အခန်း (၁၅၆၄-၁၅၆၆)
Vol. 105 Ch. 1564-1566
အခန်း (၁၅၆၄) ချူးယွင်ဖန်းနှစ်ယောက်လား? အားလုံးအံ့ဩသွားကြရလေပြီ
မဟာဘိုးဘေးနတ်ဆိုးကြီးသည် ချူးယွင်ဖန်း ကို ဆက်လက် ကြီးထွားခွင့်မပေးနိုင်တော့ပေ။ ချူးယွင်ဖန်းသည် မည်မျှပင် ပါရမီရှင်ဖြစ်ပါစေ ဆက်လက်မရှင်သန်နိုင်ပါက ကောင်းကင်ယံမှ ခဏတာလက်ခနဲလင်းပြီး ပျောက်ကွယ်သွားမည့် ဥက္ကာခဲတစ်ခုသာ ဖြစ်ပေလိမ့်မည်။
မဟာဘိုးဘေးနတ်ဆိုးကြီး စကားပြောနေစဉ်အတွင်း ချူးယွင်ဖန်း၏စိတ်အာရုံထဲ၌ လူသားများစွာကို ကြက်၊ ဘဲ၊ နွား၊ သိုးများကဲ့သို့ လှောင်အိမ်ထဲတွင် မွေးမြူထားပြီး နတ်ဆိုးများအတွက် အစာအဖြစ် အသုံးချခံနေရသည့် မြင်ကွင်းများကို မြင်ယောင်လာသည်။ ဤသည်ကို တွေးမိသည်နှင့် သူ၏မျက်လုံးများမှာ အေးစက်သွားပြီး ပြောလိုက်လေသည်။
“မဟာဘိုးဘေးနတ်ဆိုးကြီး ကြီး... ခင်ဗျား ကျုပ်ကို တကယ်နိုင်ပါ့မလားဆိုတာတောင် မသေချာသေးဘူး။ ကျုပ် ဒီမှာရှိနေသရွေ့တော့ ခင်ဗျား သေရမှာ သေချာပေါက်ပဲ။”
ချူးယွင်ဖန်းသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ အလွန်အားကောင်းသောအရှိန်အဝါကို ခံစားနေရသည်။ သူသည် အဆင့်တက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။ ထို့ကြောင့် မဟာဘိုးဘေးနတ်ဆိုးကြီး ကို ရင်ဆိုင်ရာတွင် သူ အနည်းငယ်မျှ မကြောက်ရွံ့ပေ။
“မင်းက ငါ့ကို သတ်ချင်တာလား? ရည်မှန်းချက် ကြီးလှချည်လား။”
မဟာဘိုးဘေးနတ်ဆိုးကြီး က သွားကြိတ်၍ ပြောလိုက်သည်။ ထိုအချိန်တွင် သူ၏အစွယ်များမှာ ပြန်လည်ထွက်ပေါ်လာပြီး မူလက ဖြူဖွေးနေသောဆံပင်နှင့် မုတ်ဆိတ်များမှာ နက်မှောင်လာကာ ကိုင်းညွတ်နေသောခန္ဓာကိုယ်မှာလည်း ပြန်လည်မြင့်မားတောင့်တင်းလာတော့သည်။
ဘုန်း….
သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါများ ထွက်ပေါ်လာပြီး ခေတ်တစ်ခေတ်ကို စိုးမိုးခဲ့သောမဟာဘိုးဘေးနတ်ဆိုးကြီး ကြီး၏ပုံစံစစ်စစ်မှာ လူတိုင်း၏ရှေ့တွင် ပေါ်လာတော့သည်။ ဤသည်မှာ မဟာဘိုးဘေးနတ်ဆိုးကြီး ကြီး၏အထွတ်အထိပ်ပုံစံပင် ဖြစ်သည်။ ယခင်က မဟာဘိုးဘေးနတ်ဆိုးကြီး သည် ချူးယွင်ဖန်းကို ဖိအားအနည်းငယ်သာ ပေးနိုင်ခဲ့သော်လည်း ယခုပုံစံမှာမူ ဖိအားပေးရုံမက အသက်ရှူပင် ကျပ်လာစေသည်။
ထိုပြင်းထန်လှသောဖိအားကြောင့် တစ်လောကလုံးရှိ ဝိညာဉ်စွမ်းအင်များပင် ငြိမ်သက်သွားပြီး အသက်ရှူရန်ပင် ခွင့်မပြုတော့သကဲ့သို့ ခံစားရသည်။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ? မဟာဘိုးဘေးက သူ့ရဲ့ နောက်ဆုံး သွေးအသက်ဓာတ်တွေကို အသုံးချပြီး နောက်ဆုံးတိုက်ပွဲအဖြစ် တိုက်ခိုက်ဖို့ ပြင်နေတာလား။”
နတ်ဆိုးဘုရင်အချို့မှာ မဟာဘိုးဘေးနတ်ဆိုးကြီး ၏အစီအစဉ်ကို ချက်ချင်း ရိပ်မိသွားသော်လည်း လုံးဝ မယုံကြည်နိုင်ဘဲ ဖြစ်နေကြသည်။ အကြောင်းမှာ မဟာဘိုးဘေးနတ်ဆိုးကြီး ၏လက်ရှိသက်တမ်းနှင့် ရုပ်ပိုင်းဆိုင်ရာအခြေအနေအရ ဤသို့ပြုလုပ်ခြင်းမှာ တိုက်ပွဲအပြီးတွင် ချက်ချင်းသေဆုံးနိုင်သည်အထိ ပြင်းထန်သောတန်ဖိုးကို ပေးဆပ်ရမည်ဖြစ်သောကြောင့် ဖြစ်သည်။
“ငါ အခုမှ နားလည်ပြီ။ မဟာဘိုးဘေးက ချူးယွင်ဖန်းကို ပူးကပ်သိမ်းပိုက်ဖို့ ကြံနေတာပဲ။ သူ့ရဲ့ အခု ခန္ဓာကိုယ်က အသုံးမဝင်တော့ဘူးလေ။”
“မှန်တယ်။ အကယ်၍ သူသာ ချူးယွင်ဖန်းကို အောင်အောင်မြင်မြင် ပူးကပ်နိုင်ခဲ့ရင် ဟုတ်သားရဲရဲ့ ခန္ဓာကိုယ်ကို သူ စိတ်ကြိုက် အသုံးချနိုင်ဖို့ ပိုပြီး လွယ်ကူသွားမှာပဲ။”
မဟာဘိုးဘေးကြီး အစွမ်းကုန် ထုတ်သုံးနေပြီဟေ့!”
