမှာ ဘာထူးခြားတဲ့ အရည်အချင်းတွေ ရှိလဲ”
ဝမ်ဖင်းအန်းသည် ဒယ်အိုးကို ကျောနောက်တွင် ထားလိုက်ပြီး တိုးတိုးလေး ဖြေကြားရှာသည်။
“ကျွန်... ကျွန်တော့်နာမည်က... ဝမ်ဖင်းအန်းပါ... ဒီကနေ မိုင်တစ်ရာလောက်ဝေးတဲ့... မြစိမ်းရောင်တောင်ငယ်လေးက လာတာပါ... ကျွန်တော်က... ဘိုးဘေးကြီး ထန်းရှ ဆေးပညာရှင်ဆီမှာ... ဆေးဖော်နည်း သင်ခဲ့ဖူးပါတယ်...”
“နောက်တော့... ဒုတိယဘိုးဘေးဆီမှာ... ဆေးပညာ ဆက်သင်ပါတယ်... ပြီးတော့... တတိယဘိုးဘေးဆီမှာ... ဆက်သင်ပါတယ်... ကျွန်တော့်ဆရာကို... ပို့ဆောင်ပြီးတဲ့နောက်မှာတော့... ကျွန်တော် တောင်ပေါ်က ဆင်းလာခဲ့တာပါ...”
“မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ယဲ့က... ဒီနားတဝိုက်မှာ... အစွမ်းအထက်ဆုံး အင်မော်တယ်လို့ ကြားဖူးလို့... ကျွန်တော် ပညာလာသင်တာပါ... ကျွန်တော့်ရဲ့ အထူးကျွမ်းကျင်မှုကတော့... ဆေးဖော်တာပါပဲ...”
ဝမ်ဖင်းအန်း၏ ကိုယ်ရေးရာဇဝင်ကို နားထောင်ပြီးနောက် အားလုံး၏ မျက်နှာတွင် ဇဝေဇဝါ အမူအရာများ ပေါ်လာကြသည်။
“ဆရာကို ပို့ဆောင်ပြီး” ဆိုတာ ဘာအဓိပ္ပာယ်လဲ။
ပြီးတော့ ဘာလို့ ဘိုးဘေးကြီး၊ ဒုတိယဘိုးဘေး၊ တတိယဘိုးဘေး ဆိုပြီး တစ်ယောက်ပြီးတစ်ယောက်ဆီမှာ ဆေးပညာ လိုက်သင်နေရတာလဲ။ ဝမ်ဖင်းအန်းက လူအများကြီးရဲ့ အမွေကို ဆက်ခံထားတာများလား။
ယဲ့ဖုန်းလည်း သံသယ ဝင်သွားသဖြင့် မေးခွန်းထုတ်လိုက်၏။
“မြစိမ်းရောင်တောင်ငယ်လေးရဲ့ တည်ထောင်သူ ဆရာသခင်ကြီး ထန်းရှ ရသေ့က... ကျွန်တော်တို့ ဂိုဏ်းရဲ့ စတင်တည်ထောင်သူပါ... ဒုတိယဆရာသခင်က... သူ့ရဲ့ တစ်ဦးတည်းသော တပည့်ပါ... တတိယဆရာသခင်ကလည်း... ဒုတိယဆရာသခင်ရဲ့ တစ်ဦးတည်းသော တပည့်ပါ...”
“ကျွန်တော့်ဆရာကတော့... ပဉ္စမဆရာသခင်ရဲ့ တစ်ဦးတည်းသော တပည့်ပါ... ကျွန်တော်အပါအဝင်... မြစိမ်းရောင်တောင်ငယ်လေးမှာ... မူလက လူ (၇) ယောက် ရှိပါတယ်... တည်ထောင်သူ ဆရာသခင်ကြီးက ပြောပါတယ်... ကျွန်တော့်မှာ 'ဆေးဘုရင် ခန္ဓာကိုယ်' ရှိတယ်တဲ့... ဒါကြောင့် သူကိုယ်တိုင် ဆေးဖော်နည်း သင်ပေးခဲ့ပါတယ်...”
“ဒါပေမဲ့... ဘယ်လိုဖြစ်သွားမှန်း မသိပါဘူး... သူ့ပညာတွေ အကုန် သင်ပေးပြီးတာနဲ့... ဆရာသခင်ကြီးက ရုတ်တရက်... ဆုံးပါးသွားပါတယ်...”
“နောက်တော့... ဒုတိယဆရာသခင် အလှည့်ရောက်လာပါတယ်... သူသင်ပေးပြီးတော့လည်း... သူပါ ထပ်ပြီး ဆုံးပါးသွားပြန်ပါတယ်...”
“နောက်ဆုံး... ကျွန်တော့်ဆရာအရင်းက... ဆေးလုံးဖော်နည်း သင်ပေးပြီးခါစမှာပဲ... ဘာအကြောင်းကြောင့်မှန်းမသိ... အသက်ရှု ရပ်သွားပြန်ပါတယ်... ကျွန်တော် သူတို့အားလုံးကို... တောင်နောက်ကျောမှာ မြှုပ်နှံပေးခဲ့ပါတယ်... ကျွန်တော်က အဝတ်မလျှော်တတ်... ထမင်းမချက်တတ်တော့... ဗိုက်အရမ်းဆာလာတာနဲ့... တောင်အောက်ကို ဆင်းလာခဲ့ရတာပါ...”
ဝမ်ဖင်းအန်းက အသေးစိတ် ရှင်းပြလေသည်။
သူ့စကားတွေက ထစ်ငေါ့နေပြီး၊ တစ်ခါတလေ တစ်လုံးချင်း ပြောနေရသဖြင့် အတော်လေး ကြာသွားသည်။
ဝမ်ဖင်းအန်းက ဆရာသခင် (၆) ယောက်လုံးကို ဆက်တိုက် “ပို့ဆောင်” လိုက်သည် ဆိုတာကို ကြားလိုက်ရသောအခါ အားလုံး ပင့်သက်ရှိုက်မိကြပြီး ယဲ့ဖုန်းကို လှမ်းကြည့်လိုက်ကြသည်။
“ဒုတ်”
ယဲ့ဖုန်း ကိုင်ထားသော စုတ်တံသည် စားပွဲပေါ်သို့ ပြုတ်ကျသွားလေသည်။
'သေစမ်း... ဒီတပည့်ကို လက်ခံလို့ မဖြစ်ဘူး... ဒီကောင်မှာ အထွတ်အထိပ်အဆင့် "ဆရာသတ်" ခန္ဓာကိုယ် ရှိနေတာများလား... ဘယ်သူပဲ သူ့ဆရာဖြစ်ဖြစ် ကံဆိုးမိုးမှောင်ကျတော့မှာပဲ'
ယဲ့ဖုန်းတစ်ယောက် ထိုသို့ တွေးလိုက်မိပြီး ကြောက်လွန်းသဖြင့် စုတ်တံကိုပင် မြဲအောင် မကိုင်နိုင်တော့ချေ။
ဝမ်ဖင်းအန်းသည် စားပွဲပေါ် ပြုတ်ကျသွားသော စုတ်တံကို မြင်သောအခါ ကောက်ယူလိုက်ပြီး ယဲ့ဖုန်းကို ရိုးသားသော မျက်နှာထားဖြင့် ကမ်းပေးလိုက်၏။
“ဂိုဏ်းချုပ်... ကျွန်တော် ဆေးဖော်တာ ကျွမ်းကျင်ပါတယ်... ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါနော်... အဝတ်လျှော်တာနဲ့ ထမင်းချက်တာကိုလည်း သေချာပေါက် သင်ယူပါ့မယ်... ဂိုဏ်းအတွက် အကောင်းဆုံး ဆေးလုံးတွေ ဖော်စပ်ပေးပါ့မယ်ဗျာ”
“တပည့်အဖြစ် လက်ခံဖို့ကိစ္စ မပြောနဲ့ဦး”
သူ့ကို ဆရာတင်ချင်သည်ဟု ကြားလိုက်ရသည်နှင့် ယဲ့ဖုန်းတစ်ယောက် ကြောက်လွန်းသဖြင့် ကုလားထိုင်ပေါ် မတ်တတ်ရပ်လိုက်ပြီး ဝမ်ဖင်းအန်းကို မောင်းထုတ်ရန် ပြင်လိုက်၏။
“မလုပ်ပါနဲ့ ဂိုဏ်းချုပ်... ကျွန်တော့်ကို မမောင်းထုတ်ပါနဲ့... ဆရာသခင်... ကျွန်တော် ဒူးထောက်ပါ့မယ်”
ဝမ်ဖင်းအန်းသည် ချက်ချင်းပင် ဒယ်အိုးကို ချလိုက်ပြီး ယဲ့ဖုန်းကို ဂါရဝ ပြုရန် ပြင်လိုက်၏။
“သေစမ်း”
ယဲ့ဖုန်းသည် အလင်းအမြန်နှုန်းဖြင့် ရှောင်တိမ်းလိုက်ရာ၊ သူ့ကို ဂါရဝပြုခွင့် မရလိုက်ပေ။
“ဆရာသခင်... ကျွန်တော် ဆေးဖော်တတ်ပါတယ်... ကျွန်တော့်ကို ထားပေးပါနော်... အဝတ်မလျှော်တတ်၊ ထမင်းမချက်တတ်ပေမဲ့... ကျွန်တော် သင်ယူပါ့မယ်...”
