အခန်း (၁၅၆၇-၁၅၆၉)
Vol. 105 Ch. 1567-1569
အခန်း (၁၅၆၇) မဟာဘိုးဘေးနတ်ဆိုးကြီးအားသတ်ဖြတ်ခြင်း
တိုက်ပွဲမြေပြင်ပေါ်တွင် အဆင့်ဖြတ်ကျော်ခြင်းဆိုသည်မှာ အလွန်ဖြစ်တောင့်ဖြစ်ခဲသောကိစ္စရပ်တစ်ခုဖြစ်သည်။ အထူးသဖြင့် စက္ကန့်တိုင်းက အသက်ဘေးကို ဆုံးဖြတ်နေသည့် ဤမျှပြင်းထန်သောတိုက်ပွဲမျိုးတွင် ပို၍ပင် ခက်ခဲလှသည်။ ချူးယွင်ဖန်းသည် ဤအရာကို အမှန်တကယ် လုပ်ဆောင်ရဲခဲ့သည်။ အခြားသူများ၏အမြင်တွင်မူ သူသည် မဟာဘိုးဘေးနတ်ဆိုးကြီး၏အကျပ်ကိုင်မှုကြောင့် အသေခံရုန်းကန်ရင်း တိုက်ဆိုင်စွာ အောင်မြင်သွားခြင်းဟု ထင်မှတ်နေကြသည်။
သို့သော် ချူးယွင်ဖန်း အဆင့်တက်ပြီးနောက်တွင်မူ သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ စွမ်းရည်ပိုင်းဆိုင်ရာအလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်သွားခဲ့ပြီဖြစ်သည်။
ချူးယွင်ဖန်း ပြုံးလိုက်မိ၏။ နောက်ဆုံးတွင်မူ အောင်မြင်သွားလေပြီ။ တိုက်ပွဲအလယ်တွင် အဆင့်တက်ခြင်းက သူတစ်ပါးအတွက် အံ့ဩစရာကောင်းနိုင်သော်လည်း သူ့အတွက်မူ ယခုတစ်ကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပေ။ အမှန်အတိုင်းပြောရလျှင် သူသည် ဤကဲ့သို့သော အခြေအနေမျိုးကို ရိုးအီနေအောင် ကြုံဖူးပြီးသားဖြစ်ကာ အဆင်သင့်လည်း ပြင်ထားပြီးသား ဖြစ်သည်။
ယခုအခါ သူသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မရေရာသောအမြုတေကို ခိုင်မာသော အစိုင်အခဲအဖြစ် စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။ ဤသည်မှာရွှေအမတေအဆင့်များထဲမှ ရွှေအမတေပုံစံအဆင့ပင် ဖြစ်သည်။ ဤအဆင့်တွင် ချူးယွင်ဖန်း၏နတ်ဘုရားစွမ်းအားများမှာ သိပ်သည်းဆသာမက ပမာဏပါ ကောင်းကင်နှင့် မြေကြီးကဲ့သို့ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ၏တိုက်ခိုက်ရေးစွမ်းအားမှာလည်း အဆင့်ကျော်တက်လှမ်းသွားပြီး ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားတော့သည်။ ယခုအခါ သူသည် မဟာဘိုးဘေးနတ်ဆိုးကြီးနှင့် တူညီသောနယ်ပယ်တစ်ခုထဲသို့ ရောက်ရှိသွားပြီဖြစ်ကာ ရင်ပေါင်တန်းတိုက်ခိုက်နိုင်စွမ်း ရှိလာပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် မဟာဘိုးဘေးနတ်ဆိုးကြီးသည် အစကကဲ့သို့ အသက်အန္တရာယ်ပေးနိုင်လောက်အောင် သန်မာနေသည်ဟု သူ မခံစားရတော့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် မဟာဘိုးဘေးနတ်ဆိုးကြီး၏ လျှို့ဝှက်ချက်အားလုံးမှာ သူ၏မျက်စိရှေ့တွင် ဗလာကျင်းနေသကဲ့သို့ပင်။
“မင်း... မင်း တကယ်ပဲ အဆင့်တက်သွားတာလား?”
မဟာဘိုးဘေးနတ်ဆိုးကြီးသည် မိမိကိုယ်မိမိ ဓားသွေားကျောက်အဖြစ် အသုံးချခံလိုက်ရသည်ကို သဘောပေါက်သွားပြီးနောက် ချူးယွင်ဖန်း အမှန်တကယ် အဆင့်တက်သွားသည်ကို မြင်လိုက်ရသောအခါ အလွန်အမင်း ဒေါသထွက်သွားသည်။
ဤသည်မှာ သူ၏မျက်နှာကို လက်ဝါးနှင့် ဖြတ်ရိုက်လိုက်ခြင်း မဟုတ်ပါလား?
ဤသို့ တွေးမိသည်နှင့် ဒေါသထွက်ခြင်းထက် ပို၍ထူးခြားသည်မှာ သူ၏ရင်ထဲ၌ ထိတ်လန့်ကြောက်ရွံ့မှု အနည်းငယ်စတင်ဝင်ရောက်လာခြင်းပင် ဖြစ်သည်။
သူ့ရှေ့ရှိချူးယွင်ဖန်းမှာ ခန့်မှန်းရခက်လောက်အောင် နက်ရှိုင်းနေသည်။ အဆင့်တက်ကာစသာ ရှိသေးသော်လည်း သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းလှသောအရှိန်အဝါကို ထုတ်လွှတ်နေသည်။ အကယ်၍ မဟာဘိုးဘေးနတ်ဆိုးကြီးသာ သူ၏ အထွတ်အထိပ်အချိန်တွင် ရှိနေပါက ချူးယွင်ဖန်းကဲ့သို့ ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်သို့ စဝင်ခါစ လူငယ်လေးကို ကြောက်နေမည်မဟုတ်ပေ။ သို့သော် ယခု သူရရှိထားသော အထွတ်အထိပ်စွမ်းအားမှာ သူ၏ သက်တမ်းကို စတေးပြီး ရယူထားရခြင်း ဖြစ်သဖြင့် ကြာရှည်ခံမည် မဟုတ်သည်ကို သူကိုယ်တိုင်အသိဆုံး ဖြစ်နေသည်။
ယခင်က တည်ငြိမ်အေးဆေးလှသော မဟာဘိုးဘေးနတ်ဆိုးကြီး၏ မျက်နှာထက်တွင် ယခုမူ ပျာယာခတ်မှုတို့ အတိုင်းသား အရိပ်ထင်နေလေပြီ။ ချူးယွင်ဖန်းက သူ၏ ထွက်ပေါက်မှန်သမျှကို အပိုင်းပိုင်းဖြတ်တောက်လိုက်ခြင်းကြောင့်သာ ဖြစ်၏။ လူတစ်ယောက်သည် အခြေအနေအရပ်ရပ်ကို မိမိလက်ခုပ်ထဲကရေကဲ့သို့ ထိန်းချုပ်ထားနိုင်သည်ဟု ယုံကြည်နေချိန်တွင်သာ တည်ငြိမ်နိုင်စွမ်းရှိသည်မဟုတ်ပါလား။ ယခုမူ ချူးယွင်ဖန်းက လက်တွေ့ကျသောအမှန်တရားဖြင့် မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်သွားရကာ ထိုတည်ငြိမ်မှုတို့သည် နှင်းဆီပွင့်ဖတ်များအလား လွင့်စင်ပျက်သုဉ်းသွားခဲ့ရချေပြီ။
"မင်း... ဒါအားလုံး မင်းကြောင့်ပဲ။ မင်း သေကိုသေရမယ်!"
