အခန်း (၃၁၀-၃၁၂)
Vol. 21 Ch. 310-312
အခန်း(၃၁၀) လေးခုမြောက် ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်း
လုကျိုးက သေရည်ဘူးသီးခြောက်သည် သာမန်ပစ္စည်း မဟုတ်ကြောင်း သိထား၍ မအံ့ဩသွားပေ။ သို့သော်လည်း အထူးသဖြင့် ဖန်ကျုံးနှင့် လူငယ်မျိုးဆက်မှ အခြားလူများအတွက် မျက်လုံးအပြူးသား ဖြစ်သွားကြသည်။
ထိုမတိုင်ခင် ဖန်လီထန်းက ကျင့်ကြံဆင့် ဆုံးရှုံးထားပြီး ချီစွမ်းအားကို မသုံးနိုင်ပေ။ ယခု သူက သေရည်ဘူးသီးခြောက်ကို အသုံးပြုနိုင်သည့်အခါ ပို၍ တက်ကြွလာဟန်ပေါ်၏။
“ မဟူရာတောအုပ်ထဲက ရတနာလား” ဟွားဝူတောက်က တအံ့တဩရေရွတ်လိုက်သည်။
“ ကျုပ် ကံကောင်းသွားလို့ပါ ”
လုကျိုးနှင့် လန်လော့တို့က ဖန်လီထန်း ထိုအကြောင်းပြောဖူးသည်ကို ကြားခဲ့ဖူးသည်။ သူတို့က ထိုသေရည်ခရားသည် မဟူရာတောအုပ်ထဲမှ ဖြစ်ကြောင်း သိထားကြ၏။ အဆင့်မြင့် မီးတောက်ဖြင့် လောင်မြိုက်ထားပြီး ဒီထူးဆန်းလက်နက်ကို ထုဆစ်ထားလေသည်။ အဆင့်က ကောင်းကင်အဆင့် လက်နက်အောက် နိမ့်ကျမည် မဟုတ်ပေ။
အားလုံး သိကြသည့်အတိုင်း သေမျိုးများ အသုံးပြုသည့် သာမန်လက်နက်များ ရှိကြလေသည်။ သူတို့ပစ္စည်းများက အကြမ်းထည်ဆန်ကာ အရည်အသွေးညံ့လှသည်။ ထို့နောက် အဆင့်လေးဆင့် ခွဲခြားထားသည်။
အဝါရောင်၊ ဆန်းကြယ်၊ မြေကမ္ဘာနှင့် ကောင်းကင်အဆင့်တို့ ဖြစ်ကြ၏။
မြေကမ္ဘာအဆင့်နှင့်အထက် လက်နက်များက ပိုင်ရှင်နှင့် ဆက်နွယ်မှု ဖွဲ့စည်းနိုင်သည်။ ဆက်နွယ်မှု အထွတ်အထိပ် ရောက်သွားသည့်အခါ လက်နက်၏ စွမ်းရည်အပြည့်အဝကို ထုတ်ဖော်နိုင်လာလိမ့်မည်။
ကောင်းကင်အဆင့် လက်နက်များ၏ သဘာဝက သိသာလှသည်။ လက်နက်က သင့်တော်သည့် ပိုင်ရှင် ဖြစ်ဖို့ လိုအပ်၏။ ဟွားဝူတောက်ဆီ ဓားမော့နှင့် ဓားကို ပေးလိုက်လျှင် အလကားဖြစ်သွားပေမည်. သူက ကာကွယ်ရေး အထူးပြုဖြစ်သောကြောင့် ဓားမော့နှင့် ဓားတို့က သူ့အား ဘာမှကူညီပေးနိုင်မည် မဟုတ်ပေ။ နောက်ထပ် နမူနာတစ်ခုမှာ လေးပစ်ကျွမ်းကျင်သည့် ဟွားယွဲ့ရှင်း ဖြစ်၏။ လေးနှင့် မြှားကလွဲ၍ သူမအတွက် တခြားဘယ်အရာမှ မသင့်တော်ပေ။
အသံနည်းစနစ်များကို အထူးပြုသူများအတွက် လေ တူရိယာ သို့မဟုတ် ကြိုးတပ် တူရိယာ လက်နက်များရှိလေသည်။ သို့သော်လည်း ထိုကျင့်ကြံနည်းများက ကျွမ်းကျင်ဖို့ အလွန်ခက်ခဲလှပြီး လူတချို့သာ စမ်းကျင့်ကြံကြည့်ကြသည်။
သို့သော်လည်း မည်သို့လက်နက်မဆို နှစ်များစွာ လေ့လာမှု၏ အသီအးပွင့်များကို ခံစားတတ်ကြရသည်။ သူတို့၏ အနေအထားနှင့် အသုံးဝင်ပုံများကို ဆုံးဖြတ်ချက်ဖို့ ပိုလွယ်လာသည်။
သေရည်ခရား၏ အသုံးဝင်ပုံက မသိသာပေ။ တစ်ယောက်ယောက် သေရည်ခရားကို လက်နက်အဖြစ် အသုံးပြုခြင်းမှာ ရှားလှသည်။
လန်လော့က မေးလိုက်သည် “လောင်ဖန် … ခင်ဗျားရဲ့ သေရည်ခရား အသုံးဝင်ပုံက ဘာလဲ”
ဖန်လီထန်းက လက်ကို ဖြန့်လိုက်သည့်အခါ သေရည်ခရားက သူ့လက်ထဲ ပြန်ရောက်လာသည် “အသုံးဝင်တာ အများကြီးရှိတာပေါ့။ တစ်ယောက်ယောက်ရဲ့ ခေါင်းကို ရိုက်လို့ ရသလို ခေါင်းအုံးအဖြစ် သုံးလို့လည်း ရတယ်။ ပြီးတော့ သေရည်လည်း သောက်လို့ရတယ် ”
သူက အလွန်ကျေနပ်နေပုံရသည် “ငါ့ကို အဲလိုမကြည့်နဲ့။ ငါ အမှန်အတိုင်း ပြောနေတာ”
လန်လော့၏ အတွေးများက မျက်နှာပေါ် အထင်းသားပေါ်ထွက်နေသည်။
ဘယ်သူက ခင်ဗျားစကားကို ယုံမှာလဲ … ခင်ဗျားက ရူးနေတဲ့ လူအိုကြီးပဲ
တလေးတစား ဖြစ်နေသည့် ဖန်ကျုံးက ဘေးမှ ဝင်ပြောလိုက်သည် “လောင်ဖန် မဆိုးဘူးပဲ။ ကျွန်တော်လည်း တစ်ရက်ကျ အဲလိုလက်နက်မျိုး လိုချင်တယ်”
“မင်းက ဒါကို လိုချင်တာလား”
“ ဘယ်သူမှ ကောင်းကင်အဆင့် လက်နက်ကို မငြင်းနိုင်ဘူးလေ။ အဲဒါ ကျွန်တော့်အိပ်မက်ပဲ။ ဒါပေမဲ့ ကောင်းကင်အဆင့် လက်နက်တွေက ရှားလွန်းတယ်” ဖန်ကျုံးက ငြီးငြူလိုက်သည်။
“ မင်း နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အဆင့် ရောက်ရင် ဒါကို လက်ဆောင်အဖြစ် ပေးမယ်ဆို မင်း ဘာပြောချင်လဲ” ဖန်လီထန်းက အပြုံးလေးနှင့် မေးလိုက်သည်။
“ဟမ်” သူတို့နှစ်ယောက်က ရင်းနှီးသော်လည်း ရှားပါးလက်နက်ကို လက်ဆောင်ပေးရလောက်အောင်အထိတော့ မဟုတ်ချေ။
စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦးပင် ကောင်းကင်အဆင့် လက်နက် မည်မျှအရေးပါကြောင်း သိထားရမည်။
သို့သော် ဖန်လီထန်းက ပြောလိုက်သည် “ မင်းက ကောင်းကင်အဆင့် လက်နက် ကောင်းကောင်းအသုံးပြုနိုင်ဖို့ဆိုရင် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အဆင့်ကို ရောက်ဖို့ လိုတယ်”
“ လောင်ဖန် ကျွန်တော်ကို လာနောက်မနေပါနဲ့ဗျာ။ ကျွန်တော် ခင်ဗျားရဲ့ လက်နက်ကို မယူဘူး” ဖန်ကျုံးက ပြောလိုက်သည်။
