← Chapters

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

အခန်း (၅၅၆-၅၅၈)

Vol. 38 Ch. 556-558

အပိုင်း ( 556 )

သတ္တမအဆင့်သို့ တက်လှမ်းခြင်း၊ ကောင်းကင်ဘုံ ဂိတ်ဝကို တံခါးခေါက်ခြင်း

နတ်ဆေးလုံးအထက်ရှိ အမှောင်ကောင်းကင်ယံမှာ လင်းလက်နေသကဲ့သို့ ဖြစ်နေခဲ့သည်။

ညကောင်းကင်ယံတွင် ရှိနေသည့် အလင်းတန်းနှစ်ခုသည် လမ်းကြောင်းနှစ်ခုကဲ့သို့ ဖြစ်တည်နေကာ တစ်ခုမှာ ရှည်လျားပြီး၊ ကျန်တစ်ခုက တိုတောင်းနေခဲ့သည်။

အတိုတစ်ခုသည် ယခင်ဌာနမှူး၏ လမ်းကြောင်းဖြစ်ပြီး၊ အဌမအဆင့်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။

လမ်းရှည်သည် တိကျွမ်း၏ ပကတိ အထွတ်အထိပ်သို့သွားရာ လမ်းကြောင်းဖြစ်သည်၊ ၎င်းက အတော်လေး ကွေ့ကောက်ရှုပ်ထွေးနေသော်လည်း၊ စမှတ်သည် နတ်ဆေးလုံးနှင့် အလွန်တရာ ဝေးကွာနေခဲ့သည်။

ရှုကျိုးသည် ထိုလမ်းနှစ်ခုကို ကြည့်နေရင်းဖြင့် လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။

“ အရင်ဌာနမှူးရဲ့ လမ်းကြောင်းဖြစ်ဖြစ်၊ တိကျွမ်းရဲ့ လမ်းကြောင်းပဲဖြစ်ဖြစ်၊ ငါက နှစ်ခုစလုံးကို အပြည့်အဝ အားကိုးနေလို့ မရဘူး “

“ အဲ့တာတွေက တစ်ခြားလူတွေရဲ့ လမ်းကြောင်းတွေ ဖြစ်နေလို့ စမှတ်ရော၊ ဆုံးမှတ်ရောက ငါနဲ့ ဘာမှမဆိုင်ဘူး “

ဥပမာအနေနဲ့ တိကျွမ်း၏ လမ်းကို ယူပါလေ၊ စမှတ်သည် သူနှင့် အလွန်တရာ ဝေးကွာနေခဲ့သည်။

၎င်းမှာ နယ်ပယ်ကွာခြားခြင်းကိစ္စ မဟုတ်ပေ၊ အဘယ့်ကြောင့်ဆိုသော် တိကျွမ်းက ဆဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည့် အချိန်တွင် နယ်ပယ်တော်တော်များများက ရှုကျိုးနှင့် ကွဲပြားနေခဲ့ပြီး၊ ကွာဟချက်မှာလည်း ကြီးမားနေသောကြောင့် ဖြစ်သည်။

အထင်ရှားဆုံးအရာမှာ တိကျွမ်း၏ ကျင့်ကြံရေး နည်းစနစ်ဖြစ်ပြီး၊ ၎င်းမှာ နတ်သိုင်းဌာန၏ နည်းစနစ် ဖြစ်နေခဲ့သည်၊ ရှုကျိုးကမူ အစစ်အမှန် သိုင်းပညာဌာန၏ နည်းစနစ်ကိုသာ ကျင့်ကြံနေခဲ့သည်။

ထို့အပြင် သွေးကြောမှတ် လည်ပတ်မှု၊ ဒြပ်စင်ငါးပါး နတ်နည်းစနစ်နှင့် တစ်ခြား ကွဲပြားမှုများလည်း ရှိနေသေးသည်။

မည်သည့်လမ်းက ပိုကောင်းလဲဆိုသည်ကို ပြော၍မရသော်လည်း၊ ရှုကျိုးအတွက် တိကျွမ်း၏ လမ်းကြောင်းကို လျှောက်ခြင်းမှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ ခက်ခဲနေမည် ဖြစ်သည်။

“ တကယ်လို့ ငါက ကံကောင်းပြီးတော့ အဲ့ဒီအပေါ်ကို ခြေချနိုင်ခဲ့မယ်ဆိုရင်တောင်မှ၊ အဲ့တာက တစ်ခြားလူရဲ့ လမ်းကြောင်းဖြစ်နေလို့၊ ဆုံးမှတ်ကို ရောက်ဖို့အတွက် ခက်ခဲနေဦးမှာပဲ “

၎င်းမှာ အကယ်၍ သူကသာ ထိုလမ်းကြောင်းကို ရွေးချယ်လိုက်မည်ဆိုပါက၊ ပကတိ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်ဘူးဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

အမြင့်ဆုံးအနေဖြင့် သူသည် နဝမအဆင့် အထွတ်အထိပ်တွင် ရပ်တန့်သွားနိုင်ပေသည်။

နဝမအဆင့် အထွတ်အထိပ်သည် လူအများစုအတွက် အိမ်မက်တစ်ခု ဖြစ်သည်၊ သို့သော် ရှုကျိုးအတွက်မူ ၎င်းက မည်သို့မျှလုံလောက်မနေခဲ့ပေ။

သူ၏ရည်မှန်းချက်မှာ နဝမအဆင့် မဟုတ်သကဲ့သို့ ပကတိ အထွတ်အထိပ်လည်း မဟုတ်ဘဲ၊ ပကတိ အထွတ်အထိပ်အထက်မှာ အမြင့်ဆုံးနယ်ပယ်သာလျှင် ဖြစ်သည်။

“ စီနီယာ တိကျွမ်းက ငါအကိုးအကားလုပ်ဖို့အတွက် ဒီလမ်းနှစ်ခုကို ပြခဲ့တာ၊ ဒီဟာတွေကို တိုက်ရိုက်လျှောက်ဖို့ မဟုတ်ဘူး “

ရှုကျိုး၏ဆုံးဖြတ်ချက်မှာ ပိုမိုခိုင်မာသွားခဲ့သည် “ ငါ့ရဲ့လမ်းကြောင်းကို ငါကိုယ်တိုင်ဖောက်မယ် “

“ ကောင်းကင်လမ်းကြောင်းက ပြတ်သွားဆိုတော့၊ ငါ့ကိုယ်ပိုင် ကောင်းကင်လမ်းကို ဆောက်မယ် “

ရှုကျိုးသည် နတ်ဆေးလုံးအထက်ရှိ အလင်းတန်းနှစ်ခုကို ထပ်ကြည့်လိုက်ပြီး၊ ၎င်းတို့၏ တည်နေရာများကို တိတ်တဆိတ် မှတ်သားနေခဲ့ကာ၊ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့သည်။

“ ဘုမ်းးး “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အဆိုပါ အလင်းတန်းနှစ်ခုသည် ရုတ်တရက် ပြိုကွဲသွားခဲ့ပြီး၊ သူတို့နှင့် ဆက်စပ်နေသည့် လမ်းကြောင်းနှစ်ခုမှာလည်း လျင်မြန်စွာ ပြိုကွဲသွားခဲ့သည်။

အဆိုပါ အလင်းတန်းနှစ်ခုကို တိကျွမ်းက ထည့်ထားခြင်း ဖြစ်သော်လည်း၊ ၎င်းတို့သည် ရှုကျိုး၏ နတ်ဆေးလုံး ဟင်းလင်းပြင်အတွင်းတွင် ရှိနေသောကြောင့်၊ သူသည် ၎င်းတို့ကို အလိုရှိသလို ဖြတ်တောက်ပစ်နိုင်ပေသည်။

ထိုကဲ့သို့ ပြုလုပ်လိုက်ခြင်းမှာ ရှုကျိုးက သူ၏ တစ်ခုတည်းသော ရွေးချယ်စရာကို လက်လွှတ်လိုက်ရပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ယခုအချိန်မှစ၍ သူထံတွင် လမ်းကြောင်းတစ်ခုသာ ကျန်ရှိနေခဲ့ပြီး၊ ၎င်းမှာ သူနှင့်သက်ဆိုင်သည့် သူ၏ ကိုယ်ပိုင် လမ်းကြောင်း ဖြစ်သည်။

