အခန်း (၅၆၈-၅၇၀)
Vol. 38 Ch. 568-570
အပိုင်း ( 568 )
ရွှေအူတိုင် ဒသမ အသွင်ပြောင်းခြင်း၊ သတ္တမအဆင့်သို့ တက်လှမ်းခြင်း ၂
ထိုကဲ့သို့ဖြစ်လာမည်ဆိုပါက၊ ၎င်းသည် အစစ်အမှန် သိုင်းပညာဌာန တစ်ခုတည်းကိုသာလျှင် မဟုတ်ဘဲ ကြယ်ပြာဂြိုဟ်တစ်ခုလုံး အပေါ်တွင်ပါ ကြီးမားသော သက်ရောက်မှုတစ်ခုကို ဖြစ်ပေါ်လာစေမည် ဖြစ်သည်။
ယခုလက်ရှိ အချိန်တွင် ရှုကျိုးသည် စင်မြင့်ထက်သို့ ရောက်ရှိနေပြီး၊ မရေမတွက်နိုင်လောက်အောင် များလွန်းလှသည့် မျက်လုံးပေါင်းများစွာက သူ့ကို စောင့်ကြည့်နေလျက်ရှိသည်။ သူ၏ တိုက်ပွဲအောင်မြင်မှုများက အလွန်တရာ တောက်ပလွန်းနေခဲ့ပြီး၊ လူအများစုသည် အစစ်အမှန် သိုင်းပညာဌာန၏ ဤလူငယ်လေးက သတ္တမအဆင့်သို့ တက်လှမ်းကာ အဆင့်မြင့် စစ်သည်တော်တစ်ဦး ဖြစ်လာမည်လားဆိုသည်ကို သိချင်နေကြသည်။
“ ကျွန်တော်လည်း အဆင့်ထိုးဖောက်ဖို့ ကြိုးစားကြည့်ချင်တယ် “ လျူချင်းယွမ်မှ ရုတ်တရက် စကားပြောလာခဲ့သည်။
ရှန့်ဝမ်ချန်းသည် တအံ့တဩ ဖြစ်သွားကာ၊ သူ့ကို အလောတကြီး ကြည့်လာခဲ့သည် “ ချင်းယွမ်၊ မရူးစမ်းနဲ့၊ မင်းရဲ့ နတ်ဝိညာဥ်က ထိခိုက်ထားတယ်၊ မင်းရဲ့ ဒဏ်ရာတွေကလည်း ပြန်မကောင်းသေးဘူး။ အခုအချိန်မှာ အဆင့်တက်ဖို့ ကြိုးစားလိုက်တာက အောင်မြင်နိုင်ခြေ နည်းလွန်းတယ် “
လျူချင်းယွမ်မှ တလေးတနက် ဖြစ်နေသော လေသံမျိုးဖြင့် ပြန်ပြောလာခဲ့သည် “ ကျွန်တော်က လမ်းကြောင်းတစ်ခု ရှာဖို့ ကြိုးစားကြည့်ချင်တယ်၊ အနည်းဆုံးအနေနဲ့ ရှုကျိုးရဲ့ အောင်မြင်မှုနှုန်းကို မြှင့်တင်ပေးနိုင်မဲ့ အကိုးအကားတစ်ခုတော့ ရလာမှာပေါ့ “
ရှန့်ဝမ်ချန်းမှ ခေါင်းခါပြလာခဲ့သည် “ တကယ်လို့ မင်းရှာတွေ့ခဲ့မယ်ဆိုရင်တောင်မှ၊ အဲ့တာက မင်းရဲ့လမ်းပဲ ဖြစ်နေမှာ။ ရှုကျိုးအတွက် တန်ဖိုး ကြီးကြီးမားမား ရှိနေမှာ မဟုတ်ဘူး “
“ ကောင်းကင်လမ်းကြောင်း အဖြတ်ခံလိုက်ရလို့ လူတစ်ယောက်က သူ့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းကိုပဲ ရှာဖွေနိုင်လိမ့်မယ်။ တစ်ခြားလူတစ်ယောက်ရဲ့ လမ်းကြောင်းကို လျှောက်လိုက်တာ အဆင့်၉ကို ရောက်ဖို့ အခက်တွေ့သွားလိမ့်မယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လျူချင်းယွမ်သည် အတွေးယာဥ်ကြောထဲ နစ်မြုပ်သွားကာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ရှန့်ဝမ်ချန်းမှ ဆက်ပြောလာခဲ့သည် “ ဒီတစ်ခါ ရှုကျိုးရဲ့ တံခါးပိတ်ကျင့်ကြံတာက အဆင့်၇ကို တိုက်ရိုက် ရောက်သွားလိမ့်မယ်လို့ ဆိုလိုနေတာ မဟုတ်ဘူး။ အမြင့်ဆုံးအနေနဲ့မှ သူက ရွှေအူတိုင် ပဥ္စမ အသွင်ပြောင်းခြင်းအဆင့်ကို တက်ဖို့ ကြိုးစားနေတာလောက်ပဲ ဖြစ်နေမှာ “
“ အဲ့တာက အမှန်ပဲ၊ အဲ့ကလေးက တော်တော် သတိကြီးတယ် “ လျူချင်းယွမ်မှ ခေါင်းငြိမ့်ပြလိုက်သည် “ သူပြန်ထွက်လာမှ စကားပြောကြတာပေါ့ဗျာ “
ရှန့်ဝမ်ချန်းသည် ဝုချင်းရှန်ကိုကြည့်ကာ စကားပြောလိုက်သည် “ အဘိုးကြီးဝု၊ မင်းပြန်လာတာက တစ်ခုခု ဖြစ်နေလို့လား “
ဝုချင်းရှန်မှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကမ္ဘာ့ကြယ်က နောက်ဆုံးတစ်ခေါက်ကထပ် ပိုပြင်းတဲ့ ထိုးစစ်ကို စလုပ်နေကြပြီ၊ ဘာလို့လဲဆိုတော့ ဒီတစ်ခေါက်မှာ ရှလော်တော်ဝင်မိသားစုကပါ ဝင်လာလို့ပဲ၊ အဲ့တာကြောင့် ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုက ကြယ်ပြာဂြိုဟ်ကို စစ်ကြေညာထားတယ် “
“ ဘာြဖစ်တယ် “
ရှန့်ဝမ်ချန်း၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ကမ္ဘာ့ကြယ် သားရဲမျိုးနွယ်စုကပါ တိုက်ပွဲခေါ်လာပြီလား
အမှောင်နယ်မြေရဲ့ ထိပ်သီးအင်အားစုဖြစ်တဲ့ ရှလော်တော်ဝင်မိသားစုကပါ ဝင်ပါလာတာလား
၎င်းမှာ ကြယ်ပြာဂြိုဟ်အတွက် သတင်းကောင်းတစ်ခု ဟုတ်မနေခဲ့ပေ။
ဝုချင်းရှန်မှ စကားဆက်ပြောလာခဲ့သည် “ ကမ္ဘာ့ကြယ်ရဲ့ ပကတိ အထွတ်အထိပ် ပညာရှင်တွေကလည်း ရှုကျိုးကို လွှဲပေးဖို့အတွက် ငါတို့ကို ဖိအားပေးနေတယ် “
“ ပကတိ အထွတ်အထိပ် ပညာရှင်တွေကပါ ဖိအားပေးနေတာလား “
ရှန့်ဝမ်ချန်း မျက်မှောင်ကြုတ်သွားခဲ့ရသည်။
သူ့ဘေးနားရှိ လျူချင်းယွမ်မှာလည်း အမူအရာ ပြောင်းလဲသွားခဲ့သည် “ ရှုကျိုးက သူတို့အတွက် အဲ့လောက်တောင် အရေးကြီးနေတာလား “
ဝုချင်းရှန်သည် သက်ပြင်းချကာ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကိစ္စက အဲ့လိုဖြစ်လေလေ၊ ငါတို့က ရှုကျိုးကို လက်လွှဲပေးဖို့ မဖြစ်နိုင်လေလေပဲ။ ကမ္ဘာ့ကြယ်ရဲ့ ကောင်းကင်ဘုံ ချိတ်ဆက်မှု စက်ဝန်းက တစ်ခုခုကို တွက်ချက်မိထားပြီးတော့ ရှုကျိုးက စစ်ပွဲကို ပြောင်းလဲပေးနိုင်တဲ့ သော့ချက်တစ်ခု ဖြစ်နေလိမ့်မယ်လို့ စစ်ဌာနရဲ့ အဆင့်၉ ပညာရှင်တော်တော်များများက ခန့်မှန်းထားခဲ့တယ် “
“ ရှုကျိုးက စစ်ပွဲကို ပြောင်းလဲပေးမှာလား
ရှန့်ဝမ်ချန်းနှင့် လျူချင်းယွမ်တို့သည် အကြည့်များ ဖလှယ်လိုက်ကြပြီး၊ ပျော်ရွှင်သွားရမည့်အစား ပိုမိုစိုးရိမ်ပူပန်သွားကြသည်။
ကမ္ဘာ့ကြယ်၏ တွက်ချက်မှုမှာ ရှုကျိုး၏ အခြေအနေက အလွန်တရာ အန္တရာယ်များနေသည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
ရန်သူတို့သည် ရှုကျိုးကို ဖယ်ရှားရန်အတွက် မည်သည့်သနားညှာတာမှုကိုမှ ပြသလိမ့်မည် မဟုတ်ပေ။
“ ရန်သူတွေက ရှေ့တန်းစစ်မြေပြင်မှာ ဖိအားတွေပေးနေပင်မဲ့၊ စစ်ဌာနက ရှုကျိုးကို လုံးဝလွှဲပေးလိုက်မှာ မဟုတ်ဘူး “
ဝုချင်းရှန်မှ စကားထပ်ပြောလာခဲ့သည် “ ဒါပင်မဲ့ အတွင်းမြို့တော်က မိသားစုကြီးတွေအတွက်ကတော့ သူတို့ရဲ့ အတွေးတွေကို ရှင်းရှင်းလင်းလင်း မသိရသေးဘူး “
ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်ပြလိုက်သည်။
ဤစစ်ပွဲကြီးတွင် အတွင်းမြို့တော်မှ အဆိုပါ မိသားစုကြီးများက သူတို့၏ မိသားစုတစ်ခုလုံးကို ရွှေ့ပြောင်းခဲ့ကြပြီး၊ ရှေ့တန်းစစ်မြေပြင်၏ အဓိက အင်အားစုများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
ဆုံးရှုံးမှုကြီးများ ခံစားခဲ့ရသည့် လူတို့မှာလည်း သူတို့သာလျှင် ဖြစ်နေခဲ့လေသည်။
အကယ်၍ ဤကဲ့သို့သာ တိုက်ပွဲ ဆက်ဖြစ်နေမည်ဆိုပါက၊ အတွင်းမြို့တော်မှ မိသားစုတစ်ချို့မှာ မျိုးနွယ်စု တစ်ခုလုံး ပျက်စီးသွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်လာရလိမ့်မည် ဖြစ်သည်။
လျူချင်းယွမ်မှ စကားဆက်ပြောလာခဲ့သည် “ ငြိမ်းချမ်းနေခဲ့တဲ့ အချိန်တုန်းက နိုင်ငံတော်က သူတို့ကို လုပ်ပိုင်ခွင့်တွေ၊ အကျိုးခံစားခွင့်တွေ၊ လူမှုဖူလုံရေးနဲ့ အရင်းအမြစ်တွေ ထောက်ပံ့ပေးထားခဲ့တယ်လေ၊ ဆိုတော့ စစ်ဖြစ်နေတဲ့အချိန်မှာ သူတို့ဝင်ပါလာရတာက ဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါပဲ “
ဝုချင်းရှန်မှ ခေါင်းခါပြလိုက်သည် “ အဲ့တာက ငါတို့ထင်နေတဲ့ဟာလေ၊ ဒါပင်မဲ့ အဲ့ဒီ မိသားစုကြီးတွေကတော့ ငါတို့လိုမျိုး မြင်နေမှာ မဟုတ်ဘူး။ ပြီးတော့ လနတ်ဘုရားဂိုဏ်းကလည်း အဲ့တာကို သုံးပြီးတော့ ပြဿနာအကြီးကြီး ရှာလာနိုင်တယ်။ ဆိုတော့ ငါတို့က ကြိုတင်ကာကွယ်ထားမှ ဖြစ်မယ် “
လျူချင်းယွမ်နှင့် ရှန့်ဝမ်ချန်းတို့သည် တလေးတနက် ဖြစ်နေသော အမူအရာများဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည်။
…
မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။
စံအိမ်အတွင်း၌
ရှုကျိုးသည် တင်ပျဥ်ခွေထိုင်နေကာ မျက်လုံးများကို တင်းတင်းကြပ်ကြပ် မှိတ်ထားခဲ့သည်။
ထိုအခိုက်အတန့်တွင် သူသည် သာမန်သေမျိုးတစ်ဦးကဲ့သို့ မည်သည့်အရှိန်အဝါကိုမှ မထုတ်လွှင့်ထားခဲ့ပေ။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းတွင် တစ်ကမ္ဘာလုံး တုန်လှုပ်သွားစေနိုင်သည့် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပွားနေလျက်ရှိသည်။
“ ဘုမ်းးးး “
ခရမ်းရောင် နန်းတော်၏ စွမ်းအင်စီးကြောင်းများသည် မြစ်များ စီးဆင်းနေသကဲ့သို့ သူ၏ ရွှေအူတိုင်အတွင်းသို့ ဆက်တိုက်တိုးဝင်နေကြသည်။
ရွှေအူတိုင်၏ မျက်နှာပြင်ပေါ်တွင် နောက်ဆုံးသော မီးခိုရောင် ရောင်ခြည်တစ်ခုသာ ကျန်ရှိနေခဲ့သည်။
“ ဗွီ “
ခရမ်းရောင် နန်းတော်၏ စွမ်းအင် ဝင်ရောက်လာမှုနှင့်အတူ၊ ရွှေအူတိုင်သည် အသာအယာ လှုပ်ခါလာခဲ့ပြီး၊ ရွှေရောင် ပုံစံကွက်များမှာလည်း နောက်တစ်ကြိမ် ကြီးမားပြန့်ကားလာခဲ့ပြန်သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းသည် နောက်ဆုံးကျန်ရှိနေသည့် ကွက်လပ်တစ်ခုကို ဖြည့်လိုက်သည့်အလား ဖြစ်နေခဲ့သည်။
ရွှေအူတိုင် တစ်ခုလုံး တုန်ခါလာခဲ့ပြီး၊ ရွှေရောင်အလင်းတန်းတစ်ခုကို ထုတ်လွှင့်လာခဲ့သည်။
ရွှေအူတိုင်တစ်ခုလုံး ရွှေရောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ရွှေအူတိုင် ဒသမ အသွင်ပြောင်းခြင်း
ရွှေအူတိုင် ဒသမ အသွင်ပြောင်းခြင်း ဖြစ်ပေါ်လာမှုနှင့်အတူ၊ ရှေးဦးစွမ်းအားတစ်ခုသည် ရှုကျိုး၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို စတင်၍ သန့်စင်ပေးလာခဲ့သည်။
သူ၏ အရှိန်အဝါက မပြောင်းလဲသွားသော်လည်း၊ သူ၏ ခွန်အားမှာ မြင့်တက်လာခဲ့သည်။
အလွန်အားကောင်းသော အသက်စွမ်းအားတစ်ခုသည် ရွှေအူတိုင်အတွင်းမှ လျှံထွက်လာခဲ့သည်။
“ အချိန်ကျပြီ “
ရှုကျိုးသည် အသက်စွမ်းအားကို အာရုံခံမိသွားခဲ့ကာ၊ သတ္တမအဆင့်သို့ တက်လှမ်းရန် အချိန်ကျလာပြီဟု သဘောပေါက်၊ နားလည်သွားခဲ့သည်။
သူသည် မျက်လုံးများ ထပ်မှိတ်လိုက်ပြီး၊ ရွှေအူတိုင်ကို ပြင်းပြင်းထန်ထန် လှုပ်ခါစေလိုက်သည်။
“ ဗွီ ဗွီ ဗွီ “
ငလျင်တစ်ခု လှုပ်ခတ်နေသကဲ့သို့ အားကောင်းပြင်းထန်သော တုန်ခါမှု လှိုင်းလုံးများ ပေါ်ထွက်လာခဲ့သည်။
ရှုကျိုး၏ လမ်းညွှန်မှုအောက်တွင် ရွှေအူတိုင် အတွင်းရှိ အသက်စွမ်းအားသည် ရုတ်တရက် အဆပေါင်းဒါဇင်နှင့်ချီ၍ မြင့်တက်လာခဲ့သည်။
ဝုန်းးး
ကမ္ဘာတစ်ခု မွေးဖွားလာသည့်အလား နတ်အလင်းတန်းတစ်ခုသည် ရွှေအူတိုင်အတွင်းမှ ပေါ်ထွက်လာခဲ့သည်။
ထို့နောက်တွင် ရွှေအူတိုင်၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်ပေါက်စပြုလာခဲ့သည်။
ခရက် ခရက်
အက်ကွဲကြောင်းများသည် ပိုမိုကြီးမား များပြားလာခဲ့ကာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေအူတိုင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ဘုမ်းးး
ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာခဲ့ကာ ရွှေအူတိုင်မှာလည်း လုံးဝပြိုကွဲသွားခဲ့သည်။
ရွှေရောင် ရှေးဦးဝိညာဥ်သည် ရွှေအူတိုင်အတွင်းမှ ခုန်ထွက်လာခဲ့သည်။
ရှုကျိုးသည် အချိန်အတော်ကြာအားစိုက်၍ ဖန်တီးခဲ့ရသည့် ရွှေအူတိုင်ကို ဖြိုခွဲလိုက်ရခြင်းအတွက် မည်သို့မျှ နောင်တရမနေခဲ့ပေ။
ရွှေအူတိုင် ဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ ၎င်း၏ အတွင်းပိုင်းတွင် ရှိနေသည့် ရှေးဦးဝိညာဥ်အတွက်သာ ဖြစ်သည်။
ရွှေအူတိုင်၏ ကျင့်ကြံရေး အဆင့်က မြင့်မားလေလေ၊ ၎င်းက ပျိုးထောင်ထားသည့် ရှေးဦးဝိညာဥ်က ပိုမိုအားကောင်းလေလေ ဖြစ်သည်။
ရွှေအူတိုင် ဒသမ အသွင်ပြောင်းခြင်းက မွေးထုတ်အားဖြည့်ပေးထားသည့် ရှေးဦးဝိညာဥ်၏ စွမ်းအားမှာ မထင်မှတ်ထားသော အဆင့်မျိုးအထိ ရောက်ရှိနေပြီဖြစ်ပြီး၊ ပေါ်ထွက်လာရုံနှင့်တင် မြေပြင်တစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။
