← Chapters

အခန်း (၁၅၇၀-၁၅၇၂)

Vol. 105 Ch. 1570-1572

အခန်း (၁၅၇၀-၁၅၇၂)

Vol. 105 Ch. 1570-1572

အခန်း (၁၅၇၀) ညတွင်းချင်းချမ်းသာလာခြင်း

တစ်လောကလုံးကို တုန်လှုပ်ချောက်ချားစေခဲ့သောထိုသတင်းစကားတို့ကြောင့် လောကသားအပေါင်းနှင့်သူရဲကောင်းတို့၏အကြည့်သည် တစ်နေရာတည်းသို့သာ စုပြုံကျရောက်နေတော့သည်။

ဤကဲ့သို့သော အစွမ်းသတ္တိမျိုး ရှေးယခင်က မရှိခဲ့ဖူးချေ။ လူတစ်ဦးတည်းက နိုင်ငံတစ်ခုကို လက်ညှိုးတစ်ချက်ဖြင့် ဖြိုခွဲနိုင်ခြင်း၊ ကျဆုံးလုဆဲဆဲနိုင်ငံကို အမြင့်ဆုံးသို့ပို့ဆောင်ပေးနိုင်ခြင်းနှင့် အားကောင်းလှသောရန်သူတို့ကို စိတ်တိုင်းကျချေမှုန်းနိုင်ခြင်းမျိုးမှာ အံ့ဖွယ်ပင်။ ချူးယွင်ဖန်းသည် နတ်ဘုရားတစ်ပါးမဟုတ်သော်လည်း လောကသူရဲကောင်းတို့၏အမြင်တွင်မူ နတ်ဘုရားနှင့် ခြားနားမှု မရှိတော့ချေ။

ချူးယွင်ဖန်းသည် ရွှေအမတေပုံစံအဆင့်ကို ကျော်လွန်၍ ရွှေအမတေပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်းသတင်းများကလည်း တောမီးပမာ ပျံ့နှံ့နေသော်လည်း အတည်ပြုနိုင်သူ မရှိသေးပေ။ ကာယကံရှင်ကိုယ်တိုင်ကလည်း တိတ်ဆိတ်လျက်သာ ရှိနေခဲ့သည်။

ထိုသို့ ဝေဖန်ဆွေးနွေးမှုများဆူညံနေချိန်တွင် ချူးယွင်ဖန်းသည် တဝေမြို့တော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ မြို့တော်ရှိ နန်းတော်ရှေ့ဆောင်၏နောက်ဖေးဥယျာဉ်အတွင်း၌ ချူးယွင်ဖန်းနှင့် တဝေဧကရာဇ် ဝေ့ဝူကျီတို့သည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

"အားရစရာပါပဲ... တကယ့်ကို အားရစရာပါပဲဗျာ!"

ဝေ့ဝူကျီသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်တွေးတောမိတိုင်း သူ၏ရင်ထဲ၌ အတိုင်းထက်အလွန် ဝမ်းမြောက်နေမိဆဲ ဖြစ်သည်။

ဧကရာဇ်တစ်ပါးဖြစ်သော်ငြား သူ၏ဘဝသည် အမြဲတစေ စိတ်မချမ်းမြေ့စရာများဖြင့်သာ ပြည့်နှက်နေခဲ့ရသည်။ အပြင်ပ၌ ကျင်ကျန်းဟန်ကဲ့သို့သောဘီလူးကြီးက ချောင်းမြောင်းနေပြီး အတွင်း၌လည်း အမိန့်မနာခံသောလက်အောက်ငယ်သားများကြောင့င့် ပြည်တွင်းပြည်ပ ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်ခဲ့ရသည်။ နှလုံးသားထဲတွင် အမြဲတစေ နာကျင်ခံစားခဲ့ရသော ဧကရာဇ်ဘဝပင် ဖြစ်သည်။

တစ်ချို့သောသူများသည် ပုန်ကန်ရန်ပင်ကြံစည်နေခဲ့ကြသော်လည်း ယခုမူ ထိုပြဿနာအားလုံးသည် မြူနှင်းများပမာ ပျောက်ကွယ်သွားခဲ့ချေပြီ။ ချူးယွင်ဖန်း၏အရှိန်အဝါကြောင့် တဝေ၏ နယ်မြေမှာ နှစ်ဆမက ကျယ်ပြန့်လာခဲ့သည်။ အများစုမှာ မြက်ခင်းပြင်များသာ ဖြစ်သော်လည်း ဤသည်မှာ ဘိုးဘေးဘီဘင်များပင် မစွမ်းဆောင်နိုင်ခဲ့သော ထူးကဲသည့်အောင်မြင်မှုကြီးပင်။ ထိုအရာအားလုံးမှာ ချူးသခင်လေးကြောင့်ဖြစ်သည်ဟု တွေးမိသောအခါ ဝေ့ဝူကျီ၏မျက်နှာတွင် ရိုသေခလေးစားအရိပ်အယောင်များ ထင်ဟပ်လာတော့သည်။

သို့သော် ချူးယွင်ဖန်းမှာမူ ဝေ့ဝူကျီ၏မြှောက်ပင့်စကားများကို ဂရုမထားဘဲ အေးအေးဆေးဆေး ပြုံးလျက်သာ နေလေတော့သည်။

"ကျေးဇူးတင်ပါတယ် ချူးသခင်လေး ရယ်။ ခင်ဗျားသာမရှိရင် ကျွန်တော့်ရဲ့ တဝေပြည်ကြီးတော့ အဖတ်ဆယ်လို့တောင် ရမှာမဟုတ်ပါဘူး။”

ဝေ့ဝူကျီသည် နေရာမှထရပ်ကာ ချူးယွင်ဖန်းကို အလေးအမြတ်ပြု၍ ရိုသေစွာ ဦးညွှတ်လိုက်လေသည်။

"မင်းကြီးကလည်း အားနာစရာကောင်းနေပြီ။ ကျွန်တော်က ကျွန်တော့်တာဝန် ကျွန်တော် ကျေပွန်အောင် လုပ်ဆောင်ခဲ့ရုံပါပဲ။"

