အခန်း (၃၁၆-၃၁၈)
Vol. 22 Ch. 316-318
အခန်း(၃၁၆) ယင်ယန် အသွင်ပြောင်းခြင်းကိုးမျိုး
လန်လော့က ယုံကြည်ချက်ရှိရှိ ဝင်ပြောလိုက်သည်။
“ ကျုပ် မဟူရာစစ်သည်တော်တွေနဲ့ ရှိတုန်းက ဧကရာဇ်ကို နည်းနည်းတွေ့ဖူးတယ်။ စတုတ္ထမင်းသားနဲ့ ဒုတိယမင်းသားတို့ကြား ပဋိပက္ခက ဘယ်လောက်ကြီးကြီး သူတို့က မင်းသားပဲလေ။ သူတို့တွေအားလုံးကို စီမံနိုင်တဲ့ တစ်ဦးတည်းသောသူက ဧကရာဇ်ပဲ ”
လုကျိုးက မော့ကြည့်လိုက်သည်။ လန်လော့ ပြောသည်က အချက်ကျ၏။ သူက ဒုတိယမင်းသား၏ လက်အောက်ငယ်သား မော့လီကို မည်သို့ဖြေရှင်းရမည်ကို စဉ်းစားနေဆဲ ဖြစ်သည်။
သူက ဧကရာဇ်ကို အလုပ်ပေးရမည်။
“ မဟူရာစစ်သည်တော်တွေက ဧကရာဇ်ကို ဖြေကြားပေးရတယ်။ မင်းက အရင်တုန်းက မဟူရာစစ်သည်တော် ခေါင်းဆောင်ဖြစ်တာတောင် ဧကရာဇ်နဲ့ အကြိမ်နည်းနည်းပဲ တွေ့ဖူးတာတဲ့လား”
လုကျိုးက ထူးဆန်းသည်ဟု ထင်မိသည်။
လန်လော့က ဖြေလိုက်၏။
“ ပုံမှန်ဆိုရင် သူ့နောက်လိုက်တွေကပဲ သတင်းပါးပေးကြတာပါ ”
တိုင်းပြည်တစ်ခု၏ အုပ်ချုပ်သူက သူ့ကိုယ်သူ အလွယ်တကူ ဖော်ပြမည် မဟုတ်ပေ။ ထို့အပြင် မဟူရာစစ်သည်တော်များက နောက်ကွယ်မှ လှုပ်ရှားကြသူများ ဖြစ်ပြီး အံ့ဖွယ်မြို့တော်တွင် မရှိပေ။ ဧကရာဇ်ကလည်း အကြောင်းမရှိဘဲ အပြင်မထွက်ပေ။
“အပါးတော်မြဲ နောက်လိုက်တွေက ကျင့်ကြံဆင့်မြင့်ကြတယ်။ ဧကရာဇ်က သူတို့ကို အတော်ယုံကြည်ထားတယ်။ ဒီတစ်လျှောက်လုံး လုပ်ကြံမှုအများကြီးရှိခဲ့ပေမဲ့ လုပ်ကြံသူတွေက ဧကရာဇ်အနား ကပ်ဖို့မပြောနဲ့ အပါးတော်မြဲတွေကို ဘယ်တော့မှ မကျော်လွှားနိုင်ကြဘူး ”
လန်လော့က သက်ပြင်းချကာ ပြောလိုက်သည်။
လုကျိုးက ခေါင်းညိတ်ပြီး “ ဆက်ပြော”
လန်လော့က ပြောလိုက်သည်။
“ ကျောင်းယွဲ့က မင်းသမီးယွင်ကျောင်းရဲ့ သမီးဆိုတော့ ဧကရာဇ်နဲ့ တွေ့ဖို့အခွင့်အရေး ရှိတယ်။ ပြီးတော့ ကျောင်းယွဲ့က မယ်တော်ကြီးရဲ့ ထောက်ပံ့မှုလည်း ရထားတာဆိုတော့ မယ်တော်ကြီး မြို့တော်ကနေ ထွက်မသွားခင် ဒီသတင်းစကားကို အကြောင်းကြားပေးနိုင်ဖို့ အဖြစ်နိုင်ဆုံးပဲ။ ဒါပေမဲ့ ဧကရာဇ်ကလည်း အကြံအစည်တွေ၊ အကွက်ချမှုတွေနဲ့ စိမ်းသက်နေတာ မဟုတ်တော့ သူ့ကို ဖြေရှင်းဖို့ ခက်လိမ့်မယ် ”
“မင်း ပြောတာ ဟုတ်တယ်” လုကျိုးက တစ်ယောက်ယောက်ကို ခေါ်တော့မည့်ဆဲဆဲတွင် ကျိုးကျစ်ဖုန်းက ခန်းမကျယ်ထဲ စိတ်ပူပင်စွာ ပြေးဝင်လာသည်။
“ မျှော်နန်းသခင်... ကျန်းအိုက်ကျန့်က မယ်တော်ကြီး မြို့တော်ကနေ ထွက်သွားပြီဆိုတဲ့အကြောင်း လှမ်းသတင်းပို့လာပါတယ် ”
“ ဒါက ကျုပ်တို့ အခွင့်အရေးပဲ ” လန်လော့က ပြောလိုက်သည်။
“အခွင့်အရေးလား” ကျိူးကျစ်ဖုန်းက နားမလည်ပေ။
“ ဧကရာဇ်နဲ့ မဆက်သွယ်ရင်တောင် အဆင်ပြေပြီ။ ကျုပ် မဟူရာစစ်သည်တော် စခန်းကို ဖောက်ဝင်လိုက်မယ် ” လန်လော့က ပြောလိုက်၏။ သူက မဟူရာစစ်သည်တော် ခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်ခဲ့ဖူး၏။ ယခု သူ့ကျင့်ကြံဆင့် အများစု ပြန်ရလာပြီဖြစ်ရာ ယခင်အရင်းအမြစ်များကို အသုံးပြုဖို့ မခက်လောက်ပေ။
လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး ခေါင်းညိတ်ကာ “ မဟူရာစစ်သည်တော် စခန်းထဲ မင်းဘာသာ လှုပ်ရှားလိုက်ရင် ပြဿနာ ဖြစ်မလာနိုင်ဘူးလား”
လန်လော့က အနည်းငယ် အံ့ဩသွားလေသည်။ သူက လုကျိုးနှင့် အတူတူသွားရမည်ဟု ထင်ထားလေသည်။ လုကျိုး ဘေးတွင် ရှိနေခြင်းက ပိုလုံခြုံသည်။ သို့သော်လည်း ယခု သူ့အနေနှင့် စကားရုပ်သိမ်း၍ မဖြစ်တော့ပေ။ ထို့အပြင် သူက လုကျိုးသည်လည်း သူ့အစီအစဉ်နှင့်သူ ရှိကြောင်း သိလိုက်သည်။
ထိုအရာမှလွဲ၍ သူက များများစားစား မတောင်းဆိုရဲပေ။ သူက လုကျိုး သူ့အား လိုက်လာခွင့်ပြုသည်ကိုပင် ကျေးဇူးတင်နေမိသည်။ အဆုံးသတ်၌ သူက ပြန်ဖြေလိုက်၏။
“ ကိစ္စမရှိပါဘူး ”
“ကောင်းတယ်” လုကျိုးက လက်ဝှေ့လိုက်သည်။ နောက်ထပ် ဘာမှမပြောတော့ဘဲ လန်လော့က လက်နှစ်ဖက်ယှက်ကာ ခန်းမကျယ်ထဲမှ ထွက်သွားတော့သည်။
“ လုပ်လက်စကို ပြန်လုပ်တော့” လုကျိုးက ပြောလိုက်သည်။
“ကျွန်တော် သွားလိုက်ပါဦးမယ်” ကျိုးကျစ်ဖုန်းလည်း ခန်းမကျယ်ထဲမှ ထွက်သွားလေသည်။ သူက အံ့ဩနေမိ၏။ သူ့အမြင်၌ လုကျိုးသည် တဲထဲတွင် စစ်ဗျူဟာချမှတ်နေသည့် စစ်သူကြီးသဖွယ် ဖြစ်ပေသည်။ လုကျိုးက စိတ်လှုပ်ရှားနေပုံ မပေါ်ပေ။ သူ ခန်းမကျယ်ထဲမှ ထွက်လာသည်နှင့် တွမ့်မူရှန်းဆီ ပြေးသွားလိုက်သည်။
