အခန်း (၁၉၆)
Vol. 20 Ch. 196
ဖာဟိုင်ဆရာတော် နှင့် ရွေ့ဝူတီ တို့သည် မိစ္ဆာသူတော်စင် စစ်တပ်ကို စတင် ပြင်ဆင်ကြလေသည်။
ထိုစဉ် ဖာဟိုင်သည် ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး ထောင့်တစ်နေရာသို့ ကြည့်လိုက်၏။
"အောမိထောဖော...."
ဖာဟိုင်သည် လက်တစ်ဖက်ကို ထောင်လိုက်ပြီး ဗုဒ္ဓဂုဏ်တော်ကို ရွတ်ဆိုလိုက်၏။
"ဒကာကြီးက သူတော်စင်တစ်ပါး ဖြစ်တဲ့အတွက် လောကကြီးကို စောင့်ရှောက်ပြီး ကောင်းကင်နဲ့မြေကြီးကို သန့်ရှင်းစင်ကြယ်အောင် ထိန်းသိမ်းသင့်တာပါ"
"နတ်ဆိုးဘုရားနဲ့ ရင်ဆိုင်ရတာတောင် ဘေးမှာ ပုန်းအောင်းပြီး ချောင်းမြောင်းကြည့်နေတာက သူတော်စင်တစ်ပါး လုပ်သင့်တဲ့အလုပ် မဟုတ်ဘူး ထင်တယ်"
သူ၏ ချောမောလှသော မျက်နှာတွင် သတ္တဝါဝေနေယျတို့အပေါ် သနားကြင်နာသည့် အမူအရာများ ပေါ်လွင်နေလေကာ ထိုထောင့် တစ်နေရာသို့ကြည့်ကာ တစ်ကိုယ်တည်းပြောဆိုနေခြင်း ဖြစ်သည်။
ဘေးနားရှိ ရွေ့ဝူတီသည် ဖာဟိုင်ဆရာတော် တစ်ယောက်တည်း စကားပြောနေသည်ကို မြင်သောအခါ အနည်းငယ် ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရ၏။ သူသည် ဆရာတော် ကြည့်နေသည့် ဘက်သို့ သူ၏ နတ်ဘုရားအာရုံဖြင့် အကြိမ်ကြိမ် စစ်ဆေးသော်လည်း မည်သည့်အရာကိုမျှ မတွေ့ရှိရချေ။
ထိုအချိန်တွင် ထိုနေရာရှိ ဟင်းလင်းပြင်သည် ရေလှိုင်းများကဲ့သို့ လှုပ်ခတ်သွားပြီးငွေရောင်ဆံပင်များနှင့် ဧကရာဇ်အရှိန်အဝါ ပြည့်နှက်နေသော လူလတ်ပိုင်းတစ်ဦး ထွက်ပေါ်လာ၏။
ထိုသူသည် လက်သီးဧကရာဇ် သူတော်စင် ဖြစ်ပြီး တာ့ဝူအင်မော်တယ်မင်းဆက်၏ ဘိုးဘေးဧကရာဇ်ဟောင်း ဖြစ်သကဲ့သို့ ဟန်ဧကရာဇ်၏ မျိုးဆက်လည်း ဖြစ်ပေသည်။ သူသည် ဖာဟိုင်ဆရာတော်၏ စကားကို ကြားသော်လည်း မျက်နှာထား ပြောင်းလဲခြင်း မရှိဘဲ လောကီအရေးအရာများကို လုံးဝ စိတ်မဝင်စားသည့်နှယ် ရှိနေလေသည်။
"ဒီလောကကြီးမှာ သူတော်စင်ဆိုတာ ဘယ်ရှိတော့လို့လဲ"
"ခေတ်ကောင်းရင် ပေါ်လာမယ်... ခေတ်ပျက်ရင် ပျောက်ကွယ်သွားမယ်... ကောင်းကင်တာအိုမှာ သူ့အစီအစဉ်နဲ့သူ ရှိပြီးသားပါ... ကျွန်တော် ဝင်ပါနေဖို့ မလိုပါဘူး"
သူ၏ စကားများမှာ အေးစက်လှ၏။ ကမ္ဘာလောက၏ နိယာမများကို ဖြည့်ဆည်းပေးခဲ့ဖူးသော သူတော်စင်တစ်ပါး အနေဖြင့် သူသည် ကောင်းကင်တာအိုအပေါ် အလိုမကျမှုများ ရှိနေပုံ ရသည်။
ဖာဟိုင်ဆရာတော်သည် ခေါင်းခါကာ ပြုံးလိုက်၏။
"ဒကာကြီး စကားက မှားနေတယ်... ကောင်းကင်တာအိုမှာ ဟာကွက်ရှိရင် သက်ရှိအားလုံးက ဖြည့်ဆည်းပေးရမှာပဲ"
"ကောင်းကင်တာအိုက အေးစက်ပြီး ခံစားချက်မရှိဘူး... သူက လောကကြီးရဲ့ မျှခြေကို ထိန်းညှိပေးရုံသက်သက်ပဲ"