ဝမ်ဖင်းအန်းကို ယဲ့ဖုန်းက အပြင်သို့ တွန်းထုတ်လိုက်၏။ မြူခိုးနယ်မြေထဲသို့ ရောက်လုနီးပါး ဖြစ်နေပြီမို့ ဝမ်ဖင်းအန်းမှာ စိုးရိမ်လွန်းသဖြင့် စကားပင် ပိုသွက်လာလေသည်။
ကျန်သော တပည့်များ၏ မျက်နှာထားများကတော့ တစ်မျိုးကြီး ဖြစ်နေကြသည်။
ရိုးရိုးသားသား ပြောရရင် မြူခိုးဂိုဏ်းမှာ တပည့်တွေ ပိုများလာတာကို သူတို့ သဘောကျပါသည်။
အထူးသဖြင့် ဆေးဖော်တတ်တဲ့ လူတစ်ယောက် ရောက်လာတာ ကောင်းတာပေါ့။
သို့သော်၊ ဝမ်ဖင်းအန်းမှာ “ဆရာသတ်” ပါရမီ ရှိနေနိုင်ပြီး ဆရာသခင် (၆) ယောက်ကို ဆက်တိုက် “ပို့ဆောင်” ခဲ့ဖူးသည် ဆိုတာကို သတိရလိုက်တော့... တပည့်တွေ အားလုံး ခေါင်းနပမ်းကြီးသွားကြသည်။
တောင်ပေါ်လမ်း၏ အဆုံးတွင် ဖြစ်သည်။
ယဲ့ဖုန်းသည် မြေကြီးပေါ်တွင် ဒူးထောက်လျက် ငိုယိုနေသော ဝမ်ဖင်းအန်းကို ကြည့်လိုက်၏။
ထိုစဉ် ဒီကောင်လေးက ဆေးပညာ နားလည်ကြောင်း ပြောခဲ့သည်ကို သတိရသွားသည်။
ကြယ်အဆင့်ဂိုဏ်း စစ်ဆေးချက်ကို အောင်မြင်ရန်အတွက် ဆေးဖော်တတ်သူ တစ်ဦး ရှိနေရန် မရှိမဖြစ် လိုအပ်သည် မဟုတ်ပါလော။
“မင်း ဆေးဖော်တတ်တယ်လို့ ပြောလိုက်တာလား”
ဟု ယဲ့ဖုန်းက မေးလိုက်၏။
ဝမ်ဖင်းအန်းသည် သံဒယ်အိုးကြီးကို ဖက်ထားရင်း အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်... ဟုတ်ပါတယ်... ကျွန်တော် ဆရာသခင် (၆) ယောက်ကို 'ပို့ဆောင်' ခဲ့ရပေမဲ့... မြစိမ်းရောင်တောင်ငယ်လေးရဲ့ ထူးခြားတဲ့ ဆေးဖော်နည်းတွေကိုလည်း သင်ယူခဲ့ပါတယ်... အရည်အသွေးမြင့်တဲ့ ဆေးလုံးတွေ ဖော်စပ်နိုင်ပါတယ်... ဥပမာ - ချီကျင့်ကြံခြင်း ဆေးလုံး၊ သွေးချီဆေးလုံး၊ ကုသခြင်းချီဆေးလုံး...”
“ရပ်... ရပ်... ရပ်လိုက်တော့”
ယဲ့ဖုန်းက ဝမ်ဖင်းအန်း၏ စကားကို ဖြတ်ပြောလိုက်၏။
“မင်းက ချီကျင့်ကြံခြင်း ဆေးလုံး ဖော်တတ်တယ်ဆိုတော့... ကောင်းပြီလေ... ငါ..မင်းကို အခွင့်အရေး တစ်ခု ပေးမယ်။ ဒီနေ့ ချီကျင့်ကြံခြင်း ဆေးလုံး တစ်လုံးလောက်တော့ ဖော်စပ်ပြရမယ်။ အဆင့်နိမ့်ဖြစ်ဖြစ်၊ အလယ်အလတ်ဖြစ်ဖြစ်၊ အဆင့်မြင့်ဖြစ်ဖြစ် ကိစ္စမရှိဘူး... အရည်အသွေး ကောင်းမွန်နေသရွေ့ မင်းကို ဒီမှာ ထားပေးမယ်”
“ကျွန်တော့်ကို တပည့်အဖြစ် လက်ခံမှာလား”
ဝမ်ဖင်းအန်းက စိတ်လှုပ်ရှားစွာ မေးလိုက်၏။
“တပည့်အဖြစ် လက်ခံတာတော့ မေ့လိုက်... ဒါပေမဲ့ ဂိုဏ်းသားတစ်ယောက်အနေနဲ့တော့ ထားပေးလို့ရတယ်”
ယဲ့ဖုန်းတစ်ယောက် သူ့ကို ကန်ကျောက်ချင်စိတ် ပေါက်သွားသည်။
'ဒီကောင် ဘာလို့ နားမလည်ရတာလဲ... မင်းက ဆရာသတ်ကောင်လေ... ငါမသေချင်သေးဘူးကွ'
“ကောင်း... ကောင်းပါပြီ... ကျွန်တော် အခုပဲ ဆေးဖော်ပါ့မယ်”
ဝမ်ဖင်းအန်းသည် မြေပြင်ပေါ်တွင် အမည်းရောင် ဒယ်အိုးကြီးကို တည်လိုက်၏။ ထို့နောက် သူ့သိုလှောင်လက်စွပ်ထဲမှ ရေတစ်အိုး၊ မွှေးပျံ့သော ဆေးမြစ် ဒါဇင်ပေါင်းများစွာ၊ ကျောက်စရစ် ကြိတ်ဆုံငယ်လေး တစ်ခုနှင့် ချိန်ခွင် တစ်ခုကို ထုတ်ယူလိုက်၏။
ဒါ့အပြင် ထူးဆန်းထွေလာ ပစ္စည်းအချို့လည်း ပါသေးသည်။
“ဒါက ထမင်းချက်နေတာလား... ဆေးဖော်နေတာလား”
မြေပြင်ပေါ်က ပစ္စည်းတွေကို ကြည့်ပြီး ယဲ့ဖုန်းတစ်ယောက် တီးတိုး ရေရွတ်လိုက်မိသည်။
တပည့်များလည်း ဝိုင်းအုံလာကြပြီး စိတ်ဝင်တစား ကြည့်ရှုနေကြသည်။
ဝမ်ဖင်းအန်းက ဆေးဖော်ခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်လေသည်။
ဒီအချိန်မှာတော့ သူ၏ နုပျိုသော မျက်နှာလေးသည် အလေးအနက် ဖြစ်နေသည်။ အားလုံး၏ အံ့ဩတကြီး ကြည့်ရှုနေမှုအောက်တွင် သူသည် ဦးစွာပထမ ဒယ်အိုးကို ရေဖြင့် ဆေးကြောလိုက်၏။
ထို့နောက် ဒယ်အိုးတစ်ဝက်ခန့် ရေထည့်လိုက်ပြီး၊ ထူးဆန်းသော ကျောက်မဲတုံး တစ်တုံးကို မန္တန်ဖြင့် မီးညှိကာ ဒယ်အိုးကြီးအောက်မှ အပူပေးလိုက်တော့သည်။
ဝမ်ဖင်းအန်းသည် ဝိညာဉ်ဆေးပင် (၁၀) မျိုးကျော်ကို ရွေးချယ်လိုက်ပြီး၊ ချိန်ခွင်ဖြင့် တိကျစွာ ချိန်တွယ်သည်။ ထို့နောက် ကျောက်ကြိတ်ဆုံထဲသို့ အကုန်ထည့်၊ ရေအနည်းငယ်ရောကာ အနှစ်ဖြစ်အောင် ကြိတ်ချေလိုက်သည်၊ ပြီးလျှင်၊ ရလာသမျှကို ဒယ်အိုးမည်းကြီးထဲသို့ လောင်းထည့်လိုက်တော့သည်။
ထို့နောက်မှာတော့... သူက သည်အတိုင်း ဆက်ပြီး ပြုတ်နေခြင်းပါပင်။
ထိုသို့ စည်းကမ်းမဲ့လှသည့် ဆေးဖော်နည်းကို မြင်လိုက်ရတော့ ယဲ့ဖုန်းရော တပည့်တွေပါ ဘာပြောရမှန်း မသိ ဖြစ်ကုန်ကြသည်။
ဒါက ဟင်းရည်ချက်နေတာလား၊ ဆေးဖော်နေတာလား ဆိုတာ တကယ်ကို မေးချင်စရာပါပင်။
သို့သော် သူတို့ ဝင်မနှောင့်ယှက်ကြပေ။
အားလုံးက အလေးအနက် စောင့်ကြည့်နေကြသည်။
ဝမ်ဖင်းအန်းကို စိတ်မချရဘူးဟု ထင်မိကြသော်လည်း၊ နောက်ဆုံးတော့လည်း သူက အလေးအနက်ထားပြီး ဆေးဖော်နေတာလေ။ ကြိုးစားနေသော လူတိုင်းဟာ သည်းခံမှုနှင့် အားပေးမှုကို ရထိုက်တာပဲ မဟုတ်လား။
“ရှဲ..ရှဲ..”
