အခန်း (၃၂၂-၃၂၄)
Vol. 22 Ch. 322-324
အခန်း (၃၂၂) သက်ရှိအားလုံးက တန်းတူပဲ
ဝုန်း
စွမ်းအားဓားက ကျရောက်လာသည်။
လုကျိုးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။ “ သွားကြည့်ကြစို့ ”
“အာ ”ကျန်းအိုက်ကျန့်က လောင်ချန်းပေ့၏ အရှိန်အဝါ အပြောင်းအလဲကို ခံစားမိလိုက်သည်။ သူက လုကျိုးကို ရွှင်းထျန်းစံအိမ်ဆီ ခေါ်လာလိုက်သည်။ သူတို့ စံအိမ်အပြင်ဘက်ရှိ စစ်သားများနှင့် တွေ့ကြသည့်အခါ သူက တော်ဝင်မိသားစု၏ အမှတ်အသားပြားကို ထုတ်ပြလိုက်သည်။
“အရှင်လား … အရှင်က …” စစ်သားက စိတ်ခံစားချက် ပြင်းထန်လွန်းကာ စကားပင် သေချာမပြောနိုင်တော့ပေ။
“ရှူး …” ကျန်းအိုက်ကျန့်က သူ့အား တိုးတိုးနေဖို့ အချက်ပြလိုက်သည်။ သူက အသံတိုးကာ “ငါက ဧကရာဇ်အမိန့်နဲ့ မယ်တော်ကြီးကို တိတ်တဆိတ် ကာကွယ်ဖို့ ရောက်နေတာ ”
“ ဟုတ်တာပေါ့ … အရှင် ဝင်ပါခင်ဗျ။ ဒါနဲ့ ဒီနှစ်ယောက်က … ”
“မင်းက ဘယ်သူမလို့ မေးနေရတာလဲ”
“ကျွန်တော် တောင်းပန်ပါတယ်ခင်ဗျ … ဝင်ကြပါ ”
သုံးယောက်သား ရွှင်းထျန်းစံအိမ်ထဲ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်သွားသည်။
လုကျိုးက တော်ဝင်တံဆိပ်တော်အကြောင်း မေ့သွားဟန်ပေါ်သည်။ သူက ကျန်းအိုက်ကျန့်သည် အတော်လေး သွက်သွက်လက်လက်ရှိကြောင်း ဝန်ခံရပေမည်။
သုံးယောက်သား တိုက်ပွဲနေရာနှင့် အရမ်းကို နီးကပ်လာလေပြီ။ ပျက်စီးသွားသော အဆောက်အဦဝန်းကျင် ဖုန်မှုန့်များ ကင်းသွားသည့်အခါ သူတို့က ကျောင်းယွဲ့နှင့် မယ်တော်ကြီးတို့ကို ကြည့်ဖို့ အချိန်ပင် မရှိချေ။
အဆောက်အဦက ပျောက်ကွယ်သွားလေပြီ။ သစ်ပြာ အပုံလိုက်က နေရာအနှံ့ ပြန့်ကျဲနေ၏။
“ဘာဖြစ်သွားတာလဲ” အနီးရှိ ကျင့်ကြံသူများက ထိုမြင်ကွင်းကြောင့် ကြောင်အမ်းအမ်း ဖြစ်နေကြသည်။
ပွင့်ချပ်ငါးလွှာအဆင့် ကျင့်ကြံသူလည်း ယခု မလှုပ်ရှားပေ။
ရွှင်းထျန်းစံအိမ်တစ်ခုလုံး အင်မတန် တိတ်ဆိတ်နေသည်။
အားလုံးက တိုက်ပွဲပေါ်သာ အာရုံစိုက်ထားကြသည်။
မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လေးယောက်မြောက် တပည့် မင်ရှစ်ရင် သေလား ရှင်လား …
ဝုန်း
သစ်သားပြာက ပေါက်ကွဲထွက်သွားသည်။ ထိုသစ်သားပုံထဲမှ ပွင့်ချပ်သုံးလွှာ စိတ်ဝိညာဉ်သဏ္ဌာန် ထွက်ပေါ်လာလေ၏။
မင်ရှစ်ရင်က ပွင့်ချပ်သုံးလွှာ ရွှေကြာအထက် ကောင်းကင်ထဲ ပျံသန်းနေသည်။ သူ့ခွဲခွာချိတ်ကောက်က မျက်စိစူးမတတ် တောက်ပနေလေ၏။ ရွှေကြာအောက်တွင် ခွဲခွာချိတ်ကောက်နှင့်အတူ စွမ်းအင်ဓား တစ်ထောင် ထွက်ပေါ်လာသည်။
လီယွင်ကျောက်က ထိုအရာကို မြင်သည့်အခါ မျက်လုံးပြူးသွားလေ၏။
“ တကယ်ကို မိစ္ဆာဝေဟင်မျှော်နန်း တပည့်ပဲ။ စိတ်ဝိညာဉ်သဏ္ဌာန်နဲ့ စွမ်းအင်ဓား ထုတ်နိုင်ပြီး ကောင်းကင်လက်နက်နဲ့ တွဲသုံးနိုင်တယ် … ဒီလိုအင်အားမျိုးက ကြောက်စရာပဲ ”
သူက သတိထားလျက် အနေအထားတွင် ဖြစ်၏။ သူက လိုလိုပိုပို လက်ကို ဝေ့လိုက်သည့်အခါ မယ်တော်ကြီးကို လွှမ်းခြုံသွားသည့် စွမ်းအားအလွှာတစ်ခု ပေါ်ထွက်လာသည်။ သို့သော်လည်း သူ့စိုးရိမ်မှုများက အချည်းနှီး ဖြစ်လေသည်။
မင်ရှစ်ရင်၏ တိုက်ခိုက်မှုက သူ့ကို သတ်ချင်သည့် ပွင့်ချပ်ငါးလွှာ ကျင့်ကြံသူအတွက် ရည်ရွယ်လေသည်။
သူ့စိတ်ဝိညာဉ်သဏ္ဌာန်နှင့်အတူ လှုပ်ရှားလာသည့်အခါ စွမ်းအင်ဓားသွား တစ်ထောင်က ပေါင်းစပ်သွားသည်။ ခွဲခွာချိတ်ကောက်၊ ဓားသွားများက ထိုကျင့်ကြံသူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ဆီ ချိတ်ကောက်သဖွယ် ဦးတည်သွားသည်။
ဝှီး
ခွဲခွာချိတ်ကောက်က မင်ရှစ်ရင် လက်ထဲ ပြန်ရောက်လာသည်။
မည်သူမှ မတုံ့ပြန်နိုင်ခင် ပွင့်ချပ်ငါးလွှာအဆင့် ကျင့်ကြံသူက မြေပေါ် ပြုတ်ကျလာသည်။ သူ့မျက်လုံးများက အပြူးသားဖြစ်နေပြီး ခန္ဓာကိုယ်တွင်လည်း သွေးစွန်းနေသည်။
လုကျိုးက ထိုအရာကို မြင်သည့်အခါ မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်သည်။
ရှောင်ယွမ်အာက စိတ်လှုပ်ရှားလွန်း၍ ထခုန်လုမတတ် ဖြစ်သွားလေသည်
လုကျိုးက သူမကို အချိန်မီ ဆွဲထားလိုက်ရ၏။ ကျန်းအိုက်ကျန့်လည်း အသံတိုးတိုးဖြင့် ချီးကျူးလာသည်။ “လောင်ချန်းပေ့ရဲ့ တပည့်က တကယ်ကို တစ်ခုခုပဲ … သူက ပွင့်ချပ်သုံးလွှာအဆင့်နဲ့ ပွင့်ချပ်ငါးလွှာအဆင့်ကို သတ်ပစ်ခဲ့တာပဲ။ တကယ်ကို အံ့ဖွယ်ပဲ”
သူကိုယ်တိုင် ကျင့်ကြံသူတစ်ဦးအနေနှင့် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ထဲ ပွင့်ချပ်တစ်ခုချင်းစီက ခြားနားချက်က မည်မျှကြီးမားကြောင်း သိလေသည်။
လုကျိုးပင် ထိုအရာကို မမျှော်လင့်ထားမိပေ။ သူက မင်ရှစ်ရင်သည် ပွင့်ချပ်နှစ်လွှာအဆင့်သာ ရှိသေးကြောင်း အမှတ်ရလိုက်သည်။ သို့သော်လည်း သူက နောက်ထပ် ပွင့်ချပ်တစ်လွှာ ရုတ်ချည်း ထွက်ပေါ်လာပုံပေါ်သည်။
မင်ရှစ်ရင်၏ တိုက်ခိုက်မှုက ကွက်တိ ထိမှန်သွားခဲ့၏။ သူက နှုတ်ခမ်းထောင့်မှ သွေးကို သုတ်ကာ ပျံသန်းသွားလေသည် “ငါ့နောက်ကို မလိုက်ခဲ့နဲ့ … နောက်ထပ် ငါ့ဆီမှာ အများကြီးရှိသေးတယ်”
မော့လီက အသံခပ်တိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။
“အစီအရင်ကို အသက်သွင်းလိုက် ”
အနီးရှိ ကျင့်ကြံသူများက လှုပ်ရှားလိုက်ကြသည်။
အစီအရင်ကို အသက်သွင်းဖို့လား …
ကျန်းအိုက်ကျန့်က ခေါင်းခါကာ “မော့လီက စုန်းအတတ် ကျင့်ကြံသူဆိုတော့ သူမအနေနဲ့ မန္တန်တချို့ကို ကြိုတင်ပြင်ဆင်ထားမှာ ပုံမှန်ပါပဲ ”
သို့သော်လည်း ထူးဆန်းသည့်အရာက သူမသည် မင်ရှစ်ရင်နောက်ကို လိုက်ဖို့ တစ်ယောက်ယောက် မစေလွှတ်ခဲ့ပေ။
လုကျိုးက ဘယ်ညာကြည့်လိုက်သည်။ သူက လန်လော့ ဘယ်နေရာတွင် ရှိနေကြောင်း သိချင်မိသည်။ ယခုအထိ သူ့အရိပ်အယောင် မတွေ့ရသေးသည်မှာ ကံဆိုးလှ၏။ သူက မုတ်ဆိတ်သပ်လိုက်ပြီး အစီအရင် အသက်ဝင်လာသည့်အထိ စောင့်ဆိုင်းလိုက်သည်။
မင်း တတ်နိုင်သမျှ အစီအရင်တွေ အသက်သွင်းလိုက်စမ်း … ဘာဖြစ်ဖြစ် စုန်းအတတ်က ငါ့အပေါ် သက်ရောက်မှု မရှိဘူး
“ဒီကနေ ထွက်ပြေးနိုင်တယ်လို့ တွေးကြည့်လိုက်ရင် လောင်ချန်းပေ့ရဲ့ တပည့်က တကယ်ကို ဉာဏ်များတာပဲ ” ကျန်းအိုက်ကျန့်က ပြောရင်း လက်မထောင်ပြလိုက်သည်။
…………..