မဟာဘိုးဘေးနတ်ဆိုးကြီးက သွားအံကြိတ်လျက် နာကျည်းမှုကို ဟိန်းဟောက်လိုက်သည်။ ချူးယွင်ဖန်း၏ နှုတ်ခမ်းအစုံသည် လှောင်ပြုံးတစ်ခုအလား အနည်းငယ် ကွေးညွှတ်သွားလေသည်။
"ခင်ဗျားရဲ့ အမှားက ကျုပ်ကို အဆင့်တက်ခွင့် ပေးလိုက်တာပဲ။ ဟုတ်တယ်... ခင်ဗျားရဲ့ အင်အားက ကျုပ်ထက် သာလွန်နေသေးတာမှန်ပေမယ့် အခုချိန်မှာ ဒါတွေက အဓိပ္ပာယ်ရှိဦးမယ် ထင်လို့လား။ ခင်ဗျား ဘယ်လောက်ပဲအချိန်ဆွဲဆွဲ၊ နောက်ဆုံးတော့ ခင်ဗျား သေရမှာပဲ။”
ချူးယွင်ဖန်း၏စိတ်ထဲတွင် အရာရာကို ကြည်လင်ပြတ်သားစွာ မြင်နေရသည်။ မဟာဘိုးဘေးနတ်ဆိုးကြီးသည် သူ၏ နောက်ဆုံးကျန်ရှိသောသက်တမ်းကို မီးရှို့၍ အင်အားအဖြစ် ပြောင်းလဲနေခြင်း ဖြစ်ကြောင်း သူသိသည်။ သို့သော် သူ၏အဆင့်နှင့်ဆိုလျှင် ထိုသက်တမ်းမီးတောက်သည် မည်မျှကြာအောင် တောက်လောင်နိုင်မည်နည်း။
ဆန့်ကျင်ဘက်အနေဖြင့် ချူးယွင်ဖန်းမှာမူ မကြုံစဖူး ထူးကဲသောအင်အားတို့ဖြင့် ပြည့်လျှံနေသည်။ ဒဏ်ရာဟောင်းတို့သည်လည်း လျင်မြန်စွာအသားတက်လာပြီး Divine powerတို့မှာ ပင်လယ်လှိုင်းတံပိုးများအလား တိုးပွားလျက်ရှိသည်။ ပိတ်ဆို့နေသောအတားအဆီးတို့ကို ကျော်ဖြတ်ပြီးချိန်မှစ၍ သူ၏ခန္ဓာကိုယ်သည် စက္ကန့်နှင့်အမျှ ပိုမိုတောင့်တင်းခိုင်မာလာနေသည်။
တစ်ဖက်တွင် နေဝင်ရီတရောတောင်တန်းကြီး ပြိုလဲပျက်စီးနေချိန်တွင် အခြားတစ်ဖက်၌မူ နေဝန်းနီနီသည် ကောင်းကင်အလယ်သို့ တစ်ဟုန်ထိုး တက်လှမ်းနေသည်။ ဤတိုက်ပွဲ၏အဖြေမှာ နေနှင့်လအလား ထင်ရှားနေတော့သည်။
"အခုချက်ချင်းပဲ မင်းကို ငါသတ်ပစ်မယ်။”
မဟာဘိုးဘေးနတ်ဆိုးကြီးက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ သူ၏ မျက်ဝန်းအစုံသည် သွေးရောင်လွှမ်းလျက်ရှိပြီး ယခင်ကရှိခဲ့ဖူးသော မြင့်မြတ်သည့်ဟန်ပန်တို့ ပျောက်ဆုံးသွားလေပြီ။ ချူးယွင်ဖန်းကို အပိုင်းပိုင်းအစစ ဆွဲဖြတ်ပစ်ချင်သောဆန္ဒတစ်ခုသာ သူ၏ရင်ထဲတွင် ကိန်းအောင်းနေတော့သည်။
ထိုအတွေးနှင့်အတူ သူသည် ဟိန်းဟောက်လျက် ချူးယွင်ဖန်း၏ ရှေ့မှောက်သို့ ရုတ်ချည်းရောက်ရှိလာကာလက်သည်းဖြင့် ကုတ်ခြစ်တိုက်ခိုက်လိုက်သည်။ ထိုလက်သည်းချက်သည် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားသကဲ့သို့ ခံစားရပြီး မည်သူမျှ မလိုက်ပါနိုင်သော အရှိန်အဟုန်ဖြင့် ကျဆင်းလာခဲ့သည်။ သွေးရောင်အလင်းတန်းတစ်ခုကဲ့သို့ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ဆီသို့ ဦးတည်သွားလေသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ချူးယွင်ဖန်း၏တုံ့ပြန်မှုမှာ လျှပ်စီးအလားမြန်ဆန်လှသည်။ သူသည် ချက်ချင်းပင် မဟာဘိုးဘေးနတ်ဆိုးကြီး၏လက်သည်းချက်ကို လက်သီးဖြင့်ခုခံတိုက်ခိုက်လိုက်ရာ သံမဏိချင်းရိုက်ခတ်သည့်အလား အသံကြီးက ဟည်းထွက်သွားတော့သည်။
"လာစမ်းပါ... ကျုပ်ရဲ့အပြင်းထန်ဆုံးအင်အားတွေနဲ့ ခင်ဗျားကို သင်္ဂြိုဟ်ပေးလိုက်မယ်။”
ချူးယွင်ဖန်းက ကျယ်လောင်စွာ ကြွေးကြော်လိုက်သည်။ သူ၏ကျောပြင်ထက်တွင် မိုးကြိုးတောင်ပံတစ်စုံက ဖြန့်ကားထွက်လာပြီး သူ၏ Divine powerတို့သည်လည်း သမုဒ္ဒရာရေလှိုင်းများအလား ဆူပွက်ထကြွလာလေတော့သည်။
"ခင်ဗျားရဲ့ ခေတ်က ကုန်ဆုံးသွားပြီ၊ အဲဒီခေတ်ဆိုးကြီးကို ကျွန်တော့်လက်နဲ့ပဲ မြေမြှုပ်သင်္ဂြိုဟ်ပေးလိုက်မယ်!"