“ အသက်ကို ရှာဖွေဖို့ သေခြင်းတရားကို ရင်ဆိုင်ရမယ် “

“ အဲ့တာက သိုင်းပညာရှင်တွေရဲ့ တကယ့်လမ်းကြောင်းပဲ “

ရှုကျိုးသည် မျက်လုံးများကို မှိတ်ကာ သတ္တမတစ်ပိုင်းအဆင့် ဆေးလုံးကို မျိုချလိုက်ကာ ရွှေအူတိုင်ကို စတင်၍ လေ့ကျင့်နေတော့သည်။

…

ထိုစဥ် ကွမ်ဟန်တွင် ထိုင်နေသည့် တိကျွမ်းမှာလည်း တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရသည်။

“ ဟမ်? မင်းရဲ့ အခွင့်အလမ်းတွေကို ဖြတ်ချလိုက်ပြီလား “

သူသည် သူကိုယ်တိုင်ထည့်ပေးထားသည့် တစ်စုံတစ်ခုက အဖြတ်ခံလိုက်ရပြီဆိုသည်ကို အာရုံခံနေနိုင်ခဲ့သည်။

သို့ရာ၌ တိကျွမ်း၏ မျက်နှာပေါ်တွင် မည်သည့် မကျေမနပ်ဖြစ်နေမှုမှ မရှိခဲ့ပေ၊ ထို့အစား ပြုံးပျော်နေသည့် အရိပ်အငွေ့များသာ ရှိနေခဲ့သည် “ အသက်ကိုရှာဖို့ သေခြင်းကို ရင်ဆိုင်တာလား။ အဲ့၊ ဒီကလေးက အလာကြီးပဲ “

“ အရမ်းကောင်းတယ်၊ မင်းက အဲ့အဆင့်ကို ရောက်မလားဆိုတာကို ငါစောင့်ကြည့်မယ် “

“ ငါ အဲ့တာကို မျှော်လင့်နေမိပြီ “

…

ဤရက်များအတွင်း၌ ရှုကျိုးသည် သတ္တမတစ်ပိုင်းအဆင့် ဆေးလုံးများကို အသုံးပြုကာ သူ့ကိုယ်သူ မြှင့်တင်နေခဲ့သည်။

မကြာခင် အချိန်မှာပင် သူသည် ရွှေအူတိုင် ဒုတိယ အသွင်ပြောင်းခြင်းနယ်ပယ်သို့ ရောက်ရှိလာခဲ့သည်။

ရွှေအူတိုင်အတွင်းရှိ အဆိပ်အတောက်များက အကန့်အသတ်သို့ ရောက်ရှိလာသည်ကို သတိပြုမိသွားသောအခါတွင် ရှုကျိုးသည် သန့်စင်ရေးအတွက် ဘုံကိုးဆင့် မိုးကြိုးရေကန်သို့ ပြေးသွားတော့သည်။

သန့်စင်ခဲ့ပြီးသည့်နောက်တွင် သူသည် ရွှေအူတိုင် တတိယ အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိရန် စတင်၍ ကျင့်ကြံနေတော့သည်။

ထိုစဥ်

မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေအတွင်းရှိ လူသူကင်းမဲ့နေသော တောင်တစ်လုံးအတွင်း၌

ရက်ပေါင်းဒါဇင်နှင့်ချီ၍ စားသောက်တိုးတက်နေခဲ့ပြီးသည့်နောက်တွင် အထွတ်အထိပ် နဂါးသားရဲကြီးသည် ဆဌမအဆင့် အဆင့်၁၀သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ကိုယ်ပွား : အထွတ်အထိပ် နဂါးသားရဲ

အဆင့် : ဆဌမအဆင့် အဆင့်၁၀ ( ၉၅% )

အသားတင် အလေးချိန် : ကီလိုဂရမ် ၃.၄သန်း

“ မနက်ဖြန်ဆိုရင်တော့ အဆင့်တက်သွားသင့်ပြီ “

နဂါးသားရဲကြီးသည် မျှော်လင့်တကြီး ဖြစ်သွားခဲ့သည်။

မူလကိုယ်က စစ်မြေပြင်တွင် ပြင်းပြင်းထန်ထန်နေစဥ်အချိန်တွင် ကိုယ်ပွားသည် အမြင့်ပိုင်း အဆင့်များဆီသို့ အရင်ဦးဆုံး တက်လှမ်းနိုင်တော့မည် ဖြစ်သည်။

“ ငါက အဆင့်၇ကို ရောက်သွားတာနဲ့ အဲ့တာက မူလကိုယ်ရဲ့ အဆင့်ထိုးဖောက်မှုကိုလည်း ကူညီပေးနိုင်လိမ့်မယ် “

နဂါးသားရဲကြီးသည် မျှော်လင့်ချက်များနှင့်အတူ စောင့်ဆိုင်းနေတော့သည်။

မကြာခင် အချိန်မှာပင် နောက်တစ်နေ့ ရောက်ရှိလာခဲ့သည်။

နဂါးသားရဲကြီးသည် နတ်သားရဲတစ်ကောင်၏ အလောင်းကို စိတ်အားထက်သန်စွာဖြင့် ထုတ်ယူလိုက်သည်။

“ ဂျွတ် “

သူသည် အားပါးတရ စားသောက်နေတော့သည်။

နာရီဝက်အကြာတွင်

နဂါးသားရဲကြီး၏ စားသောက်မှု ပြီးဆုံးသွားခဲ့ပြီး၊ သူ၏အလေးချိန်မှာလည်း ချက်ချင်း ခုန်တက်လာခဲ့သည်။

ကီလိုဂရမ် ၃.၄သန်း၊ ၃.၄၅သန်း

ထိုစဥ် အဆင့်မှာလည်း စတင်၍ မြင့်တက်လာခဲ့သည်။

၉၅%၊ ၉၆%၊ ၉၇% ……

၁၀၀%အထိသို့ ရောက်ရှိသွားသည့် အချိန်တွင်၊ နဂါးသားရဲကြီး၏ ခန္ဓာကိုယ်မှာ စတင်၍ လှုပ်ခတ်လာခဲ့ပြီး၊ ကြီးမား ပြန့်ကားလာခဲ့သည်။

“ ခရက် “

နဂါးသားရဲကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသည့် အရိုးများမှာလည်း စတင်၍ ပြောင်းလဲလာခဲ့သည်။

အရင်ဦးဆုံးအနေဖြင့် အရိုးများ၊ ထို့နောက်တွင် သွေး၊ ကြွက်သားနှင့် အရေပြား စသည်ဖြင့် တစ်ခုပြီးတစ်ခု ပြောင်းလဲတိုးတက်လာခဲ့သည်။

သို့သော် ဤတစ်ကြိမ်၌ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ပြောင်းလဲခြင်းမှာ အသေးအဖွဲ့ ကိစ္စလေးတစ်ခုမျှသာ ဖြစ်နေခဲ့သည်။

အဓိကကိစ္စသည် သူ၏ ခရမ်းရောင် နန်းတော်အတွင်းတွင် ဖြစ်နေသည့် ကိစ္စဖြစ်ပြီး၊ ထိုနေရာတွင် စွမ်းအင်အသစ်တစ်ခု မွေးဖွားလာခဲ့ကာ၊ ၎င်းမှာ သူ၏ မူလနှင့် ချိတ်ဆက်နေခဲ့သည်။

“ ရှေးဦးဝိညာဥ် မွေးဖွားလာပြီ “

နဂါးသားရဲကြီးသည် ဉာဏ်အလင်းရသွားခဲ့ကာ သတ္တမအဆင့်သို့ ထိုးဖောက်စဥ်အချိန်တွင် မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို နားလည်သွားခဲ့သည်။

သားရဲမျိုးနွယ်စု၏ အမြင့်ပိုင်းအဆင့်သို့ တက်လှမ်းခြင်းသည် လူသားတို့၏ အမြင့်ပိုင်း အဆင့်များသို့ တက်လှမ်းခြင်းနှင့် တူညီနေခဲ့ပြီး၊ နှစ်ခုစလုံးသည် ရှေးဦးဝိညာဥ်ကို မွေးဖွားကြပြီး၊ ၎င်းးအား နတ်ဝိညာဥ်ဟုလည်း လူသိများကြသည်။