တွမ့်မူရှန်းက နယ်ရှင်လှံကို ကိုင်ရင်း လှမ်းခေါ်လိုက်သည်။
“ ကျိုးကျစ်ဖုန်း ”
“ တတိယသခင်လေး မင်္ဂလာပါ ”
“ သွားကြစို့ … ငါ့အခြေခံလှံတိုက်ကွက်ကို သွေးနိုင်မဲ့ နည်းလမ်း ရုတ်တရက် တွေးမိသွားပြီ”
တွမ့်မူရှန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ စိတ်မပူနဲ့ … အရင်တုန်းက ငါ မဆင်မခြင် လုပ်ခဲ့မိတာ တောင်းပန်တယ်။ မင်းအတွက်လည်း ဓားရေးသွေးဖို့ အခွင့်ကောင်းပဲလေ …” တွမ့်မူရှန်းက ကျိုးကျစ်ဖုန်းကို တောင်အနောက်ဆီ ဆွဲခေါ်သွားတော့သည်။
လုကျိုးက အရှေ့ဘက်မျှော်နန်းဆီ ပြန်ရောက်လာပြီး စားပွဲပေါ်မှ ပုံကြမ်းကို ကြည့်လိုက်သည်။ ပုံကြမ်းက မပြောင်းလဲသေးပေ။ ထိုအရာက အံ့ဖွယ်မြို့တော်နှင့် ဓားသင်္ချိုင်းကိုသာ ပြနေသည်။
“ ကြည့်ရတာ အချိန်တစ်ခုလောက်အထိ လေးခုမြောက် ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းစာ ရှိလာမဲ့ပုံ မပေါ်ဘူး”
လုကျိုးက လက်ဝေ့လိုက်သည်။ ကြမ်းပေါ် သီးသန့်ရတနာသေတ္တာ ပေါ်လာသည်။
သူက တင်ပျဉ်ခွေ ထိုင်လိုက်ပြီး အသက်မှန်မှန်ရှုရင်း အာရုံစိုက်လိုက်သည်။ သူက သုံးရက်သက်တမ်းရှိ ကြေးရတနာသေတ္တာအား ကြည့်လိုက်သည်။
ဖွင့်လိုက်ရမလား … ငါ အထဲက ဆုလာဘ်ကြီး ဆုံးရှုံးသွားနိုင်တယ်။ ပြီးတော့ ငါ အာဖရိက မျိုးနွယ်စုအကြီးအကဲအဖြစ် တစ်သက်လုံး ကျန်ရှိနေလိမ့်မယ်။
ငါ အဲလိုဘဝမျိုး နေဖို့ အဆင်ပြေရဲ့လား … ပြဿနာက … ငါ ရတနာသေတ္တာကို ဖွင့်လိုက်ရင် ငါက တောင်ပေါ်မှာ ပုန်းပြီး သိုသိုသိပ်သပ်နေနေတုန်း မော့လီကို လက်လွှတ်လိုက်ရလိမ့်မယ် …
လုကျိုးက စနစ်၏ တာဝန်များကို ဖြည့်ဆည်းဖို့ စကားမများနေတော့ပေ။ သူက “နားချိန်” ဆိုသည့် အဓိပ္ပာယ်ကို နားမလည်ပေ။ အမှန်တကယ် စွန့်စားနေရသည်။
အဆုံးသတ်၌ သူက သရော်လိုက်ကာ “ မင်းက ခက်ခဲနှုန်းကို တိုးမြင့်လိုက်တာနဲ့ ငါက မင်းကန့်သတ်တာ ခံမယ် ထင်နေလား”
သူက လက်မြောက်ကာ သေတ္တာအား ရိုက်လိုက်သည်။
ကလစ်
ခလုတ်ပေါ်လာသည်နှင့် တူညီသော အကြောင်းကြားစာ ပေါ်ထွက်လာသည်။ လုကျိုးက ဖွင့်ဖို့ ရွေးချယ်ထားသည့်အတွက် တုံ့ဆိုင်းမနေတော့ပေ။
“ တင်း ယင်ယန်အသွင်ပြောင်းခြင်းကိုးမျိုး စိတ်ဝိညာဉ်သဏ္ဌာန်၊ သီးသန့်နားချိန် တစ်ကတ်၊ အကြောင်းပြန်လှန်ကတ် နှစ်ဆယ်၊ အတိုက်အခိုက် ဒဏ်ပြင်းကာကွယ်ကတ် ငါးဆယ် ရရှိပါတယ် ”
“တင်း သီးသန့်နားချိန် အသက်ဝင်လာပါပြီ။ ကတ်အားလုံးကို ခုနှစ်ရက်တာ နားချိန်အောက် ရောက်သွားပါမယ်။ အချိန်နောက်ပြန်ရေတွက်မှု စတင်နေပါပြီ ”
လုကျိုးက ဒီလောက်မျှော်လင့်ထားလေသည်။ သူက စနစ်ကို ဖွင့်ကာ အသုံးပြုပစ္စည်းများကို ကြည့်လိုက်သည်။ လက်ကျန်အချိန်ကို ပြသထားပြီး ခြောက်ရက်နှင့် ၂၃ နာရီ ကျန်ရှိနေသည်။ သို့သော်လည်း သူ့စီးတော်သားရဲနျင့် လက်နက်တို့က နားချိန်အောက် ရှိမနေပေ။
“အသိစိတ် နည်းနည်းရှိတော့ တော်သေးတာပေါ့ ”
ထိုအတွေးဖြင့် လုကျိုးက စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်သုံးလိုက်သည်။ သူ့ နည်းရှစ်သွယ်ဆက်နွယ်ခြင်း စိတ်ဝိညာဉ်သဏ္ဌာန် ပျောက်ကွယ်သွားပြီး ယင်ယန်အသွင်ပြောင်းခြင်းကိုးမျိုး စိတ်ဝိညာဉ်သဏ္ဌာန် အစားထိုးဝင်ရောက်သွားသည်။ တစ်ချိန်တည်းဆိုသလို သူ့ချီသွေးကြောများဆီမှ စွမ်းအားလှိုင်း ထွက်ပေါ်လာသည်။
နောက်တစ်ရက် မနက်စောစော၌
လုကျိုးက မျက်လုံးဖွင့်လိုက်သည့်အခါ လန်းဆန်းနေသလို ခံစားလိုက်ရသည်။ သူ့ကျင့်ကြံဆင့်က တာအိုအသွင်ပြောင်းအဆင့် ရောက်သွားဟန်ပေါ်သည်။ သူက နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ် တက်လှမ်းဖို့ အချိန်သိပ်မကြာလောက်ကြောင်း ယုံကြည်ထားသည်။ သူက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ထဲ ပြန်ရောက်သည်နှင့် ကျင့်ကြံရေးလောက၌ ရပ်တည်နိုင်ပြီဟု သတ်မှတ်၍ ရလေပြီ။
လုကျိုးက လက်ကျန်သက်တမ်းကို စစ်ဆေးကြည့်လိုက်သည်။
လက်ကျန် သက်တမ်း - ၆၅၈၂ ရက်
သူ့တွင် အကြောင်းပြန်လှန်ကတ် မရှိလျှင် ထိုနံပါတ်များကို ခံစားနိုင်မည် မဟုတ်ပေ။ သူက အကြောင်းပြန်လှန်ကတ်ကို သုံးဖို့ ပြင်လိုက်သည်။ ထို့နောက် သူ့ပစ္စည်းကတ်အားလုံး နားချိန်ထဲ ရောက်နေကြောင်း အမှတ်ရလိုက်၏။ သူက လက်လျှော့ရုံမှအပ ရွေးချယ်စရာ မရှိပေ။
ခုနှစ်ရက်က သိပ်မကြာပါဘူး …ငါ စောင့်နိုင်တယ်
ထိုစဉ် အပြင်ဘက်မှ ကျိုးကျစ်ဖုန်း အသံထွက်ပေါ်လာသည်။
“မျှော်နန်းသခင် … ချန်းပေ့လန် ထွက်သွားပါပြီ”