"အစွမ်းထက်သူတွေနဲ့ ကံကြမ္မာရဲ့ ရွေးချယ်ခံရသူတွေက ကံတရား ကောင်းမွန်ပုံ ပေါ်ပေမဲ့ သူတို့ အထွတ်အထိပ် ရောက်ချိန်က ကပ်ဘေး ကျရောက်မယ့် အချိန်ပဲ ဖြစ်တယ်"
"သက်ရှိများစွာကို အသုံးချပြီး အစွမ်းထက်သူ တစ်ယောက်ကို ဖန်တီးတယ်... ပြီးရင် အဲဒီ အစွမ်းထက်သူဆီကနေ သက်ရှိအားလုံးကို ပြန်လည် အကျိုးပြုစေတယ်... ဒါဟာ သံသရာ လည်ပတ်နေသလိုပါပဲ... အားကြီးသူက အားနည်းသူကို ဝါးမြိုပြီး လောကရဲ့ မျှခြေကို ထိန်းညှိနေတာပေါ့"
"ဒီသံသရာကနေ လွတ်မြောက်ချင်ရင်တော့ လူသည် ကောင်းကင်ကို အောင်နိုင်သည်ဆိုတဲ့ စကားကို အရင် သိထားဖို့ လိုတယ်"
ဖာဟိုင်သည် ပြောဆိုပြီးနောက် လက်သီးဧကရာဇ်သူတော်စင်ကို ဆက်လက် ဂရုမစိုက်တော့ချေ။
သူ၏ မူလခန္ဓာကိုယ်သည် စကြဝဠာအနှံ့ ခရီးနှင်နေသော ဗုဒ္ဓရှင်တစ်ပါး ဖြစ်သဖြင့် ကောင်းကင်တာအိုအပေါ် နားလည်မှုမှာ ဤကမ္ဘာရှိ သူတော်စင်များထက် များစွာ ပိုမို နက်ရှိုင်းလှသည်။
လက်သီးဧကရာဇ်သည် နေရာတွင်ပင် မှင်တက်သွားရ၏။ ဖာဟိုင်ဆရာတော်၏ စကားများသည် ဗုဒ္ဓ၏ တရားတော်များကဲ့သို့ သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေလေသည်။ တစ်ခုခုကို နားလည်သဘောပေါက်သလို ရှိသော်လည်း သေချာစဉ်းစားကြည့်သောအခါ ဖမ်းဆုပ်၍ မရနိုင်ပေ။
'ကောင်းကင်တာအိုမှာ ဟာကွက်ရှိရင် သက်ရှိတွေက ဖြည့်ဆည်းပေးရမယ်...'
'လူက ကောင်းကင်ကို အောင်နိုင်ရမယ်...'
'ရိုးးရှင်းမလိုနဲ့... တကယ် မရိုးရှင်းဘူး... ဒီပုဂ္ဂိုလ်က သေချာပေါက် လွတ်မြောက်ခြင်းအဆင့် ဗုဒ္ဓအရှင်တစ်ပါးပဲ ဖြစ်ရမယ်'
လက်သီးဧကရာဇ်၏ စိတ်လှုပ်ရှားမှုသည် ပြင်းထန်လာကာ ဖာဟိုင်ဆရာတော်နှင့် ရွေ့ဝူတီတို့၏ ရှေ့သို့ အလျင်အမြန်ပင် လျှောက်သွားလိုက်၏။
ထို့နောက်သူသည် လက်သီးဆုပ်ကာ လေးစားစွာ အရိုအသေပြုလိုက်သည်။
"ဆရာတော်ရဲ့ စကားတွေက တကယ့်ကို လေးနက်လှတဲ့ တရားတော်တွေပါပဲ"
"ကျွန်တော့်ကိုလည်း ဆရာတော်နဲ့အတူ လောကီကျင့်စဉ် လိုက်ပါကျင့်ကြံခွင့်ပြုပါ"
ဖာဟိုင်သည် ခေါင်းကို အသာအယာ ညိတ်လိုက်ပြီး စိတ်ဝင်တစား ရှိသည့် အမူအရာ ပြသလိုက်၏။
"အိုး... ကိုယ်တော်ရဲ့ စကားအနည်းငယ်ကြောင့် ဒကာကြီးကို ကံကြမ္မာ အနှောင်အဖွဲ့တွေ ငြိတွယ်ကုန်မှာ မကြောက်တော့ဘူးလား"
"ကိုယ်တော်က ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို ကူညီပြီး မျိုးနွယ်ခြား မိစ္ဆာနတ်ဘုရားတွေကို တိုက်ခိုက်မှာနော်"
လက်သီးဧကရာဇ် သူတော်စင်သည် တည်ငြိမ်စွာပင် ပြန်လည် ပြောဆိုလိုက်၏။
"ဒါဟာ လူသားမျိုးနွယ်ရဲ့ ကပ်ဘေးကြီးပါ... အခုချိန်မှာ ဆရာတော်ရဲ့ လေးနက်တဲ့တရားစကားသံကြောင့် ကျွန်တော်အလေးအနက်ဆင်ခြင်မိပါတယ်..."