"မင်း အလိုရှိတဲ့အတိုင်း ဖြစ်စေရမယ်။”
မဟာဘိုးဘေးနတ်ဆိုးကြီးသည် ဒေါသအမျက် ချောင်းချောင်းထွက်နေလေပြီ။ သူသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော တိုက်ကွက်ပေါင်းစုံကို ချူးယွင်ဖန်းထံသို့ အားကုန်သုံး၍ အရူးအမူး ပစ်လွှတ်လိုက်တော့သည်။
သို့သော် ချူးယွင်ဖန်းမှာမူ ယခင်ကကဲ့သို့ အလောတကြီး မဖြစ်တော့ပေ။ သူ၏ ကျောပြင်ထက်မှ မိုးကြိုးတောင်ပံများ၏ပံ့ပိုးမှုကြောင့် သူ၏အရှိန်အဟုန်မှာ အံ့မခန်းမြန်ဆန်လှသည်။ ထိုအရှိန်မှာ မဟာဘိုးဘေးနတ်ဆိုးကြီးထက်ပင် သာလွန်နေကာ ယခင်ကကဲ့သို့ အရှုံးပေးကာ ခုခံနေရသည့် အခြေအနေမျိုးမဟုတ်တော့ဘဲ အခြေခံကျကျပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ချူးယွင်ဖန်း၏တစ်ကိုယ်လုံးသည် ပြာလဲ့သောလျှပ်စီးတန်းများဖြင့် ရစ်ပတ်ထားကာ ကြည့်ရသည်မှာ ပြာလဲ့လဲ့အရောင်လျှပ်စီးမုန်တိုင်းကြီးတစ်ခုအလားပင်။ အခြားတစ်ဖက်တွင်မူ မဟာဘိုးဘေးနတ်ဆိုးကြီးသည် သွေးရောင်လွှမ်းသောစွမ်းအင်လုံးကြီးဖြင့် ဝန်းရံထားကာ သွေးရောင်မုန်တိုင်းကြီးတစ်ခုကဲ့သို့ပင်။
ကောင်းကင်ယံထက်တွင် ထိုစွမ်းအင်မုန်တိုင်းနှစ်ခု ထိပ်တိုက်တွေ့ဆုံကြသည်။ သူတို့၏ အရှိန်အဟုန်မှာ လူသားတို့၏ စိတ်ကူးစိတ်သန်းအကန့်အသတ်ကို ကျော်လွန်နေပြီဖြစ်၏။ ရွှေအမတေပုံစံအဆင့်ရှိ နတ်ဆိုးဘုရင်များပင်လျှင် မျက်တောင်မခတ်ကြည့်နေပါသော်လည်း ဝိုးတဝါးသာ မြင်ကြရသည်။ ရွှေအမတေမဲ့အဆင့် နတ်ဆိုးဘုရင်များမှာမူ ဘာကိုမျှ မမြင်ရတော့ဘဲ၊ နတ်စွမ်းအားအဆင့်နတ်ဆိုးများအဖို့မူ သူတို့ရှေ့မှတိုက်ပွဲသည် အမှောင်ထုထဲတွင် ဖြစ်ပျက်နေသကဲ့သို့ ဘာမျှမသိရတော့ပေ။ သူတို့မြင်နိုင်သည်မှာ ကောင်းကင်ယံ၌ လုံးဝကွဲပြားခြားနားသောစွမ်းအင်နှစ်ခု ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်နေမှုကိုသာ ဖြစ်သည်။
ကနဦးတွင် သွေးရောင်စွမ်းအင်များက အသာစီးရနေသယောင် ရှိသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပြာလဲ့သောလျှပ်စီးများက အခြေအနေကို ပြန်လည်ထိန်းချုပ်ကာ အားပြိုင်မှုတူညီလာသည်ကို အားလုံးက သတိပြုမိလိုက်ကြသည်။
"ငါတို့ရဲ့ မဟာဘိုးဘေးက ရှုံးနိမ့်သွားတော့မှာလား။”
တစ်စုံတစ်ဦးက မဝံ့မရဲ ရေရွတ်လိုက်မိသည်။ ဤသို့ပြောဆိုခြင်းသည် ရိုင်းပျရာကျသော်လည်း လူတိုင်း၏ရင်ထဲတွင်မူ ဤအတွေးကဝင်နေပြီ ဖြစ်သည်။
ချူးယွင်ဖန်း၏စွမ်းဆောင်ရည်မှာ အလွန်တရာအားကောင်းလွန်းလှသည်။ သူသည် မည်သူမျှ မဖြိုခွဲနိုင်ဟု ယူဆထားသော မဟာဘိုးဘေးနတ်ဆိုးကြီး၏ မလှုပ်မယှက်ရွှေရောင်ကိုယ်ထည်ကြီးကို ယနေ့တွင် အပိုင်းပိုင်းဖြိုချပစ်တော့မည့်အလား ခံစားနေရသည်။
မိမိ၏သက်တမ်းကို မီးရှို့၍တိုက်ခိုက်နေသော မဟာဘိုးဘေးနတ်ဆိုးကြီးသည် တဖြည်းဖြည်း အင်အားချည့်နဲ့လာမည်ဖြစ်ပြီး ချူးယွင်ဖန်းမှာမူ တစ်စထက်တစ်စ ပိုမိုတောင့်တင်းလာမည်ကို နတ်ဆိုးဘုရင်များ ကောင်းစွာသိကြသည်။ တိုက်ပွဲကြာရှည်လေ မဟာဘိုးဘေးနတ်ဆိုးကြီးအတွက် ပို၍ ဆိုးရွားလေဖြစ်ပေမည်။
ထိုသို့ တွေးတောမိရင်း သူတို့အားလုံး စိုးရိမ်တကြီးဖြင့် ရင်တထိတ်ထိတ် စောင့်ကြည့်နေကြသည်။
ထိုစဉ် ကောင်းကင်ယံထက်မှ ပြင်းထန်သောပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ထို့နောက် သွေးရောင်လွှမ်းသောအရိပ်တစ်ခုသည် အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားသည်ကို လူတိုင်း မြင်လိုက်ရသည်။ ထိုမျှ ပြင်းထန်သောတိုက်ပွဲကို ဆက်လက်ထိန်းထားရန်မှာ မဖြစ်နိုင်တော့ပေ။
အားလုံးက စူးစိုက်ကြည့်လိုက်ကြသောအခါ ထိုသူမှာ အခြားသူမဟုတ်၊ မဟာဘိုးဘေးနတ်ဆိုးကြီးပင် ဖြစ်နေတော့သည်။
အားလုံးက ထိတ်လန့်တုန်လှုပ်သွားကြသည်။ မဟာဘိုးဘေးနတ်ဆိုးကြီးသည် ပါးစပ်မှသွေးများကို အန်ထုတ်ကာ ပြန်လည်တိုက်ခိုက်ရန် ကြိုးစားသော်လည်း ချူးယွင်ဖန်းက သူ၏ ရှေ့မှောက်သို့ ရုတ်ချည်း ရောက်ရှိလာသည်။ ချူးယွင်ဖန်းသည် မဟာဘိုးဘေးနတ်ဆိုးကြီးကို ခြေထောက်ဖြင့် ဖိနင်းချလိုက်ကာ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ အသက်ဝိညာဉ်ကို နိဂုံးချုပ်ပေးလိုက်လေတော့၏။