လုကျိုးက မျှော်နန်းမှ ထွက်လာသည့်အခါ ဖန်ကျုံးနှင့် ဖန်လီထန်းကိုပါ မြင်လိုက်ရသည်။ သူက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ “ ဘာကိစ္စလဲ”
ဖန်လီထန်းက ပြောလိုက်သည်။ “ လန်လော့ဆီ တစ်ခုခုဆိုးဆိုးရွားရွား ဖြစ်တော့မယ်လို့ ခံစားနေမိလို့ သူနဲ့ ရူပေ့ဆီ အတူတူသွားချင်လို့ပါ ”
“ကျွန်တော်လည်း သွားချင်ပါတယ်”
“ကျွန်တော်ရောပဲ ” ကျိုးကျစ်ဖုန်းလည်း ဝင်ပြောလိုက်သည်။
လုကျိုးက လက်နောက်ပစ်ကာ ပြောလိုက်သည်။
“ရွှေနန်းဥယျာဉ်တောင်က အကာအရံ မရှိတော့ဘူး။ ဒီနေရာကို ကျူးကျော်ဖို့ အကြံဆိုးတွေ ကြံစည်နေတဲ့သူတွေ မနည်းမနောပဲ။ တကယ်လို့ အားလုံး ထွက်သွားရင် ရွှေနန်းဥယျာဉ်တောင်ကို ဘယ်သူစောင့်ရှောက်ထားမှာလဲ ”
သုံးယောက်သား ကြောင်သွားလေသည်။ သူတို့က ဘာမှမဖြေနိုင်တော့ပေ။
“ရွှေနန်းဥယျာဉ်တောင်ကို သေချာစောင့်ကြည့်ထားလိုက် … မင်းတို့စွမ်းရည် ထုတ်ပြရမဲ့ အချိန်ရောက်လာမှာပါ”
“ နားလည်ပါပြီ ” သုံးယောက်လုံး ဦးညွှတ်လိုက်ကြသည်။
လုကျိုးက သူ့လူအများကြီး ပို့လွှတ်ဖို့ ရည်ရွယ်ချက် မရှိပေ။ ဤသည်က အဓိပ္ပာယ်မရှိလှချေ။ ထို့အပြင် လူများများ လွှတ်လိုက်လေလေ အာရုံဖမ်းစားနိုင်လေလေ ဖြစ်၏။ အကယ်၍ သူတို့သာ အန္တရာယ်ကြား ကျရောက်သွားခဲ့လျှင် သူ့အနေနှင့် သူတို့အားလုံးကို ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။ သူက မော့လီအား လန်လော့ထံ အပ်ထားဖို့ ဆုံးဖြတ်ထားသည်။ လန်လော့၏ စွမ်းရည်ဖြင့် အသေတိုက်ကွက် ထုတ်သုံးနိုင်ဖို့ အခွင့်အရေးရှာဖို့ ခက်ခဲမည် မဟုတ်ချေ။
လုကျိုးအတွက် လုပ်စရာများများ မရှိလှပေ။ သူ လုပ်ဖို့လိုသည်ကား လူများကို သူ တတ်နိုင်သလောက် အမှောင်ထဲမှ လေ့လာစောင့်ကြည့်ရင်း အရူးလုပ်ဖို့ ဖြစ်၏။ သူက ကျိထျန်းတောက် မဟုတ်ပေ။ သူက ဒေါသတကြီးဖြင့် ထောင်ချောက်ထဲ ဝင်သွားမည် မဟုတ်ပေ။ ဤသည်က တုံးအလွန်းခြင်းသာ ဖြစ်၏။ ထို့နောက် လုကျိုးက ရှောင်ယွမ်အာကို ခေါ်လိုက်ပြီး နတ်ခြင်္သေ့ကျောပေါ်မှ နှစ်ယောက်သား ရွှေနန်းဥယျာဉ်တောင်မှ ထွက်လာကြသည်။
ထိုစဉ် ရူပေ့မြို့မှ မျှော်နန်းတစ်ခုအတွင်း
မျှော်နန်းသည် အမြင်ကောင်းကောင်းရနိုင်လောက်အောင် မြင့်မားလေသည်။ လှမ်းကြည့်လိုက်သည်နှင့် ရူပေ့မြို့၏ လမ်းမများကို မြင်တွေ့နိုင်သည်။
“ဂိုဏ်းချုပ် … မယ်တော်ကြီး ထွက်လာပါပြီ။ သူမက ရောက်တဲ့အခါ နွေဦးစံအိမ်မှာ နေမှာပါ ”
“ကောင်းပြီ” စီးဝူယာ့က ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။ “ကျန်းအိုက်ကျန့်က သတင်းအချက်အလက် လှမ်းပို့နေပြီလား ”
“ပို့ပြီးလောက်ပါပြီ”
“ ပို့ပြီးလောက်ပါပြီတဲ့လား” စီးဝူယာ့ ထိုစကားကို မကြိုက်ပေ။ ဤသည်က မသေမချာ၊ မရေမရာ နိုင်လွန်းသည်။ သူက မသေချာမှုများကို မကြိုက်ပေ။
ယဲ့ကျစ်ရှင်းက ဦးညွှတ်ကာ “ကျွန်တော်တို့လူတွေက ကျန်းအိုက်ကျန့်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သတင်းပေးမှန်း သိထားပေမဲ့ သူက အလွန်ဉာဏ်များလွန်းတယ်။ ကျွန်တော်တို့ သူ့ကို တစ်ချိန်လုံး စောင့်ကြည့်မထားနိုင်လို့ပါ ”
ယဲ့ကျစ်ရှင်း စကားအဆုံးတွင် မျှော်နန်းကို ပုံရိပ်တစ်ခု ဖြတ်သွားလေသည်။ ထို့နောက် လေထဲမှ လှောင်ပြောင်သံကို ကြားလိုက်ရသည်။
“ငါ့ကို စောင့်ကြည့်ဖို့ ကြိုးစားနေတာလား။ မင်းတို့လူတွေက ဘာမှမလုပ်နိုင်ပါဘူးကွာ ”
“သူ့နောက်လိုက်ကြ” စီးဝူယာ့က ထရပ်ရင်း ပြတင်းပေါက်ကို လှမ်းကြည့်လိုက်သည်။
“နားလည်ပါပြီ ” ယဲ့ကျစ်ရှင်းက လျှပ်စီးလိုအလျင်ဖြင့် လိုက်ဖမ်းကာ မြင်ကွင်းအောက်မှ ချက်ချင်း ပျောက်ကွယ်သွားသည်။
“ အဲလို မဖြစ်နိုင်ဘူး” စီးဝူယာ့က ရုတ်ခြည်း လှည့်ကြည့်လိုက်သည်။
အဝင်ပေါက်၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုနေရာတွင် လက်နောက်ပစ်လျက် မတ်တတ်ရပ်နေသည့် အမျိုးသားတစ်ယောက် ရှိနေသည်။
…
အခန်း (၃၁၇) မြစ်ဘေးမှာပုံမှန်လမ်းလျှောက်နေကြလူတစ်ယောက်က သူတို့ဖိနပ်ရေစိုမှာကို မရှောင်နိုင်
ယဲ့ကျစ်ရှင်းက ပြတင်းပေါက်အပြင်ဖက်ကို ခုန်ထွက်သွားသည်နှင့် စီးဝူယာ့က တစ်စုံတစ်ခု မှားယွင်း နေမှန်း သဘောပေါက်သွား၏။ သီးခြားတဲလေးထဲကနေ သူထွက်လာချိန် ပြဿနာတစ်ရပ်ရှိနေပြီး အဆုံး၌ သူက ထိုလူကိုကြည့်ပြီးပြောလိုက်၏။ "ကျားကို တောင်ပေါ်ကနေ မျှားထုတ်တာလား”