သူတိုနှစ်ယောက်၏ ဆက်ဆံရေးက တခြားလူနှင့် ကွဲပြားပေသည်။ အသက်ရွယ်ကြီးသူတို့က ဒါကို ပြောနိုင်သော်လည်း တိတ်တဆိတ်သာ နေနေကြသည်။
ထိုစဉ် ဟွားဝူတောက်က ဆက်သည်းမခံနိုင်တော့ပေ။ သူက လုကျိုးထံ ဦးညွှတ်လိုက်ပြီး “ မျှော်နန်းသခင် ကျုပ်ကို အလင်းပြပါဦး။ လျို့ဟယ်စည်းတံဆိပ်ရဲ့ ဆယ်ခုမြောက် သင်္ကေတက ဘယ်လိုဖွဲ့စည်းနိုင်သွားတာလဲ”
အမှန်အတိုင်းပြောပြပေးပါ …
လုကျိုးက မုတ်ဆိတ်သပ်လိုက်သည်။ သူက ဟန်ရေးပြဖို့ မလိုအပ်သရွေ့ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးလိုက်မည်။ တိုက်ဆိုင်ဆိုင်ဆိုင် သူက ဟန်ရေးပြရာမှာ ဉာဏ်အလင်းပွင့်ထားလေသည်။
“ တာအိုနည်းစနစ်တွေက သဘာဝကို အခြေခံထားပြီးတော့ မိုးမြေကနေ အစပြုလာတယ်။ ဒီလိုဆိုမှတော့ သဘာဝဆီ ပြန်သွားသင့်တယ်လေ ”
“အာ …” ဟွားဝူတောက်က လုကျိုး၏ စကားများကြောင့် စိတ်ရှုပ်သွားလေသည်။
လုကျိုးက သူ ကောင်းကောင်းရှင်းပြပြီးပြီဟု တွေးကာ မေးလိုက်သည်။
“ နားလည်ရဲ့လား”
ဟွားဝူတောက်က မျက်နှာပူလာမိသည်။ သူက ယွင်ဂိုဏ်း၏ ပါရမီရှင်တစ်ယောက် ဖြစ်ပေသည်။ အကယ်၍ သူ နားမလည်ကြောင်း ပြောလိုက်လျှင် အလွန်မျက်နှာပူစရာကောင်းလှသည်။ အဆုံးသတ်၌ သူက ခေါင်းညိတ်ပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် “ ကျုပ် နားလည်တယ်လို့ ထင်တာပါပဲ ”
“ ဒါကို ကောင်းကောင်းသုံးသပ်နိုင်ရင် အကျိုးမြတ်အများကြီး ရလာမှာပါ” လုကျိုးက လက်နောက်ပစ်လျက် မိစ္ဆာဝေဟင်မျှော်နန်းဘက် ဦးတည်လိုက်သည်။ သူက အတိတ်ဘဝတုန်းက အတွေးအခေါ်များကို ဒီလိုမျိုး အသုံးပြုလိုက်ရမည်ဟု မထင်ထားမိပေ။ သူက တချို့အခြေအနေများ၌ ကိုက်ညီသည့် ယေဘုယျကို ထုတ်ပြောလိုက်ခြင်းသာ ဖြစ်သည်။
သူ နားမလည်တာ ကောင်းတယ် .. အဲလိုဆို သူက နက်နဲပြီး အရမ်းမိုက်တယ် ထင်နေမှာပဲ
ထို့အပြင် သူက ဒီညွှန်ပြမှုများမှ ကုသိုလ်ရမှတ် ရရှိမည် မဟုတ်ပေ။ ထို့ကြောင့် သူ့တပည့် မဟုတ်သည့်လူများအား ညွှန်ပြပေးခြင်းက အသုံးမဝင်ကြောင်း ပြောနေသည်။ သူတို့က လူအိုကြီးများ ဖြစ်၏။ သူတို့က အနာဂတ် မဟုတ်သလို မျှော်လင့်ချက်လည်း မဟုတ်ပေ။ သူ့အင်အားကို ပြဿနာကောင် တပည့်များအပေါ် သုံးတာ ပိုကောင်းလိမ့်မည်။
“မျှော်နန်းသခင် ကောင်းကောင်းသွားပါ ”
အခြားလူများလည်း ဦးညွှတ်လိုက်ကြသည်။ သူတို့က လုကျိုး ထွက်သွားသည်ကို ကြည့်နေကြသည်။
………….
လုကျိုးက အရှေ့မျှော်နန်းဆီ ပြန်ရောက်လာသည်။ သူက လက်ရှိ ပိုင်ဆိုင်ထားသည့် နည်းစနစ်များအကြောင်း စဉ်းစားမိလိုက်၏။
ပထမ ကောင်းကင်ကျမ်းစွမ်းအားက နှုတ်ရေးစွမ်းအား ဖြစ်ပြီး အသံလှိုင်းနည်းစနစ် ဖြစ်ပေသည်။ ဒုတိယ ကောင်းကင်ကျမ်း စွမ်းအားက နှိုတ်ဆိတ်ခြင်းစွမ်းအား ဖြစ်၏။ ဤသည်က အပြာရောင်ကြာ ပွင့်လာသည့်နေရာ တိုက်ခိုက်ရေး နည်းစနစ်တစ်ခု ဖြစ်သည်။
တတိယ ကောင်းကင်ကျမ်းစွမ်းအားက အတိတ်ဘဝ စွမ်းအား ဖြစ်၏။ ထိုအရာက တခြားလူများဆီမှ နည်းစနစ်များကို ပုံတူပွားနိုင်ခွင့် ပေးထားသည်။
ထို့အပြင် ကောင်းကင်ကျမ်းကို လေ့လာဆင်ခြင်ခြင်းက စုန်းအတတ်၊ မန္တန်များ၊ ဗြဟ္မာတေးသံနှင့် ပုံရိပ်ယောင် သက်ရောက်မှုများကို ဖိနှိပ်ထားနိုင်သည်။
သူက ထိုကောင်းကင်ကျမ်းစွမ်းအားသည် ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းနှင့် ဆက်စပ်နေကြောင်း သေချာသိနေသည်။ တတိယနည်းစနစ် ရှိသောကြောင့် လေးခုမြောက် နည်းစနစ်လည်း ရှိလာလိမ့်မည်။
ဘယ်လိုဖြစ်ဖြစ် လေးခုမြောက် ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းက ဘယ်မှာလဲ …
လုကျိုးက ထိုအကြောင်း တွေးမိသွားသည့်အခါ စားပွဲဆီ လျှောက်လာပြီး ပုံကြမ်းကို ကြည့်လိုက်သည်။ ဓားသင်္ချိုင်းကို သေချာပြထားလေသည်။
“ထင်ထားတဲ့အတိုင်း ဒါက ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းတွေရဲ့ နေရာကို ပြပေးတာကိုး ”
လုကျိုးက ပုံကို သေချာပြန်ကြည့်လိုက်သည်။ အံ့ဖွယ်မြို့တော်နှင့် ဓားသင်္ချိုင်းမှလွဲ၍ အခြားအစိတ်အပိုင်းများက ဝေဝါးနေသေးသည်။ သူက လေးခုမြောက် ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းကို စောင့်ရပေမည်။
ပုံကြမ်းရှိနေလျှင် နောက်ထပ် ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းကို ရှာဖို စိုးရိမ်နေစရာ မလိုပေ။ ထိုအတွေးဖြင့် သူက ရှေးဟောင်းပုံကို ဆက်မလေ့လာတော့ပေ။ သူက လိုက်ကာနောက်သွားကာ တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်ကျမ်းကို ဆင်ခြင်လိုက်သည်။
……….
