← Chapters

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း (၃၂၅) ဒါဆိုအတူသေတာပေါ့

မော့လီ၏ အဝတ်အစားများသည် သူမ၏သွေးများဖြင့် နီရဲသွားလေ၏။ သူမ၏သွေးများသည် အနီတောက်တောက် အဝတ်အစားနှင့် ပြီးပြည့်စုံစွာ ရောယှက်သွား၏။ သူမမျက်လုံးများ ပြူးကျယ် နေသည်။ သူမက ခေါင်းမာနေသေးပြီး အလျှော့ပေးလိုဟန်မရှိပေ။

လူတိုင်းက မှင်တက်နေလေ၏။

ဒုတိယမင်းသားလျိုဟွမ်ကိုယ်တိုင်တောင် နေရာတွင် ကျောက်ရုပ်ပမာ ကြက်သေသေနေသည်။ မဟူရာစစ်သည်တော်များ၏ ခေါင်းဆောင်သည် မော့လီကို ထောက်ပံ့ပေးသည့်အကျော်အမော် တစ်ဦး ဖြစ်၏။ သူသည် မော့လီကို အဘယ်ကြောင့် ရုတ်တရက်တိုက်ခိုက်ရသနည်း။ စိတ်ထဲ၌ မေးခွန်းများစွာ ပေါ်ထွက်လာသော်ငြား ပါးစပ်ကနေတော့ ထုတ်မပြောနိုင်ပေ။ ဒေါသများက သူ့ကို ဆို့နစ်စေ၏။ ဖန်းရှုဝမ်က သူချစ်မြတ်နိုးရသည့် ကိုယ်လုပ်တော် သူ၏ အံ့ဩဖွယ် ကူညီထောက်ပံ့ပေးသည့် သူကို ဓားထိုးခဲ့၏။ သူသည် ဒေါသကြောင့် တုန်လှုပ်လာတော့သည်။

မော့လီကလည်း ဝေခွဲမရဖြစ်နေ၏။ သူမသည် အသက်ဘေးမှ လွတ်မြောက်လာခါစ ဖြစ်၏။ သူမက အစာအိမ်ထဲကနေ စီးကျလာသည့်သွေးများကို ကြည့်လိုက်သည်။ သူမက အမြန် လက်ဝှေ့ယမ်းလိုက်၏။ သူမသည် ဂါထာအချို့ကို ရွတ်ဆိုရန် လက်ချောင်းကို ရှေ့နောက် လွှဲရမ်းလိုက်သော်ငြား ဘာမှဖြစ်မလာပေ။

အဆုံးသတ်ဆယ်ပါးအစီအရင်ထဲ၌ မော့လီတောင် သေမျိုးတစ်ဦး ဖြစ်နေ၏။ သူမက ရယ်မောလိုက်သည်။ သူမက အဆုံးသတ်ဆယ်ပါးအစီအရင်ထဲတွင်ရှိနေကြောင်း မေ့လျော့သွားမိသည်။ သူမက ဖန်းရှုဝမ်ကို ကြည့်ပြီး ငွေရောင်မျက်နှာဖုံးကို မြင်လိုက်ရကာ သတ်ဖြတ်လိုစိတ်များ တလက်လက် ထနေသည့်မျက်ဝန်းကို မော့ကြည့်လိုက်မိ၏။ အကြည့်က သူမကို တုန်ယင်သွားစေသည်။

“အဲဒါရှင်လား” မျက်ဝန်းများသည် လူတစ်ယောက်၏ စိတ်ဝိညာဉ်ပြတင်းပေါက်ပဲ ဖြစ်သည်။ သူမက ထိုမျက်ဝန်းတစ်စုံကို မြင်သောအခါ သူမရှေ့တွင် ရပ်နေသည့်သူက ပေနက်လွှာထိပ်တွင်ရှိခဲ့ဖူးသည့် ယခင်ဖန်းရှုဝမ် လန်လော့ဖြစ်ကြောင်း မော့လီ သိလိုက်သည်။ လန်လော့သည် မဟူရာ စစ်သည်တော်များ၏ စခန်းထဲသို့ ဖောက်ဝင်ပြီး ဖန်းရှုဝမ်အတုကို သတ်ခဲ့ပြီးတာကြာပြီဖြစ်၏။ ပြီးနောက် သူက ဖန်းရှုဝမ် အယောင်ဆောင်လိုက်သည်။ မိမိကိုယ်ကို ပြန်တုပရခြင်းက ထူးဆန်းသောခံစားချက်တစ်ခု ဖြစ်သည်။

လန်လော့၏အက်ကွဲသောအသံကို ကြားလိုက်ရသည်။ “ဟုတ်တယ် ... ငါပဲ”

“ဖန်းရှုဝမ်”

“ရာရာစစ ဖန်းရှုဝမ် ... မင်း ဘာလုပ်တာလဲ”

“ကိုယ်လုပ်တော်လီ” ဘေးရှိ စစ်သူကြီးလေးဦး၏ မျက်နှာထက်တွင် မယုံနိုင်သည့်အမူအရာရှိနေ၏။ သူတို့သည် မော့လီကိုကာကွယ်ရန် ကျိန်ဆိုခဲ့ကြသည်။ သို့သော်ငြား သူမဤနေရာ၌ ဓားထိုးခံရ၏။

လန်လော့က ရုတ်တရက်အသံမြှင့်ကပြောလိုက်၏။ "ဧကရာဇ်ရဲ့ဘွဲ့တော်အောက်မှာ ငါက မနာခံတဲ့သူမော့လီကို သုတ်သင်ရှင်းလင်းမယ် သူ့အဖော်အပေါင်းတွေလည်း ဒီလိုပဲ ဆက်ဆံခံရမယ်”

ခမ်းနားထည်ဝါသည့် အမိန့်ပြန်တမ်းပဲဖြစ်သည်။ သို့သော် ဤနေရာတွင် သူ့နောက်သို့ လိုက်လာသည့် မဟူရာစစ်သည်တော်များက ဇဝေဇဝါဖြစ်ကုန်၏။ သူတို့သည် စတုတ္ထမင်းသားနှင့် မိစ္ဆာမျှော်နန်းမှ လူများကို သတ်ရန် သဘောတူညီချက် ပြုခဲ့ကြသည် မဟုတ်လော၊ သူတို့ခေါင်းဆောင်က မော့လီကို အဘယ်ကြောင့် ရုတ်တရက်တိုက်ခိုက်ရသနည်း။

မဟူရာစစ်သည်တော်များ၏သွင်ပြင်သည် အခြေအနေ၏ဒီရေကိုပြောင်းလဲသွားစေ၏။

မင်ရှစ်ရင်၊ ရှောင်ယွမ်အာနှင့် ကျန်းအိုက်ကျန့်က စိတ်သက်သာရာရသွားတော့သည်။ လန်လော့က ဖြည်းဖြည်းချင်း လှည့်လာပြီး ဒုတိယမင်းသားလျိုဟွမ်ကိုကြည့်လိုက်၏။ လျိုဟွမ်က နောက်ဆုံးတွင် တုံ့ပြန်တော့သည်။ သူက လန်လော့ကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ “ကောင်းတယ် ... သိပ်ကောင်းတယ်” သူက လက်ကို ဝှေ့ယမ်းပြီး ဆက်ပြောလိုက်၏။

“ငါ့မှာရှိတာ ဒါအကုန်ပဲလို့ ထင်နေလား”

“ဟမ် ...” ဒုတိယမင်းသားကို စစ်သည်များကကြည့်လိုက်သည်။

စတုတ္ထမင်းသားလျှိုပင်းကတောင် လျိုဟွမ်၏လက်ထဲ၌ မည်သည့်ဝှက်ဖဲရှိနေလဲဆိုတာ မြင်ချင်နေသည်။

လျိုဟွမ်က အနားရှိ မျှော်နန်းကို လက်ညှိုးထိုးပြပြီးပြောလိုက်၏။

"မိစ္ဆာကြီးကျိ ... ခင်ဗျားရဲ့တပည့် စီးဝူယာ့ကို အဲ့ဒီအဆောက်အဦးထဲမှာထိန်းထားတယ်၊ ခင်ဗျားတစ်ချက် လှုပ်ရှားလိုက်တာနဲ့ သူ့ကိုသတ်ဖို့ အမိန့်ချက်ချင်းပေးလိုက်မယ်”

ဘန်း ...

မျှော်နန်းပြတင်းပေါက်က ကျိုးပဲ့သွားသည်။ ဟန်ယွီယွမ်က စီးဝူယာ့၏ကော်လံကို ချုပ်ကိုင်ထား၏။ သူကခေါင်းပြူထွက်ကာအော်ပြောလိုက်တော့သည်။

“အရှုံးသမားတွေ ... အဆုံးသတ် ဆယ်ပါးအစီအရင်ထဲက အဖိုးကြီးကိုတောင် မသတ်နိုင်ကြဘူးလား”

“ချိရှစ်တိ ... ချိရှစ်တိလား”

“စီးဝူယာ့လား”

မင်ရှစ်ရင်နှင့် ကျန်းအိုက်ကျန့်နှစ်ယောက်လုံး ထိတ်လန့်သွား၏။ အမှန်တကယ်တွင် စီးဝူယာ့အပေါ် မင်ရှစ်ရင်၏အမြင်က အကောင်းဆုံး မဟုတ်ပေ။ စီးဝူယာ့က အမြဲတမ်းကောက်ကျစ်ပြီး ထိန်းချုပ်နိုင်စွမ်း ရှိသည်။ သို့သော်ငြား ယင်းကို မြင်လိုက်ရသည့်အချိန်၌ သူ ဒေါသထွက်နေသေးသည်။

လုကျိုးက လှည့်ကြည့်လိုက်၏။ အမှန်ပင် စီးဝူယာ့ဖြစ်နေသည်။

‘ဒီလူလိမ်လူကောက်က အကြပ်အတည်းထဲ ဘယ်လိုလုပ်ကျလာတာလဲ’

ဟန်ယွီယွမ်က ကြုံးဝါးပြီးပြောလိုက်တော့၏။ “ဒီနေ့ အများရှေ့မှာ ငါ သူ့ကိုကွပ်မျက်မယ်”

သူ့နောက်ရှိ ဟန်ယွီယွမ်၏ လက်အောက်ငယ်သားများက ဓားများဆွဲထုတ်လိုက်၏။ သူတို့က ဒုတိယမင်းသား၏အမိန့်ကိုစောင့်နေသည်။

လန်လော့ကပြောလိုက်သည်။

“မင်း လုပ်ရဲလား” သူ၏လက်ကအားကိုသုံးကာ မော့လီသည် နှုတ်ခမ်းထောင့်ကနေ သွေးများစီးကျလာ၏။ သူမက ရုတ်တရက်ရှေ့တိုးလိုက်သည်။

ရွှီး ...

