အခန်း (၂၃၈-၂၄၀)
Vol. 16 Ch. 238-240
အခန်း (၂၃၈) အစိမ်းရောင်တောင်ကြီး ရှိနေပါသေး... ဟာ... မဟုတ်သေးဘူး... မရှိတော့ဘူး
~ချင်းယွင်တောင်တန်း။
ဂိုဏ်းချုပ်၏ ခန်းမဆောင်ကြီးအတွင်း၌ ဖြစ်လေသည်။
ယဲ့ဖုန်း၏ လက်ချက်ဖြင့် အများပြည်သူရှေ့တွင် ရှက်ဖွယ်အရှုံးနှင့် ရင်ဆိုင်ခဲ့ရပြီးနောက်၊ ချင်းယွင်ကျန်းရန်သည် အရှက်ရမှုမှတဆင့် ခွန်အားကို မွေးထုတ်ခဲ့လေသည်။ သူသည် ခန်းမဆောင်ကြီးအတွင်း တစ်ကိုယ်တည်း အောင်းနေခဲ့သည်မှာ ရက်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး၊ ကျင့်ကြံခြင်းအဆင့်ကို အပတ်တကုတ် တည်ငြိမ်အောင် လုပ်ဆောင်နေခဲ့၏။
ယနေ့တွင် ၊
ကံတရားသည် သူ့ဘက်တွင် ရှိနေပုံရလေသည်။
ဓားချီစွမ်းအင်များ သူ၏ ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲထွက်ပေါ်လာပြီး ခန်းမဆောင်ကြီး၏ အမိုးကို ကြီးမားစွာ ထိုးဖောက်သွားကာ၊ နေရောင်ခြည်များကို ခန်းမဆောင်အတွင်းသို့ တောက်ပစွာ ဝင်ရောက်စေခဲ့တော့သည်။
“ဟားဟားဟား”
“ယဲ့ဖုန်း... ငါ.. မင်းကို တကယ် ကျေးဇူးတင်သင့်တာပဲ။ ငါဆိုတဲ့ ယောက်ျားကောင်း တစ်ယောက်က... နောက်ဆုံးတော့ 'ချင်းယွင်ဓားသိုင်း' ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်ခဲ့ပြီကွ... ပြီးတော့ ဓားဆန္ဒ တစ်မျှင်ကိုလည်း အောင်မြင်စွာ သဘောပေါက်သွားပြီ... ဝမ်းသာစရာပဲဟေ့”
ချင်းယွင်ကျန်းရန်သည် မတ်တတ်ရပ်လိုက်လေသည်။ သူ၏ အရှိန်အဝါသည် ယခင်ကထက် ပိုမို ပြင်းထန်လာပြီး၊ အိမ်ထဲမှ ထွက်လာသော ပြိုင်ဘက်ကင်း ရတနာဓားတစ်လက်ပမာ ထက်ရှနေတော့သည်။
“ဝုန်း”
ချင်းယွင်ကျန်းရန်သည် ကြာကြာ မပျော်ရွှင်လိုက်ရပေ။
နားကွဲမတတ် ဟိန်းဟောက်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ချင်းယွင်တောင်တန်း တစ်ခုလုံးကို ပျံ့နှံ့သွားရာ၊ ထောင်ပေါင်းများစွာသော ချင်းယွင်ဂိုဏ်းသားများကို ထိတ်လန့်သွားစေခဲ့ရသည်။
“ဘာဖြစ်တာလဲ”
ချင်းယွင်ကျန်းရန်၏ မျက်နှာထား ပြောင်းလဲသွား၏။
'ယဲ့ဖုန်းများ လာတိုက်တာလား'
တည်ငြိမ်သော မျက်နှာထားဖြင့် သူသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး အဝေးကို လှမ်းကြည့်လိုက်၏။ အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် အများအပြားသည် ချင်းယွင်ဂိုဏ်း၏ ကာကွယ်ရေး ဝင်္ကပါကို တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရ၏။
ထိုနတ်ဆိုးဗိုလ်ချုပ်များ၏ နောက်တွင်တော့ ထောင်ပေါင်းများစွာသော နတ်ဆိုးသားရဲများ ရှိနေပြီး၊ ချင်းယွင်ဂိုဏ်း၏ တောင်ထိပ်များကို ကြည့်ကာ ရက်စက်ကြမ်းကြုတ်သော အပြုံးများ ပြသနေကြသည်။
'ဒုက္ခပဲ... နတ်ဆိုးမြို့တော်က နတ်ဆိုးတပ်မတော်ကြီး ရောက်နေတာပဲ'
ချင်းယွင်ကျန်းရန်သည် ထိတ်ထိတ်ပျာပျာ.. အော်ဟစ်လိုက်တော့၏။
“ချင်းယွင်ဂိုဏ်းရဲ့ အကြီးအကဲတွေနဲ့ တပည့်တွေ အားလုံး... ငါ့အမိန့်ကို နာခံပြီး နတ်ဆိုးတပ်မတော်ကို အစွမ်းကုန် ခုခံကြစမ်း... သူတို့ ဖောက်ဝင်မလာနိုင်စေနဲ့”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”
ပိုင်မင်လု၊ ရှောင်ဖန်ကူ၊ ရှီးရှင်းယွီ နှင့် အခြားသော ချင်းယွင်ဂိုဏ်းသား အများအပြားသည် အမိန့်ကို နာခံလိုက်ကြပြီး ဝင်္ကပါနောက်တွင် တန်းစီကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
ချင်းယွင်ကျန်းရန်သည် သူ၏ ချင်းယွင်ဓားကို ရုတ်တရက် မြှောက်လိုက်ပြီး၊ ယခုလေးတင် သဘောပေါက်ထားသော ဓားဆန္ဒကို ထည့်သွင်းလိုက်၏။ တောက်ပသော စိမ်းပြာရောင် ဓားအလင်းတန်း တစ်ခု ဝေဝါးလာလေသည်။
ကောင်းကင်ယံတွင် နားငြီးဖွယ် ဓားမြည်သံများ ပဲ့တင်ထပ်သွားသည်။
နက်ရှိုင်းသော ထက်မြက်မှု အငွေ့အသက် တစ်ခုသည် ရှေ့ဆုံးမှ ဦးဆောင်လာသော အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ်ကို ဖြတ်သန်းသွားပြီး၊ နှစ်ပိုင်းတိတိ ပိုင်းဖြတ်ပစ်လိုက်၏။
ထိုဓားချက်သည် ရှိသမျှလူတိုင်းကို အံ့အားသင့်သွားစေသည်။
နတ်ဆိုးတပ်မတော်ရော၊ ချင်းယွင်ဂိုဏ်းသားများပါ ချင်းယွင်ကျန်းရန်ကို နတ်ဘုရား တစ်ပါးအလား အံ့ဩတကြီး ကြည့်နေမိကြ၏။
ဓားတစ်ချက်တည်းနှင့် အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင် သေသွားသည်။
“သန်မာလွန်းတယ်ဟ”
“အဲဒီ ဓားချီစွမ်းအင်က သမင်ချို ချိတ်ဆွဲထားသလို ချောမွေ့ပြီး ပြီးပြည့်စုံလွန်းနေတယ်... ဓားဆန္ဒ အဆင့်ကို ရောက်သွားပုံပဲ... ဂိုဏ်းချုပ်က ဓားဆန္ဒကို သဘောပေါက်သွားတာလား”
“သေချာတာပေါ့ကွ”
“ငါတို့ ချင်းယွင်ဂိုဏ်းတော့ ပြန်ပြီး ဦးမော့လာဖို့ မျှော်လင့်ချက် ရှိပြီဟေ့”
ချင်းယွင်ဂိုဏ်းသားများ ပျော်ရွှင်လွန်းသဖြင့် ရူးမတတ် ဖြစ်နေကြသည်။
ဓားဆန္ဒ ဆိုသည်မှာ ဓားသိုင်းသမားတိုင်း ပိုင်ဆိုင်ရန် အိပ်မက်မက်ကြသော အရာ ဖြစ်၏။
ဒီလောကကြီးမှာ ဓားသိုင်းသမားတွေ မရေမတွက်နိုင်အောင် ရှိသော်လည်း၊ ဓားဆန္ဒကို တကယ် သဘောပေါက်နိုင်သူက သောင်းဂဏန်းမှာ တစ်ယောက်လောက်သာ ရှ်ိလေ၏။
ဓားဆန္ဒကို သဘောပေါက်သွားပြီ ဆိုရင်တော့ ဓားသိုင်းသမား၏ စွမ်းအားက အဆမတန် တိုးတက်လာမှာ အသေအချာပါပင်။
အချို့ ဓားဆန္ဒတွေက "အမြန်နှုန်း" ကို အခြေခံသည်။ ဓားတစ်ချက်တည်း ခုတ်လိုက်သလို ထင်ရပေမဲ့၊ တခဏအတွင်းမှာ မရေမတွက်နိုင်သော ဓားရိပ်တွေအဖြစ် ပြောင်းလဲသွားပြီး ကာကွယ်ဖို့ မဖြစ်နိုင်တော့ပေ။
တချို့ကျတော့ "ထက်မြက်မှု" ဓားဆန္ဒတွေ ဖြစ်ကြသည်။ ဓားချီစွမ်းအင်က ပုံမှန်အတိုင်းပဲ ထင်ရသော်လည်း၊၊ အမှန်စင်စစ်၌မူ၊ အဆပေါင်းများစွာ ပိုထက်မြက်ပြီး ဘယ်အရာမဆို ထိုးဖောက်နိုင်သည်၊ ဘယ်အရာကမှ တားဆီး၍ မရနိုင်ပေ။
တခြား ဓားဆန္ဒတွေလည်း အများကြီး ရှိပါသေးသည်။
ဥပမာ - ပြည်နယ် (၁၄) ခုအထိ ပျံ့နှံ့နိုင်သော အေးစက်သော ဓားဆန္ဒမျိုး။
ဒါမှမဟုတ် ကောင်းကင်ကို ခွဲပြီး အရာအားလုံးကို ပြန်လည်ရှင်သန်စေနိုင်သည့် ဓားဆန္ဒမျိုး။
ကောင်းကင်ကို ဝါးမြိုပြီး မြေကမ္ဘာကို မျိုချနိုင်သော ဓားဆန္ဒမျိုးလည်း ရှိသည်ပေါ့လေ။
...