ဒယ်အိုးထဲက ရေတွေ ဆူပွက်လာလေသည်။
ရေမျက်နှာပြင်က တဖြည်းဖြည်း နိမ့်ဆင်းသွား၏။
မကြာခင်မှာပဲ ဒယ်အိုးထဲက အရည်တွေဟာ အနှစ်တွေအဖြစ် ပြောင်းလဲသွားသည်။ သို့သော်၊ မီးမငြှိမ်းလိုက်သည့်အတွက် ဆက်ပြီး အပူတိုက်ခံရကာ တူးနံ့တွေ စတင် ထွက်ပေါ်လာတော့သည်။
“နင် မီးငြှိမ်းဖို့ မလိုဘူးလားဟင်”
လီကျောက်ကျောက်က တီးတိုး မေးလိုက်၏။
ထိုအခါ၊ ဝမ်ဖင်းအန်းက အလေးအနက် ပြန်ဖြေသည်။
“အရေးကြီးဆုံး အချိန်ရောက်နေပြီဗျ... ကျွန်တော် ရပ်လိုက်လို့ မဖြစ်ဘူး”
စကားပြောရင်း သူက မီးအေးအေးဖြင့် ဆက်လက် အပူပေးနေသည်။ တဖြည်းဖြည်း မည်းနက်လာသော ဆေးအနှစ်များကို မွှေပေးနေပြီး၊ နောက်ဆုံးတွင် ဒယ်အိုးထဲမှ ပြာမည်းများသည် အပူချိန်မြင့်မားမှုကြောင့် အငွေ့ပျံကာ လေထဲသို့ လွင့်ပါသွားကြတော့သည်။
ဒယ်အိုးထဲက အနှစ်တွေက နည်းသထက် နည်းလာသည်။
ထိုအခိုက်အတန့်မှာပင်၊ အံ့ဩစရာကောင်းသော ဖြစ်ရပ် တစ်ခု ပေါ်ပေါက်လာတော့သည်။
ဒယ်အိုးမည်းကြီးရဲ့ မျက်နှာပြင်ပေါ်မှာ ရုတ်တရက် တောက်ပနေသော အလွှာတစ်ခု ဖြစ်ပေါ်လာပြီး၊ လတ်ဆတ်သော ရနံ့များ သင်းပျံ့လာသည်။
“ရှူး”
ဝမ်ဖင်းအန်းက မီးငြှိမ်းလိုက်၏။ ချက်ချင်းပင် ဒယ်အိုးကို ရေဖြင့် ဆေးကြောကာ တောက်ပနေသော အရာဝတ္ထုအားလုံးကို ဆေးချလိုက်၏။ ထို့နောက် အိုးတစ်လုံးထဲသို့ လောင်းထည့်ကာ စစ်ယူပြီး အနည်ထိုင်စေလိုက်၏။
“တော်တော် စိတ်ဝင်စားစရာ ကောင်းတာပဲ”
မိုယင်က တီးတိုး ရေရွတ်လိုက်သည်။
ယဲ့ဖုန်းလည်း ကြိတ်၍ ခေါင်းညိတ်လိုက်မိသည်။
ယွင်ဟွာဂိုဏ်းမှာ ရှိစဉ်က အားလုံးသည် ဆေးပညာရှင်များ ဆေးဖော်ကြသည်ကို မြင်ဖူးကြသည်။ လုပ်ငန်းစဉ်က ဝမ်ဖင်းအန်း လုပ်တာနှင့် လုံးဝ ကွာခြားနေသော်ငြား၊ နောက်ဆုံး ရလဒ်ကတော့ ဆေးရနံ့ သင်းပျံ့ နေသည့် ဆေးအနှစ်ကို ရရှိခြင်းပါပဲ။
(၁၅) မိနစ်ခန့် အနည်ထိုင်စေလိုက်၏။
ဝမ်ဖင်းအန်းက ဒယ်အိုးကို ပြန်အပူပေးသည်။ အနည်ထိုင်ထားသော အိုးထဲမှ ဆေးကြောထားသည့် ရေများကို သွန်ပစ်လိုက်ရာ၊ တစ်ပိုင်းတစ်စ ခြောက်သွေ့နေသော ဆေးအနှစ်များသာ ကျန်ရစ်ခဲ့၏။ သူက သည်အရာတွေကို ဒယ်အိုးထဲ ပြန်ထည့်၊ အကြိမ်အနည်းငယ် မွှေပြီးနောက်၊ အထူးပြုလုပ်ထားသော သစ်သားသေတ္တာ တစ်ခုထဲသို့ ထည့်ကာ အဆက်မပြတ် လှုပ်ခါလိုက်တော့သည်။
ထို့နောက် အပြာရောင်ဖျော့ဖျော့ ဆေးလုံး (၉) လုံး ပေါ်ထွက်လာလေ၏။
“အောင်မြင်သွားပြီလား”
လူအုပ်ကြီးမှာ အံ့ဩမှင်သက်သွားကြသည်။
ဝမ်ဖင်းအန်းက လက်ကို ဆန့်ထုတ်လိုက်ပြီး ဆေးလုံး (၉) လုံးကို လက်ဖဝါးပေါ် တင်လိုက်၏။
ထို့နောက် မန္တန် ရွတ်ဆိုပြီး သူ့ရဲ့ ကိုယ်ပိုင် ဝိညာဉ်မီးဖြင့် ဆေးလုံးများအား သန့်စင်လိုက်ရာ၊ ဆေးလုံးမျက်နှာပြင်ပေါ်တွင် ဝိညာဉ်အလင်းရောင်များ ပေါ်ထွက်လာပြီး၊ နောက်ဆုံးကျန်နေသော အညစ်အကြေးများကို ဖယ်ရှားလိုက်တော့သည်။
ပြင်းရှသော ဆေးရနံ့များ စတင် ပျံ့လွင့်လာ၏။
နောက်ဆုံးတော့ တစ်နာရီလောက် ကြိုးစားပြီးနောက်၊ ဝမ်ဖင်းအန်းသည် သန့်စင်ပြီး အပြစ်အနာအဆာကင်းသော ဆေးလုံး (၉) လုံးကို လင်ပန်းပေါ် တင်ကာ ယဲ့ဖုန်းအား ဆက်သလိုက်လေသည်။
“ဆရာ... ပြီးပါပြီ... အဆင့်နိမ့် ချီကျင့်ကြံခြင်း ဆေးလုံး (၉) လုံးပါ”
ဝမ်ဖင်းအန်းက ရွှင်လန်းစွာ ပြောလိုက်၏။
“ဆရာ” ဆိုသော စကားလုံးကို ကြားလိုက်ရတာနှင့် ၊ ယဲ့ဖုန်း တစ်ယောက် နည်းဗျူဟာကျကျ နောက်သို့ လှန်ချလိုက်ပြီး အရိုးဖြူဓားကို ဆွဲထုတ်လိုက်မိသည်။
'သေစမ်း... ဒီကောင် ငါ့ကို သတ်ဖို့ ကြံနေတာလား'
“မိုယင်... ဒီဆေးလုံးတွေရဲ့ အရည်အသွေးကို စစ်ဆေးပေးပါ”
ယဲ့ဖုန်းက မိုယင်ဘက်သို့ မေးငေါ့ပြလိုက်၏။
မိုယင်သည် နှင်းဆီပွင့်ဖတ်လို ဖြူဖွေးသွယ်လျသော လက်ကလေးကို ဆန့်ထုတ်ကာ အဆင့်နိမ့် ချီကျင့်ကြံခြင်း ဆေးလုံး တစ်လုံးကို ကောက်ယူလိုက်၏။ သူမ၏ ဝိညာဉ်အာရုံက ဆေးလုံးထဲသို့ ဝင်ရောက်သွားပြီး၊ မျက်လုံးအကြည့်များ အနည်းငယ် ပြောင်းလဲသွားသည်။
“တကယ်ပဲ အဆင့်နိမ့် ချီကျင့်ကြံခြင်း ဆေးလုံး ဟုတ်ပါတယ်... ပြီးတော့ သန့်စင်မှုက (၁၀) ပုံ (၁၀) ပုံ အပြည့်ပါပဲ... ဆရာကြီး အဆင့် နည်းပညာပါ”
“တကယ်လား”
ယဲ့ဖုန်း အသက်ရှု ရပ်တန့်သွားသည်။
ဆေးဖော်တတ်သည့် တပည့်တစ်ယောက် ရှာတွေ့တာ တကယ်ကို ဝမ်းသာစရာပါပဲ။
သို့သော်၊ ဝမ်ဖင်းအန်းမှာ “ဆရာသတ်” ခန္ဓာကိုယ် ရှိနေသည်။ မြူခိုးဂိုဏ်းမှာ နေတာ ပြဿနာမရှိပေမဲ့၊ ဘယ်သူ့တပည့်အဖြစ်မှ အသိအမှတ်ပြုလို့ မဖြစ်ပေ။ မဟုတ်လျှင် ထိုလူကို ကောင်းကင်ဘုံဆီ တန်းပို့လိုက်သလို ဖြစ်သွားလိမ့်မည်။
ဒါကို စဉ်းစားပြီး ယဲ့ဖုန်းက ချောင်းဟန့်လိုက်၏။
“ဆေးလုံးတွေရဲ့ အရည်အသွေးက တော်တော်ကောင်းပါတယ်... ဒီနေ့ကစပြီး မင်းက ငါတို့ မြူခိုးဂိုဏ်းရဲ့ (၁၄) ယောက်မြောက် တပည့်ပဲ။ လောလောဆယ်တော့ စာရင်းသွင်းထားတဲ့ တပည့် အနေနဲ့ ထားမယ်။ စစ်ဆေးမှု တာဝန်ကို အောင်မြင်ပြီးတာနဲ့ အပြင်စည်းတပည့် အဖြစ် အဆင့်တက်နိုင်လိမ့်မယ်”
“ကျေးဇူးတင်ပါတယ်.. ဆ... အဲ... ဂိုဏ်းချုပ်”
ဝမ်ဖင်းအန်းက ဝမ်းသာအားရ ဖြစ်သွားပြီး ကပျာကယာ ဒူးထောက်လိုက်သည်။ ယဲ့ဖုန်းက အရိုးဖြူဓားကို မြှောက်လိုက်တာ မြင်တော့မှ၊ သူက “ဆရာ” အစား “ဂိုဏ်းချုပ်” ဟု အမြန် ပြင်ခေါ်လိုက်ရ၏။
“ဒီနေ့ကစပြီး ဒီဂိုဏ်းချုပ်က ပထမဆုံး ဂိုဏ်းစည်းကမ်း တစ်ခု ချမှတ်လိုက်တယ်။ အဲဒါကတော့... ဘယ်သူမှ ငါ့ကို 'ဆရာ' လို့ မခေါ်ရဘူး ဆိုတာပဲ”
ယဲ့ဖုန်းက အရိုးဖြူဓားကို မြှောက်ကိုင်ထားပြီး သူ့ကို ဆရာဟု ခေါ်ရဲသည့် ဘယ်သူ့ကိုမဆို ခုတ်ပိုင်းပစ်မည့် ပုံစံဖြင့် ကြွေးကြော်လိုက်၏။
တပည့်များအားလုံးသည် ဝမ်ဖင်းအန်းဘက်သို့ ပြိုင်တူ လှည့်ကြည့်လိုက်မိကြသည်။
'ဒီကောင်ကြောင့် ငါတို့ပါ ဒုက္ခရောက်တော့မယ်'
ထိုအခါ၊ ဝမ်ဖင်းအန်းက ဇက်ကလေး ပုလိုက်ပြီး ပြောရှာသည်။
“ဆရာ... အဲ... ဂိုဏ်းချုပ်... ကျွန်တော် နောက်ဆို မခေါ်တော့ပါဘူး”
“ဖြောင်း”
သူ့စကားကို ကြားတော့မှ ယဲ့ဖုန်း ကျေနပ်သွားသည်။ ဝမ်ဖင်းအန်း၏ ကိုယ်ရေးအချက်အလက်များကို အမြန် စာရင်းသွင်းလိုက်ပြီး ဂိုဏ်းချုပ်တံဆိပ်တုံး ထုနှိပ်လိုက်တော့သည်။
“တီ..တီ.. စာရင်းသွင်းထားသော တပည့် 'ဝမ်ဖင်းအန်း' ကို လက်ခံရရှိပါပြီ၊ အဆင့်နိမ့် မူလအရိုး၊ ချီကျင့်ကြံခြင်း တတိယအဆင့်၊ သဘာဝအလျောက် မွေးဖွားလာတဲ့ ဆေးဘုရင်၊ ဆေးဖော်ခြင်းမှာ ကျွမ်းကျင်ပါတယ်”
စနစ်က အချက်ပေးသံ ထွက်ပေါ်လာသည်။
'ဆေးဘုရင် ဟုတ်လား... ငါတော့ ရတနာသိုက် တွေ့ပြီဟေ့'
ယဲ့ဖုန်း အသက်ရှု မှားသွားပြီးနောက် အတိုင်းထက်အလွန် ပျော်ရွှင်သွားတော့သည်။
...
