အခန်း (၁၅၆၁-၁၅၆၃)
Vol. 105 Ch. 1561-1563
အခန်း (၁၅၆၁) မဟာဘိုးဘေးနတ်ဆိုးနှင့်တိုက်ခိုက်ခြင်း
ချူးယွင်ဖန်းသည် ဝံပုလွေနတ်ဆိုးဘုရင်၏အလောင်းကို သိမ်းဆည်းလိုက်ပြီးနောက် သွေးဝိဉာဥ်ပြန်လည်ရှင်သန်ခြင်း စက်ဝန်းကို လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် စက်ဝန်းအပေါ်ရှိ သွေးနီရောင်အကာအကွယ်မှာ ထူးဆန်းသောအရောင်များဖြင့် တဖျတ်ဖျတ်တောက်ပနေပြီး မကျေမနပ်ဖြစ်နေသော ဝိညာဉ်ပေါင်းများစွာ၏ ဟိန်းဟောက်သံများကိုပါ ကြားနေရသည်။
စက်ဝန်းသည် ၎င်း၏ နောက်ဆုံးအဆင့်လုပ်ငန်းစဉ်ကို စတင်နေပြီဖြစ်သည်။ ဆိုလိုသည်မှာ မဟာဘိုးဘေးနတ်ဆိုး၏ သိမ်းပိုက်ခြင်း စတင်တော့မည်ဖြစ်သည်။ ချူးယွင်ဖန်းသည် မဆိုင်းမတွဘဲ နျူကလီးယား ဒုံးကျည်ပစ်လွှတ်စင်ကို ထုတ်ယူကာ စက်ဝန်း၏ ဗဟိုချက်တည့်တည့်သို့ ပစ်လွှတ်လိုက်တော့သည်။
နျူကလီးယားဗုံးသည် မီးတောက်တန်းကြီးနှင့်အတူ စက်ဝန်း၏အလယ်ဗဟိုသို့ ကျရောက်သွားတော့သည်။
ဝုန်း….
ဧရာမ မှိုပွင့်ပုံစံတိမ်တိုက်ကြီးတစ်ခုသည် ထွက်ပေါ်လာသောနေမင်းအလား ကောင်းကင်ယံသို့ တက်လှမ်းသွားသည်။ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအင်လှိုင်းများက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ အလွန်အစွမ်းထက်လှသော သွေးနှင့်ဝိညာဉ်နိုးထခြင်းစက်ဝန်းပင်လျှင် ဤမျှပြင်းထန်သော နျူးကလီးယားပေါက်ကွဲမှုကို မတောင့်ခံနိုင်ဘဲ အပိုင်းပိုင်းပြတ်ကာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားတော့သည်။
ထိုအခါ စက်ဝန်း၏အထက်တွင် တုန်ခါနေသော ဧရာမသတ္တဝါကြီးတစ်ကောင်ကို ချူးယွင်ဖန်း မြင်လိုက်ရသည်။ ဤသတ္တဝါမှာ ခွေးနှင့်တူသော်လည်း ခန္ဓာကိုယ်တစ်ခုလုံးမှာ ခြင်္သေ့ကဲ့သို့ အမွှေးအမျှင်များဖြင့် ဖုံးလွှမ်းနေသည်။ ၎င်း၏ကိုယ်ထည်မှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေပြီး အောက်ရှိသွေးကန်မှ ဝိညာဉ်စွမ်းအင်များကို အဆက်မပြတ်စုပ်ယူနေသည်။
သတ္တဝါကြီး၏ ချွေးပေါက်တိုင်းမှတစ်ဆင့် သွေးအဆီအနှစ်များကို ရူးသွပ်စွာ စုပ်ယူနေသဖြင့် ၎င်း၏ အရှိန်အဝါမှာ တဖြည်းဖြည်း ပိုမိုအားကောင်းလာသည်။ ထိုအချိန်တွင် ၎င်း၏အထက်ရှိအဘိုးအိုတစ်ဦးသည် မျက်လုံးများကို ဖွင့်လိုက်ပြီး လောဘတကြီး ကြည့်နေတော့သည်။
“ဟားဟားဟား... ဒီဟုတ်ရဲ့ ခန္ဓာကိုယ်က ငါ့အပိုင်ပဲ။”
အဘိုးအို၏မျက်နှာအမူအရာမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသည်။ ချူးယွင်ဖန်းသည် ထိုသတ္တဝါကြီးမှာ အဘယ်အရာဖြစ်ကြောင်း ယခုမှပင်သိရှိလိုက်ရတော့သည်။ ၎င်းမှာ ဒဏ္ဍာရီလာသားရဲဟုတ်ပင် ဖြစ်လေသည်။ ဧကရာဇ်များခေတ်တွင်ပင် ဤသတ္တဝါမျိုးမှာ ဧကရာဇ်များကိုပင် စိန်ခေါ်နိုင်လောက်အောင် ကြောက်စရာကောင်းလှသည်။
နဂါးများသည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးသတ္တဝါများဖြစ်ပြီး အစာကွင်းဆက်၏အထွတ်အထိပ်တွင် ရှိနေခဲ့သော်လည်း ဟုတ်သတ္တဝါသည် နဂါးများကို အစာအဖြစ်စားသုံးသူဖြစ်ရာ နဂါးတို့၏ သေဘက်စာ ရန်သူတော်ကြီးလည်းဖြစ်သည်။
ဤသတ္တဝါမှာ မည်မျှအထိ ကြောက်စရာကောင်းမည်ကို ချူးယွင်ဖန်း ခန့်မှန်းကြည့်ရုံနှင့်ပင် သိနိုင်လေသည်။
အမှန်စင်စစ်တွင် ဟုတ်သားရဲများသည် နတ်ဘုရားသတ္တဝါများထဲတွင် အဆင့်မြင့်ဆုံးဖြစ်သော်လည်း ယခုမြင်တွေ့နေရသောသတ္တဝါမှာ ထိုအဆင့်ထိ မရောက်သေးပေ။ သို့သော် ၎င်း၏အလားအလာမှာ အလွန်ပင် အံ့အားသင့်ဖွယ်ကောင်းလှသည်။ ဤမျှကြီးမားသောစွမ်းရည်ရှိသောကြောင့်လည်း နတ်ဆိုးနှိမ်နင်းသူအောက်တွင် နှစ်ပေါင်းများစွာအနှိပ်စက်ခံခဲ့ရသော်လည်း သေဆုံးခြင်းမရှိဘဲ ခံနိုင်ရည်ရှိနေခြင်း ဖြစ်သည်။