နတ်ဆိုးဘုရင်များသည် စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြသည်။ ဤတိုက်ပွဲအပြီးတွင် သူတို့၏ မဟာဘိုးဘေးနတ်ဆိုးကြီး ကြီးသည် ဟုတ်သားရဲ၏ ခန္ဓာကိုယ်ကို ပူးကပ်ရယူပြီး နတ်ဆိုးမျိုးနွယ်စုကို ယခင်က မရှိဖူးသေးသော အမြင့်ပျံအခြေအနေသစ်တစ်ခုသို့ ပို့ဆောင်ပေးလိမ့်မည်ဟု သူတို့ ခံစားနေရသည်။ ၎င်းသည် ခေတ်သစ်တစ်ခု၏အစပျိုးခြင်းပင် ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် ချူးယွင်ဖန်းသည်လည်း မဟာဘိုးဘေးနတ်ဆိုးကြီး ၏အစီအစဉ်ကို နားလည်သွားသည်။ မဟာဘိုးဘေးနတ်ဆိုးကြီး သည် သူ့အား ဓားသွေးကျောက်အဖြစ် အသုံးချခံနေရသည်ကို ရိပ်မိသွားပြီဖြစ်ရာ ထိုအတိုင်း ငြိမ်ခံနေမည် မဟုတ်သည်မှာ သေချာသည်။
ဤနတ်ဆိုးအိုကြီး မည်မျှအထိ ကြောက်စရာကောင်းကြောင်း ခံစားနေရသည်။ ဤသည်မှာ မဟာဘိုးဘေးနတ်ဆိုးကြီး ၏ စစ်မှန်သော အထွတ်အထိပ်အခြေအနေပင် ဖြစ်သည်။ သူသည် ကန့်သတ်ချက်များကို ချိုးဖျက်ပြီး သူ၏ ခန္ဓာကိုယ်ကို အကောင်းဆုံးအခြေအနေသို့ ခေတ္တ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ထားသည်။ ထို့အပြင် နှစ်ပေါင်းများစွာ စုဆောင်းထားသောတိုက်ပွဲအတွေ့အကြုံများကြောင့် ယခုအခြေအနေတွင် သူသည် ငယ်စဉ်ကထက်ပင် ဆယ်ဆမက ပို၍ ကြောက်စရာကောင်းနေတော့သည်။
ယခင်ကထက် အဆပေါင်းများစွာ သန်မာလာသောအရှိန်အဝါကြောင့် ချူးယွင်ဖန်းမှာ အသက်ရှူရကျပ်လောက်အောင် ဖိအားပေးခြင်း ခံနေရသည်။
ချူးယွင်ဖန်း၏မျက်နှာမှာ တည်ကြည်လေးနက်သွားသည်။ ရုတ်တရက် သူ၏မျက်စိသူငယ်အိမ်များ ကျုံ့သွား၏။ ထိုခဏ၌ပင် သူ၏ရှေ့တွင် လူရိပ်တစ်ခုပေါ်လာပြီး လက်သည်းဖြင့် ဆွဲကုတ်လိုက်သည်။
ချူးယွင်ဖန်းသည် ဗီဇစိတ်အတိုင်း လက်နှစ်ဖက်ကို ရှေ့သို့ကာ၍ အမြန် ကာကွယ်လိုက်သည်။
ဘုန်း….
ဧရာမ အားလှိုင်းကြီးတစ်ခု တိုးဝင်လာသကဲ့သို့ ချူးယွင်ဖန်း ခံစားလိုက်ရသည်။ သူ၏တစ်ကိုယ်လုံးမှာ မီတာရာပေါင်းများစွာ အဝေးသို့ လွင့်ထွက်သွားတော့သည်။ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်သွားပြီး ခေါင်းထဲ၌ မူးဝေသွားရသည်။ ထိုအခါမှသာ သူ၏လက်မောင်းနှစ်ဖက်လုံး သွေးများဖြင့် ရွှဲနေသည်ကို သူ သတိထားမိလိုက်သည်။ ယခင်က မဟာဘိုးဘေးနတ်ဆိုးကြီး သည် သူ့အား ဒဏ်ရာအနည်းငယ်သာ ပေးနိုင်ခဲ့သော်လည်း ယခုမူ မတူတော့ပေ။
ချူးယွင်ဖန်း၏ ဧကရာဇ်ခန္ဓာကိုယ်နှင့်လျှပ်စီးခန္ဓာကိုယ်တို့မှာ အလွန်သန်မာသော်လည်း ယခုအခါ နှစ်ဖက်ခွန်အား ကွာခြားချက်မှာ ကြီးမားလွန်းနေသည်။
“မင်း မသေသေးဘူးပဲ။”
မဟာဘိုးဘေးနတ်ဆိုးကြီး ၏ပုံရိပ်မှာ ပေါ်လာသည်။ စောစောက တိုက်ခိုက်လိုက်သူမှာ သူပင်ဖြစ်သည်။ သူ၏အရှိန်မှာ လူသားတို့၏ မြင်နိုင်စွမ်းကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့ရာ အားလုံးက ချူးယွင်ဖန်း လွင့်ထွက်သွားသည်ကိုသာ မြင်လိုက်ရခြင်းဖြစ်သည်။
မဟာဘိုးဘေးနတ်ဆိုးကြီးသည် အနည်းငယ် အံ့အားသင့်သွားသည်။ သူသည် ချူးယွင်ဖန်း၏ လည်ပင်းကို တစ်ချက်တည်းဖြင့် လိမ်ချိုးရန် ရည်ရွယ်ခဲ့သော်လည်း အရေးကြီးသောအချိန်တွင် ချူးယွင်ဖန်းက မည်သို့ တားဆီးလိုက်သည်ကို သူ မသိလိုက်ပေ။
ချူးယွင်ဖန်း၏ခွန်အားနှင့်ခံနိုင်ရည်မှာ သူ စိတ်ကူးထားသည်ထက် အနည်းငယ် ပိုသာနေသည်။
“ဒါပေမဲ့ မင်းက မင်းရဲ့ အသက်ကို ခဏပဲ ဆွဲဆန့်ထားနိုင်တာပါ။ မင်းရဲ့ သေခါနီးရုန်းကန်မှုက ပိုပြီးတော့ပဲ ပင်ပန်းသွားလိမ့်မယ်။”
မဟာဘိုးဘေးနတ်ဆိုးသည် သူ၏ အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်သွားပြီးနောက် သူကိုယ်သူ အနှိုင်းမဲ့ပြီး အရာအားလုံးကို စိုးမိုးနိုင်သည်ဟု ခံစားနေရသည်။ ဤကဲ့သို့ ခံစားချက်မျိုး မရရှိခဲ့သည်မှာ အလွန်ပင် ကြာမြင့်ခဲ့ပြီဖြစ်သည်။ မည်မျှပင် ကြာသွားပြီလဲဆိုသည်ကို သူကိုယ်တိုင်ပင် မမှတ်မိတော့ပေ။
သို့သော် သူ၏အချိန်မှာ များများစားစား မကျန်တော့ကြောင်း သူသိသည်။ သူလုပ်ရမည့် အရေးကြီးဆုံးအလုပ်မှာ ချူးယွင်ဖန်းကိုသတ်ပြီး ဟုတ်သားရဲ၏ခန္ဓာကိုယ်ကို ပူးကပ်သိမ်းပိုက်ရန်ပင် ဖြစ်သည်။ ထိုအခါမှသာ အရာအားလုံး ပြည့်စုံသွားပေလိမ့်မည်။
သူ၏ ပုံရိပ်မှာ လက်ခနဲ ပျောက်ကွယ်သွားပြီး၊ ချူးယွင်ဖန်း၏ ရှေ့တည့်တည့်တွင် ပြန်လည် ပေါ်လာကာ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဘုန်း….