ရွှင်းထျန်းစံအိမ် မြောက်ဘက်မျှော်နန်းဆောင် ဒုတိယအထပ်၌
ဟန်ယုယွမ်က ထွက်ပြေးသွားသည့် မင်ရှစ်ရင်ကို ကြည့်လိုက်ကာ “ဂိုဏ်းချုပ်စီးရဲ့ စစ်ရှစ်ရှိုးက ခင်ဗျားထက် ပိုဉာဏ်များတာပဲ။ သူက သူ့အင်အားသူ ကောင်းကောင်းသိတဲ့သူပဲ။ ဒါပေမဲ့ သူ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ကျုပ်စကားကို ယုံမလား”
စီးဝူယာ့က ခေါင်းခါကာ “ကျုပ်တော့ အဲလိုမထင်ဘူး။ တကယ်လို့ ခင်ဗျား အဲလိုထင်ရင် ခင်ဗျားက ကျုပ်စစ်ရှစ်ရှိုးအကြောင်း ကောင်းကောင်းမသိသေးဘူးပဲ ”
“အိုး ”
“ မဟူရာကွန်ယက်ရဲ့ သတင်းကွန်ယက်နဲ့တောင် စစ်ရှစ်ရှိုးကို ဖမ်းမိနိုင်ပါ့မလားဆိုတာ ပြောဖို့ခက်တယ်”
စီးဝူယာ့က အရိုးသားဆုံး ဖြေလိုက်သည်။
“ မဟူရာကွန်ယက်ရဲ့ ဂိုဏ်းချုပ်တောင် နိမ့်ကျတတ်တဲ့အချိန် ရှိတာပဲကိုး။ ဒါပေမဲ့ ခင်ဗျားအနေနဲ့ တော်ဝင်မိသားစုက ရူပေ့ကို ဘာလို့ပိတ်ချင်နေလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ နားလည်မယ် မထင်ဘူး”
“ဘာကြောင့်လဲ”
“ကြည့်လိုက်လေ … ရူပေ့မြို့က ဒီလောက်ကြီးနေတဲ့အခါ သူ ဘယ်လိုလုပ် ထွက်ပြေးနိုင်တော့မှာလဲ ”
ဝှီး
လေထဲမှ ဆူဆူညံညံ အသံများ ထွက်လာသည်။
မျှော်နန်းဆောင်မှ ရူပေ့မြို့တံတိုင်းမှ ဆူညံသံများနှင့်အတူ စွမ်းအားလှိုင်း ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။
ကောင်းကင်ရှိ ရာသီဥတုကလည်း ပြောင်းလဲသွားပြီး ရူပေ့အတွင်း လေပြင်းတစ်ခု တိုက်ခတ်လာသည်။
မြို့သူမြို့သားများက တအံ့တဩ မော့ကြည့်လိုက်ကြသည်။ ကျင့်ကြံသူမဟုတ်သူများပင် ရာသီဥတု အဘယ်ကြောင့်ဆိုးရွားလာမှန်း တွေးနေကြသည်။ မုန်တိုင်း ဖြစ်လာတော့မည့်အလား ဖြစ်၏။
တစ်ဖက်တွင် ကျင့်ကြံသူများက မွန်းကျပ်လာကြသည်။
“ငါ့ကမ္ဘာဦးချီ ပိတ်ဆို့ခံလိုက်ရပြီ”
“ဘာဖြစ်တာလဲ”
ကျင့်ကြံသူများက သူတို့ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲကို သတိပြုမိကြသည်။ သူတို့က ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ သူတို့က ချီစွမ်းအား မစုစည်းနိုင်ကြတော့ပေ။
ရွှင်းထျန်းစံအိမ်တစ်ဝိုက်လည်း အကာအရံများစွာ ပေါ်ထွက်လာသည်။
အနီးရှိ ကျင့်ကြံသူများက ထိုအရာကို မြင်သည့်အခါ အလျှင်စလို နောက်ဆုတ်လိုက်ကြ၏။
ဤသည်မှာ တော်ဝင်မိသားစု၏ ပိုင်နက် ဖြစ်ပေသည်။ မည်သူမှ အနီးမကပ်ရဲကြပေ။ ထို့အပြင် ခြံဝန်းအတွင်း စစ်သားများလည်း စောင့်ကြပ်နေကြ၏။
ရွှင်းထျန်းစံအိမ်အတွင်း …
အခြားလူများလည်း ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
ကျန်းအိုက်ကျန့်၊ ရှောင်ယွမ်အာနှင့် လုကျိုးတို့လည်း လေထု၏ မူမမှန်မှုကို ခံစားမိလိုက်သည်။
ကျန်းအိုက်ကျန့်က မလုံမလဲ ပြောလိုက်သည်။ “ သွားပြီ … ဒါစုန်းအတတ် အစီအရင် မဟုတ်ဘူး။ ကြည့်ရတာ အဆုံးသတ်ဆယ်ပါး အစီအရင်ပဲ ”
လုကျိုးက မုတ်ဆိတ်အသာသပ်လိုက်ပြီး အခြေအနေကို လေ့လာကာ “ အဆုံးသတ်ဆယ်ပါး အစီအရင်က အံ့ဖွယ်မြို့တော်ထဲက ထူးခြားတဲ့ မဟာအစီအရင် မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဒီမှာ တစ်ခုရှိနေတာလဲ”
“ ဒါတွေအားလုံးက ပုံတူပွားအစီအရင်တွေ … သူတို့က အဆုံးသတ်ဆယ်ပါး အစီအရင် အင်အားထဲက တစ်ခုကိုပဲ ပိုင်ဆိုင်ထားကြတာ” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။
“ရှစ်စွင်း … တပည့် ချီတွေ စုစည်းလို့ မရတော့ဘူး ” ရှောင်ယွမ်အာက ရေရွတ်လိုက်သည်။
“ဆက်မလုပ်နဲ့တော့ … ချီအားလုံး ပိတ်ဆို့ခံထားလိုက်ရပြီ။ ဒါက အဆုံးသတ်ဆယ်ပါး အစီအရင်ရဲ့ ကြောက်စရာအကောင်းဆုံး အချက်ထဲက တစ်ခုပဲ”
လုကျိုးက တုန်လှုပ်ဟန်မပေါ်ပေ။ သူက ချီစွမ်းအားကို တိတ်တဆိတ် လှည့်ပတ်ကြည့်ဖို့ ကြိုးစားလိုက်သည်။ ထင်ထားသည့်အလား ဗလာဖြစ်နေလေသည်။ မည်သည့်အရာမှ မလှုပ်ရှားလာပေ။ သူက ထူးခြားအံ့ဖွယ်စွမ်းအားအကြောင်း တွေးမိပြီး စမ်းသပ်ကြည့်လိုက်သည့်အခါ အေးစက်စက် ခံစားချက်က သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားလေ၏။
ဤအစီအရင်ဖြင့် စံအိမ်တစ်ခုလုံး ပြင်ပလောကနှင့် အဆက်အသွယ် ဖြတ်တောက်ခံထားရလေပြီ။ စံအိမ်အတွင်းရှိ အားလုံးက ယခု သေမျိုးများ ဖြစ်သွားကြလေပြီ။ အလွန်ဆုံး သူတို့က သန်မာသည့် ခန္ဓာကိုယ်နှင့် သေမျိုးများ ဖြစ်ကြ၏။
“ဒါကို လန်လော့ဆီ အပ်ထားခဲ့တော့” လုကျိုးက ကျန်းအိုက်ကျန့်ကို ထွက်ပြေးဖို့ လမ်းပြခိုင်းတော့မည့်ဆဲဆဲတွင် စံအိမ်အဝင်ဝမှ အသံတစ်သံ ကြားလိုက်ရသည်။
“ ငါက မင်းသမီးကျောင်းယွဲ့ရဲ့ ရှစ်ရှိုးပဲ … ရိုင်းလိုက်ကြတာ။ ငါ့ကို ဖြေပေးကြစမ်း ”
ကြွက်သားတောင့်တောင့် စစ်သူကြီးနှစ်ယောက်က မင်ရှစ်ရင်အား ဆွဲခေါ်လာသည်။
မင်ရှစ်ရင်က ထွက်ပြေးမှု ကျရှုံးသွားလေသည်။ သူက စစ်သူကြီးနှစ်ယောက်၏ ဆွဲခေါ်လာမှုကို ခံလိုက်ရ၏။
မော့လီ မျက်နှာအထက် အပြုံးတောက်တောက်ပပ ပွင့်လန်းနေကာ “ ဒါက အဆုံးသတ်ဆယ်ပါး အစီအရင်ပဲ။ ထင်မထားဘူးမလား ”
လီယွင်ကျောက်က အနည်းငယ် မျက်မှောင်ကြုတ်မိသွားသည်။
ကျောင်းယွဲ့၏ အမူအရာတွင်လည်း အပြောင်းအလဲ ဖြစ်ပေါ်လာသည်။
အခြားစစ်သားများနှင့် စစ်သူကြီးများက အံ့ဩနေခြင်းမရှိကြသောကြောင့် ဒီအကြံအစည်ကို သိထားပြီးသား ဖြစ်ရပေမည်။
မော့လီက ပြောလိုက်သည် “ အဆုံးသတ်ဆယ်ပါး အစီအရင်ထဲမှာ သက်ရှိအားလုံးက တန်းတူပဲ ”
ဆိုလိုသည်မှာ ယခု ရွှင်းထျန်းစံအိမ်အတွင်းရှိ အားလုံးက သေမျိုးများ ဖြစ်သွားကြလေပြီ။
လေးယောက်မြောက် မင်းသား လျိုပင်းက လက်ခုပ်တီးကာ “တကယ်ကို အံ့ဩမိပါရဲ့ … အစ်ကိုကြီးကို ထင်ထားတဲ့အတိုင်း အကွက်ကောင်းပဲ ”
သူက တိုက်ပွဲအတွင်း နှစ်များစွာကုန်ဆုံးလာပြီးနောက် အစီအရင်များသည် မည်မျှကြောက်ဖို့ကောင်းကြောင်း ကောင်းကောင်းသိထားလေသည်။ အကယ်၍ မြို့နှင့် အကာအရံများကြောင့်သာ မဟုတ်လျှင် တိုင်းပြည်များကြားက စစ်ပွဲများကို ကျင့်ကြံသူများဖြင့်သ တိုက်ခိုက်ကြလိမ့်မည်။ သေမျိုးများ မလိုပေ။ တိုက်ပွဲ မြို့ထဲရောက်လာသည့်အခါမှ တိုက်ပွဲရလဒ်ကို ဆုံးဖြတ်ပေးမည့်သူများမှာ သေမျိုးများ ဖြစ်ကြသည်။
“အရှင့်သား … ကျွန်တော် မင်ရှစ်ရင်ကို ဖမ်းခဲ့ပါပြီ။ ကျေးဇူးပြုပြီး စီရင်ချက်ချပေးပါ ”
“အရမ်းကောင်းတယ် ” ဒုတိယမင်းသား လျိုဟွမ်က ထရပ်ကာ လက်ဝေ့လိုက်ပြီး “သူ့ကို ခေါင်းဖြတ်လိုက် ”
စစ်သူကြီးက ဓားကို ဆွဲထုတ်လိုက်သည်။
ချွမ်
“ရပ်လိုက် ” ကျောင်းယွဲ့က ရှေ့တိုးလာသည်။