“ ဝရုန်းးးး “
မြေငလျင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ် တစ်ခုလုံး စတင်၍ တုန်ခါလာခဲ့သည်။
ရှုကျိုးကမူ သူ၏ကျင့်ကြံရေး ဖြစ်စဥ်က အရေးအကြီးဆုံး အခိုက်အတန့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ပြင်ပကမ္ဘာ၏ အခြေအနေများကို ဂရုစိုက်မအားသေးပေ။
“ ဗွီ “
ရွှေအူတိုင် အတွင်းမှ ခုန်ထွက်လာသည့် ရွှေရောင် ရှေးဦးဝိညာဥ်သည် ရွှေရောင်စည်းတံဆိပ်တစ်ခုကို ကိုင်ဆောင်ထားပြီး၊ အနက်ရောင် ကောင်းကင်ပြင်ကို မော့ကြည့်နေခဲ့သည်။
“ ဟမ် “
ရှုကျိုးသည် ရှေးဦးဝိညာဥ်၏ လက်ထဲတွင် ရှိနေသည့် ရွှေရောင် စည်းတံဆိပ်ကို ကြည့်ကာ တအံ့တဩ ဖြစ်သွားခဲ့သည် “ အဲ့တာက ဘာကြီးလဲ “
သူသည် ရှေးဦးဝိညာဥ်က စည်းတံဆိပ်တစ်ခုနှင့်အတူ ပေါ်ထွက်လာသည်ဟု တစ်ကြိမ်တစ်ခါမှ မကြားခဲ့ဖူးချေ။
တစ်ခြားသူတွေရဲ့ ရှေးဦးဝိညာဥ်တွေက ဘာမှ မကိုင်ထားဘဲ ထွက်လာကြတာလေ၊ ဟုတ်တယ်မလား
သူ၏ ကိုယ်ပွားဖြစ်သည့် ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း သတ္တမအဆင့်သို့ ရောက်လာခဲ့စဥ်အချိန်က လက်ဗလာဖြစ်နေသည့် ရှေးဦး ဝိညာဥ်ကိုသာ ရရှိခဲ့သည်။
ဘာလို့ ငါ့ရှေးဦးဝိညာဥ်ရဲ့ လက်ထဲမှာ ပစ္စည်းတစ်ခု ရှိနေရတာလဲဟ
အရေးအကြီးဆုံးအရာမှာ ရှုကျိုးမှာ သူ့ရှေးဦး ဝိညာဥ်လက်ထဲတွင် ရှိနေသည့် အဆိုပါ စည်းတံဆိပ်က သူကိုယ်တိုင်နှင့် နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေသည်ဟု ခံစားနေရခြင်းပင် ဖြစ်သည်။
သို့ရာတွင် အသေးစိတ်အချက်အလက်လေးများကို တွေးတောစဥ်းစားနေရန်အတွက် ရှုကျိုးထံတွင် အချိန်မရှိပေ။
ရှေးဦးဝိညာဥ် ပေါ်လာခဲ့ပြီဖြစ်သောကြောင့်၊ ၎င်းအား ကောင်းကင်လမ်းကြောင်းကို ကျော်ဖြတ်စေကာ၊ ခရမ်းရောင် နန်းတော်အတွင်းသို့ စေလွှတ်ရမည် ဖြစ်သည်။
ထိုကဲ့သို့သာမဟုတ်ဘဲ ဟင်းလင်းပြင်အတွင်းတွင် အချိန်အတော်ကြာ ဆက်နေမည်ဆိုပါက၊ အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ပြီး၊ သတ္တမအဆင့်သို့ တက်လှမ်းရာတွင် ခံစားရမည့် အကျိုးအမြတ်များကို အပြည့်အဝ ခံစားနိုင်တော့မည် မဟုတ်ပေ။
“ အဲ့တာက ခရမ်းရောင် နန်းတော်လား “
ရှုကျိုး၏ အမြင်အာရုံသည် ရှေးဦး ဝိညာဥ်ဆီသို့ ကူးပြောင်းသွားခဲ့ပြီး၊ ခရမ်းရောင် နန်းတော်ပေါ်လာသည်ကို မြင်တွေ့သွားခဲ့သည်။
ယခင်က မရေရာမသေချာဘဲ ပုံရိပ်ကဲ့သို့သာ ခံစားနေခဲ့ရသော်လည်း၊ ယခုတွင် ၎င်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့လာခဲ့ရပြီ ဖြစ်သည်။
သူ၏ဦးခေါင်းကို မော့လိုက်ရာ၊ အဆုံးမဲ့ ဟင်းလင်းပြင်နှင့် အမှောင်ထုအထက်တွင် တောက်ပသော အလင်းတန်းတစ်ခု ရှိနေသည်ကို မြင်တွေ့နေခဲ့ရသည်။
၎င်းမှာ ရွှေနှင့် ကျောက်စိမ်းတို့ဖြင့် တောက်ပနေသော နန်းတော်တစ်ခုဖြစ်ပြီး၊ အလွန်တရာ မြင့်မားသည့် အမြင့်တစ်နေရာတွင် မျောလွင့်နေလျက်ရှိပြီး၊ လောင်ကျွမ်းတောက်လောင်နေသည့် နေမင်းသဖွယ် ဘုံကိုးဆင့် ကောင်းကင်အထက်ရှိ အဆုံးမဲ့ အကွာအဝေးတွင် တည်ရှိနေခဲ့သည်။
သူ့အရှေ့တွင် မည်သည့်လမ်းကြောင်းမှ ရှိမနေခဲ့ပေ။
ကောင်းကင်လမ်းကြောင်း အဖြတ်ခံထားရခြင်းမှာ သူသည် တစ်ဖက်ကမ်းသို့ ရောက်ရှိရန်အတွက် ဤအဆုံးမဲ့ ဟင်းလင်းပြင်ကို တစ်ကိုယ်တော် ကျော်ဖြတ်ရမည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
အကယ်၍ သာမန်လူတစ်ဦးကသာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရမည်ဆိုပါက၊ သေချာပေါက် စိတ်ပျက်အားလျော့သွားမည် ဖြစ်သည်။
အသစ်မွေးဖွားလာသည့် ရှေးဦး ဝိညာဥ်သည် ခရမ်းရောင် နန်းတော်၏အားဖြည့်မှုကို မရရှိဘူးဆိုပါက၊ ထိုကဲ့သို့သော ဟင်းလင်းပြင်ကို မည်သို့မှ ကျော်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့ရာ၌ ရှုကျိုး ရှေးဦး ဝိညာဥ်၏ ငယ်ရွယ်နုပျိုသည့် မျက်နှာပေါ်တွင် စိတ်ပိုင်းဖြတ်ထားသည့် အမူအရာတစ်ခု ဖြစ်ပေါ်နေခဲ့သည်။
“ ငါရပ်နေတဲ့ နေရာက ငါ့ရဲ့ ကောင်းကင်လမ်းကြောင်းပဲ၊ ငါ့ရဲ့ အဆင့်၇ လမ်းကြောင်းပဲ “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ ရှေးဦး ဝိညာဥ်သည် စတင်၍ လှုပ်ရှားလာခဲ့ပြီး၊ ရှေ့သို့ လျှောက်လှမ်းနေတော့သည်။
ဘုမ်းး
အမှောင်ထုအတွင်းသို့ ခြေလှမ်းလိုက်သည့် အချိန်တွင် လေဟာနယ် တုန်ခါသွားခဲ့ပြီး၊ ရှေးဦးဝိညာဥ်သည် တဟုန်ထိုး ပြေးဝင်လာသည် လေပြင်းများကို အာရုံခံမိသွားခဲ့သည်။
အဆိုပါ လေပြင်းများသည် အလွန်တရာ အားကောင်းနေခဲ့ပြီး၊ အသစ်မွေးဖွားလာသည့် မည်သည့်ရှေးဦး ဝိညာဥ်ကိုမဆို တစ်စစီ ဆုတ်ဖြဲနိုင်ပေသည်။
ရှုကျိုး၏ ရှေးဦးဝိညာဥ်သည် ရွှေရောင်အလင်းတန်းဖြင့် တောက်နေခဲ့ပြီး၊ ၎င်း၏ ရောင်ခြည်သည် အလင်းတိုင်လုံးတစ်ခုကဲ့သို့ မိုးထိထိုးတက်နေကာ၊ အဆုံးမဲ့ အမှောင်ထုကို ဖြိုခွဲနေခဲ့သည်။
ဝရုန်းးး
ဟင်းလင်းပြင် လှုပ်ခါသွားကာ၊ အမှောင်ထု ယိမ်းယိုင်သွားပြီး၊ ရွှေရောင် ရှေးဦးဝိညာဥ်သည် ကောင်းကင်ဘုံကို ဆန့်ကျင်ကာ၊ အရှေ့သို့ လျှောက်လှမ်းနေတော့သည်။
ရှေဦး ဝိညာဥ်၏ ခန္ဓာကိုယ်ကို ရွှေအူတိုင် ဒသမ အသွင်ပြောင်းခြင်းက ထုလုပ်ဖန်တီးထားခြင်းဖြစ်သည့်အတွက် ၎င်းမှာ အလွန်တရာ ခိုင်ခံ့ကာ တလက်လက် တောက်ပနေလျက်ရှိပြီး၊ လေပြင်းများကို ထိပ်တိုက်ရင်ဆိုင်ကာ၊ အရှေ့သို့ လျှောက်လှမ်း၍ ရွှေရောင် ကောင်းကင်းလမ်းကြောင်းတစ်ခုကို ပုံဖော်တည်ဆောက်နေခဲ့သည်။
………………………………………………………………………………………………………………………………………….