ဤလက်ဝါးရိုက်ချက်တွင် လောကတစ်ခုလုံးရှိ သတ်ဖြတ်လိုသောအငွေ့အသက်များ စုစည်းနေပြီး ချူးယွင်ဖန်းဆီသို့ ဦးတည်သွားတော့သည်။
“မင်းက လိပ်ခွံလိုမျိုး မာနေရင်တောင်မှ ဘယ်လောက်အထိ ခံနိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်။”
ချူးယွင်ဖန်းကို တစ်ကွက်တည်းနှင့် မသတ်နိုင်သောကြောင့် မဟာဘိုးဘေးနတ်ဆိုးကြီး သည် စိတ်မရှည် ဖြစ်လာသည်။ သူ၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသောသတ်ဖြတ်လိုစိတ်များ တဖျတ်ဖျတ်လက်နေသည်။
ထိုခဏ၌ပင် လူရိပ်တစ်ခုမှာ ဟင်းလင်းပြင်ထဲမှ ရုတ်တရက်ပေါ်လာပြီး လျှပ်စီးကဲ့သို့သောအရှိန်ဖြင့် ဟုတ်သားရဲရှိရာသို့ ဦးတည်သွားတော့သည်။
ဤအပြောင်းအလဲမှာ ရုတ်တရက်ဆန်လွန်းလှသည်။ မဟာဘိုးဘေးနတ်ဆိုးကြီး နှင့် ချူးယွင်ဖန်း၏တိုက်ပွဲကို အာရုံစိုက်နေကြသူများမှာ ထိုအရာကို သတိမထားမိလိုက်ကြပေ။ သို့သော် ဟုတ်သားရဲကို အမြဲမျက်စိဒေါက်ထောက် ကြည့်နေသောမဟာဘိုးဘေးနတ်ဆိုးကြီး မှာမူ ချက်ချင်းပင် သိရှိသွားသည်။
“မင်းက ဘယ်သူလဲ?! မင်း သေချင်နေပြီလား!”
မဟာဘိုးဘေးနတ်ဆိုးကြီး သည် အလွန်အမင်း ဒေါသထွက်သွားပြီး ဝိညာဉ်စွမ်းအင်များဖြင့် ဧရာမလက်ဝါးကြီးတစ်ခုကို ဖန်တီးကာ ထိုလူရိပ်ကို လှမ်းဖမ်းလိုက်သည်။ ထိုလူရိပ်၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သူ၏ကိုယ်ပေါ်တွင် အလံတစ်ခုကို ပတ်ထားကာ ဧရာမဝိညာဉ်လက်ဝါးကြီးကို ခုခံလိုက်သည်။
ထိုအချိန်တွင်မှ လူတိုင်းမှာ ထိုသူသည် အမှန်စင်စစ် နောက်ထပ် ချူးယွင်ဖန်းတစ်ယောက် ဖြစ်နေသည်ကို သတိပြုမိသွားကြပြီး အားလုံးမှာ ဆွံ့အသွားကြရကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရလေတော့၏။
အခန်း (၁၅၆၅) ခန္ဓာကိုယ်အားသိမ်းပိုက်ခြင်း
နတ်ဆိုးဘုရင်များအားလုံး ဆွံ့အမှင်သက်ကုန်ကြသည်မှာ အခြားကြောင့်မဟုတ်ဘဲ ပေါ်လာသည့်သူသည် နောက်ထပ် ချူးယွင်ဖန်းတစ်ယောက် ဖြစ်နေသောကြောင့်ပင်။ သူသည် မဟာဘိုးဘေးနတ်ဆိုးကြီးနှင့် တိုက်ခိုက်နေသည့် ချူးယွင်ဖန်းနှင့် ရုပ်ချင်းတစ်ထပ်တည်း တူလွန်းလှသည်။
'အမွှာတွေလား?' ဟူသော အတွေးမျိုးက လူတိုင်း၏စိတ်ထဲတွင် ပေါ်လာကြသည်။
သို့သော် ဤချူးယွင်ဖန်းမှာ မူလတစ်ယောက်နှင့် အနည်းငယ်ကွဲပြားသည်။ သူ၏ တစ်ကိုယ်လုံးမှာ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်နေပြီး လူသားတစ်ယောက်နှင့် မတူဘဲ ထူးခြားသည့်ခံစားချက်မျိုး ပေးစွမ်းနေသည်။ သူသည် တိုက်ပွဲအလံတစ်ခုကို ကိုယ်တွင်ပတ်ထားပြီး ထိုအလံကပင် မဟာဘိုးဘေးနတ်ဆိုးကြီး၏ တိုက်ခိုက်မှုကို ခုခံပေးခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ပွဲအလံပေါ်တွင် ကောင်းကင်သို့ မော့ဟောင်နေသောဝံပုလွေတစ်ကောင်၏ပုံရိပ်ပါရှိသည်။ (ကျင်ကျန်းဟန်ကပြာဝံပုလွေပါ)
“ဒါ ပြာဝံပုလွေအလံ မဟုတ်ဘူးလား?”