ဓားက သူမကိုယ်ထဲဝင်ရောက်သွား၏။

“ရှစ်ရှိုး ... ငါ့အတွက် လက်စားချေပေး”

လန်လော့သည် မော့လီက သူမသေတွင်း သူမ တူးသွားလိမ့်မည်ဟု မထင်ထားပေ။ သို့သော်ငြား တုံ့ပြန်ရန် အချိန်မရှိပေ။ သူက ဓားဆွဲထုတ်လိုက်၏။ မော့လီက နောက်ပြန်လှန်ကျသွားသည်။

နွေဦးစံအိမ်အပြင်ဖက်၌ ရေခဲတမျှ အေးစက်သောအသံက ပေါ်ထွက်လာ၏။ "မဟုတ်ဘူး ... ရှစ်မေ့”

အသံသည် စံအိမ်တစ်ခုလုံး ပဲ့တင်သံ ထပ်နေသည်။

အဆုံးသတ်ဆယ်ပါးအစီအရင်သည် စံအိမ်တစ်ခုလုံးကိုလွှမ်းခြုံထား၏။ ထို့ကြောင့် မော့လီ၏ရှစ်ရှိး ပါမာသည် အစီအရင်အပြင်ဖက်တွင် သူတို့စီစဉ်ထားသည့်အတိုင်း စောင့်နေသည်။ ယင်းက မည်သူမှ မလွတ်မြောက်နိုင်အောင်ကာကွယ်ရန်ဖြစ်သည်။ သို့သော်ငြား သူတို့အစီအစဉ်က ပြောင်းလဲမှုများကို လိုက်မမှီနိုင်ပေ။

ယခုအချိန်တွင် ပါမာ၏ခရမ်းရောင်စွမ်းအင်က စံအိမ်အပြင်ဖက်၌ အနက်ရောင်တိမ်တိုက်များ ဖွဲ့တည်နေ၏။

လျိုဟွမ်က မော့ကြည့်ပြီး ပြောလိုက်တော့၏။

“ပါမာ ... ကိုယ်လုပ်တော်လီရဲ့ သေခြင်းတရားအတွက် ငါလက်စားချေပေးမယ်”

အက်ကွဲသံတစ်သံသည် အနက်ရောင်တိမ်တိုက်ထဲမှပေါ်ထွက်လာ၏။

“မဟုတ်ဘူး”

“ဟမ်”

“ငါ့ရှစ်မေ့သေသွားပြီ ... မင်းတို့တွေအားလုံး သူနဲ့သေရမယ်”

ပါမာက မော့လီမဟုတ် ... သူ့၌ ပစ်မှတ်တစ်ခုရှိပြီး ယင်းက စတုတ္ထမင်းသားလျှိုပင်းပဲဖြစ်သည်။ လျှိုပင်းသည် လို့လန်၏ မရေမတွက်နိုင်သည့် တိုင်းသူပြည်သားများကို သတ်ဖြတ်ခဲ့ပြီး သူ၏ ရန်သူတော်ကြီးဖြစ်သည်။

ထိုစဉ် ဟန်ယွီယွမ်က မျက်မှောင်ကျုံ့မိသွား၏။ သူက စီးဝူယာ့ကိုချုပ်ကိုင်ကာ ပြောလိုက်တော့၏။

“အသုံးမကျလိုက်တာ ... အသုံးမကျလိုက်တဲ့အမှိုက်တွေ၊ ငါကိုယ်တိုင် အားလုံးလုပ်နေရမှာလား”

စီးဝူယာ့က မော့ကြည့်ပြီး ရယ်မောကာပြောလိုက်တော့သည်။ “အောင်ပွဲခံဖို့စောလွန်းသေးတယ် မဟုတ်လား”

“မင်းနဲ့မင်းရဲ့ယုတ်ညံ့တဲ့ပါးစပ်”

ဘန်း

ဟန်ယွီယွမ်က သူ၏ခေါင်းကိုအောက်သို့ တွန်းထုတ်ကာ စီးဝူယာ့၏ခေါင်းကို ပြတင်းပေါက်ဘောင်ပေါ်သို့ တွန်းချလိုက်၏။ ဓားသွားတစ်ချက်အဝှေ့ဖြင့် စီးဝူယာ့၏ခေါင်းက လွင့်ထွက်သွားပေလိမ့်မည်။

အစီအစဉ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည်က မည်သူမှန်းတောင် မသိတော့ပေ။

“အစီအရင် မရှိတော့ဘူး”

အစီအရင် မရှိတော့ရာ ကနဦးချီများကပေါ်ထွက်လာ၏။ ရူပေ့မြို့၏ တိုင်းသူပြည်သားများက ချက်ချင်းပင် လန်းဆန်းလာတော့သည်။ မွန်းကြပ်ဖွယ်အခြေအနေက မရှိတော့ပေ။

လေများ လွတ်လပ်ပေါ့ပါးစွာစီးဆင်းလာပြီး တိမ်တိုက်များက ဆက်သွားနေ၏။

အရာအားလုံး ပုံမှန်အတိုင်းပြန်ရောက်သွားသည်။ ထိုစဉ်နောက်ထပ်တိုက်ခိုက်မှာက လက်ရည်မညီ နိုင်တော့မှန်း လူတိုင်းသဘောပေါက်သွား၏။ သေမျိုးများကြားရှိ တိုက်ပွဲတစ်ပွဲ မဟုတ်တော့ပေ။

စံအိမ်ဆီသို့ ခရမ်းရောင်တိမ်တိုက်များ တလိမ့်လိမ့်တက်လာ၏။ ယင်းက ခမ်းနားခြင်းစုန်းအတတ် အခင်းအကျင်းပဲဖြစ်သည်။

စံအိမ်ထဲ၌ လျိုဟွမ်က ရုတ်တရက်အမိန့်ပေးလိုက်သည်။ “မင်းတို့ဘာစောင့်နေတာလဲ ... မိစ္ဆာကြီးကျိကို ဖြေရှင်းကြလေ”

သာမန်တိုက်ပွဲဆိုလျှင် မဟာစစ်သူကြီးလေးယောက်သည် ယခုအချိန်၌ မိစ္ဆာကြီးကျိကို ရင်ဆိုင်နိုင်လောက်သည်။

ဝှစ် ...

စိတ်ဝိညာဉ်သဏ္ဌာန်လေးခုက ပေါ်လာပြီး လုကျိုးကိုရင်ဆိုင်တိုက်ခိုက်တော့၏။

ထိုစဉ် ဟန်ယွီယွမ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်တော့သည်။ “ဓားမော့”

သူ့ဘေးရှိ လက်အောက်ငယ်သားက ဓားမော့ကို ဆွဲထုတ်ပြီးပစ်ပေးလိုက်သည်။ ကံဆိုးသည်မှာ ယင်းက ဟန်ယွီယွမ်၏လက်ဖဝါးကို မရည်ရွယ်ပေ။ ထိုအစားဟန်ယွီယွမ်၏လည်ပင်းကို ပိုင်းဖြတ် သွား၏။ အနီရောင်မျဉ်းတစ်ခုပေါ်လာသည်။

ဟန်ယွီယွမ်က ကြက်သေသေနေ၏။ သူ လှည့်ကြည့်လိုက်ရာ သူ၏ အယုံကြည်ရဆုံး လက်အောက်ငယ်သားကို ကြည့်လိုက်၏။ မဖြစ်နိုင်တာ...

စီးဝူယာ့က သူ့ခေါင်းကို ကိုင်ပြီး ပြောလိုက်တော့၏။

“မင်းကို ပြောသားပဲ ... အောင်ပွဲခံဖို့ သိပ်စောလွန်းမနေဘူးလား”

သူ၏ကျန်သည့်လက်အောက်ငယ်သားများက ဒေါသထွက်ကုန်၏။ သူတို့တပြိုင်နက်တည်း ထုတ်အော်မိကြတော့သည်။ “စစ်သူကြီးဟန် ...”

ဟန်ယွီယွမ်ကို သတ်ခဲ့သည့်လက်အောက်ငယ်သားက စီးဝူယာ့ထားခဲ့သည့် သူလျှိုပဲဖြစ်သည်။

“ဂိုဏ်းချုပ်အခက်အခဲတွေ အများကြီးခံစားခံရပါပြီ”

စီးဝူယာ့သည် သူအဖမ်းခံထားရသည့် အချိန်၌ ယင်းကြောင့် တည်ငြိမ်ပြီး ယုံကြည်ချက်ရှိနေတာပဲ ဖြစ်သည်။ ယခုအချိန်၌ စီးဝူယာ့သည် ကျန်သည့်ဘဝ၌ ဘယ်တော့မှ မေ့မှာ မဟုတ်သည့်မြင်ကွင်း တစ်ခုကို တွေ့လိုက်ရသည်။

ခရမ်းရောင်လျှပ်စီးက ကောင်းကင်ကို ပိုင်းဖြတ်လျက် အက်ကွဲသွားစေ၏။

စိတ်ဝိညာဉ်သဏ္ဌာန်လေးခုထဲ၌ လုကျိုးက ကောင်းကင်ထဲ ခုန်တက်လိုက်သည်။

“ဒါဘာလဲ”

အပြာရောင်ကြာပွင့်သည် လုကျိုး၏ ခြေဖဝါးအောက်၌ ပေါ်လာသည်။

ဖုန်း

မိုးခြိမ်းသံက ကောင်းကင်ကိုတောင် လှုပ်ခါသွားစေ၏။

လုကျိုး၏ထူးကဲစွမ်းအင်က ယခုအချိန်၌ ပေါ်ထွက်လာ၏။

အပြာရောင်ကြာက ဖူးပွင့်လာသည်။ အပြာရောင်မီးရှူးမီးပန်းပမာ ပတ်ဝန်းကျင်သို့ ပြန့်ကားသွား၏။ လုကျိုး၏ပုံရိပ်ကို မမြင်နိုင်တော့ပေ။

