← Chapters

အခန်း (၁၉၁)

Vol. 20 Ch. 191

အခန်း (၁၉၁)

Vol. 20 Ch. 191

မိစ္ဆာမျောက်ဝံနတ်ဘုရား၏ အသိစိတ်နှင့်အတူ ထွက်ပြေးနေသော ကန်ဖုန်းသည် အလွန်အမင်း တုန်လှုပ်ချောက်ချားနေ၏။ သူ့၌ယခင်က ရှိခဲ့သည့် မာန်မာနနှင့် တည်ငြိမ်မှုတို့မှာလုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

မိစ္ဆာမျောက်ဝံနတ်ဘုရားသည် ရွေ့ဝူတီကို မသိရှိသော်လည်း ကန်ဖုန်းမှာမူ ကောင်းကောင်း သိလေသည်။ သူသည် ပိုင်ကျန့်ဝမ်ကို လိုချင်တပ်မက်သဖြင့် သတင်းအချက်အလက်များကို စုဆောင်းခဲ့ဖူး၏။

မြောက်ပိုင်းဓားနယ်မြေတွင် ရွေ့ဝူတီသည် ဓားကျင့်ကြံသူများအကြား ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူ၏ အသက်မှာ နှစ်ပေါင်း တစ်သောင်းခန့်သာ ရှိသေးသော်လည်း သူတော်စင်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ထို့ပြင်အံ့ဩသင့်စရာအကောင်းဆုံးမှာ ရွေ့ဝူတီသည် သူတော်စင်အဆင့်သို့ စတင်ဝင်ရောက်ချိန်မှ စတုတ္ထအဆင့်သို့ ရောက်သည်အထိ အချိန်တိုအတွင်း ကျင့်ကြံနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ သူ၏ကျင့်ကြံမှု အရှိန်အဟုန်သည် ကန်ဖုန်းနှင့် ပိုင်ကျန့်ဝမ်ကဲ့သို့သော ပြိုင်ဘက်ကင်း ပါရမီရှင်များ၏ ပါရမီကိုပင် ကျော်လွန်နေလေသည်။

သို့သော် ယင်းတို့မှာ ယခုအချိန်တွင် အရေးမကြီးတော့ချေ။ အဓိကအချက်သည် ဤနှစ်အနည်းငယ်အတွင်း ရွေ့ဝူတီသည် သေဆုံးမသွားသည့်အပြင် နတ်ဘုရားနယ်ပယ် ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်၏။ သူသည် စစ်မှန်သော ဓားနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ပေသည်။

နတ်ဘုရားအမြုတေ မရှိသော်လည်း ဤမျှ မြန်ဆန်လှသော တိုးတက်မှုနှုန်းသည် ရှေးယခင်မှ ယနေ့အထိ မရှိခဲ့ဖူးသော အရာ ဖြစ်သည်။ ကန်ဖုန်း စိုးရိမ်ပူပန်နေစဉ်၌ပင် သူ၏ ဦးခေါင်းထက်သို့ ကိုးဆင့်ကောင်းကင် ပြစ်ဒဏ်ခတ်မိုးကြိုးတစ်စင်း ကျဆင်းလာလေသည်။

ယင်းမိုးကြိုးသည် မိစ္ဆာမျောက်ဝံနတ်ဘုရား၏ အသိစိတ် ဖုံးလွှမ်းထားသော မီးခိုးတန်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

ရွေ့ဝူတီသည် နောက်ဆုံး၌ အမီလိုက်နိုင်သွားပြီ ဖြစ်သည်။

“ဒါက ကံဆိုးခြင်းကျင့်စဉ်လား...”