"လောကကြီးနဲ့ ဝေးရာမှာ ပုန်းနေရင် ကံကြမ္မာ မငြိတွယ်ဘဲ အသက်ရှင်နိုင်ပေမဲ့ ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ပျောက်ဆုံးသွားမှာပါ...."
"စာရွက်ဖြူတစ်ရွက်လိုပဲ... ရှင်သန်နေပေမဲ့ရည်ရွယ်ချက်မရှိတဲ့ သက်ရှိအလောင်းကောင်ဖြစ်နေရုံပေါ့..."
"ဆရာတော် ပြောတာ အမှန်ပါပဲ... ဘယ်လိုပြောင်းလဲမှုပဲ ဖြစ်ဖြစ် လူက ကောင်းကင်ကို အောင်နိုင်ရမယ်... ကပ်ဘေးရှိရင် ကပ်ဘေးကို ကျော်ဖြတ်ရမှာပါပဲ"
"ကောင်းကင်တာအိုရဲ့ ကံကြမ္မာ ကပ်ဘေးကိုတောင် ကြောက်နေရင် ဘယ်လိုလုပ် လွတ်မြောက်ခြင်းကိုရှာတွေ့နိုင်မှာလဲ"
လက်သီးဧကရာဇ်သူတော်စင်၏စကားကိုကြားသောအခါ ဖာဟိုင်ဆရာတော်သည် သနားကြင်နာစွာ ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"အောမိထောဖော... ဒကာကြီးက သူတော်စင်တစ်ပါး ဖြစ်တာနဲ့အညီ ငါ့ရဲ့ စကားအနည်းငယ်ကိုပဲ ကြားပြီး ဒီလောက်အထိ နားလည်သွားတာပဲ..."
"ဒါဆိုရင် ငါနဲ့အတူ မြောက်ဘက်နယ်စပ် ဓားကုန်းမြေတိုက် ကို လိုက်ခဲ့ပါလေ..."
လက်သီးဧကရာဇ် သူတော်စင်သည် ရှေးဟောင်းခေတ်ကတည်းက ပေါ်ထွန်းခဲ့သော ရှေးဟောင်းသူတော်စင် တစ်ပါး ဖြစ်သည်။ သူ၏ အကူအညီ ရရှိခြင်းသည် များစွာ အဆင်ပြေစေမည် ဖြစ်သကဲ့သို့ လူရိုင်းများကို တိုက်ခိုက်ရာတွင်လည်း အင်အား တိုးတက်စေမည် ဖြစ်ရာ ဖာဟိုင်ဆရာတော်သည် ငြင်းပယ်ခြင်း မရှိချေ။
ဘေးနားတွင်ရပ်နေသော ရွေ့ဝူတီသည် အံ့အားသင့်ကာ မှင်တက်နေမိ၏။ ဤကိုယ်တော်သည် စကားအနည်းငယ် ပြောရုံဖြင့် ရှေးဟောင်းသူတော်စင် တစ်ပါးကို စည်းရုံးနိုင်လိုက်လေသည်။ ဆရာ့၏ မိတ်ဆွေဟု ဆိုသည့်အတိုင်းပင် ဆရာ့ကဲ့သို့ စည်းရုံးနိုင်စွမ်း အလွန်ကောင်းမွန်လှသည်။
ဖာဟိုင်ဆရာတော်၏သဘောတူခွင့်ပြုချက်ကိုရသောအခါ လက်သီးဧကရာဇ်သည် အလွန် ဝမ်းသာသွားသည်။ သူ့ကို အခမဲ့ လုပ်အားပေးခိုင်းမည်ကို သိသော်လည်းသူ၏ လောကသို့ထွက်ပြီး ကပ်ဘေးရင်ဆိုင်မည့် ဆန္ဒနှင့် ကိုက်ညီနေပေသည်။
ထို့ပြင် မြောက်ဘက်နယ်စပ်သို့ လူရိုင်းများ အလုံးအရင်းနှင့် ဝင်ရောက်လာပါက ဝူကုန်းမြေတိုက် သည်လည်း လွတ်မြောက်နိုင်မည် မဟုတ်ချေ။ နောက်ပိုင်းကျမှ အတိုက်ခံရခြင်းထက်စာလျှင် ဦးအောင် တိုက်ခိုက်ခြင်းက ပို၍ ကောင်းမွန်ပေသည်။
