အခန်း (၁၅၇၃-၁၅၇၅)
Vol. 105 Ch. 1573-1575
အခန်း (၁၅၇၃) ရွှေအမတေတဲ့လား….ပုရွက်ဆိတ်သာသာပါ
ထိုဝတ်ရုံဖြူဝတ်လူငယ်သည် ဓားသိုင်းပညာရှင်တစ်ဦးဖြစ်ပြီး ယခုမှသာ သူ၏ စစ်မှန်သော စွမ်းရည်ကို ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်သည်။ အဖြူရောင်ဝတ်စုံဖြင့် သူသည် ပြိုင်ဘက်ကင်းသော ဓားသမားတစ်ဦးနှင့် တူလှသည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းများက ပေတစ်ရာခန့်အထိ ကောင်းကင်ယံသို့ မြင့်တက်သွားပြီး မျက်နှာနီနီဖြင့်လူ၏တိုက်ကွက်ထက် ဆယ်ဆမျှ ပိုမိုပြင်းထန်လှသည်။ မျက်နှာနီနီဖြင့်လူကဲ့သို့ ခြေလှမ်းတစ်ဝက်အမတေအဆင့်သာရှိသူနှင့် မတူဘဲ သူသည် စစ်မှန်သော ရွှေအမတေအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။ ဤတိုက်ကွက်မှာ လုံးဝကွဲပြားခြားနားသော စွမ်းအားမျိုးဖြစ်ပြီး တစ်နယ်မြေလုံးရှိ ကောင်းကင်စွမ်းအားများပင် ဤဓားချက်အောက်တွင် ဖိနှိပ်ခြင်း ခံလိုက်ရသည်။
ကျန်ရှိနေသောသူသုံးဦးမှာ ဝတ်ရုံဖြူဝတ်လူငယ်ကို တည်ငြိမ်သောအမူအရာဖြင့် ကြည့်နေကြသည်။ ရွှေအမတေအဆင့်ရှိသူတစ်ဦးသည် မိုးကြိုးခရမ်းဓားပိုင်နက်တစ်ခုလုံးကို ချေမှုန်းရန် လုံလောက်သည်ဟု မိမိတို့ဘာသာ ယုံကြည်ထားကြသည်။ တစ်ဦးတည်းဖြင့် တိုင်းပြည်တစ်ခုကို ဖျက်ဆီးနိုင်သည်ဆိုသည်မှာ မိမိတို့အတွက် ဒဏ္ဍာရီမဟုတ်ပေ။
သူသည် မိမိတို့အုပ်စုထဲတွင် အသန်မာဆုံးပညာရှင်ဖြစ်ပြီး ကျန်ရှိသူများကလည်း ခြေလှမ်းတစ်ဝက်အမတေများသာဖြစ်ကြသည်။ ဤအဆင့်အထိကျင့်ကြံထားသူများဖြစ်သဖြင့် ခြေလှမ်းတစ်ဝက်အမတေနှင့် ရွှေအမတေကြားရှိကွာဟချက်မှာ မည်မျှကြီးမားကြောင်း ကောင်းကောင်းနားလည်ကြသည်။ ဤတိုက်ကွက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။သို့သော် နောက်ဆက်တွဲဖြစ်ရပ်မှာ အားလုံးကို ပါးစပ်အဟောင်းသားဖြစ်သွားစေလေသည်။
ထိတ်လန့်ဖွယ်ရာကောင်းသောဓားချက်ကို ရင်ဆိုင်ရာတွင် ဧရာမပုံရိပ်ကြီးမှာ ကြည့်ပင်မကြည့်ဘဲ အမွေးအမျှင်များပါသော နောက်ထပ်လက်သည်းကြီးတစ်ဖက်ဖြင့်သာ ရိုက်ချလိုက်တော့သည်။
ဘုန်း….
ကြောက်မက်ဖွယ်ကောင်းသောဓားအလင်းတန်းမှာ လက်သည်းကြီးပေါ်သို့ ကျရောက်သွားသော်လည်း ၎င်းကို ထိုးဖောက်နိုင်ခြင်းမရှိခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဓားအလင်းတန်းတစ်ခုလုံးမှ ာအစိတ်စိတ်မွှာမွှာ ကွဲအက်သွားတော့သည်။ ထို့နောက် ဧရာမလက်သည်းကြီးမှာ ဝတ်ရုံဖြူဝတ်လူငယ်ကို ရိုက်ချလိုက်သည်။
အဖြူရောင်ဝတ်စုံနှင့်လူငယ်မှာ အော်ဟစ်ရင်း ပါးစပ်မှသွေးများအန်ထွက်လာတော့သည်။ သူ၏ တစ်ကိုယ်လုံးမှာ ကြွေလွင့်လာသောကြယ်တစ်လုံးအလား မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။ မြေပြင်တစ်ခုလုံးမှာပြိုကျတော့မည့်အလား တစ်ဖန် ပြင်းထန်စွာ တုန်ခါသွားပြန်သည်။
“အဲဒီအကောင်က ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနေရတာလဲ….”
အဖြူရောင်ဝတ်စုံနှင့်သူသည် နက်ရှိုင်းလှသောကျင်းကြီးထဲတွင် လဲလျောင်းရင်း ဧရာမပုံရိပ်ကြီးကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။ သူသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင်။ သူ၏ ကျင့်စဉ်အဆင့်အတန်းမျိုးနှင့် လက်ဝါးတစ်ချက်ရိုက်ရုံဖြင့် ဤမျှအပြင်းအထန်ဒဏ်ရာရသွားလိမ့်မည်ဟု လုံးဝစိတ်ကူးမယဉ်ရဲခဲ့ပေ။
ထိုအချိန်တွင်မှ မျက်နှာနီနီဖြင့်လူက အဘယ်ကြောင့်လက်ဝါးတစ်ချက်တည်းနှင့် အသတ်ခံလိုက်ရသည်ကို သဘောပေါက်သွားတော့သည်။ ထိုအတိုင်းအဆမရှိ ကြီးမားလှသောသားရဲဆိုးကြီးမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ဝတ်ရုံဖြူဝတ်လူသည် ကိုယ်ကို လှုပ်ရှားရန် ကြိုးစားသော်လည်း သူ၏ခန္ဓာကိုယ်အတွင်းရှိ အရိုးအတော်များများက အက်ကွဲပျက်စီးနေပြီဖြစ်သည်။ အနည်းငယ်မျှလှုပ်ရှားလိုက်ရုံဖြင့် တစ်ကိုယ်လုံးတွင် ပြောမပြနိုင်လောက်အောင် ပြင်းထန်သောနာကျင်မှုကို ခံစားနေရသည်။
ကျန်ရှိနေသော ဗလတောင့်တောင့်လူ၊ မျက်နှာဖျော့တော့သောသူနှင့်မိန်းကလေးတို့မှာလည်း လုံးဝ ဆွံ့အမှင်သက်နေကြရသည်။ ရွှေအမတေအဆင့်ရှိသူကိုပင် လက်ဝါးတစ်ချက်ဖြင့် ဒုက္ခိတဖြစ်အောင် လုပ်နိုင်သည့်ဤအရာမှာ မည်သို့သော ကြောက်မက်ဖွယ်သတ္တဝါကြီးဖြစ်ပါသနည်း။
ကျန်ရှိသူအနည်းငယ်မှာ ကြက်သီးမွေးညင်းများ ထလာကြသည်။ သူတို့သည် ထိုကြောက်မက်ဖွယ်သားရဲကြီး၏ ပစ်မှတ်ထားခံနေရသဖြင့် လှုပ်ပင်မလှုပ်ရဲကြတော့ပေ။
“မိုးကြိုးခရမ်းဓားပိုင်နက်ထဲမှာ ဒီလောက် ကြောက်စရာကောင်းတဲ့တည်ရှိမှုမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ?”