ချူးယွင်ဖန်း က အေးအေးဆေးဆေးပင် တုံ့ပြန်လိုက်၏။

"ချူးသခင်လေး ကျွန်တော်က လူသားအားလုံးကိုယ်စား ခင်ဗျားကို ဦးညွှတ်တာပါ။ ခင်ဗျားသာ မရှိခဲ့ရင် တဝေတစ်ခုတည်းတင်မကဘဲ တစ်လောကလုံးမှာရှိတဲ့လူသားတွေအားလုံးရဲ့ ဘဝကလည်း ဇာတ်သိမ်းသွားနိုင်ပါတယ်။ ဒါဟာ နိုင်ငံတစ်ခုရဲ့ ရှင်သန်ခြင်းထက် လူသားမျိုးနွယ်တစ်ခုလုံးရဲ့ ကံကြမ္မာနဲ့ ဆိုင်တဲ့ကိစ္စပါ။”

ဝေ့ဝူကျီက ထပ်လောင်းပြောကြားသည်။

သူသည်အနောက်ပိုင်းနတ်ဆိုးပြည်အကြောင်းကို အသေးစိတ် မသိရှိသော်လည်း ထွက်ပေါ်လာသောအခြေအနေအရပ်ရပ်ကို ကြည့်ခြင်းအားဖြင့် ဤအန္တရာယ်မှာ မည်မျှ ကြီးမားကြောင်း ရိပ်စားမိနေသည်။ ချူးယွင်ဖန်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှလွဲ၍ ဤမျှကြီးမားသော ပရမ်းပတာဖြစ်မှုကြီးကို မည်သူမျှ ငြိမ်သက်အောင်မလုပ်နိုင်သည်မှာ အမှန်ပင်။

ချူးယွင်ဖန်းသည် ထိုအရိုအသေကို လက်ခံလိုက်ပြီးနောက် ဆိုလိုက်၏။

"မင်းကြီး... အခုတော့ လောကကြီးက အေးချမ်းသွားပါပြီ။ ကျန်တဲ့အလုပ်တွေကတော့ မင်းကြီးရဲ့ အုပ်ချုပ်မှုအစွမ်းအစပေါ်မှာပဲ မူတည်ပါတော့မယ်။”

ဝေ့ဝူကျီ၏မျက်နှာတွင် စကားတစ်ခွန်းကို ပြောချင်သယောင်တွေဝေနေသည်ကို မြင်ရုံဖြင့် ချူးယွင်ဖန်းသည် သူ၏ရင်တွင်းဖြစ်ကို ရိပ်မိလိုက်သည်။ အပြင်လောကတွင် ချူးယွင်ဖန်း၏အစွမ်းဖြင့် တချီကိုပါ တစ်ပါတည်း တိုက်ခိုက်သိမ်းပိုက်၍ တစ်လောကလုံးကို တစ်ဦးတည်းအုပ်ချုပ်ကာ မကြုံစဖူး ရွှေရောင်ခေတ်ကြီးကို တည်ထောင်ရန် မျှော်လင့်ချက်များ ဆူညံနေကြသည်။

မိုးကြိုးခရမ်းဓားတို့၏ခေတ်အပြီးတွင် လူသားလောကကြီးမှာ ကာလရှည်ကြာစွာ ကွဲပြားနေခဲ့သည်ဖြစ်ရာ ယခုအခါ ပြည်သူများသာမက ဝေ့ဝူကျီကိုယ်တိုင်လည်း တစ်လောကလုံးကို စုစည်းလိုသောဆန္ဒများ ပြင်းပြနေခဲ့သည်။

သို့သော် ချူးယွင်ဖန်း က ထိုဆန္ဒကို ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်သည်။ သူသည် အရာရာကို လိုက်လံလုပ်ဆောင်ပေးမည့် ထိန်းကျောင်းသူမဟုတ်သကဲ့သို့ တဝေအတွက် အားလုံးကို ဖြည့်ဆည်းပေးရန်လည်း ဆန္ဒမရှိပေ။

"မင်းကြီး တဝေရဲ့လက်ရှိအင်အားက အကန့်အသတ်ရှိတယ်ဆိုတာ ခင်ဗျား နားလည်မှာပါ။ တချီကို အတင်းအဓမ္မ ဝါးမြိုဖို့ ကြိုးစားတာဟာ ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ အဲဒီအစား ခင်ဗျား အခုရထားတဲ့နယ်မြေတွေကိုပဲ အခြေခိုင်အောင် အရင်လုပ်ပါ။ နောက်နှစ်အနည်းငယ်ကြာလို့ အင်အားတောင့်တင်းလာမှပဲ ရှေ့ဆက်သင့်ပါတယ်။ အလောတကြီး လုပ်ဖို့ မလိုပါဘူး။”

ဝေ့ဝူကျီသည် အနည်းငယ် ရှက်ကိုးရှက်ကန်းနှင့် ပြုံးလိုက်မိသည်။ ချူးယွင်ဖန်းသည် မိမိကို ကူညီရန် ဆန္ဒမရှိကြောင်းကောင်းစွာနားလည်လိုက်သည်။ အနည်းငယ် ဝမ်းနည်းသယောင် ရှိသော်လည်း တစ်ဖက်တွင်မူ စိတ်သက်သာရာရသွားခဲ့သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ချူးယွင်ဖန်းသည် လောကီရေးရာအာဏာစက်များအပေါ်တွင် စိတ်ဝင်စားမှု လုံးဝမရှိကြောင်း ထင်ရှားနေတော့သတည်း။

"ဪ.ဒါနဲ့ မေ့တော့မလို့။ နတ်ဆိုးဂိုဏ်းချုပ်က ပဏ္ဏာတော်တွေ အများကြီး ပို့လာပါတယ်။ ကျွန်တော်မျိုးလည်း ဒါတွေကို လက်ခံမထားဝံ့ပါဘူး။ တဝေအတွက်လို့ အမည်တပ်ထားပေမယ့် တကယ်တမ်းကတော့ ချူးသခင်လေးအတွက် ရည်ရွယ်မှန်း ကျွန်တော် ကောင်းကောင်းသိပါတယ်။”

ဝေ့ဝူကျီက ထိုသို့ဆိုကာ လေဟာနယ်လက်စွပ်တစ်ကွင်းကို ကမ်းပေးလိုက်သည်။ နတ်ဆိုးတို့ ဆက်သလိုက်သော ရတနာအစုံအလင်မှာ ထိုလက်စွပ်အတွင်း၌ ရှိသည်။