စီးဝူယာ့က သူ့မျက်လုံးကို အင်္ကျီလက်ဖြင့် ကာလိုက်၏။ သူ့နောက်ရှိ ဟန်ယွီယွမ်၏လက်အောက် ငယ်သားများက ယင်းကို မြင်သောအခါ သူ့ဆီသို့ ဓားများလွှဲယမ်းလိုက်ကြ၏။

ဘန်း ဘန်း ဘန်း

မျှော်နန်းသည် စွမ်းအင်ဓားသွားများပြည့်နေ၏။ ယင်းက ပရမ်းပတာဖြစ်နေတော့သည်။

စီးဝူယာ့ကို ကာပေးသည့် လက်အောက်ငယ်သားက တိုက်ခိုက်မှုများကို ရှောင်တိမ်းကာ အကောင်းဆုံး တန်ပြန်တိုက်ခိုက်နေ၏။ တိုက်ကွက်တဒါဇင်ခန့်က မျက်တောင်တpfခတ်တွင် ဖလှယ်ပြီးသား ဖြစ်နေ သည်။

လက်သီးနှစ်ဖက်က လက်လေးဖက်ကိုမယှဉ်နိုင်ပေ။ သူက အနည်းငယ် ထိခိုက်သွားပြီး နောက်သို့ တွန်းပို့ခံလိုက်ရသည်။

“စီးဝူယာ့ကို သတ်နိုင်ရင် ငါတို့ဆုရမယ်”

တစ်ချိန်တည်းတွင် ကောင်းကင်ထဲရှိ အပြာရောင်ရောင်ခြည်သည် မျှော်နန်းတစ်ခုလုံးကို ပင်လယ်ရေပမာ လွှမ်းသွားတော့၏။ လူတိုင်းအမြင်အာရုံက ဟန့်တားခံလိုက်ရ၏။ လုကျိုး၏နေရာအရ သူသည် အပြာရောင်သမုဒ္ဒရာ၏အလယ်တွင် ရှိနေပုံပေါ်သည်။ သူဘာကိုမှ မမြင်နိုင်တော့ပေ။

ဘန်း ...

မျှော်နန်းအတွင်းရှိနေသည့်လူတိုင်းက ခွဲခြားသိမြင်နိုင်ခြင်းမရှိတော့ဘဲ တွန်းထုတ်ခံလိုက်ရသည်။ သူတို့အဝေးသို့ ရောက်သွားသော်ငြား အပြာရောင်ကြာပွင့်ကြောင့်ထိခိုက်သေးသည်။

စိတ်ဝိညာဉ်သဏ္ဌာန်လေးခုအတွက်မူ သူတို့သည် စာရွက်ဖြင့် ပြုလုပ်ထားသည့်ပမာ ချက်ချင်း ဖျက်ဆီးခံလိုက်ရ၏။ မဟာစစ်သူကြီးလေးဦးနှင့် သူတို့၏စိတ်ဝိညာဉ်သဏ္ဌာန်များက စွမ်းအား သက်ရောက်မှုနှင့်အနီးဆုံးဖြစ်သည်။ အပြာရောင်ကြာပွင့်အောက်မှ သူတို့ကသွေးအန်ကုန်သည်။ ချက်ချင်းသေဆုံးကာ ပြန်လည်တိုက်ခိုက်ရန်စွမ်းအားမရှိကြပေ။ လုကျိုး၏ထူးကဲစွမ်းအားသည် စွမ်းအားကိုထပ်မသုံးနိုင်တော့ချေ။ နီးကပ်သည့်အကွာအဝေး၌ ပေါက်ကွဲခြင်းက မဟာ စစ်သူကြီးလေးဦးအတွက်ဖြေရှင်းဖို့ရာသိပ်ကိုများလွန်းနေ၏။

ခရမ်းရောင်တိမ်တိုက်များက လျှောကျလာလေ၏။

စီးဝူယာ့၏ကိုယ်အထက်ပိုင်းရှိ အဝတ်အစားများ ဆုတ်ပြဲကုန်၏။ သူ့ရင်ဘတ်ပေါ်ရှိချုပ်နှောင်ခြင်း ဟူသောအက္ခရာသည် အပြာရောင်ကြာပွင့်၏စွမ်းအားကြောင့် ဆေးကြောခံလိုက်ရသည်။

ဟန်ယွီယွမ်၏ လက်အောက်ငယ်သားများကလည်း လေထဲပိတ်မိကုန်၏။ သူတို့၏စွမ်းအားများကို ထုတ်ဖော်ကာ စွမ်းအင်ဓားသွားများဖွဲ့တည်လိုက်၏။

ထိုစဉ်စီးဝူယာ့၏နှုတ်ခမ်းက အပြုံးတစ်ပွင့်ဖြင့်ကွေးတက်သွားကာပြောလိုက်တော့၏။ “ငါ ပြန်လာ ပြီ” သူက လက်မြှောက်လိုက်၏။ စွမ်းအင်ဓားသွားထောင်ချီဖြင့် ဖွဲ့တည်ထားသော လက်နက်ပုန်းက သူ့လက်ထဲ၌ပေါ်လာပြီး ဟန်ယွီယွမ်၏လက်အောက်ငယ်သားများဆီ ပစ်ထုတ်လိုက်တော့သည်။

“ဒါက”

“သူ့ရဲ့ကျင့်ကြံမှုဆုံးရှုံးနေတာမဟုတ်ဘူးလား”

လေထဲ၌ စိတ်ပျက်အားငယ်နေသောအော်သံများပေါ်ထွက်လာပြီး သွေးမိုးများရွာသွန်းခြင်းပဲ ဖြစ်သည်။

စီးဝူယာ့ဆင်းသက်လာသည်နှင့် သူ၏ကိုယ်ဟန်ကိုထိန်းညှိလိုက်သည်။ သူက သူတို့ကိုကြည့်တောင် မကြည့်ပေ။ ရလဒ်ကသိနေ၏။ သူ၏ခြေထောက်က မြေပြင်ကိုထိလိုက်မိသည်နှင့် မျှော်နန်းနားရှိသစ်ကိုင်းတွင်အစိမ်းရောင်ဝတ်ရုံဖြင့်အရိပ်တစ်ခုကပေါ်လာ၏။

သိမ်မွေ့ပြီးယဉ်ကျေးသောလေသံဖြင့်ထိုလူကပြောလိုက်သည်။

“ငါ တောင်းပန်ပါတယ် ... မင်းဖြေရှင်းဖို့များလွန်းမယ်လို့ထင်ခဲ့တာ”

“အာ့ရှစ်ရှိုး... ရှင်းပြနေဖို့အချိန်မရှိဘူး သွားကြမယ်” အမှန်အတိုင်းဆိုရလျှင် ဟန်ယွီယွမ် သူ့ကို ဖမ်းသွားတာကို စိတ်အနှောင့်အယှက်မဖြစ်ပေ။ သို့သော်ငြား ဖူးပွင့်နေသော အပြာရောင် ကြာပွင့်က သူ့ကို မျက်မှောင်ကျုံ့စေ၏။

ယွီရှန်းရုန်က ပြုံးပြီးပြောလိုက်၏။ “စိတ်မပူနဲ့ ရှစ်စွင်းက ကနဦးချီတွေအများကြီးသုံးထားတာ ... သူ့မှာကနဦးချီတွေသိပ်မကျန်လောက်ဘူး”

စီးဝူယာ့ကပြောလိုက်သည်။ “ကျွန်တော့်ကိုယုံ”

ယွီရှန်းရုန်၏အပြုံးကမှိန်ဖျော့သွား၏။ သူ့အမူအရာက လေးနက်တည်ကြည်သွားသည်။

“သွားကြမယ်”

နှစ်ယောက်သားသည် ရူပေ့မြို့ကနေသွက်သွက်လေးထွက်လာ၏။ လုကျိုး၏ထူးကဲစွမ်းအား ပေါက်ကွဲသွားမှုအဆုံးသတ်သွားသည့်အချိန်၌ သူသည် တွယ်တက်ရန်စွမ်းအားတောင် မကျန် တော့ ပေ။ ထို့ကြောင့် သူက ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။ သူ၏အမြင်အာရုံပြန်ရလာသည်။ မျှော်နန်း ဖက်သို့ ချက်ချင်းကြည့်လိုက်ရာ ယွီရှန်းရုန်နှင့် စီးဝူယာ့က လျှပ်ပြက်သည့်အရှိန်ဖြင့်သွားနေတာကို သူမြင်လိုက်ရ၏။ နတ်ခြင်္သေ့ ...