အခြားလူများက သူမကို နားမလည်နိုင်စွာ ကြည့်လိုက်ကြသည်။
ကျောင်းယွဲ့က မျက်မှောင်ကြုတ်ကာ “ ငါ့စစ်ရှစ်ရှိုးကို ထိရဲတဲ့သူတိုင်း သတ်ပစ်မယ် ”
ထိုအရာကို ကြားကာ မယ်တော်ကြီးက ဒုတိယမင်းသား လျိုဟွမ်ကို ကြည့်ပြီးနောက် ကျောင်းယွဲ့ကို ကြည့်ရင်း သက်ပြင်းချမိလိုက်တော့သည်။ ထို့နောက် သူမက မင်ရှစ်ရင်အား လက်ညှိုးထိုးကာ “ ဒီလိုဆိုရင် ငါ ကျောင်းယွဲ့ကို ထောက်ပံ့ပေးမယ်။ ငါ ဒီမှာရှိနေသရွေ့ ဘယ်သူမှ သူ့ဆံပင်မွေး ထိဖို့ ခွင့်မပြုဘူး … ”
မော့လီက ဖြည်းဖြည်းချင်း လှည့်လာသည်။ သူမက မယ်တော်ကြီးကို စိုက်ကြည့်နေသော်လည်း သူမစကားများက ဒုတိယမင်းသားအား ရည်ညွှန်းပြောနေသည်။
“ အရှင့်သား ကျွန်မ မှန်းတာ မှန်တယ်မလား ”
လျိုဟွမ်က မယ်တော်ကြီးအား ဦးညွှတ်လိုက်ပြီးနောက် “အဘွား အခန်းထဲမှာ ပြန်အနားယူနေလိုက်ပါ။ ဒီကိစ္စကို ဧကရာဇ်ဆီ ပြန်ရှင်းပြလိုက်ပါ့မယ်“
လေထုထဲ မှိန်ဖျော့ဖျော့ ရနံ့ ထွက်ပေါ်လာသည်။
“ အဆိပ် ”
ထိုရနံ့ကို ရလိုက်သော ကျင့်ကြံသူများက မထိခိုက်ကြသော်လည်း မယ်တော်ကြီးက နေရာမှာတင် ချက်ချင်း လဲကျသွားသည်။
လီယွင်ကျောက်က မယ်တော်ကြီးအား ချက်ချင်း ပွေ့ထားလိုက်ရ၏။ သူက မော့လီအား လက်ညှိုးထိုးကာ “ မိစ္ဆာကောင်တွေ … မင်းတို့က မယ်တော်ကြီးကို လုပ်ကြံရဲတယ်လား။ မင်းခေါင်းကို ဖြတ်ရမယ် ”
သူက မယ်တော်ကြီးကို နေရာမှာ ချထားပေးလိုက်ပြီးနောက် တိုက်ခိုက်ဖို့ ခုန်ဝင်လာသည်။
မော့လီက နောက်ဆုတ်လိုက်ပြီး လီယွင်ကျောက်က ရှေ့တိုးနိုင်ရုံမျှ ဖြစ်ကာ သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ကြောင်း သိလိုက်ရသည်။ သူက လေးလံတုံ့ဆိုင်းနေသည်။ သူက ကမ္ဘာဦးချီစွမ်းအား မပါဘဲ လှုပ်ရှားဖို့ အသားမကျပေ။
ချွမ်
စစ်သားနှစ်ယောက်က ဓားများ ဆွဲထုတ်ကာ လီယွင်ကျောက်အား ချိန်ရွယ်လိုက်သည်။
“လီကုန်းကုန်း စွမ်းအားကို ချွေတာထားသင့်တယ်” လျိုဟွမ်က လက်နောက်ပစ်ကာ အေးစက်စက် ပြောလိုက်သည်။
“ အရှင့်သား ”
ထိုစဉ် လျိုဟွမ်က ရုတ်ချည်း လှည့်လာလေသည်။
ဝုန်း
လျိုဟွမ်က လီယွင်ကျောက် ရင်ဘတ်ကို ကန်လွှတ်လိုက်သောကြောင့် လေထဲ အသံကျယ်ကြီးကို ကြားလိုက်ရသည်။
“ အဆင့်နိမ့်ကျွန်ကများ … ငါ့အဘွားကြောင့်သာ မဟုတ်ရင် မင်းအသံနဲ့ ငါ့နားကို ညစ်စွန်းအောင် လုပ်တာ ခွင့်မပြုနိုင်ဘူး ”
“လီကုန်းကုန်း ” ကျောင်းယွဲ့၏ အမူအရာက ပြောင်းလဲသွားသည်။
“ကျွန်တော်မျိုး အဆင်ပြေပါတယ်။ ကျွန်တော်မျိုး အသက်ပေးရမယ်ဆိုရင်တောင် မင်းသမီးကို ကာကွယ်ပေးပါ့မယ်လို့ ကတိပေးထားတယ်။ ဒါက မယ်တော်ကြီးရဲ့ ကျောက်စိမ်းတံဆိပ်ပြားပါ … ယူထားလိုက်ပါ ” လီယွင်ကျောက်က သူ့အိတ်ကပ်ထဲမှ ကျောက်စိမ်းပြားကို ထုတ်ပေးလိုက်သည်။
မော့လီက အေးစက်စက် ပြောလိုက်သည်။ “စွမ်းအားတွေ ဖြုန်းမနေနဲ့။ ကောင်းကင်ဘုံရဲ့ အရှင်ဘုရင်ကိုယ်တိုင် ရောက်လာရင်တောင် သူမကို ကယ်လို့မရဘူး ”
မော့လီက လက်ဝေ့လိုက်သည့်အခါ လူနှစ်ယောက်က ကျောင်းယွဲ့ကို ဖမ်းဖို့ ရှေ့ထွက်လာသည်။
ကျောင်းယွဲ့က အတင်းရုန်ကန်နေသော်လည်း ကမ္ဘာဦးချီစွမ်းအား မရှိဘဲ သူမက အမျိုးသားနှစ်ယောက်အတွက် ပြိုင်ဘက် မဟုတ်ခဲ့ချေ။ သူမက ဖိနှိပ်ခံလိုက်ရသည်။
“ ဒါက တော်ဝင်အစောင့်တပ်ဖွဲ့ဝင်ပဲ … မင်း ရုန်းရဲလား ”
အံ့ဖွယ်မြို့တော်ရှိ အဆုံးသတ်ဆယ်ပါး အစီအရင်ကြောင့် ထိုနေရာရှိ တော်ဝင်အစောင့်များသည် ကမ္ဘာဦးချီ မထိန်းချုပ်သည့် အတွေ့အကြုံရင့် လက်ရွေးစင်များအဖြစ် သတ်မှတ်ခံထားရသည်။ သူတို့နှင့်ယှဉ်လိုက်လျှင် ကမ္ဘာဦးချီအပေါ် မှီခိုကြသည့် ကျင့်ကြံသူများက အတော်လေး အားနည်းလှသည်။
ကျောင်းယွဲ့ကို မင်ရှစ်ရင်ဘေးနား ဆွဲခေါ်သွားလိုက်သည်။
မော့လီက မိစ္ဆာနှစ်ယောက် အဖမ်းခံထားရသည်ကို မြင်သည့်အခါ စိတ်အခြေအနေ ပိုကောင်းလာသည်။
ထိုစဉ် လေးယောက်မြောက် မင်းသား လျိုပင်းက ပြောလာသည်။ “ အစ်ကိုတော်က ဒါက မသင့်တော်ဘူးမလား”
“စစ်ရှစ်တိ ဘာပြဿနာရှိလို့လဲ”
“ဒါတွေအားလုံး လုပ်ခဲ့တာ မိစ္ဆာနှစ်ယောက်ကို ဖမ်းဖို့အတွက်ပဲလား။ တကယ်လို့ အဘွားတော်ရဲ့ အခြေအနေသာ ဆိုးရွားသွားရင် အကျိုးဆက်ကို လက်ခံနိုင်ရဲ့လား” လျိုပင်းက မေးလိုက်သည်။
လျိုဟွမ်က ရယ်မောလိုက်ပြီးနောက် လက်ဝေ့လိုက်သည်။ လျိုပင်းအနားရှိ စစ်သားအများစုက ဓားကိုယ်စီ ဆွဲထုတ်လိုက်ကြသည်။
လျိုဟွမ်က ပြောလိုက်သည်။ “အဲဒါကြောင့် စစ်ရှစ်တိကို ဒုက္ခပေးရဦးမယ် ”
“ဘာအဓိပ္ပာယ်လဲ ”လျိုပင်းက မေးလိုက်သည်။
“စစ်ရှစ်တိ မစိုးရိမ်ပါနဲ့။ ဒီမြင်ကွင်းတစ်ခုလုံးကို မတော်တဆဖြစ်ရပ်လိုပဲ ထင်ရအောင် လုပ်လိုက်မယ်။ မင်း သေသွားရင် မင်းအတွက် သုံးရက်တာ ဝမ်းနည်းပူဆွေးပေးမယ်“ လျိုဟွမ်က ပြောလိုက်သည်။
လျိုပင်းက လက်ခုပ်တီးလိုက်ကာ “ငါက ဒီကို မပြင်မဆင်ဘဲ ရောက်လာမယ် ထင်နေလား။ တကယ်လို့ ငါ့ကို တိုက်ရဲရင် စံအိမ်အပြင်ဘက်က မဟူရာစစ်သည်တော်တွေနဲ့ ငါ့လူက အတင်းဝင်လာမှာပဲ။ သူတို့က တကယ့်တိုက်ပွဲကွင်းပြင်မှာ လေ့ကျင့်ထားတဲ့ လက်ရွေးစင် စစ်သည်တော်တွေနော် ”
“ငါ့ကို ခြိမ်းခြောက်နေတာလား” လျိုဟွမ်က လျိုပင်းအား ကြည့်လိုက်သည်။
လျိုပင်းက လျိုဟွမ်အကြည့်အား မတုံ့မဆိုင်း ပြန်ကြည့်လိုက်ပြီး “ အစ်ကိုတော်က ငါ့ကို ဖိအားမပေးနဲ့”
ရှေးခေတ်အခါကတည်းက အမြင့်နေရာရောက်ဖို့အတွက် ညီအစ်ကိုအချင်းချင်း သတ်ဖြတ်တာမျိုး၊ ဆရာ့ကို သတ်ဖြတ်တာမျိုး မြောက်ပြားစွာ ဖြစ်ဖူးလေသည်။ သို့သော်လည်း မည်သူကမှ ရွင်းထျန်းစံအိမ်အတွင်း ဖြစ်လာလိမ့်မည်ဟု မထင်ထားကြပေ။
ထိုစဉ် မင်ရှစ်ရင်က ဆက်မသည်းမခံနိုင်တော့သည့်အလား အော်ပြောလိုက်သည် “ သောက်ပါးစပ်ပိတ်ထားကြ … ကျန်းအိုက်ကျန့် မင်း ဘာကိုစောင့်နေတာလဲ။ ထွက်ပြီး လာကယ်တော့ ”
“ကျန်းအိုက်ကျန့်လား ”
ရွင်းထျန်းစံအိမ်တစ်ခုလုံး ဂယက်ရိုက်သွားလေသည်။
စစ်သားရာချီက ဘေးပတ်လည်မှ ပြေးဝင်လာကြသည်။ သူတို့က မင်ရှစ်ရင် လွတ်သွားမည်ကို စိုးရိမ်နေကြ၏။
“ ငါက မင်းကို မကြောက်ဘူး။ ငါ့ဆီမှာ တော်ဝင်တံဆိပ်ပြား ရှိတယ်” ကျန်းအိုက်ကျန့်က တော်ဝင်တံဆိပ်တော်ကို မြင့်မြင့်ကိုင်ဆောင်ရင်း ထွက်လာသည်။ သူသာ ယခုမပြုမူလျှင် နောက်ကျလွန်းသွားလိမ့်မည်။ ဒီလိုအရေးကြီးအခိုက်အတန့်၌ သူ့သူလျိုများပေါ် မှီခိုထားရတော့မည်။
လူအုပ်ကြီးက ပြန့်ကျဲသွားလေသည်။
အားလုံးက ကျန်းအိုက်ကျန့်နှင့် သူ့လက်ထဲမှ တံဆိပ်တော်ကို ကြည့်နေကြသည်။
ကျန်းအိုက်ကျန့်က ရူးသွားပြီလား ….