“စီးဝူယာ့လား” တဖက်သူက တဖြည်းဖြည်းချင်းလှည့်လာလေ၏။ သူ၏ဘယ်ဖက်မျက်လုံးကို အနက်ရောင်မျက်လုံးကာတစ်ခုက ကာထားလေ၏။ စီးဝူယာ့က သူအမှန်တကယ် ကန်းနေခြင်းလား ဆိုတာ သိချင်နေ၏။ သူ့၌ ထူထဲသောမုတ်ဆိတ်နှင့် နီမြန်းသော မျက်နှာတို့ရှိနေ၏။ ခါးတွင် ဓားတိုတစ်လက် ချိတ်ထားလျက် သူ၏ကိုယ်နေဟန်ထားက ခပ်မတ်မတ်ဖြစ်သည်။ မျက်လုံးတစ်ဖက်လပ်က ကြည်လင်ပြီးကျွတ်ဆတ်သောအသံဖြင့် ပြောလိုက်၏။
“မင်္ဂလာပါ”
စီးဝူယာ့က ဘယ်ညာကြည့်လိုက်၏။ သူ့နားတဝိုက်၌ သာမန်အဝတ်အစားဖြင့် လူဆယ်ယောက်ထက်မက ရှိနေလေသည်။ သူကပြောလိုက်လေသည်။
“ငါတို့တွေ့ရလိမ့်မယ်လို့မယုံထားဘူး”
“ဒါအမှန်ပဲလေ ... မင်းငါ့ကို မှတ်မိနေအောင်လုပ်ပေးရမှာပေါ့” ဟန်ယွိယွမ်က လက်ခုပ်တီးလိုက်ရာ လူဆယ်ယောက်ကျော်က တဟုန်ထိုးဝင်လာလေ၏။
စီးဝူယာ့က မခုခံပေ။ သူ့ကိုကြိုးတုပ်ခွင့် ပေးလိုက်သည်။ သူက အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်လေသည်။ “မင်း ငါ့ကို သတ်တော့မလို့လား”
“လောနေဖို့မလိုဘူး ... သူ့ကိုခေါ်သွား” မျှော်နန်းထဲကထွက်လာပြီးနောက် ဟန်ယွီယွမ်နှင့် သူ၏ လက်အောက်ငယ်သားနှစ်ယောက်သည် ရထားလုံးကို စီးသွားတော့သည်။ မြင်းလှည်းက ရူပေ့ မြို့ဆီသို့ဦးတည်သွားတော့၏။ တစ်နာရီခန့်ကြာပြီးနောက် မြင်းလှည်းက ရပ်တန့်လိုက်တော့ သည်။
“ဒီလမ်း” ဟန်ယွီယွမ်က ဖိတ်ခေါ်သည့်ဟန်ပြုလိုက်၏။
စီးဝူယာ့က မြင်းလှည်းထဲကနေထွက်လိုက်သည်။ သူက ပတ်ဝန်းကျင်ကိုလေ့လာပြီးနောက် ပြောလိုက်၏။
“နာခံခြင်းနွေဦးစံအိမ် ... မင်းက တော်ဝင်မိသားစုကလား” ဟန်ယွီယွမ်က မငြင်းခဲ့ပေ။ သူက လက်ကိုဝေ့ယမ်းလိုက်၏။ လက်အောက်ငယ်သားနှစ်ဦးက စီးဝူယာ့ကို ဒုတိယအလွှာထဲမှ တစ်ခန်းဆီသို့ခေါ်သွားလိုက်သည်။
ဟန်ယွီယွမ်က ပြုံးပြီးပြောလိုက်တော့သည်။
“ဒီနေရာက ပတ်ဝန်းကျင်က မင်းနေတဲ့မျှော်နန်းထက် ပိုကောင်းတယ်။ ရှုခင်းကလည်းကောင်းလှတာ”
စီးဝူယာ့က သူ့ဖာသာသူသွားလိုက်၏။ သူက ကြီးမားလှသည့်ပြတင်းပေါက်ဆီသွားလိုက်ကာ တည်ငြိမ်စွာထိုင်ချလိုက်တော့သည်။ သူ၏လက်များချုပ်နှောင်ခံထားရသော်ငြား သူ၏လှုပ်ရှားမှုကို မဟန့်တားနိုင်ပေ။
“ကျုပ်မျိုးရိုးကဟန် ... နာမည်က ဟန်ယွီယွမ်ပါ”
“တော်ဝင်အစောင့်ရဲ့ မဟာစစ်သူကြီးရှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဟန်ယွီယွမ် ... မဟာတပည့်ကျော် ဆယ်ယောက်နဲ့ စစ်သူကြီးဟန်လား” စီးဝူယာ့က သူ့ကိုဟန်ယွီယွမ်မိတ်ဆက်ခဲ့သော အချက်အလက်ကို ပြန်ရွတ်လိုက်သည်။
“မဟူရာကွန်ယက်ခေါင်းဆောင်ဆိုတော့ထင်တဲ့အတိုင်းပဲ ကျုပ်အကြောင်းအများကြီးသိထားတာပဲ။ ဒါပေမဲ့...” ဟန်ယွီယွမ်က အကြောင်းအရာကိုရုတ်တရက်ပြောင်းပြောလိုက်၏။
“ကျုပ်မှာ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ညီလေးတစ်ယောက်ရှိတယ်ဆိုတာ ခင်ဗျားသိလား ... ဂိုဏ်းချုပ်စီး”
“ညီငယ်လား”
စီးဝူယာ့က မျက်မှောင်အနည်းငယ်ကျုံ့လိုက်လေ၏။ သူ၏စိတ်ထဲအချက်အလက်များတစ်ခုပြီး တစ်ခုပေါ်လာတော့သည်။ “ဟန်ယွီဖန်းလား”
ဟန်ယွီယွမ်က ခေါင်းအနည်းငယ်ညိတ်လိုက်ကာ သူ၏မျက်နှာထက်၌ မရေရာသော အမူအရာ တစ်ခုပေါ်လာ၏။
စီးဝူယာ့က သဘောပေါက်သွားကာပြောလိုက်တော့သည်။ “သူက မင်းရဲ့ညီဖြစ်နေတာကိုး ... မင်းသူ့အတွက်လက်စားချေတော့မှာလား” ဟန်ယွီယွမ်နှင့် ဟန်ယွီဖန်းကြားရှိ ဆက်နွယ်မှုကို သူသံသယဖြစ်နေတာကြာခဲ့ပြီဖြစ်သည်။ သို့သော်ငြား ဟန်ယွီယွမ်က သူတို့သွေးသား ဆက်နွယ်မှုကြောင့် သူ့ညီလေးကို လက်စားချေပေးမည်ဟု သူမထင်ခဲ့ပေ။
“ဖြစ်နိုင်ပါတယ် ... ဒါပေမဲ့ ဆင်ခြေတစ်ခုပါပဲ” ဟန်ယွီယွမ်က ပြန်ပြောလိုက်၏။
စီးဝူယာ့က ခေါင်းညိတ်လိုက်သည်။ "ကျန်းအိုက်ကျန့် အယောင်ဆောင်ထားတဲ့သူက မင်းတို့လူတွေထဲက တစ်ယောက်လား”
“အဟုတ်ပဲ”
“ငါ့ဆီကနေ သတင်းပေါက်ကြားအောင် တမင်တကာလုပ်ချင်တာလား”
“ဉာဏ်ကောင်းတယ်” ဟန်ယွီယွမ်က ပြုံးပြီးပြောလိုက်သည်။ "မင်းလိုဉာဏ်ကောင်းတဲ့လူတွေက တခါတလေကျ သူတို့တွေက အမှားအယွင်းကင်းတယ်လို့ယုံကြည်တတ်ကြတယ်လေ... တခြားသူတွေရဲ့အားနည်းချက်ကိုသုံးပြီးရင်ဆိုင်နေရတာ သဘောကျတယ်။ ဒါကြောင့် မင်းရဲ့ဆေးကို မင်းကိုတိုက်ကျွေးဖို့ဆုံးဖြတ်လိုက်တာပဲ”