မိစ္ဆာမျောက်ဝံနတ်ဘုရားသည် အတွေ့အကြုံ ရင့်ကျက်သူတစ်ဦး ဖြစ်သဖြင့် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။

သူတို့ ထွက်ပြေးလာသော လမ်းတစ်လျှောက်တွင် အလွန် တွေ့ရခဲသော ဘေးအန္တရာယ်များနှင့် ဆက်တိုက် တိုးနေခဲ့သည်မဟုတ်ပါလော။

သူသည် မိစ္ဆာမျောက်ဝံ ကိုယ်ပွားခန္ဓာကိုယ်ကို စတေးပြီး မီးခိုးတန်းအဖြစ် အသွင်ပြောင်း၍ ထွက်ပြေးခဲ့ခြင်း ဖြစ်ရာ စစ်မှန်သော နတ်ဘုရားတစ်ပါး မဟုတ်လျှင် လိုက်မီရန် မဖြစ်နိုင်ချေ။ သို့သော် လမ်းခရီးတွင် အနှောင့်အယှက်များစွာနှင့် ကြုံတွေ့ခဲ့ရသည်။

ယင်းအတွက် တစ်ခုတည်းသော အဖြေမှာ နောက်မှ လိုက်လာသော လူငယ်သည် ကံဆိုးခြင်းစွမ်းအားကို ထိန်းချုပ်နိုင်ခြင်းပင် ဖြစ်ပေလိမ့်မည်။

ရွေ့ဝူတီ၏ မျက်နှာမှသည် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း ကင်းမဲ့နေ၏။ သူသည် သူတို့၏ ရှေ့မှောက်တွင် တိုက်ရိုက် ပိတ်ဆို့ ရပ်တန့်လိုက်သည်။

"ထွက်ပြေးချင်တာလား.. ငါ့ရဲ့ ဓားကို အရင် မေးကြည့်လိုက်ပါဦး..."

သူ၏ စကားလုံးများသည် အလွန်ပင် မောက်မာထောင်လွှားလှ၏။ သူသည် မိစ္ဆာမျောက်ဝံနတ်ဘုရား၏ အသိစိတ်နှင့် ကန်ဖုန်းကို မျက်စိထဲပင် မထည့်ချေ။

ထိုစကားကြားသောအခါ မီးခိုးတန်းသည် ရပ်တန့်သွားသည်။ မိစ္ဆာမျောက်ဝံနတ်ဘုရား ၏ မူလခန္ဓာကိုယ်မှာ လမ်းခရီးတွင် ရှိနေပြီး မိနစ်အနည်းငယ်အတွင်း ရောက်ရှိလာတော့မည် ဖြစ်၏။ မူလခန္ဓာကိုယ် ရောက်လာသည်နှင့် သူ၏ ရှေ့မှောက်ရှိ မောက်မာလှသော ဓားကျင့်ကြံသူသည် ထည့်တွက်စရာပင် မလိုချေ။

မိစ္ဆာနတ်ဘုရား၏ အသိစိတ်သည် သေးငယ်သော အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကန်ဖုန်း၏ ဦးခေါင်းထက်တွင် ဝဲပျံနေလေသည်။

ငါ မင်းကို ကူညီပြီး သူ့ကို မိနစ်အနည်းငယ်လောက် တားထားပေးမယ်... ငါ့ရဲ့ မူလခန္ဓာကိုယ် မကြာခင် ရောက်လာတော့မှာပါ..."

သူသည် ကန်ဖုန်းကို ထိုသို့ ပြောကြားလိုက်ပြီးနောက် သဘောတူညီချက်ကိုပင် မစောင့်တော့ဘဲ နဖူးအတွင်းသို့တိုက်ရိုက် တိုးဝင်သွားလိုက်သည်။

“အား... အား... အား...”