နတ်ဆိုးမြို့တော်တွင် ဖြစ်သည်။
တုန်းချန်သည် မြေအောက်လှိုဏ်ဂူတစ်ခုထဲတွင် တင်ပျဉ်ခွေ ထိုင်နေလေသည်။
“ဝုန်း”
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခု သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ ကျောက်တုံးများကို အမှုန့်ကြိတ်ပစ်လိုက်၏။ သူ့မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး၊ သူ့အရှိန်အဝါသည် တစ်မုဟုတ်ချင်း (၁၀) ဆ မြင့်တက်သွားကာ၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့်သို့ တရားဝင် ခြေချလိုက်နိုင်လေသည်။
“ဟီးဟီးဟီး... နောက်ဆုံးတော့ ငါ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို ရောက်ပြီကွ... ငါ သိုသိုသိပ်သိပ်ပဲ နေမယ်... ကြီးကြီးမားမား တိုက်ပွဲတွေ မတိုက်ဘူး..မနိုင်တဲ့ ရန်သူဆိုရင် ထွက်ပြေးမယ်... ပြီးတော့ 'တည်ငြိမ်မှု' ဆိုတဲ့ လမ်းစဉ်ကိုပဲ အမြဲ စွဲကိုင်ထားမယ်... ငါ့ရဲ့ အထွတ်အထိပ် အချိန်ကို ပြန်ရောက်ဖို့ နှစ်အများကြီး မလိုတော့ပါဘူးကွာ”
တုန်းချန်သည် သူ့ကိုယ်ပေါ်က ဖုန်မှုန့်တွေကို ခါချလိုက်၏။ ထို့နောက် “မြေလျှိုးမန္တန်” ကို ဖော်ဆောင်ပြီး နတ်ဆိုးမြို့တော်ထဲမှ တိတ်တဆိတ် ထွက်ခွာသွားတော့သည်။
အခန်း (၂၃၆) ဝမ်ဖင်းအန်း၏ ပါရမီနှင့် ဆေးဖော်ဆောင်၏ သန္ဓေသားလောင်း
~ယဲ့ဖုန်းသည် နတ်ဆိုးမြို့တော်တွင် တုန်းချန် တစ်ယောက် ဘာတွေကြံစည်နေသည်ကို အိပ်မက်ပင် မမက်မိပါချေ။
လက်ရှိအချိန်တွင် သူသည် မြူခိုးတောင်ထိပ်၌ ရပ်လျက် ဝိညာဉ်စမ်းရေများကို အငမ်းမရ သောက်သုံးနေသော ဝမ်ဖင်းအန်းကို ကြည့်ကာ မျက်နှာထား တစ်မျိုး ဖြစ်နေလေသည်။
“ဒါ ဝိညာဉ်စမ်းရေပဲ မဟုတ်လား။ ဘာလို့ နှစ်ရာချီ ရေငတ်ပြတ်နေတဲ့ လူလိုမျိုး အငမ်းမရ သောက်နေရတာလဲ”
ဝမ်ဖင်းအန်းသည် ရေမှုတ်ခွက်ဖြင့် နောက်ထပ် အကြိမ်အနည်းငယ် ဂလု... ဂလု ဟူသော အသံမြည်အောင် မော့သောက်လိုက်ပြီးမှ မြေပြင်ပေါ်သို့ ပက်လက်လှန် ချလိုက်၏။ သူ့မျက်နှာပေါ်တွင် အတိုင်းထက်အလွန် ကျေနပ်နေသော အမူအရာများ ဖြာထွက်နေတော့သည်။
“ဒီရေက အရမ်း အရသာရှိတာပဲဗျာ။ ဆရာသခင်... အဲ... ဂိုဏ်းချုပ်... နောက်ဆို ဆေးဖော်တဲ့နေရာမှာ ဒီရေကို သုံးရင် ဆေးလုံးအရည်အသွေးက သေချာပေါက် တက်လာမှာပဲ”
ထိုသို့ ပြောပြီးနောက် ဝမ်ဖင်းအန်းသည် ရေမှုတ်ခွက်ကို ပြန်ကောက်ကိုင်ကာ ဝိညာဉ်စမ်းရေများကို နောက်ထပ် တစ်ဝကြီး မော့သောက်ပြန်လေသည်။
“အဲဒီလောက်တောင် အစွမ်းထက်သလား”
ယဲ့ဖုန်းက မျက်ခုံးပင့်လိုက်မိသည်။
သူ၏ အကြည့်များသည် စမ်းရေကန်ထဲတွင် ပေါက်ရောက်နေသော “သန့်စင်ခြင်း ကြာစိမ်း” ဆီသို့ ရောက်သွားလေသည်။
အချိန်အတန်ကြာ ပြုစုပျိုးထောင်ပြီးနောက် သန့်စင်ခြင်း ကြာစိမ်းသည် ရင့်သန်သည့် အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ၎င်း၏ မွှေးပျံ့သော ရနံ့သည် မြူခိုးတောင်ထိပ် တစ်ခုလုံးသို့ ပျံ့လွင့်နေပြီး၊ သန့်စင်ပေးသည့် အာနိသင်သည်လည်း များစွာ တိုးတက်လာခဲ့လေသည်။
ကြည့်ရသည်မှာ ဝိညာဉ်စမ်းရေ၏ အစွမ်းထက်မြက်မှုသည် သန့်စင်ခြင်း ကြာစိမ်း၏ သန့်စင်ပေးမှု အာနိသင်နှင့် ခွဲခြား၍ မရနိုင်အောင် ဆက်စပ်နေပုံ ရပေသည်။
ဝမ်ဖင်းအန်းသည် သူ့ဗိုက်သူ ပုတ်လိုက်ရင်း ပြောရှာ၏။
“ဒီရေက တကယ်ကို အရသာရှိလွန်းတယ်ဗျာ။ ကျွန်တော့်တစ်သက် ဒီလောက်ကောင်းတဲ့ ရေမျိုး မသောက်ဖူးဘူး။ ထမင်းမစားဘဲ တစ်နေ့လုံး ရေပဲသောက်ပြီး နေဆိုရင်တောင် နေနိုင်တယ်”
ယဲ့ဖုန်းသည် ထိုစကားကို ကြားသောအခါ တစ်စုံတစ်ယောက်နှင့် တူနေသလို ခံစားလိုက်ရ၏။
'ဟုတ်သားပဲ... ယန်ရူယွီ ပြောတုန်းကလည်း ဒီလိုပဲ... လက်တွေ့မှာကျတော့ သူများထက် ပိုစားတဲ့ ကောင်မလေး... အခုတော့ နောက်ထပ် ငတ်ကြီးကျတဲ့ကောင် ရောက်လာပြန်ပြီ... ငါ့ဂိုဏ်းတော့ စားစရိတ်တွေ တက်ဦးမှာပဲ'
ယဲ့ဖုန်းသည် တီးတိုးရေရွတ်လိုက်ပြီး ဝမ်ဖင်းအန်းဘက်သို့ လှည့်ကာ ပြောလိုက်၏။
“ဖင်းအန်း... မင်းက အခု ငါတို့ မြူခိုးဂိုဏ်းရဲ့ စာရင်းသွင်းထားတဲ့ တပည့်ဖြစ်နေပြီဆိုတော့ ငါမင်းကို တာဝန်တစ်ခု ပေးရမယ်။ နောက် (၁၅) ရက်အတွင်း အဆင့်မြင့် အဆိပ်ဖြေ ချီဆေးလုံး တစ်လုံးကို မင်း ဖော်စပ်ပေးရမယ်”
ဤသည်မှာ စနစ်မှ ယခုလေးတင် ချပေးလိုက်သော တာဝန်တစ်ခု ဖြစ်ပေသည်။
ထိုတာဝန် ပြီးမြောက်သွားပါက ဝမ်ဖင်းအန်းသည် အပြင်စည်းတပည့် အဖြစ်သို့ ရာထူးတိုးမြှင့်ခံရမည် ဖြစ်သည်။
“အဆင့်မြင့် အဆိပ်ဖြေ ချီဆေးလုံး ဟုတ်လား”
ဝမ်ဖင်းအန်းသည် ချက်ချင်း ထထိုင်လိုက်၏။
“ဂိုဏ်းချုပ်... ဒါက ရိုးရှင်းပါတယ်။ ဝိညာဉ်ဆေးပင်တွေသာ လုံလောက်မယ်ဆိုရင် ဒီနေ့ပဲ ကျွန်တော် ဖော်စပ်ပေးနိုင်ပါတယ်”
“အဲဒီလောက် မြန်သလား”
ယဲ့ဖုန်း အံ့ဩသွားရ၏။
ဝမ်ဖင်းအန်းသည် ချီစုစည်းခြင်း တတိယအဆင့်သာ ရှိသေးသူ ဖြစ်သည်။ သူက တကယ်ပဲ အဆင့်မြင့် အဆိပ်ဖြေ ချီဆေးလုံးကို ဖော်စပ်နိုင်ပါ့မလား။ ပုံမှန်အားဖြင့် အဆင့်မြင့် ဆေးလုံးများ ဖော်စပ်ရန်အတွက် ချီစုစည်းခြင်း သတ္တမအဆင့် ရှိရန် လိုအပ်သည် မဟုတ်ပါလော။
ယဲ့ဖုန်း၏ သံသယအကြည့်အောက်တွင် ဝမ်ဖင်းအန်းသည် စာအုပ်ငယ်တစ်အုပ်ကို ထုတ်လိုက်ပြီး စာမျက်နှာ (၃၅) သို့ လှန်လိုက်၏။ ထိုစာမျက်နှာတွင် အဆင့်မြင့် အဆိပ်ဖြေ ချီဆေးလုံး၏ ဆေးဖော်နည်း ပါရှိလေသည်။
“ဒီဆေးလုံးကို ဖော်စပ်ဖို့အတွက်... သက်တမ်း (၁၀) နှစ်ရှိ ပူစီနံ (၃) ကျပ်သားနဲ့... သက်တမ်း (၃) နှစ်ရှိ အဆိပ်ဖြေ ဝိညာဉ်သစ်သီး (၂) ကျပ်သား လိုအပ်ပါတယ်...”