ဤအဆင့်ရှိသော သားရဲတစ်ကောင်သည် ရှေးဦးသားရဲများထဲတွင် ထိပ်ဆုံး၌ရှိနေမည်မှာ သေချာသည်။ ထို့ကြောင့်လည်း မဟာဘိုးဘေးနတ်ဆိုးအနေဖြင့် မည်သို့သော တန်ဖိုးပေးရပါစေ ၎င်းကိုရရှိရန်နှင့် ပူးကပ်ဝင်ရောက်ရန်ကြိုးစားနေခြင်း ဖြစ်သည်။ အကယ်၍ နတ်ဆိုးကြီးသာ ဟုတ်၏ခန္ဓာကိုယ်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်သွားပါက ဤကမ္ဘာလောကတွင် မည်သူမျှ မယှဉ်နိုင်သော၊ စိတ်ကူးကြည့်ရန်ပင် ခက်ခဲသော ပြိုင်ဘက်ကင်းနတ်ဆိုးဘုရင်ကြီးတစ်ပါး ပေါ်ထွက်လာပေလိမ့်မည်။
“သူ့ကို အောင်မြင်ခွင့် ပေးလို့မဖြစ်ဘူး။”
ချူးယွင်ဖန်းသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ မဟာဘိုးဘေးနတ်ဆိုးကို အောင်မြင်ခွင့်ပေးလိုက်ပါက ဤလောကတွင် သူ့ကိုတားဆီးနိုင်မည့်သူ ရှိတော့မည်မဟုတ်ပေ။
သို့သော် နျူးကလီးယားဗုံးက စက်ဝန်းကို ဖျက်ဆီးလိုက်သည့်ခဏ၌ပင် မဟာဘိုးဘေးနတ်ဆိုးက ချက်ချင်း တုံ့ပြန်လိုက်သည်။ သူ၏မျက်လုံးများမှာ သိန်းငှက်တစ်ကောင်ကဲ့သို့ စူးရှစွာ ကြည့်လိုက်ပြီး ထိုမျက်လုံးများထဲတွင် အနှိုင်းမဲ့သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
“မင်း သေချင်နေပြီပဲ။”
မဟာဘိုးဘေးနတ်ဆိုးမှာ ဒေါသများ တဟုန်းဟုန်းတောက်လောင်နေသည်။ အလွန်အရေးကြီးသောအချိန်၌ သူသည် စက်ဝန်းကို အသုံးပြု၍ ဟုတ်၏ဝိညာဉ်ကို အပြီးသတ်ဖျက်ဆီးနိုင်ခါနီးမှ လူသားတစ်ယောက် ရုတ်တရက် ပေါ်လာပြီး သူ၏ ထာဝရအသက်ရှင်နိုင်မည့်အစီအစဉ်ကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။
မဟာဘိုးဘေးနတ်ဆိုးက ဟိန်းဟောက်လိုက်ပြီး ချူးယွင်ဖန်းကို သူ၏ ထက်မြက်သောလက်သည်းကြီးများဖြင့် လှမ်းဖမ်းလိုက်သည်။ မဟာဘိုးဘေးနတ်ဆိုးမှာ အသက်ရှူရုံသာ ကျန်တော့သည့်အဘိုးအိုတစ်ဦးအသွင်ရှိသော်လည်း ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်ကျွမ်းကျင်သူတစ်ဦး၏အစွမ်းမှာ အလွန်ပင်ကြောက်စရာကောင်းလှသည်။
၎င်း၏ ဒေါသတကြီးတိုက်ခိုက်မှုမှာ နယ်မြေသခင်၏တိုက်ကွက်များထက်ပင် မနိမ့်ပါးပေ။
ချူးယွင်ဖန်း၏ရင်ထဲတွင် တင်းကျပ်သွားပြီး မီတာရာပေါင်းများစွာ နောက်သို့ အမြန်ဆုတ်ခွာကာ မဟာဘိုးဘေးနတ်ဆိုး၏ တိုက်ကွက်ကို သီသီလေး ရှောင်တိမ်းလိုက်ရသည်။
“သေစမ်း!”
မဟာဘိုးဘေးနတ်ဆိုးက ကျားသစ်တစ်ကောင်ကဲ့သို့ သူ၏ခန္ဓာကိုယ်ကို ကိုင်းညွတ်ကာ နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်ပြန်သည်။ ဤတိုက်ကွက်မှာ ကောင်းကင်နှင့်မြေကြီးကိုပင် လွှမ်းမိုးသွားပြီး အရာအားလုံးကို အပိုင်းပိုင်းဆွဲဖြဲပစ်မည့်အလား ပြင်းထန်လှသည်။
ချူးယွင်ဖန်းသည် ဟင်းလင်းပြင်ထဲမှ လက်သီးဆုပ်ခန့်ရှိသောအသီးတစ်လုံးကို ဆွဲထုတ်လိုက်သည်။ ၎င်းမှာ အခြားမဟုတ်ဘဲဗြဟ္မသီးပင် ဖြစ်သည်။
ယခုအချိန်တွင် ဗြဟ္မသီးမှာ နောက်တစ်ကြိမ် ပြန်လည်မှည့်ဝင်းလာပြီဖြစ်သည်။ ဤအရေးကြီးလှသောအချိန်၌ ချူးယွင်ဖန်းသည် ၎င်းကို မျိုချလိုက်တော့သည်။ တစ်ခဏအတွင်းမှာပင် ဗြဟ္မသီးမှာ ကြောက်မက်ဖွယ်ကောင်းသောဆေးစွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး သူ၏ အကြောအခြင်များနှင့် ခန္ဓာကိုယ်တစ်ခုလုံးထဲသို့ စီးဝင်သွားလေတော့သည်။
ဘုန်း….
ချူးယွင်ဖန်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှ အံ့မခန်းသေ နတ်ဘုရားစွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ၏ ပတ်လည်တွင် မုန်တိုင်းတစ်ခုအလား လှည့်ပတ်နေသည်။ သူသည် မဟာမျိုးနွယ်စုဝင် မဟာဘိုးဘေးနတ်ဆိုး၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် ခုန်တက်လိုက်သော်လည်း ထက်မြက်သောလက်သည်းများမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများက သူ၏ ဝတ်ရုံကိုပင် လွင့်စင်သွားစေသည်။
“မင်းက တိုက်ပွဲအလယ်မှာ အဆင့်တက်ဖို့ ကြိုးစားနေတာလား။”
မဟာဘိုးဘေးနတ်ဆိုးသည် ချူးယွင်ဖန်း ဘာလုပ်နေသည်ကို ချက်ချင်းပင် ရိပ်မိလိုက်သည်။ သူ၏မျက်လုံးများတွင် အေးစက်သောသတ်ဖြတ်လိုစိတ်များ လက်ခနဲ ပေါ်လာသည်။ ချူးယွင်ဖန်းသည် သူနှင့် တိုက်ခိုက်နေစဉ်အတွင်းမှာပင် အဆင့်တက်ရန် ဝံ့ရဲနေသည်။ ဤလူသားက သူ့ကို ဘာမှတ်နေတာလဲ?