နတ်ခြင်္သေ့သည် တိမ်တိုက်များကို နင်းဖြတ်လျက် လုကျိုးရှေ့သို့ မြန်ဆန်သည့်အရှိန်ဖြင့် ပျံသန်းလာကာ သူ့ကိုသယ်သွားတော့သည်။

လုကျိုးက လှည့်ကြည့်ပြီး ပြောလိုက်တော့၏။ “မင်းတို့ဆီကို ကျန်တာအပ်ခဲ့မယ်”

“ဟုတ်ကဲ့ ရှစ်စွင်း” စံအိမ်ထဲ၌ မင်ရှစ်ရင်၊ လန်လော့၊ ရှောင်ယွမ်အာနှင့် သူ၏ စီးတော်သားရဲပီအန်းတို့ ရှိသည်။ မဟာစစ်သူကြီးဆယ်ဦးက သေပြီးဖြစ်၏။ အသက်ရှင် ကျန်ရစ်သူများက ကြောက်နေစရာမရှိတော့ပေ။

လုကျိုးက နတ်ခြင်္သေ့ကို စီးလျက် ယွီရှန်းရုန်နှင့် စီးဝူယာ့နောက်လိုက်တော့သည်။

…

အခန်း(၃၂၆) မင်းသားကို သတ်၊ အလင်းခွင်းတိမ်တိုက်တောအုပ်

လုကျိုးက နတ်ခြင်္သေ့ကျောပေါ်မှ မျှော်နန်းဆောင်ပေါ် ဖြတ်သန်းလာခဲ့သည်။ သူက ခဏတာ ရပ်လိုက်ပြီး ငုံ့ကြည့်လိုက်သည်။

တစ်ယောက်ယောက်က ကောင်းကင်ဆီ သွေးသံရဲရဲ လက်မြောက်လျက် ရေရွတ်နေလေသည်။ “ဂိုဏ်းချုပ် အထိအခိုက် မရှိဘူးပဲ … ”

လုကျိုးက ထိုအမျိုးသားပေါ် အချိန်မဖြုန်းဘဲ ဆက်သွားလိုက်သည်။ သူက စီးဝူယာ့သည် သူ့လက်အောက်ငယ်သားများအား သစ္စာရှိနေအောင် မည်သို့လုပ်ထားကြောင်း တွေးနေမိသည်။

သတင်းပို့ငှက်လေး တစ်ကောင်က ထိုအမျိုးသားလက်ဆီ ပျံသန်းလာကာ လက်ချောင်းထိပ်မှ သွေးကို တို့ခနဲဆိတ်ခနဲ လုပ်ပြီးနောက် ပျံသန်းသွားလေသည်။ ခဏအကြာတွင် ယဲ့ကျစ်ရှင်းက တစ္ဆေတစ်ကောင်အလား ပေါ့ပါးသွက်လက်စွာ ရောက်လာပြီး ထိုလူကို ပွေ့ခေါ်ကာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

ရွှင်းထျန်းစံအိမ်အတွင်း သုသာန်အလား တိတ်ဆိတ်ငြိမ်သက်နေသည်။

ကမ္ဘာဦးချီ ပြန်ရရှိလာပြီးနောက် ပိအန်းက နှာခေါင်းပေါက်မှ အခိုးအငွေ့များ ထွက်လာလေသည်။ ကြည့်ရသည်မှာ အားလုံးကို အပြစ်ပေးဖို့ အသင့်ဖြစ်နေဟန်ပေါ်သည်။

သူ့ကြမ်းတမ်းမှုကို မျက်မြင်ကိုယ်တွေ့ကြုံပြီးနောက် စစ်သားများ၊ ကျင့်ကြံသူများနှင့် မဟူရာစစ်သည်တော်များက ထိုသားရဲကို လျှော့မတွက်ရဲကြတော့ပေ။

“ လိမ္မာလိုက်တဲ့ ကောင်လေး ” ရှောင်ယွမ်အာက ပိအန်းကို အသာပုတ်ပေးလိုက်သည်။

ပိအန်းက နာနာခံခံဖြင့် မြေပေါ် ပြန် လဲလျောင်းလိုက်သည်။ သူက ခေါင်းကို ဂုဏ်ယူစွာ မော့ထားပြီး ပတ်ဝန်းကျင်ရှိ လူသားများအား မတူမတန် သတ်မှတ်ထားလေသည်။ သူက သူတို့ကို အထက်စီးမှ ကြည့်နေသလိုမျိုး ဖြစ်၏။

လန်လော့၊ မင်ရှစ်ရင်နှင့် ကျန်းအိုက်ကျန့်တို့ကလည်း သူတို့စိတ်ဝိညာဉ်သဏ္ဌာန်များ ထုတ်လွှင့်လိုက်ကြသည်။ သူတို့အတွက် ထိုသို့လုပ်ဖို့ အချိန်ခဏမျှသာ ကြာလသည်။

ပွင့်ချပ်ရှစ်လွှာနှင့် လန်လော့

ပွင့်ချပ်ငါးလွှာနှင့် ကျန်းအိုက်ကျန့်

အာ … ပြီးတော့ ပွင့်ချပ်သုံးလွှာနဲ့ မင်ရှစ်ရင် …

ကျောင်းယွဲ့နှင့် ရှောင်ယွမ်အာတို့က သူတို့ကို ကြည့်နေပြီးနောက် ဘာမှမမြင်သည့်အလား တစ်ဖက်ကို လှည့်လိုက်ကြသည်။

ထို့နောက် စိတ်ဝိညာဉ်သဏ္ဌာန် သုံးခုလုံး ပျောက်သွားကြသည်။

မည်သည့်စိတ်ဝိညာဉ်သဏ္ဌာန်ကမှ ပွင့်ချပ်ရှစ်လွှာ ရွှေကြာလောက် အံ့ဩစရာမကောင်းပေ။

အမြင့်နှင့် ပွင့်ချပ်အရေအတွက်က အားလုံးကို အံ့အားသင့်သွားစေဖို့ လုံလောက်ပေသည်။

“ အဲလိုလာမကြည့်နဲ့။ မင်းက ပွင့်ချပ်ငါးလွှာလောက်နဲ့ ကိုယ့်ဘာသာ အဟုတ်ကြီး ထင်နေတာမလား”

မင်ရှစ်ရင်က ကျန်းအိုက်ကျန့်ဆီ မျက်လုံးဝေ့ကြည့်ကာ ပြောလိုက်သည်။

“ ဟုတ်ပါတယ် ဟုတ်ပါတယ် ဒီမှာ မင်းက အားအကောင်းဆုံးပါပဲ …. ငါ ဝန်ခံပါတယ်”

ကျန်းအိုက်ကျန့်က ခေါင်းညိတ်လိုက်သည်။

သူ ပွင့်ချပ်သုံးလွှာအဆင့်မှာ ရှိတုန်းက ပွင့်ချပ်ငါးလွှာအဆင့်ကို သတ်နိုင်လိမ့်မည် မဟုတ်မှန်း သိလေသည်။ သူ့အနေနှင့် အလျှော့ပေးလိုက်သည်က ရှက်စရာ မဟုတ်ပေ။ ထို့အပြင် ဤနေရာတွင် ပွင့်ချပ်ရှစ်လွှာ လန်လော့ ရှိနေသေးသည် မဟုတ်ပါလော။ သူတို့တွင် ပွင့်ချပ်မည်မျှရှိစေကာမူ နှိုင်းယှဉ်ရာတွင် မှေးမှိန်နေဦးမည် ဖြစ်၏။

လန်လော့၏ ကျင့်ကြံဆင့်က အပြည့်အဝ ပြန်မကောင်းသေးသော်လည်း သူ့အတွက် ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်ကို ခဏလောက် ထုတ်ဖော်ဖို့ မခက်ခဲပေ။ သူက မြေပေါ်တွင် သနားစဖွယ် လဲကျနေသည့် မော့လီကို ကြည့်လိုက်သည်။ သူမက မလှုပ်တော့ပေ။

ကျန်းအိုက်ကျန့်က လန်လော့ဘေးနား လျောက်လာကာ မော့လီကို ရွံ့ရှာဖွယ် ကြည့်လိုက်ရင်း ပြောလိုက်သည်။

“ ဝမ်းနည်းစရာပဲ ..”

“ဝမ်းနည်းစရာလား”

“ ဟူး တကယ်ကို ဝမ်းနည်းစရာပဲ” လန်လော့က လက်ကို မြှောက်လိုက်သည့်အခါ ဓားသွားက မော့လီ၏ သွေးများဖြင့် စိုရွဲသွားလေသည်။

ကျန်းအိုက်ကျန့်က လန်လော့ ဘယ်လိုလုပ်မည်မှန်း မသိပေ။ သူက နောက်ဆုတ်လိုက်သည်။

လန်လော့၏ လက်ထဲမှ ချီစွမ်းအားများ ထွက်ပေါ်လာကာ စွမ်းအားအဖြစ် စုစည်းသွားသည်။ သူ့ရွှေရောင်စွမ်းအားများဖြင့် သူ့ဓားမော့ကို ရစ်ပတ်လိုက်ပြီးနောက် မော့လီ ခန္ဓာကိုယ်အား ခုတ်ချလိုက်သည်။

“အာ …” ကျန်းအိုက်ကျန့်က အကြည့်လွဲလိုက်သည်။

မကြည့်တာ အကောင်းဆုံးပဲ … ငါ့စိတ်အခြေအနေလေး အန္တရာယ်ရှိနိုင်တယ်။

မိုးမြေအောက် လန်လော့က ဒီလိုလုပ်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်လောက်သည်။

ဘန်း ဘန်း ဘန်း

ဓားချက်များစွာက အလောင်းပေါ် ကျရောက်လာသည်။

လန်လော့က မော့လီအား အပိုင်းပိုင်း ခုတ်ပစ်ကာ အရိုးကိုပင်လျှင် အမှုန့်ကြိတ်ပစ်နေသည်။

အခြားလူများက ထိုမြင်ကွင်းကြောင့် ဦးခေါင်းများပင် ကျိန်းလာမိ၏။

သူတို့က လန်လော့နှင့် မော့လီတို့သည် တစ်မိုးတည်းအောက် အတူတူ မရှိနိုင်သည့် မဟာရန်သူမှန်း တွေးမိလိုက်ကြသည်။ မော့လီက လန်လော့အား သူမ ထိန်းချုပ်မှုအောက် နှစ်များစွာထားကာ ရွံ့ရှာဖွယ် အပြုအမူများစွာကို ခိုင်းစေခဲ့သည်။ သူ့အမုန်းတရားက သူမကို ခုတ်ထစ်ပစ်လိုက်ပြီးသည့်နောက်တွင်ပင် သက်သာသွားမည် မဟုတ်လောက်ပေ။

ဒုတိယမင်းသား လျိုဟွမ်က ထိုမြင်ကွင်းကြောင့် တုန်တုန်ယင်ယင် ဖြစ်နေသည်။ သူက ထစ်ထစ်အအ ဖြစ်နေပြီး “ မင်း … မင်း …”

သူ့မျက်နှာက ဖြူဖျော့နေကာ လက်ဖျားခြေဖျားလည်း အားလျော့နေသည်။

လန်လော့က ကိစ္စကို အဆုံးသတ်လိုက်ပြီးနောက် ဓားမော့ကို ပြန်ချထားလိုက်သည်။ ထို့နောက် သူက ဘာမှမဖြစ်ခဲ့သည့်အလား အဝတ်အစားကို ပြင်ပြင်လိုက်သည်။ သူက ရှင်းပြလိုက်သည်။