ချူးယွင်ဖန်းသည် အငြင်းအခုန်မပြုဘဲ လက်စွပ်ကို လှမ်းယူလိုက်ကာ သူ၏ နတ်ဘုရားဆန္ဒဖြင့် စစ်ဆေးကြည့်လိုက်သည်။ ထိုအခါ တောင်ပုံရာပုံ ရှိနေသော အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးများကို တွေ့လိုက်ရ၏။ ဝိညာဉ်ကျောက်တုံးပေါင်းငါးဘီလီယံမှာ ပင်လယ်လှိုင်းတံပိုးများအလား အဆုံးအစမရှိ များပြားလှပေသည်။ ထို့အပြင် အခြားသောကမ္ဘာဦးရတနာများကိုပါ တွက်ချက်ကြည့်လျှင် စုစုပေါင်းတန်ဖိုးမှာ ဝိညာဉ်ကျောက်တုံးဆယ်ဘီလီယံထက်မနည်း ရှိနေသည်။

ဤသည်မှာ အမြဲတစေ ကြွယ်ဝလှပါသည်ဆိုသောနတ်ဆိုးဂိုဏ်းကြီးအတွက်ပင် အသည်းခိုက်မတတ် နာကျင်စေမည့် ဆုံးရှုံးမှုကြီးပင် ဖြစ်တော့သည်။

သို့သော် ချူးယွင်ဖန်းအတွက်မူ ယခုအချိန်တွင် ဝိညာဉ်ကျောက်တုံးများမှာ အလိုအပ်ဆုံးသော အရာများဖြစ်သည်။ တောတောင်မြစ်ချောင်းပန်းချီကားအတွင်းရှိ ဆေးဘက်ဝင်တောင်တန်းကြီး လည်ပတ်နေစေရန်နှင့် သူ၏စိတ်အာရုံထဲမှ နတ်ဘုရားဦးခေါင်းခွံ၏စွမ်းအင်သုံးစွဲမှုအတွက် သာမန်လူတို့ စိတ်ကူး၍မရနိုင်သောဝိညာဉ်စွမ်းအင်ပမာဏကို လိုအပ်နေသောကြောင့်ဖြစ်သည်။

ဆက်တိုက်ဖြစ်ပွားခဲ့သောစစ်ပွဲများကြောင့် သူ၏လက်ဝယ်ရှိဝိညာဉ်ကျောက်တုံးများမှာလည်း ခန်းခြောက်လုနီးပါး ဖြစ်နေချေပြီ။ ယခု နတ်ဆိုးတို့ ဆက်သလိုက်သောဝိညာဉ်ကျောက်တုံးများနှင့် အဖိုးတန်ဆေးပင်များမှာ ချူးယွင်ဖန်းအတွက် အချိန်ကိုက်ရောက်ရှိလာသော လာဘ်လာဘပင်။ ဆေးဧကရာဇ်၏အသိပညာကို ဆက်ခံထားသူဖြစ်ရာ ဤဆေးပင်များဖြင့် သူ၏ ကျင့်စဉ်အဆင့်ကို နောက်ထပ်တစ်ဆင့် တက်လှမ်းရန် အထောက်အကူပြုမည့်ဆေးလုံးများကို သူဖော်စပ်နိုင်တော့မည်ဖြစ်သည်။

"ကောင်းပါပြီ... ဒါတွေက ကျွန်တော့်အတွက် တကယ်ပဲ အသုံးဝင်ပါတယ်။”

ချူးယွင်ဖန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ နတ်ဆိုးဂိုဏ်းက ဤမျှ လိမ္မာပါးနပ်စွာ ပြုမူသောကြောင့် သူသည်လည်း ကျန်ရှိနေသောနတ်ဆိုးဘုရင်များကို ဆက်လက်လိုက်လံ သတ်ဖြတ်နေတော့မည် မဟုတ်ပေ။

"ဒါနဲ့ မင်းကြီး... ကျွန်တော် တောင်းဆိုစရာလေးတစ်ခု ရှိပါတယ်။”

"မိန့်ကြားပါ ချူးသခင်လေး ခင်ဗျား တောင်းဆိုတာမှန်သမျှ ကျွန်တော်မျိုး တစ်နိုင်ငံလုံးရဲ့ အင်အားကို သုံးပြီးတော့တောင် ဖြစ်မြောက်အောင် လုပ်ပေးပါ့မယ်။”

ဝေ့ဝူကျီ က အားတက်သရော ဆိုသည်။

"ကျွန်တော့်အတွက် မိုးကြိုးခရမ်းဓားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ရှေးဟောင်းမှတ်တမ်းတွေကို ရှာပေးပါ။ အထူးသဖြင့် မိုးကြိုးခရမ်းဓားတွေက အပြင်ပက အင်အားစုတွေကို ဘယ်လိုနည်းလမ်းမျိုးနဲ့ အောင်နိုင်ခဲ့သလဲဆိုတာကို ကျွန်တော် သိချင်ပါတယ်။”

ဝေ့ဝူကျီ မှာ အနည်းငယ်အံ့ဩသွားရသည်။ ချူးယွင်ဖန်းအနေဖြင့် ခက်ခဲသောတောင်းဆိုချက်မျိုး ပြုလုပ်လိမ့်မည်ဟု ထင်မှတ်ထားသော်လည်း ယခုမူ အသုံးမဝင်တော့ဟု ယူဆရသော ရှေးဟောင်းအချက်အလက်များကိုသာ ရှာဖွေခိုင်းခြင်းကြောင့် ဖြစ်သည်။ သို့သော် သူက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

"ကောင်းပါပြီ။ အခုချက်ချင်းပဲ လူလွှတ်ပြီး စီစဉ်လိုက်ပါ့မယ်။"

ဒါဆိုရင် ကျွန်တော် မင်းကြီးကို အချိန်မဖြုန်းတော့ပါဘူး။ သွားလိုက်ပါဦးမယ်။”

ချူးယွင်ဖန်းသည် မင်းကြီးအား နှုတ်ဆက်ကာ သူ၏ လျှို့ဝှက်သောရှာပုံတော်ခရီးစဉ်အတွက် ပြင်ဆင်ရန် အေးဆေးတည်ငြိမ်စွာပင် ထွက်ခွာသွားလေ‌၏။