အတွေးပေါင်းများစွာက ၎င်းလူတစ်စု၏စိတ်ထဲ၌ နေရာယူလာလေသည်။
ကံကောင်းသည်မှာ ငြိမ်နေလိုက်ခြင်းပင်။ ဝိညာဉ်စွမ်းအားပိုးအိမ်အတွင်းရှိ ပုံရိပ်မှာလည်း မလှုပ်မယှက်ဘဲ သူတို့ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ အကယ်၍ သူတို့ အနည်းငယ်မျှလှုပ်ရှားလိုက်သည်နှင့် ချက်ချင်း တိုက်ခိုက်ခံရလိမ့်မည်ဟု ခံစားနေရသည်။
ယခုအချိန်တွင်မူ ထိုသားရဲကြီးကာကွယ်ပေးနေသူမှာ ဝိညာဉ်စွမ်းအားပိုးအိမ်အလယ်တည့်တည့်မှ လူဖြစ်ကြောင်း နားလည်သွားကြပြီဖြစ်သည်။ သူတို့၏လုပ်ရပ်မှာ ထိုသူကို ရန်စသကဲ့သို့ ဖြစ်သွားသောကြောင့်သာ တစ်ယောက်မှာ အသတ်ခံရပြီး နောက်တစ်ယောက်မှာ အပြင်းအထန်ဒဏ်ရာရသွားခြင်း ဖြစ်သည်။
ထိုသားရဲကြီး၏ ခွန်အားမှာ စိတ်ကူးမယဉ်နိုင်လောက်အောင်ပင်။ ထို့အတူပင် ဤကဲ့သို့သောသားရဲကြီးကို အောင်နိုင်အောင် ထိန်းချုပ်ထားနိုင်သည့် ဝိညာဉ်စွမ်းအားပိုးအိမ်ထဲမှလူ၏ခွန်အားမှာလည်း မည်မျှအထိ ရှိမည်နည်းဆိုသည်မှာ ခန့်မှန်းရခက်လှသည်။
ထိုအခိုက်အတန့်တွင် မျက်နှာဖျော့တော့သောသူသည် သွားကိုကြိတ်၍ ဝိညာဉ်စွမ်းအားပိုးအိမ်အတွင်းရှိလူကို ဦးညွှတ်လိုက်ပြီး တောင်းပန်စကားဆိုလိုက်သည်။
“လူကြီးမင်း ဒီနေရာမှာ တိတ်တဆိတ် ကျင့်ကြံနေမှန်း ကျွန်တော်တို့ မသိခဲ့ပါဘူး။ နှောင့်ယှက်မိတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်ခင်ဗျာ။”
မျက်နှာဖျော့တော့သောသူာ အတော်လေး အိန္ဒြေပျက်နေသည်။ သူတို့အနေဖြင့် ဤနယ်မြေမှ ဒေသခံများကို ဦးညွှတ်ရလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးသောကြောင့် ဤသည်မှာ သူတို့အတွက် ကြီးမားသော အရှက်ရမှုပင်။
သို့သော် လက်တွေ့ဘဝက သူ့ကို ခေါင်းငုံ့ရန် ဖိအားပေးနေသည်။ အကယ်၍ တစ်ဖက်လူက သူတို့ကို သတ်ချင်သည်ဆိုပါက အားစိုက်နေစရာပင်မလိုဘဲ အလွယ်တကူလုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။
ယခုအခါ ထိုသူများသည် ငိုချင်စိတ်ပင် ပေါက်နေကြပြီဖြစ်သည်။ ဤအခြေအနေမှာ သူတို့ ကြိုတင်သဘောတူထားကြသည့်အစီအစဉ်နှင့် လုံးဝကို ကွဲလွဲနေသည်။ သူတို့ရရှိထားသောသတင်းများအရ မိုးကြိုးခရမ်းဓားပိုင်နက်သည် သိုင်းပညာကျင့်ကြံခြင်းလမ်းစဉ်၏နိဂုံးသာဖြစ်ပြီး ဒေသခံ မိုးကြိုးခရမ်းဓားမျိုးနွယ်များထဲတွင် ထူးချွန်သောသိုင်းပညာရှင် ရှိမနေသင့်ပေ။ ရွှေအမတေပုံစံအဆင့်ရှိသူကိုပင် နယ်မြေစိုးမိုးသူ သို့မဟုတ် နိုင်ငံတော်စောင့်ရှောက်သူဟု သတ်မှတ်ထားခြင်းဖြစ်သည်။
သူတို့အတွက်မူ ထိုအချက်မှာ ဟာသတစ်ခုမျှသာ ဖြစ်သော်လည်း၊ ထိုသို့ အားနည်းသည်ဟု ယူဆထားခြင်းကြောင့်ပင် သူတို့သည် ဤလောကထဲသို့ ရဲရဲဝံ့ဝံ့ လှည့်လည်လာခဲ့ကြခြင်းဖြစ်သည်။ သို့သော် ဝင်ဝင်ချင်းမှာပင် အလွန်ကြောက်မက်ဖွယ်ကောင်းသေတည်ရှိမှုတစ်ခုနှင့် ထိပ်တိုက်တိုးလိမ့်မည်ဟု ဘယ်သူက ထင်မှာလဲ?
ထိုသားရဲဆိုးကြီးမှာ မည်သည့်နတ်ဘုရားအတတ်ပညာကိုမျှ မသုံးဘဲ သာမန်လက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့်ပင် သူတို့ကို သတ်ဖြတ်နိုင်စွမ်းရှိသည်။ ထိုကဲ့သို့သောအခြေအနေမျိုးတွင် သူတို့အနေဖြင့် ခေါင်းငုံ့ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအားများမှာ အနည်းငယ် ပျံ့လွင့်သွားပြီးနောက် တောင်ငယ်တစ်လုံးအလား ကြီးမားသောနတ်ဆိုးကြီးမှာ အဘယ်အရာဖြစ်ကြောင်း သူတို့ အထင်အရှား မြင်လိုက်ရသည်။
“ဟုတ်….. ဒါက ဟုတ်သားရဲကြီးပဲ!”