ဟု ဝမ်ဖင်းအန်းသည် အသံထွက်၍ ဖတ်ပြလေသည်။
ယဲ့ဖုန်းက မျက်ခုံးပင့်ကာ မေးလိုက်၏။
“နေပါဦး... မင်း အရင်က တကယ်တမ်း မဖော်စပ်ဖူးဘူး မဟုတ်လား”
ဝမ်ဖင်းအန်းက အလေးအနက် ပြန်ဖြေသည်။
“လူတိုင်းမှာ ပထမဆုံးအကြိမ် ဆိုတာ ရှိစမြဲပါဗျာ။ ကျွန်တော့်မှာ အတွေ့အကြုံ မရှိပေမဲ့ တစ်ရက်အတွင်း အောင်မြင်အောင် လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်”
“ကောင်းပြီလေ... မင်းအောင်မြင်မှပဲ ဆက်ပြောကြတာပေါ့”
ယဲ့ဖုန်းသည် ပြောပြောဆိုဆိုနှင့် ကုလားထိုင်တစ်လုံးပေါ်တွင် ဝင်ထိုင်လိုက်၏။
ထိုအချိန်တွင် ကျီဇီလင်းသည် စာအုပ်အထပ်လိုက်ကြီးကို ပိုက်လျက် ဖြတ်လျှောက်သွားလေသည်။
“ဇီလင်း... မင်းက စာဖတ်ရတာ အဲဒီလောက်တောင် ကြိုက်သလား”
ယဲ့ဖုန်းက လှမ်းမေးလိုက်၏။
“တစ်နေ့လုံး စာအုပ်ပုံထဲမှာ မြှုပ်နှံထားပြီး ဒီလောကကြီးအကြောင်း သိသင့်သမျှ အကုန် သင်ယူချင်တာပါ”
ကျီဇီလင်းက အလေးအနက် ခေါင်းညိတ်ပြလာသည်။
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်းသည် သိုင်းကျမ်းဆောင်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အကြံတစ်ခု ရသွားသည်။
“ဒါဆိုရင်လည်း ကောင်းပြီ... ဒီနေ့ကစပြီး သိုင်းကျမ်းဆောင်ရဲ့ စီမံခန့်ခွဲမှု တာဝန်ကို မင်းယူလိုက်တော့”
“မန်နေဂျာလား”
“သိုင်းကျမ်းဆောင်ရဲ့ ယာယီဆောင်သခင်လို့ သဘောထားလိုက်ရင် ရပါတယ်”
“တကယ်လား”
ကျီဇီလင်း၏ မျက်ဝန်းများတွင် အံ့ဩဝမ်းသာရိပ်များ ယှက်သန်းသွားလေသည်။
ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်၏။
“တကယ်ပေါ့... ငါက ဒီလိုကိစ္စမျိုးကို ဘာလို့ နောက်ပြောင်ရမှာလဲ”
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
ကျီဇီလင်းသည် ယဲ့ဖုန်းဘေးတွင် ကပျာကယာ ဝင်ထိုင်လိုက်ပြီး ယာယီဆောင်သခင် တစ်ယောက်၏ တာဝန်ဝတ္တရားများကို စတင် မေးမြန်းတော့သည်။
“ယာယီဆောင်သခင် တစ်ယောက်အနေနဲ့ မင်းက သိုင်းကျမ်းတွေရဲ့ လုံခြုံရေးကို တာဝန်ယူရမယ်။ ဘာပစ္စည်းမှ ပျောက်ရှမသွားအောင် စောင့်ကြည့်ရမယ်။ အကောင်းဆုံးကတော့ ရှေးဟောင်းသိုင်းကျမ်း တစ်အုပ်ချင်းစီကို ဝင်္ကပါတွေနဲ့ ကာကွယ်ထားသင့်တယ်။ ပြီးတော့ ဂိုဏ်းချုပ်ဖြစ်တဲ့ ငါ့သဘောတူညီချက်၊ ဒါမှမဟုတ် ယာယီဆောင်သခင်ဖြစ်တဲ့ မင်းရဲ့ သဘောတူညီချက် မပါဘဲ ဘယ်သူမှ သိုင်းကျမ်းဆောင်ထဲက စာအုပ်တွေကို အပြင်ယူသွားခွင့် မရှိစေရဘူး။ နောက်တစ်ခုက စာအုပ်တွေကို အမှတ်စဉ် နံပါတ်တွေ၊ အညွှန်းကိန်းတွေ သတ်မှတ်ပေးလို့ရတယ်။ ဒါမှ ရှာဖွေရ လွယ်ကူပြီး စာရင်းလုပ်ရတာ အဆင်ပြေမှာ”
ယဲ့ဖုန်းသည် မော်ဒန်ကမ္ဘာက စာကြည့်တိုက်တွင် အချိန်ကုန်လေ့ရှိသော စံပြကျောင်းသား တစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် ဤကိစ္စရပ်များကို ကောင်းစွာ နားလည်လေသည်။
ထိုဆန်းသစ်သော အကြံပြုချက်များကို ကြားလိုက်ရသောအခါ ကျီဇီလင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး၊ တစ်လုံးတစ်ပါဒမျှ မလွတ်စေရန် မှတ်စုစာအုပ်ထဲတွင် တဖျပ်ဖျပ် လိုက်ရေးနေတော့သည်။
“ကဲ... သွားပြီး မင်းအလုပ်မင်း ဆက်လုပ်တော့”
ကျီဇီလင်းကို လွှတ်လိုက်ပြီးနောက် ယဲ့ဖုန်းသည် ရှီလေ့ကို သွားရှာကာ ဆေးဖော်ဆောင် တည်ဆောက်မည့် အကြံအစည်ကို ပြောပြလိုက်၏။
“ဂိုဏ်းချုပ်က ဆေးဖော်ဆောင် တည်ဆောက်ဖို့ ပြင်ဆင်နေတာလား။ ကိစ္စမရှိပါဘူး... ဒီတပည့် အခုပဲ သစ်မာလွင်ပြင်ကို သွားပြီး သစ်ခုတ်လိုက်ပါ့မယ်ဗျ။ ပြီးရင် ဂိုဏ်းချုပ်ဦးလေး သဘောကျလောက်မယ့် အဆောင်တစ်ခုကို တောင်ထိပ်ပေါ်က မြေလွတ်မှာ ဆောက်ပေးပါ့မယ်”
ထိုသို့၊ ရှီလေ့က ရင်ဘတ်ကို ပုတ်ကာ ကတိပေးလေသည်။
“ကျေးဇူးပဲကွာ... မင်း ပင်ပန်းရပြီကွာ”
ယဲ့ဖုန်းသည် ရှီလေ့၏ ပခုံးကို ပုတ်ပေးလိုက်၏။ သူ့စီနီယာ အစ်ကိုကြီးသည် တော်တော်လေး အားကိုးရပြီး၊ ဘာခိုင်းခိုင်း ငြီးငြူခြင်းမရှိဘဲ တက်ကြွစွာ လုပ်ဆောင်တတ်သူ ဖြစ်ပါသည်။
'ခေတ်သစ်ကမ္ဘာမှာသာ ဆိုရင်တော့ ဒီကလေးက စံပြဝန်ထမ်းဆု ရမယ့်သူပဲ'
...