သားရဲမျိုးနွယ်စု၏ ရှေးဦးဝိညာဥ်ကမူ ခရမ်းရောင် နန်းတော်အတွင်းတွင် မွေးဖွားလေသည်။

လူသားတို့၏ ရှေးဦးဝိညာဥ်ကမူ နတ်ဆေးလုံး၏ အားဖြည့်ပေးမှုကို လိုအပ်ပြီး၊ ထို့နောက်တွင် ခရမ်းရောင် နန်းတော်သို့ ရောက်ရှိရန်အတွက် ကောင်းကင်လမ်းကြောင်းကို ကျော်ဖြတ်ရမည် ဖြစ်သည်။

“ သားရဲမျိုးနွယ်စု ကောင်းကင်လမ်းကျော်တဲ့ အဆင့်ကို တိုက်ရိုက်ကြီး ကျော်လိုက်တာလား “

နဂါးသားရဲကြီးသည် လုံးဝအံ့အားသင့်သွားခဲ့သည် “ တကယ်ကို အဲ့လိုကြီး ဖြစ်နေမယ်လို့ မထင်ထားခဲ့မိဘူး။ သားရဲမျိုးနွယ်စုမှာက နတ်ဆေးလုံးလိုအရာမျိုး မရှိဘူး၊ ဆိုတော့ သူတို့က ကောင်းကင်လမ်းကို ကျော်ဖြတ်စရာ မလိုတော့ဘူး “

“ အဆင့်၇ကို ရောက်ရင်၊ ရှေးဦးဝိညာဥ်က ခရမ်းရောင် နန်းတော်ထဲမှာ အခိုင်အမာ ရှိနေမယ် “

၎င်းကို နားလည်သွားသောအချိန်၌ နဂါးသားရဲကြီးသည် အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့သည်။

……………………………………………………………………………………………………………………………………………

အပိုင်း ( 557 )

သတ္တမအဆင့်သို့ တက်လှမ်းခြင်း၊ ကောင်းကင်ဘုံ ဂိတ်ဝကို တံခါးခေါက်ခြင်း ၂

သားရဲမျိုးနွယ်စုမှာ အမှန်ပင် ကောင်းချီးအပေးခံထားပုံရသည်။ သူတို့သည် ပထမအဆင့်တွင် သွေးကြောမှတ်များ ဖွင့်လှစ်ရန် မလိုအပ်သကဲ့သို့၊ သတ္တမအဆင့်သို့ ကျော်ဖြတ်ရာတွင် ကောင်းကင်လမ်းကိုပါ ကျော်ဖြတ်ရန် မလိုအပ်ခဲ့ပေ။

“ ဘုမ်းးး “

ဤအချိန်၌ နဂါးသားရဲကြီး၏ ခရမ်းရောင် နန်းတော်အတွင်း၌ ၎င်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့က နှစ်ခြမ်းကွဲသကဲ့သို့ ဖြစ်သွားခဲ့သည်။

ခရမ်းရောင် သမ်းနေသည့် နတ်ဝိညာဥ်သည် တာအိုမူလကို ဖွဲ့စည်းပေးနေခဲ့ကာ ၎င်းကိုယ်တိုင်နှင့် ပေါင်းစပ်သွားပြီး၊ ခရမ်းရောင် နန်းတော်အတွင်းတွင် ပေါ်လာခဲ့သည်။

နတ်ဝိညာဥ် ပေါ်လာသည်နှင့်တစ်ပြိုင်နက် နဂါးသားရဲကြီး၏ အရှိန်အဝါမှာ အရူးအမူး မြင့်တက်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် ၎င်းသည် စဦးအဆင့်မှ ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားသည့်အလား ဖြစ်သွားခဲ့သည်။

“ ဘုမ်းးး “

နဂါးသားရဲကြီး၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ဆဲလ်တစ်ခုချင်းစီတိုင်းသည် စတင်၍ အသွင်ပြောင်းလာခဲ့ပြီး၊ အချိန်တိုင်းတွင် ၎င်း၏စွမ်းအားက နှစ်ဆတိတိ တိုးတက်လာခဲ့သည်။

“ ဆိုတော့ အဆင့်မြင့်တယ်ဆိုတာက ဒါကိုပြောတာကိုး “

နဂါးသားရဲကြီး၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး၊ အမြင့်ပိုင်းအဆင့်၏ ဆိုလိုရင်းကို အပြည့်အဝ နားလည်သွားခဲ့သည်။

အသွင်ပြောင်းလဲမှု ပြီးဆုံးသွားသည့်နောက်တွင် ၎င်း၏ မျက်လုံးများထဲတွင် ရှိနေသည့် မြင်တွေ့ရသမျှ အရာအားလုံးမှာ ပြောင်းလဲသွားပုံရသည်။

ဖျတ်ခနဲ ကြည့်လိုက်ရုံဖြင့် ၎င်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအတွင်းရှိ အရာအားလုံး၏ ဖွဲ့စည်းပုံကို မြင်တွေ့နေနိုင်ခဲ့ပြီး၊ ဓာတ်ကြီးငါးပါး၊ ယင်ယန်နှင့် မိုးကြိုးတို့ကိုပင် အမျိုးမျိုးသော ဒြပ်စင်များအဖြစ် ဖြိုခွဲနေခဲ့သည်။

၎င်းသည် တွေးလိုက်ရုံဖြင့်/အတွေးတစ်ခုတည်းဖြင့် အဆိုပါ ကောင်းကင်ဘုံ ဒြပ်စင်များကို ထိန်းချုပ်နေနိုင်သည်။

အတွေးတစ်ခုတည်းဖြင့် ၎င်းသည် ကောင်းကင်ဘုံနှင့် ပဲ့တင်ထပ်နေခဲ့သည်။

၎င်းမှာ အမြင့်ပိုင်းအဆင့်ပင် ဖြစ်သည်။

၎င်းမှာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအင်ကို တက်တက်ကြွကြွ သုံးချနိုင်သည့် နတ်စွမ်းရည်နှင့် တူညီမနေခဲ့ပေ။

သို့သော် သင်ကသာ အမြင့်ပိုင်းအဆင့်သို့ ရောက်ရှိနေမည်ဆိုပါက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ စွမ်းအားသည် သင့်အနားသို့ တက်တက်ကြွကြွ ချဥ်းကပ်လာလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် အဆင့်မြင့် ပညာရှင်များဖန်တီးလိုက်သည့် နတ်စွမ်းရည်များသည် အလွန်တရာ အစွမ်းထက်နေခဲ့ပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ဆန္ဒရှိသလို ဖြိုခွဲနိုင်စွမ်းရှိနေခဲ့သည်။

တစ်ပြိုင်နက်ဆိုသလိုပင် နဂါးသားရဲကြီးသည် နတ်ဝိညာဥ်၏ ပိုင်ဆိုင်မှုကို ရရှိခဲ့ပြီး၊ နတ်ဝိညာဥ်နှင့်အတူ အံ့ဖွယ်စွမ်းရည်များပါ ရောက်ရှိလာခဲ့သည်။

“ ဟမ်။ အဲ့တာက ဘာကြီးလဲ “

နဂါးသားရဲကြီးမှ တွေးတောလိုက်ရာ နတ်ဝိညာဥ်၏ လက်သေးသေးလေးသည် လက်သီးတစ်လုံးအဖြစ် ဆုတ်ခဲသွားခဲ့ပြီး၊ ပိုမိုအားကောင်းသည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။

“ ဆိုတော့ အဲ့တာပေါ့၊ နတ်ဝိညာဥ်ရဲ့ စွမ်းရည်တွေကို အသုံးပြုလိုက်တာက ငါ့ရဲ့ စွမ်းအားကို ဆယ်ဆကျော်အထိ တိုးတက်သွားစေတယ်ပေါ့ “

နဂါးသားရဲကြီးမှာ နားလည်သဘောပေါက်သွားပုံရသည်။

သို့သော် နတ်ဝိညာဥ်၏ စွမ်းရည်များကို အသုံးပြုခြင်းအတွက် တန်ကြေးမရှိသည်တော့ မဟုတ်တော့ပေ။