တစ်စုံတစ်ယောက်က မှတ်မိသွားသည်။ ဤအလံသည် ပြာဝံပုလွေအလံ မဟုတ်လျှင် အခြားဘာဖြစ်နိုင်ဦးမှာတဲ့လဲ။
ပြာဝံပုလွေအလံကို အသုံးမပြုခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သော်လည်း ကျင်းကျန်းဟန်၏ အစွမ်းဖြင့်ဆိုလျှင် နတ်ဆိုးပြည်မှလွဲ၍ ကျန်အင်အားစုများသည် ဤအလံကို ထုတ်သုံးရလောက်အောင် သူတို့ကို အကျပ်ရိုက်စေနိုင်စွမ်း မရှိကြပေ။
ကျင်ကျန်းဟန်သည် အလွန်အစွမ်းထက်ရုံသာမက သူတို့၏ခန်းမင်းကြီး ၊ လက်ဝဲအရှင်၊ လက်ယာအရှင်နှင့် အခြားသောပညာရှင်များသည်လည်း လောကတွင် ပြိုင်ဘက်ကင်းသူများ ဖြစ်ကြသည်။ ထို့ကြောင့် ပြာဝံပုလွေအလံကို သုံးရခဲခြင်း ဖြစ်သည်။ သို့သော် ၎င်းက နာမည်မကျော်ကြားဟု မဆိုလိုပေ။ သာမန်လူများ မသိကြသော်လည်း ယခုရောက်ရှိနေသောနတ်ဆိုးဘုရင်များမှာ လူသားသက်တမ်းနှင့်ဆိုလျှင် နှစ်ပေါင်းထောင်ချီ နေထိုင်လာကြသည့် နတ်ဆိုးအိုကြီးများဖြစ်ရာ အတွေ့အကြုံနှင့် ဗဟုသုတကြွယ်ဝကြသူများ ဖြစ်သည်။
နှစ်ပေါင်းတစ်ထောင်ကျော် သက်တမ်းရှိသောနတ်ဆိုးအိုကြီးများသည် အတွေ့အကြုံရင့်ကျက်ကြသူများ ဖြစ်သည်။ ပြာဝံပုလွေအလံကို အကြိမ်ရေများစွာ အသုံးမပြုခဲ့သော်လည်း သူတို့အတွက် စိမ်းမနေပေ။ ကိုယ်တိုင်မမြင်ဖူးသူများပင်လျှင် ထိုအလံ၏အကြောင်းကို ကြားဖူးနားဝ ရှိကြသည်။ တစ်ယောက်ယောက်က သတိပေးလိုက်သည်နှင့် ၎င်းမှာ အဘယ်အရာဖြစ်ကြောင်း ချက်ချင်း သိရှိသွားကြသည်။
ကျင်ကျန်းဟန်၏ နိုင်ငံတော်ရတနာဖြစ်သောပြာဝံပုလွေအလံသည် အဘယ်ကြောင့် သူစိမ်းတစ်ယောက်၏ လက်ထဲသို့ ရောက်နေသနည်းဆိုသည်ကို မည်သူမျှ နားမလည်နိုင်ကြပေ။ ကျင်ကျန်းဟန်နှင့် နတ်ဆိုးပြည်တို့မှာ မဟာမိတ်များ ဖြစ်ကြသည်။ ဤမဟာမိတ်မှာ ပါးစပ်ကတိဖြင့်သာ တည်ဆောက်ထားသောကြောင့် ပျက်ပြယ်ရန် လွယ်ကူသည်ဟု အားလုံးသိထားကြသော်လည်း၊ ကျင်ကျန်းဟန်အနေဖြင့် ဤမျှမြန်မြန်ဆန်ဆန် သစ္စာဖောက်လိမ့်မည်ဟု မထင်ထားကြပေ။
ကျင်ကျန်းဟန်သည် တဝေတိုင်းပြည်ကို ဝိုင်းရံတိုက်ခိုက်ရာတွင် ချူးယွင်ဖန်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ဟူသောသတင်းမှာ ဤနေရာသို့ မရောက်သေးပေ။ သို့သော် ဤမြင်ကွင်းမှာ သူတို့အတွက် ထူးဆန်းနေရန် လုံလောက်နေပြီ ဖြစ်သည်။
နတ်ဆိုးများမှာ ချက်ချင်းပင် သတိပြန်ဝင်လာကြသည်။ ချူးယွင်ဖန်း၏ရည်ရွယ်ချက်က မည်သို့ပင်ဖြစ်စေ၊ ချူးယွင်ဖန်းနှစ်ယောက် ပေါ်လာခြင်းမှာ တစ်ခုခုကို ကြံစည်နေခြင်းဖြစ်ကြောင်း သူတို့ သိလိုက်ကြပြီ ဖြစ်သည်။
“သူ့ကိုတားကြ။”
မဟာဘိုးဘေးနတ်ဆိုးကြီး သည် အခြေအနေမဟန်တော့ကြောင်း ချက်ချင်းရိပ်မိလိုက်သည်။ ဒုတိယမြောက် ချူးယွင်ဖန်း ပေါ်လာကတည်းက သူ သတိထားမိခဲ့သင့်သည်။ ချူးယွင်ဖန်းတွင် ကြီးမားသောရည်မှန်းချက်တစ်ခု ရှိနေမည်မှာ သေချာပြီး ၎င်းမှာမည်သည့်အရာပင်ဖြစ်စေ သူ့ကို အောင်မြင်ခွင့်ပေး၍ မဖြစ်ပေ။
နတ်ဆိုးဘုရင်များသည် တစ်ခဏမျှ ကြောင်အသွားပြီးနောက် သတိဝင်လာကာ ဟိန်းဟောက်ရင်း ဒုတိယမြောက် ချူးယွင်ဖန်းဆီသို့ ပြေးဝင်သွားကြသည်။ ဒုတိယချူးယွင်ဖန်းက ပြာဝံပုလွေအလံကို ဝေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ထဲတွင် ဧရာမရွှေရောင်ဝံပုလွေကြီးတစ်ကောင် ပေါ်ထွက်လာပြီး နတ်ဆိုးဘုရင်များဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
ဘုန်း….