အခန်း (၁၅၆၈) အနောက်ပိုင်းနတ်ဆိုးပြည်အားချေမှုန်းခြင်း
ချူးယွင်ဖန်းသည် သူ၏ခြေထောက်ဖြင့် မဟာဘိုးဘေးနတ်ဆိုးကြီးကို အင်အားပါပါ နင်းခြေလိုက်ရာ ခန္ဓာကိုယ်ကြီးမှာ အပိုင်းပိုင်းအစစ ကွဲအက်သွားလေတော့သည်။ တစ်ချိန်က သန်မာထွားကျိုင်း၍ အားမာန်နှင့်ပြည့်စုံခဲ့သော မဟာဘိုးဘေးနတ်ဆိုးကြီး၏ကိုယ်ထည်ကြီးသည် ခဏချင်းအတွင်းမှာပင် ဖုန်မှုန့်ဘဝသို့ ပြောင်းလဲသွားခဲ့ရ၏။
မည်သည့်အရာမျှ ကြွင်းကျန်ရစ်ခြင်း မရှိတော့ပေ။
မဟာဘိုးဘေးနတ်ဆိုးကြီးသည် သူ၏ နောက်ဆုံးကျန်ရှိသောအသက်ဓာတ်ကို အတင်းအကျပ် ညှစ်ထုတ်သုံးစွဲခဲ့ပြီးဖြစ်ရာ သေဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်သည် အလိုအလျောက် ပြိုကွဲပျက်စီးသွားခြင်းပင် ဖြစ်သည်။
ဤမြင်ကွင်းကို ကြည့်နေကြသောနတ်ဆိုးအပေါင်းတို့မှာ ဆွံ့အလျက် မှင်သက်သွားကြရသည်။ သူတို့ ဘာကို မြင်လိုက်ရပါသနည်း။ တစ်သက်လုံး တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်ခြင်းမရှိခဲ့ဖူးသော မဟာဘိုးဘေးနတ်ဆိုးကြီးသည် ယခုမူ သေဆုံးသွားခဲ့ရုံသာမက ချူးယွင်ဖန်း၏ ခြေဖဝါးအောက်တွင် ဖုန်မှုန့်အဖြစ်သို့ပင် ပြောင်းလဲသွားခဲ့ရချေပြီ။ ဤသည်မှာ သူတို့အတွက် တစ်ခါဖူးမျှမကြုံဖူးသော ရင်နာဖွယ်ရာ မြင်ကွင်းတစ်ခုပင်ဖြစ်တော့သည်။
"သူ့ကိုသတ်ကြစမ်း! ငါတို့ရဲ့ မဟာဘိုးဘေးအတွက် လက်စားချေကြ!"
တစ်စုံတစ်ဦးက ဒေါသတကြီးအော်ဟစ်လိုက်သည်နှင့်အတူ အရိပ်ပေါင်းများစွာသည် ချူးယွင်ဖန်းထံသို့ တဟုန်ထိုးပျံသန်းလာကြသည်။ ထိုသူများမှာ ရွှေအမတေအဆင့်ရှိသူများဖြစ်ကြပြီး သူတို့၏မျက်ဝန်းအစုံမှာလည်း ဒေါသကြောင့် သွေးရောင်လွှမ်းနေကြသည်။ သူတို့သည် မဟာဘိုးဘေးနတ်ဆိုးကြီးနှင့် ရင်းနှီးသေ ပတ်သက်မှုရှိသူများ ဖြစ်ကြရာ မိမိတို့ လေးစားအားထားရသူအား ချူးယွင်ဖန်းက တစ်ချက်တည်းနှင့် အမှုန့်ဖြစ်အောင်လိုက်သည်ကို မြင်လိုက်ရသောအခါ မည်သို့လျှင် သည်းခံနိုင်ကြပါမည်နည်း။ သူတို့သည် အော်ဟစ်ရင်း အငြိုးတကြီးဖြင့် ပြေးဝင်လာကြလေတော့သည်။
ချူးယွင်ဖန်းက ထိုသူတို့ကို ကြည့်ကာ အေးစက်စွာ လှောင်ပြုံးလိုက်သည်။ ထို့နောက် သူသည် မွန်းစတားသုတ်သင်သူကို ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်းတို့သည် ပြဒါးရည်များ လျှံကျလာသကဲ့သို့ တောက်ပဖြာထွက်သွားတော့သည်။ ပြေးဝင်လာကြသော ရွှေအမတေအဆင့် နတ်ဆိုးများသည် ရှောင်တိမ်းရန် သို့မဟုတ် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ကြချေ။
သူတို့သည် မိစ္ဆာသုတ်သင်ဓား၏ ကြောက်မက်ဖွယ်ကောင်းသောအစွမ်းကို တစ်ခါမျှ မကြုံဖူးကြပေ။ ချူးယွင်ဖန်း၏ တစ်ချက်တည်းသောတိုက်ခိုက်မှုအောက်တွင် ပြေးဝင်လာသော နတ်ဆိုးများမှာ အသည်းခိုက်မတတ် အော်ဟစ်ရင်း ပေါက်ကွဲပျက်စီးကုန်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များသည်လည်း သွေးမိုးများအလား လွင့်စင်ကာ သွေးမြူတိမ်တိုက်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
ချူးယွင်ဖန်းသည် တစ်ချက်တည်းသာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သော်လည်း ရလဒ်မှာမူ သွေးပျက်ဖွယ်ရာပင်။
ကျန်ရှိနေသော နတ်ဆိုးအပေါင်းတို့မှာမူ အသက်ရှူရန်ပင် ခက်ခဲလာကြချေပြီ။ ချူးယွင်ဖန်း၏ စူးရှသောအကြည့်အောက်တွင် သူတို့၏ရင်ဝယ် အလုံးကြီးတစ်လုံးဖြင့် ဖိထားသကဲ့သို့ ခံစားရကာ လှုပ်ရှားရန်ပင် မစွမ်းသာတော့ပေ။ ယခုအခါ သူတို့ရှေ့မှ ချူးယွင်ဖန်းသည် လူသားတစ်ဦးမဟုတ်တော့ဘဲ တုနှိုင်းမဲ့နတ်ဘုရားတစ်ပါးအလား ခန့်ညားထည်ဝါလွန်းလှရာ တစ်ချက်မျှစိုက်ကြည့်ရုံဖြင့်ပင် အသက်ဝိညာဉ်တို့ လွင့်စင်မတတ် ထိတ်လန့်တုန်လှုပ်နေကြရသည်။
‘ပြေးကြ... အမြန်ပြေးကြမှ ဖြစ်မယ်!’