တစ်ကြိမ်အသုံးပြုလိုက်ပြီးသည့်နောက်တွင် နတ်ဝိညာဥ်သည် အတော်လေး အားနည်းသွားမည်ဖြစ်ပြီး၊ အချိန်တိုအတွင်းတွင် ထပ်မံ၍ အသုံးပြုနိုင်တော့မည် မဟုတ်ပေ။

ထို့အပြင် အကြပ်အတည်းကာလ/ သေခြင်းရှင်ခြင်း အခိုက်အတန့်များကို ကြုံတွေ့နေရစဥ်အချိန်တွင် ရွှေအူတိုင် ကိုယ်တိုင်ဖောက်ခွဲခြင်းနှင့် တူညီသည့် လုပ်ဆောင်မှုတစ်ခုကို ပြုလုပ်နိုင်ပေသည်၊ ၎င်းမှာ အလွန်တရာ အားကောင်းလွန်းလှသော စွမ်းအားအတွက် နတ်ဝိညာဥ်ကို လောင်ကျွမ်းခြင်းပင် ဖြစ်သည်။

နတ်ဝိညာဥ်က လောင်ကျွမ်းသွားသည်နှင့်တစ်ပြိုင်နက် ၎င်းမှာ ပြန်လည်ပြုပြင်၊ ပြင်ဆင်၍ မရလောက်တော့သည်အထိ ထိခိုက်ပျက်စီးသွားရမည် ဖြစ်သည်။

ကိုယ်ပွား : အထွတ်အထိပ် နဂါးသားရဲ

အဆင့် : သတ္တမအဆင့် အဆင့်၁ ( ၅% )

အသားတင် အလေးချိန် : ကီလိုဂရမ် ၃၄၅၀၀၀၀

“ အဆင့်၇ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ ငါ့ရဲ့အဆင့်က တစ်ရက်ကို ၅%အထိပဲ တိုးတက်နိုင်တော့တယ် “

နဂါးသားရဲကြီးမှာ အတွေးနက်သွားခဲ့သည် “ ဒီနှုန်းအတိုင်းအရဆိုရင် ငါက အဆင့်၉ကို ဘယ်အချိန်မှ ရောက်မှာလဲ။ ……… မျောက်နှစ်မှလား “

( ၁၂နှစ်စောင့်ရတာကို ပြောတာပါ၊ မျောက်နှစ်မှလား ဆိုတာက ဗန်းစကားပါ၊ ဥပမာ ၂၀၀၄က မျောက်နှစ်ဆိုရင်၊ နောက်ထပ်မျောက်နှစ်က ၂၀၁၆မှပါ၊ နောက်တစ်ခုဆိုရင်တော့ ၂၀၂၈မှပါ )

“ ဒါပင်မဲ့ ငါ့ရဲ့ အလေးချိန်က ကီလိုဂရမ် ၃.၄၅သန်းအထိ ရောက်နေတာကတော့ ကံကောင်းတယ်၊ နောက်ထပ် ၁သန်းကျော်လောက်ရရင် နောက်ထပ်ဆင့်ကဲပြောင်းလဲမှုကို ထပ်ရပြီ “

“ အဲ့တာက တစ်လလောက်ပဲ အချိန်ယူရမှာ “

“ ဒီတစ်ခေါက် ဆင့်ကဲပြောင်းလဲမှုကရော ဘယ်လို တိုးတက်ပြောင်းလဲမှုတွေ ယူလာပေးလာမလဲဆိုသည်ကို ငါသိချင်နေပြီ “

နဂါးသားရဲကြီးသည် တိတ်တဆိတ် မျှော်လင့်မိနေတော့သည်။

တစ်ချိန်တည်းမှာပင် ၎င်းသည် မူလကိုယ်၏ အခြေအနေကို အာရုံခံမိသွားခဲ့သည်။

“ အခု ငါက အမြင့်ပိုင်းအဆင့်ကို ရောက်သွားပြီဆိုတော့ မူလကိုယ်ကလည်း ကြီးမားတဲ့ ထောက်ပံ့မှုတစ်ခုကို ရသွားလောက်ပြီလေ၊ ဟုတ်တယ်မလား “

…

စံအိမ်အတွင်း၌

ရှုကျိုးသည် ရွှေအူတိုင် တတိယ အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိရန် ကြိုးပမ်းနေလျက်ရှိသည်။

“ ဟမ် “

ထိုအခိုက်အတန့်တွင် ရှုကျိုးသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်ခုက မြင့်ရာမှ နိမ့်ရာသို့ ကျဆင်းလာသည့်အလား သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။

“ ကိုယ်ပွားရဲ့ ထောက်ပံ့မှုပဲ “

ရှုကျိုးသည် သတ္တမအဆင့်သို့ ရောက်ရှိသွားသောကြောင့် ကိုယ်ပွားထံမှ ပေးပို့လာသည့် ထောက်ပံ့မှုဆိုသည်ကို ချက်ချင်းနားလည်သွားခဲ့သည်။

ဒါပင်မဲ့ ငါက အဆင့်၆နယ်ပယ်မှာပဲ ရှိနေသေးတာလေ၊ ဒီဟာက ငါ့အတွက် အသုံးဝင်ပါ့မလား

မကြာခင်အချိန်မှာပင် အဆိုပါ စွမ်းအင်သည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိလာခဲ့သည်။

“ ဘုမ်းး “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကမ္ဘာဖန်ဆင်းခြင်းနှင့် တူညီနေသည့် မြင်ကွင်းတစ်ခုသည် ရှုကျိုး၏ စိတ်ထဲတွင် ပေါ်လာခဲ့ပြီး၊ ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါသွားစေခဲ့သည်။

ထို့နောက်တွင် အဆိုပါ စွမ်းအင်လှိုင်းသည် သူ့စိတ်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သော ဟင်းလင်းပြင်အတွင်းသို့ အတင်းအကြပ် ဝင်ရောက်သွားသောကြောင့် သူတအံ့တဩဖြစ်သွားခဲ့ရလေသည်။

“ အဲ့တာက …… ငါ့ရဲ့ ခရမ်းရောင် နန်းတော်လား “

“ အဆင့်၇ ခရမ်းရောင် နန်းတော်က ဒီလိုမျိုး ပွင့်သွားပြီလား “

ရှုကျိုး အံ့အားသင့်သွားခဲ့သည်။

သူအံ့အားသင့်နေသည်မှာ ထူးဆန်းသော အရာမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် လူသားတို့၏ ခရမ်းရောင် နန်းတော်က ပုံမှန်အားဖြင့် ပိတ်ဆို့နေသောကြောင့် ဖြစ်သည်။

သတ္တမအဆင့်သို့ မရောက်ခင် အချိန်အထိ ခရမ်းရောင် နန်းတော်၏ တည်နေရာကို သိရှိရန်မှာ မဖြစ်နိုင်လှပေ။

ဆဌမအဆင့်သို့ ရောက်ရှိသည့် အချိန်မှသာလျှင် ရှေးဦးဝိညာဥ်သည် နတ်ဆေးလုံးကို ဖောက်ထွက်ကာ ကောင်းကင်လမ်းကြောင်းကို လျှောက်လှမ်း၍ ခရမ်းရောင် နန်းတော်၏တည်နေရာကို ရှာတွေ့ကာ ၎င်း၏ဂိတ်တံခါးကို ဖွင့်လှစ်နိုင်မည် ဖြစ်သည်။

အဆိုပါ လှုပ်ရှားမှု/လုပ်ရပ်အား ကောင်းကင်ဘုံ ဂိတ်ဝကို တံခါးခေါက်ခြင်းဟုလည်း ခေါ်ဆိုလေ့ရှိသည်။

အဘယ့်ကြောင့်ဆိုသော် အဆိုပါ လမ်းကြောင်းကို ကောင်းကင်လမ်းကြောင်းဟု ခေါ်ဆိုသောကြောင့် ဖြစ်သည်။

သို့သော် ယခုတွင်ကား ကိုယ်ပွား၏ ထောက်ပံ့မှုဖြင့် သူ၏ခရမ်းရောင် နန်းတော်မှာ တိုက်ရိုက်ပွင့်ဟသွားခဲ့သည်။