သူ၏ သိုင်းပညာကို သွေးပေးမည့်ဓားသွေးကျောက်ဟု မှတ်နေသလား?
ဤသို့ တွေးမိသည်နှင့် မဟာဘိုးဘေးနတ်ဆိုး၏စိတ်ထဲတွင် ဖော်ပြ၍မရနိုင်သောဒေါသနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားတော့သည်။
“သေစမ်း!”
မဟာဘိုးဘေးနတ်ဆိုးသည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။ အကယ်၍ ချူးယွင်ဖန်းကိုမသတ်နိုင်ပါက သူသည် ဟုတ်သားရဲ၏ခန္ဓာကိုယ်ကို အေးအေးဆေးဆေး ပူးကပ်နိုင်မည်မဟုတ်ပေ။ သူသည် တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ ချူးယွင်ဖန်းဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
“ကောင်းကင်ဝါးမျိုနတ်ဆိုး….”
သူသည် ဟိန်းဟောက်လိုက်ရင်း လက်သည်းဖြင့်ကုတ်ခြစ်လိုက်ရာ သူ၏စွမ်းအင်များမှာ သန်းနှင့်ချီသော အစွမ်းထက်နတ်ဆိုးများအဖြစ် ကွဲထွက်သွားပြီး ကောင်းကင်နှင့်မြေကြီးကို ဝါးမျိုမည့်အလား တိုက်ခိုက်လာတော့သည်။
“အံ့ဖွယ်လက်သီးရှစ်ချက်။”
ချူးယွင်ဖန်းကလည်း လက်သီးတစ်ချက် ပြန်လည်ထိုးထုတ်လိုက်ရာ နဂါးရှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူ့ကိုယ်သူ အကာအကွယ်ပေးလိုက်သည်။ ထို့နောက် လက်သီးလှိုင်းများအဖြစ် ပြောင်းလဲကာ နတ်ဆိုးအုပ်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။
ဘုန်း….
တိုက်ကွက်နှစ်ခု ထိပ်တိုက်တွေ့ဆုံချိန်တွင် ချူးယွင်ဖန်းမှာ ကြိုးပြတ်သွားသောစွန်တစ်ခုအလား လွင့်ထွက်သွားတော့သည်။
အဟွတ်….
ချူးယွင်ဖန်းသည် သူ၏ ကိုယ်ဟန်ကို ပြန်လည်ထိန်းသိမ်းရန် အတော်လေးကြိုးစားလိုက်ရပြီး ပါးစပ်ထဲမှသွေးများအန်ထွက်လာတော့သည်။
“မဟာဘိုးဘေးနတ်ဆိုးဆိုတဲ့အတိုင်းပဲ။ ဒီတစ်ကွက်တည်းနဲ့တင် မင်းရဲ့ ဂုဏ်သတင်းက အလကားမဟုတ်ဘူးဆိုတာ သက်သေပြနေတာပဲ။”
ချူးယွင်ဖန်းသည် ပါးစပ်ထောင့်မှသွေးများကို သုတ်လိုက်သော်လည်း သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အစအနမျှ မရှိပေ။ သူ၏ န္ဓာကိုယ်အတွင်းရှိ နတ်ဘုရားစွမ်းအားများမှာ ပိုမိုပြင်းထန်စွာ ဆူပွက်လာလေတော့၏။
အခန်း (၁၅၆၂) အခြားသူဓားသွားဖြင့် မိမိဘာသာချွန်ထက်အောင်လုပ်ခြင်း
ချူးယွင်ဖန်းသည် မဟာဘိုးဘးနတ်ဆိုးနှင့် ရင်ဆိုင်ရာတွင် မည်သည့်လှည့်ကွက်မျှ မသုံးဘဲ ထိပ်တိုက်သာ တိုက်ခိုက်သည်။
မဟာဘိုးဘေးနတ်ဆိုး၏ နက်နဲလှသောစွမ်းအားများ ပေါက်ကွဲထွက်လာပြီး ချူးယွင်ဖန်းကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ မည်သည့် အဆန်းတကြယ်လှုပ်ရှားမှုမျှ မပါဘဲ မဟာဘိုးဘေးနတ်ဆိုးသည် အကြွင်းမဲ့သောခွန်အားဖြင့် ချူးယွင်ဖန်းကို ဖိနှိပ်ပစ်လိုက်ခြင်း ဖြစ်သည်။ ချူးယွင်ဖန်းသည် အမြဲတမ်း အင်အားကြီးရန်သူများကို အကြွင်းမဲ့ခွန်အားဖြင့် ဖိနှိပ်လေ့ရှိသော်လည်း၊ ယခုမူ မဟာဘိုးဘေးနတ်ဆိုးနှင့် ရင်ဆိုင်ရာတွင် ခွန်အားချင်း ယှဉ်ပြိုင်မှု၌ အသာစီးမရဘဲ ဖြစ်နေတော့သည်။
ချူးယွင်ဖန်း၏လက်ရှိစွမ်းအားမှာ အလွန်ဆုံးရှိလှတွင် ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်သို့ ခြေတစ်လှမ်းတစ်ဝက်အလိုသာ ရှိသေးသည်။ သို့သော် မဟာဘိုးဘေးနတ်ဆိုးမှာမူ စစ်မှန်သော ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်ကျွမ်းကျင်သူ ဖြစ်သည်။ သူ၏စွမ်းအားမှာ ချူးယွင်ဖန်း စိတ်ကူးထားသည်ထက် များစွာ သာလွန်နေသည်။ သူသည် အသက်ကြီးရင့်နေပြီဖြစ်သော်လည်း သူ၏ အစွမ်းမှာ နယ်မြေသခင်ကြီးထက်ပင် သာလွန်ကာ ချူးယွင်ဖန်းထက်လည်း များစွာသန်မာနေဆဲပင်။