အပိုင်း ( 569 )
ကမ္ဘာမြေ တုန်လှုပ်သွားစေသော ရှာဖွေတွေ့ရှိမှု၊ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေသည့် ထုတ်ပြန်ချက်
ရွှေရောင် ရှေးဦး ဝိညာဥ်သည် လေဟာနယ်အတွင်းတွင် လမ်းလျှောက်ကာ အဆုံးမဲ့ အနက်ရောင် ကောင်းကင်ထက်သို့ တက်လှမ်းနေခဲ့သည်။
ရှေဦး ဝိညာဥ်သည် ခရမ်းရောင် နန်းတော်ဆီသို့ ဦးတည်သွားလာနေခဲ့သည်။ ဤလမ်းကြောင်းသည် လူ့ခန္ဓာကိုယ်ထဲတွင် တည်ရှိနေခြင်း မဟုတ်ဘဲ၊ အဆုံးမဲ့ လေဟာနယ်ကို ကျော်ဖြတ်ရန် လိုအပ်နေခဲ့သည်။
အကြောင်းအရင်းများ ရှုပ်ထွေးလွန်းလှပြီး၊ အရာအားလုံး၏ စမှတ်ဖြစ်သော တာအိုမူလ၏ လျှို့ဝှက်ဆန်းကြယ်မှုများ ပါဝင်နေခဲ့သည်။
ခရမ်းရောင် နန်းတော်က ခန္ဓာကိုယ်ထဲတွင် ရှိနေခဲ့သော်လည်း၊ ရှေးဦး ဝိညာဥ်သည် အထဲသို့ တိုက်ရိုက်မဝင်နိုင်ဘဲ၊ အဆုံးမဲ့ ဟင်းလင်းပြင်အား မလွဲမသွေ ကျော်ဖြတ်ရမည် ဖြစ်သည်။
၎င်းမှာ ကောင်းကင်ဘုံ ခရီးစဥ်အဖြစ် ကျော်ကြားနေခဲ့သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ အကယ်၍ ရှေးဦး ဝိညာဥ်က ခရမ်းရောင် နန်းတော်ဂိတ်ပေါက်ဝသို့ ရောက်ရှိသွားမည်ဆိုလျှင်တောင်မှ၊ တံခါးကို ဖွင့်နိုင်လိမ့်မည် မဟုတ်ပေ။
ရှကျိုး၏ ခရမ်းရောင် နန်းတော်၏ ဂိတ်တံခါးဝက ပွင့်လှစ်နေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်ပြီး၊ သူသည် ရှေးဦး ဝိညာဥ်ကို ခရမ်းရောင် နန်းတော်တွင် တိုက်ရိုက်နေခွင့်ပြုနိုင်ပေသည်။
သို့သော် သူသည် အဆုံးမဲ့ ဟင်းလင်းပြင်ကို ကျော်ဖြတ်ရခြင်းကြောင့် ရှေးဦး ဝိညာဥ်က ပိုမိုသန်မာ၊ အားကောင်းလာနိုင်သည်ဆိုသည့် ကိစ္စကို လျစ်လျူမရှုနိုင်ခဲ့ပေ၊ ထိုကဲ့သို့ ပြုလုပ်လိုက်ခြင်းဖြင့် သူသည် သတ္တမအဆင့်သို့ ထိုးဖောက်ရာတွင် ကြုံတွေ့ရမည့် အကျိုးအမြတ်များကို အပြည့်အဝ ခံစားရတော့မည် ဖြစ်သည်။
“ ဘုမ်းးးး “
အလင်းတန်းတစ်ခုသည် ဟင်းလင်းပြင်အတွင်းတွင် လှည့်ပတ်သွားလာနေလျက်ရှိသည်။
တောက်ပနေသည့် ရွှေရောင် ရှေးဦး ဝိညာဥ်သည် နတ်ဘုရားတစ်ပါးသဖွယ် ဖြစ်နေခဲ့ပြီး၊ အဆုံးမဲ့ လေပြင်းများကို ရင်ဆိုင်ကာ အထက်သို့ တက်လှမ်းနေခဲ့သည်။
သူ၏ အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်နေခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်ဒါဇင်နှင့်ချီ၍ ကျော်ဖြတ်နေခဲ့သည်။
ကောင်းကင်ထက်တွင် မျောလွင့်နေသည့် ခရမ်းရောင် နန်းတော်ကမူ အကွာအဝေးက မည်သို့မှ မကျဥ်းမြောင်းသွားသကဲ့သို့ ဝေးကွာနေစဲဖြစ်သည်။
ရှေးဦး ဝိညာဥ်သည် အရှေ့သို့ ဆက်သွားနေခဲ့သည်။
“ ဒင် ဒင် ဒင် “
အဆုံးမဲ့ လေပြင်းတို့၏ ပြုပြင်ပေးမှုအောက်တွင် ရှေးဦး ဝိညာဥ်၏ ခန္ဓာကိုယ်သည် ပုံမသွင်းရသေးသည့် ကျောက်စိမ်းတုံးတစ်ခုကဲ့သို့ သိသိသာသာ ခိုင်မာလာခဲ့သည်။
ရှေးဦး ဝိညာဥ်၏ တောက်ပမှုသည် တဖြည်းဖြည်း ပိုမိုတောက်ပလာခဲ့သည်။
“ တစ်ခြားလူတွေဆိုရင် ကောင်းကင်လမ်းကြောင်းရဲ့ ကာကွယ်ပေးမှုကို လိုအပ်တယ်၊ သူတို့က ဒီလေပြင်းတွေကို တောင့်မခံနိုင်ကြဘူး “
ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ ငါ့ရဲ့ ရှေးဦးဝိညာဥ်ကတော့ ဒီစမ်းသပ်မှုတွေကို ကျော်ဖြတ်ခဲ့ရတော့ အဆင့်၇ကို ရောက်သွားတဲ့ အချိန်မှာ တစ်ခြားလူတွေရဲ့ ရှေးဦးဝိညာဥ်တွေထပ် ပိုပြီးသန်မာအားကောင်းနေမှာ သေချာတယ် “
အမြင့်ပိုင်းသို့ ပိုရောက်လာလေလေ၊ သူရင်ဆိုင်နေရသည့် လေပြင်းက ပိုမိုအားကောင်းလာလေလေပင် ဖြစ်သည်။
ဤအချိန်၌ အလယ်အလတ်နှင့် နှောင်းပိုင်း သတ္တမအဆင့်ကြားတွင် ရှိနေသည့် ရှေးဦး ဝိညာဥ်ကပင် ချက်ချင်း ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ရှုကျိုးထံတွင် ရွှေအူတိုင် ဒသမ အသွင်ပြောင်းခြင်းဆိုသည့် အုတ်မြစ်ရှိနေခဲ့ပြီး၊ သူ၏ ရှေးဦးဝိညာဥ်မှာ အဆိုပါ လေပြင်းတို့ကို ခုခံနိုင်သည်အထိ လုံလုံလောက်လောက် အားကောင်းနေခဲ့သည်။
ထိုကဲ့သို့သော ထိပ်တိုက်တွေ့ဆုံမှုအောက်တွင် သူ၏ ရှေးဦးဝိညာဥ်သည် ပို၍ သန်မာအားကောင်းလာခဲ့သည်။
တစ်နာရီ
နှစ်နာရီ
နေ့တစ်ဝက်အကြာတွင်
ခရမ်းရောင် နန်းတော်ကို မြင်တွေ့လာခဲ့ရပြီ ဖြစ်သည်။
“ နောက်ဆုံးတော့ ရောက်ခါနီးနေပြီ “
ရှုကျိုးသည် အရှေ့တွင် ရှိနေသည့် ခရမ်းရောင် နန်းတော်ကို ငေးကြည့်ကာ မအောင့်ထားနိုင်တော့ဘဲ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် ရှေးဦး ဝိညာဥ်၏ အမြင်အာရုံမှတစ်ဆင့်၊ သူ့ကိုယ်သူ စစ်ဆေးကြည့်ရှုလိုက်ရာ၊ လေပြင်းတို့၏ မညှာမတာ တိုက်ခိုက်မှုများကြောင့် ရှေးဦး ဝိညာဥ်၏ ခန္ဓာကိုယ်တွင် အပေါက်များဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသည်။
ထိုးဖောက်ခံထားရသည့် အဆိုပါ ဒဏ်ရာများကြောင့် ရှေးဦး ဝိညာဥ်၏ တောက်ပမှုမှာ လေတိုက်ရုံဖြင့် မီးငြိမ်းသွားတော့မယောင် ဖြစ်နေသည့်အလား မှိန်ဖျာ့နေလျက်ရှိသည်။
သို့သော် ရှုကျိုးကမူ ပြိုင်ဘက်ကင်းစွမ်းအားများကို ခံစားနေခဲ့ရလေသည်။
“ နေ့တစ်ဝက်လောက် ကြိုးစားနေခဲ့ပြီးတဲ့နောက်မှာ၊ ငါ့ရဲ့ ရှေးဦး ဝိညာဥ်က ရွှေအူတိုင်ကနေ မွေးလာခဲ့တဲ့ အချိန်တုန်းကထပ် အနိမ့်ဆုံးအနေနဲ့ ဆယ်ဆအထိ ပိုအားကောင်းနေပြီ “