မိန်းကလေးငယ်သည် ထိုနတ်ဆိုးကြီးကို မြင်လိုက်ရသောအခါ ထိတ်လန့်လွန်းသဖြင့် မေ့လဲလုနီးပါး ဖြစ်သွားသည်။ သူမသည် အစဉ်အလာကြီးမားသောဂိုဏ်းကြီးတစ်ခုမှလာသူဖြစ်ရာ ရှေးဟောင်းလျှို့ဝှက်ချက်များကို အခြားသူများထက် ပိုမိုသိရှိထားသည်။
ရှေးဟောင်းကာလသားရဲဆိုးများက နေရာအနှံ့ရှိခဲ့စဉ်ကပင် ဟုတ်များမှာ အစာကွင်းဆက်၏ ထိပ်ဆုံး၌ရှိသော ကြောက်မက်ဖွယ်သတ္တဝါများ ဖြစ်ကြသည်။ သို့သော် ရှေးဟောင်းခေတ်ကုန်ဆုံးပြီးနောက် ကမ္ဘာကြီးမှာ ပြောင်းလဲသွားခဲ့သည်။ ထိုစဉ်က ကမ္ဘာကို စိုးမိုးခဲ့သည့်သားရဲကြီးများသည် သူတို့ရှင်သန်ရန် အကောင်းဆုံး ပတ်ဝန်းကျင်ကို ဆုံးရှုံးခဲ့ရပြီး ရှေးဟောင်းမှတ်တမ်းများထဲတွင်သာ ကျန်ရစ်သောတည်ရှိမှုများ ဖြစ်လာခဲ့သည်။
ထိုသားရဲကြီးများသည် တစ်ချိန်က လောကကို ကမောက်ကမ ဖြစ်စေခဲ့ဖူးသည်။ ၎င်းတို့ထဲမှ တစ်ကောင်တည်းနှင့်ပင် ကမ္ဘာလောကကြီးကို ငရဲခန်းအဖြစ် ပြောင်းလဲပစ်နိုင်စွမ်းရှိသည်။ အချို့သော မီးဓာတ်ပိုင်ဆိုင်သည့် ဟုတ်များသည် မိုင်တစ်ထောင်အတွင်းရှိမြေပြင်ကိုပင် ခြောက်သွေ့ဖုန်းဆိုးမြေ ဖြစ်သွားစေနိုင်ကာ ၎င်းတို့ကို ဟန်ပါးဟု ခေါ်ဝေါ်ကြသည်။
ဤအရာမှာ အလွန်တရာကြောက်မက်ဖွယ်ကောင်းသောသားရဲဖြစ်သည်။ ရှေးဟောင်းကာလမှ လာသည်ဟု ထင်မှတ်ရသောထိုသားရဲကြီး၏အကြည့်များကြောင့် သူမ၏ကြက်သီးမွေးညင်းများ ထလာကာ ကျောပြင်တစ်ခုလုံးတွင်လည်း ချွေးစေးများ ထွက်လာခဲ့သည်။
ကျန်ရှိသောသူနှစ်ဦးမှာလည်း ဆွံ့အမှင်သက်နေကြရသည်။ သူတို့သည် ဟုတ်သားရဲ မည်မျှကြောက်စရာကောင်းကြောင်း ပြန်လည်သတိရသွားကြသည်။ ဤပုံရိပ်ကြီးမှာ နှစ်ပေါင်းများစွာကြာအောင် တိတ်တဆိတ် ကျင့်ကြံနေသည့်နတ်ဆိုးအိုကြီးတစ်ကောင် ဖြစ်နိုင်သည်ဟု အားလုံးက သံသယဝင်နေကြသည်။
သူတို့ ပိုစဉ်းစားလေလေ ဖြစ်နိုင်ခြေပိုရှိလေလေဟု ခံစားလာရသည်။ သူတို့အမြင်တွင် မိုးကြိုးခရမ်းဓားက သိုင်းလောက၏ နိဂုံးဟု ထင်ရသော်လည်း၊ ဟုတ်များမှာ တစ်ချိန်က နယ်မြေတစ်ခုလုံးကို စိုးမိုးခဲ့ဖူးရာ ဤကဲ့သို့သောအခြေခံအုတ်မြစ် ရှိနေခြင်းမှာ မဆန်းပေ။
“ခြေလှမ်းတစ်ဝက်အမတေတွေနဲ့ ရွှေအမတေတစ်ယောက်လား။ စိတ်ဝင်စားစရာပဲ။”
ဝိညာဉ်စွမ်းအားပိုးအိမ်အတွင်းမှ အေးစက်သောအသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် လူရိပ်တစ်ခုမှာ လူတိုင်း၏ရှေ့တွင် ဖြည်းဖြည်းချင်းပေါ်လာပြီး ဝိညာဉ်စွမ်းအားပိုးအိမ်မှာလည်း တစတစ ပြိုကွဲသွားတော့သည်။ ထိုအချိန်တွင်မှ သူတို့ရှေ့၌ရှိနေသူမှာ အနက်ရောင်ဝတ်စုံနှင့်လူငယ်တစ်ဦးဖြစ်ကြောင်း လူတိုင်း မြင်လိုက်ရသည်။
အားလုံးလုံးဝဆွံ့အသွားကြရသည်။ အကြောင်းရင်းမှာ ထိုသူသည် အသက်နှစ်ဆယ်ခန့်သာ ရှိပုံရသည့်လူငယ်တစ်ဦးဖြစ်နေပြီး မိမိတို့ခန့်မှန်းထားသကဲ့သို့ တောထွက်ကျင့်ကြံနေသောနတ်ဆိုးအိုကြီး မဟုတ်နေသောကြောင့်ပင်ဖြစ်လေ၏။
အခန်း (၁၅၇၄) ထိန်လန့်တုန်လှုပ်နေသောအပြင်လူတစ်စု
ဤအနက်ရောင်ဝတ်စုံနှင့်လူငယ်က အလွန်ပင်ငယ်ရွယ်လွန်းလှသည်။
သူ၏ရုပ်ရည်သွင်ပြင်က လူများကို လှည့်စားနိုင်သော်လည်း အရှိန်အဝါကမူ လိမ်ညာ၍မရနိုင်ပေ။ ကျင့်ကြံသူများအတွက် ရုပ်ပိုင်းဆိုင်ရာမှာ ပြောင်းလဲနိုင်သော်လည်း အရှိန်အဝါ၏သက်တမ်းမှာ အမှန်တရားကို ဖော်ပြနေမြဲဖြစ်သည်။
ချူးယွင်ဖန်း၏အရှိန်အဝါမှာ အလွန်ပင် ငယ်ရွယ်လွန်းနေသည်။
တစ်နည်းအားဖြင့်ဆိုသော် ဤဒေသခံလူငယ်သည် သူတို့နှင့် သက်တူရွယ်တူ သို့မဟုတ် သူတို့ထက်ပင် ငယ်ရွယ်နိုင်သေးသည်။ သို့သော် သူ၏ကျင့်ကြံစဉ်အဆင့်မှာမူ ကြောက်မက်ဖွယ်ကောင်းလှသည်။ ပြင်ပကမ္ဘာတွင်ပင် ဤကဲ့သို့သောအရည်အချင်းမျိုးမှာ နာမည်ကျော်ကြားရန် လုံလောက်လှပေသည်။
ဖရိုဖရဲခေတ်ကာလဟု သတ်မှတ်ထားသော မိုးကြိုးခရမ်းဓားပိုင်နက်ကဲ့သို့နေရာမျိုးတွင် ဤမျှ ကြောက်စရာကောင်းသော တည်ရှိမှုမျိုး မည်သို့ ပေါ်ထွက်လာနိုင်ပါသနည်း။ "ရေတိမ်တွင် နဂါးမမွေးနိုင်" ဆိုသည်မှာ မပြောင်းလဲသောအခြေခံသဘောတရား ဖြစ်သင့်သည်မဟုတ်ပါလား။
သို့သော် သူတို့ရှေ့မှလူငယ်ကမူ ထိုစည်းမျဉ်းအားလုံးကို ရိုက်ချိုးဖျက်ဆီးလိုက်ပြီဖြစ်သည်။