“ သူမလိုမျိုး စုန်းမတစ်ယောက်အတွက် ကျုပ်တို့ သတိထားကိုင်တွယ်ရမယ်။ တကယ်လို့ သူမက အရုပ်တစ်ရုပ် အစားထိုးသွားတာမျိုး ဒါမှမဟုတ် အသက်ပြန်ရှင်လာတာမျိုးဆိုရင် ကျုပ်တို့ပဲ ပြဿနာများရမှာမလား”

မရှင်းပြလည်း ရပါပြီ … ယုံပေးမယ် ဟုတ်ပြီလား။

ကျန်းအိုက်ကျန့်က လန်လော့နှင့် ဝေးဝေးရွေ့လိုက်ရင်း ခေါင်းညိတ်လိုက်သည်။ သူက ဘေးနားရှိ စစ်သားများနှင့် နားမလည်ဖြစ်နေသည့် မဟူရာစစ်သည်တော်များအား ကြည့်လိုက်သည်။

လျိုဟွမ်က ဆက်သည်းမခံနိုင်တော့ဘဲ ခြိမ်းခြောက်လိုက်သည်။ “ဖန်းရှုဝမ် … မင်း ငါ့ကို သေချာမရှင်းပြရင် မင်းနောက်ဆက်တွဲ အကျိုးဆက်ကို ရင်ဆိုင်ရမယ် …”

“ ကျုပ်အပြုအမူကို ဘာလို့ရှင်းပြနေရမှာလဲ” လန်လော့က မေးလိုက်သည်။

“ မင်း ” လျိုဟွမ်က စိတ်ရှုပ်သွားလေသည်။

ကျန်းအိုက်ကျန့်က မြေပေါ်မှ သာမန်ဓားမော့တစ်ချောင်းကို ကောက်လိုက်သည်။ သူက လက်ချောင်းဖြင့် အသာတောက်လိုက်သည့်အခါ တုန်ခါသံ ထွက်လာသည်။ သူက ကျေကျေနပ်နပ် ပြုံးလိုက်ကာ ရှင်းပြလိုက်သည်။

“ အရှင့်သား သူ့ကို ဘယ်သူမှန်း မသိဘူးလား။ သူက တစ်ခါတုန်းက တစ်မိုးအောက် နာမည်ကျော်ဖြစ်ခဲ့တဲ့ ပေနက်လွှာရဲ့ ထိပ်ဆုံးနေရာပိုင်ရှင် လန်လော့ပဲ ”

အခြားလူများလည်း အံ့ဩကုန်ကြသည်။

မဟူရာစစ်သည်တော်များ၏ နဂိုအဖွဲ့ဝင်များသာ ဖန်းရှုဝမ်အကြောင်း သိထားကြလေသည်။ သူတို့က လန်လော့အကြောင်း မသိပေ။ အမှောင်စစ်သည်တော်လေးယောက် သေဆုံးသွားပြီးနောက် မဟူရာစစ်သည်တော်ထဲတွင် ဖန်းရှုဝမ်က လန်လော့ ဖြစ်ကြောင်း သိသူ မရှိတော့ပေ။ ကျန်ရှိနေသော မဟူရာစစ်သည်တော်များက ခေါင်းရှုပ်သွားကြသည်။

ငါတို့ခေါင်းဆောင်က မော့လီ ရာထူးတိုးပေးထားတဲ့ အတုအယောင် မဟုတ်ဘူးလား … သူက ဘယ်လိုလုပ် လန်လော့ ဖြစ်သွားတာလဲ

သို့သော်လည်း မေးနေစရာ မလိုပေ။ ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်က လန်လော့၏ ဇစ်မြစ်ကို သက်သေပြဖို့ လုံလောက်လေပြီ။

ဒုတိယမင်းသား လျိုဟွမ်၏ အကြည့်များက လန်လော့နှင့် ကျန်းအိုက်ကျန့်ကို ကြည့်ရင်း ဒေါသမီးတောက်လောင်လာသည်။

“ သူက လန်လော့ဖြစ်နေတော့ ဘာဖြစ်လဲ။ သူက ကိုယ်လုပ်တော်လီကို သတ်လိုက်တာ … သူ့အသက်နဲ့ ပြန်ပေးဆပ်ရမယ် ”

ကျန်းအိုက်ကျန့်က ပြုံးလိုက်ကာ “ ခင်ဗျားက လူတစ်ယောက်ရဲ့ ကံကြမ္မာကို အမိန့်ပေးရတာ ကြိုက်တယ်မလား ”

“ ဟုတ်တယ် …ကျန်းအိုက်ကျန့် မင်းကိုလည်း ခွင့်မလွတ်ဘူး ”

“ အိုး အမလေးလေး မလုပ်လိုက်ပါနဲ့ …. ကျုပ်ဘဝကို အရမ်းကြိုက်တယ်။ အရှင့်သား ကျုပ်အဆင့်အထိ လျှော့ချမပစ်လိုက်ပါနဲ့” ကျန်းအိုက်ကျန့်က ကြောက်ကြောက်လန့်လန့် အမူအရာဖြင့် ဟန်ဆောင်လိုက်သည်။

ထိုအရာကို မြင်ကာ လျိုဟွမ်က ကျန်းအိုက်ကျန့်ကို ပိုမကျေမနပ် ဖြစ်လာသည်။ သူက လန်လော့၏ ပွင့်ချပ်ရှစ်လွှာ စိတ်ဝိညာဉ်သဏ္ဌာန်အပေါ် ကြောက်စိတ်လျော့ကျသွားလေသည်။ သူက ကျန်းအိုက်ကျန့်အား လက်ညှိုးထိုးကာ “ ဒီမင်းသားရှေ့ ဒူးထောက်စမ်း ”

ကျန်းအိုက်ကျန့်က ဒေါသထွက်ဟန် မပေါ်ပေ။ ထို့အစား သူ့မျက်နှာအထက် သဘောကျသည့် အမူအရာမျိုး ပေါ်လာသည်။

ထိုအရာကို မြင်ပြီး မင်ရှစ်ရင်က ဝင်ပြောလိုက်သည်။

“ သူနဲ့ ဘာလို့ အချိန်ဖြုန်းနေတာလဲ။ ရိုက်ပစ်လိုက် … ရှစ်စွင်း ပြန်လာတဲ့အခါ သူ ဒီထက် အပြစ်ပေးခံရမှာပဲ”

ကျန်းအိုက်ကျန့်က လျိုဟွမ်ဆီ လျှောက်လာလိုက်သည်။

လျိုဟွမ်က အင်္ကျီလက်ဖျားကို ခါလိုက်ကာ “ဒူးထောက်စမ်း”

“အခုချက်ချင်း ”

ရွှပ်

လေထဲ ဓားဖြင့် ထိုးလိုက်သည့် အသံ ထပ်ထွက်လာသည်။ အသံက ထူးခြားကာ အလွယ်တကူ မှတ်မိစေနိုင်သည်။

စစ်သားများ၏ အကြည့်များက လင်းလက်လာသည်။ နောက်ဆုံးတွင် သူတို့က ကျန်းအိုက်ကျန့်တစ်ယောက် စောစောလေးက ဓားကို ကောက်ကာ တောက်လိုက်သည့်အပြုအမူကို နားလည်သွားကြသည်။ ထိုအရာက ယခုအခိုက်အတန့်အတွက် ဖြစ်၏။

ဓားမော့က ဒုတိယမင်းသား ရင်ဘတ်ထဲ စိုက်ဝင်သွားလေပြီ။ ဓားဖျားက နောက်ကျောဘက်မှ ထွက်နေသည်။

လျိုဟွမ်က မျက်လုံးအပြူးသား ဖြစ်နေသည်။ သူက ကျန်းအိုက်ကျန့်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ ကျန်းအိုက်ကျန့်က လျိုဟွမ်အား ပြန်ပြုံးပြလိုက်၏။ သူ့လက်က ဓားရိုးကို တင်းတင်းဆုပ်ကိုင်ကာ လျိုဟွမ် ရင်ဘတ်ထဲ ဆက်ထိုးချလိုက်သည်။

တောက်

တောက် …

ဓားက သွေးများရွဲနှစ်ကာ ဓားဖျားမှ သွေးစက်များ စီးကျလာသည်။ သွေးစက်က ကျောက်ကြမ်းပြင်ဆီ ကျသွားပြီး အနီရောင်ဆီးပန်းပွင့်အလား ပျံ့သွားလေသည်။

ရွှင်းထျန်းစံအိမ်တစ်ခုလုံးက တိတ်ဆိတ်သွားကာ သွေးစက်ကျသံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။

လန်လော့ မြင်သည့်အခါ အနည်းငယ်တော့ အံ့ဩမိသွားသည်။ သူက လက်အသာမြောက်ကာ ခြိမ်းခြောက်လိုက်သည်။

“ ဘယ်သူ ဝင်ရှုပ်ရလဲ။ ရှုပ်ရဲတဲ့သူ ငါ့လက်နဲ့ သေရမယ် ”

ကျန်လူများက မလှုပ်ရဲကြပေ။

ကျန်းအိုက်ကျန့်က ပြုံးနေဆဲ ဖြစ်ကာ လျိုဟွမ်အား ကြည့်လိုက်သည်။ ခဏအကြာတွင် သူက ရယ်မောလိုက်သည်။ ထိုအသံက ဝမ်းနည်းသည့် အရိပ်အယောင်များ ဖြည့်စွက်ရောနှောထားသည်။

ထောင့်တစ်နေရာမှ စတုတ္ထမင်းသား လျိုပင်းလည်း အသံမထွက်ရဲပေ။ သူက စကားပြောရန် ကြိုးစားလိုက်သော်လည်း အသံပင် လည်ချောင်းထဲမှာ တစ်ဆို့သွားရသည်။ အဆုံးသတ်၌ သူက ကူကယ်ရာမဲ့စွာ ခေါင်းခါပြီး လက်ချလိုက်သည်။

