အခန်း (၅၆၅-၅၆၇)
Vol. 38 Ch. 565-567
အပိုင်း ( 565 )
အဌမအဆင့်သို့ တက်လှမ်းခြင်း၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ ဓမ္မပုံရိပ်
ထိုစကားနှင့်အတူ ရှည်သွယ်သွယ် ပုံရိပ်တစ်ခုပါ ပေါ်ထွက်လာခဲ့သည်။
“ တပ်မှူး “
မေးမြန်းနေခဲ့သည့် ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်သည် တစ်ဖက်လူကို လက်သီးဆုပ်၍ အရိုအသေပေးနေခဲ့ပြီးမှ၊ ကြယ်တာရာ T-Rex နတ်ဘုရားကို လှည့်ကြည့်ကာ စကားထပ်ပြောလာခဲ့သည် “ မင်းသွားလို့ရပြီ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများထဲတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။ အစတွင် သူသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် စီစဥ်နေခဲ့ခြင်းဖြစ်သည်၊ သို့သော် မထင်မှတ်ထားစွာဖြင့် ပြိုင်ဘက်၏ တပ်မှူးဖြစ်သူသည် သူ့အား စိတ်လိုလက်ရ ဖြတ်သန်းခွင့်ပေးလာခဲ့သည်။
ကူညီမဲ့လူရှိတော့လည်း ကောင်းတာပေါ့ကွာ။
ဒီနေရာမှာ လှုပ်ရှားလိုက်မယ်ဆိုရင် ကမ္ဘာ့ကြယ်သားတွေ သတိဝင်သွားစေနိုင်တယ်
ကြယ်တာရာ T-Rex နတ်ဘုရားသည် ကောင်းကင်ထက်သို့ ခုန်တက်ကာ၊ အရှေ့ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။
သူထွက်သွားခဲ့သည့်နောက်တွင်
ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်သည် ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် သူ၏တပ်မှူးကို ကြည့်ကာ မေးမြန်းလိုက်သည် “ တပ်မှူး၊ သူ့ကို ဘာလို့ လွှတ်ပေးလိုက်ရတာလဲဗျ “
တပ်မှူးသည် သူ့ကို တစ်ချက်ကြည့်ကာ အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ အမှောင်နယ်မြေက ရှလော်တော်ဝင်မိသားစုရဲ့ အကောင်ကြီးတစ်ယောက်ရောက်နေတယ်၊ အဲ့လူအတွက် လမ်းဖွင့်ပေးခဲ့တာက အမှောင်နွားရိုင်းမျိုးနွယ်စုပဲ “
“ ရှလော်တော်ဝင်မိသားစုလား “
ထိုစကားကို ကြားလိုက်ရသောအချိန်၌ အဆိုပါ ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။
“ ရှလော်တော်ဝင်မိသားစုက လူအများစုက သားရဲမျိုးနွယ်စုဝင်ဖြစ်တယ်လို့ ပြောကြတယ်၊ သူတို့ကလည်း အမှောင်နယ်မြေရဲ့ တော်ဝင်မိသားစုကြီး ဆယ့်ခြောက်ခုထဲက တစ်ခုပဲ။ ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစုနဲ့ ယှဥ်လိုက်မယ်ဆိုရင် သူတို့ရဲ့ စွမ်းအားက ဘယ်လိုအနေအထားမျိုး ဖြစ်နေမလဲဆိုတာကိုတော့ ကျွန်တော်သိချင်မိတယ် “
ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်မှာ ရေရွတ်ပြောဆိုနေခဲ့သည်။
တပ်မှူးဖြစ်သူမှ မာမာထန်ထန် သတိပေးလာခဲ့သည် “ မင်းမသိသင့်တာတွေကို မမေးနဲ့၊ ဒီနေရာမှာ အသက်မပျောက်သွားရအောင် သတိထား “
ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်သည် ဇက်ပုသွားခဲ့ကာ အလောတကြီး ခေါင်းငြိမ့်ပြလာခဲ့သည်။
တပ်မှူးဖြစ်သူသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည် “ ရှလောတော်ဝင်မိသားစုက သားရဲမျိုးနွယ်စုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေလို့ ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစုထပ်တောင် ပိုပြီးတော့ ဒုက္ခပေးနိုင်တယ်။ ဒီတစ်ခေါက် ရှလော်တော်ဝင်မိသားစု ရောက်လာတာက၊ ကြယ်ပြာဂြိုဟ်ရဲ့ သားရဲကောင်တွေကို ကိုင်တွယ်မလို့ထင်တယ်၊ ကွမ်ဟန်တောင်ပိုင်းနယ်မြေမှာ ဆူဆူပူပူ ဖြစ်လာတော့မှာပဲ “
…
ကြယ်တာရာ T-Rex နတ်ဘုရားသည် အရှေ့သို့ ဆက်သွားနေကာ၊ ကောင်းကင်ဂိတ်ဒေသ၏ ပိုမိုနက်ရှိုင်းသော နေရာဆီသို့ ဆက်တိုက်တိုးဝင်လာခဲ့သည်။
အပေါ်သို့ မော့ကြည့်လိုက်မည်ဆိုပါက၊ ကောင်းကင်ထက်တွင် မျောလွင့်နေသည့် မြေညိုရောင်ရှိသော အလုံးတစ်လုံးကို မြင်တွေ့ရမည် ဖြစ်သည်။ ၎င်းမှာ ကမ္ဘာ့ကြယ်ပင် ဖြစ်သည်။
“ ငါပြေးလွှားနေတာ တော်တော်ကြီးကို ကြာနေပြီ၊ အခုထိ ပို့ဆောင်ရေး အစီအရင်ကို ရှာမတွေ့သေးဘူး “
ကြယ်တာရာ T-Rex နတ်ဘုရားမှာ အတွေးနက်သွားရတော့သည် “ တကယ်လို့ ကမ္ဘာ့ကြယ်ကို သွားချင်တယ်ဆိုရင် လေဟာနယ်ကို ဖြတ်သွားရတော့မဲ့ပုံပဲ “
“ ဒါပင်မဲ့ အဲ့လိုလုပ်လိုက်မယ်ဆိုရင်၊ ကမ္ဘာ့ကြယ်ရဲ့ ပကတိ အထွတ်အထိပ် ပညာရှင်တွေရဲ့ အာရုံကို ဆွဲဆောင်သွားလောက်တယ် “
ပကတိ အထွတ်အထိပ် ပညာရှင်တို့၏ စိတ်ဝိညာဥ်စွမ်းအားသည် တစ်ကမ္ဘာလုံးကို လွှမ်းခြုံနိုင်ပြီး၊ ကမ္ဘာ့ကြယ် အတွင်းသို့ ဝင်ရောက်လာသည့် ဖုန်မှုန့်လေးတစ်ခုကိုပင် ထောက်လှမ်းနိုင်ကြသည်။
“ ကြည့်ရတာတော့၊ ပုံမှန်မဟုတ်တဲ့ နည်းလမ်းတွေကိုပဲ သုံးရတော့မယ်လို့ ထင်တယ် “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်သည် မိုက်ခရိုအရွယ်ရှိ သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
( မိုက်ခရို အရွယ်ဆိုတာက ဖုန်မှုန့်လောက် သေးသွားတာမျိုးပါ )
အမြင့်ပိုင်း အဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် သူ၏ သားရဲတစ်သောင်း တုပခြင်းမှာလည်း ပိုမိုအဆင့်မြင့်သွားခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်အား အတိုင်းအတာ တစ်ခုအထိ ချုံ့နိုင်သွားစေခဲ့သည်။