ရဲတင်းလိုက်တာ …
လျိုဟွမ်က မယ်တော်ကြီးကိုတောင် မနာခံဘဲနဲ့ သူ့ညီအစ်ကိုအချင်းချင်း ပြန်သတ်ဖို့တောင် လုပ်နေတာလေ … တော်ဝင်တံဆိပ်တော်လောက်ကို ဘာလို့များ ဂရုစိုက်နေမှာလဲ။
…
အခန်း (၃၂၃) ငါဒီမှာရှိနေရင် ငါတို့မရှုံးဘူး
လုကျိုးက မုတ်ဆိတ်သပ်လျက် ရှောင်ယွမ်အာ၏လက်ကိုကိုင်ထားလိုက်သည်။ သူသည် ကျန်းအိုက်ကျန့်ကို အပြည့်အဝ အားကိုးရန်မတွေးထားပေ။ အရေးအကြီးဆုံးအခိုက်အတန့်၌ သူ့ကိုယ်သူသာ အားကိုးနိုင်မည်။ တော်ဝင်တံဆိပ်တော်ကို အသုံးပြုတာအကျိုးမထူးပေ။ အရေးအကြီးဆုံးက အဆုံးသတ်ဆယ်ပါးအစီအရင်ကို အသက်သွင်းထားချိန်၌ ကနဦးချီကို အသုံးမပြုနိုင်ပေ။ ကျန်းအိုက်ကျန့်မည်သည်ကို တွေးနေသနည်း။ ကျန်းအိုက်ကျန့်က ထိုအတွက် ထိုးနှက်ခံရပေတော့မည်။
“ရှစ်စွင်း” ရှောင်ယွမ်အာသည် သူမရှစ်စွင်းက သူမ၏လက်ကို ဆုပ်ကိုင်ထားရသည့် အကြောင်းအရင်းကို ဇဝေဇဝါဖြစ်နေလေ၏။
လုကျိုးက ရှောင်ယွမ်အာကို တစ်ချက်ကြည့်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်၏။ သင့်တော်သည့်အချိန်၌ သူသည် ခမ်းနားခြင်းကျင့်စဉ်ကိုထုတ်ဖော်ပြီး နတ်ခြင်္သေ့၏ ကျောပေါ်တက်ကာ တည်တည်ငြိမ်ငြိမ် ထွက်ခွာသွားမည်။ ယင်းက မှားနိုင်စရာမရှိသော အစီအစဉ်တစ် ခုဖြစ်သည်။ သို့သော်ငြား ဒီလူမိုက်နှစ်ယောက်ကိုကော ငါဘယ်လိုလုပ်ရမလဲ။ အင်း .. အခုစောင့်ကြည့်တာပေါ့။
ထိုအချိန်၌ ကျန်းအိုက်ကျန့်သည်သူ့ခေါင်းထက်၌ တော်ဝင်တံဆိပ်တော်ကို မြှောက်ပြီး ဆက်လျှောက်သွား၏။
မင်းသားနှစ်ပါးက ကန်းနေတာမဟုတ်ပေ။ သူတို့အနားရှိတော်ဝင်စစ်သည်များက တော်ဝင် တံဆိပ်တော်ကို ချက်ချင်းမှတ်မိသွား၏။ ယင်းက တော်ဝင်အစောင့်များကို ချက်ချင်းအမိန့်ပေးနိုင် သည့် ထူးဆန်းသောစွမ်းအားရှိမှန်းသူတို့သိကြသည်။
ထူးဆန်းလိုက်တာ ... အဲ့ဒီပစ္စည်းက ပျောက်သွားတာကြာပြီမဟုတ်ဘူးလား။ ဘာကြောင့် နယ်လှည့်သဘင်သည် လက်ထဲမှာ ပေါ်လာရတာလဲ။
“တံဆိပ်တော်ကိုတွေ့ရတာက အရှင်မင်းကြီးကိုမြင်ရသလိုပဲ ... ဒူးထောက်ကြ” ကျန်းအိုက်ကျန့်က အော်လိုက်၏။
ဝှစ်
စစ်သည်များသည် သူပြောသည့်အတိုင်းလုပ်၏။ သို့သော်ငြား တစ်စုံတစ်ခုလွဲချော်နေကြောင်း သူတို့အမြန် သဘောပေါက်သွား၏။
မင်းသားနှစ်ပါးနှင့် မော့လီက ဒူးမထောက်ပေ။ လျိုဟွမ်က ပြုံးပြီးပြောလိုက်၏။ “တံဆိပ်အတုပဲ ... သူ့ကိုနမူနာထားပြီးခေါင်းဖြတ်ကြ”
ကျန်းအိုက်ကျန့်က ဆွံ့အသွား၏။ သေစမ်း ... ဒါအလုပ်မဖြစ်မှန်းသိသားပဲ
မင်ရှစ်ရင်၏မျက်နှာထက်၌ မယုံနိုင်သည့်အမူအရာရှိနေကာ သူကပြောလိုက်တော့သည်။ “မင်း ငါ့ကို နောက်နေတာပဲ”
ဘန်း
စစ်သည်တစ်ယောက်က ရုတ်တရက်ထရပ်ပြီး ကျန်းအိုက်ကျန့်၏တင်ပါးကို ကန်လိုက်၏။ ကျန်းအိုက်ကျန့်က ရှေ့သို့ရောက်သွားကာ မြေပြင်ပေါ်အပတ်ရေအနည်းငယ်လှိမ့်သွားပြီးနောက် နာနာကျင်ကျင် ညည်းလိုက်လေ၏။
“အဲ့မှာ ဘာရပ်လုပ်နေတာလဲ ... ခေါ်သွားလိုက်လေ” ထင်သည့်အတိုင်းပင် လျိုဟွမ်နောက်ရှိ စစ်သည်က သူတို့ဓားများထုတ်ကာ လျိုဟွမ်နှင့်မော့လီကိုရင်ဆိုင်တော့၏။
မော့လီနှင့် လျိုဟွမ်က သူတို့အစေခံများ၏ဓားများကို ဆွဲထုတ်ပြီးတိုက်ခိုက်တော့၏။
ဘန်း ဘန်း ဘန်း
လုကျိုးသည် သူ့နားတဝိုက်အခြေအနေကို လေ့လာလိုက်ပြီး ကျန်းအိုက်ကျန့်အနည်းငယ် ကျွမ်းကျင်သောကြောင့် အံ့ဩနေမိသည်။ ဒီလူတွေက လျိုဟွမ်နားမှာ မင်းထားထားတဲ့လူတွေလား
လျိုဟွမ်၏အမူအရာကလည်းထိတ်လန့်သွား၏။ သူက ကျန်းအိုက်ကျန့်၏လူများနှင့်တိုက်နေစဉ် မော့လီနှင့်နောက်သို့ဆုတ်သွား၏။
တော်ဝင်အစောင့်များနှင့်စစ်သည်များက သူတို့သခင်များတိုက်ခိုက်နေတာကိုမြင်သောအခါ သူတို့ က ပျားများပမာ ဝေ့ဝိုက်သွားလာနေတော့သည်။
“သေစမ်း သူတို့က တိုက်ခိုက်တာအတော် ကောင်းပါလားကွ” ကျန်းအိုက်ကျန့်က အံ့ဩသွား၏။
ဓားသွားများနှင့် အရိပ်များကြားထဲတွင် ကျန်းအိုက်ကျန့်သည် မင်ရှစ်ရင်နှင့် ကျောင်းယွဲ့တို့ ရပ်နေသည့် နေရာဆီသို့တွားသွားလိုက်၏။ သူက သူတို့ကိုဆွဲခေါ်ပြီးထွက်သွားတော့သည်။
မင်ရှစ်ရင်က ခေါင်းခါပြီးပြောလိုက်သည်။ "ငါ မင်းကိုမယုံခဲ့သင့်ဘူး ... အခုငါထွက်သွားလို့ မရတော့ဘူး”
ဓားများက သူတို့လမ်းကြောင်းကိုဟန့်တားလိုက်၏။
“အမ်” ဒါကအတော်လေးကိုးရိုးကားရာနိုင်သွားသည်။ ကျန်းအိုက်ကျန့်က မော့လီနှင့် လျိုဟွမ်ကိုလှည့် ကြည့်လိုက်၏။ သူ၏လူများက ထိခိုက်မှုများနေ၏။ တစ်ဖက်တွင်မူ သူတို့အဝတ်အစားများ အနည်းငယ်ဆုတ်ပြဲသည်မှအပ လျိုဟွမ်နှင့်မော့လီက ဒဏ်ရာရပုံမရပေ။
ဖြောင်း ဖြောင်း ဖြောင်း
လျှိုပင်းက လက်ခုပ်တီးပြီးပြောလိုက်၏။ “ကြည့်ရတာ အစ်ကိုရဲ့သိုင်းစွမ်းရည်ကို ဖြုန်းတီးရာမရောက်ခဲ့ဘူးပဲ”
လျိုဟွမ်က အေးစက်စက်ပြောလိုက်၏။ "ကျင့်ကြံသူတွေက အမြဲတမ်းအစွမ်းထက်နေတာ သူတို့တွေက တပြိုင်နက်တည်းမှာပဲ ရန်သူတစ်သောင်းကိုတောင် ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိတယ်။ ဒါပေမဲ့ သူတို့တွေလောကကြီးကို ဘာကြောင့်မစိုးမိုးလဲဆိုတာမင်းသိလား” သူက ခဏတာ ရပ်တန့်ပြီးနောက် ဆက်ပြောလိုက်၏။
“အားလုံးက သံသရာလည်နေတာပဲ ... သူတို့တွေမှာ အရာအားလုံးအတွက် ပျက်စီးစေတဲ့အကြောင်းအရင်းတစ်ခုဆိုတာရှိတယ် မင်း လုံလောက်အောင် ထက်မြက်ရင် တစ်နေ့ကျ တလောလုံးက ဘာမှမဟုတ်ဘဲ သံသရာလည်နေတဲ့ လှောင်အိမ်တစ်ခုပဲဆိုတာ မင်းသဘောပေါက်လာလိမ့်မယ်ြ”
မော့လီက ပန်းလေးတစ်ပွင့်ပမာဆွဲဆောင်မှုရှိသောအပြုံးတစ်ပွင့်ဆင်မြန်းထားကာပြောလိုက်၏။
“ပြောတာကောင်းပါရဲ့ အရှင့်သား” လီယွင်ကျောက်က ထရပ်လိုက်ပြီး သူ့ကိုကန်လိုက်၏။ ယင်းက ကြမ်းတမ်းပြီးကြောက်မက်ဖွယ်ကောင်းသည်။ သူမက အမျိုးသမီးတစ်ယောက်ကဲ့သို့မပြုမူပေ။
လီယွင်ကျောက်က နာကျင်စွာညီးတွားလိုက်၏။ သူက မြေကြီးပေါ်လှိမ့်သွားကာ သွေးအန်တော့ သည်။ “တွေ့ပြီလား အစွမ်းထက်တဲ့လီကုန်းကုန်းက ကန်ချက်တစ်ချက်ကိုတောင် မခံနိုင်ဘူး”
ယခုအချိန်တွင် လုကျိုးက မော့လီ၏အထောက်အထားနှင့်အပြုအမူကိုပြန်လည်အတည်ပြုပြီး ဖြစ်သည်။ သူမသည် လို့လန်မှကျန်သည့်မျိုးနွယ်စုဝင်တစ်ယောက်ဖြစ်နေတာကို ရှာတွေ့သွားသည့် အချိန်၌မအံ့ဩပေ။ သူက ရှောင်ယွမ်အာ၏လက်ကိုလွှတ်ပေးပြီး လန်လော့ကိုရှာလိုက်တော့သည်။ နောက်ဆုံးတွင် သူက ခေါင်းခါပြီးသက်ပြင်းချလိုက်၏။ သူ့အသံကကျယ်လောင်လာကာ ပြောလိုက်တော့သည်။
“ထားလိုက်တော့”
အားလုံး၏အာရုံစိုက်မှုက ယခုအချိန်တွင် လုကျိုးဆီသို့ရောက်လာ၏။