ဤအတွေးတစ်ခုသာ သူတို့၏ဦးနှောက်ထဲတွင် ကြွင်းကျန်တော့သည်။ အခြားအရာအားလုံးထက် အသက်ဘေးမှ လွတ်မြောက်ရန်သာ အဓိကဖြစ်နေတော့၏။
"ဒီကို ရောက်လာကြမှတော့ ပြန်ဖို့ မစဉ်းစားကြနဲ့တော့။ ဒီနေ့ ခင်ဗျားတို့အားလုံး လူသားပေါင်း သန်းချီရဲ့ သွေးကြွေးကို အသက်နဲ့ ပြန်ပေးဆပ်ရမယ်!"
ချူးယွင်ဖန်း၏ အေးစက်စက်အမိန့်သံသည် ဟီးထွက်သွားသည်။ ရှေ့မှောက်ရှိ ရာနှင့်ချီ၊ ထောင်နှင့်ချီသောနတ်ဆိုးများနှင့် နတ်ဆိုးဘုရင်တို့သည် ကြောက်လန့်တကြားဖြင့် အရပ်မျက်နှာအနှံ့သို့ ဦးတည်ကာ ဖရိုဖရဲ ထွက်ပြေးကြလေတော့သည်။
အကယ်၍ ဤသည်မှာ သာမန်သဘာဝတရားအရ သတ္တဝါအချင်းချင်းသတ်ဖြတ်ခြင်းမျိုးသာဖြစ်ပါက ချူးယွင်ဖန်းအနေဖြင့် ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ သို့သော် အပြစ်မဲ့သောလူသားတို့ကို သွေးယဇ်ပူဇော်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့သည့်လုပ်ရပ်မှာမူ သူ၏သည်းခံနိုင်စွမ်းအကန့်အသတ်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
သူသည် ညာဘက်လက်မောင်းကို အထက်သို့မြှောက်လိုက်ရာ မွန်းစတားသုတ်သင်သူသည် ကောင်းကင်ယံသို့ပျံတက်သွားသည်။ ခဏချင်းအတွင်းမှာပင် ထိုဓားကြီးထံမှ ရေတွက်၍မရနိုင်သော ဓားအလင်းတန်းတို့သည် အရပ်ရပ်သို့ ဖြာထွက်သွားတော့သည်။ ထိုဓားအလင်းတန်းများသည် မျက်စိပါသကဲ့သို့ပင် ထွက်ပြေးနေကြသောနတ်ဆိုးများနှင့် နတ်ဆိုးဘုရင်များနောက်သို့ တစ်ဟုန်ထိုး လိုက်ပါသွားကြလေသည်။
ဖောက်….
ဖောက်….
ဖောက်….
အသားထဲသို့ စူးဝင်သွားသောအသံများနှင့်အတူ နတ်ဆိုးတို့၏အော်ဟစ်သံများမှာ ကောင်းကင်ယံ၌ ဆူညံသွားတော့သည်။
ဓားအလင်းတန်းတို့သည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ထွက်ပြေးနေကြသောနတ်ဆိုးများနှင့် နတ်ဆိုးဘုရင်များထံသို့ တဟုန်ထိုးကျရောက်သွားတော့သည်။ သူတို့၏ခန္ဓာကိုယ်များသည် လေထုထဲတွင်ပင် တစစီပေါက်ကွဲပျက်စီးသွားကြကာ သွေးမိုးများအလား သွေးဝိညာဉ်နိုးထစက်ဝန်းကြီးထဲသို့ တဖွဲဖွဲကျဆင်းကုန်ကြ၏။ နတ်ဆိုးဘုရင်များ၏မျက်နှာထက်တွင် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ မိမိတို့ကိုယ်တိုင် ဖမ်းဆီးသတ်ဖြတ်ခဲ့သော လူသားသန်းပေါင်းများစွာကဲ့သို့ပင် ယခုအခါ သူတို့ကိုယ်တိုင်လည်း ချူးယွင်ဖန်း၏ လက်ခုပ်ထဲတွင် အလားတူ ကံကြမ္မာမျိုး ဆိုက်ရောက်နေရပြီဖြစ်သည်။
သူတို့၏အမြင်တွင် ထိုလူသားသန်းပေါင်းများစွာမှာ ပုရွက်ဆိတ်ငယ်များသာ ဖြစ်ခဲ့ကြသကဲ့သို့ ချူးယွင်ဖန်း၏အမြင်တွင်လည်း သူတို့သည် အနည်းငယ် ပိုကြီးသောပုရွက်ဆိတ်များထက် မပိုခဲ့ချေ။
ချူးယွင်ဖန်းသည် ထိုနတ်ဆိုးဘုရင်များကို ကြည့်ကာ စိတ်ပျက်စွာ ခေါင်းယမ်းလိုက်မိသည်။ သူ၏ ကျင့်စဉ်အဆင့်မှာ ရွှေအမတေပုံစံသာရှိသေးသော်လည်း တိုက်ခိုက်နိုင်စွမ်းမှာမူ သူတို့၏ စိတ်ကူးစိတ်သန်းထက် များစွာသာလွန်နေခဲ့ပြီ ဖြစ်သည်။ ဤအဆင့်၏တစ်လှမ်းချင်းစီမှာ ကောင်းကင်နှင့်မြေကြီးအလား ကွာခြားလှသည်မဟုတ်ပါလား။ အကယ်၍ သူတို့သည် စုပေါင်းခုခံခဲ့လျှင် အနည်းငယ်ခြိမ်းခြောက်မှု ပေးနိုင်ကောင်းပေးနိုင်လိမ့်မည် ဖြစ်သော်လည်း၊ ယခုကဲ့သို့ ဖရိုဖရဲထွက်ပြေးကြခြင်းမှာမူ သူတို့၏ အသက်ကို ချူးယွင်ဖန်းထံသို့ လာရောက်ပုံပေးသကဲ့သို့သာ ဖြစ်နေတော့သည်။
ထို့နောက် ချူးယွင်ဖန်းသည် တောင်တောင်မြစ်ချောင်းပန်းချီကားထဲမှ နျူးကလီးယား ဒုံးကျည်ပစ်လွှတ်စင်ကို ထုတ်ယူလိုက်သည်။ ဒုံးကျည်အချို့ ထွက်ပေါ်သွားပြီးနောက် မကြာမီမှာပင် မှိုပွင့်ပုံသဏ္ဌာန်မီးခိုးလုံးကြီးများ ကောင်းကင်သို့ လွင့်တက်သွားတော့သည်။ အကာအကွယ် အတားအဆီးများ မရှိတော့သော သွေးဝိညာဉ်နိုးထစက်ဝန်းကြီးသည်လည်း အပိုင်းပိုင်း ပျက်စီးသွားရပြီဖြစ်သည်။ စက်ဝိုင်းကြီး၏ချုပ်နှောင်မှုမှလွတ်မြောက်သွားသော မရေမတွက်နိုင်သည့် ဝိညာဉ်ဆိုးတို့မှာလည်း ဆူညံစွာ ဟိန်းဟောက်ညည်းတွားခြင်းမရှိတော့ဘဲ ကောင်းကင်ယံ၌ တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။