ထိုစဉ် သီးသန့်တဲအိမ်အတွင်း …
စီးဝူယာ့က ရုတ်ခြည်း အပြင်းအထန် ချောင်းဆိုးလိုက်သည်။ သို့သော်လည်း သွေးတော့ မပါပေ။
သူက အဝတ်များ သူ့အပေါ်ပိုင်းကို ထုတ်ဖော်လိုက်သည်။ ချုပ်နှောင်ရေးမန္တန် အရောင်က ဖျော့သွားလေပြီ။ သို့သော်လည်း သူ့ကျင့်ကြံဆင့်၌ အပြောင်းအလဲ မဖြစ်သေးပေ။
“ဒါက တကယ်ကြီး တာအိုမန္တန်လား”
စီးဝူယာ့က ထရပ်လိုက်သည်။ ယခု သူက ပိုနေကောင်းလာသည်။ သူက မန္တန်သည် သူ့ကျင့်ကြံဆင့်အား ဆက်လက်ထိန်းချုပ်ကန့်သတ်ထားလိမ့်မည်ဟု ခံစားချက်ရနေသည်။
ယဲ့ကျစ်ရှင်းက အနီးတွင် ပေါ်လာသည်။ သူက စီးဝူယာ့၏ အမူအရာကို မြင်လိုက်သည့်အခါ အလျှင်စလို ပြောလိုက်သည်။ “ ဂိုဏ်းချုပ် ဘာဖြစ်လို့လဲ ”
“ငါ အဆင်ပြေတယ် … ဘာတင်ပြစရာရှိလို့လဲ ” စီးဝူယာ့က လက်ဝေ့လျက် ပြောလိုက်သည်။
“ ရွှေနန်းဥယျာဉ်တောင်အနားက သတင်းပို့သူတွေ တင်ပြထားတာပါ။ တောင်အကာအရံ ပျောက်ကွယ်သွားပြီတဲ့” ယဲ့ကျစ်ရှင်းက ပြောလိုက်သည်။
စီးဝူယာ့က ထိုအကြောင်းကြားသည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည် “မိစ္ဆာဝေဟင်မျှော်နန်းမှာ ဘာတွေဖြစ်နေတာလဲ ”
“ ဂိုဏ်းချုပ် … လောင်ချန်းပေ့က ဓားသင်္ချိုုင်းကနေ ပြန်ရောက်လာခါစဆိုတော့ ကျွန်တော် လူတချို့ကို ဓားသင်္ချိုင်းဆီ လွှတ်လိုက်ပါသေးတယ်။ သူတို့က နတ်ဆိုးဓား မရှိတော့ဘူးဆိုပြီး အကြောင်းကြားလာပါတယ်” ယဲ့ကျစ်ရှင်းက ဆက်မပြောခင် ခဏရပ်လိုက်ပြီး “ နတ်ဆိုးဓားက အခု ကျန်းအိုက်ကျန့် လက်ထဲမှာပါ ”
စီးဝူယာ့က ပြောလိုက်သည် “ရှစ်စွင်းရဲ့စိတ်နေစိတ်ထားနဲ့ နတ်ဆိုးဓားကို အလွယ်လေး ပေးလိုက်မှာ မဟုတ်ဘူး။ ကြည့်ရတာ မိစ္ဆာဝေဟင်မျှော်နန်းကို နောက်ကွယ်ကနေ ကူညီပေးနေတာ ကျန်းအိုက်ကျန့် ဖြစ်နေပုံပဲ ”
“ ကျန်းအိုက်ကျန့်က ဓားရူးသုံးယောက်ထဲက တစ်ယောက်ပါ။ သူက ငကြောက်ဆိုတော့ ဘယ်လိုလုပ် သူ ဖြစ်နိုင်ပါ့မလဲ” ယဲ့ကျစ်ရှင်းက ထူးဆန်းသည်ဟု ထင်မိသည်။ သူ ပြောနေရင်း သူ့မျက်နှာအထက် ထူးထူးဆန်းဆန်း အမူအရာမျိုး ပေါ်လာသည်။ သူ့ဂိုဏ်းချုပ်က ကျန်းအိုက်ကျန့်အကြောင်း စုံစမ်းခိုင်းထားသော်လည်း ဘာမှရှာမတွေ့သေးပေ။
စီးဝူယာ့က ခေါင်းခါကာ “ သူက နန်းတော်အကြောင်း အကုန်သိတဲ့ တစ်ဦးတည်းသောသူပဲ”
“ သူလား ”
“ တတိယမင်းသား လျိုချန်း …”
…
အခန်း (၃၁၁) ယဲ့ထျန်းရှင်း၏လျှို့ဝှက်ချက်
ယဲ့ကျစ်ရှင်းက ထိတ်လန့်သွားသည်။
စီးဝူယာ့က အမြဲတမ်းသတိထားတတ်၏။ အချို့သော ကိစ္စရပ်များက သိသာနေလျှင်တောင် သူက အမြဲတမ်းသက်သေတောင်းဆိုသည်။ သို့သော်ငြား ဤကျန်းအိုက်ကျန့်နှင့်သက်ဆိုင်သည့်အရေး ကိစ္စကမူ မတူညီပေ။ ယခုချိန်၌ တိကျသောသက်သေမရှိလျှင် ကျန်းအိုက်ကျန့်သည် သူက တတိယမင်းသားဆိုတာ သေချာနေသည်။
“နန်းတော်ထဲက ရန်ငြိုးဟောင်းတွေထဲက တစ်ခုမှာ ဒုတိယမင်းသားက သူ့ကို ဆန့်ကျင်တဲ့ သူတွေကို ဖယ်ရှားဖို့အတွက် ကျင်းဟယ်နန်းဆောင်ကို မီးရှို့ခဲ့တာ ... အသက်ထောင်ချီက လောင်ကျွမ်း ကုန်တာ၊ ဒါပေမဲ့ လျှိုချန်းရဲ့အလောင်းကိုဘယ်နေရာမှာမှ ရှာမတွေ့ခဲ့ဘူး။ သူ အဲဒီတုန်းက လွတ်မြောက်သွားတာပဲဖြစ်ရမယ်။" စီးဝူယာ့ကလက်နောက်ပစ်ထားလျက် ပြောလိုက် သည်။
“သူက ပြာဖြစ်သွားတာပဲမလား” ယဲ့ကျစ်ရှင်းက တွေးဆလိုက်သည်။
စီးဝူယာ့က ဆိတ်ဆိတ်သာနေလေ၏။ ဖြစ်နိုင်သော်ငြား မဖြစ်တန်ပေ။
ကျင်းဟယ်နန်းတော်၏ လျှိုချန်းက ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ ဖြစ်ရပ်နောက်ကွယ်၌ ရုပ်သေးသခင်မရှိလျှင် ထိုကဲ့သို့ရလဒ်ဖြစ်လာမှာမဟုတ်ပေ။
“ဆက်စုံစမ်းထား”
“ဟုတ်ကဲ့” ယဲ့ကျစ်ရှင်းက အရိုအသေပေးလိုက်၏။ “ဂိုဏ်းချုပ် ... ပဉ္စမသခင်မလေးက နန်းတော်မှာ မယ်တော်ကြီးကို ပြုစုပေးနေပါသေးတယ်။ မိစ္ဆာဝေဟင်မျှော်နန်းကိုပြန်မလာသေးပါဘူး။ သူ့ကို မော့လီဆန့်ကျင်ကြည့်မှာကို ကျွန်တော်စိုးရိမ်မိတယ်”
“သူပြန်အောင်လို့ ဖျောင်းဖျဖို့ နည်းလမ်းတစ်ခု တွေးလိုက်”
“ဒါပေမဲ့ ...”