သို့ရာတွင် ဤအတိုင်းအာအထိ ချုံ့လိုက်မည်ဆိုလျှင်တောင်မှ ပကတိ အထွတ်အထိပ် ပညာရှင်တစ်ယောက်သည် သူ့အား ရှာဖွေထောက်လှမ်းနေနိုင်သေးသည်။
“ ဟင်းလင်းပြင် အကာအရံ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ အတွေးများ လှုပ်ရှားသွားခဲ့ကာ၊ ဟင်းလင်းပြင် အကာအရံများသည် သူ့ကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။
ဆင့်ကဲပြောင်းလဲမှုကို ခံယူခဲ့ရပြီးသည့်နောက်တွင် သူ၏ ဟင်းလင်းပြင် စွမ်းရည်မှာ အတိုင်းအတာတစ်ခုအထိ ပြောင်းလဲတိုးတက်သွားခဲ့ကာ၊ အလွန်သိမ်မွေ့သော ဟင်းလင်းပြင် အကာအရံများကိုပင် ဖန်တီးနိုင်လာခဲ့ပြီ ဖြစ်သည်။
အဆိုပါ ဟင်းလင်းပြင် အကာအရံများသည် အမြင်အာရုံကိုသာလျှင် ပိတ်ဆို့နိုင်ခြင်း မဟုတ်ဘဲ၊ စိတ်ဝိညာဥ်စွမ်းအားကိုပါ နှောင့်ယှက်ချေဖျက်နိုင်ပေသည်။
အကယ်၍ နဝမအဆင့် ပညာရှင်တစ်ဦးက သူ၏အရှေ့တွင် ရပ်ကာ စိတ်ဝိညာဥ် စွမ်းအားဖြင့် စူးစမ်းထောက်လှမ်းနေမည်ဆိုလျှင်တောင်မှ၊ သူသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ တည်ရှိမှုကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။
ကြယ်တာရာ T-Rex နတ်ဘုရားသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ကောင်းကင်ထက်သို့ ခုန်တက်လာခဲ့သည်။
သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ဟင်းလင်းပြင်နှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်နိုင်သော်လည်း၊ သူသည် ဟင်းလင်းပြင်အတွင်းတွင် အချိန်အတော်ကြာ မနေနိုင်သေးပေ။
ကံကောင်းထောက်မစွာဖြင့် ယခု၌ ကြယ်တာရာ T-Rex နတ်ဘုရားထံတွင် လေဟာနယ် ကျော်ဖြတ်နိုင်စွမ်းကို ပိုင်ဆိုင်နေခဲ့ပြီ ဖြစ်သည်၊ ထို့ကြောင့် သူသည် ဟင်းလင်းပြင်အတွင်းတွင် ပြဿနာတက်သွားရမည်ကို တွေးပူနေစရာ မလိုဘဲ အချိန်အတော်ကြာ နေနိုင်ပြီ ဖြစ်သည်။
သူသည် အလွန်တရာ မြန်ဆန်သော အရှိန်နှုန်းဖြင့် ရွှေ့လျားနေခဲ့ပြီး၊ အသံထပ် အဆတစ်ရာသာလွန်သည့် အမြန်နှုန်းဖြင့် ကောင်းကင်ဆီသို့ ပျံသန်းနေခဲ့ကာ၊ လဆွဲအားထံမှ လျင်မြန်စွာ လွတ်မြောက်သွားပြီး ဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိလာခဲ့သည်။
“ ဘုမ်းးး “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အရှိန်ကို ထပ်မြှင့်ကာ ကမ္ဘာ့ကြယ်သို့ ဦးတည်ပျံသန်းနေတော့သည်။
ဟင်းလင်းပြင် အကာအရံ၏ ဖုံးကွယ်မှုကြောင့် လေထုပွတ်တိုက်မှုကြောင့် ပေါ်ထွက်လေ့ရှိသည့် မီးပွားများကပင် လုံးဝပျောက်ကွယ်နေခဲ့ကာ၊ မည်သည့်အသံမှ ပေါ်ထွက်မလာခဲ့ပေ။
မိနစ်ပိုင်းမျှအကြာတွင်
ကြယ်တာရာ T-Rex နတ်ဘုရားသည် ကျယ်ပြန့်သော ကုန်းမြေကို မြင်တွေ့လာခဲ့ရပြီ ဖြစ်သည်။
မြေပြင်ပေါ်၌ ကြီးမားသော ဧရာမ သားရဲကြီးများ လှုပ်ရှားသွားလာနေကြသည်။
“ ကြည့်ရတာတော့ ငါ့ရဲ့ကံက ကောင်းနေတဲ့ပုံပဲ၊ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုရဲ့ ပိုင်နက်ထဲကို တိုက်ရိုက် ရောက်လာခဲ့တယ် “
အဆိုပါ ဧရာမ သားရဲကြီးများကို မြင်တွေ့လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် မအောင့်ထားနိုင်တော့ဘဲ၊ သားရေတမြားမြား ဖြစ်သွားခဲ့သည်။
အထူးသဖြင့် ထိုသားရဲများထဲတွင် ရှိနေသည့် သတ္တမအဆင့် သားရဲများကို အာရုံခံမိသွားသည့် အချိန်တွင် ဖြစ်ပြီး၊ သူ၏ မျက်လုံးများ သိသိသာသာ တောက်ပသွားခဲ့သည်။
၎င်းတို့အားလုံးမှာ အဖိုးတန်း ရိက္ခာများပင် ဖြစ်သည်။
“ ကီလိုဂရမ် ငါးသိန်းရေ၊ ငါလာပြီဟေ့ “
ကြယ်တာရာ T-Rex နတ်ဘုရားမှာ လျင်မြန်စွာ ခုန်ဆင်းလာတော့လေသည်။
…
ဤဧရိယာသည် မြေနတ်ဆိုး သားရဲမျိုးနွယ်စု၏ ပိုင်နက်ဖြစ်သည်။
၎င်းက ထိပ်တန်း မျိုးနွယ်စုတစ်ခု မဟုတ်သော်လည်း၊ သူတို့သည် အလယ်အလတ် အထက်တန်းစားအဆင့် ရာထူးကို ကိုင်ဆောင်ထားခဲ့သည်။
သူတို့၏ သွေးက မသန့်သော်လည်း၊ သတ္တမအဆင့် အထက် ပညာရှင်ငါးဦး ပေါ်လာခဲ့သောကြောင့်၊ သူတို့၏ ယခုလက်ရှိ အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
သို့ရာ၌ အဆိုပါ ပညာရှင်ငါးဦးမှာ အသက်အရွယ် ကြီးရင့်ကာ အားနည်းနေပြီဖြစ်ပြီး၊ မျိုးဆက်သစ် လူငယ်တို့မှာလည်း သတ္တမအဆင့်သို့ မည်သို့မျှ မထိုးဖောက်နိုင်ကြသေးပေ။
ထိုအကြီးအကဲ ငါးဦး ကွယ်လွန်သွားသည်နှင့်တစ်ပြိုင်နက် မြေနတ်ဆိုး သားရဲမျိုးနွယ်စု၏ အဆင့်အတန်းမှာလည်း အလယ်အလတ် အဆင့်နိမ့်အထိ လျော့ကျသွားမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် သတင်းကောင်းတစ်ချို့ကို မကြာသေးခင် အချိန်ကမှ ကြားသိခဲ့ကြရသည်။
“ ရှလော်တော်ဝင်မိသားစုက ငါတို့ သားရဲမျိုးနွယ်စုကို ဦးဆောင်ပြီးတော့ ကြယ်ပြာဂြိုဟ်နဲ့ တရားဝင်တိုက်ပွဲစတော့မယ်။ တကယ်လို့ ငါတို့ကသာ ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်တွေ ဒါမှမဟုတ် ကြယ်ပြာဂြိုဟ်ရဲ့ အစစ်အမှန် နတ်သားရဲတွေကို သတ်နိုင်ခဲ့မယ်ဆိုရင်၊ ငါတို့ရဲ့ အဆင့်အတန်းကလည်း အလိုအလျောက် မြင့်တက်သွားလိမ့်မယ် “