ရှီလေ့သည် သစ်ခုတ်ရန် ထွက်ခွာသွားလေသည်။
ကျီဇီလင်းသည် သိုင်းကျမ်းဆောင်၏ ပထမထပ်တွင် ထိုင်လျက် ရှေးဟောင်းစာအုပ်များကို စီမံခန့်ခွဲကာ နံပါတ်စဉ်များ တပ်နေသည်။ နားမလည်သည်များ ရှိပါက တစ်ခါတရံ ယဲ့ဖုန်းကို သွားမေးလေ့ရှိပြီး၊ သို့မဟုတ် ရှေးလူကြီးများ၏ အတွေ့အကြုံများကို စာအုပ်များမှတဆင့် လေ့လာမှတ်သားလေသည်။
ချောက်ကမ်းပါး အစွန်းတစ်နေရာတွင် ဖြစ်သည်။
ဝမ်ဖင်းအန်းသည် ဟင်းချက်ရန်... အဲလေ... ဆေးဖော်ရန် မီးမွှေးနေလေသည်။
နေ့ဝက်ခန့် အလုပ်ရှုပ်ပြီးနောက် "စားဖိုမှူးကြီး ဝမ်" သည် ဝိညာဉ်ဆေးဥယျာဉ် တာဝန်ခံ ကျားယွိလန်၏ အကူအညီဖြင့် အဆင့်မြင့် အဆိပ်ဖြေ ချီဆေးလုံး ဖော်စပ်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို ရှာတွေ့သွားသည်။
သူသည် ယခင်အတိုင်း ဒယ်အိုးဖြင့် ဆေးဖော်သည့် နည်းလမ်းကိုသာ ဖော်ဆောင်လေသည်။
ပထမဦးစွာ ဆေးမြစ်များကို ချိန်တွယ်သည်။
ထို့နောက် ကျောက်ကြိတ်ဆုံဖြင့် အနှစ်ဖြစ်အောင် ကြိတ်သည်။
ပြီးနောက် ဒယ်အိုးထဲ ထည့်ပြီး ပြုတ်သည်။
လုံထျန်းရှင်းသည် လုပ်စရာမရှိသဖြင့် ချပ်ဝတ် စောင့်ရှောက်သူ ၏ ထိုးကြိတ်မှုကြောင့် မျက်နှာတစ်ခုလုံး ဖူးရောင်နေသော ချောင်ကျားရှီးကို ဆွဲခေါ်လာပြီး ဘေးတွင် လာထိုင်ကြည့်နေကြတော့၏။ ဒယ်အိုးမည်းကြီးအောက်တွင် တောက်လောင်နေသော ကျောက်တုံးမည်းကို လက်ညှိုးထိုးပြရင်း၊ အချိန်အကြာကြီး လောင်ကျွမ်းနေသော်လည်း မငြိမ်းသွားသည်ကို တွေ့ရသဖြင့် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာကြသည်။
“ဂျူနီယာညီလေး... ဒါ ဘာကြီးလဲ”
လုံထျန်းရှင်းက မေးလိုက်၏။
“ဒါက အနက်ရောင် အလင်းမီးကျောက် လို့ ခေါ်တယ်ဗျ။ မြစိမ်းရောင်တောင်ငယ်လေးမှာပဲ တွေ့ရတဲ့ ထူးခြားတဲ့ ကျောက်မျိုးပဲ။ သူက အချိန်အကြာကြီး လောင်ကျွမ်းနိုင်သလို မီးအရှိန်ကိုလည်း တိကျစွာ ထိန်းချုပ်လို့ ရတယ်”
ဝမ်ဖင်းအန်းက ရှင်းပြလေသည်။
“ဒီလောက် အံ့ဖွယ်ကောင်းတဲ့ ပစ္စည်းမျိုး ရှိတယ်ပေါ့... ဗဟုသုတ တိုးရပါတယ်”
ချောင်ကျားရှီးက ခပ်ဖွဖွ ထုတ်ဖော်.. ချီးကျူးလိုက်၏။ လုံထျန်းရှင်းလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေရ၏။
မကြာမီ ဒယ်အိုးထဲမှ ရေများ ခန်းခြောက်သွားလေသည်။
ဒယ်အိုး၏ ဘေးနံရံများတွင် တောက်ပနေသော ဝိညာဉ်ဆေးအနှစ်များ ကပ်ငြိကျန်ရစ်ခဲ့သည်။ ဝမ်ဖင်းအန်းသည် ၎င်းတို့ကို ခြစ်ယူပြီး အိုးတစ်လုံးထဲ ထည့်ကာ ရေရောမွှေလိုက်၏။ အညစ်အကြေးများကို စစ်ထုတ်ပြီးနောက် အနည်ထိုင်စေလိုက်၏။
နောက်ဆက်တွဲ လုပ်ငန်းစဉ်များသည် အဆင့်နိမ့် ချီကျင့်ကြံခြင်း ဆေးလုံး ဖော်စပ်စဉ်ကနှင့် အတူတူပင် ဖြစ်သည်။
ဝမ်ဖင်းအန်း၏ လက်ထဲရှိ အပြာနှင့်အဖြူ ရောယှက်နေသော ဆေးလုံး (၃) လုံးကို ကြည့်ပြီး၊ ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့ သိချင်စိတ် ပြင်းပြလာကြသည်။
“ဂျူနီယာညီလေး... ဒါဆို ပြီးသွားပြီလား”
ဝမ်ဖင်းအန်းက အလေးအနက် ပြန်ဖြေသည်။
“မပြီးသေးဘူးဗျ။ အခုက ဝိညာဉ်ဆေးအနှစ်ကို ထုတ်ယူတဲ့ ပထမအဆင့်ပဲ ပြီးသေးတာ။ နောက်တစ်ဆင့်အနေနဲ့ ဝိညာဉ်မီးနဲ့ သန့်စင်ပြီး အသွင်ပြောင်းလဲအောင် လုပ်ရဦးမယ်။ အဲဒါမှသာ ဆေးလုံးစစ်စစ် ဖြစ်လာမှာ”
ပြောပြီးသည်နှင့် သူ၏ လက်ဖဝါးပေါ်တွင် မီးတောက်များ ထွက်ပေါ်လာလေသည်။
ဆေးလုံး (၃) လုံးသည် မီးတောက်ထဲတွင် ပေါလောပေါ်နေပြီး ဝိညာဉ်မီးကို စုပ်ယူကာ အပြာရောင် အလင်းတန်းများ ထုတ်လွှတ်လာသည်။ တဖြည်းဖြည်းနှင့် ပိုမို တောက်ပလာပြီး မျက်စိကျိန်းမတတ် ဖြစ်လာလေသည်။
“ဖပ်”
ဆေးလုံးတစ်လုံးသည် အမှုန့်အဖြစ် ကြွေမွသွားသည်။
“ဖပ်”
ဒုတိယဆေးလုံးလည်း ကွဲကြေသွားပြန်သည်။
နောက်ဆုံးကျန်သော ဆေးလုံးကမူ ကြံ့ကြံ့ခံနိုင်ခဲ့သည်။ ဝိညာဉ်မီးဖြင့် သန့်စင်မှုအောက်တွင် ၎င်း၏ မျက်နှာပြင်ပေါ်၌ အပြာရောင်နှင့် ရွှေရောင်လိုင်းများ ယှက်သန်းလာပြီး၊ ပြင်းရှသော ဆေးရနံ့များ ပျံ့လွင့်လာကာ နောက်ဆုံးတွင် ဆေးလုံးတစ်လုံးအဖြစ် အောင်မြင်စွာ ပြောင်းလဲသွားတော့သည်။
“ဟားဟား... ငါ အောင်မြင်ပြီဟေ့”
ဝမ်ဖင်းအန်းသည် ဆေးလုံးကို ကိုင်လျက် စိတ်လှုပ်ရှားစွာဖြင့် ယဲ့ဖုန်းထံသို့ ပြေးသွားပြီး အဆင့်မြင့် အဆိပ်ဖြေ ချီဆေးလုံးကို ဆက်သလိုက်လေသည်။
စနစ်၏ အချက်ပေးသံသည်လည်း တစ်ချိန်တည်းမှာပင် ထွက်ပေါ်လာသည်။
“တီ..တီ.. စာရင်းသွင်း တပည့် ဝမ်ဖင်းအန်းဟာ အပြင်စည်းတပည့် စစ်ဆေးမှုကို အောင်မြင်သွားပြီဖြစ်သဖြင့် အပြင်စည်းတပည့်အဖြစ် ရာထူးတိုးမြှင့်နိုင်ပါပြီ။ ဂိုဏ်းချုပ်အနေနဲ့ လက်ဆောင်ထုပ်ငယ် (၁) ခု ရရှိတဲ့အတွက် ဂုဏ်ယူပါတယ်”
ယဲ့ဖုန်းသည် ဆေးလုံးကို စူးစိုက်ကြည့်ရင်း မျက်နှာ တစ်ခုလုံး အံ့ဩမှင်သက်နေတော့သည်။
‘နေ့ဝက်တောင် မကြာဘူး... ဝမ်ဖင်းအန်းက ဆေးလုံးကို ဖော်စပ်နိုင်ခဲ့ပြီလား။
ဒီအမြန်နှုန်းကတော့ မြန်လွန်းအားကြီးနေပြီ။’
အခန်း (၂၃၇) အထူးတပည့်ခံ လက်ဆောင်နှင့် ဟူယွမ်၏ အကြံအစည်
~ယဲ့ဖုန်း တစ်ယောက်တည်း ကြောင်သွားတာ မဟုတ်ပါ။ တခြားတပည့်တွေလည်း အားလုံး မှင်သက်ကုန်ကြတော့သည်။
အထူးသဖြင့် မိုယင် ဖြစ်လေသည်။ အမည်းရောင် ဇာပဝါနောက်က သူမ၏ တောက်ပသော မျက်ဝန်းများတွင် အံ့ဩမှုများ ပြည့်နှက်နေ၏။
သူမသည် ဆေးပညာရှင် များစွာကို မြင်ဖူးခဲ့သည်။
ထိုလူများ၏ ကျင့်ကြံခြင်းအဆင့်များသည် မဆိုးလှသော်လည်း၊ အဆင့်မြင့် အဆိပ်ဖြေ ချီဆေးလုံးကို ဖော်စပ်နိုင်ရန်အတွက် အနည်းဆုံး ချီစုစည်းခြင်း သတ္တမအဆင့် ရှိမှသာ ဖြစ်နိုင်ပေသည်။ သို့မဟုတ်ပါက ဆေးဖော်စပ်စဉ် ကုန်ခန်းသွားသော စွမ်းအင်ပမာဏကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
သို့သော် ဝမ်ဖင်းအန်းကျတော့ မတူပေ။
ချီစုစည်းခြင်း တတိယအဆင့်လေးနှင့် ချီစုစည်းခြင်း သတ္တမအဆင့် ပညာရှင်များနှင့် ရင်ပေါင်တန်းကာ အဆင့်မြင့် အဆိပ်ဖြေ ချီဆေးလုံးကို ဖော်စပ်နိုင်ခဲ့သည်။
ဒီလို ဆေးဖော်ခြင်း ပါရမီမျိုးကို အလွန်မြင့်မားသည်ဟု ပြောရပေမည်။
'မြစိမ်းရောင်တောင်ငယ်လေး ဆိုတာ ဘယ်လိုနေရာမျိုးလဲ... ဒီလို အံ့ဖွယ်ကောင်းတဲ့ ဆေးပညာရှင် ပါရမီရှင်မျိုးကို မွေးထုတ်ပေးနိုင်ရတာလဲ... ဒါမှမဟုတ် သူ့မှာ ဆေးဘုရင် ခန္ဓာကိုယ် ရှိနေလို့ပဲ ဒီလို လုပ်နိုင်တာများလား'
မိုယင်သည် ဤအမည်မသိ စွမ်းအားအပေါ် အလွန် စိတ်ဝင်စားသွားမိသည်။
သူမသည် လက်ဖြင့် ပါးပြင်ကို အသာအယာ ထိတွေ့လိုက်မိပြီး၊ တစ်နေ့နေ့တွင် ဝမ်ဖင်းအန်းက သူမ၏ မျက်နှာကို ကုသနိုင်မည့် ဆေးလုံးမျိုး ဖော်စပ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်မိသည်။ ထိုအခါမှသာ သူမသည် လူရှေ့တွင် ယုံကြည်မှုရှိရှိ ဇာပဝါကို ဖယ်ရှားနိုင်မည် ဖြစ်ပြီး၊ အိပ်ချိန်မှာတောင် ခမောက်နဲ့ ဇာပဝါကို တပ်ဆင်ထားရသည့် ဒုက္ခမှ ကင်းဝေးရပေမည်။
...