၎င်း၏ အသွင်အပြင်က စုတ်ပြတ်သပ်နေသော်လည်း၊ ၎င်း၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် စွမ်းအင်မှာ တိုင်းတာ၍ မရနိုင်တော့သည်အထိ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
“ ဒီတံခါးဝကို ကျော်ဖြတ်ဖို့ အချိန်ကျပြီ “
ရှုကျိုးသည် အရှေ့ဘက်သို့ ငေးကြည့်နေပြီး၊ သူကသာ ခရမ်းရောင် နန်းတော်ဆီသို့ ရောက်သွားသရွေ့၊ သတ္တမအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားမည်ဆိုသည်ကို သိနေခဲ့သည်။
“ ရှူးးးး “
ရှေ့သို့ ဆက်လက်၍ လျှောက်လှမ်းနေခဲ့ရာ၊ ရှေးဦးဝိညာဥ်သည် ခရမ်းရောင် နန်းတော်ဆီသို့ မဆုတ်မနစ် ချီတက်နေတော့သည်။
“ ဘုမ်းး “
ရှေးဦး ဝိညာဥ်က ခရမ်းရောင် နန်းတော်၏ အရှေ့သို့ ရောက်ရှိလာသောအချိန်တွင် နွေးထွေးသော စွမ်းအင်တစ်ခုသည် ရှေးဦး ဝိညာဥ်ကို ဖုံးလွှမ်းလာခဲ့သည်။
ထို့နောက်တွင် ရှေးဦး ဝိညာဥ်၏ ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းသွားခဲ့ပြီး၊ ယခင်ကထပ် ဆယ်ဆသာလွန်သည့် တောက်ပမှုဖြင့် တစ်ဖန်ပြန်၍ လင်းလက်လာခဲ့သည်။
“ ဒါက ခရမ်းရောင် နန်းတော်က ရှေးဦးဝိညာဥ်ကို ပေးတဲ့ လက်ဆောင်ပဲ “
ရှုကျိုးသည် သဘောတရားကို ချက်ချင်း နားလည်သွားခဲ့သည်။
ရှေးဦး ဝိညာဥ်က စမ်းသပ်မှုကို တောင့်ခံကျော်ဖြတ်နိုင်ခဲ့ကာ တစ်ဖက်ကမ်းသို့ အောင်မြင်စွာ ရောက်ရှိလာမှသာလျှင် ဤလက်ဆောင်ကို ရရှိမည် ဖြစ်သည်။
သူသည် ကိုယ်ပိုင်လမ်းကြောင်း မရှိဘဲ ဟင်းလင်းပြင်ကို ကျော်ဖြတ်ခဲ့သောကြောင့်၊ သူခံစားရသည့် အကျိုးအမြတ်မှာ အလွန်တရာ ကြွယ်ဝနေခဲ့သည်။
“ ဒီလို စွမ်းအင်မှုမျိုးက ရွှေအူတိုင်ကို ကျင့်ကြံခဲ့ရတဲ့ အချိန်တုန်းကထပ် အဆတစ်ရာလောက် ပိုအားကောင်းနေတာပဲ “
ရှုကျိုးသည် မအံ့ဩဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။
ယခင်က ရွှေအူတိုင်ကို ကျင့်ကြံနေခဲ့စဥ် အချိန်တွင် ခရမ်းရောင် နန်းတော်မှ လျှံထွက်လာခဲ့သည့် စွမ်းအင်က အလွန်တရာ အားနည်းသော ထုတ်ကုန်တစ်ခုသာလျှင် ဖြစ်နေခဲ့သည်။
ခရမ်းရောင် နန်းတော်၏ အစစ်အမှန် စွမ်းအားမှာ မယုံနိုင်ဖွယ်ကောင်းလောက်သည်အထိ ကြီးမားနေခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရှေးဦး ဝိညာဥ်၏ ဒဏ်ရာများ အပြည့်အဝ ပျောက်ကင်းသွားခဲ့ပြီး၊ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သလင်းကျောက်ကဲ့သို့ ကြည်လင်လာခဲ့ကာ၊ ၎င်း၏ အလင်းတန်းမှာလည်း နတ်ဘုရား၏ ရောင်ခြည်တော်အလား တောက်ပနေခဲ့သည်။
ပြိုင်ဘက်ကင်း စွမ်းအင်တစ်ခုသည် ရှုကျိုး၏ စိတ်ဝိညာဥ်ကို ဖုံးလွှမ်းလာခဲ့သည်။
“ ခရမ်းရောင် နန်းတော်ရဲ့ အပြင်ဘက်မှာ နေနေရုံနဲ့တင် ဒီလိုလက်ဆောင်မျိုးတွေ ရတာလား “
ရှုကျိုးသည် မျှော်လင့်တကြီး ဖြစ်သွားခဲ့သည် “ ဒါဆိုရင် အထဲမှာ နေရတာက ပိုပြီးတော့ အံ့ဩဖို့ကောင်းနေမှာလား “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုးသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ၊ ရှေးဦး ဝိညာဥ်ကို ခရမ်းရောင် နန်းတော်အတွင်းသို့ ဝင်သွားစေလိုက်သည်။
“ ဘုမ်းးးး “
ချက်ချင်းဆိုသလိုပင် ယခင်ကထပ် အဆတစ်ရာသာလွန်သည့် စွမ်းအင်တစ်ခုသည် ရှေးဦး ဝိညာဥ်ထံသို့ ဒလဟော ကျဆင်းလာခဲ့သည်။
“ ဒါက ……. “
ရှုကျိုးသည် ခရမ်းရောင် နန်းတော်အတွင်းတွင် ရှိနေသည့် စွမ်းအားက အရည်အဖြစ် ဖွဲ့တည်လုမတတ် ဖြစ်နေပြီး၊ ခရမ်းရောင် နန်းတော်တစ်ခုလုံးတွင် ပြည့်နှက်နေသည်ကို မြင်တွေ့သွားကာ၊ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။
ရှေးဦး ဝိညာဥ်က အထဲသို့ လျှောက်လှမ်းသွားသည်နှင့်တစ်ပြိုင်နက် ကြီးမားကျယ်ပြန့်သော စွမ်းအင်သမုဒ္ဒရာတစ်စင်းအတွင်းသို့ ဝင်သွားရသည့်အလား ဖြစ်နေခဲ့ကာ၊ စွမ်းအင်ကို လွတ်လွတ်လပ်လပ် စုပ်ယူနေနိုင်ခဲ့သည်။
“ ငါ့ရဲ့ ခရမ်းရောင် နန်းတော်က ဒီလောက်တောင် ကျယ်တာလားဟ “
ရှုကျိုးသည် အံ့ဩမှင်သက်သွားခဲ့သည်။
တစ်ခြားသော ပညာရှင်များကမူ သတ္တမအဆင့်သို့ ရောက်လာခဲ့ကာ၊ ရှေးဦးဝိညာဥ်များကို ခရမ်းရောင် နန်းတော်များအတွင်းသို့ ပို့လွှတ်လိုက်ပြီးသည့်နောက်တွင်၊ ခရမ်းရောင် နန်းတော်က စွမ်းအင်ထုတ်လုပ်နိုင်ရန်အတွက် အချိန်အတိုင်းအတာတစ်ခုအထိ ကျင့်ကြံရမည် ဖြစ်သည်။
ထိုအချိန်မှသာလျှင် ခရမ်းရောင် နန်းတော်က ရှေးဦး ဝိညာဥ်ကို စွမ်းအင်ဖြင့် အားဖြည့်ပေးနိုင်မည် ဖြစ်သည်။
သို့သော် ယခုတွင်ကား သူ၏ ခရမ်းရောင် နန်းတော်အတွင်းတွင် ရှိနေသည့် စွမ်းအင်မှာ သမုဒ္ဒရာတစ်စင်းကဲ့သို့ ကြီးမား ကျယ်ပြန့်နေခဲ့ကာ၊ သုံးမကုန်နိုင်လောက်သည်အထိ ဖြစ်နေခဲ့သည်။
“ ဟုတ်သားပဲ၊ ကိုယ်ပွားက အဆင့်တက်သွားတဲ့ အချိန်မှာ ပြန်ပို့ပေးလာခဲ့တဲ့ စွမ်းအင်တွေက ဒီနေရာမှာ လာစုနေတာပဲ ဖြစ်ရမယ် “
၎င်းကို နားလည်သွားသောအခါတွင် ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
ဤမျှကြွယ်ဝသော စွမ်းအင်များသည် သူ၏ ရှေးဦးဝိညာဥ်ကို သတ္တမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားစေရန်အတွက် လုံလောက်သည်ထပ်ပင် ပိုနေခဲ့သည်။
အဌမအဆင့်ကိုပင် ရောက်ရှိသွားနိုင်ပေသည်။
“ ဒီရွှေရောင် စည်းတံဆိပ်က ……… “
ရှုကျိုးသည် ရှေးဦးဝိညာဥ်၏ လက်ထဲတွင် ရှိနေသည့် ရွှေရောင် စည်းတံဆိပ်ကို ကြည့်ကာ အတွေးနက်သွားခဲ့သည်။