ဓားဆန္ဒဟူသည် အဆုံးအစ မရှိ၊ ဤလမ်းကြောင်းကား အနန္တဖြစ်၏။
ယခု ချင်းယွင်ကျန်းရန် သဘောပေါက်လိုက်သော ဓားဆန္ဒမှာ "ထက်မြက်မှု" ပင် ဖြစ်သည်။
သူ၏ ဓားချီစွမ်းအင်မှာ ပုံမှန်အတိုင်းဟု ထင်မှတ်ရသော်လည်း၊ ဓားဆန္ဒ ကိန်းအောင်းနေသည်ဖြစ်ရာ အရာအားလုံးကို ထိုးဖောက်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။
သူ၏ လက်ရှိ ဓာတ်ကြီးငါးပါး စုစည်းခြင်း သတ္တမအဆင့် ကျင့်ကြံမှုနှင့် "ချင်းယွင်ဓားသိုင်း" ကို ပေါင်းစပ်လိုက်လျှင်၊ ထိုဓားချက်၏ စွမ်းအားသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုအောက် လျော့နည်းမည် မဟုတ်တော့။
“နတ်ဆိုးမြို့တော်က ကြွက်စုတ်တွေ... ငါလို ဆရာသခင်အစစ်ကို လာယှဉ်ပြိုင်ရဲတယ်ပေါ့လေ... သေချင်နေကြတာပဲ”
ချင်းယွင်ကျန်းရန်က ဒေါသတကြီး ငေါက်ငမ်းလိုက်၏။
သူသည် ဘယ်လက်ကို နောက်ပစ်လိုက်ပြီး ညာလက်ဖြင့် ဓားကွက်ဖော်လိုက်သည်။ ထိုအခိုက်၊၊ ချင်းယွင်ဓားသည် ဓားချီစွမ်းအင်များ ဖုံးလွှမ်းလျက် သူ့ဘေးနားတွင် ဖြည်းညှင်းစွာ လည်ပတ်နေလေသည်။ ဝတ်ရုံရှည် တဟူးဟူးလွင့်နေသော ချင်းယွင်ကျန်းရန်၏ ပုံစံသည် ဒဏ္ဍာရီလာ ဓားဝိဇ္ဇာ တစ်ပါးနှင့် တူနေတော့၏။
“ချင်းယွင်ဂိုဏ်းချုပ်ရဲ့ စွမ်းအားက ထင်ထားတာထက် ပိုကြမ်းနေတယ်ဟေ့... အမြန်ဆုတ်ကြ”
“ဆုတ်လို့ မရဘူးကွ”
“ဟုတ်တယ်... အခု ဆုတ်လိုက်ရင် နတ်ဆိုးဘုရင်ကြီး ငါတို့ကို သေချာပေါက် သတ်ပစ်လိမ့်မယ်”
နတ်ဆိုးမြို့တော်မှ နတ်ဆိုးဗိုလ်ချုပ်များသည် အချင်းချင်း ငြင်းခုန်နေကြတော့သည်။
“မသွားဘူးလား... ဒါဆိုလည်း သေကြပေတော့”
ချင်းယွင်ကျန်းရန်သည် စိတ်စွမ်းအင် အမြောက်အမြားကို ဖော်ဆောင်လျက် ဒုတိယမြောက် ဓားဆန္ဒကို ဖော်ထုတ်ကာ ချင်းယွင်ဓားထဲ ထည့်သွင်းလိုက်၏။ ထို့နောက် ကျန်နေသေးသော အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ်များကို အဝေးမှ နေ၍ လက် ညွှန်ပြလိုက်၏။
“ရွှပ်”
ချင်းယွင်ဓားသည် လေထုကို ထိုးခွင်းသွားလေသည်။
ထိုအချိန်တွင် ကျန်ရှိနေသော နတ်ဆိုးဗိုလ်ချုပ် အနည်းငယ်သည် မျက်နှာပျက်သွားကြပြီး နေရာအနှံ့ ထွက်ပြေးကြတော့သည်။
သို့သော် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်ကတော့ အနည်းငယ် နောက်ကျသွားရှာသည်။
ချင်းယွင်ဓားသည် သူ့လည်ပင်းနားမှ ကပ်ပြီး ဖြတ်သန်းသွားသည်။ နတ်ဆိုးခမျာ ခုခံချိန်ပင် မရလိုက်ဘဲ၊ ခေါင်းပြတ်ကာ ကောင်းကင်ပေါ်သို့ လွင့်တက်သွားပြီး နေရာမှာပင် လဲကျသေဆုံးသွားတော့၏။
“ပြေးကြ”
ကျန်သည့် နတ်ဆိုးဗိုလ်ချုပ်တွေ ဆက်မနေရဲတော့ပေ။
ထောင်ပေါင်းများစွာသော နတ်ဆိုးသားရဲတွေလည်း စတင် လူစုကွဲကုန်ကြသည်။
“ဂိုဏ်းချုပ်ကြီး ဘုန်းကြီးပါစေ”
“ဂိုဏ်းချုပ်ကြီးက ပြိုင်ဘက်ကင်းပဲဟေ့”
ချင်းယွင်ဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များသည် လက်သီးလက်မောင်းတန်းကာ အော်ဟစ်ကြွေးကြော်ကြသည်။
နားထဲတွင် ပဲ့တင်ထပ်နေသော ချီးကျူးသံများကို နားထောင်ရင်း၊ ချင်းယွင်ကျန်းရန်သည် အတော်လေး ကျေနပ်နေမိသည်။ သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားပြီး ကောင်းကင်ကို မော့ကြည့်လိုက်၏။
'ယဲ့ဖုန်း... အခုချိန် မင်းကိုယ်တိုင် ရောက်လာရင်တောင်... ငါ့လို ဆရာသခင်အစစ်ကို ယှဉ်နိုင်မှာ မဟုတ်ဘူးကွ... ဟားဟားဟား'
ချင်းယွင်ကျန်းရန်သည် ရင်ထဲတွင် ကျယ်ပြောလှသော ခံစားမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး အားရပါးရ ရယ်မောလိုက်မိတော့သည်။
“ဂျိမ်း”
ရုတ်တရက် မိုးခြိမ်းလာပြီး ကောင်းကင်နှင့် မြေကြီးအကြားတွင် လျှပ်စီးများ လက်သွားလေသည်။
ထို့နောက် အမည်းရောင် မြူခိုးများကို စီးနင်းလာသော ဧရာမ သတ္တဝါကြီးတစ်ကောင်သည် နတ်ဆိုးမြို့တော်ဘက်မှ အရှိန်အဟုန်ပြင်းစွာ ပျံသန်းလာလေသည်။
ထိုသတ္တဝါကြီး မရောက်လာခင်မှာပင် ကြောက်မက်ဖွယ် ကောင်းသော ဖိအားကြီးက သက်ဆင်းလာခဲ့ပြီ ဖြစ်သည်၏။
မြေကြီးက တုန်ခါသွားပြီး၊ ကောင်းကင်က ငိုကြွေးနေသလိုတည်း။
မိုးသည်းထန်စွာ ရွာသွန်းလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ခြောက်ခြားဖွယ် အငွေ့အသက်များ ဖုံးလွှမ်းသွားသည်။ ချင်းယွင်တောင်တန်း တစ်ခုလုံးသည်ပင် အသစ်ရောက်လာသူ၏ ရှေ့မှောက်တွင် ဒူးထောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ရင်တုန်ခြင်း၊ တင်းမာခြင်း၊ ကြောက်ရွံ့ခြင်း...
မကောင်းသော ခံစားမှုများသည် ချင်းယွင်ဂိုဏ်းသားများ၏ နှလုံးသားထဲတွင် စတင် ကြီးထွားလာကြသည်။
“နတ်ဆိုး... နတ်ဆိုးဘုရင်ကြီး”
ထိုမြင့်မားကြီးမားသော ပုံသဏ္ဌာန်ကြီးကို ကြည့်ပြီး၊ ချင်းယွင်ကျန်းရန်၏ ယခင်က တည်ငြိမ်ခန့်ညားသော အမူအရာများ ပျောက်ကွယ်သွားကာ၊ ကြောက်ရွံ့မှုများဖြင့် အစားထိုး ဝင်ရောက်လာတော့၏။
လျိုယွင်ဂိုဏ်းချုပ် အပါအဝင် အခြားသူများနှင့်အတူ နတ်ဆိုးမြို့တော် အနီးတဝိုက်သို့ ကင်းထောက်သွားစဉ်က၊ ချင်းယွင်ကျန်းရန်သည် မြေကမ္ဘာ မျောက်ဝံကြီး၏ ကြောက်မက်ဖွယ် စွမ်းအားကို အဝေးမှ လှမ်းမြင်ခဲ့ဖူးသည်။
ဒီနေ့မှာတော့ မြေကမ္ဘာ မျောက်ဝံကြီး၏ ပုံစံက အများကြီး ပြောင်းလဲသွားသည်ဟု ခံစားသော်လည်း၊ နတ်ဆိုးဘုရင် ခန္ဓာကိုယ်က ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် ဖိအားတွေကတော့ သူ့ကို ရင်းနှီးသလိုလိုနှင့် ကြောက်ရွံ့စေပြန်သည်။
“ခုနက ဘယ်သူကများ ငါ့ကို မယှဉ်နိုင်ဘူးလို့ ပြောလိုက်တာပါလိမ့်”
ဟူယွမ်သည် အမည်းရောင် မြူခိုးများကို စီးနင်းလျက် ရောက်ရှိလာလေ၏။ သူ့လက်များကို ဘေးတွင် သက်တောင့်သက်သာ ချထားပြီး၊ အနည်းငယ် ရှည်လျားသော လက်သည်းများမှ ထက်ရှသော အငွေ့အသက်များ ထွက်ပေါ်နေသည်။ တောင်များကို ဖြိုခွင်းပြီး မြေကမ္ဘာကို ခွဲခြားနိုင်သော အထွတ်အထိပ် ဓားသွား (၁၀) ချောင်းကဲ့သို့ပင်။
“ဂလု”
ချင်းယွင်ကျန်းရန် လည်ပင်း ခြောက်ကပ်စွာ တံတွေးတစ်ချက် မျိုချလိုက်မိသည်။
သူ့ရင်ထဲတွင် ဗလောင်ဆူနေတော့သည်။
'ငါက ဟန်ရေးပြရုံလေးပါကွာ... မင်းက ဘာကိစ္စ လာဖျက်ဆီးရတာလဲ... ငါ့ဘဝက လွယ်တယ်များ ထင်နေလား'
သူ့ရှေ့က ဟူယွမ်က တကယ်ကို သန်မာလွန်းနေသည်။
နတ်ဆိုးဘုရင် ခန္ဓာကိုယ်က ထွက်ပေါ်လာသော သွေးစွမ်းအင် ဖိအားတွေက ကောင်းကင်ပြိုကျပြီး မြေကြီးကျွံကျသလို ခံစားရစေသည်။ ထို့ကြောင့် ဟူယွမ်မှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့် ကျင့်ကြံမှုပဲ ရှိသေးသည် ဆိုသော အချက်ကိုတောင် ချင်းယွင်ကျန်းရန်ခမျာ အလိုလို မေ့သွားမိသည်။
“ခင်... ခင်ဗျားက... နတ်ဆိုးမြို့တော်ရဲ့ အရှင်သခင်... ဒဏ္ဍာရီလာ နတ်ဆိုးဘုရင်ကြီးလား”
ချင်းယွင်ကျန်းရန်သည် "နတ်ဆိုးဘုရင်... ငါ..မင်းကို သတ်မယ်" ဆိုသော မိုက်မဲသည့် စကားမျိုး မအော်ရဲဘဲ၊ လုံလောက်သော ရိုသေမှုကို ပြသလိုက်၏။
“ငါပဲ”
ဟူယွမ်သည် ချင်းယွင်ကျန်းရန်ကို လူပြက် တစ်ယောက်ကို ကြည့်သလို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်၏။
'စကားပြောဖို့ အခွင့်အရေး ရှိသေးတယ်... ဇာတ်လမ်းဆင်လို့ ရသေးတယ်ဟေ့'
ချင်းယွင်ကျန်းရန် အသက်ပြင်းပြင်း ရှူလိုက်ပြီး မေးလိုက်၏။
“မေးပါရစေ... နတ်ဆိုးဘုရင်ကြီး ဒီကို ဘာကိစ္စနဲ့ ကြွလာတာပါလဲ”
“ငါ ဘာလာလုပ်တာလဲ ဆိုတာကို... မင်းက မေးခွင့်ရှိလို့လား”
ဟူယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
“ဝုန်း”
ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအင် ဖိအားများသည် ဧရာမ သွေးရောင်လက်ဝါးကြီးအဖြစ် သိပ်သည်းသွားပြီး ချင်းယွင်ကျန်းရန်ကို ရိုက်ချလိုက်၏။ ချင်းယွင်ကျန်းရန်မှာ ကြောက်လွန်းသဖြင့် မျက်နှာပျက်သွားပြီး၊ ချက်ချင်းပင် ဓားဆန္ဒ ပါဝင်သော ဓားချီစွမ်းအင်ကို ခုတ်ပိုင်းလိုက်၏။
“ရွှပ်”
သွေးရောင်လက်ဝါးကြီးသည် နှစ်ပိုင်းကွဲသွားသော်လည်း၊ ဓားချီစွမ်းအင်လည်း ပျောက်ကွယ်သွားလေသည်။
“ဂိုဏ်းချုပ်က နတ်ဆိုးဘုရင်နဲ့ ယှဉ်တိုက်နိုင်တယ်ဟေ့... မယုံနိုင်စရာပဲ”
“ဂိုဏ်းချုပ်... သတ်ပစ်လိုက်ပါ”
ချင်းယွင်ဂိုဏ်း တပည့်များသည် မူလက ကြောက်ရွံ့နေကြသော်လည်း၊ ချင်းယွင်ကျန်းရန်က ဟူယွမ်၏ သွေးလက်ဝါးကို ပိုင်းဖြတ်နိုင်သည်ကို မြင်လိုက်ရသောအခါ ဝမ်းသာအားရ အော်ဟစ်အားပေးကြတော့သည်။
“ဟွန်း... မဆိုးဘူး”
သို့သော် ချင်းယွင်ကျန်းရန်၏ မျက်နှာပေါ်တွင် ပျော်ရွှင်ရိပ် တစ်စက်မှ မပေါ်လာပေ။
ဟူယွမ်က သူ့စွမ်းအား၏ အစိတ်အပိုင်း သေးသေးလေးကိုသာ သုံးလိုက်တာ ဖြစ်ပြီး၊ သူကိုယ်တိုင်ကတော့ အစွမ်းကုန် ထုတ်သုံးလိုက်ရကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
'သွားပြီ...'