အခန်း (၁၅၇၁) တစ်နှစ်ကြာပြီးနောက် တိုင်းတစ်ပါးကဧည့်သည်တော်များ

တဝေ၏မြို့တော်တွင် လေပြင်းမုန်တိုင်းများ တိုက်ခတတိုက်ခတ်သကဲ့သို့ အခြေအနေများမှာ တစ်မျိုးပြီးတစ်မျိုးပြောင်းလဲနေသည်။ အထူးသဖြင့် ချူးယွင်ဖန်းပြန်ရောက်လာပြီးနောက် ဤနေရာသည် လူတိုင်း၏ အာရုံစိုက်ရာဗဟိုချက် ဖြစ်လာခဲ့သည်။ သို့သော် လူတိုင်းက သူ ဘာများဆက်လုပ်ဦးမလဲဟု ရင်တဖိုဖိုဖြင့် စောင့်ကြည့်နေကြစဉ်ပင် ချူးယွင်ဖန်းက သူသည် ဂူပိတ်ကျင့်ကြံရန်အတွက် လူသူကင်းဝေးရာသို့ သွားတော့မည်ဟု ကြေညာလိုက်သဖြင့် အားလုံး အံ့အားသင့်သွားကြရသည်။

နတ်ဆိုးတိုင်းပြည်တွင် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို လူတိုင်း သိချင်ဇော ပြင်းပြနေကြသော်လည်း မည်သူ့ကိုမျှ ဂရုမစိုက်ဘဲကျင့်ကြံခြင်းထဲသို့သာ အာရုံနစ်ဝင်သွားခဲ့သည်။ အရင်ကတည်းကပင် သူကျင့်ကြံနေချိန်၌ မည်သူမျှ မနှောင့်ယှက်ရဲကြသကဲ့သို့ ယခုအခါ သူသည် လောက၏ နံပါတ်တစ်အဖြစ် အခိုင်အမာနေရာယူထားပြီးဖြစ်ရာ မည်သူကမျှ လာရောက်၍ အနှောင့်အယှက် မပေးဝံ့ကြတော့ပေ။

………………..

မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်တစ်နှစ် ကုန်ဆုံးသွားခဲ့သည်။ ကမ္ဘာလောကကြီးမှာလည်း ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရသမျှကို ဤတစ်နှစ်တာ အချိန်အတောအတွင်းမှာ ပြန်လည် ထိန်းညှိနိုင်ခဲ့ကြသည်။ တစ်နှစ်ကျော်အတွင်း ကျင်ကျန်းဟန်သည် လုံးဝ ပျက်စီးသွားခဲ့ပြီး တဝေမှာ ကမ္ဘာ့နယ်မြေ၏သုံးပုံနှစ်ပုံကို ပိုင်ဆိုင်သည့် ဧရာမအင်ပါယာကြီးတစ်ခု ဖြစ်လာခဲ့သည်။ အနောက်ပိုင်းနတ်ဆိုးပြည်သည် တိုင်းပြည်ကို ပိတ်ထားသကဲ့သို့ နယ်စပ်များကို ပိတ်ဆို့ထားလိုက်သည်။ ယခင်တိုက်ပွဲသည် နတ်ဆိုးများအတွက် ကပ်ဘေးတစ်ခုပင်။ နတ်ဆိုးဘုရင်များစွာ သေဆုံးခဲ့ရသကဲ့သို့ ခေါင်းဆောင်နှင့် မဟာဘိုးဘေးနတ်ဆိုးကြီးတို့ မရှိတော့သည့်အတွက် နတ်ဆိုးပြည်အတွင်း အာဏာလုပွဲများဖြင့် ရှုပ်ထွေးနေခဲ့သည်။ တချီ၏ စစ်သားများသည် နယ်စပ်တွင် စုရုံးနေကြသော်လည်း တဝေကို ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲကြပေ။ ကျင်ကျန်းဟန်၏နယ်မြေအတွက် တိုက်ပွဲဖြစ်လိမ့်မည်ဟု ခန့်မှန်းခဲ့ကြသော်လည်း တချီသည် ချူးယွင်ဖန်းကို ကြောက်ရွံ့သောကြောင့် ငြိမ်သက်နေခဲ့ရသည်။

ကျင့်ကြံသူတစ်ဦးအတွက် ကျင့်စဉ်ဝင်ခြင်း သို့မဟုတ် ပြန်ထွက်လာခြင်းမှာ စကားတစ်ခွန်းမျှသာ ဖြစ်သော်လည်း ၎င်းက တစ်ကမ္ဘာလုံး၏ အေးချမ်းမှုကို ဆုံးဖြတ်ပေးနေသည်။

တဝေအတွက် တစ်နှစ်တာကာလသည် ကျင်ကျန်းဟန်၏နယ်မြေများကို အပြီးသတ်သိမ်းပိုက်ရန် လုံလောက်သောအချိန်ဖြစ်ခဲ့သည်။ နိုင်ငံ၏အင်အားမှာ အဆမတန် တိုးတက်လာပြီး တစ်ကမ္ဘာလုံးတွင် မကြုံစဖူးသောငြိမ်းချမ်းရေးကို ရရှိခဲ့သည်။ အင်အားစုအသီးသီးသည် မိမိတို့ရရှိထားသော အသီးအပွင့်များကို ထိန်းသိမ်းရင်း ဒဏ်ရာရထားသူများမှာလည်း မိမိတို့၏ဒဏ်ရာကို ပြန်လည်ကုစားရင်း လောကကြီးမှာ အေးချမ်းသာယာနေခဲ့သည်။ လူအများမှာလည်း အစွမ်းထက်လှသော ကျင်ကျန်းဟန် ပျက်စီးသွားခြင်းနှင့် တဝေ၏အာဏာစက်ကို နောက်ဆုံးတွင် လက်ခံနိုင်ခဲ့ကြပြီ ဖြစ်သည်။

သို့သော် ထိုအချိန်တွင်ပင် ကမ္ဘာလောကကြီး၏အစွန်အဖျား ကောင်းကင်ယံတွင် ထူးဆန်းသော လှုပ်ခတ်မှုများ ပေါ်ပေါက်လာသည်။ ကောင်းကင်အထက်တွင် တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားသည့် ဧရာမ အကာအကွယ်အတားအဆီးကြီးတစ်ခုရှိနေသည်။ ၎င်းမှာ မည်သူမျှ မရောက်ရှိနိုင်သော လောက၏အဆုံးသတ်နေရာပင် ဖြစ်သည်။