ကန်ဖုန်းသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက် လဲကျသွားကာ ဦးခေါင်းကို ကိုင်၍ အသည်းအသန် အော်ဟစ်တော့၏။ သူသည် အမြဲတမ်း သူတစ်ပါးကို လှည့်စားခဲ့သော်လည်း ယခုမူ မိစ္ဆာနတ်ဘုရားတစ်ပါး၏ နယ်ရုပ်မျှသာ ဖြစ်ခဲ့ရလေသည်။

မိစ္ဆာမျောက်ဝံနတ်ဆိုး၏ အသိစိတ်သည် ကန်ဖုန်း၏ ဝိညာဉ်ကို တစ်ခဏအတွင်း ဝါးမြိုပစ်လိုက်သည်။ ကန်ဖုန်း၏ အော်ဟစ်သံများ ရပ်တန့်သွား၏။ သူသည် မျက်နှာသေဖြင့် ပြန်လည် မတ်တတ်ရပ်လာသည်။

သူ၏ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်ဘုံအမြုတေသည် လုံးဝ ပျက်စီးသွားကာ ပြင်းထန်သော စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ရှိ သွေးကြောများကို ချဲ့ထွင်လိုက်သည်။ သူ၏ နိယာမရွှေအမြုတေသည်လည်း ဖျက်ဆီးခြင်း ခံလိုက်ရ၏။ ထိုအရာမှ ထွက်ပေါ်လာသော သန့်စင်သည့် စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်ကို အတင်းအဓမ္မ ကြီးထွားလာစေသည်။

မိစ္ဆာမျောက်ဝံ နတ်ဘုရားသည် ကန်ဖုန်း၏ ခန္ဓာကိုယ် ပျက်စီးမည့်အရေးနှင့် ဝိညာဉ် ပျောက်ကွယ်မည့်အရေးကို ဂရုမစိုက်ဘဲ မိစ္ဆာနည်းလမ်းများကို အသုံးပြုကာ တိုတောင်းသော အချိန်အတွင်း နတ်ဘုရားအဆင့် သို့ အတင်း မြှင့်တင်လိုက်ခြင်း ဖြစ်သည်။

ဤအခြေအနေဖြင့် ရွေ့ဝူတီကို သတ်ရန် မလုံလောက်သော်လည်း ကန်ကျန်းနှင့် မော်ယဲ့ ဓားနှစ်လက်ကို အသုံးပြုပါက မိနစ်အနည်းငယ်မျှ အချိန်ဆွဲထားရန် လုံလောက်မည် ဖြစ်၏။

"ဝေါင်း..."

ကန်ဖုန်း၏ ခန္ဓာကိုယ်အတွင်းမှ ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာသည်။

ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များသည် ရုတ်ရင်းဆန်ခတ်ဖြစ်ကာဖရိုဖရဲဖြစ်နေသည်။ နှစ်ပေါင်း တစ်သောင်းကြာ စုဆောင်းခဲ့သော စွမ်းအားများကို အကုန် ထုတ်သုံးလိုက်ခြင်းကြောင့်ပင် ဖြစ်သည်။

သူသည် လက်ကို ဝှေ့ယမ်းလိုက်သောအခါ မိစ္ဆာစွမ်းအားများဖြင့် ညစ်နွမ်းနေသည့် ကန်ကျန်း နှင့် မော်ယဲ့ ဓားနှစ်လက်သည် လက်ထဲသို့ရောက်လာသည်။ ဖရိုဖရဲဖြစ်နေသည့် စွမ်းအား အမြောက်အမြားကို ဓားနှစ်လက်အတွင်းသို့ အဆက်မပြတ် သွန်းလောင်းလိုက်ရာ ဓားများဆီမှ နာကျင်စွာ တုန်ခါသံများ ထွက်ပေါ်လာ၏။

နတ်ဘုရားလက်နက်များကို ဤကဲ့သို့ ကြမ်းတမ်းစွာ အသုံးပြုခြင်းသည် လက်နက်များကို ပျက်စီးစေနိုင်သည်။

ကန်ကျန်း နှင့် မော်ယဲ့ ဓားနှစ်လက်မှ အနက်ရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ ထို့နောက် သူတော်စင် အရိပ်နှစ်ခု ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာဦးခေါင်းများအဖြစ် ပြောင်းလဲသွားကာအလွန်လျင်မြန်သောအရှိန်ဖြင့် ရွေ့ဝူတီထံသို့ ပြေးဝင်သွားကြသည်။