ချင်းယွင်ကျန်းရန်၏ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခု လှိုက်တက်လာသည်။
“ဝုန်း”
ဟူယွမ် ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။
ဒီတစ်ကြိမ်မှာတော့ သူက သွေးစွမ်းအင်ကို အားမကိုးဘဲ၊ နတ်ဆိုးဘုရင် ခန္ဓာကိုယ်ကို ဖော်ဆောင်ကာ လေဟာနယ်ကို ဖြတ်သန်းပြီး ချင်းယွင်ကျန်းရန်ကို လက်ဝါးဖြင့် ရိုက်ချလိုက်၏။
“ချင်းယွင် ဓားဒိုင်းကာ”
ချင်းယွင်ကျန်းရန် ထိတ်လန့်သွားပြီး သူ့ရဲ့ အနှစ်သာရ၊ ချီနဲ့ ဝိညာဉ်ကို ဓားဆန္ဒအဖြစ် ပြောင်းလဲကာ၊ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် တစ်ပိုင်းတစ်စ ဖောက်ထွင်းမြင်နိုင်သော စိမ်းပြာရောင် ဓားဒိုင်းကာတစ်ခု ဖန်တီးလိုက်၏။
“ခွပ်”
ဓားဒိုင်းကာသည် ဟူယွမ်၏ ဧရာမ လက်ဝါးကြီး ရိုက်ခတ်မှုကို ခံလိုက်ရပြီး ချက်ချင်း ကွဲကြေသွားသည်။ ချင်းယွင်ကျန်းရန်၏ ရင်ဘတ် ချိုင့်ဝင်သွားပြီး သွေးများ အန်ထုတ်ကာ ဥက္ကာခဲ တစ်လုံးလို တောင်ထိပ်ပေါ်သို့ ပြုတ်ကျသွားလေသည်။ သေလား ရှင်လား ဆိုတာတော့ မသိရတော့ပေ။
“ဘုရားရေ”
ချင်းယွင်ဂိုဏ်းသား အားလုံး အသက်ရှု တင်းသွားကြသည်။
သူတို့ စိတ်ထဲက ပြိုင်ဘက်ကင်း ဂိုဏ်းချုပ်ကြီးတောင် ရှုံးနိမ့်သွားပြီ ဆိုလျှင်၊ ယနေ့ ချင်းယွင်ဂိုဏ်းတော့ အမြစ်ပြတ် သုတ်သင်ခံရတော့မည်လော။
မြေကြီးတွင်းထဲတွင် ဖြစ်၏။
ချင်းယွင်ကျန်းရန်သည် လတ်ဆတ်သော သွေးများကို အန်ထုတ်နေပြီး၊ တစ်ကိုယ်လုံး အက်ကွဲရာများ ပြည့်နှက်နေသည်။
ကံကောင်းထောက်မစွာ သူက ချင်းယွင်ဓားဒိုင်းကာနှင့် ချင်းယွင်ဓားကို သုံးပြီး တိုက်ခိုက်မှုကို တစ်ချက် ခုခံနိုင်ခဲ့သည်။ ထို့အပြင် အလယ်အလတ်အဆင့် ဝိညာဉ်ချပ်ဝတ် ဝတ်စုံကိုလည်း ဝတ်ဆင်ထားသေးသည်။ မဟုတ်လျှင် ထို လက်ဝါးချက်က သူ့ကို အမှုန့်ကြိတ်ပစ်မှာ သေချာသည်။
'သန်မာလွန်းတယ်...'
ချင်းယွင်ကျန်းရန်သည် အခြေအနေကို ပြောင်းပြန်လှန်နိုင်စွမ်း မရှိတော့ဘူးဟု ခံစားလိုက်ရ၏။
ယဲ့ဖုန်း၏ ရိုက်နှက်မှုကို ခံရပြီးနောက်၊ သူက မနည်း ကြိုးစားပြီး ဓားဆန္ဒကို သဘောပေါက်ခဲ့သည်။ မောက်မာနေသော အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်ကို သတ်ပြီး ယုံကြည်မှု ပြန်ရခဲ့၏။
သို့သော်၊ ယခု ထပ်ပြီး အရိုက်ခံရပြန်ပြီ…။
'ငါ့ကံကြမ္မာက အရိုက်ခံရဖို့ပဲ ပါလာတာလားဟ'
ချင်းယွင်ကျန်းရန်.. စိတ်ထဲမှ အသံကုန်ဟစ်အော်လိုက်မိသည်။
*
ကောင်းကင်ယံတွင် ဖြစ်သည်။
ဟူယွမ်သည် လက်များကို အေးအေးလူလူ ချထားပြီး၊ ကြောက်ရွံ့တုန်လှုပ်နေသော ချင်းယွင်ဂိုဏ်း တပည့်များကို လှည့်ပင် မကြည့်ပေ။ ဘာပဲဖြစ်ဖြစ် သူ၏ နတ်ဆိုးဘုရင် ခန္ဓာကိုယ်က အပြည့်အဝ ပေါင်းစပ်သွားပြီမို့၊ ယခုလို အဆင့်နိမ့် သွေးမျိုးဆက်တွေကို စားသုံးပြီး အားဖြည့်စရာ မလိုတော့ပါလေ။
သူ တကယ်လိုအပ်တာက ဝိညာဉ်သွေးကြော အမြုတေပင်။
“ဝုန်း...”
ဟူယွမ် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။ သူ့လက်များဖြင့် မြေကြီးကို အငမ်းမရ တူးဆွလိုက်ရာ၊ ချင်းယွင်တောင်တန်း၏ ပင်မတောင်ထိပ်ကို ထိုးဖောက်သွားပြီး မီတာ (၅၀၀) အနက်သို့ ရောက်ရှိသွားသည်။ ထိုနေရာရှိ မြေအောက်လှိုဏ်ဂူထဲတွင် ခွေလျောင်းနေသော ကျောက်စိမ်းပြာရောင် နဂါး တစ်ကောင်ကို တွေ့လိုက်ရ၏။
၎င်းက ချင်းယွင်တောင်တန်း၏ ဝိညာဉ်သွေးကြောတည်း။
“ခွပ်”
ဟူယွမ်သည် ဝိညာဉ်သွေးကြောကို လက်ဝါးဖြင့် ရိုက်ခွဲလိုက်ရာ၊ လက်မအရွယ်အစားရှိသော အပြာရောင်ဖျော့ဖျော့ သလင်းကျောက်တုံးလေး တစ်ခု ထွက်လာသည်။ သူက ထိုအရာအား ယူပြီး ကောင်းကင်ပေါ် ပြန်တက်သွားသည်။ မျှော်လင့်ချက် ကုန်ဆုံးနေသော ချင်းယွင်ဂိုဏ်းသားများ၏ မျက်စိရှေ့မှောက်မှာပင် ဝိညာဉ်သွေးကြော အမြုတေကို ဝါးစားလိုက်ပြီး မျိုချပစ်လိုက်တော့၏။
ခွန်အားကြီးမားသော အရှိန်အဝါတစ်ခု ဟူယွမ့်ခန္ဓာကိုယ်ထဲတွင် ချက်ချင်း ပေါက်ကွဲထွက်လာသည်။
သူ့ခန္ဓာကိုယ် ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး၊ ကျင့်ကြံခြင်းအဆင့်က နောက်တစ်ဆင့် တိုးတက်သွားသည်။ သူ့မျက်လုံးများ တောက်ပသော အလင်းရောင်များဖြင့် လက်သွားလေသည်။
“ကောင်းတယ်... အသေးစား ဝိညာဉ်သွေးကြော အမြုတေ (၂) ခုလောက် ထပ်ရရင် ဒီဘုရင်ကြီး ဝိညာဉ်ပင်လယ်အဆင့် ပထမအဆင့်ကို ရောက်ပြီ”
ထိုသို့ ပြောပြီးနောက် ဟူယွမ်သည် မာန်ပါပါဖြင့် ထွက်ခွာသွားလေသည်။
ထွက်ပြေးနေသော နတ်ဆိုးတပ်မတော် အနီးမှ ဖြတ်သွားစဉ်၊ သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဦးဆောင်ထွက်ပြေးနေသော နတ်ဆိုးသားရဲ ဒါဇင်ပေါင်းများစွာကို သတ်ပစ်လိုက်၏။
“အသုံးမကျတဲ့ကောင်တွေ... ဒီအခွင့်အရေးကို ယူပြီး ဘာလို့ ချင်းယွင်ဂိုဏ်းကို မတိုက်တာလဲ... ဒီဂိုဏ်းကို မသိမ်းနိုင်ရင် မင်းတို့ခေါင်းတွေကို ငါ့ဆီ လာပေးကြ”
အမိန့်ပေးပြီးသည်နှင့် ဟူယွမ်သည် နတ်ဆိုးမြို့တော်သို့ ပြန်သွားလေ၏။
ဝိညာဉ်သွေးကြော အမြုတေကို စားသုံးပြီးနောက်၊ ကျင့်ကြံခြင်းအဆင့်ကို အပြည့်အဝ တည်ငြိမ်စေရန်အတွက် မြေအောက်သွေးကန်ထဲတွင် ရက်အနည်းငယ်လောက် အားမွေးဖို့ လိုအပ်သေးသည်။ ဒီလုပ်ငန်းစဉ်ကို သုံးခေါက်လောက် ထပ်လုပ်လျှင် သူ အောင်မြင်စွာ အဆင့်တက်နိုင်လိမ့်မည်။
...