ကောင်းကင်ယံ၌ စွမ်းအင်လှိုင်းများ လှုပ်ခတ်ပြီးနောက် လူရိပ်အချို့ တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာသည်။ ထိုသူများအားလုံးသည် မှေးမှိန်သော်လည်း အနှိုင်းမဲ့အားကောင်းလှသည့် အရှိန်အဝါများကို ပိုင်ဆိုင်ထားကြပြီး ကောင်းကင်ယံကိုပင် ထောက်ပံ့ထားနိုင်လောက်သော စွမ်းအားမျိုး ရှိနေကြသည်။

“ဟားဟားဟား... ငါ နောက်ဆုံးတော့ ရောက်လာပြီ။ ဒါက မိုးကြိုးခရမ်းဓားနယ်မြေပဲ။”

လူရိပ်တစ်ဦးက အားရပါးရရယ်မောလိုက်သည်။ သူ၏နောက်ကွယ်တွင် လူရိပ်များ တစ်ခုပြီးတစ်ခု ပိုမိုပေါ်ထွက်လာသည်။ သူသည် ထိုနေရာတွင် ကြာကြာမနေဘဲ အခြားလူခြောက်ဦးခန့်နှင့်အတူ အလင်းတန်းများကိုနင်းကာ လျှပ်စီးကဲ့သို့ မြန်ဆန်သောအရှိန်ဖြင့် ဝေးရာသို့ ပျံသန်းသွားတော့သည်။ သူတို့နောက်မှ ပေါ်လာသောသူများသည်လည်း အုပ်စုငယ်လေးများအဖြစ် ကွဲကာ ပျောက်ကွယ်သွားကြသည်။

တစ်ကောင်းကင်လုံးမှာ အာကာသလှုပ်ခတ်မှုများကြောင့် ရေမျက်နှာပြင်ကဲ့သို့ လှိုင်းထနေတော့သည်။ ထိုအချိန်တွင်ပင် ကျင်ကျန်းဟန်၏ မြောက်ဘက်၊ အဆုံးအစမရှိသောသဲကန္တာရကြီး၏ အနက်ရှိုင်းဆုံးနေရာတွင် လူတစ်စုသည် ပြင်းထန်သောသဲမုန်တိုင်းများကို ဖြတ်ကျော်ကာ လျှောက်လှမ်းနေကြသည်။ ကြည့်လိုက်ရုံနှင့်ပင် ထိုသူများမှာ အလွန်ထူးဆန်းလှသည်။ သားရဲတိရစ္ဆာန်များကိုပင် လွင့်စင်သွားစေနိုင်သောသဲမုန်တိုင်းများသည် ထိုသူများအပေါ် မည်သည့်သက်ရောက်မှုမျှ မရှိပေ။ သဲမှုန်ကလေးတစ်ခုပင် သူတို့၏ တစ်မီတာအကွာအဝေးအတွင်းသို့ မချဉ်းကပ်နိုင်ကြချေ။

အကယ်၍ အနီးအနားရှိ သိုးကျောင်းသားများသာ ဤမြင်ကွင်းကို မြင်လိုက်ရပါက ထိတ်လန့်တုန်လှုပ်သွားကြပေလိမ့်မည်။ မြောက်ဘက်ပိုင်းရှိ သိုးကျောင်းသားများက ဤနေရာကို နတ်ဆိုးကန္တာရဟု ခေါ်ဝေါ်ကြပြီး နတ်ဆိုးများနေထိုင်ကြသည်ဟု ယုံကြည်ထားကြသည်။

ဤသဲကန္တာရ၏ပတ်ဝန်းကျင်မှာ အလွန်ပင် ကြမ်းတမ်းလှသည်။ နေ့ဘက်တွင် အပူချိန်မှက အရာအားလုံးကို အရည်ပျော်စေနိုင်လောက်သည့် ဒီဂရီရာနှင့်ချီ၍ မြင့်တက်ပြီး ညဘက်တွင်မူ သုညအောက် ဒီဂရီများစွာအထိ အေးခဲသွားတတ်သည်။ ထိုမျှပြင်းထန်လှသော ရာသီဥတုဒဏ်ကို မခံနိုင်ကြသဖြင့် အစွမ်းထက်သောသိုင်းပညာရှင်များပင် ဤနေရာသို့ လာခဲကြသည်။ အပူချိန်မြင့်ချိန်တွင် သူတို့၏ ခန္ဓာကိုယ်များ မီးလောင်ကျွမ်းနိုင်သလို အပူချိန်ကျဆင်းသွားချိန်တွင်လည်း သူတို့အတွင်းရှိနတ်ဘုရားစွမ်းအားများမှာ အေးခဲသွားနိုင်သည်။ ဤသည်မှာ သက်ရှိတို့ရှင်သန်ရန် ခက်ခဲသောဖုန်းဆိုးမြေပင်ဖြစ်သည်။

သို့သော် ယနေ့တွင်မူ လူငယ်တစ်စုသည် ဤသဲကန္တာရသို့ ရောက်ရှိလာကြသည်။ အသက်နှစ်ဆယ်သုံးဆယ်ဝန်းကျင်သာ ရှိကြသေးသောထိုသူများသည် မင်းညီမင်းသားများကဲ့သို့ သပ်ရပ်စွာ ဝတ်ဆင်ထားကြပြီး အလွန်အားကောင်းသောအရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည်။ ကြမ်းတမ်းလှသောပတ်ဝန်းကျင်တွင် သူတို့အတွက်အနှောင့်အယှက်မဖြစ်စေဘဲ သဲပြင်ပေါ်တွင် ခြေရာတစ်ချက်မျှပင် မကျန်ခဲ့စေဘဲ လျှောက်လှမ်းနေကြသည်။

မြင်ကွင်းတစ်ခုလုံးမှာ လက်တွေ့မဆန်လောက်အောင်ပင် ထူးဆန်းနေတော့သည်။

“ငါတို့ လမ်းမှန်ရဲ့လား။ ဒီနေရာက အရမ်းကြမ်းတာပဲ။ ငါတို့ရှာနေတဲ့နေရာက တကယ်ပဲ ဒီမှာလား?”