ဤအရိပ်နှစ်ခုသည် ဓားထဲတွင် ကိန်းအောင်းနေသော စွမ်းအားများကို မိစ္ဆာအငွေ့အသက်များဖြင့် ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်သည်။

ရွေ့ဝူတီသည် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကာ မြေပြင်ပေါ်ရှိ သစ်ကိုင်းခြောက် တစ်ခုကို လေပေါ်ကန်လိုက်ပြီး လက်ဖြင့် ဖမ်းဆုပ်လိုက်၏။

''နှလုံးသားဟာ ဓားဆိုရင်... လောကက အရာအားလုံးဟာ ဓားပဲ...'

အတိုင်းအဆမရှိသော ဓားအသိစိတ်များသည် သစ်ကိုင်းပေါ်တွင် စုစည်းသွားကာ အသက်ဝင်လာကြသည်။

ဤဓားအသိစိတ်သည် လောကခပ်သိမ်း၏ ဓား၊။

သက်ရှိအားလုံး၏ ဓား။

သစ်ပင်မြက်ပင်တို့၏ ဓားပင် ဖြစ်သည်။

တစ်ခဏအတွင်း ပတ်ဝန်းကျင်ရှိ တောင်များ၊ ကျောက်တုံးများနှင့် သစ်ပင်များသည် ဓားရေးပြသကဲ့သို့ ဖြစ်လာကြ၏။ ကောင်းကင်ယံမှ တိမ်တိုက်များနှင့် ငှက်များသည်လည်း ဓားရေးပြနေကြသည်။ ဝိညာဉ်စွမ်းအားများနှင့် သူတော်စင်စွမ်းအားများသည်လည်း ဓားငယ်လေးများအဖြစ် ပြောင်းလဲကုန်သည်။

ရွေ့ဝူတီသည် မိစ္ဆာအငွေ့အသက်များဖုံးလွှမ်းနေသည့် ကန်ကျန်း နှင့် မော်ယဲ့ ဓားအရိပ်များ၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်လေသည်။ သူသည်လက်ထဲမှ သစ်ကိုင်းကို လေထဲသို့တည့်တည့် ထိုးနှက်လိုက်၏။ သစ်ကိုင်းသည် ဝဲဂယက်တစ်ခု၏ ဗဟိုချက်ကဲ့သို့ ဓားအသိစိတ် အားလုံးကို စုစည်းလိုက်ကာ စူးရှသောအလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက်အလင်းတန်းသည် မိစ္ဆာဓားအရိပ်များကို ထိုးဖောက်သွားပြီး မိစ္ဆာအသွင်ပြောင်းလဲထားသော ကန်ဖုန်း၏ ခန္ဓာကိုယ်ကိုပါ ထိုးဖောက်သွားလိုက်သည်။

သစ်ကိုင်းခြောက်၏ ထိပ်ဖျားသည် ကန်ဖုန်း၏ နောက်စေ့မှ ဖောက်ထွက်သွားသောအခါ အရာအားလုံး ငြိမ်သက်သွားသည်။ ကန်ဖုန်း ဖြစ်စေ မိစ္ဆာမျောက်ဝံနတ်ဘုရား၏ အသိစိတ် ဖြစ်စေ အားလုံးသည် မီးခိုးများကဲ့သို့ ချုပ်ငြိမ်းပျောက်ကွယ်သွားရ၏။

ကန်ဖုန်း၏ မိစ္ဆာခန္ဓာကိုယ်သည် လုံးဝ ပျက်စီးသွားပြီး မီးခိုးနက်များအဖြစ် ပြောင်းလဲသွားကာ နေရောင်အောက်တွင် ပျောက်ကွယ်သွားလေသည်။ ဝိညာဉ်ဓာတ်များ ပျောက်ဆုံးနေသော ကန်ကျန်း မော်ယဲ့ ဓားနှစ်လက်သည် မြေကြီးပေါ်သို့ ကျသွားသည်။ ဓားနှစ်လက်ကိုယ်ထည်ရှိ အနက်ရောင်ညစ်ထေးမှုများမှာမူ ပျောက်ကွယ်မသွားသေးချေ။ ပြိုင်ဘက်ကင်း နတ်ဘုရားဓားနှစ်လက် ပျက်စီးသွားရသည်မှာ နှမြောစရာပင် ဖြစ်သည်။