ချင်းယွင်ဂိုဏ်းတွင် ဖြစ်သည်။
ပြိုကျပျက်စီးနေသော ဝိညာဉ်စွမ်းအင် ဝဲကတော့ကို မော့ကြည့်ရင်း၊ ဝိညာဉ်သွေးကြော ဖျက်ဆီးခံလိုက်ရပြီ ဆိုတာကို သိလိုက်ရသဖြင့် ဂိုဏ်းသားထောင်ပေါင်းများစွာ၏ ရင်ထဲတွင် ဝမ်းနည်းမှုများ ဖြစ်ပေါ်လာကြသည်။
“ဟီးဟီးဟီး”
“ချင်းယွင်တောင်တန်းကို တိုက်ကြဟေ့”
ဒီအချိန်မှာပင် နတ်ဆိုးမြို့တော်က နတ်ဆိုးသားရဲ တပ်မတော်ကြီး ပြန်လှည့်လာပြီး၊ ရက်စက်စွာ ရယ်မောရင်း ချင်းယွင်ဂိုဏ်း အကြီးအကဲများနှင့် တပည့်များကို ဝင်ရောက် တိုက်ခိုက်ကြတော့သည်။
မြေကြီးတွင်းထဲတွင် ၊
ချင်းယွင်ကျန်းရန် သွေးအန်နေရှာသည်။
ချင်းယွင်တောင်တန်းထဲတွင် သောင်းကျန်းနေသော နတ်ဆိုးတပ်မတော်ကို မြင်လိုက်ရသောအခါ သူသည် အလယ်အလတ်အဆင့် ကုသခြင်း မူလဆေးလုံးအား ကပျာကယာ မျိုချလိုက်သည်။ ဒဏ်ရာ သုံးပုံတစ်ပုံခန့် ပြန်လည် သက်သာလာရသည်။
“ချွင်”
ဒေါသတကြီး ဓားမြည်သံများ ချင်းယွင်တောင်တန်း တစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။
ချင်းယွင်ကျန်းရန်သည် ဒေါသတကြီးဖြင့် နတ်ဆိုးဗိုလ်ချုပ်များကို ခေါင်းဖြတ်သတ်လေသည်။ ဓားတစ်ချက် နတ်ဆိုးတစ်ကောင်နှုန်းဖြင့် သတ်ဖြတ်နေပုံမှာ နတ်ဆိုးသားရဲများကို ကြောက်လန့်တကြား ထွက်ပြေးစေခဲ့သည်။ သို့သော် ချင်းယွင်ဂိုဏ်း အကြီးအကဲများနှင့် တပည့်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် အားလုံး သေဆုံးကုန်ကြသည်။
တစ်နာရီ ကြာပြီးနောက်။
နတ်ဆိုးသားရဲ အားလုံး အသတ်ခံလိုက်ရပြီ ဖြစ်သည်။
သို့သော် ချင်းယွင်ဂိုဏ်း တပည့် သုံးပုံတစ်ပုံလည်း သေဆုံးခဲ့ရ၏။
အကြီးအကဲများနှင့် အတွင်းစည်းတပည့်များ ဝိုင်းရံထားသော အလယ်တွင်၊ ချင်းယွင်ကျန်းရန်သည် ပြိုကျနေသော ချင်းယွင် ပင်မတောင်ထိပ်ကို ငေးကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
“ပြီးသွားပြီ... အကုန် ပြီးသွားပြီ”
“နှစ်ပေါင်းများစွာ တည်တံ့ခဲ့တဲ့ ငါတို့ ချင်းယွင်ဂိုဏ်းရဲ့ အမွေအနှစ်တွေ တခဏအတွင်းမှာ ပျက်စီးသွားခဲ့ပြီ... ဘိုးဘေးတွေသာ မြေအောက်ကနေ သိရင် ငါ့ကို ဘယ်လို ဆဲဆိုကြမလဲ မသိဘူး”
ချင်းယွင်ကျန်းရန် မြေကြီးပေါ် ဒူးထောက်ချလိုက်၏။
ဂိုဏ်းအကြီးအကဲက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး စကားလုံးများ လည်ချောင်းထဲတွင် တစ်ဆို့နေတော့သည်။
ဒုတိယအကြီးအကဲက သက်ပြင်းချပြီး
“ဂိုဏ်းချုပ်... အစိမ်းရောင်တောင်ကြီး ရှိနေသရွေ့ ထင်းမရှိမှာ မပူရပါဘူး။ ကျုပ်တို့ ချင်းယွင်တောင်တန်း ရှိနေသရွေ့ ဝိညာဉ်သွေးကြော ပျက်စီးသွားရင်တောင် ပြန်လည် နာလန်ထူဖို့ မျှော်လင့်ချက် ရှိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ယွင်ဟွာဂိုဏ်းက သက်ရှိထင်ရှား ဥပမာလေ”
ဟု နှစ်သိမ့်လိုက်၏။
ထိုစကားကို ကြားသောအခါ အားလုံး၏ ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည် ပြန်လည် သန်းလာကြသည်။
“ဝုန်း... ဝုန်း... ဝုန်း”
သို့သော် ၊ ထိုအချိန်မှာပင် ချင်းယွင်တောင်တန်း၏ ဝိညာဉ်သွေးကြောက လုံးဝ ကွဲကြေသွားပြီး၊ မြေအောက်လှိုဏ်ဂူတွေကလည်း ဝိညာဉ်စွမ်းအင် အထောက်အပံ့ မရှိတော့တဲ့အတွက် စတင် ပြိုကျလာတော့သည်။
“ဒုက္ခပဲ”
အလွန်အမင်း အရေးတကြီး အခြေအနေတွင် အားလုံးသည် သူတို့၏ ဝိညာဉ်စွမ်းအား (သို့) အစစ်အမှန်ယွမ်များကို အမြန် ပို့လွှတ်ပြီး ချင်းယွင်တောင်တန်း တစ်ခုလုံးကို တည်ငြိမ်အောင် ထိန်းဖို့ ကြိုးစားနေကြသည်။
သို့သော် ဖုန်လုံးကြီး တစ်ခု ကောင်းကင်ယံသို့ လှိုင်းထန်လာသည်။
ချင်းယွင်တောင်တန်း တစ်ခုလုံး ပြိုကျသွားလေပြီ။
“အီးဟီးဟီး.. အစိမ်းရောင်တောင်ကြီး ရှိနေသရွေ့ ထင်းမရှိမှာ မပူရဘူးတဲ့... အခုတော့ အစိမ်းရောင်တောင်ကြီးတောင် မရှိတော့ဘူး... ငါတို့ ချင်းယွင်ဂိုဏ်း ဘယ်ကို ဆက်သွားရမလဲ”
ချင်းယွင်ကျန်းရန်သည် မြေကြီးပေါ် ဒူးထောက်လိုက်ပြီး အသုဘအခမ်းအနား ကျင်းပနေသလို တအီအီ ငိုကြွေးနေရှာသည်။
“ဝှီး”
ကောင်းကင်ယံတွင် အလင်းတန်း ဒါဇင်ပေါင်းများစွာ ပျံသန်းလာပြီး၊ အပေါ်စီးတွင် ရပ်တန့်ကာ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူများအဖြစ် ပြောင်းလဲသွားကြသည်။ လျိုယွင်ဂိုဏ်းချုပ်၊ လက်နက်တစ်ရာဂိုဏ်းချုပ်၊ ရေပေါ်ဖြူမြို့တော် ဒုတိယ မြို့စားမင်း၊ ယွင်ဟွာကျန်းရန် နှင့် အခြားသော စီနီယာ ပညာရှင်များ ပါဝင်သည်။
သူတို့သည် တိုက်ပွဲဖြစ်ပွားသံကို အာရုံခံမိသဖြင့် ရောက်လာကြခြင်း ဖြစ်၏။
သို့သော် သူတို့ မမျှော်လင့်ထားသည်မှာ သူတို့ ရောက်လာချိန်တွင် ချင်းယွင်တောင်တန်း တစ်ခုလုံး ပြိုကျသွားပြီး၊ ကြည့်ရဆိုးလွန်းသော အဖြစ်ဆိုးကြီးနှင့် ကြုံတွေ့နေရခြင်းပင်။ မြေပြင်တွင်လည်း မရေမတွက်နိုင်သော နတ်ဆိုးသားရဲ အလောင်းများနှင့် ကျင့်ကြံသူ အလောင်းများ ပြန့်ကျဲနေသည်။
“ဒီမှာ တိုက်ပွဲကြီး ဖြစ်ခဲ့တာလား”
“လေထဲမှာ နတ်ဆိုးဘုရင်အဆင့် သွေးနံ့တွေ ရနေတုန်းပဲ။ နတ်ဆိုးမြို့တော်က အဲဒီလူ လက်ချက် ဖြစ်မယ်။ ငါတို့ စောစောရောက်လာရင်တောင် ဘာမှ ထူးခြားမှာ မဟုတ်ဘူး”
“သြော်... ကံဆိုးရှာပါ့”
အင်အားစုအသီးသီးမှ ဂိုဏ်းချုပ်များ သက်ပြင်းချလိုက်ကြသည်။
မကြာမီပင်၊ ကြီးကျယ်သော သတင်းဆိုးကြီး တစ်ခု တောမီးပမာ လောင်မြိုက်သွားလေသည်။
ချင်းယွင်ဂိုဏ်းသည် နတ်ဆိုးဘုရင် တစ်ပါး၏ တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး သေဆုံးဒဏ်ရာရသူ မရေမတွက်နိုင်အောင် များပြားကြောင်း၊ တစ်ခုတည်းသော အသေးစား ဝိညာဉ်သွေးကြောသည်ပင် နတ်ဆိုးဘုရင်၏ လက်ချက်ဖြင့် ကွဲကြေသွားကြောင်း၊ နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့သော ဂိုဏ်းကြီးသည် တခဏအတွင်း ပျက်စီးသွားကြောင်း သတင်းများ ထွက်ပေါ်လာသည်။
ထိုသတင်းကို ကြားလိုက်ရသောအခါ အင်အားစုအသီးသီးမှ ဂိုဏ်းချုပ်များအားလုံး တိတ်ဆိတ်သွားကြတော့၏။
အခန်း (၂၃၉) အားလုံး ကိုယ့်အန္တရာယ် ကိုယ်ကြောက်နေကြရပြီ၊ ဟူယွမ်၏ ဖိအား
~မြူခိုးတောင်ထိပ်ဝယ်၊
ယဲ့ဖုန်းသည် ကုလားထိုင်ရှည်ပေါ်တွင် မှီထိုင်လျက် ရေပေါ်ဖြူမြို့တော်၏ ဒုတိယ မြို့စားမင်း ရှင်းပြသည်များကို နားထောင်နေရင်း မျက်မှောင်ကြုတ်လိုက်မိသည်။
မြေခွေးမျိုးနွယ် နတ်ဆိုးဘုရင် "ဟူယွမ်" ပြန်လည် ထွက်ပေါ်လာသည်။ သူသည် ဓားဆန္ဒကို နားလည်သဘောပေါက်ထားသော ချင်းယွင်ကျန်းရန်ကိုပင် အလွယ်တကူ အနိုင်ယူလိုက်၏။ ဝိညာဉ်သွေးကြောကို ဖျက်ဆီးပြီး အမြုတေကို လုယူသွားခဲ့သည်။ ဤသတင်းဆိုးများသည် ယဲ့ဖုန်း၏ စိတ်ဝိညာဉ်ကို မမြင်ရသော ဒီရေလှိုင်းလုံးကြီးများသဖွယ် ရိုက်ခတ်နေလေသည်။
“ကြည့်ရတာ နတ်ဆိုးမျိုးနွယ်က ဝိညာဉ်သွေးကြော အမြုတေကို အရေးတကြီး လိုအပ်နေပုံပဲ။ ငါတို့ မြူခိုးတောင်ထိပ်လည်း အန္တရာယ်ရှိနေပြီ”
ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်၏။
ဒုတိယ မြို့စားမင်း၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေသည်။
“မြူခိုးတောင်ထိပ်တင် အန္တရာယ်ရှိတာ မဟုတ်ဘူးဗျ။ ရေပေါ်ဖြူမြို့တော် မြို့စားမင်းအိမ်တော် နောက်ကျောက ဝိညာဉ်သွေးကြောလည်း အန္တရာယ် ရှိနေတာပဲ”
ယဲ့ဖုန်းသည် ကုလားထိုင်ရှည်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေမိသည်။