ထို့အပြင် ၎င်းသည် ခရမ်းရောင် နန်းတော်အတွင်းသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

အရေးအကြီးဆုံးအရာမှာ ရှုကျိုးသည် သူ၏ခရမ်းရောင် နန်းတော်က ပွင့်ဟသွားသည်ကို မြင်တွေ့ခဲ့ရပြီးသည့်နောက်၌ ၎င်းထံတွင် ပိတ်ဆို့သွားမည့် မည်သည့်အရိပ်အယောင်ကိုမှ မမြင်တွေ့ရခြင်းပင် ဖြစ်သည်။

၎င်းမှာ သူ၏ခရမ်းရောင် နန်းတော်က ကိုယ်ပွား၏ထောက်ပံ့မှုကြောင့် အမှန်တကယ် ပွင့်သွားပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

အကယ်၍ တိကျွမ်း၏ လမ်းကြောင်းနှစ်ခုကသာ အဝေးတွင် တောက်ပနေသည့် အလင်းတန်းနှစ်ခု ဖြစ်နေမည်ဆိုပါက၊ ယခုပွင့်လှစ်သွားသည့် ခရမ်းရောင်နန်းတော်မှာ လောင်ကျွမ်းနေသော နေမင်းကဲ့သို့ တလက်လက် တောက်ပနေခဲ့သည်။ ၎င်းသည် ရှုကျိုးအား ဤလမ်းကြောင်းအတိုင်း ဆက်လျှောက်သွားလိုက်ဟု ပြောနေသည့်အလားပင်။

“ ဒါ … ဒါကြီးက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ “

ရှုကျိုးသည် အလွန်တရာ ပျော်ရွှင်သွားခဲ့သည် “ ခရမ်းရောင် နန်းတော်က ပွင့်သွားပြီဆိုတော့ ငါက ကောင်းကင်လမ်းကြောင်းကို လျှောက်နေစရာ မလိုတော့ဘူး။ အင်မော်တယ် ရွှေအူတိုင်ကို ကျင့်ကြံနိုင်တာနဲ့၊ ငါက ရှေးဦးစိတ်ဝိညာဥ်ကို ခရမ်းရောင် နန်းတော်ထဲကို တိုက်ရိုက်ထည့်လိုက်လို့ရပြီ “

ယခင်က ရှုကျိုးက လမ်းကြောင်းတစ်ခုကို မည်သည့်အတွက်ကြောင့် ရှာဖွေခဲ့ရသနည်း

ဆဌမအဆင့် အထွတ်အထိပ်သို့ ရောက်လာခဲ့ပြီးသည့်နောက်၌ နတ်ဆေးလုံး၏ အထက်တွင် စကြာဝဠာကဲ့သို့ ကြီးမားကျယ်ပြန့်သည့် မည်းမှောင်သော ဟင်းလင်းပြင်တစ်ခု ရှိနေခဲ့သည်။

လမ်းကြောင်းရှာဖွေရခြင်း ဖြစ်စဥ်သည် လူတစ်ဦးက ကြီးမားကျယ်ပြန့်သော စကြာဝဠာထဲတွင် ကိုယ်ပိုင်ကြယ်အလင်းတန်းကို ရှာဖွေရသည်နှင့် တူညီနေခဲ့သည်။

ရှုကျိုးက တိကျွမ်း၏ လမ်းကြောင်းနှစ်ခုကို မရွေးချယ်ခဲ့ရခြင်းမှာ အဆိုပါ အကြောင်းပြချက်ကြောင့် ဖြစ်သည်။

တစ်ခြားလူတစ်ဦး၏ လမ်းကြောင်းကို ရွေးချယ်လိုက်မည်ဆိုပါက ရရှိလာမည့် ခရမ်းရောင် နန်းတော်သည် သူနှင့် သက်ဆိုင်နေလိမ့်မည် မဟုတ်ပေ။

ထို့အပြင် ခရမ်းရောင် နန်းတော်ကို ရှာဖွေတွေ့ရှိခဲ့မည်ဆိုလျှင်တောင်မှ၊ ၎င်း၏ ဂိတ်တံခါးကို ဖွင့်လှစ်နိုင်လိမ့်မည် မဟုတ်ပေ။

ရွှေအူတိုင် ပထမ အသွင်ပြောင်းခြင်း (သို့) ဒုတိယ အသွင်ပြောင်းခြင်းအဆင့်မှ လူအများစုသည် ခရမ်းရောင် နန်းတော်၏ ဂိတ်တံခါးပေါက်ကို ဖွင့်လှစ်နိုင်မည့် လုံလောက်သော ရှေးဦးဝိညာဥ် စွမ်းအားကို မပိုင်ဆိုင်ထားခဲ့ပေ။

ထို့ကြောင့် သူတို့သည် အဆိုပါ ဂိတ်တံခါးက ပွင့်ဟလာမည့် အချိန်ကို စောင့်ဆိုင်းနေရုံသာ တတ်နိုင်ကြသည်။

အဌမအဆင့်သို့ ရောက်ရှိလာခဲ့သည့် အချိန်မှသာလျှင် နတ်ဝိညာဥ် ဓမ္မပုံရိပ်ကို ကျင့်ကြံကာ အဆိုပါ ဂိတ်တံခါးကို ဖွင့်လှစ်နိုင်ကြမည် ဖြစ်သည်။

တတိယ အသွင်ပြောင်းခြင်း (သို့) စတုတ္ထ အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိခဲ့သည့် ထူးခြားသော ပါရမီရှင်တစ်ချို့ကမူ သတ္တမအဆင့်တွင် ရှိနေစဥ်အချိန်မှာပင် ခရမ်းရောင် နန်းတော်၏ ဂိတ်တံခါးကို လှုပ်ခါနိုင်ကြသည်၊ သို့သော် အပြည့်အဝ မဖွင့်လှစ်နိုင်ကြပေ။

ထို့ကြောင့်ပင် ရှုကျိုးက အလွန်တရာ ပျော်ရွှင်သွားရခြင်း ဖြစ်သည်။

သတ္တမအဆင့်သို့ မရောက်သေးသော်လည်း ခရမ်းရောင် နန်းတော်၏ ဂိတ်တံခါးမှာ ကျယ်ကျယ်ဝန်းဝန်း ပွင့်ဟသွားပြီ ဖြစ်သည်။

ထိုကဲ့သို့သော အရာမျိူးမှာ အတိတ်နှင့် နောင်အနာဂတ်တွင် မည်သို့မျှ မဖြစ်ပေါ်လာနိုင်သည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။

“ ဒါပင်မဲ့ …….. ကောင်းကင်လမ်းကို လျှောက်တာက ရှေးဦးဝိညာဥ်ကို ပုံသွင်းပြုပြင်တာပဲလေ၊ ဆိုတော့ ငါက အဲ့လမ်းကို လျှောက်ဖို့ ကြိုးစားကြည့်သင့်တယ် “

သူ့ထံတွင် ကောင်းကင်လမ်းကြောင်း မရှိသော်လည်း၊ နတ်ဆေးလုံးနှင့် ခရမ်းရောင် နန်းတော်ကြားရှိ အကွာအဝေးသည် အန္တရာယ်များဖြင့် ပြည့်နှက်နေသည့် အဆုံးမဲ့ လေဟာနယ်ကို ကျော်ဖြတ်ထားခဲ့ပြီ ဖြစ်သည်။

ယခုတွင် ခရမ်းရောင် နန်းတော်၏ ဂိတ်တံခါးက ပွင့်ဟသွားခဲ့ပြီဖြစ်သောကြောင့်၊ အကယ်၍ သူက အန္တရာယ်နှင့်ရင်ဆိုင်ရမည်ဆိုပါက ရှေဦးဝိညာဥ်အား ခရမ်းရောင် နန်းတော်အတွင်းသို့ ချက်ချင်း ပို့လွှတ်နိုင်တော့မည် ဖြစ်သည်။

သူသည် စိုးရိမ်ပူနေရန် မလိုဘဲ၊ ပြုပြင်ပုံသွင်းခြင်းကို အပြည့်အဝ အာရုံစိုက်နိုင်ပြီ ဖြစ်သည်။