ချူးယွင်ဖန်းသည် သူ၏ရှေ့မှလူငယ်ပညာရှင်များကို ကြည့်ကာ စိတ်လှုပ်ရှားသောအမူအရာ အနည်းငယ် ပေါ်လာသည်။ ဤသူများသည် သူ့အတွက် အန္တရာယ်မရှိနိုင်သော်လည်း ချူးယွင်ဖန်းကို အံ့အားသင့်စေရန်မူ လုံလောက်သည်။ ဤလောကတွင် သူသည် ရွှေအမတေအဆင့်ရှိသူ နှစ်ဦးကိုသာ တွေ့ဖူးခဲ့သည်။ တစ်ဦးမှာ အနောက်ပိုင်းနတ်ဆိုးပြည်၏ခေါင်းဆောင်ဖြစ်ပြီး နောက်တစ်ဦးမှာ မဟာဘိုးဘေးနတ်ဆိုးကြီးဖြစ်သည်။ သို့သော် ထိုနှစ်ဦးစလုံးမှာ သူ၏လက်ချက်ဖြင့် သေဆုံးခဲ့ရပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ဤလောကတွင် သူ့ကို ယှဉ်နိုင်သူ မရှိတော့ဟု ခံစားနေရခြင်းဖြစ်သည်။
နတ်ဆိုးသူပုန်များကို နှိမ်နင်းပြီးနောက် တစ်နှစ်တာ အချိန်ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ လွန်ခဲ့သော တစ်နှစ်အတွင်း တဝေအင်ပါယာ၏နယ်မြေမှာ ဆက်တိုက် ကျယ်ပြန့်လာခဲ့ပြီး နိုင်ငံတော်၏ အာဏာစက်မှာလည်း မွန်းတည့်နေမင်းကဲ့သို့ တောက်ပနေခဲ့သည်။ အဓိက ဂိုဏ်းဂဏအားလုံးမှာ လက်နက်ချ အညံခံခဲ့ကြပြီး တချီနိုင်ငံသည်လည်း တဝေကို မယှဉ်နိုင်တော့ပေ။ ယခုအခါ တဝေမှာ အင်အားအကောင်းဆုံး နိုင်ငံဖြစ်လာခဲ့သည်။ တဝေ၏ နောက်ကွယ်တွင် ချူးယွင်ဖန်းရှိနေသည်ကို တစ်ပြည်လုံးက သိထားကြသည်။ သူရှိနေသရွေ့ တဝေ၏အရှိန်အဝါမှာ ပျောက်ကွယ်သွားမည်မဟုတ်ပေ။
သို့သော် လွန်ခဲ့သောခြောက်လအတွင်း ချူးယွင်ဖန်းသည် လူအများရှေ့သို့ ထွက်မလာခဲ့ပေ။ လွန်ခဲ့သော ခြောက်လခန့်က ဝေ့ဝူကျီသည် မြောက်ဘက်ကန္တာရ၏ အနက်ရှိုင်းဆုံးနေရာတွင် မိုးကြိုးခရမ်းဓားဂိုဏ်း Sect၏ ရှေးဟောင်းအမွေအနှစ်တစ်ခုရှိနေကြောင်း သတင်းပို့လာခဲ့သည်။
ဤနေရာမှာ ယခင်က မိုးကြိုးခရမ်းဓား၏ဂိုဏ်းချုပ်များသာ ဝင်ရောက်ခွင့်ရှိသော နေရာဖြစ်ပြီး ပတ်ဝန်းကျင်ရှိအစီအရင်၏လုပ်ဆောင်ချက်မှာ ဝိညာဉ်စွမ်းအားများကို စုပ်ယူကာ သန့်စင်ပေးရန်ဖြစ်သည်။ သာမန် ဝိညာဉ်စွမ်းအားများမှာ ဝိညာဉ်ကျောက်တုံးများနှင့် နှိုင်းယှဉ်လျှင် မသန့်စင်ဘဲ အညစ်အကြေးများစွာပါဝင်နေတတ်သည်။ ၎င်းကို တိုက်ရိုက်စုပ်ယူပါက ထိရောက်မှု အလွန်နည်းပါးသည်။
ချူးယွင်ဖန်း၏လက်ရှိအဆင့်တွင် သူသည် ဝိညာဉ်စွမ်းအားကို တိုက်ရိုက်စုပ်ယူတော့မည်မဟုတ်ပေ။ အထူးသန့်စင်ထားသောပတ်ဝန်းကျင်မှစွမ်းအင်များသာ သူ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည်။ ပုံမှန်အားဖြင့် သူသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးများကိုသာ သုံးစွဲကျင့်ကြံသော်လည်း ဤအစီအရင်တွင်မူမတူပေ။ ၎င်းက ဝိညာဉ်စွမ်းအားကို တိုက်ရိုက်သန့်စင်ပေးနိုင်သည်။ ချူးယွင်ဖန်းကဲ့သို့သောပညာရှင်အတွက် ဤသန့်စင်ပြီးစွမ်းအင်မှာ အလွန်အသုံးဝင်လှသည်။
သန့်စင်ပြီးနောက် ဤနေရာမှ ဝိညာဉ်စွမ်းအားများမှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးများကို ကျော်လွန်ကာ အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံးများနှင့် တန်းတူဖြစ်သွားသည်။ အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံးများမှာ ရှာဖွေရ အလွန်ခက်ခဲလှသည်။ ဝေ့ဝူကျီက အချို့ကို ရှာဖွေပေးပို့ခဲ့သော်လည်း ချူးယွင်ဖန်းအတွက် လုံလောက်မှုမရှိခဲ့ပေ။
ရှေးဟောင်းမှတ်တမ်းများအရ ယခင်ခေတ်များတွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများ ပေါများခဲ့သော်လည်း အကုန်လုံး သုံးစွဲခြင်းခံခဲ့ရသည်။ ၎င်းတို့ ဖြစ်တည်လာရန် အခြေအနေမှာ အဆင့်နိမ့်ကျောက်တုံးများထက် များစွာ ခက်ခဲလှသည်။ ထို့ကြောင့်ပင် ချူးယွင်ဖန်းသည် ဝေ့ဝူကျီထံမှ သတင်းရရချင်း ဤနေရာသို့ အပြေးအလွှားလာခဲ့ခြင်းဖြစ်သည်။