လွန်ခဲ့သော တိုက်ပွဲတွင် သူသည် ဝိညာဉ်ပေါက်ကွဲဆေးလုံးကို သောက်သုံးပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်ကို ထုတ်ဖော်ခဲ့သော်လည်း၊ နတ်ဆိုးဘုရင် ခန္ဓာကိုယ်၏ လက်သီးတစ်ချက်တည်းနှင့် သွေးအန်ခဲ့ရဖူးသည်။ တစ်ဖက်ရန်သူ၏ ကြောက်မက်ဖွယ် ကောင်းပုံကို သက်သေပြနေသကဲ့သို့ပင်။
ယခုအချိန်တွင် သူ၌ ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားနှင့် အရိုးဖြူ ဓားဝင်္ကပါ ရှိနေသော်လည်း လုံခြုံသည်ဟု မခံစားရပေ။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးဘုရင်၏ စစ်မှန်သော အစွမ်းကို သူ မသိရှိရသေးသောကြောင့် ဖြစ်သည်။
ပြည့်ဝသော ယုံကြည်ချက်မရှိဘဲ၊ "တည်ငြိမ်မှု" ဆိုတာကို ဘယ်လိုလုပ် ပြောနိုင်ပါ့မလဲ။
“ဂိုဏ်းချုပ်ယဲ့... ခင်ဗျားမှာ ဗျူဟာ တစ်ခုခု ရှိလားဗျ”
ဒုတိယ မြို့စားမင်း၏ မျက်နှာထားသည် ပိုမို လေးနက်လာသည်။
ယခုအချိန်တွင် ရေပေါ်ဖြူမြို့တော်သည် ယဲ့ဖုန်းကိုသာ အားကိုးနေရ၏။
အကယ်၍ သူ၌သာ ဗျူဟာ မရှိပါက၊ ရေပေါ်ဖြူမြို့တော်သည် အလွန် အန္တရာယ်များသော အခြေအနေသို့ ရောက်သွားပေလိမ့်မည်။
“နတ်ဆိုးဘုရင်က သန်မာလွန်းတယ်။ ကျွန်တော့်မှာလည်း ယုံကြည်ချက် အပြည့်အဝ မရှိဘူး။ ဒါပေမဲ့ နတ်ဆိုးဘုရင်သာ ရေပေါ်ဖြူမြို့တော်ကို လာရဲရင်တော့... ကျွန်တော် ဝင်ပြီး တားဆီးပေးလို့ ရပါတယ်။ သူ့ကို အနိုင်တိုက်နိုင်မလား ဆိုတာကတော့ ပြောရခက်တယ်”
ယဲ့ဖုန်းက လေးနက်စွာ ပြောလိုက်၏။
“ဒါဆိုရင် ဂိုဏ်းချုပ်ယဲ့ကိုပဲ ဒုက္ခပေးရတော့မှာပေါ့ဗျာ”
ဒုတိယ မြို့စားမင်းသည် ရိုသေစွာ ဦးညွှတ်လိုက်၏။ ထို့နောက် ရေပေါ်ဖြူမြို့တော် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ယဲ့ဖုန်းနှင့် ခေတ္တ ဆွေးနွေးပြီးနောက် မြူခိုးတောင်ထိပ်မှ ပြန်လည် ထွက်ခွာသွားလေသည်။
ချောက်ကမ်းပါး အစွန်းတစ်နေရာတွင် ဖြစ်သည်။
ယဲ့ဖုန်းသည် ကံစမ်းမဲအိတ် တစ်အိတ်ကို ထုတ်ယူလိုက်၏။
ဤသည်မှာ ဝမ်ဖင်းအန်း အပြင်စည်းတပည့် စစ်ဆေးမှုကို အောင်မြင်ပြီးနောက် ရရှိခဲ့သော လက်ဆောင်အိတ်ငယ် ဖြစ်သည်။ သူက စိတ်ထဲမှ "ဖွင့်စမ်း" ဟု ရေရွတ်လိုက်ရာ၊ ကံစမ်းမဲအိတ်သည် အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။
“တီ..တီ.. သင်သည် 'အဆင့်နိမ့် မူလအရင်းအမြစ် ခိုင်မာစေခြင်း ဆေးဖော်နည်း' စာအုပ်ငယ်ကို ရရှိပါသည်”
စာအုပ်ငယ်လေး တစ်အုပ်သည် ယဲ့ဖုန်း၏ လက်ထဲသို့ ရောက်ရှိလာသည်။
သူ ငုံ့ကြည့်လိုက်ရာ ရှေ့ဖုံးနှင့် နောက်ဖုံးအပြင်၊ ဆေးဖော်နည်းသည် စာမျက်နှာ (၃) မျက်နှာသာ ရှိသည်ကို တွေ့ရ၏။ သို့သော် ပါဝင်သော အကြောင်းအရာများမှာ အလွန် အသေးစိတ်ကျပြီး၊ ဆေးဖော်ခြင်းဆိုင်ရာ သဘောတရားများပါ ပါဝင်လေသည်။
“ဒါ မဆိုးဘူးပဲ”
ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။
မူလအရင်းအမြစ် ခိုင်မာစေခြင်း ဆေးလုံးသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်သို့ တက်လှမ်းရန်နှင့် နေ့စဉ် ကျင့်ကြံခြင်းအတွက် အဓိက ဖော်ဆောင်သော ဆေးလုံးဖြစ်သည်။ လက်ရှိတွင် မိုယင်သည် ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ သူမ၏ အဆင့်တက်နှုန်း နှေးကွေးလာသည်။ အဓိက အကြောင်းအရင်းမှာ အထောက်အကူပြု ဆေးဝါး မရှိသောကြောင့် ဖြစ်သည်။
သူသည် ဆေးဖော်နည်း စာအုပ်ငယ်ကို ယူဆောင်ပြီး သိုင်းကျမ်းဆောင်ထဲသို့ ဝင်သွားလိုက်၏။
ကျီဇီလင်းသည် အဆောင်ဝင်ပေါက်တွင် ထိုင်လျက် စာဖတ်ရာ၌ အာရုံနစ်မြောနေသဖြင့် ယဲ့ဖုန်း ရောက်လာသည်ကိုပင် သတိမထားမိပေ။
“ဒါက 'အဆင့်နိမ့် မူလအရင်းအမြစ် ခိုင်မာစေခြင်း ဆေးဖော်နည်း' ပဲ။ ဒီနေ့ကစပြီး သိုင်းကျမ်းဆောင်ထဲမှာ သိမ်းထားလိုက်တော့”
ယဲ့ဖုန်းသည် စာအုပ်ငယ်ကို စားပွဲပေါ် တင်ပေးလိုက်၏။
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လန့်သွားပြီး ကျီဇီလင်း မော့ကြည့်လိုက်ရာ ယဲ့ဖုန်း ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ထို့နောက် သူမ၏ ရင်ဘတ်ကို ပုတ်ပြီး သက်ပြင်းချလိုက်မိသည်။
“ကျွန်မ အခုပဲ သိမ်းဆည်းလိုက်ပါ့မယ်”
သူမက ပြောရင်းဆိုရင်း ဆေးဖော်နည်း စာအုပ်ကို စတင် နေရာချထားလေသည်။
ယဲ့ဖုန်းသည် သိုင်းကျမ်းဆောင်၏ ထိပ်ဆုံးသို့ တက်သွားပြီး၊ ခေါင်မိုးပေါ်တွင် ထိုင်ကာ အဝေးမှ ရှုခင်းများကို ငေးမောကြည့်ရှုနေမိသည်။ အမြင့်ဆုံးနေရာတွင် ရောက်နေခြင်းကြောင့် ဖြစ်ပေါ်လာသော အထီးကျန်ဆန်မှုကို ခံစားနေရ၏။
ရုတ်တရက် သူ တစ်စုံတစ်ခုကို အာရုံခံမိပြီး ကောင်းကင်ကို မော့ကြည့်လိုက်၏။
စက္ကူကြာနီ တစ်ကောင်သည် ဓာတ်ကြီးငါးပါး ဆက်တိုက် ဝင်္ကပါ၏ ကာကွယ်ရေး အလွှာကို အကြိမ်ကြိမ် ဝင်တိုက်နေသည်။ အထဲဝင်ချင်သော်လည်း ဖောက်ဝင်မရ ဖြစ်နေရှာသည်။
“သတင်းပို့တဲ့ စက္ကူကြာနီလား”
ယဲ့ဖုန်းသည် ကာကွယ်ရေး အလွှာကို ဖြေလျော့လိုက်ပြီး စက္ကူကြာနီကို ဖမ်းယူလိုက်၏။
“ဂိုဏ်းချုပ်ယဲ့... မြေအောက် ရှေးဟောင်းမြို့တော်က သံမဏိနက် ခန်းမဆောင်ကို အမြန် ကြွရောက်ပေးပါ။ ဂိုဏ်းချုပ်များ အရေးကြီးကိစ္စ ဆွေးနွေးစရာ ရှိလို့ပါ”
‘ဒါက လျိုယွင်ဂိုဏ်းချုပ်ရဲ့ အသံပါပဲ။
နတ်ဆိုးဘုရင် ကိစ္စ ဖြစ်မယ်’ ယဲ့ဖုန်း ခန့်မှန်းလိုက်မိသည်။
သူသည် ကောင်းကင်မေးမြန်းကြေးမုံကို ထုတ်ယူပြီး ပတ်ဝန်းကျင် တဝိုက်ကို စစ်ဆေးလိုက်၏။ နတ်ဆိုးဘုရင်၏ ခြေရာလက်ရာ မရှိကြောင်း သေချာမှ မြေအောက် ရှေးဟောင်းမြို့တော်သို့ အမြန် ထွက်ခွာသွားတော့သည်။
သံမဏိနက် ခန်းမဆောင်အတွင်း၌ ဖြစ်သည်။
ယဲ့ဖုန်းနှင့် ရေပေါ်ဖြူမြို့တော် ဒုတိယ မြို့စားမင်းတို့ တစ်ပြိုင်နက် ရောက်ရှိလာကြသည်။
နှစ်ယောက်စလုံး နေရာတွင် ဝင်ထိုင်လိုက်ကြပြီး၊ ချင်းယွင်ကျန်းရန်၏ ထိုင်ခုံ လွတ်နေသည်ကို သတိထားမိလိုက်ကြသည်။
ဟိုလူကြီး လာမှာမဟုတ်ဘူးနှင့် တူသည်။
“လူကြီးမင်းတို့... ချင်းယွင်ကျန်းရန်က ဝမ်းနည်းပူဆွေးမှုတွေနဲ့ ရင်ဆိုင်နေရလို့၊ ဒီတစ်ခေါက် အစည်းအဝေးကို တက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လျိုယွင်ဂိုဏ်းချုပ် ဖြစ်တဲ့ ကျွန်တော်ကပဲ ဦးဆောင် ဆွေးနွေးပါမယ်”
လျိုယွင်ဂိုဏ်းချုပ်သည် အားလုံး၏ အာရုံစိုက်မှုကို ရယူရန် ချောင်းဟန့်လိုက်၏။
“အားလုံးလည်း ကြားပြီးကြမှာပါ။ နတ်ဆိုးမြို့တော်က နတ်ဆိုးဘုရင်ဟာ အတားအဆီးမရှိ သောင်းကျန်းနေပါတယ်။ ဝိညာဉ်သွေးကြောတွေကို ဖျက်ဆီးပြီး အမြုတေတွေကို လုယူနေတယ်။ ဒါဟာ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ လုပ်ရပ်ပါပဲ။ ကျွန်တော်တို့ အားလုံး ပူးပေါင်းပြီး သူ့ကို နှိမ်နင်းရပါမယ်”
ယဲ့ဖုန်း မျက်လုံးလှန်ကြည့်လိုက်မိသည်။
‘နှိမ်နင်းမယ် ဟုတ်လား။
ဒီမှာ ရှိတဲ့ ဂိုဏ်းချုပ်တွေနဲ့လား။’
သူ့ဘက်ကတော့ မျှော်လင့်ချက် သိပ်မထားပါ။
လျိုယွင်ဂိုဏ်းချုပ်ကတော့ ဆက်ပြီး လေပွားနေသည်။
“ဝမ်းနည်းစရာ ကောင်းတာက... ကျွန်တော်တို့ရဲ့ အင်အားက မပြောပလောက်ပါဘူး။ နတ်ဆိုးဘုရင်ကို ယှဉ်နိုင်စွမ်း မရှိပါဘူး။ နတ်ဆိုးမြို့တော်က တပ်မတော်ကြီးကိုတောင် ရင်ဆိုင်နိုင်စွမ်း မရှိပါဘူး။ ဂိုဏ်းအားလုံး အန္တရာယ် ကျရောက်နေပါပြီ... ကပ်ဘေးဆိုက်ဖို့ လက်တစ်ကမ်း အလိုပါပဲ...”