“ အင်မော်တယ် ရွှေအူတိုင်ကို မြန်မြန် ကျင့်ကြံသင့်နေပြီ “

ရှုကျိုး သူ၏ပျော်ရွှင်မှုများကို ဖိနှိပ်ကာ သတ္တမတစ်ပိုင်းအဆင့် ဆေးလုံးများကို ဆက်လက်သောက်သုံးကာ ထပ်မံ၍ ကျင့်ကြံနေတော့သည်။

သူသည် သူက သတ္တမအဆင့်သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် အကြီးစား ပြောင်းလဲမှုကြီးများ ဖြစ်ပေါ်လာလိမ့်မည်ဟု ခံစားနေခဲ့ရသည်။

သတ္တမအဆင့်သို့ မရောက်ခင် အချိန်တွင် ခရမ်းရောင် နန်းတော်၏ ဂိတ်တံခါးက အပြည့်အဝ ပွင့်လှစ်သွားခြင်းမှာ တစ်ကြိမ်တစ်ခါမှ မပေါ်ခဲ့ဖူးသော ကိစ္စတစ်ရပ် ဖြစ်သည်။

…

ထိုစဥ်

ကမ္ဘာ့ကြယ်၊ အလယ်ပိုင်းဒေသ၊ နန်းတော်တစ်ခုအတွင်း၌

စားပွဲဝိုင်းပေါ်ရှိ များပြားသော ပုံရိပ်များသည် သူတို့၏မျက်လုံးများကို ဖွင့်လှစ်လာကြသည်။

စားပွဲဝိုင်းထိပ်တွင် ရှိနေသည့် ကမ္ဘာ့ကြယ်ခေါင်းဆောင်မှ လေးလေးနက်နက် စကားပြောလာခဲ့သည် “ မျက်လုံးသုံးလုံးဘုရင်၊ မင်ကျိ၊ မင်းတို့သုံးယောက်က အဆင့်၆က ကလေးတစ်ယောက်ကိုတောင် မဖမ်းနိုင်ခဲ့ဘူးလား “

သူ၏စကားလုံးများသည် စားပွဲဝိုင်း၏ လေထုကို လေးလံသွားစေခဲ့သည်။

မျက်လုံးသုံးလုံးဘုရင်နှင့် မင်ကျိတို့နှစ်ဦးစလုံးသည် ယခုတွင် သူတို့၏ ခေါင်းဆောင်က အမှန်တကယ် ဒေါသထွက်နေသည်ကို သိနေကြသည်။

သူတို့သည် ဤတစ်ကြိမ်တွင် လက်ဗလာဖြင့် ပြန်လာခဲ့ရပြီး၊ ထိုအကြောင်းကို အမှောင်နယ်မြေမှ အကြီးအကဲများက ကြားသိသွားသည်နှင့်တစ်ပြိုင်နက် သေချာပေါက် အပြစ်ပေးခံကြရမည် ဖြစ်သည်။

မင်ကျိသည် သက်ပြင်းချကာ အမှန်တိုင်း ပြောပြလိုက်သည် “ ကျွန်မတို့ကို တိကျွမ်းက တားခဲ့တာပါ “

ကမ္ဘာ့ကြယ်ခေါင်းဆောင်မှ မေးမြန်းလာခဲ့သည် “ နင်တို့သုံးယောက်က တိကျွမ်းကို မယှဥ်နိုင်ဘူးလား “

မျက်လုံးသုံးလုံးဘုရင်မှ စကားဝင်ပြောလာခဲ့သည် “ လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းကနဲ့ ယှဥ်လိုက်မယ်ဆိုရင် တိကျွမ်းရဲ့ စွမ်းအားက တော်တော်လေး တိုးတက်လာပါတယ်။ ပြီးတော့ သူ့ရဲ့အဆုံးသတ်ကလည်း နီးကပ်နေပါပြီ၊ အခုအချိန်မှာ သူနဲ့တိုက်ခိုက်ဖို့ မလိုအပ်ပါဘူး “

“ … “

ကမ္ဘာ့ကြယ်ခေါင်းဆောင်မှ လေးလေးနက်နက် ပြန်ပြောလာခဲ့သည် “ ကောင်းပြီလေ၊ ဒါဆိုရင်လည်း မျက်လုံးသုံးလုံးဘုရင်၊ မင်းက အမှောင်နယ်မြေကို သွားပြီးတော့ ဖြေရှင်းချက်ပေးသင့်တယ် “

“ ဟုတ်ကဲ့ “ မျက်လုံးသုံးလုံးဘုရင်သည် ဆန္ဒမရှိသော်လည်း လက်ခံလိုက်ရုံသာ တတ်နိုင်ခဲ့သည်။

ပကတိ အထွတ်အထိပ်အဆင့် ပညာရှင်တစ်ဦးဖြစ်သည့်အတွက် ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစုကဲ့သို့သော အင်အားစုကြီးတစ်ခုမှာပင် သူ့အား အရေးပါသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်။

သို့သော် မျက်လုံးသုံးလုံးဘုရင်သည် ပကတိ အထွတ်အထိပ်သို့ ရောက်ရှိရန်အတွက် အမှောင်နယ်မြေ၏ ထောက်ပံ့မှုကို အပြည့်အဝ မှီခိုခဲ့ရလေသည်၊ သူ၏ကျင့်ကြံရေးအား အကြီးအကဲ အနည်းငယ်၏ ခေါင်းငြိမ့်မှုဖြင့်ပင် ဖျက်သိမ်းလိုက်နိုင်ပေသည်။

ထို့ကြောင့် သူသည် ကမ္ဘာကြယ်ပေါ်တွင် ထိပ်တန်း ပညာရှင်တစ်ဦး ဖြစ်နေခဲ့သော်လည်း၊ အမှောင်နယ်မြေအရှေ့တွင်မူ အစေခံတစ်ဦးအဖြစ်သာ ရှိနေမည် ဖြစ်သည်။

ဆရာသခင်မှ ပြောလာခဲ့ပြီဖြစ်သောကြောင့် အစေခံဖြစ်သူက အမိန့်အတိုင်းသာ လိုက်လုပ်ရမည် ဖြစ်သည်။

ကမ္ဘာ့ကြယ်ခေါင်းဆောင်သည် မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ မင်ကျိဘက်သို့ လှည့်သွားခဲ့သည် “ မင်ကျိ၊ အဲ့ကလေးအကြောင်းကို တွက်ချက်ဖို့အတွက် ကောင်းကင်ဘုံ ချိတ်ဆက်မှု စက်ဝန်းကို သုံးနိုင်တယ်မလား “

……………………………………………………………………………………………………………………………………

အပိုင်း ( 558 )

လျူချင်းယွမ် : ရှုကျိုးက ဘာတွေလုပ်ခဲ့တာလဲ

ဆဌမအဆင့်က လူတစ်ယောက်အတွက် ကောင်းကင်ဘုံ ချိတ်ဆက်မှု စက်ဝန်းကို သုံးမလို့လားဟ

ထိုစကားကို ကြားလိုက်ရသောအခါတွင် စားပွဲဝိုင်းရှိ လူတိုင်းမှာ အနည်းငယ် အံ့ဩသွားကြသည်။

ကမ္ဘာ့ကြယ်ခေါင်းဆောင်မှ တလေးတနက် ပြောဆိုလာခဲ့သည် “ တိကျွမ်းပေါ်မလာတာ နှစ်တစ်ရာလောက် ရှိနေပြီ၊ အခု သူက အဲ့ကောင်လေးအတွက် ပေါ်လာခဲ့တယ်၊ ဆိုတော့ သူနဲ့ပတ်သက်တဲ့ အရေးကြီး အချက်အလက်တစ်ခုခုတော့ ရှိကိုရှိနေမှာပဲ “

မင်ကျိသည် ခေါင်းငြိမ့်ပြကာ ပြန်ဖြေလိုက်သည် “ ကျွန်မနဲ့ မျက်လုံးသုံးလုံးဘုရင်ကလည်း အဲ့ကိစ္စကို သံသယဖြစ်ခဲ့ပါတယ်။ အဲ့တာကြောင့် ဒီကို ပြန်မလာခင် အချိန်မှာ ကောင်းကင်ဘုံ ချိတ်ဆက်မှု စက်ဝန်းကို သုံးခဲ့ပါတယ်၊ ဒါပင်မဲ့ ……. “