လူသားများ၏ ကံကြမ္မာက သူတို့ဘာသာ ဆုံးဖြတ်ကြလေသည်။ လူတစ်ယောက်က မည်သည့်အခြေအနေ ဖြစ်နေပါစေ သူ လျှောက်လမ်းထားသည့် လမ်းကို အဆုံးသတ်ရမည်။ သေဆုံးသွားလျှင်ပင် ညည်းတွားမှု မရှိသင့်ပေ။

လျိုဟွမ်၏ နောက်ဆုံးထွက်သက် ကုန်ခါနီး ချောင်းဆိုးလာသည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာလေ၏။ သူ့လက်ကျန်အားဖြင့် လျိုဟွမ်က ကျန်းအိုက်ကျန့် လက်ကို ဆွဲလိုက်သည်။

ကျန်းအိုက်ကျန့်က မရုန်းပေ။ ထိုအစား သူက ရှေ့တိုးလိုက်ပြီး လျိုဟွမ်နားထဲ တီးတိုးပြောလိုက်သည်။

“ကျင်းဟယ်နန်းဆောင်က လူအယောက်တစ်ထောင်က ခင်ဗျားအပြစ်ကြွေးဆပ်တာကို ကြည့်နေတယ် ”

လျိုဟွမ်၏ မျက်လုံးများက အပြူးသားဖြစ်သွားလေသည်။

ကျန်းအိုက်ကျန့်က ခေါင်းခါလိုက်သည်။ သူ့လက်မှ စွမ်းအားတချို့ ထုတ်လွှင့်လိုက်သည်။

ဘန်း

လျိုဟွမ်က ဓားတန်းလန်းဖြင့် မြေပေါ် လဲကျသွားသည်။ ဒုတိယမင်းသား လျိုဟွမ်ကား သေဆုံးသွားလေပြီ။

ကျန်းအိုက်ကျန့်က ရယ်မောလိုက်သည်။ ထို့နောက် သူ ပျင်းပျင်းရိရိ နဂိုပုံစံအတိုင်း ပြန်ဖြစ်သွားပြီး ပိအန်းဘေးနား ရောက်လာကာ မလုံမလဲဖြင့် ပြောလိုက်သည်။ “ငါ တမင်လုပ်တာ မဟုတ်ပါဘူး။ သူက အဲလောက် အားနည်းနေမယ်လို့ မထင်ထားမိဘူးလေ ”

မင်ရှစ်ရင်၊ ရှောင်ယွမ်အာနှင့် ကျောင်းယွဲ့တို့က ကျန်းအိုက်ကျန့်အား ဘာပြောရမှန်းမသိ ကြည့်လိုက်ကြသည်။

ကျောင်းယွဲ့က သူတို့နှင့် အမည်အားဖြင့် ရင်းနှီးသော ပတ်သက်မှုဖြစ်သော်လည်း သူတို့က အတူတူ အချိန်မကုန်ဆုံးဖူးပေ။ ထို့ကြောင့် သူမက ဝမ်းနည်းသလို မခံစားရပေ။ ထို့အပြင် လျိုဟွမ်က လွန်လွန်းလှ၏။ သူ သေဆုံးသွားသည့်အတွက် သူမက စိတ်သက်သာရာရသွားလေသည်။

“ကျန်လူတွေကို ဘယ်လိုလုပ်ကြမလဲ” မင်ရှစ်ရင်က စိတ်လှုပ်ရှားလာသည်။ အကြောင်းအရင်းတချို့ကြောင့် သူက မောက်မာပြနေသည့် ပိအန်းကို ကြည့်ကာ သူ့ကိုယ်သူ လေပေါ်ရောက်နေသလို ခံစားနေရသည်။ သူက အရေးသာမှုကို အခွင့်ကောင်းယူကာ တခြားသူများကို အနိုင်ကျင့်ရတာ သဘောကျ၏။ အတိအကျဆိုရလျှင် သားရဲကို အခွင့်ကောင်းယူပြီး ဖြစ်၏။

ထိုစဉ် လုကျိုးက နတ်ခြင်္သေ့ကို စီးကာ တောအုပ်ပေါ် ဖြတ်ပျံသွားသည်။ သူက အချိန်မည်မျှ ရှိသွားကြောင်း တွေးနေမိသည်။ သူ သိချင်သည့် တစ်ခုတည်းသောအရာက နီးကပ်လာလေပြီ။ တစ်ချိန်တည်းဆိုသလို သူက စိတ်ထဲ ရွေးချယ်မှုများကို ချိန်ဆနေလေ၏။

ယွီရှန်းရုန်နှင့် စီးဝူယာ့တို့၏ အမြန်နှုန်းဖြင့် သူတို့က နတ်ခြင်္သေ့၏ ပြိုင်ဘက် မဟုတ်ပေ။

ငါ ဆက်လိုက်လိုက်မယ် … ငမိုက်သားတွေ ဘယ်ပြေးဦးမလဲ ကြည့်ရတာပေါ့

နတ်ခြင်္သေ့က သခင်ဖြစ်သူ၏ စိတ်ဆန္ဒကို နားလည်သည့်အလား တောအုပ်ထဲမှ တောင်ထိပ်များကို ကျော်ဖြတ်သွားသည်။

လုကျိုးက ရုတ်ခြည်း ပြောလိုက်သည်။ “ခဏလေး ”

နတ်ခြင်္သေ့က ရပ်လိုက်ပြီး ကျယ်ကျယ်လောင်လောင် ဟိန်းဟောက်လိုက်သည်။ ထိုအသံလှိုင်းက ကြောက်ခမန်းလိလိ အရှိန်ဖြင့် ပျံ့နှံ့သွားလေသည်။

ယွီရှန်းရုန်နှင့် စီးဝူယာ့တို့က သတိလက်လွတ်ဖြစ်ကာ မြန်မြန်ဆန်ဆန် ပြုတ်ကျလာကြသည်။

ကံကောင်းသည်မှာ ယွီရှန်းရုန်က ကျင့်ကြံဆင့်ကို ကောင်းကောင်းထိန်းချုပ်ထားနိုင်သည်။ အစပိုင်း အံ့ဩသွားသော်လည်း သူက အခြေအနေကို မြန်မြန် ထိန်းညှိကာ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။

“အာ့ရှစ်ရှိုး စိတ်အေးအေးထား” စီးဝူယာ့က မော့ကြည့်လိုက်သည်။ သူက ကောင်းကင်တစ်ခွင် သေချာလိုက်ကြည့်လိုက်သည်။

ယွီရှန်းရုန်က တည်ငြိမ်နေသည်။

“ငါက စိတ်အေးအေးထားပါတယ် ”

“ သူ ကျွန်တော်တို့နောက် လိုက်လာတဲ့ပုံတော့ မပေါ်ဘူး ”

“ သူ လိုက်လာရင်တောင် ကြောက်ဖို့မလိုပါဘူး ” ယွီရှန်းရုန်က တည်ငြိမ်နေဆဲ ဖြစ်၏။

စီးဝူယာ့ “ …”

သူက သေချာစဉ်းစားလိုက်ပြီးနောက် တစ်ခုခု လွဲမှားနေသလို ခံစားလာရသည်။

သူက ပြောလိုက်၏။ “ အာ့ရှစ်ရှိုးရဲ့ ကျင့်ကြံဆင့်က နက်နဲတယ်ဆိုတော့ မကြောက်တာ ပုံမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်က မန္တန်ကနေ လွတ်မြောက်ခါစပဲ ရှိသေးတာလေ။ ကျွန်တော့် အကောင်းဆုံးအခြေအနေမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဒီနေရာကနေ မြန်မြန်လွတ်မြောက်အောင် အာ့ရှစ်ရှိုးကိုပဲ ဒုက္ခပေးရတော့မယ်”

“ ရပါတယ်” ယွီရှန်းရုန်က တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည်။

စီးဝူယာ့က နောက်ထပ် မပြောနိုင်ခင် ယွီရှန်းရုန်၏ စွမ်းအားက သူ့ကို လွှမ်းခြုံသွားလေသည်။ နှစ်ယောက်သား အလင်းခွင်းတိမ်တိုက်တောအုပ်ဆီ ပျံသန်းလိုက်ကြသည်။ သူတို့က ပျံသန်းနေရင်း နောက်ကို ရံဖန်ရံခါ ပြန်လှည့်ကြည့်ကြသည်။

စီးဝူယာ့က ပြောလိုက်သည် “ ကြည့်ရတာ ရှစ်စွင်း ပါမလာတော့ဘူး တူတယ်”

ယွီရှန်းရုန်က ခေါင်းညိတ်ကာ “ မင်း မန္တန်ကို ဖယ်လိုက်ပြီလား ”

“ ကျွန်တော်လည်း ဘယ်လိုဖြစ်သွားမှန်းတော့ မသိလိုက်ဘူး ” စီးဝူယာ့က မျှော်နန်းဆောင်တွင် မြင်တွေ့ခဲ့ရသမျှ ပြန်လည်စဉ်းစားလိုက်သည်။ သူ့စိတ်ထဲ အကြောက်တရား ရှိနေဆဲ ဖြစ်၏။

“ ဘယ်လိုဖြစ်ဖြစ် ပျက်သွားတော့ ကောင်းတာပေါ့ ” ယွီရှန်းရုန်က ပြောလိုက်သည်။

နှစ်ယောက်သား အရှိန်မြင့်လိုက်ကြသည်။

စီးဝူယာ့က ရှေ့တည့်တည့်ကို ကြည့်ကာ မေးလိုက်သည်။

“အာ့ရှစ်ရှိုး ကျွန်တော်တို့ ဘယ်သွားနေတာလဲ ”

“အလင်းခွင်းတိမ်တိုက်တောအုပ်လေ ” ယွီရှန်းရုန်က တည်တည်ငြိမ်ငြိမ် ဖြေလိုက်သည်။

“အခုလား ”

“အခုပဲ ”

…

အခန်း (၃၂၇) လူလိမ်လူကောက်များနောက်လိုက်ခြင်း

စီးဝူယာ့က နားမလည်ပေ။ သို့သော်ငြား ယွီရှန်းရုန်က ထူးမခြားနားဖြစ်ပြီး စိတ်အခြေအနေကောင်းပုံ မပေါ်တာကို မြင်သောအခါ သူက ဆက်မမေးတော့ပေ။

ယွီရှန်းရုန်သည် ယခင်ကနှင့်စာလျှင် ပိုမြန်ဆန်သည့် အရှိန်ဖြင့် သွားနေတာ သိသာ၏။

သူတို့က သစ်ပင်များကို အရှိန်ပြင်းပြင်းဖြင့် ဖြတ်ကျော်ခဲ့သည်။

လုကျိုးက တစ်စုံတစ်ခု လွဲချော်နေကြောင်း သူ့သံသယကို ထုတ်ပြောပြီးသည်နှင့် သူ၏ အသုံးပစ္စည်းကတ်များ သုံး၍ မရကြောင်း မှတ်မိသွားသည်။

အနေခက်လိုက်တာ ... သူသည် သူတို့နောက် အချိန်အတော်အကြာလိုက်ခဲ့ပြီးနောက် ထိုသို့တိုင် ထိုအကြောင်းကို လုံးဝမေ့လျော့သွားခဲ့သည်။ ထို့အပြင် အစောတုန်းက ကောင်းကင်ကျမ်းစာမှ ထူးကဲစွမ်းအားကိုလည်း ကုန်ခန်းအောင် သုံးခဲ့ပြီးဖြစ်သည်။ ဤအခြေအနေ၌ သူကလိုက်ဖမ်း နေသေး၏။ သူက တပည့်များကို လိုက်နေခြင်းသည် အပြည့်အဝခုခံမှုကင်းမဲ့နေသည့် အချိန် မဟုတ်ပါလော ...