သူ တော်တော်လေး ပေါက်ကရတွေ ပြောနေတာပဲ။
ယဲ့ဖုန်း နားထောင်ရင်း မျက်နှာထား တစ်မျိုးကြီး ဖြစ်နေသည်။
တခြား အင်အားစု အသီးသီးက ဂိုဏ်းချုပ်တွေလည်း မျက်မှောင်ကြုတ်နေကြသည်။
နောက်ဆုံးတော့ ခန်းမဆောင် အပြင်ဘက်မှ စိတ်မရှည်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“ခင်ဗျားက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ များလှပြီ... တကယ်တမ်း ဘာပြောချင်တာလဲဗျာ”
ထိုအသံကြောင့် ခန်းမဆောင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ချင်းယွင်ဓားကို ကိုင်ဆောင်လျက် မျက်ကွင်းညိုကြီးများနှင့် ချင်းယွင်ကျန်းရန် ခန်းမဆောင်ထဲ ဝင်လာသည်ကို အားလုံး တွေ့လိုက်ကြရ၏။ သူက သူ့နေရာတွင် ဝင်ထိုင်လိုက်၏။
“ချင်းယွင်ကျန်းရန်... ခင်ဗျား မလာတော့ဘူး ထင်နေတာ”
စန်းယွမ်မြို့စားမင်းက လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။
ချင်းယွင်ကျန်းရန်၏ မျက်နှာပေါ်တွင် ဒေါသများ ပြည့်နှက်နေသည်။
သူသည် ခန်းမဆောင် ဝင်ပေါက်ဘက်သို့ စူးစူးရဲရဲ ကြည့်ကာ အံကြိတ်ပြီး ပြောလိုက်၏။
“အဲဒီ လူယုတ်မာ နတ်ဆိုးဘုရင်... ငါ့ချင်းယွင်တောင်တန်းရဲ့ အခြေခံအုတ်မြစ်ကို ဖျက်ဆီးရဲတယ်... ငါ သူနဲ့ ဘယ်တော့မှ ကမ္ဘာမကြေဘူးကွ”
ယွင်ဟွာကျန်းရန်က မျက်ခုံးပင့်လိုက်၏။
“ကျုင်တို့ အားလုံး နတ်ဆိုးဘုရင်နဲ့ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ရှိကြတာချည်းပါပဲ။ ဒါပေမဲ့ အခု ပြဿနာက... ဘယ်သူမှ သူ့ကို မယှဉ်နိုင်တာပဲ”
ထိုစကားကြောင့် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။
“ဟုတ်တယ်... ကျွန်တော်တို့ သူ့ကို မယှဉ်နိုင်ဘူး”
ချင်းယွင်ကျန်းရန်က မျက်နှာမည်းကြီးဖြင့် ပြောလိုက်ပြီး ယဲ့ဖုန်းကို တစ်ချက် အကဲခတ်ကြည့်လိုက်၏။
“ကျွန်တော် နတ်ဆိုးဘုရင်နဲ့ တိုက်ခိုက်ဖူးတယ်။ ဓားဆန္ဒကို သဘောပေါက်ထားတာတောင်မှ သူ့လက်ဝါးအောက်မှာ ဖိနှိပ်ခံလိုက်ရတယ်... ပြန်လည် ခုခံနိုင်စွမ်း မရှိဘူး”
ဂိုဏ်းချုပ်များအားလုံး သက်ပြင်းချလိုက်ကြသည်။
လက်ရှိအချိန်တွင် ချင်းယွင်ကျန်းရန်၏ စွမ်းအားသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်နှင့် ရင်ပေါင်တန်းနိုင်ပြီး၊ တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးတွင် ထိပ်တန်း အင်အားစု တစ်ခု ဖြစ်သည်။
ဒါပေမဲ့... နတ်ဆိုးဘုရင်က သန်မာလွန်းနေတယ်။
“ကျွန်တော်တို့ အားလုံး မယှဉ်နိုင်မှတော့... ဒီအစည်းအဝေး လုပ်နေတာ ဘာအဓိပ္ပာယ် ရှိလို့လဲ”
ယဲ့ဖုန်းက မေးလိုက်၏။ သူ ဒီမှာ အချိန်ဖြုန်း မနေချင်တော့ပေ။
“ဂိုဏ်းချုပ်ယဲ့... စိတ်ရှည်ပါဦးဗျ”
လျိုယွင်ဂိုဏ်းချုပ်သည် ကျိုးပဲ့နေသော ဝင်္ကပါအောက်ခံပြား တစ်ခုကို ထုတ်လိုက်၏။
“ဒီပစ္စည်းကို 'ပင်လယ်လွှမ်းမိုးခြင်း ဝင်္ကပါ' လို့ ခေါ်ပါတယ်။ တစ်ချိန်တုန်းကတော့ အလယ်အလတ်အဆင့် ဝင်္ကပါပေါ့။ ဝမ်းနည်းစရာက အကြိမ်ကြိမ် သုံးစွဲပြီးတဲ့နောက် ကျိုးပဲ့သွားပြီ... နောက်ဆုံး တစ်ကြိမ်ပဲ သုံးလို့ရတော့မယ်။ ဒါပေမဲ့... ဝိညာဉ်ပင်လယ်အဆင့် စွမ်းအားကို ထုတ်ဖော်နိုင်တုန်းပါပဲ”
အားလုံး၏ အာရုံက ထိုပစ္စည်းဆီသို့ ရောက်သွားကြသည်။
“လျိုယွင်ဂိုဏ်းချုပ်က ကျွန်တော်တို့ကို ပူးပေါင်းပြီး ဝင်္ကပါခင်းစေချင်တာလား... ပြီးတော့ နတ်ဆိုးဘုရင်ကို သတ်မယ်ပေါ့လေ”
ယွင်ဟွာကျန်းရန်က သံသယဖြင့် မေးလိုက်၏။
“အတိအကျပဲ”
ဟု လျိုယွင်ဂိုဏ်းချုပ်က အတည်ပြုလိုက်သည်။
ဒီဝင်္ကပါက လျိုယွင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း လက်ထက်ကတည်းက လက်ဆင့်ကမ်းလာခဲ့တာ ဖြစ်ပြီး၊ အသုံးမပြုတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်၏
ပထမ အကြောင်းရင်းကတော့ ဝိညာဉ်ပင်လယ်အဆင့် ခြိမ်းခြောက်မှုမျိုး မကြုံဖူး၍ ဖြစ်ပြီး၊ ဒုတိယ အကြောင်းရင်းကတော့ ဒီဝင်္ကပါကို အသက်ဝင်စေဖို့အတွက် ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့်အထက် ကျင့်ကြံသူ (၆) ယောက် လိုအပ်၍ပါပင်။ လျိုယွင်ဂိုဏ်းမှာ ထိုမျှ.. အစွမ်းထက်သည့် ပုဂ္ဂိုလ်တွေ မရှိတာကြောင့် သုံး၍ မရခဲ့တာ ဖြစ်သည်။
“ဒီဝင်္ကပါကို ဘယ်လို သုံးရမှာလဲ”
ဟု ယဲ့ဖုန်းက မေးလိုက်၏။
လျိုယွင်ဂိုဏ်းချုပ်က ရှင်းပြလေသည်။
“ပင်လယ်လွှမ်းမိုးခြင်း ဝင်္ကပါ... ဒါမှမဟုတ် ခြောက်မြှောင့် သတ်ဖြတ်ခြင်း ဝင်္ကပါ လို့လည်း ခေါ်တယ်။ ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့်အထက် ကျင့်ကြံသူ (၆) ယောက်က နေရာယူပြီး တစ်ပြိုင်နက်တည်း အသက်သွင်းရမယ်။ ကျွန်တော်တို့က နတ်ဆိုးဘုရင်ကို သတ်ဖို့ မရည်ရွယ်ပါဘူး။ သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားအောင် လုပ်ပြီး ဆက်ပြီး မမိုက်ရိုင်းနိုင်အောင် တားဆီးဖို့ပါပဲ”
ဒါကို ကြားတော့ အားလုံးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။
ကျင့်ကြံသူတွေ အများကြီး ရှိကြပါသည်။ ချင်းယွင်ကျန်းရန်၊ လျိုယွင်ဂိုဏ်းချုပ်၊ ယွင်ဟွာကျန်းရန်၊ လက်နက်တစ်ရာဂိုဏ်းချုပ်၊ ဝိညာဉ်သားရဲဂိုဏ်းချုပ်၊ စန်းယွမ်မြို့စားမင်း နဲ့ တခြားသူတွေရဲ့ ကျင့်ကြံခြင်းအဆင့်တွေက ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့်အထက်မှာ ရှိကြသည်။
ရေတွက်ကြည့်လိုက်တော့ တိတိကျကျ (၆) ယောက် ရှိနေသည်။
ယဲ့ဖုန်းကတော့... ထူးခြားသည့် စွမ်းအားတွေ ပိုင်ဆိုင်ထားသော ရွေးချယ်ခံရသူ ဖြစ်ပါစေ၊ ဒီဝင်္ကပါကို အသက်သွင်းနိုင်မှာ မဟုတ်ပါချေ။
“လူကြီးမင်းတို့... ကျွန်တော့်ကျင့်ကြံခြင်းက ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့်ကို အခုလေးတင် ရောက်ရှိထားတာဆိုတော့ မတည်ငြိမ်သေးဘူးဗျ။ ပင်လယ်လွှမ်းမိုးခြင်း ဝင်္ကပါကို အသက်သွင်းနိုင်မှာ မဟုတ်လောက်ဘူး။ ရေပေါ်ဖြူမြို့တော် မြို့စားမင်းကတော့ ဝါရင့် ပညာရှင်ကြီးပဲ... သူ့ကို အသက်သွင်းခိုင်းရင် ပိုမကောင်းဘူးလား”
စန်းယွမ်မြို့စားမင်းက ရုတ်တရက် အကြံပြုလိုက်၏။
ထိုစကားကို ကြားသောအခါ ရေပေါ်ဖြူမြို့တော် ဒုတိယ မြို့စားမင်း၏ ရင်ထဲတွင် ထူပူသွားသည်။
မြို့စားမင်းဟောင်း အဆင့်တက်ရာတွင် ကျရှုံးသွားသည့် သတင်းက အပြင်ကို မပေါက်ကြားသေးပေ။
ထို့ကြောင့် တခြား အင်အားစုကြီးတွေက သူ ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့်ကို ရောက်သွားပြီဟု ထင်နေကြ၏။
မြို့စားမင်းဟောင်းကို ခေါ်ထုတ်ဖို့ အကြံပြုတာ ကြားလိုက်ရတော့၊ ဒုတိယ မြို့စားမင်းသည် အခြေအနေ၏ လေးနက်မှုကို သဘောပေါက်လိုက်၏။
သတင်းသာ ပေါက်ကြားသွားလျှင်၊ ရေပေါ်ဖြူမြို့တော်၏ ကြယ်အဆင့် အဆင့်အတန်းက အန္တရာယ် ရှိသွားပြီ ဖြစ်သည်။
အခန်း (၂၄၀) ပင်လယ်လွှမ်းမိုးခြင်း ဝင်္ကပါနှင့် လျိုယွင်ဂိုဏ်း တိုက်ပွဲ
~ဒုတိယ မြို့စားမင်းသည် သူ့ထိုင်ခုံတွင် ထိုင်လျက် အတွေးများ နစ်မျောနေလေသည်။
ယဲ့ဖုန်းသည် ရှိနေသူများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပြောလိုက်၏။
“ရေပေါ်ဖြူမြို့တော် မြို့စားမင်းကြီးက မကြာသေးမီကမှ 'မိုးကြိုးခြေလှမ်း' ရဲ့ တတိယအဆင့် အထွတ်အထိပ်ကို ရောက်ဖို့ တံခါးပိတ်ကျင့်ကြံနေပါတယ်။ သူ့ကို နှောင့်ယှက်လို့ မဖြစ်ပါဘူး”
ထိုစကားကို ကြားသောအခါ ဒုတိယ မြို့စားမင်းက ယဲ့ဖုန်းကို ကျေးဇူးတင်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။
အခြား ဂိုဏ်းချုပ်ကြီးများကတော့ အနည်းငယ် စိတ်ပျက်သွားကြသည်။