“ဒီမှာ ဘာကိစ္စမှမရှိတဲ့သူတွေ ...” “ဟမ်” မော့လီကရပ်တန့်သွား၏။ ထိုလူကို ရင်းနှီးနေသည်ဟု သူမသိလိုက်ရသည်။ ခဏကြာပြီးနောက်အထူးစွမ်းအားဖြင့်လွှတ်ထားသည့် သူမရုပ်သေးများထဲမှ တစ်ခု၏မြင်ကွင်းကိုပြန်အမှတ်ရသွားသည်။ ထိုစဉ်က ဤရင့်ရော်သောမျက်နှာကို မြင်ဖူးတာ မှတ်မိသွား၏။ သူမမျက်နှာပေါ် ကြောက်ရွံ့မှုတစ်စွန်းတစပေါ်လာကာ အော်ပြောလိုက်၏။
“ရှင်လား”
လုကျိုးက မုတ်ဆိတ်သပ်လျက်ရှေ့သို့တိုးလိုက်လေ၏။ “မင်းက မော့လီလား”
မော့လီက ပြုံးကာပြောလိုက်တော့သည်။ “အံ့ဩဖွယ်အလှည့်အပြောင်းပဲ”
အဆုံးသတ်ဆယ်ပါးသည် မင်ရှစ်ရင်၊ ကျောင်းယွဲ့နှင့် စတုတ္ထမင်းသားအတွက် ပြင်ဆင်ပေးထားတာ ဖြစ်သည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ဂိုဏ်းချုပ်ကို ဖမ်းမိလိမ့်မည်ဟု သူမမထင်ထားပေ။ သူမ မည်ကဲ့သို့မပျော်ပဲနေမည်နည်း။ သူမအံ့ဩသင့်ရာကနေ သတိပြန်ဝင်လာပုံပေါ်၏။ လျိုဟွမ်က တစ်စုံ တစ်ခုကို သတိပြုမိသွားပုံရသည်။ သူ၏မျက်လုံးထဲ၌ မီးလျှံများရှိနေ၏။ သူက
“မိစ္ဆာကြီးကျိလား”
ကျန်သည့်သူများက ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
စစ်သည်များကလေ့ကျင့်ထားသော်ငြား သူတို့သည် နောက်တစ်လှမ်းဆုတ်မိသွား၏။ သူတို့ ခန္ဓာကိုယ်ထဲကနေ ယုံကြည်ချက်များယိုစိမ့်ထွက်လာသည်ဟုခံစားမိသည်။ “နေရာမှာတင်ရပ်နေကြ ... အဆုံးသတ်ဆယ်ပါးအစီအရင်ထဲမှာ ဘာကြောက်စရာရှိလို့လဲ”
ထိုစကားကို ကြားသောအခါ စစ်သည်များက စိတ်သက်သာရာရသွား၏။
“ကောင်းကင်ကို သွားရာလမ်းက ကျယ်ဝန်းတယ်။ ဒါတောင်မှ လွတ်လမ်းမရှိတဲ့ ငရဲထဲခုန်ဖို့ ရွေးချယ်ခဲ့တာပဲ” မော့လီက အချိန်ဖြုန်းမနေဘဲ သူမလက်ကိုအမြန်ဝေ့ယမ်းလိုက်၏။
သူမဘေးရှိမဟာစစ်သူကြီးဆယ်ဦးက လူဖြန့်သွားကာ ရှေ့သို့တလှမ်းတိုးလိုက်၏။ သူမအမြင်တွင် အစီအရင်အပြင်ဖက်၌ ပွင့်ချပ်ငါးလွှာနှင့်အထက်ကျင့်ကြံသူတစ်ဦးသာလျှင် သူမကိုရင်ဆိုင်နိုင်၏။ အစီအရင်အတွင်း၌ အားလုံးက ညီတူမျှတူပဲဖြစ်သည်။
လုကျိုးက ညာဖက်လက်ဖဝါးကို မှောက်ကာ ထူးကဲစွမ်းအားကို ထုတ်လိုက်၏။ ငါ ဒါကို သုံးနိုင်တယ်။ တချိန်တည်းတွင် အမည်မဲ့က သူ့လက်ဖဝါးထဲတွင်ပေါ်လာ၏။
ကျန်သည့်သူများက ကြောက်လန့်သွားကြသည်။ လျှိုပင်းက လုကျိုးကိုမှတ်မိသည်။ သူသည် ထိုစဉ်က မင်းသားချီ၏အိမ်တော်၌ မိစ္ဆာကြီးကျိနှင့်တွေ့ဆုံဖူးတာမှတ်မိသွား၏။ နွေဦးစံအိမ်အတွင်း ကသောင်းကနင်းဖြစ်နေမှုကြောင့် အစောတုန်းက သူသည် လုကျိုးကို သတိမပြုခဲ့မိပေ။ သူက ထိတ်လန့်သွားလေ၏။ သူက မာရေကျောရေမနေတော့ဘဲ အနောက်သို့ဆုတ်လိုက်သည်။
“လောင်ချန်းပေ့”
မော့လီက လျိုဟွမ်ကို ဦးညွှတ်၍မေးလိုက်၏။ “အရှင်မင်းသား ... ကျွန်မ ဒါကိုဖြေရှင်းလို့ရလား”
“ရတယ်” လျိုဟွမ်က လက်နောက်ပစ်ထားလိုက်၏။ သူက မယ်တော်ကြီးထိုင်နေသည့်ဘေးရှိ ခုံဆီသို့ လျှောက်သွားပြီး ထိုင်လိုက်လေ၏။ သတိလစ်နေသော မယ်တော်ကြီးကို တချက်ကြည့်ပြီး သူက အနည်းငယ်စိတ်အေးသွားတော့၏။ “ကျေးဇူပါ အရှင်မင်းသား” မော့လီက ပြန်လှည့်သွားသည်။
“ဒီစစ်သူကြီးဆယ်ယောက်က တော်ဝင်အစောင့်တွေထဲက အကျော်အမော်တွေပဲ ... ပွင့်ချပ်သုံးလွှာ၊ ပွင့်ချပ်လေးလွှာ၊ ပွင့်ချပ်နှစ်လွှာ၊ ပွင့်ချပ်ခြောက်လွှာနဲ့ကျင့်ကြံသူတွေရှိတယ်။ ရှင့်ကိုဖျော်ဖြေဖို့ သူတို့ကိုသုံးရင်အကျိုးယုတ်မယ်မထင်ဘူး။ ရှင့်ရှေ့မှာပဲ တပည့်တွေအားလုံးကိုအရင်သတ်တာပေါ့။ ရှင့်ကိုမသတ်ခင်မှာပဲ သူ့တပည့်တွေအားလုံးကိုအရင်သတ်တာပေါ့”
“အမိန့်တော်အတိုင်းပါ” လေများပြင်းထန်စွာတိုက်ခတ်လာပြီး ပတ်ဝန်းကျင်က တင်းမာလာ၏။ အဝေးရှိမျှော်နန်းထဲတွင်ဖြစ်သည်။
ဟန်ယွီယွမ်က သူ၏ရယ်မောမှုကို ထိန်းထားနိုင်ရုံမျှသာရှိသည်။ သူ၏ပေါင်ကိုရိုက်ပြီး ပြောလိုက် တော့၏။
“ဂိုဏ်းချုပ်စီး အဲ့လိုတွေးမိရဲ့လား သဘာဝကပ်ဘေးကိုရှောင်နိုင်တာနဲ့ အပြစ်ကျူးလွန်တာ နောက်ဆက်တွဲကနေ ဘယ်တော့မှ မလွတ်မြောက်နိုင်ဘူး။ မိစ္ဆာဝေဟင်မျှော်နန်းက ဒီနေ့ကစပြီး ဆက်မရှိနိုင်တော့ဘူး။”
စီးဝူယာ့သည် မုတ်ဆိတ်ကို သပ်လျက် တည်ငြိမ်စွာနေနေသည်။ သူ့ကို ပြတင်းပေါက်ကနေ မြင်လိုက်ရချိန်၌ သူ၏အမူအရာက ထိတ်လန့်သွားလေ၏။ သူကမျက်မှောင်ကျုံ့လိုက်တော့သည်။ ရှစ်စွင်း ဒီမှာ ဘာလုပ်နေတာပါလိမ့် သူကပြောလိုက်သည်။ "ရာရာစစ”
ဘန်း
ဟန်ယွီယွမ်က စီးဝူယာ့ရှေ့ရှိစားပွဲကိုကန်လိုက်ရာအစိတ်စိတ်အမွှာမွှာဖြစ်သွား၏။ “ပြီးကျ မင်း မြေပြင်ပေါ်မင်းရဲ့ခေါင်းပြုတ်ကျသွားတဲ့အချိန် မင်းမောက်မာထောင်လွှားနိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့”
……..
နွေဦးစံအိမ်တွင် ဖြစ်သည်။ “ရှစ်စွင်း” ကျောင်းယွဲ့နှင့်မင်ရှစ်ရင်က တညီတညွတ်တည်း အော်လိုက်၏။ သူတို့က လုကျိုးလျှောက်ထွက်လာတာကိုမြင်သောအခါ သူတို့ ပျော်သင့်လား မသိတော့ပေ။ လုကျိုးက သူတို့ကိုလျစ်လျူရှုထား၏။ ထိုအစား မော့လီကို စိုက်ကြည့်ကာပြောလိုက်တော့၏။
“မင်းက ငါ့တပည့်တွေကိုထိရဲတယ်ပေါ့”
“သူ့ကိုသတ် မင်းတို့က တာ့ယန်ရဲ့သူရဲကောင်းဖြစ်မယ်” မော့လီက ပြောလိုက်သည်။
“အမိန့်အတိုင်းပါ” စစ်သူကြီးများထဲမှတစ်ဦးက လုကျိုးကို တစ်ချက်ကြည့်လိုက်၏။ ပြီးနောက် သူ့ဓားကို ဆွဲထုတ်လိုက်သည်။ တွေဝေမနေဘဲလုကျိုးဆီလွှဲခုတ်လိုက်၏။ လုကျိုးက ဘေးသို့ အနည်းငယ် ရှောင်လိုက်ရာ သူ၏ညာလက်ထဲ၌ တစ်စုံတစ်ခုက အနည်းငယ်လက်လာတော့သည်။
ဝှစ်
မျက်တောင်တခတ်အတွင်းလုကျိုးက စစ်သူကြီးကိုဖြတ်ကျော်သွားပြီး သူ့နောက်၌ ရပ်နေလိုက်၏။ စစ်သူကြီး၏ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ သူက မယုံနိုင်သည့်ပုံပေါ်နေကာမျက်လုံးများ ပြူးကျယ်နေလေ၏။
လုကျိုး၏အကြည့်က မော့လီပေါ်၌ရှိနေသေးသည်။
ထောက်
စစ်သူကြီးက မျက်နှာအက်ကာပြုတ်ကျသွားတော့၏။ သူက ပြန်လည်တိုက်ခိုက်ရန် စွမ်းအား ကင်းမဲ့သွားသည်။ “တင်း ... ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ ဆုလာဘ်ကုသိုလ်မှတ်တစ်ထောင်”
အလောင်းပေါ် နေရောင်ခြည် ဖြာကျနေ၏။ ၎င်း၏မြင်ကွင်းက ယင်ကောင်များကို လာစေရန် လုံလောက်နေပြီဖြစ်သည်။ သွေးညှီနံ့တို့က လေထဲတက်လာတော့၏။
နွေဦးစံအိမ်က ယခုအချိန်၌ တိတ်ဆိတ်မှုအတိဖြစ်နေတော့သည်။
ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မိစ္ဆာကြီးကျိလား ... သူက ကနဦးချီကိုဖယ်ရှားထားတဲ့ အဆုံးသတ် ဆယ်ပါးအစီအရင်ထဲမှာ ရှိနေတာလေ။ ဒါတောင်မှ သူသတ်နိုင်သေးတယ်လား ...