“ အကြီးအကဲ ငါးယောက်ဆီမှာ ထူးခြားတဲ့ စွမ်းအားတွေ ရှိနေတယ်၊ သူတို့က ငါတို့ရဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ကြယ်ပြာဂြိုဟ် သိုင်းပညာရှင်တွေကို သေချာပေါက် သတ်ကြလိမ့်မယ် “
မြေနတ်ဆိုး သားရဲများသည် ထိုကိစ္စကို အပူတပြင်း ဆွေးနွေးနေခဲ့ကြသည်။
ရုတ်တရက်ဆိုသလိုပင်
“ ဘုမ်းးးး “
အားကောင်းသော အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့ကာ၊ ၎င်းနှင့်အတူ ကြီးမားသော လက်ကြီးတစ်ဖက်က အဖော်ပြု လိုက်ပါလာခဲ့ပြီး၊ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကို သယ်ဆောင်ကာ ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့ပြီး၊ မြေနတ်ဆိုး သားရဲများစွာကို ချက်ချင်းချေမွသွားခဲ့သည်။
၎င်းမှာ သတ္တမအဆင့်ကို ကျော်လွန်သည့် စွမ်းအားဖြစ်သည့်အတွက်၊ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီး၊ ဆဌမအဆင့် သားရဲတို့မှာ ၎င်းကို မည်သို့မျှ မခုခံနိုင်ခဲ့ပေ။
မြေနတ်ဆိုး သားရဲများသည် အထိတ်တလန့် ဖြစ်သွားခဲ့ပြီး၊ ထို့နောက်တွင် ကောင်းကင်ထက်သို့ ဒေါသတကြီး မော့ကြည့်လာကြသည်။
“ အဲ့တာက အမှောင်နွားရိုင်း မျိုးနွယ်စုပဲ၊ သူက ငါတို့လူတွေကို ဘာလို့ သတ်ရတာလဲ “
“ ထူးဆန်းတယ်၊ အဆင့်၇က အမှောင်နွားရိုင်းတွေထဲမှာ ဒီတစ်ကောင်ကို ငါဘာလို့ အရင်တုန်းက မမြင်ဖူးခဲ့ရတာလဲ “
ကောင်းကင်ထက်ရှိ ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏လက်ဝါးကို ထပ်မြှောက်ကာ ဤမြေနတ်ဆိုး သားရဲအကုန်လုံးကို အပြတ်ရှင်းရန် ပြင်လိုက်သည်။
………………………………………………………………………………………………………………………………………
အပိုင်း ( 566 )
အဌမအဆင့်သို့ တက်လှမ်းခြင်း၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ ဓမ္မပုံရိပ် ၂
ထိုအခိုက်အတန့်တွင် မြေနတ်ဆိုး သားရဲမျိုးနွယ်စု၏ အနက်ရှိုင်းဆုံး နေရာမှ အစွမ်းထက် အရှိန်အဝါ ငါးခု ပေါ်ထွက်လာခဲ့သည်။
မကြာခင် အချိန်မှာပင် အလင်းတန်းငါးခုသည် ဤနေရာသို့ လျင်မြန်စွာ ပျံသန်းရောက်ရှိလာခဲ့ပြီး၊ အသက်အရွယ် ကြီးရင့်နေပြီဖြစ်သည့် အကြီးအကဲငါးဦးအဖြစ် အသွင်ပြောင်းသွားခဲ့သည်။
၎င်းတို့မှာ မြေနတ်ဆိုး သားရဲမျိုးနွယ်စု၏ သတ္တမအဆင့် ပညာရှင်ငါးဦးပင် ဖြစ်သည်။
ခေါင်းဆောင်လာသော အကြီးအကဲသည် ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုကာ ဒေါသထွက်သွားခဲ့သော်လည်း၊ သူ၏ ဒေါသများကို ဖိနှိပ်ကာ လေးလေးနက်နက် စကားပြောလာခဲ့သည် “ အမှောင်နွားရိုင်း မျိုးနွယ်စုက တာအိုရောင်းရင်း၊ ကျုပ်တို့ကြားမှာ အထင်လွဲနေတာ တစ်ခုခုများရှိနေလို့လား ……. “
ကြယ်တာရာ T-Rex နတ်ဘုရား၏ နယ်ပယ်နှင့် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတို့ကို ထည့်သွင်းစဥ်းစားမိသွားသောအခါတွင် မြေနတ်ဆိုးခေါင်းဆောင်သည် ချက်ချင်း မစွပ်စွဲရဲဘဲ၊ အခြေအနေကို ပထမဦးဆုံး မေးမြန်းရန်သာ ကြံရွယ်ထားခဲ့သည်။
“ နားလည်မှုလွဲတာလား “
ကြယ်တာရာ T-Rex နတ်ဘုရားမှ ပေါ့ပေါ့တန်တန် မေးမြန်းလာခဲ့သည် “ ခုနက ခင်ဗျားရောက်လာတဲ့ အချိန်တုန်းက ဘယ်ခြေနဲ့ လှမ်းခဲ့တာလား၊ ညာခြေနဲ့ လှမ်းခဲ့တာလား “
မြေနတ်ဆိုးခေါင်းဆောင်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သော်လည်း၊ အမှန်အတိုင်း ပြန်ဖြေလာခဲ့သေးသည် “ ဘယ်ခြေထောက်လေ၊ ဘာဖြစ်လို့လဲ “
ကြယ်တာရာ T-Rex နတ်ဘုရားမှ စကားထပ်ပြောလာခဲ့သည် “ ဘယ်ခြေနဲ့ လှမ်းတာကို ငါမကြိုက်ဘူး “
ထို့နောက်တွင် သူသည် အောက်ဘက်တွင် ရှိနေသည့် မြေနတ်ဆိုး သားရဲများကို ဆွဲယူကာ ချက်ချင်း သတ်ဖြတ်လိုက်သည်။
“ သေချင်နေတာပဲ “
ယခုတွင် မြေနတ်ဆိုး ခေါင်းဆောင်သည် တစ်ဖက်လူက ဤနေရာတွင် စော်ကားပြောဆိုရန် ရောက်လာသည်ဆိုသည်ကို နားလည်သွားခဲ့ပြီ ဖြစ်သည်။
သူသည် ဒေါသဖြင့် ချက်ချင်း ဟိန်းဟောက်လိုက်ပြီး၊ တစ်ခြားသော သတ္တမအဆင့် မြေနတ်ဆိုး သားရဲလေးကောင်နှင့်အတူ ကြယ်တာရာ T-Rex နတ်ဘုရားဆီသို့ ပြေးတက်လာတော့သည်။
“ ဘုမ်းးးး “
သတ္တမအဆင့် သားရဲကြီးငါးကောင်က အတူတကွ တိုက်ခိုက်လာခဲ့ပြီး၊ ကောင်းကင်ဘုံ ပြိုကွဲသွားစေမည့်အလား ဖြစ်နေသည့်၊ ခမ်းနားသော မြင်ကွင်းတစ်ခုကို ဖန်တီးလာခဲ့သည်။
မြေနတ်ဆိုး ခေါင်းဆောင်မှ ဟိန်းဟောက်လာခဲ့ရာ၊ သူ၏ကြီးမားသော နတ်ဆိုး စွမ်းအင်များသည် ကြီးမားသော လက်သီးကြီးအဖြစ် ပြောင်းလဲသွားပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားကို ပြင်းထန်စွာ ထိုးနှက်လာခဲ့သည်။
လျှပ်စီးများ လက်လာခဲ့ပြီး၊ မိုးကြိုးပစ်သံများ တဒိုင်းဒိုင်း အော်မြည်လာခဲ့ကာ၊ လေဟာနယ်ပင် ဆက်တိုက် ကွဲအက်သွားခဲ့သည်။
၎င်းမှာ သတ္တမအဆင့်၏ တကယ့်စွမ်းအားဖြစ်ပြီး၊ နတ်စွမ်းရည်များ ထုတ်လွှတ်လိုက်သည့်အခါတွင်၊ ကောင်းကင်ဘုံ သဘာဝ ဖြစ်စဥ်များ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး၊ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ပြသနေခဲ့သည်။