စန်းယွမ်မြို့စားမင်း၏ နှုတ်ခမ်းထောင့်များ တွန့်သွားလေသည်။
သူက ရေပေါ်ဖြူမြို့တော် မြို့စားမင်းကြီးကို အဆိုပြုခဲ့တာက... တကယ်တမ်းတော့ မြို့စားမင်းကြီးက အဆင့်တက်ခါစမို့ ဝင်္ကပါကို အသက် မသွင်းနိုင်မှာ စိုးရိမ်၍ မဟုတ်ပါ။ သူ သေမှာ ကြောက်၍ ဖြစ်ပါသည်။ မြို့စားမင်းကြီးကို ရှေ့တွန်းပို့လိုက်လျှင် သူက တိုက်ပွဲထဲ ဝင်စရာ မလိုတော့ဘူး မဟုတ်ပါလော။
“ရေပေါ်ဖြူမြို့စားမင်းကြီး ပါမလာနိုင်ဘူး ဆိုရင်တော့ ကျွန်တော်တို့ဘက်မှာ အားကောင်းတဲ့ စစ်ကူ တစ်ယောက် လျော့သွားပြီ။ 'ပင်လယ်လွှမ်းမိုးခြင်း ဝင်္ကပါ' ကို အသက်သွင်းဖို့ လူ မရှိရင် ဘယ်လိုလုပ်ကြမလဲ”
“ဟုတ်တယ်... မြို့စားမင်းကြီးရဲ့ တိုက်ခိုက်နိုင်စွမ်းက အံ့မခန်းပဲ။ သူသာ ပါလာရင် သေချာပေါက် အကူအညီ ဖြစ်မှာ”
ဂိုဏ်းချုပ်များ အချင်းချင်း ကြိတ်၍.. ဆွေးနွေးနေကြသည်။
စန်းယွမ်မြို့စားမင်းကတော့ အတော်လေး စိုးရိမ်နေရှာ၏။
'သေစမ်း... သူတို့ ငါ့ကိုများ အတင်းအကျပ် တိုက်ခိုက်ခိုင်းမလား မသိဘူး။ တကယ်လို့ ဝင်္ကပါက ရန်သူကို မနိုင်ခဲ့ရင် ဝင်္ကပါ အသက်သွင်းတဲ့ လူတွေအကုန် သေကုန်ကြမှာလေ... ငါ မပါချင်ဘူး'
ထိုအတွေးဖြင့် စန်းယွမ်မြို့စားမင်း ထွက်ပြေးဖို့ ကြံရွယ်နေမိသည်။
“ကျွန်မ လုပ်ပါရစေ”
သံမဏိနက် ခန်းမဆောင် အပြင်ဘက်မှ နူးညံ့သိမ်မွေ့သော အမျိုးသမီး အသံ တစ်သံ ထွက်ပေါ်လာပြီး အားလုံး၏ အာရုံကို ဖမ်းစားလိုက်၏။
နောက်တစ်ခဏတွင် ခရမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ခန်းမဆောင်ထဲသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းဝင်ရောက်လာလေသည်။
ဤအမျိုးသမီးသည် နတ်ဆိုးမြို့တော် (ယခင် ရွှေယန်မြို့) ၏ ဒုတိယ မြို့စားမင်းဟောင်း "ကုန်းချင်းချိုး" ပင် ဖြစ်လေသည်။
သူမသည် ခန်းမဆောင် အလယ်တွင် ရပ်လျက် ပြောလိုက်၏။
“အချိန်အတန်ကြာ အနားယူပြီးတဲ့နောက် ကျွန်မရဲ့ ဒဏ်ရာတွေ ပျောက်ကင်းသွားပါပြီ။ ကျင့်ကြံခြင်း အဆင့်လည်း အတော်လေး ပြန်ကောင်းလာပါပြီ။ 'ပင်လယ်လွှမ်းမိုးခြင်း ဝင်္ကပါ' ရဲ့ (၆) နေရာထဲက တစ်နေရာကို ကျွန်မ တာဝန်ယူနိုင်ပါတယ်”
“ဒါဆိုရင်တော့ အရမ်းကောင်းတာပေါ့”
ဂိုဏ်းချုပ်များ အားရဝမ်းသာ လက်ခုပ်တီးလိုက်ကြသည်။
အထူးသဖြင့် စန်းယွမ်မြို့စားမင်းပင်။ သူ့မျက်လုံးများတွင် ပျော်ရွှင်ရိပ်များ ပြည့်နှက်နေသည်။
'ဟူး... တော်ပါသေးရဲ့... ငါ့အစား ဝင်မယ့်လူ ရောက်လာပြီ... ငါတော့ လွတ်ပြီဟေ့'
“မယ်တော်ကုန်းက ကူညီမယ်ဆိုရင်တော့... ဒီဂိုဏ်းချုပ် ဝမ်းသာပါတယ်ဗျာ”
လျိုယွင်ဂိုဏ်းချုပ်က ကျေးဇူးတင်စွာ ပြောလိုက်၏။
ကုန်းချင်းချိုးသည် ဝါရင့် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ပညာရှင် တစ်ဦး ဖြစ်သည်။ အရင်တုန်းက ထွက်ပြေးလွတ်မြောက်ဖို့အတွက် ကျင့်ကြံခြင်းအဆင့်ကို လျှော့ချခဲ့ရသော်လည်း၊ ယခုချိန်မှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့် စံချိန်မီနေဆဲ ဖြစ်၏။ စန်းယွမ်မြို့စားမင်းထက်တော့ အများကြီး ပိုပြီး စိတ်ချရလေ၏။
ထိုအချိန်မှာ လျိုယွင်ဂိုဏ်းချုပ်က မေးခွန်းထုတ်လိုက်၏။
“ဒါပေမဲ့... နတ်ဆိုးဘုရင်ကို ဘယ်နေရာမှာ ခြုံခိုတိုက်ခိုက်မလဲ ဆိုတာ လူကြီးမင်းတို့ ဆုံးဖြတ်ပြီးပြီလား”
“နတ်ဆိုးဘုရင်က အရမ်းစွမ်းအားကြီးသလို အရမ်းလည်း မြန်တယ်။ သူ့ကို ခြုံခိုတိုက်ဖို့ဆိုရင် သူ့ရဲ့ လှုပ်ရှားမှုတွေကို အရင်ဆုံး သိထားဖို့ လိုတယ်”
ကုန်းချင်းချိုးသည် လျိုယွင်ဂိုဏ်းချုပ်ကို ကြည့်ပြီး ပြန်ဖြေလိုက်သည်။
“အဲဒီအတွက် မိတ်ဆွေကြီး ပူစရာ မလိုပါဘူး။ နတ်ဆိုးဘုရင်က ဝိညာဉ်သွေးကြော အမြုတေကို တော်တော် စိတ်ဝင်စားပုံရတယ်။ ကျွန်မတို့ အဲဒါကို ငါးစာအဖြစ် သုံးလို့ရတာပဲ”
ထိုစကားကို ကြားသောအခါ ချင်းယွင်ကျန်းရန်၏ မျက်ခွံများ လှုပ်ရှားသွားပြီး ပြောလိုက်၏။
“ မှတ်မိပြီ... နတ်ဆိုးဘုရင်က ကျုပ်တို့ ချင်းယွင်တောင်တန်းကို တိုက်ခိုက်တုန်းက လူတွေကို ရမ်းသန်း သတ်ဖြတ်တာ မဟုတ်ဘူး။ ဝိညာဉ်သွေးကြော အမြုတေကိုပဲ အဓိက ပစ်မှတ်ထားခဲ့တာ။ ဒါကို ကြည့်ရင် သူ့ပစ်မှတ်က ဝိညာဉ်သွေးကြောပဲ... ပြီးတော့ အခု နတ်ဆိုးမြို့တော်နဲ့ အနီးဆုံးက...”
“ဟာ... မဖြစ်ဘူး... ငါ့လျိုယွင်တောင်တန်း”
လျိုယွင်ဂိုဏ်းချုပ်သည် မီးလောင်သလို ပေါင်ကို ဖြောင်းခနဲ ရိုက်လိုက်မိသည်။ သူက မြေပုံကို အမြန် ထုတ်ကြည့်လိုက်ရာ၊ နတ်ဆိုးမြို့တော်နှင့် အနီးဆုံးမှာ ချင်းယွင်တောင်တန်း ဖြစ်ပြီး၊ ဒုတိယ အနီးဆုံးကတော့ လျိုယွင်ဂိုဏ်း တည်ရှိရာ လျိုယွင်တောင်တန်း ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
“မြန်မြန်... မြန်မြန်... လျိုယွင်တောင်တန်းကို သွားကြစို့”
လျိုယွင်ဂိုဏ်းချုပ် ဒရောသောပါး.. ပျံထွက်သွားတော့သည်။
“ဝှီး”
တခြားသူတွေလည်း ပျံသန်းလိုက်ကြသည်။
ယဲ့ဖုန်းကတော့ နောက်ဆုံးမှ ထွက်ခွာလာပါသည်။
သူသည် ကောင်းကင်မေးမြန်းကြေးမုံကို ထုတ်ယူပြီး လျိုယွင်ဂိုဏ်း တည်ရှိရာ နေရာနှင့် ပတ်ဝန်းကျင်ကို ရှာဖွေကြည့်ရှုလိုက်၏။ နတ်ဆိုးတပ်မတော်ကြီး လျိုယွင်တောင်တန်းဆီသို့ ဦးတည်သွားနေသည်ကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများ ရုတ်တရက် စူးရှသွားရဧ။်။
“ဂိုဏ်းချုပ်ယဲ့... ဘာဖြစ်လို့လဲ”
ဒုတိယ မြို့စားမင်းက အရှိန်လျှော့ပြီး မေးလိုက်၏။
ယဲ့ဖုန်းသည် ကြေးမုံကို သိမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်က၊
“လူကြီးမင်းတို့... နတ်ဆိုးတပ်မတော်က လျိုယွင်တောင်တန်းကို သွားနေပြီ။ ဘယ်လိုလုပ် သိလဲဆိုတာ မမေးပါနဲ့... အခြေအနေက အရေးကြီးနေပြီ... ကျွန်တော်တို့ အမြန်သွားမှ ဖြစ်မယ်”
ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် အရိုးဖြူဓားပေါ် တက်လိုက်ပြီး လေထဲသို့ တိုးဝင်ပျံသန်းသွားလေသည်။
ကျန်သူများလည်း အချင်းချင်း အရိပ်အကဲကြည့်သလို ပြန်ကြည့်လိုက်မိကြသည်။
အမှန်အမှားကို ထားလိုက်၊ အရှိန်မြှင့်ပြီး လိုက်သွားကြတော့သည်။
...
မိုင်ပေါင်းရာချီ ဝေးကွာသော နေရာတွင် ဖြစ်သည်။
ဟူယွမ်သည် မြေကြီးအောက်မှ နိုးထလာလေသည်။
ချင်းယွင်တောင်တန်း၏ ဝိညာဉ်သွေးကြော အမြုတေကို သန့်စင်ပြီးနောက်၊ သူ၏ ချီပင်လယ်သည် အဆများစွာ ကျယ်ပြန့်လာ၏။ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်၏ ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့လေပြီ။ နောက်ထပ် အမြုတေ (၂) ခုလောက် ထပ်ရလျှင် ဝိညာဉ်ပင်လယ်အဆင့် ပထမအဆင့်ကို တရားဝင် တက်လှမ်းနိုင်တော့မည်။
“ကောင်းတယ်... တကယ် ကောင်းတယ်ကွ”
“ဒီ 'ဝိညာဉ်သွေးကြော ဝါးမျိုးခြင်း ကျင့်စဉ်' က တကယ်ကို အံ့ဖွယ်ပဲ။ ဝိညာဉ်သွေးကြောတွေကို စားပြီး သန်မာလာတာက... ပင်ပင်ပန်းပန်း ကျင့်ကြံနေရတာထက် အများကြီး ပိုလွယ်ကူတယ်။ အမြီးသုံးချောင်း မြေခွေးမျိုးနွယ်ရဲ့ ဘိုးဘေးတွေက ဒါကို ဘယ်လို စဉ်းစားမိကြလဲ မသိဘူး...”
ဟူယွမ်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် လျိုယွင်တောင်တန်းဆီသို့ ပျံသန်းသွားလေသည်။
*
မြေပြင်ပေါ်တွင် ၊
နတ်ဆိုးတပ်မတော်ကြီးသည် အရှိန်အဝါ ကြီးမားစွာဖြင့် ချီတက်နေကြသည်။ နတ်ဆိုးသားရဲတိုင်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် တိုက်ခိုက်လိုစိတ်များ ထင်ဟပ်နေပြီး၊ လျိုယွင်ဂိုဏ်းကို အမြန်ဆုံး ဝင်ရောက်တိုက်ခိုက်ချင်နေကြသည်။
...