“ ဘာဖြစ်လို့လဲ “ ကမ္ဘာ့ကြယ်ခေါင်းဆောင်မှ မေးမြန်းလာခဲ့သည်။

မင်ကျိသည် တစ်ခဏခန့် တိတ်ဆိတ်နေခဲ့ပြီးမှ ပြန်ပြောလာခဲ့သည် “ ကောင်းကင်ဘုံ ချိတ်ဆက်မှု စက်ဝန်းကို သုံးခဲ့ပင်မဲ့ သူ့နာမည်က ရှုကျိုးဆိုတဲ့ တစ်ချက်ကလွဲပြီးတော့ တစ်ခြားဘာကိုမှ မတွေ့ခဲ့ရပါဘူး “

ထိုစကားလုံးများသည် စားပွဲဝိုင်းတွင် ရှိနေသည့် လူတိုင်းကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။

တစ်စုံတစ်ဦးသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကောင်းကင်ဘုံ ချိတ်ဆက်မှု စက်ဝန်းက မြင့်မြတ် ရတနာဆယ်ပါးရဲ့ ခေါင်းဆောင်လေ၊ ပကတိ အထွတ်အထိပ်က လူတွေကိုတောင် တွက်ချက်နိုင်တယ်၊ အဆင့်၆နယ်ပယ်က ကလေးတစ်ယောက်ဆိုရင်တော့ ပြောနေစရာကို မလိုအပ်ဘူး “

“ ဟုတ်တယ်၊ ကောင်းကင်ဘုံ ချိတ်ဆက်မှု စက်ဝန်းက ကမ္ဘာ့ကြယ်ရဲ့ စွမ်းအားကို အသုံးပြုတာလေ။ ကမ္ဘာနှစ်ခု စစ်ပွဲမှာတောင်မှ မှန်းဆချက် တစ်ချို့ကို ပေးနိုင်ခဲ့တာဟာကို “

အားလုံးသည် မယုံကြည်နိုင် ဖြစ်နေကြသည်။

ကောင်းကင်ဘုံ ချိတ်ဆက်မှု စက်ဝန်းမှုက ပကတိ အထွတ်အထိပ်အဆင့်က လူရဲ့ အတိတ်နဲ့ အနာဂတ်ကိုတောင် တွက်ချက်နိုင်တယ်လေ၊ အဆင့်၆နယ်ပယ်ကို ဘယ်လိုလုပ် မတွက်ချက်နိုင်ရတာလဲဟ

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

မင်ကျိသည် အသာအယာ သက်ပြင်းချ၍ ပြန်ပြောလာခဲ့သည် “ ကောင်းကင်ဘုံ ချိတ်ဆက်မှု စက်ဝန်းကို အသက်သွင်းဖို့အတွက် ကျွန်မရဲ့ ကျင့်ကြံရေး တစ်ခုလုံးကို သုံးခဲ့တယ်၊ ဒါပင်မဲ့ မြူထုတစ်ခုကိုပဲ မြင်နေခဲ့ရတယ် “

“ သူ့ရဲ့ အတိတ်နဲ့ အနာဂတ်၊ ဘာဆိုဘာမှ မမြင်ခဲ့ရဘူး “

အားလုံးမှာ ထပ်မံ၍ အံ့ဩတုန်လှုပ်သွားရပြန်သည်။

“ အတိတ်ကော အနာဂတ်ကော မြူတွေ ဖုံးနေတာလား။ အဲ့တာက ……. အဲ့ဒီနယ်ပယ်က လူပဲ လုပ်နိုင်တဲ့ဟာ မဟုတ်ဘူးလား “

“ အဲ့ဒီရှုကျိုးက အဲ့နယ်ပယ်က လူက ရုပ်ဖျက်ထားတာများလား “

ကမ္ဘာ့ကြယ် ခေါင်းဆောင်သည် တွေးတွေးဆဆဖြင့် မေးမြန်းလာခဲ့သည် “ မြူထု၊ …… အဲ့တာက နောက်ဆုံးတစ်ခေါက်တုန်းက နင်ပြောခဲ့တဲ့ မြူထုနဲ့ ဆက်စပ်နေမလား “

ယခင်က မင်ကျိသည် ကမ္ဘာနှစ်ခု၏ စစ်ပွဲရလဒ်ကို တွက်ချက်ခဲ့ဖူးပြီး၊ မြူထုတစ်ခုကို မြင်တွေ့ခဲ့ရသည်ဟု ပြောခဲ့ဖူးသည်။

ထိုကဲ့သို့သော ကိစ္စမျိုသည် ယခင်က တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်လာခဲ့ဖူးချေ။

ယခု ဆဌမအဆင့်မှ လူတစ်ယောက်အကြောင်းကို တွက်ချက်ကြည့်လိုက်သည့်အချိန်တွင် မြူထုတစ်ခု ထပ်မံ၍ ပေါ်ပေါက်လာခဲ့ပြန်သည်။

မင်ကျိမှ ပြောလာခဲ့သည် “ အဲ့နှစ်ခုကြားမှာ တူညီမှုတစ်ချို့တော့ တကယ်ရှိတယ်၊ ဒါပင်မဲ့ အဆင့်၆နယ်ပယ်က လူတစ်ယောက်က ကမ္ဘာနှစ်ခုရဲ့ စစ်ပွဲကို ပြောင်းလဲပေးနိုင်မယ်လို့တော့ ကျွန်မမထင်ဘူး “

အမှောင်နယ်မြေ လမ်းကြောင်းမှာ နှစ်ဝက်အတွင်းတွင် ပြီးဆုံးသွားတော့မည် ဖြစ်သည်။

အမှောင်နယ်မြေမှ ပညာရှင်များ ဆင်းသက်လာသည့် အချိန်တွင် ကြယ်ပြာဂြိုဟ်က မည်ကဲ့သို့ ခုခံကြမည်နည်း

သို့ရာ၌ မျက်လုံးသုံးလုံးဘုရင်ထံတွင် မတူညီသော အမြင်တစ်ခု ရှိနေခဲ့သည် “ တိကျွမ်းကိုယ်တိုင်ကတောင် သူ့ကိုယ်သူ ဖော်ထုတ်ဖို့အတွက် ဆန္ဒရှိခဲ့ရတဲ့လူဆိုတော့၊ အဲ့ဒီရှုကျိုးဆီမှာ လျှို့ဝှက်ချက်တစ်ခု သေချာပေါက်ရှိနေမှာပဲ “

“ အဲ့ကောင်လေးက ကြယ်ပြာဂြိုဟ်က အဲ့လူအိုကြီးတွေကို အဆင့်တက်သွားစေမဲ့ သော့ချက်များ ဖြစ်နေမလား “

သူ၏စကားလုံးများသည် လူတိုင်းကို ကျောချမ်းသွားစေခဲ့သည်။

အဲ့တာ …. အဲ့တာက မဖြစ်နိုင်ပါဘူး

“ ရှေးဟောင်းမှတ်တမ်းတွေအရဆိုရင် ဆေးလုံးကြီးအဖြစ် မွေးဖွားလာခဲ့တဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်။ ဆေးလုံးတွေ သောက်တာက နယ်ပယ်ကြီးတွေ ကျော်ဖြတ်နိုင်ဖို့အတွက် ကူညီပေးနိုင်တယ်တဲ့ “

“ ရှုကျိုးက အဲ့လိုလူ ဖြစ်နေတာများလား “

စားပွဲဝိုင်းရှိ လူများသည် အပူတပြင်း ဆွေးနွေးနေကြတော့သည်။

ကမ္ဘာ့ကြယ် ခေါင်းဆောင်၏ အမူအရာမှာလည်း အလွန်တရာ လေးနက်နေခဲ့သည်။

အကယ်၍ ၎င်းတို့ကသာ မှန်ကန်နေမည်ဆိုပါက၊ ထိုကောင်လေးကို ကြိုတင်ရှင်းလင်းထားရမည် ဖြစ်သည်။ အကယ်၍ သူက လူသားသဏ္ဍာန် ဆေးလုံးကြီးဖြစ်နေမည်ဆိုလျှင်တောင်မှ တိုးတက်ကြီးပျင်းလာရန် လိုအပ်နေစဲပင် ဖြစ်သည်။