ခေါက် ကုလားထိုင်ရှည်၏ ရှေ့တွင် ဖြစ်သည်။
ယဲ့ဖုန်းသည် ဝမ်ဖင်းအန်းလက်ထဲက ဆေးလုံးကို ကြည့်စရာပင် မလိုဘဲ၊ ဝမ်ဖင်းအန်း အောင်မြင်သွားပြီ ဖြစ်ကြောင်း သိနေလေသည်။
ဘာပဲဖြစ်ဖြစ် စနစ်က အချက်ပေးထားပြီးသား မဟုတ်လား။
“အင်း... မဆိုးဘူး... တော်တယ်”
ချီးကျူးစကား ပြောကြားပြီးနောက်၊ ယဲ့ဖုန်းသည် “အပြင်စည်း ဝမ်ဖင်းအန်း” ဟု ရေးထိုးထားသော အပြင်စည်းတပည့် တံဆိပ်ပြား တစ်ခုကို ထုတ်ပေးလိုက်၏။
“ဒါက မင်းရဲ့ တံဆိပ်ပြားပဲ။ သတင်းပို့တာ၊ ကာကွယ်တာနဲ့ ဓားချီ ထုတ်လွှတ်တာတွေ ပါဝင်တယ်။ သွားပြီး ကျွမ်းကျင်အောင် လေ့ကျင့်ချေ”
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”
ဝမ်ဖင်းအန်းသည် တံဆိပ်ပြားကို လှမ်းယူလိုက်ပြီး ပျော်လွန်းသဖြင့် ခုန်ပေါက်နေတော့သည်။ ထို့နောက် မြေကြီးပေါ်တွင် ဒူးထောက်ချလိုက်ပြီး ပြောရှာသည်။
“ဂိုဏ်းချုပ်... အခု ကျွန်တော် အပြင်စည်းတပည့် ဖြစ်သွားပြီဆိုတော့... ကျွန်တော့်ကို တပည့်အဖြစ် လက်ခံ...”
“တပည့်” ဆိုသည့် စကားလုံး မဆုံးခင်မှာပင် ယဲ့ဖုန်းက ဓားဆွဲထုတ်လိုက်တော့သည်။
ဝမ်ဖင်းအန်း ပါးစပ် အမြန် ပိတ်သွားရ၏။
သူ့ကို ဆရာတင်ရန် အမြဲတမ်း ကြိုးစားနေသော ဝမ်ဖင်းအန်းကို ကြည့်ပြီး ယဲ့ဖုန်း အတော်လေး စိတ်ညစ်သွားသည်။ ဒီအတိုင်း ဆက်သွားလို့တော့ မဖြစ်ပါပေ။
ခဏလောက် စဉ်းစားပြီးနောက် သူ့မျက်လုံးများ အရောင်တောက်လာပြီး အကြံတစ်ခု ရသွားသည်။
“ငါတို့ မြူခိုးဂိုဏ်းမှာ အရင်က ဂိုဏ်းချုပ်ဟောင်း တစ်ယောက် ရှိခဲ့ဖူးတယ်။ သူက ငါ့ရဲ့ စီနီယာအစ်ကိုကြီးပေါ့ကွာ... ဒီလိုလုပ်... မင်းက ဂိုဏ်းချုပ်ဟောင်းကို ဆရာတင်လိုက်။ ဒီနေ့ကစပြီး ငါက မင်းရဲ့ ဂိုဏ်းချုပ်ဦးလေး ဖြစ်သွားမယ်။ ဂိုဏ်းချုပ်ဟောင်း ကိုယ်စား မင်းကို ပညာသင်ပေးမယ်လေ... ဘယ်လိုလဲ”
ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် ကိုယ့်ကိုယ်ကို ဉာဏ်ကြီးရှင် တစ်ယောက်လို ခံစားလိုက်ရ၏။
ဒီလောက် ကောင်းတဲ့ အကြံမျိုး ရတာ တကယ်ကို အံ့မခန်းပါပဲ။
“တကယ်ပဲ အဲဒီလို လုပ်လို့ရသလား”
ဝမ်ဖင်းအန်း မျက်လုံးပြူးသွားသည်။
‘သူက ဆရာတစ်ယောက် လိုချင်ရုံ သက်သက်ပါ။ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ဘာလို့ ဒီလောက် ရှုပ်ထွေးသွားရတာလဲ။’
သို့သော် ဆရာတင်ခွင့် ရမည်ဟု တွေးလိုက်မိပြီး သူ လက်ခံလိုက်၏။
“အဲဒီလိုဆိုရင်လည်း... ကျွန်တော့်ရဲ့ ဂါရဝပြုမှုကို လက်ခံပါ ဂိုဏ်းချုပ်ဦးလေး”
ဝမ်ဖင်းအန်းသည် ချက်ချင်း မြေကြီးပေါ် ဒူးထောက်လိုက်ပြီး ယဲ့ဖုန်းကို ကိုးကြိမ်တိတိ ဦးချ ကန်တော့လိုက်၏။
ယဲ့ဖုန်းသည် နေရာမှာပင် ထိုင်လျက် ဝမ်ဖင်းအန်း ကမ်းလှမ်းသော ဝိညာဉ်လက်ဖက်ရည်ခွက်ကို ယူလိုက်၏။ ထို့နောက် မြေကြီးပေါ်သို့ သွန်ချလိုက်ပြီး ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်၏။
“စီနီယာအစ်ကိုကြီး... ဒီနေ့ အစ်ကိုကြီး ကိုယ်စား ဝမ်ဖင်းအန်းကို တပည့်အဖြစ် လက်ခံလိုက်ပါတယ်။ ဒီနေ့ကစပြီး အစ်ကိုကြီးက သူ့ဆရာ ဖြစ်သွားပါပြီ။ ပုံမှန်ရက်တွေမှာတော့ ညီလေးကပဲ သူ့ကို သေချာ သင်ကြားပေးပါ့မယ်။ ဒါကြောင့် စိတ်ဖြောင့်ဖြောင့်သာ အနားယူပါတော့”
ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် လက်ဖက်ရည်ခွက်ကို ဘေးနားရှိ စားပွဲပေါ် တင်လိုက်၏။
နောက်တစ်ခဏတွင် အပြာရောင် မီးခိုးငွေ့တစ်စသည် ကောင်းကင်ယံသို့ ပျံ့လွင့်တက်သွားလေသည်။
ယဲ့ဖုန်းနှင့် အခြားတပည့်များသည် မျက်လုံးပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ကြပြီး မြူခိုးတောင်ထိပ်၏ နောက်ကျောဘက် တောင်ကုန်းအလယ်ကို လှမ်းကြည့်လိုက်ကြသည်။ ထိုနေရာရှိ အုတ်ဂူတစ်ခုမှ အပြာရောင် မီးခိုးငွေ့များ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသောအခါ အားလုံး၏ မျက်နှာထားများ တဖြည်းဖြည်း ထူးဆန်းလာကြသည်။
“အဲဒါ ကျွန်တော်တို့ ဆရာသခင်ရဲ့ အုတ်ဂူ မဟုတ်လား”
ဟိုယွင်ကျဲက တီးတိုး ရေရွတ်လိုက်၏။
“ဘိုးဘွားပိုင် အုတ်ဂူကနေ မီးခိုးပြာတွေ ထွက်လာတာလားဟ”
လုံထျန်းရှင်း မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“ဒါ နိမိတ်ကောင်းလို့ ကြားဖူးတယ်”
ယဲ့ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး တစ်မျိုးကြီး ခံစားလိုက်ရ၏။
သူသည် ကြောင်အမ်းအမ်း ဖြစ်နေသော ဝမ်ဖင်းအန်းဘက်သို့ အမြန်လှည့်ကာ မေးလိုက်၏။
“အရင်တုန်းက မင်း ဆရာတင်တုန်းကလည်း အဲဒီလို ဖြစ်ဖူးလား”
ဝမ်ဖင်းအန်းက သေချာစဉ်းစားပြီး ခေါင်းညိတ်ပြသည်။
“ဆင်တူတယ်လို့ ထင်တာပဲဗျ... ကျွန်တော် မှတ်မိသလောက်ဆိုရင် ဘိုးဘေးကြီးကို မြှုပ်နှံပြီးတဲ့နောက် ဒုတိယဘိုးဘေးကို ဆရာတင်လိုက်တာ... မကြာခင်မှာပဲ ဘိုးဘွားပိုင် အုတ်ဂူကနေ မီးခိုးပြာတွေ ထွက်လာဖူးတယ်”
“...”