ဤတိုက်ခိုက်မှုအပြီးတွင် မဟာဘိုးဘေးနတ်ဆိုး၏မျက်လုံးများ၌ အံ့ဩရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ ချူးယွင်ဖန်းမှာ သေဆုံးခြင်းမရှိဘဲ ခံနိုင်ရည်ရှိနေသောကြောင့် ဖြစ်သည်။ သူသည် တိုက်ပွဲမဝင်ခဲ့ရသည်မှာ မည်မျှကြာခဲ့ပြီကိုပင် မမှတ်မိတော့ပေ။ သူ၏အစွမ်းမှာ တစ်လောကလုံးတွင် အနှိုင်းမဲ့ဖြစ်ပြီး နတ်ဆိုးမျိုးနွယ်စုကြားတွင်လည်း အလွန်ပင် ရိုသေလေးစားခြင်းခံရသူဖြစ်သည်။
သူသည် စကားတစ်လုံးတည်းဖြင့်ပင် နယ်မြေသခင်ကို ရာထူးမှ ဖယ်ရှားနိုင်စွမ်းရှိပြီး နတ်ဆိုးမျိုးနွယ်တစ်ခုလုံးကို သူ၏ အရှိန်အဝါဖြင့် လွှမ်းမိုးထားနိုင်သည်။ နတ်ဆိုးအားလုံးမှာ သူ၏ ကျော်ကြားလှသောဂုဏ်သတင်းကို နားထောင်ရင်း ကြီးပြင်းလာကြရခြင်းဖြစ်သည်။ ပြဿနာအားလုံးကိုဖြေရှင်းရန် သူကိုယ်တိုင် လက်ဖျားပင်လှုပ်စရာ မလိုခဲ့ပေ။
သို့သော်ငြားလည်း သူသည် မိမိ၏အစွမ်းကို ကောင်းစွာသိရှိသည်။ ပြင်ပလူများက တစ်လောကလုံးတွင် အင်အားအကြီးဆုံးဟု ထင်မှတ်ထားကြသော ရွှေအမတရွှေအမတေအဆင့်မှာ သူ၏ မျက်စိထဲတွင် ပုရွက်ဆိတ်ထက် အနည်းငယ်သာ ပိုကြီးပြီး အလွယ်တကူရိုက်သတ်၍ရသော သတ္တဝါများသာ ဖြစ်သည်။ ချူးယွင်ဖန်း၏တည်ရှိမှုမှာ သူ၏ ခန့်မှန်းချက်ကို လုံးဝ ကျော်လွန်သွားခဲ့ပြီ။ ရွှေအမတေမဲ့အဆင့်သာရှိသေးသူတစ်ဦးက သူ၏ တိုက်ခိုက်မှုအောက်တွင် မသေဘဲ ရှိနေခြင်းမှာ သူ့အဖို့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုပင်ဖြစ်သည်။
“တကယ်ကို သန်မာတဲ့ ခန္ဓာကိုယ်ပဲ။ မင်း မွေးကတည်းက ကျင့်ကြံလာတာလား ဒါမှမဟုတ် ရှေးဟောင်း သွေးမျိုးဆက်တစ်ခုခု နိုးထလာတာလားတော့ ငါမသိဘူး။ ဒါပေမဲ့ မင်း ဒီအဆင့်ကို ရောက်ဖို့ဆိုတာ မလွယ်ဘူးဆိုတာတော့ ငါသိတယ်။”
မဟာဘိုးဘေးနတ်ဆိုးသည် ချူးယွင်ဖန်းကို လောဘတကြီး ကြည့်လိုက်သည်။ အကယ်၍ ယခင်ကသာဆိုလျှင် ချူးယွင်ဖန်းမှာ သူ၏ပစ်မှတ်တစ်ခု ဖြစ်လာပေလိမ့်မည်။ ချူးယွင်ဖန်းမှာ လူသားဖြစ်ပြီး သူက နတ်ဆိုးဖြစ်နေသော်လည်း သူ့အတွက်မူ အရေးမကြီးပေ။ သူ၏အမြင်တွင် လူမျိုးစုကွဲပြားမှုဆိုသည်မှာ အဓိပ္ပာယ်မရှိသောအရာများသာ ဖြစ်သည်။ သူကိုယ်တိုင် ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်ပြီး ထာဝရအသက်ကိုရရှိနိုင်မည်ဆိုလျှင် အရာအားလုံးက အဓိပ္ပာယ်ရှိသွားမည် ဖြစ်သည်။
ထို့အပြင် လူသားခန္ဓာကိုယ်ကို ပူးကပ်သိမ်းပိုက်ရရင်ရော ဘာဖြစ်မှာမလို့လဲ?
သူ၏ ဝိညာဉ်ခိုနားရာခန္ဓာကိုယ်သည် နတ်ဆိုးဖြစ်စေ၊ လူသားဖြစ်စေ သူ့အတွက် ဘာမှမခြားနားပေ။
ချူးယွင်ဖန်း၏ခန္ဓာကိုယ်မှာ အလွန်ပင် ထူးခြားကောင်းမွန်လွန်းလှသဖြင့် သူ့ကို သွားရည်ကျစေသည်။ သူသည် ပူးကပ်ခြင်းနည်းစနစ်ကို ရရှိပြီးနောက်ပိုင်း လူသားနှင့်နတ်ဆိုးမျိုးနွယ်စုများမှ ထိပ်တန်းပါရမီရှင်များကို လျှို့ဝှက်စွာပြန်ပေးဆွဲခဲ့ဖူးသော်လည်း မည်သူ့ကို သိမ်းပိုက်ရမည်ကိုမူ ဆုံးဖြတ်ချက် မချနိုင်ခဲ့ပေ။
အကြောင်းမှာ သူရရှိထားသောနည်းစနစ်၌ အားနည်းချက်တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။ တစ်ကြိမ်တစ်ခါ ခန္ဓာကိုယ်တစ်ခုကို ပူးကပ်ဝင်ရောက်ပြီးပါက အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ ဒုတိယအကြိမ် ထပ်မံလုပ်ဆောင်ခွင့် မရှိတော့ပေ။
အကယ်၍ သူ၏ရှေ့တွင် ဟုတ်သားရဲ၏ခန္ဓာကိုယ်သာ မရှိနေပါက သူသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် စဉ်းစားမိပေလိမ့်မည်။ သို့သော် ယခုအချိန်တွင်မူ သူ၏မျက်လုံးထဲ၌ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များနှင့် ရက်စက်သောအလင်းတန်းများသာ ရှိနေတော့သည်။
“ဒါပေမဲ့ မင်းရဲ့ ကံကောင်းမှုတွေက ဒီနေ့မှာပဲ ကုန်ဆုံးသွားပြီ။ သေစမ်း!”