ပြင်းထန်သောပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ထိုရွှေရောင်ဝံပုလွေကြီးမှာ အပိုင်းပိုင်းအပြတ်ပြတ် ကွဲအက်သွားသည်။ တိုက်ခိုက်လာသည့် နတ်ဆိုးဘုရင်အရေအတွက်မှာ များပြားလွန်းလှပြီး ၎င်းတို့ထဲတွင် ရွှေအမတေပုံစံအဆင့်ကျွမ်းကျင်သူများစွာ ပါဝင်နေသည်။ ထို့ကြောင့် ဝံပုလွေကြီးမှာ မည်မျှပင်သန်မာစေကာမူ ထိုမျှများပြားသောတိုက်ကွက်များကို မခုခံနိုင်ဘဲ ပေါက်ကွဲသွားရခြင်း ဖြစ်သည်။
သို့သော် ထိုခဏချင်းအတွင်းမှာပင် ချူးယွင်ဖန်း၏တစ်ကိုယ်လုံးမှာ ရွှေရောင်အလင်းတန်းများ တောက်ပြောင်လာပြီး ဟုတ်သားရဲ၏ခန္ဓာကိုယ်အတွင်းသို့ ရုတ်တရက် တိုးဝင်သွားတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါမှ လူတိုင်း ချူးယွင်ဖန်း၏ရည်ရွယ်ချက်ကို နားလည်သွားကြသည်။ သူ၏ပစ်မှတ်မှာ သေချာပေါက် ဟုတ်သားရဲပင် ဖြစ်လေသည်။ ချူးယွင်ဖန်းက သားရဲကြီး၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ကို သူတို့အားလုံး အကူအညီမဲ့စွာဖြင့် ငေးကြည့်နေခဲ့ကြရသည်။ ချူးယွင်ဖန်းက ဤအရာကို မည်သို့လုပ်ဆောင်နိုင်ခဲ့သနည်းဆိုသည်ကို သူတို့ စဉ်းစားမရဘဲ မှင်သက်နေကြစဉ် တစ်ယောက်က သတိပြုမိပြီး အော်ဟစ်လိုက်သည်။
“အဲဒီချူးယွင်ဖန်းမှာ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မရှိဘူး။ သူက စွမ်းအင်ကိုယ်ပွားတစ်ခုပဲ။”
လူတိုင်း ချက်ချင်း သဘောပေါက်သွားကြသည်။ အကယ်၍ ၎င်းမှာ စွမ်းအင်ကိုယ်ပွားသာ ဖြစ်ပါက အခြေအနေမှာ ကွဲပြားသွားပြီဖြစ်သည်။ ယခုအခါ တောင်ငယ်တစ်လုံးအလား ကြီးမားသောဟုတ်သားရဲကြီး၏ ခန္ဓာကိုယ်သာ ကျန်ရှိတော့ပြီး ၎င်း၏ မူလဝိညာဉ်မှာလည်း သွေးဝိညာည်နိုးထခြင်းစက်ဝန်းကြောင့် ပျက်စီးလုနီးပါး ဖြစ်နေချေပြီ။
ဤသည်မှာ ခန္ဓာကိုယ်ကိုသိမ်းပိုက်ရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။
ချူးယွင်ဖန်းက ဤအခွင့်အရေးကို လက်လွှတ်မခံဘဲ အမိအရအသုံးချသွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။
“တောက်! သေစမ်း!”
မဟာဘိုးဘေးနတ်ဆိုးကြီးမှာ ဒေါသများ ပေါက်ကွဲထွက်လာတော့သည်။ သူသည် ဤအရာအားလုံး ဖြစ်မြောက်ရန် နှစ်ပေါင်းများစွာ အပင်ပန်းခံပြင်ဆင်လာခဲ့ရသော်လည်း၊ ယခုမူ သူစိမ်းတစ်ယောက်က အဆင်သင့်ဖြစ်နေသော အသီးအနှံကို လာရောက် ခူးဆွတ်သွားသကဲ့သို့ ဖြစ်နေရချေပြီ။
“မင်း သေချင်နေပြီပဲ!”
မဟာဘိုးဘေးနတ်ဆိုးကြီးသည် ဒေါသတကြီးဟိန်းဟောက်ရင်း ချူးယွင်ဖန်းကို လက်သည်းဖြင့် ကုတ်ခြစ်တိုက်ခိုက်လိုက်သည်။ နတ်ဆိုးများ၏ အော်ဟစ်သံများကြောင့် မြေပြင်တစ်ခုလုံးပင် တုန်ခါသွားတော့သည်။
ယခုအချိန်တွင် မဟာဘိုးဘေးနတ်ဆိုးကြီးသည် အောင်ပွဲမှာ သူ၏လက်ခုပ်ထဲတွင်ရှိသည်ဟု မခံစားရတော့ပေ။ ယခင်ကမူ သူ၏လက်ရှိခန္ဓာကိုယ် ပျက်စီးသွားပါစေဦးတော့ ဟုတ်သားရဲကို ပူးကပ်သိမ်းပိုက်နိုင်မည်ဟု ယုံကြည်ထားသဖြင့် မတုန်လှုပ်ခဲ့ခြင်းဖြစ်သည်။ ယခုမူ သူ အသေအချာပြင်ဆင်ထားသည့် ခန္ဓာကိုယ်ကို ချူးယွင်ဖန်း၏ကိုယ်ပွားက လုယူသွားပြီဖြစ်ရာ သူ၏ ရင်ထဲတွင် မည်မျှအထိ ဒေါသထွက်နေမည်ကို ခန့်မှန်းကြည့်ရုံနှင့် သိနိုင်သည်။
ချူးယွင်ဖန်းသည် အဆက်မပြတ် နောက်ဆုတ်နေသော်လည်း မဟာဘိုးဘေးနတ်ဆိုးကြီး၏လက်သည်းများက သူ့ကို အပိုင်းပိုင်းပြတ်သွားအောင် နောက်ကနေ တကောက်ကောက် လိုက်ပါနေသည်။ ချူးယွင်ဖန်းသည် အခြားရွေးချယ်စရာမရှိတော့သဖြင့် ရှိသမျှခွန်အားကို စုစည်းကာ အံ့ဖွယ်လက်သီးရှစ်ချက်ကို ထုတ်ဖော်လိုက်သည်။
ဘုန်း….
နှစ်ဖက် ထိတွေ့မိသည့်ခဏ၌ပင် ချူးယွင်ဖန်း၏ ကောင်းကင်နဂါးရှစ်ကောင်မှာ အမှုန့်ဖြစ်သွားရသည်။ ခွန်အားချင်း ကွာခြားချက်မှာ အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားသောအခါ မည်သည့် သိုင်းပညာကမျှ အစားထိုးမဖြည့်ဆည်းပေးနိုင်တော့ပေ။
ဘုန်း….
ချူးယွင်ဖန်းသည် ကြွေလွင့်သွားသောကြယ်တစ်လုံးအလား အဝေးသို့ လွင့်ထွက်သွားတော့သည်။
သို့သော် ချူးယွင်ဖန်းသည် စိတ်ပျက်အားငယ်ခြင်း အလျှင်းမရှိပေ။ သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် စောနကဟုတ်သားရဲထဲသို့ တိုးဝင်သွားသူမှာ သူ၏ ပြာမီးတောက်ခန္ဓာကိုယ်ဖြစ်နေသောကြောင့်ပင်။ အလွန်အရေးကြီးသောအချိန်တွင် သူသည် သူ၏ ပြာမီးတောက်ခန္ဓာကိုယ်ကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ဤနည်းလမ်းသည်သာ မဟာဘိုးဘေးနတ်ဆိုးကြီး ဟုတ်သားရဲကို ပူးကပ်ခြင်းမှ တားဆီးနိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
ပြာမီးတောက်ခန္ဓာကိုယ်သည် အသွေးအသားဖြင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ ၎င်း၏အတွင်း၌ သူ၏ မူလဝိညာဉ် ရှိနေသည်။ အကယ်၍ မဟာဘိုးဘေးနတ်ဆိုးကြီးက ထိုကိုယ်ပွားကို ပူးကပ်သိမ်းပိုက်ရန် ကြိုးစားလျှင်ပင် ဤပြာမီးတောက်ခန္ဓာကိုယ်က သူ့ကို ဒုက္ခပေးပေလိမ့်မည်။
သို့သော် ချူးယွင်ဖန်း နောင်တမရပေ။ ဟုတ်သားရဲ၏ခန္ဓာကိုယ်ကို ပူးကပ်နိုင်ခြင်းမှာ အနာဂတ်တွင် သူ့အတွက် အကျိုးကျေးဇူး အတိုင်းအဆမရှိ ရရှိစေမည် ဖြစ်သည်။
ချူးယွင်ဖန်းသည် ပါးစပ်ထောင့်မှ သွေများကို အန်ထုတ်လိုက်ရသည်။ သူ၏တစ်ကိုယ်လုံး တုန်ခါနေပြီး အရေပြားမျက်နှာပြင်များမှာ အက်ကွဲလာတော့သည်။
“သေစမ်း!”