ထိုဝိညာဉ်တို့သည် နောက်ဘဝသို့ ကူးပြောင်းသွားကြလေသလား၊ သို့မဟုတ် ဤလောကမှ ထာဝရ ပျောက်ကွယ်သွားကြလေသလားဆိုသည်ကိုမူ မသိနိုင်ပေ။ ရှေးဟောင်းကျင့်ကြံခြင်း၏ အစွမ်းထက်သောဧကရာဇ်များပင်လျှင် သေခြင်းတရားကို အပြည့်အဝနားမလည်နိုင်ခဲ့ကြချေ။ ချူးယွင်ဖန်းကိုယ်တိုင်မှာမူ နောင်ဘဝဆိုသည်ထက် ယခုလက်ရှိဘဝနှင့် မိမိကိုယ်မိမိသာ ယုံကြည်သူ ဖြစ်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ ဤစက်ဝိုင်းကြီးအတွင်း အကျဉ်းကျကာ ထာဝရ ညှဉ်းပန်းနှိပ်စက်ခံနေရခြင်းထက်မူ ပျောက်ကွယ်သွားရခြင်းကပင် သူတို့အတွက် သာလွန်ကောင်းမွန်ပေလိမ့်မည်။ ဤသည်မှာ သူတို့အတွက် ချူးယွင်ဖန်းလုပ်ပေးနိုင်သော နောက်ဆုံးအရာပင် ဖြစ်သည်။
သူသည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်သည်။ ခန္ဓာကိုယ်ပြင်ပတွင် မုန်တိုင်းအလား တိုက်ခတ်နေသော စွမ်းအင်ရိပ်တို့သည် တဖြည်းဖြည်း ငြိမ်သက်သွားကာ သူ၏ ကိုယ်တွင်းသို့ ပြန်လည်စိမ့်ဝင်သွားကြသည်။ ဤသည်မှာ သူ၏ ရွှေအမတေပုံစံကျင့်စဉ်အဆင့်သည် အပြည့်အဝတည်ငြိမ်သွားပြီဖြစ်ကြောင်း ပြသနေခြင်းပင်။
ဤတိုက်ပွဲအပြီးတွင် အနောက်ပိုင်းနတ်ဆိုးပြည်ကြီးမှာလည်း လုံးဝဥဿုံ ငြိမ်သက်သွားခဲ့ရချေပြီ။ ချူးယွင်ဖန်းအနေဖြင့် နတ်ဆိုးမျိုးနွယ်အားလုံးကို အမြစ်ပြတ် သုတ်သင်ရန် ရည်ရွယ်ချက်မရှိသော်လည်း ဤတိုက်ပွဲတွင် ထိပ်တန်းကျွမ်းကျင်သူရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို သုတ်သင်နိုင်ခဲ့သည်။ ယခုအခါ ထိုနတ်ဆိုးအဖွဲ့အစည်းကြီးမှာ လူသားတို့အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မပေးနိုင်တော့ဘဲ နှစ်ပေါင်းများစွာကြာအောင် ပုန်းအောင်းနေရတော့မည် ဖြစ်သည်။
"အခုတော့ အားလုံး ပြီးဆုံးသွားပြီဆိုတော့ စစ်ယုကို ရှာဖို့ ထွက်ခွာရမယ့်အချိန်တန်ပြီ။”
ကျင်ကျန်းဟန်နှင့်နတ်ဆိုးဂိုဏ်းကြီးကို နှိမ်နင်းပြီးနောက်တွင်မူ တဝေ၏အာဏာစက်မှာ မည်သူမျှ မတားဆီးနိုင်အောင် မြဲမြံသွားခဲ့ပြီဖြစ်ရာ သူ စိတ်အေးလက်အေး ထွက်ခွာနိုင်ပြီ ဖြစ်သည်။ ယခုမှစ၍ ပင်လယ်ကျယ်မှာ ငါးလွှတ်သကဲ့သို့ ကောင်းကင်မြင့်မှာ ငှက်ပျံသကဲ့သို့ သူ၏ခရီးလမ်းသည် အကန့်အသတ်မရှိ လွတ်လပ်သွားခဲ့ပြီဖြစ်လေသည်။
အခန်း (၁၅၆၉) တစ်လောကလုံးတုန်လှုပ်ပြီးသူရဲကောင်းတွေသတိထားလာကြပြီ
ချူးယွင်ဖန်းတစ်ယောက် နတ်ဆိုးဂိုဏ်းကြီးအား နှိမ်နင်းလိုက်သည့်သတင်းသည် တောမီးပမာ လောကတစ်ခွင်သို့ လျင်မြန်စွာပျံ့နှံ့သွားလေတော့သည်။ ဤအမှန်တရားကို ဖုံးကွယ်ထားရန် မည်သို့မျှ မစွမ်းသာချေ။ ကြောက်လန့်တကြားကျန်ရစ်သော နတ်ဆိုးဘုရင်များသည် ချူးယွင်ဖန်း၏ လိုက်လံသုတ်သင်ခြင်းကို ခံရမည်စိုးသဖြင့် လုံးဝလက်နက်ချကြောင်း ကြေညာလိုက်ကြရသည်။
အစောပိုင်းက နတ်ဆိုးဂိုဏ်းသည် တဝေ၏ အနောက်ဘက်နယ်စပ်ကို ရုတ်တရက် ကျူးကျော်တိုက်ခိုက်ခဲ့ရာ လူပေါင်းသန်းချီ၍ သေကြေပျက်စီးခဲ့ရမှုက တစ်လောကလုံးကို တုန်လှုပ်စေခဲ့သည်။ အယူအဆ ဂိုဏ်းဂဏများ ကွဲပြားကြသော်လည်း လူသားမျိုးနွယ်အချင်းချင်း ဖြစ်ရလေခြင်းဟူသောနာကျင်မှုက လူတိုင်း၏ရင်ထဲတွင် ကိန်းအောင်းခဲ့ရသည်။