မဟာဘိုးဘေးနတ်ဆိုးသည် ဟိန်းဟောက်ရင်း မြေပြင်မှ ထလိုက်သည်။ သူသည် တောင်ကြီးတစ်လုံးအလား ပြောင်းလဲသွားပြီး ချူးယွင်ဖန်းဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။
“ကောင်းကင်ဝါးမျိုနတ်ဆိုးများ!”
မဟာဘိုးဘေးနတ်ဆိုးက သူ၏လက်သည်းဖြင့် အောက်သို့ ကုတ်ခြစ်လိုက်သည်။
လွင့်ထွက်သွားခဲ့ရသောချူးယွင်ဖန်းမှာမူ ကြောက်ရွံ့ခြင်းမရှိပေ။ သူသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ တစ်ကိုယ်လုံးမှာ ဥက္ကာခဲတစ်ခုအလား အရှိန်ပြင်းစွာဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။ သူသည် ရှောင်ပြေးမည့်အစား အခက်အခဲကို ထိပ်တိုက်ရင်ဆိုင်ကာ မဟာဘိုးဘေးနတ်ဆိုးနှင့် အသည်းအသန် ပြန်လည်တိုက်ခိုက်လေတော့သည်။
ဘုန်း….
နှစ်ဖက်ထိပ်တိုက်တွေ့ဆုံမှုက အင်္ဂါဂြိုဟ်နှင့်ကမ္ဘာမြေကြီး ဆောင့်မိသကဲ့သို့ ပြင်းထန်လှသည်။ သူတို့သည် ဟင်းလင်းပြင်ထဲတွင် အပြင်းအထန် ရိုက်ခတ်မိကြပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဒီရေလှိုင်းကြီးများကို ဖြစ်ပေါ်စေသည်။
ကျယ်လောင်သောပေါက်ကွဲသံကြီးနှင့်အတူ ချူးယွင်ဖန်းသည် ဥက္ကာခဲတစ်ခုအလား လွင့်ထွက်သွားပြန်သည်။ မဟာဘိုးဘေးနတ်ဆိုး၏တိုက်ခိုက်မှုကြောင့် သူသည် ဝေးကွာသောနေရာသို့ ရောက်သွားပြီးမှ ကိုယ်ဟန်ကို ပြန်ထိန်းနိုင်ခဲ့သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ တုန်ခါနေပြီး မဟာဘိုးဘေးနတ်ဆိုး၏အစွမ်းမှာ သူထင်ထားသည်ထက် များစွာ သာလွန်နေသည်။ အကယ်၍ မဟာဘိုးဘေးနတ်ဆိုးသာ သူ၏အထွတ်အထိပ်အချိန်တွင်ရှိနေခဲ့လျှင် ချူးယွင်ဖန်းမှာ အပိုင်းပိုင်း ပြတ်သွားလောက်ပြီ ဖြစ်သည်။
သို့သော်လည်း ချူးယွင်ဖန်းသည် ကြောက်ရွံ့ခြင်းမရှိသည့်အပြင် သူ၏ တိုက်ခိုက်လိုစိတ်များမှာ ပိုမို ဆူပွက်လာသည်။ သူ လွင့်ထွက်သွားချိန်တိုင်းတွင် ဒဏ်ရာအနည်းငယ် ရရှိသော်လည်း တစ်ချိန်တည်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဗြဟ္မသီး၏ အစွမ်းထက်လှသောဆေးစွမ်းအင်များက ဒဏ်ရာများကို ချက်ချင်း ပြန်လည်ကုသပေးနေသည်။ ၎င်းက သူ့ကို အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်စေရုံသာမက ဆေးစွမ်းအင်များကိုပါ ပိုမိုစုပ်ယူနိုင်စေသည်။
ဤလောကတွင် မဟာဘိုးဘေးနတ်ဆိုးမှလွဲ၍ ချူးယွင်ဖန်းအား မည်သည့်အရာကိုမျှ ထည့်မတွက်ဘဲ အစွမ်းကုန်တိုက်ခိုက်စေနိုင်သည့်သူ မရှိပေ။ မဟာဘိုးဘေးနတ်ဆိုး၏သန်မာမှုမှာ ချူးယွင်ဖန်းအတွက် အဆင့်တက်ရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်နေသည်။ သူသည် အချိန်ဆွဲထားချင်သည်။ အချိန်သည် သူ၏ဘက်တွင်ရှိနေပြီး အိုမင်းနေသောမဟာဘိုးဘေးနတ်ဆိုးဘက်တွင် မရှိပေ။
မဟာဘိုးဘေးနတ်ဆိုးမှာ ချူးယွင်ဖန်းအား ထပ်မံ၍ အသည်းအသန် ပြေးဝင်တိုက်ခိုက်ပြန်သည်။ သူ၏ တရစပ်တိုက်ကွက်များက ချူးယွင်ဖန်းကို အနာတရမဖြစ်စေနိုင်သည့်အခါတွင်မှ နောက်ဆုံးတွင် စိတ်မရှည်ဖြစ်လာတော့သည်။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်ပေါင်းစုံမှာ ချူးယွင်ဖန်းအပေါ်သို့ အခမဲ့ရသကဲ့သို့ တရစပ်ကျရောက်လာရာ ချူးယွင်ဖန်းမှာ တိုက်ကွက်များအောက်တွင် နစ်မြုပ်လုနီးပါး ဖြစ်သွားသည်။
ချူးယွင်ဖန်းကလည်း အရှုံးမပေးလိုပေ။ အံ့ဖွယ်လက်သီးရှစ်ချက်၊ ငရဲကန်ချက်ကိုးသွယ်၊ နတ်ဘုရားအသွင်ပြောင်းခြင်းကိုးသွယ်စသဖြင့် အနှိုင်းမဲ့သိုင်းကွက်အားလုံးကို ထုတ်သုံးတော့သည်။ သူက တစ်လောကလုံးကို တုန်လှုပ်စေသော ကောင်းကင်ဘုံမှဆင်းသက်လာသည့်နတ်ဘုရားတစ်ပါးနှင့်ဆင်တူ၏။
တစ်ခဏအတွင်းမှာပင် နှစ်ဖက်စလုံး ဆယ်ဂဏန်းမက ထိတွေ့တိုက်ခိုက်မိကြသည်။ ချူးယွင်ဖန်းမှာ အကြိမ်ပေါင်းများစွာ လွင့်ထွက်သွားသော်လည်း တိုက်ပွဲဝင်လိုစိတ်မှာ ပိုမိုပြင်းထန်လာကာ မဟာဘိုးဘေးနတ်ဆိုးဆီသို့ အကြိမ်ကြိမ် ပြန်လည်ပြေးဝင်တိုက်ခိုက်နေတော့သည်။