“ကြည့်ရတာ ငါက တော်ဝင်အစောင့်ကိုလျော့တွက်ခဲ့မိတာပဲ” စီးဝူယာ့က တည်ငြိမ်စွာပြောလိုက်၏။ “မြစ်ဘေးမှာပုံမှန်လမ်းလျှောက်တဲ့လူတစ်ယောက်က သူတို့ဖိနပ်ရေစိုမှာကို မရှောင်နိုင်ဘူး။ အမှန်အတိုင်းပြောရရင် မင်းကိုရင်ဆိုင်ဖို့ ငါ့မှာ ကြိုးပမ်းမှုဆယ်ခုထက်မကလုပ်ခဲ့တယ် ... ဂိုဏ်းချုပ်စီး။ ဒါက အောင်မြင်တဲ့တစ်ခုတည်းသောအချိန်ပဲ။ ကျဆုံးတဲ့ ကြိုးပမ်းမှုတွေကို ကျော်လွှားဖို့ မလိုအပ်ဘူး။ ကျရှုံးသွားတဲ့ အကြိမ်အရေအတွက်တွေက အရေးမပါဘူး။ တစ်ကြိမ်အောင်မြင်ဖို့ပဲ ငါလိုအပ်တာ” ဟန်ယွီယွမ်က ပြောလေ၏။
“တကယ်ပါပဲ ကျန်းအိုက်ကျန့်အကြောင်း အချက်အလက်တွေနဲ့ပတ်သက်ပြီး ငါဂရုမစိုက်ခဲ့မိတာ” စီးဝူယာ့က ပြောသည်။
ဟန်ယွီယွမ်က ဆက်ပြောလိုက်၏။
“ဒုတိယမင်းသားဘာပဲလုပ်ချင်လုပ်ချင် အမှုထမ်းတွေ အနေနဲ့ ငါတို့က လိုက်ပါ ဆော့ကစားပေးရုံပဲတတ်နိုင်တယ် ... သူ ငါ့နားမှာ ချထားတဲ့ဟာကွက်တွေကို ငါ သတိမပြုမိဘူးလို့ သူထင်နေတာလား ဒါပေမဲ့ မင်း ကျန်းအိုက်ကျန့်ကို စိတ်မဝင်စားခဲ့ဘူးဆိုရင် ဂိုဏ်းချုပ်စီး ... မင်းကို ရှာတွေ့ဖို့အခွင့်အရေးဘယ်တော့မှ ရှိမှာမဟုတ်ဘူး။" စီးဝူယာ့က ပြုံးလျက်ပြောလိုက်တော့သည်။
“ငါ့ကို ဘယ်သူက ဖယ်ဖို့ကြိုးစားနေတာလဲ”
ဟန်ယွီယွမ်က ခေါင်းခါလိုက်၏။ သူက မိတ်ဆွေတစ်ယောက်နှင့်ပြောဆိုနေသည့်အတိုင်း ပြောလိုက် ၏။
“မင်း သေသွားပြီးရင် မင်းအတွက် စက္ကူပေါ်မှာ အဖြေကိုမီးရှို့ပေးဖို့တစ်စုံတစ်ယောက်ကို ခိုင်းလိုက်မယ်။”
“ဘာကြောင့်အခုမပြောတာလဲ” စီးဝူယာ့ကမေးလိုက်၏။
“ဘာကြောင့်လဲဆိုတော့ မင်း ပွဲကောင်းကောင်းကြည့်လို့ရအောင်လို့ပေါ့ ဂိုဏ်းချုပ်စီး”
“ပွဲလား”
“မင်းက မိစ္ဆာဝေဟင်မျှော်နန်းကပဲ ... ဒီမျှော်နန်းကိုဘယ်လိုထင်လဲ။ ရှုခင်းကကော ဘယ်လိုလဲ။ ဒီနေရာကဒီလောက်လှတာ ... သွေးတွေစွန်းထင်းမှုမရှိရင် နှမြောစရာပဲ” ဟန်ယွီယွမ်က စီးဝူယာ့၏ မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်သည်။
သူ၏လက်အောက်ငယ်သားက ပတ်ဝန်းကျင်တွင်ရှိနေ၏။ စစ်သူကြီးနောက်အချိန်အတော်ကြာ လိုက်ခဲ့ပြီးသည့်တိုင် ထိုစကားများကို ကြားသည့်အချိန်၌ သူတို့က ကြောက်လန့်မှုကြောင့် တုန်ယင်သွားသေးသည်။
ဟန်ယွီယွမ်က ဆက်ပြောလိုက်၏။
“ငါ တစ်စုံတစ်ယောက်ကို ကျန်းအိုက်ကျန့်အယောင်ဆောင်ခိုင်းပြီး မိစ္ဆာဝေဟင်မျှော်နန်းဆီ စာတစ်စောင် ပို့ခိုင်းလိုက်တာ ... မင်းရဲ့ရှစ်စွင်းက ဒီလာပြီး ပွဲကြည့်လိမ့်မယ်လို့ငါမျှော်လင့်တယ်။”
“ဟမ်” စီးဝူယာ့က ရိုးသားစွာပြောသည်။ “ငါ့ရဲ့တာ့ရှစ်ရှိုးတောင် မိစ္ဆာဝေဟင်မျှော်နန်းကို ရန်စလောက်အောင် မရဲတင်းဘူး သတ္တိမရှိဘူး။ မင်းသေတွင်းမင်းတူးနေတာပဲ”
ဟန်ယွီယွမ်က ယုံကြည်ချက်ရှိရှိရယ်မောလိုက်သည်။ “ငါပြောသလိုပဲ ပါးနပ်တဲ့သူတွေက သူတို့ကို သူတို့အမှားအယွင်းကင်းတယ်လို့ထင်ကြတယ် အမှန်ပဲလေ ... ဪ ဟုတ်သား ... ဘယ်လိုပဲဖြစ်ဖြစ် မင်းအသက်ရှည်မှာမှမဟုတ်တာ”
စီးဝူယာ့က ရယ်မောလိုက်၏။ “မင်း ဒီတစ်ခေါက်အောင်မြင်မယ်ဆိုတာ သေချာလား”
ဟန်ယွီယွမ်က လက်နှစ်ဖက်ကိုဖြန့်ကာပြောလိုက်လေ၏။ “မင်းရဲ့ကျင့်ကြံဆင့်ဆုံးရှုံးသွားပြီး ငါ့ရဲ့ လက်ထောက်ဆယ်ယောက်ကလည်း ဒီမှာစောင့်နေတာ ရုတ်တရက်လှုပ်ရှားလိုက်တာနဲ မင်းရဲ့ ခေါင်းက မြေပေါ်ကြွေ ကျပြီးသားပဲ ရှင်းလင်းနေတဲ့ရလဒ်ကို ငါက အသေးစိတ်ပြုလုပ်ဖို့ လိုသေးလား”
“ကျုပ်အထင်ကြီးမိပါရဲ့” စီးဝူယာ့က ပြောလိုက်သည်။
“သေရည်”
လက်အောက်ငယ်သားနှစ်ယောက်က သေရည်ကောင်းတချို့သယ်လာပေးသည်။
ဟန်ယွီယွမ်က သေရည်ခွက်ကို သေရည်ဖြည့်လိုက်တော့၏။ သူ၏လှုပ်ရှားမှုများက နှေးသည်လည်း မဟုတ် မြန်သည်လည်း မမည်ပေ။ ကျန်သည့်သူများကဟန်ယွီယွမ်သည် စီးဝူယာ့နှင့် စကားပြောရန် စီစဉ်နေသည်ဟု တွေးထင်မိစဉ် ဟန်ယွီယွမ်က ခွက်ကိုမြှောက်ပြီးရှေ့ကို ပက်လိုက်၏။
ဖျောင်း ... သေရည်များက စီးဝူယာ့၏မျက်နှာကိုလွင့်စဉ်သွားသည်။
ဟန်ယွီယွမ်က သူတပည့်များကိုပြောလိုက်တော့သည်။
“ဒါက ကုန်းမြေတွေကို ဖြန့်ကျက်ထားပြီး သတင်းအချက်အလက်ကွန်ယက်တွေရှိတဲ့ မဟူရာကွန်ယက်ရဲ့ခေါင်းဆောင်ပဲ ... ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သတ္တမမြောက်တပည့်”
မင်း သိပ်ကိုအရည်အချင်းရှိနေတာမဟုတ်ဘူးလား ... ငါ မအောင်မြင်ဘူးလို့ သိပ်သေချာနေတာ မဟုတ်ဘူးလား ... တတ်နိုင်ရင်ပြန်တိုက်ခိုက်လိုက်လေ
“စစ်သူကြီး ... ကျုပ်တို့တွေ သူ့ကို ဘာကြောင့်မရိုက်တာလဲ မတတ်နိုင်ပေမဲ့ သူ့မျက်နှာက စိတ်ပျက်ဖို့ကောင်းလိုက်တာ” ဟန်ယွီယွမ်၏လက်အောက်ငယ်သားများထဲမှ တစ်ယောက်က ဘေးကနေ ပြောလိုက်သည်။