နတ်ဆိုးတို့၏ဒီရေလှိုင်းက ကမ္ဘာမြေကိုဝါးမျိုသွားမည်ကို လူသားတို့ စိုးရိမ်မကင်း ဖြစ်နေကြစဉ်မှာပင် မြောက်ဘက်မှ ကျင်ကျန်းဟန်၏ သန်းချီသောမြင်းတပ်ကြီးက တဝေ၏မြို့တော်ကို ဝိုင်းရံထားကြောင်း ကြားသိလိုက်ရသဖြင့် လောကကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်သွားခဲ့ရသည်။ ကျင်ကျန်းဟန်၏ ဤသို့သောရက်စက်သည့်လုပ်ရပ်မျိုးကို မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်ခဲ့ကြချေ။
တချီသည်လည်း ချက်ချင်းပင် အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်လိုက်ရသည်။ အကယ်၍ တဝေသာ ကျဆုံးသွားပါက လောက၏သုံးပုံနှစ်ပုံကို ကျင်ကျန်းဟန်က ပိုင်ဆိုင်သွားမည်ဖြစ်ရာ ကျန်ရှိနေသော တချီမှာလည်း တစ်ကိုယ်တည်း ရပ်တည်နိုင်တော့မည်မဟုတ်ပေ။
တချီသည် တောင်ဘက်သို့ စစ်ကူလွှတ်ရန် ဆုံးဖြတ်ခဲ့သော်လည်း နယ်စပ်ကိုပင် မကျော်ရသေးမီမှာပင် ထိတ်လန့်ဖွယ်သတင်းကောင်းကို ကြားလိုက်ရသည်။ ၎င်းမှာ ကျင်ကျန်းဟန်၏ အင်အားဆယ်သန်းရှိသောစစ်တပ်ကြီး မြေလှန်ဖျက်ဆီးခံလိုက်ရပြီး ကျန်ရှိသော လက်ကျန်စစ်သည် တစ်သန်းပင် မပြည့်တပြည့်သာ မြောက်ဘက်မြက်ခင်းပြင်သို့ အသက်လု ထွက်ပြေးသွားကြရပြီ ဟူသောအချက်ပင်။
ဤသတင်းကြောင့် လောကကြီးတစ်ခုလုံး ဆွံ့အသွားခဲ့ရသည်။ အင်အားဆယ်သန်းရှိသော စစ်တပ်ကြီးသည် မည်သို့ကြောင့် မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားရသနည်းဆိုသည်ကို မည်သူမျှ နားမလည်နိုင်ကြချေ။ ကျင့်စဉ်အဆင့်မြင့်မားသောပုဂ္ဂိုလ်တစ်ဦးသည် ဝက်အကောင်ရေ ဆယ်သန်းကို သတ်ဖြတ်ရန်ပင် အချိန်အတော်ကြာ ယူရမည်ဖြစ်ရာ အဆင့်မြင့်စစ်သည်ဆယ်သန်းကို သုတ်သင်ရန်ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။ ထိုစစ်တပ်ကြီးထံမှ ထွက်ပေါ်နေသော သွေးစွမ်းအားမှာပင် သာမန် ရွှေအမတေအဆင့်ကျင့်ကြံသူများကို ချဉ်းကပ်ရန်ပင် မဝံ့မရဲ ဖြစ်စေနိုင်သည်။
ထိုသတင်းများ ပျံ့နှံ့သွားပြီးနောက် မကြာမီမှာပင် နောက်ဆက်တွဲသတင်းထူးများက လောကတစ်ခွင်သို့ ထပ်မံရိုက်ခတ်လာပြန်သည်။ တဝေ၏ နံပါတ်တစ်ကျွမ်းကျင်သူသည် တုနှိုင်းမဲ့သော မှော်လက်နက်တစ်ခုကို အသုံးပြု၍ ရန်သူ့စစ်တပ်ကြီးကို တစ်ချက်တည်းနှင့် အမှုန့်ပြုလိုက်ခြင်းဖြစ်ကြောင်း၊ တဝေဘက်မှ အကျအဆုံးဟူ၍ပင်မရှိသလောက်ဖြစ်ကြောင်း သိလိုက်ရသောအခါတွင် အားလုံးမှာပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
ဤစစ်ပွဲတွင် ကျင်ကျန်းဟန်၏ထိပ်တန်းကျွမ်းကျင်သူများအားလုံး သုတ်သင်ခံလိုက်ရသည်။ မျိုးဆက်သစ်ခေါင်းဆောင်များဖြစ်သော လက်ယာအရှင်နှင့်လက်ဝဲအရှင်တို့လည်း အသက်ပျောက်သွားခဲ့ကြရပြီ။ ထိုသို့သော ထိပ်တန်းပုဂ္ဂိုလ်များကို သုတ်သင်ခဲ့သူမှာ အခြားသူမဟုတ်၊ ချူးယွင်ဖန်းပင် ဖြစ်သည်။
သူ၏ အမည်နာမသည် တစ်ညအတွင်း ကမ္ဘာကျော်သွားခဲ့ချေပြီ။
ယခင်က ချူးယွင်ဖန်း၏နာမည်သည် တဝေအတွင်း၌သာ အတော်အသင့် ကျော်ကြားခဲ့သော်လည်း၊ အခြားဒေသများတွင်မူ သူ၏ဂုဏ်သတင်းမှာ ခပ်သဲ့သဲ့သာ ရှိခဲ့ဖူးသည်။ များစွာသောသူတို့သည် သူ၏အမည်ကိုပင် မကြားဖူးကြချေ။ သို့သော် ယခုတိုက်ပွဲအပြီးတွင်မူ ချူးယွင်ဖန်းသည် တစ်လောကလုံး၏ "နံပါတ်တစ် ကျွမ်းကျင်သူ" ဟူသောရာထူးကို အငြင်းပွားဖွယ်မရှိ ခိုင်ခိုင်မာမာ ရယူနိုင်ခဲ့ပြီဖြစ်သည်။
တစ်လောကလုံးတွင် အင်အားအကြီးဆုံးဟု သတ်မှတ်ခြင်းခံထားရသော ကျင်ကျန်းဟန်၏ ခန်မင်းကြီးပင်လျှင် လူအများရှေ့မှောက်၌ ချူးယွင်ဖန်း၏ လက်အောက်တွင် ရှုံးနိမ့်သွားခဲ့ရသည်မှာ သူ၏သြဇာအာဏာမည်မျှကြီးမားကြောင်း သက်သေပြနေတော့သည်။
ဤသတင်းများ ပျံ့နှံ့သွားသောအခါတွင် ချူးယွင်ဖန်း ၏ "နံပါတ်တစ် ကျွမ်းကျင်သူ" ဟူသောဘွဲ့ထူးမှာ အတည်ဖြစ်သွားခဲ့ရသည်။ အထူးသဖြင့် ခန်မင်းကြီး ရှုံးနိမ့်သွားပြီးနောက်တွင်မူ ဤလောက၏ မည်သည့်ထောင့်၌မဆို ချူးယွင်ဖန်းကို ယှဉ်ပြိုင်နိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိတော့ချေ။