ထို့နောက် ရွေ့ဝူတီနှင့် ကျွမ်းလီတို့သည် ဖာဟိုင်ဆရာတော်ကို ခေါင်းဆောင်အဖြစ် တင်မြှောက်ကာ မိစ္ဆာသူတော်စင်စစ်တပ်ကို ပြန်လည် စုစည်းပြီး ဝမ်ချွမ်းလှေ ပေါ်သို့ တက်ရောက်လိုက်ကြ၏။ သူတို့သည် လှေကို ထိန်းချုပ်သည့် နည်းလမ်းအချို့ကို သိရှိထားကြသဖြင့် ဓားကုန်းမြေတိုက် ဆီသို့ ဦးတည် မောင်းနှင်လိုက်ကြလေသည်။
ဝမ်ချွမ်းလှေ၏ အရှိန်ဖြင့်ဆိုပါက အများဆုံးနှစ်နာရီခန့်အတွင်း ရောက်ရှိမည်ဖြစ်သည်။
....
ထိုအချိန်၌ လက်မောင်းပြတ်နေသော မိစ္ဆာမျောက်ဝံနတ်ဘုရားသည်လည်း မိစ္ဆာမျောက်ဝံ လူမျိုးစုထံသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် မျိုးနွယ်စုအတွင်းရှိ မိစ္ဆာနတ်ဘုရား ကျောင်းဆောင်အတွင်း၌ ထိုင်နေ၏။
ထိုကျောင်းဆောင်အတွင်း၌ ဆန်းကြယ်သော နယ်မြေတစ်ခု ရှိနေပြီး စီရင်စုတစ်ခုစာခန့် ကြီးမားသော သူ၏ ခန္ဓာကိုယ်ကို ဆန့်ဝင်စေနိုင်လေသည်။ သူသည် ကျောင်းဆောင်အတွင်းရှိ ယဇ်ပလ္လင်မှတစ်ဆင့် ယခင်က ဖမ်းဆီးထားသော လူသားကျွန်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ ယဇ်ပူဇော်နေသည်။ ယဇ်ပူဇော်မှု စွမ်းအားများကို အသုံးပြုကာ သူ၏ ဒဏ်ရာများကို ကုသနေခြင်း ဖြစ်၏။
ထိုစဉ် လေအေးတစ်ချက်တိုက်ခတ်သွားပြီး သွေးရောင် တစ္ဆေမျက်နှာဖုံး တပ်ဆင်ထားသောအမျိုးသားတစ်ဦး သူ၏ ဘေးတွင် ပေါ်ထွက်လာသည်။
"မျောက်ဝံ... မင်းရဲ့ ဒဏ်ရာက မသေးဘူးပဲ"
အမျိုးသား၏ အသံသည် နတ်ဆိုးသရဲကဲ့သို့ ခန့်မှန်းရခက်ပြီး ကျောင်းဆောင်ထဲတွင် ပဲ့တင်ထပ်နေသည်။
"ဟမ့်... ရှေးဟောင်း မိစ္ဆာဓားသူတော်စင်... မင်း အပိုတွေ ပြောမနေနဲ့... ငါ့ရဲ့ မိစ္ဆာမျောက်ဝံ မျိုးနွယ်စုသာ ပြိုလဲသွားရင် မင်းရဲ့ ဓားကုန်းမြေတိုက်က သွေးဓားကန်ကိုလည်း ကာကွယ်နိုင်မှာ မဟုတ်ဘူး"
"ငါ မင်းကို ချိတ်ပိတ်မှုကနေ လွှတ်ပေးခဲ့တာက ငါနဲ့ ပူးပေါင်းပြီး မြောက်ဘက်နယ်စပ်ကို တိုက်ခိုက်ဖို့ပဲ"
"ငါ ခဏလောက် အနားယူပြီးရင်... ဓားကုန်းမြေတိုက်ထဲက ငါတို့ရဲ့ သူလျှိုတွေနဲ့ သွားပူးပေါင်းပြီး ဓားကုန်းမြေတိုက်ကို လုံးဝ သိမ်းပိုက်ပစ်ရမယ်"
မိစ္ဆာမျောက်ဝံနတ်ဘုရားသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