“ အချိန်ကိုက်ပဲ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အူလှိုက်သည်းလှိုက် ရယ်မောနေတော့သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် တိုက်ခိုက်မှုကို လက်သီးထိုးချက်ဖြင့် တုံ့ပြန်လိုက်သည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးပေါ်ရှိ ရွှေနီရောင် ပုံစံကွက်များ တောက်ပလာခဲ့ပြီး၊ ငြိမ်းသက်သွားသော ကြယ်များက ပြန်လည်နိုးထလာသည့်အလား ပတ်ဝန်းကျင်ရှိ အပူချိန်ကိုပင် သိသိသာသာ မြင့်တက်သွားစေခဲ့သည်။
ငြှိမ်းသက်၍ မရသော ကြယ်မီးဖို
“ ဘုမ်းးး “
သူသည် မြေနတ်ဆိုးခေါင်းဆောင်ကို ထိုးချလိုက်ပြီး၊ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတော့သည်။
ခရက်
မြေနတ်ဆိုး ခေါင်းဆောင် ဖွဲ့စည်းထားခဲ့သည့် လက်သီးကြီးသည် တစ်စက္ကန့်ပင်တာရှည်မခံခဲ့ဘဲ၊ ချက်ချင်း ပေါက်ကွဲထွက်သွားခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားကြီး၏ လက်သီးထိုးချက်၏ ကျန်ရှိနေသော အားများသည် မြေနတ်ဆိုးခေါင်းဆောင်ကို ရပ်တန့်၍မရသော အရှိန်အဟုန်ဖြင့် ဆက်လက်ထိုးနှက်သွားခဲ့သည်။
၎င်းတို့အားလုံးမှာ ကြာရှည်နေပုံရသော်လည်း၊ အမှန်တိုင်းပြောရမည်ဆိုပါက ၎င်းတို့မှာ အသက်ရှူကြိမ် အနည်းငယ်တွင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် ဘုမ်းဟူသော အသံနှင့်အတူ သူ၏ခန္ဓာကိုယ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခုပေါ်လာခဲ့ကာ၊ သူသည် ကြိုးပြတ်သွားသည့် စွန်တစ်ကောင်အလား အနောက်သို့ လွင့်ထွက်သွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မြေနတ်ဆိုးခေါင်းဆောင်သည် မြေပြင်ပေါ်သို့ ဆင်းသက်သွားခဲ့သည်၊ သို့သော် သူ၏နှလုံးခုန်သံမှာ ရပ်တန့်နေခဲ့ပြီ ဖြစ်သည်။
ကျန်ရှိနေသည့် သတ္တမအဆင့် မြေနတ်ဆိုးသားရဲလေးကောင်သည် သူတို့၏ ခေါင်းဆောာင်က တိုက်ကွက်တစ်ခုတည်းဖြင့် အသတ်ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသောအခါတွင် အံ့ဩတုန်လှုပ်သွားကြသည်။
သူတို့သည် ကြောက်ရွံ့ထန်လန့်မှုတို့နှင့် ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို ထပ်ကြည့်လာကြသည်။
အဲ့တာ ….. အဲ့တာက အမှောင်နွားရိုင်းလား
အမှောင်နွားရိုင်းမျိုးနွယ်စု၏ အဆင့်အတန်းက ငါတို့ထပ် နည်းနည်းလေး ပိုမြင့်နေပင်မဲ့ ဒီလောက်ကြီးတော့ အစွမ်းမထက်သင့်ဘူးလေ
သို့ရာတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူတို့ကို စဥ်းစားချိန် ပေးမနေခဲ့ဘဲ၊ သူသည် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားဖြင့် ထပ်မံ၍ တိုက်ခိုက်လာခဲ့ကာ၊ အရာအားလုံးကို ချေမှုန်းနေတော့သည်။
ဘုမ်းး
ဘုမ်းး
ဘုမ်းး
ကျန်ရှိနေသည့် သတ္တမအဆင့် သားရဲလေးကောင်သည် တစ်ကွက်ပင် တောင့်မခံနိုင်ခဲ့ဘဲ၊ အပိုင်းပိုင်း အစစအဖြစ် အလွယ်တကူ ချေမွခံလိုက်ရသည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် လက်သီးထိုးချက်များဖြင့် မြေနတ်ဆိုးသားရဲများကို အသားပြားအဖြစ် ပြောင်းလဲပေးနေကာ၊ တစ်ဖက်သတ် သတ်ဖြတ်ပွဲကြီးကို စတင် ကျင်းပနေတော့သည်။
…
သုံးမိနစ်အကြာတွင်
ကြယ်တာရာ T-Rex နတ်ဘုရားသည် စိတ်ကျေနပ်နေသည့် အမူအရာဖြင့် ဧရာမ သားရဲကြီးတို့၏ အလောင်းများကြားတွင် မတ်တပ်ရပ်နေခဲ့သည်။
“ ဆင့်ကဲပြောင်းလဲမှုကို ခံခဲ့ရပြီးတဲ့နောက်မှာ ငါ့ရဲ့ စွမ်းအားက အဆင့်၇ သားရဲ အများစုကို ကိုင်တွယ်ဖို့ လုံလောက်နေပြီ “
“ တကယ်လို့ ငါကသာ ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ်ကို အသက်သွင်းလိုက်မယ်ဆိုရင်၊ အဆင့်၈ သားရဲကတောင် ငါ့ကို ယှဥ်နိုင်တော့မှာ မဟုတ်ဘူး “
ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ်သည် စတုတ္ထအဆင့်တွင် သူနားလည်ခဲ့သည့် နတ်စွမ်းရည်တစ်ခု ဖြစ်သည်။
အဆိုပါ နတ်စွမ်းရည်သည် မူလကိုယ်၏ ဒြပ်စင်ငါးပါး နတ်နည်းစနစ်ထပ်ပင် ပိုမိုသာလွန်နေခဲ့သည်။
ဆဌမအဆင့် နယ်ပယ်တွင် သူသည် တတိယ ပြောင်းလဲမှုဖြစ်သည့်၊ ရွှေနဂါး အသွင်ပြောင်းခြင်းကိုသာလျှင် ပြုလုပ်နိုင်ခဲ့သည်။
သို့သော် ယခုတွင်မူ ကြယ်တာရာ T-Rex နတ်ဘုရားသည် စတုတ္ထပြောင်းလဲမှုဖြစ်သည့် ဘိုးဘေးနဂါး အသွင်ပြောင်းခြင်းကို ပြုလုပ်နေနိုင်ပြီ ဖြစ်သည်။
ထိုအချိန်၌ သူ၏ စွမ်းအားမှာ အဆပေါင်း ဒါဇင်နှင့်ချီ၍ တိုးမြင့်သွားမည်ဖြစ်ပြီး၊ လုံးဝကြောက်မက်ဖွယ်ကောင်းသွားမည် ဖြစ်သည်။
“ ပြီးတော့ အခုဆိုရင် ငါ့ရဲ့ ဘိုးဘေးနဂါး အရိပ်တစ်သောင်း နယ်မြေချိုးဖျက်ခြင်း ကိုယ်ပွားနည်းစနစ်က ကိုယ်ပွား အခုတစ်ရာကျော် ထုတ်လွှတ်နေနိုင်ပြီ “
“ ကိုယ်ပွားတစ်သောင်းဆိုတဲ့ ပမာဏနဲ့ တော်တော်ကြီးကို ဝေးနေသေးပင်မဲ့၊ ကိုယ်ပွားတစ်ရာဆိုတာက အန္တရာယ်အများစုကို ကိုင်တွယ်ဖို့ လုံလောက်နေပြီ “
အဆိုပါ ကိုယ်ပွားတစ်ရာသည် သူ့စွမ်းအား၏ ၅၀%ကို ထုတ်လွှတ်နိုင်ကြပြီး၊ ကြီးမားသော အကူအညီများကို ပေးစွမ်းနိုင်ပေသည်။