မဟာဘိုးဘေးနတ်ဆိုးကြီးက ဟိန်းဟောက်လိုက်ပြန်သည်။ သို့သော် ယခုတစ်ကြိမ်တွင် သူ၏ ပစ်မှတ်မှာ ဟုတ်သားရဲ ဖြစ်သည်။ ချူးယွင်ဖန်း၏ပြာမီးတောက်ခန္ဓာကိုယ်နှင့် ဟုတ်သားရဲတို့က လုံးဝ တစ်သားတည်းမဖြစ်သွားမီ သူက အမြန်ဦးအောင် ဆွဲထုတ်ပစ်လိုခြင်း ဖြစ်သည်။
“ငါက မင်းရဲ့ ပြိုင်ဘက်ပဲ။ ငါမသေမချင်း မင်း ဘယ်တော့မှ ဖြတ်မသွားနိုင်စေရဘူး။”
ရုတ်တရက် မဟာဘိုးဘေးနတ်ဆိုးကြီး၏အမြင်အာရုံမှာ ဝေဝါးသွားသည်။ ချူးယွင်ဖန်းက သူ၏ရှေ့တွင် မည်သည့်အချိန်က ရောက်နေသည်ကိုပင် သူ သတိမထားမိလိုက်ပေ။
အခန်း (၁၅၆၆) ရွှေအမေတပုံစံအဆင့်အားဖြတ်ကျော်ခြင်း
ချူးယွင်ဖန်းသည် ဒဏ်ရာဗရပွဖြစ်နေသောခန္ဓာကိုယ်ဖြင့် မဟာဘိုးဘေးနတ်ဆိုးကြီး၏ရှေ့တွင် မားမားမတ်မတ် ရပ်နေဆဲဖြစ်သည်။ အက်ကွဲပျက်စီးသွားသော သူ၏အရေပြားများသည် အံ့အားသင့်ဖွယ်အရှိန်အဟုန်ဖြင့် ပြန်လည်ကောင်းမွန်လာနေသည်။ ဤအခိုက်အတန့်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က မည်မျှအထိ သန်မာကြောင်းမှာ ငြင်းမရအောင် ပေါ်လွင်နေတော့သည်။
“ကောင်းပြီ... ငါ မင်းကို အခုပဲသတ်ပစ်မယ်ကွ။”
မဟာဘိုးဘေးနတ်ဆိုးကြီးက သွားကြိတ်၍ ပြောလိုက်သည်။ သူ၏မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်နေပြီး မျက်နှာထားမှာလည်း အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
“နတ်ဆိုးအပေါင်းတို့၏ အရှင်သခင်!”
မဟာဘိုးဘေးနတ်ဆိုးကြီးးက ဟိန်းဟောက်လိုက်ရာ သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားစွမ်းအားများမှာ ဆူပွက်လာပြီး ရေတွက်၍မရနိုင်သောနတ်ဆိုးအရိပ်များအဖြစ် ပြောင်းလဲကာ ချူးယွင်ဖန်းဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
“အံ့ဖွယ်လက်သီး ရှစ်ချက်။”
ချူးယွင်ဖန်းသည် အနည်းငယ်မျှ မကြောက်ရွံ့ပေ။ သူသည် မဟာဘိုးဘေးနတ်ဆိုးကြီးးနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ဝန်မလေးသော်လည်း ရလဒ်မှာမူ သူသည် အဝေးသို့ လွင့်စင်သွားရပြန်သည်။ သူ၏ ခန္ဓာကိုယ်မှ သွေးများမှာ ပန်းထွက်လာပြီး သွေးအိုင်ထဲတွင် ရေချိုးနေရသကဲ့သို့ ဖြစ်နေသည်။
ဘုန်း….ဘုန်း….ဘုန်း….
ဒေါသအထွတ်အထိပ်ရောက်နေသော မဟာဘိုးဘေးနတ်ဆိုးကြီးးသည် အစွမ်းကုန်တိုက်ခိုက်နေတော့သည်။ သူသည် ချူးယွင်ဖန်းအား တရစပ် ဗုံးကြဲသကဲ့သို့ တိုက်ခိုက်နေပြီး ချူးယွင်ဖန်းအနေဖြင့် မည်မျှပင် ဝေးဝေးသို့ ရှောင်ပုန်းပါစေ အချည်းနှီးသာ ဖြစ်နေသည်။
“မင်းကို ငါ သတ်ပစ်မယ်!”
ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ပြတ်လုနီးပါး ဖြစ်နေချေပြီ။
“တောက်! ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ? နောက်ဆုံးတစ်ချက်ပဲ။ နောက်ဆုံးတစ်ချက်လေးပဲ လိုတော့တာ!”
ချူးယွင်ဖန်းက ထပ်တလဲလဲ အော်ဟစ်နေသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိစွမ်းအင်များသည် အရည်အသွေးပိုင်းဆိုင်ရာ အလှည့်အပြောင်းဖြစ်ပေါ်ရန်အမှတ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ ခံစားနေရသည်။ ၎င်းမှာ စစ်မှန်သောအသွင်ကူးပြောင်းမှုအတွက် အဓိကအချက်ပင် ဖြစ်သည်။ သူသည် ခြေတစ်လှမ်းသာ လိုတော့ပြီး ထိုခြေလှမ်းကို လှမ်းရန် အစွမ်းကုန် ကြိုးစားနေတော့သည်။
တစ်ချိန်တည်းမှာပင် မဟာဘိုးဘေးနတ်ဆိုးကြီး၏ ပြင်းထန်လှသောတိုက်ခိုက်မှုများကြောင့် ချူးယွင်ဖန်းသည် အပြင်းအထန် ဒဏ်ရာရရှိနေပြီဖြစ်သည်။ မဟာဘိုးဘေးနတ်ဆိုးကြီးးသည် သူ၏ အထွတ်အထိပ်စွမ်းအားများကို ပြန်လည်ရရှိသွားပြီးနောက် သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ ယခင်နှင့် လုံးဝမတူတော့ပေ။ ချူးယွင်ဖန်းသည် သူ့အတွက် မည်သည့်ခြိမ်းခြောက်မှုမျှ မပေးနိုင်တော့သည့်အလား ဖြစ်နေသည်။
“သေစမ်း!”