မော့လီ၏ လက်ချောင်းများက ချက်ချင်း ဖျစ်ညှစ်လိုက်သည်။ သူကလက်ချောင်းများကိုကျစ်ကျစ် ဆုပ်လိုက်လေရာချွေးများပျံနေတာကိုတွေ့လိုက်ရသည်။
လူတိုင်း၏အကြည့်က လုကျိုးဆီရောက်နေတော့၏။
“မင်းမှားတယ်” လုကျိုးက တည်ငြိမ်စွာပြောလိုက်တော့၏။
“ငါ့အသက်အကန့်အသတ်က ငါ့အပေါ်မှာ မူတည်တယ်။ ကျင့်ကြံခြင်းအရာမှာ ငါက မင်းတို့တွေနဲ့ မယှဉ်နိုင်ဘူး။ အဆုံးသတ်ဆယ်ပါး အစီအရင်ကို ငါတကယ်သဘောကျတာပေါ့”
လုကျိုးက အမှန်အတိုင်း ပြောနေတာ ဖြစ်သည်။ ကျင့်ကြံခြင်းယှဉ်သည့် တိုက်ပွဲဆိုလျှင် တော်ဝင်အစောင့်များက သူ့ကို ခေါင်းခဲစေဦးမည်။ ဤအစီအရင်ဖြင့် လူတိုင်းက ညီတူမျှတူ ဖြစ်သွားသည်။ သို့သော်ငြား သူက ကောင်းကင်ကျမ်းစာနှင့် အမည်မဲ့၏ထောက်ပံ့မှုရထားသည်။ မည်သူကမှ ကျင့်စဉ်နှင့်သတ်ဖြတ်သည့်အတွေ့အကြုံအရာတွင် သူနှင့်မယှဉ်နိုင်ပေ။
မော့လီက မယုံနိုင်စွာခေါင်းခါလိုက်လေ၏။ သူမကအမြန်အမိန့်ပေးလိုက်သည်။
“သူလိမ်နေတာ နားမထောင်နဲ့ ... သူလို အဖိုးကြီးက ကြာကြာခံမှာမဟုတ်ဘူး။” သူမ၏စကားများက လုံလောက်သည်ဟုမထင်ဘဲထပ်ပြောလိုက်၏။ “မင်းတို့အားလုံးက တာ့ယန်ရဲ့စစ်သည်တော်တွေ ... အခေါင်းထဲခြေတစ်ဖက်ဝင်နေတဲ့အဖိုးကြီးကို မနိုင်ကြဘူးလား”
“ကျုပ်သွားမယ်” စစ်သူကြီးများထဲမှ တစ်ဦးက ဓားမော့ကိုလွှဲခုတ်ပြီးရှေ့သို့ဝင်သွားလိုက်သည်။ အဆုံးသတ်ဆယ်ပါးအစီအရင်ထဲ၌ လူတိုင်းက လက်ရည်တူသည်။ သို့သော်ငြား အစတည်းက သဘာဝ၌ အကြွင်းမဲ့တူညီမှုဟူသည်ကားမရှိပေ။ လုကျိုးက လက်မြှောက်လိုက်၏။
“ရှစ်စွင်း ဂရုစိုက်”
“ရှစ်စွင်း”
ရှောင်ယွမ်အာ၊ မင်ရှစ်ရင်နှင့် ကျောင်းယွဲ့တို့က အထိတ်တလန့်ထုတ်ဖော်ပြောလိုက်မိ၏။
ချွင်း
နေရောင်သည် အမည်မဲ့ကို ရောင်ပြန်ဟပ်နေ၏။
ထူးကဲစွမ်းအားက အနည်းငယ်တောက်ပသွားကာ အမည်မဲ့၏အစွန်းဆီသို့သွားလိုက်သည်။
လုကျိုးက အမည်မဲ့ကိုပြောင်းပြန်ဆုပ်ကိုင်ထားလိုက်ရာ စစ်သူကြီး၏ဓားမော့ကိုတန်ပြန် တိုက်ခိုက်ရန်ရှုထောင့်တစ်ခုပြောင်းလျက် စစ်သူကြီး၏လည်ပင်းဆီသို့ဖြတ်ဆွဲသွားလိုက်၏။
တိုက်ပွဲထဲ တိတ်ဆိတ်မှုအတိပေါ်လာပြီး ဤအတိုင်းပြီးဆုံးသွားပြန်သည်။
လုကျိုးက ကျန်ရှိသောထူးကဲစွမ်းအားများကို စုထားသည်။ ကျင့်စဉ်များမသုံးဘဲ ထူးကဲစွမ်းအားက သူ၏စိတ်ဝိညာဉ်ကိုမြင့်မားစွာထိန်းထားနိုင်အောင်တည်ငြိမ်သည့်စွမ်းအင်စီးဆင်းမှုပေးစွမ်းသည်။
ချပ်
ဓားမော့က နှစ်ပိုင်းကွဲသွားလေ၏။ စစ်သူကြီးက မျက်လုံးများပြူးကျယ်သွားတော့သည်။ သူ၏ နှုတ်ခမ်းများကတုန်ယင်နေလျက်ပြောလိုက်၏။ "မ ... မဖြစ်နိုင်တာ" သူက အသက်မရှူနိုင် အဆုတ်ကနေ လေများထွက်လာ၏။ သူ၏လည်ပင်းကနေသွေးများစီးကျလာတော့သည်။
“ဒါက ငါ့ရဲ့တပည့်ကျောင်းယွဲ့အတွက်ပဲ”
ထောက်
“တင်း ... ပစ်မှတ်တစ်ယောက် သတ်ပြီးပါပြီ ဆုလာဘ်ကုသိုလ်မှတ်တစ်ထောင်”
လျိုဟွမ်သည် ယခုအချိန်၌ အခြေအနေမည်မျှပြင်းထန်ကြောင်းသဘောပေါက်၏။ သူကထရပ်ကာပြောလိုက်တော့သည်။ “မင်းတို့တိုက်ခိုက်ကြ”
“အမိန့်အတိုင်းပါ” စစ်သည်နှစ်ယောက်ကရှေ့တက်သွား၏။ ယခုအချိန်တွင် ကျင့်စဉ်များ သို့မဟုတ် သရုပ်ပြမှုများ အားလုံးက အဓိပ္ပာယ်မရှိတော့ပေ။ ရလဒ်ကိုဆုံးဖြတ်ပေးသော တစ်ခုတည်းသောအရာက လူတစ်ယောက်၏သတ်ဖြတ်မှုနည်းပဲဖြစ်သည်။ ရှောင်ယွမ်အာသည် သူမရှစ်စွင်းက သူတို့ကျင့်ကြံစဉ် ကနဦးချီ အသုံးမပြုရန် ညွှန်ကြားထားသည့်အကြောင်းအရင်းကို ရုတ်တရက် သဘောပေါက်သွား၏။ ဤကဲ့သို့ တိုက်ပွဲအတွက် ပြင်ဆင်ထားရန်ဖြစ်သည်။
လုကျိုးက တည်ငြိမ်နေသည်။ သူ၏လက်က အမည်မဲ့ကိုမြဲမြံစွာကိုင်ထား၏။ သူကရှေ့တလှမ်းတိုးကာ တက်လာသည့်စစ်သည်နှစ်ယောက်ကိုဓားဖြင့်ပိုင်းဖြတ်လိုက်၏။
ဓားသွားက သံချပ်ကာကိုခွင်းသွားသည့်အသံကလေထဲပေါ်ထွက်လာ၏။
“ဒီနှစ်ယောက်က ကျန်းအိုက်ကျန့်အတွက်”
“တင်း ... ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ ဆုလာဘ်ကုသိုလ်မှတ်တစ်ထောင်”
“တင်း ... ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ ဆုလာဘ်ကုသိုလ်မှတ်တစ်ထောင်”
မော့လီက မျက်မှောင်ကျုံ့သွားလေ၏။ သူမက ကြောက်ရွံ့သွားပြီး အနောက်သို့ အနည်းငယ်ဆုတ်လိုက်မိသည်။ လုကျိုးက စိတ်အေးလက်အေး ရှိနေပုံပေါ်သည်။ သူ၏အရှိန်က နှေးသည်လည်းမဟုတ် မြန်သည်လည်းမရှိပေ။
…
အခန်း (၃၂၄) နတ်ဆိုးကို ဘယ်အရာက ဖြစ်စေတာလဲ
ကျန်းအိုက်ကျန့်၏ သတင်းပေးများက ဓားသွားပေါ် လျှောက်နေရသည်မှာ နှစ်များစွာကြာမြင့်နေလေပြီ။ သူတို့က အန္တရာယ်ကြား အိပ်စက်ခဲ့ရပြီး ဘယ်အချိန် အသက်ပျောက်သွားမလဲ မသိကြပေ။ သူတို့ ကျန်းအိုက်ကျန့်နောက် လိုက်ဖို့ ဆုံးဖြတ်လိုက်ကတည်းက သူတို့ သေသွားနိုင်ကြောင်း သိထားကြသည်။ သူတို့ရှင်သန်မှုက ငှက်မွေးလေးလို ပေါ့ပါးကာ သူတို့သေဆုံးမှုက လေပြေလို ဖြစ်၏။ မည်သူမှ သူတို့ကို မှတ်မိကြမည် မဟုတ်ပေ။ သို့သော်လည်း သူတို့က သေခြင်းတရားကို မရှောင်ဘဲ မိတ်ဆွေဟောင်းလို သတ်မှတ်ထားကြသည်။
ကျန်းအိုက်ကျန့်က လုကျိုး၏ စကားများကြားသည့်အခါ နှလုံးသးနာကျင်လာမိသည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ မိစ္ဆာအိုကြီးအပေါ် သူ့အမြင်က ထပ်ပြောင်းသွားလေပြီ။
မကောင်းဆိုးဝါး မိစ္ဆာဆိုတာ ဘာလဲ … ဘယ်အရာက ဖြစ်စေတာလဲ …
တစ်ယောက်ယောက်က အသိရှိနေတဲ့ ဘဝကို ယူဆောင်သွားပြီး အကျင့်စာရိတ္တစည်းမျဉ်းနဲ့ မကိုက်တဲ့သူလား
သူ ကြာကြာအသက်ရှင်လေလေ အားလုံးက မကောင်းဆိုးဝါး ဖြစ်သည်ဟု ပိုမို ယုံကြည်လာမိသည်။
“ မင်းနဲ့ မင်း … သူ ဘယ်လောက်အထိ ထိန်းထားနိုင်ဦးမလဲ ကြည့်ချင်မိသား”
စစ်သူကြီးနှစ်ယောက်က ယခင်အမှားများမှ သင်ယူထားသည်။ သူတို့က နှစ်ဖက်ညှပ်နည်းဗျူဟာကို အဆင့်မြင့်လိုက်ကြသည်။ သူတို့ဓားသွားများက လေဟုန်ခွင်းလာသည်။
ကျင့်ကြံသူများက ယခု သူတို့ချီစွမ်းအားကို ထုတ်မသုံးနိုင်သော်လည်း သူတို့ရုပ်ပိုင်းဆိုင်ရာက သေမျိုးများ ယှဉ်နိုင်သည့်အရာတော့ မဟုတ်ပေ။ အကြောင်းမှာ သေမျိုးများက ခန္ဓာကိုယ်လေ့ကျင့်မွမ်းမံမှုများ မဖြတ်ကျော်ဖူးကြပေ။
စစ်သူကြီးနှစ်ယောက်၏ ခြေလှမ်းတိုင်းက မြေပေါ် အချိုင့်ရာ ထင်နေခဲ့သည်။ ထိုစဉ် သူတို့က ဓားများကို ဝေ့ယမ်းလိုက်ကြသည်။
လုကျိုးက ခြေဖျားထောက်ကာ ပတ်လည်လှည့်လိုက်သည်။ သူက လက်ထဲတွင် အမည်မဲ့ ကိုင်ဆောင်ရင်း ညာဘက်မှ ပင့်ရိုက်လိုက်သည်။ သူက အမည်မဲ့ဖြင့် ဆတ်ခနဲ လှမ်းထိုးလိုက်သည်။
“ ဟမ် ” လုကျိုး၏ အပြုအမူကြောင့် စစ်သူကြီးနှစ်ယောက်လုံး၏ စိတ်ထဲမှာ ရှိနေသည့် လှုံ့ဆော်မှုများစွာ ပျက်ပြယ်သွားလေသည်။
လုကျိုးက သူတို့တိုက်ခိုက်မှုများမှ ပုံရိပ်ယောင်အလား လွတ်ထွက်သွားလေသည်။ သူက လှည့်ကာ ပြန်ရိုက်ချလိုက်သည်။