သူ၏စွမ်းအားကို ဂရုတစိုက် အကဲဖြတ်လိုက်ခဲ့ပြီးသည့်နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ထပ်မံ၍ ပြုံးနေတော့သည်။
“ ပကတိ အထွတ်အထိပ်ကို ရောက်တဲ့အချိန်အထိ ကမ္ဘာ့ကြယ်မှာ တိုးတက်အောင် လုပ်ရမယ် “
သူသည် ကမ္ဘာ့ကြယ်တွင် ရှိနေသည့် ဧရာမသားရဲကြီးများက သူ့ကို ထောက်ပံ့ပေးကာ သူ၏ တိုးတက်မှုကို မြန်ဆန်သွားစေလိမ့်မည်ဟု ခံစားနေခဲ့ရသည်။
“ ဒီမြေနတ်ဆိုး သားရဲကောင်တွေ ပြောခဲ့တာကတော့ ရှလော်တော်ဝင်မိသားစုက သားရဲမျိုးနွယ်စုကို ခေါင်းဆောင်ပြီးတော့ ကြယ်ပြာဂြိုဟ်ကို တိုက်ခိုက်တော့မယ်တဲ့ “
ရှုကျိုးသည် ထိုကိစ္စကို ရုတ်တရက် အမှတ်ရသွားခဲ့သည်။
ရှလော်မိသားစုနှင့် ပတ်သက်ပြီး၊ သူသည် အနည်းငယ် နားလည်နေခဲ့သည်။
ရှလော်တော်ဝင်မိသားစုနှင့် ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစုသည် ကြယ်ပြာဂြိုဟ်ကို တိုက်ခိုက်နေသည့် အဓိကအင်အားစုများ ဖြစ်သည်။
၎င်းတို့အနက် ရှလော်တော်ဝင်မိသားစု၏ လူအများစုမှာ သားရဲမျိုးနွယ်စုဝင်များဖြစ်ပြီး၊ သူတို့သည် အမှောင်နယ်မြေလမ်းကြောင်းကို တစ်ချိန်လုံး သုတေသန ပြုလုပ်ခဲ့ကြသည်။
ယခုတွင် သူတို့သည် ကြယ်ပြာဂြိုဟ်၏ နဝမအဆင့် ပညာရှင်များက အစီအရင်များကို စတင်ဖျက်စီးနေသည်ကို တွေ့ခဲ့ကြပြီး၊ သူတို့၏ အစီအစဥ် ပျက်စီးသွားမည်ကို စိုးရိမ်နေသောကြောင့် ကြယ်ပြာဂြိုဟ်ကို တိုက်ခိုက်ရန် စီစဥ်နေခဲ့ခြင်း ဖြစ်သည်။
ရှလော်တော်ဝင်မိသားစုက စစ်မြေပြင်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက်၊ ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုသည် ကြယ်ပြာဂြိုဟ်နှင့် အကြီးစား စစ်ပွဲတစ်ပွဲကို စတင်ဆင်နွှဲတော့မည် ဖြစ်သည်။
ထိုအချိန်တွင် ကြယ်ပြာဂြိုဟ်၏ အခြေအနေမှာ ပိုမိုစိုးရိမ်ဖွယ်ကောင်းလာမည် ဖြစ်သည်။
“ ရှလော်တော်ဝင်မိသားစု ……………ငါ့ကို မင်းတို့နဲ့ တိုက်ခိုက်လာရအောင် မလုပ်နဲ့ “ ကြယ်တာရာ T-Rex နတ်ဘုရားမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
သူ၏မူလကိုယ်သည် ပုံရိပ်ယောင် လမင်း တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သည်။
ကိုယ်ပွားဖြစ်သည့် သူကလည်း နောက်ကျကျန်မနေချင်ခဲ့ပေ၊ ရှလော်တော်ဝင်မိသားစုလား။ မင်းတို့ရဲ့ အရသာကရော ဘယ်လိုမျိုး ဖြစ်နေမလဲ
အမှောင်နယ်မြေ၏ သွေးမျိုးဆက် အလွန်တရာ အစွမ်းထက်ပြီး၊ ၎င်းကို စားလိုက်ခြင်းဖြင့် အဆုံးစွန်သော အသွင်ပြောင်းမှုကို ကူညီပေးနိုင်သည်ဟု ကောလဟာလများ ထွက်နေခဲ့သည်။
…
ဤရက်များအတွင်း၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် သတ္တမအဆင့် ကမ္ဘာ့ကြယ် သားရဲများကို အမဲလိုက်ကာ သူ့ကိုယ်သူ အဆင့်မြှင့်တင်နေခဲ့သည်။
ယခုလက်ရှိ သူ၏စွမ်းအားဖြင့်ဆိုပါက အဌမအဆင့်နယ်ပယ်မှ အင်အားကြီး ရန်သူကို မတွေ့ရမချင်း မည်သည့်အန္တရာယ်ကိုမှ ရင်ဆိုင်ရလိမ့်မည် မဟုတ်ပေ။
ဤကဲ့သို့ပင် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် နေ့စဥ် ၅၀%တိုးတက်မှုနှုန်းထားဖြင့် သူ့ကိုယ်သူ အရူးအမူး အဆင့်မြှင့်တင်နေခဲ့သည်။
သူ၏အဆင့်မှာလည်း ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် တဟုန်ထိုး မြင့်တက်လာနေခဲ့သည်။
သတ္တမအဆင့် အဆင့်၄
သတ္တမအဆင့် အဆင့်၅
သတ္တမအဆင့် အဆင့်၆
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် သတ္တမအဆင့် အဆင့်၇သို့ ရောက်ရှိလာခဲ့ပြီး၊ နှောင်းပိုင်း သတ္တမအဆင့် ပညာရှင်တစ်ဦး ဖြစ်သွားခဲ့သည်။
ထိုအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ တိုးတက်မှုအမြန်နှုန်းသည် အနည်းငယ် အရှိန်လျော့သွားခဲ့သည်။
သို့သော် သူသည် ၄၀%ဟူသော နှုန်းထားဖြင့် နေ့စဥ်နေ့တိုင်း တိုးတက်နေသေးသည်။
သတ္တမအဆင့် အဆင့်၈
သတ္တမအဆင့် အဆင့်၉
သတ္တမအဆင့် အဆင့် ၁၀
…
လဝက်ကျော်အကြာတွင်
ကြယ်တာရာ T-Rex နတ်ဘုရားသည် သတ္တမအဆင့် အဆင့်၁၀အထိ ရောက်ရှိလာခဲ့သည်။
“ ဒီတစ်နပ်ပြီးရင် ငါက အဆင့်၈ကို ရောက်ပြီ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် အတော်လေး မျှော်လင့်မိနေခဲ့ကာ၊ စတင်၍ စားသောက်နေတော့သည်။
အစားအသောက်ကို ကီလိုဂရမ် သန်းနှင့်ချီ၍ စားသုံးနေရင်းဖြင့် သူ၏အလေးချိန်မှာ စတင်၍ မြင့်တက်လာပြန်သည်။
တစ်ချိန်တည်းမှာပင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်အတွင်းပိုင်းတွင် ကြီးမားသော အပြောင်းအလဲတစ်ခု စတင်၍ ပေါ်ပေါက်လာခဲ့သည်။
“ ဘုမ်းးး “
မြေငလျင်လှုပ်ခတ်သွားသည့်အလား မီတာ ၂၀၀မြင့်မားသော ပုံရိပ်ကြီးတစ်ခုမှ ဟိန်းဟောက်လာခဲ့သည်။
၎င်းမှာ အရိုးများ အသွင်ပြောင်းခြင်းပင် ဖြစ်သည်။
ယခုလက်ရှိ အချိန်၌ သူ၏ခန္ဓာကိုယ်အတွင်းရှိ အရိုးတစ်ခုချင်းစီတိုင်းက အထွတ်အထိပ် အခြေအနေမျိုးအထိ ဖိသိပ်ခံထားရပြီးပြီ ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ ဤမျှကြီးမားသော ခန္ဓာကိုယ်ကြီးဖြင့် တိုက်ပွဲကြီးများတွင် ပါဝင်နိုင်ခဲ့မည် မဟုတ်ပေ။