………………………………………………………………………………………………………………………………
အပိုင်း ( 570 )
ကမ္ဘာမြေ တုန်လှုပ်သွားစေသော ရှာဖွေတွေ့ရှိမှု၊ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေသည့် ထုတ်ပြန်ချက် ၂
အစောပိုင်း အချိန်များအတွင်းက ရှေးဦး ဝိညာဥ် မွေးဖွားလာခဲ့သည့် အချိန်တွင်၊ သူသည် ကောင်းကင်လမ်းကြောင်းကို လျှောက်လှမ်းရန် စိတ်အားထက်သန်နေခဲ့သောကြောင့် ၎င်းကို မစစ်ဆေးနိုင်ခဲ့ပေ။
ယခု အနီးကပ် ကြည့်ရှုစစ်ဆေးခဲ့ပြီးသည့်နောက်၌၊ သူသည် အဆိုပါ စည်းတံဆိပ်က လူသား ဧကရာဇ် စည်းတံဆိပ်နှင့် အနည်းငယ်တူညီနေသည်ဆိုသည်ကို သိရှိသွားခဲ့သည်။
“ ငါက ဒီစည်းတံဆိပ်ကို အသက်သွင်းဖို့အတွက် လူသား ဧကရာဇ် စည်းတံဆိပ်ရဲ့ ကျင့်ကြံရေး နည်းစနစ်ကို သုံးလိုက်သင့်လား “
၎င်းကို တွေးမိသွားသည်နှင့်တစ်ပြိုင်နက် ရှေးဦး ဝိညာဥ်၏ လက်သေးသေးလေးများသည် စည်းတံဆိပ်များကို လျင်မြန်စွာ ရေးဆွဲနေတော့သည်။
ကံဆိုးစွာဖြင့် မည်သည့်ရလဒ်မှ မပေါ်ထွက်လာခဲ့ပေ၊ လူသား ဧကရာဇ် စည်းတံဆိပ်ကို အသက်သွင်းလိုက်သော်လည်း၊ အဆိုပါ ရွှေရောင် စည်းတံဆိပ်မှာ မည်သို့မျှ မတုံ့ပြန်လာခဲ့ပေ။
“ ထူးဆန်းတယ်၊ ဒီရွှေရောင် စည်းတံဆိပ်က ငါ့ရဲ့ ရှေးဦးဝိညာဥ်နဲ့ အတူ မွေးဖွားလာခဲ့တာလေ၊ ဒါပင်မဲ့ ဒီဟာကို ဘယ်လိုသုံးရမလဲဆိုတာကို ငါမသိသေးဘူး “
ရှုကျိုးသည် ရွှေရောင်စည်းတံဆိပ်ကို ကြည့်ကာ ပို၍ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် အဆိုပါ စည်းတံဆိပ်မှာ ရုတ်တရက် တောက်ပလာခဲ့ပြီး၊ သူဖန်တီးသွားခဲ့သည့် လူသားဧကရာဇ် စည်းတံဆိပ်ကို ဝါးမြိုသွားခဲ့သည်။
“ ဟမ် “
ရှုကျိုးသည် ရှေးဦး ဝိညာဥ်၏လက်ထဲတွင် ရှိနေသည့် စည်းတံဆိပ်က စွမ်းအင်များ စုစည်းနေသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
“ ဒီရွှေရောင် စည်းတံဆိပ်က ဝိညာဥ်ဖိနှိပ်မှု လက်စွပ်လိုမျိုး စွမ်းအင်သိုလှောင်နိုင်တာများလား “ ရှုကျိုးမှ ထင်ကြေးပေး မှန်းဆနေတော့သည်။
တစ်ခဏ အကြာတွင် သူမှားနေမှန်း သိရှိသွားခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် စွမ်းအင်စုစည်းခဲ့ပြီးသည့်နောက်တွင် ရွှေရောင် စည်းတံဆိပ်သည် ထပ်မံ၍ မှိန်ဖျော့သွားခဲ့ပြီး၊ မည်သည့်အရာကိုမှ အာရုံမခံနိုင်တော့သောကြောင့် ဖြစ်သည်။
“ ထူးဆန်းတဲ့ ပစ္စည်းပဲ “
ရှုကျိုးသည် တိုးညှင်းစွာ ရေရွတ်ပြောဆိုနေခဲ့ပြီး၊ စူးစမ်းလေ့လာနေခြင်းကို ရပ်တန့်လိုက်သည်။
“ တော်တော်ကြီးကို စွမ်းတာပဲ “
သူ၏ အသိစိတ်က သူ၏ခန္ဓာကိုယ်ဆီသို့ ပြန်ရောက်လာခဲ့သည့် အချိန်တွင်၊ သူသည် သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ရှေးဦးစွမ်းအားကို ချက်ချင်း ခံစားမိသွားခဲ့သည်။
ရှေးဦး စွမ်းအင်က ခရမ်းရောင် နန်းတော်အတွင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက်၊ ၎င်းသည် သူက ဆဌမအဆင့်နယ်ပယ်ကို ကျော်လွန်ကာ သတ္တမအဆင့်သို့ ရောက်ရှိသွားပြီဟု ဆိုလိုနေခြင်း ဖြစ်သည်။
ဤကာလအတွင်းတွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က ဆက်တိုက် အသွင်ပြောင်းကာ ပြောင်းလဲတိုးတက်လာမည် ဖြစ်သည်။
သို့ရာတွင် ရှုကျိုးသည် ရှေးဦး ဝိညာဥ်ကိုသာလျှင် အာရုံစိုက်နေခဲ့သောကြောင့် ၎င်းတို့ကို အသေးစိတ် သတိမပြုမိခဲ့ပေ။
ယခု သူ၏ အသိစိတ်က သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာသည့် အချိန်တွင်၊ သူသည် အံ့ဖွယ်ကောင်းသည့် အပြောင်းအလဲများကို ချက်ချင်း သတိပြုမိသွားခဲ့သည်။
“ ဖူးးး “
ရှုကျိုးမှ လေထုကို ဖမ်းဆုပ်ရန် လက်ဆန့်တန်းလိုက်ရာ၊ သူ့အရှေ့ရှိ ဟင်းလင်းပြင်သည် ‘ ထပ် ထပ်’ ဟူသော အသံနှင့်အတူ ဖန်သားကဲ့သို့ ကွဲအက်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရာနှင့်ချီသော အက်ကွဲကြောင်းလေးများ ဖြစ်တည်လာခဲ့ကာ၊ ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွားခဲ့သည်။
အဆိုပါ အက်ကွဲကြောင်းများက အန္တရာယ် ရှိပုံမရပေ၊ သို့သော် ၎င်းနှင့် ထိတွေ့မိမည်ဆိုပါက၊ ဆဌမအဆင့် ပညာရှင်တစ်ဦးကပင် ချက်ချင်း သေဆုံးသွားလိမ့်မည် ဖြစ်သည်။
“ အခုဆိုရင် ငါက လက်ကို ပေါ့ပေါ့ပါးပါး ဝေ့ရမ်းလိုက်တာနဲ့ မိုင်တစ်ရာအတွင်းမှာ ရှိတဲ့ အရာအားလုံးကို ဖျက်စီးနေနိုင်ပြီ “
သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် စွမ်းအားကို ခံစားလိုက်ရသောအခါတွင် ရှုကျိုးသည် မအံ့ဩဘဲ မနေနိုင်လောက်သည်အထိ ဖြစ်သွားခဲ့သည်။
ယခုတွင် သူသည် လမ်းလျှောက်နေသည့် နျူကလီးယား ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။
အဓိက အရာမှာ ဤနျူကလီးယား ဗုံးသည် အလွန်တရာ မြန်ဆန်သော အမြန်နှုန်းဖြင့် ရွေ့လျားနိုင်ပြီး၊ ၎င်းကို ကြားဖြတ်ဟန့်တားရန်အတွက် မည်သည့်အဆင့်မြင့် ပဲ့ထိန်းဒုံးကျည်မှ ရှိမနေခဲ့ပေ။
အဌမအဆင့် (သို့) ၎င်း၏အထက်မှ ပညာရှင်များ မရှိသရွေ့၊ သူသည် မည်သည့်မြို့ကိုမဆို အလွယ်တကူ ဖျက်စီးနေနိုင်ပြီ ဖြစ်သည်။
“ ဟမ် “
ထိုအခိုက်အတန့်တွင် ရှုကျိုးသည် သူ၏ခန္ဓာကိုယ်ကို ကြည့်ကာ အမူအရာ ပြောင်းလဲသွားခဲ့သည်။