စစ်သူကြီးနှစ်ယောက်၏ ဓားက လေထဲတွင် ရှိနေဆဲ ဖြစ်၏။ သူတို့က ပါးစပ်ဟောင်းလောင်းဖြင့် လေထဲ ဗလာကြီးစိုက်ကြည့်နေမိသည်။ သူတို့၏ အသက်သည် ဒဏ်ရာများမှ အလျှင်အမြန် လွှင့်ပါးထွက်ခွာနေသည်ဟု ခံစားနေရသည်။ သူတို့အတွက် အသက်ရှုဖို့ပင် မချိတင်ကဲ ဖြစ်နေကာ သူတို့နှလုံးခုန်နှုန်း နှေးလာသည်ကိုလည်း အရှင်းအလင်း ခံစားနေမိသည်။ သူတို့နှာခေါင်းဝ လာရောက်ထိတွေ့သည့် သွေးနံ့လည်း ရနေသည်။ သူတို့က ထိုအရာက သူတို့အပိုင်လား ဒါမှမဟုတ် တခြားတစ်ယောက်အပိုင်လား မသိပေ။ မိစ္ဆာအိုကြီး မည်သို့လုပ်နိုင်ခဲ့မှန်း ဖော်ထုတ်ဖို့ အရေးမကြီးတော့ပေ။ သူတို့ လဲကျသွားသည့်အခါ အရာအားလုံးက အမှောင်ထုထဲ ကျရောက်သွားလေသည်။
နောက်ထပ် လူနှစ်ယောက် အသက်ဆုံးရှုံးသွားလေပြီ။
“ဒါက ငါ့တပည့် မင်ရှစ်ရင်အတွက် ”
လုကျိုးဆီ ဆုချီးမြင့်လာသော ကုသိုလ်ရမှတ် နှစ်ထောင်က သူ့အား စိတ်မလှုပ်ရှားစေပေ။
နေရောင်က တောက်ပလွန်းသည့်အတွက် သေချာကြည့်ဖို့ ခက်လှသည်။ သွေးနံ့ပင် တစိမ့်စိမ့်နှင့် ခြောက်သွားလေပြီ။ ရွှင်းထျန်းစံအိမ်၏ သက်တောင့်သက်သာရှိကာ တိတ်ဆိတ်အေးချမ်းသည့် ပတ်ဝန်းကျင်က ချက်ချင်းဆိုသလို အစုံလိုက်အပြုံလိုက် လူသတ်ပွဲ ဖြစ်သွားတော့သည်။
စူးရှတောက်ပနေသည့် စွမ်းအားလည်း မရှိသလို ချီစွမ်းအားလည်း မရှိကြပေ။ အားလုံးက တိုက်ပွဲကွင်းပြင်မှာ သတ်ဖြတ်နေကြခြင်း ဖြစ်၏။
ထိုစဉ် လုကျိုးက မော့လီကိုသာ အာရုံစိုက်ထားသည်။ သူ လူခြောက်ယောက်ကို ဆက်တိုက် သတ်လိုက်ပြီးသည့်နောက် သူ့ပြိုင်ဘက်များက ယုံကြည်ချက်လျော့နည်းလာကြလေသည်။ အသတ်ခံရသည့် ခြောက်ယောက်ကလည်း အသေးအဖွဲ့ မဟုတ်ပေ။ သူတို့က တော်ဝင်အစောင့်တပ်မှ ဖြစ်ကြသည်။
မော့လီက ငေးမောနေရာမှ ပြန်လည်အသိဝင်လာကာ လက်ဝေ့လိုက်သည်။ “စစ်သူကြီးတို့ နောက်ဆုတ်ကြပါ ”
ကျန်စစ်သူကြီး လေးယောက်က နောက်ဆုတ်လိုက်ကြသည်။
ထိုစဉ် အဆင့်မြင့် ပညာရှင်က မည်မျှအားကောင်းစေကာမူ ဘာမှမပြောင်းလဲနိုင်ပေ။ လုကျိုးကို ခြေမြန်တပ်သားများဖြင့် ဖိအားပေးသည်က ပိုကောင်းလေသည်။ သမိုင်းကြောင်းတစ်လျှောက် အရေအတွက်ဗျူဟာကို အသုံးပြု၍ တစ်ဦးတည်းသော သူရဲကောင်းကို အပြတ်ဖြိုနိုင်ခဲ့သည့် သာဓကများစွာရှိဖူးလေသည်။ လူတစ်ယောက်က မည်မျှအရည်အချင်း ရှိနေစေကာမူ လူများစွာ၏ တိုက်ခိုက်မှုကို မခံနိုင်ပေ။
“ မိစ္ဆာအိုကြီးကို သတ်ကြ … မင်းတို့ကို ရွှေစင်တစ်သောင်း ဆုချမယ်။ ပြီးတော့ မင်းတို့က နောင်ကျရင် မင်းသားအဖြစ် ဒါမှမဟုတ် အမတ်အဖြစ် သတ်မှတ်ခံရမယ်” လျိုဟွမ်က ကြေညာလိုက်သည်။
ထိုစကားတွင် အဓိပ္ပါယ်နှစ်မျိုး ကိန်းအောင်းနေသည်။ ပထမတစ်ခုက လျိုဟွမ်သည် မိစ္ဆာဝေဟင်မျှော်နန်းကို သုတ်သင်ရှင်းထုတ်ပစ်ဖို့ ဆုံးဖြတ်ထားသည်။ ဒုတိယအနေနှင့် သူက ဧကရာဇ် ဖြစ်လာချင်သည်။ ဆုလာဘ်ပေါပေါများများ ပေးလာသည့်အခါ သတ္တိကောင်းသူများလည်း ပေါ်ထွက်လာစမြဲ ဖြစ်၏။ အနီးရှိ စစ်သားများက သူတို့ပုဆိန်များဖြင့် လုကျိုးဆီ ချီတက်သွားကြသည်။
“လောင်ချန်းပေ့ ကျွန်တော် ကူမယ်” ကျန်းအိုက်ကျန့်လည်း အပြေးအလွှား ရောက်လာသည်။ သူက သူ့ဇာစ်မြစ်ကို ဖုံးကွယ်ဖို့ နဂါးတေးသံဓားပင် ယူဆောင်မလာခဲ့ပေ။ သူက အားမကိုးရသည့် တပ်ကူနှင့်တူသည်။
မင်ရှစ်ရင်နှင့် ကျောင်းယွဲ့လည်း ထရပ်လိုက်ကြသည်။
“ ဒါလူတချို့ကို သတ်ရုံပါပဲ … အဲလိုမလုပ်ရတာတောင် အတော်ကြာပြီပဲ ”
“ ရှစ်ရှိုး၊ ရှစ်ကျဲ ညီမကို မေ့မထားကြနဲ့ဦးလေ” ရှောင်ယွမ်အာလည်း ခုန်ထွက်လာသည်။
ယခု အားလုံးက စုစည်းမိသွားလေပြီ။
လုကျိုးက ပြောလိုက်သည်။ “ မင်းတို့ဘာသာ ဂရုစိုက်ကြ ”
မင်ရှစ်ရင်က ဉာဏ်ကောင်းလေသည်။ သူက ချက်ချင်း တွေးလိုက်မိ၏။
ရှစ်စွင်းရဲ့ အသက်အရွယ်နဲ့ ဒီလိုတိုက်ခိုက်ရည်မျိုး ပိုင်ဆိုင်ထားတာ တကယ်ကို အံ့ဖွယ်ပဲ …
သူက ရှစ်စွင်းလက်ထဲမှ အမည်မဲ့ကို ကြည့်လိုက်ရင်း ထပ်တွေးလိုက်မိပြန်သည်။
ဒီဓားက အမြင်ထက် ပိုတယ် ….
ရှစ်စွင်းကတော့ ရှစ်စွင်းပါပဲ …
သူက နှစ်သန်းချီနေလာတာဆိုတော့ သူ့ဝှက်ဖဲတွေက လူငယ်တွေ ယှဉ်လို့ရတဲ့ အရာ မဟုတ်ဘူး။
မင်ရှစ်ရင်နှင့် ကျန်းအိုက်ကျန့်တို့က ယုံကြည်ချက် မြင့်တက်လာကြသည်။
လျိုဟွမ်၏ အကြည့်များက မည်းမှောင်သွားကာ လက်ချလိုက်သည်။
စစ်သားများစွာက သူတို့ဆီ ဦးတည်လာကြသည်။
လုကျိုးလက်ထဲတွင် အမည်မဲ့က အနည်းငယ် တုန်ခါနေသည်။ နှစ်သန်းချီ တန်သည့် တိုက်ခိုက်ရေးနည်းလမ်းများနှင့် အတွေ့အကြုံများက လုကျိုးနှင့် တစ်သားတည်း ပေါင်းစပ်သွားသည့်အလား ဖြစ်၏။
ဓားနှင့် လူက တစ်သားတည်း ဖြစ်သွားသည်။
လုကျိုးက မော့လီဆီ ပြေးဝင်သွားသည်။ လျှပ်စီးပမာ အရှိန်ဖြင့် သူက စစ်သားများအား ဖြတ်ကျော်သွားလေသည်။
ဘန်း ဘန်း ဘန်း
ပုဆိန်များ ကျိုးပဲ့ကာ မြေပေါ် ပြုတ်ကျသွားသည်။
အမည်မဲ့က နိုးထလာသည့်အလား ဝိညာဉ်သေ အရိပ်အယောင်များကိုသာ ချန်ထားရစ်ခဲ့သည်။
စစ်သားများက စုံပြုတိုးလာကြသည်။ သူတို့ရှေ့ရှိ မြင်ကွင်းက ကြောင်အမ်းသွားစေသည်။
လုကျိုး၏ ပုံရိပ်က ဘယ်ညာယိမ်းအရုပ်အလား ဘယ်ညာယိမ်းကာ ရှောင်ရှားရင်း အမည်မဲ့ကို ဆက်တိုက်ဝေ့ယမ်းသွားသည်။ သူ့ကျွမ်းကျင်မှုက တိကျကာ ပြတ်သားလှသည်။ မလိုလားအပ်သည့် လှုပ်ရှားမှုမျိုး မပါပေ။
အပြီးသတ်တွင် နောက်ဆုံးအမျိုးသားက လဲကျသွားသည်။
ထိုနေရာတစ်ခုလုံး ထပ်မံ တိတ်ဆိတ်သွားပြန်သည်။
လုကျိုး၏ သွင်ပြင်က နဂိုအတိုင်း အတူတူဖြစ်နေဆဲ ဖြစ်၏။ သူ့အမူအရာများလည်း ပြောင်းလဲခြင်း မရှိပေ။ သူက လက်ထဲတွင် ဓားကို ကိုင်စွဲထားသည်။ အမည်မဲ့ဓားထိပ်မှ အနီရင့်ရင့် သွေးတစ်စက်က နေရောင်ထဲ လင်းလက်ကာ မြေပေါ် ကျဆင်းသွားသည်။
လုကျိုးက စစ်သားများအား ခြောက်လန့်နိုင်ခဲ့လေသည်။ ယခု မည်သူမှ ရှေ့မတိုးလာရဲကြတော့ပေ။ သူတို့က လှံဖြင့် ချိန်ရွယ်ထားရင်း နောက်ဆုတ်နေကြ၏။
လုကျိုးက နောက်ပြန်မကြည့်ပေ။ ဘေးဘက်လဲကျနေသည့် စစ်သားများက သူ့အတွက် လမ်းဖွင့်ပေးထားသလို ဖြစ်နေသည်။ သူက ရှေ့တိုးလာသည့်အခါ စစ်သားများက နောက်ဆုတ်သွားကြ၏။
မော့လီလည်း မသိမသာ နောက်တစ်လှမ်းဆုတ်လိုက်သည်။ သူမ မျက်နှာက အတော်လေး ဖြူဖျော့နေသည်။ သူမက မိစ္ဆာဝေဟင်မျှော်နန်း၏ မိစ္ဆာအိုကြီးသည် ဒီလောက်အထိ အားကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
လုကျိုးက ရပ်တန့်လိုက်သည်။ လမ်းမပေါ် ဓားတစ်ချောင်းဖြင့် သွားလာနေသည့် သာမန်လူအိုကြီးလိုမျိုး သူက ဘယ်ညာကြည့်ရင်း “ မင်းတို့ သေချင်ရင် ငါ နောက်ထပ် နည်းနည်းလောက် ထပ်သတ်ရလဲ ဘာမှမဖြစ်ဘူး ”
မော့လီက သူသည် သူတို့ကို ခြယ်လှယ်ဖို့ ကြိုးစားနေကြောင်း သိလိုက်၍ ပြောလိုက်သည်။ “သူ့ကို တားကြ တားကြစမ်း”