အသက် (၁၈) (၁၉) ခန့်ရှိမည့်မိန်းကလေးငယ်တစ်ဦးက စိတ်ပျက်လက်ပျက်လေသံဖြင့် မေးလိုက်သည်။

ပြင်းထန်သောရာသီဥတုမှာ သူမကို အန္တရာယ်မပေးနိုင်သော်လည်း အဆုံးအစမရှိသောသဲပြင်ကြီးက သူမကို စိတ်အနှောင့်အယှက်ဖြစ်စေမိသည်။

“မမှားနိုင်ပါဘူး။ မိုးကြိုးခရမ်းဓားတွေရဲ့ မျိုးဆက်ဆီက ရထားတဲ့သတင်းအရဆိုရင် ရှေးဟောင်းအပျက်အစီးတွေက ဒီမှာပဲ ရှိရမယ်”

အသက်(၂၇) (၂၈) ခန့်ရှိမည့် ချောမောသောအမျိုးသားတစ်ဦးက ပြန်ဖြေလိုက်သည်။ သူ၏မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသည်။

“ဒီလောက်နှစ်တွေ အကြာကြီးမှာ အဲဒီနေရာက ပျက်စီးမသွားဘဲ ကျန်နေပါဦးမလားဆိုတာပဲ စဉ်းစားနေတာ။”

“ပြောဖို့ခက်တယ်၊ ဒီက ဒေသခံတွေလက်ထဲ ရောက်သွားတာလည်း ဖြစ်နိုင်တာပဲ။”

အသက်သုံးဆယ်ခန့်ရှိမည့် ဗလတောင့်တောင့်အမျိုးသားက ဝင်ပြောသည်။ သူက ဤအုပ်စုထဲတွင် အသက်အကြီးဆုံးဖြစ်ဟန်ရှိသည်။

“မဖြစ်နိုင်တာ။ ငါတို့ရထားတဲ့သတင်းအရဆိုရင် ဒီက ဒေသခံတွေက အရမ်းအားနည်းလွန်းတယ်။ သူတို့ထဲမှာ ရွှေအမတေပုံစံအဆင့် ရောက်တဲ့သူတောင် ခပ်ရှားရှားပဲ။ သူတို့က ဘယ်လိုလုပ်ပြီး အဲဒီနေရာကို ဖွင့်နိုင်မှာတဲ့လဲ။”

နှုတ်ခမ်းထော်ထော်၊ ပါးနီနှင့်အမျိုးသားတစ်ဦးက ဆိုသည်။

“မိုးကြိုးခရမ်းဓားနယ်မြေက ဒေသခံတွေဟာ ပြင်ပလောကနဲ့ ဝေးကွာနေတာ အရမ်းကြာနေပြီပဲ?”

အားလုံး၏အကြည့်သည် အုပ်စုထဲမှနောက်ဆုံးတစ်ယောက်ဆီသို့ ရောက်သွားကြသည်။ သူသည် အသက် (၂၄) (၂၅) ခန့်ရှိမည့် အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးဖြစ်သည်။ ဤလူငယ်သည် ဤအုပ်စု၏ စစ်မှန်သောခေါင်းဆောင်ပင် ဖြစ်သည်။

“မိုးကြိုးခရမ်းဓားရှင်တွေရဲ့ မျိုးဆက် ပြောပုံအရဆိုရင် ဒီနားမှာပဲ ရှိရမယ်။”

အဖြူရောင်ဝတ်စုံနှင့်လူငယ်က ဆိုလိုက်သည်။

“ဒါပေမဲ့ အထဲဝင်ရင်တော့ သတိထားရမယ်။ ဒီက ဒေသခံတွေရဲ့ ခွန်အားက သာမာန်လောက်ပဲရှိပေမဲ့ မိုးကြိုးခရမ်းဓားဆိုတာ တစ်ချိန်က နာမည်ကျော် ဂိုဏ်းကြီးတစ်ခုဖြစ်ခဲ့တာ။ သူတို့ချန်ထားခဲ့တဲ့ဝှက်ဖဲတွေကိုတော့ ငါတို့ သတိထားဖို့ လိုလိမ့်မယ်။”

“ရောက်ပြီ! ငါ အကာအကွယ်အတားအဆီးရဲ့ အငွေ့အသက်ကို ခံစားနေရပြီ….”

အခန်း (၁၅၇၂) ခြေလှမ်းတစ်ဝက်အမတေအားအသေရိုက်ချပစ်ခြင်း

အဖြူရောင်ဝတ်စုံနှင့်လူငယ်သည် လက်ကွက်များကို စတင်ဖော်ဆောင်လိုက်ရာ သူ၏ နတ်ဘုရားစွမ်းအားများသည် ပါးလွှာသောချည်မျှင်တန်းများအဖြစ်ပြောင်းလဲ၍ လေထုထဲသို့ ပျံ့နှံ့သွားသည်။ ခဏအကြာတွင် ဧရာမအကာအကွယ်အတားအဆီးကြီးတစ်ခုက လူတိုင်း၏မျက်စိရှေ့တွင် ပေါ်လာတော့သည်။

ပါးနီနီနှင့်လူ၊ ကြွက်သားတောင့်တင်းသူ၊ မျက်နှာဖြူဖျော့သူနှင့် မိန်းကလေးငယ်တို့သည် ချက်ချင်းပင် လှုပ်ရှားလိုက်ကြသည်။ သူတို့သည် ရှုပ်ထွေးလှသောလက်ကွက်များဖြင့် အကာအကွယ်အတားအဆီးကို တိုက်ခိုက်လိုက်ရာ ကြီးမားသောအက်ကြောင်းတစ်ခု ပွင့်ထွက်သွားသည်။ အားလုံးက ထိုလိုဏ်ဂူအတွင်းသို့ အလျင်အမြန်ပျံသန်းဝင်ရောက်သွားကြပြီး ပျောက်ကွယ်သွားကြသည်။ သူတို့ ပြန်လည်ပေါ်လာချိန်တွင်မူ အခြားသော လေဟာနယ်တစ်ခုအတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။

“ဒါက တကယ်ပဲ မတူတဲ့ အခြားကမ္ဘာတစ်ခုပါလား။”

လူတိုင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။ သူတို့ တွေးထင်ထားသည့်အတိုင်းပင် အခြားနယ်မြေတစ်ခုသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ပြင်ပကမ္ဘာမှ ကြမ်းတမ်းလှသော ပတ်ဝန်းကျင်နှင့်မတူဘဲ ဤနေရာလေးမှာ နွေဦးပန်းများ ဝေဆာနေကာ အလွန်လှပသောရှုခင်းများဖြင့် ပြည့်နှက်နေသည်။