ခြောက်လတာ ပြင်းပြင်းထန်ထန်ကျင့်ကြံပြီးနောက် ချူးယွင်ဖန်းသည် သူ၏ ရွှေအမတေပုံစံအဆင့်ကျင့်စဉ်ကို တည်ငြိမ်အောင် လုပ်နိုင်ခဲ့ရုံသာမက အလယ်အလတ်ရွှေအမတေပုံစံအဆင့်သို့ပါ တက်လှမ်းနိုင်ခဲ့သည်။ သူ၏ ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားပိုးအိမ်မှာလည်း ရေတွက်၍မရနိုင်သော ဝိညာဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ချူးယွင်ဖန်းတစ်ယောက် သက်ပြင်းချလိုက်မိသည်။ မိုးကြိုးခရမ်းဓားဂိုဏ်းက်စီးသွားပြီးနောက် ဤအစီအရင်က အချိန်အတော်ကြာ အလုပ်မလုပ်ဘဲ ရှိနေခဲ့သည်။ အဆုံးအစမဲ့သောတွင်းနက်ကြီးတစ်ခုကဲ့သို့ စွမ်းအင်လိုအပ်ချက်ကြီးမားသော ချူးယွင်ဖန်းအတွက် ဤနေရာမှ စွမ်းအင်မှာ မလုံလောက်သေးပေ။ ၎င်းက သူ့ကို အလယ်အလတ်ရွှေအမတေပုံစံအဆင့်သို့ ရောက်အောင်သာ မနည်း ကူညီပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ပြင်ပကမ္ဘာတွင်သာဆိုလျှင် ဤအခြေအနေမှာ အလွန်တရာ တုန်လှုပ်ဖွယ်ကောင်းပေလိမ့်မည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ ရွှေအမတေ အဆင့်ရှိသူ အတော်များများကို အဆင့်တက်စေရန် လုံလောက်သော်လည်း ချူးယွင်ဖန်း အတွက်မူ လိုအပ်ချက်ထက် များစွာ လျော့နည်းနေသေးသည်။
သို့သော်လည်း အဆင့်မြင့် ဝိညာဉ်စွမ်းအင်များ၏ အကျိုးကျေးဇူးမှာ ပြောနေစရာပင် မလိုတော့ပေ။ ချူးယွင်ဖန်း ၏ ခန္ဓာကိုယ်ကျင့်စဉ်မှာ မယုံနိုင်လောက်အောင် မြင့်မားသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ နောက်ထပ်အဆင့်တက်ရန် အလွန်ခက်ခဲလှသည်။ သို့သော် ဤအဆင့်မြင့်စွမ်းအင်များနှင့် ဆေးကြောသန့်စင်မှုကြောင့် သူသည် နောက်ထပ်ခြေလှမ်းတစ်လှမ်းကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ ၎င်းက သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို တစ်ဟုန်ထိုး မြင့်တက်သွားစေခဲ့သည်။ ယခုအခါ သူသည် အလယ်အလတ်ရွှေအမတေပုံစံအဆင့်တွင်သာ ရှိသေးသော်လည်း ကျင့်ကြံမှုစွမ်းအားအရဆိုလျှင် သာမန် အလယ်အလတ်ရွှေအမတေပညာရှင်များပင် သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။
ယခုရောက်လာသောလူသစ်များသည် သူ၏ ဟုတ်သားရဲကိုယ်ပွား၏တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။ အကယ်၍ ချူးယွင်ဖန်းကိုယ်တိုင်သာ တိုက်ခိုက်ခဲ့မည်ဆိုပါက သူတို့၏ရလဒ်မှာ ယခုထက် ပိုမိုဆိုးရွားပေလိမ့်မည်။ သာမန် ရွှေအမတေပညာရှင်များမှာ သူ့အတွက် ပြိုင်ဘက်မဟုတ်ပေ။
ချူးယွင်ဖန်းသည် သူ၏ ပြာမီးတောက်ခန္ဓာကိုယ်ကို ဟုတ်သားရဲကြီး၏ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းထားခဲ့သည်။ တစ်နှစ်ကျော်ကြာပြီးနောက်တွင်မူ သူသည် ထိုခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားနိုင်လာပြီဖြစ်သည်။ သူ၏စိတ်ထဲတွင် ထူးချွန်ပြောင်မြောက်လှသော ပူးကပ်နည်းလမ်းကျင့်စဉ်များစွာရှိသော်လည်း ဤ ဟုတ်သားရဲကြီး၏စွမ်းအားမှာ ရွှေအမတေအဆင့်ကို များစွာကျော်လွန်နေပြီး ခန့်မှန်းရခက်လှသည်။ ထို့ကြောင့် ၎င်းကိုထိန်းချုပ်ရန် ချူးယွင်ဖန်းအတွက် မည်မျှခက်ခဲမည်ကို ခန့်မှန်းကြည့်နိုင်သည်။ ဟုတ်သားရဲကြီးမှာ အလွန်အစွမ်းထက်ပြီး ၎င်း၏ခန္ဓာကိုယ်မှာလည်း မည်သည့်လက်နက်နှင့်မျှ ဖျက်ဆီး၍မရနိုင်ပေ။ ထိုခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိသော ချူးယွင်ဖန်းသည် ရွှေအမတေများကို အလွယ်တကူ ဒဏ်ရာရစေနိုင်ပြီး ခြေလှမ်းတစ်ဝက်ရွှေအမတေများကိုမူ လက်ဖျားနှင့်ခါရုံဖြင့်သတ်ဖြတ်နိုင်စွမ်းရှိသည်။
ကျန်ရှိနေသောသူများသည် ချူးယွင်ဖန်းကို ကြည့်နေကြသည်။ သူ ဘာတွေးနေသည်ကို သူတို့ မသိကြပေ။ သူတို့ခံစားနေရသည်မှာ ချူးယွင်ဖန်း၏အကြည့်အောက်တွင် ဖိအားများ ပိုမိုမြင့်တက်လာခြင်းပင်။ ကြောက်မက်ဖွယ်ကောင်းသောတည်ရှိမှုကြီးတစ်ခု၏ စိုက်ကြည့်ခြင်းကို ခံနေရသကဲ့သို့ သူတို့ ခံစားနေရသည်။ သူတို့၏ဂိုဏ်းမှအကြီးအကဲများက ဤကဲ့သို့ စိုက်ကြည့်လျှင်ပင် သူတို့ ဤမျှအထိ ထိတ်လန့်လိမ့်မည်မဟုတ်ပေ။
ချူးယွင်ဖန်းသည် ဧရာမဟုတ်သားရဲကြီး၏ ဦးခေါင်းပေါ်တွင် မတ်တပ်ရပ်ကာ လက်ပိုက်လျသားဖြင့် ပိုက်လျက် သူတို့ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်လေသည်။
“မင်းတို့ ဘယ်သူတွေလဲဆိုတာ ပြောစမ်း။ မင်းတို့ရဲ့ ခွန်အားအရကြည့်ရင် ဒီနယ်မြေက လူတွေနဲ့ မတူဘူး။”