ထိုအချိန်တွင် အရပ်ရပ်မှ အပြင်းအထန် ပြေးလွှားရောက်ရှိလာကြသောနတ်ဆိုးများသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကြောက်လန့်တုန်လှုပ်သွားကြသည်။ မဟာဘိုးဘေးနတ်ဆိုးသည် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်ကြောင်း သူတို့သိကြသည်။ သူတို့ထဲမှ မည်သူက မဟာဘိုးဘေးနတ်ဆိုး၏ ကြောက်မက်ဖွယ်ကောင်းပုံကို ငယ်စဉ်ကတည်းက မကြားဖူးဘဲ ကြီးပြင်းလာခဲ့ရသနည်း။
လက်တွေ့အခြေအနေကလည်း သူတို့ကြားဖူးနားဝရှိသည်များ မှန်ကန်ကြောင်း သက်သေပြနေသည်။ ရွှေအမတေအဆင့်ကျွမ်းကျင်သူတစ်ဦးပင်လျှင် မဟာဘိုးဘေးနတ်ဆိုး၏ ရှေ့တွင် တစ်ကွက်မျှ တောင့်ခံနိုင်မည်မဟုတ်ပေ။
သို့သော် သူတို့ကို အမှန်တကယ် အံ့အားသင့်စေသည်မှာ ချူးယွင်ဖန်းဖြစ်နေသည်။ သူ၏တည်ရှိမှုက သူတို့၏လောကကြီးအပေါ် အမြင်ကို လုံးဝ ပြောင်းလဲပစ်လိုက်သည်။ အကယ်၍ သူတို့သာ ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း မရှိပါက လူသားတစ်ယောက်အနေဖြင့် မဟာဘိုးဘေးနတ်ဆိုးကို ဤမျှအထိ ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မည်ဟု မည်သည့်အခါမျှ စိတ်ကူးမိကြမည် မဟုတ်ပေ။
ချူးယွင်ဖန်းသည် ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်တွင် မရှိသေးသည်မှာ ထင်ရှားလှသော်လည်း သူသည် ဆက်လက်၍ တိုက်ခိုက်နေနိုင်ဆဲ ဖြစ်သည်။ သူသည် အရှုံးဘက်၌ ရှိနေသော်လည်း လုံးဝ ကျဆုံးသွားခြင်း မရှိပေ။ အကယ်၍ သူတို့သာဆိုလျှင် လျှပ်တစ်ပြက်အတွင်း အသက်ပျောက်သွားမည်ဖြစ်ရာ ယခုကဲ့သို့ အချိန်အတော်ကြာအောင် တောင့်ခံထားနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။
ယခုအခါ နတ်ဆိုးများသည် ချူးယွင်ဖန်းကို အရင်ကနှင့်မတူသောအကြည့်သစ်များဖြင့် ကြည့်နေမိကြလေ၏။
အခန်း (၁၅၆၃) ပိုပြီးအားကောင်းလာသည့်ပြိုင်ဘက်ကင်းသူ
နတ်ဆိုးဘုရင်များသည် ထိုမျှအဆင့်မြင့်သောတိုက်ပွဲမျိုးတွင် ဝင်ရောက်စွက်ဖက်ရန် မဝံ့ရဲကြသော်လည်း ယခုအခါ ချူးယွင်ဖန်းကို အသိပညာမဲ့သောကျူးကျော်သူတစ်ဦးအဖြစ်မဟုတ်ဘဲ ထိပ်တန်းပညာရှင်တစ်ဦးအဖြစ် ပြောင်းလဲရှုမြင်လာကြသည်။ ချူးယွင်ဖန်းသည် မဟာဘိုးဘေးနတ်ဆိုး၏ တိုက်ခိုက်မှုအောက်တွင် အခြေအနေမလှသကဲ့သို့ထင်ရသော်လည်း သူသည် အသာစီးမရရုံသာ ရှိသေးခြင်းဖြစ်သည်။
သူတို့၏မျက်လုံးထဲတွင် အနှိုင်းမဲ့အစွမ်းထက်လှသောမဟာဘိုးဘေးနတ်ဆိုးကြီးသည် ချူးယွင်ဖန်းကို အမြန်အဆန် အနိုင်မတိုက်နိုင်သည်ကို မြင်ရသောအခါ အားလုံးမှာ အံ့အားသင့်နေကြသည်။ ချူးယွင်ဖန်းမှာ အကြိမ်ကြိမ် လွင့်ထွက်သွားပြီး သွေးများပင် အန်နေရသော်လည်း တိုက်ပွဲအတွေ့အကြုံရှိသောနတ်ဆိုးများမှာ တစ်ခုကို ရိပ်မိလာကြသည်။ ၎င်းမှာ မဟာဘိုးဘေးနတ်ဆိုးသည် ချူးယွင်ဖန်းကို အမှန်တကယ် ဒူးထောက်အောင် မလုပ်နိုင်ခြင်းပင်။
ချူးယွင်ဖန်း ရရှိသမျှ ဒဏ်ရာအသေးစားလေးများသည် ခဏချင်းမှာပင် ပြန်လည်သက်သာသွားသကဲ့သို့ ရှိနေသည်။ ထို့ကြောင့် ထိုဒဏ်ရာများမှာ စုပုံလာပြီး ပြင်းထန်သော ဏ်ရာကြီးများ ဖြစ်မလာသရွေ့ မဟာဘိုးဘေးနတ်ဆိုးအတွက် အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
ချူးယွင်ဖန်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အားကောင်းသောစွမ်းအင်များ ဆူပွက်နေဆဲဖြစ်သည်။ ယခုအချိန်တွင် သူ၏တစ်ကိုယ်လုံးမှာ ဧရာမမီးဖိုကြီးတစ်ခုအလား ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကို အဆက်မပြတ်ထုတ်လွှတ်နေသည်။ ထိုစွမ်းအင်များသည် တိုက်ပွဲအတွင်း၌ စွမ်းအင်ဒီရေလှိုင်းကြီးများအဖြစ် ပြောင်းလဲကာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။
အကာအကွယ်အတားအဆီးများ မရှိတော့သဖြင့် စက်ဝန်းရှိသွေးကန်အတွင်းမှ သွေးလှိုင်းများသည် ပေရာနှင့်ချီ၍ မြင့်တက်လာသည်။ ယင်းက သူတို့၏တိုက်ပွဲ မည်မျှပြင်းထန်ကြောင်း သက်သေပြနေသည်။