“ငါတို့ အဆောင်တွေ ကြိုပြင်လာလို့ တော်သေးတာပေါ့။ မဟုတ်ရင်တော့ ဒဏ်ရာရနိုင်တယ်။”

ပါးနီနီနှင့်လူသည် သူ၏ဦးခေါင်းပေါ်မှ လိမ္မော်ရောင်အဆောင်ပြားလေးကို ယူလိုက်သည်။ ထိုအဆောင်ပြားမှာ အက်ကွဲကြောင်းများဖြင့် ပြည့်နေပြီဖြစ်သည်။ အခြားသူများ၏ ခေါင်းပေါ်တွင်လည်း ရှုပ်ထွေးသောပုံစံများ ထွင်းထုထားသည့် အဆောင်ပြားများ ရှိနေကြသည်။ ၎င်းတို့တွင် လေဟာနယ်လှုပ်ခတ်မှုများကို ခုခံနိုင်သည့်မှော်ဝင်စည်းမျဉ်းစွမ်းအားများ ကိန်းဝပ်နေကြသည်။

“ဒီနေရာက ပြင်ပလောကနဲ့ မတူဘူး။ ဝိညာဉ်စွမ်းအင်သိပ်သည်းဆက အပြင်ကထက် အနည်းဆုံး အဆပေါင်းများစွာ ပိုများတယ်။ ဒီမှာ ကျင့်ကြံမယ်ဆိုရင် အချိန်ကုန်သက်သာပြီး ထိရောက်မှုကတော့ အဆမတန်ပဲ။”

ကြွက်သားတောင့်တင်းသောလူငယ်က ဆိုသည်။

သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ပြင်ပနှင့် သိသိသာသာကွာခြားနေသော ဝိညာဉ်စွမ်းအင်များကို ခံစားနေသည်။

“မြောက်ဘက်ကန္တာရရဲ့ ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်က ဒီအကာအကွယ်အတားအဆီးကြောင့် ဖြစ်မယ်ထင်တယ်။ အပြင်က ဝိညာဉ်စွမ်းအင်တွေကို ဒီအစီရင်ခံထဲ ဆွဲသွင်းထားတာဆိုတော့ အပြင်လောကကို ထောက်ပံ့ပေးဖို့ စွမ်းအင်မကျန်တော့ဘဲ အဲဒီလောက် ကြမ်းတမ်းသွားတာပေါ့။”

မိန်းကလေးက သုံးသပ်ပြသည်။ သူမသည် ငယ်ရွယ်ပုံရသော်လည်း အတွေ့အကြုံ အတော်အတန် ရှိပုံပေါ်သည်။

“ဒါပေမဲ့ ငါတို့ရထားတဲ့သတင်းအရဆိုရင် ဒီအကာအကွယ်အတားအဆီးဆီကို ဘယ်သူမှမရောက်တာ အတော်ကြာပြီလေ။ သူက ဝိညာဉ်စွမ်းအင်တွေကို အဆက်မပြတ် စုပ်ယူနေတာဆိုတော့ ဒီထဲမှာ ဝိညာဉ်စွမ်းအင်သိပ်သည်းဆက ဒီထက်အဆပေါင်းများစွာ ပိုမြင့်နေရမှာပေါ့။”

မျက်နှာဖြူဖျော့ဖျော့နှင့်လူက ဆိုလိုက်သည်။

ကျန်ရှိနေသောသူများလည်း တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားကြသည်။ ၎င်းမှာ သူတို့ရရှိထားသောသတင်းအချက်အလက်များနှင့် ကိုက်ညီမှုမရှိပေ။ သတင်းများအရ ဤအကာအကွယ်အတားအဆီးအတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် အရည်ပျော်နေလောက်အောင်သိပ်သည်းနေရမည် ဖြစ်သော်လည်း ယခုမူ ထိုမျှအထိ မရှိလှပေ။

ရုတ်တရက်ဆိုသလို ပတ်ဝန်းကျင်ရှိဝိညာဉ်စွမ်းအင်များမှာ အကာအကွယ်အတားအဆီး၏ ဗဟိုချက်ဆီသို့ စီးဆင်းနေသောရေများအလား ဦးတည်သွားနေကြသည်ကို သူတို့ ခံစားလိုက်ရသည်။ အားလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ချက်ချင်းပင် ဆုံးဖြတ်ချက်ချကာ ဗဟိုချက်ဆီသို့ အပြေးအလွှားသွားလိုက်ကြတော့သည်။

အဝေးမှကြည့်လျှင် အကာအကွယ်အတားအဆီး၏အလယ်ဗဟိုတွင် ပိုးအိမ်ကဲ့သို့သော အရာတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုပိုးအိမ်၏ အပြင်ဘက်တွင် ရေတွက်၍မရနိုင်သော ဝိညာဉ်စွမ်းအင်များမှာ မုန်တိုင်းတစ်ခုအလား အဆက်မပြတ် လည်ပတ်နေကြသည်။ ထိုဝိညာဉ်စွမ်းအင်မုန်တိုင်းမှာ ပိုးအိမ်အတွင်းသို့ တစတစစုပ်ယူခြင်း ခံနေရသည်။

“အဲဒါ ဘာကြီးလဲ။”

မိန်းကလေးက အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။

“တစ်ယောက်ယောက်က ဒီအတားအဆီးထဲက ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနေတာပဲ။ ငါတို့ထက် အရင်ရောက်နေတဲ့သူ ရှိတယ်။”

အဖြူရောင်ဝတ်စုံနှင့်လူငယ်သည် ချက်ချင်းပင် မျက်နှာပျက်သွားရသည်။

သူတို့အားလုံးသည် တတိယမျက်လုံးကိုဖွင့်၍ ကြည့်လိုက်သောအခါ ဤပိုးအိမ်မှာ ဝိညာဉ်စွမ်းအင်များဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း တွေ့ရှိသွားကြသည်။ ၎င်းမှာ ပတ်ဝန်းကျင်တွင် လွင့်မြောနေသော အဆုံးမရှိသည့်ဝိညာဉ်စွမ်းအင်များဖြင့် ဖြစ်တည်လာခြင်းပင်။ ထိုပိုးအိမ်၏အလယ်ဗဟိုတွင် ဝေဝါးဝါး မြင်နေရသောလူရိပ်တစ်ခု ရှိနေသည်။ မိမိတို့ထက် ခြေတစ်လှမ်းဦးစွာ ရောက်နှင့်နေသူရှိနေသည်ကို သဘောပေါက်သွားကြသည်။