မဟာဘိုးဘေးနတ်ဆိုးကြီးး၏မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သောအမူအရာ ပေါ်လာသည်။ သွေးနီရောင် လက်သည်းကြီးတစ်ခုသည် ချူးယွင်ဖန်းဆီသို့ ဦးတည်သွားရာ ကောင်းကင်ယံတစ်ခုလုံး ပေါက်ကွဲထွက်သွားသကဲ့သို့ပင်။ ဤတိုက်ကွက်သည် နောက်ဆုံးလက်ချက်ဖြစ်ပြီး ချူးယွင်ဖန်းကို အသေအလဲ ဒဏ်ရာရစေရန် သို့မဟုတ် အသက်ပျောက်သွားစေရန် လုံလောက်ကြောင်း မဟာဘိုးဘေးနတ်ဆိုးကြီးး သိထားသည်။
သူသည် ဟုတ်သားရဲ၏ခန္ဓာကိုယ်ထဲမှ ချူးယွင်ဖန်း၏ ပြာမီးတောက်ခန္ဓာကိုယ်ကို ဆွဲထုတ်ရန် အချိန်အမြန်ရယူရဦးမည်ဖြစ်သည်။ အကယ်၍ အချိန်ပိုကြာသွားပါက သူ မှီတော့မည်မဟုတ်ပေ။
ထိုအရေးကြီးလှသောအခိုက်အတန့်တွင် ရုတ်တရက်ဆိုသလို အမွေးအမှင်များဖြင့် ဖုံးလွှမ်းနေသော ဧရာမလက်သည်းကြီးတစ်ဖက်သည် ကောင်းကင်ယံမှ ဆင်းသက်လာတော့သည်။ ဤလက်သည်းကြီးသည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားပြီး မိုးတိမ်တိုက်ကြီးတစ်ခုအလား ချူးယွင်ဖန်းကို အကာအကွယ်ပေးလိုက်သည်။
မဟာဘိုးဘေးနတ်ဆိုးကြီးး၏တိုက်ကွက်သည် ထိုအမွေးအမှင်ပါသောလက်သည်းကြီးပေါ်သို့ ကျရောက်သွားသော်လည်း ပြန်လည်ကန်ထွက်သွားသည်။ ၎င်းသည် ထိုလက်သည်းကြီးကို မည်သည့် ထိခိုက်မှုမျှ မပေးနိုင်ခဲ့ပေ။
“ဒါ ဘာကြီးလဲ? အဲဒါ ဘာလဲ?”
မဟာဘိုးဘေးနတ်ဆိုးကြီးးသည် ဒေါသတကြီးဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ သွေးကန်အထက်တွင် သံကြိုးများစွာဖြင့် ချည်နှောင်ခံထားရသော ဟုတ်သားရဲကြီး လှုပ်ရှားလာသည်ကို တွေ့လိုက်ရသည်။ ဟုတ်သားရဲသည် သံကြိုးအချို့ကို ရုန်းထွက်ဖောက်ဖျက်ပြီး ချူးယွင်ဖန်းကို ကာကွယ်ပေးလိုက်ခြင်း ဖြစ်သည်။
“တောက်! ကောင်စုတ်!”
မဟာဘိုးဘေးနတ်ဆိုးကြီးး ချက်ချင်းပင် ရိပ်မိသွားသည်။ သူ၏ဒေါသမှာ ခဏချင်း ပေါက်ကွဲထွက်လာတော့သည်။ ဟုတ်သားရဲကြီး ရုတ်တရက် လှုပ်ရှားလာရသည့်အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ ချူးယွင်ဖန်း၏ ပြာမီးတောက်ခန္ဓာကိုယ်က သားရဲကြီးကို ထိန်းချုပ်လိုက်နိုင်ခြင်းကြောင့်ပင်။ ၎င်းက အရေးကြီးသောအချိန်တွင် သူ၏တိုက်ကွက်ကို ဟန့်တားပေးခဲ့သဖြင့် ချူးယွင်ဖန်း အသက်ဘေးမှ လွတ်မြောက်သွားရသည်။
တစ်နည်းအားဖြင့်ဆိုရသော် အခြေအနေများမှာ သူ၏ တွက်ဆချက်ထက်ကျော်လွန်သွားပြီဖြစ်သည်။ ပုံမှန်အခြေအနေအရ ချူးယွင်ဖန်းသည် သူ၏ကိုယ်ပွားကို စေလွှတ်လိုက်ရုံဖြင့် ဟုတ်သားရဲကို ချက်ချင်း ထိန်းချုပ်နိုင်ရန်မှာ မဖြစ်နိုင်ဟု သူယူဆခဲ့သဖြင့် အလေးမထားခဲ့ခြင်းဖြစ်သည်။
အခြေအနေက သူထင်သလို ဖြစ်မလာဘဲ ချူးယွင်ဖန်းက လက်တွေ့နှင့် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။
ချူးယွင်ဖန်း၏ပြာမီးတောက်ခန္ဓာကိုယ်သည် ဟုတ်သားရဲထဲသို့ ရောက်ရှိသွားသည်မှာ ခဏလေးသာ ရှိသေးသော်လည်း၊ သူသည် သားရဲကြီးကို ထိန်းချုပ်ကာ သံကြိုးအချို့ကိုပင် အတင်းအဓမ္မ ရုန်းထွက်ခိုင်းနိုင်နေပြီဖြစ်သည်။ ဤသည်မှာ မည်မျှအထိ အံ့ဩစရာကောင်းလိုက်ပါသလဲ?
ဟုတ်သားရဲကြီး၏လက်သည်းမှာ သံကြိုးများ၏ဆွဲငင်မှုကြောင့် နောက်သို့ ပြန်လည်ကျရောက်သွားသည်။ ဤသံကြိုးများသည် သွေးဝိညာဉ်နိုးထခြင်းစက်ဝန်းနှင့် တစ်ဆက်တည်းဖြစ်ပြီး သားရဲကြီး ရုတ်တရက် ထမတိုက်နိုင်ရန် တားဆီးထားခြင်း ဖြစ်သည်။
“မင်း သေပြီသာမှတ်တော့။ ဒုတိယတစ်ကြိမ်လည်း မင်း ရှောင်နိုင်ဦးမယ်လို့ ငါမယုံဘူး။”
မဟာဘိုးဘေးနတ်ဆိုးကြီးက ရက်စက်သောအကြည့်များဖြင့် ချူးယွင်ဖန်းကို စိုက်ကြည့်လိုက်သည်။
“ဒုတိယတစ်ကြိမ် ဟုတ်လား? ငါ့အတွက် ဒုတိယတစ်ကြိမ် မလိုတော့ဘူး!”