“မင်းစကားတွေကို ပေါ့တန်တန်မတွေးနဲ့” စီးဝူယာ့က မျက်မှောင်ကျုံ့လိုက်သည်။ အချက်အလက် ချို့တဲ့နေစဉ် သူ၏အကဲဖြတ်မှုက တိကျမှာမဟုတ်ပေ။
ယဲ့ကျစ်ရှင်းက အရိုအသေပေးကာပြောလိုက်တော့သည်။ စတုတ္ထမင်းသားလျှိုပင်းက နန်းတော်ကို ရွှင်မြူးစွာ ပြန်သွားပါတယ်။ ဒုတိယမင်းသားက ကြိုဆိုတဲ့အနေနဲ့ ရူပေ့မှာ အမဲလိုက်ဖို့ သူ့ကို ဖိတ်ထားတယ်။ မယ်တော်ကြီးနဲ့ ပဉ္စမသခင်မလေးက ရူပေ့ကိုသွားမှာ ကျွန်တော် စိုးရိမ်မိတယ်။ ဧကရာဇ်က မယ်တော်ကြီးအပြင်ထွက်ပြီးလေကောင်းလေသန့်ရှူခွင့် ပေးထားပါတယ်”
“ရူပေ့က နေရာကောင်းတစ်ခုပဲ” စီးဝူယာ့က ရူပေ့ရှိရာအရပ်မျက်နှာဆီသို့ ကြည့်လိုက်၏။ သူက ကောင်းကင်ထဲရှိနေမင်းကို ကြည့်လျက်ဆက်ပြောလိုက်သည်။
"ဒုတိယမင်းသားက ရည်မှန်းချက် ကြီးတယ် ... သူ့ရဲ့ဆန္ဒက အုပ်စိုးဖို့ပဲ။ လျှိုပင်းက သူ့ဆီမှာ စစ်ရေးအောင်မြင်မှုတွေရှိပြီး သူက ထောက်ပံ့သူအဖြစ် ဆောင်ရွက်နိုင်တာ ... ဒုတိယမင်းသားက သူ့ကိုသတိထားနေတာ သဘာဝကျတယ်”
ယဲ့ကျစ်ရှင်းက တိတ်ဆိတ်နေလေ၏။ စီးဝူယာ့က ပြောလိုက်တော့သည်။
“ပဉ္စမသခင်မလေးကလည်း တော်ဝင်မိသားစုဝင်တစ်ယောက်”
“ငါ စိုးရိမ်တာအဲ့တာပဲ ... အမဲလိုက်ပွဲက ဘယ်တော့လဲ”
“ဆောင်းဦးနဲ့ ဆောင်းအကူးမှာပါ ... အခုကနေ သုံးလကြာရင်”
စတုတ္ထမင်းသား၊ ဒုတိယမင်းသား၊ တတိယမင်းသားနှင့် မင်းသမီးတို့က ရုတ်တရက်ပေါ်လာလေ၏။ လူတိုင်းက သတိထားနေကြသည်။
ဆောင်းဦးနှင့်ဆောင်းကာလအကြောင်းကြားသောအခါ စီးဝူယာ့က ခံစားချက်အနည်းငယ်ပြည့်သွား သည်။ ဗြဟ္မာပင်လယ် ချီသွေးကြောရှစ်ကြောနှင့် အထက်တွင်ကျင့်ကြံသူတစ်ယောက်က သူတို့ ပတ်ဝန်းကျင်ရှိ အအေးဒဏ်နှင့် အပူဒဏ်ကို အန်တုနိုင်သလောက် ရှိ၏။ သူတို့က ရာသီအကူးအပြောင်းကို ဘာမှခံစားရမှာ မဟုတ်ပေ။ သို့သော် ယခုအချိန်၌ သူက ကျင့်ကြံဆင့်ဆုံးရှုံး သွားလေ၏။ နွေဦးကုန်ဆုံးသွားတော့မည်ဖြစ်ကာ သူသည် အပူချိန်ကျဆင်းမှုကို စတင်ခံစားနေရပြီ ဖြစ်၏။ စီးဝူယာ့က သက်ပြင်းချပြီး ပြောလိုက်တော့သည်။
“ကျန်းအိုက်ကျန့်က တကယ်ပဲတတိယမင်းသားဆိုရင် သူက ဝူရှစ်ကျဲကိုဂရုစိုက်နေမှာပဲ ... ဘေးကင်းဖို့အတွက် မဟူရာကွန်ယက်က ကူညီလိမ့်မယ်”
“နားလည်ပါပြီ” ယဲ့ကျစ်ရှင်းက လက်သီးဆုပ်မိုးလျက်အရိုသေပေးလိုက်၏။ သူက တလေးတစား နောက်သို့ဆုတ်သွားလိုက်သည်။
ထိုစဉ် နောက်ထပ် မီးခိုးရောင်ဝတ်ရုံကျင့်ကြံသူတစ်ယောက်ပျံသန်းလာ၏။
သူက ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်တော့သည်။
“ဂိုဏ်းချုပ် ... ဆဋ္ဌမသခင်မလေးက ဒီမှာပါ”
စီးဝူယာ့က ပျော်ရွှင်ကြည်နူးသွားပုံပေါ်၏။ သူက တဲအိမ်လေးထဲကနေ ထွက်လာလိုက်သည်။ အပြင်တွင်ရပ်ပြီး ဝင်ပေါက်ကို ကြည့်လိုက်တော့၏။ အဆောက်အဦးသည် တောင်တန်း၏ အတွင်းပိုင်း၌ တည်ရှိနေသောကြောင့် ဖြစ်ဟန်တူသည်။ ဝင်ပေါက်၌ မြူအလွှာပါးရှိနေပြီး သူ၏အမြင်အာရုံကို အနည်းငယ်ဝေဝါးစေသည်။
အဖြူရောင်အဝတ်စား၊ အဖြူရောင်ဆံနွယ်၊ အဖြူရောင်ဖိနပ်၊ အဖြူရောင်ဝတ်ရုံဖြင့် သူမက ကျောက်စိမ်းကဲ့သို့ဖြူသွယ်သောလက်တို့ဖြင့် အဖြူရောင်ထီးကို ကိုင်ဆောင်ထားလျက် လျှောက် လှမ်းလာသည်။ သူမ၏ ခြေလှမ်းတိုင်းက နှေးလည်းမနှေး၊ မြန်လည်းမမြန်ပေ။ သူမက မြူကို ဖြတ်လျက်ကွင်းပြင်ကို ဖြတ်ကျော်လာကာ အေးအေးလူလူလမ်းလျှောက်နေသည့်ပမာ ထင်မှတ် ရသည်။ နှင်းစက်နှင်းပေါက်များနှင့် အညစ်အကြေးများက သူမကိုမထိစေနိုင်ပုံရ၏။ ယင်းက စီးဝူယာ့၏ လျှို့ရှစ်ကျဲ ယဲ့ထျန်းရှင်းပဲဖြစ်သည်။ သူမသည် မိစ္ဆာဝေဟင်မျှော်နန်း၏ဆဋ္ဌမမြောက် တပည့်လည်းဖြစ်၏။
“စီးဝူယာ့က လျှိုရှစ်ကျဲကိုနှုတ်ဆက်ပါတယ်။" စီးဝူယာ့ကလက်သီးဆုပ်မိုးလိုက်သည်။
ယဲ့ထျန်းရှင်းက စီးဝူယာ့ကို ကြည့်လိုက်၏။ သူမက သူ့ကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်တော့၏။
“ချီရှစ်တီ ... မင်းရဲ့ကျင့်စဉ်က ဘာဖြစ်တာလဲ”
တလျှောက်လုံး၌ ယဲ့ထျန်းရှင်းသည် သူမ၏ဒဏ်ရာကို ကုသရန်နည်းလမ်းတစ်ခုရှာပြီး သူမ၏ ကျင့်ကြံဆင့်ကိုပြန်လည်တည်ဆောက်နေခဲ့၏၊ သူက မိစ္ဆာဝေဟင်မျှော်နန်းကိုသာ တိတ်တဆိတ်စောင့်ကြည့်ကာ ကျန်သည့်သူများကို အမှုမထားခဲ့ပေ။
စီးဝူယာ့က ကူကယ်ရာမဲ့စွာပြုံးလျက်ပြောလိုက်တော့သည်။ “ဒါက ကျွန်တော်တို့ရှစ်စွင်းရဲ့ ချုပ်နှောင်ခြင်း မန္တန်ကြောင့်ပဲ”
“ဟမ်” ယဲ့ထျန်းရှင်းက မျက်မှောင်အနည်းငယ်ကျုံ့သွားသည်။
“ဒါက နားလည်မှုလွဲတာပါ။ တာ့ရှစ်ရှိုးနဲ့ကျွန်တော်က ကျင့်မင်တာအိုဂိုဏ်းကိုဖျက်ဆီးချင်တယ် ဒါပေမဲ့ ရှစ်စွင်းဝင်စွက်ဖက်လိမ့်လို့မထင်ထားဘူး။ ကူကယ်ရာမဲ့ပြီး ကျွန်တော်လည်း ရှစ်စွင်းကို မျှားပေးရတော့တာပေါ့ ... ပြီးတော့ ကျွန်တော် ရှစ်စွင်းရဲ့မန္တန်နဲ့မတော်တဆထိခိုက်သွားတယ်”