ဟန်ယွီယွမ်က လက်ကိုဝေ့ယမ်းလိုက်၏။ “သူ့ကို ဆံချည်တမျှင်မှမထိရဘူးဆိုတဲ့အမိန့်ရထား ဒီတော့ ... ဒါပေမဲ့ သူ့ကို သေရည်နဲ့မပက်ရဘူးလို့ ဘယ်သူကမှမပြောထားတာ”
စီးဝူယာ့က ပြုံးပြီးပြောလိုက်တော့သည်။ “မင်းမှာ ရှိတာဒါအကုန်ပဲဆိုရင် မင်းစိတ်ပျက်ရမှာ စိုးရိမ်မိပါရဲ့” သူကဟန်ယွီယွမ်၏စကားထဲရှိအချက်အလက်အချို့ကိုကောက်နုတ်နေ၏။
တော်ဝင်အစောင့်များသည် ဧကရာဇ်၏အမိန့်အောက်တွင်သာ အမြဲတမ်းလှုပ်ရှား၏။ ဧကရာဇ်၏ နောက်ကွယ်၌ တစ်စုံတစ်ယောက်က လှုပ်ရှားနေသည်လော။ တစ်စုံတစ်ယောက်က ဟန်ယွီယွမ်နှင့် ပူးပေါင်းကာ သူ့ကို ဤအထဲဆွဲချတာဖြစ်နိုင်သည်လော။
ဟန်ယွီယွမ်ကပြောလိုက်၏။ "ဒါ အကုန်မဟုတ်ဘူးပေါ့ ... မင်းမသေခင် ဘယ်တော့မှ မမေ့နိုင်တဲ့ပွဲကိုကြည့်ရမှာ”
………………………
ထိုစဉ် အဖိုးအိုတစ်ဦးနှင့်မိန်းမငယ်လေးတစ်ဦးက ရူပေ့၌ပေါ်လာလေ၏။
“ရှစ်စွင်း ... တပည့်တို့တွေ ခြံဝန်းထဲကိုဘာကြောင့်တန်းမသွားတာလဲ” ရှောင်ယွမ်အာက မေးလိုက်သည်။
“အဲ့လိုလုပ်ဖို့မလိုဘူး” လုကျိုးက ပြန်ပြောလိုက်၏။ ကျောင်းယွဲ့နှင့်မင်ရှစ်ရင်က မည်သည့်နည်းနှင့်မဆိုထိုနေရာသို့သွားမှာမဟုတ်ပေ။ ဒုတိယမင်းသား မည်မျှတုံးအစေကာမူ ထိုနေရာ၌ လှုပ်ရှားမှာမဟုတ်
“ဒါဆိုတပည့်တို့ဘယ်သွားမလဲ"
“ငါတို့တွေ အခုနေစရာတစ်နေရာရှာရမယ်” လုကျိုးက ပြန်ပြောလိုက်သည်။ "တပည့်သိပါပြီ"
“ယွမ်အာ” လုကျိုးက ထွက်သွားတော့မည့် ရှောင်ယွမ်အာကို လှမ်းခေါ်လိုက်လေ၏။
“ဘာဖြစ်လို့လဲရှစ်စွင်း”
“ဝေးဝေးလံလံသိပ်မသွားနဲ့ ... လူတွေရဲ့နှလုံးသားက ကောက်ကျစ်တယ်” လုကျိုးကပြောလိုက်၏။
“အင်း” ရှောင်ယွမ်အာက ခေါင်းညိတ်လိုက်သည်။ သူမရှစ်စွင်း၏ စိုးရိမ်ပူပန်မှုကြောင့် သူမရင်ထဲ ထိသွားတော့သည်။
ခေတ္တနားနေရန် တည်းခိုဆောင်တစ်ခုရှာတွေ့ရန်သိပ်မလိုလိုက်ပေ။ ညအချိန်ရောက်သောအခါ လုကျိုးက အသုံးပစ္စည်းကတ်များအတွက် ကျန်ရှိသည့်စောင့်ဆိုင်းရချိန်ကိုကြည့်လိုက်သည်။ ငါးရက်ကျော်ကျန်နေသေး၏။ သူက လန်လော့၊ မင်ရှစ်ရင်နှင့် ကျန်းအိုက်ကျန့်တို့ကို ယခုအခေါက်၌ အားကိုးရမည့်ပုံပေါ်သည်။ လိုအပ်လျှင် သူ၏ခမ်းနားသော ကျင့်စဉ်ကိုထုတ်ဖော်ကာ နတ်ခြင်္သေ့ကျောပေါ်တက်ပြီးထွက်ပြေးနိုင်သည်။
နေဦး ... ဒါမဟုတ်သေးဘူး။ သူက ရူးမိုက်သည့်အတွေး ထပ်တွေးမိပြန်၏။ သူက တမိုးအောက်ရှိ အကြီးမြတ်ဆုံးလူဆိုးကြီး ဖြစ်သည်။ သူ့တွင်ထူးကဲစွမ်းအားနှင့် သူ့ကိုကာကွယ်နေသည့် တပည့်များအပြင် ကျင့်စဉ်များလည်းရှိ၏။ သူ အဘယ်ကြောင့်ထွက်ပြေးရန်လိုအပ်မည်နည်း။
…
အခန်း(၃၁၈) ကျန်းအိုက်ကျန့်၏ အစီအစဉ်ကို ထိုးဖောက်မြင်ခြင်း
လုကျိုးက ရူပေ့မြို့ တည်းခိုဆောင်တစ်ခုအတွင်း နေသည်။ နေရောင် လုံးဝပျောက်ကွယ်မသွားသေးသော်လည်း သူက ရှောင်ယွမ်အာကို ပြောလိုက်သည်။
“ ကျန်းအိုက်ကျန့်ဆီ ဒီလာတွေ့ဖို့ စာပို့လိုက်”
“ ရှစ်စွင်း သူ လာမှာလား ”
“ အနီးအနားက သတင်းအချက်အလက်စခန်းဆီ သွားပြီး သေမျိုးတစ်ယောက်ကို စာပို့ခိုင်းလိုက် ” လုကျိုးက ပြောလိုက်သည်။
“ အာ ” ရှောင်ယွမ်အာက ထူးဆန်းသည်ဟု ထင်မိသည်။ ပြောရလျှင် သတင်းပို့ငှက်က ပိုမြန်သည်မှာ သိသာလေသည်။
သူတို့က ဘာလို့သေမျိုးတွေဆီကနေ စာပို့ရတာလဲ …
“သွားတော့”
“ ဟုတ် ” ရှောင်ယွမ်အာက တည်းခိုဆောင်မှ ထွက်လာလိုက်သည်။
လုကျိုးက မုတ်ဆိတ်သပ်ကာ ပြတင်းပေါက်နား လျှောက်လာပြီး ရူပေ့မြို့အား ကြည့်လိုက်သည်။
ရူပေ့နှင့် ယူနန်တို့က တစ်မြို့တည်း ဖြစ်လေသည်။ သူတို့ကြား ကွာခြားချက် သိပ်မရှိပေ။ ကျန်းအိုက်ကျန့်ကို သိထားသလောက် သူ့အနေနှင့် အံ့ဖွယ်မြို့တော်ထဲတွင် တစ်ချိန်လုံး နေနေမည် မဟုတ်ချေ။
ရှောင်ယွမ်အာက လုပ်စရာရှိတာလုပ်ပြီးနောက် တည်းခိုဆောင်ဆီ ပြန်ရောက်လာသည် “ ရှစ်စွင်း ပို့ပြီးသွားပါပြီ ”
“အမ်း … မင်း သွားနားလိုက်တော့ ”
ကောင်းကင်ယံ၌ ကြယ်တာရာများ ထွန်းလင်းနေသော်လည်း လုကျိုးက မအိပ်ပေ။ ထို့အစား သူက တစ်ညတာလုံး ကောင်းကင်ကျမ်း လေ့လာဆင်ခြင်ခြင်းဖြင့် အချိန်ကုန်ဆုံးလိုက်သည်။
နောက်တစ်ရက် မနက်စောစော၌
ဒေါက် ဒေါက် …
လုကျိုး အခန်းတံခါးအား တစ်ယောက်ယောက် လာခေါက်လေသည်။
“လောင်ချန်းပေ့ ကျွန်တော်ပါ ”
လုကျိုးက မျက်လုံးဖွင့်လိုက်ပြီး ပြောလိုက်သည် “ဝင်ခဲ့ ”
ကျွီ …