ချူးယွင်ဖန်း၏ အေးစက်သောအသံ ထွက်ပေါ်လာသည်။
လူတိုင်း ချူးယွင်ဖန်းကို ကြည့်လိုက်သောအခါ သူသည် မားမားမတ်မတ် ပြန်လည်ရပ်တန့်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အက်ကွဲကြောင်းများသည် ထိတ်လန့်ဖွယ်ကောင်းသော အရှိန်ဖြင့် ပြန်လည်ကောင်းမွန်လာပြီး သူ၏ အရှိန်အဝါမှာလည်း ပိုမိုပြင်းထန်လာသည်။ စောစောက ချူးယွင်ဖန်း၏ခွန်အားမှာ တစ်စုံတစ်ခုက ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေခဲ့လျှင် ယခုမူ ထိုအရာကို ဖောက်ထွက်သွားပြီး အတိုင်းအဆမရှိ ဆက်လက်မြင့်တက်နေတော့သည်။
ချူးယွင်ဖန်း၏နတ်ဘုရားစွမ်းအားများမှာ အဆက်မပြတ် မြင့်တက်နေသည်ကို လူတိုင်း အထင်အရှား မြင်နေရသည်။
“ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့!”
မဟာဘိုးဘေးနတ်ဆိုးကြီးးသည် လျှပ်စီးကဲ့သို့ မြန်ဆန်သောအရှိန်ဖြင့် တိုက်ခိုက်လိုက်ပြန်သည်။ “နတ်ဆိုးအပေါင်းတို့၏အရှင်သခင်”တိုက်ကွက်ဖြင့် ဧရာမသွေးနီရောင်လက်သည်းကြီးများက အရာအားလုံးကို ဖျက်ဆီးပစ်မည့်အလား ဝှေ့ယမ်းလာသည်။ သူသည် အနည်းငယ် စိုးရိမ်စိတ်ဝင်လာပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အသက်ဓာတ်များမှာ တိုက်ခိုက်မှုတိုင်းတွင် အဆမတန် ကုန်ဆုံးနေသောကြောင့်ပင်။ ချူးယွင်ဖန်းက သူ့ကို အကျပ်မရိုက်ခဲ့လျှင် ဤကဲ့သို့ စွမ်းအင်မျိုးကို သူ သုံးလိမ့်မည် မဟုတ်ပေ။
ဘုန်း….
သို့သော် ယခုတစ်ကြိမ်တွင် ချူးယွင်ဖန်းသည် အဝေးသို့ လွင့်ထွက်မသွားတော့သည်ကို မြင်လိုက်ရသဖြင့် အားလုံး အံ့ဩသွားကြသည်။ သူသည် မဟာဘိုးဘေးနတ်ဆိုးကြီးး၏ လျှပ်တစ်ပြက် တိုက်ကွက်ကို အောင်မြင်စွာ ဟန့်တားလိုက်နိုင်ခြင်း ဖြစ်သည်။
ချူးယွင်ဖန်းသည် နောက်သို့ ခုနစ်လှမ်းခန့် ဆုတ်လိုက်ရပြီးမှ ရပ်တန့်သွားသည်။ သို့သော် ကွာခြားချက်မှာ သိသာလွန်းလှသည်။ စောစောက သူသည် မဟာဘိုးဘေးနတ်ဆိုးကြီးး၏ ပြိုင်ဘက်မဟုတ်ဘဲ တိုက်ခိုက်ခံရတိုင်း လွင့်ထွက်နေခဲ့ရသည်။ ယခုမူ သူသည် တိုက်ကွက်ကို ခုခံနိုင်ရုံသာမက ခုနစ်လှမ်းခန့်သာ နောက်ဆုတ်လိုက်ရတော့သည်။ သူတို့ကြားမှ ခွန်အားကွာဟချက်မှာ အံ့ဩစရာကောင်းလောက်အောင် နည်းသွားပြီဖြစ်သည်။
“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ? သူ့ခန္ဓာကိုယ်မှာ ဘာတွေ ပြောင်းလဲသွားတာလဲ?”
တစ်စုံတစ်ယောက်က ချူးယွင်ဖန်းကိုကြည့်ရင်း အော်ဟစ်လိုက်သည်။
မဟာဘိုးဘေးနတ်ဆိုးကြီးး၏တိုက်ခိုက်မှုကို ခံယူပြီးနောက် ချူးယွင်ဖန်း၏နတ်ဘုရားစွမ်းအားမှာ အားနည်းမသွားဘဲ ပို၍ပင်သန်မာလာသည်ကို သူတို့ မြင်တွေ့နေရသည်။ ၎င်းမှာ အဆက်မပြတ် မြင့်တက်နေသော ဒုံးပျံတစ်ခုကဲ့သို့ပင်။ လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲကုန်ကြသည်။ အရင်က ချူးယွင်ဖန်း၏အရှိန်အဝါမှာ ကြောက်စရာကောင်းသော်လည်း သူတို့ လက်လှမ်းမီနိုင်သေးသည့်အဆင့်တွင် ရှိနေခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင် ချူးယွင်ဖန်း၏အရှိန်အဝါမှာ မဟာဘိုးဘေးနတ်ဆိုးကြီးးကဲ့သို့ပင် အသက်ရှူကျပ်စရာကောင်းပြီး အနှိုင်းမဲ့သောခံစားချက်မျိုးကို ပေးစွမ်းလာနေပြီ ဖြစ်သည်။
“သူ အဆင့်တက်သွားတာတော့ မဟုတ်ပါဘူးနော်?”
ချူးယွင်ဖန်းသည် တိုက်ပွဲမြေပြင်ကို ကျင့်စဉ်စင်မြင့်အဖြစ် အသုံးချကာ မဟာဘိုးဘေးနတ်ဆိုးကြီးးကို ဓားသွေးကျောက်သဖွယ် ပြုလုပ်ပြီး အဆင့်တက်ရန် ကြိုးစားနေသည်ကို အချို့သူများ သတိပြုမိသွားကြသည်။ အစကမူ သူတို့က ဤအရာကို ရယ်စရာအဖြစ် မှတ်ယူခဲ့ကြသော်လည်း ယခုမူ လည်ပင်းညှစ်ခံထားရသောဘဲများကဲ့သို့ ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြရတော့သည်။
ချူးယွင်ဖန်းသည် ကြွားဝါနေခြင်းမဟုတ်၊ ရူးသွပ်နေခြင်းမဟုတ်၊ အသည်းအသန်ဖြစ်နေခြင်းလည်း မဟုတ်ပေ။ သူသည် အမှန်တကယ်ပင် အံ့အားသင့်ဖွယ်ရာတစ်ခုကို ဖန်တီးပြလိုက်ခြင်းဖြစ်ပေ၏။