သတ္တမအဆင့်သို့ ရောက်လာခဲ့ပြီးသည့်နောက်၌ သူ၏ခန္ဓာကိုယ်တွင် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည့်ပုံပင်။
ဥပမာအားဖြင့် သွေးကြောမှတ် လည်ပတ်မှု၊ ကလီစာငါးခု နတ်သန္ဓေသားနှင့် တစ်ခြားသော သေးငယ်သည့် အရာများမှာလည်း ပြောင်းလဲသွားခဲ့သည်။
သူ၏ ယခုလက်ရှိ အမြင်အရ၊ အဆိုပါ အစိတ်အပိုင်းများသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ မူလနှင့်ကိုက်ညီနေခဲ့ကာ၊ ဤကမ္ဘာ၏ တာအိုမူလနှင့် နီးကပ်စွာ ချိတ်ဆက်နေလျက်ရှိသည်။
သို့သော် အရေးအကြီးအဆုံး အရာမှာ သူ၏ ခန္ဓာကိုယ်ထဲတွင် သွေးကြောမှတ်များ ထပ်မံ၍ ပေါ်လာခြင်းပင် ဖြစ်သည်။
ယခင်က သူသည် သွေးကြောမှတ် အကုန်လုံးကို သွေးကြောမှတ် တစ်ခုတည်းအဖြစ် ပေါင်းစည်းခဲ့ပြီး၊ သွေးကြောမှတ် လည်ပတ်မှုကို ဖွဲ့စည်းခဲ့သည်။
သို့သော် ယခုတွင်ကား ၎င်းတို့က သူ၏ခန္ဓာကိုယ်ထဲတွင် တစ်ဖန်ပြန်၍ ပေါ်လာခဲ့ပြီ ဖြစ်သည်။
“ မဟုတ်ဘူး၊ ဒါက ငါအရင်တုန်းက ဖွင့်ခဲ့တဲ့ သွေးကြောမှတ်တွေ မဟုတ်ဘူး “
ရှုကျိုး၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့ကာ၊ မယုံကြည်နိုင် ဖြစ်သွားခဲ့သည် “ ဒါတွေက အသစ်ပေါ်လာခဲ့တဲ့ သွေးကြောမှတ်တွေပဲ။ အရင်က ဟာတွေနဲ့ နေရာတူနေပင်မဲ့၊ အခုပေါ်လာတဲ့ သွေးကြောမှတ် တစ်ခုချင်းစီတိုင်းက မတူတဲ့ အဓိပ္ပါယ်တစ်ခုချင်းစီတိုင်းကို ကိုယ်စားပြုနေတယ် “
သတ္တမအဆင့်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် သူ၏ စိတ်စွမ်းအားမှာလည်း လုံးဝတိုးတက်လာခဲ့သည်။
သူသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ တာအိုနှင့် အရာအားလုံး၏ မူလဇစ်မြစ်ကို ပိုမိုနက်ရှိင်းစွာ နားလည်နေခဲ့ပြီ ဖြစ်သည်။
အရာဝတ္ထုများအပေါ်တွင် ရှိနေသည့် သူ၏အမြင်က ယခင်ကနှင့် တူညီမနေတော့ပေ။
၎င်းသည် သူ့အား သူ၏ခန္ဓာကိုယ်ထဲတွင် ပေါ်ပေါက်လာသည့် သွေးကြောမှတ်များက ရိုးရှင်းသော အရာများ မဟုတ်ဘူးဆိုသည်ကို ချက်ချင်း မြင်တွေ့သွားစေခဲ့သည်။
“ ဒီသွေးကြောမှတ်တွေ၊ တစ်ခုချင်းစီတိုင်းက ထူးခြားတဲ့ လမ်းကြောင်းတစ်ခုစီကို ကိုယ်စား ပြုနေသလိုပဲ “
“ မီးတာအို၊ ရေတာအို၊ သစ်သားတာအို …….. “
“ မိုးကြိုးတာအို၊ အမှောင်တာ …. “
“ ဒီသွေးကြောမှတ်တစ်ခုချင်းစီတိုင်းက ဒီကမ္ဘာရဲ့ လမ်းကြောင်းတစ်ခုချင်းစီတိုင်းကို တကယ်ကြီး ကိုယ်စားပြုနေတာပဲ။ အဲ့တာကြောင့် ဘယ်လမ်းကြောင်းကို ရွေးချယ်ဆိုတာအတွက် အဆင့်၁မှာတည်းက အဲ့တာကို ဖွင့်လိုက်ရုံပဲ “
“ နောက်တစ်မျိုးပြောရမယ်ဆိုရင် အဆင့်၁ ပညာရှင်တွေက သွေးကြောမှတ်တွေ အများကြီး ဖွင့်စရာမလိုဘူး၊ သွေးကြောမှတ်တစ်ခုတည်းကိုပဲ ဖွင့်ဖို့ လိုအပ်တာ “
“ ဒါပင်မဲ့ သွေးကြောမှတ်ကို တိတိကျကျ ဖွင့်မှဖြစ်မယ်၊ ဒါမှမဟုတ် အဲ့တာက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ တာအိုလမ်းကြောင်းကနေ ချော်ထွက်သွားလို့မရဘူး။ တစ်လက်မလောက် လွဲသွားတာနဲ့ တစ်မိုင်လောက် လမ်းချော်သွားနိုင်တယ် “
ရှုကျိုး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ဤရှာဖွေတွေ့ရှိမှုသည် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေမည် ဖြစ်သည်။
သွေးကြောမှတ် တစ်ခုတည်းသာ ဖွင့်လှစ်ရခြင်းသည် ကျင့်ကြံရေး အချိန်ကို သိသိသာသာ လျော့ချပေးမည်ဖြစ်ပြီး၊ ဒုတိယအဆင့်တွင် ပြုလုပ်ရမည့် သွေးကြောမှတ် ပေါင်းစည်းခြင်းကိုပါ ကျော်နိုင်သွားမည် ဖြစ်သည်။
အထူးသဖြင့် အစစ်အမှန် သိုင်းပညာဌာနအတွက်ဖြစ်ပြီး၊ ပထမအဆင့် ကျင့်ကြံရေးသည် အလွန်တရာ နာကျင်ရပြီး၊ လူတော်တော်များများမှာ ၎င်းကို တောင့်မခံနိုင်ကြပေ။
သို့သော် သွေးကြောမှတ် တစ်ခုတည်းသာ ဖွင့်လှစ်ရမည်ဆိုပါက အရာအားလုံး ရိုးရှင်းသွားတော့မည် ဖြစ်သည်။
“ အရေးအကြီးဆုံး အရာက အစစ်အမှန် သိုင်းပညာဌာနက အဆင့်၇ကို တက်တဲ့ အချိန်ကျရင် သွေးကြောမှတ် လမ်းကြောင်းကို သုံးပြီးတော့ အဆင့်၇ကို တိုက်ရိုက်သွားလို့ရတယ်၊ အဲ့တာဆိုရင် ကောင်းကင်လမ်းကြောင်း ပြတ်နေတဲ့ ပြဿနာကိုလည်း ဖြေရှင်းနိုင်ပြီ “
အသစ်မွေးဖွားလာခဲ့သည့် သွေးကြောမှတ်များအတွင်းတွင် ခရမ်းရောင် နန်းတော်နှင့် တိုက်ရိုက်ချိတ်ဆက်နေသည့် လမ်းကြောင်းတစ်ခု အမှန်တကယ် တည်ရှိနေခဲ့သည်။
အဲ့တာက လမ်းကြောင်း အသစ်များလား
ရှုကျိုး၏ အသက်ရှူသံများ မြန်ဆန်လာခဲ့သည်၊ ၎င်းမှာ မထင်မှတ်ထားသော ရှာတွေ့ရှိမှုဖြစ်ပြီ၊ ကြယ်ပြာဂြိုဟ်တစ်ခုလုံးကိုပင် လှုပ်ခတ်သွားစေနိုင်သည်။
သို့ရာ၌ ဤအယူအဆအား ဂရုတစိုက် လေ့လာစောင့်ကြည့်ရဦးမည် ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက မည်သည့်အတွက်ကြောင့် သူတစ်ဦးတည်းကသာ ၎င်းကို ရှာတွေ့ခဲ့ရသနည်း
တစ်ခြားလူတွေကရော သတ္တမအဆင့်ကို ရောက်ရင် သွေးကြောမှတ်တွေ ပြန်ပေါ်လာတဲ့ ဖြစ်ရပ်မျိုးကို ကြုံတွေ့ရလား
၎င်းတို့မှာ အဖြေရှာရမည့် ပုစ္ဆာများ ဖြစ်သည်။
ရုတ်တရက်ဆိုသလိုပင် ရှုကျိုးသည် သူ၏ဦးခေါင်းကို မော့ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည် “ ဌာနမှူးနဲ့ ဆရာလား။ သူတို့က အပြင်မှာ အကြာကြီး စောင့်နေခဲ့ကြတဲ့ပုံပဲ “
…
စံအိမ် အပြင်ဘက်၌
ဝုချင်းရှန်၊ ရှန့်ဝမ်ချန်းနှင့် လျူချင်းယွမ်တို့သည် မလှမ်းမကမ်းတွင် မတ်တပ်ရပ်နေကာ စံအိမ်ရှိရာဘက်သို့ ငေးကြည့်နေလျက်ရှိသည်။