ကျန်းအိုက်ကျန့်က တံခါးကို ဖွင့်ကာ မျောက်တစ်ကောင်လိုမျိုး ခုန်ဝင်လာသည်။ ထို့နောက် သူက အပြင်ဘက် ခေါင်းလေးပြူကာ လမ်းတစ်လျှောက် ချောင်းလိုက်သေးသည်။ သူက အနီးအနား ဘယ်သူမှ မရှိမှန်း သေချာမှ တံခါးကို ပိတ်လိုက်သည်။ သူက တံခါးကို မှီရင်း ရင်ဘတ်ကို ပုတ်လိုက်သည်။ သူက သက်ပြင်းအရှည်ကြီးချလျက် “ လန့်စရာပဲ … တော်သေးတယ် တစ်ယောက်မှ နောက်က ပါမလာလို့။ ငါလေးက ဉာဏ်ကြီးရှင်ပဲ”
“ ကျန်းအိုက်ကျန့် ” လုကျိုးက အသံမြင့်လိုက်သည်။
“လောင် … လောင်ချန်းပေ့ ” ကျန်းအိုက်ကျန့်က ချက်ချင်း ဦးညွှတ်လိုက်ပြီးနောက် စားပွဲဆီ ရောက်လာသည်။ သူက ရယ်မောလိုက်ရင်း “ ဒေါသထိန်းပါဗျာ ”
“ ဒါက ဘာအဓိပ္ပါယ်တုန်းဆိုတာသာ ပြော ”
“ ဘာဖြစ်ရမှာလဲဗျာ … ဒုတိယမင်းသားက စတုတ္ထမင်းသားနဲ့ ရင်ဆိုင်ချင်နေတာ။ ဒါတွေအားလုံး စီစဉ်ထားပြီးသား … မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ဘာမှမဆိုင်ဘူး။ ကျောင်းယွဲ့လည်း ဘေးကင်းတယ် ” ကျန်းအိုက်ကျန့်က အပြုံးလေးဖြင့် ပြောလာသည်။
“ ဟင်း ” လုကျိုးက မျက်မှောင်အသာကြုတ်လိုက်ပြီး “ထင်ထားတဲ့အတိုင်းပဲ”
“ ထင်ထားတဲ့အတိုင်းပဲတဲ့လား” ကျန်းအိုက်ကျန်က လုကျိုးကို ကြည့်လိုက်ပြီး မရေမရာ ဖြစ်သွားမိသည်။ သူက လုကျိုးစကား၏ ဆိုလိုရင်းကို စဉ်းစားနေမိ၏။
လုကျိုးက ပြောလိုက်သည် “ တစ်ယောက်ယောက် မင်း အယောင်ဆောင်ပြီးတော့ မိစ္ဆာဝေဟင်မျှော်နန်းဆီ သတင်းပို့လာတယ် … ”
“အာ ” ကျန်းအိုက်ကျန့်က တုန်သွားလေသည်။ သူက ခေါင်းကုတ်လိုက်ရင်း “အဲလိုကိုး … လောင်ချန်းပေ့က ရုတ်တရက်ကြီး သေမျိုးစာပို့သမား ဘာလို့သုံးပါ့လိမ့်လို့ စဉ်းစားနေတာ။ အတုံးအဆုံး နည်းလမ်းက ဘေးအကင်းဆုံးဆိုတာ အမှန်ပဲကိုး။ အာ မဟုတ်သေးပါဘူး ကျွန်တော် အဲလိုပြောချင်တာ မဟုတ်ဘူး။ လောင်ချန်းပေ့က တစ်ယောက်ယောက် ကျွန်တော့်အကြောင်း သိထားတယ်လို့ ပြောချင်တာလား ”
လုကျိုးက ကျန်းအိုက်ကျန့်အား ကြည့်လိုက်ပြီးနောက် ပြတင်းပေါက်နား လျှောက်သွားလိုက်သည်။
နေမင်းက အရှေ့ရပ်မှ မြင့်တက်လာသည်။
“ လောင်ချန်းပေ့ရဲ့ တပည့် စီးဝူယာ့ လက်ချက်များလား”ကျန်းအိုက်ကျန့်က စတင်စဉ်းစားလိုက်သည် “သူက ကျွန်တော့်အကြောင်း သိထားတာ ကြာပြီ။ သူက ကျွန်တော့်သတင်းပေးတွေကိုတောင် သတ်ပစ်ထားတာ။ သူနဲ့ ဘာမှတောင် မရှင်းရသေးတာကို လောင်ချန်းပေ့ကို ဒီအထိ မျှားခေါ်သေးတယ်တဲ့လား။ သူက သူ့ရှစ်စွင်းကို သတ်ဖို့ ကြိုးစားနေတာလား … မိုက်မဲလိုက်တာ ”
လုကျိုးက တိတ်ဆိတ်နေသည်။ သူက ထိုဖြစ်နိုင်ခြေကို မဖယ်ထုတ်ထားပေ။ သို့သော်လည်း စီးဝူယာ့က ယွီကျန့်ဟိုင်ဘက်မှ ဖြစ်၍ မိစ္ဆာဝေဟင်မျှော်နန်းနှင့် ရင်ဆိုင်ဖို့ တော်ဝင်မိသားစုအား ကူညီပေးမည် မဟုတ်ပေ။ ထိုသည်က အဓိပ္ပါယ်မရှိချေ။ သူတို့က ထိုသို့လုပ်ရန် ရည်ရွယ်ချက်မျိုး မရှိသောကြောင့် တရားခံက စီးဝူယာ့ ဖြစ်နိုင်ခြေနည်းသည်။
“ မင်း လူတွေက ယုံရတာ သေချာရဲ့လား” လုကျိုးက ကျန်းအိုက်ကျန့်ကို ကြည့်လိုက်သည်။
ကျန်းအိုက်ကျန့်က ကြောင်သွားလေသည်။ သူတို့က အလုပ်အပ်သူအပေါ် သံသယမထားသလို သူတိုသံသယရှိသူကိုလည်း အလုပ်မခန့်ပေ။ သို့သော်လည်း သူတို့သူလျိုများသည် လုံးဝသစ္စာရှိနေလိမ့်မည်ဟု အာမ မခံရဲပေ။
ကျန်းအိုက်ကျန့်က လုကျိုးအား သိချင်စွာ ကြည့်လိုက်ပြီး “တကယ်လို့ စီးဝူယာ့ မဟုတ်ရင် တခြားတစ်ယောက် ဖြစ်လိမ့်မယ်။ ဟူး ဘယ်သူကများ ကျွန်တော့်အယောင်ဆောင်ဖို့ သတ္တိရှိနေရတာလဲ။ ဒါပေမဲ့ လောင်ချန်းပေ့က ထိုးဖောက်မြင်ပြီးပြီဆိုတော့ ရူပေ့မှာ ဘာဆက်လုပ်နေတာလဲ ”
သူက လုကျိုး၏ အဖြေကို မစောင့်ဘဲ မှန်းဆလိုက်သည် “မော့လီကို သတ်ဖို့လား ”
လုကျိုးက မုတ်ဆိတ်အသာသပ်လိုက်ပြီး အပြင်ဘက်မှ ရှုခင်းကို ခံစားလိုက်သည် “တခြားတစ်ယောက်က မော့လီကို သတ်ပေးလိမ့်မယ် ”
“ဝိုး … အဲဆို ကျွန်တော်တို့ သွားကြည့်ကြမလား” ကျန်းအိုက်ကျန့်က ပြုံးဖြီးလျက် ပြောလိုက်သည် “ ဟင် … ”
“ မယ်တော်ကြီးက နွေဦးစံအိမ်မှာ အနားယူနေတယ်။ ဒုတိယမင်းသားနဲ့ စတုတ္ထမင်းသားက အမဲလိုက်ကွင်းထဲ ထွက်သွားပြီ။ ကျွန်တော်က ဒုတိယမင်းသားဘက်က လောင်းမယ်။ လောင်ချန်းပေ့ရော ဘယ်လိုလဲ ” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။
လုကျိုးက သူ့အား ကြည့်လိုက်သည်။ သူ့အမူအရာက မပြောင်းလဲပေ။ သူက ကျန်းအိုက်ကျန့်ကို ကြည့်လိုက်ရုံမျှ ဖြစ်၏။
ကျန်းအိုက်ကျန့်က ထိုအကြည့်ကြောင့် ချောက်ချားသွားလေသည်။ သူက လက်ယမ်းလိုက်ရင်း “နောက်တာပါ နောက်တာ ”