ယဲ့ဖုန်း ဘာပြောရမှန်း မသိတော့ပေ။
အချက်တစ်ခုကိုတော့ သူ အတည်ပြုလိုက်နိုင်ပြီ။
ဝမ်ဖင်းအန်း၏ ဆရာ ဖြစ်လာသူ မည်သူမဆို ကောင်းကောင်း အဆုံးသတ်ရပုံ မပေါ်ပေ။
ဝမ်ဖင်းအန်းဆီမှာ သူ့ဆရာအဖြစ် ခံယူသူတိုင်းကို ကျိန်စာတိုက်တတ်သည့် ထူးဆန်းသော အရာ တစ်ခု ရှိနေတာ သေချာသလောက်ပါပဲ။
ထိုအချက်ကို တွေးမိပြီး ယဲ့ဖုန်းသည် တောင်ကုန်းအလယ်ရှိ ဂိုဏ်းချုပ်ဟောင်း၏ အုတ်ဂူဘက်သို့ လှမ်းကြည့်ကာ ပြောလိုက်၏။
“အစ်ကိုကြီး... အစ်ကိုကြီးက ဆုံးပါးသွားပြီဆိုတော့... ဝမ်ဖင်းအန်းကို တပည့်အဖြစ် လက်ခံပြီး ကပ်ဘေးကို လွှဲပြောင်းယူလိုက်တာက မြူခိုးဂိုဏ်း တစ်ခုလုံးအတွက်တော့ ကောင်းတဲ့ကိစ္စပါပဲဗျာ”
ပြောပြီးသည်နှင့် ယဲ့ဖုန်း တစ်ယောက် စိတ်ပေါ့ပါး လန်းဆန်းသွားတော့သည်။
'ဟူး... တော်ပါသေးရဲ့... ငါ့ဆီ မလာတာ ကံကောင်းတယ်'
မျက်စိတစ်မှိတ်အတွင်းမှာပင် (၃) ရက် ကုန်ဆုံးသွားခဲ့ပြီ။
ဝမ်ဖင်းအန်းသည် နေ့တိုင်းလိုလို ဆေးဖော်စပ်ရင်း အချိန်ကုန်နေပြီး ကျင့်ကြံခြင်းကို မလုပ်ဆောင်သလောက်ပင် ဖြစ်နေသည်။
ရှီလေ့သည် ဤအချိန်ကို အခွင့်ကောင်းယူပြီး သစ်မာပင် အများအပြားကို ခုတ်ယူခဲ့သည်။ ထို့နောက် ဦးလေးလီ၏ အကူအညီဖြင့် သိုင်းကျမ်းဆောင် အနီးရှိ မြေလွတ်တွင် (၁၅) မီတာ အမြင့်ရှိသော (၃) ထပ် သစ်သားဆောင် တစ်ခုကို တည်ဆောက်လိုက်၏။
ဤအဆောင်ကို “ဆေးဖော်ဆောင်” ဟု အမည်ပေးလိုက်ပါ၏။
ဝမ်ဖင်းအန်းသည် ထိုအထဲတွင် ဆေးဖော်ခြင်း လုပ်ငန်းကို လုပ်ကိုင်လေတော့သည်။
...
နတ်ဆိုးမြို့တော်၏ အပြင်ဘက်၊ မြေအောက်နက်ရှိုင်းသော နေရာတွင် ဖြစ်သည်။
မြေခွေးမျိုးနွယ် နတ်ဆိုးဘုရင် “ဟူယွမ်” သည် သွေးကန်ထဲမှ နိုးထလာခဲ့ပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် အသစ်ပြန်လည် မွေးဖွားလာသကဲ့သို့ စွမ်းအင်များ ပြည့်ဝနေသည်။
“ဟီးဟီးဟီး... ဒီဘုရင်ကြီးက နောက်ဆုံးတော့ မြေကမ္ဘာ မျောက်ဝံကြီးရဲ့ နတ်ဆိုးဘုရင် ခန္ဓာကိုယ်နဲ့ လုံးဝ ပေါင်းစပ်သွားပြီ... ဒီခန္ဓာကိုယ်ကို အသားကျသွားပြီကွ... ငါ့ကျင့်ကြံခြင်း အဆင့်က နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်မှာပဲ ရှိသေးပေမဲ့... ဒီစွမ်းအားကြီးတဲ့ ခန္ဓာကိုယ်ကို အားပြုပြီး... ငါ့ခွန်အားက စစ်မှန်တဲ့ နတ်ဆိုးဘုရင် တစ်ပါးထက် မလျော့ဘူးကွ”
ဟူယွမ်သည် သူ၏ တုတ်ခိုင်သော လက်များကို သွေးကန်ဘောင်ပေါ် တင်လိုက်ပြီး ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်၏။
လွန်ခဲ့သော အချိန်ကာလတစ်ခုကနှင့် နှိုင်းယှဉ်လျှင် သူ၏ ရုပ်သွင်သည် လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။
ပထမဦးစွာ သူ့ခန္ဓာကိုယ်သည် အနည်းငယ် ကျုံ့သွားပြီး (၉) မီတာ အမြင့်သာ ရှိတော့သည်။ အမွှေးအမျှင်များကတော့ နှင်းကဲ့သို့ ဖြူဖွေးသွားပြီး မြေခွေးဖြူ တစ်ကောင်နှင့် တူလာသည်။
သူ့ကျောနောက်တွင်တော့ အမွှေးပွပွ မြေခွေးမြီး (၃) ချောင်း ထွက်ပေါ်လာ၏။
ခြေထောက်များက ဧရာမ မျောက်ဝံကြီးလို တုတ်ခိုင်သန်မာလာသော်လည်း၊ လက်မောင်းများကတော့ လူသားလက်နှင့် တူလာပြီး လုံးဝ ပြောင်းလဲသွားတော့သည်။
“သွေးမျိုးဆက် ပေါင်းစပ်တာ အောင်မြင်သွားပေမဲ့... ဒီလုပ်ငန်းစဉ်မှာ ငါ့ခွန်အားတွေ အများကြီး ကုန်ဆုံးသွားတယ်... ပြန်လည် ဖြည့်တင်းဖို့ အချိန်ရောက်ပြီ... ဥပမာ - ဝိညာဉ်သွေးကြော အမြုတေ တစ်ခုလောက် ဝါးစားလိုက်ရင် ကောင်းမယ်”
ဟူယွမ်သည် မြေပြင်ပေါ်သို့ တစ်လှမ်းချင်း ခိုင်မာစွာ လျှောက်လှမ်းလာခဲ့သည်။
နတ်ဆိုးဘုရင် ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်ခြင်းကြောင့် သူ၏ ခွန်အားသည် မိုးထိအောင် မြင့်တက်လာသော်လည်း၊ ယခုဘဝတွင် မူလနတ်ဘုရား အဆင့် သို့ မရောက်မချင်း လူအသွင် ပြောင်းလဲနိုင်မည့် စွမ်းရည်တော့ ရှိဦးမည် မဟုတ်ပေ။
နတ်ဆိုးမြို့တော်တွင် ဖြစ်သည်။
ဟူယွမ်သည် မြို့လယ်ခေါင်ရှိ မြင့်မားသော စင်မြင့်ပေါ်တွင် ရပ်လျက် ပြန်လည် တည်ဆောက်ထားသော နတ်ဆိုးမြို့တော်ကို ငုံ့ကြည့်နေသည်။ နေရာတိုင်းတွင် အဆောက်အအုံသစ်များ ပေါ်ပေါက်လာပြီး၊ နတ်ဆိုးမျိုးနွယ်ဝင် အများအပြားလည်း ဝင်ရောက်လာကြသည်။ ယခုအခါ နတ်ဆိုးမြို့တော်တွင် နတ်ဆိုးတပ်သား (၅) သောင်းခန့် ရှိနေပြီ ဖြစ်သည်။
“လုပ်တာ ကောင်းတယ်”
ဟူယွမ်သည် အနီးနားရှိ နတ်ဆိုးဗိုလ်ချုပ် တစ်ဦးကို ပြောလိုက်၏။
“ဒါတွေအားလုံးက နတ်ဆိုးဘုရင်ကြီးရဲ့ သွန်သင်ဆုံးမမှုတွေနဲ့... စစ်သည်တော် အများအပြားရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့်ပါ”
နတ်ဆိုးဗိုလ်ချုပ်သည် ဟူယွမ်၏ လက်ဝါးတစ်ချက်တည်းနှင့် အသတ်ခံရမည်ကို ကြောက်သဖြင့် စွမ်းဆောင်မှုကို တစ်ယောက်တည်း မယူရဲဘဲ ပြန်ဖြေရှာသည်။
“နတ်ဆိုးဘုရင်ကြီး... နောက်တစ်ဆင့် ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် နောက်တစ်ဦးက တိုးတိုးလေး မေးလိုက်၏။
“မြေပုံ ယူခဲ့စမ်း”
ဟူယွမ်က အမိန့်ပေးလိုက်၏။
နတ်ဆိုးဗိုလ်ချုပ် တစ်ဦးသည် ချက်ချင်းပင် မီတာများစွာ ရှည်လျားသော မြေပုံတစ်ခုကို လေထဲတွင် ဖြန့်ခင်းပြလိုက်၏။ ထိုမြေပုံတွင် မိုင် (၃၀၀၀) ပတ်လည်ရှိ နယ်မြေများအားလုံး ပါဝင်ပြီး ကြယ်အဆင့် အင်အားစု ဒါဇင်ပေါင်းများစွာ၏ တည်နေရာများကို ဖော်ပြထားသည်။
ဟူယွမ်သည် မြေပုံကို ခေတ္တမျှ ကြည့်ရှုပြီးနောက် ချင်းယွင်တောင်တန်းအား လက်ညှိုးထိုးပြလိုက်၏။
“ဒီနေရာက ငါတို့ နတ်ဆိုးမြို့တော်နဲ့ အနီးဆုံးပဲ။ ငါတို့ အဲဒီကို အရင်ဆုံး တိုက်ခိုက်ပြီး ဝိညာဉ်သွေးကြောကို သိမ်းပိုက်မယ်။ ငါ့ခွန်အားတွေ ပြန်ပြည့်ဖို့နဲ့ အဆင့်တက်ဖို့အတွက် ဝိညာဉ်သွေးကြော အမြုတေ လိုအပ်တယ်”
အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးသည် အသေးစား ဝိညာဉ်သွေးကြော အမြုတေ တစ်ခုနှင့် တန်ဖိုး ညီမျှသည်။ ၎င်းတွင် နတ်ဆိုးဘုရင် တစ်ပါး၏ နတ်ဆိုးဆေးလုံး နှင့် ညီမျှသော စွမ်းအားများ ပါဝင်၏။
အကယ်၍ အမြုတေ အများအပြားကို ဆက်တိုက် ဝါးမျိုးနိုင်မည် ဆိုပါက၊ ဝိညာဉ်ပင်လယ်အဆင့်သို့ ချိုးဖျက် ဝင်ရောက်နိုင်လိမ့်မည်ဟု ဟူယွမ် ယုံကြည်နေသည်။
ထိုအချိန်ရောက်လျှင်၊ သူ့ခွန်အားတွေက အဆမတန် တိုးတက်လာမှာ အသေအချာပင်။
“အမိန့်တော်အတိုင်းပါ”
အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် အများအပြားသည် တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြ၏။
ထို့နောက် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် ဒါဇင်ကျော်နှင့် နတ်ဆိုးသားရဲ ထောင်ပေါင်းများစွာကို ရှေ့ပြေးတပ်ဖွဲ့အဖြစ် ဦးဆောင်ကာ ချင်းယွင်တောင်တန်းဆီသို့ ချီတက်သွားကြတော့သည်။