ယဲ့ထျန်းရှင်း၏ မျက်နှာက မျက်နှာအသေအတိုင်းသာရှိနေသေး၏။ သူမက ချောမောခံ့ညားသည့် ပညာသင်သား စီးဝူယာ့ဆီကနေ အကြည့်လွှဲပြီးပြောလိုက်တော့သည်။
“မင်းရဲ့ အရည်အချင်းနဲ့ဆို မန္တန်ကို ဖြည်ဖို့က မခက်ခဲလောက်ဘူးလေ”
“လျှိုရှစ်ကျဲ မသိတာတစ်ခုရှိသေးတယ်။ ရှစ်စွင်းက အရံအတားရဲ့စွမ်းအားကို စုပ်ယူထားတာ။ သူ့ နည်းလမ်းက ထိတ်လန့်ဖို့ကောင်းတယ်။ အဇ္တျအကျော်အမော်ဂိုဏ်းက တာအိုပညာရှင်တယောက် ကတောင် ဒီမန္တန်ကိုမဖြေနိုင်ဘူး” စီးဝူယာ့က ကူကယ်ရာမဲ့လျက် ခေါင်းခါလိုက်တော့သည်။ ယဲ့ထျန်းရှင်က အနည်းငယ်မှင်တက်သွားလေ၏။ သူမရှစ်စွင်းနှင့် နောက်ဆုံးတစ်ခေါက် တွေ့သည့် အချိန်ကို မှတ်မိသေးသည်။ ကနဦးမိစ္ဆာစည်းဖြစ်စေ၊ အရံအတားစွမ်းအားကြောင့်ဖြစ်စေ ရှစ်စွင်း၏ ခြေထောက်အောက်၌ ပွင့်ချပ်ကိုးလွှာကို ကိုယ်တိုင်တွေ့ခဲ့ဖူး၏။
ငါ ထင်ယောင်ထင်မှား ဖြစ်တာလား။
စီးဝူယာ့က ယဲ့ထျန်းရှင်းအတွေးနစ်နေတာကို မြင်သောအခါခေါ်လိုက်သည်။
“လျှိုရှစ်ကျဲ”
ယဲ့ထျန်းရှင်းက သူမ၏ အတွေးများကို ရှင်းကာပြောလိုက်တော့သည်။
“ငါ အဆင်ပြေတယ်”
“ရှစ်ကျဲ ... မိစ္ဆာဝေဟင်မျှော်နန်းက ထွက်လာပြီဆိုတော့ ကျင့်စဉ် ပြန်ကောင်းလာပြီလား” စီးဝူယာ့က မေးလိုက်၏။
“ကောင်းသလောက်ပဲ” ယဲ့ထျန်းရှင်းက ထူးမခြားနားဖြေလိုက်သည်။
“အခု လျှိုရှစ်ကျဲရဲ့အစီအစဉ်က ဘာလဲ” စီးဝူယာ့ကမေးလိုက်တော့သည်။ သူက သာမန်ကာလျှံကာ မေးလိုက်သော်ငြား ယင်းက လေးလံသောမေးခွန်းတစ်ခုဖြစ်ပြီး သူမအဖြေကို စိတ်ဝင်တစား ရှိနေသည်။ ယဲ့ထျန်းရှင်းနှင့် မိစ္ဆာဝေဟင်မျှော်နန်းကြားဆက်ဆံရေးဘာဆိုတာ သိချင်၏။ အထူးသဖြင့် ကြွက်ငါးကောင်အဖြစ်အပျက်ပြီးနောက်ဖြစ်သည်။
ယဲ့ထျန်းရှင်းက ပြောလိုက်သည်။
“ငါက ရှိတောင် မရှိလောက်တဲ့တစ်စုံတစ်ခုကို ရှာနေတာ”
စီးဝူယာ့က ပြုံးကာပြောလိုက်တော့သည်။
“ဘာများရှာနေတာလဲ ... ရှစ်ကျဲ ကျွန်တော် ကူညီနိုင်လောက်မှာပါ”
“မင်းလား”
“အဟုတ်ပဲ ... မဟူရာကွန်ယက်ရဲ့သတင်းအချက်အလက်ကွန်ယက်က ကုန်းမြေတစ်ခုလုံးကို ဖြန့်ကျက်ထားတာလေ။ ကျွန်တော်မရနိုင်တဲ့ ပစ္စည်း မရှိဘူး” စီးဝူယာ့က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
ယဲ့ထျန်းရှင်းက သူမသည် မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်လာချိန်မှစပြီး တလျှောက်လုံး စီးဝူယာ့နှင့် ရင်းရင်းနှီးနှီး မဆက်သွယ်ခဲ့ပေ။ မဟူရာကွန်ယက်၏ သတင်းအချက်အလက် ကွန်ယက်အကြောင်း သူမ ကြားခဲ့ဖူးသည်။ နောက်ဆုံးတွင်သူမက အသံအတက်အကျမပါဘဲ ပြောလိုက်တော့၏။ “ငါ ရှာနေတဲ့ဟာက ချန်ဟွမ်းလို့ခေါ်တယ်”
“ချန်ဟွမ်းလား” စီးဝူယာ့က မျက်မှောင်ကျုံ့လိုက်သည်။
ယဲ့ထျန်းရှင်းက ခေါင်းခါလျက် ခါးသက်စွာပြုံးပြီး ပြောလိုက်တော့သည်။ “ထားလိုက်တော့ ... ငါဖာသာငါရှာလိုက်မယ် ... မင်း ဒုက္ခခံဖို့မလိုဘူး”
“ရှစ်ကျဲ ...” စီးဝူယာ့က ယဲ့ထျန်းရှင်းထွက်သွားတော့မှာကိုမြင်သောအခါ သူကအမြန်လျှောက်လာပြီး သူမကို တားလိုက်၏။ သူက လက်သီးဆုပ်မိုးလျက်ပြောလိုက်တော့သည်။
“ဒုက္ခရောက်စရာ မရှိပါဘူး”
“ဟမ်”
“ဖြူဖွေးတဲ့အသားအရေနဲ့ ဆံပင်ဖြူတွေရှိတဲ့ ပိုင်လူမျိုးတွေရဲ့တိုင်းပြည်က ယွီလုံရွာရဲ့ မြောက်ပိုင်းမှာပဲ၊ ချန်ဟွမ်းက သူ့ နောက်ကျောမှာ ဦးချိုရှိပြီး မြေခွေးနဲ့တူတယ် အဲဒါကို စီးနိုင်တဲ့သူက နှစ်ပေါင်းနှစ်ထောင်လောက် အသက်ရှင်မယ်လို့ပြောကြတယ်” စီးဝူယာ့က ပြောလိုက်ပြီး သူမှတ်သားထားသော စာကြောင်းကို ရွတ်ပြလိုက်၏၊
ယဲ့ထျန်းရှင်းက စီးဝူယာ့ကို ဝေခွဲမရသောအကြည့်ဖြင့် ကြည့်လိုက်သည်။
“မင်း ချန်ဟွမ်းအကြောင်း သိတယ်လား”
“ဝေ့ကျိုးယန်သေပြီးနောက်ပိုင်း ထျန်းကျန့်မြစ်က အဖြစ်အပျက်ကို စုံစမ်းဖို့ကျွန်တော့်လူတွေကို အမိန့်ပေးထားတာ စစ်ဆေးနေတုန်း ချန်ဟွမ်းအကြောင်း သတင်းအချက်အလက် ရလာခဲ့တာပဲ”စီးဝူယာ့က သက်ပြင်းချလိုက်၏။
“အဲဒါကလွဲရင် ကျွန်တော်တို့ဘာမှရှာမတွေ့ဘူး” သူဆိုလိုသည်က ရှင်း၏။ မဟူရာကွန်ယက်က ၎င်းကို မရှာလျှင် လူတစ်ယောက်က၎င်းကိုမည်ကဲ့သို့ရှာနိုင်မည်နည်း။
“ချီရှစ်တိ ... သားရဲတွေရဲ့တည်ရှိမှုကို မင်းယုံကြည်လား” ယဲ့ထျန်းရှင်းက မေးလိုက်၏။
“ဒါက ...” အသက်အကန့်အသတ်သည် လူသားကျင့်ကြံသူများအတွက် အဓိကလမ်းပိတ် ကျောက်တုံးပဲ ဖြစ်သည်။ အသက်အကန့်အသတ်ကိုကျော်လွန်ရန် ခြွင်းချက်တစ်ခု ဘယ်တော့မှ မရှိပေ။
‘အဲဒါကိုစီးရင် နှစ်ပေါင်းနှစ်ထောင် အသက်ရှင်နိုင်လိမ့်မယ် ... ဒါက နှစ်တစ်ထောင်အကန့် အသတ်ကို ကျော်လွှားနိုင်တာနဲ့ အတူတူပဲမလား ... ဖြစ်နိုင်ပါ့မလား’
စီးဝူယာက မေးလိုက်၏။ “သူတို့ကို လျိုရှစ်ကျဲယုံကြည်လား”