ကျန်းအိုက်ကျန့်က သူတို့ညီအစ်ကို ဖြစ်ပေသည်။
သူက သူတို့အပေါ် လောင်းကစားလုပ်တာ မှန်ကန်ရဲ့လား …
“ ငါ့ကို အဲဒီခေါ်သွားပေးမှာလား” လုကျိုးက ဒီလိုထင်မထားပေ။ သူ့နဂိုအကြံအစည်က တည်းခိုဆောင်တွင် နေရန် ဖြစ်၏။ သူက လန်လော့ဆီမှ သတင်းကို စောင့်နေမည်။ လန်လော့က ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူ ဖြစ်၏။ အကယ်၍ လန်လော့သာ သောင်းကြမ်းလိုက်လျှင် သူ့ကို တားနိုင်မည့်လူ များများစားစား မရှိပေ။
“ ရူပေ့မြို့မှာ အစီအရင်တစ်ခုရှိတယ်လို့ ကြားထားတယ်။ ဒါပေမဲ့ ကျွန်တော် ခိုးဝင်နိုင်တယ်။ ကျွန်တော်က မော့လီ လှည့်ကွက်တွေကို အကြမ်းဖျင်း လေ့လာထားပြီးသား ”ကျန်းအိုက်ကျန့်က ပြောလိုက်သည် “ လောင်ချန်းပေ့ စိတ်မပူပါနဲ့။ အဆောင်တော်နဲ့ ဆက်သွယ်နေတဲ့ လျို့ဝှက်ချက်လမ်းကြောင်းတွေ အများကြီးရှိတယ်။ လျူဟွမ်တောင် အဲဒီအကြောင်း မသိဘူး။
အဲဒီနေရာမှာ ကျွန်တော် ထွက်ပြေးချင်ရင် အချိန်မရွေး လုပ်နိုင်တယ်။ ဒါနဲ့ … လောင်ချန်းပေ့ရဲ့ ကျင့်ကြံဆင့်နဲ့ ထွက်ပြေးဖို့ မလိုပါဘူး”
လုကျိုးက မလှုပ်မယှက် ဖြစ်နေဆဲ ဖြစ်၏။ သူက ချင်ကျွင်း စကားကို အမှတ်ရလိုက်သည်။ တစ်ယောက်ယောက်က ကျင်းဟယ်နန်းဆောင်ထဲ မီးရှို့ခဲ့လေသည်။ ကျန်းအိုက်ကျန့်က မော့လီကို ဆန့်ကျင်ဖို့ အများကြီးလုပ်ဆောင်ခဲ့၏။ ဒီလိုဆိုတော့ အရာအားလုံး ရှင်းလင်းသွားလေပြီ။
လုကျိုးက ယခင်က သံသယဖြစ်ခဲ့ဖူးသည်။ ကျန်းအိုက်ကျန့်သည် နန်းတော်ကနေ ထွက်လာကတည်းက နန်းတော်ကိစ္စများကို အဘယ်ကြောင့် စိတ်ဝင်စားနေရသနည်း။ ကျန်းအိုက်ကျန့်က ဆုံးရှုံးသွားသည့် အသက်တစ်ထောင်အတွက် လက်စားချေဖို့ ကြိုးစားနေပုံရသည်။
လုကျိုးက ကျန်းအိုက်ကျန့်ကို ဂရုစိုက်မိ၏။ ဒီကောင်လေးက အမြဲတမ်း ပြုံးနေလေ့ရှိရာ သူ့တွင် မှောင်မိုက်သည့် အတိတ်ဆိုး ရှိနေလိမ့်မည်ဟု မည်သူများ သိမည်နည်း။
လူကို ရိုက်လို့ရပေမဲ့ မျက်နှာကိုတော့ မဟုတ်ဆိုတဲ့ စကားပုံရှိသည် မဟုတ်ပါလော။
သူက ကျင်းဟယ်နန်းဆောင်ကိစ္စ ထုတ်မပြောတော့ဘဲ “ ရှေ့ကလမ်းပြ ”
နေ့လယ်ဘက် ရူပေ့မြို့ဝင်ပေါက်၌ …
တပ်သားအုပ်စု နှစ်ခုက မြို့ထဲ ခမ်းခမ်းနားနား ဝင်ရောက်လာသည်။ မြို့သားများက သူတို့အတွက် လမ်းဖယ်ပေးလိုက်ကြ၏။
ဒုတိယမင်းသား လျူဟွမ်က မြင်းစီးလာကာ အပြုံးလေးဖြင့် “ စစ်ရှစ်တိ … ငါက နန်းတော်ထဲမှာ အကြာကြီးနေခဲ့ရတော့ မင်းလိုမျိုး တပ်သားကောင်းတစ်ယောက်အတွက် ပြိုင်ဖက် မဟုတ်ဘူး “
“ ရှစ်ရှိုးက ချီးကျူးလွန်းနေပါပြီ။ ဒါက ပုံမှန်အရည်အချင်းပါပဲ … ကျွန်တော် လုပ်တာ သားကောင်နည်းနည်း သတ်တာပဲ ရှိတာပါ ” လျူပင်းက အပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်။
အခြားနည်းဖြင့်ဆိုရလျှင် တကယ့်တိုက်ပွဲကွင်းပြင်က သားရိုင်းကောင်များထက် ပိုရက်စက်ကြမ်းကြုတ်၏။
လျူဟွမ်က ခေါင်းညိတ်ကာ “ စစ်ရှစ်တိ ပြောတာ မှန်တယ်။ ဘယ်လိုဖြစ်ဖြစ် ပျော်ကြတာပေါ့။ အဖွားကလည်း အဆောင်တော်မှာ ရက်ပိုင်းလောက် အနားယူနေဦးမှာ။ ငါတို့ညီအစ်ကိုတွေ အတူတူပျော်ကြတာပေါ့ ”
“ ဟုတ်တာပေါ့ … အသေးအဖွဲ့ကိစ္စတွေ မပြောဘဲ နေကြစို့။ ရှစ်ရှိုးက အဖွားအတွက် တစ်ခုခု ပြင်ဆင်ပေးထားတယ်ဆို ”
“ စစ်ရှစ်တိ အလျှင်မလိုပါနဲ့။ အဆောင်တော်ရောက်ရင် တွေ့ရမှာပါ”
“ကောင်းပါပြီ ”
ညီအစ်ကိုနှစ်ယောက်က နွေဦးစံအိမ်ဆီ မြင်းစီးလာကြသည်။
………….
နွေဦးစံအိမ် ဒုတိယအထပ်၌ …
“ဂိုဏ်းချုပ်စီး မနေ့ညက ကောင်းကောင်းအနားယူခဲ့ရဲ့လား” ဟန်ယွီယွမ်က အမူအရာ အပြောင်းအလဲမရှိ လျှောက်လာကာ မေးလိုက်သည်။
စီးဝူယာ့က ပြတင်းပေါက်မှ တိတ်ဆိတ်အေးချမ်းသည့် စံအိမ်ကို ကြည့်လိုက်ရင်း “ မဆိုးပါဘူး။ မင်းရဲ့ ပြပွဲ ဘယ်တော့စမလဲ သိချင်နေပြီ”
“စိတ်ပူနေပြီလား” ဟန်ယွီယွမ်က စနောက်လိုက်သည်။
“ ဖြစ်နိုင်ပါတယ်လေ …” စီးဝူယာ့က ဟန်ယွီယွမ်ဘက် လှည့်လိုက်ရင်း “ စစ်သူကြီးဟန်က သဘောထားကြီးတယ်ဆိုတော့ အနည်းဆုံး ကျုပ်ကို ကြိုးဖြေပေးလို့ ရတယ်မလား ”
ဘေးဘက်မှ လက်အောက်ငယ်သားက ကြားသည့်အခါ ကျိန်ဆဲလိုက်သည်။ “ စစ်သူကြီး အပိုစကားတွေ ပြောမနေဘဲ သူ့ကို အဆုံးသတ်ပေးလိုက်ရအောင်လား ”
ယန်ယုယွမ်က သူ့အား ကြည့်လိုက်ပြီး “ အပြုအမူ သတိထား”
ထိုသို့ပြောပြီးနောက် သူ့အပြုံးတို့က မှုန်မှိုင်းမှိုင်း အမူအရာတို့ အစားထိုးသွားပြီး “ သူ့ကို ကြိုးဖြေပေးလိုက် ”