မကြာမီမှာပင် အကဲခတ်ကောင်းသော အချို့သူများသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိသွားကြသည်။ ချူးယွင်ဖန်း၏အရှိန်အဝါမှာ အချိန်နှင့်အမျှ အသွင်ပြောင်းလဲခြင်းဖြစ်ပေါ်နေပြီး တဖြည်းဖြည်း ပိုမိုသန်မာလာနေသည်ကို သူတို့ ခံစားမိလိုက်ကြသည်။
ချူးယွင်ဖန်း လွင့်ထွက်သွားရသည့်အကွာအဝေးမှာ တိုတောင်းလာပြီး နောက်ပိုင်းတွင် နောက်သို့ အနည်းငယ် ဆုတ်ခွာရရုံသာ ရှိတော့သည်။ မဟာဘိုးဘေးနတ်ဆိုးသည် ချူးယွင်ဖန်းကို အရင်ကကဲ့သို့ အဝေးသို့ လွင့်စင်အောင် မလုပ်နိုင်တော့ပေ။
ဤအချက်ကပင် နတ်ဆိုးများကို စိုးရိမ်ပူပန်စေတော့သည်။ မဟာဘိုးဘေးနတ်ဆိုးသည် အိုမင်းရင့်ရော်နေပြီဖြစ်ရာ ထိုအိုမင်းမှုကို ကျော်လွှားရန် ဟုတ်သားရဲ၏ခန္ဓာကိုယ်ကို ပူးကပ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ လူသားဖြစ်စေ၊ နတ်ဆိုးဖြစ်စေ အိုမင်းခြင်းသည် အားနည်းချက်တစ်ခုပင် ဖြစ်သည်။
တိုက်ပွဲက ဤအဆင့်သို့ ရောက်လာသောအခါ မဟာဘိုးဘေးနတ်ဆိုးသည် အရင်ကကဲ့သို့ စိတ်ထင်တိုင်း စွမ်းအင်များကို မသုံးစွဲနိုင်တော့သည်ကို အားလုံးမြင်တွေ့နေရသည်။ သူသည် တိုက်ခိုက်မှုတိုင်းတွင် သူ၏ နတ်ဘုရားစွမ်းအားများကို အလေအလွင့်မရှိစေရန် အလွန်အမင်းထိန်းချုပ်ပြီး အစွမ်းကုန် အားထုတ်နေရရှာသည်။
ဤအချက်သည် မဟာဘိုးဘေးနတ်ဆိုး၏ နတ်ဘုရားစွမ်းအားထိန်းချုပ်နိုင်စွမ်းမှာ အံ့မခန်းမြင့်မားကြောင်း သက်သေပြနေသည်။ သို့သော် နတ်ဆိုးများအတွက်မူ ဤသည်မှာ မဟာဘိုးဘေးနတ်ဆိုးကြီး အခက်တွေ့နေပြီဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။ ဤကဲ့သို့ အဆင့်မြင့်မားသောတိုက်ပွဲမျိုးတွင် စွမ်းအင်သုံးစွဲမှုမှာ ထိတ်လန့်ဖွယ်ကောင်းလှသည်။ မဟာဘိုးဘေးနတ်ဆိုးကြီး ကဲ့သို့ကျွမ်းကျင်သူတစ်ဦးပင်လျှင် သူ၏ စွမ်းအင်အထွက်ကို အမီမလိုက်နိုင်တော့သဖြင့် စွမ်းအားကို ချွေတာသုံးစွဲရန် ဖိအားပေးခံနေရသည်။
အခြားတစ်ဖက်တွင်မူ ချူးယွင်ဖန်း၏နတ်ဘုရားစွမ်းအားများမှာ အလကားရသကဲ့သို့ တရစပ် ပေါက်ကွဲထွက်နေသည်။ ယခုအချိန်တွင် သူ၏ ဧကရာဇ်ခန္ဓာကိုယ်နှင့် လျှပ်စီးခန္ဓာကိုယ်တို့၏ ရုပ်ပိုင်းဆိုင်ရာ အားသာချက်များမှာ အထင်အရှားပေါ်လွင်လာတော့သည်။ သူ၏ ပြန်ကောင်းနှုန်းက အံ့အားသင့်ဖွယ် ကောင်းလှပြီး သုံးစွဲသမျှစွမ်းအင်များကို ချက်ချင်း ပြန်လည်ဖြည့်တင်းနိုင်သည်။ ဗြဟ္မသီး ၏ ဆေးစွမ်းအင်နှင့် ပေါင်းစပ်လိုက်သောအခါ ချူးယွင်ဖန်းမှာ ယခုအချိန်တွင် စစ်မှန်သော ရွှေအမတေပြီးပြည့်စု့ခြင်းပညာရှင်တစ်ဦးနှင့်ပင် ပို၍ တူနေတော့သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... မဟာဘိုးဘေးက ဒီလောက် နှစ်ပေါင်းများစွာ လောကကြီးကို စိုးမိုးလာခဲ့တာလေ”
“ဒီလူသားက ဘယ်သူလဲ? သူက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ။”
“ငါ သူ့ကို မှတ်မိပြီ။ သူက တဝေရဲ့ နံပါတ်တစ် ပညာရှင်အသစ် ချူးယွင်ဖန်း မဟုတ်လား။”
ချူးယွင်ဖန်း၏ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ခံလိုက်ရသည်နှင့် နတ်ဆိုးများစွာမှာ ထိတ်လန့်သွားကြသည်။ ဤလူသားမှာ ထိုကဲ့သို့သောအဆင့်အတန်းမျိုး ရှိနေလိမ့်မည်ဟု သူတို့ တစ်ခါမျှ မတွေးခဲ့မိကြပေ။
အမှန်စင်စစ် နတ်ဆိုးပြည်တစ်ခုလုံးသည် လူသားမျိုးနွယ်၏ "နံပါတ်တစ်" ဟု အမည်ခံထားသူများကို စိတ်ဝင်စားလေ့မရှိကြပေ။ တဝေ၏ နံပါတ်တစ်ပညာရှင်ဖြစ်စေ၊ ကျင်ကျန်းဟန်၏ နံပါတ်တစ်ဖြစ်စေ နတ်ဆိုးများ၏ အမြင်တွင်မူ ပုရွက်ဆိတ်ငယ်များသာ ဖြစ်သည်။
တဝေ၏ နံပါတ်တစ်ဟု ကျော်ကြားခဲ့သောယွင်ဟွမ်ပင်လျှင် နတ်ဆိုးပြည်နှင့် နီးကပ်စွာနေရန် မဝံ့ရဲခဲ့ပေ။ မဟုတ်ပါက သေတွင်းထဲ ခြေစုံပစ်ဝင်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ယခုမူတဝေ၏နံပါတ်တစ်မှာ ဤမျှအစွမ်းထက်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ သူသည် သူတို့၏ မဟာဘိုးဘေးနတ်ဆိုးကြီးနှင့် အချီပေါင်းသုံးရာမက ရင်ဆိုင်နေနိုင်ပြီး မဟာဘိုးဘေးနတ်ဆိုးကြီးပင်လျှင် သူ့ကို အပြတ်အသတ် မနှိမ်နင်းနိုင်ဘဲ ဖြစ်နေသည်။