ရွေ့ဝူတီသည် ကန်ဖုန်းနှင့် မိစ္ဆာနတ်ဘုရားအသိစိတ်ကို သုတ်သင်ပြီးနောက် ဓားနှစ်လက်ကို သူ၏ သူတော်စင်ကမ္ဘာအတွင်းသို့ သိမ်းဆည်းလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်သည် ကံဆိုးခြင်းဓားအဖြစ် ထပ်မံ ပြောင်းလဲသွားကာ ဝမ်ချွမ်းလှေရှိရာသို့ အရှိန်ဖြင့် ပြန်သွားလိုက်သည်။

မိစ္ဆာမျောက်ဝံနတ်ဘုရား၏ မူလခန္ဓာကိုယ်သည် ဤကိစ္စကို လွယ်လွယ်နှင့် လက်လျှော့မည် မဟုတ်ချေ။ သို့သော် မိစ္ဆာသားရဲသူတော်စင် တစ်သိန်းကျော်နှင့် မိစ္ဆာသားရဲနတ်ဘုရား ဆယ်ဂဏန်းကျော်တို့ ပေါင်းစပ်၍ ရှေးဟောင်းကြယ်တာရာ အစီရင်ကို တည်ဆောက်လိုက်ပါက စစ်မှန်သော နတ်ဘုရားတစ်ပါးနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပေမည်။

ကန်ကျန်း နှင့် မော်ယဲ့ ဓားနှစ်လက်ကို သူ၏ သူတော်စင်ကမ္ဘာအတွင်း ထည့်သွင်းလိုက်သည်နှင့် ဓားအသိစိတ်များဖြင့်ရစ်ပတ်လိုက်သည်။ ဓားပေါ်တွင် ကပ်ငြိနေသော မိစ္ဆာအငွေ့အသက်များနှင့် ကန်ဖုန်း၏ ဝိညာဉ်အမှတ်အသားကို ချေဖျက်ပေးခြင်းပင် ဖြစ်၏။

ရွေ့ဝူတီသည် ဝမ်ချွမ်းလှေပေါ်သို့ ပြန်လည် ရောက်ရှိလာလျှင် ဓားနှစ်လက်အတွင်းရှိ မိစ္ဆာဓာတ်များသည် လုံးဝ ပျောက်ကွယ်သွားပြီဖြစ်သည်။ သို့သော် မိစ္ဆာအငွေ့အသက်များဖြင့် ကြမ်းတမ်းစွာ အသုံးပြုခဲ့ခြင်းကြောင့် ဓားနှစ်လက်စလုံး အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိထားကြသည်။

ပိုင်ကျန့်ဝမ်သည် လှေပေါ်တွင် သတိလစ် မေ့မြောနေဆဲ ဖြစ်သည်။ ဤသည်မှာ သူမ၏ အခြေခံအုတ်မြစ် အကြီးအကျယ် ထိခိုက်သွားသော လက္ခဏာပင် ဖြစ်၏။ ရွေ့ဝူတီသည် သူမ၏ ဘေးတွင် အသာအယာ ထိုင်ချလိုက်ကာ ပိုင်ကျန့်ဝမ်ကို သူ၏ ရင်ခွင်အတွင်းသို့ ပွေ့ပိုက်လိုက်သည်။

"တောင်းပန်ပါတယ် ဝမ်အာ... ကိုယ် မင်းကို ဒုက္ခရောက်စေမိပြီ..."