ယခုနှစ်၏ပထမနှစ်ဝက်အတွင်း ချူးယွင်ဖန်းသည် လောက၏အစွန်အဖျားများအထိ ခရီးလှည့်လည်ခဲ့သော်လည်း မည်သည့် ဝှက်ဖုံးနေသောဂိုဏ်းကြီးများကိုမျှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့်လည်း ဤနေရာတွင် အခြားအစွမ်းထက်သောဂိုဏ်းများမရှိကြောင်း သူ ယုံကြည်နေခြင်းဖြစ်သည်။ ယခုကဲ့သို့ ငယ်ရွယ်သော ခြေလှမ်းတစ်ဝက်ရွှေအမတေများစွာနှင့် ရွှေအမတေတစ်ဦးပါ ပေါ်လာခြင်းကြောင့် ဤလူများသည် ဤဒေသမှမဟုတ်ကြောင်း သဘောပေါက်လိုက်သည်။
“လူကြီးမင်း ပြောတာမှန်ပါတယ်။ ကျွန်တော်တို့က မိုးကြိုးခရမ်းဓားပိုင်နက်က မဟုတ်ပါဘူး။”
မျက်နှာဖြူဖျော့ဖျော့နှင့်လူငယ်က ဖြေကြားလိုက်သည်။
သူသည် အံကြိတ်ထားလျက်သားပင်ဖြစ်၏။ ချူးယွင်ဖန်းမှာ နတ်ဆိုးတစ်ကောင် သို့မဟုတ် အဘိုးကြီးတစ်ယောက်မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သော်လည်း ကျင့်ကြံခြင်းလမ်းစဉ်တွင် အထွတ်အထိပ်သို့အရင်ရောက်သူမှာ အကြီးအကဲပင်ဖြစ်သည်။ ယခုအခါ သူတို့၏အသက်မှာ ချူးယွင်ဖန်း၏လက်ထဲတွင် ရောက်နေပြီဖြစ်ရာ သူသည် မည်သည့် မိုက်မဲသောလုပ်ရပ်ကိုမျှ မလုပ်ရဲတော့ပေ။
'မိုးကြိုးခရမ်းဓားပိုင်နက် တဲ့လား…..'
ချူးယွင်ဖန်း တွေးလိုက်မိသည်။
'ပြင်ပကမ္ဘာကလူတွေက ဒီနေရာကို အဲဒီလိုခေါ်ကြတာကိုး။ ဒါက မိုးကြိုးခရမ်းဓား မျိုးနွယ်တွေနဲ့ ပတ်သက်နေတာဖြစ်ရမယ်။'
“မင်းတို့က ပြင်ပလောကက လာတာလား?”
ချူးယွင်ဖန်းက မေးလိုက်သည်။
“ဟုတ်ပါတယ်... ကျွန်တော်တို့က တရှအင်ပါယာက လာတာပါ။ လူကြီးမင်းရဲ့ နာမည်ကို သိခွင့်ရှိမလားခင်ဗျာ?”
မျက်နှာဖြူဖျော့ဖျော့နှင့်လူက ပြန်လည်ဖြေကြားလိုက်လေသည်။
အခန်း (၁၅၇၅) တရှအင်ပါယာ
“တရှအင်ပါယာတဲ့လား?”
ချူးယွင်ဖန်းအတွက်မူ မိမိ အမှန်တကယ်လိုအပ်သည်မှာ သတင်းအချက်အလက် မှတ်တမ်းများဖြစ်သည်။ ထိုမှတ်တမ်းအချို့တွင် မိုးကြိုးခရမ်းဓားမျိုးနွယ်စုနှင့် ပတ်သက်သည့်ကိုယ်ပိုင်မှတ်စုများ၊ သူတို့မြင်တွေ့ကြားသိခဲ့ရသည်များ စသည်တို့ပါဝင်သည်။ ၎င်းတို့သည် ဂိုဏ်း၏အဓိကလျှို့ဝှက်ကျင့်စဉ်များ မဟုတ်သဖြင့် ထိုသူများအနေဖြင့် ချူးယွင်ဖန်းကို ပေးအပ်လိုက်လျှင်ပင် သူတို့အတွက် ဆုံးရှုံးမှုမရှိနိုင်ပေ။
လူတိုင်းက ထိုသို့လုပ်ဆောင်ရန် လိုလိုလားလား ရှိနေကြသည်။
တစ်နှစ်တာအချိန်တိုအတွင်းမှာပင် ချူးယွင်ဖန်းသည် မိုးကြိုးခရမ်းဓားများအကြောင်းကို ယခင်ကထက် ပိုမိုနားလည်လာခဲ့သည်။ သူ၏သိရှိနားလည်မှုမှာ သာမန်လူတို့၏ စိတ်ကူးထက်ပင် ကျော်လွန်နေပြီဖြစ်သည်။ ရှေးဟောင်းမှတ်တမ်းများစွာအရ မိုးကြိုးခရမ်းဓားဂိုဏ်းသည် နယ်ချဲ့စစ်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး အင်အားအကြီးအကျယ်ဆုတ်ယုတ်သွားခြင်းကြောင့် ကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဆိုကြသည်။ ထိုစဉ်က သူတို့ စစ်တိုက်ခဲ့သည့်အင်အားစုမှာ မှတ်တမ်းများတွင် ဝေဝေဝါးဝါးသာ ဖော်ပြထားသော တရှအင်ပါယာပင် ဖြစ်လေသည်။
တရှနှင့်ပတ်သက်၍ ထိုမှတ်တမ်းများတွင် သတင်းအချက်အလက် အတိအကျမရှိပေ။ ထိုမှတ်တမ်းကိုရေးသားသူများသည်ပင် တရှဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း သေချာမသိကြဘဲ တရှသည် အလွန်တရာအစွမ်းထက်ကြောင်းသာသိရှိကြသည်။
မိုးကြိုးခရမ်းဓားများသည် တစ်လောကလုံးကိုစိုးမိုးခဲ့သူများ ဖြစ်သော်လည်း တရှ ကိုမူရှုံးနိမ့်ခဲ့ရသည်။ ဤအချက်ကိုကြည့်ခြင်းအားဖြင့် တရှသည် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်းသိမြင်နိုင်သည်။
ထို့ကြောင့် ဤလူများသည် တရှမှလာသူများဖြစ်ကြောင်း ကြားလိုက်ရသည့်အခါတွင် ချူးယွင်ဖန်း မျက်လုံးများမှာ တောက်ပသွားတော့သည်။ ဤနယ်မြေမှ ထွက်ခွာနိုင်မည့်မျှော်လင့်ချက်ကို မြင်လိုက်ရသကဲ့သို့ပင်။ ဤ တရှမှလူများဝင်လာနိုင်သည်ဆိုပါက ထွက်ခွာနိုင်မည့် နည်းလမ်းလည်း သေချာပေါက်ရှိရပေမည်။ ချူးယွင်ဖန်းအနေဖြင့် ထိုအခွင့်အရေးကို အသုံးချကာ ဤနေရာမှ ထွက်ခွာနိုင်ပေတော့မည်။
“ငါ့နာမည်လား? ငါ့နာမည်က ချူးယွင်ဖန်းပါ။”
ချူးယွင်ဖန်းက သူ၏အမည်ကို ဖုံးကွယ်ထားခြင်းမရှိဘဲ ဖြေကြားလိုက်သည်။
အားလုံး ဆွံ့အသွားကြသည်။ အသက် (၁၇) (၁၈)အရွယ်မိန်းကလေးငယ်မှာ အံ့သြတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
“ဘာ! ချူးယွင်ဖန်း ဟုတ်လား? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?”