“ယုံတယ်” ယဲ့ထျန်းရှင်း၏လေသံ ကခိုင်မြဲနေ၏။ ယင်းက စီးဝူယာ့ကိုအနည်းငယ် အံ့ဩသွားစေ သည်။ ယဲ့ထျန်းရှင်း မည်သည့်နေရာကလာမှန်းသူမသိပေ။ သို့သော် သူမ၏လေသံနှင့် ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်များက သူမအမှန်တကယ်ယုံကြည်ကြောင်း ပြနေ၏။ သူမက လူအများစုထက် ပိုယုံလောက်သည်။
…
အခန်း(၃၁၂) ယွီရှန်းရုန်၏ ဇာစ်မြစ်
စီးဝူယာ့က ရုတ်ခြည်းဆိုသလို ယဲ့ထျန်းရှင်းသည် သူမ ကျင့်ကြံဆင့် အပြည့်အဝ ပြန်ကောင်းသွားပြီ ဖြစ်ကြောင်း ပြောဖူးသည်ကို အမှတ်ရလိုက်သည်။ သူမသည် ဖြောင့်မတ်ခြင်းလမ်းစဉ်က လူများနှင် ပူးပေါင်းကာ ရှစ်စွင်းကို တိုက်ခိုက်၍ ကျင့်ကြံဆင့် ဖျက်ဆီးခံထားရမှန်း သိလေသည်။
သူမက မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်လာပြီး အချိန်တိုအတွင်း ဘယ်လိုလုပ် ပြန်ကောင်းလာတာလဲ။ … ဒါက ဒဏ္ဍာရီလာ မျိုးနွယ်ရဲ့ ပင်ကိုယ်စွမ်းရည်လား။
သူက အတွေးများကို ဖယ်ထုတ်ကာ “ ရှစ်ကျဲကို ကူရှာပေးပါ့မယ် ”
ယဲ့ထျန်းရှင်းက ဘေးပတ်လည်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ သူမက တဲအိမ်လေးကို ကြည့်လိုက်ပြီးနောက် “ မဟူရာကွန်ယက်ရဲ့ ကြီးမြတ်လှတဲ့ ဂိုဏ်းချုပ်က ဒီနေရာမှာ နေတာလား”
“ ကျွန်တော်မှာ ရွေးချယ်စရာ မရှိဘူးလေ။ အခု ကျင့်ကြံဆင့် မရှိတော့ဘူးဆိုတော့ အမြီးကုပ်နေရမှာပေါ့” စီးဝူယာ့က ပြောလိုက်သည်။
“ မင်းက အမြဲတမ်း အပြောကောင်းတာပဲ။ နောက်ကွယ်ကနေ ပြဿနာရှာနေတဲ့သူကိုတောင် ဂုဏ်သရေရှိ လူအဖြစ် ပြောင်းပြောနိုင်တယ်” ယဲ့ထျန်းရှင်းက ရယ်မောရင်း ပြောလိုက်သည်။
စီးဝူယာ့က နေရခက်စွာ ရယ်မောရင်း “ အခု ရှစ်ကျဲက ဘယ်မှာနေနေလဲ”
“ ပင်လယ်လေးခုက ငါ့အိမ်ပဲ”
“ တကယ်လို့ ရှစ်ကျဲ ဆန္ဒရှိရင် ကျွန်တော့်ဂိုဏ်းက အမြဲတမ်း ကြိုဆိုနေပါတယ်” စီးဝူယာ့က ပြောလိုက်သည်။
ယဲ့ထျန်းရှင်းက ရယ်မောလိုက်သည်။ သူမက ဘေးတွင်ရပ်နေသည့် မီးခိုးရောင်ဝတ် ကျင့်ကြံသူကို ကြည့်ကာ “ မင်းက ဉာဏ်များတယ်ဆိုပြီး ပြောနေကြတာ။ မင်းရဲ့ ရှစ်ကျဲကိုရော မင်းအကြံအစည်ထဲ ဆွဲထည့်ချင်နေတာလား ”
“ ကျွန်တော် မလုပ်ရပါဘူးဗျာ ” စီးဝူယာ့က အလျင်စလို လက်ယမ်းကာ ပြောလိုက်သည်။
“ တွေးကြည့်လိုက်တော့မှ မင်း မိစ္ဆာဝေဟင်မျှော်နန်းထဲ ရှိတုန်းကတည်းက နာမည်ကြီးခဲ့တာပဲ။ ရှစ်စွင်းက ဒေါသထွက်လွယ်ပေမဲ့ မင်းကို ဆူခဲတယ်လေ။ ရှင်းရှင်းပြော … မင်း ဘာလို့ မိစ္ဆာဝေဟင်မျှော်နန်းကနေ ထွက်လာခဲ့တာလဲ” ယဲ့ထျန်းရှင်းက စီးဝူယာ့ကို ကြည့်ရင်း မေးလိုက်သည်။
သူမ ထွက်လာတာက တခြားလူများနှင့် မတူပေ။ သူမက ယွီလုံရွာကြောင့် ထွက်လာခဲ့ခြင်း ဖြစ်ပြီး ထိုအရာက အမှားကြီး ဖြစ်နေခဲ့လေသည်။ သူမက တခြားလူများလည်း ထွက်သွားကြလိမ့်မည်ဟု မထင်ထားမိပေ။
စီးဝူယာ့က သက်ပြင်းချကာ “ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးကြောင့် မဟုတ်ရင် ဘာရှိဦးမှာလဲ”
“ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးလား ” ယဲ့ထျန်းရှင်းက နားမလည်ဖြစ်သွားသည်။
“ မင်း ထွက်လာတာက သူတိုနဲ့ ဘာဆိုင်လို့လဲ ”
“သူတို့နှစ်ယောက်က မိစ္ဆာဝေဟင်မျှော်နန်းမှာကတည်းက အမြဲတမ်း မတည့်ကြဘူးလေ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အချင်းချင်း မတိုက်ရဘူးဆိုတဲ့ သံမဏိစည်းမျဉ်းကြောင့်သာ မဟုတ်ရင် သူတို့ အားပါးတရ တိုက်ခိုက်ပြီးလောက်ပြီ။ သူတို့က အခုနှစ်ပိုင်းလည်း မတည့်ကြဘူး။ သူတို့ တစ်ယောက် လည်ချောင်း တစ်ယောက် ဆွဲဖြဲနေတာကို မမြင်ချင်ဘူး ” စီးဝူယာ့က ပြောလိုက်သည်။
ယဲ့ထျန်းရှင်းက ခေါင်းခါကာ “ဒါပဲလား”
အကယ်၍ အကြောင်းအရင်းက တိုက်ပွဲကို တားဆီးဖို့ဆိုလျှင် မလုံလောက်သေးပေ။
“ကျန်တာကတော့ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးကိုပဲ မေးကြည့်တော့”
“ဘာလို့ သူတို့ကို မေးရမှာလဲ” ယဲ့ထျန်းရှင်းက နားမလည်ပေ။
စီးဝူယာ့က သူမ မေးခွန်းကို မဖြေပေ။ ထို့အစား သူက နောက်ထပ် မေးခွန်းဖြင့်သာ ပြန်တုံ့ပြန်လိုက်သည် “လျို့ရှစ်ကျဲ … အာ့ရှစ်ရှိုးကို ဘယ်လိုထင်လဲ”
“ သူက ယဉ်ကျေးပြီးတော့ သိမ်မွေ့တယ် … အဲဒီဖြောင့်မတ်ခြင်းလမ်းစဉ်က ကြောင်သူတော်တွေထက် အဆထောင်ချီ ပိုကောင်းတယ်” ယဲ့ထျန်းရှင်းက ဖြေလိုက်သည်။
စီးဝူယာ့က ခေါင်းညိတ်ပြလိုက်သည်။
“ယန်က မြောက်ဘက်မှာရှိတယ်။ အဲက လူတွေက သန့်သန့်ရှင်းရှင်း ဝတ်စားတတ်ပြီးတော့ ဓားကို သယ်ဆောင်လေ့ရှိတယ်။ သူတို့ရဲ့ ဘေးမှာ အမြဲတမ်း ကျားနှစ်ကောင် ပါတယ်။ ဒါပေမဲ့ သူတို့က အမြဲတမ်း သိမ်မွေ့ပြီးတော့ ပဋိပက္ခတွေကို ရှောင်ကြတယ်။
အရုဏ်တက်ချိန်မှာ ပွင့်ပြီးတော့ နေဝင်ချိန်မှာ ညှိုးသွားတဲ့ မယ်လီလော့ပန်းဆိုတာ ရှိတယ်။ လူတွေက တန်းတူညီမျှတယ်။ သူတို့က ယဉ်ကျေးသိမ်မွေ့ပြီးတော့ မနာလိုဝန်တိုစိတ်မျိုး မရှိကြဘူး ”