ထိုစဉ်၊ လျိုယွင်တောင်တန်းဝယ်၊
တုန်းချန်သည် တံခါးပိတ် ကျင့်ကြံရာမှ နိုးထလာလေသည်။
“လျိုယွင်ဂိုဏ်းက တော်တော် သက်တောင့်သက်သာ ရှိသားပဲ... ဒီဘိုးဘေးကြီး ကျင့်ကြံဖို့အတွက် အရမ်း သင့်တော်တယ်။ အခု ငါ့ရဲ့ ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့် ကျင့်ကြံမှုကို ခိုင်မာအောင် လုပ်ပြီးပြီဆိုတော့... နတ်ဆိုးမြို့တော်နားက နတ်ဆိုးသားရဲတွေကို သွားပြီး အမဲလိုက်ဦးမှ... ဒါမှ ငါ့သွေးမျိုးဆက်ကို မြှင့်တင်လို့ရမှာ”
သူသည် မြေအောက်လျှို့ဝှက်ခန်းထဲမှ ထွက်ခွာလာရင်း သူ့ဘာသာ တွက်ချက်လိုက်၏။
“ဟေ..ဂျူနီယာညီလေး တုန်းချန်... မင်းရဲ့ အရှိန်အဝါက တော်တော် ထူးဆန်းနေပါလား။ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို ရောက်သွားသလိုပဲ... ငါတောင် မင်းအဆင့်ကို မမြင်နိုင်တော့ဘူး”
ဝိညာဉ်ဓားကို ကိုင်ဆောင်ထားသော ရှင်းကွမ်ရွှမ်သည် လမ်းလျှောက်လာရင်း တုန်းချန်ကို မြင်သောအခါ အံ့ဩတကြီး မေးလိုက်၏။
“စီနီယာအစ်ကိုရှင်း အထင်မှားတာပါဗျာ... ကျွန်တော် အဆင့်မတက်သေးပါဘူး။ ဒါနဲ့... ကျွန်တော့်မှာ လုပ်စရာလေး ရှိသေးလို့ အရင်သွားနှင့်မယ်နော်”
တုန်းချန်သည် စကားများလေ အမှားပါလေ ဖြစ်မည်ကို သိသဖြင့်၊ ရှင်းကွမ်ရွှမ်၏ ဇဝေဇဝါ အကြည့်အောက်မှ ကပျာကယာ ထွက်ပြေးသွားတော့သည်။
“ဂျုန်း”
အဲဒီအချိန်မှာပဲ ကောင်းကင်ယံတွင် မည်းမှောင်သော တိမ်တိုက်ကြီး တစ်ခု ပေါ်လာသည်။
ကြောက်မက်ဖွယ် ကောင်းသော ဖိအားသည် ရေလွှမ်းမိုးသကဲ့သို့ ဆင်းသက်လာပြီး လျိုယွင်တောင်တန်း တစ်ခုလုံးကို ဖိနှိပ်ထားလိုက်၏။ လေပေါ်သို့ ပျံတက်ခါစ တုန်းချန်ပင်လျှင် မြေကြီးပေါ်သို့ ရိုက်ချခံလိုက်ရပြီး၊ တစ်ကိုယ်လုံး နာကျင်သွားရ၏။
“ဝိညာဉ်... ဝိညာဉ်ပင်လယ်အဆင့်လား”
တုန်းချန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်နှာ သွေးမရှိ ဖြစ်သွားသည်။
'အရင်တုန်းကသာ ဆိုရင်တော့ ဒီလို ဝိညာဉ်ပင်လယ်အဆင့်လောက်က ငါ့အတွက် အပျော့ပဲ... လက်ဝါးတစ်ချက်တည်းနဲ့ သတ်ပစ်လို့ ရတယ်'
'ဒါပေမဲ့ အခုတော့... ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်လောက်ပဲ ပြန်ရသေးတာဆိုတော့၊ ဒီလောက် အစွမ်းထက်တဲ့ ရန်သူကို ယှဉ်နိုင်ဖို့ အခွင့်အလမ်း မရှိဘူး'
“ငါ အရင် ပုန်းနေမှ ဖြစ်မယ်”
တုန်းချန်သည် “မြေလျှိုးမန္တန်” ကို ဖော်ဆောင်ပြီး မြေကြီးထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။ ကောင်းကင်ကို တိတ်တဆိတ် လှမ်းကြည့်လိုက်ရာ၊ (၃) ဇန် ခန့် အမြင့်ရှိသော နတ်ဆိုးဘုရင်ကြီး တစ်ပါး ရပ်နေသည်ကို တွေ့လိုက်ရ၏။ ထိုနတ်ဆိုးဘုရင်ထံမှ ပြိုင်ဘက်ကင်း သွေးစွမ်းအင်များ ထွက်ပေါ်နေပြီး၊ ပင်လယ်ပြင်ကြီးသဖွယ် အပြောကျယ်လွန်းလှသည်။
ရှင်းကွမ်ရွှမ်၊ ဖန်ဟိုင်ယွင်၊ တတိယအကြီးအကဲ လုရှန်ယွဲ့ နှင့် အခြားသူများသည် ထိုဖိအားကို မခံနိုင်ကြပေ။ မြေကြီးပေါ်တွင် မလှုပ်မယှက် ကပ်နေကြရပြီး၊ မျက်နှာများ နီရဲနေရှာသည်။
“ဟီးဟီးဟီး... လျိုယွင်တောင်တန်းရဲ့ ဝိညာဉ်သွေးကြော အမြုတေက ဒီဘုရင်ကြီး အပိုင် ဖြစ်သွားပြီကွ”
ဟူယွမ်သည် အားရပါးရ ရယ်မောလိုက်၏။
တဆက်တည်း၌၊ ကြီးမားလှသော သွေးစွမ်းအင်များသည် သူ့ကျောနောက်မှ ပေါက်ကွဲထွက်လာသည်။ ၎င်းတို့က.. ကောင်းကင်ယံတွင် မီတာ (၁၀၀) အရွယ်အစားရှိသော အကြေးခွံပါ လက်သည်းကြီးအဖြစ် ပြောင်းလဲသွားကာ၊ လျိုယွင်တောင်တန်း၏ ပင်မတောင်ထိပ်ဆီသို့ လှမ်းဆွဲလိုက်တော့သည်။
“မင်း ဘယ်လိုတောင် ရဲတင်းတာလဲ”
လျိုယွင်ဂိုဏ်းဘက်မှ ဒေါသတကြီး အော်ဟစ်သံကြီး ကောင်းကင်နှင့် မြေကြီးအကြား ပဲ့တင်ထပ်သွားသည်။
“ဟင်...”
ဟူယွမ် မျက်မှောင်ကြုတ်လိုက်၏။ လျိုယွင်ဂိုဏ်းချုပ်၊ ကုန်းချင်းချိုး၊ ချင်းယွင်ကျန်းရန် အပါအဝင် ဂိုဏ်းချုပ် အနည်းငယ်ကို တွေ့လိုက်ရ၏။
နောက်ဆုံးတွင် ဟူယွမ်၏ အကြည့်သည် ကုန်းချင်းချိုးထံသို့ ကျရောက်သွားသည်။
“မင်းပါလား... နတ်ဆိုးမြို့တော်ကနေ ထွက်ပြေးလွတ်မြောက်သွားပြီးတော့ အသက်ရှင်ဖို့ မကြိုးစားဘဲ၊ ဒီနေရာကို လာရဲတယ်ပေါ့လေ... မင်း အသက်မရှင်ချင်တော့ဘူးလား”
ထို့နောက် ချင်းယွင်ကျန်းရန်ဘက် လှည့်ကာ လှောင်ပြောင်လိုက်ပြန်၏။
“ပြီးတော့ မင်း... ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ငါ့ရဲ့ တိုက်ခိုက်မှု တစ်ချက်ကိုတောင် မခံနိုင်ဘဲနဲ့... အခု သေဖို့ ထပ်လာပြန်ပြီလား”
ဟူယွမ်၏ အသံသည် လျိုယွင်တောင်တန်း တစ်ခုလုံးကို ဟိန်းထွက်သွားစေသည်။
သူ့စကားတွေက မောက်မာပြီး ရိုင်းစိုင်းသော်လည်း၊ အမှန်တရားတွေချည်း ဖြစ်နေတာကြောင့် ချင်းယွင်ကျန်းရန်နှင့် ကုန်းချင်းချိုးတို့ မျက်နှာနီရဲသွားပြီး ဘာပြန်ပြောရမှန်း မသိ..ဖြစ်ကုန်ကြ၏။
လျိုယွင်ဂိုဏ်း တပည့်များလည်း အကြီးအကျယ် တုန်လှုပ်သွားကြသည်။
ချင်းယွင်ကျန်းရန်၊ ကုန်းချင်းချိုးနဲ့ ဂိုဏ်းချုပ်ကိုယ်တိုင်တောင် မယှဉ်နိုင်ဘူး ဆိုရင်... ဒီနေ့ လျိုယွင်ဂိုဏ်း တည်ရှိရာ လျိုယွင်တောင်တန်းကြီးလည်း ချင်းယွင်တောင်တန်းလိုမျိုး လုံးဝ ပြိုကျပျက်စီးပြီး၊ ဂိုဏ်းရဲ့ အခြေခံအုတ်မြစ် တခဏအတွင်း ပျက်သုဉ်းသွားတော့မှာလား။
တပည့်များ အလွန် စိုးရိမ်နေကြသည်။
“မင်းတို့က ဘာရပ်ကြည့်နေကြတာလဲ... ဝင်္ကပါ မြန်မြန် ခင်းကြလေ”
လျိုယွင်ဂိုဏ်းချုပ်သည် ချက်ချင်းပင် “ပင်လယ်လွှမ်းမိုးခြင်း ဝင်္ကပါ” ၏ အောက်ခံပြားကို ထုတ်လိုက်ပြီး၊ ဝင်္ကပါ၏ ပင်မနေရာ (၆) ခုထဲမှ တစ်ခုကို ယူလိုက်၏။
ချင်းယွင်ကျန်းရန်၊ ကုန်းချင်းချိုး၊ လက်နက်တစ်ရာဂိုဏ်းချုပ်၊ ဝိညာဉ်သားရဲဂိုဏ်းချုပ်၊ ယွင်ဟွာကျန်းရန် တို့အားလုံး လက်ထဲတွင် ဝင်္ကပါ အလံတိုင် ကိုယ်စီ ကိုင်ဆောင်ထားကြပြီး၊ စတင် တောက်ပလာသည်။
“ဝူး…ဝူး…”
စွမ်းအားကြီး ကျင့်ကြံသူ (၆) ဦးသည် လျင်မြန်စွာ ရွေ့လျားပြီး ခြောက်မြှောင့်ပုံစံ နေရာယူလိုက်ကြသည်။ စွမ်းအားကြီးမားသော လှိုင်းလုံးကြီးတစ်ခု ဖြတ်သန်းတိုက်ခတ်သွားပြီး၊ (၁၀) မိုင် အချင်းရှိသော ဒိုင်းကာကြီးတစ်ခု ဖြစ်ပေါ်လာကာ ဟူယွမ်ကို အောင်မြင်စွာ ပိတ်လှောင်လိုက်နိုင်တော့၏။
လျိုယွင်ဂိုဏ်းချုပ်သည် ဝင်္ကပါ အောက်ခံပြားကို မြှောက်ကိုင်ထားပြီး၊ မြေကြီး တုန်ခါလောက်သော အသံဖြင့် အော်ဟစ်ကြွေးကြော်လိုက်၏။
“နတ်ဆိုးဘုရင်... ဒါက 'ပင်လယ်လွှမ်းမိုးခြင်း ဝင်္ကပါ' ပဲ။ 'ခြောက်မြှောင့် သတ်ဖြတ်ခြင်း ဝင်္ကပါ' လို့လည်း ခေါ်သေးတယ်... မင်းကို မသတ်နိုင်ရင်တောင်မှ သေချာပေါက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေရမယ်”
ထိုအသံသည် တောင်တန်း တစ်ခုလုံးသို့ လျင်မြန်စွာ ပဲ့တင်ထပ်သွားပြီး၊ ရှိသမျှ လူတိုင်းကို မျှော်လင့်ချက်နှင့် သတ္တိများ ပေးစွမ်းလိုက်တော့သည်။