သူတို့သည် မိုးကြိုးခရမ်းဓားပိုင်နက်ထဲသို့ရောက်ရှိနေသည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ အကယ်၍ လုံလောက်သောသတင်းအချက်အလက်အထောက်အထားများသာ မရှိပါက ဤကဲ့သို့ ဝေးလံခေါင်ဖျားသောနေရာကို ရှာတွေ့နိုင်မည်မဟုတ်ပေ။ ရောက်ရှိနေသည်မှာ အချိန်တိုတောင်းလှသော်လည်း ချူးယွင်ဖန်းနှင့် ပတ်သက်သည့်သတင်းအမျိုးမျိုးကိုတော့ ကြားသိထားပြီးဖြစ်သည်။
ဤလောကတွင် နားပါသောသူတိုင်းသည် ချူးယွင်ဖန်း၏တည်ရှိမှုကို ကြားဖူးကြမည်သာ ဖြစ်သည်။
လွန်ခဲ့သောတစ်နှစ်က ချူးယွင်ဖန်းသည် ကျင်ကျန်းဟန်၏ သန်းနှင့်ချီသောမြင်းစစ်သည်များကို ချေမှုန်းခဲ့ပြီး နတ်ဆိုးဘုရင်များကို နှိမ်နင်းခဲ့သည့်သူ၏လုပ်ဆောင်ချက်များမှာ တစ်လောကလုံးတွင် ကျော်ကြားနေပြီဖြစ်သည်။ အထူးသဖြင့် တဝေတော်ဝင်မိသားစုကလည်း ထိုသတင်းကို ပိုမိုကြီးကျယ်အောင် လုပ်ဆောင်ခဲ့သည်။ ဝေ့ဝူကျီသည် ချူးယွင်ဖန်းမှာ သူ၏အစစ်အမှန် ကျောထောက်နောက်ခံဖြစ်ကြောင်း ကောင်းစွာသိထားသည်။ ချူးယွင်ဖန်း၏ဂုဏ်သတင်း ပိုမိုကြီးကျယ်လေလေ၊ တဝေ၏အရှိန်အဝါက ပိုမိုမြင့်မားလေလေဖြစ်သည်။
ထို့ကြောင့် ဤပြင်ပလူများပင် ချူးယွင်ဖန်း၏အမည်ကို ကြားဖူးနေကြခြင်းဖြစ်သည်။ သို့သော် သူတို့က ချူးယွင်ဖန်းသည် မြင်းစစ်သည်ဆယ်သန်းကို တစ်ဦးတည်းချေမှုန်းခဲ့သည်ဟူသော ဇာတ်လမ်းကို စိတ်ကူးယဉ်ပုံပြင်ဟုသာ ယူဆထားကြသည်။ သန်းနှင့်ချီသောအထူးလေ့ကျင့်ထားသည့် မြင်းစစ်သည်များသည် သာမာန်မွေးရာပါအဆင့်များသာ ဖြစ်နေပါစေ၊ ထိုမျှ များပြားသေ စစ်တပ်၏ ခွန်အားမှာ သာမာန်အမတေအဆင့်များကို သတ်ဖြတ်ရန်လုံလောက်ပြီး ရွှေအမတေများကိုပင် အပြင်းအထန် ဒဏ်ရာရစေနိုင်စွမ်းရှိသည်။
ထိုမျှများပြားသောလူအုပ်ကြီးကို တစ်ကြိမ်တည်းနှင့်သတ်ဖြတ်ရန်မှာ မဖြစ်နိုင်ပေ။ အရေအတွက် များပြားလာပါက အရည်အသွေးပိုင်းပြောင်းလဲမှုကို ဖြစ်ပေါ်စေသဖြင့် အင်အားမှာ သံသယဖြစ်ဖွယ် မရှိပေ။ သို့သော် ကောလာဟလမျာအရ ချူးယွင်ဖန်းသည် မြင်းစစ်သည်ဆယ်သန်းကို တစ်ဦးတည်း ချေမှုန်းခဲ့ပြီး ကျင်ကျန်းဟန်စစ်တပ်မှ တစ်သန်းအောက်သာ လွတ်မြောက်သွားခဲ့သည်ဟု ဆိုကြသည်။
ဗဟုသုတကြွယ်ဝသောသူများအတွက်မူ ဤသည်မှာ ဒဏ္ဍာရီ သို့မဟုတ် တန်ခိုးပြခြင်းတစ်ခုမျှသာ ဖြစ်သည်။ ရွှေအမတေအဆင့်ကို ကျော်လွန်သောပညာရှင်တစ်ဦးပင်လျှင် ဤသို့မလုပ်နိုင်ပေ။ ထို့ကြောင့် သူတို့က ဒေသခံများ ကောလာဟလလွှင့်နေကြခြင်းဖြစ်ပြီး ဤသို့ ဖြစ်လာနိုင်စရာအကြောင်းမရှိဟု ယူဆခဲ့ကြသည်။ သူတို့၏စိတ်ထဲတွင် ချူးယွင်ဖန်းကို အထင်သေးခဲ့ကြပြီး သူ၏ လုပ်ဆောင်ချက်များကို သံသယဝင်ခဲ့ကြသည်။ သို့သော် ယခုမူ လူကိုယ်တိုင် တွေ့လိုက်ရသည့်အခါတွင်မူ ကြောက်ရွံ့အားနာစိတ်များဖြစ်ပေါ်လာရတော့သည်။ သူသည် မြင်းစစ်သည်ဆယ်သန်းကို တစ်ပြိုင်နက် မချေမှုန်းနိုင်ခဲ့ပါစေဦး၊ သူ၏ အစစ်အမှန် ခွန်အားမှာတော့ သံသယဖြစ်ဖွယ် မရှိပေ။ သူတို့အားလုံး စုပေါင်းတိုက်ခိုက်လျှင်ပင် တစ်ဖက်သူ၏လက်ချက်ကို အနည်းငယ်မျှ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ အထူးသဖြင့် တစ်ဖက်လူက ဟုတ်သားရဲကြီးကိုပင် အောင်နိုင်ထားသူမဟုတ်ပါလား။
ဤအချက်တစ်ချက်တည်းနှင့်ပင် အားလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြရပြီ ဖြစ်သည်။
အစပိုင်းတွင် သူတို့က ချူးယွင်ဖန်းကို ရေကန်ငယ်လေးထဲတွင် ခုန်ပေါက်နေသည့် ဒေသခံဖားတစ်ကောင်ဟု ထင်ခဲ့သော်လည်း၊ ယခုမှသာ သူတို့ကိုယ်တိုင်က ရေတွင်းထဲက ဖားများဖြစ်နေကြောင်း သဘောပေါက်သွားတော့သည်။
“လူကြီးမင်းက တကယ်ပဲ ချူးယွင်ဖန်းလား?”