ယခုဖြစ်ပွားနေသည့် အသွင်ပြောင်းမှုမှာ ပြီးပြည့်စုံနေပြီးသား ဖြစ်သည့် အခြေခံအုတ်မြစ်ပေါ်တွင် ပိုမိုနက်နဲသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အမြင့်ပိုင်း အဆင့်များသို့ ရောက်လာခဲ့ပြီးသည့်နောက်တွင် ခန္ဓာကိုယ် အသွင်ပြောင်းမှုက အရေးမကြီးတော့ဘဲ၊ ရှေးဦးဝိညာဥ် အသွင်ပြောင်းခြင်းကသာလျှင် အရေးအကြီးဆုံး ဖြစ်နေခဲ့သည်။
အဌမအဆင့်သို့ ရောက်ရှိသွားသည့် အချိန်၌
ကြယ်တာရာ T-Rex နတ်ဘုရား၏ ရှေးဦးဝိညာဥ်၏ အသေးစားပုံစံတစ်ခုသည် သူ၏ ခရမ်းရောင် နန်းတော်အတွင်းမှ ခုန်ထွက်လာခဲ့သည်။
“ ဗွီ “
ရှေးဦးဝိညာဥ်မှ လက်သီးဆုပ်လိုက်ရာ၊ ၎င်း၏ ခန္ဓာကိုယ်သည် ကောင်းကင်ဘုံ၊ ကမ္ဘာမြေတို့နှင့် ပေါင်းစည်းသွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ရှေးဦးဝိညာဥ်မှာ စတင်၍ အသွင်ပြောင်းလာခဲ့သည်။
ရှေးဦးဝိညာဥ်အတွင်းတွင် ထူးဆန်းသော စွမ်းအင်တစ်ခု မွေးဖွားလာသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ ၎င်းမှာ ဓာတ်ကြီးငါးပါး၊ ယင်ယန်နှင့် တစ်ခြားသော လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်သည့် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားရှိ အမျိုးမျိုးသော ဂုဏ်သတ္တိ/စွမ်းအင်တို့ဖြင့် ချိတ်ဆက်နေသည့် စွမ်းအင်အသစ်တစ်ခု ဖြစ်သည်။
၎င်းမှာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ မူလဖြစ်သည်။
“ ဝှစ် “
ရှေးဦးဝိညာဥ်သည် ၎င်း၏ ပါးစပ်ကို ဖွင့်ကာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ မူလအကုန်လုံးကို ၎င်း၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ရှေးဦးဝိညာဥ်သည် လေထုထဲတွင် မျောလွင့်နေခဲ့ပြီး၊ ၎င်း၏ ခန္ဓာကိုယ်မှာလည်း အဆမတန် ကြီးမားပြန့်ကားလာခဲ့သည်။
“ ဘုမ်းးး “
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေးဦးဝိညာဥ်သည် မီတာ ထောင်နှင့်ချီ၍ မြင့်မားသော ဓမ္မပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားတွင် ထင်ထင်ရှားရှား ရပ်တည်နေခဲ့သည်။
“ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေ ဓမ္မပုံရိပ်၊ ပြီးသွားပြီ “
ထိုမြင်ကွင်းကို မြင်လိုက်ရသောအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အဌမအဆင့် ပညာရှင်တို့၏ အထင်ရှားဆုံး အမှတ်အသားမှာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ ဓမ္မပုံရိပ်ပင် ဖြစ်သည်။
အဆိုပါ ဓမ္မပုံရိပ်များသည် မူလဓမ္မပုံရိပ်၊ ရှေးဦးဝိညာဥ် ဓမ္မပုံရိပ် …. စသည်ဖြင့် အမည်အမျိုးမျိုး ကွဲပြားနေခဲ့သည်၊ သို့သော် ၎င်းတို့၏ ဇစ်မြစ်မှာ အတူတူချည်းသာ ဖြစ်နေခဲ့သည်။
ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ ဓမ္မပုံရိပ် ဖွဲ့စည်းခြင်းသည် ရှေးဦးဝိညာဥ်က ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ မူလကို ကျွမ်းကျင်ပိုင်နိုင်နေပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားရှိ အမျိုးမျိုးသော စွမ်းအင်များကို အသုံးချနိုင်ကာ၊ ကမ္ဘာကြီးတွင် ရှိနေသည့် အရာအားလုံးကို ပြောင်းလဲနိုင်သည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
၎င်းမှာ သူက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ တာအိုနှင့် ပေါင်းစည်းသွားကာ၊ တာအို၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီဟုပါ ဆိုလိုနေခြင်း ဖြစ်သည်။
ရှေးဦးဝိညာဥ် ဓမ္မပုံရိပ်သည် တာအိုကို ကိုယ်စားပြုသည့် အရာဖြစ်ပြီး၊ လှုပ်ရှားမှုတိုင်းတွင် ကပ်ဘေးပုံရိပ်များကို ဖြစ်ပေါ်လာစေနိုင်သည်။
ရုတ်တရက်ဆိုသလိုပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်စုံတစ်ခုကို စဥ်းစားမိသွားကာ တစ်ခဏခန့် ငြိမ်သက်သွားတော့သည်။
“ ငါက ကမ္ဘာ့ကြယ်ပေါ်မှာ အဆင့်၈ကို ရောက်သွားတာဆိုတော့၊ ငါပေါင်းစည်းထားတဲ့ တာအိုကလည်း ကမ္ဘာ့ကြယ်ရဲ့ တာအိုပဲပေါ့။ ဒါဆိုရင် ငါက ဒီဟာကို သုံးပြီးတော့ ကမ္ဘာ့ကြယ် တာအိုကို ထိန်းချုပ်နေနိုင်ပြီမဟုတ်ဘူးလား “
………………………………………………………………………………………………………………………………………
အပိုင်း ( 567 )
ရွှေအူတိုင် ဒသမ အသွင်ပြောင်းခြင်း၊ သတ္တမအဆင့်သို့ တက်လှမ်းခြင်း
ကမ္ဘာ့ကြယ်တာအိုကို လှုပ်ခါခြင်းသည် ကမ္ဘာ့ကြယ်၏ အသက်သွေးကြောကို ထိတွေ့ခြင်းနှင့် ညီမျှသည်။
ထိုအချိန်၌ ဤကမ္ဘာတွင် ရှိနေသည့် အဌမအဆင့်နယ်ပယ်မှ ပညာရှင် အကုန်လုံးက အတိုင်းအတာတစ်ခုအထိ ထိခိုက်သွားလိမ့်မည် ဖြစ်သည်။
အနိမ့်ဆုံးအနေဖြင့် သက်ဆိုင်ရာ နတ်စွမ်းရည်များကို ထုတ်လွှတ်ရန်အတွက် မူလတာအိုကို အသုံးပြုနိုင်တော့မည် မဟုတ်ပေ။
“ ဒါကို လုပ်လိုက်တာနဲ့ ပကတိ အထွတ်အထိပ် ပညာရှင်တွေရဲ့ အာရုံကို သေချာပေါက် ဆွဲဆောင်သွားလိမ့်မယ် “
မကြာခင် အချိန်မှာပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ဦးခေါင်းကို ခါရမ်းကာ၊ ရူးသွပ်ဖွယ်ကောင်းသည့် အဆိုပါ အကြံအစည်ကို ဖိနှိပ်လိုက်တော့သည်။