ဤနေရာရှိဝိညာဉ်စွမ်းအင်များမှာ သူတို့ထင်ထားသလောက် အရည်မပျော်နေရခြင်းမှာ ရှေ့ရှိလူက စုပ်ယူနေသောကြောင့် ဖြစ်ပေသည်။ ဤသို့တွေးမိသည်နှင့် လူတိုင်း၏မျက်လုံးများမှာ သွေးတက်လာကြသည်။ သူတို့၏အမြင်တွင် ဤအရာမှာ သူတို့နှင့်သာ ထိုက်တန်သောကံကောင်းမှုပင် ဖြစ်သည်။ သူတို့မှာ မိုးကြိုးခရမ်းဓားနယ်မြေဆီသို့ ပင်ပင်ပန်းပန်း လာခဲ့ရသော်လည်း အသီးအပွင့်များကို သူစိမ်းတစ်ယောက်က လာရောက်ခူးဆွတ်သွားသကဲ့သို့ ခံစားနေရသည်။

“သောက်ကျိုးနည်း ဒေသခံကောင်! ငါတို့ရဲ့ကံကောင်းလို့ရှာတွေ့သွားတဲ့ဟာကို ခိုးယူရဲတယ်ပေါ့လေ!”

ဘုန်း….

ထိုအခိုက်အတန့်မှာပင် အမွေးအမှင်များဖုံးလွှမ်းနေသော ဧရာမလက်သည်းကြီးတစ်ဖက်သည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး ထိုသူကို ရိုက်ချလိုက်သည်။

ဘုန်း….

မျက်နှာနီနီနှင့်လူသည် ဝေဟင်ထက်မှာပင် ရိုက်ချခံလိုက်ရပြီး သူ၏တစ်ကိုယ်လုံး မြေပြင်ပေါ်သို့ ရက်ရက်စက်စက် ဖိခြေခြင်းခံလိုက်ရသည်။ မြေပြင်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ဧရာမ ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ ထိုသူသည် ခဏမျှရုန်းကန်လိုက်သော်လည်း ပြန်မထပ်နိုင်တော့ဘဲ ချက်ချင်းပင် အသက်ပျောက်သွားတော့သည်။

တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ တိတ်ဆိတ်သွားတော့သည်။ မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်ကို လူတိုင်း ခံစားလိုက်ရသည်။

အားလုံးမှာ မျက်မှောက်၌ မြင်လိုက်ရသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြင့် မှင်သက်နေကြရသည်။ သူတို့ လုံးဝ ဆွံ့အသွားကြပြီဖြစ်သည်။ မျက်နှာနီနီနှင့်လူ၏ကျင့်စဉ်မှာ သူတို့အုပ်စုထဲတွင် ထိပ်တန်းမဟုတ်ဟု ဆိုနိုင်သော်လည်း သူသည် ခြေလှမ်းတစ်ဝက်အမတေအဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။

ယခင်က သူတို့ရရှိထားသော သတင်းအချက်အလက်များအရ မိုးကြိုးခရမ်းဓားနယ်မြေမှ ဒေသခံများသည် အလွန်အမင်း အားနည်းသွားကြပြီဖြစ်သည်။ ဤနေရာတွင် ရွှေအမတေပုံစံ တစ်ယောက်ဆိုလျှင်ပင် တိုင်းပြည် စောင့်ရှောက်သူအဖြစ် သတ်မှတ်ထားကြသည်။

မိုးကြိုးခရမ်းဓားနယ်မြေတွင် ရွှေအမတေပုံစံများမှာ အလွန်ရှားပါးပြီး ခြေလှမ်းတစ်ဝက်အမတေဆိုသည်မှာ ကြားပင်မကြားဖူးသည့်အဆင့်ဖြစ်သည်။ ထို့ကြောင့်လည်း သူတို့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေခဲ့ကြခြင်းဖြစ်သည်။ သူတို့အုပ်စုတွင် လူဦးရေမများသော်လည်း မည်သူမဆို တိုင်းပြည်တစ်ခုလုံးကို ချေမှုန်းနိုင်စွမ်းရှိသည်ဟု ယူဆထားကြသည်။ စုပေါင်းလိုက်မည်ဆိုလျှင် မည်သည့်အရာကိုမျှ ကြောက်စရာမရှိဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် သူတို့ထဲမှတစ်ယောက်မှာ လက်ဝါးတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရလိမ့်မည်ဟု မည်သူက ထင်ထားမှာတဲ့လဲ?

ထိုအချိန်တွင်မှ အဆုံးစမဲ့သော ဝိညာဉ်စွမ်းအားမုန်တိုင်းအတွင်း၌ တောင်ငယ်တစ်လုံးအလား ကြီးမားသောပုံရိပ်ကြီးတစ်ခုက သူတို့ကို တိတ်တဆိတ်စိုက်ကြည့်နေသည်ကို အားလုံး မြင်လိုက်ရသည်။ သူ၏မျက်လုံးများမှာ မီးအိမ်ကြီးများအလား တောက်ပနေသည်။ ထိုပုံရိပ်ကြီးက သူတို့ကို ကြည့်နေပုံမှာ လူတိုင်းကို ကြက်သီးမွေးညင်းထသွားစေသည်။

'နတ်ဆိုးသားရဲပဲ'

ထိုစကားလုံးက လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာသည်။

“လှည့်စားနေတာပဲ!”

ဝတ်ရုံဖြူဝတ်လူငယ်က အော်ဟစ်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးရှိနတ်စွမ်းအားများမှာ ဆူပွက်လာပြီး ကောင်းကင်ကို ခွဲထွက်ကာ အရာအားလုံးကို ဖယ်ရှားပစ်မည့် ဧရာမ ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ထိုဓားကြီးမှာ ဧရာမပုံရိပ်ကြီးဆီသို့ တည့်တည့်မတ်မတ် ပိုင်းချလိုက်လေတော့၏။

All Chapters