နတ်ခြင်္သေ့၏ကျောပေါ်၌ ရပ်နေလျက် စနစ်မျက်နှာပြင်ပေါ်ရှိအသုံးပစ္စည်းကတ်များကို ကြည့်လိုက်၏။ ပြန်လည်အသုံးပြုနိုင်ရန်အတွက် ငါးရက် စောင့်ဆိုင်းရဦးပေမည်။

“နတ်ခြင်္သေ့ ... ငါ့ရဲ့တပည့်တွေ ကျောင်းယွဲ့နဲ့ မင်ရှစ်ရင် အန္တရာယ်ရှိနေလား”

နတ်ခြင်္သေ့က ထူးထူးဆန်းဆန်း အော်သံပြုလိုက်၏။ လုကျိုးက မုတ်ဆိတ်သပ်ကာ ခေါင်းညိတ်လိုက်တော့သည်။

“မင်း ငါ့ကို နားလည်တာကောင်းတယ်”

လုကျိုးက လှည့်ပြန်တော့မည့်အချိန်၌ အနက်ရောင်ရထားလုံးတစ်စီးက သူ့ကို ဖြတ်ကျော်သွားသည်။

ရထားလုံးက မမြန်ပေ။ ထိုအစား အေးအေးလူလူသွားနေကာ ရထားလုံးပေါ်ရှိလူများက ရှုခင်းကြည့်နေသည့်ပမာ ဖြစ်နေ၏။

ကနဦးချီ၏လှိုင်းက မချောမွေ့ပေ။ ရထားလုံးပျံက ထိခိုက်ထားပုံရ၏။ ၎င်း၏လမ်းကြောင်းကို အကဲဖြတ်ခြင်းအားဖြင့် ရထားလုံးပျံသည် ရူပေ့မြို့ကနေလာတာဖြစ်ဟန်တူသည်။ ထိုနယ်ပယ်၌ လူများ နေထိုင်သည့် မြို့များ မရှိပေ။ ဤနေရာ၌ ရထားလုံးပျံက အဘယ်ကြောင့် ရှိနေသနည်း။ လုကျိုးက ဇဝေဇဝါဖြစ်သွားတော့၏။ ဤနေရာက လူသားများ အခြေချနေထိုင်သည့်နေရာနှင့် အတော်လေး ဝေးသည်။ ဝေးလံသည့်မြောက်ဘက်၌ တောင်တန်းများ၊ တောအုပ်များသာရှိ၏။ ပုံမှန်ဆို လူသားကျင့်ကြံသူများက မြို့များ၊ သို့မဟုတ် ဂိုဏ်းထဲကနေထွက်မလာပေ။ သူတို့က တောအုပ်ထဲသို့ သွားသည့်အချိန်၌ ကြောက်မက်ဖွယ်ကောင်းသည့် သားရဲများနှင့် တွေ့ဆုံနိုင်သည်။ သူတို့က သားရဲ တစ်ကောင်ကိုယဉ်ပါးအောင်ပြုလုပ်ရန် ဤနေရာသို့လာလျှင်တောင် ရထားလုံးပျံ သုံးရန် မလိုပေ။ ယင်းက အဆင်မပြေနိုင်ပေ။

လုကျိုးသည် ရထားလုံးပျံရှိရာဆီသို့ နတ်ခြင်္သေ့ကိုသွားခိုင်းလိုက်၏။ ရထားလုံးပျံကို မည်သူ ပိုင်ဆိုင်မှန်းသူမြင်ချင်သည်။ သူက ရထားလုံးပျံနားကပ်လာသည့်အချိန်၌ အထဲက စကားပြောသံ ကိုကြားလိုက်ရ၏။

“မင်းတို့ငပျင်းတွေ ... အားပြည့်ပြည့်နဲ့ မောင်းကြလေ”

“ဂိုဏ်းချုပ် … ကျွန်တော်တို့ မရပါဘူး။ အစောတုန်းက စွမ်းအားရိုက်ချက်က ရထားလုံးပျံရဲ့ အစီအရင်သွေးကြောအများစုကိုထိခိုက်စေခဲ့တာ”

“ဂိုဏ်းချုပ် ... ကျွန်တော်တို့တွေ ရထားလုံးပျံကို ထားပြီးပြေးရအောင်လား၊ အစီအစဉ် ကျရှုံးရင် ပြီးသွားပြီပဲ”

သူတို့ပြောနေပုံအရ ထိုလူများသည် ရူပေ့မြို့ကနေ ထွက်ပြေးလာတာ သိသာနေ၏။

ဆိုရိုးစကားရှိသည့်အတိုင်း ရန်သူများက လမ်းကျဉ်းလေး၌ တွေ့ကြသည်။ ကံဆိုးသည်မှာ လုကျိုးက လက်ရှိတွင် သူတို့ကို ရင်ဆိုင်ရန် စွမ်းအားကင်းမဲ့နေလေ၏။

ထားလိုက်တော့ ... မင်းတို့ကံကောင်းနေတယ်လို့ပဲသတ်မှတ်လိုက်။

လုကျိုးက လှည့်ထွက်သွားတော့မည့်အချိန်တွင် ရထားလုံးပျံထဲကနေ အနက်ရောင်အရိပ်တစ်ခုက ရုတ်တရက် ပေါ်ထွက်လာ၏။

“အဲဒီမှာ ဘယ်သူလဲ” လျှပ်ပြက်သည့်အရှိန်ဖြင့် ပုံရိပ်က လုကျိုးဆီသို့ရောက်လာသည်။

ဒါက တာအိုကိုယ်ပျောက်ခြင်း ... ဒါက လက်ရွေးစင်တစ်ယောက်ပဲ။ လုကျိုးက မျက်မှောင်ကျုံ့လိုက်သည်။ နတ်ခြင်္သေ့ မင်းအခု ငါ့ကိုပံ့ပိုးဖို့ မင်းလုပ်ရတော့မယ်။

သို့သော်ငြား အနက်ရောင်အရိပ်က ချဉ်းကပ်လာပြီးတိုက်ခိုက်တော့မည့်အချိန်၌ သူ၏ပစ်မှတ်ကို တွေ့လိုက်ရသည်။

မင်္ဂလာချီလား ... နတ်ခြင်္သေ့လား။ သူတို့ကသားရဲပေါ်ရှိအဖိုးအိုကိုကြည့်လိုက်၏။

မိစ္ဆာကြီးကျိလား ...

ဘန်းးးးး

အနက်ရောင်အရိပ်က ပါးလွှာသည့်လေကိုရိုက်ချလိုက်ပြီး သူ့တိုက်ခိုက်မှုကို အတင်း ရပ်လိုက်လေ၏။ သူက တန်ပြန်ရိုက်ခတ်မှု ခံရလျက်လေထဲတွင် ဒူးထောက်လိုက်၏။

“နှုတ်ဆက်ပါတယ် ... ဆရာကြီး ဒါက နားလည်မှုလွဲတာပါ”

လုကျိုး၏အမူအရာက တည်ငြိမ်နေ၏။ သူက အနက်ရောင်ပုံရိပ်၏မျက်နှာကိုကြည့်ပြီး ပြောလိုက်တော့သည်။

“တွမ့်ရှင်းလား”

ယင်းက မိစ္ဆာဘုရားကျောင်း၏ တတိယကျောင်းထိုင်တွမ့်ရှင်းပဲ ဖြစ်သည်။

မိစ္ဆာဘုရားကျောင်း၏ ကျောင်းထိုင် ရန်ပုဖင်းက ထျန်းကျစ်မြို့၌ နတ်ဆရာဆယ်ပါးနှင့်တိုက်ပွဲ၌ သေဆုံးသွားချိန်မှစပြီး တွမ့်ရှင်းသည် ဂိုဏ်းချုပ်အသစ်ဖြစ်ရွေးချယ်ခံခဲ့သည်။ ထိုအဖြစ်အပျက် ဖြစ်ချိန်မှစပြီး သူတို့က မဆုံတွေ့ကြပေ။ ယခုအချိန်သည့်တိုင် သူတို့ဤနေရာသို့ရောက်လာခဲ့သည်။

တွမ့်ရှင်းက အနေခက်စွာပြောလိုက်၏။ "လောင်ချန်းပေ့ ... ရူပေ့မြို့မှာ မဟုတ်ဘူးလား ဒီကို ဘာ ... ဘာလို့ရောက်လာတာလဲ” သူက မေးပြီးနောင်တချက်ချင်းရသွားလေ၏။

ဒါက သိသာနေတာမဟုတ်ဘူးလား လုကျိုးစီးထားတဲ့စီးတော်ယာဉ်ကိုကြည့်လေ။ သူတို့ရဲ့ ဆုတ်ချာတဲ့ရထားလုံးပျံနဲ့ယှဉ်ရင် သူကတကယ်နိမ့်ကျနေတာပဲ။