ထို့နောက် ယဇ်ပူဇော်မှု စွမ်းအားများကို သူ၏ လက်မောင်းပြတ်နေရာသို့ စုစည်းလိုက်ရာ လက်မောင်းသည် တဖြည်းဖြည်း ပြန်လည် ထွက်ပေါ်လာလေသည်။ သူသည် လူသားကျွန် သန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး ထိုအထဲတွင် ကျင့်ကြံသူများစွာ ပါဝင်သော်လည်း ယဇ်ပူဇော်မှု စွမ်းအားမှာ ကုသရန်အတွက် မလုံလောက်သေးချေ။
လက်မောင်းဖြတ် ကပ်ဘေးရှောင်ခြင်း နည်းစနစ်သည် နှစ်ပေါင်းများစွာ ကျင့်ကြံထားသော နတ်ဘုရား ခန္ဓာကိုယ်ကို စတေးလိုက်ရခြင်း ဖြစ်သဖြင့် အလွယ်တကူ ပြန်လည် တည်ဆောက်၍ မရနိုင်ပေ။
မိစ္ဆာမျောက်ဝံနတ်ဘုရား၏ စကားကို ကြားသောအခါ ရှေးဟောင်း မိစ္ဆာဓားသူတော်စင်သည် လှောင်ပြောင်လိုက်၏။
"ဟားဟားဟား... မင်းက တကယ့်ကို အတာပဲ"
"အခု မင်းရဲ့ နတ်ဘုရားခန္ဓာကိုယ်ရော သူတော်စင်ကမ္ဘာပါ ထိခိုက်ထားလို့ စွမ်းအားတွေ အများကြီး ကျဆင်းနေပြီလေ... ငါ့ရဲ့ သွေးဓားကန်ကလည်း ချိတ်ပိတ်မှုကနေ လုံးဝ မဖောက်နိုင်သေးဘူး"
"သွေးဓားကန် မရှိရင် ငါ့ရဲ့ စွမ်းအားက တစ်ဝက်တောင် မရှိဘူး"
"ငါတို့နှစ်ယောက်ရဲ့ လက်ရှိ အင်အားနဲ့ဆိုရင် ဟိုမိစ္ဆာသားရဲသူတော်စင် စစ်တပ်နဲ့ ကိုရင်လေးကို မယှဉ်နိုင်ဘူးနော်"
မိစ္ဆာမျောက်ဝံနတ်ဘုရားသည် မကျေမနပ် ဖြစ်နေသော်လည်း တစ်ဖက်လူ ပြောသည်မှာ မှန်ကန်ကြောင်း သိရှိလေသည်။
"ဒါဆိုရင် မင်းက ဘာလုပ်ချင်တာလဲ"
"ဟင်းလင်းပြင်ထဲကို ဆုတ်ခွာပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ထဲက ငါတို့ရဲ့ နယ်မြေတွေကို လက်လွှတ်လိုက်ရမှာလား"
ရှေးဟောင်း မိစ္ဆာဓားသူတော်စင်၏ ကိုယ်ပေါ်မှ သွေးရောင် အရှိန်အဝါများ ထွက်ပေါ်လာကာ မိစ္ဆာမျောက်ဝံနတ်ဘုရား၏ ရှေ့တွင် လွင့်ပျံလိုက်၏။
"လောလောဆယ် ဓားကုန်းမြေတိုက်ကို တိုက်ခိုက်မယ့် အစီအစဉ်ကို ခဏ ရပ်ထားမယ်"
"မင်းက လူရိုင်းမျိုးနွယ်စုတွေထဲက တခြား နတ်ဘုရားတွေကို သွားပြီး ဆက်သွယ်လိုက်... ငါကတော့ မြောက်ဘက်နယ်စပ်ကနေ ထွက်ပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် ရဲ့ တားမြစ်နယ်မြေတွေကို သွားမယ်..."
"အဲဒီက ချိတ်ပိတ်မှုတွေကို ဖျက်ဆီးပြီး ရှေးဟောင်းနဲ့ ရှေးဦးခေတ်က မိစ္ဆာကြီးတွေကို လွှတ်ပေးဖို့ အခွင့်အရေး ရှာလိုက်ဦးမယ်"