“ဒီအတိုင်းသာ ဆက်သွားရင် မဟာဘိုးဘေးနတ်ဆိုးကြီးက သူ့ကို ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး။ တကယ်လို့ သူသာ ထွက်ပြေးသွားရင် မကောင်းဘူး... ငါတို့ သူ့ကို တားရမယ်။”
“မှန်တယ်၊ ဒါပေမဲ့ ဒီသားရဲက တော်တော်ရက်စက်တယ်။ ငါတို့ တစ်ယောက်ချင်းဆိုရင် သူ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး။ သူ့ကို နှိမ်နင်းဖို့ အစီအရင်တစ်ခု အမြန်တည်ဆောက်ရမယ်။”
နတ်ဆိုးဘုရင်တစ်ပါးက အော်ပြောလိုက်သည်။
နတ်ဆိုးဘုရင်များအားလုံး ခေါင်းငြိမ့်ထောက်ခံကြသည်။ ချူးယွင်ဖန်းသည် မဟာဘိုးဘေးနတ်ဆိုးကြီးနှင့် ယှဉ်ပြိုင်နေသည့်အခြေအနေကို ကြည့်ရုံနှင့်ပင် သူတို့အားလုံးကို အလွယ်တကူ အလဲထိုးနိုင်ကြောင်း ထင်ရှားလှသည်။ တစ်ယောက်ချင်းရင်ဆိုင်လျှင် သူတို့အနေဖြင့် အကြိမ်တစ်ရာမက အရေးနိမ့်သွားမည်မှာ အသေအချာပင်။ အစီအရင်တစ်ခု တည်ဆောက်မှသာ ချူးယွင်ဖန်းကို ဟန့်တားနိုင်မည်ဖြစ်သည်။
ဘုန်း….
ချူးယွင်ဖန်းသည် နောက်တစ်ကြိမ်လွင့်ထွက်သွားပြန်သော်လည်း ယခုတစ်ကြိမ်တွင် မီတာနှစ်ဆယ်ခန့်သာ လျှောတိုက်သွားပြီး ကိုယ်ဟန်ကို ပြန်ထိန်းနိုင်ခဲ့သည်။ တိုက်ပွဲစစချင်းတွင် မီတာတစ်ထောင်ကျော်အထိ လွင့်ထွက်ခဲ့ရသော်လည်း ယခုအခါမီတာနှစ်ဆယ်ခန့်သာ နောက်ဆုတ်ရတော့ခြင်းမှာ သူ၏ အသွင်ပြောင်းလဲခြင်းက မည်မျှကြီးမားကြောင်း သက်သေပြနေသည်။
ချူးယွင်ဖန်းသည် သူ၏ အရှိန်အဝါမှာ အထွတ်အထိပ်သို့ နောက်တစ်ကြိမ်ရောက်ရှိလာကြောင်း ခံစားမိသည်။ ယခုအခါ သူသည် ရွှေအမတေအဆင့်ကို စစ်မှန်စွာစုစည်းပြီး ရွှေအမတေပုံစံအဆင့်သို့ တက်လှမ်းရန် အခွင့်အရေးတစ်ခုသာ လိုတော့သည်။
ကျင့်ကြံရေးလောကတွင် ရွှေအမတေအဆင့်နှင့်ရွှေအမတေမဲ့အဆင့်ကြားရှိ ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။ ချူးယွင်ဖန်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အဆင့်အတားအဆီးများမှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီဖြစ်ကြောင်း ခံစားနေရသည်။ သူ၏ရွှေအမတေမဲ့အဆင့်မှာလည်း အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် စတင်ခဲသွားတော့သည်။
“ဟားဟားဟား... မဟာဘိုးဘေးနတ်ဆိုးကြီး၊ ခင်ဗျားမှာ ရှိသမျှ နည်းလမ်းတွေ အကုန်ထုတ်သုံးစမ်းပါ!”
ချူးယွင်ဖန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ သွေးများမှာ ဆူပွက်နေပြီး တိုက်ခိုက်မှုဒဏ်အားလုံးကို ဆေးကြောပစ်ကာ နတ်ဘုရားစွမ်းအားများကို ပေါက်ကွဲထွက်စေသည်။
ငယ်ရွယ်ခြင်းက အကြွင်းမဲ့အမှန်တရားသာဖြစ်သည်။
မဟာဘိုးဘေးနတ်ဆိုးကြီး၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာသည်။
“ေကာင်ေလး. ငါ ဒီလောကကြီးထဲမှာ ကျင်လည်လာတာ နှစ်ပေါင်းများစွာ ရှိပြီ၊။ မင်းလို လူသားမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ငါ့ကို မင်းရဲ့ ကျင့်စဉ်အတွက် ဓားသွေးကျောက်အဖြစ် သုံးရဲတယ်ပေါ့လေ။”
မဟာဘိုးဘေးနတ်ဆိုးကြီးသည် မိမိကိုယ်မိမိ ချူးယွင်ဖန်း၏ အဆင့်တက်ရန် အထောက်အကူပြု ဓားသွေးကျောက်အဖြစ် အသုံးချခံနေရသည်ကို ရိပ်မိသွားသည်။ ဤသည်ကို တွေးမိလေလေ သူ၏ဒေါသမှာ ပိုမို ပေါက်ကွဲလေဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးထဲ၌ နက်ရှိုင်းသောကြောက်ရွံ့မှုများ ပေါ်လာသည်။ ဤအဆင့်မှာပင် ချူးယွင်ဖန်းက ဤမျှ ရင်ဆိုင်ရခက်နေပါက သူသာ အဆင့်တက်သွားလျှင် မဟာဘိုးဘေးနတ်ဆိုးကြီးကိုပါ ခြိမ်းခြောက်နိုင်သည့်အစွမ်းမျိုး ရှိလာမည် မဟုတ်ပါလား?
ထိုသို့တွေးမိသည်နှင့် မဟာဘိုးဘေးနတ်ဆိုးကြီး၏ စိတ်ထဲရှိ သတ်ဖြတ်လိုစိတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားလေတော့သည်။