“မင်းက ငါ့ကို မေးနေတာလား” လုကျိုးက မုတ်ဆိတ်သပ်လျက် အမေးဖြင့် တုံ့နှင်းလိုက်တော့သည်။

“မဟုတ်ပါဘူး ... မဟုတ်ပါဘူး ... မဟုတ်ပါဘူး မမေးရဲပါဘူး” တွမ့်ရှင်းက အမြန်ပြန်ပြောလိုက်၏။

“ဘယ်သွားနေတာလဲ” လုကျိုးက မေးလိုက်သည်။

“ဒါက ... “တွမ့်ရှင်းက တွေဝေစွာ ပြောလိုက်၏။ “ပွဲကြည့်ဖို့ပါ”

“ပွဲကြည့်ဖို့လား”

“လောင်ချန်းပေ့ ... ဒါကို သတိမပြုမိတာ သဘာဝကျပါတယ်” တွမ့်ရှင်းက ခေါင်းခါလိုက်၏။

“ဆရာကြီးရဲ့ ပထမတပည့်နဲ့ ဒုတိယတပည့်က တိမ်တောက်တောင်ထိပ်မှာ တိုက်ခိုက်ဖို့ သဘောတူညီချက် ယူထားပြီးပြီ ... တော်တော်များများဒီအကြောင်းမသိကြဘူး။ လက်ရွေးစင်တွေ ကြားက တိုက်ပွဲကို မကြည့်လိုက်ရရင်နှ မြောစရာပဲလေ ... ဒါကြောင့် ကျွန်တော်တို့ သတ္တိမွေးပြီး သွားကြည့်မလို့"

“အဲဒီလူမိုက် ယွီကျန့်ဟိုင်နဲ့ ယွီရှန်းရုန်တို့က တိမ်တောက်တောင်ထိပ်မှာ တိုက်ခိုက်မယ်လို့ ပြောနေတာလား” လုကျိုးကမေးလိုက်၏။

“အဟုတ်ပါပဲ” လုကျိုး၏အကြည့်က တွမ့်ရှင်း၏ရထားလုံးပျံဆီရောက်သွားသည်။ တွမ့်ရှင်းသည် ရူပေ့မြို့တွင် ဖြစ်ပျက်သွားတာကို သိပြီးတာ သိသာနေသည်။ ဒါက တိုက်ဆိုင်တာလား။ ထိုသို့မထင်ပေ။ ရူပေ့မြို့၌ အပြာရောင်ကြာပွင့် ဖူးပွင့်မှုသည် တွမ့်ရှင်း၏ ရထားလုံးပျံကို သက်ရောက်စေခဲ့၏။ ဆိုလိုတာက တွမ့်ရှင်းသည် ထိုအချိန်က အနားတွင်ရှိခဲ့သည်။ တွမ့်ရှင်းသည် မည်သူ့ကို လိုက်နေသနည်း။ တွမ့်ရှင်းက ဤဖက်ကိုပြေးလာစရာအကြောင်းမရှိပေ။

လုကျိုးက လေသံအတက်အကျမရှိ ပြောလိုက်လေ၏။

“တွမ့်ရှင်း”

“ဟုတ်ကဲ့ လောင်ချန်းပေ့”

“ငါ့ကို လှည့်စားဖို့ မကြိုးစားနဲ့” လုကျိုးကပြောလိုက်သည်။ ‘ဒီအဆင့်နဲ့မင်းက တိုက်ပွဲတစ်ပွဲကို မျက်မြင်ကြည့်ဖို့ မကိုက်ညီဘူး’

“ကျွန်တော်မလုပ်ရဲပါဘူး” တွမ့်ရှင်းက ချွေးစီးများပြန်လာသည်။ သူ၏လက်ချောင်းများက လှုပ်ခါလာကာ ရိုးသားစွာ ပြောလိုက်၏။

“အမှန်အတိုင်းပြောရရင် ချန်းပေ့ ... ချန်းပေ့က ရူပေ့မြို့မှာ ရှိတယ်ဆိုတာ ကျွန်တော်သိတယ်။ အစောတုန်းက မဟာစွမ်းအား ထုတ်ဖော်လိုက်တာကို မျက်မြင်တွေ့ခဲ့ရတာ”

“ဘာကြောင့်လဲ" လုကျိုးက မေးလိုက်သည်။ တွမ့်ရှင်းက သက်ပြင်းချကာ ခေါင်းခါပြီး ပြောလိုက်သည်။

"မိစ္ဆာဘုရားကျောင်းက တစ်ခေတ်တစ်ခါတုန်းကလို မဟုတ်တော့ဘူး။ အကြွင်းအကျန်ပဲ ရှိတော့တာ ... ကျွန်တော့် ရဲဘော်ရဲဘက်တွေက အသက်ရှင်ဖို့ လိုအပ်တယ်လေ။ ငရဲဂိုဏ်းက ကျွန်တော်တို့ကို အခွင့်အရေး မပေးဘူး။ ကျွန်တော်တို့ကို သုတ်သင်ရှင်းလင်းချင်နေတာ။ မိစ္ဆာဝေဟင်မျှော်နန်းဆီ တစ်ခါလောက် လာလည်ပြီး ဆရာကြီးနဲ့ တွေ့ဖို့ ရည်ရွယ်ထားတာ ဒါပေမဲ့ ဆရာကြီးက မရှိဘူးလေ။ စုံစမ်းပြီးတော့မှ ကျွန်တော်တို့ရူပေ့မြို့ကိုရောက်လာတာပဲ”

ထိုရှင်းပြချက်က ယုတ္တိရှိသည်။

တွမ့်ရှင်းက ဆက်ပြော၏။

“ရထားလုံးပျံက ထိသွားတာ ... ကျွန်တော်တို့ ဆရာကြီးနောက်လိုက်ပြီး လွတ်သွားမှာကိုကြောက်လို့” အစောတုန်းက ဖြစ်ပျက်ခဲ့တာကိုသတိရပြီးအမြန်ပြောလိုက်၏။

“အစောတုန်းက တကယ်နားလည်မှုလွဲတာပါ ... တစ်ယောက်ယောက်က ကျွန်တော်တို့ကို ခြုံခိုတိုက်ခိုက်ဖို့ ကြိုးစားနေတယ်လို့ ထင်လိုက်တာ” ထိုသို့ပြောပြီးနောက် သူ့ဖာသာသူ တွေးလိုက်၏။

‘ပြောရရင် ခင်ဗျားက နတ်ခြင်္သေ့စီးနေတာလေ ... သားရဲက ဘယ်လောက်နှေးနှေး ဒီဆုတ်ချာတဲ့ရထားလုံးပျံထက်တော့မနှေးနိုင်ဘူး။ ကျွန်တော်တို့ ခင်ဗျားကိုလိုက်မှီသွားတော့ အံ့ဩသွားတာ ... တကယ်သေလုနီးပါးကြောက်လန့်သွားရောပဲ’

လုကျိုးက မုတ်ဆိတ်သပ်ပြီး ခေါင်းညိတ်လိုက်တော့သည်။

“တိမ်တောက်တောင်ထွတ်ဆီကို ငါ့နောက်လိုက်ခဲ့” တွမ့်ရှင်းက အပျော်လွန်သွား၏။ သူက အရိုအသေပေးကာ ပြောလိုက်တော့သည်။

“ဟုတ်ကဲ့ ဆရာကြီး ... ဒါက ဒဏ္ဍာရီလာသားရဲနတ်ခြင်္သ့ကို စီးရတာ ပထမဆုံးအကြိမ်ပါ”

သူကပြောပြီးနောက် နတ်ခြင်္သေ့၏နောက်ကျောပေါ်ခုန်တက်ရန်ပြင်လိုက်၏။

“ထွက်သွား” လုကျိုးကပြောလိုက်၏။

တွမ့်ရှင်းက အံ့ဩသွားသည်။

“မင်းနားကို ကြည့်လိုက် မြစ်တွေ၊ ချောင်းတွေနဲ့ ဒီလိုလှပတဲ့ရှုခင်းကို မခံစားရရင် ဖြုန်းတီးရာ ရောက်တယ်လို့ မထင်ဘူးလား” လုကျိုးက နတ်ခြင်္သေ့ကို ရထားလုံးပျံဆီသို့ နှင်လိုက်၏။

တွမ့်ရှင်းက အမြန်ပြောလိုက်သည်။ "ကျွန်တော်အခုသိပါပြီ ... ဒီလမ်းပါ ဆရာကြီး” သူက ရထားလုံးပျံဆီသို့ အမြန်သွားလိုက်၏။

“ထွက်ကြလေ မင်းတို့တွေ ဘာတွေစိတ်ကူးယဉ်နေတာလဲ ဆရာကြီးကို မြန်မြန်နှုတ်ဆက်ကြ” တွမ့်ရှင်းက ပြောလိုက်၏။

မိစ္ဆာဘုရားကျောင်း၏တပည့်က အရိုအသေ ပေးလိုက်သည်။ သူတို့အသက်ပြင်းပြင်းတောင် မရှုရဲပေ။

လုကျိုးက ရထားလုံးပျံပေါ်တက်လာ၏။ လက်တချက်အဝေ့ဖြင့်နတ်ခြင်္သေ့က ထွက်သွားတော့သည်။

“ထိုင်ပါ လောင်ချန်းပေ့ ... ဒီရထားလုံးပျံက အကောင်းဆုံး မဟုတ်ဘူး။ လေလိုမပျံနိုင်ဘူး၊ စိတ်မရှိဖို့ မျှော်လင့်ပါတယ်"

“ရတယ်” လုကျိုးက လက်ကိုဝေ့ယမ်းပြီးထိုင်လိုက်၏။ သူက ပြောလိုက်တော့သည်။

“ဖြည်းဖြည်းချင်း သွားတာကောင်းတယ်” တချိန်ထဲတွင် သူက စနစ်မျက်နှာပြင်ပေါ်ရှိ အချိန်ကို ကြည့်လိုက်သည်။ သူ့အဖို့လောနေရန်မလိုပေ။

ရထားလုံးပျံက နေဝင်သည်အထိအရက်မူးသမားပမာ ဖြည်းဖြည်းချင်း သွားနေလေ၏။

All Chapters