သူသည် ပိုင်ကျန့်ဝမ်၏ ဖြူလျော့နေသည့် ပါးပြင်လေးကို အသာအယာ ပွတ်သပ်လိုက်၏။

ထို့နောက် လက်ကို လှုပ်ရှားလိုက်ကာ ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူလိုက်သည်။ ကျုံးရှန်၏ ပထမဆုံး တပည့်ဖြစ်သဖြင့် သူ၏ လက်ထဲတွင် ကောင်းကင်နှင့် မြေကြီး ရတနာများစွာ ရှိနေလေသည်။ အခြေခံအုတ်မြစ်ကို ပြန်လည် တည်ဆောက်ပေးနိုင်သော ဆေးဝါးများလည်း အများအပြား ရှိ၏။

ဤပုလင်းအတွင်း၌ သူတော်စင်မူလဇစ်မြစ်အရည် ပါဝင်သည်။ ထိုအရည်သည်သူတော်စင်အဆင့် ကျင့်ကြံသူများ၏ အခြေခံအုတ်မြစ် ဆုံးရှုံးမှုနှင့် သူတော်စင်စွမ်းအား ဆုံးရှုံးမှုကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည်။ ကျင့်ကြံရန်ပင် မလိုအပ်ဘဲ ပါးစပ်အတွင်း ရောက်သည်နှင့် အသန့်စင်ဆုံး သူတော်စင်စွမ်းအားများအဖြစ် ပြောင်းလဲသွားပေမည်။

ဆေးရည်တစ်စက်တည်းဖြင့်ပင် သာမန် သူတော်စင်အဆင့် ၁ ကျင့်ကြံသူတစ်ဦး၏ သူတော်စင်စွမ်းအား သုံးပုံတစ်ပုံကို ပြန်လည် ဖြည့်ဆည်းပေးနိုင်သည်။ ပြင်ပလောကတွင် တစ်စက်ရရှိဖို့ အလွန် ခက်ခဲလှကာ များပြားလှသော ကျင့်ကြံခြင်း အရင်းအမြစ်များ နှင့်ပင် လဲလှယ်နိုင်၏။ ဤမျှ လျင်မြန်စွာ စွမ်းအားဖြည့်ပေးနိုင်ခြင်းသည် တိုက်ပွဲအတွင်း၌အလွန်အသုံးဝင်ပြီး တိုက်ပွဲ၏ အဖြေကိုပင် ပြောင်းလဲပစ်နိုင်ပေသည်။

ရွေ့ဝူတီသည် ပိုင်ကျန့်ဝမ်၏ မေးစေ့ကို အသာအယာ ကိုင်လိုက်ပြီး ပုလင်းအတွင်းရှိ သူတော်စင်မူလဇစ်မြစ်အရည် တစ်ဝက်ခန့်ကို တိုက်ကျွေးလိုက်၏။ ဤပမာဏသည် သေးငယ်သော ဂိုဏ်းတစ်ခုလုံး၏ စုဆောင်းထားသော ပိုင်ဆိုင်မှု အားလုံးနှင့် ညီမျှလေသည်။

သူတော်စင်မူလဇစ်မြစ်အရည်ကို တိုက်ကျွေးပြီးနောက် များပြားလှသော သူတော်စင်စွမ်းအားများအဖြစ် ပြောင်းလဲသွားကာ ပိုင်ကျန့်ဝမ်၏ ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများ တစ်လျှောက် ပျံ့နှံ့သွားသည်။ ဤသည်က ခြောက်သွေ့နေသော သွေးကြောများနှင့် ဒဏ်ရာများကို တဖြည်းဖြည်းပြန်လည်ကုစားသွားလေသည်။

သို့နှင့် သူတော်စင်စွမ်းအားများ၏ အားဖြည့်မှုဖြင့် ကွယ်ပျောက်လုနီးပါးဖြစ်နေသော ပိုင်ကျန့်ဝမ်၏ နတ်ဘုရားအာရုံသည်ပြန်လည်သတိဝင်လာလေသည်။

"ဒါ ဘယ်နေရာလဲ..."

"ဝူတီ..."

"ငါ သေသွားတာလား..."

All Chapters