ယဲ့ထျန်းရှင်းက စီးဝူယ့ာ စကားများကို အပြည့်အဝ နားမလည်သော်လည်း အာ့ရှစ်ရှိုးနှင့် ပတ်သက်ပြီး ပြောသည့်စကားကြောင့် အံ့ဩမိသွားလေသည်။ သူမက မေးခွန်းထပ်မမေးတော့ပေ။ အဖြေက ရှင်းလှသည်။
စီးဝူယာ့က ဆက်ပြောလိုက်သည်။
“ ကျွန်တော်ကို ယုံလိုက်ပါ။ အခြေအနေတွေက ရှုပ်ထွေးတယ်။ ကျွန်တော် အောက်ခြေအထိ တူးကြည့်မှ သိဖို့လိုတယ်”
ယဲ့ထျန်းရှင်းက အတွေးများ ယောက်ယက်ခတ်နေသည်။ သူမက ဒဏ္ဍာရီလာမျိုးနွယ် သို့မဟုတ် ပိုင်လူမျိုးဖြစ်ကြောင်း သိခဲ့စဉ်အခါက သူမအတွေးများသည် အချိန်အတော်ကြာ ရှုပ်ယှက်ခတ်နေခဲ့သည်။ သူမက ထိုအကြောင်းတွေးမိလိုက်သည့်အခါ စီးဝူယာ့၏စကားများကို သံသယဝင်ဖို့ အကြောင်းပြချက် မရှိသလို ခံစားလိုက်ရသည်။
ဖြောင့်မတ်တဲ့ လူ ….
သူမက ဘာလို့ စောစောမတွေးမိခဲ့ပါ့လိမ့် …
“ အဲဆို တာ့ရှစ်ရှိုးကရော ”
“ အရှင်းဆုံးပြောရရင် ကျွန်တော်လည်း မသိသေးဘူး” စီးဝူယာ့က ပြောလိုက်သည်။
“ အစတုန်းက ရှစ်စွင်း အချိန်ပြည့်တဲ့အခါ မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ပြီး ဒီအကြောင်းကို စုံစမ်းဖို့ လုပ်ထားတာ။ ဒါပေမဲ့ ရှစ်စွင်းက သူ့သက်တမ်းကုန်ဖို့ အရိပ်အယောင် မရှိဘူး။ ရှစ်ကျဲလည်း ကိုယ်တိုင်ကြုံခဲ့မှာပါ ”
ယဲ့ထျန်းရှင်းက ပြန်မဖြေပေ။ သူတို့ရှစ်စွင်းက သက်တမ်းကုန်ခါနီးပုံ မဟုတ်ရုံသာမက သူ အထွတ်အထိပ်တွင် ရှိစဉ်အခါနှင့် ဘာမှမကွာခြားပေ။ သူမက ပွင့်ချပ်ကိုးလွှာကို ပြန်လည် အမှတ်လိုက်ပြီး ပြောလိုက်သည်။
“ ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်သွားပြီ တူတယ်”
“ မဖြစ်နိုင်ဘူး ” စီးဝူယာ့က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“ငါကိုယ်တိုင် မြင်လိုက်တာ ”
စီးဝူယာ့က ပြန်မဖြေပေ။ သူက သူမကို တချို့စကားများမှာ ပေါ့ပေါ့တန်တန် ပြော၍ မဖြစ်ကြောင်း သတိပေးချင်နေသည်။
စီးဝူယာ့ ပြန်မဖြေခင် ယဲ့ထျန်းရှင်းက ခေါင်းခါကာ “ ငါ့မျက်စိမှားတာ ဖြစ်လောက်တယ် …”
“ …” စီးဝူယာ့က ထိုအရာကို ကြားပြီး စိတ်အေးသွားသည်။
လေးလေးနက်နက် စကားဝိုင်းက ရင်ဆိုင်ဖို့ ခက်လှသည်။ ထို့အပြင် သူက ပိုမိုတွေးမိလေလေ မဖြစ်နိုင်ကြောင်း ပိုတွေးလေလေ ဖြစ်၏။ အကယ်၍ သူတို့ရှစ်စွင်းသာ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်သွားလျှင် ရှစ်စွင်းက သူတို့အား စိတ်တိုင်းကျ လုပ်ခွင့်ပြုထားမည် မဟုတ်ပေ။ သူတို့ရှစ်စွင်းက သူ့စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ဖြောင့်မတ်ခြင်းလမ်းစဉ်က လူတွေကို ရင်ဆိုင်ပြီးလောက်လေပြီ။
“ ငါ မင်းနည်းလမ်းတွေကို သဘောမတူပေမဲ့ မင်းက ငါတို့ထဲမှာ ဉာဏ်အကောင်းဆုံးပဲ။ ငါ မင်းကို ယုံတယ်။ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့ကိုလည်း နှုတ်ဆက်တယ်လို့ ပြောပေးပါ …” သူမ စကားအဆုံးတွင် လှည့်ထွက်သွားလိုက်တော့သည်။
“ ရှစ်ကျဲ မဟူရာကွန်ယက်ထဲ ဝင်ဖို့ မစဉ်းစားတော့ဘူးလား” စီးဝူယာ့က ထပ်မေးလိုက်သည်။
“ ဟင့်အင်း … မင်းလက်ရှိအခြေအနေနဲ့တောင် မင်းဘာသာ သေချာဂရုစိုက်နိုင်ပါတယ် ” သူမ စကားအဆုံးတွင် ယဲ့ထျန်းရှင်း၏ ပုံရိပ်က မြူထဲ ပျောက်ကွယ်သွားဟန်ပေါ်သည်။
ယဲ့ကျစ်ရှင်းက ချက်ချင်း ဦးညွှတ်လိုက်သည်။ သူက စိတ်ထဲ စိတ်သက်သာရာရသွားလေသည်။
“ ဆဋ္ဌမသခင်မလေး ကောင်းကောင်းသွားပါ ”
စီးဝူယာ့က ပြုံးလိုက်ကာ “ တွေးကြည့်တော့မှ မင်းမျိုးရိုးနာမည်ကလည်း ယဲ့မလား။ မင်းက ငါ့ရှစ်ကျဲကို အဲလောက်တောင် ကြောက်တာလား”
ယဲ့ကျစ်ရှင်းက လက်ယမ်းလိုက်သည်။ သူက သူတို့သည် မျိုးနွယ်တူ ဖြစ်ကြောင်း မပြောရဲပေ။
စီးဝူယာ့က ထိုအကြောင်းကို ဆက်မပြောတော့ပေ။ ထို့အစား သူက မေးလိုက်သည်။
“ အခုတလော တာ့ရှစ်ရှိုး ဘယ်လိုနေလဲ”
“ ငရဲဂိုဏ်းက သမာသမတ်ဂိုဏ်းကို ဖြေရှင်းပြီးတဲ့နောက် အနားယူနေပါတယ်။ ငရဲဂိုဏ်းအောက်မှာ မိစ္ဆလမ်းစဉ်က ကျင့်ကြံသူတွေ အခုဆိုရင် သောင်းချီရှိနေပါပြီ။ ကျွန်တော့်အမြင်တော့ ငရဲဂိုဏ်းက နောက်ပစ်မှတ်ရှာဖို့ သိပ်မကြာလောက်ဘူး” ယဲ့ကျစ်ရှင်းက ပြောလိုက်သည်။
“ ဒီလိုဆိုရင် တာ့ရှစ်ရှိးက နန်းတော်နဲ့ ဖြေရှင်းဖို့ အချိန်ရှိမှာ မဟုတ်ဘူး ” စီးဝူယာ့က ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
“ ဂိုဏ်းချုပ်က ဘာကိုပြောချင်တာလဲ”
“ ငါ အမဲလိုက်ကွင်းကို ကိုယ်တိုင်သွားကြည့်ရမယ်” စီးဝူယာ့က ပြောလိုက်သည်။
“ ဂိုဏ်းချုပ်က ကျင့်ကြံဆင့် ဆုံးရှုံးထားတာဆိုတော့ မသွားသင့်ပါဘူး”
“မင်းသာ ဘေးနားရှိရင် ငါ စိတ်ချရတယ်” စီးဝူယာ့က ပြောလိုက်သည်။
“ ဂိုဏ်းချုပ်ကို ကျွန်တော့်အသက်နဲ့ လဲပြီး ကာကွယ်ပါ့မယ် ”
…………..