မိန်းကလေးငယ်မှာ အံ့သြလွန်းသဖြင့် သူမ၏ ပါးစပ်ကို လက်ဖြင့်အုပ်လိုက်မိသည်။ သူမ၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများရောယှက်နေသကဲ့သို့ အံ့သြဝမ်းသာမှုများလည်း ရှိနေသည်။
အခြားသူများမှာလည်း တစ္ဆေတစ်ကောင်ကိုမြင်လိုက်ရသကဲ့သို့ အလွန်အမင်းတုန်လှုပ်နေကြသည်။ ယခုအချိန်တွင် သူတို့သည် ကြီးမားသောအမှားတစ်ခုကို ကျူးလွန်မိပြီဟုခံစားနေရသည်။ မိုးကြိုးခရမ်းဓားပိုင်နက်ကဲ့သို့ ရေကန်ငယ်လေးထဲမှ နတ်ဘုရားနဂါးတစ်ကောင် ပျံထွက်လာလိမ့်မည်ဟုမထင်မှတ်ထားခဲ့ကြပေ။
“မင်းတို့ ငါ့ကို သိနေတာလား?”
ချူးယွင်ဖန်းက ထိုလူများကို စိတ်ဝင်တစားကြည့်လိုက်သည်။
သူ၏အမြင်တွင် ဤလူများသည် ရိုးရှင်းသူများ မဟုတ်ပေ။ ပြင်ပလူတစ်စုက သူ၏အမည်ကို သိနေသည်ဆိုပါက သူတို့သည် မကောင်းသေ ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း ဖြစ်နိုင်သည်။
သူသည် မိမိကိုယ်မိမိ အမြဲတမ်း ယုံကြည်မှုရှိခဲ့သူဖြစ်သည်။ သူသည် မိမိ၏ ရွယ်တူများထဲတွင် ထိပ်တန်းတစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုကဲ့သို့သော နတ်ဆိုးအဆင့်လူငယ်နှင့် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ပို၍ဆိုးသည်မှာ ချူးယွင်ဖန်းသည် တရှမှပညာရှင်တစ်ဦး မဟုတ်ဘဲ မိုးကြိုးခရမ်းဓားပိုင်နက်မှဒေသခံတစ်ဦး ဖြစ်နေခြင်းပင်။ ဤအချက်က သူ၏ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေလေသည်။
“ကျွန်တော်တို့ ဒီကို ရောက်လာတာက မိုးကြိုးခရမ်းဓားရဲ့ မျိုးဆက်တစ်ယောက်ဆီကနေ သတင်းရလို့ပါ။ လူကြီးမင်း ဒီလောက်အထိ မြန်မြန်ဆန်ဆန် ရောက်နေမယ်လို့ ကျွန်တော်တို့ မထင်ထားခဲ့ပါဘူး။ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။”
မျက်နှာဖြူဖျော့ဖျော့နှင့်လူငယ်က အသည်းအသန်ပြောလိုက်သည်။
ချူးယွင်ဖန်း၏ရှေ့တွင် သူသည် အနည်းငယ်မျှခုခံလိုစိတ်ပင် မရှိတော့ပေ။ ချူးယွင်ဖန်းက သတိပြုမိသွားပြီး သူ့ကို လက်ဝါးနှင့်ရိုက်သတ်လိုက်မည်ကိုသာ စိုးရိမ်နေမိတော့သည်။
“မိုးကြိုးခရမ်းဓားမှာ မျိုးဆက်ကျန်သေးတယ်ဟုတ်လား?”
ချူးယွင်ဖန်းတစ်ယောက် အံ့သြသွားရသည်။ ဤအကြောင်းကို သိမထားပေ။
“ငါ အဲ့အကြောင်းကို ကြားမထားပါဘူး။“
“ဒါက ဖြစ်နိုင်ပါတယ်ခင်ဗျာ။ အဲဒီမျိုးဆက်က မိုးကြိုးခရမ်းဓားပိုင်နက်ထဲမှာ မဟုတ်ဘဲ တရှထဲမှာ ရှိနေတာပါ။ မိုးကြိုးခရမ်းဓားတွေ ပျက်စီးသွားပြီးနောက်ပိုင်း သူက တရှထဲကို ထွက်ပြေးသွားပြီး ခြေရာဖျောက်နေထိုင်ခဲ့တာလို့ ဆိုကြပါတယ်။ အဲ့မျိုးဆက်က လျှို့ဝှက်ချက်ကို ထုတ်ပြောလိုက်ပြီးနောက်မှာ ဂိုဏ်းအသီးသီးကစုပေါင်းပြီး မိုးကြိုးခရမ်းဓားပိုင်နက်ရဲ့ အတားအဆီးအစီအရင်ကို ဖွင့်ပေးခဲ့ကြတာကြောင့် ကျွန်တော်တို့ ဝင်လာနိုင်ခဲ့တာပါ။”
မျက်နှာဖြူဖျော့ဖျော့နှင့်လူငယ်က သေချာလေးရှင်းပြလိုက်လေ၏။