ယခုလေးတင် ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်လုံး လှုပ်ခါသွားခဲ့ကာ ပြိုကျလုမတတ် ဖြစ်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ဝုချင်းရှန်သည် အချိန်မှီ လှုပ်ရှားနိုင်ခဲ့ကာ၊ တုန်ခါမှုကို တည်ငြိမ်စေနိုင်ခဲ့သည်။
ဤအချိန်၌ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ် ပတ်ဝန်းကျင်တွင် လူများများစားစား ရှိမနေသည်မှာလည်း လာဘ်ကြီးတစ်ပါးပင် ဖြစ်နေခဲ့သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက အဆိုပါ တုန်ခါမှုသည် ပညာရှင်တော်တော်များများကို နိုးကြားသွားစေမည် ဖြစ်သည်။
သို့တိုင်အောင် လူတော်တော်များသည် ၎င်းကို သတိပြုမိသွားကာ ဤနယ်မြေကို စောင့်ကြည့်လာကြသည်။
ဤအချိန်တွင် လျူချင်းယွမ်မှာလည်း သူ၏လက်သီးကို ဆုပ်ခဲနေကာ စံအိမ်ကို စောင့်ကြည့်နေခဲ့သည်။
“ အဲ့ကလေးက ဒီလိုလှုပ်ရှားမှုကိုတောင် ဖြစ်စေခဲ့တယ်ဆိုတော့ အဆင့်၇ကို ရောက်သွားတာများလား “
ရှန့်ဝမ်ချန်းမှာလည်း ဇဝေဇဝါ ဖြစ်နေလျက်ရှိသည်။
လျူချင်းယွမ်မှ စကားပြောလာခဲ့သည် “ ရွှေအူတိုင် ပဥ္စမ အသွင်ပြောင်းခြင်းကို အဆင့်တက်တာက တစ်ခါမှ မဖြစ်ခဲ့ဖူးဘူးလေ။ အန္တရာယ် ရှိ၊ မရှိ မသေချာသေးဘူး “
ဝုချင်းရှန်မှာလည်း စကားဝင်ပြောလာခဲ့သည် “ စိတ်မပူပါနဲ့၊ ဒီနေရာမှာ ငါရှိနေသရွေ့ သူ အသက်အန္တရာယ် ဖြစ်သွားမှာ မဟုတ်ဘူး “
သူသည် စိတ်ဝိညာဥ်စွမ်းအားဖြင့် ဤနေရာကို အဆက်မပြတ် စောင့်ကြည့်နေခဲ့ပြီး၊ ရှုကျိုးက တင်ပျဥ်ခွေထိုင်နေစဲဆိုသည်ကို မြင်တွေ့နေခဲ့ရသည်။
သို့သော် ဝုချင်းရှန်ကို ဇဝေဇဝါ ဖြစ်သွားစေသည့်အရာမှာ သူက ရှုကျိုး၏ ခန္ဓာကိုယ်အတွင်းပိုင်းကို ထောက်လှမ်း၍ မရခြင်းပင် ဖြစ်သည်။
ယုတ္တိရှိရှိ ပြောရမည်ဆိုပါက အဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦးက ဆဌမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ဦး၏ အခြေအနေများကို အလွယ်တကူ ထွင်းဖောက်မြင်နိုင်သင့်ပေသည်။
သို့သော် ယခုတွင်ကား သူ၏ အမြင်အာရုံကို မြူထုတစ်ခုက ပိတ်ဆို့နေခဲ့သည့်အတွက် ရှုကျိုးက မည်ကဲ့သို့ ဖြစ်နေလဲဆိုသည်ကို သူမမြင်နိုင်ခဲ့ပေ။
“ ဒဏ္ဍာရီတွေထဲမှာ ပြောထားတာကတော့ ရှေးခေတ်တုန်းက အဆင့်တက်နေတဲ့ အချိန်မှာ ဒီလိုမြူထု သက်ရောက်မှုကို ဖြစ်စေခဲ့တဲ့ အဖိုးတန် ပါရမီရှင်တစ်ချို့ ရှိခဲ့တယ်လို့ ပြောကြတယ် “
“ ဘာလို့အဲ့လိုဖြစ်ရလဲဆိုတာကတော့ သူတို့က ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေတာအိုနဲ့ နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်သွားလို့၊ သူတို့အဆင့်တက်နေတဲ့ အချိန်မှာ တာအိုက သူတို့က စောင့်ကြည့်စစ်ဆေးခံရခြင်းကနေ ကာကွယ်ပေးထားတာလို့ ပြောကြတယ် “
ဝုချင်းရှန်သည် ပိုတွေးလေလေ၊ ပို၍ အံ့အားသင့်သွားလေလေ ဖြစ်သွားခဲ့ရသည် “ အခု ရှုကျိုးက အဲ့လိုအခြေအနေမျိုး ဖြစ်နေတာများလား “
သူသည် ၎င်းက ဖြစ်နိုင်ခြေမြင့်သည်ဟု ခံစားနေခဲ့ရသည်။
အဘယ့်ကြောင့်ဆိုသော် ယခင်က မြေပြင်တုန်ခါမှုမှာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ဖြင့် ပေါင်းစည်းခြင်း၊ တာအိုပဲ့တင်ထပ်ခြင်းတို့ ဖြစ်နေသည်ဟု မီးမောင်းထိုးပြနေသောကြောင့် ဖြစ်သည်။
သို့သော် သူသည် ၎င်းက မဖြစ်နိုင်ဘူးဟုလည်း တွေးထင်နေပြန်သည်။
ရွှေအူတိုင် ပဥ္စမ အသွင်ပြောင်းခြင်းဆိုသည်မှာ အလွန်တရာ ရှားပါးလှသော်လည်း၊ အတိတ်တွင် တစ်ကြိမ်တစ်ခါမှ မဖြစ်ပွားခဲ့ဖူးသည့် ကိစ္စမျိုးတော့ ဟုတ်မနေခဲ့ပေ။
“ ရှုကျိုးက ရွှေအူတိုင် ပဥ္စမအဆင့် မဟုတ်ဘဲ ဆဌမအဆင့်ကို ရောက်သွားတာများလား “
အဆိုပါ ဖြစ်နိုင်ခြေသည် ဝုချင်းရှန်ကို တအံ့တဩ ဖြစ်သွားစေခဲ့သည်။
ရွှေအူတိုင် ဆဌမအဆင့်ဆိုသည်မှာ ရှေးခေတ်အခါကပင် လုံးဝထူးချွန်ပြောင်မြောက်သည့် ပါရမီရှင်တို့ကို ကိုယ်စားပြုသော အမှတ်အသားတစ်ခု ဖြစ်သည်။
ရှုကျိုးက …….. နှစ်လလေးပဲ ရှိပါသေးတယ် မဖြစ်နိုင်ပါဘူးကွာ
ဝုချင်းရှန်မှာ အတွေးများနှင့် မရေရာ မသေချာမှုတို့ထဲတွင် ပိတ်မိနေသည့် အချိန်တွင်
ရှုကျိုးက စံအိမ်အတွင်းမှ ထွက်လာသည်ကို ရုတ်တရက် အာရုံခံမိသွားခဲ့သည်။
“ ရှုကျိုး ထွက်လာတော့မယ် “ ဝုချင်းရှန်မှ လျင်မြန်စွာ ကြေညာလိုက်သည်။
ရှန့်ဝမ်ချန်းနှင့် လျူချင်းယွမ်တို့၏ မျက်လုံးများ တောက်ပသွားခဲ့ကာ၊ စံအိမ်ဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။
မကြာခင် အချိန်မှာပင် ရှုကျိုးသည် စံအိမ်အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။
ယခုတွင် အကြီးအကဲသုံးဦးမှာ ကြောင်တောင်တောင် ဖြစ်သွားရတော့လေသည်။
အဘယ့်ကြောင့်ဆိုသော် ရှုကျိုးက သူတို့ရှေ့တွင် ရပ်နေသော်လည်း၊ သူတို့သည် သူက သာမန်လူတစ်ဦးသဖွယ် ဖြစ်နေကာ၊ သူ့ထံတွင် မည်သည့်အရှိန်အဝါမှ ရှိမနေဘူးဆိုသည်ကို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။
လျူချင်းယွမ်၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်များ ပြည့်နှက်သွားခဲ့ပြီး၊ သူသည် အလောတကြီး ရှေ့တက်လာတော့သည် “ ရှုကျိုး၊ အဆင့်တက်တာ ကျရှုံးသွားတာလား “