တဝေသည် ဤရွှေရောင်အခွင့်အရေးကို လက်လွှတ်မခံဘဲ ကျင်ကျန်းဟန်နယ်မြေအတွင်းသို့ အရှိန်အဟုန်ဖြင့် ထိုးဖောက်ဝင်ရောက်ခဲ့လေသည်။ ခဏချင်းအတွင်းမှာပင် ကျင်ကျန်းဟန်ပိုင်နက်၏ ထက်ဝက်ကျော်ကို ဝါးမျိုသိမ်းပိုက်နိုင်ခဲ့သည်။
ဤသတင်းကို အံ့ဩ၍ မဆုံးသေးမီမှာပင် တစ်လောကလုံးကို ဒီရေလှိုင်းပမာ ဝါမျိုတော့မည့်အလား ခြိမ်းခြောက်ခဲ့သော အနောက်ပိုင်းနတ်ဆိုးပြည်ကြီးသည်လည်း အရှုံးပေး၍ ဒူးထောက်အညံ့ခံလိုက်ပြီဟူသောသတင်းကြောင့် လောကသားတို့မှာ ထပ်မံ၍ဆွံ့အခဲ့ကြရပြန်သည်။
နတ်ဆိုးဂိုဏ်းကြီးသည် တဝေထံတွင် ခိုလှုံခွင့်တောင်းခံလာခြင်းပင် ဖြစ်၏။
ဤသည်မှာ ရှေးယခင်ကတည်းက မည်သူမျှ မကြံစည်ဖူးသော၊ မမျှော်လင့်ဖူးသောအဖြစ်အပျက်ပင်။ နတ်ဆိုးဂိုဏ်းသည် လူသားနိုင်ငံသုံးနိုင်ငံ မတည်ထောင်မီကတည်းက တည်ရှိခဲ့ပြီး မည်သည့်အင်အားစု၏ခြိမ်းခြောက်မှုကိုမဆို မတုန်မလှုပ်ရင်ဆိုင်နိုင်သောရာဇဝင်ရှိခဲ့သည်။ လူသားနိုင်ငံသုံးနိုင်ငံ စုပေါင်းတိုက်ခိုက်လျှင်ပင် ရင်ဆိုင်နိုင်စွမ်းရှိသောနတ်ဆိုးဂိုဏ်းကြီးသည် လူသားနိုင်ငံတစ်ခုထံတွင် အညံ့ခံသည်ဟူသောသတင်းမှာ သမိုင်းတစ်လျှောက် မကြားဖူးခဲ့ပေ။
အားလုံးမှာ မှင်သက်မိနေကြသကဲ့သို့ တဝေပြည်သူများပင်လျှင် ကြောင်တောင်တောင် ဖြစ်သွားကြရသည်။ အနောက်ဘက်နယ်စပ်တွင် သောင်းကျန်းနေသော မရေမတွက်နိုင်သည့် နတ်ဆိုးများသည် စနစ်တကျဖြင့် မိမိတို့၏နတ်ဆိုးဂိုဏ်းနယ်မြေအတွင်းသို့ ဆုတ်ခွာသွားကြသည်ကို အံ့ဩဖွယ်ရာ မြင်တွေ့လိုက်ကြရသည်။
မကြာမီမှာပင် အနောက်ပိုင်းနတ်ဆိုးပြည်အတွင်းမှ အမှန်တရားသည် ပေါ်ထွက်လာခဲ့သည်။ ချူးယွင်ဖန်းသည် နတ်ဆိုးဂိုဏ်းတွင်းသို့ တစ်ကိုယ်တော်သွား၍ ဂိုဏ်းချုပ်နှင့် ဒဏ္ဍာရီလာ မဟာဘိုးဘေးနတ်ဆိုးကြီးကို သတ်ဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။ ထို့အပြင် နတ်ဆိုးဂိုဏ်း၏ ထိပ်တန်းကျွမ်းကျင်သူခုနစ်ဆယ်ရာခိုင်နှုန်းကျော်ကိုလည်း အမှုန့်ချေပစ်ခဲ့၏။
အဆင့်မြင့်ကျွမ်းကျင်သူများ ပေါများလှသည်ဆိုသောနတ်ဆိုးဂိုဏ်းမှာ အင်အားချည့်နဲ့သွားခဲ့ရကာ ချူးယွင်ဖန်း၏လိုက်လံသုတ်သင်မှုကို ရှောင်ရှားရန်အတွက် အညံ့ခံခြင်းမှတစ်ပါး အခြားလမ်းမရှိတော့ချေ။
အညံ့ခံရုံသာမက တဝေနှင့် ချူးယွင်ဖန်း၏အမျက်ဒေါသကို ဖြေဖျောက်ရန်အတွက် နတ်ဆိုးတို့သည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးပေါင်းငါးဘီလီယံကျော်ကို တောင်ပုံရာပုံ ဆက်သခဲ့ကြရသည်။ ဤသည်မှာ နတ်ဆိုးဂိုဏ်းအတွက်ပင် များပြားလှသောပမာဏဖြစ်ပြီး တဝေအတွက်မူ အဖိုးမဖြတ်နိုင်သော ရတနာသိုက်ကြီးပင် ဖြစ်တော့သည်။
ဤဖြစ်ရပ်များအပြီးတွင် လူတိုင်းသည် အမှန်တရားတစ်ခုကို ရိပ်စားမိလိုက်ကြသည်။ တဝေသည် အားအင်ချည့်နဲ့သွားမည့်အစား ပိုမိုတောင့်တင်းခိုင်မာလာကာ လောက၏သုံးပုံနှစ်ပုံကို ပိုင်ဆိုင်သောအင်အားကြီးနိုင်ငံအဖြစ်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားတော့သည်။
မူလက တဝေကို ကူညီရန် စစ်ပြင်ခဲ့သော တချီမှာမူ ယခုအခါ အခြေအနေကို စိုးရိမ်တကြီး စောင့်ကြည့်နေရတော့သည်။ သူတို့သည် တဝေက မိမိတို့နိုင်ငံကို ဆက်လက်တိုက်ခိုက်မည်ကို ကြောက်ရွံ့လာကြရသည်။ အကယ်၍ တဝေ၏နောက်ကွယ်မှ ထိုလူသားသာ လက်ညှိုးတစ်ချက် ခိုင်းစေလိုက်ပါက တစ်လောကလုံးကို သိမ်းပိုက်ရန်မှာ မခက်ခဲတော့ပေ။ သန်းပေါင်းများစွာသော မြင်းတပ်ကြီးကို တစ်ကိုယ်တည်း ဖြိုခွဲနိုင်ခဲ့သောထိုလူသား၏စွမ်းဆောင်ချက်မှာ ဒဏ္ဍာရီဆန်ဆန်ပင် မယုံနိုင်စရာ ကောင်းလှလွန်းပေတော့၏။