လျိုဟွမ်၏ အကြည့်များက ရက်စက်လာပြီး သွေးဆာလာသည်။
ပေါများသည့် ဆုလာဘ် ရှိနေသော်လည်း လူကြောက်များသာ များနေသည်။ သေဆုံးသွားလျှင် ပိုက်ဆံက ဘာမှမဟုတ်တော့ပေ။ လူတစ်ယောက်က အသက်မရှိလျှင် အရာရှိခေါင်းဆောင်ကို ဝတ်ဆင်နိုင်မည် မဟုတ်ပေ။
စစ်သားများက နောက်ဆုတ်လိုက်ကြသည်။
“ မနာခံတဲ့သူတွေကို ရုံးတော်တင် စစ်ဆေးမယ်”
လုကျိုးအနေနှင့် စစ်သားရာချီက သူ့ဆီ တဖန်ပြေးဝင်လာတော့မည်ကို မြင်လိုက်သည့်အခါ ခေါင်းအသာခါလိုက်ရင်း “ပိအန်း ”
ဝေါင်း
စံအိမ်တစ်ဝိုက် ကျယ်လောင်သည့် ဟိန်းသံကြီး ထွက်လာကာ ပိအန်း ဝင်ရောက်လာသည်။
ဒုန်း
အဆုံးသတ်ဆယ်ပါး အစီအရင်ထဲ ဝင်လိုက်သည့်အခါ သူ့ခြေထောက်အောက်ရှိ မင်္ဂလာတိမ်တိုက်က ပျံ့လွင့်သွားပြီး မြေပေါ်ပြုတ်ကျလာသည်။
“ပိအန်းလည်း ချီစွမ်းအား မစုစည်းနိုင်ဘူးလား ”
သို့သော်လည်း ကမ္ဘာဦးချီ မပါရှိဘဲ ပိအန်း၏ အစွယ်နှင့် ကိုယ်ထည်က သာမန်စစ်သားများ ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။
ပိအန်းက သခင်ဖြစ်သူ၏ ရည်ရွယ်ချက်ကို နားလည်သည့်အလား ကြောက်ရွံ့နေကြသည့် စစ်သားကြား ပြေးသွားလေသည်။ သူ့လက်သည်းဖြင့် ဝှေ့ယမ်းလိုက်သည့်အခါ စစ်သားများက လွှင့်စင်သွားကြသည်။ အချိန်တစ်ခုကြာသည့်အထိ လူအုပ်ကြီးက ဗြောင်းဆန်နေသည်။
“အဲဒါဘာလဲ”
“လောင်ချန်းပေ့ရဲ့ စီးတော်သားရဲလား”
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”
သူတို့က အစကတည်းက ကြောက်လန့်နေကြပြီ ဖြစ်၏။ ပိအန်းပါ ရောက်လာသည့်အခါ သူတို့စိတ်ဓာတ်များက ပိုမိုပျက်ပြားလာရသည်။ စစ်သားရာချီက သူတို့လှံများကို ပစ်ချပြီး ခုန်ပေါက်ပြေးကြတော့သည်။
လုကျိုးက စစ်သားများအတွက် အချိန်မရှိပေ။
ပိအန်းက အကြမ်းအတမ်း ပြုမူနေပြီး သူ့လမ်းတွင် ရှိသမျှ စစ်သားအားလုံး ရိုက်ထုတ်ခံလိုက်ရသည်။
ထို့နောက် မင်ရှစ်ရင်နှင့် အခြားလူများဆီ ပြေးလာသည်။
ထို့နောက် မြေပေါ် အစောင့်အကြပ် နတ်ဘုရားတစ်ပါးအလား ထိုင်ချလိုက်သည်။ မည်သူမှ သူတို့အနား မချည်းကပ်ရဲတော့ပေ။
“ လောင်ချန်းပေ့ ဒီသားရဲကို စောစောစီးစီး ခေါ်ခဲ့သင့်တာ … အဲလိုသာဆိုရင် ဘယ်သူမှ ကျွန်တော်တို့ကို ဆန့်ကျင်ရဲမှာ မဟုတ်ဘူး” ကျန်းအိုက်ကျန့်က ပိအန်းအနား ကပ်သွားလိုက်သည်။ သူက လက်ဆန့်ထုတ်ကာ ထိဖို့ ကြံရွယ်လိုက်စဉ် ပိအန်းက ဟိန်းလိုက်၍ ကြောက်ကြောက်လန့်လန့် လက်မြန်မြန် ရုပ်သိမ်းလိုက်ရသည်။
ရှောင်ယွမ်အာက ပိအန်းအနား လျှောက်လာကာ အမွေးများကို သပ်ပေးလိုက်ရင်း “ သူက ရှင့်ကို မုန်းတယ် ”
“ သူတို့ကို ကာကွယ်ထားလိုက်” လုကျိုးက အမိန့်ပေးလိုက်သည်။
ပိအန်းက အမိန့်နာခံကာ မြေပေါ် ထိုင်ချလိုက်သည်။ သူက စစ်သားများကို မတိုက်တော့ပေ။ ကမ္ဘာဦးချီ ကန့်သတ်ထားသောကြောင့် စွမ်းအားကို ခြွေတာနေလေ၏။
မော့လီက ကြောင်သွားသလို လျိုဟွမ်လည်း အတူတူ ဖြစ်၏။ ထိုအရာကို သူတို့ လုံးဝ ထည့်မတွက်ထားပေ။ ထိုသို့ဆိုလျှင်ပင် သူတို့နှစ်ယောက်ရှေ့တွင် စစ်သားများစွာ ရှိနေသေး၏။
လုကျိုးက ရှေ့ဆက်တိုးလာသည်။ သူက သူ့ရှေ့မှ လူများ၏ အသက်သည် ကျိုးလွယ်ပဲ့လွယ်ကြောင်း ခံစားလာရ၏။ သူတို့က စာရွက်လိုမျိုး အထိအခိုက်မခံပေ။
“ အဆုံးသတ်ဆယ်ပါး အစီအရင်ထဲမှာ ငါက ပြိုင်ဖက်ကင်းလို့ ပြောဖူးပါတယ် ”
မော့လီက သဘောမတူဟန်ဖြင့် လက်ဝေ့ကာ “ ပါးစပ်ပိတ်ထား … အစီအရင်ကို ဖျက်လိုက်တော့ … အခု ”
ကျန်းအိုက်ကျန့်က ခေါင်းခါကာ “ အဆုံးသတ်ဆယ်ပါး အစီအရင် အသက်သွင်းလိုက်တာနဲ့ တစ်နာရီကြာ နှောင့်ယှက်လို့ မရဘူး။ မင်း ဒီပုံပွားပုံကြမ်းတွေကို ရကတည်းက မသိခဲ့ဘူးလား ”
“အဲဒါ ဘယ်လိုလုပ်သိတာလဲ” မော့လီက ကျန်းအိုက်ကျန့်ကို ကြည့်လိုက်သည်။ ကျန်းအိုက်ကျန့်က ခေါင်းအသာကုတ်လိုက်သည်။ သူတို့က ကျင်းဟယ်နန်းဆောင် မီးလောင်သွားတုန်းက ဆယ်ကျော်သက်အရွယ်သာ ရှိသေးသည်။ နှစ်တွေကြာပြီးနောက် သူတို့သွင်ပြင်က အများကြီး ပြောင်းလဲသွားခဲ့သည်။ ထို့အပြင် ကျန်းအိုက်ကျန့်၏ ပေါ့ပေါ့တန်တန် လျို့ဝှက်ဆန်းကြယ်သွင်ပြင်ကြောင့် မည်သူမှ သူ့ကို တတိယမင်းသားလို့ မှန်းဆမိမည် မဟုတ်ပေ။ သို့သော်လည်း ထိုအရာက အရေးမကြီးပေ။
မော့လီက သူမဆီ ဖြည်းဖြည်းချင်း လာနေသည့် လုကျိုးအား ကြည့်လိုက်သည်။
မယ်တော်ကြီးဘေးရှိ လျိုဟွမ်က အော်ပြောလိုက်သည်။
“ စစ်ရှစ်တိ ဘာစောင့်နေတာလဲ။ မင်းလူတွေကို တိုက်ဖို့ ပြောလိုက် ”
သူတို့က နယ်စပ်တပ်သားများ ဖြစ်ကြသောကြောင့် သေခြင်းတရားကို မကြောက်သင့်ပေ။
သို့သော်လည်း လျိုပင်းက ပခုံးတွန့်ကာ စိတ်မဝင်စားဟန်ဖြင့် “အစ်ကိုတော် ဒါက ကျွန်တော်နဲ့ မဆိုင်ဘူးလေ။ ကျွန်တော်က လူနည်းနည်းပဲ ခေါ်လာတာဆိုတော့ သူတို့က ကျွန်တော့်ကို ကာကွယ်ပေးရဦးမယ်လေ …”
သူက လုကျိုးကို လှည့်ကြည့်လိုက်ပြီးနောက် “လောင်ချန်းပေ့ ကျွန်တော်က ဒါနဲ့ ဘာမှမဆိုင်ဘူးနော်။ ကျွန်တော်က ကိုယ့်ဘာသာ ကာကွယ်ရုံလေးပဲ”
လုကျိုးက သူ့အား လှည့်ကြည့်မလာပေ။ သူက ဆက်လျှောက်လာ၏။
လေထုက အတော်လေး ခံစားရခက်လာသည်။
မော့လီနှင့် လျိုဟွမ်တို့က တုန်လှုပ်လာကြသည်။
“မဟူရာစစ်သည်တော်တွေ ” မော့လီက နောက်ဆုတ်လိုက်ပြန်သည်။ သူမရှေ့တွင် စစ်သားလေးယောက်သာ ကျန်တော့သည်။
ထိုစဉ် မဟူရာစစ်သည်များက စံအိမ်အပြင်ဘက်မှ ဝင်ရောက်လာကြသည်။
စစ်သားများက သူတို့ကို မတားတော့ပေ။
လျိုဟွမ်က ထိုအရာကို မြင်သည့်အခါ စိတ်အေးသွားပြီး “ မဟူရာစစ်သည်တော်တွေ ငါ့အမိန့်ကို နာခံ … မိစ္ဆာဝေဟင်မျှော်နန်းက လူအားလုံးကို သတ်ပစ်လိုက် ”
မဟူရာစစ်သည်တော်များ ဝင်ရောက်လာသည့်အခါ အကြီးဆုံးမြင်းက မော့လီရှေ့ ပြေးဝင်လာသည်။
“လမ်းဖယ်ကြ ”
“ဖန်းရှုဝမ် ရောက်လာပြီ ”
သူတို့က နာမည်ကြားသည့်အခါ စစ်သူကြီးလေးယောက်လုံးက တုန်လှုပ်သွားပြီး လမ်းဖယ်ပေးလိုက်ကြသည်။
ဖန်းရှုဝမ်က မြင်းပေါ်မှ ခုန်ဆင်းလာသည်။
မော့လီက ပျော်ရွင်သွားကာ ပြုံးလိုက်ပြီး “ စစ်သူကြီးဖန်း အချိန်မီလေး … ”
ရွပ်
“ကျွန်မ ကျွန်မ … ”
ပတ်ဝန်းကျင်ရှိ အခြားလူများလည်း ဓားသံကြောင့် အာရုံပြောင်းသွားလေသည်။ စစ်သားများက ထိုအသံနှင့် မစိမ်းသက်ပေ။ သူတို့အကြည့်များက လုကျိုးဆီမှ ဖန်းရှုဝမ်ဆီ ရောက်လာကြ၏။
ဖန်းရှုဝမ်၏ လက်ထဲမှ ဓားက မော့လီ ဝမ်းဗိုက်ထဲ ထိုးစိုက်သွားလေသည်။
မော့လီ၏ အသံက လည်ချောင်းထဲမှာ တစ်ဆို့နေပြီး အားနည်းဖျော့တော့နေသည်။ သူမခန္ဓာကိုယ် ခွေကျသွားသည့်အလား မျက်လုံးများလည်း ပြူးကျယ်လာသည်။ သူမက ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့ကာ ဝမ်းဗိုက်ထဲ ထိုးစိုက်နေသည့် ဓားကို ကြည့်လိုက်သည်။ ထိုအရာက သွေးများရွှဲနစ်နေ၏။