အံ့ဖွယ်မြို့တော်၏ တော်ဝင်မြို့၊ ကျင်းယန်နန်းတော်အတွင်း …
မော့လီက မျက်နှာပေါ် အဝါရောင် အမှုန့်များကို လိမ်းပြီး ကြေးမုံကို ကြည့်လိုက်သည်။ သူမက စိတ်အခြေအနေကောင်းနေပုံပေါ်သည်။ သူမ ပြင်ဆင်ပြီးသည့်နောက် ထရပ်လိုက်ပြီး ဘေးနားရှိ လိုက်ကာနောက်မှ ခပ်တောင့်တောင့် အမျိုးသားအား ပြောလိုက်သည်။
“ ရှစ်ရှိုး ကျွန်မ ဒဏ်ရာတွေကို ကုသပေးတဲ့အတွက် ကျေးဇူးပါ ”
“ငါတို့က တစ်ဂိုဏ်းတည်းသားတွေပဲ။ ကျေးဇူးစကား မလိုပါဘူးကွာ ”
“အရှင့်သားက ဒီကိစ္စတွေအားလုံး အဆင်ပြေသွားရင် ရှစ်ရှိုးက လက်အောက်ငယ်သားအများကြီးကို အုပ်ချုပ်ရတဲ့ သခင်ကြီး ဖြစ်လာလိမ့်မယ်လို့ ပြောထားတယ် ” မော့လီက အပြုံးလေးဖြင့် ပြောလိုက်သည်။
ပါမာက ခေါင်းခါကာ လက်နောက်ပစ်လျက် “ ကိစ္စတွေက မင်းထင်သလောက် မရိုးရှင်းလောက်ဘူး ”
“ ရှစ်ရှိုးက အမြဲတမ်း စိုးရိမ်နေတာပဲ။ စိတ်မပူပါနဲ့ … ကျွန်မတို့အားလုံး သေချာစီစဉ်ထားပါတယ်။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ငါးယောက်မြောက် တပည့် ကျောင်းယွဲ့က အခုနန်းတော်ထဲမှာလေ။ လေးယောက်မြောက် တပည့်ကလည်း ဒီမှာပဲ။ မယ်တော်ကြီးက အချိန်ကျရင် ရူပေ့ကို သွားလိမ့်မယ်။ ဒီလောက်အသေအပျောက်များထားတာ သူတို့ကို လွှတ်မပေးနိုင်ဘူး ”
ပါမာက ပဒုမ္မာစင့်မြင့်အထက်မှ မြင်ကွင်းကို ပြန်လည်တွေးလိုက်ရင်း ခေါင်းခါလိုက်သည်။ “ငါ မင်းကို မယုံတာ မဟုတ်ဘူး။ ဒါပေမဲ့ မိစ္ဆာအိုကြီးဆီမှာ အမြင်နဲ့ ဆုံးဖြတ်လို့မရတာတွေ ရှိတယ် …”
“ ကျွန်မက သူ ပေါ်မလာမှာကိုပဲ စိုးရိမ်တာ …” မော့လီက ပြုံးလိုက်ပြီး “ ရှစ်ရှိုးကို အမှန်အတိုင်းပြောပြရရင် ဒုတိယမင်းသားက ကျွန်မဆီ အဆုံးသတ်ဆယ်ပါး အစီအရင် ပုံကြမ်းကို ဟိုးကတည်းက အပ်ထားခဲ့တာ”
ပါမာက မျက်လုံးပြူးသွားလေသည်။
မော့လီက ဆက်ပြောလိုက်သည်။ “ ဒုတိယမင်းသားရဲ့ အမိန့်နဲ့ ကျွန်မက အဆုံးသတ်ဆယ်ပါး အစီအရင်ကို တာ့ယန်ရဲ့ မြို့တော်လေးခုမှာ ခင်းကျင်းထားပြီးပြီ …”
သူမက ကျေနပ်နေပုံပေါ်သည် “ တစ်ခုက ရှန့်စုရှုမြို့မှာ … နောက်တစ်ခုက ရူပေ့… ဒုတိယမင်းသားနဲ့ ကျွန်မတို့ပဲ သိထားကြတာ။ ရှစ်ရှိုးက တတိယမြောက်သိတဲ့လူပဲ ” သူမက ပြုံးရင်း ပါမာဆီ လျှောက်လာသည်။
ပါမာက သက်ပြင်းချလိုက်ကာ “ မင်း မီးနဲ့ ကစားတုန်း ကိုယ့်ဘာသာ ပြန်မလောင်အောင်တော့ ဂရုစိုက်ပေါ့ ”
“ ရှစ်ရှိုးသာ ဒီမှာရှိနေရင် ဒီညီမလေးက စိတ်အေးရပါတယ် ” မော့လီက ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်သည်။
ပါမာက မျက်မှောင်ကြုတ်လိုက်သည်။ သူက သူမကို ဆက်မကြည့်ချင်တော့သောကြောင့် ပြတင်းပေါက်ဘက် လှည့်ထွက်လာပြီး “ ကောင်းပြီလေ … လို့လန်အတွက် … ”
“ဟုတ်တာပေါ့ … ဒီနန်းတော်ထဲမှာ တောင့်ခံပြီး အခုအနေအထားရောက်လာဖို့ ဘယ်လောက်အခက်အခဲတွေ ဖြတ်ကျော်ခဲ့ရတယ်ဆိုတာ ကျွန်မပဲ သိတယ်။ ရှစ်ရှိုးရဲ့ ကျင့်ကြံဆင့်နဲ့ အသိပညာက ကျွန်မထက် သာတယ် … ကျွန်မတို့သာ အင်အား အတူတူပေါင်းလိုက်ရင် ပြဿနာ မရှိတော့ဘူး ”