သူတို့သည် ကြယ်ပြာဂြိုဟ်ပေါ်တွင် အန္တိမနယ်ပယ်မှ ပညာရှင်တစ်ဦး ပေါ်ထွက်လာမည်ကို မြင်ချင်ကြပေ။

( ပေါင်းစပ်ဒြပ်စင်နယ်ပယ်ပါပဲ၊ ဒီခေတ်မှာ ဘယ်သူမှ မရောက်လို့ အဲ့လို ခေါ်ကြတာပါ )

ကမ္ဘာ့ကြယ်ခေါင်းဆောင်သည် မာမာထန်ထန် ပြောဆိုလာခဲ့သည် “ မင်ကျိ၊ ပြန်သွားပြီးတော့ အဲ့ကောင်လေးရဲ့ ကံကြမ္မာကို တွက်ချက်ဖို့အတွက် ကြယ်တွေရဲ့ စွမ်းအားကို သုံးလိုက်။ တကယ်လို့ တိုးတက်မှု မရှိသေးဘူးဆိုရင်တော့ ငါတို့က ပြင်ဆင်မှ ဖြစ်တော့မယ် “

…

ရှုကျိုးကမူ ကမ္ဘာ့ကြယ်တွင် ဂယက်ထနေပြီဆိုသည်ကို မသိပေ။

ထိုအချိန်တွင် သူသည် ကိုယ်ပွားက သတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီးသည့်နောက်တွင် သူ၏ ရွှေအူတိုင် လေ့ကျင့်ရေး အမြန်နှုန်းက သိသိသာသာ တိုးတက်လာသည်ကို သိရှိသွားခဲ့သည်။

သတ္တမတစ်ပိုင်းအဆင့် ဆေးလုံးများ၏ အကူအညီဖြင့် ရှုကျိုးသည် ရက်ပိုင်းအတွင်းမှာပင် ရွှေအူတိုင် တတိယ အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ထို့နောက်တွင် သူသည် ရပ်တန့်နေခြင်းမရှိဘဲ ရွှေအူတိုင် စတုတ္ထ အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိရန် ကြိုးပမ်းနေတော့သည်။

ထိုကဲ့သို့ပင် နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။

ရှုကျိုး၏နယ်ပယ်မှာလည်း အံ့ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် တိုးတက်နေခဲ့သည်။

…

ထိုအချိန်၊ ကွမ်ဟန်စစ်မြေပြင်၌

၃၈မျဥ်းပြိုင်ဘက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခုက နယ်စပ်ကို ကျော်ဖြတ်တော့မည့်အလား ဖြစ်နေသည့် ကြီးမားသော စွမ်းအင်တစ်ခု လှိုက်တက်လာခဲ့သည်။

ကွမ်ဟန်တွင် စချန်းချနေသည့် ကြယ်ပြာဂြိုဟ်၏ စစ်တပ်အားလုံးသည် ခုခံရေး အစီအရင်ကို ချက်ချင်း ဖွဲ့စည်းလိုက်ပြီး ၃၈မျဥ်းပြိုင်ရှိရာဘက်သို့ ပြေးတက်သွားကြသည်။

တစ်ချိန်တည်းမှာပင် ကွမ်ဟန်၏ အရပ်မျက်နှာရှစ်ဘက်ကို စောင့်ကြပ်နေသည့် တိကျွမ်းမှာလည်း ၎င်းကို ချက်ချင်း အာရုံခံမိသွားခဲ့သည်။

တိကျွမ်းမှ ခြေတစ်လှမ်းလာခဲ့ရာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်ပေါင်းထောင်နှင့်ချီ၍ ကျော်ဖြတ်လာခဲ့ပြီး၊ ၃၈မျဥ်းပြိုင်၏ အထက်ကောင်းကင်ယံသို့ ရောက်ရှိလာခဲ့သည်။

“ ဝုန်းးး “

၃၈မျဥ်းပြိုင်၏ ဟင်းလင်းပြင်သည် ကောင်းကင်ဘုံက ကြီးမားသော လက်ကြီးတစ်ဖက်၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရသည့်အလား ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့ပြီး၊ သွေးနီရောင် လျှပ်စီးများ ပျံ့လွင့်လာခဲ့သည်၊ လျှပ်စီးတစ်ခုချင်းစီတိုင်းသည် ကမ္ဘာမြေကို ဖြိုခွဲနိုင်သည့် စွမ်းအားမျိုး သယ်ဆောင်ထားကြသည်။

အားလုံးသည် ၃၈မျဥ်းပြိုင်ရှိ မြင်ကွင်းက ကမ္ဘာတစ်ခုလုံးဝါးမြိုခံလိုက်ရသကဲ့သို့၊ မှင်ကဲ့သို့ မည်းနက်နေသော အဆုံးမဲ့ အမှောင်ထုက လွှမ်းခြုံထားသဖွယ် ဖြစ်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

အဆုံးမဲ့ အမှောင်ထုထဲတွင် အေးစက်စက် ပုလ္လင်တစ်လုံးရှိနေခဲ့သည်။

ထိုပုလ္လင်ပေါ်၌ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခု ရှိနေခဲ့သည်၊ ၎င်း၏ မျက်နှာက ရှင်းရှင်းလင်းလင်း မရှိသော်လည်း ကြောက်မက်ဖွယ်ရာ အရှိန်အဝါကို ထုတ်လွှင့်ထားခဲ့သည်။

“ အဲ့တာက ကမ္ဘာ့ကြယ်ရဲ့ ပုလ္လင်ပဲ၊ ကမ္ဘာ့ကြယ်ရဲ့ ဘုရင်က နယ်စပ်ကို ကျော်ဖို့ လုပ်နေတာလား။ သူက စစ်ပွဲကြီးကို စတော့မလို့လား “

၃၈မျဥ်းပြိုင် အပြင်ဘက်ရှိ ကြယ်ပြာဂြိုဟ်တပ်ဖွဲ့များသည် အနက်ရောင် တိုက်ပွဲ အစီအရင်များကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီး၊ ကောင်းကင်ဘုံကို ပိတ်ဆို့ထားကြသည်၊ သို့သော် ပုလ္လင်နှင့် ယှဥ်လိုက်မည်ဆိုပါက ၎င်းတို့က ပုရွက်ဆိတ်များကဲ့သို့သာ ဖြစ်နေခဲ့သည်။

ကမ္ဘာ့ကြယ်ခေါင်းဆောင်က နယ်စပ်ကျော်ဖြတ်ရန်ကြိုးပမ်းနေသောကြောင့် ကြယ်ပြာဂြိုဟ်၏ အဌမအဆင့် ပညာရှင်တစ်ချို့မှာ မျက်နှာများ ဖြူဖျော့သွားခဲ့သည်။

သတ္တမအဆင့် ပညာရှင်များကမူ အဆိုပါ အရှိန်အဝါကို ထိတွေ့လိုက်ရုံဖြင့် ကြွက်သီးများထကာ စိတ်မသက်မသာ ဖြစ်သွားကြသည်။

၎င်းမှာ တူညီသော နယ်ပယ်များ မဟုတ်ပေ။ အကယ်၍ သူတို့က အစွမ်းထက် အစီအရင်တစ်ခုကို ဖွဲ့စည်းထားမည်ဆိုလျှင်တောင်မှ၊ လက်လေးလှုပ်ရှားလိုက်ရုံနှင့် ချေမှုန်းခံလိုက်ရနိုင်ပေသည်။

“ ငါတို့က ကောင်းကင်ဂိတ်ကို သိမ်းဖို့အတွက် စစ်တပ်သုံးခု လွှတ်ထားတယ် မဟုတ်ဘူးလားဟ “

တစ်စုံတစ်ဦးသည် ဇဝေဇဝါ ဖြစ်သွားခဲ့သည်၊ ကြယ်ပြာဂြိုဟ်သည် စစ်တပ်သုံးခုကို ကမ္ဘာတစ်ဖက်တွင် စခန်းချခိုင်းထားသည်၊ ယခုတွင် မည်သည့်အတွက်ကြောင့် သတင်းမရောက်လာရသနည်း

All Chapters