သူသည် ဤနေရာတွင် ရက်အတော်ကြာ ဆက်နေချင်သေးသည်။ အကယ်၍ သူကသာ ပကတိ အထွတ်အထိပ် ပညာရှင်တို့၏ အာရုံများကို ဆွဲဆောင်မိသွားမည်ဆိုပါက၊ သူတို့သည် သူ့အထောက်အထားကို သိသွားမည် ဖြစ်ကာ၊ သူကိုယ်တိုင်ကလည်း မည်သို့မျှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
အရေးအကြီးဆုံးအရာမှာ ယခုလက်ရှိ သူ၏ စွမ်းအားက ကမ္ဘာ့ကြယ်၏ တာအိုကို လှုပ်ခါသွားစေရန် မလုံလောက်သေးခြင်းပင် ဖြစ်သည်။
“ ပကတိ အထွတ်အထိပ်ကို ရောက်သွားပြီးတော့ ဒီက ထွက်သွားမဲ့အချိန်ကျရင်တော့ အဲ့တာကို ကြိုးစားကြည့်ရမယ် “
ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့ကာ၊ ဤကမ္ဘာတွင် ပကတိ အထွတ်အထိပ်သို့ တက်လှမ်းရန် ဆုံးဖြတ်ချက်ချလိုက်သည်။
၎င်းမှာ ဤနေရာရှိ အဆင့်မြင့် သားရဲအများစုက သူ၏ စားသောက်မှုကို ခံရတော့မည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
၎င်းမှာ သူ၏ရေတိုရည်မှန်းချက်တစ်ခုလည်း ဖြစ်သည်။
…
ကြယ်တာရာ T-Rex နတ်ဘုရားက အဌမအဆင့်သို့ ရောက်ရှိသွားသောကြောင့်
ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်၏ စံအိမ်တစ်ခုအတွင်းရှိ
မူလကိုယ်ဖြစ်သည့် ရှုကျိုးသည် သူ၏ ခရမ်းရောင် နန်းတော်ထဲတွင် ပြိုင်ဘက်ကင်း လျှို့ဝှက်စွမ်းအင်တစ်ခု ရုတ်တရက် ပေါက်ထွက်လာသည်ကို ခံစားလိုက်ရသည်။
ခရမ်းရောင် နန်းတော်သည် လျင်မြန်စွာ ပြည့်နှက်သွားခဲ့ပြီး၊ ထို့နောက်တွင် လှိုင်းလုံးများသဖွယ် မငြိမ်သက်ဖြစ်နေသည့် စွမ်းအင်များက သူ၏ ရွှေအူတိုင်အတွင်းသို့ အဆက်မပြတ် တိုးဝင်သွားခဲ့သည်။
“ ဗွီ “
ချက်ချင်းဆိုသလိုပင် ရွှေအူတိုင်မှာ ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါလာခဲ့ပြီး၊ ရွှေအူတိုင် မျက်နှာပြင်ပေါ်ရှိ ရွှေရောင်ပုံစံကွက်များမှာ မြန်မြန်ဆန်ဆန် ကြီးမားပြန့်ကားလာခဲ့သည်။
“ ဘုမ်းးး “
ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် ရှုကျိုးသည် မျက်လုံးများ ရုတ်တရက် ဖွင့်ဟလာခဲ့ပြီး၊ ခမ်းနားထည်ဝါသည့် အရှိန်အဝါတစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲမှ ပွင့်ထွက်လာခဲ့သည်။
“ နောက်ဆုံးတော့ ရွှေအူတိုင် နဝမ အသွင်ပြောင်းခြင်းအဆင့်ကို ရောက်ပြီ “
ဤလဝက်ကျော်အတွင်းတွင် သူသည် ရွှေအူတိုင် ကျင့်ကြံရေးကို အထူးတလည် အာရုံစိုက်နေခဲ့ပြီး လွန်ခဲ့သော ဆယ်ရက်ကပင် ခရမ်းရောင် နန်းတော်၏ စွမ်းအင်ထောက်ပံ့မှု အကူအညီဖြင့် ရွှေအူတိုင် အဌမ အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ရှိထားခဲ့သည်။
ထိုအဆင့်သို့ ရောက်ရှိခဲ့ပြီးသည့်နောက်တွင် ရွှေအူတိုင် ကျင့်ကြံရေး အမြန်နှုန်းမှာ သိသိသာသာ နှေးကွေးသွားခဲ့ပြန်သည်။
မထင်မှတ်ထားစွာဖြင့် ကိုယ်ပွားက အဌမအဆင့်သို့ ရောက်ရှိခဲ့ပြီးသည့်နောက်တွင် သူ၏ ခရမ်းရောင် နန်းတော်အတွင်းရှိ စွမ်းအင်မှာလည်း ပိုမိုအဆင့်မြင့်သွားပုံရသည်။
ချက်ချင်းဆိုသလိုပင်၊ ရွှေအူတိုင် ကျင့်ကြံရေး အမြန်နှုန်းမှာ ဆယ်ဆတိတိ မြင့်တက်လာခဲ့သည်။
“ ဒါက …… အဆင့်၈ စွမ်းအင်ကို သုံးပြီးတော့ ငါ့ကို အားဖြည့်ပေးနေသလိုမျိုး ဖြစ်နေတာပဲ “
၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် သူ၏ဦးခေါင်းကို ခါရမ်းကာ မချိုပြုံးပြုံးသွားခဲ့ရသည်။
အင်မော်တယ် ရွှေအူတိုင်ကို ကျင့်ကြံရခြင်းက အလွန်တရာ ခက်ခဲနေသည်မှာ အံ့ဩဖွယ်ရာ မဟုတ်တော့ပေ။ ကိုယ်ပွားမရှိဘူးဆိုပါက၊ ထိုအဆင့်သို့ ရောက်ရှိရန်အတွက် ဆယ်စုများစွာ ကြာရှည်သည်အထိ အချိန်ယူရမည် ဖြစ်သည်။
“ ဒါပင်မဲ့ အခုတော့ အင်မော်တယ် ရွှေအူတိုင်ကို ရခဲ့ပြီ “
ပြောင်းလဲမှု ကိုးကြိမ်ခံယူထားရသည့် ရွှေအူတိုင်ကို အင်မော်တယ် ရွှေအူတိုင်ဟု ခေါ်ဆိုကြသည်။
ရှုကျိုးသည် သူ၏လက်သီးကို ဆုပ်ကာ ပြိုင်ဘက်ကင်း အသက်စွမ်းအားကို ခံစားကြည့်နေခဲ့သည်။
သူ၏ လက်ဝါးကို ရုတ်တရက် ဆန့်ထုတ်ပြီး လေထဲတွင် အသာအယာ ဝေ့ရမ်းလိုက်ရာ
“ ဒိန်းးးး “
မိုးကြိုးခြိမ်းသံကဲ့သို့သော အသံတစ်သံ ပေါ်ထွက်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပွင့်ထွက်လာခဲ့သည်။
“ အခုဆိုရင် ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနဲ့တောင် ဟင်းလင်းပြင်ကို ဆုတ်ဖြဲနေနိုင်ပြီ “
၎င်းမှာ ဟင်းလင်းပြင် စွမ်းရည်ကို အသုံးပြုလိုက်ခြင်း မဟုတ်ပေ၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတစ်ခုတည်းကိုသာ မှီခို၍ လှုပ်ရှားလိုက်ခြင်း ဖြစ်သည်။
ထို့အပြင် ၎င်းမှာအသာအယာ လက်ဝေ့ရမ်းလိုက်ခြင်းသာ ဖြစ်ပြီး၊ အကယ်၍ အင်အားအပြည့် ထုတ်သုံးလိုက်မည်ဆိုပါက၊ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တစ်ခုလုံးပင် ချက်ချင်း ပြိုကျသွားနိုင်ပေသည်။
“ တကယ်လို့ အမှောင်နယ်မြေ တော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေနဲ့ ထပ်တွေ့ရမယ်ဆိုရင် သူတို့တွေကို အလွယ်တကူ သတ်လို့ရပြီ “
ရှုကျိုးသည် အလွန်တရာ ယုံကြည်ချက် ရှိနေခဲ့သည်။
ရွှေအူတိုင်ကို ကိုးကြိမ်တိုင်တိုင် အဆင့်မြှင့်တင်ခဲ့ပြီးသည့်နောက်တွင် သူသည် သူ၏ ဘဝအဆင့်က အသွင်ပြောင်းလဲသွားပြီး ယခင်ကနှင့် လုံးဝမတူတော့ဘူးဟု ခံစားနေခဲ့ရသည်။
အတိတ်က သူသည် တော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်ကို အနိုင်ယူရန်အတွက် ဝှက်ဖဲအားလုံးကို ဖော်ထုတ်အသုံးပြုခဲ့ရသည်၊ သို့သော် ယခုတွင်ကား လက်ဝေ့ရမ်းလိုက်ရုံဖြင့် ဖိနှိပ်နိုင်တော့မည် ဖြစ်သည်။
၎င်းမှာ အရည်အသွေးပြောင်းလဲသွားခြင်း ဖြစ်ပြီး၊ သူသည် ဆဌမအဆင့််နယ်ပယ်၏ ချုပ်နှောင်မှုများထံမှ လုံးဝကင်းလွတ်သွားခဲ့ပြီ ဖြစ်သည်။
ရှုကျိုးသည် ယခုလက်ရှိ သူ၏အခြေခံ အုတ်မြစ်နှင့်သာဆိုပါက သတ္တမအဆင့်သို့ တက်လှမ်းနိုင်သရွေ့၊ သတ္တမအဆင့် အထွတ်အထိပ်သို့ အချိန်တိုအတွင်း ရောက်ရှိသွားနိုင်သည်ဟုပင် ခံစားနေခဲ့ရသည်။
“ တကယ်လို့ ရွှေအူတိုင် နဝမ အသွင်ပြောင်းခြင်းကတောင် ဒီလိုမျိုး ဖြစ်နေမယ်ဆိုရင်၊ ဒသမ အသွင်ပြောင်းခြင်းဆိုရင်ကော ဘာတွေ ဖြစ်လာနိုင်မလဲ “
ရှုကျိုးသည် စိတ်ထဲတွင် ဖြစ်ပေါ်နေသည့် ပျော်ရွှင်မှုတို့ကို ဖိနှိပ်နေရင်းဖြင့်၊ ပိုမိုမျှော်လင့်နေမိတော့သည်။
သူ၏ ရည်မှန်းချက်မှာ ရွှေအူတိုင် ဒသမ အသွင်ပြောင်းခြင်း ဖြစ်သည်။
အစပိုင်းတွင် အဆိုပါ ရည်မှန်းချက်က အလွန်တရာ အလှမ်းဝေးနေခဲ့ပြီး၊ ကိုယ်ပွား၏ ထောက်ပံ့မှုနှင့်ဆိုလျှင်တောင်မှ လပေါင်းများစွာ ကြာရှည်သည်အထိ အချိန်ယူခဲ့ရမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ယခုတွင် ကိုယ်ပွားက အဌမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သောကြောင့်၊ ရှုကျိုးသည် ထိုရည်မှန်းချက် ပြည့်မြောက်ရန်အတွက် ရက်ပိုင်းမျှသာ အချိန်ယူရတော့မည်ဟု ခံစားလာရတော့လေသည်။
“ ငါက အင်မော်တယ် ရွှေအူတိုင်ကို ပြီးပြည့်စုံတဲ့အဆင့်အထိ ကျင့်ကြံမှ ဖြစ်မယ် “
ရှုကျိုး၏ အကြည့်များ ပြတ်သားနေခဲ့ကာ၊ သတ္တမတစ်ပိုင်းအဆင့် ဆေးလုံးကို ထပ်မံ၍ သောက်သုံးကာ လေ့ကျင့်မှုကို တစ်ဖန်ပြန်၍ စတင်နေတော့သည်။
ဤတစ်ကြိမ်၌ သူသည် ရွှေအူတိုင် ဒသမ အသွင်ပြောင်းခြင်းအဆင့်သို့ မရောက်မချင်း ရပ်တန့်တော့မည် မဟုတ်ပေ။
…
ရှုကျိုးက ကျင့်ကြံရေးကို အာရုံစိုက်နေစဥ်အချိန်၌
ဌာနမှူး ရုံးခန်းအတွင်းတွင်
ရှန့်ဝမ်ချန်းနှင့် လျူချင်းယွမ်တို့ အတူထိုင်နေလျက်ရှိသည်။
လူနှစ်ဦးသည် မကြာခဏ စကားပြောဆိုနေခဲ့ကြသည်၊ သို့သော် ယနေ့တွင်ကား နောက်ထပ် လူတစ်ဦးပါ သူတို့ဘေးနားတွင် ရှိနေခဲ့ပြီး၊ ၎င်းမျာ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ ကျောင်းအုပ်ဖြစ်သူ ဝုချင်းရှန်မှတစ်ပါး အခြားလူ မဟုတ်ပေ။
“ အဘိုးကြီးဝု၊ မင်းက ကွမ်ဟန်က ပြန်ရောက်လာခါစမို့လို့ ဒီကိစ္စကို မယုံတာက ပုံမှန်ပါပဲ “
ရှန့်ဝမ်ချန်းမှ အပြုံးဖြင့် စကားထပ်ပြောလာခဲ့သည် “ ငါတို့က ငါတို့မျက်လုံးတွေနဲ့ အရှင်လတ်လတ်ကြီး မြင်ခဲ့ရတာကွ။ ရှုကျိုးက ရွှေအူတိုင် စတုတ္ထ အသွင်ပြောင်းခြင်းအဆင့်ကို ရောက်နေပြီ၊ အခုတော့ ပဥ္စမအဆင့်ကို ရောက်ဖို့ တံခါးပိတ်ကျင့်ကြံနေတယ် “
ဝုချင်းရှန်မှာ မျက်မှောင်တကြုတ်ကြုတ်သွားခဲ့သည် “ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ နှစ်လအတွင်းမှာပဲ သူက အစောပိုင်း ဆဌမအဆင့်ကနေ ဆဌမအဆင့် အထွတ်အထိပ်ကို ရောက်လာပြီးတော့၊ ရွှေအူတိုင် စတုတ္ထ အသွင်ပြောင်းခြင်းအဆင့်အထိပါ အဆင့်တက်နိုင်ခဲ့တာလား “
“ တကယ်လို့ သူက ဆေးလုံးတွေကို သုံးမယ်ဆိုရင်တောင်မှ၊ ဒီလောက်ကြီး မမြန်သင့်ဘူးလေ “
ရှန့်ဝမ်ချန်းသည် ခေါင်းခါပြလိုက်ကာ၊ ရယ်မောနေတော့သည် “ ဘယ်သူကသိမှာလဲ၊ သူက အထူးနယ်မြေတွေကနေ အခွင့်အလမ်းတစ်ခုခု ရသွားနိုင်တာပဲ “
ဘေးဘက်တွင် ထိုင်နေသည့် လျူချင်းယွမ်ကမူ စကားမပြောခဲ့ဘဲ၊ ရံဖန်ရံခါတွင် ရှုကျိုး၏ စံအိမ်ရှိရာဘက်သို့ ငေးကြည့်ကာ လက်သီးတဆုပ်ဆုပ် ဖြစ်နေခဲ့သည်။
ထိုကဲ့သို့ ဖြစ်နေသည့် သူ့ကို မြင်လိုက်ရသောအခါတွင် ရှန့်ဝမ်ချန်းသည် မပြုံးဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့ကာ အေးအေးလူလူ စကားပြောလာခဲ့သည် “ ချင်းယွမ်၊ စိတ်ပူမနေစမ်းပါနဲ့၊ ရှုကျိုးက ပဥ္စမ အသွင်ပြောင်းခြင်းအဆင့်ကို သေချာပေါက် ရောက်လိမ့်မယ် “
လျူချင်းယွမ်သည် သက်ပြင်းတစ်ချက်ချကာ စကားပြန်ပြောလာခဲ့သည် “ ကျွန်တော်က အဲ့ကိစ္စကို စိတ်ပူနေတာ မဟုတ်ဘူး။ ရှုကျိုးက အစစ်အမှန် သိုင်းပညာဌာနရဲ့ ဒီမျိုးဆက်တွေထဲမှာ အမြင့်ပိုင်းအဆင့်တွေဆီ ရောက်ဖို့ အလားအလာအကောင်းဆုံးလူပါ။ တကယ်လို့ သူတစ်ခုခု ဖြစ်သွားမယ်ဆိုရင်၊ ကျွန်တော် ကြောက်မိတာက …….. “
ထိုအကြောင်းကို ပြောမိသွားသောအခါတွင် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
ဝုချင်းရှန်ကပင် သူဘာကိုပြောချင်လဲဆိုသည်ကို နားလည်နေခဲ့သည်။
လျူချင်းယွမ်သည် ရှုကျိုးက အမြင့်ပိုင်းအဆင့်သို့ တက်လှမ်းရာတွင် ကျရှုံးသွားမည်ကို စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။